ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၀)

အချိုးကဗျာများ
အချိုးကဗျာတွေမှာတော့ ဒွေးချိုး၊ တြိချိုး၊ လေးချိုး ဆိုပြီး ရှိပါတယ်။ နှစ်ဆစ်ချိုး၊ သုံးဆစ်ချိုး၊ လေးဆစ်ချိုးတွေပါ။ ဒါတွေကို ငိုချင်းမှာလဲသုံးပါတယ်။ ဒီ အချိုးကဗျာတွေရဲ့ ဥပဒေသတွေ ကိုတော့ ၀ိဘာဂ အစိတ်အပိုင်း (၈)မျိုး
နဲ့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ပိုင်းခြားပြထားပါတယ်။

(၁) အမည်အားဖြင့်
(၂) အမျိုးအပြားအားဖြင့်
(၃) အချိုးအားဖြင့်
(၄) အပိုဒ်ရေအားဖြင့်
(၅) အက္ခရာ လုံးရေအားဖြင့်
(၆) အစပ်ကာရန်အားဖြင့်
(၇) ဂရု၊ လဟု အားဖြင့်
(၈) အပြစ်ဒေါသအားဖြင့် ဆိုပြီး ဖြစ်ပါတယ်။
ဒွေးချိုးကို အရင်စကြည့်ရအောင်။

ဒွေးချိုး
ဒွေးချိုးရေးနည်းဥပဒေသအနှစ်ချုပ်ကတော့ ...
၁။ အခံ ချိုး (အချီချိုး)၊ အအုပ်ချိုး (အချချိုး) ဆိုပြီး အချိုး နှစ်ချိုး (အပိုဒ်ကြီးနှစ်ပိုဒ်) ထားရပါမယ်။
၂။ အချီပိုဒ် (အချီချိုးရဲ့ ပထမဆုံးအပိုဒ်) ကို အက္ခရာ သုံးလုံး၊ လေးလုံးသာထားရပါမယ်။ ဂရုသံချီပါ။
၃။ အချပိုဒ် (အချချိုးရဲ့ ပထမဆုံးအပိုဒ်) ကို အက္ခရာ သုံးလုံး၊ လေးလုံးသာထားရပါမယ်။ ဂရု၊ လဟု ကြိုက်
ရာအသံ နဲ့ စနိုင်ပါတယ်။
၎။ ၀မ်းတွင်းပိုဒ် (အတွင်းက အပိုဒ်ငယ်) တွေကိုတော့ အက္ခရာ ငါးလုံး၊ ခြောက်လုံးသာထားရပါမယ်။ ဂရု၊
လဟု တလှည့်စီ ကာရန်ယူရပါမယ်။
၅။ အပိုဒ်ငယ်တွေကို တ၀က်စီခွဲပြီး ပထမတ၀က်ဟာ ရှေ့အပိုဒ်နဲ့ ကာရန်တူရပါမယ်။
၆။ အချီချိုး၊ အချချိုး နှစ်ချိုးစလုံးကို 'လဟု' သံနဲ့ဘဲ အမြဲ ချရပါမယ်။ နောက်ဆုံး အဆုံးသတ် ကာရန်နှစ်ခု
ညီရပါမယ်။ အဲဒီ အဆုံးသတ်ပိုဒ်တွေဟာ အက္ခရာ လေးလုံးဘဲထားရပါမယ်။

(၁) အမည်အားဖြင့်
ဒွေး = နှစ်ခု၊ ချိုး = အဆစ်အပိုင်း (ဒွိ ကနေ ဒွေး ဖြစ်လာပါတယ်။)
ဒွေးချိုး = အချိုးအပိုင်းနှစ်ခုဖြင့် စီကုံးထားသော ကဗျာ
ဒွေးချိုးကို နှစ်ဆစ်ချိုး (သို့မဟုတ်) ဒွေးဆစ် ရယ်လို့ လဲ ခေါ်ကြပါတယ်။

(၂) အမျိုးအပြားအားဖြင့်
အမျိုးအစား အနေနဲ့ အစားစားမရှိပါ။ အချိုးမှာပါတဲ့ အပိုဒ်အရေအတွက် အနည်းငယ်ကွာလို့ ဒွေးချိုး
အကြီး အငယ် အနေနဲ့သာ နည်းနည်း ကွာခြားတာပဲရှိပါတယ်။

(၃) အချိုးအားဖြင့်
ဒွေးချိုးတပုဒ်မှာ အခံတချိုး၊ အအုပ်တချိုး စုစုပေါင်း နှစ်ချိုးသာရှိပါတယ်။ ပထမအပိုဒ်ကြီးနဲ့ ဒုတိယ
အပိုဒ်ကြီး နှစ်ပိုဒ်ဖြစ်ပါတယ်။ အဲဒီအပိုဒ်ကြီးတွေဆုံးတိုင်း ပုဒ်မ (။) ချထားရပါတယ်။

(၄) အပိုဒ်ရေအားဖြင့်
အချိုးတချိုးမှာ အပိုဒ်ငယ် ၂ပိုဒ်မှ ၅ပိုဒ်အထိထားနိုင်ပါတယ်။ ပါဒ ခေါ်တဲ့ အပိုဒ်ငယ်လေးတွေပါ။ ဒီအပိုဒ်
လေးတွေ ဆုံးတိုင်း ပုဒ်ဖြတ် (၊) ဖြတ်ထားရပါတယ်။

(၅) အက္ခရာ လုံးရေအားဖြင့်
ဒွေးချိုးရဲ့ အပိုဒ်ငယ်တွေမှာ -
အစပိုဒ်မှာ ၃လုံး
အလယ်ပိုဒ်တွေမှာ ၅လုံးကနေ ၆လုံး
အဆုံးသတ်ပိုဒ်မှာ ၄လုံး အတိအကျ ထားရပါမယ်။
(ဒီ အက္ခရာတွေရေတွက်ရာမှာ ၀ိဘတ် နဲ့ ပဒါလင်္ကာရအက္ခရာတွေကို ထည့်မရေတွက်ရပါဘူး)

(၆) အစပ်ကာရန်အားဖြင့်
အချိုးနှစ်ချိုးမှာ အခံချိုး (ပထမအချိုး) နဲ့ အအုပ်ချိုး (ဒုတိယအချိုး) ရဲ့အဆုံးကာရန် တူရပါမယ်။
အပိုဒ်ငယ်တွေမှာ ပထမပိုဒ်ရဲ့ နောက်ထက်ဝက် (ဒုတိယတပိုင်း)ကပေါ်လွင်တဲ့ ပဓါနကာရန်နဲ့ဒုတိယပိုဒ်
ငယ်ရဲ့ ရှေ့ထက်ဝက် (ပထမတပိုင်း)က ပေါ်လွင်တဲ့ ပဓါနကာရန်ချင်း ထပ်မိရပါမယ်။တစ်ခါ အဲဒီ ဒုတိယ
ပိုဒ်ငယ်ရဲ့ နောက်တပိုင်းက ပေါ်လွင်တဲ့ပဓါနကာရန် နဲ့ နောက်ထပ် တတိယပိုဒ်ရဲ့ ရှေ့တပိုင်း က ပေါ်လွင်
တဲ့ ပဓါနကာရန်ချင်း ထပ်ချိတ်ရပါမယ်။ ကျန်တဲ့ အက္ခရာတွေကိုတော့ ၀မ်းတွင်းအက္ခရာလို့မှတ်ရပါမယ်။
အဲဒီ ၀မ်းတွင်းအက္ခရာ တွေ၊ ၀ိဘတ် နဲ့ ပဒါလင်္ကာရ အက္ခရာတွေကတော့ ကာရန်မိဖို့ မလိုပါဘူး။ ဒါပေမဲ့
ဝမ်းတွင်းအက္ခရာအချင်းချင်းလဲ ကာရန်မိအောင်စပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။

အဲဒီလို အပိုဒ်ငယ် ရှိသမျှတွေကို ရှေ့နောက်တပိုင်းစီခွဲပြီး ရှေ့အပိုဒ်ငယ်ရဲ့ ပထမတပိုင်းနဲ့ နောက်အပိုဒ်ငယ်
က ဒုတိယ တပိုင်းချင်း ကာရန်ချိတ်ပြီး ဆုံးတဲ့အထိ စပ်သွားရပါမယ်။ တပိုင်းစီတ၀က်စီခွဲတယ် ဆိုတဲ့နေရာ
မှာ အက္ခရာ အလုံးအရေအတွက် အတိအကျ တ၀က်စီခွဲတာမဟုတ်ပါဘူး။ အသံဖြတ်တဲ့နေရာမှာ တပိုင်းစီ
ခွဲရတာ ဖြစ်ပါတယ်။ ဥပမာ - 'ဒွေးချိုး၏မူ' ဆိုတဲ့အပိုဒ်ကို ခွဲရာမှာ 'ဒွေးချိုး' ရယ် '၏မူ' ရယ်လို့ မခွဲပါဘူး။ 'ဒွေး
ချိုး၏' နဲ့ 'မူ' ရယ်လို့ ခွဲပါတယ်။ ဒါ့အပြင် ကြိုက်ရာအပိုဒ် တပိုဒ်လုံးကို နဘေထပ်ပြီးဘဲဖြစ်ဖြစ်၊ အဲဒီအပိုဒ်ထဲ
က ပဓါနကာရန်ကို ထပ်ပြီး ဘဲဖြစ်ဖြစ် 'ထပ်တွန့်ပိုဒ်' ခေါ် 'တွန့်ပိုဒ်' အပိုလေးတွေလည်း တစ်ပိုဒ်စ၊ နှစ်ပိုဒ်စ
ဆိုသလို၊ လိုသလို ထည့်သွင်းလို့ရပါတယ်။ စာနဲ့ရေးတော့ရှုပ်သလိုဖြစ်နေပါတယ်။ ပုံစံကို ကြည့်ရင် ရှင်း
သွားပါလိမ့်မယ်။

၁။ - - + .............. အခံချိုး (အချီချိုး) ............ အပိုဒ်ငယ် (၁)
၂။ - + - ၊ - - * ။ .... အခံချိုး (အချီချိုး) ........... အပိုဒ်ငယ် (၂)
၁။ - - - x .............. အအုပ်ချိုး (အချချိုး) ....... အပိုဒ်ငယ် (၁)
၂။ - x ၊ - * ။ ......... အအုပ်ချိုး (အချချိုး) ....... အပိုဒ်ငယ် (၂)

ဒီလိုပုံစံမျိုးကာရန်ယူပါတယ်။ ဒီနေရာမှာ အခံချိုး အပိုဒ်ငယ် (၂) ရဲ့ ပထမသုံးလုံးထဲက ဘယ်အလုံးမှာမဆို၊
အပိုဒ်ငယ် (၁) ရဲ့ကာရန်နဲ့ ထပ်ပြီး စပ်လို့ရပါတယ်။ ပုဒ်ဖြတ် (၊) ထည့်ထားတာက တ၀က်စီခွဲပြထားတာပါ။
ကဗျာရေးရင် ထည့်မရေးရပါဘူး။ တွန့်ပိုဒ်တွေထည့်လိုက်ရင် ....

၁။ - - + ................. အခံချိုး ...... အပိုဒ်ငယ် (၁)
x။ - - -၊ - - + ။ ....... အခံချိုး .... (တွန့်ပိုဒ်)
၂။ - + -၊ - - * ။ ....... အခံချိုး .... အပိုဒ်ငယ် (၂)
၁။ - - - x ................ အအုပ်ချိုး .. အပိုဒ်ငယ် (၁)
x။ - - -၊ - - x ။ ........ အအုပ်ချိုး ... (တွန့်ပိုဒ်)
၂။ - x ၊ - * ။ ........... အအုပ်ချိုး ... အပိုဒ်ငယ် (၂)

နောက်ပိုင်းမှာ ဒွေးချိုးနမူနာတွေကို ပြတဲ့အခါမှာလည်း ထပ်ရေးပြပါဦးမယ်။

(၇) ဂရု၊ လဟု အားဖြင့် 

အခံပိုဒ် (အခံချိုးရဲ့ အစပိုဒ်) ကို ဂရု ကာရန်နဲ့သာ အမြဲချီရပါမယ်။ လဟု ကာရန်မသုံးရပါ။ ဒီနေရာမှာ'ချီ'တယ် ဆိုတာဟာ အပိုဒ်ငယ်ရဲ့ အစ စာလုံး (သို့မဟုတ်) အဆုံးစာလုံးကို ဆိုလိုခြင်းမဟုတ်ပါ။
အပိုဒ်ငယ်ရဲ့ ဒုတိယပိုင်းက ပေါ်လွင်တဲ့ 'ပဓါနကာရန်' ယူထားတဲ့ စာလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဝမ်းတွင်းကာရန်တွေပါ နဘေထပ်ယူထားရင်လဲ ပဓါနကာရန်ကိုသာ အစချီကာရန်အဖြစ်ယူရမှာဖြစ်
ပါတယ်။ အအုပ်ပိုဒ် (အအုပ်ချိုးရဲ့ အစပိုဒ်)ကို ဂရု၊ လဟု ကြိုက်တာနဲ့ ချီနိုင်ပါတယ်။ခံချိုးနဲ့အုပ်ချိုးတွေရဲ့
အဆုံးသတ် ကာရန်ဟာ လဟုကာရန် နဲ့သာ အမြဲချရမှာဖြစ်ပါတယ်။ ဂရုကာရန် လုံးဝ မထားရပါ။
အပိုဒ်ငယ်တပိုဒ်အတွင်းမှာ ပထမတ၀က် နဲ့ ဒုတိယတ၀က် ကာရန်တွေဟာ ဂရု နဲ့ လဟု တလှည့်စီ
ဖြစ်ရပါမယ်။

(၈) အပြစ်ဒေါသအားဖြင့်
ဝဂ်နင်း နဲ့ ခွါထောက် အပြစ်တွေက ကင်းလွတ်ရပါမယ်။ အောက်က နမူနာ ဒွေးချိုးတွေကို ကြည့်ပါ။

ရေးပျိုးရာ၊
နှစ်ချိုးသာ ဧကန္တ (ရယ်နှင့်)၊
ရေးရအမြဲ။

ယင်းကဗျာ၊
စွဲသညာ ဤစာမျိုး (ကို)၊
ဒွေးချိုး တဲ့ဘဲ။

ဒါကို အသေးစိတ်ဇယားလေးနဲ့ ပြထားပါတယ် ...


 


တ၀က်စီခွဲထားတဲ့နေရာမှာ တုံးတို (-) လေးတွေနဲ့ဖြတ်ပြထားပါတယ်။ ပဒါလင်္ကာရ တွေကို () ထဲမှာ
ပြထားပါတယ်။ ဒီစာလုံးတွေကို အလုံးရေ ရေတွက်တဲ့အခါ ထည့်ပြီး မရေတွက်ရပါဘူး။တွန့်ပိုဒ်တွေ
ထည့်ထားတဲ့ အပိုဒ်ရေနဲ့ စာလုံးရေထားနည်း ဥပဒေသ ဒွေးချိုးလေးကို ကြည့်ပါ။

တချိုး-၀ယ်၊ (အချီကာရန် = ၀ယ် - ဂရု)
အပိုဒ်ငယ် နှစ်သုံးလေး (ရယ်နှင့်)၊
ငါး ရေးတာ ခါတရံ (ပ)၊
ကဗျာဉာဏ် တွေး။

ပ သုံးပင်၊ (အချီကာရန် = ပင် - ဂရု)
တွန့်ပိုဒ် ရံခါယှဉ်(လို့)၊
လယ်ပိုဒ်တွင် ငါးခြောက်လုံး (ရယ်နှင့်)၊
ဒွေးချိုးမှာ သင်္ချာသုံး (ကြတယ်)၊
ဆုံးပိုဒ်၌ လေး။

အဲဒီ ဒွေးချိုးအရ အချိုးတချိုးမှာ အပိုဒ်ငယ် နှစ်ပိုဒ် ကနေ လေးပိုဒ်ရေးနိုင်ပြီး တစ်ခါတစ်လေ ငါးပိုဒ်အထိ
ရေးနိုင်တယ်လို့ ဆိုပါတယ်။ ပ သုံးပင် ဆိုတဲ့အတွက် ပထမအပိုဒ်မှာ စာလုံးသုံးလုံး ထားရမယ်လို့ဆိုပါ
တယ် (ဒါပေမယ့် လေးလုံးအထိလဲထားလို့ရပါတယ်)။ တွန့်ပိုဒ်တွေ တစ်ခါတစ်လေယှဉ်ထည့်နိုင်ပါတယ်။
အလယ်ပိုဒ်တွေမှာတော့ ငါးလုံး၊ ခြောက်လုံး ရေးလို့ရပြီး အဆုံးပိုဒ်ကိုတော့ အမြဲ လေးလုံးချရမယ်လို့ဆို
ပါတယ်။ ဒါကို အသေးစိတ်ဇယားနဲ့ပြထားပါတယ်။



အပေါ်က ပုံစံမှာ (x) ပြထားတာတွေက တွန့်ပိုဒ်တွေပါ။ သတိထားဖို့က တွန့်ပိုဒ်ကို ကာရန်ယူရင် တပိုဒ်လုံး နဘေထပ်ယူရင်ယူ၊ မယူရင် ဒုတိယတ၀က်မှာ အပေါ်ပိုဒ်ရဲ့ ကာရန်ကို ထပ်ပြီးယူပါတယ်။ ဒီတွန့်ပိုဒ်တွေကို ဖြုတ်လိုက်လဲ မူလဒွေးချိုးပျက်မသွားပါဘူး။ ကြည့်ပါ။

ပ သုံးပင်၊
လယ်ပိုဒ်တွင် ငါးခြောက်လုံး (ရယ်နှင့်)၊
ဆုံးပိုဒ်၌ လေး။

မူလ ဒွေးချိုးစည်းကမ်းဥပဒေနဲ့ အားလုံးညီပါတယ်။ တွန့်ပိုဒ်တွေသိပ်များရင်တော့ လေးချိုးနဲ့သွားတူလို့
အရမ်းအများကြီးတော့ မထည့်သင့်ဘူးလို့ဆိုပါတယ်။ ဒီနေရာမှာတော့ တခုသတိထားကြည့်ဖို့ကအဆုံး
သတ် နံပါတ်(၃) အပိုဒ်မှာ လဟု ကာရန်နှစ်ချက်ထပ်သွားတာပါဘဲ။ ဒါကတော့ သုံးပိုဒ်ဘဲရှိတာမို့
ဂရု (၁)  ၊ ဂရု၊ လဟု (၂) ဆိုပြီး ဒုတိယပိုဒ်ရဲ့ တ၀က်စီမှာ တလှည့်စီထည့်လိုက်တော့ လဟု၊ လဟု (၃)
ဆိုပြီး အဆုံးသတ်ပိုဒ် (တတိယပိုဒ်) ရဲ့အစမှာ လဟုခြင်းပြန်ချိတ်အပြီးမှာချတဲ့အခါ ကျပြန်တော့လဲ လဟု
နဲ့သာချရမယ်ဆိုတော့ မလွှဲသာမရှောင်သာဘဲ လဟု နှစ်ချက်ဖြစ်သွားခြင်းဖြစ်ပါတယ်။ ဒါကိုတော့
ဥပဒေသကို ချိုးဖေါက်တယ်လို့ ပြောလို့မရပါဘူး။ တကယ်လို့ လေးပိုဒ်ရေးလိုက်ရင်တော့ ဒါမျိုးမဖြစ်
နိုင်ပါဘူး။ ဒါမှမဟုတ် အအုပ်ချိုးကို လဟုနဲ့ ချီလိုက်ရင်လဲ

လဟု (၁)
လဟု၊ ဂရု (၂)
ဂရု၊ လဟု (၃) .. ရယ်လို့ဖြစ်သွားတော့ ဒီပြဿနာနေ ရှောင်လွှဲပြီးသားဖြစ်သွားပါမယ်။

နမူနာ ဒွေးချိုးတွေကို လေ့လာလို့ရအောင် ရေးပေးလိုက်ပါတယ်။ ပုံစံတွေနဲ့ တိုက်ကြည့်ကြပါ။ ကာရန်ယူပုံကိုလည်း လေ့လာကြည့်ပါ။

သနစ်စုံ၊ ဖြစ်ပုံဖြင့်ခက်သား။
မလေးခင် ပေလွှာရေးတယ်၊ ဝေးတရပ်ခြား။    ။
(ဦးပုည ၏ သစ္စာပျက်မှာတမ်း)

လှိုက်လှိုက်ကယ်ဖို၊ ရှိုက်ငိုလို့တိတ်ဘဲ။
မယ့်သည်းချာ မယ်ထူပါ့မယ်၊ မြပုခက်လွှဲ။    ။
(ဦးဖေကြော့ ၏ ကလေးချော့စကားပြေမှ)

