ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ
Showing posts with label မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား. Show all posts
Showing posts with label မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား. Show all posts

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၉)

(၅) အက္ခရာလုံးရေ အားဖြင့်

ရတုရဲ့ အပိုဒ်ပေါင်းများစွာ ရှိတဲ့အနက် အချပိုဒ်ကလွဲလို့ ကျန်အပိုဒ်ငယ်တိုင်းမှာ (ထောင့်တဲတွန့်ရတုမျိုးက
လွဲလို့) အက္ခရာ ၄-လုံးစီ ‎အတိအကျ ထားရှိစေရမယ်လို့ ဆိုထားပါတယ်။ လေးလုံးစပ် လင်္ကာအတိုင်းပါပဲ။
မပေါ်လွင်တဲ့ အသံရှိတဲ့ အက္ခရာဆိုရင်တော့ ၅-လုံး ‎၆-လုံးလည်း ထားနိုင်ပါတယ်။ ရေတွက်တဲ့အခါမှာ
အဲဒီလိုအက္ခရာ ၂-လုံးကို ၁-လုံး၊ ၃-လုံးကို ၁-လုံး ‎အနေနဲ့ ရေတွက်ရပါတယ်။ ချွင်းချက်အနေနဲ့ အချီပိုဒ်
မှာ ၃-လုံးချီ၊ ၅-လုံးချီ၊ ၇-လုံးချီတာတွေ ရှိကြောင်း အထက်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်တွေ့
ရခဲသလို ကဗျာအရာ တဖက်ကမ်းခတ်တဲ့ ပညာရှင်များသာ စပ်ဆိုကြတာမို့ ရတုကို စရေးရင်တော့ ၄-လုံး
နဲ့ပဲ ချီတာ အကောင်းဆုံးလို့ အကြံပြုချင်ပါတယ်။ အချပိုဒ်တိုင်းမှာတော့ အက္ခရာ ၇-လုံး၊ ၈-လုံး၊ ၉-လုံး၊
၁၁-လုံး၊ ၁၅-လုံး၊ ၁၉-လုံး၊ ၂၅-လုံး၊ ၃၅-လုံး တခုခုသာ ‎ထားရပါမယ်။ ဒီ့ထက်ပိုလို့ လျော့လို့ မထားသင့်ပါ
ဘူး။ ဒီ ချနည်းတွေအကြောင်းကို “(၄) အချီအချအားဖြင့်” အခန်းငယ်မှာ အသေးစိတ် ဖော်ပြပြီး ဖြစ်ပါ
တယ်။

(၆) အစပ်ကာရန်အားဖြင့်

အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ အစပ်ကာရန်အနေနဲ့ဆိုရင် အစပ် ၆-ပါး ရှိတဲ့အနက် (‘၄-၃-၂’
လို့ခေါ်တဲ့) သတ်စေ့နှက်သုံးချက်ညီ စပ်နည်းနဲ့ စပ်တာဟာ ‎အကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။
ဒါပေမဲ့ ဦးတိုက်၊ ထိပ်ချင်းထပ် စတဲ့ တခြား လင်္ကာစပ်နည်းတွေနဲ့လည်း စပ်နိုင်ပါတယ်။ မြန်မာကဗျာ
ဆိုတာ ဂျို(ချို)နဲ့လား (၃) - အစပ်၊ အဟပ်  မှာ အစပ် (၆)ပါးအကြောင်းကို အသေးစိတ် ပြန်ကြည့်နိုင်
ပါတယ်။ ရတုမှာ ကာရန်လွတ်လို့ လုံးဝ (လုံးဝ) မရပါဘူး။ ဘာတွေ ဘယ်လိုပဲ မိုးပျံအောင်ရေးထားရေး
ထား ကာရန်ကိုက်အောင် မစပ်နိုင်ရင် ရတုရဲ့ အင်္ဂါပျက်ပါတယ်။ ရတုလို့ ခေါ်လို့ကို မရဘူး ဆိုတာ
သတိပြုကြစေလိုပါတယ်။

(၇) လေပြင်းလေလျော့ (ဂရု၊ လဟု) အားဖြင့်

ပျို့၊ ကဗျာ၊ လင်္ကာ၊ သီချင်း တွေကို ရေးစပ်သီကုံးတဲ့နေရာမှာဖြစ်ဖြစ် ရွတ်ဖတ်သီဆိုတဲ့နေရာမှာဖြစ်ဖြစ်
၊ လေပြင်း လေလျော့ (အသံ) ဟာ ‎အလွန်အရေးကြီးတဲ့ အဓိက အချက်ကြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါဟာ ကဗျာတိုင်းမှာ အလွန်အရေးကြီး ပါတယ်။ ကဗျာရဲ့ Rhythm လို့ ခေါ်ပါတယ်။ ကာရန်ထက်တောင်
ပိုပြီး အရေးကြီးတယ်လို့ ယူဆနိုင်ပါတယ် (ဒါပေမဲ့ ရတုမှာတော့ ကာရန်လည်း မှားလို့ လုံးဝ [လုံးဝ] မရ
ပါဘူး)။ လေယူလေထား (အသံ) မှားရင် ကဗျာတပုဒ်ဟာ ချောချောမွေ့မွေ့ မရှိဘဲ ထောက်နေ တာကို တွေ့ရပါလိမ့်မယ်။  နန္ဒမာလိနီကျမ်းအလိုအရ ပြောရရင် လေးလုံး တပိုဒ် ထားပြီး ရေးသားရတဲ့ ရတုမှာတော့ မ-ပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာ မှာ အာ-အီ-အူ စတဲ့ ‎လေလျော့သံအက္ခရာ (ဂရုသံ) တို့ကိုသာ
ထားရှိရပါမယ်။ တကယ်လို့ လေပြင်းသံ (လဟုသံ) ထားမိရင်လည်း ‎လေလျော့လိုသာ (အသံမဖြတ်ဘဲ၊
မချဘဲ) သီဆိုရပါမယ်။  စုံပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာမှာတော့ အား-အီး-အူး စတဲ့ လေပြင်းသံ အက္ခရာ
(လဟုသံ) တို့ကိုသာ ‎ထားရှိရပါမယ်။ လေလျော့သံ ထားမိရင်လည်း လေပြင်းသံလိုသာ (အသံဖြတ်ပြီး၊
ချပြီး) သီဆိုရပါမယ်။

ဥပမာ ..
မဲဇာတောင် ခြေ၊ (ဂရု)
စီးတွေတွေ တည့်၊ (လဟု)
မြစ်ရေဝန်း လည်၊ (ဂရု)
မြိုင်တောစည် က၊ (လဟု)
ရွှေပြည်ကို သာ၊ (ဂရု)

စသဖြင့် လေပြင်း လေလျော့ တကျော့စီ ရေးစပ်ရမယ်လို့ နန္ဒမာလိနီကျမ်းက ဆိုထားပါတယ်။ အဲဒီလိုမှ
မဟုတ်ရင် ‎အက္ခရာကာရန် ဘယ်လောက်မှန်မှန် သီဆိုတဲ့အခါ စည်းဝါး မကိုက်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့
ရတုတိုင်းကတော့ ဒီလို အတိအကျကြီး ရေးဖွဲ့ထားတာမျိုး မဟုတ်ပါဘူး။ သဘောတရားကို ဆိုလိုတာပါ။
အရေးကြီးတဲ့အချက်က အသံမထောက်ဘဲ ပြေပြေပြစ်ပြစ်လေး ဖြစ်အောင်၊ တူရိယာတခုခုနဲ့သီဆိုတဲ့အခါ
ရွတ်ဆိုတဲ့အခါ ချောချောမွေ့မွေ့ ဖြစ်အောင် ရေးဖွဲ့ဖို့ပါပဲ။ အဆုံးသတ်အသံတွေသာမက ယူထားတဲ့
ကာရန်တွေနဲ့ တခြားစကားလုံးတွေကိုလည်း အဲဒီလို ဂရုသံ နဲ့ လဟုသံ တလှည့်စီ အလိုက်သင့်ဖြစ်အောင် တတ်နိုင်သမျှ ရေးဖွဲ့သင့်ပါတယ်။ ဒါဆိုရင် အသံက တက်လိုက် ကျလိုက်နဲ့ ပြေပြစ်ပါ တယ်။

(၈) အပြစ်ဒေါသအားဖြင့်

ပဓာနဖြစ်တဲ့ အစပ်ကာရန်တွေမှာ ဝက်နင်း နဲ့ ခွာထောက် အပြစ်တို့ကို ရှောင်ကြဉ် ရေးသားရမယ်လို့ ‎
ဆိုထားပါတယ်။ ဝက်နင်းနဲ့ ခွာထောက်အပြစ်တွေအကြောင်း ခဏခဏ ပြောထားပေမဲ့ ထပ်ပြောပါဦး
မယ်။  ဝက်နင်းဆိုတာက ... ကာရန်နှစ်ချက်ကို အဓိပ္ပာယ်တူတဲ့ စကားလုံးအတူတူ ဆက်တိုက်ယူထား
တာမျိုးကို ခေါ်ပါတယ်။ ဥပမာ ပြရရင် ...
နန္ဒကဗျာ၊ ကျမ်းကဗျာ၊ သညာ ကြိုင်သင်းထုံ။
အဲဒီစာပိုဒ်က (ဗျာ - ဗျာ - ညာ) ကာရန် ၃-ချက်မှာ အရှေ့ ၂-လုံးဆက်တိုက် အသံတူ စာလုံးတူ ‎စပ်ဆို
ထားတာမျိုးဟာ ဝက်နင်းဒေါသ သင့်ပါတယ်။ ဒီနေရာမှာ ခွဲထားကာရန်တွေနဲ့ ဆိုရင်တော့ သုံးလို့ရပါ
တယ်။ သဘောက အသံတူပေမဲ့ အဓိပ္ပာယ် မတူရင် ဝက်နင်း မသင့်ပါဘူး။

ခွာထောက်ဆိုတာကတော့ ဝက်နင်းလို ကပ်လျက်ဆက်တိုက် ကာရန်ယူတာမဟုတ်ဘဲ တလုံးခြားပြီး
ယူထားတဲ့ ကာရန်ကို ဆိုလိုပါတယ်။ ဥပမာ ... နန္ဒကဗျာ၊ ဤကျမ်းစာ၊ ကဗျာ ဖွဲ့နည်းစုံ။ ဒီမှာတော့
တလုံးကျော် ထပ်တူညီ ဖွဲ့ဆိုထားတာကြောင့် ခွာထောက် ဒေါသသင့် ပါတယ်။ (ခွထောက်) လို့
လည်း ခေါ်ပါတယ်။  ဒီလို ဝက်နင်းနဲ့ ခွာထောက်စပ်ခြင်းမျိုးကို ကို မစပ်သင့်ဘူးလို့ ဆိုထားပါတယ်။
ဒါက ရတုမှာတွင်မကဘဲ ကဗျာလင်္ကာအားလုံးနဲ့ အကျုံးဝင်တဲ့ အပြစ်ဒေါသတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဥပဒေသ (၈) ပါးကို နန္ဒမာလိနီ ကျမ်းပြုဆရာ ဦးထွန်းရွှေက ဥပဒေသ ဆောင်ပုဒ် ဧကပိုဒ်ရတုလေး ရေးဖွဲ့ထားပါတယ်။

နန္ဒမေဓာ၊ ထေရ်ဆရာက၊
 သေချာစီမှု၊ ရေးဖွေပြုပိမ့်၊
 ရတုကဗျာ၊ ဖွဲ့ဆိုပါက၊
 အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်၊
 ပိုဒ်သုံးတည်ပြန်၊ ထပ်ကာရန်၌၊
 သတ်မှန်ရှာမှီး၊ သုံးချက်နည်းဖြင့်၊
 အပြီးပုံသေ၊ စပ်မြဲပေတည့်၊
 သို့လေတမင့်၊ ဆင်မသင့်၍၊
 အခွင့်မသာ၊ ယင်းအခါ၌၊
 ကြွင်းရာစပ်ထုံး၊ ရံခါသုံး၏၊
 သီကုံးဖတ်ရန်၊ ပိုဒ်သုံးတန်မှ၊
 ပြင်းထန်နိမ့်လျော့၊ ပြန်လှန်ကျော့၍၊
 လေးပေါ့သံသာ၊ စီကုံးရှာသည်၊
 ဘယ်ညာ ပြောင်းလှည့် စပ်မြဲတည်း။

ဒီဥပဒေသ ဆောင်ပုဒ်မှာ (အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်) လို့ဆိုထားပြီး “အက္ခရာလေးလုံး” ဆိုတဲ့ ‎
စာပိုဒ်မှာ ၅-လုံးဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒီနေရာမှာ အသံကို ယူရပါတယ်။ အက္ခရာ (အက်ခရာ) ဆိုတဲ့ စကားလုံးမှာ ခ-သံဟာ ‎ ထင်ရှားပေါ်လွင်ခြင်း မရှိတာကြောင့် စာလုံးအားဖြင့်
၃-လုံးဖြစ်ပေမဲ့ အသံအားဖြင့် ၂-သံ [အက် (၁) + ခရာ (၁) = ၂-သံ] တနည်းအားဖြင့် စာလုံး ၂-
လုံး အနေနဲ့သာ ‎ယူရပါ မယ်။ အဲဒီလို ပေါ်လွင်ထင်ရှားခြင်း မရှိတဲ့အသံတွေက မတြာဝက်ပဲ ရှိတဲ့
အသံတွေဖြစ်ပါတယ်။ ဥပမာ - ပဓာန၊ သင်္ဂဟ၊ အစရှိတဲ့ စကားလုံးတွေမှာ (ပ)၊ (ဂ) ဆိုတဲ့ အသံတွေ
ဟာ မတြာဝက်-သံ တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသံနှစ်သံ၊ စာလုံးနှစ်လုံးအဖြစ်ပဲ ယူဆရပါမယ်။

ရတုအမျိုးအစားတွေအကြောင်း ဥပမာများနဲ့ ဆက်လက်ဖော်ပြသွားပါမယ်။

-  ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၈)

အက္ခရာ အသတ် အလိုက် ချီနည်းချနည်းများ

စာလုံးရေလိုက် ချနည်းတွေအပြင် “အသတ်” အက္ခရာနဲ့ အချပိုဒ် ရေးဖွဲ့ပုံကို ကြည့်ပြီး ခေါ်တဲ့ ချနည်းတွေ
လည်း ရှိပါသေးတယ်။ ဒီနည်းတွေ မှာကတော့ အားလုံးဟာ ၇-လုံးချ ချည်းပဲ ဖြစ်ပါတယ်။

ထူးဆန်းထွေလာ

ပိုဒ်စုံသုံးပိုဒ်လုံး အရှည်အတို မညီ၊ အချီအချ မတူဘဲ ရေးဖွဲ့ထားတဲ့ ရတုမျိုးကို ခေါ်ပါတယ်။ ကာရန်နည်း
နည်း ကွဲလွဲပြီး ချထား တာမျိုး ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၃၆၊ ၃၃၇၊ ၃၃၈ တို့မှာ လောကီ
ကိုးရာ .... ဦးထက်ဆင်ရ သည်ဘုရား။ ဗောဓိမျိုးလျာ ... ဗိုလ်ပေါင်းရွှင်ပျ သည်ဘုရား။ မောဠိစိုးကာ ...
မတ်များတင်ကြသည်ဘုရား။ ဆိုပြီး မန်လည်ဆရာတော်ကြီးက ရေးဖွဲ့ထားပါတယ်။ ဒါကြောင့် ရတုမှာ
အချီအချ မညီလည်း ရေးလို့ရပါတယ်။ အချီပဲညီပြီး အချမညီလည်း ရပါတယ်။ အချီအချ ညီမှ ရတုခေါ်တာ
မဟုတ်ဘူးဆိုတာသိနိုင်ပါတယ်။ နဝဒေးရတု အမှတ်-၇၇၊ ဟင်သာဝတီမြို့ဘွဲ့ရတုနဲ့အမှတ်-၇၈အင်းဝမြို့
ဘွဲ့ ရတုမှာလည်း ဒီနည်းနဲ့ ချီထားချထားပါတယ်။ နဝဒေးရတု အမှတ်-၈၂ ဥဒေါင်းမ အမေးရတု၊ ၈၃
ဥဒေါင်းဖို အဖြေ အလိုက်ရတု တွေမှာ အချီညီပြီး အချကာရန် လုံးဝမညီပါဘူး (တခု သတိပြုဖို့က အချီ
မညီဘဲ အချညီတဲ့ ရတုတော့ မတွေ့ဖူး သေးပါဘူး၊ ဒါပေမဲ့ ရေးလို့ မရဘူးတော့လည်း မဟုတ်ပါဘူး။
ဆိုလို့မကောင်းလို့ ရှေးပညာရှင်တွေ ဒါမျိုး မရေးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ အချီရော အချ
ရော ညီတဲ့ ပိုဒ်စုံရတုတွေဟာ ရေးရပိုခက်သလို ဆိုလို့လည်း ကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့်
အချီရော အချရော ညီအောင် ရေးဖို့အားထုတ်သင့်ပါတယ်။)

ညွန့်ရှင်

အသတ်ရှိတဲ့ စာလုံးနဲ့ပဲ ချထားတာမျိုးကို ညွန့်ရှင် လို့ ခေါ်ပါတယ်။ ဥပမာ - မင်းရောင်မင်းရုပ် မင်းသွေး
တည်း။ ဆိုပြီး ချထား တာမျိုးပါ။

ပေါက်ပြ

အသတ်မပါတဲ့ အက္ခရာနဲ့ အသတ်ပါတဲ့အက္ခရာ ရောပြီး အက္ခရာအညီအမျှ ချီထား ချထားတာမျိုးကို
ပေါက်ပြချနည်း လို့ ခေါ်ကြောင်း ကဝိကဏ္ဌပါသ ကျမ်း၊ စွယ်စုံကျော်ထင်ကျမ်းနဲ့ကဗျာသာရတ္ထသင်္ဂြိုဟ်
ကျမ်းတွေမှာပြထားပါတယ်။ မြင်သာတာမို့ ဥပမာ မပြတော့ပါဘူး။ ဒါပေမဲ့ မန်လည်ဆရာတော်ဘုရားကြီး
ရဲ့ ကဝိကဏ္ဌပါသကျမ်းကိုပဲ မှီငြမ်းရေးသားတဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ အသတ် လုံးဝမပါဘဲ
ချရတယ် လို့ ဆိုပါတယ်။ ဥပမာ - ရွှေကြာငါးခု ရုံလို့ဝေ။ ဆိုပြီး ချတာမျိုးပါ။

ငုံဖူး

“၍” ဆိုတဲ့အက္ခရာ မပါစေရဘဲ ကျန်တဲ့ အသတ်နဲ့ပဲ ချီခြင်းချခြင်းကို ခေါ်ပါတယ်။ ဥပမာ လက်ဝဲသုန္ဒရ
အမတ်ကြီးရဲ့ မဲဇာတောင်ခြေ-ချီ ရတုမှာ “နေခြည်ဖြာမှ နွေးသောကြောင့်” ဆိုပြီး ချထားတာမျိုးကို ခေါ်ပါ
တယ်။ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ဤ” ဆိုတဲ့ အက္ခရာလုံးဝ
မပါဘဲ ချရတယ် လို့ ဆိုပါတယ်။

ပုလဲသွယ် (မုလေးသွယ်)

ဒီ အချီအချနည်းကို မုလေးသွယ် လို့လည်းခေါ်ပါတယ်။ အသတ်လည်းပါ၊ “၍” ဆိုတဲ့ အက္ခရာလည်း
ပါတဲ့ အချီအချနည်းမျိုး ဖြစ်ပါတယ်။ ဥပမာ - လက်ရုံးချီ၍ ညွတ်တော်မူ  ကျမ်းညီဖြောင့်တန်းစေပြီး၍။
(မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၂၆။ မန်လည်ဆရာတော်) ဆိုပြီး ချတာမျိုး ဖြစ်ပါတယ်။

လည်ကုပ်ချီ (အစငင်)

ကဝိကဏ္ဌပါသ ကျမ်းရဲ့ ရတုချီချနည်း လင်္ကာအရ “... အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊
ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန် ...” ဆိုတဲ့အတိုင်း ရှေ့ပုဒ် (အပိုဒ်ကြီး) ရဲ့ ဒုတိယပါဒ၊
တတိယပါဒ တွေထဲက ပါဒတခုခုမှာပါတဲ့ အက္ခရာ (သို့မဟုတ်) အဓိပ္ပါယ်ကို ယူပြီး ပြန်ချီတာမျိုးကို
ခေါ်ပါတယ်။ “၄င်းနည်းကို ရတနာသိင်္ခ မည်သော ကုန်းဘောင်မြို့ အနောက် ခရီးတတိုင်ကွာ ဆီးတော
ရွာဘွား မောင်တိုး၏ ရတုအဖြေ၌ (အစငင်) ဆိုနည်းဟူ၍ ပြသည်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
ဆိုထားပါတယ်။  မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ရှေ့ဝယ်မဆွ၊
ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ...” လို့
ဆိုထားတဲ့အတွက် ရှေ့ကပုဒ် (အပိုဒ်ကြီး) ရဲ့ အစ ဒုတိယ၊ တတိယ အက္ခရာ တခုခု ကို တိုက်ရိုက် သို့
မဟုတ် အဓိပ္ပာယ်အတူတူ ယူပြီး နောက်အပိုဒ်ကြီးမှာ ပြန်ချီခြင်းကို ဆိုလိုပါတယ်။ ဒီ နည်းနှစ်နည်းက
အနည်းငယ် ကွဲပြားမှုရှိနေပါတယ်။

အဖျားကောက်

“ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့် ...” လို့
မန်လည်ဆရာတော် ဘုရားကြီး ရဲ့ ရတုချနည်းလင်္ကာ ထဲမှာ ရေးသားထားချက်အရ ရှေ့ပုဒ်ရဲ့ အချ
မှာပါတဲ့ အက္ခရာ၊ ဒါမှမဟုတ် အဓိပ္ပာယ်ကို အဖျားမှကောက်ယူပြီး ချီခြင်း ဖြစ်ပါတယ်။ စာဆိုတော်
အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတုပိုဒ်စုံမှာ ပထမပိုဒ်ကို “ကျွမ်းငယ်ဖော်” လို့ ချီပြီး “ရွှင်ပျော်လေးမြတ်၊
ပေးသက်မှတ်” လို့ ချပါတယ်။ ပြီးတော့ ဒုတိယပိုဒ်ကို “မှတ်သက်ပေး” လို့ ပြန်ချီပြီး “မြင့်ကြာခေါ်တမ်း
ဖော်ငယ်ကျွမ်း” လို့ ချပါတယ်။ တခါ တတိယပိုဒ်ကို “သက်မှတ်ပေး” လို့ ချီပြီး “ကြာမြင့်ခေါ်တမ်း ဖော်
ငယ်ကျွမ်း” လို့ ပြန်ချပါတယ်။ ပထမပိုဒ်ရဲ့ အစ “ကျွမ်းငယ်ဖော်” နဲ့ ပြန်ချိတ်ထားတာကို တွေ့နိုင်ပါတယ်။
ဒီရတုကို သီးသန့်ဖော်ပြပေးပါမယ်။

