ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ခေတ်ပေါ်/ခေတ်ပြိုင်ကဗျာကိစ္စ

            ကဗျာမဂ္ဂဇင်းတစ်ခုတွင် ''ခေတ်ပေါ်လား၊ ခေတ်ပြိုင်လား၊ မြန်မာကဗျာ၏ထိပ်တန်းလျှို့ဝှက်ချက်''ဟူ၍ ခေါင်းစဉ်တပ်ထားသည်ကို တွေ့ရသည်။ ခေတ်ပေါ် (Modern) နှင့် ခေတ်ပြိုင် (Contemporary) စကားလုံးနှစ်ခုကြားတွင် အငြင်းပွားမှုတချို့ကို တွေ့ရသည်။ ကျွန်တော်စဉ်းစားမိတာက ......။

'ကွန်တန်ပိုရာရီ'' ဆိုတဲ့ စကားလုံးကိုပြန်ကြည့်ကြစို့ရဲ့။ ပထမဦးဆုံးအဘိဓာန် (Encarta Dictionary) ကို ကြည့်ပါ။ အဲဒီ အဘိဓာန်က“နာမဝိသေသန” (adj) အနေနဲ့ Contemporary ကို သုံးမယ်ဆိုရင်တော့ အဓိပ္ပါယ်လေးမျိုးရှိပါတယ်လို့ဆိုတယ်။

၁။ တူညီသော အချိန်ကာလတစ်ခု၏ (of the same time)
“From the same period of time as something or somebody” လို့ရေးတယ်။ ပြောချင်တာက ကာလ တစ်ခုအတွင်းမှာ လူတချို့၊ အကြောင်းအရာတချို့တည်ရှိုခြင်း (Existing) နှင့် ပေါ်ပေါက်ခြင်း (Occurring at) ကို ပြောတာဖြစ်တယ်။ ဥပမာအားဖြင့် The Celts were dismissed by contemporary chronicles as barbarians. ပြောချင်တာက Celts နဲ့ Barbarian တို့ဟာ ခေတ်ပြိုင်တွေ။

၂။ လက်ရှိအနေအထား (Existing)
In existence now. ဥပမာအားဖြင့် မြို့ပြလူမှုဝန်းကျင်၏လက်ရှိပြသနာများ (Problem of contemporary Urban Society) ဟူသောစာကြောင်းတွင် “လက်ရှိ” ဟူသောအဓိပ္ပါယ်ကို ဖေါ်ညွှန်းသည်။

၃။ မော်ဒန်ဖြစ်တယ်၊ စတိုင်ကျတယ် (Modern in Style)
ဘယ်လိုမော်ဒန်မျိုးလဲ။ ထူးထူးခြားခြားဆန်းပြားတဲ့ စတိုင်ရှိတဲ့ဟာတွေလို့ဆိုတယ်။ အကမှာတော့ မော်ဒန်အက လို့ မခေါ်ဘူး။ Contemporary Dance လို့သုံးတယ်။

၎။ Of the same age
ပြောရမယ်ဆိုရင် သက်တူရွယ်တူတွေပေါ့။ ဥပမာကတော့- သူမနှင့် ကျုပ်ဟာ အနည်းနဲ့အများတော့ ခေတ်ပြိုင်ဖြစ်တာပါပဲ။ She and I are more or less contemporary.

            အန်ကာတာ အဘိဓာန် (Encarta Dictionary) အလိုအရတော့ ''ကွန်တမ်ပိုရာရီ'' ဟာ “ခေတ်ပြိုင်” ရော “ခေတ်ပေါ်” ရော နှစ်မျိုးစလုံးကိုကိုယ်စားပြုတယ်။ သုံးတဲ့နေရာကို ကြည့်ရမယ်။ ''ကွန်တမ်ပိုရာရီပိုထရီ'' လို့ပြောတာနဲ့ခေတ်ပေါ်ကဗျာ၊ ခေတ်ပြိုင်ကဗျာ နှစ်မျိုးစလုံးဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီဝါကျ ချိတ်ဆက်ပုံအသုံးကို ကြည့်ပြီး ခေတ်ပေါ်လား၊ ခေတ်ပြိုင်လားခွဲရမယ်။ ဘာကြောင့်လဲဆိုတော့ Contemporary ဆိုတဲ့ စကားဟာ အဓိပ္ပါယ်နှစ်မျိုးစလုံးကိုပေးနေလို့ပါပဲ။ တကယ်တော့ ယနေ့ခေတ်ပေါ်ကဗျာများကို မော်ဒန်ဟု မသုံးဘဲ ကွန်တမ်ပိုရာရီ ဟု သုံးတာကို ကျွန်တော့်အနေနဲ့ ပိုပြီးသဘောကျတယ်။ဘာကြောင့်လဲဆိုတော့ မော်ဒန်ကဗျာရဲ့ ဖြစ်တည်မှုဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်မှာ ရှိနှင့်နေပြီးဖြစ်လို့ ယနေ့ခေတ်ကဗျာတွေကို မြန်မာစကားနဲ့ ခေတ်ပေါ်ကဗျာလို့သုံးချင်ရင်သုံး   ဒါမှမဟုတ် ရေးသူရဲ့ကဗျာအမျိုးအစားကိုလိုက်ပြီး အယ်ပီ တို့၊ ကွန်ဆက်ချူရယ်ပိုထရီတို့ ခေါ်ချင်ရင်ခေါ်၊ ဒါမှမဟုတ်ရင် အားလုံးကိုခြုံပြီး ကွန်တမ်ပိုရာရီ လို့ ခေါ်တာ အကောင်းဆုံးပါပဲ။

            Free online dictionary ကတော့ “နာမဝိသေသန” အသုံးမှာ ကွန်တမ်ပိုရာရီ ရဲ့ အဓိပ္ပါယ်ကို လက်ရှိဖြစ်ပေါ်နေသော (Current) နှင့် ခေတ်ပေါ် (Modern) ဟူ၍အဓိပ္ပါယ်သတ်မှတ်သည်။ သူပေးသော ဥပမာမှာ (contemporary trend and design) ပင်ဖြစ်သည်။ ထိုကွန်တမ်ပိုရာရီကြီးကို နာမ်အဖြစ်အသုံးပြုလျှင်  ဗဟုဝုဒ်ကိန်း အဖြစ် အသုံးပြုရမည်။ ထို့ကြောင့်အများကိန်း Contemporaries ဖြစ်သွားသည်။ ဥပမာအနေဖြင့် ရှယ်လီနဲ့ ကိ(သ်) ဟာ ခေတ်ပြိုင်တွေဖြစ်ခဲ့သည်။ (Shelley and Keats were contemporaries) လို့ ရေးနိုင်တယ်။ တကယ်တော့ ဒီ “contemporary” ဆိုတဲ့စကားကဘယ်ကလာသလဲဆိုတာ လေ့လာရင် သူရဲ့အဓိပ္ပါယ်စစ်စစ် ကို မှန်းဆလို့ရနိုင်ကောင်းပါရဲ့။ အလယ်ခေတ် မီဒီဗာလာတင် (Medieval Latin) စကားလုံးဖြစ်တယ်။ လက်တင်စကားလုံးသုံးလုံးကိုပေါင်းစည်းထားတယ်။ မူလ အလယ်ခေတ်စကားလုံး ကတော့ contemporaries ဖြစ်တယ်။ လက်တင်စကားလုံး com ဆိုတာအတူတကွ (together) လို့အဓိပ္ပါယ်ရတယ်။ လက်တင်စကား tempus ဟာ tempor ကို ကိုယ်စားပြုပြီး (time) အချိန်ဆိုတဲ့ အဓိပ္ပါယ်ကိုပေးတယ်။ လက်တင်စကား ārius ကတော့ အင်္ဂလိပ်လို (-ary) ကိုထည့်ပေါင်းရတယ်လို့ဆိုတယ်။ အဲဒီတော့ temporaries ဟာ အချိန်နဲ့ဆက်သွယ်နေသော  “relation to time” လို့အဓိပ္ပါယ် ရတယ်။ ဒါကြောင့်ခေတ်ပေါ်/ခေတ်ပြိုင်နှစ်ခုလုံးနဲ့အကျုံးဝင်ပါတယ်။ ဒီစကားလုံးတစ်လုံးကြောင့် ခေတ်ပေါ်လား ခေတ်ပြိုင်လား ပြောစရာမလိုပါဘူး။အချိန်တွေကုန်တာပေါ့လေ။

ဒါကြောင့် ကောလင့်အဘိဓာန် (Collins English Dictionary) က ဒီစာလုံးအသုံးပြုပုံနဲ့ပတ်သက်ပြီး ဒီလိုရေး တယ်။ ( Since contemporary can mean either of the same period or the present period). အဓိပ္ပါယ်ကတော့ ခေတ်ပေါ် ခေတ်ပြိုင် နှစ်ခုလုံးကို ကိုယ်စားပြုတယ်ဆိုတာပါပဲ။ ဒီစာလုံးကို အသုံးပြုတာကိုသဘောကျရတဲ့ အကြောင်းအရင်းကတော့ ခေတ်ပေါ်နဲ့ မော်ဒန်ဆိုတဲ့ ဝေါဟာရ ကွဲပြားစေချင်လို့ပါပဲ။  ကျွန်တော့်မှာ စာအုပ်တစ်အုပ်ရှိတယ်။ နာမည်က ကွန်တန်ပိုရာရီအမေရိကန် ကဗျာ (Contemporary American Poetry) ဖြစ်တယ်။ စာအုပ်ကိုတွေ့တော့ ခေတ်ပေါ်ကဗျာတွေထင်ပြီးလှမ်းယူလိုက်တာပါပဲ။ ဒါပေမယ့် မာတိကာကို ကြည့်တော့ ခေတ်ပေါ်တွေမဟုတ်ဘူး။ တည်းဖြတ်သူကဗျာဆရာဒေါ်နယ်ဟော (Donald Hall) က သူနဲ့ ခေတ်ပြိုင်တွေ ရဲ့ ကဗျာတွေကို စုစည်းထားတာပါ။ အဲဒီခေတ်ပြိုင်အုပ်စုလို့ ဒေါ်နယ် သတ်မှတ်ထားတာက ဖွင့်ပြောရန် လှည့်ပြန်ခဲ့ခြင်း (Returned to say) ကို ရေးတဲ့ ဝီလီယံစတန်းဖို့ဒ် (William Stafford) လို ၁၉၁၄ဖွားတွေကစလို့ရွန်ပက်ဂက် (Ron Padgett) တို့လို ၁၉၄၂ ဖွားတွေအထိ သူနဲ့ခေတ်ပြိုင်တွေကို စုထားတဲ့စာအုပ်။ သေချာကြည့်တော့ အတော်များများဟာ ၁၉၂၀ တဝိုက်မှာ မွေးတဲ့သူတွေချည်းပဲ။ ဒီနေရာမှာတော့သူက ခေတ်ပြိုင်ကို သုံးသွားတယ်လို့သိရမယ်။ တကယ်တော့ ကဗျာလောကမှာ ဒါက ငြင်းခုံစရာဖြစ်ရတာကဗျာ (Subject) ကြောင့် ဖြစ်ရတာမဟုတ်ဘဲ ဘာသာစကား (Language) ကြောင့် အငြင်းပွားစရာဖြစ်ရတာစိတ်မသက်သာစရာပါပဲ။

            အနှစ်ချုပ်ကိုပြောရရင်ဖြင့် ကွန်တမ်ပိုရာရီ  ဆိုတဲ့စကားဟာ ခေတ်ပေါ်ဖြစ်သလို ခေတ်ပြိုင်လည်းဖြစ်တယ်ဆိုတာပါပဲ။ ဒါကဘာမှ ငြင်းခုံစရာမရှိတဲ့ကိစ္စဖြစ်တယ်။ ကဗျာဆိုဒ်တွေများ ဘယ်လို သုံးသလဲဆိုတဲ့ ဥပမာလေး နှစ်ခုလောက်ပြလိုက်ရင်တော့ဖြင့် ကိုယ့်လူတွေ လုံးလုံးသဘောပေါက်လောက်ပါရဲ့။

ဥပမာ (၁)
http://www.palace.net/~llama/poetry/ ကိုသွားကြည့်ရင်တော့ small collection of contemporary poems. Included Wallace Stevens, Sylvia Path, Mark Strand. ခေတ်ပြိုင်ကဗျာများစုစည်းမှုစာအုပ်ငယ်။ ဝေါလေ့စတီဗင်နှင့် ဆားဗီးယားပါ့(သ်)တို့၊ မာ(ခ်)စထရန်း တို့ ပါဝင်သည်။ ထိုသူတွေသည် ခေတ်ပြိုင်များဟုနားလည်ရမည်။

ဥပမာ (၂)
writing.upenn.edu ကို သွားရင်ဖြင့် Modern and Contemporary American Poetry ဟု သုံးတာတွေ့ ရမည်။ ဤနေရာတွင် ''ကွန်တန်ပိုရာရီ'' သည် ခေတ်ပေါ်ဖြစ်သည်။ မော်ဒန်နှင့်ခေတ်ပေါ်ကဗျာဟု နားလည်ရမည်။

ဥပမာ (၃)
www.poetryx.com ကိုသွားရင်ဖြင့် Achieve of classic and contemporary ဟုရေးထားသည်။ ဤနေရာတွင် ကွန်တန်ပိုရာရီသည် ခေတ်ပေါ်ဖြစ်သည်။

            အမေရိကန်ကဗျာဆရာများအကယ်ဒမီကိုတက်ဖတ်တော့ တချို့အသုံးလေးတွေတွေ့တယ်။ ဘလူး(စ်)ကဗျာ ခေါင်းစဉ်အောက်မှာတော့ "Contemporary poet Kevin Young is continuing the tradition; his most recent book, Jelly Roll, is a collection that draw heavily on the blue tradition, Young is the recent anthology, Blue Poems ".

            ဒါက အမေရိကန်ကဗျာဆရာများအကယ်ဒမီဆိုဒ်ရဲ့ကဗျာအမျိုးအစားများ ''Poetic Forms'' အကြောင်းရဲ့ ခေါင်းစဉ်ခွဲ Blues ကဗျာများရဲ့ နောက်ဆုံးပုဒ်ပါ။ ဒီနေရာမှာ ကွန်တန်ပိုရာရီ ဟာ ခေတ်ပေါ်ကို ကိုယ်စားပြုတယ်။ အဓိပ္ပါယ်ကတော့ ''ခေတ်ပေါ်ကဗျာဆရာကယ်ဗင်ရန်းသည် အစဉ်အလာအတိုင်းပင် ဆက်၍ ဖန်တီးမြဲဖြစ်သည်။ ''ဂျယ်လီချောင်း''ဟု အမည်ရသော သူ၏နောက်ဆုံးစာအုပ်သည် ဘလူးစ်ကဗျာဟန်အား လေးလေးနက်နက် အစဉ်အလာတည်ဆောက်မှုမှ ထုတ်ယူထားသောဘလူးစ်ကဗျာများအား စုစည်းထားသော ကဗျာစာအုပ်ဖြစ်သည်။      ရန်းသည် မကြာမီက ထွက်ရှိထားသော ဘလူးစ်ကဗျာများပေါင်းချုပ်၏ အယ်ဒီတာတစ်ဦးလည် ဖြစ်သည်။ ဒါက အမေရိကန်ကဗျာ အကယ်ဒမီဆိုဒ်က ဘလူးစ်ကဗျာတည်ဆောက်မှု နည်းစနစ်စာမျက်နှာ၏ နောက်ဆုံးအပုဒ်လည်း ဖြစ်တယ်။ ဒီနေရာမှာတော့Contemporary Poet ဆိုသည်မှာ ''ရန်း''ကို ဆိုလိုသည်။ ထိုစာပုဒ်၏ ရှေ့တွင်ရှိသော အကြောင်းအရာကအဆုံးအဖြတ်ပါပဲ။ ရှေ့၌ဖော်ပြသောအရာက ဘရောင်း၏ ''Riverbank Blue'' ဟူသော ကဗျာဖြစ်၍ ဘရောင်းကိုဘာမှရေးမထားပါ။ Recent book နှင့် Recent Anthology ဟူသော အသုံးနဲ့ယှဉ်ကြည့်ရင်ပဲ ခေတ်ပေါ်ကဗျာဆရာလို့သုံးတာအသေအချာပဲ။ ရှေ့ကဘရောင်းဆိုတာက (Sterling Brown) စတာလင်ဘရောင်းပါ။ မကျေနပ်သေးလို့''ရန်း'' "ဘရောင်း" တို့ဟာ သက်တူရွယ်တူတွေ ဖြစ်ချင်ဖြစ်နေမှာပါဆိုတဲ့ သံသယကိုဖြိုဖျက် ပေးလိုက်တာက သူတို့ရဲ့မွေးနေ့တွေပါပဲ။ ဘရောင်းက ၁၉၀၁ ခုနှစ်မှာမွေးပြီး"ရန်း" ကတော့ ၁၉၇၀ မှာမွေးပါတယ်။ ဒီတော့ဘရောင်း အသက်ခုနစ်ဆယ်ရောက်မှ ရန်းကိုမွေးတာဖြစ်လို့ ဘယ်လိုမှ ခေတ်ပြိုင်မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာတော့ Contemporary Poet Kevin Young ဆိုတဲ့အဓိပ္ပါယ်ဟာ ခေတ်ပေါ်ကဗျာဆရာ ကယ်ဗင်ရန်း ပါပဲ။ Contemporary Poet ဆိုတော့ Contemporary ကဗျာအမျိုးအစားရော မဖြစ်နိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ မဖြစ်နိုင်ပါဘူး။ အမေရိကန်ကဗျာဆရာ အကယ်ဒမီမှာ ဖော်ပြတဲ့ ကဗျာအမျိုးအစားနှင့် နည်းစနစ်များ Poetic Forms and Techniques သုံးဆယ့်လေးမျိုးထဲမှာ မတွေ့ရသလို ကဗျာဂိုဏ်းအုပ်စုတွေထဲမှာလည်း Contemporarism ဆိုပြီး မတွေ့ပါဘူး။ ဒီနေရာမှာ ၁၉၇၀ ကမွေးတဲ့ ကယ်ဗင်ရန်းကို "ခေတ်ပေါ်ကဗျာဆရာ"လို့ အဲဒီအမေရိကန်ကဗျာဆရာ အကယ်ဒမီက ရေးရာမှာ မော်ဒန် (Modern) ဆိုတဲ့စကား (Modern Poet Kelvin Young is…) လို့ မရေးပါဘူး။ ကွန်တန်ပိုရာရီ ကဗျာဆရာ(ဝါ)ခေတ်ပေါ်ကဗျာဆရာ (Conetmporary Poet Kelvin Young is…) လို့ရေးထားတာကို ကြည့်ရင် "မော်ဒန်"ဆိုတဲ့စကားလုံးဟာ ကဗျာနဲ့ပတ်သက်ရင် ခေတ်ပေါ်လို့ ယူဆလို့မရတော့ဘူး။ အက်ဇရာပေါင်းတို့မော်ဒန်အစုလို့ပဲ ပြောရမယ်။ မော်ဒန်ဟာ ကဗျာဗေဒမှာ"ခေတ်ပေါ်" ဆိုတဲ့ အဓိပ္ပါယ်ထက် မော်ဒန် အမျိုးအစားကိုသာ ဆိုလိုပါတယ်။ သူတို့တောင် ဒီလိုမသုံးရင် ကျွန်တော်တို့လည်း သုံးစရာမလိုပါဘူး။ တချိန်မှာ အနောက်ကဗျာဆရာများနဲ့ကွန်ဖရင့်တို့၊ ဝပ်ရှော့တို့ လုပ်ရင် ဒီအချက်ဟာ ပြဿနာရှိနိုင်ပါတယ်။ ကျွန်တော်တို့ Contemporary ဆိုတဲ့စကားလုံးကို သေချာအောင် ကမ္ဘာ့ဆရာကြီးတွေ ဘယ်လိုသုံးထားသလဲဆိုတာကြည့်ရအောင်။