ဒီဒွေးချိုးတွေမှာ အခံနှစ်ပိုဒ်၊ အအုပ်နှစ်ပိုဒ်ဘဲရှိပါတယ်။ ဒီ့ထက်တော့ တိုအောင်ရေးလို့မရတော့ပါဘူး။

နှင်းဆီကယဉ်၊ သဇင်ကပြုံး။    ။
အပွင့်မှာပန်တော်ဝင်ပေ့၊ အပင်မှာဘယ်အတွက်ကြောင့်၊
ဆူးဖက်သတုံး။    ။
ဦးစံသူရေးတဲ့ အပေါ်ကဒွေးချိုးကတော့ အခံနှစ်ပိုဒ်၊ အအုပ် သုံးပိုဒ် ရှိပါတယ်။

တနေကွယ်၊ သေနယ်သို့တခါကူး။    ။
မေ့လျော့ကာ၊ သေဘူးမထင်ပါနှင့်၊
နေကွယ်တာအကြိမ်များရင်ဖြင့်၊
သေနယ်ရွာတကြိမ်သွားပါလိမ့်၊
တားမရဘူး။    ။
(လယ်တီဆရာတော်ဘုရားကြီး)

ခေတ်ဇမ္ဗူ၊ ၊ ချစ်သူကြောင့်စိတ်မအေး။    ။
ကုန်မလန်းနိုင်ဘု၊
ထုံပန်းဇာကြူပေါ်က၊
ကူပါသော် ပူတာရှင်းလေးငဲ့၊ ဆင်းရွှေရုပ်သွေး။    ။
(ဘိုးဝဇီရ)

အပေါ်ကဒွေးချိုးတွေက အခံနှစ်ပိုဒ်၊ အအုပ်လေးပိုဒ် ရှိပါတယ်။

ဖားတင်္ဂါ၊
မှန်ရာရွှေနှုတ်က၊
ခွန်းထုတ်စေသား။

လှမတူ၊
တ-သူ ဧကန်ရောက်မှာဖြင့်၊
ပြောင်မြောက်ဗေဒင်ပိုင်ငဲ့၊
စံအိုင်ကိုစိန်နဲ့မွှန်းပါ့မယ်၊
ခွန်းကြူပါ့ဖား။

ဘကြီးတော်ဘုရားလက်ထက်၊ ထင်ရှားတဲ့စာဆိုဖြစ်သူ ကွပ်ရွာမင်းကြီးကတော် ရေးတဲ့ အပေါ်ကဒွေးချိုး
ကတော့ အခံနှစ်ပိုဒ်၊ အအုပ် ငါးပိုဒ် ရှိပါတယ်။ (ဇေယျ ရေး - မြန်မာ့မျက်ပွင့်စာဓလေ့၊ 'စာဆိုခဲ့ဖူးပါ၏'
ဆောင်းပါး စာ - ၂၇၁ မှ)

အဆွေးငယ်ကြွယ်၊
အရေးငယ် မစာလှယ်သို့၊ ပူနယ်မဆုံး။   ။

အမြင်နီးပေမယ့်၊
ခရီးရွှေတောင်နေသို့၊ ဝေးရလေအုံး။    ။
(အမရပူရခေတ် စာဆိုတော် ဦးစံသူရေး - သူ့မှာတမ်း ဒွေးချိုး)
(အအုပ်ပိုဒ်ကို 'နီး' ဆိုပြီး လဟုသံနဲ့ ချီထားပါတယ်)

ပစ်မခွါ၊ နှစ်တရာရှည်မြင့်အောင်ပ
တည်ခွင့်ပါဗျ။  ။

မေတ္တာငယ်လှိုင်၊
သစ္စာတိုင် ယိုင်မကျိုးပါနဲ့၊ ရိုးမြေပြာကျ။   ။
(အချုပ်တန်းဆရာဖေ)

ချိုးနှစ်ကောင်၊ ထနောင်းပင်ညီနောင်က၊
လွမ်းအောင်ကူချွဲ။

ပန်းတော်ဖြူ၊ ပင်မြက်နေဇာထူလှတယ်၊
ဖိုးတောင်သူ့တဲ။ ။

အထက်ပါ ဒွေးချိုးသုံးပုဒ်ကတော့ အခံ၊ အအုပ် သုံးပိုဒ်စီထားပါတယ်။ ဒါမျိုးကတော့ တွေ့ရခဲတယ်လို့
ဆိုပါတယ်။

ချစ်မညီ၊ ကသီလင်တနဲ့၊ ပူစမငြိမ်း။   ။

တသက်လျာ၊ တမျက်နှာငယ်တဲ့ခေတ်တွင်မှ၊
အချစ်ကို ဝေလာဝေးလိုက်လျှင်၊ ဆွေးစမသိမ်း။    ။
(ဦးစံသူ)

နေမှိန်မှိန်၊
ဆင်ဗောင်းတော် ရွှေပုသိမ်နှင့်၊
လာချိန်တန်တော့။

ထပ်ထပ်ကယ်မျှော်၊
ပြဿာဒ်ဆောင်ဘုံပေါ်က၊
အကြိုတော် သည်မယ်ထောက်ရတယ်၊
ကိုးခေါက်ပြန်ပေါ့။ ။
(အနောက်နန်းမတော် မမြကလေး ရေး - အမျှော်စိုက် နှစ်ဆစ်သဖြန်)

ထုံးမတိမ်၊ ငုံး အိမ် ကျူ လ သို့၊
တူမျှစံနှိုင်း။

ထပ်တညီ၊ ကပ္ပဋ္ဌီတင်ထိုက်တဲ့၊
ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
ငါးဆင့်သမိုင်း။ 
(ဦးပုညရေး - သစ္စာတိုင် ဒွေးချိုး)

လွမ်းစရာနော်၊
ရဟန္တာ နှစ်ဆူပျော်တဲ့၊
ဂူတော်ချောင်နန်း။

စခန်းသန့်ပါဘိ၊
ပန်းနံ့တွေ ထုံကြူလို့၊
မစုံသူ သည်ကိုရောက်လျှင်၊
ရူးလောက် ခမန်း ။ 
(သံတော်ဆင့် ဦးအို ရေး - စစ်ကိုင်းတောင်ရိုး ရဟန္တာဂူဘွဲ့ ဒွေးချိုး)

ထပ်စရာ၊
လိပ်ပြာတုံလှလို့၊
လုံမမှာပန်း။

နန်းရိပ်ကေညှာ၊
စန်းမိတ်ငွေလွှာသို့၊
ဖြေမသာ သူရာစီးသည့်နှယ်၊
မီးထခမန်း။ 

(မန္တလေးမောင်ဘိုးရင် ရေး - မှာတမ်းဒွေးချိုး။ 'ညှာ' ဆိုပြီး ဂရုကာရန်နဲ့ချီထားပါတယ်။ 'စန်းမိတ် ငွေလွှာသို့'
ဆိုပြီး တွန့်ပိုဒ်တပိုဒ်လဲ ထည့်ထားပါတယ်။)အပေါ်ကဒွေးချိုးတွေက အခံသုံးပိုဒ်၊ အအုပ်လေးပိုဒ် ရှိပါတယ်။

ပန်းစပယ်၊
နန်းအလယ် မပေါ်ခိုက်ဟာမို့၊
အလိုက်တော် တန်သင့်ရုံပ၊
ခံပွင့်ကိုကုံး။

နန်းရဝေ၊
မန်းမြေမှာ စပယ်လှိုင်တော့၊
ခံပန်းခိုင် ယာယီရွေ့တယ်၊
တောလေ့ရွာသုံး။ 
(ဦးစံသူရေး - မယ်ဖွဲ့ နှစ်ဆစ်သဖြန်)

ညှင်းဆော်ညိမ့်လွင်၊
အိမ့်ရှင် စည်တော်စုံက၊
သဲအုံကြွေစေရော့ငှာလို့၊
သာတော့သီကျူး။

ချိန်ရည်ဆည်း၊
တင့်ရည်းငယ်တည့် ဆိုးပေအို၊
ဘယ်ငြိုးမာန်နှင့် ဖန်မတုံ့တယ်၊
အမ္ဗုန့်ထွတ်မှူး။ 
(မြ၀တီမင်းကြီး ရေး - သဖြန် ဒွေးချိုး)

အခုပြထားတဲ့ အပေါ်က ဒွေးချိုးတွေကတော့ အခံလေးပိုဒ်၊ အအုပ်လေးပိုဒ် ပါ။

ဝဋ်ကြွေးငယ်တင်၊
လွတ်သေးမယ် အိုမထင်ကြပါနှင့်၊
ကိုယ်တွင်တရား။

မချိသူ၊
သတိကလေး အနိုင်မူရ (တွန့်ပိုဒ်)
ဝိဋဋူ သာကီသတ်စဉ်က၊
စောမြတ် ကိုယ်တော်တိုင်ပ၊
မကယ်နိုင် သည်စဉ်တုံးရယ်က၊
ထုံးအရှိသား။ 
(တောင်တွင်းကြီး ဦးကြော့ ရေး - သံဝေဂ နှစ်ဆစ်သဖြန်)

ဒီ ဒွေးချိုးကတော့ အခံသုံးပိုဒ်၊ အအုပ်ငါးပိုဒ် မှာ တွန့်ပိုဒ် တစ်ပိုဒ် ထည့်ရေးထားပါတယ်။

မျက်ထားတော်ချို၊
မြွက်ကြား အသံဆိုတော့ (တွန့်ပိုဒ်)
ထက်ပွါးပို ဖရဏာဟုန်နှင့်၊
သဒ္ဒါရုံဧး။

ထူးမြတ်သမ္ဘာ၊
ဘယ်ဘုန်းမှာ ဘယ်ပတနာလေသိ၊
ဆွယ်စရာ ဇမ္ဗူလုံးမှာ၊
နှုန်းစံဖက်ဝေး။
(ပပငယ်လေ ၀င်းဝင်း ... ပတ်ပျိုးမှ သဖြန်ဒွေးချိုး)

ဒီဒွေးချိုးသဖြန်မှာတော့ ခံပိုဒ် သုံးပိုဒ်၊ အုပ်ပိုဒ်လေးပိုဒ်နဲ့ ခံပိုဒ်မှာ တွန့်ပိုဒ် တစ်ပိုဒ် ထည့်ထားပါတယ်။

ဒွေးချိုးကြီး
ဒွေးချိုးကြီး ဆိုတာကတော့ ဒွေးချိုးစပ်နည်းအတိုင်း စာလုံးရေများများ၊ အပိုဒ်ရေများများ ရေးလိုက်တာ ပါဘဲ။
ဇာတ်ပွဲတွေမှာ ငိုချင်းရှည်အဖြစ်သုံးရင်တော့ 'ဒွေးချိုးငိုချင်း' လို့ခေါ်တယ်လို့ သိရပါတယ်။ မင်းတုန်းမင်းလက်
ထက်မှာ စပြီးပေါ်လာတယ်လို့ ဆိုပါတယ်။ အခံပိုဒ်ကို ငါးလုံး၊ ခြောက်လုံး အချီ အချ ထားပါတယ်။ အအုပ်
ပိုဒ်ကို ၆လုံး၊ ၇လုံး အချီ၊ အချထားပါတယ်။ အလယ်ပိုဒ်တွေမှာ ၈လုံး၊ ၉လုံးအထိ စာလုံးရေ ထားပါတယ်။
အချိုးတစ်ချိုးမှာအပိုဒ်ငယ်တွေက ၅ပိုဒ်၊ ၆ပိုဒ်လောက်ထားပါတယ်။ နဘေတွေ၊ တွန့်ပိုဒ်တွေ ကိုလည်း သင့်
သလိုထည့်ရေးပါတယ်။ ပုပ္ပါး ဦးကျော်ရင်ရေးတဲ့ ကုသဇာတ် ခေတ်ပေါ် ဒွေးချိုးငိုချင်း တပုဒ်ကို နမူနာအဖြစ်
ပလိုက်ပါတယ်။

နာရဏီရွှေပါနော်၊
သာကီဆွေ ဆင်းဝါမက်သူမို့၊
ဟင်းလျာချက်ကာ အမဲကြော်ရှာတဲ့အပြင်၊
ပွဲတော်စာ အချက်အပြုတ်အထွေထွေနဲ့၊
ကနက်စမုခ်ဗွေ အသွား။

(သြော် ) အတင်းခွဲတဲ့ မယားရယ်ကြောင့်၊
ဆင်းရဲတွေများလိုက်ပါဘိတယ်၊
(တောက်တောက်-) သနားရယ် မညှာတာသမို့၊
ဖျာ တရာနှစ်ရာ အိုးတွေလဲ လုပ်ခဲ့ပေပေါ့၊
(မယ်ပဘာ့ရေ ...) ငါမဟာရာဇာပါ အမျိုးကလဲ မနုပ်ပါဘူးကွဲ့၊
(အမယ်မင်း ...) အရုပ်ဆိုးကြီးမို့ အလှအပ မာနမထားလိုက်ပါနဲ့၊
(မယ်ပဘာရယ်..) မပုပ်မသိုးသေးပါဘူးကွယ့် ဂဃဏန ရာဇ ရာဇာတပါး။ ။

စကားပြေညှပ်ဒွေးချိုးကြီး
ပထမအချိုးနဲ့ ဒုတိယအချိုးကြားမှာ လိုချင်တဲ့ အကြောင်းအရာတွေကို စကားပြေ၊ စကားပြေလင်္ကာတွေကို
ကြားညှပ်ပြီးရေးထားရင် စကားပြေညှပ်ဒွေးချိုးကြီး လို့ခေါ်ပါတယ်။ စပ်နည်းကတော့ ဒွေးချိုးကြီးအတိုင်းပါပဲ။

ဒီလောက်ဆိုရင်တော့ ဒွေးချိုးကို မြင်သာလောက်ပြီလို့ထင်ပါတယ်။ ဒွေးချိုးပြီးတော့ တြိချိုးကို ဆက်ဖို့ပါပဲ။ ဒါပေမယ့် တြိချိုးမတိုင်ခင် အလျဉ်းသင့်တဲ့အတွက် သဖြန် အကြောင်းကို ဆက်လိုက်ပါ့မယ်။ သဖြန် ဆိုတာက မကြာခဏတွေ့ရတတ်ပြီး အချိုးကဗျာစပ်နည်းတွေနဲ့လဲ အကျုံးဝင်တဲ့အတွက်ပါ။


- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၉)


ရှစ်လုံးဖွဲ့မြန်မာကဗျာ

ဒီကဗျာအမျိုးအစားကတော့ ပါဠိဘာသာမှာ တပါဒကိုအက္ခရာရှစ်လုံးစီအညီထားပြီးဖွဲ့ဆိုတဲ့ အနုဋ္ဌဘဆန်း
မျိုးကို ရှစ်လုံးဖွဲ့ (ဘွဲ့) ပါဠိဂါထာလို့ခေါ်သလိုဘဲ မြန်မာဘာသာမှာလဲ (၈)လုံးစီအညီ ဖွဲ့ဆိုတဲ့ကဗျာမို့ ရှစ်လုံးဖွဲ
မြန်မာကဗျာလို့ ခေါ်ပါတယ်။ ရှေးခေတ်စာပေတွေမှာ မတွေ့ရဘဲ မြန်မာသက္ကရာဇ် ၁၂၈၅ခုနှစ် မှာ ဒဂုန်မဂ္ဂ
ဇင်းကြီးရဲ့ အယ်ဒီတာချုပ် လောကီလောကုတ်စွယ်စုံရ ဆရာလယ်တီပဏ္ဍိတဦးမောင်ကြီး (မဟာဝိဇ္ဇာ) က
ပါဠိဂါထာတွေကနေထွင်ခဲ့တဲ့ကဗျာ ဖြစ်တယ်လို့ဆိုကြသလို မန္တလေးမြို့ ပထမမဟာဝိသုဒ္ဓါရာမဆရာတော်
က ဆိဒ္ဒပိဓါနဒီပနီကျမ်းမှာ အစထွင်ရေးသားပြီး နောက်မှ လယ်တီပဏ္ဍိတဦးမောင်ကြီးက အထူးပြုရေးသား
ရာက လူသိများလာခဲ့တယ်လို့ ကဗျာစွယ်စုံကျမ်းကြီးက ဆိုပါတယ်။ ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ လယ်
တီပဏ္ဍိတဦးမောင်ကြီး က ရန်ကုန်မြို့၊ ကျိုက္ကစံ ရွှေကျင်တိုက် ဂဏ၀ါစက အရှင်နာဂ၀ံသ (နောင် ဗုဒ္ဓ၀င် ဦး
ထွန်းစိန်) နဲ့ ဟင်္သာတမြို့၊ မဟာဒွါရနိကာယဂိုဏ်းဝင် လယ်တီကျောင်းတိုက် ဂဏ၀ါစက အရှင် ခမာဝုဓ တို့
ဖွဲ့ဆိုရေးသားထားတဲ့ ပါဠိဂါထာ အဆန်းအညွန့်ကလေး နှစ်ပိုဒ်ကို အရကျက်နည်းယူပြီး မြန်မာကဗျာမှာ
လည်း ဒီလိုဖွဲ့ရင် ကောင်းမယ်ဆိုပြီး ဖွဲ့ဆိုခဲ့တယ် ရယ်လို့ ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ဒီကဗျာစပ်နည်း
ဥပဒေသတွေကတော့ ....

၁။ အပိုဒ် လေးပိုဒ် ထားရပါမယ်။


၂။ တပိုဒ်မှာ အက္ခရာ ၈လုံးစီထားပြီး ပထမသုံးပိုဒ်ကို လေးလုံးတ၀က်စီ၊ နောက်ဆုံးအပိုဒ်ကို ၃လုံးတပိုင်း၊ 

၅လုံးတပိုင်း နှစ်ပိုင်းခွဲရပါမယ်။

၃။ ပထမသုံးပိုဒ်မှာ ၄လုံးမြောက်နဲ့ ၆လုံးမြောက် စာလုံးတွေ ကာရန်ညီရပါမယ်။ လဟုကာရန်ချည်းဘဲ ဖြစ်

ရပါမယ်။ ဒီကာရန်တွေဟာ တပိုဒ်နဲ့နောက်တပိုဒ် ညီစရာမလိုပါ။

၎။ နောက်ဆုံး အပိုဒ်မှာ ၃လုံးမြောက်နဲ့ ၅လုံးမြောက် စာလုံးတွေ ကာရန်ညီရပါမယ်။ လဟုကာရန် ချည်းဘဲ

ဖြစ်ရပါမယ်။ အပေါ်ပိုဒ်က ၀မ်းတွင်းကာရန်တွေနဲ့ ညီဖို့မလိုပါ။

၅။ အပိုဒ်လေးပိုဒ်လုံးရဲ့ အဆုံးကာရန်တွေ ညီရပါမယ်။ ဂရုကာရန်ချည်းဘဲ ဖြစ်ရပါမယ်။


၆။ ၇လုံးမြောက်စာလုံးတွေမှာ ဂရု၊ လဟု တလှည့်စီ အသံယူရပါမယ်။ (ဂရု နဲ့ စလေ့ရှိပါတယ်)။
အောက်က ပုံစံကိုကြည့်ပါ။

- - - + - + - *
- - - x - x - *
- - - #- # - *
- - @ - @ - - *


ဒီမှာပြထားတဲ့အတိုင်း + x # @ အမှတ်အသားတွေဟာ တပိုဒ်ချင်းမှာဘဲ ကာရန်ညီဖို့လိုပြီး အချင်းချင်း တပိုဒ်နဲ့တပိုဒ် ကာရန်ညီဖို့မလိုပါဘူး။ * အမှတ်အသားပြထားတဲ့ ပိုဒ်ဆုံးကာရန်တွေသာ တပိုဒ်နဲ့တပိုဒ် ညီရပါမယ်။ နမူနာကဗျာတွေကို ကြည့်ပါ။ ဂရု၊ လဟု ထားပုံကိုပါ ပြလိုက်ပါတယ်။

ရှေးခါကပ်ဟောင်း၊ မကောင်းကံဆော်၊ - - - လဟု၊ - လဟု ဂရု ဂရု၊
တံငါမျိုးဇာတ်၊ ဖြစ်လတ်သရော်၊ - - - လဟု၊ - လဟု လဟု ဂရု၊
ငါးတို့ဥက္ခောင်း၊ ထုထောင်းမြင်သော်၊ - - - လဟု၊ - လဟု ဂရု ဂရု၊
ဝမ်းမြောက်မိ၊ လိုက်ဘိ ၀ိပါက်တော်။ ။ - - - လဟု၊ - လဟု လဟု ဂရု၊

ဝိဇ္ဇာဉာဏ်စက်၊ သံလျှက်ကိုကိုင်၊ - - - လဟု၊ - လဟု ဂရု ဂရု၊
မောဟဖိစီး၊ ရိပ်ကြီးဂနိုင်၊ - - - လဟု၊ - လဟု လဟု ဂရု၊
ဒိဋ္ဌိခိုသော၊ ထိုတောကိုချိုင်၊ - - - လဟု၊ - လဟု ဂရု ဂရု၊
အမှန်သိ၊ သန္တိဘုံသို့တိုင်။ ။ - - - လဟု၊ - လဟု လဟု ဂရု၊

လယ်တီပဏ္ဍိတ ဦးမောင်ကြီး စရေးခဲ့တုန်းက 'တတိယပိုဒ်' မှာ လေးလုံးမြောက်အစား သုံးလုံးမြောက်

အလုံးကို ၆လုံးမြောက်အလုံးနဲ့ ကာရန်ယူခဲ့တယ်လို့ဆိုပါတယ်။ အောက်က နမူနာတွေကို ကြည့်ပါ။

ရူပံဤရုပ်၊ ရေမြှုပ်သဏ္ဍာန်၊
အနိစ္စဘဲ၊ မမြဲအမှန်၊
မကင်းဘဲ မို့၊ ဆင်းရဲ ပူပန်၊
အနတ္တ၊ မှတ်ကြဧ၀ကန်။    ။

ဝိပါက်ရောက်ရေး၊ ကြောက်သွေးတုန်ဖွယ်၊
ဘုရားသော်လည်း၊ ရှောင်လွှဲမလွယ်၊
တွေ့ကြုံမြဲ မို့၊ တ၀ဲ လယ်လယ်၊
မလွတ်သေး၊ ၀ဋ်ကြွေးခက်လှတယ်။    ။

နောက်ပိုင်း ၀ိပါက်တော်၁၂ခန်းဖွဲ့၊ သံဝေဂဖွဲ့ တွေကိုရေးမှသာ ပထမ ၃ပိုဒ်လုံးကို ပုံစံတူ ကာရန်ယူတယ်

လို့ ဖေါ်ပြထားပါတယ်။ ဒါကြောင့် တတိယပိုဒ်မှာတော့ ၃-၆ ကာရန်ယူလို့ရတယ်လို့ ဆိုပါတယ်။ဒီနည်းကို
ဘဲ အဆန်း၊ အကွန့်၊ အညွန့်တွေထည့်ထားတဲ့ ဟင်္သာတမြို့ အထက်တန်းကျောင်းဆရာကြီး ဦးဘထွန်းက
မြစ်ကွေ့ဆရာတော်ပျံလွန်တော်မူစဉ်က စပ်ဆိုထားတဲ့ ၈လုံးဖွဲ့ ကဗျာတပိုဒ်မှာ ...

