ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ
Showing posts with label သစ္စာနီ. Show all posts
Showing posts with label သစ္စာနီ. Show all posts

ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်အချို့

၂၀၀၃ မတ်လက ဟန်သစ်မဂ္ဂဇင်းမှာ “ဗဟုကဗျာရေစီးနှင့် မော်ဒန်ဝဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်မိတယ်။ တကယ်တော့ ဆောင်းပါးအဖြစ် ဖော်ပြဖို့ ရည်ရွယ်ခဲ့တာတော့မဟုတ်ပါဘူး။ အဲဒီကာလတစ်ဝိုက်က ရန်ကုန်မှာ ကဗျာဝပ်ရှော့ကလေးတွေ လစဉ်လောက်လုပ်ဖြစ်နေတဲ့ အုပ်စုရှိတယ်။ မင်းထက်မောင်၊ ခင်အောင်အေး၊ ဇေယျာလင်း၊ စန်းဦး၊ ငြိဏ်းဝေ စသဖြင့်ပေါ့လေ။ အဲဒီလူတွေက ကျွန်တော်တို့ရဲ့ မျိုးဆက်တစ်ဆက် (ဆယ်စုနှစ်တစ်ခု)ခြားတဲ့ လူငယ်တွေ။ ကဗျာကို စွဲမြဲယုံကြည်ပြီး၊ ထဲထဲဝင်ဝင် ရှိသင့်သလောက်ရှိတဲ့သူတွေ။ အဲဒါနဲ့ အဲဒီမှာဖတ်ဖို့ ခုနစာတမ်းကို ရေးပေးလိုက်တာပဲ။ အဲဒီတုန်းက ဘာပြဿနာမှ မရှိခဲ့ဘူး။ စာတမ်းပါ အချက်အလက်တွေဟာ ကျွန်တော် (ဘာ)ဆိုချင်တယ်ဆိုတာ ရှင်းပြစရာမလိုဘဲ သဘောပေါက်နိုင်တဲ့ ဓါတ်ခံရှိတဲ့ လူတွေချည်းကိုး။

ဒါပေမယ့် ဟန်သစ်ကျမှ ဆောင်းပါးတစ်ပုဒ်အနေနဲ့ ထည့်လိုက်တော့ ပြဿာနာရှိလာတယ်။ ပထမကဗျာသမား ကွက်ကွက်လေး(တစ်ခု)အတွက် ရည်ရွယ်ထားတာက မရည်ရွယ်ဘဲနဲ့ ဒီထက်ကျယ်ပြန့်တဲ့ ကဗျာသမားတွေဆီ ရောက်သွားတာကိုး။ ဒီတော့ စာတမ်းဖတ်ပြီး သူတို့လည်း သူတို့ အမြင်နဲ့ ဆွေးနွေးလာတာတွေ ရှိတယ်။ ကျွန်တော်နဲ့တွေ့လို့ အပြင်မှာ မေးမြန်းဆွေးနွေးတာတွေလည်း ရှိတယ်။ အခုတစ်ခါ အဲဒီဆောင်းပါးကိုပဲ (ကဗျာအထူးမြှင့်တင်ရေး ရက်သတ္တပတ်အစီအစဉ်အဖြစ်နဲ့) com.mmm Book မှာ အင်တာနက်တင်လိုက်တော့၊ ကျယ်ပြန့်သထက် ကျယ်ပြန့်မယ့်သဘော ဆောင်လာတယ်။ ဒီတော့ ဆောင်းပါးပါ ဓိကအချက်အချို့ကို စာဖတ်သူ (ကဗျာဝါသနာပါသူ) အများစု ဒီထက်လွယ်ကူ ရှင်းလင်းအောင် ဖြေရှင်းမယ့်တာဝန် ရှိလာတယ်လို့ ယူဆမိတာနဲ့ ဒီနောက်ဆက်တွဲ ဆောင်းပါးကို ရေးမိတာပါပဲ။ ဒါပေမယ့် ကဗျာဆိုတာ ဒါမှမဟုတ် ကဗျာနဲ့ ပတ်သတ်တဲ့အရာဆိုတာ သာမန်စာဖတ်သူ မဆိုထားနဲ့ ကဗျာဆရာအချင်းချင်းတောင် အဆင့်ဆင့်အနေအထားအရ ကွဲကွဲပြားပြားသဘောပေါက်နားလည်အောင် ပြောပြဖို့ခက်တယ်ဆိုတာ သိထားတော့ ခပ်ရွံ့ရွံ့ပါပဲ။ ဟုတ်တာ မဟုတ်တာ အပထား၊ စ. မိတဲ့ကိစ္စကို တတ်နိုင်သမျှ တာဝန်ယူလိုက်တယ်လို့ပဲ မိမိဘာသာ သဘောထားလိုက်ပါတယ်။ ကျွန်တော် အဲဒီဆောင်းပါးထဲမှာ ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အင်္ဂါရပ်တချို့ (တချို့လို့ ပြောရတာက တကယ့်ကို အင်္ဂါရပ်အကုန်အစင် မဟုတ်သေးလို့ပါပဲ) လို့ ရေးသားဖော်ပြခဲ့ပါတယ်။ တစ်ချက်ချင်း ပြန်ရှင်းရရင်..။