-       ဆရာကြီးအိပ်ခ်ျဂျီဝဲလ် (The War in the Air by Wells, H.G) က ဒီလိုရေးခဲ့ဖူးတယ်။   "The contemporary reader has all the advantage of ten years experience" လို့ရေးခဲ့ရာမှာ ကွန်တန်ပိုရာရီဟာ "လက်ရှိ"စာဖတ်သူလို့ အဓိပ္ပါယ်ယူရမယ်။

-       ဟင်နီဖီးဒင်း (Henry Fielding) ရေးတဲ့ "တွမ်ဂျုံးရဲ့သမိုင်း" မှာတော့ "a condemnation of all contemporary authors" လို့ရေးရာမှာ "ခေတ်ပြိုင်စာရေးဆရာအားလုံး၏ အပြစ်ရှိကြောင်းပြောဆိုမှု (ဝါ) အပြစ်တင်မှုတစ်ခု" ဟု သုံးထားသည်။

-       အီစွပ်၏ယုံတမ်းများ (Fables by Aesop) အကြောင်းမှာတော့ "the friend of the Emperor Valentina, and the latest poet of eminence in the western Empire, has handed down some of these fables in verse, which Julianus Titianus, a contemporary writer of no great name, translated into prose." လို့ဖော်ပြထားတယ်။ ပြောချင်တာက"အေဆူးနီးယပ်" အကြောင်းပါ။ ဗယ်လင်တင်းနီးယန်း ဘုရင်ကြီးရဲ့ သူငယ်ချင်းဖြစ်ပြီး အနောက်အင်ပါယာသမိုင်းမှာ နောက်ဆုံးထင်ရှားတဲ့ ကဗျာဆရာကြီး "အေဆူးနီးယပ်" ဟာ အီစွတ် ယုံတမ်းတွေကို ကာရန်ကဗျာတွေအဖြစ် ပြောင်းခဲ့ပြီး သူနဲ့ခေတ်ပြိုင် သိပ်နာမည်မကြီးလှတဲ့စာရေးဆရာ "ဂျူလီယနပ်တိုင်တန်းနပ်" က စကားပြေအသွင် ရေးခဲ့တယ်ဆိုတယ်။ ဒီနေရာမှာတော့ခေတ်ပြိုင်နှစ်ယောက်အကြောင်းကို ပြောတာပါ။ တစ်ယောက်က အီစွတ်ကို ကဗျာလုပ်ပြီး နောက်တစ်ယောက်ကစကားပြေလုပ်ခဲ့သူ တွေပေါ့။
         
"ရောဘတ်ဟန်တင်းတန်ဖလက်ချာ" (Robert Huntington Fletcher) ဆိုတဲ့ပုဂ္ဂိုလ်က အင်္ဂလိပ်စာပေ သမိုင်း (A History of English Literature) ကို ပြုစုတော့ ကွန်တန်ပိုရာရီဆိုတဲ့ စကားလုံးကို ဒီလိုသုံးခဲ့ဖူးပါတယ်။

"It is true that in his early, imitative, work he shares the medieval flats of wordiness, digression and abstract symbolism;and like most medieval writers he chose rather to reshape material from the great contemporary store than to invent stories of his own"
"ဒါဟာ အမှန်တရားပါပဲ၊ ဘာလဲဆိုတော့ သူ့ရဲ့အစောပိုင်းကတုပခဲ့တဲ့၊ အလုပ်ဖြစ်တဲ့ မီဒီဗာခေတ် (အလယ်ခေတ်) က စာလုံးတန်ဆာဆင်တဲ့ အမှားတွေ၊ မူရင်းကသွေဖယ်သွားတဲ့အမှားတွေ၊ သင်္ကေတပြု အသုံးတွေကို မှားသုံးတာတွေကို တခြားအလယ်ခေတ်က စာရေးသူတွေလိုပဲ လုပ်တယ်။ အဲဒီခေတ်က ရေးသူတွေအတိုင်း ကိုယ်ပိုင်တီထွင်မှုလုပ်ရမဲ့အစား ခေတ်ပြိုင်ကုန်လှောင်ရုံကရုပ်ဝတ္တုတွေကိုပြန်ပြီး မွမ်းမံပြီး ပုံဖော်ပေးတဲ့ ရေးဟန်ကိုပဲ သူရွေးသည်" တဲ့။ ဒီနေရာမှာတော့ the great contemporary ဆိုတာ အလယ်ခေတ်က ခေတ်ပြိုင်တွေထဲက တစ်ယောက်ဆီကပုံပြောင်းလုပ်တဲ့ ရေးဟန်ကို ဆိုလိုတာပါ။

-       ပလေတိုးကြီး ရေးတဲ့ ခရီတို (Crito) မှာလည်း ဆိုကရေးတီး ရဲ့နောက်ဆုံးနေ့အကြောင်းကို ရေးတော့ ခရီတိုနဲ့ ခေတ်ပြိုင်တွေအဖြစ်စာတစ်ကြောင်းမှာ ဒီလိုရေးထားတာတွေ့တယ်။ "he is informed by his aged friendand contemporary Crito, who visit him before" လို့ရေးတဲ့အခါ စာဖတ်သူက အလိုလိုဆိုကရေးတီးနဲ့ သက်တူ ခေတ်ပြိုင်ခရီတိုရယ်လို့ ကွန်တန်ပိုရာရီ ကို အဓိပ္ပါယ်ဖွင့်မှာပဲ။

-       ဂျူလီဗာနီ (Jules Verne) ရေးတဲ့ (2000 Leagues Under the Sea) မှာတော့ "a thousand generations old and contemporary" လို့ရေးထားတာဟာ ခေတ်ပေါ်/လက်ရှိ ဆိုတဲ့ အဓိပ္ပါယ်ကိုပိုပြီးထင်ရှားစေတာပဲ။ "တစ်ထောင်သော မျိုးဆက်ဟောင်းနှင့် လက်ရှိမျိုးဆက်"ဆိုတဲ့ အဓိပ္ပါယ်ပါ။

-       မော်ဒန်ဆရာမကြီးဝု(ဖ်)က နေ့နဲ့ည (Night and Day by Virginia Woolf) မှာတော့ ဆရာမကြီးဟာ "to introduce here a sketch of contemporary poetry contributed by Mr." လို့ ရေးတာက "ဒီနေရာဝယ် မိတ်ဆက်ပေးဖို့ကလူကြီးမင်းရေးသော ခေတ်ပေါ်ကဗျာ အကြမ်းတစ်ခု" ဆိုတာက အဲဒီခေတ်က ခေတ်ပေါ်လို့ ခေါ်ကြတဲ့ကဗျာပေါ့။ မော်ဒန်နောက်ကြောင်းကို ဆရာမကြီးက ၁၉၁၀ ဒီဇင်ဘာတဝိုက်မှာ ပေါ်လာပါတယ်လို့ရဲရဲကြီး ဆိုခဲ့သူလည်း ဖြစ်တယ်။ သူလည်း မော်ဒန်စာပေကို ဦးဆောင်ခဲ့သူပဲ။ ဒါပေမဲ့ သူ့ဝတ္ထုထဲကစာကြောင်းမှာတော့ ခေတ်ပေါ်ကဗျာကို (အဲဒီအချိန်နဲ့နှိုင်းပြီး) ကွန်တန်ပိုရာရီကဗျာ လို့သုံးသွားတယ်။ သူတို့ခေတ်က မော်ဒန်သည် နောက်ဆုံးပေါ်ဖြစ်တဲ့အတွက် သီးသန့်အသုံး (ကဗျာ) မော်ဒန်ကို ကွန်တန်ပိုရာရီလို့ ခိုင်းနှိုင်းသွားတယ်။ အလက်ဇန္ဒားဒူးမား (Alexanda Dumas) ရဲ့ ဆယ်နှစ်လွန်သော် (Ten Years Later) မှာပဲဖြစ်ဖြစ်၊ ဆမ်းမားဆက်မွန် (W.Somerset Maugham) ရဲ့"Of Human Bondage" မှာပဲဖြစ်ဖြစ်၊ လီယိုတော်စတွိုင်း ရဲ့ "စစ်နဲ့ငြိမ်းချမ်းရေး"မှာပဲဖြစ်ဖြစ် contemporary ဆိုတဲ့ စာလုံး အသုံးပြုပုံကို တွေ့နိုင်ပါသေးတယ်။
         
အဲဒီလိုပဲ "မြို့ပြဆန့်ကျင်ပုန်ကန်မှု၏တာဝန်ယူရာ၌ " (On the Duty of Civil Disobedience) ထဲမှာ ဟင်နရီဒေးဗစ်သော်ရိုး (Henry David Thoreau) က "A trace of Egypt and the Nile, yet our contemporary" လို့ရေးခဲ့တာပဲ။  ဒါဟာ အငြင်းပွားစရာ မဟုတ်ပါဘူး။ ဒီနေရာမှာ မြန်မာဆရာကြီးများရဲ့ စကားလုံးသတ်မှတ်ပုံနဲ့ ကျွန်တော့်မှာ ပြောစရာတွေ၊ အမြင်မတူတာတွေရှိနေပါတယ်။ ကျွန်တော် ဇယားလေး တစ်ခုလောက် ချပြချင်ပါတယ်။ ဒီနေရာမှာ ဘာသာစကားဒေါင့်ကချဉ်းကပ်ခြင်းနဲ့ ကဗျာ (Poetry) ဘက်က ချဉ်းကပ်ခြင်းကို ခွဲကြည့်ပါမယ်။

            ဒီနေရာမှာတော့ ကဗျာသမားတွေအနေနဲ့ခေတ်ပေါ်ကဗျာကို "မော်ဒန်ကဗျာ" လို့ မသတ်မှတ်စေချင်ပါဘူး။ ခေတ်ပေါ်ကဗျာကိုရှေးဆရာကြီးများက "မော်ဒန်" အသုံးအနှုန်းနဲ့ လဲသွားတဲ့အတွက် အင်္ဂလိပ်မော်ဒန်ကဗျာက သမိုင်းတစ်နေရာမှာ ကျန်ခဲ့ပြီး မြန်မာစကား "ခေတ်ပေါ်" က ဒီနေ့အထိ လိုက်လာတဲ့အတွက်ဒီကိစ္စဖြစ်ရတာပါ။ ကျွန်တော့်အနေနဲ့ မြန်မာစကား "ခေတ်ပေါ်" ကို မသုံးပဲ ယနေ့ခေတ်ကဗျာတွေကို"ခေတ်မီ" ကဗျာလို့ ခေါ်လိုက်ရင် ဒီကိစ္စပြီးသွားမှာပါ။ ဒါမှမဟုတ်ရင် ခေတ်ပေါ်သမားတွေဟာကဗျာဟောင်း (မော်ဒန်ကဗျာ) ထဲက ထွက်လို့မရတော့ပါဘူး။ contemporarism ဆိုတာမျိုး ကဗျာအုပ်စုဒါမှမဟုတ် ကဗျာအမျိုးအစားကိုရှာတော့ contemporatists ဆိုပြီး ဗိသုကာ ပညာရှင်တွေချည်းတွေ့ပါတယ်။ ခေတ်ပေါ်ဒီဇိုင်းကို ရေးဆွဲသူတွေကို ခေါ်တာပါ။ အယ်ပီတို့၊ ကွန်ဆက်ချူရယ်တို့၊ ဘလူးစ်ကဗျာတို့အားလုံး ယနေ့ခေတ်အသုံးများတွင်ကျယ်လာတဲ့ဟန်တွေကို ပေါင်းပြီး ကွန်တန်ပိုရာရီကဗျာဆရာ လို့ခေါ်တာပါ။ ဂိုဏ်း ဒါမှမဟုတ် ရေးဟန် အနေနဲ့မတွေ့ပါ။
                     
မော်ဒန်/ကွန်တန်ပိုရာရီ (၂)

            ခေတ်ပေါ်/ခေတ်ပြိုင်ကိစ္စကို ရေးဖို့ရပ်လိုက်ပြီးမှ ပီဒီအက်(ဖ)ဖိုင်နဲ့ မဂ္ဂဇင်းလေးတစ်အုပ်ရလိုက်တယ်။ အဲဒီမဂ္ဂဇင်းကတော့ တောင်အမေရိက (လက်တင်) ကဗျာမဂ္ဂဇင်းဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ ကမ္ဘာသစ်ကဗျာ (New World Poetics) ဖြစ်ပါတယ်။ အယ်ဒီတာတွေအနေနဲ့ချားလ်ဘန်စတိန်း (Charles Bernstein) နဲ့ အီဂါနို (Eduardo Espina) တို့ ဖြစ်တယ်။ အဲဒီမဂ္ဂဇင်းထဲမှာ ကဗျာဝေဖန်ရေးနဲ့ နာမည်ကြီးလာတဲ့ မာဂျိုရီပါးလော့ (Marijorie Perloff) နဲ့ အင်တာဗျူးကိုဖတ်ရတော့ နည်းနည်းမျှဝေပေးချင်လာလို့ ဆက်ရေးမိတာပါ။ စာမျက်နှာ ၂၆ မှာ မာဂျိုရီနဲ့ အင်တာဗျူးကိုဘာသာစကား၏ စိန်ခေါ်မှု (The Challenge of Language) လို့ ခေါင်းစဉ်တပ်ထားပါတယ်။ အဖွင့်မေးခွန်းကတော့သင်၏ ခေတ်ပေါ် အတွေ့အကြုံအခြေပြုကဗျာ ပေါ်မှာ သဘောထားလေးသိပါရစေလို့ မေးထားပါတယ်။ မာဂျိုရီကိုစမေးတဲ့ အဲဒီမေးခွန်း (What is your opinion of Contemporary"EXPERIMENTAL" Poetry? ) ဟာ ကျွန်တော်တို့ အငြင်းပွားနေတဲ့အချက်နဲ့ အံဝင်ခွင်ကျဖြစ်နေပါတယ်။ ဒီနေရာ မေးခွန်းမေးသူရဲ့ စကားလုံး အသုံးပြုမှုပါပဲ။ "Contemporary Experimental Poetry" ဟာ Poetry ကို နာမဝိသေသနအသုံးနဲ့ ရေးထားတယ်။ ဒီတော့ "Experimental"ကို သိဖို့လိုပါတယ်။ စိတ်ကူးယဉ်ရေးဖွဲ့မှု မဟုတ်။ သီအိုရီအခြေခံမှုမဟုတ်။ အချက်အလက်အခြေခံမှု မဟုတ်။ နေ့တဓူဝကြုံတွေ့နေရတဲ့ အတွေ့အကြုံ၊ ပဋိပက္ခကိုရေးတယ်လို့သတ်မှတ်လို့ရတယ်။ ဒါကြောင့် ခေတ်ပေါ်လက်တွေ့ အခြေခံကဗျာကို ဘယ်လိုမြင်သလဲလို့ မေးတာပါ။ မာဂျိုရီဟာ အဲဒီ "Experimental" ဆိုတဲ့ စကားလုံးကို သုံးစွဲဖို့ လက်မခံခဲ့ဘူး။ သူဘာပြောသလဲ ကြည့်ရအောင်….။