ဝင်းဝါနေသို့၊ ဟင်္သာရွှေမြို့၊ မချို့ထင်ပေါ်၊
ကောင်းမြိုက်လှစ်၍၊ ချောင်းတိုက်မြစ်ကွေ့၊ ချမ်းမြေ့သူပျော်၊
နေမြဲခိုက်ဝယ်၊ ရွှေသဲလှိုက်ဖွယ်၊ တကယ်ကြုံသော်၊
မရဏမင်း၊ ကြမ္မာယွင်း၊ အတင်းဆောင်ယူခေါ်။ ။


ဒီကဗျာမှာတော့ မူလ (၈)လုံးရဲ့ရှေ့မှာ နဘေလေးလုံးထပ်ထည့်ပြီး တွန့်ထားလို့ ထပ်တွန့်(၈)လုံးဖွဲ့ လို့ခေါ်

ပါ တယ်။ရိုးရိုး (၈)လုံးဖွဲ့ကဗျာကိုဘဲ နဘေထပ်ပြီးရေးထားတာကိုတော့ နဘေ(၈)လုံးဖွဲ့လို့ခေါ်ပါတယ်။ ၁၉၄၈ ခုနှစ်က ဒဂုန်မဂ္ဂဇင်းမှာ ဆရာသာကီဆွေက 'ဗိုလ်ချုပ်တိုင်' ၈လုံးဖွဲ့ ကဗျာမှာ ...

လွတ်လပ်ပါပြီ၊ ထွတ်မြတ်ဇာနည်၊
ဂျူဘလီနန်းမှ၊ လှမ်းလို့ရည်၊
သွေးနဲ့ပြန်လည်၊ ပေးခဲ့မြန်ပြည်၊
မျှော်ကာငဲ့၊ ပြန်လှည့်ကြည့်စေသည်။    ။


ဆိုပြီး အပိုဒ်ထက်ဝက်ချင်း နဘေထပ်ရေးခဲ့ပါတယ်။ ဒုတိယပိုဒ်ကို တော့ (၅)လုံးနဲ့ (၃)လုံး တပိုင်းစီ ခွဲထား

 ပါတယ်။ ဒါ့အပြင်ကာရန်တွေကိုလည်း ပိုဒ်ဆက်ကာရန်အဖြစ် ပထမပိုဒ်အဆုံးနဲ့ ဒုတိယပိုဒ်က (၃)လုံး
မြောက်နဲ့ ပြန်ချိတ်ပါတယ်။ ဒီဆရာကဘဲ နောက်တပုဒ်မှာ ...

ဤဘ၀တိုဝယ်၊ မကြည်မြပိုတယ်၊
ပီယကိုပယ်လို့ နေတော့မယ်၊
စိုးနဲ့မေရယ်၊ မိုးနဲ့မြေကွယ်၊
ထိစေအုံး၊ မောင်မုန်းစိတ်မလယ်။    ။

သုမေဓါသွင်၊ ခုနေခါလျှင်၊
ဆုချွေကာဆင်လို့ နေတော့ချင်၊
နောက်ဘ၀ဟိုတွင်၊ ထောက်ဆပိုရွှင်၊
အတိုးချ၊ ရိုးကျပေါင်းမယ်ခင်။    ။

သုမိတ္တာလို၊ မှုကျိတ်ကာမျို၊
ခုစိတ်မှာချိုလို့ နေတော့ပျို၊
ဟိုတော့တခို၊ မျိုတော့မလို၊
နိဗ္ဗာန်စွဲ၊ မခွဲပါတော့ပျို။    ။


ဒီကဗျာမှာ နဘေယူထားလို့ ဆိုရတာကောင်းသလောက် ရေးရတာခက်ပါတယ်။ ဒါလောက်ဆို ရှစ်လုံးဖွဲ့

မြန်မာကဗျာတွေအကြောင်း သိလောက်ပါပြီ။ ဒီတော့ အချိုးကဗျာတွေအကြောင်းဆက်ချင်ပါတယ်။


- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၈)


ဝဲရိုက်ဝဲသွင်း


ဝဲရိုက်ဝဲသွင်းကဗျာမှာ တပိုဒ်ကို သုံးလုံးထားရပါတယ်။ ရှေ့တပိုဒ်က အဆုံးကာရန်ကို နောက်တပိုဒ်ရဲ့ ကာရန်အစ နဲ့ ချိတ်ယူပါတယ်။ စပ်နည်း (၆)ပါးထဲက ဦးတိုက်စပ်နည်းပါဘဲ။ အပိုဒ်ရေ ကန့်သတ်ချက် မရှိပါ။
မြန်မာစကားလုံးတွေဟာ သုံးလုံးတွဲစပ်ရတာ ခက်ခဲလို့ ဒီကဗျာမျိုးကို ပါရမီရင့်သန်သူတွေသာ ရေးလေ့ ရှိကြတယ်လို့ ဆိုပါတယ်။ သုံးလုံးတတွဲနဲ့ ကာရန်ရော၊ အဓိပ္ပါယ်ပါ ချိတ်တွဲဆက်စပ်မိအောင် အရှည်ကြီး ရေးရတာ မလွယ်လှလို့ပါဘဲ။

ဝဲရိုက်ဝဲသွင်း ဆိုတဲ့ နာမည်တွင်ပုံက လှေသမားတွေရဲ့စကားလို့ဆိုပါတယ်။ လှေကို ၀ဲထဲဖြတ်ပြီးလှော်ရင် ၀ဲရဲ့ရေကြောကိုကြည့်ပြီး လိုတဲ့ရေစုန်၊ ရေဆန်ကို တက်နဲ့ယက်သွင်း၊ မလိုတဲ့ ရေစုန်ရေဆန်ကိုရိုက်ထုတ် ပြီး ဖယ်ရှားပစ်ရတာကို ၀ဲရိုက်ဝဲသွင်းလို့ ခေါ်ပါတယ်။ ကဗျာမှာလဲ သုံးလုံးတပိုဒ် ထိပ်ချင်းတိုက် ရေးတဲ့ နေရာမှာ မလိုတဲ့ကာရန်ကို ဂရုမစိုက်ဘဲ လိုအပ်နေတဲ့ ကာရန်ကိုဘဲ ရှေ့အပိုဒ်နဲ့ နောက်အပိုဒ် ဦးတိုက် စပ်တဲ့နေရာမှာ အက္ခရာအယူအသွင်း ကျဉ်းမြောင်းလွန်းလို့ ရေကြောကို စိတ်မှာချင့်ချိန်ထောက်ဆပြီး လို၊ မလို ရွေးကောက်ယူရတဲ့ လှေသမားလို အလွန်ပဲ ကသီကရီရှိတာကြောင့် ၀ဲရိုက်ဝဲသွင်းလို့ ခေါ်တယ်လို့ ဆိုပါတယ်။ ဒီကဗျာမျိုးကို ရွတ်ဖတ်ရင် တထောက်ဆီ ရပ်နားပြီးရွတ်ရပါတယ်။ ဆက်တိုက် တောက်လျှောက် မရွတ်ရပါဘူး။
ဒီ လင်္ကာကိုရေးရာမှာ အဆုံးသတ်ချပုံကတော့ မျိုးကွဲသုံးမျိုးတွေ့ရပါတယ်။ ပထမနည်းကတော့ ရိုးရိုးပဲ ကဗျာဆုံးသွားရင် ကြိုက်တဲ့ကာရန်နဲ့ သုံးလုံးချလိုက်တာပါဘဲ။ ရှင်မဟာရဋ္ဌသာရ ရဲ့ ဆုံးမစာကို ကြည့်ပါ။

မိန့်သည်မှာ၊ နာလော့နား၊ ဓါးမြက်မြက်၊ ထက်အောင်သွေး၊ ရှေးကထုံး၊ သုံးယောက်လူ၊ ယူကြလေ၊ သေအောင်ခုတ်၊ နှုတ်၍ထား၊ ငါးစုဆူး၊ စူးတတ်လှ၊ ယှမြဲမှန်၊ ပန်စရာ၊ သာထူးဆန်း၊ ပန်းကြက်မောက်၊ ခြောက်လေးဖြာ၊ ညှာမလိပ်၊ ထိပ်မှာထုံး၊ သုံးအောင်ဆက်၊ လက်ရှိစေ၊ ရွှေစင်စစ်၊ နှစ်စုခွဲ၊ ထဲမှာသို၊ လိုလျှင်ဖေါ်၊ ဖျော်သောက်စား၊ များဆေးသုံး၊ လုံးစုံနှံ့၊ နံ့သာထုံ၊ ပုံမခြား၊ ငါးရာနှစ်၊ ရှစ်တသွယ်၊ ပြယ်မပြေ၊ လေမသွေ့၊ နေ့တိုင်းလိမ်း၊ ငြိမ်းလိမ့်မည်၊ ပြည်ခြောက်ဆင့်၊ မြင့်မြဲမှုံ၊ စုံပလေ၊ လှေပိန်းကော့၊ မြှော့နှင့်သတ်၊ မှတ်လော့မင်း၊ သင်္ဘောစီး၊ မီးပြောင်ပြောင်၊ လောင်ကျွမ်းမဲ့၊ ဆဲ့တဖုံ၊ လှုံကာအီ၊ ထီမထင်၊ ရှင်နှစ်ပါး၊ ထားမလွတ်၊ ပတ်မွှတ်ချော့၊ ရော့မလား၊ များရှိရွာ၊ နာမလိုက်၊ ကြိုက်ရာရွေး၊ ရေးလျှင်ကောင်း၊ တောင်း၍နေ၊ ခေမာနန်း၊ ဆန်းလှထူး၊ ကြူး၍မောက်၊ ရောက်ဧကန်၊ မှန်လှစွာ၊ မှာလိုက်မည်၊ သည်အကြောင်း၊ ကောင်းကောင်းကျင့်။

နောက်တနည်းကတော့ ပညာဝန်ထောက်မင်း ၀ဇီရဗုဒ္ဓိ ဦးဖိုးစိန် ရဲ့အဆိုအရ ရေ၀ဲရဲ့ ရိုက်ခတ်ခြင်းခံရတဲ့ အမှိုက်သရိုက်၊ ဒိုက်သရောတွေဟာ အစမှအဆုံး၊ အဆုံးကနေအစကို အဆက်မပြတ် တရစပ်လည်နေ သလို သုံးလုံးစီပြီး ကာရန်ဆက်လို့ ကဗျာတပိုဒ်လုံး ဆုံးသွားတဲ့ နောက်ဆုံးစာလုံးကာရန်ကို ပထမ ဆုံး စခဲ့တဲ့ အစပိုဒ်ရဲ့ ပထမစာလုံးကာရန်နဲ့ ပြန်ညီအောင်ရေးတဲ့နည်းလို့ ဆိုပါတယ်။ အဲဒီတော့ အဆုံးအစ မရှိ 'ဂျာအေး သူ့ အမေရိုက်' ဆိုသလို ပြန်ကျော့ပြီး ဆက်ဖတ်လို့ရပါတယ်။ ဒီအတွက် ဥပဒေသ ဆောင်ပုဒ်ကတော့ ...
သုံးလုံးစီ၊ ညီစွာရေး၊ ရှေးမူမှာ၊ ကာရန်၌၊ တိုက်ဦးစီ၊ ချီနှင့်ဆုံး။ သုံးလုံးစီ ... ဆိုပြီး အစကိုပြန်ကောက် လိုက်ရင် အဆုံးအစမရှိ ၀ဲလည်နေတဲ့ လင်္ကာတပုဒ် ရလာပါတယ်။ မုံရွေးဆရာတော်မှတ်စု မှာပါတဲ့ ဆင်ကြန်လင်္ကာကိုကြည့်ပါ။

ဆင်မြတ်မျိုး၊ ဟိုးဟိုးကျော်၊ တော်ဖြစ်ငြား၊ ရှားနှိုင်းပြိုင်၊ ခိုင်ကြံ့စွယ်၊ သွယ်ရှည်မြီး၊ ကြီးမားမား၊ လျားလုံးတန်၊ မွန်လှဆင်း၊ ညှင်းပြေ့ပြေ့၊ ရှေ့နောက်ညီ၊ ဖီကျောက်ထုပ်၊ ရုပ်ထူးဆန်း၊ စွန်းပြစ်ကင်း၊ တင်းစည်ကျော၊ လျောလျောကုံး၊ လုံးပြည့်ဖြိုး၊ ရိုးဆစ်တိမ်၊ ငြိမ်လက်ခြေ၊ နေရပ်မြဲ၊ ရဲတွေ့ဝံ့၊ ဖွံ့ပျိုရွယ်၊ လွယ်ယဉ်ပိုက်၊ ရိုက်ဟည်းရှင်၊ လျင်ဟူးဟူး၊ စူးစူးပြေး၊ ဘေးရန်လွတ်၊ ပတ်လှည့်ရ၊ ကြွကြွသွား၊ နားစုထောင်၊ ခေါင်ဟန်တင့်၊ သင့်ကြံရုံ၊ စုံကောင်းအင်၊ ရွှင်ပျော်ချီး၊ သီးသီးအံ့၊ လွှံ့ကျော်ထင်၊ (ဆင်မြတ်မျိုး၊ ဟိုးဟိုးကျော် ... အစပြန်ကောက်ပြီး ဆက်ဆို ...)

နောက်တစ်နည်းကတော့ အမရပူရခေတ်၊ ဘိုးတော်မင်းတြားကြီး လက်ထက်တော်မှာ ဆရာတော်တပါး ရေးသားစပ်ဟပ်ဖူးတဲ့ ...
'စိမ်းစိုစို၊ ညိုညိုမှိုင်း၊ ၀ိုင်းဆို့ဆို့၊ .... ဆင်ကျားခို၊ ရှိုအကွေ့၊ မွေ့လျော်ရာ ..... ကန္တာမြိုင်တည့်လေ' ဆိုတဲ့ လင်္ကာမှာ 'လေ' ဆိုတဲ့စာလုံးနဲ့ ငါးလုံးချထားတာတွေ့ရပါတယ်။ လူအသိများတဲ့ ဘိုးမင်းခေါင်ဂါထာ ဆိုပြီး လူတွေ ရွတ်ဆိုနေကြတဲ့ အောင်ထူးဆန်းအဟိန်းဂါထာတော်ကြီးရဲ့ အစပိုင်းမှာလဲ ဒီလိုချနည်းနဲ့ဘဲ ချထားပါတယ်။
'အောင်ထူးဆန်း၊ မန်းသိုက်ဝင်၊ ထင်ကျော်သောင်း၊ ဆောင်းထီးဖြူ၊ လူထိပ်မိုး၊ ဟိုးဟိုးကျော်၊ ကျော်ဝှန်းတက်၊ ဘက်မရှောင်၊ ခေါင်ဘုန်းကြီး၊ ထီးရွှေနန်း၊ မန်းဣန္ဒရာဇာ။' ဆိုပြီးဖြစ်ပါတယ်။
ဒါလောက်ဆို ၀ဲရိုက်ဝဲသွင်းလင်္ကာအကြောင်း သိသာလောက်ပါပြီ။ ဒီတော့ အရေးများ၊ အတွေ့များတဲ့ ရှစ်လုံးဖွဲ့မြန်မာကဗျာတွေအကြောင်းဆက်ချင်ပါတယ်။



- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၇)


လင်္ကာ

ရှေးအခါက ကဗျာတွေကိုလင်္ကာလို့ခေါ်ကြပါတယ်။ ပါရမီတော်ခန်း တို့၊ ကိုးခန်း တို့ဆိုတဲ့အဖွဲ့လင်္ကာ တွေဟာ အခါအားလျော်စွာ ပျို့ ဆိုတဲ့အမည်ကိုပြောင်းသွားဟန်ရှိတယ်လို့ ဆိုပါတယ်။ ဘူရိဒတ်လင်္ကာ ကတော့ အခုအထိ လင်္ကာဆိုတဲ့အမည်နဲ့ပဲ ရှိနေသေးပါတယ်။ အင်းဝခေတ်နောက်ပိုင်းမှာ လင်္ကာဆိုတဲ့ ဝေါဟာရ မှေးမှိန်လာဟန်ရှိတယ်လို့ ဆိုပါတယ်။ ပုဂံခေတ်က လင်္ကာတွေကို စကြည့်ကြရအောင်။

မြကန်သာ ...
တောင်ကျချောင်းတေး၊
ရေ၀င်ပြေးလှည့်၊
ရေအေးကြည်စွာ၊
ကန်ပိုင်မာလျက်၊
ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊
ဝတိံသာက နန္ဒာလော၊ တူစွာ့ဟုတ်တာ။


အားလုံးကြားဖူးကြမယ့် မြကန်သာ လင်္ကာလေးဖြစ်ပါတယ်။ ဒီနေရာမှာ အစပိုဒ် မြကန်သာ ဆိုတာ ခေါင်းစဉ်ပေးထားတာနဲ့ တူလှပါတယ်။ အာလုပ် အနေနဲ့ အို ... မြကန်သာ လို့ အစချီတာလဲ ဖြစ်နိုင်ပါ တယ်။ ရှေးစာဆိုတွေဟာ လင်္ကာကို အာလုပ်ပိုဒ် နဲ့ စလေ့ရှိတယ်လို့ ဆိုကြပါတယ်။ နောက်ထပ် လင်္ကာ တစ်ခုကို ကြည့်ပါဦး။

သိုးကလေး (သိုးကလေ)
ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊
စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်၊
ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ပန်းစကား။

သိုးကလေး (သိုးကလေ)
စကားပွင့်နှင့်၊ နှိုင်းတင့်နိုးသည့်၊
ရဲမျိုးသမီး၊ မောင်ကြီးနှမ၊
ညက်လှပြာစင်၊ မယ့်သည်ပင်သည် ခရီးသား။ (အချို့က မယ့်သခင်သည် လို့ရေးတာတွေ့ဖူးပါတယ်။)

သိုးကလေး (သိုးကလေ)
မြိတ်လွတ်စုလည်း၊ ငယ်ကတည်းက၊ (အငယ်တည်းက လို့လည်း ရေးတာတွေ့ဖူးပါတယ်)
ကျွမ်းဝင်ကြသည်၊ မွေးဖတူရင်း၊
မျိုးသည်မင်းနှင့်၊ ချစ်ခြင်းစုရုံး၊
သက်ထက်ဆုံးသည်၊ နှလုံးမခြား စောင့်တရား။