၁။ ကဗျာမဆန်ရဘူး
(ကဗျာမဆန်ဆန်အောင် ဇွတ်လုပ်နေကြတယ်)
ကဗျာဟာ ကဗျာမဆန်ရဘူးပြောလိုက်တာကို ရုတ်တရက် သဘောမပေါက်တာထက်၊ ဘဝင်မကျဖြစ်သွားတာက ပိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ (anti-poetic)လို့ သုံးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ လွယ်လွယ်ပြောလိုက်တာပါပဲ။ တခြားနိုင်ငံတွေမှာ ကဗျာဆန့်ကျင်ရေးဆိုတဲ့ အမည်နဲ့ ကဗျာဂိုဏ်းတွေ ဖြစ်ထွန်းပြီးခဲ့တာ ကြာပါပြီ။ ဒါဟာ ကဗျာဖြစ်ထွန်းမှု သမိုင်းမှာ ကာလရဲ့ တောင်းဆိုမှု အလျောက်၊ ကဗျာသန့်စင်ရေး လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့ ဆီမှာ ကဗျာဆိုတာ နုရ နွဲ့ရမယ်၊ ကွန့်ရ ညွန့်ရမယ်ဆိုတဲ့ အစွဲဟောင်းက တော်တော်အမြစ်တွယ်နေတာ တွေ့ရတယ်။ ရိုးရာအစဉ်အလာ (ဂန္တဝင်)ထဲက ရတုမျိုး လင်္ကာအသုံးအနှုန်း (ပေါရာဏ)တွေ သုံးနိုင်မှ ဟုတ်တယ် ထင်နေတဲ့သူတွေ အခုထိရှိသေးတယ်။ အမှန်တော့ ဒီကိစ္စကို ခေတ်ပေါ်ကဗျာက သူ့ရဲ့ အဓိကလက္ခဏာတစ်ရပ်အနေနဲ့ (စာဟန်မပါတဲ့ စာမဆန်တဲ့) အရပ်သုံးသာဘာစကားကို အစားထိုးသုံးစွဲခြင်းနဲ့ တော်လှန်ပစ်ခဲ့ပြီးပြီ။ တော်တော်အမြစ်တွယ်နေတယ်လို့ ပြေရတာက ခေတ်ပေါ်ဗျာတချို့မှာ ဒီလို အသုံးအနှုန်းတွေ ဆက်တွေ့နေရလို့ပဲ။

နောက် ဒီလိုကဗျာဆန်ရမယ်ဆိုတဲ့ အချက်က အခြားတစ်ဘက်စွန်းမှာ ခေတ်ပေါ်ကဗျာဆရာတချို့ကို (အနောက်တိုင်းမှာ ခေတ်ကုန်နေပြီဖြစ်တဲ့) အမှန်လွန်ဝါဒ၊ သင်္ကေတဝါဒဆိုတာတွေနောက် ကောက်ကောက်ပါအောင် ထွေးထွေးလျှောက်ရေးမှ ကဗျာဖြစ်တယ်၊ တန်ဖိုးရှိတယ်လို့ အထင်ရောက်နေကြတာ တွေ့ရပြန်တယ်။ မောင်သာနိုးက ခက်လွန်းတဲ့ ချောက်ကမ်းပါးနဲ့ လွယ်လွန်းတဲ့ ချောက်ကမ်းဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ရှားကြဖို့ သတိပေးဖူးတယ်။ ချက်က ကဗျာဆရာဟိုးလဗ်ကတော့.. ကဗျာကို ကောက်ဖတ်လိုက်ရင် သတင်းစာဖတ်သလို၊ ဘောလုံးပွဲသွားရသလို ပေါ့ပေါ့ပါးပါး ရှိရမယ်လို့ ဆိုတယ်။ အောင်ချိမ့်ရဲ့ မကြာခင်က ထုတ်ဝေခဲ့တဲ့ ပြဇာတ်မင်းသားကဗျာစာအုပ် အမှာစာမှာလည်း (ကျွန်တော့် ကဗျာဖတ်တဲ့အခါ၊ ကဗျာဖတ်သူများ ပေါ့ပါးလွယ်ကူပါစေ)လို့ လေးလေးနက်နက် ဆန္ဒပြုထားတာ တွေ့ရတယ်။ ကဗျာကို လွယ်အောင် ရေးရတာခက်ပြီး၊ ခက်အောင်ရေးရတာ လွယ်တော့၊ ကဗျာရေတဲ့သူတော်တော်များများဟာ အဲဒါကိုပဲ ခံတွင်းတွေ့နေကြဟန် တူပါတယ်။