            "To begin with, I don't especially care for the word "EXPERIMENTAL" which implies that the poetry in question is just an experiment, which it may well fail. I imagine Baudelaire being called an experimental poet. Or Rimbaud. I prefer the adjective "radical" or "oppositional" or even the familiar epithet "avant-garde".
- Conducted Interview by Enrique Mallen
- April, 2007at "The Poetry of the Americas" conference, Texas A&M University

            "စပြီးပြောရရင်တော့ဖြင့် Experimental ဆိုတဲ့ စကားလုံးကို အထူးသဖြင့်ဘဝင်မကျဘူး။ အဲဒီအဓိပ္ပါယ်ကြောင့် ကဗျာကိုမေးခွန်းထုတ်နိုင်တာက အတွေ့အကြုံတစ်ခုပဲ ဆိုသလိုဖြစ်သွားပြီး အဓိပ္ပါယ်ကောက် လုံးလုံးလျားလျားမှားသွားမယ်။ စဉ်းစားကြည့်လေ ဘော်လဒဲယားကို Experimental လို့ ခေါ်သလို ရွန်းဘတ်ကိုလည်းခေါ်ကြတာပဲ။ ကျွန်မကတော့ နာမဝိသေသနအနေနဲ့ Radical (တော်လှန်ကဗျာ/မူလလက်ဟောင်းမဟုတ်) ဒါမှမဟုတ် "Oppositional" (မူလအားဆန့်ကျင်သော) ကို သုံးချင်တယ်။ ရင်းနှီးနေပြီးသားအနုပညာတော်လှန်ရေး "Avant-garde" လို့ ရေးရင်လဲ ရတယ်။ "

            ဒါဆိုရင် လက်ရှိပြောနေကြတဲ့ ခေတ်ပြိုင်ကဗျာဆိုတာ အနောက်တိုင်းကွန်တန်ပိုရာရီ ကို ပြောတာလားလို့ မေးစရာရှိတယ်။ အကယ်၍ ဟုတ်တယ်ဆိုရင်တော့ ကွန်တန်ပိုရာရီကို ခေတ်ပြိုင်လို့ မခေါ်သင့်ဘူးလို့မြင်တယ်။ ကွန်တန်ပိုရာရီနဲ့ ပတ်သက်ပြီးစုထားတဲ့ အနောက်အယ်တိုင်း ဝက်ဘ်ဆိုဒ်တစ်ခုကို ဝင်ပြီးကြည့်တော့ ကဗျာဆရာ အတော်များများကိုတွေ့ရတယ်။

အယ်လ်ပီထဲက ဘရုစ်အင်ဒရူး (Bruce Andrews)၊ ချားလ်ဘန်စတိန်း (Charles Bernstein) နဲ့ သူ့အမျိုးသမီး ဆူဇန်ဘီး (Susan Bee)၊ ရွန်ဆီလီမန် (Ron Silliman) တို့ပါသလို ကွန်ဆက်ချူရယ်ထဲက ကက်နက်ဂိုးစမစ် (Kenneth Goldsmith)၊ ခရစ်ရှန်ဘော့(Christan Bok) တို့ကို တွေ့ရတယ်။ ကျန်တာတွေကတော့ ကျွန်တော်သိပ် အကျွမ်းတဝင်မရှိတဲ့သူတွေပါပဲ။ ဟာနန်းဝိုင်းနား (Hannah Weiner) ကိုလည်း တွေ့တယ်။ ဆိုလိုတာက ကွန်တန်ပိုရာရီခေါင်းစဉ်အောက်မှာ LP,CP သမားတွေကို တွေ့ရတယ် ဆိုတာပါပဲ။ ဒီတော့ ကွန်ဆက်ချူရယ်၊ အယ်လ်ပီသမားတွေကိုလည်း တစ်နည်း ကွန်တန်ပိုရာရီလို့ ခေါ်လို့ရတယ်။

 မော်ဒန်ကဗျာဟာ ဘယ်မှာဆုံးပါသလဲ။ ယေးလ်တက္ကသိုလ် (Yeal University) ရဲ့ အဝေးသင်လက်ချာမှာတော့ အဲလီးဇဘက်ဘစ်ရှော့ ဆီမှာ ဆုံးထားပါတယ်။ ဒါက ယေးလ်ရဲ့ မော်ဒန်ကဗျာသင်ရိုးပါ။ အဲဒီသင်ရိုးရဲ့ အလိုအရ ဘစ်ရှော့နောက်ပိုင်းဟာ ပို့စ်မော်ဒန်ဖြစ်သွားပါတယ်။ ဒီနေရာမှာ ဝီကီအဘိဓါန်ရဲ့ အလိုအရတော့ ကဗျာဆရာတွေကို မော်ဒန်ဒုတိယအဆက်လို့ သတ်မှတ်ပါတယ်။

အဲဒီမှာ နယူးယောက်စကူး (New York School)၊ ဘလက်ခ်မောင်တိန်စကူး (Black Mountain School) နဲ့ ဘိမျိုးဆက် (Beat Generation) တွေ ပါဝင်ပါတယ်။ ပို့စ်မော်ဒန်ဆိုတဲ့ စကားလုံးဟာ ပိုမိုကျယ်ပြန့်သွားတဲ့အတွက် ကဗျာမှာ အဲဒီခေါင်းစဉ်ကို တပ်ဖို့ အနည်းငယ်ပြဿနာရှိလာနိုင်ပါတယ်။ ကဗျာ၊ စာပေ၊ အတွေးအခေါ်၊ ဗိသုကာ နယ်ပယ်အသီးသီးမှာ ပို့စ်မော်ဒန်ရယ်လို့ ဖြစ်လာခဲ့ပြီးမော်ဒန်ကဗျာနောက်ပိုင်းအားလုံးထိ အကျုံးဝင်သွားပါတယ်။

ဒီတော့ ကိုအောင်ရင်ငြိမ်းတို့ခေါင်းစဉ်တပ်တဲ့ "နီယိုမော်ဒန်" စကားလုံးဟာ ပို့စ်မော်ဒန်ကို အခြားတစ်နည်းခေါ်ဆိုဖို့အတွက်ငြင်းနိုင်စွမ်းမရှိတဲ့ အသုံးအနှုန်းဖြစ်တယ်လို့ ကျွန်တော်ယူဆတယ်။ အနောက်တိုင်းမှာတော့ နီယိုမော်ဒန် ရယ်လို့ တိတိပပ မရှိပေမယ့် မြန်မာနဲ့ကိုက်မယ့် တည်ဆောက်ပုံတချို့ကို အသေးစိတ်တင်ပြနိုင်ရင် ကန့်ကွက်စရာမရှိပါဘူး။ ကွန်တန်ပိုရာရီမှာ မော်ဒန်နောက်ပိုင်း လူတချို့ကို တွေ့ရတော့နီယိုမော်ဒန်ကိုလဲ ကွန်တန်ပိုရာရီလို့ သတ်မှတ်ရင် အဓိပ္ပါယ်ရှိတဲ့ကိစ္စ ဖြစ်လာနိုင်ပါတယ်။ အခု အယ်လ်ပီ(LP)၊ စီပီ(CP) နဲ့ ဖလက်(ဖ) (Flarf) အထိကို ကွန်တန်ပိုရာရီလို့ သတ်မှတ်ရင်နီယိုကိုလည်း ငြင်းစရာမရှိပါဘူး။

- ဇော်ဇော်ထွန်း

ကဗျာဆရာနှင့် နိုင်ငံရေး (၄)

အော်ဒရီလော့(ဒ) (Audre Lorde) ကတော့ နှုတ်ဆိတ်ပြီးနေရင်လည်း မလုံခြုံပါဘူးလို့ဆိုပြန်တယ်။

Mysilences have not protected me.
Yoursilence will not protect you.

"ကျွန်ုပ်၏နှုတ်ဆိတ်ငြိမ်သက်ခြင်းသည် ကျွန်ုပ်အား အကာအကွယ်မပေးနိုင်သေးပေ
 သင်၏ နှုတ်ဆိတ်ငြိမ်သက်ခြင်းသည်လည်း သင့်အားအကာအကွယ်ပေးလိမ့်မည်မဟုတ်။"

- အော်ဒရီလော့(ဒ)        

ကျွန်တော်တို့ ကဗျာနဲ့ပတ်သက်ပြီးအများကြီးပြောခဲ့ပြီးပြီ။ ဒါပေမယ့် ကဗျာဟာ အမြဲတစေ လူတွေကို သွေးဆူစေတုန်းပဲ။ ကဗျာဆိုတဲ့အရာဟာ အမြဲတမ်းပဲ ဖတ်သူ၊ ရေးသူ၊ ဝေဖန်သူ၊ ရွတ်ဆိုသူတွေရဲ့ကြားမှာ ပြဿနာ တက်လေ့ရှိတဲ့အရာပါ။ ကဗျာဟာ စာကြောင်းအရေအတွက်နည်းနည်းပါးပါးနဲ့ ငြင်းခုံစရာအကောင်းဆုံး စာရေးနည်းတစ်ခု ဖြစ်ခဲ့တယ်။ အခုမှမဟုတ်ပါဘူး၊ ခေတ်အဆက်ဆက်၊ နိုင်ငံတိုင်း၊ အချိန်တိုင်းမှာ ကဗျာဆိုတဲ့ အသံကြားရင် ဖတ်သူ၊ လေ့လာသူ၊ ရေးသူ၊ ခံစားသူ အားလုံး သွေးဆူလွယ်လေ့ရှိကြတယ်။ ဒါဟာ ထူးဆန်းတဲ့ကိစ္စလို့ မထင်မိဘူးလား။ ကျွန်တော်တို့ကဗျာဟာ ဘာကြောင့်ဒီလောက်ထိ ခေတ်အဆက်ဆက်ပြဿနာတွေ ဖန်တီးစေတဲ့ အကြောင်းတရားဖြစ်ရပါသလဲလို့ ဘယ်တော့မှ တွေးမကြည့်ခဲ့မိဘူး။ ကဗျာဟာ ဘာကြောင့် ပြဿနာဖြစ်ရသလဲဆိုတာကို ခွဲခြမ်းပြတဲ့စာအုပ်တစ်အုပ်ကို ကျွန်တော်ဟာ ကံကောင်းခြင်းကြီးစွာနဲ့ ရရှိခဲ့ပါတယ်။ အဲဒါကတော့ ဂျေးပါရီနီရေးတဲ့ ဘာကြောင့်ကဗျာဟာ ပြဿနာများဖြစ်သလဲ (Why PoetryMatters) ဆိုတဲ့ စာအုပ်ပါ။ သူက ကဗျာကို ပြဿနာတက်စေတဲ့ အကြောင်းအချက် ကိုးချက်ကို ထုတ်ပြခဲ့ပါတယ်။ အဲဒါတွေကတော့ အောက်မှာရေးပြထားတဲ့ အချက်တွေပါပဲ။ သူက -
                       
                        (၁) ကဗျာ၏ တရားမျှတမှုကို ကာကွယ်တဲ့အချက် (Defending Poetry)
                        (၂) ဘာသာစကား (Language)
                        (၃) ပုဂ္ဂလအသံ/အပြော (Personal Voice)
                        (၄) တင်စားမှုပုံစံ (TheWay of Metaphore)
                        (၅) ရိုးရာနဲ့မူလအစ (Tradition and Originality)
                        (၆) ပုံသဏ္ဍာန်နဲ့ အချုပ်အနှောင်မဲ့ခြင်း (Form and Freedom)
                        (၇) ကဗျာရဲ့နိုင်ငံရေး (The Politic of Poetry)
                        (၈) သြကာသလောက (ANational World)
                        (၉) အဲလီးယော့ရဲ့ ဖိုးကွာတက်ကိုဖတ်ခြင်းကြောင့် ဖြစ်သောအကျိုး
                             (A Reading of Four Quartets)
           
အဲဒီထဲက နံပါတ် (၇) ဖြစ်တဲ့ ကဗျာရဲ့ နိုင်ငံရေး (The Politic of Poetry) ဆိုတဲ့ အခန်းက စိတ်ဝင်စားစရာပါ။ ကဗျာဟာ နိုင်ငံရေးနဲ့ပတ်သက်နေတာဟာ သူ့မှာ နိုင်ငံရေးကို ဖော်ပြနိုင်တဲ့ လုံလောက်တဲ့ အကြောင်း (ဝါ) စွမ်းအားရှိလို့ပါပဲလို့ ဂျေးက အဲဒီအခန်းစလျင်စချင်း ရေးပါတယ်။

ကဗျာဆရာတိုင်းမှာ မဖြစ်မနေကျရောက်တဲ့ အခြေအနေတစ်ခုရှိပါတယ်။ အဲဒါကတော့ သူ့ဝန်းကျင်မှာရှိတဲ့သူက ကမ္ဘာကိုဖတ်ဖို့ သူ့နည်းသူ့ဟန်နဲ့ တုန့်ပြန်ဖို့ပဲဖြစ်ပါတယ်။ ဒါကို စာရေးသူက ကဗျာဆရာရဲ့ ဖက်ရှင်နဲ့သူ့ဝန်းကျင်ကို တုံ့ပြန်တယ်လို့ ဆိုတယ်။

အဲဒီဖက်ရှင်ကတော့ နိုင်ငံရေးသမားတွေ လုပ်လေ့ရှိတာနဲ့ ကွဲပြားပါတယ်။ ကဗျာဆရာတွေဟာ ဆိုင်းဘုတ်၊ စတေကာ၊ ဘန်နာတွေပေါ်မှာရေးပြီး သူ့နိုင်ငံရေးကို ဖွင့်ဟပြတတ်တယ်။ အဲဒီကဗျာတွေဟာ အခြေအနေတွေရဲ့သက်သေသက္ကာယတွေဖြစ်ပြီး အလွယ်တကူ သမိုင်းမှာ မေ့လို့မရ၊ ဖျက်လို့မရတဲ့ ကဗျာတွေ ဖြစ်သွားတယ်။ အဲဒီ နိုင်ငံရေး ရောင်ပြန်ဟပ်တဲ့ ကဗျာတွေဟာ ကဗျာဆရာတွေက လက်ရှိနိုင်ငံရေးကို ပိုပြီးရှင်းလင်းသွားအောင်တွေးစရာ၊ ခံစားစရာတွေအဖြစ် ဖတ်သူကို ရှင်းလင်းစေတယ်။

ကဗျာဆရာဟာ ဘယ်တော့မှ နိုင်ငံရေးအကျပ်အတည်းကို ဘယ်ပုံဘယ်နည်းဖြေရှင်းရမယ်ဆိုတဲ့ (solution) ကို မပေးဘူး။ မကမ်းလှမ်းဘူး။ "offer" မလုပ်ဘူး။ သူတို့ဟာ ဖတ်သူကို ဖြစ်စဉ်အတိမ်အနက်ကို နားလည်သဘောပေါက်အောင်ကူညီဖို့ သက်သက်ပါပဲ။ နိုင်ငံရေးအသိုင်းအဝိုင်းဆိုတာက အချိန်ပြည့် ခံယူချက်ဆိုတာကြီးကို ရှေ့တန်းတင်ပြီး စိတ်နှလုံးအဆင့်အတန်း ပျောက်ရှလစ်ဟင်းနေတဲ့ အဝန်းအဝိုင်းတစ်ခုပါ။