ဆွေမိမင်း (တချို့ စာအုပ်တွေမှာ 'မွေးမိခင်'၊ 'ဆွေမိခင်' လို့လည်း ရေးကြပါတယ်)
မျက်သုတ်နီလွင်၊ ရတည်းဖျင်နှင့်၊
ကျိုင်းစင်မြ၀ါ၊ မတ်ကြီးလျာကို၊
မယ်သာကြိုက်မိ တုမရှိ။


အစချီ အာလုပ်ပိုဒ်မှာ တချို့က 'သိုးကလေး' လို့ရေးပြီး တချို့က 'သိုးကလေ' လို့ရေးတာတွေ့ပါတယ်။ ရှေးအခါက ဦးထုပ်ကို 'သိုး' လို့ခေါ်ပါတယ်။ ဒါကြောင့် ဦးထုပ်ဆောင်းလေ့ရှိတဲ့ အင်္ဂလိပ်တွေကို သိုးဆောင်း လို့ခေါ်တာပါ။ ပုပ္ပါးတောင်ကို ခပ်လှမ်းလှမ်းကကြည့်ရင် ဦးထုပ်ဆောင်းထားတာနဲ့ တူလို့ သိုးကလေး လို့ အာလုပ်ပြု ထားတာဖြစ်တယ်လို့ဆိုပါတယ်။ နောက်လင်္ကာတပုဒ်ကတော့ အနန္တသူရိယ အမတ်ကြီး ရေးခဲ့တဲ့ မျက်ဖြေလင်္ကာပါ။ အားလုံးကြားဖူးကြပါလိမ့်မယ်။ အောက်မှာဖေါ်ပြလိုက်ပါတယ်။

သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊
သူတယောက်မှာ၊ ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊
တသက်လျာတည်း။


ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖေါက်လွဲတတ်သည်၊
မချွတ်စသာ၊ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ ချန်ဘိစင်စစ်၊
အပြစ်လွတ်ရေး၊ ခွင့်လျှင်ပေးသည်၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။


ဒီလင်္ကာတွေကတော့ အစပ်အဟပ်ပိုင်းမှာ သိပ်ပြီးမကောင်းလှသေးပါဘူး။ ရှေးခေတ်ကဗျာအမွေအနှစ် အနေနဲ့ မှတ်တမ်းတင်ဖြစ်အောင် ရေးပြထားခြင်းသာဖြစ်ပါတယ်။ အဲဒီအခါက မြန်မာစာပေရဲ့ မြေစမ်း ခရမ်းပျိုး ခေတ်ဦးသာရှိသေးလို့ လွတ်လပ်စွာရေးကြတဲ့အတွက် စည်းကမ်း၊ ကာရန်ပိုင်းမှာ သိပ်ပြီး မကောင်းမွန်လှသေးပါဘူး။ နောက်ပိုင်းမှ ဆန်း၊ အဘိဓါန်၊ အလင်္ကာ စတဲ့ နှောင်ကြိုးတွေများလာလို့ ကဗျာလင်္ကာရေးဖွဲ့ရာမှာ မလွတ်လပ်တော့ပေမယ့် ပိုပြီးကောင်းမွန် စံနစ်ကျလာပါတယ်။


ဒါ့အပြင် သိုးကလေးချီ လင်္ကာနဲ့ မျက်ဖြေလင်္ကာနှစ်ပုဒ်ကို ပုဂံခေတ်မှာရေးတာမဟုတ်ပဲ နှောင်းလူတွေ ပြန်ရေးကြတယ် လို့ အငြင်းပွားကြပါတယ်။ ကျနော့်တစ်ဦးတည်း ယူဆချက်ကိုပြောရမယ်ဆိုရင်တော့ ဒီ လင်္ကာနှစ်ပုဒ်ဟာ ပုဂံခေတ် လက်ရာ ဆိုတာ သံသယဖြစ်စရာရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသုံး အနှုန်းတွေက ပုဂံခေတ်အသုံး မဟုတ်ဘဲ ဒီဘက်ခေတ် အသုံးအနှုန်းတွေဖြစ်နေလို့ပါ။ ဆရာမောင်သာနိုးရေးတဲ့ ဂန္တ၀င်မြန်မာကဗျာ စာအုပ်ထဲမှာလည်း သိုးကလေ အစချီလင်္ကာကို ပင်းယခေတ် (၀ါ) အင်းဝခေတ်စောစောပိုင်းများဖြစ်လေမလားလို့ သံသယ၀င်ဖွယ်ဖြစ်တယ် လို့ ဆိုထားပါတယ် (၄င်းစာအုပ် 'ပုပ္ပါးတောင်နှယ် ချစ်ခြင်းမေတ္တာ ဆောင်းပါး၊ စာမျက်နှာ (၅) တွင်ကြည့်)။ မြကန်သာ လင်္ကာ မှာတော့ ပုဂံခေတ်အသုံးအနှုန်းဖြစ်တဲ့ 'ဟုတ်တာ' တို့၊ 'ကန်ပိုင်' တို့ ပါနေတော့ ပုဂံခေတ် လင်္ကာဆိုတာ ဖြစ်မယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုကျနော်ရေးနေတဲ့ Post ဟာ ဒါတွေကို သုတေသနပြုနေတာ မဟုတ်တဲ့အတွက် လင်္ကာအကြောင်းကိုဘဲ ဆက်ကြရအောင်။
လင်္ကာတွေထဲမှာ စံနမူနာယူစရာအကောင်းဆုံးကတော့ အင်းဝခေတ်လင်္ကာတွေပဲလို့ဆိုပါတယ်။ အင်းဝ ခေတ်ကို ကဗျာရဲ့ အထွတ်အထိပ်ခေတ်လို့ ဆိုစမှတ်ပြုကြပါတယ်။ အောက်က လင်္ကာလေးကိုကြည့်ပါ။

 မြတ်မျိုးမြင့်မှန်၊ ကြင်ပေတန်၍၊
ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား၊
နတ်နှင့်နှုန်းနှန်း၊ ၀င်းငြိမ့်ရွှန်း၍၊
လှလွန်းလွန်လှည့်၊ ငါးကြန်ပြည့်ကို၊
ဖျော်ဖြည့်ဖြေဖျောက်၊ ကြိမ်ကြိမ်လျှောက်လည်း၊
ပြစ်ပျောက်ပျို့ပျို့၊ ဖြူမြိတ်စို့နှင့်၊
သူသို့သွေသည်၊ ဟုတ်မည်မှန်ဘွယ်၊
ဝမ်းဝယ်ဝိုးဝါး၊ စိတ်လွင့်ပါး၍၊
ကြိုးကြားကြံကာ၊ ဂိမှာသန်ဆောင်း၊
ချောင်းချောင်းခခ၊ ကာလရှည်ဖင့်
မြိုးမြတ်မြင့်သည်၊
လွမ်းလင့်လွန်လှည့် လေလိမ့်လော။ ။


ရှင်မဟာရဋ္ဌသာရ ရေးခဲ့တဲ့ ပုလဲတတန့်၊ သန္တာတတန့် ရေးနည်းဖြစ်ပါတယ်။ သေသေချာချာကြည့်ပါ။ တပိုဒ်ခြားစီမှာ အက္ခရာတစ်လုံးတည်း သုံးထားတာတွေ့ပါလိမ့်မယ်။ 'မြတ်မျိုးမြင့်မှန်' မှာ 'မ' တစ်လုံး တည်း၊ 'ရွယ်ရန်ရည်ရင့်' ဆိုရင် 'ရ' တစ်လုံးတည်း၊ အဲဒီလို တောက်လျောက်သုံးလာပြီးမှ 'လွမ်းလင့်လွန်လှည့် လေလိမ့်လော' ဆိုပြီး 'လ' တစ်လုံးတည်းသုံးလို့ ချလိုက်ပါတယ်။
ရှင်မဟာရဋ္ဌသာရ ပဲရေးခဲ့တဲ့ နောက်လင်္ကာတပိုဒ်ကို ကြည့်ပါဦး ....

ညှိုး လျော်တ၍၊ ဆွတ်မျှမိန့်မူး၊
ညှိုး ပျံ့ပျူးလျက်၊ မယ်ထူးချည်သာ၊
ညှိုး ဗျာပါတည့်၊ ထပ်ခါဆိုတမ်း၊
ညှိုး သမ်းပျောင်းပျ၊ အဆဆလျှင်၊
ညှိုး လျသန္တာန်၊ ပန်းကြာမွန်လျှင်၊
ညှိုး တန်ပေထိုက်၊ ရေနှိုက်ကွာမူ၊
ညှိုး ကာမရှိ၊ နွမ်းခြောက်ဘိသို့၊
ညှိုး ရိပန်းတောင်း၊ ဖြစ်ပေရောင်း၍၊
ညှိုး ပျောင်းခေါ်စိုက်၊ မျှော်လိုက်တယူ၊
ညှိုး ပူသည်တောင်း၊ ဆင့်လောင်းချစ်အား၊
လွမ်းလောက်ပွား၍၊ သနားလေလေ၊
နောင်မင်းခြေဟု၊ စေ့ရေကြောင်းများ၊
မယ့်ဖြစ်လားကို၊ လျှောက်ကြားမှာသည်၊
ရွှေကြာပန်းညွန့် ရှင်တကား။

ဒါကို ပဒုမ္မာကြာ ဆိုနည်းလင်္ကာလို့ခေါ်ပါတယ်။ အောက်မှာပြထားသလို ဘုံစာလုံး 'ညှိုး' ကို အလယ်မှာ ကြာဝတ်ဆံလို ကြီးကြီးရေးပြီး ကျန်တာတွေကို ကြာပွင့်ချပ်တွေလို ပတ်လည်ရေးလိုက်ရပါတယ်။ ဒါဆို ပဒုမ္မာကြာပန်းလိုတွေ့ရလို့ ပဒုမ္မာကြာ ဆိုနည်းလင်္ကာလို့ခေါ်တာပါ။






လင်္ကာရေးနည်းကတော့ လေးလုံးစပ်ပါဘဲ။ သတ်စေ့နှက်သုံးချက်ညီ (၄-၃-၂) ကို အဓိကထားရေးပြီး ကျန်တဲ့ စပ်နည်း ငါးမျိုးကိုတော့ မလွှဲမရှောင်သာမှသာ သုံးရမယ်လို့ ဆိုပါတယ်။ လုံးဝမသုံးရဘူး လို့တော့ တားမြစ် မထားပါဘူး။ အပိုဒ်အရေအတွက်လဲ အကန့်အသတ်မရှိသလို၊ အချီ အချကာရန် ကန့်သတ်ချက်လဲ မရှိပါဘူး။ ဒါပေမယ့် အချမှာ (၇)လုံးချလေ့ရှိပါတယ်။ (၄)လုံးချရင်တော့ ရှေ့ ကအပိုဒ်နဲ့ ကာရန်ပြန်ယူရပါတယ်။ ဥပမာ ...
လောကဇာတ်ခုံ၊ - - - +
ဤလူ့ဘုံကား၊ - -+ -
တွေ့ကြုံဆုံကွဲ၊ - + - x
ဖြစ်ရမြဲတည်း၊ - - x -
ဝမ်းနည်းဝမ်းသာ၊ - x - +
မရှိရာရှင့်။ - - + -
ဆိုပြီး 'သာ' နဲ့ 'ရာ' ကို လေး-သုံး ကာရန်ပြန်ယူထားတာတွေ့ပါလိမ့်မယ်။

သံပေါက်ပိုင်ရင် လင်္ကာကို စပ်နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သံပေါက်ရဲ့ ဒုတိယပိုဒ်ကို နောက်ဆုံး စာလုံးတစ်လုံး တိုးလိုက်ပြီး ခုနစ်လုံးချလိုက်ရင် လင်္ကာ ဖြစ်သွားလို့ပါဘဲ။ စွယ်စုံကျော်ထင် ကျမ်းက ရှင်နန္ဒဓဇရဲ့ 'ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းကထွက်သနည်း။' ဆိုတဲ့ သံပေါက်ကို ဒုတိယပိုဒ်ရဲ့ နောက်ဆုံးမှာ 'သည်' တစ်လုံးတိုးလိုက်ရင် ...

ကြိယာခြောက်ဆယ်၊
အသွယ်သွယ်သည်၊
အဘယ်ကျမ်းကထွက်သနည်း။

ဆိုပြီး လေးလုံးစပ်လင်္ကာဖြစ်သွားပါပြီ။

အဲဒီတော့ လင်္ကာ ကနေ သံပေါက် ပြောင်းရတာလဲ ထို့အတူပါဘဲ။ အပေါ်က ရှင်မဟာရဋ္ဌသာရ ရဲ့ ပုလဲတတန့်၊ သန္တာတတန့် လင်္ကာကို ပြောင်းရေးလိုက်ရင် ....

မြတ်မျိုးမြင့်မှန်၊ ကြင်ပေတန်၊
ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်၊
နတ်နှ
င့်နှုန်းနှန်း၊ ၀င်းငြိမ့်ရွှန်း၊
လှလွန်းလွန်လှည့်၊ ငါးကြန်ပြည့်၊
ဖျော်ဖြည့်ဖြေဖျောက်၊ ကြိမ်ကြိမ်လျှောက်၊
ပြစ်ပျောက်ပျို့ပျို့၊ ဖြူမြိတ်စို့၊

ဆိုပြီး ဒုတိယ၊ စတုတ္ထ စတဲ့ 'မ' ပိုဒ်တွေရဲ့နောက်ဆုံးစာလုံးကိုဖြုတ်လိုက်ရင် သံပေါက်ဖြစ်သွားပါတယ်။
ဒီလောက်ဆိုရင် လင်္ကာရေးလို့ရပြီထင်ပါတယ်။
လင်္ကာထဲမှာ နည်းနည်းထူးခြားတဲ့ '၀ဲရိုက်ဝဲသွင်း' ဆိုတဲ့ လင်္ကာရေးနည်းတစ်မျိုး ရှိပါသေးတယ်။ ဒီ ရေးနည်းကိုတော့ နောက် Post မှာ သီးခြားဖေါ်ပြပေးပါ့မယ်။


ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၆)


သံပေါက်

သံပေါက်အကြောင်းရေးထားတဲ့ သံပေါက်ကလေးနဲ့ပဲ သံပေါက်အကြောင်းစရေးလိုက်ပါတယ်။

ကဗျာအစ၊ သံပေါက်က၊ မှတ်ကြမျိုးလေးဖြာ။
သံရိုးမှထောက်၊ ထွင်းကာဖေါက်၊ သံပေါက်မည်သညာ။
အစလေးလုံး၊ အလယ်သုံး၊ အဆုံး ငါး သတ္တာ။
စ လယ် အဆုံး၊ နောက်နှစ်လုံး၊ စပ်ထုံးမြဲမကွာ။

သံပေါက်မနိုင်၊ ကဗျာကိုင်၊ ကြံမှိုင်နေရမှာ။
ကဗျာတိုင်းတွင်၊ သံပေါက်ဝင်၊ စပ်အင်ထူးမကွာ။
သို့ကြောင့်သေချာ၊ လေ့လာပါ၊ ရောင်ဝါလင်းစိမ့်ငှာ။


သံပေါက် ဆိုတာ ကဗျာရဲ့ အခြေခံဖြစ်ပါတယ်။

ကခြင်းအစ လက်မြှောက်က


သီချင်းအစ သံပေါက်က (သီချင်းနဲ့ကဗျာအတူတူမို့ ကဗျာအစ သံပေါက်က လို့လဲ ဆိုကြပါတယ်)
တီးချင်းအစ လက်ခုပ်က ... ရယ်လို့  ဆိုရိုး ရှိပါတယ်။
သံပေါက်ဆိုတာဟာ 'အသံပေါက်အောင်' ပေါ်လွင်ထင်ရှားစွာ စပ်ဆိုစီကုံးထားသော ကဗျာ လို့အနက် ဖွင့်ထားပါတယ်။
သံပေါက်စပ်နည်း လင်္ကာလေးကို ကြည့်လိုက်ရင် သံပေါက်စပ်ပုံအားလုံးပါပြီးသားဖြစ်သွားပါတယ်။

'အစ လေးလုံး၊ အလယ် သုံး၊ အဆုံး ငါး၊ ခွန်နှစ်' လို့ မှတ်ထားလိုက်ပါ။ ဒီ သံပေါက်စပ်နည်းကိုက သံပေါက်လေးတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက
အစ ပါဒ မှာ လေးလုံး၊ အလယ် ပါဒ မှာ သုံးလုံး၊ အဆုံးသတ် (အချ) ပါဒမှာ ငါးလုံး (သို့ မဟုတ်) ခုနှစ်လုံး ထားပြီးစပ်ရပါတယ်။ ကာရန်ယူတာကိုပြန်ကြည့်လိုက်တော့ လေး၊ သုံး၊ နှစ် ပါဘဲ။ ဒါကိုလဲ 'အစ လေးလုံး၊ အလယ် သုံး၊ အဆုံး ဒွေးနှင့်ချ' ဆိုတဲ့ သံပေါက်နဲ့ဘဲ ပြန်မှတ်ထားလိုက်ရင် ရပါပြီ။ငါးလုံးချ သံပေါက် ဥပမာ တချို့ ကို ကြည့်ပါ .....

နင်နှင့်နင့်ကံ၊ စီရင်ဖန်၊ အမှန်ဖြစ်တော့သည်။ (လယ်တီဆရာတော်ဘုရား)
နင့်ကိုယ်နင်အား၊ နင်မသနား၊ နင်မှားရှာတော့သည်။ (လယ်တီဆရာတော်ဘုရား)
ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ။ (လယ်တီဆရာတော်ဘုရား)
လွယ်အိတ်မနိုင်၊ ယိုင်တိုင်တိုင်၊ ပန်းခိုင်လေးလိုလှ။ (ဆရာတင်မိုး - ပျိုးခင်းတေးသံ)
ကျောက်သင်ပုန်းထဲ၊ ခြစ်ကာဆွဲ၊ ပုလဲလေးတွေကျ။ (ဆရာတင်မိုး - ပျိုးခင်းတေးသံ)

(၇)လုံးချ သံပေါက်တွေကတော့


ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းကထွက်သနည်း။ (ရှင်နန္ဒဓဇ၊ စွယ်စုံကျော်ထင်ကျမ်း)
ဝလုံးပမာ၊ လူ့ ကမ္ဘာ၊ ၀င်လာခဲ့ရ တို့ ဘ၀။ (ဆရာတင်မိုး - ပျိုးခင်းတေးသံ)

ဒါတွေတွင်မက အဆန်းထွင်ထားတဲ့ 'ယမကသံပေါက်' တို့၊ 'ကျဖမ်းသံပေါက်' တို့လဲရှိပါတယ်။ ယမက ဆိုတာ အစုံ-အစုံ၊ အတွဲလိုက်ဖြစ်ပါတယ်။ ဥပမာတွေကတော့ -
နွယ်ပန်း-ပန်းခွါညို၊ နှင်းစိုစို၊ ပြာသိုဆောင်းလရက်။
ပွင့်ခက်-ခက်လှစံ၊ မြချပ်ရံ၊ ၀တ်ဆံကြိုင်နံ့မြက်။
ထွတ်ထက်-ထွတ်ဘုန်းလူ၊ ဆင်တော်မူ၊ မဉ္ဇူလွန်လှဆက်။
ရွှေဝ-၀နေတည်၊ မယ်တို့ပြည်၊ သာသည်ကျွန်းထိပ်ဘက်။
စံဖက်-ဖက်မတူ၊ သွယ်နွဲ့ဖြူ၊ အိမ်သူစံမြတ်သက်။
ရွှေထီး-ထီးပစ္စူ၊ ဆောင်းတော်မူ၊ လူလူဆွဲညောင်ရွက်။
မြှောက်စည်-စည်သံကျော်၊ လက်မြှောက်ခေါ်၊ ချီငေါ်စဉ်မပျက်။


ကျဖမ်းသံပေါက် ကတော့ ...