ရွှေလောင်းပျံ

က, စ, တ, ယ, ရ, ပ, မ အက္ခရာတွေနဲ့ ချီခြင်း ချခြင်းဖြစ်ပါတယ်။ ဥပမာ - မန်လည်ဆရာတော်က
မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၄၇၊ ၁၄၈၊ ၁၄၉ တွေမှာ ...
ကွင်း၍သေရတတ်ဘိမူ (၁၄၇)
ကင်း၍ကွေရတတ်ဘိမူ (၁၄၈)
ရှင်း၍နေရတတ်ဘိမူ (၁၄၉) ဆိုပြီး (ရတတ်ဘိမူ) နဲ့ချည်း ချထားတာကို တွေ့ရပါတယ်။

သော်တာရောင် (အညွန့်မဲ့၊ စာတင်း မီးစ)

အသတ်တူ၊ အသံတူ၊ ကာရန်တူ ချခြင်းဖြစ်ပါတယ်။ အဲဒီလို ညီကြပေမဲ့လည်း ...“ဟု(ဟူ)” ဆိုပြီးချရင်
(အညွန့်မဲ့၊ စာတင်း မီးစ) လို့လည်းခေါ်ပါတယ်။ ဥပမာ “ကံဟုမဆို စမာတည်း။” ဆိုပြီး ချထားတာမျိုး
ဖြစ်ပါတယ်။  ဒီချနည်းမှာ ၇-လုံးသာမက ၉-လုံးလည်း ချလေ့ရှိပါတယ်။  ဥပမာ - မဃဒေဝလင်္ကာသစ်၊
ပိုဒ်ရေ-၁၁၉၊ ၁၂၀၊ ၁၂၁ တွေမှာ မန်လည်ဆရာတော်က ... “ဝေးကွာတစေစေနှင့်သာတမုံ့၊ (၁၁၉)
ချောက်ချားတမွှေမွှေနှင့်သာတမုံ့၊(၁၂၀) ဆင်းရဲတပေပေနှင့်သာတမုံ့ (၁၂၁)” ဆိုပြီး "နှင့်သာတမုံ့"
လို့ သတ်တူ သံတူ ကာရန်တူ ချထားတာမျိုး ဖြစ်ပါတယ်။

ကက္ကူဆူးချီ၊ ကက္ကူဆူးချ

သုံးပိုဒ်လုံး အရှည်အတို (အပိုဒ်ငယ် - ပါဒ အရေအတွက်) ညီမျှပြီး အချီအချ ကာရန် မညီဘဲ စပ်ထားတာမျိုး
ဖြစ်ပါတယ်။ မြင်သာတဲ့အတွက် ဥပမာ အထူးမဖော်ပြတော့ပါဘူး။

နေရောင်ခြည်ပြေး

က, ဟ, ထ ဆိုတဲ့ အက္ခရာ ၃-လုံးထဲက တလုံးလုံးနဲ့ ချခြင်းဖြစ်ပါတယ်။ “ကား” နှင့် ချလျှင်လည်း ဒီလိုပဲ
ခေါ်ပါတယ်။  ဥပမာ - လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။ ။ သေကွင်းတတ်သာပြီတကား။ (မဃဒေဝ
လင်္ကာသစ်၊ ပိုဒ်ရေ-၁၁၀။ မန်လည်ဆရာတော်) ရှုကကဲလွန်၊ အလွမ်းသန်သည်။ ။ လေသွန်သာညီ
လတကား။ (ဖန်စကြာလျှင်-ချီ ပိုဒ်စုံရတု။ နတ်သျှင်နောင်)

ဖျောက်ဆိပ်လလယ်

အသတ်ရှိသောအက္ခရာနဲ့ ဝဏ္ဏ တလုံးတလုံးကြားမှာထည့်ပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုရင်းက
အသတ်ပါတဲ့ အက္ခရာတွေ ကို အသံတသံချင်းစီရဲ့ကြားမှာ ထည့်ပြီး ချတဲ့နည်းပါ။ ဥပမာ နဝဒေးရဲ့
တစိတ်စိတ်လျှင်-ချီ မိုးတောရတုမှာ “ပျောင်းပျစက်ရာ ခွေလိမ့်မည် - မှတ်နေ့ရက်ကြာရေလိမ့်မည်
- ချစ်ထုံ့မျက်ပါ နေလိမ့်မည်” ဆိုပြီး ချထားတာမျိုး ဖြစ်ပါတယ်။

ညွန့်ဟုံ

ဝသတ် အက္ခရာများများသုံးပြီး ချခြင်းဖြစ်ပါတယ်။ နဝဒေးကြီးရေးတဲ့ ပြည်-မြင်ဗာဟုဘုရားတိုင် ရတုပိုဒ်စုံ
မှာ ဗာဟု တောင်ထိပ် မိုဖျားသောဝ်။ ။ ချောမွတ်ရွယ်နု ပျိုထွားသောဝ်။ ။ အိမ်သူမျိုးမြတ် ကိုယ်စားသောဝ်။ ။
ဆိုပြီး ဝ-သတ်နဲ့ ချထားတာကို တွေ့နိုင်ပါတယ်။

ချိန်ခွင်ညှာ

ဒီနည်းကို “ချိန်ခွင်လျှာ” လို့လည်း ခေါ်ပါတယ်။ (အစပ် ခြောက်ပါးမှာ ပါဝင်တဲ့ ချိန်ခွင်လျှာ ကာရန်စပ်
နည်းနှင့် မသက်ဆိုင်ပါ။ ဒီနည်းဟာ ရတု ချီပုံ ချပုံအတွက် သီးသန့်နည်းဖြစ်ပါတယ်။) ပထမပိုဒ်မှာ
အချရင်းကို တတိယပိုဒ်မှာ အဖျားလုပ်၊ တတိယပိုဒ် အချရင်းကို ပထမပိုဒ်မှာ အဖျားလုပ်ပြီး ဒုတိယပိုဒ်
မှာသာ မတူကွဲပြားထူးခြားအောင် စပ်ဆိုခြင်း၊ ပထမနှင့် တတိယပိုဒ်ကိုသာ သံတူချပြီး ဒုတိယပိုဒ်ကို
သံကွဲချခြင်းမျိုးကို ခေါ်ပါတယ်။

ဘီလူးရယ်

သရူပ၊ သဝဏ္ဏံ ဖြစ်တဲ့ အက္ခရာ အသတ်သံတွေနဲ့ လှည့်လွှဲပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက
အက္ခရာတမျိုးတည်းကိုပဲ ကာရန်အမျိုးမျိုးထားပြီး ချခြင်းဖြစ်ပါတယ်။ ဥပမာ - “ဝမ်းဝယ်ဝိုးဝါး ဝေလို့ကို။
နွမ်းနယ်နိုးနား နေလို့ကို။ ကျမ်းကျယ်ကြိုးစား ကြေလို့ကို။” ဆိုပြီ ချတဲ့ပုံစံ ဖြစ်ပါတယ်။

စာကျိုး (စာကြိုး)

‘ဝ’ သတ်နှင့် တခြားအသတ်တွေကြားမှာ သဝေထိုးပါတဲ့ အက္ခရာတွေခြားပြီး ချထားတာမျိုးဖြစ်တယ်လို့
ကဗျာသာရတ္ထသင်္ဂြိုဟ် ကျမ်းထဲမှာ တွေ့ရပါတယ်။  နန္ဒမာလိနီကျမ်းထဲမှာတော့ ကဝိကဏ္ဌပါသကျမ်းလာ
ရတု အချီအချ ၂၅-မျိုးမှာ စာကျိုးနဲ့ စာတုံး အတူတူပဲလို့ ရေးထား ပါတယ်။ ဒါပေမဲ့ ... ကဝိကဏ္ဌပါသ
ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာမှာ “စာကြိုးမှာကား၊ သဝေခြားသတ်၊ -အသတ်နှင့်၊ သတ်စပ်မြဲထုံး။” ဆိုတဲ့ စာသားနဲ့ မန်လည်ဆရာတော်ကြီး ရေးသားတော်မူတဲ့ ရတုချီနည်းချနည်းလင်္ကာအရ “သဝေအ
သတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊” လို့ရေးထားတဲ့ စာသားအရ စာကျိုးနဲ့ စာတုံး အတူတူပဲ ဆိုတာ
မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

စာတုံး

အချီနဲ့ အချတွေမှာ ...
(င) သတ်နဲ့ (ည) သတ်၊
(တ) သတ် နဲ့ (ပ) သတ်၊
(န) သတ်နဲ့ (မ) သတ် တွေကို ကာရန်တူလို့ ယူဆပြီး စပ်ထားတာမျိုးကို ခေါ်တယ်လို့ ကဝိကဏ္ဌပါသ
ကျမ်း၊ ကဗျာသာရတ္ထ သင်္ဂြိုဟ်ကျမ်းတို့မှာ ဖွင့်ဆိုပြထားပါတယ်။ အချီအချမှာ မဟုတ်ပေမဲ့ အတွင်းကာရန်
တွေမှာ "စုံ၊ ဂုဏ်၊ စုန်" ဆိုပြီး ရှင်မဟာ သီလဝံသ တောင်တွင်းမှာ နေစဉ်က စပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း
တော့ ဒါမျိုး မစပ်တော့ဘဲ ရှောင်ကျဉ်တယ်လို့ ဆိုပါတယ်။

 ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က၊ ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့်၊ ဆန်စုန်ထက်အောက်၊ ကျော်ဝှန်တက်၍ ...
 (ပါရမီတော်ခန်းပျို့၊ ပိုဒ်ရေ ၁။ ရှင်မဟာသီလဝံသ) မှတ်ချက်။ ။ သေးသေးတင်ဟာ မ-သတ် (မ်) နဲ့
အတူတူပဲ လို့ ယူဆရပါမယ်။

စာဆန်း (စာသွန်၊ စာဆွန့်)

ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ဆိုအပ်ပြီးသောနည်းတို့မှတပါး မလိမ္မာသော သူငယ်တို့သည် မဘွယ်မရာ
မပီမပြင် ဆိုသော စကားကဲ့သို့ အသတ် အသံ ကာရန် မညီမညွတ် ယွင်းချွတ်တိမ်းမှား ထားလိုတိုင်း အက္ခ
ရာဖြင့် ချီခြင်းချခြင်းတည်း။ ၄င်းကို ကျွန်ုပ်တို့ ကျေးဇူးတော်ရှင်၊ ရွှေတောင်မြို့၊ တောနယ် ဝါးလယ်ရွာကျောင်း အရှင် “သီရိမာလာ” ကား(စာသွန်) ဟူ၍ လည်းကောင်း (စာဆွန့်) ဟူ၍လည်းကောင်း၊
 ခေါ်ရမည့်အကြောင်းနှင့် မိန့်တော်မူဖူး၏။” လို့ ဆိုထားပါတယ်။ အချီမညီ၊ အချမညီ၊ အသတ်၊ အသံ
ကာရန်မညီဘဲ ထားချင်ရာ အက္ခရာနဲ့ ထားပြီး ချီတာ၊ ချတာမျိုးကို ဆိုလိုပါတယ်။

အစပြတ်

တပိုဒ်နှင့်တပိုဒ် အဓိပ္ပာယ်ကို လွှဲပြီး ပြတ်အောင် စပ်ဆိုခြင်းမျိုး ဖြစ်ပါတယ်။ ဥဒါဟရုဏ်အနေနဲ့ တောင်ငူ
မင်း (နတ်သျှင်နောင်) စာတော် “ဘဝဂ်လုံးလျှင်” ချီရတု နိဂုံးမှာ ... “... ဆီပျံ့ကျောသည်။ ။ သဘောတမ်း
ကာ နေတော့သည်။” လို့ချပြီး “တခဏ်းလုံးပင်၊ မရုံးချယ်လျှက် ... " လို့ အဓိပ္ပာယ်လွှဲပြောင်းပြီး နောက်တ
ပိုဒ်ကို ချီထားတာမျိုး ဖြစ်ပါတယ်။

စမ္ပါယ်ချီစမ္ပါယ်ချ

အစချီတဲ့အပိုဒ်ရဲ့ အစအက္ခရာ အသံကိုယူပြီး ချခြင်းဖြစ်ပါတယ်။ ပထမအပိုဒ်မှာ ကသိုဏ်းကျူးရင့် ... လို့
ချီပြီး ... ကသိုဏ်းကျူးရင့်-ရှုပါလင့်။ ။ လို့ ချပါတယ်။ တခါ ဒုတိယအပိုဒ်မှာ ... ကသိုဏ်းကျူးရင့် ... လို့ပြန်
ချီပြီး အတိုင်းကူးဆင့်-တုပါလင့်။ ။ လို့ ချပါတယ်။ နောက်ထပ်တခါ တတိယအပိုဒ်မှာ အတိုင်းကူးဆင့် ...
လို့ ပြန်ချီပြီး မထိုင်းကျူးရင့်-ပြုပါလင့်။ ။ " ဆိုပြီး ချထားတာမျိုးဖြစ်ပါတယ်။  နောက်ထပ် ဥဒါဟရုဏ်တခု
အနေနဲ့ ...ရှင်သံခို ဆိုရတုမှာ ... "နေ" နတ်ကသည် လို့ ချီပြီး ... မုန်းလျက်မပိုင် "နေ" တော့သည်လို့
ချပါတယ်။ ပြီးတော့ အပိုဒ်-၂ မှာ "ခွေ" မပတ်လည် ... လို့ ချီပြီး တိမ်နှယ်ယှက်ဆိုင် "ခွေ" တော့သည်
လို့ချပါတယ်။ ပြီးတော့ အပိုဒ်-၃ မှာ "ဝေ" မှတ်မြရည် ... လို့ ချီပြီး ... နေတိုင်းစက်တိုင်း "ဝေ" တော့
သည်လို့ ချတာမျိုးကို ဆိုလိုပါတယ်။

မြင်းဆက်ခွ

အချပိုဒ်က စကားလုံး၊ အဓိပ္ပာယ်တွေကို ပြန်ယူပြီး နောက်တပိုဒ်ကို ချီတာမျိုးကို ဆိုလိုပါတယ်။ ဥပမာအနေ
နဲ့ ပြရရင် တောင်ငူမင်း (နတ်သျှင်နောင်) စာတော် “ခုနစ်တောင်စွန်” ချီ ကျေးစေ ပလီခတ်ရတုမှာ
“ချုပ်နေရောင်တင်သည်ညတွင်။” လို့ ချပြီး နောက်တပိုဒ်ကို “ညခင်းချုပ်နေ၊ ပြန်တည့်လေသော် ...”
ဆိုပြီး ပြန်ချီပါတယ်။ တခါ ... “နိုင်မည်ကိုပင် ရည်းကြထင်။” လို့ချပြီး တခါ “နိုင်မည်ရည်းထင်၊ အတင်
တင်ဝယ် ...” လို့ နောက်တပိုဒ်မှာ ချီထားပြန်တာမျိုးကို ခေါ်ပါတယ်။

မြင်းဆက်ခွန့်

အချပိုဒ်က အက္ခရာကိုလည်းကောင်း၊ အဓိပ္ပာယ်ကိုလည်းကောင်း လည်ကုတ်မှာ ယူပြီး ချီခြင်းဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြရရင် ပါရမီတော်ခန်းပျို့ အပိုဒ်ရေ-၄ မှာ ရှင်မဟာသီလဝံသက “... ရပ်ရှုပြီးသော်၊
ငါ့ကိုမျှော်၍၊ ရှင်တော်မေတ္တာ သက်လတ်တည်း။” လို့ ချပြီး အပိုဒ်ရေ-၅ မှာ “ဘုရားမည်သည်၊
သက်ကြည်မေတ္တာ၊ ...” ဆိုပြီး အစပိုဒ်မှာမဟုတ်ဘဲ လည်ကုတ်ပိုဒ် (ဒုတိယပိုဒ်)မှာ ယူပြီး ပြန်ချီ
ထားပါတယ်။ (ပျို့ဟာ ရတုမဟုတ်ပေမဲ့ လင်္ကာ ဆိုတဲ့အထဲမှာ နှစ်မျိုးလုံး အကျုံးဝင်လို့ ဒီချီနည်း
ကို ဥပမာ ပြလိုက်တာပါ။)

ခု ဆက်လက်ဖော်ပြမယ့် နည်းတွေကတော့ စာလုံးရေနဲ့ မဟုတ်ဘဲ စာပိုဒ်တွေ အနေအထားအ
ရ ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်ပါ။ အမျိုးအစားသတ်မှတ်ချက်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ် ။

ပွဲ့ကဆီ (မိုးဆွေ)

“ပိုဒ်စုံ ရတု ၃-ပိုဒ်တွင် ပဋ္ဌမအပိုဒ် ရှည်ခြင်းတည်း။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွှန်ပြထား
ပါတယ်။ ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူလျှင်တူ၊ မတူလျှင်မတူဖြစ်ပြီး
ပထမပိုဒ် ရှည်လျားနေလျှင် “မိုးဆွေ” လို့ ခေါ်တယ်လို့ ဆိုပါတယ်။

ဝမ်းပိုဒ်ကြီး (ဝမ်းပိုက်ကြီး)

ဒုတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် ဝမ်းပိုဒ်ကြီး လို့ခေါ်ပါတယ်။ ကဗျာဖွဲ့နည်း
နိသျည်းမှာတော့ “ဝမ်းပိုက်ကြီး” လို့ ရေးထားပါတယ်။ သဘောကတော့ ပထမအစပိုဒ်ဟာ ဦးခေါင်း၊
ဒုတိယအလယ်ပိုဒ်က ဝမ်းပိုက်၊ တတိယ အဆုံးပိုဒ်က ခြေ လို့ ယူဆလိုက်တဲ့သဘောပါ။ ဒါကြောင့်
ဒုတိယပိုဒ်က “ဝမ်း” ပိုဒ် (သို့မဟုတ်) ဝမ်းပိုက်ဖြစ်ပြီး တခြားအပိုဒ်တွေထက် ပိုပြီး ရှည်လျားနေတော့
ပိုကြီးနေတယ် ဆိုတဲ့ သဘောနဲ့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

လည်တို

တတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် “လည်တို” လို့ခေါ်ကြောင်း ကဗျာသာရတ္ထ
သင်္ဂြိုဟ်ကျမ်းမှာ ရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ပြဆိုထားပါတယ်။

ညွန့်တက်

ဒီမှာလည်း နှစ်မျိုးကွဲပြားတာကို တွေ့ရပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ပဋ္ဌမပိုဒ် မရှည်မတို ရှိခြင်း
တည်း။” (ပဋ္ဌမပိုဒ်က ကျန်တဲ့နှစ်ပိုဒ်နဲ့ မတူဘဲ မရှည်လွန်း မတိုလွန်းတာကို ဆိုလိုပါတယ်) လို့ ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ တတိယပိုဒ် တူပြီး ဒုတိယပိုဒ် မတူလျှင် "ညွန့်တက်" ဟုခေါ်
သည် ဆိုပြီး ဖော်ပြထားပါတယ်။

ညွန့်လန်း (ညွှန်လမ်း)

ဒုတိယပိုဒ်က ပဋ္ဌမပိုဒ်ထက် ပိုရှည်နေရင် “ညွန့်လန်း” လို့ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
 ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ဒုတိယပိုဒ် တူပြီး တတိယပိုဒ် မတူလျှင် "ညွှန်
လမ်း" လို့ ခေါ်တယ်လို့ ဖော်ပြထား ပါတယ်။ ဒီမှာလည်း နှစ်မျိုးကွဲနေတာကို တွေ့ရပါတယ်။

ညွန့်တုံး

တတိယပိုဒ်က ဒုတိယပိုဒ်ထက် ပိုရှည်နေရင် “ညွန့်တုံး” လို့ ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း
မှာရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ဖော်ပြထားပါတယ်။

ပိုဒ်စုံစကြာ (စကြာလည်)

အဆုံးချလျှင် အစပိုဒ်သို့ ဆိုက်ခြင်း၊ တနည်းအားဖြင့် ချီပုဒ်ကို ပြန်ယူပြီး ချခြင်းဖြစ်ပါတယ်။ ဥပမာ -
ရခိုင်သူ မိညိုရေး ကိုယ်ရည်သွေးဘွဲ့ ရတုမှာ “တောင်တွင်မြင့်မိုရ် ...” လို့ ချီပြီး အဲဒီအပိုဒ်ကိုပဲ
“တောင်တွင် မြင့်မိုရ်သာတကား” ဆိုပြီး ပြန်ချပါတယ်။ နဝဒေးကြီးရဲ့ ရတုမှာလည်း ‘သီဟတောနှင့်
ကျိုက်ပေါမွေ’ လို့ချီပြီး ‘တွင်မည်ကျိုက်ပေါ သီဟတော’ ဆိုပြီး ပြန်ချထားတာမျိုးပါ။ (အက္ခရာတလုံးတည်း
နဲ့ အစပိုဒ်တိုင်းကို ရေးထားတဲ့ ပဒုမ္မာကြာဆိုနည်း ရတုတွေကိုတော့ ယန္တရားစကြာလည် ရတု လို့
 ခေါ်ကြပါတယ်။ ပိုဒ်စုံစကြာရတုနဲ့ မတူပါ)

ကိုယ်တွင်းပြည့် (ရင်တွင်းပြည့်၊ ဝမ်းတွင်းပြည့်)

“ပိုဒ်ရေအတူ၊ ကာရန်တူ ပိုဒ်စုံညီညွတ်ခြင်းတည်း” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။
ရှိသမျှ အပိုဒ်အားလုံး အရေအတွက် တထပ်တည်းတူပြီး ပထမအပိုဒ်က စကားလုံးတိုင်းကို ဒုတိယနဲ့
တတိယ အပိုဒ်တွေမှာ တလုံးမကျန် နဘေအပြည့်ထပ်ပြီး ရေးတဲ့ ရတုမျိုးဖြစ်ပါတယ်။ (ရင်တွင်းပြည့်၊
ဝမ်းတွင်းပြည့်) ဆိုပြီးလည်း ခေါ်ပါတယ်။ အလွန်ရေးရခက်တဲ့ ရတုအမျိုးအစား ဖြစ်ပါတယ်။ နောက်ပိုင်း
မှာ ဥပမာ သီးသန့် ပြပေးပါ့မယ်။

စာဖြတ်

တပိုဒ်နှင့်တပိုဒ် မညီရင် “စာဖြတ်” လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြဆိုထားပါတယ်။
ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူပြီး ပထမပိုဒ် မတူလျှင်“စာဖြတ်” လို့ ပြထား
ပါတယ်။