၉/၁၁ စက်တင်ဘာအရေးအခင်းမှာတော့ နယူးယောက်မြို့နဲ့ ဝါရှင်တန်ဒီစီက ကဗျာဆရာတွေဟာ အရေးပေါ်အခြေအနေတစ်ရပ်ထုတ်ပြန်ပြီးနောက် လူထုရဲ့ တကယ့်ရင်ထဲကလာတဲ့ အသံတွေ စုစည်းပြီး သူတို့ရဲ့ဘာသာစကားထဲကိုရောထည့်ပြီး ကဗျာတွေ အုံနဲ့ကျင်းနဲ့ စပ်ဆိုခဲ့ကြတယ်။ အဲဒီတိုက်ခိုက်မှုပြီးတဲ့ နောက်တစ်ပတ်မှာတော့ လူတွေဟာကဗျာရွတ်သံကို ရှောင်ကွင်းပြီး ရေဒီယိုနားထောင်ဖို့ မလွယ်တဲ့ကိစ္စ ဖြစ်သွားတယ်။ ကဗျာသံမကြားချင်ရင် ရေဒီယိုဖွင့်ဖို့တောင်မလွယ်ပါဘူးတဲ့။ အဲဒီတုန်းက အသံလွှင့်ရုံတွေက ထပ်ခါတလဲလဲလွှင့်ပေးနေတဲ့ ကဗျာတစ်ပုဒ်ရှိခဲ့တယ်။ အဲဒါကတော့ ဒဗလျူ၊ အိတ်ခ်ျ၊အော်ဒင် (W.H.Auden) ရဲ့ နာမည်ကြီးကဗျာ "စက်တင်ဘာ (၁)၊ ၁၉၃၉" ပါပဲ။ အဲဒီကဗျာဟာ ဂျာမန်တပ်တွေ ပိုလန်ကိုဝင်စီးခဲ့လို့ ရေးခဲ့တာဖြစ်ပြီးနိုင်ငံရေးရှုထောင့်က မှားခြင်း ၊မှန်ခြင်းဆိုတဲ့ ချဉ်းကပ်ပုံနဲ့ကွဲပြားပြီး "စိတ်ထား (ဝါ) ကိုယ်ချင်းစာစိတ်"နဲ့ ချဉ်းကပ်တာမျိုးဖြစ်တယ်။ ဒီကဗျာဟာ နိုင်ငံရေးကို ရိုက်ခတ်ပါတယ်။

တကယ်တော့ ကဗျာဆရာဟာ သူစိမ်းတစ်ယောက်အတွက် ပြောဆိုရေးစပ်တာဟာ သိပ်တော့ အဓိပ္ပါယ်မရှိပါဘူး။ သူတိုကိုယ်တိုင်ဖော်ပြမှုကိုဖြစ်စေ၊ သူတို့ပါဝင်ပတ်သက်နေတဲ့ အုပ်စုကိုဖြစ်စေ၊ ကိုယ်စားပြုဖော်ပြလေ့ရှိတယ်။ သူတို့ဟာ မက်က္ကဆီကန် အမေရိကန်အုပ်စု (Chicanos) ဖြစ်စေ၊ နပုန်းလိင်အုပ်စု (Gays) ကိုဖြစ်စေ ကိုယ်စားပြုနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဟန် (own measure and style) ကို ရှာဖွေဖန်တီး ဖော်ပြကြတယ်။

စိတ်ကူးနဲ့ကိုယ်ပိုင်သီးခြားဟန်တို့ပေါင်းပြီး ရေးဖွဲ့တာကိုဆိုလိုတယ်။ ဒါနဲ့ပဲအဲဒီကဗျာဆရာဟာနိုင်ငံရေးကိုယ်စားပြုသူတွေ ဖြစ်လာတယ်။ ဥပမာ ဝေါ့ဝှစ်ထမင်း (Walt Whitman) ဟာ ဒီမိုကရေစီကိုကိုယ်စားပြုတဲ့ ကဗျာဆရာဖြစ်လာတယ်။ သူလိုနောက်တစ်ယောက် ဆင်တူရိုးမှား ဒီခေါင်းစဉ်အောက်မှာမရှိတော့ဘူး။ အသေချာဆုံးစစ်တမ်းတွေ ကောက်ကြည့်ရင်တော့ နှစ်ဆယ်ရာစုအစောပိုင်း ကဗျာဆရာတွေဟာအရိုးစွဲသမား ကွန်ဆာဗေးတစ် ဒါမှမဟုတ် အစွန်းရောက်လစ်ဘရယ် ဆန့်ကျင်သူ (Reactionist) တွေ ဖြစ်သွားတယ်။ ဥပမာ။ ယိ(ထ) (Yeats)၊ အဲလီးယော့ (Eliot)၊ စတီဗင် (Stevens) နဲ့ အက်ဇရာပေါင်း (Pound) တို့ပဲ ဖြစ်တယ်။ ဥပမာ ဆရာကြီး ယိ(ထ)ဟာ သဘောထားတင်းမာသူ မျိုးချစ်စိတ်ပြင်းသူဆိုတဲ့အမှတ်အသားကို ရပါတယ်။ သူ့ရဲ့ထက်သန်မှုနဲ့ တိုင်းပြည်ချစ်စိတ်ဟာ သူ့ကဗျာတွေရဲ့ ခေတ်မီမှုနဲ့တွဲချိတ်လို့ မရတဲ့အထိဖြစ်လာတယ်။ ဒါဟာ ခေတ်နောက်ကျတဲ့ မျိုးချစ်စိတ်ရှိသူ (Old-fashion patriotism) ကို လက်ကိုင်ထားလို့ပါပဲလို့ "ဂျေး" က ဆိုပါတယ်။

            ဒီလို ကိုယ့်မြေ၊ ကိုယ့်ရာဇဝင်၊ ကိုယ့်ဒဏ္ဍာရီတွေကိုဆတ်ဆတ်ထိမခံဖြစ်တဲ့ အနေအထားကို ဖန်တီးပေးလိုက် တာက မောက်ဂွန်နီ (Maud Gonne) ဆိုတဲ့အမျိုးသမီးပဲ ဖြစ်ရမယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

နောက်တစ်ယောက်ကတော့ ရောဘတ်ဖရော့(စ) ပါပဲ။ သူက ရေမြေသဘာဝကို ချစ်တဲ့သူ။ ပြီးတော့ ခန့်မှန်းရခက်တဲ့လူ။ လယ်သမားတစ်ဦးကဲ့သို့အသွင်မျိုးရှိတဲ့သူရယ်လို့ ဆိုကြတယ်။ အမ်ဟားရပ်(စ) ကောလိပ် (Amherst College) မှာ ဆရာလုပ်နေတုန်းကဆိုရင်တပည့်တွေကို စာသင်တာရပ်ပြီး ပထမကမ္ဘာစစ်ထဲဝင်ဖို့ တိုက်တွန်းသတဲ့။ အဲဒီမှာ ဖရော့(စ)ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဖရော့(စ)အပေါ်မှာ အကြီးအကျယ် ဒေါသူပုန်ထပါလေရော။ လူတိုင်းက စစ်ကိုဆန့်ကျင်နေတဲ့အချိန်ကိုး။ ဂရိတ်ဒီပရက်ရှင်း (Great Depression) လို့ ခေါ်တဲ့ စီးပွားပျက်ကပ် (၁၉၂၉-၃၀) မှာတော့ ဆရာကြီးဖရော့(စ)ဟာ အမေရိကန်သမ္မတကြီး ရုစဗဲ့ (Franklin Roosevelt) နဲ့ သူ့ရဲ့အလုပ်အကိုင်ရှာဖွေပေးရေး "New Deal" အစီအစဉ်ကို မထောက်ခံခဲ့ဘူး။ ဒီအစီအစဉ်ဟာ လူတွေ ကိုယ့်ဘာသာကိုယ်အလုပ်ရှာနိုင်ရဲ့သားနဲ့ အဲဒီအလုပ်ရှာနိုင်စွမ်းကို ထိခိုက်စေတယ်လို့ ဆရာကြီးကယူဆပါတယ်။ လူတွေရဲ့ ဆုံးဖြတ်ချက်ကို အစိုးရကချပေးစရာ မလိုဘူးလို့ ဆရာကြီးက ဆိုတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်သာ ပေးကမ်းပါ (Provide, Provide) ကဗျာနဲ့ "New Hampshire" တို့လို ကဗျာတွေ ပေါ်လာတယ်။ ဆရာကြီးဟာ ကိုယ့်ကိုယ်ကိုယ်သာ ပေးကမ်းရာ ProviteProvite ကို ဖတ်တဲ့အခါ အောက်ပါစာကြောင်းသုံးကြောင်းကို လေးလေးနက်နက်ဖတ်တယ်လို့ ဆိုတယ်။  နောက်ဆုံးသုံးကြောင်းဆိုရင်လည်း မမှားဘူး။

                        Better to go downdignified
                        With boughten freindshipat your side
                        Than none at all.Provide, provide !
                        ငွေနဲ့ဝယ်ထားတဲ့ ခင်မင်မှုဟာတွေနဲ့ ကိုယ့်ဘက်က
                        ကိုယ့်ဟာကိုယ်လေးစားသမှုနဲ့ကိုယ်တိုင်ပြုလုပ်တာထက်
                        ဘယ်လိုအရာကမှ သာအောင် မလုပ်ုနိုင်ဘူး။
                        ကိုယ့်ကိုယ်ကိုယ်သာ စောင်မရာ၏ ။ ပေးကမ်းရာ၏ ။

ဒီစာသားလေးဟာ ကိုယ့်အားကိုယ်ကိုးကြဖို့ တိုက်တွန်းထားတယ်။ ကိုယ့်အလုပ်ကိုယ်ရှာရမယ်ပေါ့။ ဒီကဗျာလေးဟာ စီးပွားပျက်ကပ်အပေါ်မှာ အမေရိကန်အစိုးရရဲ့ “Great Deal” အစီအစဉ်ကို လက်တုံ့ပြန်ဖို့ရေးထားတာဖြစ်ပေမယ့် အခုဆိုရင် ဆောင်ပုဒ်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒီကဗျာက ဘာကိုအားပေးချင်တာလဲဆိုတော့ အခြေအနေတွေဟာ ဘယ်လိုပဲဖြစ်နေပါစေ၊ ကျုပ်တို့ဟာ ကိုယ့်ဘာသာကိုယ်ထိန်းချုပ်နိုင်စွမ်းရှိတယ်။ သက်ကြီးပိုင်း ဘဝရဲ့နေဝင်ချိန်မှာ စိတ်ချလက်ချနေနိုင်ဖို့ ခင်ဗျားဟာ စတော့အိတ်ချိန်းကြီးတစ်ခုလုံးကို ကိုယ့်ဘာသာကိုယ် တည်ဆောက်ရမယ်။ “Boughten Friendship” ဆိုတာက ငွေနဲ့ဝယ်ထားတဲ့ မိတ်ဆွေတွေ။ ဥပမာ နာ့စ်တွေနဲ့ကူညီပေးသူတွေ ဆိုတာကတော့ ခင်ဗျားတို့ မိတ်ဆွေအစစ်တွေနဲ့ ဆွေမျိုးတွေထက်စာရင်ပိုပြီးတော့ မကောင်းနိုင်ပါဘူး။ သူတို့ရဲ့အကူအညီတွေ (မိတ်ဆွေစစ်၊ဆွေမျိုးသားချင်း)တွေက ခင်ဗျားရဲ့အထီးကျန်မှု၊ ငွေကြေးချို့တဲ့မှုတို့ကို ကွယ်ပျောက်စေမယ်။ ဒါပေမယ့် ဆရာကြီးဖရော့စ်ကတော့ ကိုယ့်ကိုယ်ကိုယ် ပံ့ပိုးစမ်းပါ ကိုယ့်လူရယ်လို့ အလေးအနက်ပြောနေရတာ အဓိပ္ပါယ်ရှိတယ်။ဘာကြောင့်လဲဆိုတော့ သက်ကြီးပိုင်းမှာ တခြားလူအကူအညီပေးရင်လဲ ခင်ဗျားကကြိုက်မှာမှ မဟုတ်တာပဲလေ။

            အမှားအမှန်ကို သိမြင်မှု (Morality) နဲ့နိုင်ငံရေး (Politic) ကို ဆရာကြီး ဖရော့စ် တပြိုင်ထဲ ထည့်သွင်းဖော်ပြ ထားတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့ “ခေတ်ပျက်ထဲကလူနှစ်ယောက်” (Two Tramps in Mud Time) ကဗျာဟာ အလုပ်နဲ့လုပ်ပိုင်ခွင့် (Work and the night to work) ကို ရေးဖွဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကဗျာထဲက ဇတ်ပြောသူ (Speaker in the poem) က ကျေးလက်က သူ့လယ်ကွင်းထဲမှ သစ်တွေကို ခုတ်ဖြတ်နေတယ်။ သူက “သူ့ရဲ့စိတ်ကိုလျှော့ပေးနေတယ်” (giving a loose to my soul) လို့ ရေးတယ်။ သူပျော်ရွှင်နှစ်သက်တယ်။ ဒါမျိုးလုပ်ရတာ (ဝါ) သစ်ခွဲနေရတာကို ကျေနပ်တယ်။ နောက်တော့ ဖရော့စ်ဟာ စာရိတ္တခြစားမှုကို အဲဒီကဗျာထဲ ထည့်သွင်းပြောဆိုတယ်။ အဲဒီအချိန်ဟာ စီးပွားရေးချွတ်ခြုံကျလို့ ခေတ်ပျက်နေချိန်။ ဒါကို ဖရော့စ်က Mud Time (ရွှံ့စေးမစင်တဲ့ အချိန်အခါသမယ) လို့ ခေါ်တယ်။ အဲဒီခေတ်ပျက် (Mud Time) ကြီးထဲမှာ စာရိတ္တဆိုတာကသာမည ဖြစ်သွားတယ်။ လူကောင်းတွေဟာ အဲဒီတုန်းက အမေရိကန်တစ်ခွင် ပြဲပြဲစင်အောင် လှည့်လည်ပြီးကြုံရာကျပမ်း အလုပ်လေး ရလိုရငြား ရှာဖွေရတယ်။ သူတို့ ဘာအတွက် အလုပ်လုပ်နေကြသလဲ။ အလုပ်ကငွေရမယ်၊ စားစရာလေး ဘာလေးရမယ်။ ဒါမှမဟုတ် အလုပ်က သူတို့မျှော်လင့်တာ ငွေမှမဟုတ်ရင်ဘာလဲ။ သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုနဲ့ ဂုဏ်သိက္ခာကို ပြန်ရလိုရငြားမျှော်လင့်ကြတယ်။ လူနှစ်ဦးထဲက ပထမလူဟာ ဇတ်ပြောသူ ဆီကနေ ထွက်ခွာသွားတယ်။ သူ့ကိုကြည့်ရတာဒီလိုသစ်ခုတ်နေရတာကိုပဲ ပျော်နေမယ့်သူမျိုး။ ဒုတိယတစ်ယောက် ကတော့ ခပ်လေးလေးထွက်သွားတယ်။ အလုပ်ကိုသွားတဲ့ ခြေလှမ်းတွေပေါ့။ ဒုတိယပုဂ္ဂိုလ်လိုမျိုးက ငွေကြောင့် အလုပ်လာလုပ်သူပဲ။ မပျော်ဘူးပေါ့။ ဒီလိုလူဟာ ဘာလုပ်လုပ်ပျော်မှာလည်း မဟုတ်ဘူး။ ဆရာကြီးဖရော့စ်က ဒီကဗျာမှာနောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ထည့်သွားတယ်။ အဲဒါကတော့ သက်မွေးဝမ်းကျောင်း (Vocation) နဲ့ ဝါသနာ (Avocation) ပါပဲ။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အချက်ပါ။ ကိုယ့်အလုပ်မှာကိုယ်ပျော်နိုင်ဖို့ ဒီအလုပ်ဟာ ကိုယ့်ရဲ့ဝါသနာလားလို့ မေးဖို့လိုတယ်။ ကဗျာထဲက အရေးကြီးတဲ့စာကြောင်းပြတ်တွေ (Crucial Juncture) တွေကို ကြည့်ရအောင်။ နောက်ဆုံးမရောက်ခင်တစ်ပုဒ် (ThePenultimate) ကို ကြည့်ရအောင်ဗျာ။

                        Nothing on either sidewas said.
                        They knew they had butto stay their stay
                        And all their logicwould fill my head:
                        As that I had no rightto play.
                     
                        တစ်ဖက်ဆီက ဘာမှမပြောခဲ့ကြ
                        သူတို့နေထိုင်ခွင့်ပေါ် ခိုလှုံဖို့ကလွဲလို့သူတို့မှာရှိခဲ့တယ်ဆိုတာ သူတို့သိခဲ့ပါရဲ့
                        ပြီးတော့ သူတို့ရဲ့ လောဂျစ်ဟာငါ့ခေါင်းထဲမှာ ပြည့်နှက်နေခဲ့လိမ့်မယ်
                        ငါက ကစားဖို့ အခွင့်အရေးမရှိခဲ့သလိုမျိုးပ။

                        With what was anotherman’s work for gain.
                        My right might be lovebut theirs was need.
                        And shere the two existin twain
                        Theirs was the betterright-agreed.