ယခုသာသနာ၊ ၀င်းဝင်းဝါ၊
တွင်းမှာကြုံသည့်ချက်၊ ရှေးကျိုးပုညစက်။
ရှစ်ပါးဆောင်စရာ၊ အစုံပါ၊
လွန်စွာတောသို့ထွက်၊ ရှုလေကသိုဏ်းကွက်။
အားထုတ်ဝီရိယ၊ ဆော်ဖန်သ၊
ရအံ့ဈာန်နှင့်မဂ်၊ ကောင်းကျိုးဖိုးအနဂ်။
ဓါးသငယ် ရွှေခွေး၊ လက်တော်နွေး၊ မကွေးတောသီယှက်၊ ရှလေမင်းကြီးလက်။
မြင်းစိုင်းမြို့ရွှေနန်း၊ သာယာဆန်း၊ ရစ်သန်းသင်းတွဲမြောင်း၊ မြင့်မြတ်တောင်သာလျောင်း။


ဆိုတာမျိုးတွေဖြစ်ပါတယ်။ ဒီနေရာမှာ ကြည့်ရင် 'ယခုသာသနာ ၀င်းဝင်းဝါ' ဆိုတဲ့အပိုဒ်မှာ အသံတက် နေပြီး 'တွင်းမှာကြုံသည့်ချက်' ဆိုတဲ့အဆုံးမှာ အသံကျသွားပါပြီ။ ဒါကို အကျမခံဘဲ 'ရှေးကျိုးပုညစက်' ဆိုပြီး ကျတော့မယ့်အသံကို ထပ်ဖမ်းထားလို့ ကျဖမ်းသံပေါက်လို့ ခေါ်ပါတယ်။

ဒါတွေတင်မကဘဲ ပညာရှိတွေဉာဏ်သွားသလောက် နောက်ထပ်ထွင်ခဲ့တာတွေရှိပါသေးတယ်။ ဒါပေမယ့် အခြေခံသံပေါက်ရိုးရိုးပေါ်မှာ မူတည်ပြီးထွင်ခဲ့ကြတာဖြစ်ပါတယ်။ အခြေခံမူမရှိဘဲ တီထွင်တာမဟုတ်ပါ။ အောက်မှာပြထားတဲ့သံပေါက်တွေမှာ အဆုံးသတ်ကို ၆လုံးကနေ ၁၀ လုံးအထိချထားပါတယ်။ ကြည့်ပါ။

ဝါခေါင်သိဟ်မွန်၊ အာကာစွန်၊ သရ၀ဏ်ရောင်စွေးစွေး။
သာကီဝင်မှတ်၊ မင်းဆက်မြတ်၊ ပြတ်သည်ဘယ်မင်းတွင်ပေနည်း။
မဂ်ဖိုလ်ဧကန်၊ ရသည်မှန်၊ တိရစ္ဆာန်ဘယ်ကြောင့်ဖြစ်သနည်း။
အတုတ်အခွန်၊ ခုတ်သည့်ခွန်၊ ထီးတံခွန်ရေတံခွန် ဘယ်သို့နည်း။
သဂဒါဂံ၊ အနာဂံ၊ ပြည်ပုဂံ ဂေါစရဂံ မည်သို့နည်း။


တစ်ခုသတိပြုရမှာက 'သရ၀ဏ်ရောင်စွေးစွေး' ဆိုပြီး အက္ခရာအားဖြင့် (၆) လုံး ရှိပေမယ့် ပေါ်လွင်ထင်ရှား တဲ့ အသံအားဖြင့် ငါးလုံးဘဲရှိတာကို သတိပြုသင့်ပါတယ်။ ဒါကြောင့် အသံအနေနဲ့ ငါးလုံးချလို့ဘဲမှတ်နိုင် ပါတယ်။ ကျန်တာတွေလည်းထိုနည်းတူ (၇)လုံးချထဲမှာ အသံအားဖြင့်ဝင်နေတယ်ဆိုတာ မြင်သာနိုင်ပါပြီ။ တနည်းအားဖြင့် ပြောရရင်တော့ နရီ (Rhythm) မပျက်ဖို့ အဓိကထားရပါမယ်။
ထွင်ပြီးတော့ လေးလုံးအစား ငါးလုံးနဲ့ စထားတဲ့ သံပေါက်တချို့ကိုလည်း အောက်မှာ ရေးပေးလိုက် ပါတယ်။

ခံကျွတ်သရဘီ၊ ပျဉ်းနှင်းဆီ၊ ရာသီဂန့်ဂေါ်မြတ်။
သင်းကျစ်စီတုရင်၊ မင်းရေးလွင်၊ ကြည်လင်တို့နေနတ်။
စုံဖက်လွန်လှစွာ၊ လေကြေငြာ၊ နံ့သာကြိုင်လှထွတ်။


တချို့ကတော့ ကာရန်ကိုပါထပ်ကစားပြီး အဆုံး (၇)လုံးချမှာ လေး-သုံး ကာရန်ထပ်ယူပြီးချထားပါတယ်။ ဒီတော့ ရွတ်ရတာ ပိုလှပါတယ်။ အောက်မှာကြည့်ပါ။


အိမ်ရှေ့သခင်၊ ရာထွတ်တင်၊ ကျွန်းပြင်သောင်းတွင်း ဘုန်းနှံ့ခြင်း။
ကြောက်ညင်ရန်မာန်၊ မဖြီးဆန်၊ ဘုန်းသံထက်ဆုံး ရွယ်စံထုံး။
ချိန်ဆုံးသင့်လှ၊ ကျော်ပေါက်ပြ၊ တေဇထွန်းပေါ် မင်းရဲကျော်။


အဲဒီမှာ အဆုံးကို အစပိုဒ် လုပ်ပြီးလဲ ဆက်စပ်သွားနိုင်ပါတယ်။ ဥပမာ -


ချိန်ဆုံးသင့်လှ၊ ကျော်ပေါက်ပြ၊ တေဇထွန်းပေါ် မင်းရဲကျော်။
တေဇထွန်းပေါ် မင်းရဲကျော်၊ ဘုန်းတော်ရောင်ဝင်း နေသို့လင်း
... အစရှိသည်ဖြင့် စပ်ဆိုနိုင်ပါတယ်။

တချို့ကတော့ ဆန်းသထက်ဆန်းအောင် ကာရန်တမျိုးတည်းနဲ့ လဲ စပ်ကြပါသေးတယ်။ ဥပမာ -


တောတောင်လျှိုတိုး၊ လန့်မစိုး၊
သူကိုမကိုး၊ ကိုယ့်ကိုကိုး၊
ကိုယ့်ကိုကိုယ်ကိုး၊ တောင်နှယ်ကိုး၊
ကိုယ့်ကိုတိုးတိုး၊ ကိုယ်ပင်နှိုး၊
သူတော်ကောင်းမျိုး၊ ကျင့်လမ်းရိုး၊
မဂ်ဖိုလ်ရိုးရိုး၊ အရကြိုး။

ဒီသံပေါက်မှာ 'အိုး' ကာရန်တစ်မျိုးတည်းနဲ့ စပ်သွားတာကိုတွေ့ပါလိမ့်မယ်။

မလွှဲသာတဲ့အခါမျိုးမှာ သတ်စေ့နှက်သုံးချက်ညီ (၄-၃-၂) ကာရန်အစား ထိပ်ချင်းထပ် (၄-၃-၁) ကာရန် နဲ့လဲ စပ်ခွင့်ပြုထားပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ ရှောင်ကြဉ်ရမယ် လို့ ဆိုပါတယ်။ ဥပမာ
သမ်းသမ်းကဲကဲ၊ အိပ်ပျော်ဆဲ၊ မဲဇလီနှင့်စာ။ ... ဆိုပြီး စပ်ထားတာရှိပါတယ်။

နောက် တစ်ခုက သံပေါက် တစ်ပုဒ်မှာ ဂရုသံချည်းသက်သက်နဲ့၊ ဒါမှမဟုတ် လဟုသံချည်း သက်သက် နဲ့တော့ မရေးသင့်ဘူးလို့ဆိုပါတယ်။

ဒီလောက်ဆိုရင် သံပေါက်ကို မြင်သာလောက်ပြီထင်ပါတယ်။ ရေးရတာလဲလွယ်ပါတယ်။ စမ်းကြည့်ကြ ပါ



- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၅)

ကြိယာ

မြန်မာဘာသာမှာ ကြိယာဆိုတာ ပြုခြင်း၊ သွားခြင်း၊ စားခြင်း စတဲ့ပုဒ်တွေကို ခေါ်တာပါ။ ဒါပေမယ့် ကဗျာ မှာတော့ ကြိယာဆိုတာ အဲဒီ ပုဒ်တွေနဲ့ ဘာမှမဆိုင်ပါဘူး။ တနည်းအားဖြင့် Verb မဟုတ်ပါဘူး။ ကဗျာအဖွဲ့တွေမှာ အဆုံးသတ်၊ အဆုံးချ ရာမှာသုံးတဲ့ အက္ခရာတွေကို ဆိုလိုပါတယ်။
ညောင်ရမ်းမင်းဆယ်ဆက်၊ စနေမင်းလက်ထက်မှာ အ၀(အင်းဝ)မြို့ ရွှေကြက်ယက် ကျောင်းတိုက်နေ ရှင်ဥက္ကံသမာလာ စီရင်ရေးသားအပ်တဲ့ က၀ိကဏ္ဌပါသ လင်္ကာကျမ်းအလိုအရ ကြိယာ (၆၀) ရှိပါတယ်။
တောင်တွင်းကြီးစီရင်စု၊ မြို့လုလင်မြို့ ဇာတိဖွားဖြစ်တဲ့ ငယ်နာမည် မောင်ညို၊ ရဟန်းဘွဲ့ ရှင်မဟာ သီလ၀ံသ ရေးသားစီရင်တဲ့ က၀ိပါသဏ္ဌကျမ်း အလိုအရ ၆၄ပါး အပြားရှိပါတယ်။
က၀ိကဏ္ဌပါသ လင်္ကာကျမ်းထွက် ကြိယာ(၆၀) လင်္ကာကတော့ ...

မဉ္ဇူဘုန်းမော်၊ ပွင့်ချိန်မြှော်သည်၊ ဗန်းမော်ခေါင်ထိ၊ တုမရှိသည့်၊ က၀ိကဝေ၊ စောမြုတေ။ နှစ်ထွေလင်္ကာ၊ ကျမ်း၌လာသား၊ နည်းနာနယ၊ ၀ိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့်ကဗျာ၊ ကိရိယာတွင်၊ သမာသေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညှင်း၊ ကျွန်ုပ်ခင်းပိမ့် -
လျှင် လျှင်း မူကား၊ ၀ယ် သား တမင့်၊ ချိမ့် ဖြင့် တွင် ၏၊ ပိမ့် လှည့် မည် အံ့၊ လော တုံ မံ့ (တည့်)၊ သော် ခံ့ ဘူး သော၊ မူလော ရကား၊ မူ အား မှ က၊ လိမ့်စွ တံ့ လည်း၊ တိ တည်း ချည်း ဟု၊ ခဲ့ နည်း နှိုက် လျက်၊ ကြောင့် ထက် မို့ လည်း၊ စမ့် သည် စိမ့်(နှင့်)၊ တုံး လိမ့် တည့် တော့၊ ကား လော့ ရွေ့ သို့၊ မျှ တို့ ငှာ ရှင့်၊ တမုံ့ နှင့် ကို၊ ရှင်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား။
လက်သည်းကွင်း () အတွင်းမှာရှိတဲ့ အက္ခရာတွေကတော့ ပဒပူရဏ (အပိုဒ်ပြည့်အောင် ဖြည့်ပြီး စပ်ဆိုထားတဲ့ စာလုံး) သာဖြစ်လို့ ကြိယာစာရင်းမှာ ထည့်ဖို့ မလိုပါဘူး။
ရှင်မဟာ သီလ၀ံသ ရေးသားစီရင်တဲ့ က၀ိပါသဏ္ဌကျမ်းထွက် ကြိယာ (၆၄) ပါးဆိုတာကတော့ 'ကာရန်၊ အသံ' အခန်းမှာဖေါ်ပြခဲ့တဲ့ ကာရန်(၆၄) ပါး ပါဘဲ။ ဒီအထဲမှာ အံ၊ အံ့၊ အယ်၊ အယ့်၊ ၍ (ရွေ့)၊ ၌ (နှိုက်)၊ ၏ ဆိုတဲ့ အက္ခရာ ရလုံး မပါဘူးဆိုတာ သတိပြုဖို့လိုပါတယ်။ ဒီလိုမပါလို့ ရှင်ဥက္ကံသမာလာ ရေးထားတဲ့ အဲဒီကြိယာတွေကို မသုံးရဘူးလို့ မပြောနိုင်ပါ။ တကယ်တော့ ဒီကျမ်းနှစ်ကျမ်းလုံးထဲက ကြိယာတွေသာမက တခြားဘယ်စကားလုံး၊ ကြိယာ၊ အက္ခရာတွေကိုမဆို မိမိ ဉာဏ်နဲ့ယှဉ်ပြီး သုံးနိုင်ကြောင်းကို ရှင်ဥက္ကံသမာလာ ကိုယ်တော်တိုင်က 'ရှင်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား' ဆိုပြီး ကိုယ့်ဉာဏ်နဲ့ အကျယ်ချဲ့ပြီး သုံးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း မိန့်မှာ ခဲ့ပါတယ်။
ဒီကျမ်းလာ ကြိယာတွေဟာ စံနမူနာအဖြစ်သာ မှတ်ယူရမှာဖြစ်ပြီး ဒီကြိယာတွေကိုသာ ကဗျာရေးရာမှာ သုံးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ် ဉာဏ်ရှိရင်ရှိသလောက် သုံးနိုင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။

ဝိဘတ်


ဝိဘတ်အကြောင်းကိုလည်း ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ရှင်းပြထားပါတယ်။ ဒါပေမယ့် အဲဒါတွေ အကုန်ရေးနေရင် ကဗျာအကြောင်းထက် မြန်မာသဒ္ဒါအကြောင်းရေးထားတဲ့ စာဖြစ်သွားမှာစိုးလို့ အကျဉ်း ဘဲ ဖေါ်ပြလိုက်ပါတယ်။
ဝိဘတ်ဆိုတာကတော့ 'သည်၊ တို့သည်၊ ကို၊ တို့ကို၊ တွင်၊ ၀ယ်' အစရှိတဲ့ အက္ခရာတွေကိုခေါ်ပါတယ်။ (Preposition) ပါပဲ။ စာသုံး၊ ကဗျာသုံးတွေမှာ ၀ိဘတ်အပါများရမယ်လို့ ညွှန်ပြထားပါတယ်။ ၀ိဘတ် ကိုးမျိုးကတော့ ...

(၁) ကတ္တား ၀ိဘတ်
(၂) ကံ ၀ိဘတ်
(၃) ကရိုဏ်း ၀ိဘတ်
(၄) သမ္ပဒါန် ၀ိဘတ်
(၅) အပါဒါန် ၀ိဘတ်
(၆) သာမိ ၀ိဘတ်
(၇) သြကာသ ၀ိဘတ်
(၈) အာလုပ် ၀ိဘတ်
(၉) ဟိတ် ၀ိဘတ်
ဆိုပြီး ကိုးပါးအပြား ရှိပါတယ်။ တစ်ခုခြင်းအသေးစိတ်ကို စိတ်ဝင်စားသူတွေ၊ သိချင်သူတွေ ရှိရင်တော့ နောက်ပိုင်း အလျဉ်းသင့်သလို ဖေါ်ပြပေးပါမယ်။

ပဒ၊ ပါဒ၊ ပိုဒ်၊ ပုဒ် အကြောင်း

ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ကျမ်းအကိုးအကားတွေနဲ့ အသေးစိတ်ရှင်းပြထားပါတယ်။ ဒါပေမယ့် ဒီမှာ တော့ လိုရင်းကိုဘဲ ထုတ်နှုတ်တင်ပြပါမယ်။
ပုဒ်၊ ပိုဒ် ဆိုတဲ့ မြန်မာဘာသာစကားတွေဟာ ပဒ၊ ပါဒ ဆိုတဲ့ ပါဠိဘာသာကနေ ဆင်းသက်လာတဲ့ ပါဠိသက် (သို့မဟုတ်) ပါဠိပျက် ဝေါဟာရတွေဖြစ်ပါတယ်။
ကဗျာသီချင်း အဖွဲ့တစ်ခုမှာ ယတိဖြတ်ပြီး ရွတ်ဖတ်သီဆိုဖို့ ရပ်၊ တော့၊ ဖြတ်တောက် ထားတဲ့ ကဗျာ သီချင်း အဖွဲ့တစ်ခုရဲ့ တစိတ်တဒေသကို 'တပါဒ-တပိုဒ်' လို့ခေါ်ပါတယ်။
အဲဒီအပိုဒ်တွေစုပေါင်းထားတဲ့ အဖွဲ့ကို ကဗျာသီချင်း 'တစ်ပဒ=တပုဒ်' လို့ခေါ်ပါတယ်။ ဥပမာ ...
သံပေါက်မနိုင်၊ ကဗျာကိုင်၊ ကြံမှိုင်နေရမှာ ... ဆိုတဲ့ သံပေါက်မှာ
သံပေါက်မနိုင် = တပိုဒ်၊ ကဗျာကိုင် = တပိုဒ်၊ ကြံမှိုင်နေရမှာ = တပိုဒ် ဖြစ်ပြီး အဲဒီ သုံးပိုဒ်ပေါင်းက တပုဒ် ဖြစ်ပါတယ်။ တေးထပ်၊ ဒွေးချိုး၊ လေးချိုး စတဲ့ အဖွဲ့တွေမှာလည်း အတူတူပါဘဲ။
ဘောလည်၊ ကောင်းကင်ကြိုး အစရှိတဲ့ အဖွဲ့တွေမှာတော့ အပုဒ်ငယ် သုံးလေးခုကိုတွဲပြီးလဲ တပုဒ် လို့ ခေါ်လေ့ရှိပါတယ်၊ ဒါကြောင့် အဲဒီအဖွဲ့မျိုးတွေမှာတော့ ပိုဒ်ဆက်ကာရန်၊ ပုဒ်ဆက်ကာရန် ဆိုပြီး သီးခြား ခွဲဖေါ်ပြပါတယ်။

ပဒါလင်္ကာရအကြောင်း

ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားတဲ့ ဒီ ပဒါလင်္ကာရ ကတော့ နည်းနည်းအရေးကြီးလို့ အသေးစိတ်တင်ပြပါမယ်။
ပဒါလင်္ကာရ ဆိုတာ ပုဒ်၏အဆင်တန်ဆာ လို့ဆိုပါတယ်။ ကာရန်စာရင်းနဲ့ စာလုံးရေစာရင်းမှာ အရေအတွက် မ၀င်တဲ့၊ ထည့်သွင်းရေတွက်ခြင်း မပြုရတဲ့ စာလုံးအပိုတန်ဆာလေးတွေပါ။ နောက်ဆုံး စာလုံးကာရန်တွေရဲ့နောက်မှာ အသံအနေအထား တိုတိုတောင်းတောင်းဖြစ်မနေစေဖို့၊ ၀ိဘတ် စတာတွေ ကွယ်မြုပ်မနေစေဖို့ ဆက်တွဲထည့်သွင်းစပ်ဆိုထားတဲ့ 'မှာဖြင့်၊ ကိုလ၊ နိုင်ဘု' စတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။
အပြစ်ကင်းစင်ပြီးလှပတဲ့ မိန်းမပျိုတစ်ဦးမှာ အင်္ကျီ၊ လုံချည်၊ လက်ဝတ်ရတနာ စတဲ့အဆင်တန်ဆာတွေ မပါရင် မတင့်တယ်သလိုဘဲ ကဗျာလင်္ကာအဖွဲ့အနွဲ့တွေမှာ ပဒါလင်္ကာရ မပါရင် မတင့်တယ်ဘူးလို့ ဆိုကြပါတယ်။ အချုပ်တန်းဆရာဖေရေးတဲ့ ဆောင်းဖွဲ့ လေးဆစ်ကလေးကို ကြည့်ပါ။


ဆောင်းဖွဲ့ (လေးဆစ်)
အချုပ်တန်းဆရာဖေ

သဉ္စာလီ ဗွေပြဒု 'မှာဖြင'့်၊
ခင်သာကီ တမေပု 'ကိုလ'၊
ဖေယခု ပိုက်လှဲ့ ဆို။

မလုံသေး'နိုင်ဘု'၊
တုန်အေးရှာ တင်တမေ'ငဲ့'၊
ရင်ရွှေကို လေပြေခ'တယ်'၊
သဲကြွစိမ့်ဖို။

တသန်းတန်ရတီဖို့ 'သော်လဲ'၊
ကြငှန်းပျံ ကတီမို့ 'မှာတော'့၊
မဒီပျို့ ဆောင်းရိပ်ခို'ငယ'်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။

ငွေနှင်း'ငယ်'ထန်၊
ချွေညှင်းတညံညံ'နှင်'့၊
ရေကင်းသံ တဖန်ကြား'ရင်လ'၊
လွမ်းအားတော် ပွေဗျာလှိုင်'လို့'၊
ကေညာခိုင် စုခင်လေး'မှာ'၊
(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။ ။