စာရိ

အဖြစ်ခြင်း မညီဘဲ စပ်ရင် “စာရိ” လို့ခေါ်ပါတယ်။ အလယ်မှာ တလုံးမညီဘဲ ရှိရင် ‘သတ်စေ့နှက်’ လို့
 ခေါ်ပါတယ်။ မထောင်းတာစပ်ရတယ်။ အရင်းအဖျား ပျက်ရုံမျှနှင့် စာရိလို့ ခေါ်လို့မရဘူးလို့
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွန်ပြထား ပါတယ်။

ထောင့်တဲတွန့်

တခြားရတုတွေလို လေးလုံးတပိုဒ် စပ်ရိုးစပ်စဉ်မဟုတ်ဘဲ သုံးလုံးတပိုဒ်၊ ၄-လုံးတပိုဒ်၊ ၅-လုံးတပိုဒ် အစရှိ
သဖြင့် စပ်ဆိုသွားတဲ့ နည်းဖြစ်ပါတယ်။ ရှင်မဟာရဋ္ဌသာရ ထွင်ခဲ့တဲ့ နည်းလို့ သိရပါတယ်။

သုံးလွန်းတင်

တပိုဒ် စပ်လိုက်ရုံနဲ့ ၃-ပိုဒ်ရခြင်း လို့ ဆိုပါတယ်။ ပထမအပိုဒ်ရဲ့ စာလုံးတွေကိုပဲ ရှေ့နောက်လှည့်
ပတ်ရွှေ့ပြောင်းပြီး ဒုတိယနဲ့ တတိယအပိုဒ်တွေ ရအောင် စပ်သွားတာမျိုးကို ဆိုလိုပါတယ်။ ၃-လုံး
တင်ကနေ ၁၈-လုံးတင်အထိ စပ်လို့ရတယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွန်ပြထား ပါတယ်။

ယမကချီ၊ ယမကချ

ယမက ဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပာယ်က သဒ္ဓါတူအနက်ကွဲ (သံတူကြောင်းကွဲ) ပိုဒ်တွေ အစုံလိုက်
အစုံလိုက်ထားပြီး ဖွဲ့ဆိုတဲ့ ပါဠိကဗျာတွေကို ဆိုလိုပါတယ်။ ချောင်းမဘုရားတိုင်ရတုတွေဖြစ်ကြတဲ့
 ချောင်းမမွေရှင်-ချီ နဝဒေးရဲ့ ရတုမှာ ...
ချောင်းမမွေရှင်၊ ... ချစ်စမမြဲးတောင်းကိုလည်း။
 မောင်းမျှရွှေစင်၊ ... ဖြစ်ရမခဲးတောင်းကိုလည်း။
 ကြောင်းစထွေအင်၊ ... ပြစ်ပမရှဲးတောင်းကိုလည်း။ ဆိုပြီး ချီထား၊ ချထားသလို ...
ချောင်းမမွေတော်-ချီ နတ်သျှင်နောင်၏ ချောင်းမဘုရားတိုင်ရတုမှာ ...
ချောင်းမမွေတော်၊ ... မုန်းဘွယ်မများ တောင်းကိုလည်း။
 မောင်းမျှရွှေလှော်၊ ... နှုန်းဆွယ်မရှား တောင်းကိုလည်း။
 ကြောင်းစထွေငေါ်၊ ... ကုန်းသွယ်မသားတောင်းကိုလည်း ...
ဆိုပြီး အစုံလိုက် ချထားခြင်းမျိုး ဖြစ်ပါတယ်။ ဒီနည်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းနဲ့ တခြားကျမ်းတွေမှာ
 ဖော်ပြထားခြင်းမရှိပါဘူး။ နတ်သျှင်နောင်ဆို ရတုများထဲမှာ တွေ့ရတဲ့ နည်း ဖြစ်ပါတယ်။ သော်တာရောင်
(အညွန့်မဲ့၊ စာတင်း မီးစ) ချနည်းနဲ့ ကွဲပြားတာက ဒီနည်းမှာ စကားလုံးအားလုံးကို ကာရန်အညီ ထပ်ပြီး
စပ်ဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်။
သုံးပိုဒ်လုံး အပိုဒ်ရေတူညီလျှင် ...
 (က) သတ်စေ့နှက်သုံးချက်ညီ ရတု
(ခ) ပဒညီ ရတု
(ဂ) အရည်အပြည့် ရတု
(ဃ) မင်္ဂလာ ရတု လို့လည်း ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်းမှာ ပြထားပါသေးတယ်။

ဒါဆိုရင် ကျမ်းတွေမှာလာသမျှ ရတုချီနည်း၊ ချနည်း အားလုံး စုံသွားပြီဖြစ်ပါတယ် ... ဆက်ပြီး တွေ့ရရင်
လည်း ထပ်ပြီး ဖြည့်စွက်ပေးပါ့မယ် ... ရတုအကြောင်းက ကျယ်ပြန့်လွန်းလို့ ရှေ့ဆက်ပြီး ရေးရပါဦးမယ် ...

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၇)

ရတုချီနည်းများ

ရတုချီနည်းတွေက သိပ်မများလှပါဘူး။ နာမည်သီးသန့်လည်း ပေးထားတာ မတွေ့ဖူးပါဘူး။ စာလုံးရေအ
လိုက် ကြည့်မယ် ဆိုရင် ၄-မျိုးပဲ ရှိပါတယ်။ ဒီချီနည်းတွေက ...

၃-လုံးချီ

ဒီချီနည်းက တွေ့ရခဲပါတယ်။ “မှားခဲ့ပြီ - သွားတဲ့ဆီ - အားနွဲ့မှီ” ဆိုပြီး အပိုဒ် သုံးပိုဒ်ရဲ့ အစမှာ ချီထားပုံမျိုး
ပါ။ အဖျားကောက်ရတုတွေမှာ လောက်ပဲ တွေ့နိုင်ပါတယ်။ စာဆိုတော် အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတု
ပိုဒ်စုံမှာ “ကျွမ်းငယ်ဖော် - မှတ်သက်ပေး - သက်မှတ်ပေး” ဆိုပြီး အစပိုဒ်တွေကို ၃-လုံးချီထားတာ တွေ့နိုင်
ပါတယ်။

၎-လုံးချီ

အသုံးအများဆုံး ချီနည်းဖြစ်ပါတယ်။ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” ဆိုပြီး
မဲဇာတောင်ခြေရတုမှာ ချီထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

၅-လုံးချီ

တွေ့ရခဲပါတယ်။ “အချာပဝရ - နရာပဋ္ဌမ - အခါသမယ” ဆိုပြီး သျှင်မဟာသီလဝံသ-ဆို ရတုမှာ
ချီထားပါတယ်။

၇-လုံးချီ
ဒါလည်း တွေ့ရခဲပါတယ်။ နဝဒေးကြီးရတုတွေထဲက ...သက်တော်ရနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ...
သက်တော်ရ နှင့် ရှင်လှမွေ - လက်ဝဲဂူ နှင့် ရှင်ဖြူမွေ - ပုညရှင် နှင့် မြင်ထင်မွေ
ရွှေယင်မြောနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ရွှေယင်မြော နှင့် မော်ဓောမွေ - သီဟတောနှင့် ကျိုက်ပေါမွေ
- မဟာနော နှင့် သက္ကောမွေ”
ကျိုက်ပတံနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ကျိုက်ပတံ နှင့် ဇနံလေ - ဇွဲးကပင်နှင့် မောကြင်လေ -
ကျိုက်မောင်းမ နှင့် ကာသလေ” ...
ဝန်တောင်လယ် ဆို- ရတုမှာ ... “ရွှမ်းဘိသည်လည်း ရွှမ်းဘိသည် - လွမ်းဘိသည်လည်း လွမ်းဘိသည်
- တမ်းဘိသည်လည်း တမ်းဘိသည်” ...

ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။ အချပိုဒ်တွေဟာလည်း အချီပိုဒ်အတိုင်း ၇-လုံးပဲ ချထားပါတယ်။
မြင်းဝန်နေမျိုးသီဟသူ ရေးတဲ့ စကြာရတုပိုဒ်စုံမှာလည်း ... “ထူပါရုံနှင့် စည်းခုံမွေ - မြတ်မုနိနှင့် မြင်မိမွေ
- ဆင်ကြိုးဂူနှင့် ဆင်ဖြူမွေ” ... ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။

 ဒီ ချီနည်း ၄-မျိုးကလွဲပြီး ကျန်တဲ့ ချီပုံတွေ မတွေ့ရပါဘူး။

ရတုချနည်းများ

ရတုကို ချတဲ့နည်းတွေကို မပြောခင် ချရမယ့် ကြိယာ(စကားလုံး)ခြောက်ဆယ် ရှိပါတယ်။ ‘ရတုချဖွယ်၊
အသွယ်သွယ်၊ ခြောက်ဆယ် ကိရိယာ’ ဆိုတဲ့ ကဝိလက္ခဏာ သတ်ပုံသံပေါက်က စကားအတိုင်း ရတု
အချ စကားလုံးပေါင်း ခြောက်ဆယ် ကိုလည်း ကဝိကဏ္ဌပါသ ကျမ်းမှာ ကြိယာခြောက်ဆယ် လင်္ကာ နဲ့
ဖော်ပြပါရှိပါတယ်။  ရှင်မဟာ သီလဝံသ ရေးသားစီရင်တဲ့ ကဝိပါသဏ္ဌကျမ်း အလိုအရတော့ ၆၄-ပါး ရှိ
ပါတယ်။ အသေးစိတ်ကို မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၅)  ရဲ့ ကြိယာ ခေါင်းစဉ်အောက်မှာ ကြည့်နိုင်
ပါတယ်။ အခု ရတု ချနည်းတွေကို စပြီး လေ့လာကြည့်ပါမယ်။

လုံးရေအလိုက် ချနည်းများ
ရတုချနည်း အမျိုးမျိုးရှိတဲ့ အနက် အက္ခရာလုံးရေအလိုက် ချတဲ့ နည်းတွေကို အရင်ဖော်ပြပါမယ်။

၃-လုံးချ
ဒီနည်းမှာ အမည်မရှိသလို ဘယ်ရှေးကျမ်းမှာမှလည်း မပါပါဘူး။ အလွန်တွေ့ရခဲပါတယ်။
နဝဒေးကြီးရဲ့ လူမစိုက်တည့် - ချီ မယ်ဘွဲ့ရတုမှာ “ရေကြည်မြ။ နွေလည်မှ။ ဆွေရည်စွ။” 
ဆိုပြီး သုံးလုံးချထားတာကို တွေ့ရပါတယ်။

၅-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း
မဖော်ပြထားပါဘူး။ စွယ်စုံကျော်ထင်ကျမ်းမှာတော့ ကက္ကူဆူးချ ကို ဖြေတဲ့အခါ “နေလျှင် - ဆွေးရ၏။
ဆွေလျှင် - ဝေးလှ၏။” ဆိုပြီး ၅-လုံး ချနိုင်ကြောင်း ညွှန်ပြထားပါတယ်။

၇-လုံးချ
ခိုင်ညွတ်ခက်ဖြာ ချနည်းလို့ခေါ်ပါတယ် (ခိုင်ညွန့်ခက်ဖြာ လို့လည်း ရေးကြပါတယ်)။ အသုံးအများဆုံး
ချနည်းဖြစ်ပါတယ်။ “ခုနစ်လုံးမှတ်၊ ချတုံလတ်၊ ခိုင်ညွတ်ခက်ဖြာခေါ်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
ပြထားပါတယ်။

၈-လုံးချ
ဒီနည်းကို ဇမ္ဗူ့တန်ဆောင် လို့ ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာဖော်ပြထားပါတယ်။ ရှေး
ကျမ်းတွေမှာတော့ မပါပါဘူး။ တွေ့လည်း တွေ့ရခဲပါတယ်။ “စာတော်ရှုတပါး တင်ပေါလား” ဆိုပြီး ချ
တယ်လို့ ဥပမာ ပြထားပါတယ်။

၉-လုံးချ
၉-လုံးချတာကိုတော့ မဏိဆံကျင် ချနည်းလို့ခေါ်ပါတယ်။ “ကိုးလုံးတိတိ၊ ချတုံဘိ၊ မဏိဆံကျင်သော်။”
လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ကဝိကဏ္ဌပါသကျမ်းမှာလည်း ဖော်ပြထားပါတယ်။
ပူဆာလွန်ကဲ၊ တရဲးရဲးသည်။ ။ လောင်စွဲတချေချေနှင့်သာတမုံ့။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၂၂
မှာ မန်လည်ဆရာတော်ကြီး ချထားတာ တွေ့နိုင်ပါတယ်။

၁၀-လုံးချ
စာလုံး ၁၀-လုံးနဲ့ အဆုံးသတ်တာကိုတော့ စာမရီသားလိုက် ချနည်းလို့ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာ ဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ “သေချာတည့်မှတ်သား - နာတော်မူဘုရား။ တွေးမြှော်ရှုစား-ပူတော်မူနှင့် ဘုရား။” အစရှိသဖြင့် ချတာမျိုးဖြစ်ပါတယ်။

၁၁-လုံးချ
အာသာဝတီဝတ်ဆံ ချနည်းလို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ
ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ “ဗုဒ္ဓပညာ နှစ်သက်ရှာကြ သွင်ပြင်သောဝ်။” ဆိုတာမျိုးဖြစ်ပါတယ်။ မဃ
ဒေဝလင်္ကာသစ်မှာ “နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ်အကျဉ်းတည်း။” လို့ မန်လည်ဆရာတော်ကြီး ချထားပါတယ်။ နဝဒေးကြီးရဲ့ “ဘားပြမွေတော်-ချီ” မုတ္တမ-ဘားပြ
ဘုရားတိုင် ရတုမှာလည်း “နွေရောက်သဘင် မင်းလွင်ထမ ဝန်းစေသောဝ်။ ထက်ခွင်ဝန်းလည် လေပြည်
စမ ယွန်းစေသောဝ်။ ကောင်းကင်ထွေလည် မြရည်ချမ ဖြန်းစေသောဝ်။” ရယ်လို့ ၁၁-လုံးနဲ့ ချ ထားတာ
တွေ့ရပါတယ်။ ဒီ ချနည်းကို နဝဒေးကြီး ရဲ့ တခြားရတုတွေမှာလည်း တွေ့နိုင်ပါတယ်။ ၁၁-လုံးချတယ်လို့
ဆိုပေမဲ့ ၄-လုံးတပါဒ အပိုဒ်ငယ်လေးကို နောက်ဆုံး ၇-လုံးတပါဒ အပိုဒ်ငယ်လေးနဲ့ ၄-၂ ကာရန်ပြန်ချိတ်
ပြီး ချထားတဲ့သဘောလည်း ရှိပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက် အလွတ်ချထားတာမျိုး မတွေ့မိ
သေးပါဘူး။ ၁၁-လုံးနဲ့ အထက် ချတဲ့ နည်းတွေ အားလုံး ဒီလိုပဲ ၄-လုံးတပိုဒ် အပိုဒ်ငယ်လေးတွေကို
ကာရန်ချိတ်သွားပြီး ချကြပါတယ်။

၁၂-လုံးချ
ဒီချနည်းက သီးခြားအမည် မရှိပါဘူး။ မဃဒေဝလင်္ကာသစ်မှာပဲ “ပြဋ္ဌာန်းနာမ ဒုတိယအုပ် အပြီးချုပ်တည်း။” 
လို့ ၁၂-လုံးနဲ့ ချထားတာ တွေ့နိုင်ပါတယ်။

၁၅-လုံးချ
၁၅-လုံးချရင်တော့ မဏိဥပည်း (သို့) မဏိဦးပြည်း လို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊
ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားပါတယ်။ “ကမ္ဘာပေါ်ထွန်း-ယုဂန်စွန်းဝယ်-နေဝန်းလနှယ် ထွန်းတော့
သည်။” လို့ တောင်ဘီလာဆရာတော် ရေးစပ်တဲ့ ရတုတပုဒ်မှာ တွေ့နိုင်ပါတယ်။ မဃဒေဝလင်္ကာသစ်၊
ပိုဒ်ရေ-၁၁ မှာလည်း မန်လည်ဆရာတော်က “ နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာမဝ၊ သုတ
ပွားရန်၊ ဧကန်ဖြစ်လိမ့်အကျိုးတည်း။” လို့ ၁၅-လုံးချပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီမှာလည်း
အာသာဝတီဝတ်ဆံချနည်းလိုပဲ ၄-လုံးတပါဒ တပိုဒ်ပိုလာပြီး အပိုဒ်ငယ် ၂-ပိုဒ်နဲ့ နောက်ဆုံး ၇-လုံး တပါဒ
အပိုဒ်ငယ်တပိုဒ်ကို ၄-၂ ကာရန်ချိတ်ပြီး ချသွားတာကို တွေ့နိုင်ပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက်
အလွတ်ချထားတာမျိုး မတွေ့မိသေးပါဘူး။

၁၆-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်းမဖော်ပြ
ထားပါဘူး။ စွယ်တော်သျှောင်ရတု၊ ပိုဒ်ရေ-၅ မှာ ..“စုရုံးဖွဲ့နှောင်၊ များဗိုလ်ဘောင်မှာ၊ မင်းညီနောင်၊ မာန်
စောင်ကြုံးမို့ကို။” ရယ်လို့ အုတ်ဘိုဆရာတော် ရေးဖွဲ့သွားတာ တွေ့ရပါတယ်။

၁၉-လုံးချ
အက္ခရာ ၁၉-လုံး နဲ့ အဆုံးသတ်ချထားတဲ့နည်းကိုတော့ ဇော်တခိုင်လုံး လို့ ခေါ်ကြောင်း ကဗျာသာရတ္ထ
သင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ပြထားပါတယ်။ “အသွင်ပဝင်း-မျိုးရင်းသက်လှယ်-နုနယ်
ဖြူစင်- အိမ့်ရှင်လွမ်းနှင့်လေတော့မည်။” လို့ နဝဒေးကြီး ရဲ့ လွမ်းချက်ပွေ၍့ - ချီ စစ်-ရတုမှာ တွေ့နိုင်ပါ
တယ်။

၂၃-လုံးချ
ဒီနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ ဥတေန ရတု၊ ပိုဒ်ရေ-၁ မှာ “အလှတဆူ၊ မြနန်းသူကို၊ အတူ
တိမ်ဖျား၊ ငှက်ခြေကြား၌၊ လိုက်သွားပါရှာရ၏လေး။” လို့ မန်လည်ဆရာတော်ကြီး ရေးဖွဲ့ခဲ့တာ တွေ့ရ
ပါတယ်။

၂၅-လုံးချ
အက္ခရာ လုံးရေ ၂၅-လုံးနဲ့ ချ တာကိုတော့ မပြတ်ကေသာ ချနည်းလို့ ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်း
မှာ ဆိုထားပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာတော့ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်းခေါ်တယ်
လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ချထားတဲ့ ရတုတော့ ရှာလို့မတွေ့သေးပါဘူး။

၂၇-လုံးချ
ဒီချနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ “ဆင်နှာမောင်းသို့၊ အကောင်းရှာရမ်း၊ တလှမ်းလှမ်းနှင့်၊ အဖမ်း
မတော်၊ ပွဲဦးချော်သည်၊ မင်းကျော်သရေပွဲတည့်လေး။” လို့ ဝိဓူရ ရတု၊ ပိုဒ်ရေ-၁၇ မှာ မန်လည်ဆရာတော်
ရေးဖွဲ့ထားတာ တွေ့ရပါတယ်။

၃၅-လုံးချ
အရှည်ဆုံးချနည်း ဖြစ်ပါတယ်။ ဒီလို အက္ခရာ ၃၅-လုံးနဲ့ ချထားရင် ဇမ္ဗူ့သပြေသီးမှည့် ချနည်း လို့ ခေါ်ပါ
တယ်။ သည့်ထက် ပိုပြီး ချလို့မရတော့ပါ။ ပိုရင် “ခေါင်းမရှိသောပုဇွန်နှင့်တူ၏” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်
ကျမ်းမှာ ပြထားပါတယ်။ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်း ခေါ်သေးတယ်ဆိုပြီး “အက္ခရာတွက်ကျုံး၊
သုံးဆယ့်ငါးမျှ၊ အဆုံးချ၊ မြဝတ်ကေသာခေါ်” ရယ်လို့ စွယ်စုံကျော်ထင်ကျမ်းမှာ ကျေးဇူးရှင် အသျှင်ကျီးသဲ
လေးထပ်ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူထားတာကို ကိုးကားပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက
ရေးထားပါတယ်။ ဒီတော့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းအရ ဆိုရင် မြဝတ်ကေသာချနည်းဟာ ၂၅-လုံးချတာ
ကိုရော၊ ၃၅-လုံးချတာ ကိုရော နှစ်မျိုးလုံးကို ခေါ်ထားတာ တွေ့ရပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းအရတော့
ဇမ္ဗူ့သပြေသီးမှည့် လို့ပဲ ခေါ်ထားတာ တွေ့ရပါတယ်။ “မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေ
ကျမ်းလာ၊ လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။” လို့ မဃဒေဝ
လင်္ကာသစ်၊ ပိုဒ်ရေ-၄၆၇ မှာ မန်လည်ဆရာတော်ကြီး ဖွဲ့ဆိုထားတာ တွေ့နိုင်ပါတယ်။ အလွန်တွေ့ရခဲတဲ့၊
အသုံးနည်းတဲ့ ချနည်းဖြစ်ပါတယ်။

၁၁-လုံးကနေ ၃၅-လုံးအထိ အက္ခရာများတဲ့ ချနည်းတွေဟာ ရတုမှာ အသုံးများတဲ့ သုံးလုံးတွဲကာရန်
(၄-၃-၂ နဲ့ ၄-၃-၁) တွေ ယူလာပြီး ပုံမှန် ၇-လုံးမချသေးဘဲ ၄-၂ ကာရန်နဲ့ ပဒငယ်လေးတွေ ဆင့်ပြီးမှ
နောက်ဆုံး ၇-လုံးပြန်ချထားတဲ့ သဘောမျိုးပဲလို့ယူဆပါတယ်။ ကာရန်လုံးဝ မချိတ်ဘဲ စာလုံးရေအများကြီ
ကို ဒီအတိုင်း အလွတ်ချထားတာမျိုး တခုမှ မတွေ့ဖူးသေးပါဘူး။ စာလုံးရေနဲ့ ချီနည်း ချနည်း တွေ ပြီးတော့
အက္ခရာ၊ အသတ်၊ စတာတွေကိုလိုက်ပြီး ခေါ်ဝေါ်သတ်မှတ်ထားတဲ့ ချီနည်း၊ ချနည်းတွေကို ဆက်လက်
ဖော်ပြပါမယ် ...