၂။ ဝေါဟာရဖက်ရှင်ရှိုး မဟုတ်ဘူး။
(စကားလုံးနွံထဲ နစ်နေကြတယ်)လို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ ကဗျာတစ်ပုဒ်မှာ အသုံးပြုထားတဲ့ စကားလုံးဆိုတာ၊ အဲဒီကဗျာရဲ့ ရည်ရွယ်ရင်းပန်းတိုင်ကို ပို့ဆောင်ပေးမယ့် ယာဉ်ပဲ.. ။ ဒါကြောင့် စကားလုံးတိုင်းကို သုံးရင်း အဓိကထားရမှာက ဘယ်လောက်ခရီးတွင်မလဲဆိုတဲ့ အချက်ပဲ။ လိုရာမရောက်တဲ့ စကားလုံးဟာ ကဗျာတန်ဖိုးကို ယုတ်လျော့စေတဲ့ အနှစ်သာရမဲ့ ဖောင်းပွဲမှုပဲ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သတ်လို့ ဒေါင်းနွယ်ဆွေက ပန်းပေါင်းစုံကို ဝေနေအောင်ပန်ထားတဲ့ အရူးမရဲ့ ခေါင်းနဲ့ ဥပမာပေးဖူးတယ်။ အဲဒီခေါင်းက ထွက်လာတဲ့ (အရူးမပါးစပ်) စကားလုံးတွေကတော့၊ ကပေါက်တိ ကပေါက်ချာ ချည့်နဲ့နဲ့။ ကဗျာဆိုတာ ကန့်သတ်ထားတဲ့ အချိန်အတွင်း၊ ကန့်သတ်ထားတဲ့ ပမာဏအတွင်း၊ ကန့်သတ်ထားတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့၊ တိကျတဲ့ ဝေါဟာရအစုအဝေးပါပဲ။

၃။ နက်ရှိုင်းရမယ်။ 
(အနှစ်မပါဘဲ အဆန်ချောင်နေတာတွေ့ရတယ်)
ဒုတိယအချက်နဲ့လည်း ပတ်သတ်တယ်။ စကားလုံးတွေနဲ့ ဟန်ရေးပြ၊ ဖြဲခြောက်ထားတဲ့ ကဗျာအတော်များများ တွေ့ရတယ်။ အတွင်းနှိုက် ရှာဖွေလိုက်တော့၊ လေးလေးနက်နက် ဆိုလိုချင်တာ မတွေ့ရဘူး။ ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ.. အဲဒီကဗျာဆရာက လောကကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ တည်မှီနေတာ အမှန်ပါပဲ။ ကဗျာတွေဟာ အပေါ်ယံ ပုဂ္ဂလိကဝေဒနာလောက်ကို ဇာချဲ့ပြီး ပေါလောမျောနေတာ တွေ့ရတယ်။ အဲဒီဝေဒနာကို အရင်ခံပြီး လောကအမြင်တစ်ခု အဆင့်ရောက်အောင် တွန်းတင်နိုင်တာ မတွေ့ရဘူး။ ခံစားမှု (ဝေဒနာ)ကို အခြေခံတဲ့ “ထုတ်ယူဆင်ခြင် ယုတ္တိဗေဒ” သဘောလက္ခဏာကို အဆင့်မြင့်ကဗျာတစ်ချို့မှာ ရှာတွေ့နိုင်ပါတယ်။

၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။ 
(ဖန်တီးမှု မဟုတ်ဘဲ၊ ဝိုးတိုးဝါးတား ဖြစ်နေတာတွေ့ရတယ်)
အနုပညာရပ်တိုင်းမှာ မရှိမဖြစ်တဲ့ အကြည်ဓါတ် (Purity)ကို ပြောလိုက်တာပဲ။ အဲဒါဟာ အနုပညာရဲ့ အတွင်းအနှစ်လည်း ဖြစ်တယ်။ ရေဆေးအကြည်ကားတစ်ချပ်ကို တိုးလျှိုပေါက် (အလင်းပေါက်) Transparent ဖြစ်နေသလိုပေါ့။ ခေတ်ပေါ်ကဗျာမှာ ဝိုးတဝါးအောင် တမင်လုပ်ယူရတာမျိုး ရှိပေမဲ့၊ အဲဒါက အကြည်ဓါတ် မပျက်ရဘူး။ ဖန်တီးတာ မဟုတ်ဘဲ၊ တစ်နည်းအားဖြင့် မရည်ရွယ်ဘဲ ဝိုးတဝါး ရှုပ်ထွေးနေတာမျိုးနဲ့ ကွဲပြားသိသာတယ်။