ဒီလေးဆစ်လေးထဲမှာ မျက်တောင်ကွင်း '' ထဲမှာပြထားတဲ့ 'မှာဖြင'့်၊ 'ကိုလ' စတဲ့ ပုဒ်တွေဟာ ပဒါ လင်္ကာရ ပုဒ်တွေဖြစ်ပါတယ်။ လက်သည်းကွင်း () ထဲက (ကိုယ်တော်ရေ) ဆိုတာကတော့ အာလုပ် ၀ိဘတ် ဖြစ်ပါတယ်။ (ကိုယ်တော်ရေ) တို့၊ (ခင်ရေ) တို့၊ (အိုဗျာ) တို့ စတာတွေကို အာလုပ်ဝိဘတ် အနေနဲ့ ထည့်သွင်းစပ်ဆိုကြပါတယ်။ အဲဒီပုဒ်တွေကို ဖြုတ်ပြီးဆိုလိုက်ရင် မူလကာရန်တွေ ပျက်မသွား ပေမယ့် ဒီလေးဆစ်လေး ဘယ်လောက်ရုပ်ပျက်ဆင်းပျက် ဖြစ်သွား မလဲ ဆိုတာတွေ့နိုင်ပါတယ်။
ဒါလောက်ဆိုရင် ပဒါလင်္ကာရ ရဲ့ အရေးပါပုံကို သိသာလောက်ပြီလို့ ထင်ပါတယ်။ အချုပ်တမ်းဆရာဖေပဲရေးခဲ့တဲ့ သံဝေဂ တေးထပ်တပုဒ်ကို အောက်မှာ ရေးပေးလိုက်ပါတယ်။ ပဒါလင်္ကာရ တွေ လေ့လာ ကြည့်ကြပါ။

သံဝေဂ တေးထပ်
(အချုပ်တန်းဆရာဖေ)

နန်းသပြေပင်ညွန့်၊
စမ်းရေကွန့်ရိပ်ပျံ၊
ပန်းဟေ၀န့်ဗိမာန် 'မှာ'၊
အဓိဋ္ဌာန်တင်မြန်း၊
ပင်လုံးကျွတ်ပွင့်ဝေဖြာ 'တယ်'၊
ဧကစာသုံးတဲ့သင်္ခမ်း။ ။

မြတ်နွယ်ညွန့်တည်ရာ 'မှာ'၊
လည်လက်ျာခွေမြန်း၊
စည်မျက်နှာ မြေကြငှန်း 'ငယ်သို့'၊
ချွေမြန်းလို့ဆိတ်သာ၊
တင်စလွယ် ဆင်ခြယ်သ 'ပါလို့'၊
အဋ္ဌမဂ်သုံးဆောက်တည်ကာ။ ။

တကိုယ်တည်းဆိတ်ငြိမ်ရာ '၀ယ်'၊
နိဗ္ဗိန္ဒာကြည်ဇော 'နှင့်'၊
သည်တောဝမြိုင်ဝေဘူ၊
ပန်းစုံကကြူ၊
ကမ္မဋ္ဌာန်းရ အုဌ်ဂူ 'မှာ'၊
ရုက္ခမူ ပျော်ဆုံးပ လေး။ ။


ရှောင်ကြဉ်ရမည့် အပြစ်၊ ဒေါသများ


ကဗျာရေးရာမှာ (အဓိကအနေနဲ့ ရှေးမြန်မာကဗျာတွေကို ရေးရာမှာ) လိုက်နာရမယ့် စည်းကမ်းဥပဒေသတွေနဲ့ ရှောင်ရှားရမယ့် အပြစ်၊ ဒေါသ ဆိုတာတွေရှိပါတယ်။ ဒီလို ရှောင်ကြဉ်ရမယ့် ဒေါသ တွေကတော့ ၀ဂ်နင်း (၀က်နင်း) နဲ့ ခွါထောက် အပြစ်တွေဖြစ်ပါတယ်။
ဝဂ်နင်း ဆိုတာကတော့ စာလုံးတူ၊ ကာရန်တူနှစ်လုံး ဆက်တိုက်သုံးစွဲခြင်းကိုခေါ်တာပါ။ ဥပမာ ...
အခုနေဝေး၊ နောင်လည်းဝေးလို့၊ အဆွေးသောကပိုမိသည်။
ဆိုတဲ့စာပိုဒ်မှာ ဝေး - ဝေး - ဆွေး ဆိုပြီး 'ဝေး' ကာရန်နှစ်လုံး ဆက်တိုက် သုံးသွားတာကို ၀ဂ်နင်းဒေါသသင့်တယ် (အပြစ်ဖြစ်တယ်) လို့ခေါ်ပါတယ်။

ခွါထောက် ဆိုတာကတော့ စာလုံးတူ၊ ကာရန်တူနှစ်လုံး ကို ကာရန်တစ်လုံးခြားပြီး သုံးစွဲခြင်းကို ခေါ်တာပါ။ ဥပမာ ...
အခုနေဝေး၊ သောကတွေးနဲ့၊ နောင်ဝေးမှာကိုစိုးမိသည်။
ဆိုတဲ့စာပိုဒ်မှာ ဝေး - တွေး - ဝေး ဆိုပြီး 'ဝေး' ကာရန်နှစ်လုံး ကို တစ်လုံးကျော်ဖွဲ့ထားမျိုးကို ခွါထောက်ဒေါသသင့်တယ် လို့ခေါ်ပါတယ်။
ဒီလို ၀ဂ်နင်း နဲ့ ခွါထောက် စပ်ပုံမျိုးဟာ မမှားပေမယ့် ဒေါသ (အပြစ်) သင့်နေလို့ မစပ်သင့်ဘူး လို့ ဆိုပါတယ်။ အဓိက ကတော့ စကားလုံးတစ်လုံးထဲကိုဘဲ ကာရန်ပြန်ပြန်ယူထားတော့ စကားလုံးကြွယ်ဝမှု မရှိခြင်းကို ပြဆိုနေသလို ဖြစ်နေလို့ ဒီလိုရေးပုံတွေကို ဒေါသသင့်တယ်၊ အပြစ်ရှိတယ်လို့ ဆိုချင်တာထင်ပါတယ်။ ဒါပေမယ့် အရင် ကိုးခန်းပျို့မှာပြထားတဲ့ 'တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊ တတွယ်တာတာ' ဆိုတာမျိုးကတော့ 'တ' တွေကို ထပ်ခါတလဲလဲသုံးထားတာဟာ ကာရန်အနေနဲ့ ယူသုံးထားတာ မဟုတ်တဲ့အတွက် ဒီအပြစ်ဒေါသ ကနေ လွတ်တဲ့အပြင် မဓုရတာဂုဏ်တောင်မြောက်သေးတယ်လို့ ဆိုချင် ပါတယ်။ ဒါ့အပြင် အသံထွက်တူပေမယ့် စာလုံးပေါင်းမတူတာတွေ (ဥပမာ - ကျမ်း နဲ့ ကြမ်း)၊ စာလုံးပေါင်းတူပေမယ့်လည်း အဓိပ္ပါယ်မတူတာတဲ့ သံတူကြောင်းကွဲတွေ (ဥပမာ - ကြေမွ နဲ့ ကြေကွဲ) ကိုတော့ 'ခွဲထားကာရန်' ဒါမှမဟုတ် 'ခွဲထားသတ်ပုံ' လို့ ခေါ်တဲ့အတွက် ဒီစကားလုံးတွေကို ကာရန်အဖြစ်တွဲဘက် ယူရင် ၀ဂ်နင်း၊ ခွါထောက် ဒေါသတွေမသင့်ပါဘူး။

တစ်ခုဆက်ပြီး သိထားသင့်တာက ၀ဂ်နင်းဒေါသဟာ ပိုပြီးအပြစ်ကြီးပါတယ်။ ကဗျာအဖွဲ့ဟူသမျှကို ဖျက်ဆီးတတ်တဲ့ ကြီးလေးသောအပြစ်ဒေါသဖြစ်လို့ အစဉ်ထာဝရ ရှောင်ကြဉ်ရမယ်။ ဘယ်တော့မှ အသုံး မပြုအပ်ဘူး။ ခွါထောက်ဒေါသကတော့ ကဗျာ့ပါရဂူကြီး တွေက ခွါထောက်လွတ်တဲ့ ကာရန်ကို ရှာမတွေ့ တဲ့အခါ တစ်ခါတစ်လေရေးသားကြတယ်။ ကဗျာပျက်စီးမသွားဘူး။ ဒါပေမယ့် သာမန်ကဗျာဆရာတွေ တော့ မသုံးအပ်ဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ အင် နဲ့ အဉ် (စင် နဲ့ စဉ်)၊ အည် နဲ့ အီ (မျှော်ရည်၊ ရော်နီ) ဆိုတာတွေကို ကာရန်မတူဘူးလို့ ရွှေဥမင်ဆရာတော်က မိန့်ထားကြောင်း၊ ဒါကြောင့်မို့ ဒီကာရန်တွေကို ကာရန်တူအဖြစ် ယှဉ်တွဲပြီး မစပ်ကောင်းကြောင်း နဲ့ အဲဒီလိုစပ်မိရင် 'ဘဂ္ဂရီတိဒေါသ' သင့်တယ်လို့ ကဗျာဖွဲ့နည်းနိသျည်း ထဲမှာ ပြောထားပါတယ်။ ဒါပေမယ့် ကဗျာ့စွယ်စုံကျမ်းနဲ့ ကဗျာလမ်းညွှန် ထဲမှာတော့ ဒီအကြောင်းကို အထူး ဖေါ်ပြထားတာ မတွေ့ရပါဘူး။ ကျနော့် ကိုယ်ပိုင်သဘောကိုပြောရရင်တော့ အသံထွက်တူရင်၊ သို့မဟုတ် စာလုံးပေါင်း အသတ်တူရင် စပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလိုအစပ်မျိုးကို တတ်နိုင်သမျှတော့ ရှောင်သင့် တယ်၊ ဘယ်လိုမှ ရှောင်လွှဲမရရင်တော့ စပ်လို့ရတယ် လို့ ထင်ပါတယ်။ ဒါဟာ မမှားပေမယ့် မကောင်းဘူး၊ (ဒေါသသင့် တယ်ဆိုတာ အပြစ်အနာအဆာရှိနေတယ်၊ စင်းလုံးချော မကောင်းဘူး လို့ ဆိုလိုတာပါ) အပြစ်အနာအဆာတွေတော့ ရှိနေတဲ့သဘော ဖြစ်ပါတယ်။ ဒေါသတွေ အကြောင်း ကိုတော့ ကဗျာဖွဲ့နည်းနိသျည်းထဲမှာ တော်တော်လေး ပြည့်ပြည့်စုံစုံရေးထားတာမို့ စိတ်ဝင်စားမယ်ဆိုရင် နောက်မှ ထပ် ဆွေးနွေးကြတာပေါ့။ အခြေခံအချက်အလက်တွေက ဒီလောက်ဆိုရင် အတော်လေးပြည့်စုံသွားပြီမို့ မြန်မာကဗျာတွေရဲ့ ပုံစံတွေကို နောက် Post တွေမှာ တစ်ခုခြင်း စတင်ဖေါ်ပြပါမယ်။

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၄)

မပြီးဆုံးသေးတဲ့ 'အစပ်၊ အဟပ်' အကြောင်းထဲက 'နဘေ' စပ်နည်း (၈)ပါးအကြောင်းကို ဆက်ပါဦးမယ်။

နဘေစပ်နည်း (၈) ပါး

နဘေစပ်နည်းကို သံညှင်း၊ ပြဇာတ်၊ တေးထပ်ကြီး၊ ရှစ်ဆယ်ပေါ်တေးထပ်၊ ရတုအချီအချပိုဒ် တွေမှာ အသုံးများပါတယ်။ နဘေစပ်နည်း (၈) ပါးကတော့ ...

(၁) နဘေစပ်နည်း
(၂) ပြန်ကဟပ် စပ်နည်း
(၃) ရွက်ချပ် စပ်နည်း
(၄) ကတ္တရာ စပ်နည်း
(၅) ချိန်ခွင်ညှာ စပ်နည်း
(၆) ခြင်္သေ့လည်ပြန် စပ်နည်း
(၇) တေ့ဆက် စပ်နည်း
(၈) နဘေပြန်ကဟပ် စပ်နည်း ... တို့ဖြစ်ပါတယ်။

နဘေ ပြန်ကဟပ်၊ ရွက်ချပ် ကတ္တရာ၊
ချိန်ခွင်ညှာ ခြင်္သေ့၊ တေ့ဆက် (တထွေ)၊
နဘေပြန်ကဟပ်၊ ဤရှစ်ရပ်သည်၊
အစပ် နဘေ ရှစ်ပါးတည်း ...
လို့ လင်္ကာလေးနဲ့ မှတ်ထားလို့ရပါတယ်။

(၁) နဘေစပ်နည်း

ဒါကတော့ အက္ခရာအနည်းအများအလိုက် အပိုဒ်အချင်းချင်းကာရန်တူစပ်ဆိုနည်းပါဘဲ။
ဥပမာ -
လောကိ၊ ဗောဓိ၊ မောဠိ။ တတ်မျိုး၊ မြတ်နိုး၊ မှတ်ကြိုး (၂လုံးစပ်)
မှားခဲ့ပြီ၊ သွားတဲ့ဆီ၊ အားနွဲ့မှီ။ မြတင်မေ၊ ညစဉ်ပေ၊ လှပြင်နေ (၃လုံးစပ်)
မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ (၄လုံးစပ်၊ မဲဇာတောင်ခြေ ရတု အချီပိုဒ်များ)

မယ်တို့နယ်မှာ ဆွမ်းတသပိတ်မျှ မလွမ်းတဲ့ပြင်
ပယ်ဘို့ပယ်ရာ ချွန်းအနိစ္စ ကမ္မဋ္ဌာန်း တွေနဲ့
ဘယ်သို့ဘယ်ညာ ညွှန်းစိတ်က မမှန်းရအောင်
ကျမ်းပြုသမျှ ဟိတ်တွင်မှ ပရိတ် ဗြဟ္မစိုရ်အခြေ
(အိုကွယ်) ပဋ္ဌာန်းကုသလ တိတ်ကယ်နှင့် စိတ်ကိုဖြေ (လေးချိုးကြီး)

ဒီလောက်ဆိုရင် နဘေကို မြင်လောက်ပါပြီ။

(၂) ပြန်ကဟပ် စပ်နည်း

ရှေ့ကာရန်တွေကို နောက်ကာရန်က တစ်ချက်ပြန်ငုံပြီး အစုံအလင် ဟပ်လို့စပ်သွားတဲ့ နည်းဖြစ်ပါတယ်။ ဥပမာတွေကို ကြည့်ပါ။

ဖလ်မြေ မှန်မြေ ရံဝေဘိ၊
စံရွှေအတိ ပြည့်ချက်ညှာ၊
ဟံဗွေမဟိ စည့်မျက်နှာဝယ်၊
ရှက်ဖြာ ဆက်ကာ စကြာမျိုး၊
မီးဓါတ် ညီးလျှပ် ကြီးမတ်ပြောင်တယ်၊
ထီး ဓါတ်တန်ဆောင် မှန်ကင်းထူလို့မိုး။

ထုံးဖြစ် ဘုန်းလှစ် ကျုံးရစ်သွယ်တယ်၊
ကုန်းမြစ်အကျယ် သိန်မညှိုး၊
သုံးခေတ်အလယ် ရှိန်တခိုးနှင့်၊
ပုထိုးတော်မြတ် တိဂုန်ရှင်၊
မွှေးကြူ ရေးယူ ရှေးမူတိတ်၊
လေးဆူတံဆိပ် ဗျာဒိတ်ညွှန်သိုက်ဝင်။

အဆင့် အရင့် ပလ္လင့်ပြင်ဝယ်၊
တခွင့် တခွင် နာရီလင့်လို့၊
ရာသီ အိမ်သင့် ချိန်ပွင့်တစေ၊
သိန်တင့် သိန်သရေ၊
နတ်နန်းဘုံရွှေ့ မြတ်ပန်းခုံကွေ့ ပုံရွေ့ကြွေတယ်၊
ထုံငွေ့ဝေေ၀ သိင်္ဂုတ်တောင်ပ လေး .... ။    ။

(ဆရာကြီးဦးဝေ ရေးတဲ့ သိင်္ဂုတ္တရတောင်တော်ဖွဲ့ရှစ်ဆယ်ပေါ်တေးထပ်ဖြစ်ပါတယ်။ အလွန်တွေ့ရခဲလို့ အစအဆုံးဖေါ်ပြ ထားပါတယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားတဲ့အတွက် ဖတ်ရအောင်လို့အစအဆုံး ဖေါ်ပြပေးလိုက်ပါတယ်။)

ဒီစပ်နည်းမှာ 'ဖလ်မြေ၊ မှန်မြေ' ဆိုတဲ့ ရှေ့နှစ်ပိုဒ်ကို 'ရံဝေဘိ' ဆိုပြီး နောက်တပိုဒ်က အကုန်ပါအောင် ဟပ်ပြီး စပ်လိုက်ပါတယ်။ တခါ အဲဒီ 'ဖလ်မြေ မှန်မြေ ရံဝေဘိ' ဆိုတဲ့ သုံးပိုဒ်လုံးကို 'စံရွှေအတိ' ဆိုပြီး နောက်အပိုဒ်က ပြန်ပြီးဟပ်လို့စပ်လိုက်ပါတယ်။ ကျန်တဲ့အပိုဒ်တွေမှာလည်းအလားတူပါဘဲ။ ရှေ့ကာရန် တွေကို နောက်ကာရန်က ပြန်ကာဟပ်ပြီး စပ်လို့ 'ပြန်ကာဟပ်' သို့မဟုတ် 'ပြန်ကဟပ်' လို့ခေါ်ပါတယ် ဆိုပြီး ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။

ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ ပထမအပိုဒ်က မူလကာရန်ကို သုံးလေးပိုဒ်ခြားပြီးမှ ပြန်ကာဟပ်ပြီးစပ် လို့ (အဲဒီနောက် ထိုက်သင့်သလိုရေးသားရလို့) ပြန်ကဟပ်စပ်နည်းလို့ ခေါ်တယ်လို့ ပြောထားပါတယ်။ ဥပမာ -

အ၀န်းညီမျှ၊ ကျွန်းဒီပမှာ၊ ကွန်းချီမြရှိန်၊
နနွင်းသာခဲ့၊ ပယင်းဝါမှဲ့ကဲ့သို့၊ ၀င်းလဲ့လဲ့ထိန်။
နီဖလန်ဘိုး၊ ပြည်တန်မျိုးကဲ့သို့၊ သတိုးစိန်ကလေးဗျ ....

အထက်ပါ မာန်လည်ဆရာတော်ဘုရားကြီးရဲ့ မင်းသားကြီးအိမ်နိမ့်ပေးစာမှာ ပါတဲ့အတိုင်း ပထမသုံးပိုဒ် အဆုံးက 'ရှိန်' ကို နောက်ထပ် သုံးပိုဒ်ခြားပြီး 'ထိန်'၊ နောက်တစ်ခါ သုံးပိုဒ်မြောက်ကျမှ 'စိန်' ဆိုပြီး ပြန်ပြီး ဟပ်ယူပြီးစပ်သလို ကာရန်ယူတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မူလအပိုဒ်တွေမှာ ယူထားတဲ့ နဘေတွေဖြစ်တဲ့ 'အ၀န်းညီမျှ၊ ကျွန်းဒီပမှာ၊ ကွန်းချီမြ'၊ 'နနွင်းသာခဲ့၊ ပယင်းဝါမှဲ့'၊ 'နီဖလန်ဘိုး၊ ပြည်တန်မျိုး' ဆိုတဲ့ အစပ်တွေကို သတိပြုရပါမယ်။ ချန်ထားခဲ့လို့မရပါဘူး။ ကျနော့်သဘောကိုပြောရရင်တော့ ကဗျာစွယ်စုံကျမ်းကြီးထဲက နည်းဟာ ပိုပြီးသင့်တော်တယ်လို့ ထင်ပါတယ်။

(၃) ရွက်ချပ် စပ်နည်း

သစ်ရွက်နှစ်ရွက်ထပ်နေသလို အစပိုဒ်ရဲ့ကာရန်ကို အဆုံးသတ်မှာ ထပ်ပြီးစပ်ဆိုတာကို ရွက်ချပ်စပ်နည်း လို့ခေါ်ကြောင်း ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားပါတယ်။ ပုံစံပြထားတာကတော့ -

ယဉ်အထပ်ထပ်၊ ရိုင်းမစပ်သည်၊ ဟပ်ပြန်ကဖက်စာ၊
သကာနှင့်ပျား၊ သကြားမတန်၊ ချိုမောဟန်သည်၊ ဟပ်ပြန်ကဖက်စာနှင့်၊
လျှောက်ပါမည်ယခု၊ နတ်တူရိယာ၊ မက သာအောင်၊ လျှောက်ပါမည်ယခုရှင့်။
ရွှေအုမယ်နာယူ၊ အယဉ်မျိုးစု၊ ပြိုင်မတုသည်၊ ရွှေအုမယ်နာယူပ ...
စသဖြင့်ပါဘဲ။

ဒီလို 'ဟပ်ပြန်ကဖက်စာ'၊ 'လျှောက်ပါမည်ယခု'၊ 'ရွှေအုမယ်နာယူ' တို့ကို တခါစီ ထပ်ထပ်ပြီးစပ်ထားတာ ကို ရွက်ချပ်စပ်နည်းလို့ ခေါ်တယ်ဆိုပြီး ပြထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ 'သစ်ရွက်ချပ်တို့မည်သည် အများအားဖြင့် ထပ်၍ချပ်၍နေသကဲ့သို့ လုံးရေ နည်းရာ၌လည်းကောင်း၊ များရာ၌လည်းကောင်း ၂ပိုဒ်စီ၊ ၂ပိုဒ်စီ ထပ်ကာချပ်ကာ နဘေသွား ရေး စပ်ရလေသောကြောင့် ရွက်ချပ်စပ်နည်းဟု ခေါ်ဆိုရ၏' လို့ ဆိုထားပါတယ်။ ဥပမာအနေနဲ့ ...