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၆)

(၄) အချီအချအားဖြင့်

ရတု ချီနည်း ချနည်းတွေက အမျိုးမျိုးရှိပါတယ်။ ဒီအချီအချနည်းတွေကို အသေးစိတ် ဆက်ပြီးရေးပြပါ့မယ်။
ဒီနည်းတွေအနက် ကဝိကဏ္ဌပါသကျမ်းလာ ရတု အချီအချ ၂၅-မျိုးကတော့ -

‎(၁)        ထူးဆန်းထွေလာ
(၂)        ညွန့်ရှင်
(၃)        ပေါက်ပြ
‎(၄)        ငုံဖူး
‎(၅)        ပုလဲသွယ်
‎(၆)        လည်ကုပ်ချီ
‎(၇)        အဖျားကောက်
‎(၈)        ရွှေလောင်းပျံ
‎(၉)        သော်တာရောင်
‎(၁၀)      ကက္ကူဆူးချီဆူးချ
‎(၁၁)      နေရောင်ခြည်ပြေး
‎(၁၂)      ဖျောက်ဆိပ်လလယ်
‎(၁၃)      ညွန့်ဟုံ
‎(၁၄)      ခိုင်ညွန့်ခက်ဖြာ
‎(၁၅)      မဏိဆံကျင်
‎(၁၆)      အာသာဝတီဝစ္ဆံ 
‎(၁၇)      မဏိဦးပြည်း 
‎(၁၈)      ဇော်တခိုင်လုံး
‎(၁၉)      မပြတ်ကေသာ
‎(၂၀)      ဇမ္ဗူ့သပြေသီးမှည့်
‎(၂၁)      ချိန်ခွင်လျှာ
‎(၂၂)      ဘီလူးရယ်
‎(၂၃)      စာကျိုး
‎(၂၄)      စာဆန်း
‎(၂၅)      စာတုံး ...

ဆိုပြီး ဖြစ်ပါတယ်။ ကဝိလက္ခဏာဒီပနီကျမ်းမှာလည်း ၂၅-မျိုးလို့ပဲ ဖော်ပြပါတယ်။ ဒီ ၂၅-မျိုးမှာ ချတဲ့ အက္ခ
ရာလုံးရေအရ သတ်မှတ်တဲ့ ရတုမျိုးက ၇-လုံး ချရတဲ့ ခိုင်ညွန့်ခက်ဖြာ၊ ၉-လုံး ချရတဲ့ မဏိဆံကျင်၊ ၁၁-လုံး
ချတဲ့ အာသာဝတီဝစ္ဆံ၊ ၁၅-လုံး ချတဲ့ မဏိဦးပြည်း၊ ၁၉-လုံး ချတဲ့ ဇော်တခိုင်လုံး၊ ၂၉-လုံး ချရတဲ့ မပြတ်
ကေသာ၊ ၃၅-လုံး ချရတဲ့ ဇမ္ဗူ့သပြေသီးမှည့် ဆိုပြီး ရတု ၇-မျိုးတွေ့ရပါတယ်။

ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာကတော့ ရတု အချီအချ ၄၁-မျိုး ပြထားပါတယ်။ အဲဒါတွေကတော့ ...

(၁) ခိုင်ညွတ်ခက်ဖြာ (ခိုင်ညွန့်ခက်ဖြာ လို့ ပိုပြီး အသုံးများပါတယ်)
‎(၂) မဏိဆံကျင်
‎(၃) အာသာဝတီဝတ်ဆံ
‎(၄) မဏိဥပည်း
‎(၅) ဇော်တခိုင်လုံး
‎(၆) မပြတ်ကေသာ
‎(၇) ဇမ္ဗူ့သပြေသီးမှည့်
‎(၈) ထူးဆန်းထွေလာ
‎(၉) ညွန့်ရှင်
‎(၁၀) ပေါက်ပြ
‎(၁၁) ငုံဖူး
‎(၁၂) ပုလဲသွယ်
‎(၁၃) လည်ကုပ်ချီ
‎(၁၄) အဖျားကောက်
‎(၁၅) ရွှေလောင်းပျံ
‎(၁၆) သော်တာရောင်
‎(၁၇) ကက္ကူဆူးချီ၊ ကက္ကူဆူးချ
‎(၁၈) နေရောင်ခြည်ပြေး
‎(၁၉) ဖျောက်ဆိပ်လလယ်
‎(၂၀) ညွန့်ဟုံ
‎(၂၁) ချိန်ခွင်ညှာ
‎(၂၂) ဘီလူးရယ်
‎(၂၃) စာကျိုး
‎(၂၄) စာတုံး
‎(၂၅) စာဆန်း
‎(၂၆) အစပြတ်
(၂၇) စမ္ပါယ်ချီစမ္ပါယ်ချ
(၂၈) မြင်းဆက်ခွ
(၂၉) မြင်းဆက်ခွန့်
(၃၀) ပွဲ့ကဆီ
(၃၁) ဝမ်းပိုဒ်ကြီး
(၃၂) လည်တို
(၃၃) ညွန့်တက်
(၃၄) ညွန့်လန်း
(၃၅) ညွန့်တုံး
(၃၆ ပိုဒ်စုံစကြာ
(၃၇) ကိုယ်တွင်းပြည့်
(၃၈) စာဖြတ်
(၃၉) စာရိ
(၄၀) ထောင့်တဲတွန့်
(၄၁) သုံးလွန်းတင် ...

ဆိုပြီး ဖြစ်ပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး အပြင် အမှတ် (၂၆) ကနေ (၄၁)
အထိ ၁၆-မျိုး ပိုတာကို တွေ့ရပါတယ်။ ဒီလို ရတုချီနည်း ချနည်းတွေကို လင်္ကာတွေနဲ့ ပညာရှိများ ရေး
ဖွဲ့စပ်ဆိုသွားခဲ့ကြပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာကတော့ ...

ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာ

ထူးဆန်းထွေလာ၊ ဟူသည်မှာမူ၊ သုံးဖြာပိုဒ်လုံး၊ စဆုံးရှည်တို၊ အဆိုမညီ၊ ချချီမတူ။   ။ ညွန့်ရှင် - မူကား၊
ထူတမ်းခွန်ဆင့်၊ စာလုံးဖြင့်သာ၊ ချသင့်ပညာတ်။ ။ ပေါက်ပြမှတ်ကား၊ သတ် မသတ်စွာ၊ အက္ခရာချီချ၊ အမျှ
မျှတည့်။ ။ ထိုမှတထူး၊ ငုံဖူး နှိုက်ကား၊ ၍့ပယ်ရှား၍့၊ တပါးသတ်ဖြင့်၊ အသင့်မလွဲ၊ ချီချမြဲတည့်။ ။ ပုလဲသွယ်
မှာ၊ အသတ်ပါနှင့်၊ အက္ခရာ၍့၊ ပါလေ့မှန်ပြီ။ ။ အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊
ပုဒ်ဖြစ်စေပင်၊ ယူလေတတန်။ ။ ရွှေလောင်းပြန်မှာ၊ မှန်-က-စ-တ၊ ယ-ပ-ရ မှ၊ သတ္တအက္ခရာ၊ ချီချပါလော့။ ။
သော်တာရောင်မူ၊ သတ်တူသံတူ၊ ကာရန်တူနှင့်၊ ချဟူ၍့ပြ။ ။ သို့ညီကြလည်း၊ ဟုချတပြီး၊ စာထင်းမီး နှင့်၊
တသီးညွန့်မဲ့၊ မည်ဘွဲ့မှတ်လေ။ ။ နေခြည်ရောင်ပြေး၊ အမည်ပေးကား၊ တေးအက္ခရ၊ က-တ-ထ စု၊ တခုခု
ဖြင့်၊ ချဟုပိုင်းခြား။ ။ အဖျားကောက် နှိုက်၊ ရှေ့ပိုဒ်ချမှာ၊ အက္ခရဓိပ္ပါယ်၊ တသွယ်သွယ်ကို၊ ရွယ်၍့ချီကောက်။ ။ ဖျောက်ဆိတ်လယ်လ၊ ဝဏ္ဏကြားတွင်၊ ပါဝင်လာဘိ၊ သတ်ရှိအက္ခရာ၊ ဖြင့်သာချတုံ။ ။ ညွန့်ဟုန်ကား ‘ဝ’၊
သတ်ရွေ့ချလော့။ ။ ထိုမှတချက်၊ ကက္ကုဆူးချီ-ကက္ကုဆူးချ၊ သုံးပဒပင်၊ ဆုံးစချချီ၊ မညီယွင်းချွတ်။ ။ ခိုင်ညွတ်
ခက်ဖြာ၊ ချရာအဆုံး၊ ခုနစ်လုံးရှိ။ ။ မဏိ ဆန်ကျင်၊ ၉-လျှင်ချပြီး။ ။ အာသာဝတီဝတ်ဆံ၊ နိယံမြဲမှတ်၊ ဧက်ဒသ်
ချနည်း။ ။ ဥပြည်းမဏိ၊ ချဘိပန္နရ။ ။ ဇော်တခိုင်လုံး၊ အဆုံး နောဒသ်။ ။ မပြတ်ကေသာ၊ မှာ နှစ်ဆဲ့ငါး။ ။ ပိုင်း
ခြားမှတ်ပြ။ ။ ဇမ္ဗူ့သပြေ၊ သီးမှည့်ရွှေတွင်၊ ထွက်ရေရုံးဘွဲ့၊ သုံးဆဲ့ငါးလုံး၊ ရတုထုံး၌၊ အဆုံးပဒ၊ သည်ထက်
ကြွ၍့၊ ချခွင့်မကြိမ်။ ။ ချိန်ခွင်လျှာမှာ၊ ပ-တ သာလျှင်၊ တူရာအချ၊ ဒု-ကွဲရ၏။ ။ ထိုမှတသွယ်၊ ဘီလူးရယ်မူ၊
တူသောသုတိ၊ ရှိအက္ခရာ၊ သတ်သံပါဖြင့်၊ ကြံခါတမျိုး၊ လှီးလွှဲရိုးတည့်။ ။ စာကြိုးမှာကား၊ သဝေခြားသတ်၊
ဝ-အသတ်နှင့်၊ သတ်စပ်မြဲထုံး။ ။ စာတုံး င-ည၊ တ-နှင့် ပ-တည့်၊ န-မ တရပ်၊ သတ်စပ်ယှဉ်မှန်း၊ ချီချခန်း
တည့်။ ။ စာဆန်းမှာသော်၊ လျော်နည်းသင့်နည်း၊ နိသျည်းမရှာ၊ ဆရာမတင်၊ ဆင်ခြင်မရှိ၊ မိမိထင်တိုင်း၊
ပေါက်လွှတ်စိုင်းသို့၊ ဂိုဏ်းမလွတ်စွာ၊ သူရူးစာတည့်။ ။ သင်္ချာစဉ်စီ၊ ပဉ္စဝီပင်၊ ချချီရတု၊ သိမှုဖြန့်ချိ၊ ဤသို့ရှိ
ဟု၊ ကဝိပါသဏ္ဌ၊ ကျမ်းမ၌တွင်၊ မော်ကွန်းတင်သည်။ ။ ဉာဏ်မြင်လိုသူ မှတ်ကြောင်းတည်း။
(ကဗျာသင်္ဂဟမေဒနီ ကျမ်းမှ ...)

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်းလင်္ကာကတော့ ...

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်း လင်္ကာ
စာချီစာဖြတ်၊ အဆုံးသတ်၌၊ အသတ်နှင့်သာ၊ ချသည်မှာမူ၊ ညွန့်ရှင် ဟူ၏၊ သတ်မူမသတ်၊ ရောလတ်သည်
ကို၊ ပေါက်ပြ ဆိုရှင့်၊ ထိုအချမှာ၊ ၍မပါဘဲ၊ သာယာချိုမြ၊ ဧည်လေချသော်၊ ညွန့်ဖူး ခေါ်လော့၊ ထိုရော်အချ၊
က နှင့်တ ကား၊ ခေါ်ကြ ညွန့်လန်းထူးဆန်းထွေလာ၊ ဟူသည်မှာကား၊ ဆုံးမှာအချ၊ သုံးပါဒပင်၊ မညီချင်
တည့်၊ သည့်ပြင် ပုလဲသွယ်၊ သတ်ရောလှယ်လိမ့်၊ မှတ်ဖွယ် ရွှေလောင်းပျံ၊ ချဟန် စ-တ၊ က-မ-ရ တည့်၊
ဝ သတ် ဆုံးလျှင်၊ ညွန့်တုံး တွင်ရှင့်၊ သည့်ပြင်တမည်၊ နေခြည်ရောင်ပြေး၊ စာစပ်ရေးကား၊ လေဝဂါဒိ၊
အပြစ်ရှိလိမ့်၊ သီရိထွန်းညိတ်၊ ဖျောက်ဆိပ်လလယ်၊ ဟူသည်ဝယ်ကား၊ အသတ်များ၏၊ အဖျားကောက် ချီ၊
တလီ လည်ဂုတ်စ၊ ဟူသမျှ၌၊ စသည်ကိုသာ၊ ခေါ် စ ပါရှင့်၊ ကာရန်မမှတ်၊ အသတ်မညီ၊ အချီမမျှ၊ ရှိက
အထူး၊ ကက္ကူဆူးတည့်၊ နည်းတူ ဤမှာ၊ မဆိုရာ။    ။

ဒီ လင်္ကာမှာက (၁၃)မျိုးပဲ ဖော်ပြထားတာကို တွေ့ရပါမယ်။ ကဗျာ့ပါရဂူ ဖြစ်တော်မူတဲ့ ကျေးဇူးရှင် မန်လည်
ဆရာတော် ဘုရားကြီးကလည်း ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်ကို ဖွဲ့ဆိုသွားတော်မူခဲ့ပါတယ်။

မန်လည်ဆရာတော်ကြီးရေးသားတော်မူသော ကဝိကဏ္ဌပါသကျမ်းလာ
ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်

(၁) တနည်းမှတ်လော့၊ ပြလတ်ပိမ့်ငှာ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား၊ သုံးပုဒ်လုံးမူ၊
မတူချီချ၊ ရှိကမည်မှန်း၊ ထူးဆန်းထွေလာ၊ ဟု-ခရာနှင့်၊ ချပါအကဲ့၊ အညွန့်မဲ့ ဟူ၊ တမူနာမ၊ ထင်းမီးစ တည်း၊ ချီချသုံးလီ၊ မညီကျီကျူး၊ ကက္ကူဆူး ဟု၊ အထူးမှတ်လေ၊ သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊
င-ည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူစပ်သော်၊ ပညတ်ခေါ်သုံး၊ စာတုံး မည်ရ၊ အန္တမမှန်၊ ကာရန်မတူ၊ စာဆန်း
ဟူ၏၊ သရူသဝဏ်၊ ထပ်ဟန်မလွဲ၊ အသတ်လဲ၍၊ လှီးလွှဲတသွယ်၊ ဘီလူးရယ် တည့်၊ သူငယ်မလိမ္မာ၊ ဖွယ်
ရာမရှိ၊ ဆိုဘိသော့လား၊ စကားမည်ကာ၊ မစပ်ရာသား၊ လက္ခဏာခုနစ်၊ စင်စစ်မှတ်ဘိ၊ အမြဲသိလော့၊
သတ်ရှိချလျှင်၊ ညွန့်ရှင် ဟူလတ်၊ သတ်မဲ့တုံလျှင်း၊ ချီချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှတဖြာ၊ ဤ ခရာလျှင်၊
မပါချချီ၊ သညီ ငုံဖူး၊ အထူးမှတ်မော၊ သတ်ရော ၍ ပါ၊ ချီချရာကား၊ သညာမှတ်ဘွယ်၊ ပုလဲသွယ် ရှင့်၊ ရှေ့
ဝယ်မဆွ၊ ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊
ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့်၊ ထို့နောက်သ
မုတ်၊ ချီပုဒ်ကိုချ၊ ချပုဒ်တိုင်းချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီစမ္ပါယ်ချ၊ အချပုဒ်နှင့်၊ ကာရန်သင့်အောင်၊ ချီလင့်တုံက၊
မြင်းဆက်ခွ တည့်၊ ရှေ့ကဉာဏ်ဝန်၊ ဆရာမွန်တို့၊ နည်းညွှန်မှတ်ဖွယ်၊ မိန့်ခဲ့သွယ်တိုင်း၊ မကျယ်အကျဉ်း၊
လင်္ကာချဉ်းသည်။    ။ ရွှေမျဉ်းရွှေတန်-ရွှေကြိုးတည်း။    ။

(၂) က-စ-တ-ယ၊ ပ-ရ-မ တို့၊ သတ္တဗျဉ္ဇနာ၊ ချချီရာလည်း၊ မည်သာတတန်၊ ရွှေလောင်းပြန် ရှင့်၊ မှတ်ရန်
တမူ၊ သတ်တူသံတူ၊ ကာရန်တူချ၊ လ၏မည်ဆောင်၊ သော်တာရောင် တည့်၊ ထို့နောင်တပါး၊ ခြား၍မှတ်ကြ၊ က-တ-ထ ဖြင့်၊ ချသည့်တမည်၊ နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်းစဉ်ဆက်၊ သက်သက်ဝဏ္ဏ၊
ဧကဒွယာ၊ အကြားပါလတ်၊ သတ်မဲ့အက္ခရာ၊ ချတုံပါသော်၊ တွင်ခေါ်မြဲသိပ်၊ ဖျောက်ဆိပ်လလယ်၊ တသွယ်
မည်မှတ်၊ မ-သတ်နည်းငြား၊ အသတ်များတုံ၊ စာ ညွန့်ဟုံတည့်၊ မှတ်ပုံအဆုံး၊ ခုနစ်လုံးချ၊ ဟူသမျှကား၊ နာမ
ပညတ်၊ ခိုင်ညွတ်(ညွန့်)ခက်ဖြာ၊ နဝါချဘိ၊ မဏိဆံကျင်၊ ထို့ပြင်တဆစ်၊ ဆဲ့တစ်ချမှာ၊ အာသာဝတီ၊ ဆယ့်
ငါးပြီမူ၊ မှတ်ယူမည်ရှိ၊ မဏိဥပြည်း၊ တနည်းထိုမှ၊ ဆယ့်ကိုးချသော် ဇော်တခိုင်လုံး၊ ချထုံးတလီ၊ ပဉ္စဝီ ကား၊
တွင်ညီမည်မှတ်၊ မပြတ်ကေသာ၊ ပဉ္စာတိံသ၊ နာမမည်ပြု၊ ဇမ္ဗူ့သပြေ၊ ထိုထက်ထွေ၍၊ ချစေလင်္ကာ၊ ထုံးမ
လာတည့်၊ နည်းနာလက်ရှိ၊ အရိုးသိလော့၊ ကဝိကဏ္ဌ၊ ပါသခေါ်ညွှန်း၊ နန်းစဉ်ထွန်းသည်။   ။
မော်ကွန်းရွှေပွင့်-တင်ထိုးတည်း။ ။

ဒီလင်္ကာအရတော့ ရတု ချီနည်း ချနည်း ၂၇-မျိုး ရှိပါတယ် ... ညွန့်မဲ့ နဲ့ ထင်းမီးစကအတူတူပါပဲ။

ဒီ ချီနည်းချနည်းတွေကို လေ့လာကြည့်တဲ့အခါ ကျမ်းတွေမှာပါတဲ့နည်းတွေက ၄၁-မျိုး၊ ၂၈-မျိုး အစရှိသဖြင့်
အမျိုးမျိုးရှိပေမဲ့ ယေဘူယျပြန်ခွဲကြည့်ရင် အဓိက အားဖြင့်တော့
(၁) လုံးရေ အရ
(၂) အက္ခရာ နဲ့ အသတ် အရ
ဆိုပြီး (၂)မျိုးပဲ ရှိပါတယ် ... တကယ်တမ်းတော့ ၇-လုံး ချ ခိုင်ညွန့်ခက်ဖြာရတုမျိုးပဲ များပြီး တခြားချနည်း
ရတုမျိုးက အလွန်နည်းပါးလှပါတယ်။ ဒီတော့ တခုချင်းကို အသေးစိတ် ထပ်ပြီး ဆက်လက်ဖော်ပြပါမယ်။

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၅)

ရတု

(၂) အမျိုးအစားအားဖြင့်

"ရတု" ဆိုတဲ့ အမည်အကြောင်းပြောပြီးတဲ့နောက်မှာ ရတုအမျိုးအစားတွေကို ဆက်ပြောပါမယ်။ ရတုဟာ
ပျို့ မော်ကွန်း စတဲ့ ကဗျာတွေနဲ့မတူဘဲ စည်းကမ်းကြီးတဲ့ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ရှေးစာဆိုတို့ဟာ စိတ်
ဝင်စားဖွယ် ရတုပုံစံ အမျိုးမျိုးဖွဲ့ဆိုခဲ့ကြပါတယ်။ ရတုအမျိုးအစားတွေကို ပြောရမယ်ဆိုရင်တော့ အဖွဲ့အနေ
အထားအရ၊ အပိုဒ်ရေအရ၊ ချီပုံချပုံအရ အမျိုးမျိုးခွဲခြားလို့ရပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် အပိုဒ်ရေအရ 
ခွဲခြားပြီးပြောပါတယ်။ 

ဒီလိုခွဲခြားတဲ့အခါ ...
‎(၁) ဧကပိုဒ်ရတု (အပိုဒ်ကြီး ၁-ပိုဒ်သာ ပါသောရတု)
‎(၂) အဖြည့်ခံရတု (အပိုဒ်ကြီး ၂-ပိုဒ် ပါသောရတု)
‎(၃) ပိုဒ်စုံရတု (အပိုဒ်ကြီး ၃-ပိုဒ် ပါသောရတု) ... ဆိုပြီး အဓိကအားဖြင့် ၃-မျိုး ခွဲခြားထားပါတယ်။
နောက်ပိုင်းမှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။

အဲဒီ ၃-မျိုးထဲက ပိုဒ်စုံရတုမှာ ...