၅။ ရိုးသားရမယ်
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်)
ကဗျာဆရာဟာ ကဗျာမရေးခင်ရော၊ ရေးနေခိုက်မှာပါ ရိုးသားတဲ့ စိတ်ရှိထားဖို့ လိုအပ်ပါတယ်။ မရေးခင်ကတည်းက လူအထင်ကြီးစေချင်၊ လူတတ်ကြီးလုပ်ပြချင်စိတ်နဲ့ ဟန်ဒြပ်ထုတ်ဖို့ ရေးလိုက်တဲ့ ကဗျာဟာ၊ ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။ ဒီစိတ်ဓါတ်က လူစည်စည် ပွဲဈေးတန်းမှာ ဗျောက်အိုးဖောက်တဲ့ ကလေးစိတ်လောက်ပဲ အဆင့်ရှိပါတယ်။ ကဗျာရေးနေတဲ့ အခိုက်မှာတော့ ပိုရိုးသားဖို့ လိုတယ်။ ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ပေါ့။ အောင်ချိမ့်ရဲ့ ပြဇာတ်မင်းသား ကဗျာစာအုပ်ထဲက “ဓါတ်တိုင်”ဆိုတဲ့ ကဗျာကိုဖတ်ကြည့်ပါ။ အင်မတန် ရိုးပါတယ်။ (လူငယ်ကဗျာရေးသူတစ်ယောက်ကလည်း အဲဒီလိုပဲ အတိအလင်းပြောတယ်တဲ့) သူက အဲဒီလိုရိုးအောင်တော်တော်ကြိုးစားရတဲ့အကြောင်း ပြောတယ်။ သေသေချာချာ ခံစားဖတ်ရှုကြည့်ရင် ကဗျာကောင်းတစ်ပုဒ်ဆိုတာ ထင်ရှားလာပါလိမ့်မယ်။ အောင်ချိမ့်က သူ့ စာအုပ်အမှာစာမှာ (ခေတ်ပေါ်ကဗျာဟာ လှိုင်းလို ဆင့်ကာ ဆင့်ကာ၊ ဆင့်ပွားအဓိပ္ပါယ်များနဲ့)လို့ ရေးခဲ့တယ်။ ကဗျာဆရာ ဖော်ပြတဲ့ အရာဝထ္ထုတွေရဲ့နောက်က (တွဲဘက်အနက်) ရည်ရွယ်ရင်းကိစ္စကို ဖတ်သူကရအောင် ဖမ်းဆုပ်နိုင်ဖို့လိုတယ်။ အဲဒါ နိမိတ်ပုံ မဟုတ်ပါဘူး။

ဥပမာ သူ့ကဗျာတစ်ပုဒ်ထဲမှာ ပါတယ်။ အမေစိုက်ထားတဲ့ “ဗုဒ္ဓံသရဏံပန်းများ” ခြံရိုးမှာ လန်းဆန်းလျက်။
ချိမ့်ကြီး ငယ်ငယ်က နေခဲ့တဲ့အိမ်မှာ ခြံရိုးရှိမရှိ။ သူ့အမေကလည်း တကယ်ဗုဒ္ဓံသရဏံပန်းပင်တွေ စိုက် မစိုက်၊ ကျွန်တော် မသိ။ သိဖို့လည်း မလို၊ ကဗျာရေးသူ တကယ်သိစေချင်တာက (ကျွန်တော် သိတာကတော့) ခြံရိုးနဲ့ ဗုဒ္ဓံသရဏံပန်းများရဲ့ ဆင့်ပွား အဓိပ္ပါယ်ပဲ။

၆။ သစ်လွင်ရမယ်
(မဲပြာပုဆိုး မဖြစ်ရဘူး)
ကျွန်တော်တို့ဆီမှာ ကဗျာဆရာတစ်ယောက်ထဲကပဲ ဖြစ်ဖြစ်၊ သူနှစ်သက်စရာ စကားလုံးကို ကဗျာတိုင်းလိုလိုမှာ ဆီသည်မ လက်သုတ်ဖတ်ဖြစ်အောင် ထပ်ခါတလဲလဲ သုံးစွဲကြတာမျိုးရှိတယ်။ နောက်ကြိုက်တာ တစ်ခုတွေ့ရင် အပြန်အလှန် အချင်းချင်းလည်း ယူငင်သုံးစွဲကြတယ်။ အဲဒီ ဓလေ့ဟာ မကောင်းဘူး။

၇။ ဣနြေ္ဒရှိရမယ် 
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်)
အခုခေတ်မှာ ဒါမျိုးရှားသွားပြီဆိုပေမယ့်၊ တချို့ရှိနေသေးတယ်။ တစ်ခါကတော့ ကဗျာကို ပြောင်ချော်ချော် နောက်တောက်တောက်သာ ရေးတတ်တဲ့ အုပ်စုရှိခဲ့ဖူးတယ်။ (ဟာသဂျာနယ် မဂ္ဂဇင်းများတွင် တွေ့ရလေ့ရှိတေသာ ဟာသကဗျာများနှင့် မသက်ဆိုင်ပါ)

၈။ ခွန်အားရှိရမယ်
ခံစားမှုဝေဒနာသက်သက်သာ မဟုတ်ဘဲ၊ ကဗျာကို အထောက်အကူဖြစ်နိုင်တဲ့၊ အားကောင်းထက်မြက်တဲ့ အချက်အလက်တွေကို ကဗျာဆရာက စုစည်းထုတ်ဖော်တင်ပြနိုင်မှ ကဗျာဟာ ခွန်အားပြည့်ဝလာမယ်။ အဲဒီတွက် ကဗျာဆရာဟာ အရပ်ရပ်နယ်ပယ်နဲ့ဆိုင်တဲ့ အသိဥာဏ်ဗဟုသုတတွေ ကြွယ်ဝဖို့လိုတယ်။ တစ်စပ်တည်းမှာပဲ ကဗျာကို အချက်အလက်တွေ ဖုံးလွှမ်းလို့ သွေ့ခြောက်နိုင်တဲ့ အန္တရာယ်ကိုလည်း ဂရုထားရမယ်။