                        ထပ်မံရဖို့ အခြားအမျိုးသားတစ်ယောက်ရဲ့အလုပ်ဆိုတဲ့ အရာနဲ့အတူ
                       သူတို့၌ရှိသော အရာကတော့ လိုအပ်ခြင်းဖြစ်ပေမယ့်ငါ့ရဲ့အမှန်တရားက ချစ်ခြင်းမေတ္တာဖြစ်လောက်ရဲ့
                        နောက်ပြီးသီးခြားနေရာနှစ်ခုမှာ ရှိတဲ့ဒီထွက်ပေါက်များရှိရာအရပ်၌
                        သူတို့မှာရှိတဲ့အရာကတော့ ပိုကောင်းတဲ့ အမှန်တရား - ကျုပ်လက်ခံပေးခဲ့တယ်။

            ဆရာကြီးရောဘတ်ဖရော့(စ) ဟာ ဒီအပုဒ်မှာတော့လူသားတွေရပ်တည်ရမယ့် ကျင့်ဝတ်ကို ထည့်သွင်းခဲ့တယ်။ အဲဒီကျင့်ဝတ်တွေဟာ ရှုပ်ထွေးနေကောင်းနေမယ်။ သူဆိုလိုတဲ့ ချစ်ခြင်းမေတ္တာ (love) ထက်ကို လိုအပ်ချက် (need) က ပိုပြီး အရေးကြီးသွားသလိုဖြစ်နေတယ်။ ဆရာကြီးဟာ ချစ်ခြင်းမေတ္တာ (love) ဆိုတဲ့ စကားလုံးကို ရွေးချယ်ပြီး အဲဒီစကားလုံးကိုတန်ပြန်ထိန်းညှိဖို့အတွက် လိုအပ်ချက် (need) ဆိုတဲ့ စကားလုံးကို ကဗျာထဲထည့်ပြီး သူ့ကဗျာကိုထပ်မြှင့်ခဲ့တယ်။ ကဗျာရဲ့ နောက်ဆုံးအပိုဒ်ကို ကြည့်ရအောင်။

                        But yield who will to their separation
                        Myobject in living is to unite
                        Myavocation and my vocation
                        Mytwo eyes make one in sight.
                        Onlywhere love and need are one,
                        Andthe work is play for mortal stakes,
                        Isthe deed ever really done
                        ForHeaven and the future’s sakes.

                        ဒါပေမယ့်တစ်ဘာသာစီလုပ်မယ်ဆိုတဲ့လူတွေကိုတော့ ကျုပ်လက်မြှောက်တယ်
                        ကျုပ်ရဲ့အလုပ်ကျုပ်ရဲ့ဝါသနာ
                        မျက်လုံးနှစ်လုံးကိုတစ်ခုတည်းသောမြင်ကွင်းကို ပြုလုပ်ပေါ့
                        ချစ်ခြင်းမေတ္တာနဲ့လိုအပ်ချက်ဟာတစ်ခုတည်းသောအရာ ဖြစ်တဲ့နေရာ
                        နောက်တော့အလုပ်ဟာ လူသားဖြစ်တည်မှုအဆင့်ဆင့်ကို အသုံးတော်ခံရဲ့
                        အမြဲတမ်းပဲရည်ရွယ်ချက်မြောက်အောင် အမှန်တကယ်လုပ်ရဲ့
                        ကောင်းကင်ဘုံအတွက်နဲ့အနာဂတ်ရဲ့ အကျိုးအမြတ်များအတွက်ပေါ့။

            ကျွန်တော်တို့ဆီက လိုအပ်ချက် (ဆန္ဒ) ဆိုတဲ့အရာဟာအချစ်ဆိုတဲ့စကားနဲ့ လားရာသဏ္ဍာန်က သိပ်မကွာပါဘူး။ ဆောင်းပါးရေးသူ “ဂျေး” ကတော့ စာသားကခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒီအပုဒ်မှာ စဉ်းစားစရာ ပေးထားတယ်လို့ ဆိုလိုတာပါ။ ကဗျာဆရာကဖတ်သူဆီက တောင်းဆိုတာက “need” နဲ့ “love” ဘယ်အရာကို ရှေ့တန်းတင်မလဲ ဆိုတာပါ။ လူအမျိုးမျိုးသဘောထားအမျိုးမျိုး ကွဲနိုင်တယ်။ ဒါပေမယ့် လွယ်လင့်တကူ ဆုံးဖြတ်ဖို့မလိုဘူး။ အလွယ်တကူဆုံးဖြတ်မှုကိုခွင့်မပြု (Disallowing easy judgment) လို့ရေးပါတယ်။ ပြန်ပြီးချုပ်ရရင် ရောဘတ်ဖရော့စ်ရဲ့ကဗျာဟာ အဲဒီခေတ်က စီးပွားပျက်ကပ်ကို ရည်ရွယ်တယ်။ ခေတ်အခြေအနေက နိုင်ငံရေးပါပဲ။

Ref:Why Poetry Matters by Jay Parini(2008 Yale University Press)

- ဇော်ဇော်ထွန်း

ကဗျာဆရာနှင့် နိုင်ငံရေး (၃)

နှစ်ဆယ်ခုနှစ်များဆီက နီဂရိုးများရဲ့အသံ

            ဒုတိယဆယ်စုနှစ်မှာတော့ မော်ဒန်လှုပ်ရှားမှု အမြင့်ဆုံးကာလဖြစ်ပြီး လက်ဟောင်း "ပေါင်း" နဲ့ "အဲလီးယော့" တို့ရဲ့ ဒီရေအမြင့်ဆုံးကာလဖြစ်ကာ လူမည်းလှုပ်ရှားမှု ဟာလမ်း (Harlem Renaissance) ၊ ဘလက်(ခ)အတ်(ထ) လှုပ်ရှားမှု (The Black Arts Movement) ထဲက လင်စတန်ဟုခ်ျ (Langston Hughes) တို့ရဲ့ နီဂရိုးသစ် (New Negro) တွေ ဆက်တိုက်ပေါ်လာခဲ့တယ်။ မက်ဟန်တန်အပေါ်ပိုင်း (Upper Manhattan)မှာ လူမည်းတွေရဲ့လူဦးရေ ပေါက်ကွဲမှု ဖြစ်လာတယ်။ အရပ်ရပ်က အနုပညာရှင်တွေရဲ့ ချီတက်ရမယ့်နေရာကတော့ "ဟာလမ်း" ကိုပါပဲ။ ဂျမေကာဖွား ကလောဒီမက်ကေး (Claude Mckay) ရဲ့ "အကယ်၍များ ကျုပ်တို့သေရမည်ရှိသော်" (If we must die) ဟာ အကြီးအကျယ်ပေါက်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပြီး "မက်ကေး" ဟာ "ဟာလမ်း" ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့တယ်။

လူမည်းလှုပ်ရှားမှုနဲ့အတူ ကဗျာဟာလူထုရဲ့မကျေနပ်ချက်တွေဘက်ကိုလှည့်ခဲ့တယ်။ ဒါပေမယ့် နယူးနီဂရိုးကဗျာတွေဟာ ဟာလမ်းနဲ့အသားအရောင်ခွဲခြားမှုကိုပဲ ကိုယ်စားပြုနေသေးတယ်။ နယူးနီဂရိုးတွေရဲ့ ကလောင်ဟာ ပိုပြီး ဗြောင်ကျပွင့်လင်းတဲ့ နိုင်ငံရေးဘက်ကိုရောက်သွားတယ်။ စတာလင်ဘရောင်း (Sterling Brown) ရဲ့ "Old lem" ကဗျာဟာ အဘိုးကြီး "လမ်း" ရဲ့ လူမည်းခံစားချက်ကို ပေါ်လွင်စေတယ်။ "Black Arts" တွေက မြို့ပြအခွင့်အရေးများ (Civil Rights) ကို တည်ပြီးသွားတယ်။

            Theygot the judges                               သူတို့မှာတရားသူကြီးတွေရှိခဲ့ပါရဲ့
            Theygot the lawyers                              သူတို့မှာရှေ့နေများလည်း ရှိခဲ့ပါရဲ့
            Theygot the jury-rolls                            သူတို့မှာဂျူရီလူကြီးလုပ်ခွင့်များလည်း ရခဲ့ပါရဲ့။
            Theygot the law                                    သူတို့မှာတရားဥပဒေဆိုတာမျိုး ရှိခဲ့ဖူးပါရဲ့
         
အဲဒီဆယ်စုနှစ်ကာလများမှာတော့ ကောင့်တီကူလန် (CounteeCullen) တို့ နူဘိုဆစ် (W.E.B Du Bosis) တို့ ပေါ်ထွက်လာခဲ့တယ်။ "NewNegro"တွေဟာ နိုင်ငံရေး (Politic) ထက် လူထု (Public) ဘက်ကို ပိုသွားတယ်။ သူတို့ဟာနာကျင်မှုများ လွန်မြောက်လာပေမယ့်လည်း သူတို့ကဗျာတွေကတော့ ခုထိနာကျင်နေဆဲပါပဲ။

သုံးဆယ်ခုနှစ်များနောက်

            သုံးဆယ်ခုနှစ်များဟာ နိုင်ငံရေးကဗျာနဲ့ ပုဂ္ဂလနောင်တကို ဖွင့်ဆိုသောကဗျာများ တပြိုင်ထဲရောနှော ပေါ်ထွက်လာတဲ့ကာလဖြစ်တယ်လို့ သုံးသပ်ကြတယ်။ အော်ဒင်နှင့်သူ့မျိုးဆက်များ (Auden and hisgeneration) ပေါ်လာတယ်။ ကားဆန်းဘတ် (Carl Sandburg)၊ မူရီရယ်ဂူကေတာ (MurielRukeyser) တို့ ပါလာတယ်။ နောက်တော့ အော့ဂျက်တစ် (Objective) အုပ်စုထဲက ဂျော့(ချ)အော်ပန် (George Oppen) တို့ အုပ်စုက အနီလွှမ်းတဲ့အမြင်နဲ့ ကဗျာကိုတည်ဆောက်တယ်။ သူတို့အုပ်စုထဲမှာတော့ လူးဝစ်ဇိုကော့စကီး (Louis Zukofsky)၊ ချာလီရက်ဇနီကော့(ဖ) (Charles Reznikoff) နဲ့ ကား(လ်)ရာကိုဇီ (Carl Rakosi) တို့ ထင်ရှားတယ်။ ဒုတိယ ရာစုဝက်ရောက်တော့ အက်ဇရာပေါင်း ကို ၁၉၄၈ အတွက် "ဘိုလင်ဂျင်ဆု" ရေဝတီဆန့်ကျင်ရေးစာပိုဒ် (Anti-Semitic Passages) တွေကိုထုတ်ဝေသူတွေက တည်းဖြတ်ပေးခဲ့တယ်။ ဒီကိစ္စဟာ အနုပညာရှင်တစ်ယောက်ဟာ ဘယ်လို လူစားမျိုးဖြစ်သင့်တယ်ဆိုတာထက် ဘယ်လိုအနုပညာမျိုး ဖန်တီးသလဲဆိုတာ ပြဿနာရဲ့အဖြေပဲ။

ရာစုဝက် ငါးဆယ်ခုနှစ်များဟာ ကဗျာဆရာတွေရဲ့နိုင်ငံရေးအားအကောင်းဆုံးကာလ ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ အလန်ဂျင်းစဘတ် (AllenGinsberg) ရဲ့ အူသံ (Howl) ခေတ် ပေါ်လာပြီး ချားလ်အိုဆင် (Charles Olson) နဲ့ ရောဘတ်ခရီလေ (Robert Creely) တို့ထင်ရှားလာတယ်။ ခြောက်ဆယ်နဲ့ခုနစ်ဆယ်ခုနှစ်များဟာ ကဗျာဆရာ လောကမှာနိုင်ငံရေးပေါက်ကွဲမှုဖြစ်တဲ့ ကာလပါပဲ။ ဒါကလည်း အများသိပြီးတဲ့အတိုင်း သမိုင်းနောက်ခံအကြောင်းအရာ ဗီယက်နမ်စစ်ပွဲကြောင့်ပါပဲ။

            ခရီလေကတော့ အနက်ရောင်တောင်တန်း (Black Mountain School) ဂိုဏ်းက ပို့စ်မော်ဒန်ကဗျာဆရာ တစ်ဦးဖြစ်ပြီး အလန်ဂျင်းစဘတ် တို့လို ခြောက်ဆယ်ကဗျာသူရဲကောင်းတစ်ဦးပါ။ ၁၉၉၁ မှာ အယ်ပီဒွန် တွေရှိတဲ့ဘဖလိုတက္ကသိုလ် (Buffalo University of New York) ကို ဘရောင်းတက္ကသိုလ်ကနေ ရွေ့သွားတယ်။ သူရေးခဲ့တဲ့ အမေရိက (America) ဆိုတဲ့ ကဗျာကတော့ ရှယ်အဆင့်ဆိုပဲ။


                                                America

                                    America,you ode for reality!
                                    Giveback the people you took!

                                    Letthe sun shine again
                                    onthe four corners of the world
                                    youthought of first but do not
                                    own,or keep like a convenience.

                                    Peopleare your own word, you
                                    inventedthat locus and term.

                                    Here,you said and say, is
                                    wherewe are, Give back

                                    whatwe are, these people you made,
                                    us,and nowwhere but you to be.

                                    - RobertCreely

                                 
                                                အမေရိက
       
                        အမေရိက၊ သင်အစစ်အမှန်အတွက် ကဗျာရှည်ကိုလုပ်သလား!
                        သင်ယူသွားခဲ့သောလူများအားပြန်ပေးပါလေ။

                        ဒီနေမင်းကို နောက်တစ်ကြိမ်ထွန်းလင်းခွင့်ကိုပေး
                        ကမ္ဘာမြေ၏ အရပ်လေးမျက်နှာစလုံးဆီမှာ
         
                        သင်က ပထမဆိုတဲ့အတွေးကိုရပေမယ့် သင်
                        မပိုင်ဘူး၊ ဒါမှမဟုတ် ရမထားဘူး အဆင်ပြေမှုတစ်ခုလိုပ

                        လူသားတွေဟာ သင်၏ကိုယ်ပိုင်စကားလုံးပါ၊ သင်
                        နေရာနဲ့အဓိပ္ပါယ်သတ်မှတ်ချက်လို တီထွင်ခဲ့

                        ဒီမှာ၊ သင်ပြောခဲ့တာ နောက်ပြောတတ်တာက
                        ငါတို့ဘယ်နေရာမှာလဲ။ ပြန်ပေးပါလေ

                        ငါတို့ဘာတွေလဲ၊ သင်လုပ်ခဲ့ပါသော ဒီလူများ၊
                        ကျွန်ုပ်တို့၊ နောက် သင်ကလွဲပြီးဘယ်နေရာမှ လူဖြစ်ရန်မရှိပါ။


                         - ရောဘတ်ခရီလေ
 
            ကဗျာဆရာတွေဟာ တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာတော့ သူတို့ရဲ့ ကဗျာတွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှန်အမှားဆင်ခြေများကို သွတ်သွင်းမိလေ့ရှိတယ်။ ဒါကို (voicing the political convictions inthe poetry) လို့ ခေါ်ပါတယ်။ ရည်ရွယ်ချက်ရှိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မရှိလို့ပဲဖြစ်ဖြစ်ကဗျာဆရာဟာ နိုင်ငံရေးကို ဆင်ခြင်မိတာ (ဝါ) "judge" လုပ်တာမျိုးရှိတယ်။ အမေရိကန်ကဗျာဆရာတွေဟာသူတို့မကြိုက်နှစ်သက်တဲ့ နေရာလေးတစ်ခုရှိပါသည်။ အဲဒါကတော့ ယဉ်ကျေးမှု သုတေသီ အက်ဒွပ်ဆက်(ဒ)ရဲ့စကားနဲ့ သုံးရရင်တော့ "နိုင်ငံ၏ နိုင်ငံရေးမဆန်သော အနုပညာမြောက်သော တင်ပြမှု" (Edward said terms the nation's depoliticized or aesthecized submission) ဆီက လွတ်မြောက်လိုပါတယ်။ဒါကတော့ အမေရိကန်ကဗျာဆရာတွေရဲ့ ထူးခြားချက်ပါပဲ။

- လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ယဉ်ကျေးမှုဘက်ကနေတင်ပြနိုင်တဲ့ အက်ဒွပ်ဆက်(ဒ)ရဲ့ နောက်ဆုံးထွက်ထားတဲ့ စာအုပ်ထဲက စာကြောင်းတစ်ကြောင်းကိုထပ်ပြီး ကိုးကားရရင်တော့ မော်ဒန်ရဲ့အကောင်းဆုံး လက္ခဏာများထဲက တစ်ခုကတော့ အခုဆိုရင်အတော်လေးကို အတော်လေးကို နက်နက်ရှိုင်းရှိုင်းရှိ နေရာတွေင် ရသပညာနှင့် လူမှုရေးဟာ တွဲထားဖို့လိုအပ်ပြီး ညှိနှိုင်းညီညွတ်ရန်မလွယ်သော တင်းမာမှုဘဝအခြေအနေတွင် သတိထား၍ အမြဲလိုလို တွဲဖက်ခြင်းခံရမြဲဖြစ်သည်လို့ရေးပါတယ်။