(က) သုံးချက်ညီ ပိုဒ်စုံ
(ခ) သတ်စေ့နှက်-သုံးချက်ညီ ပိုဒ်စုံ
(ဂ) ကိုယ်တွင်းပြည့် ပိုဒ်စုံ
(ဃ) စကြာ ပိုဒ်စုံ
(င) တောင့်တဲတွန့် ပိုဒ်စုံ
ဆိုပြီး အချီ အချပုံစံ၊ စပ်ပုံစပ်နည်း၊ ပဒအနေအထား၊ ကာရန်အနေအထား ကွဲပြားတာကိုလိုက်ပြီး ငါးမျိုး
ထပ်ခွဲပါတယ်။

အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရဟာ ရတုပုံ ပုံဆန်းပုံသစ်ကို အထွင်နိုင်တော်မူဆုံး
စာဆိုကြီးပဲ ဖြစ်ပါတယ်။ ပိုးတောင့်တဲကလေးတွေ လမ်းလျှောက်သလို ခြေလှမ်းကြဲချည် စိပ်ချည်နဲ့
အက္ခရာလေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ်ဖွဲ့ ဆိုရတဲ့ ရတုကို တောင့်တဲတွန့်ရတု ဆိုပြီး အမည်တွင်
ခဲ့ပါတယ်။ ကမ္ဘာကျော် ညှို့မင်းသမီး မာရီလင်မွန်ရိုး (Marilyn Monroe) ရဲ့ wiggle walk ကို သတိ
ရချင်စရာပါပဲ။  ဆရာတော်ဟာ ဒီနည်းကို ‘ဝဏ္ဏပဘာ’ချီ တောင့်တဲတွန့်ရတုမှာ ‘ဝဏ္ဏပဘာ၊ ကလျာ
ဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လစ်တင့်စံပယ်၊ လှမျိုးကြွယ်သား’ စသည်ဖြင့် စပ်ဆိုထားပါတယ်။ 
(မူကွဲအနေနဲ့ သုဝဏ်ပဘာ၊ ရွှေကြာပွင့်ဖူးသစ် ... ဆိုပြီးလည်း တွေ့ဖူးပါတယ်)

တခြားစပ်ဆိုနည်း အဆန်းတွေကတော့ ကြာဝတ်ဆံတိုင် တစ်ခုတည်းကနေ ပွင့်ချပ်တွေ ဖြာထွက်လာ
တဲ့ ပဒုမ္မာကြာပန်း ပုံသဏ္ဌာန်မျိုး ဖွဲ့ဆိုတဲ့ ပဒုမ္မာကြာဆိုနည်း ရတု ဆိုပြီးလည်း ထွင်ဆိုတော်မူခဲ့ပါသေး
တယ်။ ဆရာတော်၏ အမြတ်ငါးဆူ ဧကပိုဒ်ရတုမှာ -

ငါးဆူ ရွှေကြာ၊ နိမိတ်လာ၍၊
ငါးဖြာမြွာလျှက်၊ တစ်ပင်နက်တွင်၊
ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက စသည်ဖြင့် ‘ငါး’ ဆိုတဲ့ စကားတစ်လုံးတည်းကို ကြာဝတ်ဆံတိုင်လို ဗဟို
ပြုပြီး ပဒုမ္မာကြာဆိုနည်း ရတုကို စပ်ဆိုခဲ့ပါတယ်။ (ယန္တရားစကြာလည် ရတုလို့လည်း ခေါ်ပါတယ်) ၊
ဒါ့အပြင် ပုလဲတစ်တန့် သန္တာတစ်တန့် ရတု ဆိုပြီးတော့လည်း အမည်မှည့်လို့ တီထွင်စပ်ဆိုခဲ့ပုံကို-
မြတ်မျိုး မြင့်မှန်၊ ကြင်ပေတန်၍၊  ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား ... စတဲ့ ဧကပိုဒ် ရတုမှာ ပုလဲလုံး
သဖွယ် အက္ခရာ ညီညီတစ်တန်း၊ သန္တာကျောက်သဖွယ် အက္ခရာမညီတဲ့ အပိုဒ်တစ်တန်းဆစ်ပြီးဖွဲ့ထား
ကြောင်းတွေ့ရပါတယ်။

ဒီနည်း နှစ်နည်းကိုတော့ ကျနော် လင်္ကာ အခန်းမှာ ရေးသားခဲ့ပြီးဖြစ်တာမို့ဒီမှာ အကျယ်မဖော်ပြတော့
ပါဘူး။ မြန်မာကဗျာ ဆိုတာ ဂျို(ချို)နဲ့လား (၇) - လင်္ကာ အခန်းမှာ အကျယ် ပြန်ဖတ် ကြည့်နိုင်ပါတယ်။

တခြားစပ်ဆိုနည်း အဆန်းရတုတွေကတော့ ...
ရွယ်ရန်ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီသား’ ဟူသော အက္ခရာတစ်လုံးတည်းကို အပိုဒ်တိုင်းတွင် ရွဲသီသ
လိုသုံးပြီး ရေးတဲ့ မုတ္တာရွဲသီရတုတွေလည်းရှိတဲ့အပြင် နဝဘာအင်း ဆိုနည်း၊ တံခွန်စာဆိုနည်း၊ သန်လျှက်
စာဆိုနည်း၊ မြင့်မိုရ်ဆိုနည်း၊ သုံးလွန်းတင်ဆိုနည်း၊ ဥသျှောင်ဆိုနည်း စတဲ့ စာဆိုနည်းတွေနဲ့ စပ်ဆိုထား
ကြတဲ့ ရတုတွေလည်း ရှိပါတယ်။ ဒါတွေကတော့ လင်္ကာစာရင်းထဲလည်း ထည့်လို့ရပါတယ်။ များသော
အားဖြင့် တပိုဒ်တည်းသာ ရေးကြတာမို့ (ဧကပိုဒ် ရတု) အဖြစ် ယူဆ ကြတာ ဖြစ်ပါတယ်။ မုတ္တာရွဲသီရေး
နည်းကတော့ ပဒုမ္မာကြာဆိုနည်းနဲ့ ဆင်ပေမဲ့ ပဒုမ္မာကြာဆိုနည်းမှာလို “စာလုံးတလုံးတည်း” မဟုတ်ဘဲ “အက္ခရာတလုံးတည်း” ကိုသာ သုံးတာဖြစ်ပါတယ်။

ရေးဖွဲ့တဲ့အကြောင်းအရာအပေါ် မူတည်ပြီးလည်း ရတုဖွဲ့ဆိုရာမှာ အမျိုးမျိုးကွဲပါသေးတယ်။ မြတ်စွာဘုရား
ကနေစပြီး ပုဂ္ဂိုလ်တဦးဦးကို တိုင်တည်ဖွဲ့ဆိုထားတဲ့ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတု၊ သစ္စာတိုင်ရတုတွေ
တင်မက နတ်တိုင်၊ ရုက္ခစိုးတိုင်၊ ရှင်ဥပဂုတ်တိုင်၊ မိုးတိုင်ရတု စတဲ့ရတုတွေ၊ စစ်ချီစစ်တိုက်ရင်း ဖွဲ့ဆိုတဲ့ စစ်
ချီရတု၊ တိရစ္ဆာန်တမျိုးမျိုးကို စေလွှတ်ပြီး ပေးတဲ့ပုံစံမျိုးဖွဲ့ဆိုတဲ့ ကျေးစေရတု၊ သာလိကာစေရတု တွေသာ
မက ခွေးစေ၊ တစ္ဆေစေ ဆိုတဲ့ ရတုတွေအပြင် ရာသီဥတုနဲ့ပတ်သက်ပြီး ဖွဲ့ဆိုတဲ့ ရာသီဘွဲ့ရတု၊ မိုးတော
ရတု၊ မိုးကြိမ်ရတု၊ မိုးငေါ့ရတု၊ ခရီးလမ်းပန်းအကြောင်း ဖွဲ့ဆိုတဲ့ တောလားရတု၊ ရေလားရတု စတာတွေ
အပြင် မြို့ဘွဲ့ရတု၊ ဘုန်းတော်ဘွဲ့ရတု၊ မောင်ဘွဲ့မယ်ဘွဲ့ရတု၊ မေးဖြေရတု၊ အခံရတု၊ အလိုက်ရတု၊ သျှိုး
လိုက်ရတု၊ မင်္ဂလာရတု ... အစရှိသဖြင့် အမျိုးပေါင်း များစွာရှိပါတယ်။ ဒါကြောင့် ယေဘူယျအားဖြင့် အတိ
အကျသတ်မှတ်လို့လွယ်တဲ့ အပိုဒ်ရေကို အခြေခံပြီးခွဲခြားခြင်းဟာ သင့်တော်ပါတယ်။

အချီအချပေါ် မူတည်ပြီး ရတုအမျိုးအစား ခွဲခြားပုံကိုတော့ အမှတ် (၄) အချီအချအားဖြင့် 
ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဖော်ပြပါမယ်။

(၃) ပိုဒ်ရေအားဖြင့်

တကယ်တော့ ရတုဟာ လင်္ကာကနေ ပေါက်ပွားလာတဲ့ ကဗျာအဖွဲ့အနွဲ့ဖြစ်ပေမဲ့ လင်္ကာလို မဟုတ်ဘဲ 
ဖွဲ့ဆိုရာမှာ စည်းစံနစ် ရှိပါတယ်။ လင်္ကာမှာ ပိုဒ်ရေတွေ ကြိုက်သလောက်ဖွဲ့နိုင်သလို အဖျားချမှာလည်း
စာလုံးရေ အကန့်အသတ် မရှိပါဘူး၊ ရတုမှာ တော့ တပိုဒ်တည်းဖွဲ့စပ်လျှင် ဧကပိုဒ်နှစ်ပိုဒ်ဖွဲ့စပ်လျှင်
အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံ ရယ်လို့ခေါ်ဆိုပါတယ်။ စာဆိုဉာဏ် ဘယ်လောက်ထက်သန်တဲ့ သူ
ပဲဖြစ်စေ၊ ရတုကို အပိုဒ်ကြီးသုံးပိုဒ်ထက်ပိုမဖွဲ့ကြပါဘူး။ သုံးပိုဒ်ထက်ပိုတဲ့ ကဗျာတွေကိုလည်းများသော
အားဖြင့် ရတုလို့ အသိအမှတ် မပြုကြပါဘူး။ (သျှိုးလိုက်ရတုတွေကတော့ ချွင်းချက်အနေနဲ့ အပိုဒ်ရေ
သုံးပိုဒ်မက အများကြီးဖွဲ့ကြပါတယ်) အပိုဒ်ကြီးတပိုဒ်မှာ အချီပိုဒ် ခေါ် အစပိုဒ်နဲ့ အချပိုဒ်ခေါ် အဆုံးပိုဒ်
အပါအဝင် ပဒ (အပိုဒ်ငယ်) အရေအတွက် အားဖြင့် အနည်းဆုံး ၇-ပိုဒ် ကနေ အများဆုံး ၁၀၈-ပိုဒ် အ
ထိ ‎ထားနိုင်ပါတယ်။ ၁၀၈ - ပဒထက် ပိုပြီး မဖွဲ့ရပါဘူး။ အဖျားချတွေမှာလည်း (၃)လုံး၊ (၅)လုံး၊ (၇)လုံး၊ 
(၉)လုံး၊ (၁၁)လုံး၊ (၁၅)လုံး၊ (၁၉)လုံး စသည်ဖြင့် အနည်းဆုံး ၃-လုံးကနေ အများဆုံး ၃၅-လုံးအထိ 
အဖျားချစာလုံး အရေအတွက် သီးသန့် သတ်မှတ် ထားပါတယ်။ (၃)လုံးနဲ့ (၅)လုံးက အသုံးအလွန် 
နည်းပါတယ်။ “အမှတ် (၄) အချီအချအားဖြင့်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဆက်လက် 
ဖော်ပြပါမယ်။  စိတ်ဝင်တစား ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ...

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၄)

ရတု

အခု ဖော်ပြမှာကတော့ လူအများဆုံးမေးကြတဲ့ လေးလုံးစပ်ကဗျာလင်္ကာထဲမှာပါတဲ့ ရတု စပ်နည်းပဲ ဖြစ်ပါ
တယ်။ ‎ရတုဟာ လင်္ကာရဲ့ အကိုင်းအခက် တခုပဲ ဖြစ်ပါတယ်။ လင်္ကာကနေ မြစ်ဖျားခံလာတယ်လို့ မှတ်
ယူနိုင်ပါတယ်။ ရတုကို ခေတ်အဆက်ဆက်မှာ စာဆိုအကျော် အများအပြားက အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့ခဲ့ကြပါ
တယ်။

ရတုစာဆိုရှင်တွေကို ကြည့်မယ်ဆိုရင်တော့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောဒီပ၊
ဆီးပန်းနီဆရာတော် - တို့လို ရဟန်းပညာရှိတွေ၊ မင်းနဝဒေး၊ မင်းလက်ဝဲသုန္ဒြ၊ မင်းဥက္ကာပျံ၊ မင်းလက်ဝဲသုန္ဒရ - စတဲ့ အမတ်ပညာရှိတွေ၊ လှော်ကားသုံးထောင်မှူး၊ ထောင်သင်းမှူး၊ ဇေယျရန္တမိတ်၊ ရှင်သံကိုယ် -
စတဲ့ အရာရှိအရာခံတွေ၊ ရာဇဓာတုကလျာမင်းသမီး၊ ဆင်ဖြူရှင်မင်းတရားသ္မီးတော် နဲ့ ကြံညှပ်မင်းသ္မီး
စတဲ့ မဟာဆီမဟာသွေး မင်းသမီး သမီးတော်တွေအပြင် အင်းဝဘုရင် ပထမမင်းခေါင်၊ ဇင်းမယ်ဘုရင်
မင်းမြတ်၊ တောင်ငူဘုရင်မင်းမြတ် (နတ်သျှင်နောင်)၊ ဟံသာဝတီရောက် မင်းတရားကြီး တို့လို ဘုရင်
မင်းမြတ်စာဆိုတော်တွေပါ ရှိပါတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်စာဆိုကတော့ နည်းပါးလှပါတယ်။

ရတုစပ်နည်းဟာ အတော်လေး ကျယ်ပြန့်ပါတယ်။ “မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဆင်းသောရေ
သည် မဟာသမုဒ္ဒရာ ၌သာ ပေါင်းဆုံမြဲဖြစ်ကြသကဲ့သို့ စင်စစ်အားဖြင့် ခပ်သိမ်းသော စာစီစာကုံး ရေးထုံး
ရေးနည်းဟူသမျှတို့သည်၊ မူလအခြေခံကြီး ဖြစ်သော ထိုရတုရေးနည်းကို နားလည်လျှင်မည်သည့်အစပ်အ
ဟပ်မျိုးမှာမှခဲယဉ်းဘွယ်မရှိပြီ ...” လို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
မိန့်ဆိုထားပါတယ်။ ဒါကြောင့် ရတုကဗျာရဲ့သဘောလက္ခဏာကို ‎အကုန်အစင်သိပြီးပြီဆိုရင် ပျို့၊ မော်ကွန်း၊
ရကန်၊ အဲချင်း၊ အိုင်ချင်း၊ အန်ချင်း တို့ကိုလည်း ‎အကုန်လွယ်ကူ နားလည်နိုင်ပါလိမ့်မယ်။ ရတု ရေးနည်း
ဥပဒေသတွေကိုလည်း အရင် ကဗျာပုံစံတွေလိုပဲ ဝိဘာဂ အစိတ်အပိုင်း ၈-မျိုးနဲ့ ပိုင်းခြားပြပါမယ်။ ဒီလို
ပိုင်းခြားမပြခင်မှာရတုအကြောင်း၊ ရတုကဗျာတွေရဲ့ နောက်ခံသမိုင်းကိုအလျဉ်းသင့်လို့ ဒီနေရာမှာဗဟုသုတ အနေနဲ့ မကျဉ်းမကျယ် ရေးသားဖော်ပြပါမယ်။


ရတုဟူသည် ...

မြန်မာစာပေမှာ ပုဂံခေတ်ကတည်းက ရတုကဗျာတွေ ပေါ်ပေါက်နေတယ်လို့လည်း ထင်မြင်ယူဆဘွယ်
ရှိပါတယ်။ ပုဂံခေတ်မှာ ပေါ်ပေါက်တဲ့ ရတုတွေကို မျက်ဝါးထင်ထင် မတွေ့ရှိကြရပေမဲ့လည်း ရတုသဘော
သက်ဝင်တဲ့ လင်္ကာတိုကလေးတွေကို တွေ့ရှိရတာကြောင့် လည်းကောင်း၊ ပုဂံခေတ်ပေါ်ကျောက်စာများမှာ
ကာရန်အစပ်အဟပ်ညီတဲ့ အဖွဲ့ကလေးများကို တွေ့ရ တာကြောင့် လည်းကောင်း၊ ဒီထင်မြင်ယူဆချက်တွေ
ဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ ဥပမာ ပြရရင် သက္ကရာဇ် ၅၃၆-ခုနှစ် နရပတိစည်သူမင်းကြီးလက်ထက်
မှာ မင်းယဉ်နရသိင်္ခ၏အထိန်းတော် အနန္တသူရိယအမတ်ဟာ မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရအံ့ဆဲ
ဆဲမှာ ရေးခဲ့တဲ့ ...

"သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"

အစချီတဲ့ လင်္ကာတိုကလေးရယ်၊ အဲဒီခေတ်ကာလလောက်ကပဲ ဖွဲ့ဆိုတယ်လို့ ယူဆနိုင်တဲ့ ...

"သိုးကလေး။    ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊
ရွှေနှင့်ယိုးမှား၊ ပန်းစကား"

အစရှိတဲ့ ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာရယ်၊ ဒါ့အပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုတယ်လို့ယူဆအပ်တဲ့ ...

"မြကန်သာ။ ။တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ 
ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။"

အစရှိတဲ့ ‘မြကန်ဘွဲ့’ လင်္ကာတိုကလေးရယ်မှာ ပဒလေးလုံး၊ ပဒသုံးလုံးနဲ့ အစချီလို့ လေးလုံးစပ် ကာရန်နဲ့
ဖွဲ့ဆို ထားပြီး အချပိုဒ်မှာလည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖွဲ့နွဲ့တာကြောင့် လင်္ကာလို့ပဲ ခေါ်ပေမဲ့
တကယ်တော့ ရတုသဘော သက်ဝင်တယ်လို့ ဆိုရပါမယ်။

ရတုစစ်စစ်အရေးအသားကို ပုဂံခေတ်နှောင်း၊ ပင်းယခေတ်ဦးလောက်မှာ စတင်တွေ့ရတယ်လို့ ဆိုရမှာဖြစ်
ပါတယ်။ ပင်းယခေတ် သက္ကရာဇ် ၇၀၀-ကျော်လောက်မှာ သက္ကတကျမ်းတတ် လောကနီတိဆရာ ပင်းယ
စတုရင်္ဂဗလအမတ်ကြီးက ရေးတဲ့ ...

ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ 
ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ...

အစချီတဲ့ ရတုကဗျာအဖွဲ့မှန်လို့ ဆိုအပ်တဲ့ ပိုဒ်စုံရတုကို မြန်မာစာပေနယ်ပယ်မှာ အစောဆုံးတွေ့ရပါတယ်။
ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော် ရှင်နာဂိတ ကို မြတ်စွာဘုရား တရားတော် ပရမတ္ထအရာ
အဘိဓမ္မာနည်းများအကြောင်းနှင့် စပ်လျဉ်းပြီး မေးမြန်းရေးသားထားတဲ့ အမေးပုစ္ဆာရတု ဖြစ်ပါတယ်။ တဖန်
ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့ပါတယ်။

တွေ့ရှိရသမျှ ရတုတွေထဲမှာ စတုရင်္ဂဗလအမတ် ရေးတဲ့ ဒီရတုဟာ အစဉ်အလာ အမှတ်အသားအရ
လေးလုံးစပ်ကာရန်စနစ်ကို အသုံးပြုတဲ့ ပထမဆုံးသော ကဗျာလင်္ကာ ဖြစ်ကြောင်း အသိအမှတ် ပြုထား
ကြပါတယ်။ ရတုပီပီသသ အဟောင်းဆုံး ရတုကြီးတစ်ပိုဒ်ပဲ ဖြစ်ပါတယ်။ လောက်လို့ ဆိုရပါလိမ့်မယ်။
ဒါပေမဲ့ တခြားရတုအများစုလို မယ်ဘွဲ့၊ မောင်ဘွဲ့ မဟုတ်ဘဲ မြတ်စွာဘုရားရဲ့တရားတော်အကြောင်းနဲ့
စပ်လျဉ်းရေးသားထားတဲ့ ဓမ္မသဘောသက်ဝင်တဲ့ရတု ဖြစ်ပါတယ်။

အင်းဝခေတ်ကနေ အစပြုပြီး ရတုနယ်ပယ်ဟာ ကျယ်ဝန်းလာပါတယ်။ အရေးအသားတွေလည်း တိုးတက်
လာပါတယ်။ မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုတွေ ပေါ်ပေါက်လာ ပါတယ်။ ရတုစာဆို အများအပြား ပေါ်
ထွန်းခဲ့ပါတယ်။ အင်းဝဘုရင် ပထမမင်းခေါင်၊ စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊
ရခိုင်သူ မိညို၊ အင်းဝသူ မိဖြူ၊ ရှင်ထွေးနာသိန် စတဲ့ စာဆိုတွေဟာ အင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြ
ပါတယ်။

အင်းဝခေတ်မှာ အရှိန်ရလာတဲ့ ရတုအရေးအသားဟာ တောင်ငူခေတ်မှာ တံခွန်စိုက်တယ်လို့ ဆိုရပါမယ်။
လူပုဂ္ဂိုလ် အများအပြားဖွဲ့ဆိုလာတာမို့ တောင်ငူခေတ်ကို ရတုခေတ်ကြီး လို့လည်း ခေါ်တွင်ပါတယ်။ သက္က
ရာဇ် ၉၀၀-ကျော် လောက်မှာ ရတုနဝဒေးကြီးလို့ ကျော်စောထင်ရှားတဲ့ စစ်ကိုင်း ထောင်သင်းမှူး (ခေါ်)
စလင်းလက်ျာ (ခေါ်) ပြည်နဝဒေးကြီးဟာ ရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးကို စပ်ဆိုဖွဲ့နွဲ့ခဲ့ပါတယ်။ ရတုအများ
ဆုံး ဖွဲ့နွဲ့ခဲ့တဲ့ စာဆိုရှင်ပါ။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ-ခန့် အကြာမှာ ရတုဘုရင် နတ်သျှင်နောင် ပေါ်ခဲ့
ပြန်ပါတယ်။ တောင်ငူဘုရင်မင်းမြတ် ဖြစ်တဲ့ နတ်သျှင်နောင်ဟာ မြန်မာကဗျာသမိုင်းမှာ စံတင်ရလောက်တဲ့
ရတုပုဒ်ရေ ၆၀-ကျော် ရေးသားဖွဲ့နွဲ့ခဲ့ပါတယ်။ စကားကျစ်လျစ် သိပ်သည်းပြီး လှပပြောင်မြောက်တဲ့ အဖွဲ့
တွေနဲ့ မွမ်းမံထားတဲ့ ရတုတွေကြောင့် နတ်သျှင်နောင်ကို ‘‘ရတုဆိုခြင်း၌ သိမ်မွေ့၏။ ဂမ္ဘီရဉာဏ်နှင့် ပြည့်
စုံ၏’’ဟု ဆိုကြပါတယ်။ နတ်သျှင်နောင်ရဲ့ ရတုတွေဟာ စာဆိုတွေရေးဖွဲ့သမျှ ရတုတွေထဲမှာ အကောင်း
ဆုံးလို့ အသိအမှတ်ပြုထားကြပါတယ်။ ဒါကြောင့် အဟောင်းဆုံး ရတုဆရာ ဟာ စတုရင်္ဂဗလအမတ်၊ အ
ကောင်းဆုံး ရတုဆရာဟာ နတ်သျှင်နောင်၊ အများဆုံး ရတု ဆရာဟာ နဝဒေး လို့ ဆိုပါတယ်။ တောင်ငူ
ခေတ်ရဲ့ ထင်ရှားတဲ့ တခြားရတုစာဆိုတွေကတော့ လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊
မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ပါတယ်။