၉။ တီထွင်မှု ရှိရမယ် 
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး)
ကျွန်တော့်ရဲ့ ဆောင်းပါးကို ဝေဖန်တဲ့လူတွေက ဖတ်တဲ့သူ သိသာထင်ရှားအောင် ကဗျာဥပမာတွေ ထုတ်ပြသင့်တယ်ဆိုတဲ့ အချက်ကိုထောက်ကြတယ်။ အမှန်တော့ အဲဒီလို ထုတ်ပြဖို့က အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ကို အပြစ်ထုတ်ပြရင် သူသူကိုယ်ကိုယ် ကာယကံရှင်ကတော့ အမြင်ကြည်လင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆူးလှည်းကြီး မဖြစ်ချင်ဘူး။ အခု ဒီဆောင်းပါးမှာချိမ့်ကြီး ကဗျာတစ်ချိုကို ထုတ်ပြရတာ၊ သူနဲ့ ကျွန်တော်က အကောင်းပြောပြော မကောင်းပြောပြော ပြဿနာမရှိဘူး။ ပြီးတော့ “ပြဇာတ် မင်းသား”က ပူပူနွေးနွေး ကဗျာစာအုပ်၊ အလွယ်တကူ လက်လှမ်းတမီလည်း ရှိနေတာမို့ ထည့်ပြောနေတာပါပဲ။ ဒီတစ်ခါတော့ စတန့်နဲ့ တီထွင်မှု ကွဲပြားအောင်ပြဖို့ ထင်ရှားတဲ့ ကဗျာတစ်ပုဒ်ကို ဥပမာထုတ်ပြချင်တယ်။ အဲဒါဟာ အောင်ဝေးရဲ့ “ဒိုင်ယာရီ”ဆိုတဲ့ ကဗျာပါပဲ။ ဒီကဗျာဟာ တီထွင်မှု မဟုတ်ပါဘူး။ စတန့်သက်သက်ပါပဲ။ ကျွန်တော် ဒီလိုပြောရဲတာက (အမှတ်မမှားရင်) ဒီကိစ္စကို သူကိုယ်တိုင်လည်း စာနဲ့ပေနဲ့ ဝန်ခံဖူးတယ် ထင်တယ်။ ပြီးတော့ သူဟာ အင်မတန်အရေထူတဲ့သူမို့ ထုတ်ပြလိုက်ရတာပါ။ ဒီကဗျာကတော့ ပြန်ရွတ်ပြဖို့ မလိုလောက်အောင်ကို ပြဿနာဖြစ်ခဲ့တဲ့ ကဗျာမို့ ပြောလိုက်တာလည်း ပါတယ်။

၁၀။ ကိုယ်ပိုင်ဟန် ရှိရမယ်၊ ဆန်ရဲရမယ် 
(နာမည်ကြီးတဲ့နောက်၊ ရေစီးကြောင်းနောက် မျှောလိုက်နေကြတယ်။)
ဘယ်အနုပညာသမားမဆို ကိုယ်ပိုင်ဟန်တော့ ရှိဖို့လိုပါတယ်။ ဒါလီနဲ့ ပီကာဆို ကွဲသလိုပေါ့။ မောင်ချောနွယ်ကဗျာတွေဟာ ကဗျာအဖတ်နာသူအတွက် အောက်က ကလောင်နာမည်ကို မကြည့်ဘဲနဲ့တောင် မောင်ချောနွယ်ရေးတယ်ဆိုတာ သိသာနိုင်သလိုပေါ့။ ဒါပေမယ့် ကဗျာရေးသူတော်တော်များများက သူလိုလိုက်ရေးတာတော့ မကောင်းဘူး။ မောင်ချောနွယ်ယိမ်း ကသလို ဖြစ်နေတယ်။ အောင်ချိမ့်လို တချို့က လိုက်ရေးကြတယ်။ ရေစီးကြောင်းနောက် မျှောလိုက်တယ်ဆိုတာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ငါးပွက်ရာ ငါးစာချတဲ့ ဝသီလိုပေါ့။ ဗီဒီယိုဈေးကွက်ကောင်းရင် ဗီဒီယိုဝိုင်းရိုက်ကြတယ်။ မြေဈေးကွက်၊ ကာဈေးကွက်ကောင်းတယ်ဆိုရင် အားလုံး၊ မြေ၊ ကား ရောင်းဝယ်လုပ်ကိုင်ကြရော။ ရေစီးကြောင်းကို ဆန်ပြီး ကိုယ့်မူကိုယ့်ဟန်ကို ထူးထောင်နိုင်မှ ထာဝရရှင်သန်သူဖြစ်တယ်။