ပြောချင်တာက ရသအနုပညာဟာ လူမှုဗေဒနဲ့တွဲဖက်ပါမှ ပဋိပက္ခများကို ထိန်းချုပ်နိုင်မယ်လို့ဆိုပါတယ်။ အက်ဒွပ်ရဲ့မူရင်းစာသားကတော့ (the aesthetic and the social need to keep in astate of irreconcilable tension) လို့ ရေးပါတယ်။ အီရတ်စစ်ပွဲ ဖြစ်တုန်းကလည်း အမေရိကန်ကဗျာဆရာတွေရဲ့အခန်းကဏ္ဍဟာ လူထုဝန်းကျင် (Public Sphere)မှာ ပိုပြီး ထင်ရှားလာပါတယ်။

- ခေတ်ပေါ်ကဗျာဆရာ လီရောင်လီး (Li-Young Lee) က စိန့်ပီတာစဘတ်သတင်းထောက်ကို ကဗျာဟာ နိုင်ငံရေးကင်းဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး (It's impossible for poetry not to be political) လို့ ဆိုခဲ့တယ်။

- ဆရာကြီး ဂေါဝေးကင်နယ်လ်ကတော့ "ထုတ်ဖော်ပြောဆိုခြင်းဆိုတာ ကဗျာရဲ့တာဝန်နဲ့သူ့ရဲ့အခန်းကဏ္ဍတစ်စိတ်တစ်ပိုင်းဖြစ်တယ်" (It's poetry's duty and parts of it's role tospeak out) လို့ ဆိုပါတယ်။

- ဆမ်ဟာမေး (Sam Hamill) ရဲ့ အိတ်ဖွင့်ပေးစာမှာကတော့ "ကမ္ဘာသူကမ္ဘာသားဖြစ်နေခြင်းသည်ပင် နိုင်ငံရေးဖြစ်သည်။" (Being a citizen of the world ispolitical) လို့ ရေးထားတယ်။

- ကဗျာဆရာက စိတ်ကူးစိတ်သန်းတီထွင်ကွန့်မြူးသူဖြစ်တယ်။ (The poet is intellectual) လို့ အီတလီတော်လှန်ရေးသမားကြီး အန်တိုနီယိုဂရမ်ဆီ (Antonio Gramsci) က ပြောတယ်။ သူကပဲ "စိတ်ကူးစိတ်သန်းမရှိတဲ့ အရာများက မတည်ရှိဘူး" (Non-intellectuals do not exist) လို့ဆိုတယ်။ လူသားရဲ့လှုပ်ရှားမှုမှန်သမျှမှာ စိတ်ကူးစိတ်သန်းကွန့်မြူးမှုပါရင် အဲဒါကို ဘေးဖယ်ထားလို့ မရတော့ဘူးလို့ ဆိုပါတယ်။

- ရှေးမော့ဟေနီ (Seamus Heaney) ကတော့ သူ့ရဲ့"လျှာများ၏အစိုးရ" (The Government of tongue) စာအုပ်မှာတော့" ကဗျာတစ်ပုဒ်သည် သမိုင်းအရွေ့နှင့်ကပ်၍၊ ပြိုင်၍ပေါ်လာမြဲဖြစ်သည်" (Apoem floats adjacent to, parallel to the historical moment) လို့ရေးတယ်။

          ကဗျာဆိုတာအခြားသော အနုပညာများကဲ့သို့ပင် လူထုနှင့် သက်ဆိုင်သော ပုံစံတစ်ခုပင်ဖြစ်သည်။ ကဗျာဆရာတွေဟာ အမြဲလိုလိုရှုပ်ထွေးလှတဲ့ လောကဓံတွေကြားကပဲ သူတို့ရဲ့အနေအထား (Role) ကို တောင်းဆိုတတ်ကြပါတယ်။ အဲဒါကတော့ လူ့အဖွဲ့အစည်းထဲက ကဗျာဆရာရဲ့နေရာ (Poet's role in society) ပါပဲ။ ကဗျာဆရာ၏တစ်သီးပုဂ္ဂလအသံ (solo voices) များက သံစုံတီးဝိုင်းအသွင်ကိုပြောင်းလဲသွားပြီး နိုင်ငံရေးနဲ့ပတ်သက်တာတွေကိုပြောဖို့အတွက် ထွက်လာတဲ့ စကားလုံးတွေ လို့ဆိုတယ်။


- ဇော်ဇော်ထွန်း

ကဗျာဆရာနှင့် နိုင်ငံရေး (၂)

မော်ဒန်နှင့် နိုင်ငံရေး

            နိုင်ငံရေးလောကမှာတစ်ခေတ်တစ်ခါက ခေတ်စားခဲ့တဲ့ စကားတစ်လုံးရှိပါတယ်။ အဲဒီဟာကတော့ တော်လှန်ရေး (Revolution) ပါပဲ။ စာပေသမိုင်းမှာတော့ အဲဒီစာလုံးကို ကိုယ်စားပြုတဲ့ ခေတ်တစ်ခေတ် ရှိခဲ့တယ်။ အဲဒါကတော့ စာပေတော်လှန်ရေး (ဝါ) မော်ဒန်စာပေပါပဲ။ မော်ဒန်စာပေတွေကို တချို့ကတော့"Revolutionary" "literary moment" ဒါမှမဟုတ် "Revolution of Word" (စကားလုံးတော်လှန်ရေး) လို့လဲ ဆိုကြတယ်။

မော်ဒန်လှုပ်ရှားမှုဟာ ကမ္ဘာ့စာပေသမိုင်းကိုတစ်ဆစ်ချိုး ပြောင်းစေခဲ့ပြီး မော်ဒန်စံပြပုဂ္ဂိုလ်များဟာလည်း လူငယ်တွေကို ကိုယ်စားပြုသူ "အိုင်ကွန်"တွေ ဖြစ်လာပါတယ်။ ရိုမန်းတစ်ရဲ့ အထာတွေအားလုံးကို ငြင်းဆန်တဲ့ မော်ဒန်ဟာ ရိုမန်းတစ်နဲ့ ဝိတိုရိယကဗျာဆရာတွေရဲ့ နိုင်ငံရေးအားနည်းမှုကိုပြောင်းပြန်ဖြစ်သွားစေခဲ့တယ်။

မော်ဒန်အုပ်စု ဦးဆောင်သူတွေထဲမှာတော့ ထင်ရှားတဲ့လူတွေ၊ ဦးဆောင်ပုဂ္ဂိုလ်တွေကို ကြည့်ရင် နှစ်ဖွဲ့ဖြစ်နေပြီး အဓိက နိုင်ငံရေးအုပ်စုတွေအနေနဲ့သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ကြည့်ပြီး ခွဲလို့ရပါတယ်။ အနောက်တိုင်းအယူအဆအရ (လက်ဝဲ/လက်ယာ) ခွဲပြီး ကြည့်ပါတယ်။ သူတို့ဆီမှာကတော့ (Left Wing - Right Wing) ဆိုတာရှိပါတယ်။

အဲဒီ ဘယ်တောင်ပံ (left wing) နဲ့ ညာတောင်ပံ (right wing) အခေါ်အဝေါ်ကလည်း အနည်းငယ် ထူးနေသလိုရှိပြီး ယနေ့ထိ ဥရောပပါလီမန်တွေမှာ အသုံးပြုနေတုန်းပါပဲ။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကာလအမျိုးသားညီလာခံ (National Assembly) ခေါ်တုန်းက လွှတ်တော်အတွင်းနေရာယူမှုကို မူတည်ပြီး ယနေ့ထိ လက်ဝဲ-လက်ယာ တောင်ပံတွေလို့ သုံးနှုန်းနေတာပါ။ အကြမ်းအားဖြင့် ပြောရရင်တော့ လက်ဝဲသမား (Left Wing) "Leftists" များကိုတော့ လူမှုအပြောင်းအလဲ (Social Change) ကိုထောက်ခံသူများအဖြစ်နဲ့တွေ့နိုင်တယ်။ သူတို့ဟာ အပြောင်းအလဲ (Radical Change) များ လုပ်လိုသူများဖြစ်ပြီးအချုပ်အခြာကို လူထုကိစ္စအဖြစ်သာ သဘောထားတဲ့ ရီပတ်ဘလစ် (Republic) များ ဖြစ်ကြတယ်။ လက်ဝဲသမားတွေဟာနောက်ပိုင်းမှာတော့ ဆိုရှယ်လစ်သမားတွေ (socialism)၊ အချုပ်အခြာအာဏာကို ငြင်းပယ်သောအနာခီဇင် (Anarchism) တွေ၊ ကွန်မြူနစ်တွေ (Communism) တို့ကစပြီး ဆိုရှယ်ဒီမိုကရေစီ (Social Democracy) နဲ့ ဆိုရှယ်လစ်ဘရယ်လစ်ဇင် (Social Liberalism) တွေထိ ပါဝင်လာပြီး ရည်ညွှန်းသုံးစွဲလာတာကို တွေ့ရတယ်။ အမေရိကမှာတော့ "Asset-based Egalitarianism" ကို မိတ်ဆက်ပေးခဲ့တဲ့ သောမတ်ပိန်းရဲ့ သီအိုရီအုပ်စုအဖြစ်အသိများတယ်။ လက်ယာသမားများ (Rightist) များကိုတော့ ဘုရားကျောင်းအုပ်ချုပ်မှုအလိုမရှိအုပ်စု/ဆိုရှယ် ဟိုက်ရာခီ (Social Hierarchy) လို့အသိများတယ်။ သူတို့ကလူတန်းစားပဋိပက္ခ (ClassStruggle) ကို အခွင့်အရေး (Right) အဖြစ် မြင်သူတွေလို့ နိုင်ငံရေးအရခေါ်ဝေါ်သုံးစွဲကြတယ်။ ပြင်သစ်တော်လှန်ရေးရဲ့လက်ယာမူလအစသဘောအရကတော့ လက်ယာသမားများဟာ အဆင့်ဆင့်အာဏာအုပ်စု (Hierarchy) နဲ့ ဘုရားကျောင်းဗဟိုပြုအာဏာထိန်းချုပ်မှုဝါဒ (Clericalism) တို့ ဖြစ်တယ်။

နောက်ပိုင်းမှာတော့ ပဒေသရာဇ်စနစ်ကိုပြန်လည်အသက်သွင်းလိုသူများ (Ultra-royalists) ကိုလည်း ရည်ညွှန်းကြပြန်တယ်။ လစ်ဘရယ် ကွန်ဆာဗေးတစ် (Liberal Conservatives) တွေ၊ ခရစ်ရှန်ဒီမိုကရက် (Christian Democrats) တွေနဲ့ နေရှင်နယ်လစ်မျိုးစုံပါဝင်ပြန်ပါတယ်။ ဒီလက်ဝဲလက်ယာကို အခြေခံပြီးတော့ ပညာရှင်တွေက မော်ဒန်ကဗျာသမားတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို သုံးသပ်ကြည့်တယ်။ ပထမဦးဆုံး မော်ဒန်ကဗျာသမားတွေရဲ့ အခြေခံစိတ်ဓါတ်ကိုလေ့လာတယ်။ သူတို့ဟာ တော်လှန်ရေးစိတ် ပြင်းထန်သူတွေလို့ သုံးသပ်ရမှာဖြစ်တယ်။ သူတို့ဟာအရွေ့ (movement) ကို ဖန်တီးသူတွေဖြစ်ပြီး နိုင်ငံရေးမှာလည်း သူတို့ရဲ့ စိတ်ဝင်စားမှုဟာအပြောင်းအလဲလုပ်လိုမှု (Radical change over into politics) လို့ပဲ သုံးသပ်တယ်။ မော်ဒန်ကဗျာကိုဦးဆောင်သူအများစုဟာ လက်ယာအုပ်စုဖြစ်တယ်။ တီအက်စ်အဲလီးယော့ (Eliot) ဟာ သူ့ကိုယ်သူ တော်ဝင်ဝါဒီတစ်ဦး "Royalist" လို့ ခပ်တည်တည်ပဲ ကြေညာခဲ့တယ်။ မော်ဒန်ဆရာမကြီး ဂါးထရုစတိန်း (Stein) ကတော့ ဗင်ချီအစိုးရ (Vinchy Government) ကို ထောက်ခံခဲ့သူတစ်ဦးဖြစ်တယ်။ ဒါကြောင့်ပဲ အဲဒီအစိုးရရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကိစ္စဟာ စတိန်းရဲ့ ဘဝနိုင်ငံရေးစာမျက်နှာမှာ စွန်းခဲ့သေးတာပေါ့။ ဒုတိယကမ္ဘာစစ်တုန်းက ပြင်သစ်ကို မိစ္ဆာဝင်ရိုးတန်း (Axis Powers) ထဲဝင်ခဲ့စေတဲ့ အုပ်စုအဖြစ် အသိများတယ်။ သူတို့ကိုယ်သူတို့ (French State) လို့ ခေါ်တဲ့ ဗိုလ်ချုပ်ကြီး ဖိလစ် စီမံကိန်းတို့အုပ်စုကို ဆရာမကြီး စတိန်းက ထောက်ခံခဲ့တယ်။ မော်ဒန်ဆရာကြီးအက်ဇရာပေါင်း (Ezra Pound) ကတော့ ၁၉၃၀ တဝိုက်မှာ အီတလီရဲ့ ဖက်ဆစ်အစိုးရက အကြီးအကျယ်ထောက်ခံခဲ့လို့ ဒုတိယကမ္ဘာစစ်အပြီးမှာ အီတလီရေဒီယိုမှာ သူ့ရဲ့ အသံလွှင့်ချက်အတွက် အဖမ်းခံခဲ့ရသေးတယ်။ ဒါပေမယ့် ပြစ်ဒဏ်ကျခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာဝန်တွေက အက်ဇရာပေါင်းဟာ စိတ်ဝေဒနာရှင် တစ်ဦးလို့ သတ်မှတ်ပေးခဲ့လို့ပဲ ဖြစ်တယ်။ ဒါပေမယ့် "ပေါင်း"ဟာ မူဆိုလီနီကို အားပေးသူ၊ သဘောကျသူ၊ မြှောက်ပင့်ပေးခဲ့သူ ရယ်လို့ နာမည်တွင်ခဲ့တယ်။

မော်ဒန်အုပ်စုထဲမှာတော့ လက်ယာ rightist တွေ ပိုများတယ်လို့ဆိုရမယ်။ စကော့တလန်ရဲ့ မော်ဒန်ဖခင်ကြီးဟူးခ်ျမက်ဒရာမဒ် (Hugh Mac Diarmid) ကတော့ စကော့တလန်အမျိုးသားပါတီ (National Partyof Scotland) ကို တည်ထောင်ရာမှာ ကူညီခဲ့သူတစ်ဦးဖြစ်တယ်။ နောက်တော့ လန်ဒန်ကွန်မြူနစ်ပါတီအသင်းဝင်လည်း ဖြစ်ခဲ့တယ်။ အော်ဂျေးတစ် ကဗျာသမားများ (Objectivists) ဖြစ်ကြတဲ့ လူးဝစ်ဇိုကော့စကီး (Louis Zukofsky) တို့ ဂျော့အော်ပန် (George Oppen) တို့၊ ကားလ်ရာကိုစီ (CarlRakosi) တို့ဟာ ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်ခဲ့ဖူးသူတွေအဖြစ် ထင်ရှားတယ်။ ဂျော့အော်ပန်ဟာအမတ် ဂျိုးဇက်မက္ကာသီနဲ့ မက်ဆီကို အရေးမှာ ပါဝင်ခဲ့ပြီး သူ့အချိန်အတော်များများ မက်ဆီကိုမှာကုန်ခဲ့တယ်။ ဒေးဗစ်ဂက်(စ်)စကွိုင်နီး (David Gaseoyne) တို့လို ဗြိတိသျှဆာရီရယ်လစ်ဇင်တွေကလည်း ကွန်မြူနစ်ဝါဒကိုယုံကြည်သူတွေပါပဲ။ အခြားသော မော်ဒန်အိုင်ကွန်တွေကတော့ လက်ဝဲလက်ယာနဲ့သိပ်မကိုက်တဲ့ဝါဒီတွေဖြစ်တယ်။