ညောင်ရမ်းခေတ်မှာတော့ တောင်ငူခေတ်လောက် ရတုတံခွန်မစိုက်ပေမဲ့ ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ
စသော ရတုစာဆိုတွေ ရှိသေးတဲ့အတွက် ရတုအရေးအသား မပြတ်လပ်ခဲ့ပါဘူး။ ညောင်ရမ်း ၁၀-ဆက်
မြောက် ဟံသာဝတီရောက် မင်းတရားကြီးဟာ အင်းဝပျက်ပြီး ဟံသာဝတီမှာနေရတုန်း နတ်ရွာစံခါနီးမှာ
‘ပုဂ္ဂိုလ်ခြောက်မည်’ အစချီ သုံးချက်ညီ သံဝေဂပိုဒ် ရတုကို ရေးသားတော်မူခဲ့ပါတယ်။

ညောင်ရမ်းခေတ်အပြီး ကုန်းဘောင်ခေတ်မှာလည်း ရတုတွေ ဆက်လက်ရေးဖွဲ့ခဲ့ကြပြန်ပါတယ်။
“မဲဇာတောင်ခြေ” အစချီတဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ပိုဒ်စုံရတုဟာ အခုထိ ထင်ရှားဆဲ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ရတုစာဆိုတွေကတော့ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဥ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုးသူတော်ဦးမင်း၊ ဦးယာ၊ ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန်
မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ရတု ရေး
နည်း ဥပဒေသတွေအကြောင်း ဝိဘာဂအစိတ်အပိုင်း ၈-မျိုးနဲ့ပိုင်းခြားဖော်ပြပါမယ်။


‎ရတု ရေးနည်း ဥပဒေသများ

(၁) အမည်အားဖြင့်
ရတုဆိုတဲ့ စာလုံး ကို အမည်အားဖြင့် ကြည့်မယ်ဆိုရင် …
‎(က) သဘင်၊ အခမ်းအနား၊ အခြေအနေ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ မြန်မာပေါရာဏ (ရှေးစကား) စကားလုံး
‎(ခ) အခါရာသီ၊ ရာသီဥတု ဆိုတဲ့အနက်ကိုဖော်ပြတဲ့ သက္ကဋဘာသာစကားလုံးဖြစ်တဲ့ ‘ရိတု’ ဆိုတဲ့စကား
     က ရွေ့လျောလာတဲ့ စကားလုံး၊ (ပါဠိဘာသာအနေနဲ့ ‘ဥတု’ လို့ခေါ်ပါတယ်)
‎(ဂ) ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ လို့ အနက်အဓိပ္ပာယ်ရတဲ့ စကားလုံး (ဥပမာ -
     မဲဇာတောင်ခြေ-ရတု)
စသဖြင့် ၃-မျိုးရှိပါတယ်။

‎တချို့ကလည်း ‘ရတိံ၊ ဇနေတီတိ၊ ရတု’၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏
လို့ ဝိဂြိုဟ်ပြုခဲ့ကြပါသေးတယ်။ ဒီလို ရတု ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ၃-မျိုးကို ဥပမာ အနေနဲ့
ကောက်နုတ်ဖော်ပြထားတာတွေကို အနည်းအကျဉ်း တင်ပြပါ့မယ် ...

‎‎(က) ‘သဘင်၊ အခမ်းအနား၊ အခြေအနေ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....

• ‎ကျူးချီပဉ္စင်၊ သဘင်ပျော်မှု၊ မင်း‘ရတု’ဖြင့်၊ ရွယ်နုထွားမွတ် ... ။ (ဇယဒိသပျို့)

• ‎ရွှင်ပြုံးပျော်ပါး၊ နဂါးတို့မှု၊ ‘ရတု’သဘင်၊ ပဉ္စင်တူရိယာ ... ။ (စမ္ပေယျပျို့)

• ‎မြစ်ခွင်အလုံး၊ မဆုံးလေမှု၊ ရေ ‘ရတု’ ဝယ်၊ ပြည်သူ့ဦးခေါင်း ... ။ (မဟာဝီရချီ - ကျေးသားခန်း)

• ‎သည်းကြားလွန်ကြင်၊ မိချစ်ရှင်အား၊ သဘင် ‘ရတု’၊ မင်းမှုပိုက်ဖြား ... ။ (သခင်ကြီးဧးချင်း)

• ‎စမြောင်ရွှေသိုင်း၊ ရီရိုင်းရောရု၊ မင်း ‘ရတု’ ဖြင့်၊ မင်းမှုမင်းလျှောက် ... ။ (ဇနကပျို့)

‎ဒီနေရာမှာ ဗဟုသုတအနေနဲ့ ပြောရရင် ....

• အများနဲ့စပ်ဆိုင်တဲ့ အဖွဲ့မျိုးဟာ ‘သဘင်’၊

• အများနဲ့မစပ်ဆိုင်ဘဲ တဦး တယောက် အတွက်ပဲ စပ်ဆိုထားတာဆိုရင် ‘အခမ်းအနား’၊

• ပကတိဖြစ်ထွန်းတဲ့ သဘာဝဓမ္မ ဩကာသ လောက တောတောင် ရေ မြေ အခြေအနေတွေကို ပြရင်
‘အခြေအနေ’ ...

ဆိုတဲ့ သဘောသက်ရောက်ကြောင်း ယူဆကြပါတယ်။ ရွှေရတု၊ ငွေရတု၊ စိန်ရတု စတဲ့ အခမ်းအနား
ကို ခေါ်ဝေါ်ကြပုံမျိုးပါ။ ရှေးဟောင်း မြန်မာဘာသာစကားသုံး သက်သက်မျှသာ ဖြစ်ပါတယ်။

‎(ခ) ‘အခါရာသီ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....

• ‎သန်ဆောင်းခါနွေ၊ သုံးထွေဥတု၊ ‘ရတု’ ခြောက်လီ၊ ရာသီသာစွာ့၊ ဆဲ့နှစ်လတွင် ... ။ (ဣတိသိင်္ဂပျို့)

• ‎မပူမလောင်၊ မခေါင်မိုးလေ၊ သုံးထွေ ‘ရတု’၊ ညီသမှုဖြင့်၊ တောင်သူ့တောသား ... ။ (ဂုတ္တိလပျို့)

• ‎နန်းတောင်းများလျှင်၊ ငါးရာ့ခုနစ်ဆယ်၊ စွန်းကယ်သုံးခု၊ ‘ရတု’သစ်ဆင်း ... ။ (စစ်ကိုင်းမင်း - မျိုးတော်ရတု)

• ‎နယုံတွယ်တာ၊ နံကာပန်းလု၊ ‘ရတု’သစ်ဆင်း၊ တော်သလင်းလျှင် ... ။ (နဝဒေးဆို - ဟံသာဝတီဖွဲ့ရတု)

• ‘ရတု’ခြောက်မည်၊ အတည်တည်၊ မည်သို့ခွဲချမ်းပေလိမ့်နည်း။ (စွယ်စုံကျော်ထင် - ညသတ်)

• ‎ဂိမန္တဟု၊ သာလှပျော်မှု၊ သည် ‘ရတု’ ၌၊ ညွန့်နုဆဲဆဲ ... ။ (ဂါထာ ၆၀-ပျို့)

• သုံးလီဥတု၊ လက်ဝယ်လုသား၊ ‘ရတု’သာစွာ့၊ လမဏ္ဍလင်၊ သဘင်ဂိမှန် ... ။ (ကပ္ပီလဝတ်ကြွခန်း
- တောလားရတု)

‎တစ်နှစ်မှာ နွေမိုးဆောင်း သုံးရာသီရှိသလို ရတုမှာလည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိပါတယ်။
အကြောင်းအရာ အားဖြင့် ရာသီဘွဲ့တွေကို အထူးဖွဲ့ဆိုခဲ့ကြတာလည်း ရှိပါတယ်။

‎(ဂ) ‘ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....

• ‎‎အေးကြိုက်ချည်ချည်၊ ဖျည်ဖျည်ညှင်းညှင်း၊ သီချင်း ‘ရတု’၊ ပျော်မှုတသီး ... ။ (သံဝရပျို့)

• တတ်သော်ကောင်းဟု၊ ညှင်းစောင်းကဗျာ၊ လင်္ကာ ‘ရတု’၊ ရေးသားမှုနှင့် ... ။
  (ရှင်မဟာရဋ္ဌသာရဆို - ကိုယ်ရည်သွေးရတု)

• ‎သိပ္ပခေါင်ထွတ်၊ တတ်ပါစေချည်း၊ ဖွဲ့နည်းကဗျာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ ... ။
   (နန်းတွင်းသူ မယ်ဖြူဆို - ကိုယ်ရည်သွေးရတု)

• ‎ဝှန်တက်ပညာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့် ... ။
  (နန်းတွင်းသူ မယ်ညိုဆို - ကိုယ်ရည်သွေးရတု)

• ‎ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား ... ။
  (မာန်လည်ဆရာတော်ရေး ရတုချီနည်းချနည်း လင်္ကာ)

‎စသဖြင့် ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ညောင်ရမ်းခေတ်မတိုင်မီက ရတုကို ‘ရမန္တိ သတ္တာ 
ဧတ္ထ တေနာတိဝါရတု’ ရယ်လို့ ဝိဂြိုဟ်ပြုသူက ပြုကြပါတယ်။ အနက်ကတော့ ... သတ္တာ၊ 
သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊ မွေ့လျော်ကြကုန်၏။ ထိုကြောင့် 
ဝါရတု၊ ရတုဟု ခေါ်၏ ... လို့ အနက်ပြန်ထားပါတယ်။

အဓိက ဆိုလိုချင်တာကတော့ ရတု ဆိုတဲ့ စကားလုံးကို ‎အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားပြီး သုံးစွဲလေ့ရှိတယ်၊
သုံးစွဲနိုင်တယ်ဆိုတာပါပဲ။‎ ရတု လို့တွေ့ရတိုင်း ကဗျာပဲ လို့မပြောနိုင်ပါဘူး။ တခြားအဓိပ္ပာယ်တွေနဲ့
လည်း သုံးနိုင်ပါတယ်။

‎“ရိုးသားလှသော အမျိုးသမီး” လို့ အဓိပ္ပာယ်ရတဲ့ “ရတူ” ဆိုတဲ့ ပါဠိဘာသာကနေ ရတု-ဖြစ်လာတယ်
လို့လည်း မှတ်သားဖူး ပါတယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ် စတဲ့ ကဗျာတွေလို အချိုးအဆစ် အက္ခရာ
လုံးရေအားဖြင့် အဆန်းတကြယ် ဖွဲ့နွဲ့စီကုံးခြင်း မဟုတ်ဘဲ အချိုး မဖက် ၄-လုံးစပ် ရိုးသားတဲ့ မိန်းမပျို
လေးလို ရိုးရိုးကလေးစီကုံးတဲ့ အဖွဲ့အနွဲ့ဟာ ရတုမည်တယ်လို့ ဆိုလို ခြင်း ဖြစ်ပါတယ်။ ရတုသွားတွေ
ကို ကြည့်လျှင်လည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။

မြန်မာမှုမှာ ဥတု ၃-ပါး၊ ဥတု ၆-ပါးကို ရတု ၃-ပါး၊ ရတု ၆-ပါးလို့ ဆိုလေ့ရှိသလို၊ အနံ့ကို ရနံ့ ဆိုပြီး
ပြောဆိုသလို ရတုဆိုတာဟာလည်း အတုနှင့်အတူတူပဲဖြစ်တယ်။ ‘အတု’ ဆိုတဲ့ မြန်မာစကားမှာ ‘အ’
နေရာမှာ ‘ရ’ ကိုသွင်းပြီး ရတု ဖြစ်လာတယ်လို့လည်း ဆိုသင့်ကြောင်း ပြောကြပါတယ်။ ဒါ့အပြင် ရတု
ကို မြန်မာဝေါဟာရအနေနဲ့စဉ်းစားကြသူတွေကတော့ ရတု ဆိုတာ ရ နှင့် တုကို ပေါင်းထားတာဖြစ်လို့
မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုတဲ့ ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြပါတယ်။ ရကန်-ဆိုတဲ့ ကဗျာလင်္ကာစီကုံး
ရာမှာ တပါးသူတို့ရဲ့ စာသွားစာလာကို ကန်ကျောက်တွန်းလှန်ပြီး ရေးစပ်ရတယ်လို့ ဆိုပါတယ်။ ရတု
ကတော့ ဒီလိုမဟုတ်ဘဲ ရှေးသူဟောင်းတွေရဲ့ စာသွားစာလာကို အတုယူပြီး စီကုံးဖွဲ့နွဲ့ကြရပါတယ်။
ရှေးပုဒ်အချီအချကို နောက်ပုဒ်က အတုလိုက်ပြီး ချီရ-ချရပါတယ်။ ဒါကြောင့် အတုအပ အပြိုင်အဆိုင်
စပ်ဆိုတဲ့ ကဗျာတမျိုး၊ အတုယူကာ အတုပြုကာ ဖွဲ့ဆိုရတဲ့ အဖွဲ့ကို ရတု-လို့ ဆိုလိုပါတယ်။  ကျန်တဲ့
ဥပဒေသတွေကို ဆက်လက်ဖော်ပြသွားပါ့မယ် ...

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၃)

တေးတွဲ့

‎တေးတွဲ့ကဗျာအမျိုးအစားဟာလည်း အခုခေတ်မှာ တိမ်မြုပ်နေပြီဖြစ်ပေမဲ့ ရေးသားစပ်ဟပ်ရာမှာ အလွန်
စိတ်ဝင်စားစရာ ‎ကောင်းတဲ့ ကဗျာမျိုး ဖြစ်ပါတယ်။ ဗဟုသုတလည်း ရအောင်၊ အမျိုးအစားလည်း စုံအောင်
ရည်ရွယ်ပြီး အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။ တေးတွဲ့ဆိုတဲ့ အမည်ကို အရင်စကြည့်မယ်ဆိုရင် ... ။

တေး - ဆိုတာ ကဗျာ သီချင်း လို့ အဓိပ္ပာယ်ရပြီး သင်္ချာ ဂဏန်းအရ ၃- ဆိုတဲ့ အနက်ကို ဖော်ပြပါတယ်။
တွဲ့ - ဆိုတာကတော့ လေးကန် ဖင့်နွှဲတဲ့ အနက်သဘောကို ဖော်ပြပါတယ်။ ဒါကြောင့် ဖြေးနှေး ဖင့်နွှဲစွာ
ရွတ်ဆိုရသော ကဗျာ (သို့မဟုတ်) အပုဒ် ၃-ပိုဒ်ဖြင့် ဖင့်နွှဲ ဖြည်းညင်းစွာ သီဆိုရသော ကဗျာလို့ အဓိပ္ပာယ်
ဖွင့်ဆိုထားပါတယ်။

နောက်တမျိုးအနေနဲ့ဆိုရင် ...
တေး - ကို ဂဏန်းသင်္ချာ ၃-ခု အနေနဲ့ယူပြီး တွဲ့ - ကိုတော့ တွဲ (ဆက်တွဲခြင်း) အနက်အဓိပ္ပာယ်လို့ ယူ
ဆပြန်တော့ အပိုဒ် ၃-‎ပိုဒ် ဆက်တွဲ ရေးရတဲ့ ကဗျာလို့ အဓိပ္ပာယ် တမျိုးရပြန်ပါတယ်။

တေးတွဲ့ကို ရေးတဲ့အခါ အပိုဒ်သုံးပိုဒ် ရေးပြီး အချီ တူညီရမှာဖြစ်ပါတယ်။  အချီပိုဒ်ကို လဟုချီပြီး ဂရု ချပါ
တယ်။ နောက်ဆုံးပိုဒ်ကိုတော့ တေးထပ်လိုပဲ “လေး” ဆိုတဲ့ စကားလုံးနဲ့ ချရပါတယ်။ ရတုတွေရေးတဲ့အ
ခါ အချီညီ၊ အချညီ ရေးကြပေမဲ့ အဲဒီလို အမြဲတမ်း ညီအောင်ရေးစပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ တေးတွဲ့
ကတော့ အချီ ညီကို ညီရပါမယ်။

တပိုဒ် မှာ အချိုး ၄-ချိုးစီ ‎ပါတယ်။ ရှေးလေးချိုးကြီး အသွားဆန်ဆန်၊ လေးလုံးစပ်တချို့၊ သံချို အသွားဆန်
ဆန် ‎ငါးလုံး,ခြောက်လုံး တချို့ ထားပြီး စပ်ရပါတယ်။ အချီမှာတော့ ၃-လုံး ချီနည်းနဲ့ ၄-လုံး ချီနည်း ‎နှစ်မျိုး
ရှိတယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။ နမူနာ တေးတွဲ့ ကဗျာတပုဒ် ကြည့်ရအောင်။

‎(၁) “ဘုံနန်းက-မှန်းဆ ချေ လျှင်
ဃောသ လေးပြန်၊ ဝေးလောက်တန်တွင်၊ နိဗ္ဗာန်ရည်မှန်းလို့၊ တည်သန်းပုံ သဗ္ဗညုလို၊ ရွှန်းနုစုံလင်
တက်, သက်,လှေကား၊ နှစ်စုံပွားလို့၊ ထူးခြားသန့်ရှင်း၊ ဘိုးတော်မင်းထက်၊ ဉာဏ်လင်းအင်
မြင် ‎တောင်းပေရ သေး
စူဠာမဏိ၊ မည်တော်ရှိတဲ့၊ သီရိထွေငေါ်၊ စေတီကျော်ကို၊ ပြည်တော်သူ သွတ်လှယ်ကူးလို့၊
‎ဖူးကြတယ် လေး

‎(၂) “ထုံပန်းလှ-ပန်းက ထွေအင်
ဆွမ်းတော် ရေကြည်၊ ပွဲရံတည်သား၊ တီးစည် ခတ်ရွမ်းလို့၊ ရောင်လျှမ်း အရုဏ်ခပ်လျှင်၊ ‎ဆွမ်းကပ်လို့ တင်
တန်ဆောင်တိုင်များ၊ ရေတော်ငါးနှင့်၊ နံပါး ပန်းသင်း၊ ညနေခင်းမှာ၊ ထပ်သွင်းတင်
ရင် ပြင် တော် ‎လင်းထိန်လို့ မွှေး
ရှင်လူကစ၊ နံနက် ညတိုင်း၊ ညွတ်ခ ပူဇာ၊ စိန္တေယျာဝယ်၊ မသေရာ နိဗ္ဗာန်နန်းကို၊ မှန်းဆုပန် လေး

 ‎(၃) “စုံဆန်းစွ- ခန်းဝဗွေ ပြင်
ကျောင်းတော် အုတ်ဂူ၊ အဆူဆူတွင်၊ နိဗ္ဗူရည်စူးတဲ့၊ ထေရ်ထူးတွေ ကိန်းပျော်ဝပ်တယ်၊ ‎ကွက်လပ်မ မြင်
တကျောင်းတော်လုံး၊ ရေကြည်သုံးဖို့၊ ပတ်ကုံးရှင်းလင်း၊ တောင်တူးရွင်းက ရေသွင်းလျှင်
ကန်တွင် ‎ရေပန်း လျှံလို့ ဖွေး
သောတုဇန၊ စာသင်စ၍၊ ထေရအရာ၊ မြတ်သံဃာတို့၊ ချမ်းသာစွာ မြတ်တရားကို အားထုတ်ကြ လေး


 ဒီပုံစံမှာ ...
‎(၁) “ဘုံနန်းက-မှန်းဆ ချေလျှင်”
‎(၂) “ထုံပန်းလှ-ပန်းက ထွေအင်”
‎(၃) “စုံဆန်းစွ- ခန်းဝ ဗွေပြင်” ...
‎ဆိုပြီး အချီ ၃-ပိုဒ် ကို နဘေကိုက်ပြီး အချီညီပိုဒ်စုံရတု လို စပ်ဆိုထားပါတယ်။
အချီ ၃-ပိုဒ်လုံးကို က-လှ-စွ ဆိုတဲ့ ‎လဟုသံ နဲ့ ချီထားပြီး လျှင်၊ အင်၊ ပြင် ဆိုတဲ့
ဂရုသံ နဲ့ ချထားပါတယ်။

နောက်အပိုဒ်တွေကို ကြည့်ရင်လည်း ရှေးလေးချိုးကြီး ရေးစပ်သလို လေးလုံးစပ်မျိုး အပြင် ‎ငါးလုံး,ခြောက်
လုံး သင့်သလို ထည့်ပြီး စပ်ဆိုသွားတာတွေ့နိုင်ပါတယ်။ ပထမချိုးရဲ့ အချနဲ့ ‎ဒုတိယချိုးရဲ့အချမှာ သံလျော့
သံချင်း ညီစေပြီး တတိယချိုးနဲ့ စတုတ္ထချိုးကို (ဧး =အေး) ကာရန်နဲ့ ‎ဆုံးစေရပါတယ်။ ဘာကြောင့်ဆိုတော့
တေးတွဲ့တပုဒ်လုံးရဲ့ အချဖြစ်တဲ့ စတုတ္ထချိုးရဲ့ အဆုံးမှာ ‎‎(လေး) သဒ္ဒါနဲ့သာ အမြဲ ချရလို့ပဲ ဖြစ်ပါတယ်။

တေးတွဲ့မှာ လေးချိုးလိုပဲ တတိယချိုး၏ ဆုံးခါနီးပိုဒ်မှာ ပထမချိုး၊ ဒုတိယချိုးကို ပြန်ငဲ့တဲ့ ကာရန်ပြန် ‎တချက်
စီ ရှိရပါသေးတယ်။
- ပထမပိုဒ်မှာ လျှင်-လင် .. ဆိုတာကို (ဉာဏ်လင်းအင် က) အင် နဲ့ ပြန်ငဲ့တယ်။
- ဒုတိယပိုဒ်မှာ အင်-တင် … ဆိုတာကို (ထပ်သွင်းတင် က) တင် နဲ့ ပြန်ငဲ့တယ်။
- တတိယပိုဒ်မှာ ပြင်-မြင် .. ဆိုတာကို (ရေသွင်းလျှင် က) လျှင် နဲ့ ပြန်ငဲ့တယ်။

အထက်ဖော်ပြပါ တေးတွဲ့က အချီ ၃-ပိုဒ် ညီပြီး အချမညီတဲ့ တေးတွဲ့ဖြစ်ပါတယ်။
အချီအချ ညီတဲ့ တေးတွဲ့ နမူနာကတော့ …