၁၁။ အပြည့်အဝ လွတ်လပ်မှုရှိရမယ် 
(ကဗျာနဲ့ ပတ်သတ်ပြီး ငွေကြေး မျှော်လင့်ချက်ထားသူ အင်မတန် နည်းပေမယ့်၊ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ် ငြိတွယ်နေတတ်ကြတယ်)လို့ပြောခဲ့တော့   အတော်အသင့်ပြည့်စုံမယ်ထင်ပါတယ်။

၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ် 
ကဗျာကောင်းတစ်ပုဒ်ရဲ့ ဖြစ်တည်မှုမှာ ပါဝင်လေ့ရှိတဲ့ ဂုဏ်ရည်ပါပဲ။ တခြားကိစ္စတွေမှာလို ကဗျာမှ အောက်လမ်းနည်းသုံးရင် ရေရှည်မခံပါဘူး။

၁၃။ ကာလနဲ့ ဒေသသဘောဟာ ကင်းလွတ်နေရမယ်
ဘယ်ခေတ် ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို၊ ပထဝီအပိုင်းအခြား၊ ကာလအပိုင်းအခြားကို ကျော်လွှားပြီး၊ ကဗျာကောင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ခိုင်မာနေတတ်ပါတယ်။ မြန်မာကဗျာတစ်ပုဒ်ကို အာရှ၊ အာဖရိကကပဲ ဖတ်ဖတ်၊ ဥရောပကပဲ ဖတ်ဖတ် အရသာရှိနေနိုင်တာမျိုးပေါ့။ စံတော်ဝင် အနုပညာ (Classic) ဖြစ်တယ်ဆိုရမယ်။ ပြောစရာတွေ အများကြီးရှိတယ်။ အရှည်ကြီး ပြောရမယ်။ အခုတော့ ထိုက်သင့်သလောက်ပဲ အကျဉ်းချုပ်ပြောခဲ့ပါတယ်။ ထိုက်သင့်သလောက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

- သစ္စာနီ
(မော်ဒန်ရှင်းတမ်းနှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု)

သမိုင်းနှင့် ကဗျာ

ယနေ့ခေတ်ပေါ်ကဗျာကို လူငယ်တွေ ဘာကြောင့်ရေးနေကြသနည်း၊ ဖတ်နေကြသနည်းဆိုသော မေးခွန်းမှာ ယနေ့စတီရီယို(ခေတ်ပေါ်ဂီတ)ကို လူငယ်တွေ ဘာကြောင့်ဆိုနေရသနည်း၊ နားထောင်နေကြသနည်း ဆိုသောမေးခွန်းနှင့် အတူတူပင်ဖြစ်ကာ အဖြေတစ်ခုတည်းသာ ရှိလေသည်။ ခေတ်က တောင်းဆိုသောကြောင့်ဟူ၍ ဖြစ်၏။ ဒီထက် လေးနက် အောင်ပြောရလျှင် ခေတ်ပေါ်ကဗျာဆိုသည်မှာ သမိုင်း၏ ပြဋ္ဌာန်းချက်အသစ်ပင်ဖြစ်လေသည်။ ဖြတ်သန်းသွားသော ကာလများမှာ သမိုင်းဖြစ်လာသည်။

အနုပညာအပါအ၀င် ယဉ်ကျေးမှုကိစ္စများကို သမိုင်း ကာလများက ကန့်သတ်ဖော်ဆောင်ပေးခဲ့လေသည်။ မြန်မာကဗျာ၏စဉ်ဆက် ဆင့်ကဲတိုးတက်ခြင်းသည်လည်း အခြား အရာများလိုပင် သမိုင်းနှင့်အတူ ဖြစ်ထွန်းလာရသည်မှာ ငြင်းပယ်၍ မရနိုင်သော သဘာဝတရားဖြစ်၏။ ပုဂံမှ ကုန်းဘောင် ခေတ်နှောင်း(ရတနာပုံခေတ်)ထိ ထွန်းကားခဲ့သော အစဉ်အလာရိုးရာ မြန်မာကဗျာသည် ခေတ်စမ်း၏ ဖြစ်ထွန်းမှုကြောင့် ချုပ်ငြိမ်းပျောက်ကွယ်ခဲ့လေသည်။ ယင်းမှာ ၀မ်းနည်းစရာ အခြေအနေမဟုတ်သည့် သမိုင်းဆိုင်ရာ အမှန်တရားပင်ဖြစ် သည်။ စစ်ပြီးခေတ် အကြီးအကျယ် ဖွံ့ဖြိုးခဲ့သော ခေတ်စမ်း၏အမွေကို ဆက်ခံခဲ့သည့် ခေတ်စမ်းသစ်ဝါဒမှာ ယခုအခါ မြ၀တီနှင့် ငွေတာရီမဂ္ဂဇင်း စာမျက်နှာပေါ်တွင်သာ ကုတ်တွယ်ရှင်သန်နေသော အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။