အိတ်(ခ်ျ)ဒီ (H.D) ဟာ ပရိုတိုမ,ဝါဒီ (Proto feminist) ဖြစ်တယ်။ ပြီးတော့ ဂျူးဆန့်ကျင်သူ (Antisemitism) ဖြစ်တယ်။ လိင်တူလိင်ကွဲဆက်ဆံမှုကို သိသိသာသာထုတ်ဖော်ပစ်ခဲ့တဲ့ အမျိုးသမီးဝါဒပထမလှိုင်းထဲပါဝင်ခဲ့သူတွေစာရင်းမှာ ဖော်ပြခြင်းခံရတယ်။ မော်ဒန်အမျိုးသမီးအုပ်စုထဲက မင်နလွိုင်း (Minaloy) ဟာ အမျိုးသမီးကြေညာစာတမ်းကို ကြေညာခဲ့သူအဖြစ်ထင်ရှားတယ်။ မဟာအမျိုးသမီးဝါဒီရယ်လို့ သတ်မှတ်ရမယ့် မော်ဒန်အမျိုးသမီးအုပ်စုဟာ နာတလီဘာနေး (Natalie Clifford Barney) နဲ့ ဒီဂျူဘန်နီး (Djuna Barnes) တို့လို နာမည်ကျော် အမျိုးသမီးတွေပါဝင်လို့ပိုပြီး ထင်ရှားလာခဲ့တယ်။ ပန်းချီလဲဆွဲပြီး စာရေးကောင်းတဲ့ ဒီဂျူနရဲ့"Nightwood" ဟာ အဲလီးယော့ရဲ့ မိတ်ဆက်မှုနဲ့အတူ ယနေ့ထိ မော်ဒန်စာပေသမိုင်းမှာထင်ရှားတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်နေဆဲပဲ။ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေနဲ့ နေထိုင်ခြင်းအဘိဓမ္မာကို ကိုင်ဆွဲတဲ့အုပ်စု (Quakers) ကို ယုံကြည်သူ ဘာဆေးဘန်းတင်း (Basil Bunting) ဟာ အင်္ဂလိပ်မော်ဒန်လောကရဲ့ အထင်ကရ ကဗျာဆရာတစ်ဦးပါ။ ၁၉၆၅ ထုတ် သူ့ရဲ့"Briggflatts" ဟာ ပေါက်ခဲ့တဲ့ မော်ဒန်ကဗျာရှည်ဖြစ်တယ်။ သူဟာ ဖက်ဆစ်ဝါဒကိုဆန့်ကျင်သူဖြစ်ပြီး ဗြိတိသျှထောက်လှမ်းရေးအတွက် အရင်က ပါရှား(အီရန်) မှာ အလုပ်လုပ်ပေးခဲ့သူဖြစ်တယ်။

            အဲဒီလက်ဝဲမကျ လက်ယာမကျတဲ့သူတွေ စာရင်းထဲမှာတော့ ကျွန်တော်တို့ရဲ့ မော်ဒန်ခေါင်းဆောင်ကြီး ဝီလျံကားလို့စ်ဝီလျံ (William Carlos William) လည်း တစ်ဦးအပါအဝင်ဖြစ်တယ်။ သူဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး သူ့ဆီလာတဲ့ဆင်းရဲသားလူနာများအပေါ် စာနာဖေးမသူတစ်ဦးဖြစ်တယ်လို့ ဆိုတယ်။ ဒီလိုနဲ့ သူဟာ နင်းပြားတွေရဲ့ဘဝထဲကို ရဲရဲဝင်ရောက်သွားတဲ့ ကဗျာဆရာတစ်ဦးပါ။ သူဟာ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးကိုရောမွှေခံယူသူဖြစ်ပြီးထူးဆန်းတာကတော့ စီအိခ်ျဒေါက်ကလပ် (C.H Douglas) ရဲ့ ဆိုရှယ်ခရက်ဒစ် (Social Credit) ကို "ပေါင်း" တို့နဲ့အတူတူ ထောက်ခံခဲ့သူဖြစ်တယ်။ မော်ဒန်သမားများနဲ့ရိုမန်းတစ်တွေရဲ့ ကွာခြားသွားတဲ့ အချက်ကတော့ နှစ်ချက်ထဲအဓိကလို့ ပြောဆိုရမှာဖြစ်တယ်။ အဲဒါတွေကတော့ -

            ၁။ နောက်ခံအကြောင်းတရားများ ကျယ်ပြန့်လာခြင်း (Wide range of backgrounds)
            ၂။ တစ်ဦးချင်း၏အတွေ့အကြုံကျယ်ပြန့်လာခြင်း (Wide range of personal experience)

တို့ပဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ပထမကမ္ဘာစစ်ကြီးရဲ့ မော်ဒန်စာပေအပေါ်မှာလှုပ်နှိုးပစ်လိုက်လို့ရလာတဲ့ အကျိုးဆက်တချို့ ရှိပါတယ်။ ဒါက နိုင်ငံရေးက စာပေကို ကူညီအားဖြည့်လိုက်တဲ့အတွက်ကြောင့်စာပေဟာ -
            ၁။ အကာအကွယ်ရသွားခြင်း (Became a refuge)
            ၂။ စာပေဆိုင်ရာဝေဖန်ဆန်းစစ်ရန်အခွင့်အရေးရသွားခြင်း (Became a literary criticism)
            ၃။ သိပ္ပံဘာသာရပ်ဖြစ်သွားခြင်း (Became a Science) တို့ပဲဖြစ်တယ်။

* အကျယ်ဆက်လက်လေ့လာရန်-Modernism and the Ideology of History by Louise Blakeney Willams.-Cambridge University Press(2002)

ဒီကဗျာလေးကို ကဗျာဖောင်ဒေးရှင်းဆိုဒ်ထဲကဖတ်ရတာဖြစ်တယ်။ အမျိုးအစားကိုတော့ နိုင်ငံရေးကဗျာလို့ ခေါင်းစဉ်တပ်ထားတယ်။ ကားဆင်းဘတ်ရဲ့ ခပ်ရိုးရိုးကဗျာလေး ဆိုပေမယ့် နောက်ကွယ်က အဓိပ္ပါယ်ကတော့ သိပ်မလွယ်လှပါဘူး။

                     
And They Obey
SMASH down the cities.
Knock the walls to pieces.
Break the factories and cathedrals, warehouses
     and homes
In to loose piles of stone and lumber and black
     burnt wood:
     You are the soldiers and we command you.
Build up the cities.
Set up the walls again.
Put together once more the factories and cathedrals,
     warehouses and homes
In to buildings for life and labor:
     You are workmen and citizens all: We
     command you.

- CarlSandburg

ပြီးတော့လည်းသူတို့နာခံကြရတာပဲ
ဒီမြို့ကြီးများပြိုလဲကြ။
ဒီနံရံများအပိုင်းအစအဖြစ်သို့ ထုခွဲကြ
ဒီစက်ရုံများနဲ့ ဘုရားကျောင်းကြီးများ၊ကုန်လှောင်ရုံများကိုလည်း ချိုးဖဲ့ကြ။
            ပြီးတော့အိမ်ကို
ကျောက်တုံး၊ သစ်သား၊ မီးလောင်ထားတဲ့ သစ်သားမဲ ရဲ့ပျံ့ကြဲ အပိုင်းအစများဖြစ်အောင် ပြုလုပ်ကြ။
            မီးလောင်ထားတဲ့သစ်သားမဲ
            သင်တို့သည်စစ်သည်များဖြစ်၍ ကျွန်ုပ်တို့က သင်တို့အား အမိန့်ပေးပါ၏။
ဒီမြို့ကြီးများကိုပြန်တည်ဆောက်ကြ
ဒီနံရံကြီးများ အသစ်ပြန်လုပ်ကြ။
ဒီစက်ရုံကြီးများနဲ့ ဘုရားကျောင်းတော်ကြီးတွေကိုနောက်တစ်ခါ အတူသွင်းလုပ်တည်ဆောက်
ကုန်လှောင်ရုံကြီးများနဲ့ အိုးအိမ်များ
အဆောက်အဦကြီးများဖြစ်အောင် ဘဝနဲ့ အလုပ်သမားအတွက် ဆောက်လုပ်ကြ။
            သင်ကအလုပ်သမားတစ်ဦး နောက် နိုင်ငံသားအားလုံးပင်ဖြစ်သည်။ ငါတို့
            သင့်အားစေခိုင်းပါ၏။

- ကား(လ)ဆင်းဘတ်
       
 အဆောက်အဦတွေဟာ ကျွန်တော်တို့ စိတ်အလိုမကျတိုင်း ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ စိတ်အလိုကျအတိုင်း ဖျက်ဆီးတာခံရတာပါပဲ။ နောက် တည်ဆောက်တာ ခံရတာပဲ။ ဒါနဲ့ပဲ ကဗျာအဆုံးမှာတော့ကျွန်တော်လည်း နာခံရတာပါပဲ။

(Note: And They Obey နဲ့ ပတ်သက်လို့ ကျနော် သည်မှာနည်းနည်း ဆွေးနွေးပါရစေဆရာ။ Carl Sandburg ဆိုလိုချင်တာက… မြို့တွေ၊ တံတိုင်းတွေ၊ စက်ရုံတွေ၊ ဘုရားကျောင်းတွေ၊ ကုန်လှောင်ရုံတွေ… စသည်ဖြင့် အဆောက်အဦးတွေဆိုတာက ဖျက်ဆီးဖို့ လွယ်သလို …. ပြီးသွားရင်လည်း ပြန်ဆောက်ဖို့ လွယ်ပါတယ်….လို့ ဆိုလိုတာပါ…)

(တကယ့်ဆိုလိုရင်းကတော့ … ကဗျာ့ခေါင်းစဉ်အတိုင်း ပြည်သူလူထုက စနစ်ဟောင်းတခုကို ဖြိုချပစ်ပြီး စနစ်အသစ်တခုကို တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ နာခံကြရမယ့်သူတွေပါပဲ။ အဲ့ဒါဘယ်သူတွေ ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ…)

စနစ်တခုကို ပြောင်းပြီဆိုရင်တော့ ကမ္ဘာ့အစဉ်အလာရတော့ evolution နဲ့ ပြောင်းခဲ့တာ မရှိပါဘူး… revolution နဲ့ပဲ ပြောင်းခဲ့ကြရတာ မဟုတ်လား။ သည်တော့ တိုက်ပွဲတွေမှာ စစ်သည်တွေ လိုတယ်၊ တိုက်ပွဲတွေရှိမယ်၊ မြို့ကြီးတွေ ပျက်စီးမယ်…. တော်လှန်ရေးပြီးသွားတော့ သည်အပျက်အစီးတွေကို ပြန်ဆောက်ကြရတာပဲ ပြန်ဆောက်တဲ့အခါ သည်လူတွေဟာ ပြန်လည်တည်ဆောက်ရေးသမား ဖြစ်ကြရမှာပါပဲ။ သည်တော့ တော်လှန်ရေးတခုအတွက် မောင်းနှင်အားရှိရမယ်။ တိုက်ပွဲတွေ ရှိမယ်။ အပျက်အစီးတွေရှိမယ်။ တော်လှန်ရေးအောင်မြင်သွားတဲ့အခါ ပြန်လည်တည်ဆောက်ရေးသမားတွေရှိရမယ်။ အပျက်အစီးတွေကို နဂိုရ်အတိုင်း ပြန်လည်တည်ဆောက်လို့ရပါတယ်။ နာခံမယ့်သူတွေ ရှိဖို့ပဲ လိုအပ်တာပါလို့ Carl Sandburg က ဆိုလိုခဲ့တာပါလို့ (ကျနော့် တဦးတည်း အမြင်အရ မြင်ပါတယ်) --- လို့ ဆွေးနွေါ်ပါရစေ…
သည်နေရာမှာ ကျနော် ဖတ်မှတ်ဖူးခဲ့တာလေး တခုကို ပြန်ဖောက်သည်ချပါရစေ။ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးကြီး ဖြစ်တော့ ကရင်မလင်နန်းတော်ကြီးကို အလုပ်သမားတွေက ဖျက်ဆီးနေကြတာကို မြင်တော့ စာရေးဆရာကြီး ဂေါ်ကီက သူတို့ကို တားဆီးပေးဖို့ လီနင်ကို ပြောတဲ့အခါ လီနင်က - မပူပါနဲ့ ဆရာကြီး ဒါတွေက သူတို့လက်နဲ့ ဆောက်ခဲ့တာ သည်ထက်ကောင်းတဲ့နန်းတော်ကြီးတခုကို သူတို့ ဆောက်ကြပါလိမ့်မယ်… တဲ့။ အဲ့သည်စကားရဲ့ သက်သေဟာ ခုလက်ရှိမြင်နေရတဲ့ ကရင်မလင်နန်းတော်ကြီးပဲ မဟုတ်လား…) (အောင်သာငယ်)

၃။ ဝေဖန်ရေးသစ်လှုပ်ရှားမှု (The New Critical Movement)

ကမ္ဘာ့ကဗျာသမိုင်းမှာတော့ အမေရိကန်ကဗျာဖြစ်စဉ် (Order) ကို အဓိက ဝင်ရိုးတစ်ခုအနေနဲ့ ဖော်ပြလေ့ရှိတယ်။ အဲဒီလို ချဉ်းကပ်တဲ့အခါမှာတော့ မော်ဒန်လှုပ်ရှားမှုအပြီးမှာ အားကောင်းတဲ့ နောက်လှုပ်ရှားမှုတစ်ခု ထပ်ပေါ်လာတယ်။ အဲဒါကတော့ "ဝေဖန်ရေးသစ်"ပါပဲ။ ဒီလှုပ်ရှားမှုဟာ နှစ်ဆယ်ရာစုရဲ့ ပထမဆယ်စုနှစ်မှာပဲ ပေါ်ပေါက်လာတယ်။ ဦးဆောင်ပါဝင်သူတချို့ကတော့ ရောဘတ်ပိန်းဝါရင် (Robert Peen Warren)၊ ကာလင့်(ထ)ဘရွတ်(ခ) (Cleanth Brooks) နဲ့ အယ်လန်တိတ် (Allen Tate) တို့ပဲဖြစ်တယ်။ သူတို့ဟာ ကဗျာကို ရှုမြင်ရာမှာနေ့စဉ်ဘဝထဲမှာရှိတဲ့ ပေကျံစွန်းထင်းမှု (ဝါ) မသန့်စင်မှု (Grime) နဲ့ အစီအစဉ်မကျမှု (disarray) ကနေ ရှောင်ခွာပြီး တသီးတခြားတည်ရှိနေတဲ့အရာလို့ မှတ်ယူပြန်တယ်။ ဒီအခြေအနေကိုပညာရှင် ရောဘတ်စကိုးလ် (Robert Scholes) ကတော့ အထက်တန်းစား ယဉ်ကျေးမှု အုပ်စုသီးသန့်ဖြစ်တည်မှု (elite cultural ghetto) လို့ သတ်မှတ်ပေးခဲ့တယ်။ ဒီဝေဖန်ရေးသစ်အုပ်စုဟာ အထက်တန်းကျအုပ်စုဖြစ်ပြီး ကျောင်းကြီးကျောင်းခန့်တွေမှာ ပညာသင်ယူခဲ့ရသူတွေဖြစ်တယ်။ ဒီလိုလူမျိုးတွေဟာ လူထုကိုယ်စားပြုနဲ့ဝေးကွာသွားတာက သိပ်တော့မဆန်းဘူး။ အဲဒီလူစုတွေက အထက်တန်းကျ မိသားစုဝင်တွေရဲ့ စရိုက်လက္ခဏာများနဲ့ကဗျာကို တသီးတသန့်ဖြစ်စေပြီး အကောင်းဆုံးသော စာပေလက်ရာများနဲ့ အရာရာကို တိုင်းတာခဲ့တယ်။ ဘရွတ်(ခ)နဲ့ဝါရင် သူတို့ကြောင့် ကဗျာနဲ့စာပေမှာ အချက်နှစ်ချက် ထပ်ဖြစ်သွားတယ်။
         
            ၁။ စကားလုံးများနဲ့နေ့စဉ်လူ့ဘောင်ကိစ္စ ကြားကွက်လပ်ဖြစ်သွားခြင်း
            ၂။ ဘာသာဗေဒအကျိုးဆက်လေ့လာခြင်းနဲ့ ကဗျာဗေဒကြားကွက်လပ်ဖြစ်သွားခြင်း

နှစ်ဆယ်ရာစုရဲ့ ပထမဆယ်စုနှစ်ဟာ ဝေဖန်ရေးသစ်အုပ်စုရဲ့ နောက်ခံအကြောင်းတရားတွေကြောင့်ကဗျာဟာ လူထုကိုယ်စားပြုမှုဆီကနေ ဝေးသွားပြန်တယ်။ သူတို့ကတော့ "Reinforce thedivision Poetry and Politic" လို့ ရေးပါတယ်။

- ဇော်ဇော်ထွန်း

ကဗျာဆရာနှင့် နိုင်ငံရေး (၁)

ကဗျာဆရာ နှင့် နိုင်ငံရေးသမား

"နိုင်ငံရေးသမားတွေဟာ လူတွေကို ဘယ်လိုသတ္တိရှိရှိ အသေခံရမယ့် အကြောင်း သိစေချင်သလို          ကဗျာသမားတွေကလည်း လူတွေကို ဘယ်လို သတ္တိရှိရှိနေထိုင်ရမယ့် အကြောင်းကို သိစေချင်ကြတယ်"

The politician wants men to knowhow to die courageously:  the poet wantsmen to live courageously.