ဆဋ္ဌသံဂါယနာနှင့် ပဋိဝိသောဓကဖွဲ့ တေးတွဲ့ကဗျာ
(မြန်မာပိဋကတ်တော် ပဋိဝိသောဓက-အရှင်တိလောကသာရ ဖွဲ့ဆိုသည်)

(၁) “လူပေါင်းခလို့ - ကြည်မြကော် ရော်”၊
ထေရဝါဒ၊ ဆောင်ပိုက်ကြတဲ့၊ ပဉ္စနဂိုရ်၊ ခငြောင်းခိုကြ၊ ဗဟိုမဏ္ဍိုင်မှတ်၊ မြန့်ရဌ် ပြည် တော်
သီရိမင်္ဂလာ၊ ကုန်းတော်သာနှင့်၊ ကမ္ဘာဧး ... မည်၊ မွေသရီရှင်၊ စေတီခွင်မှာ၊
စီရင်ဖန်ဆောက်၊ ဝိသုကမ်ဖောက်သည်သို့၊ ကျောက်ဂူ တော်၊ ပျံ့ ကျော်ဘဝဂ်ဝှန်တည့် ကြွေး
ဂူတော်ဝန်းကျင်၊ ဆောက်ဦပြင်သည်၊ စည်ပင်သိမ်ကျောင်း၊ ဇရပ်ပေါင်းနှင့်၊
မညောင်းအာရုံ၊ တည်ရှိဟုံငယ်၊ ကြည်ယုံသဒ္ဓါပွား...၊ “အားရဖွယ်လေး”။

(၂) “တူကြောင်းပြစို့ - ရည်ဆမြော် မြော်”၊
လိုဏ်ဂူခွင်ဝယ်၊ ထေရ်ရှင်ထက်မြက်၊ ငါးထောင်ဝက်နှင့်၊ ဂုဏ်စက်ပွားလျှံ၊
နိုင်နိုင်ငံမှ၊ သံကြီးမင်းကြီး၊ ပေါင်းဆုံကာစည်းပါကြ၊ ချီးအပ်ထုတ် ဖော်
မြန်နိုင်ငံအုပ်၊ စိုးရချုပ်သည့်၊ ပြည့်ဥက္ကဋ္ဌ၊ အစိုးရနှင့်၊ ဗုဒ္ဓဘာသာ၊
ဖွဲ့ကြီးမှာလည်း၊ မဟာဝီရိ၊ စိုက်တည်ရှိလျက်၊ စုံပြည့် ဖေါ်၊ ခါ တော်ဖွင့်ခဲ့ ခြိမ့်ခြိမ့် ကြွေး
နိုင်ငံတော်သူ၊ လက်အုပ်ထူလျက်၊ တူရူချဉ်းကပ်၊ နေ့မလပ်ဘဲ၊ ပြွပ်ပြွပ်နှစ်လို၊
လွန်ကြည်ညိုသည်၊ ပိုမိုလျှံဝှန်အား ...၊ “ပွားကြတယ်လေး”။

(၃) “မူကောင်းရဖို့ - ထေရ်မျာ့းပျော် ပျော်”၊
နွေနှောင်းနွယ်တာ၊ ဝါတော်ခါမို့၊ သံဂါကာရ၊ ထေရ်ရှင်လှတို့၊ ပထမသန္နိပါ၊
ဆုံးစေကာလျှင်၊ လိုရာပြန်ကြွသွား၊ နားကြလေ သော်
ပါဠိ ပဋိဝိသောဓကာ၊ သြသာနာနှင့်၊ မြန်မာပြန်ညှိ၊ ပဋိဝိသော်၊ သံဃာတော်တို့၊
ဖြော်ဖြော်အားအင်၊ လုံ့လဆင်၍၊ နေ့စဉ်မလပ်၊ တိုက်ဆိုင်ဖတ်ပါလို့၊ တည်းဖြတ် ခေါ်
မူ တော်မူကောင်း တည်စိမ့် တွေး
မြန်မာတိုင်းသူ၊ မြဲရှုယူဖို့၊ မြန်မူပြန်ကာ၊ ပြင်ဆင်ရာ၌၊ ကောင်းပါလေဿး၊
ချောစေရေးမှာ၊ ကြံတွေးဝေါဟာ၊ ပါဝစနာပြင်၊ ဋ္ဌကထာ,ဋီ၊ အလီလီနှင့်၊ ကိုက်ညီရပေ၊
ဤအနေငယ်၊ ထွေထွေကြံဝန်ပွား ...၊ “များလှတယ်လေး”။

ဒီ တေးတွဲ့မှာ အချီသုံးပိုဒ်လုံး အချင်းချင်း ညီကြသလို အချသုံးပိုဒ်လုံးလည်း အချင်းချင်း ညီကြတာကိုတွေ့
ရပါမယ်။ ဒါ့အပြင် အချီပိုဒ်တွေမှာ “လူပေါင်းခလို့ - တူကြောင်းပြစို့ - မူကောင်းရဖို့” ဆိုပြီး အက္ခရာ ၄-
လုံးနဲ့ချီသွားတာကိုလည်း တွေ့နိုင်ပါတယ်။ ဒီလောက်ဆို တေးတွဲ့ကို မြင်သာလောက်ပါပြီ။ ဒီဘက်ခေတ်
မှာ လုံးဝမရေးကြသလောက်ဖြစ်နေပြီမို့ ဒီလောက်နဲ့ပဲ တေးတွဲ့ အကြောင်းကို ရပ်နားလိုက်ပြီး ရတု
အကြောင်းကို ဆက်ပါမယ်။

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၂)

တေးရိုး

တေးထပ် အကြောင်းပြီးတဲ့နောက်မှာ တေးထပ်နဲ့ ဆင်တူတဲ့ တေးရိုး နဲ့ တေးတွဲ့ အကြောင်း အနည်းငယ်
ဖော်ပြချင်ပါတယ်။ ဒီခေတ်မှာ တေးရိုး၊ တေးတွဲ့ကို လုံးဝမတွေ့ရသလောက်ဖြစ်နေပါပြီ။ ဗဟုသုတ အဖြစ်
နဲ့ပဲ ဖော်ပြလိုက်ပါတယ်။

တေးရိုးမှာ တေးရိုးငယ်နဲ့ တေးရိုးကြီး ဆိုပြီး နှစ်မျိုးရှိပါတယ်။ ‎တေးထပ်ထက် ပိုပြီးရှေးကျတာကြောင့်
တေးရိုးလို့ ခေါ်ဟန်တူတယ်လို့ ဆိုပါတယ်။ တေးရိုးကြီးနဲ့ တေးရိုးငယ်ဟာ ‎နည်းနည်းပဲ ကွာတာမို့
ကဗျာ့စွယ်စုံကျမ်းထဲမှာ တပေါင်းတည်း ပြထားပါတယ်။  လေးချိုးကို တပိုဒ်ဖြုတ်ပြီး အနည်းငယ် ပြင်
ဆင်လိုက်ရင် တြိချိုးဖြစ်လာသလိုမျိုးပဲ တေးထပ်ကို ‎တချို့အပိုဒ်တွေ ဖြုတ်ပြီး နည်းနည်း ပြင်ဆင်လိုက်
ရင် တေးရိုးငယ်-တေးရိုးကြီး ဖြစ်လာတယ် လို့ ဆိုထားပါတယ်။‎အောက်က နမူနာ တေးရိုးငယ်ပုံစံ နဲ့
တေးရိုးကြီး ပုံစံကို ကြည့်လိုက်ကြရအောင်။

‎“တေးရိုးငယ် ပုံစံ” 

မနှုန်းတန် စိန္တေယျမို့၊
အနန္တဘုန်းတော်ဂုဏ်၊
မှောက်ဝှဲချီး အံ့မကုန်သည်၊
မြေဝသုန် တုနှိုင်း၊
သဗ္ဗညု ထွတ်ဘုန်းသည်ကို၊
ငါဇာနည် ဦးညွတ်လို့ကိုင်း။
စောမြတ်စွာ ထွဋ်ရှိုင်းသည့်၊
မနှိုင်းတန့် တရားတော်၊
ဂိုဏ်းရှစ်ဘို့ သံဃာတော်ကို၊
ရှိပူဇော် ဦးတင်၏လေး။    ။

‎“ရှေးရေး တန်ခူးလဖွဲ့ တေးရိုးကြီးပုံစံ” 

တန်ခူးဂိမှမှာ၊
ဓာတ်တေဇ ယှဉ်မှီ၊
ခါမိဿ အချိန်ညီ၊
သဝဏီနက္ခတ်၊
စိတြ မည်မကွာသည်၊
တာရမှာ ကေဝဋ္ဋမှတ်၊
ပန်းကံ့ကော် ရင်ခတ်တို့၊
ပွင့်ချပ်ကဲ့စုံလင်၊
သင်းရနံ့ ပျံ့ရွှင်၊
ရေသဘင်ပွဲလမ်း၊
ထိန့်ရိုက်ဆင့် ကျူးကျော်တယ်၊
သင်္ကြန်တော် ကြူးရင့်သည့်တမ်း။ ... ။

 ‎(တေးရိုးငယ်မှာ ‘လေး’ ဆိုပြီး တေးထပ်ချသလိုမျိုး ချပေမဲ့ တေးရိုးကြီးကတော့ အထက်အပိုဒ်ရဲ့
အချ‎ကာရန်အတိုင်း သံပြင်း လဟုသံနဲ့ ချတာကို သတိပြုပါ။) ဒီခေတ်မှာ စပ်ဆိုမှု လုံးဝမရှိသ
လောက်ဖြစ်နေပြီမို့ ဒီလောက်နဲ့ပဲ တေးရိုးအကြောင်းကို ရပ်နားလိုက်ပါတယ်။

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၁)

ရှစ်ဆယ်ပေါ်တေးထပ်

ရှစ်ဆယ်ပေါ်တေးထပ် ဆိုတာက တေးထပ်အကြီးစား တမျိုး ဖြစ်ပါတယ်။ တေးထပ်ကိုပဲ အဆန်းကွန့်၊
အညွန့်တပ်ပြီး ရေးတဲ့နည်းပါ။ ဘိုးတော်ဘုရားလက်ထက် ‎‎(၁၁၈၀)ပြည့်နှစ်က စပြီးပေါ်ပေါက် လာတဲ့
တေးထပ်ဖြစ်လို့ ရှစ်ဆယ်ပေါ်လို့ ခေါ်တယ်လို့ ‎သိရပါတယ်။ ‎‎(၁၀၈၀)ပြည့်နှစ်က စတင်ပေါ်ပေါက်တယ်
လို့လည်း တချို့စာအုပ်တွေမှာ တွေ့ရပါတယ်။ အမျိုးအစားအနေနဲ့ကတော့ အရင် ဖော်ပြခဲ့ပြီး ဖြစ်တဲ့
အရိုးခံ၊ သာမည၊ သုံးချက်ညီဆိုတဲ့ တေးထပ် အမျိုးအစားတွေအပြင် ထပ်တွန့် ရှစ်ဆယ်ပေါ်၊ ထပ်ကွန့်
ရှစ်ဆယ်ပေါ် ဆိုပြီး ထပ်မံ ကွဲပြားတယ်လို့လည်း ဆိုထားပါတယ်။ အင်မတန်မှ အသံပြေပြစ်ပြီး ဆိုလို့
ကောင်းတဲ့တေးထပ် အမျိုးအစားပါ။ အသံပြေသလို ဂီတရစ်သမ်လည်း မိပါတယ်။ ဟစ်ပ်ဟော့ပ် (Hip
hop) လုပ်ဆိုလို့ရတဲ့ တေးထပ်မျိုးဖြစ်ပါတယ် ....

အပိုဒ်ရေ၊ အခံအအုပ်၊ အပြစ်ဒေါသတွေ အနေနဲ့ကတော့ အရင်ပြခဲ့ပြီးတဲ့ တေးထပ် ‎စပ်နည်းတွေနဲ့
အတူတူပါပဲ။  အက္ခရာ လုံးရေအနေနဲ့တော့ အပိုဒ် (၁၈)ပိုဒ်ရဲ့ အပိုဒ်တိုင်းမှာ အရင်တေးထပ် အက္ခရာ
တွေထက် ၂ ‎လုံးစီ၊ ၂ လုံးစီ ပိုပြီး ရေးသားရပါမယ်။ အပိုဒ်-၁၆ မှာတော့ စာလုံးရေ ၅-လုံး အတိအကျ
အမြဲတမ်းထားရပါမယ်။ မပို၊ မလျော့ရပါ။  အစပ်ကာရန် နဲ့ လေပြင်းလေလျော့ (ဂရု၊ လဟု) ယူရာမှာ
တော့ အရင်တေးထပ်တွေထက် ၂ ‎လုံးစီပိုထားတဲ့အတွက်ကြောင့် တလုံးစီ နောက်ဆုတ်ပြီး စပ်မိ ဟပ်
မိ ထပ်မိ စေရပါမယ်။  သဘောကတော့ သာမည၊ အရိုးခံနဲ့ သုံးချက်ညီတေးထပ်တွေမှာ ၁-အပိုဒ်ရဲ့
အဆုံးလုံးနဲ့ ၂-အပိုဒ်ရဲ့ တတိယလုံးကို စပ်ရပေမဲ့ ‎ဒီ ရှစ်ဆယ်ပေါ်တေးထပ်မှာတော့ ၁-အပိုဒ်ရဲ့ အဆုံး
လုံးနဲ့ ၂-အပိုဒ်ရဲ့ စတုတ္ထလုံးကို စပ်ရမယ်လို့ ဆိုလိုတာပါ။ ကျန်တာက အတူတူပါပဲ။  ကဗျာစွယ်စုံကျမ်း
ကြီးထဲက ဥပဒေသ ဆောင်ပုဒ် ရှစ်ဆယ်ပေါ် တေးထပ်ကို အရင်ကြည့်ပါ ...


နမူနာ ရှစ်ဆယ်ပေါ်တေးထပ်လေးတွေကို ဖော်ပြလိုက်ပါတယ်။

အရိုးခံ ရှစ်ဆယ်ပေါ်တေးထပ် (မြှောက်ပင့်မယ်ဖွဲ့)

ရှေ့ဟောင်းကုသိုလ် ဆုဆိုသမျှကြောင့်၊
ခုလိုဘဝ တုမမြင်၊
နုပျိုအလှ သူ့အသွင်မှာ၊
မပြုမပြင် ယဉ်ပါပေ့၊
ကေသာဆံညွန့် သုံးတောင်ကျော်တယ်၊
ပိတုန်းရောင်နော် ညိုမှိုင်းပြာရီစွေ့။

သုံးရက်ပေါ်စ လရေးသွင်လို၊
မကဆေးမင် မျက်တောင်ကွေ့၊
သောက်ရှုးကြယ်ထင် လုံးမျက်စေ့နှင့်၊
ပြုံးလျက်ကလေ့ ပြုမူရာ၊
သွယ်ညွတ်နှာတံ မို့တမို့၊
မခို့တရို့ ကြော့ရှင်းရုပ်ရွှေဝါ။

နှုတ်ခမ်းဝါဖန့် နီမြန်းစွာငယ်၊
စီတန်းဒန္တာ ပုလဲအဖွဲ့သို့၊
မရဲတရဲ့ ပြုံးတော့မလိုလို၊
နှုံးကြော့ ကပိုကရို၊
ခါးတံသေးလို့ ရင်ချီပိုတယ်၊
သွင်မဒီအပျို နတ်နန်းရွှေကိုယ့်လေး။     ။

ရှုလေယဉ်လေ (သိကြားမှိုင်) သာမည ရှစ်ဆယ်ပေါ် တေးထပ် – (အမြှောက်ဖွဲ့၊ စလေဦးပုည-ရေး)

နန်းရံတရာ ပဏ္ဏာခ၊
မန်းမန္တလ ဗွေရိပ်စံ၊
စန်းစန္ဒရ ငွေဗိမာန်လို၊
ပင်ရွှေထိပ်ပန် ယဉ်မျာ့းပန်း၊
ဂုဏ်ထူးကေလျော့ တကြော့မှန်ငယ်၊
မဟော့်သက်နှံ တော်လေးအမရာ့ငြမ်း။

ကပိုကရို့ သူ့အမူငယ်၊
ဇမ္ဗု့မတူ ပြိုင်သူလျှမ်း၊
အမူ့အယူ လှိုင်ကြူပန်းသို့၊ (အမှု့အတူ လှိုင်ကြူပန်းဘို့)
ဆန်းဆိုသမျှ ခေါင်ထက်ခေါင်၊
ရှုလေယဉ်လေ မြင်သူငေး၊
ခင်လေးခင်ခင့် ယဉ်လေးယဉ်ယဥ့်၊
ယဉ်တတ်ပါတဲ့နောင်။

ပန်းချီရှုံးတဲ့ တော့်ဘုန်းခေါင်ငယ်၊
တကျော့ထုံးနှောင် ကေသီလျော့နှင့်၊
သုံးထောင်ထွာကြော့ လျော့ရွှေကေခိုင်၊ (သုံးထောင်ထွာကြော့ တော့ရော့ရွှေကေခိုင်)
ပိတုန်းမင်ညွန့်ဆိုင်၊
စံပုံရှားတဲ့ သိကြားမှိုင်ငယ်၊
သနားပိုင်ပိုင် ခံစမ်းချင်လှလေး (သနားပိုင်ပိုင် စံစားချင်လှလေး)။     ။
(ကွင်းအတွင်းက စာသားတွေက မူကွဲဖြစ်ပါတယ်၊ ကွန့်ပိုဒ် မဟုတ်ပါဘူး)

သုံးချက်ညီ ရှစ်ဆယ်ပေါ်တေးထပ် (တောဖွဲ့-မယ်ဆို)

တချုံ နှစ်ခြုံ အရုံဆင့်၊
ရဂုံအမြင့် ကမ်းသာယာ၊
ဖုံဖုံအပွင့် ပန်းမာလာကို၊
မှန်းကာတမ်းကာ လှမ်းကာခူး၊
လှိုင်ပေ့ကြိုင်ပေ့ မြိုင်ကွေ့ဝနာမှာ၊
ထိုင်၍ကညာ သီကုံးကာပ မြူး။
စမ်းရေအေးစက် ပြေးထွက်ချုံမှာ၊
ထွေးယှက်အရုံ ငုံအဖူး၊
ကျေးငှက်ဖုံဖုံ စုံစုံကူးလို့၊
ကြုံကြုံပါဘူး ထူးသည့်ဟန်၊
ချောက်ဝယ် မျောက်ငယ် ပျောက်ကွယ်ကြ၊
ကြောက်ဖွယ်ရာပ ခေါ်ကြ အော်ကြသံ။
ယုန်လားကြောင်လား ခုန်သွားပြန်တယ်၊
ချုံနားကမ္ဘယံ ငူအကွေ့၌၊
ပြူစေ့ပြူစေ့ လူငွေ့ရှာ၊ ကျားကြီးထင်လှပါ၊
မောင်တော်ရိုက်လှဲ့ ကိုက်မဲ့လာတယ်၊
မိုက်တဲ့သတ္တဝါ-သေသွားအောင်ပလေး။     ။

သုံးချက်ညီ ရှစ်ဆယ်ပေါ်တေးထပ် (ရွှေတိဂုဏ်စေတီဖွဲ့- ပါဠိဆရာကြီး ဦးဝေ-ရေး)

ဂီဝါ နီလာ ရီကာတန်း၊
ညီညာယှက်သန်း ကွက်ဆန်းခြယ်၊
ဋီကာလက်သန်း ထွက်ကျမ်းသွယ်လျှင်၊
ပန်းဘွယ် မှန်းရွယ် ဆန်းကြယ်တောင်း၊
မြိုင်ရပ် ဆိုင်ပတ် ခိုင်ချပ်ရုံတယ်၊
လှိုင်ထပ်အငုံ ကိုက်ဖူးတန်ကလှောင်း။

ဂေါ်ပွင့် ဖေါ်ရင့် မြှော်လင့်ဝေတယ်၊
မော်မြင့်နဘေ မဝေဆောင်း၊
လှော်ပွင့်အရွှေ သရေညောင်းလို့၊
သပြေတောင်စောင်း မြလက်ျာ၊
ကိုးဂုဏ် ဖြိုးစုံ စိုးခြုံလျှမ်း၊
မိုးဘုံကြငှန်း စံမြန်းကွန့်ချက်ညှာ။

ထိန်လျှပ် ရှိန်မြတ် တိမ်ချပ်လွှာမှာ၊
သိရ်မြတ်ရတနာ ကြူကြူသင်းလို့၊
ထူ,ထူပါမင်း သန့်ခင်းငြိမ့်ဖော်စည်၊
ဗျာရင်းမိန့်တော်တည်၊
ဆောင်ကွန့် ရောင်ဝှန့် တောင်ညွန့်လည်မှာ၊
နောင်အဓွန့်ရှည် ရွှေတိဂုဏ်ပလေး။      ။

သာမည ရှစ်ဆယ်ပေါ်တေးထပ် (မယ်ဖွဲ့ - ရဝေထွန်း - ရေး)

နွဲ့တဲ့နွဲ့တီ ပလီညှိလို့၊
မပီတပီ့ ပီ့တပီ၊
ကသီကရီ့ တီ့တတီငယ်၊
မချီ့တချီ ချီပုံနှင့်၊
နှုတ်စုံတွဲ့တွဲ့ နွဲ့နွဲ့ဖန်တယ်၊
ရွဲ့တဲ့အဟန် မူမျိုးစုံလျက်ဖွင့်။

မျက်လုံးညီညီ့ ချီချီ့တင်ကာ၊
ရီမည့်အသွင် မူမှန်ဆင့်၊
ကြည်လိကြည်လင် ကြူဟန်တင့်သည့်၊
တူဟန်သနှင့် သောက်ရှုးရောင်၊
မျက်နက်အကြည် ဒေါင့်မှာချိတ်လို့၊
ကြောင့်ရာနိမိတ် မုန်းတဲ့ ဟန်ပန်ဆောင်။

မပွင့်တပွင့် တမင့်ကြောင်ကာ၊
“အဟင့်-ဟင့်-မောင်” ကိုယ်ကိုလွန့်လို့၊
ပျိုပျိုအညွန့် ရွံ့ရွံ့ရို့ရရို၊
တွန့်တွန့် တို့တတို၊
ကပိုကရို့ အို-အို့ ဆိုကာ၊
ငိုမသို့လို ပျိုလေးဖန်တော့လေး။
ကတီခင်းစက် သင်းညက်ထုံမှာ၊
နှင်းဆက်ခြုံရုံ မြှူချော့ပြန်ရလေး။    ။

ထပ်တွန့် ရှစ်ဆယ်ပေါ် တေးထပ်

“သိကြားဆွေ” ထပ်တွန့် သုံးချက်ညီ ရှစ်ဆယ်ပေါ် တေးထပ် (ဘုန်းတော်ဖွဲ့၊ အချုပ်တန်းဆရာဖေ - ရေး)