ဇော်ဂျီ၊ မင်းသုဝဏ် ခေါင်းဆောင်သည့် ခေတ်စမ်းနောက်တွင် ဒဂုန်တာရာခေါင်းဆောင်သည့် စာပေသစ်သဘော တရားနှင့်အတူ အမျိုးသားလွတ်မြောက်ရေး၊ အရင်းရှင်ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး ကြွေးကြော်သံများဖြင့် ကဗျာသစ်တစ်ခေတ် ဖြစ်ခဲ့သည်။ (ဒေါင်းနွယ်ဆွေတို့နှင့် ဒဂုန်တာရာ အကွဲအပြဲမှာ အုပ်စုတွင်း ၀ိဝါဒပဋိပက္ခသာဖြစ်၍ ပန်းတိုင်းနှင့် အခြေခံသဘောတရားမှာ အတူတူပင်ဖြစ်လေသည်။) ထိုကဗျာသဘောတရားမှာ မိုးဝေကဗျာခေတ်၊ တော်လှန်ကဗျာ၊ နိုင်ငံတကာဝါဒအထိ သက်တမ်းမြင့်ကြာခဲ့သည်။

ယနေ့ခေတ်ကား ပီပီသသ ထင်ထင်ရှားရှားပင် ခေတ်ပေါ်ကဗျာခေတ် ဖြစ်တော့သည်။ သမိုင်းသည် ကျွန်တော်တို့ကို ဘယ်သောအခါမှ မညာပေ။ ကျွန်တော်တို့ကလည်း သမိုင်းကို မညာသင့်ပေ။

ကျွန်တော်တို့သည် သမိုင်းကို အလေးပေးတန်ဖိုးထားရန် လိုသည်။ ကျွန်တော်သည် ခေတ်စမ်းစာပေသစ်နှင့် နောက်ဆုံးတော်လှန်ကဗျာတို့အထိ ယင်းတို့၏ ဖြစ်တည်မှု(ဖြစ်တည်ခဲ့မှု)ကို စောဒကတက် ငြင်းဆန်ရန် စိုးစဉ်းမျှ ဆန္ဒမရှိ ပေ။ ထိုဝါဒနှင့် ကဗျာသဘောတရားများသည် ခေတ်ကာလ၏ တောင်းဆိုချက်အရ ထွက်ပေါ်လာသော သမိုင်းပြဋ္ဌာန်းချက် များဖြစ်ပေသည်ဟု နားလည်လက်ခံနိုင်ခဲ့သည်။ ပြဿနာတစ်စုံတစ်ရာ ရှိစရာမမြင်ပါ။

ကျွန်တော့်စာအုပ်စင်တွင် ယနေ့တိုင်အောင် ဇော်ဂျီ၏ကဗျာစာအုပ်ရှိနေကာ ဗေဒါလမ်းကဗျာအတွဲကို မကြာ မကြာ ဖတ်ရှုမိဆဲဖြစ်၏။ ဒေါင်းနွယ်ဆွေ၏ ကဗျာများထဲမှ အားကောင်းပြင်းထန်လှသော ဒေါသမာန်နှင့် အံ့မခန်းကြွယ်ဝ သော ရူပကအလင်္ကာများ အသုံးများကိုလည်း ကြုံတိုင်းချီးကျူးစကားဆိုဖို့ နှုတ်လျှာလေးလံခြင်းမရှိပါ။ သဒ္ဒါဆန်သော ကဗျာအရေးအသားနှင့် ကြည်လင်ချိုသာသော အဖွဲ့အနွဲ့များကိုလည်း ရှုတ်ချရန် ရည်ရွယ်ချက်မရှိပါ။ သို့သော် ယနေ့ ခေတ်သည်ကား ဇော်ဂျီ၊ ဒေါင်းနွယ်ဆွေခေတ် မဟုတ်သည်မှာ သေချာပါသည်။ နောက်ဆုံးစကားဆိုရလျှင် (မလိုလှသော် လည်း ဒါဆို ဘယ်သူ့ခေတ်လဲ၊ မင်းခေတ်လားဟု ခွတိုက်မေးချင်သူ တချို့အတွက်ဖြေရလျှင် ကျွန်တော့်ခေတ်ဟု မဆိုလို ပါ။ ဆိုခွင့်လည်း မရှိပါ။ ထိုသို့ဆိုရမည်ကိစ္စလည်းမဟုတ်ပါ။) သို့သော် ကျွန်တော်တို့ခေတ်ဟုတော့ ဆိုချင်ပါသည်။ ကျွန်တော်တို့ဆိုသည်မှာ တစ်စုံတစ်ရာပုဂ္ဂိုလ် အမည်နာမထက်စစ်မှန်သော ခေတ်ပေါ်ကဗျာတစ်ခေတ် ဖြစ်ပေါ်လာ အောင် ကြိုးပမ်းထူထောင်နေသော ကဗျာဆရာအားလုံးကို ရည်ညွှန်းလိုရင်းဖြစ်သည်။