သာကိယမဟေ၊ ပြာဋိဟအခြေဖြင့်၊
အသရေဆောင်မြင့်ကွန်းဝယ်၊ ပရမေပြောင်တင့်ရွှန်းလျက် ...

အထက်ပါပြယုဂ်မှာ 'သာကိယမဟေ' နဲ့ 'ပြာဋိဟအခြေ' ဆိုတဲ့နှစ်ပိုဒ်ဟာ တပိုဒ်ကိုတပိုဒ် ရွက်ချပ်နှစ်ခု ထပ်နေသလို နဘေစပ်ထားပါတယ်။ ဒါ့အပြင် နောက်နှစ်ပိုဒ်ကိုလည်း အလားတူဘဲ စပ်ထားပါတယ်။ ဒါတွင်မကဘူး ပထမနဘေနှစ်ပိုဒ်နဲ့ ဒုတိယနဘေနှစ်ပိုဒ်အကူးမှာလည်း ကုပ်ဆက်အနေနဲ့ 'အခြေ' နဲ့ 'အသရေ' ကို ကာရန် ညီနိုင်သမျှ ညီအောင် ယူခဲ့ရပါသေးတယ်။
ဒီနဘေယူနည်းကတော့ စာအုပ်နှစ်အုပ်မှာ နှစ်မျိုးဖြစ်ပြီး ၀ိဝါဒကွဲပြားနေပါတယ်။ ကျနော်ကတော့ ဘယ်ဟာမှန်တယ် ရယ်လို့ မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် ကဗျာစွယ်စုံကျမ်းကြီးထဲက နည်းက မှန်တယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပုပ္ပါးဦးကျော်ရင် အမည်ခံ ဦးကောဝိဓ (က၀ိဘာရတီဆရာ) ကလည်း ဒီနည်းကိုဘဲ ရွက်ချပ်စပ်နည်းလို့ ဖေါ်ပြထားလို့ပါဘဲ။

(၄) ကတ္တရာ စပ်နည်း

ကာရန်တူနှစ်ပိုဒ်စီထားပြီး စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ အောက်ကဥပမာကို ကြည့်ပါ။

တဘုန်းချစ်ဖွဲ့ မိတ်မဟာငယ် ၊
တလုံးလှစ်တဲ့ စိတြာ နှင့် ၊
ဆိတ်မကွာ ငွေယုန်နတ်ကယ်တို့၊
အတိတ်လာ ရွေစုံမတ်ပါတဲ့၊
လေသုန်ဟပ် ခွင်မိဿာကို ....
(ဘိုးဝဇီရ မှာတမ်း မှ)

ဒီအဖွဲ့မှာ 'တဘုန်းချစ်ဖွဲ့ မိတ်မဟာ၊ တလုံးလှစ်တဲ့ စိတြာ'၊ ဆိုပြီး နှစ်ပိုဒ်၊ 'ဆိတ်မကွာ ငွေယုန်နတ်၊ အတိတ်လာ ရွေစုံမတ်' ဆိုပြီး နှစ်ပိုဒ်၊ ဒီလို နှစ်ပိုဒ်စီ ကာရန်တူနဘေယူပြီးစပ်တဲ့နည်းကိုခေါ်ပါတယ်လို့ ကဗျာ စွယ်စုံကျမ်းကြီးထဲမှာ ပြထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ 'အနည်းဆုံးအားဖြင့် အက္ခရာ ၄လုံး၊ ၅လုံး ရှိသည့်အပိုဒ်တို့ကို ၂ပိုဒ်စီ ထားပြီး ပထမပိုဒ်အဆုံးနှင့် ဒုတိယပိုဒ်အစကို ခုပ်ကာကပ်ကာ ပြန်ကာလှန်ကာ ဟပ်၍ဆက်စပ်ရသော ကြောင့် ''ကတ္တရာ စပ်နည်း'' ဟု ခေါ်ရ၏' လို့ ဆိုထားပါတယ်။ ဥပမာအနေနဲ့ ...

အနန္တ ဇိန
အမိတ မှန်ကူ ၊
သယမ္ဘူ  အာဟိန်
သာကိန် သင်းကျစ် ...

အထက်ပါပြယုဂ်မှာ ပထမပိုဒ်အဆုံးက 'ဇိန'ကို ဒုတိယပိုဒ်အစက 'အမိတ'နဲ့ နှစ်လုံးစီ နဘေချင်းထပ်အောင် စပ်ထားပါတယ်။ တစ်ခါ 'မှန်ကူ' နဲ့ 'သယမ္ဘူ'၊ 'အာဟိန်' နဲ့ 'သာကိန်' ဆိုပြီးလဲ ရှေ့ပိုဒ်အဆုံးနဲ့ နောက်ပိုဒ်အစကို နဘေဆက်ထပ်ထားပါတယ်။ ဒါ့အပြင် အမရပူရခေတ် စာဆိုတော် ဦးစံသူ ရဲ့ မှတ်တမ်းမှာလည်း -

 ရေးမတန် ဆွေးဟန် ကြွေလို့ မူးချည်ငဲ့
  အေးမဘန် တွေးရန် တဖုံထူးလေငဲ့ ”

ဆိုပြီး စပ်ထားရာမှာ ' ရေးမတန် ဆွေးဟန်' လို့ နဘေခံခဲ့ပြီး 'အေးမဘန် တွေးရန်' လို့ နဘေကာရန်ဟပ် ပြန်စပ်ထားတာကိုတွေ့ရပါတယ်။ ဒါကိုလည်း ဆရာတို့က ကတ္တရာ စပ်နည်း လို့ ခေါ်ကြပြန်ကြောင်း ပြဆို ထားပါတယ်။
ဒီ စပ်နည်းကို လေးချိုး၊ ဒွေးချိုး၊ တေးထပ် စတဲ့ကဗျာတွေမှာ သုံးလေ့ရှိတယ်လို့ဆိုပါတယ်။
ဒီနည်းကတော့ စာအုပ်နှစ်အုပ်မှာ သိပ်ပြီး ကွဲပြားမှုမရှိလှပါဘူး။ ဒါပေမယ့် 'အနန္တ ဇိန၊ အမိတ မှန်ကူ၊' ဆိုတဲ့ စပ်နည်းကလည်း လှပတဲ့စပ်နည်းဖြစ်တဲ့အတွက် ဒီစပ်နည်းကိုလည်း မှတ်သားထားသင့်ပါတယ်။

(၅) ချိန်ခွင်ညှာ စပ်နည်း

ကာရန်နှစ်ခုကြားမှာ အပိုပိုဒ် တစ်ပိုဒ်အနေနဲ့ထည့်သွင်းစပ်ဆိုထားတာကို ချိန်ခွင်ညှာ စပ်နည်း လို့ခေါ် တယ် ရယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။ ဥပမာ -

'လေရူးသုန်သုန် မြူးငယ်ကာအုံ၊ မြူမှုန်တ၀ိုက် နှင်းတလိုက်ကယ်နှင့်၊ တိမ်တိုက်ကမှောင် (မာလာရင့်နှော၊ ပန်းစုံပေါပါတဲ့၊) တောသာခေါင်တဲ့မှ တောသာခေါင်'

ဆိုတဲ့ သိင်္ဂါသံကဗျာမှာ ကွင်းအတွင်းကအပိုဒ်ကို ချိန်ခွင်ညှာပမာ ထည့်သွင်းစပ်ဆိုထားတယ်လို့ ဆိုပါတယ်။
ဒီအစပ်တွေကို ရှာပုံတော်နဲ့ ညည်းချင်းတွေမှာ အများအပြားတွေ့နိုင်တယ်လို့လဲ ပြောထားပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ အစပ်၆ပါးထဲက ချိန်ခွင်လျှာစပ်နည်း နဲ့ အတူတူပဲလို့ ဖေါ်ပြထား ပါတယ်။ တပိုဒ်နဲ့တပိုဒ်ကို မူလကာရန်အနေအထားအတိုင်းထားပြီး အလယ်မှာ နဘေထပ်ပေးလိုက်တာ ဘဲ ကွာတယ်လို့ ဆိုပါတယ်။ ဥပမာပြထားတာကတော့ -

စုံနံ့သာမြိုင်၊
ရဂုံတွင်း
ထုံသင်းငယ်ကြိုင်

အထက်ပါရှာပုံတော်ကြီးပြယုဂ်မှာ ကာရန်အနေအထားတွေကို ချိန်ခွင်လျှာစပ်နည်းအတိုင်းဖြစ်ပြီး ဒုတိယပိုဒ် အဆုံးက 'ဂုံတွင်း'ကို တတိယပိုဒ်အစက 'ထုံသင်း'နဲ့ နဘေချင်းထပ်ပေးလိုက်တာသာ ဖြစ်တယ် လို့ ဆိုထားပါတယ်။
ဒီနည်းကတော့ စာအုပ်နှစ်အုပ်မှာ နှစ်မျိုးဖြစ်နေတဲ့အတွက် ၀ိဝါဒကွဲပြားနေပြန်ပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကို ဖေါ်ပြပေးလိုက်ပါတယ်။ တတ်ကျွမ်းနားလည်သူများ ရှိရင် အကြံပြုဝေဖန်ဆွေးနွေးပေးကြ စေလိုပါတယ်။

(၆) ခြင်္သေ့လည်ပြန် စပ်နည်း

လေးငါးပိုဒ်လောက်စီ စပ်ဆိုသွားပြီးမှ မူလကာရန်ကို ပြန်ငဲ့တဲ့ စပ်နည်းမျိုးဖြစ်ပါတယ်။ ခြင်္သေ့မင်းဟာ လေးငါးလှမ်း လှမ်းပြီးရင် နောက်ကိုလည်ပြန်ကြည့်တတ်သလိုမျိုးနဲ့ တူလို့ ဒီနာမည်ပေးထားတာလို့ ဆိုပါတယ်။ ဒီစပ်နည်းက သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲဖြစ်ပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ကဗျာစွယ်စုံကျမ်းကြီးထဲမှာတော့ -

ဉာဏ ဉာဏ၊ ၀ိလာသသည်၊ ဉာဏစိန္တေယျာ၊
ပင်လယ်သာဂရ၊ အာကာသသည်၊ နန္တစက္က၀ါနှင့်။
မဟာဝိသယ၊ ကြွင်းမဲ့လုံးစုံ၊ ဉာဏ်တော်ခြုံသည်၊ အာရုံရှိသမျှတည်း။

ဆိုပြီး 'စိန္တေယျာ' ဆိုတဲ့အပိုဒ်က 'ယျာ' ကာရန်ကို ပင်လယ်သာဂရ၊ အာကာသသည် လို့ နှစ်ပိုဒ်ကျော်ပြီး မှ 'နန္တစက္က၀ါ' လို့ '၀ါ' ကာရန်နဲ့ပြန်ငဲ့လိုက်ပါတယ်။ သျှိုးလိုက်ရတုစပ်နည်း လို့လဲခေါ်ပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာကတော့ -

ရွှေကြာကမုဒ်
နှင်းမှုံရနံ့
ညှင်းလှုံသန့်လျက်၊
သင်းထုံပျံ့ ရွှေ နှုတ်မှ ....
ဆိုပြီး 'မုဒ်' ဆိုတဲ့ မူလကာရန်ကို နောက်ထပ် သုံးပိုဒ်ရောက်မှ 'နှုတ်' ဆိုတဲ့ အစပ်ကာရန်နဲ့ လည်ပြန် ပြန်လှည့်ကြည့်တဲ့ပုံစံမျိုးကာရန်တူစပ်ဆိုထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အတွင်းကာရန်တွေလည်း အချင်းချင်းညီရသေးတဲ့အပြင် 'နှင်းမှုံရနံ့ - ညှင်းလှုံသန့် - သင်းထုံပျံ့' ဆိုပြီးလဲ နဘေထပ်ခဲ့ရသေး ကြောင်း သတိပြုရပါမယ် လို့ဆိုပါတယ်။
ဒီနဘေစပ်နည်းမှာတော့ ကဗျာဖွဲ့နည်းနိသျည်းထဲမှာ ရေးထားတာက ပိုပြီး ကြောင်းကျိုးညီညွတ်ဆီလျော် တယ်လို့ ယူဆ ပါတယ်။

(၇) တေ့ဆက် စပ်နည်း

ရှေ့နောက် အပိုဒ်နှစ်ခုမှာရှိတဲ့ကာရန်တွေကို ထိပ်ချင်းဆက်ဦးတိုက်ပြီး စပ်တဲ့နည်းဖြစ်ပါတယ်။ အစပ် (၆)ပါး ထဲက ဦးတိုက်စပ်နည်းနဲ့အတူတူပါဘဲ။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပြီး ဥပမာ တမျိုးစီပြထားပါတယ်။

ကရုဏာဒေါ သော ၊ စောမိသည့်စိတ်၊ မဆိတ်မညံ၊ ပရိယာယ်နှင့်၊ သည်နှယ်ဖြင့်ကြံကလဲ၊ တရံတခါ၊ အာသာဆန္ဒ၊ ငွေဖလားကို၊ စိတ်ယားတိုင်းတောင့်တ၍၊ မိဿ-ပြိဿ၊ မကာရ-သိန် ၊ မိန်-ကရကဋ်၊ ရုပ်ဓါတ်နိမိတ် ၊ ဆိတ် နှင့်နွားလား၊ သား နှင့်ကိန္နရီ ....

ဒီ ပုံစံမှာ 'ကရုဏာဒေါသော၊ စောမိသည့်စိတ်' ဆိုတဲ့နေရာမှာ သော နဲ့စော၊ 'မကာရ-သိန်၊ မိန်-ကရကဋ်' မှာ သိန် နဲ့ မိန်၊'ဆိတ်နှင့်နွားလား၊ သားနှင့်ကိန္နရီ' မှာ လား နဲ့ သား၊ အစရှိသဖြင့် ဦးတိုက် ဆက်စပ် ထားပါတယ်။ 
ရွှင်ရွှင်ပျပျ၊ ကကသီသီ၊
ချီချီကြူးကြူး၊ ထူးထူးဆန်းဆန်း ...

ဆိုတဲ့ နေမိဘုံခန်းပျို့ မှာတော့ ဦးတိုက်စပ်နည်းအတိုင်းစပ်ပြီး ပျပျ နဲ့ ကက၊ သီသီနဲ့ချီချီ၊ ကြူးကြူး နဲ့ ထူးထူး ကို နှစ်လုံးစီ လုံးတူနဘေထပ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဥတိန္နပျို့မှာ -

တိုင်းအတည်တည်၊ ပြည်အစို့စို့၊ မြို့အခန်းခန်း၊ နန်းအသီးသီး၊ ထီးအဆူဆူ.. ဆိုတာလဲ တေ့ဆက်ပါဘဲ။

(၈) နဘေပြန်ကဟပ် စပ်နည်း

နဘေစပ်နည်းအတိုင်း အပိုဒ်တူတွေကို သုံးလေးပိုဒ် စပ်ဆိုပြီး တစ်ခါလိုရာကာရန်တွေပြောင်းပြီး ထပ်တူ ဟပ်လို့ စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပြီး ဥပမာ တမျိုးစီပြထားပါတယ်။ ဘိုးဝဇီရ မှာတမ်းတခုမှာ -

သမိုက်ခြားကာ ၊ တိုက်ငါးရွာက၊
ကိုဋ်ဖျားညှာ မှုန်ရွှေဝတ်ကိုတော့၊
ကုန်ခြွှေဆွတ် လှမ်းမလွယ် သောကြောင့်၊
ပမ်းမပယ် ဆွေးပုံဆင့်တာမို့၊
အေးကြုံနှင့် ဖန်စေချင်တဲ့၊
ဟန်ငွေသွင် လွှာအနုငယ် နှင့်
စာ ယခု သ လိုက်ရပါတော့မယ် ...
ဒီနည်းကို ပိဋကတ်သွား၊ စာခုတ်သွား၊ ခုတ်လုံးသွား ဆိုပြီးတော့လဲ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ပြထား ပါတယ်။
ဒီနဘေစပ်နည်းမျိုးတွေဟာ စာဆိုအကျော် ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ တို့ရဲ့ လက်ထက်တော်မှာ မပေါ်ပေါက်သေးဘဲ အမရပူရမြို့ ဘကြီးတော်မင်းတရား လက်ထက်တော် ကျမှသာ ပေါ်ပေါက်လာခဲ့ ကြောင်း ဆရာတို့ ဆိုထားပါတယ်။

ကဗျာတပုဒ်မှာ နဘေပါတာနဲ့ မပါတာ အရသာဘယ်လိုကွာသလဲဆိုတာ အောက်က ကဗျာနှစ်ပိုဒ်ကိုသာ ယှဉ်ကြည့်ကြပါ။
(၁)
ရင်ကမူ၊ စိတ်တူညီမျှလို့၊ အောင် ပ ကု လား။ ။
ခုမှကို၊ အသစ်တဖန်ပိုလို့၊ ဦး ညို ခေ မာ ဖြစ်အောင်၊ ဘုန်းပစ်လို့သွား။ ။

(၂)
ရေဓါတ်ကယ်ကြည်၊ ခွေပတ်လည် ဟိုအငူက၊ နှစ်ဆူဘုရား။ ။
ရီကာရယ်မှောင်၊ နီလာရောင် ညိုအရွက်တွေနှင့်၊ စိုယှက်ကာ ပင်ခြေအုပ်မှာကွယ်၊ ထင်းခုတ်သမား။ ။

အထက်ပါကဗျာနှစ်ပုဒ်လုံးဟာ ဒွေးချိုးတွေချည်းဖြစ်ပြီး စည်းမျဉ်းဥပဒေနှင့်လည်း ညီတဲ့အပြင် အဓိပ္ပါယ် လည်း ကောင်းတာချည်းပါဘဲ။ ဒါပေမယ့် အသံထွက် ရွတ်ကြည့်လိုက်ရင်တော့ ဒုတိယအပုဒ်က ပိုရွတ် လို့ ကောင်းတာတွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နဘေကြောင့်ပါဘဲ။ ပထမအပုဒ်မှာ နဘေ လုံးဝမပါဘဲ ဒုတိယအပုဒ်က နဘေထပ်ထားတာ တွေ့ရပါလိမ့်မယ်။
ဒါလောက်ဆိုရင် မြန်မာကဗျာမှာ နဘေရဲ့ အရေးပါပုံကို မြင်သာလောက်ပါပြီ။
အခြေခံအချက်တွေထဲက ကျန်နေသေးတဲ့ 'ကြိယာ' အကြောင်းနဲ့ တခြားဆက်စပ်တဲ့ အကြောင်းလေးတွေကို ဆက်ပါဦးမယ်။



- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၃)

အစပ်၊ အဟပ် 

အနီးအနားမှာရှိတဲ့ ပုဒ်ခြင်း၊ အသံခြင်း တွဲယူတာကို အစပ် လို့ ခေါ်ပြီး အဝေးမှာရှိတဲ့ ပုဒ်ချင်း၊ အသံချင်း စပ်အောင် 'ဟပ်' ယူရတာကို အဟပ် လို့ခေါ်ပါတယ်။ ကာရန်စပ်နည်း အစပ် (၆) ပါး ရှိပါတယ်။ အဲဒါတွေကတော့ 

(၁) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း 
(၂) ထိပ်ချင်းထပ် စပ်နည်း 
(၃) ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း 
(၄) ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း 
(၅) ဘီလူးရယ် စပ်နည်း 
(၆) ချိန်ခွင်လျှာ စပ်နည်း တို့ဖြစ်ပါတယ်။ 

သတ်စေ့နှက် သုံးချက်ညီ စပ်နည်း 

အသုံးအများဆုံးနဲ့ အဓိက အသုံးစွဲဆုံးစပ်နည်းဖြစ်ပါတယ်။ ဒီစပ်နည်းကို လေး-သုံး-နှစ် လို့လဲ အတို ခေါ်ကြပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက်၊ ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်နဲ့ တတိယပိုဒ်ရဲ့ နှစ်လုံးမြောက်စာလုံးတွေဟာ ကာရန်ညီရပါမယ်။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတုထဲက ထုတ်နှုတ်ပြထားတဲ့ အောက် အပိုဒ်မှာကြည့်ပါ။ 