နန်းပုံ ဆန်းစုံ ပန်းခုံမြင့်၊
စန်းယုန်နေပွင့် မခြားသွင်၊ (စန်းယုန်ငွေသွင့် မခြားသွင် - မူကွဲ)
မြန်းလှုံဝေတင့် ပတ္တမြားပလ္လင်ဝယ်၊
နှစ်ပါးအရှင် စံပြိုင်ထွန်း၊
(ဝေရောစန ရဝေသောမ)
ပရမေစောလှ နတ်နှစ်ဆူမှာ၊
မြတ်ပါရဂူ ဆုကြီးရည်လို့ညွှန်း။

(မဟီမြေတပြန့် ဝသီနေရဗန့်)
မဒီဝေသန့် ခုငြမ်းဆင်သည်၊
ဥဒါန်းရာဇဝင် နောင်မော်ကွန်း၊
ဋ္ဌာနီ ရာသီ ပါရမီမွှန်း၊
သဒ္ဓါစည်ရွှန်း အောင်မောင်းသံ၊
နတ်ဒေဝရာ ဗြဟ္မာအံ့၊
ကုသိုလ်တော်ဖြန့် ကောင်းချီးသာဓုခံ။

(ကြငှန်းဆင့်ဆင့် အလျှမ်းစွင့်စွင့်)
အဆန်းတင့်တင့် နန်းမြင့်ယံမှာ၊
စန်းပွင့်ရှင်ထံ ခိုလှုံခ,လို့၊
ဗိုလ်ပုံသကလ စွေကြိုး ဝေဖြိုးကာ၊
ရွှေမိုးငွေမိုးရွာ။
(လောကိအာသဘ စောဝိနာယက)
ဗောဓိလျာဖျာ့ အလှူ့သဒ္ဓါသည်၊
ဇမ္ဗူ့ပထဗျာ မြေလုံးတုန်ရလေး။    ။
(ရွှေနန်းဘောင်မြင့် ငွေစန်းရောင်ပွင့်)
မြေနန်းပြောင်မြင့် သကြာ့းဆွေမှာ၊
ဗြဟ္မာ့ကြက်သရေ ထက်ဖြိုးဝေလို့လေး ။    ။

ဒီ ရှစ်ဆယ်ပေါ်တေးထပ်ဟာ အချုပ်တန်းဆရာဖေရဲ့ လက်စွမ်းပြလက်ရာလို့ သိရပါတယ်။ သူ့ရဲ့
တပည့်ဖြစ်သူ စင်တော်ကြီး မင်းသမီးကိုင် ဦးသာဇံ (ရုပ်သေးမင်းသမီး ဖြစ်ပါတယ်) အတွက် ရေးဖွဲ့
ပေးခြင်း ဖြစ်ပါတယ်။


ထပ်တွန့် ရှစ်ဆယ်ပေါ် တေးထပ် (မိုးဖွဲ့-မောင်ဆို) 

ဗိန္ဒုံ ဗိန္ဒုံ ငွေအမ္ဗု၊
ရေသံအစု ထစ်မြည်ကာ၊
ဝေလျှံအထု စစ်ချီလာတယ်၊
မလစ်ပြည်ရွာ-ညီညာဝိုင်း၊
‎(ကြိမ်ပန်းယှက်သို့ တိမ်မကန်းကွက်တို့)
ထိန်သန်းလက်လို့ မြူးကွန့်စွာငယ်၊
လူးလွန့်ဘယ်ညာ ညိုမဲပြာလို့မှိုင်း။
‎(နာကိတ်လျှမ်းပြု အပြာချိပ်မရမ်းနု)
ဇာမိတ်ပန်းအတု လိမ်တွန့်ကာငယ်၊
တိမ်ညွန့်မာလာ ရစ်ဆင်သိုင်း၊
ရှိန်ဝှန့်ဖြာဖြာ ရှစ်ခွင်တိုင်းသို့၊
သစ်လွင်မဆိုင်း လျှပ်စစ်ရုံ၊
ဖြိုးလျှံ ကျိုးသံ မိုးနဘံကွဲသို့၊
ငြိုးရန်အခဲ သဲတော့ မဲတော့ပုံ။
‎(မာန်တင်းစွာပ-ထန်ပြင်းပါလှ)
ရန်ခွင်းမှာလ မိုးပဇ္ဖုန်ရယ်၊
ကြိုးထစ်အကုန် တကယ်သဲချတော့၊
အလယ်လဲဗျ အေးလို့စက်ခိုက်တွင်၊
လွေးဖို့-ဖက်လိုက်ချင်။
‎(ဧကစာချမ်းဖို့ လေပါဖျန်းသမို့)
ခွေကာလွမ်းလို့ တပါးမရွှင်တယ်၊
သိကြားဘုရင် ရှော့ဘူးထင်ငဲ့လေး။     ။

ကွင်းစကွင်းပိတ်နဲ့ ရေးထားတဲ့ စာလုံးတွေက ထပ်တွန့်ကာရန် ခေါ်ပါတယ်။ ဒီလို ကာရန်မျိုးကို (၁၊ ၃၊ ၅၊
၇ ... အစရှိတဲ့) မ ပိုဒ် ၉-ပိုဒ်ရဲ့ ကြိုက်တဲ့ အပိုဒ်မှာ ထည့်နိုင်ပြီး ‎ကျန်အပိုဒ် တွေမှာတော့ တွန့်ရိုးထုံးစံ မရှိ
ဘူးလို့ ဆိုပါတယ်။ တွန့်ပုံကတော့ ထပ်တွန့်ကာရန် ထည့်ချင်တဲ့အပိုဒ်ရဲ့ ‎ရှေ့ထက်ဝက် အက္ခရာ ၄-လုံး
ကို ကာရန်တူ လုံးရေတူ ယူပြီး တကြိမ်ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ ‎အပိုထည့်လိုက်ခြင်းပါပဲ။ ဒီတော့ မူရင်းအ
ပိုဒ်က နောက်ကို ဆုတ်သွားလို့ ကြောက်ရွံ့ နောက်တွန့် သွားတဲ့ သဘော ဖြစ်တဲ့အတွက် “တွန့်” တယ်
ခေါ်တာပါ။ အထက်ပါ ရှစ်ဆယ်ပေါ်တေးထပ်တွေရဲ့ အတွန့်ကတော့ နှစ်ဆ ‎တွန့်ထား တာပါ။ တဆပဲ
တွန့်ချင်ရင်လည်း ရပါတယ်။ ဝေဿန္တရာအလှူဖွဲ့တေးထပ်မှာတော့ နှစ်ထပ်ကျော့ ချထားတာကို တွေ့နိုင်ပါ
တယ်။

ထပ်ကွန့် ရှစ်ဆယ်ပေါ် တေးထပ်

အတွန့်ပြီးတော့ အကွန့်ဖြစ်ပါတယ်။ အဆန်းထွင် ကွန့်ညွန့်ခြင်းသဘောနဲ့ မူလရှစ်ဆယ်ပေါ်တေးထပ်
ကနေ အပိုပိုဒ်တွေ ထပ်ဖြည့်ပြီး စပ်ဆိုခြင်းပဲဖြစ်ပါတယ်။ နမူနာတေးထပ်တွေကို အရင်ကြည့်ပါ ...

ထပ်ကွန့် ရှစ်ဆယ်ပေါ် တေးထပ် (ပန်းဖွဲ့-မယ်ဆို)

အစီအရီ ပြိုင်အပြိုင့်၊
အခိုင်အခိုင့် ဆန်းတကြယ်၊
တလှိုင်တလှိုင့် ပန်းစပယ်ကို၊
နန်းမယ်ပန်မယ် ကြံရွယ်တုံး၊
ဇီဇဝါ ဒေါန ပန်းစူကာကို၊
လှမ်းချူအသာ စီလို့သီလို့ကုံး။
‎(ဇော်မွှား,သော်က,မြတ်လေးငုံရယ်၊
မပြတ်မွှေးထုံ ကြယ်နှင့် ဇွန်ကြက်ရုံး)။

တိုက်ပန်း, ဒန့်ဒလိပ် နွယ်ဘိန်းဖြာတယ်၊
ချယ်သိန်းမာလာ မညိုလုံး၊
စကားစိမ်း စကားဝါ အပျိုသုံးဘို့တဲ့၊
(အလိုဘာတဲ့ ...) အဖိုဂမုန်း ဆန်းလှသနော်၊
နှင်းဆီမိုးဆွေ ဆောင်တော်ကူး၊
ယောင်သော်အထူး ပန်းခက် နမ်းလျှက်မျှော်။
‎(ခေါင်ရမ်းခွာညို ဒဟတ်ခရားနှင့်၊
ဇလပ် စကား ဆတ်သွားမြတ်စွယ်တော်)။

ပုန်းညက်, အင်ကြင်း ရင်ခတ်ပေါ်တယ်၊
သဇင်, ဂန့်ဂေါ် ပေါက်နီ, လဲနှင့်၊
ပိတောက်, သရဖီ, ခဝဲ ကရမက် သင်းပျံ့ထုံ၊
ပန်းရင့်ပန်းဥစုံ၊
ပင်တိုင်နန်းမြင့် ခန်းသဥ့်ဘုံမှာ၊
ပန်းပွင့်ဖုံဖုံ ကိုယ်လုံးဝေလို့လေး။    ။
‎(သို့ကလောက်ပန်းနှင့် ဆန္ဒမကုန်တယ်၊
ပန်ရ ဘယ်ပုံ ဘယ်ပန်းလေသိလေး။)
‎(ပျိုတိုင်းချစ်တဲ့ ပန်းခက်တခိုင်ကို၊
နမ်းလျက်အပြိုင် ပန်စမ်းချင်ငဲ့လေး။)

ကွင်းထဲက အပိုဒ်တွေကို အကွန့်ပိုဒ်တွေလို့ ခေါ်ပါတယ်။ “ရွှေဉာဏ်တော် ကွန့်မြူးတယ်” ဆိုတဲ့ စကား
အသုံးလိုပဲ ဖြစ်မြဲထက် ပိုမိုလွန်ကဲတာကို ‎ကွန့်တယ် လို့ ပြောကြသလိုပဲ ပုံမှန်ရေးရိုးရေးစဉ်ဖြစ်တဲ့ ၁၈-
ပိုဒ်မှာ အပိုပိုဒ်တွေထပ်ထည့်ပြီး “ကွန့်” လိုက်တာမို့ ဒါမျိုးကို အကွန့်ပိုဒ်လို့ ‎ခေါ်တာဖြစ်ပါတယ်။ များ
သောအားဖြင့် ၁၈-ပိုဒ်ရဲ့ အဆုံးမှာသာ ကွန့်လေ့ ကွန့်ထ ရှိတယ်လို့ ‎သိရပါတယ်။ ဒါပေမဲ့ ၆-ပိုဒ် နဲ့ ၁၂-
ပိုဒ် အဆုံးတွေမှာလည်း အကွန့်ထည့်လို့ရပါတယ်။ ၁၈-ပိုဒ်ရဲ့ အဆုံး၊ တနည်းအားဖြင့် တေးထပ်တပုဒ်
လုံးရဲ့ အဆုံးမှာတော့ တပိုဒ်မက ၂-ပိုဒ် ကွန့်လည်း ရပါတယ်။

အတွန့်က မ-ပိုဒ်တွေရဲ့ ရှေ့ထက်ဝက်မှာပဲ တွန့်ပါတယ်။ အဆုံးမှာ မတွန့်ပါဘူး။  အကွန့်ကတော့ ဘယ်
အပိုဒ်မဆို ကွန့်လို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဆုံးမှာပဲ ကွန့်ရမှာဖြစ်ပြီး တပိုဒ်လုံး ကွန့်ရပါမယ်။ တ
ဝက် ကွန့်လို့ မရပါဘူး။‎တေးထပ်ကြီး အခန်းမှာလည်း အတွန့်၊ အကွန့် အကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
နမူနာ ရှစ်ဆယ်ပေါ် တေးထပ်များကို ဆက်လက် လေ့လာကြည့်ကြပါ ...

သုံးချက်ညီ ထပ်တွန့် နှစ်ထပ်ချ ရှစ်ဆယ်ပေါ်တေးထပ် (နိဗ္ဗိန္ဒဖွဲ့ - နာခံတော် ဝေါမှူးကြီး ဦးချို-ရေး)

ပိသုံ ပိသုံ ငြိဆုံရ၊
တိဘုမ္မက သင်္ခါရေ၊
ရှိကြုံသမျှ မြင်ရာတွေကို၊
မခင်သာချေ မည်သန့်ရှင်း၊
(ချုပ်လျှောရှည် မစောင့်၊ ပုပ်ပေါမည်တမှောင့်)
ရုပ်ချောကြည်အဖြောင့် သနားစရာကိုမြော်သည်၊
ဇယားမရဏာတွင် ကွက်ပြီးမှန်ပြသွင်း။
(အများဓမ္မတာပင် ပျက်စီးပြန်ရခြင်း)။

(လောက်ပိုးအတိပ၊ ဖောက်ထိုးကလိကြ)
ကြောက်စိုး မချိစရာ့ နွံညစ်ညှီတွင်၊
ကျွံနစ်ကသီ ရောင်ဇွတ်ဆင်း၊
 ညွံပျစ်မသတီ နှောင်ညွှတ်ကွင်းမှ၊
မှောင်ဝဋ်အတွင်း ပျော်မွေ့ပုံ၊
 ပျူငှာ မူရာ အူမှာဆွလို့၊
ရူပါရမ္မဏ တကွငါးအာရုံ။
(သူငါအစ ဘဝများစွာထုံ)။

(မိုက်ဆိုးဓလေ့၊ လိုက်ဘိုးမမေ့)
စိုက်ပျိုးသရွေ့ မျိုးစေ့စုံပြီ၊
ခိုးငွေ့မကုန် ပါဝင်ကြသမို့၊
မဟာသင်္ခတ ကျွတ်တန်းမြင့်အညာ၊
လွတ်လမ်းခွင့်မသာ၊
(စစ်ကျုံးတွက်မဖဲ့၊ ရစ်ဆုံးဆက်အသွဲ့)
ချစ်လုံးမက်စဖွဲ့ မြှူချော့လာသလို၊
ထူတော့မာယာ ငင်ဆွဲဟန်သို့လေး။    ။
(ငါးခန္ဓာ ပဉ္စက ခြားမကွာခင်ခဏ)
ပွားတဏှာယှဉ်သမျှ အပေါင်းစိတ်ကိုလွှာလျှင်၊
မကောင်းအနိဋ္ဌာ ဆင်လွဲကန်လို့လေး။    ။
(ခက်ခဲသတိပဋ္ဌာန နက်နဲအဘိဓမ္မာနယ)
လက်လွှဲတြိဘဝါသဝ ပြတ်ထွက်ပါအောင်၊
မြတ်စက်ရတနာ တွင်မြဲရန်ဘို့လေး။      ။

လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ်

လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ် ဆိုတာကတော့ သူ့နာမည်အတိုင်းပဲ ရှစ်ဆယ်ပေါ်တေးထပ်ထဲမှာ
“လူးတား” ဆိုတဲ့ ကဗျာအမျိုးအစားတပုဒ်လောက်ညှပ်ပြီးရေးထားခြင်း ဖြစ်ပါတယ်။ ဘယ်နေရာမှာ ညှပ်
ရသလဲဆိုရင် ပထမအပိုဒ်ကြီး (ပထမ ခြောက်ပိုဒ်အဆုံး) နဲ့ ဒုတိယ အပိုဒ်ကြီး ကြားမှာ ညှပ်ရေးရပါတယ်။
နမူနာတေးထပ်တွေကို ကြည့်လိုက်ရင် ရှင်းပါတယ်။ လူးတားညှပ်ရေးချင်ရင် လူးတားရေးနည်းကိုတော့ သိ
ထားဖို့ လိုပါလိမ့် မယ်။ လူးတားဟာ ရတုတို့၊ ပျို့တို့လိုပဲ လေးလုံးစပ်လင်္ကာဖြစ်ပါတယ်။ အချမှာ နှစ်ကျော့
ချပါတယ်။ ပထမအချပိုဒ်ကို “ ... တည့်လေ” နဲ့ဆုံးပြီး ဒုတိယအချပိုဒ်ကိုတော့ နှစ်သက်ရာချလို့ရပါတယ်။
လူးတား ကို အခုခေတ်မှာ ရေးတာ မရှိသလောက် ရှားသွားပါပြီ။ လူးတားရေးနည်းကို အလျဉ်းသင့်ရင် သီး
သန့်တင်ပြပါမယ်
...

လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ် (ဘုန်းတော်ဖွဲ့၊ အကြီးချုပ်ဝန်ဟောင်း မင်းကြီးမင်းလှဥစနာ-ရေး)

ဖလ်ဥဏ္ဏမူ ဟန်မြူပ,သလို၊
ရန်ဟူသမျှ ဘာသာငြိမ်၊
စံတူမရ အာဏာနှိမ်သည်၊
သမ္ဘာတော်ရှိန် ထိန်ထိန်လင်း၊
ဓညပုည ဖြိုးလက်စီသည်၊
မျိုးဆက်သန့်ရည် နိမိတ်မူသည့်မင်း။
(သတိုးသက်ရှည် ဗျာဒိတ်ကျူသည့်မင်း)။

လူးတားညှပ်။    ။ ယုဂန္ဓိုရ်နောင်၊ တောင်ဥသျှောင်ကို၊ မိုက်မှောင်စတေ၊
လေဖြင့်ချွေလည်း၊ လွင့်ကြွေမရှိ၊ ပကတိသို့၊ ဓိတိမဏ္ဍိုင်၊ ကြံ့ကြံ့ခိုင်လျက်၊
မယိုင်နဂိုရ်၊ ကြီးကုသိုလ်ကြောင့်၊ လူဗိုလ်ဝှဲ့ချီး၊ အံ့မငြီးသည် ...
မင်းကြီးမင်းခေါင် ရာဇာတည့်လေ။    ။
ပုညာဘိ စက်တန်ခိုး - တင့်တင့်တိုး။    ။

 တေးပြန်ကောက်။    ။
ရှင့်ကျိုးတော်ရှိ စေတိုင်းတွင်သည်၊
မဟေကျိုင်းတင် အစဉ်စိုး၊
နေနွယ်ဂိုဏ်းဝင် ဘုရင်မျိုးမို့၊
သနင်္ကူမိုး ဗွေထက်စွန်၊
လက်ညှိုးတော်ညွှန် ယူစေချီးလျှင်၊
ဓူဝံကြယ်ကြီး ချွေဆက်နိုင်မည့်ကျွန်။

လူလွန်တထီး တမူချွန်သည်၊
ဇမ္ဗူအဝှန် တံခွန်စိုက်မို့၊
တွန်ရိုက်တုန်လွှင့် ဂုဏ်မြင့်မြေခံ၊
နတ်ကျွန်းဘူမိမှန်၊
သုံးနှစ်ပြီးလို့ သုံးသီးခံတယ်၊
ကောင်းချီးတိတ်သံ နိမိတ်တော်ရလေး။    ။
(ရွှေလွှတ်နှင်းမည့် တြင်းငြာသည်၊
မယွင်းမင်္ဂလာ အောင်ဟိတ်တော်ရလေး)။    ။

အချုပ်တန်းဆရာဖေနဲ့ ခေတ်ပြိုင်စာဆိုကြီး စလေဦးပုညမှာလည်း ဆရာဖေလိုပဲ ဇာတ်သဘင်ဘက်က
တပည့်ရှိပါတယ်။ သူက ရုပ်သေးစင်တော် ဦးသာဗျော ပါ။ ဆရာဖေက ဦးသာဇံအတွက် မင်းတုန်းမင်း
ဘုန်းတော်ဖွဲ့ကို လက်စွမ်းပြ သီကုံးပေးလိုက်လို့ ဦးပုညကလည်း သူ့တပည့်အတွက် အားကျမခံ
လူးတားညှပ် ဘုန်းတော်ဖွဲ့ ရှစ်ဆယ်ပေါ် တေးထပ်တပုဒ်ကို ရေးပေးလိုက်ပါတယ်။

လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ် (ဘုန်းတော်ဖွဲ့၊ စလေဦးပုည-ရေး)

သုံးသိန်းသုံးသောင်း လေးထောင်ထိပ်၊
နှစ်ကျိပ်ရှစ်ဆက် မဟာဝင်၊
အတိတ်ဖြစ်ပျက် ကမ္ဘာတွင်အောင်၊
ဘယ်ရာဇာလျှင် မစံမြန်း။
လေးဆယ်ရှစ်ရပ် ပြာသာဒ်ရံသည်၊
နတ်ဝိသုကံ သစ်လောင်းဖန်သည့်နန်း။

လူးတားညှပ်။   ။ ရှစ်သောင်းလေးထောင်၊ နှစ်ပြန်ဆောင်သား၊ ရန်အောင်ဗဟို၊
မြမြင့်မိုဝယ်၊ ရေညိုခွေချပ်၊ ဂဟေထပ်လျက်၊ မြေစပ်ခန်းဝါ၊ ကဲ့ပမာသို့၊ မန္ဓာဘူတပတ်၊
မြေဥက္ကဋ္ဌ်လည်း၊ လူနတ်ချီးပင့်၊ ပလ္လင့်သဏ္ဌာန်၊ ဘုံဗိမာန်ဝယ်၊ ဝေယန်ကြငှန်း၊
သိကြားနန်းသို့၊ တသန်းခြည်ရောင်၊ သုံးတိုက်လှောင်သည် ... အခေါင်သေဋ္ဌမန့်တည့်လေ၊
ဝိသုဒ္ဓိပန်း တည့်သည့်နန်း။

တေးပြန်ကောက်။   ။
ရေယဉ်နဝရတ်နှုန်းတန္တီလို၊
ရွှေကျုံးဂမ္ဘီကာရံသန်း။
ပြည်ကြီးမွန်ဘောင် လောင်ထမန်း၊
ရွှေဆောင်ရွှေနန်း အထွေထွေ။
ရွှေလောင်း ရွှေလှေ ပွေပွေရှက်၊
တေဇာတွေဖက် ရေလက်ယာရစ်ခွေ။

ရတနာဘုမ္မိ တိုင်းဌာနေမှာ၊
သမိုင်းစာခွေ ထိန့်ထိန့်သစ်လို့၊
နေဣန္ဒရာဇ် နတ်ရှင်ခေတ်ပေ၊
သာမျိုးစုံစွထွေ။
ရွှေနန်းစုံဆက် ဂဂ္ဃဒေလို၊
ပုံကောင်းခက်ရွှေ ဆက်ပွဲခံလို့လေး။"

အခုဆိုရင် တေးထပ်နဲ့ ပတ်သက်သမျှ အားလုံးပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ တေးထပ်များ ရေးစပ်ပြီး
ရွှင်လန်းကြပါစေ ....။တေးထပ်အကြောင်း ပြီးပြီဖြစ်တဲ့အတွက် တေးရိုးနဲ့ တေးတွဲ့အကြောင်း
ဆက်ပါဦးမယ် ....

- ဟယ်ရီလွင်