ခေတ်စမ်းနှင့် စာပေသစ်တို့ကို ခေတ်၏လိုအပ်ချက်၊ တောင်းဆိုချက်အရဖြစ်ထွန်းလာရသည်ဆိုသောအဆိုကို ကျေကျေနပ်နပ်ခံယူကြမည့် ရှေးအစဉ်အဆက်က ဆရာကြီး၊ ဆရာငယ်တို့သည် ခေတ်ပေါ်ကဗျာသည် ခေတ်၏တောင်း ဆိုချက်အရ ဖြစ်ထွန်းလာရသည်ဆိုသော အဆိုကျမှ ဘာကြောင့် မျက်စိမှိတ်ငြင်းပယ်ရန် ကြံရွယ်နေကြရသနည်း။ စဉ်းစား စရာအကြောင်းခံတစ်ချက်သာ ရှိပါသည်။ သူတို့ သြဇာယုတ်လျော့မှာ စိုးရိမ်ပူပန်သောကြောင့်သာ ဖြစ်ဟန်ရှိပါသည်။ အာဂသတ္တိဟု ခေါ်ရပေတော့မည်။ အနုပညာသင်္ခါရ၊ အနုပညာသံဝေဂကင်းသူဟုတ်လည်း ခေါ်ရပေတော့မည်။ သီပေါမင်းစီးခဲ့သော ခြေနင်း(ရွှေချထားသောခုံဖိနပ်)ကို ယနေ့နိုင်လွန်ကတ္တရာလမ်းမပေါ်တွင် ချစီးရန် မသင့် လျော်တော့ပါ။ သို့သော် အမှိုက်ပုံသို့လည်း သွားလွှင့်မပစ်သင့်ပါ။

သူ့တွင် အသုံးချတန်ဖိုးရှိမနေတော့သော်လည်း သမိုင်း ၏ တန်ဖိုးရှိနေသောကြောင့် ဖြစ်ပါသည်။ ခေတ်ပေါ်ကဗျာမတိုင်မီကာလက ကဗျာများသည်လည်း တချို့သမိုင်းတန်ဖိုး သာရှိတော့ကာ (ဥပမာ-ခေတ်စမ်း)၊
တချို့လည်း အသုံးချတန်ဖိုး ယုတ်လျော့ကျဆင်းလာနေပါသည်။ (ဥပမာ-စာပေသစ်)။ ကျွန်တော်တို့ကတော့ ခေတ်ပေါ်ကဗျာကိုပင် ရေးဖွဲ့ရပါတော့မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ကုန်းဘောင်ခေတ် လူသားသော်လည်းကောင်း၊ စစ်ပြီးခေတ်လူသားသော်လည်းကောင်း မဟုတ်ဘဲ ၂၁ ရာစု အကြို ခေတ် ပေါ်လူသားများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ နတ်သျှင်နောင်နှင့် လှိုင်ထိပ်ခေါင်တင်တို့ နန်းဆန်သော အသုံးအနှုန်း ဖြင့် ရတုနှင့်ဘောလယ်သာ ရေးခဲ့ရကောင်းလားဟု ကျွန်တော်တို့ အပြစ်တင်ရန်မသင့်ပါ။

အနုပညာဆိုသည်မှာ တခြား ယဉ်ကျေးမှုကိစ္စများလိုပင် ခေတ်ကာလ(သမိုင်း)၏ ပြဋ္ဌာန်းကန့်သတ်ချက်အရသာ ဖြစ်ထွန်းနိုင်ကြောင်း တင်ပြခဲ့ပြီးပါပြီ။ ခေတ်ပေါ်လူသားသည်လည်း ခေတ်ပေါ်ကမ္ဘာနှင့် သူ့ဆက်ဆံရေး(ခေတ်ပေါ်ဘ၀အတွေ့အကြုံ အထွေထွေကို)ခေတ်ပေါ် အာရုံခံစားမှုဖြင့် ကဗျာရေးဖွဲ့ပေလိမ့်မည်။ ယင်းမှာ ခေတ်ပေါ်ကဗျာရေးသူတို့၏ တသမတ်တည်းသော ၀တ္တရားသာလျှင် ဖြစ်သည်။ ခေတ်ပေါ်ကဗျာရေးသူတို့သည် ဘယ်သူဘယ်ဝါ ရိုက်ချိုးရမည်ဟု လည်းကောင်း၊ ဘယ်ဝါဒ ဘယ်အယူအဆ ကျဆုံးပါစေဟု လည်းကောင်း မအော်သင့်ပါ။ အော်ရုံဖြင့် မကျဆုံးနိုင်ပါ။ (မိုးသည် အချိန်အခါကြောင့်သာ ရွာခြင်းဖြစ်ပြီး ဖားအော်သံကြောင့် ရွာခြင်းမဟုတ်ချေ။) တစ်ဘက်က ကျဆုံးပါစေဟု ဆန့်ကျင်အော်ဟစ်ခြင်းကိုလည်း တုန်လှုပ်စရာမရှိ ချေ။ (တုန်လှုပ်သူများမှာ နဂိုကပင် ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုမရှိသော၊ ခိုင်မာသော အသိမရှိသော အတုယောင်များ သာဖြစ်ပေမည်။)

-  သစ္စာနီ‬