မဲဇာတောင် ခြေ - - - + 
စီးထွေထွေတည်း - - + -
မြစ်ရေ၀န်းလည် - + - x 
မြိုင်တောစည်က - - x -
ရွှေပြည်ကိုသာ - x - - 

ဒီလို စို့နှက် သတ်ပင်း သလို သုံးပိုဒ်လုံး ကာရန်တူအောင်စပ်ထားတဲ့အတွက် ဒီစပ်နည်းကို (၁) သတ်စေ့နှက် စပ်နည်း၊ (၂) သုံးချက်ညီ စပ်နည်း (၃) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း၊ (၄) သုံးချက်ညီ နဘေစပ်နည်း (၅) မန်ကျည်းရွက်ထပ် စပ်နည်း ဆိုပြီး ခေါ်ကြပါတယ်။ ဒီနည်းကို လေးလုံးစပ်ဖြစ်တဲ့ လင်္ကာ၊ ရတု၊ ပျို့၊ ဧချင်း၊ သံပိုင်း၊ သမိုင်း စတာတွေမှာ စပ်ကြပါတယ်။ ဒါကတော့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်မှာပါတဲ့အတိုင်းရေးထားတာပါ။ ကဗျာစွယ်စုံကျမ်း ထဲမှာတော့ ဒီစပ်နည်းကို ပထမစပ်နည်းလို့ ခေါ်ပါတယ်။ ပထမစပ်နည်းမှာ နှစ်နည်းထပ်ခွဲထားပါတယ်။ အခုပြခဲ့တဲ့နည်းကို 'သုံးချက်ညီစပ်နည်း'၊ 'လွှာချင်းသံသုံးချက်ညီ စပ်နည်း' လို့ ရှေးပညာရှိတို့ ခေါ်ဝေါ်ခဲ့ကြောင်း ရေးထားပါတယ်။ ဒါ့အပြင် နောက်တနည်းအနေနဲ့ ပထမ၊ ဒုတိယနဲ့ တတိယ သုံးပိုဒ်လုံးကို နှစ်လုံးစီ နဘေပြန်ထပ်တဲ့နည်း ကိုပြထားပါတယ်။ အောက်ကပုံစံကိုကြည့်ပါ။ 

ချုံး ရိုက် ချုံး ရိုက် - - x + 
ဘုန်းမကိုက်ဟု x - + - 
သုံးတိုက်သျှောင်ဆင့် x + - - 

အကြွင်းထားပေ - - x + 
စကားနေသော် - x + - 
ကြားလေသသူ x + - - 

ကျင့်ဟောင်းရှေးတု - - x + 
အလေးပြုမှ - x + -
အေးသုကာရီ x + - - 

ဒါလောက်ဆိုရင် မြင်သာပြီလို့ထင်ပါတယ်။ ဒီနည်းကိုမှ 'မကျည်းရွက်ထပ် စပ်နည်း'၊ 'သုံးချက်ညီနဘေ စပ်နည်း'၊ 'သတ်စေ့နှက်သုံးချက်ညီ စပ်နည်း' ရယ်လို့ခေါ်တယ်လို့ ကဗျာစွယ်စုံကျမ်းက ဆိုပါတယ်။ ဒီ စပ်နည်းမှာ 'x' တွေဟာ တပိုဒ်နဲ့တပိုဒ် လင်္ကာသွား အကူးအပြောင်းအထူးပြေပြစ်စေရန် ကာရန်ယူအပ်တဲ့ ''၀မ်းတွင်းကာရန်'' အက္ခရာတွေလို့ မှတ်ယူ ရပါမယ်။ '+' တွေကိုသာ တပိုဒ်နဲ့တပိုဒ် အစပ်အသံ မှန်ကန် ညီညွတ်အောင် လိုရင်းအနေနဲ့ ကာရန်ယူရမယ့် ''ပဓါနကာရန်'' အက္ခရာတွေလို့ မှတ်ယူရပါမယ်။ ဥပမာဆိုရင် (ရှေးတု၊ လေးပြု၊ အေးသု) ဆိုတဲ့နေရာမှာ ပဓါနကာရန်က တု၊ ပြု၊ သု ဖြစ်ပါတယ်။ ဒီတော့ ပဓါနကာရန်ကတော့ လေး-သုံး-နှစ် ပဲဖြစ်ပါတယ်။ (ရှေး-လေး-အေး) ဆိုတာက ၀မ်းတွင်းကာရန်ဖြစ်ပါတယ်။ ၀မ်းတွင်းကာရန်က ယူရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မယူမဖြစ်ယူရမယ်ရယ်လို့ စည်းမျဉ်းဥပဒေသ မရှိပါဘူး။ ပဓါနကာရန်ကိုသာ မှန်ကန်အောင် ယူရမှာ ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပထမဆုံးပြခဲ့တဲ့ လေး-သုံး-နှစ် စပ်နည်းဟာ လုံးဝအမှားအယွင်းကင်း တဲ့အတွက် စိတ်ချ ယုံကြည်စွာစပ်နိုင်ပါတယ်။ ဒုတိယနည်းကတော့ ပိုလှပါတယ်။ တတ်နိုင်လို့ စပ်မယ်ဆိုရင်တော့ အကောင်းဆုံး ပါဘဲ။ 

ထိပ်ချင်းထပ် စပ်နည်း 

ဒီစပ်နည်းကို လေး-သုံး-တစ် လို့လဲ အတို ခေါ်ကြပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက်၊ ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်နဲ့ တတိယပိုဒ်ရဲ့ ပထမ စာလုံးတွေဟာ ကာရန်ညီရပါမယ်။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီစပ်နည်းမှာ တတိယအပိုဒ်ရဲ့ ပထမ အက္ခရာ ကို ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်အက္ခရာနဲ့ ကာရန်ကိုက်အောင် ထိပ်ချင်းထပ်ပြီး စပ်ဟပ်ရပါတယ်။ ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။ 

ပင်လယ်ခြားရာ - - - + 
ခရီးကွာသို့ - - + - 
မှာလည်းမကြား + - - - 

ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ ဒုတိယစပ်နည်းဆိုပြီး ပြထားပါတယ်။ 

ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း 

ဒီစပ်နည်းကို လေး-တစ် လို့လဲ အတို မှတ်လို့ရပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက် အဆုံးစာလုံးနဲ့ ဒုတိယပိုဒ်ရဲ့ ပထမ အစ စာလုံးတွေကို ကာရန်ညီအောင် ဦးခေါင်းချင်းထိပ်တိုက် စပ်တဲ့အတွက်ကြောင့် ဦးတိုက်စပ်နည်း လို့ ခေါ်ပါတယ်။ ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။ 

မှာလည်းမကြား - - - + 
သွားလည်းမသင့် + - - - 
လက်ဝဲသုန္ဒရ ရဲ့ အထက်ပါရတုပိုဒ်က စပ်ပုံမျိုးကို ရှေးဆရာတွေက ထိပ်ချင်းခတ်၊ ထိပ်ချင်းတိုက် လို့လဲ ခေါ်ခဲ့ကြပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ စတုတ္ထ စပ်နည်းဆိုပြီး ပြထားပါတယ်။ 

ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း 

ဒီစပ်နည်းကို လေး-နှစ် လို့လဲ အတို မှတ်လို့ရပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက် အဆုံးစာလုံးနဲ့ ဒုတိယပိုဒ်ရဲ့ ဒုတိယ စာလုံးတွေကို ကာရန်ညီအောင် ထိပ်ချင်းချွတ်လွှဲပြီး စပ်တဲ့အတွက်ကြောင့် ထိပ်ချင်းချွတ်စပ်နည်း လို့ ခေါ်ပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။ 

သည်သို့စေတီ - - - + 
သည်ဆီရွှေနန်း - + - - 

ကိုးခန်းပျို့ ခေါ် စတုဓမ္မသာရပျို့မှာ 'အဖန်ဖန်လျှင်၊ တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊ တတွယ်တာတာ၊ တဟာလှိုက်လှိုက်၊ တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တ၀မ်းလျားလျား၊ ...' ဆိုပြီး ဒီနည်းအတိုင်းစပ်ထားပါတယ်။ ရှေးဆရာတွေက ဒီစပ်နည်း ကို ရထားပြေးစပ်နည်း၊ ရှင်မဟာရဋ္ဌသာရ စပ်နည်း ဆိုပြီးလည်း ခေါ်ခဲ့ကြပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ တတိယစပ်နည်း ဆိုပြီး ပြထားပါတယ်။ 

ဘီလူးရယ် စပ်နည်း 

ဒီစပ်နည်းက နည်းနည်းဆန်းပါတယ်။ လေး-သုံး-နှစ် ကိုအခြေခံထားပြီး ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ကို လေး-သုံး ကာရန်ယူထားပါတယ်။ တစ်ခါ အဲဒီဒုတိယပိုဒ် ရဲ့ လေးလုံးမြောက် ကို တတိယအပိုဒ်ရဲ့ တစ် (သို့) နှစ် (သို့) သုံး လုံးမြောက်စာလုံးနဲ့ ကာရန်ပြန်ယူပါတယ်။ ဒီတော့ ဒီစပ်နည်းနဲ့ ရေးရင် အတို ကောက်အနေနဲ့ လေး-သုံးလေး-တစ်၊ လေး-သုံးလေး-နှစ်၊ လေး-သုံးလေး-သုံး ဆိုပြီး ပုံစံ သုံးမျိုးနဲ့ ရေးလို့ရပါတယ်။ ဥမ္မာဒန္တီ ပျို့ ကနေထုတ်နှုတ်ပြထားတဲ့ အောက်က ပုံစံတွေမှာကြည့်ပါ။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတုထဲက ထုတ်နှုတ်ပြထားတဲ့ အောက် အပိုဒ်မှာကြည့်ပါ။ 

မည်သာတွင်ညီ - - - + (လေး) 
ဘရဏီက - - + x (သုံး လေး) 
စ၍နှိုင်းချိန် x - - - (တစ်) 

အညောင်းခံငြား - - - + (လေး) 
ခရီးသွားလျှင် - - + x (သုံး လေး) 
သစ်ပင်ထက်ဝှန် - x - - (နှစ်) 

ကိုယ်နှင့်တော်စွာ - - - + (လေး) 
မယ် ဥမ္မာ ၌ - - + x (သုံး လေး) 
မယ်နှင့်လိုက်အောင် - - x - (သုံး) 

ဒီ စပ်နည်းက ပုံမှန်ကာရန်စပ်နည်းတွေလိုမဟုတ်ဘဲ ဒုတိယပိုဒ်ရောက်တာနဲ့ အဲဒီအပိုဒ်ကနေ စာလုံး အသစ်တစ်လုံးကို ကာရန်အသစ်ပြန်စယူ တာမို့ မူလကာရန်စပ်နည်းတွေကို ၀င်နှောက်ယှက်ပြီး စပ်ဘက် တဲ့အတွက် ဘီလူးရယ်သံလို အနှောက်အယှက်ပေးတတ်တဲ့ ပုံစံ ဖြစ်နေလို့ ဘီလူးရယ် လို့ခေါ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီစပ်နည်းဟာ ကိုယ်ပိုင်သီးသန့်ရပ်တည် နေတာ မဟုတ်ဘဲ တခြားစပ်နည်းတစ်ခုခု (အပေါ်ပုံစံ တွေမှာဆိုရင် သတ်စေ့နှက်သုံးချက်ညီ) ကို မှီတွယ်ပြီးမှ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်း ထဲမှာ ပဉ္စမ စပ်နည်းဆိုပြီး ပြထားပါတယ်။ တစ်ခါ သာဓိနပျို့လာ ပုံစံမှာတော့ ထိပ်ချင်းချွတ်စပ်နည်းကို မှီခိုပြီး ပုံစံသစ်တမျိုးထွင်ပြီးစပ်တာကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

ရေပြွန်လျှမ်းလျှမ်း - - - + (လေး)
ရေချမ်းစဉ်လျက် - + x - (နှစ် သုံး)
ဘောဇဉ်မွှေးကြူ - x - - (နှစ်) 

ဒီပုံစံမှာတော့ လေး-နှစ်သုံး-နှစ် ဆိုပြီး ကာရန်ယူထားတာ တွေ့ရမှာပါ။ ဒီနည်းကိုတော့ ကဗျာစွယ်စုံကျမ်းထဲမှာ ဆဋ္ဌမ စပ်နည်းဆိုပြီး ပြထားပါတယ်။ 

ချိန်ခွင်လျှာ စပ်နည်း 

ဒီစပ်နည်းကတော့ မေတ္တာစာ၊ ရကန် စတဲ့ကဗျာမျိုးတွေမှာသာ စပ်ထားတာကို တွေ့ရပါမယ်။ ဒီကဗျာမျိုး တွေအတွက် အဓိကသုံးတဲ့နည်းပါ။ ကာရန်အနေအထားကလဲ ခွပြီးယူထားတော့ နည်းနည်း ဆန်းနေပါတယ်။ စပ်တဲ့နေရာမှာ ပထမပိုဒ်နဲ့ တတိယပိုဒ်ကို ကာရန်ယူထားပါတယ်။ အလယ်က ဒုတိယပိုဒ်ကိုတော့ ပထမပိုဒ်နဲ့ တတိယပိုဒ်ရဲ့ ကာရန်တွေနဲ့ လုံးဝမတူတဲ့ ကာရန်သစ်တစ်ခုနဲ့ အလယ်ဗဟိုမှာ ချိန်ခွင်လျှာလို ထီးထီးမတ်မတ်ရပ်တည်နေစေအောင် စပ်ဆိုထားလို့ ချိန်ခွင်လျှာစပ်နည်း လို့ ခေါ်တယ်ရယ်လို့ ကဗျာဖွဲ့နည်း နိသျည်းထဲမှာ ပြထားပါတယ်။ အောက်ကပုံစံတွေကို ကြည့်ပါ။
လျှောက်မည်စုံအင် - - - + (လေး) 
စစ်ပင်ကိုင်းကြောင့် -(+) *- (နှစ် သုံး) 
စစ်ကိုင်းတွင်မည် - * + - သုံး 

အပေါ်က သခင်ကြီးရဲ့ ဧးချင်းသံပေါက်မှာ ပထမပိုဒ်ရဲ့ လေးလုံးမြောက် 'အင်' ကာရန်ကို တတိယအပိုဒ်ရဲ့ သုံးလုံးမြောက် 'တွင်' ကာရန်နဲ့ တပိုဒ်ကျော် လေး-သုံး ယူထားပါတယ်။ ဒီနေရာမှာဒုတိယပိုဒ်ရဲ့ နှစ်လုံး မြောက် 'ပင်' ကာရန်ဟာ တိုက်ဆိုင်မှုလို့သာဆိုရပါမယ်။ ကာရန်တူရန်မလိုအပ်ဘူးလို့ နားလည်ပါတယ်။ ဒါပေမယ့် ဒုတိယပိုဒ်နဲ့ တတိယပိုဒ်ကိုတော့ ဒုတိယပိုဒ်က 'ကိုင်း' ကာရန်ကို ငဲ့ပြီး တတိယ ပိုဒ်မှာ 'ကိုင်း' ကာရန်တစ်လုံး အနည်းငယ်ပြန်ငဲ့ထားပြီး ကာရန်အသစ်ယူထားတာပါ။ နောက်ပုံစံတစ်ခု ကို ထပ်ကြည့်ပါ။ 

စုံနံ့သာမြိုင် - - - + (လေး) 
ရဂုံတွင်း - * * - (နှစ်သုံး) 
ထုံသင်းငယ်ကြိုင် * * - + (တစ်နှစ်)လေး 

ဒီစာမှာတော့ မြိုင်-ကြိုင် ကို ကာရန်တူထားပြီး 'ရဂုံတွင်း' ကို ကာရန်ငဲ့တဲ့ 'ထုံသင်း' ဆိုပြီး သီးခြား ကာရန်သစ်တစ်ခု ပြန်ယူထားပါတယ်။ ဒါကြောင့်ဒီစပ်နည်းမှာ အလယ်ပိုဒ်ရဲ့ကာရန်ဟာ ချိန်ခွင်လျှာလိုတည်ရှိပြီး သူနဲ့ စပ်ဘက်ရမယ့် သီးခြား ကာရန် မရှိတဲ့အတွက် ကာရန်ဦးပြည်း (ကာရန်ကတုံး)၊ ကာရန်အထီးကျန်လို့ ခေါ်ပါတယ်တဲ့။ 
ဒီနည်းကိုတော့ ကဗျာစွယ်စုံကျမ်းထဲမှာပါတဲ့အတိုင်းဖေါ်ပြရရင် - 'ချိန်ခွင်လျှာစပ်နည်းဆိုသည်မှာ ချိန်ခွင်လျှာသည် အလယ်ဗဟိုတွင် တည့်တည့်မတ်မတ် နေသကဲ့သို့ ကာရန်သုံးပိုဒ်တို့တွင် အလယ်ချက်ဖြစ်သောကာရန်သည် ရှေ့နောက်ဝဲယာ မလိုက်ပါဘဲ စပ်ထားသောနည်းမျိုးဖြစ်သည်' လို့ ဆိုထားပါတယ်။ ဆက်ပြီးပြထားတဲ့ ဥပမာကတော့ ... ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် 

မည်လျှင်မတိမ်၊ ကုက္ကိုထိန်ဟု၊ ချုပ်ငြိမ်သာယာ .... လို့စပ်ဆိုရာမှာ (တိမ်) (ထိန်) (ငြိမ်) ကာရန်သုံးပိုဒ် မှာ ပညတ်သံဖြစ်တဲ့ (န်)ဟာ ပရမတ်သံဖြစ်တဲ့ (မ်) နှစ်ချက်ဖက်ကို မလိုက်ပါဘဲ အလယ်တည့်တည့်မှာ စပ်ဆိုထားတဲ့အတွက် ချိန်ခွင်လျှာစပ်နည်းမည်တယ် လို့ပြထားပါတယ်။ ဒါပေမယ့် ဒီနည်းမျိုးဟာ ကဗျာ ပညာဂုဏ်နဲ့အလွန်ပြည့်စုံပြီးဖြစ်တဲ့စာရေးဆရာကြီးတွေ ရေးစပ်ရာမှာ ထေးဖါရန် စပ်နည်းမျှသာ ဖြစ်လို့ သာမာန်ကဗျာဆရာများ မရေးအပ်လို့လဲ ဆိုထားပါတယ်။ ဒါ့အပြင် ပထမ ကနေ ဆဋ္ဌမ စပ်နည်းအထိ စပ်နည်း (၆)မျိုးထဲမှာမပါဘဲ ရှေးပညာရှိအဆက်ဆက်တို့ ပယ်ဖျက်သုတ်သင်ခဲ့ကြပြီးဖြစ်တဲ့ အစပ် (၆)ပါး ထဲမှာသာ ပါဝင်နေတာမို့ ဒီစပ်နည်းကို ရှောင်ကြဉ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။ အတိုချုပ်မှတ်ရ လွယ်အောင် ဇယားနဲ့ဖေါ်ပြလိုက်ပါတယ်။ 



အခုဖေါ်ပြခဲ့တဲ့ စပ်နည်း(၆)ပါးကို လေးလုံးစပ်ကဗျာလင်္ကာတွေထဲမှာ တနည်းထဲဖြစ်ဖြစ်၊ နှစ်နည်း၊ သုံးနည်း မက သင့်တော်သလို ရောနှောပြီးဖြစ်ဖြစ် စပ်နိုင်ပါတယ်။ ဘယ်နှစ်နည်းနဲ့ စပ်ရမယ်လို့ ဥပဒေသ အကန့်အသတ် မရှိပါဘူး။ ဒါပေမယ့် သတ်စေ့နှက် သုံးချက်ညီ စပ်နည်း ကို အကောင်းဆုံးလို့သတ်မှတ်ပြီး ကျန်နည်းတွေကိုတော့ မတတ်သာမှ ဖြစ်စေ၊ ကာရန်အထူးစပ်ချင်တဲ့အခါမှသာဖြစ်စေ သုံးသင့်တယ်လို့ ဆိုပါတယ်။ ချိန်ခွင်လျှာ စပ်နည်းကတော့ လုံးဝ မသုံးသင့်ပါ။ ပုံမှန် ကာရန်ယူပုံ အစပ်ခြောက်ပါးအကြောင်းပြီးတော့ မြန်မာကဗျာမှာ အရေးကြီးလှသလို၊ အရှိန်အ၀ါ လည်းကြီးလှပြီး ကဗျာကို တောက်ပြောင်စေတဲ့ 'နဘေ' စပ်နည်းအကြောင်း ဆက်လက် ဖေါ်ပြပါမယ်။ ဆက်ပါဦးမယ်


- ဟယ်ရီလွင်