- Italianpoet Salvatore Quasimodo, Nobel lecture, 1959
- ဆယ်ဗာတိုရီကွာရှီမိုဒို (အီတလီကဗျာဆရာ၏ နိုဗယ်ဆုလက်ခံ မိန့်ခွန်းမှ)

နိုင်ငံရေးကြိုးဝိုင်းထဲမှာ ကဗျာဆရာတွေဟာ အံဝင်ခွင်ကျဖြစ်နိုင်ပါ့မလား။ ဒီမေးခွန်းဟာ အတော်စိတ်ဝင်စားစရာ ကောင်းတဲ့မေးခွန်းတစ်ခုပါ။ "ကဗျာဆရာတွေဟာ နိုင်ငံရေးကို ပေါ့ပေါ့ပါးပါးပြုလုပ်ဖို့ သိပ်တော့မလွယ်ကူပါဘူး" လို့ ဒါနဂျိုရိုယာ (Dana Gioia) က ၁၉၉၁ ခုနှစ်ကရေးခဲ့တဲ့ သူ့ရဲ့အက်ဆေးတစ်ပုဒ်ဖြစ်တဲ့ "ကဗျာဟာ ပြဿနာ ဖြစ်နိုင်ပါသလား" (Can Poetry Matter?) မှာဆွေးနွေးထားခဲ့ပါတယ်။ ဒီကနေ့ ကျယ်ပြန့်လာတဲ့ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းမှာ ကဗျာဆရာတွေဟာ ရှေ့ကိုသိပ်ထွက်မရပ်တော့ပါဘူး။ ကဗျာဆရာတွေရဲ့ ကဏ္ဍဟာ မှိန်နေတယ်။ ဒါကြောင့် လူထုကိုစကားပြောရာမှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိကြဘူးလို့ "ဒါန" က ဆိုပါတယ်။ ဒီတော့ အမေရိကားမှာ ကဗျာဆရာတွေနဲ့ နိုင်ငံရေးသမားတွေဟာ "ငြိလုံး" တွေ ရှိခဲ့ကြတယ်။ ၂၀၀၃ ခုနှစ် အီရတ်ကို အလုံးအရင်းဝင်ရောက်တုန်းက အမေရိကန်နိုင်ငံရေးလောကမှာ ကဗျာဆရာတွေနဲ့အငြိအစွန်း အနည်းငယ်ရှိခဲ့ကြတယ်။ ဒါကြောင့်မို့ ၁၉၉၁ ခုနှစ်က ရေးခဲ့တဲ့ "ဒါန" ရဲ့ ဆောင်းပါးကိုပဲ ကဗျာဆရာ ဒီပီရို (W.S.Dipiero) က ပြန်ဖွခဲ့တယ်။ ဒီပီရို က ပိုပြီးကြီးထွားလာတဲ့အမေရိကန်လူ့အဖွဲ့အစည်းထဲမှာ စွမ်းဆောင်ရည်နိမ့်တဲ့ကဗျာဟာ ဘယ်လိုလဲဆိုတာကို စာရေးသူတွေကသူတို့ရဲ့နှလုံးသားထဲက သိနေတယ်လို့ ကျုပ်ကတော့ မယုံဘူးလို့ဆိုတယ်။

            ပြောချင်တာကတော့ ကဗျာဆရာတွေဟာ နိုင်ငံရေးအခြေအနေကို ကောင်းကောင်းကြီးအသုံးချတာမျိုး သိပ်နားလည်ပုံမပေါ်ဘူး။ နိုင်ငံရေးကစားကွက်တွေကို ကဗျာဆရာအတော်များများ သိပ်မမြင်ကြဘူးလို့ ပြောနေသလိုမျိုးပါ။ ကဗျာဆရာတွေဟာ စစ်ပွဲတွေကို ဆန့်ကျင်ဖို့လောက်ပဲ စိတ်စောနေကြတယ်။ ဒါကြောင့် အမေရိကန်အစိုးရက စစ်ပွဲတစ်ပွဲနွှဲဖို့ စီစဉ်နေချိန်မှာတော့ အဲဒီစစ်ပွဲကို ကဗျာဆရာတွေက အရင်ဆုံးဆန့်ကျင်ကြတာပါပဲ။ ဒါကြောင့် နိုင်ငံရေးသမားတွေကကဗျာဆရာတွေဆိုတာ ဘာမှနားမလည်တဲ့၊ နိုင်ငံရေးအာရုံခံစားမှုမရှိတဲ့ လူတန်းစားတစ်မျိုးလို့သတ်မှတ်ချင်ကြတယ်မဟုတ်လား။ ကဗျာဟာ တိုင်းပြည်ကိစ္စအတွက် လုံးလုံးမထူးဆန်းတဲ့၊ အသုံးမဝင်တဲ့အရာမျိုးလား။ မဟုတ်ပါဘူး။ အင်္ဂလိပ်စကားပြော ဗြိတိန်နဲ့ အမေရိကန်တို့လောက်မှာပဲ ဖြစ်တာပါ။ တစ်ကမ္ဘာလုံးအနေနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ကဗျာဆရာနဲ့နိုင်ငံရေး ဆက်နွယ်မှုမရှိဘူးဆိုတဲ့အယူအဆဟာ မမှန်ကန်ပါဘူး။ ကျုပ် ဥပမာလေး နည်းနည်းလောက် ပြောကြည့်မယ်ဗျာ။ လက်တင်အမေရိကရဲ့လူချစ်လူခင်အများဆုံး ကဗျာဆရာ ဂျိုဆေးမာတိ (Jose' Marti) ဟာ ကျူးဘားလွတ်မြောက်ရေး လှုပ်ရှားမှုတွေရဲ့အဓိက ဦးဆောင်သူတစ်ယောက် ဖြစ်ခဲ့တယ်။ နီကာရားဂါး ကဗျာဆရာ ဘုန်းတော်ကြီး အာနက်စတိုကာဒီနယ် (Ernesto Cardenal) ဟာ ဆန်ဒိုင်နက်စတာ (Sandinista) ဆိုရှယ်လစ်ပါတီ တော်လှန်ရေးမှာ ညှိနှိုင်းမှုတွေကိုဦးဆောင်ခဲ့သူဖြစ်ပြီး နောက်တော့ ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာခဲ့တယ်။ နိုဗယ်ဆုရှင် ချီလီကဗျာဆရာကြီးပဗလိုနီရူဒါ (Pablo Neruda) ဟာ မြန်မာနိုင်ငံမှာ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဆီးနိတ်အမတ်တစ်ဦးလည်း ဖြစ်တယ်။ သူဟာ စပိန်ကဗျာဆရာတွေဖြစ်တဲ့ ဂါစီယာလိုကာ (Fedeerico Garcia Lorca) နဲ့ မီဂွယ်လ် (Miguel de Unamuno) တို့လိုပဲ စပိန်အာဏာရှင်"ဖရန်ကို" ကို ရှုံ့ချသူ ဖြစ်တယ်။ အဲဒီရဲ့ အကျိုးဆက်တွေအဖြစ် ဂါစီယာလိုကာ နဲ့မီဂွယ်လ်တို့ဟာ အသက်ပေးသွားခဲ့ရတယ်။ နိုင်ငံရေးကြောင့် ကမ္ဘာ့ကဗျာလောက နစ်နာခဲ့ရတယ်။

            "လူသားများရဲ့ လှုပ်ရှားမှုအဖြစ်အပျက်တွေကနိုင်ငံရေးပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖြစ်အပျက်တွေဟာ ဖြစ်စဉ်တစ်ခုရဲ့စာသားတွေအဖြစ်ထည့်သွင်းကြတာပဲ။ အဲဒီဖြစ်စဉ်ဆိုတာက သမိုင်းဖြစ်စဉ်ပါပဲ" လို့ ဆောင်းပါးရေးသူလိုင်လီဒက်ဂတ် (Lyle Daggett) က သူ့ရဲ့ နိုင်ငံရေးကဗျာ (Political Poetry) မှာ ရေးခဲ့တယ်။ ဟိုးမား (Homa) ဟာ နိုင်ငံရေးသမားတစ်ဦးဖြစ်တယ်။ ဒန်တီ (Dante)၊ ရှိတ်စပီးယား Sheakspeare) နဲ့ မေလ်တန် (Milton) တို့ဟာလည်း နိုင်ငံရေးသမားတွေ ဖြစ်တယ်။ ချေဆာ(Chaucer) လည်း နိုင်ငံရေးသမား၊ တူဖူး (Tu Fu) လည်း နိုင်ငံရေးသမားပါပဲ။ ကောင်းပြီလေ။ အော်ဒင်ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို ကြည့်ရအောင်။

                                    ယိ(ထ)အတွက်ရေးတဲ့ကဗျာ (An Elegy forYeats)

With the farming of a verse                                 တေးသွားတစ်ပုဒ်ရဲ့ ဒီလယ်မြေများနှင့်အတူ
Make a vine yard of the curse                             ကျိန်စာရဲ့စပျစ်တစ်ခင်းအားလုပ်ကြ
Sign of human unsuccess                                    အောင်မြင်ခြင်းမဲ့ လူသားရဲ့ တေးသီကြ
In the rapture of distress်ဝမ်းနည်း မှု  ရဲ့ အောင်မြင်တဲ့ အနေအထားထဲ၌

In the deserts of the heart                                  ဒီနှလုံးသားရဲ့ ကန္တာရများထဲ
Let the healing fountain stalt                               ကုသခြင်းရေပန်းငယ်အားပေး၍အစပြုစေ
In the prison of his days                                     သူ့နေ့များရဲ့ ဒီပိတ်လှောင်ခန်းထဲ
Teach the free man how to praise.                      ဒီလွတ်မြောက်ခြင်းလူသားအား         မည်သို့ဆုတောင်းခြင်းငှာ          သင်ကြားပါလော့။

- W.HAuden (ဒဗလျူ ၊ အိတ်ခ်ျ ၊ အော်ဒင်)
         
                 "နိုင်ငံရေးဟာ ဘာမှမဖြစ်မြောက်စေဘူး" လို့ဆိုခဲ့တဲ့ အော်ဒင်ဟာ ယိ(ထ) လိုပဲ လူထုကိုယ်စားပြုတဲ့ ကဗျာဆရာတစ်ယောက်ပါပဲ။ နိုင်ငံရေးကို သိပ်ပြီးစိတ်ပါလှမှာမဟုတ်ပါဘူးလို့တော့ သူ့စာသားတွေကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ အော်ဒင်ဟာ စပိန်ပြည်တွင်းစစ်မှာ ရီပါဘလီကန်တွေကို ထောက်ခံဖို့ စပိန်ကိုထွက်သွားခဲ့တယ်။ ၁၉၃၉ မှာ အော်ဒင် ပြောခဲ့တာလေးတစ်ခု ရှိပါတယ်။ အတော်ကောင်းတဲ့ စကားလေးပါ။
            "In so far as poetry, or anyother of the arts, can be said to have an ulterior purpose, it is, by tellingthe truth, to disenchant and disintoricate" လို့ ဆိုခဲ့တယ်။

အဓိပ္ပါယ်ကတော့ "အခုထက်ထိ ကဗျာမှာ ဒါမှမဟုတ် အခြားသော အနုပညာများမှာ ပြောနိုင်တာက အခြားအနုပညာအပြင် အခြားသောရည်ရွယ်ချက်တစ်ခုတွဲပြီး ရှိတယ်။ အဲဒါကတော့ အမှန်ကို ပြောတာပဲ။ အဖျက်ပယောဂကနေလွတ်အောင်နဲ့ မလိုလားအပ်တဲ့ အဆိပ်အတောက်က ကင်းဝေးအောင်အမှန်ကို ပြောတာဖြစ်တယ်" လို့ အော်ဒင်က ဆိုတယ်။

အော်ဒင်နဲ့ယိ(ထ) ဟာ သူတို့ရဲ့တက်ကြွတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် လူထုကြားမှာ စံပြကဗျာသမားတွေ ဖြစ်လာခဲ့တယ်။ လော်ရာဘုရှ်နဲ့ ငြိတုန်းကလည်း ကဗျာဆရာတွေဟာ နိုင်ငံရေးမှာ မညံ့ခဲ့ဘူးလို့ "အော်ဒင်"နဲ့ "ယိ(ထ)" ကို ဥပမာပေးခဲ့တာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမယ့် လူတွေဟာ ကဗျာဆရာတွေကိုနိုင်ငံရေးမှာ ပြောရေးဆိုခွင့်မရှိဘူးလို့ မြင်နေတုန်းပါပဲ။ ဘာကြောင့်လဲ။ ရိုမန်းတစ်ကဗျာရွေ့လျားမှုဟာ ဒီပြဿနာကို အတည်ပြုပေးလိုက်တယ် လို့ဆိုတယ်။ ကဗျာဆရာတွေဟာ ဘာကြောင့် နိုင်ငံရေးလောက မှာ တန်းမဝင်ဖြစ်ခဲ့ရသလဲဆိုတော့ ရိုမန်းတစ်ကဗျာရဲ့ ဟန်ပန်တွေကြောင့်ပါပဲ။ ဝှစ်မင်းနိုင်ငံရေးကဗျာဆရာ  (Whitman the Political Poet) ကို ရေးတဲ့ ဘက်ဆီအာကီလာ (Betsy Erkkila) က ဆိုပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာလောက်ကတည်းက ရှယ်လီဟာ ကဗျာသမားတွေ နိုင်ငံရေးမှာ အရာပေးခြင်း မခံရတာကို ဒီလို ဖွင့်ဟခဲ့တယ်။

            "Poets are the unacknowledgedlegislators of the world"
            "ကဗျာဆရာတွေဟာ ကမ္ဘာမြေကြီးရဲ့ အသိအမှတ်ပြုမခံရတဲ့ ဥပဒေပြုသူတွေဖြစ်တယ်" လို့ဆိုခဲ့တယ်။ ဒါကိုကြည့်ရင် ရှယ်လီခေတ်ကတည်းက ဒီပြဿနာရှိနေပြီ။ ရိုမန်းတစ်တွေ ဘာကြောင့်နိုင်ငံရေးမှာ မအောင်မြင်ရသလဲဆိုတာကို ဆောင်းပါးရှင်ဘက်ဆီက ခွဲခြမ်းပြပါတယ်။ ရိုမန်းတစ်ကဗျာသမားတွေရဲ့ ရေးဟန်က လူမှုရေးကို လုံးလုံး လစ်လျူရှုထားတာတော့မဟုတ်ပါဘူး။ သူတို့ အဓိကအာရုံစိုက်တာကတော့ (ဒါမှမဟုတ်) သူတို့မှာ ရှိခဲ့တာကတော့ နှစ်ချက်ထဲဖြစ်ပြီး၊ အဲဒီနှစ်ချက်ဟာ နိုင်ငံရေး(ဝါ) လူထုနဲ့ ဝေးသွားစေတယ်။

            ၁။ တေးကဗျာ လားရစ်ဟန်ပီပြင်အောင် ချဉ်းကပ်မှုကိုဖန်တီးခြင်း (Inheritance of Inward Focused Lyrics)
            ၂။ ပုဂ္ဂလ ခံစားချက်အတွေ့အကြုံကိုသာ အာရုံစိုက်ခြင်း (Emphasis on Personal Experience)

တို့ကြောင့် နိုင်ငံရေးကို ပေါ်လွင်တဲ့ လူထုရဲ့အသံနဲ့ ဝေးသွားတယ်လို့ဆိုတယ်။ ဒါပေမယ့် ရစ်ချတ်ဂျုံး (Richard Jones) ထောက်ပြတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဂျုံးက ရိုမန်းတစ်ကောင်တွေကို သူကတော့ အဲဒီလို မမြင်ပါဘူးလို့ဆိုတယ်။ ရိုမန်းတစ်ကဗျာသမားတွေဟာ လူမှုရေးစိတ်အလွန်ထက်သန်ပြီး စိတ်ဝင်စားမှုလည်း ပြင်းထန်ပါရဲ့။ ဒါပေမယ့် ရိုမန်းတစ်တွေလူမှုရေးနဲ့ နိုင်ငံရေးကို ချဉ်းကပ်ပုံကြောင့်သာ ဒီလိုဖြစ်သွားရတယ်လို့ ဆိုတယ်။ ဂျုံးရဲ့အဆိုအရကတော့ ရိုမန်းတစ်ကောင်တွေက မြို့ပြဘဝ (Urban Life) ကို အာရုံစိုက်တဲ့အခါမှာ မှားယွင်းစွာ အသုံးပြုစွဲကိုင်ခဲ့တဲ့အချက် သုံးချက်ရှိတယ်။ အဲဒါတွေကတော့ -

            ၁။ စက်မှုဖွံ့ဖြိုးမှုရဲ့အားသာချက်ကို အဓိပ္ပါယ်ကောက်မှားခြင်း (Abuses of Industrialization)
            ၂။ ဆင်းရဲမှုနဲ့လျစ်လျူရှုခြင်းခံရမှုကြောင့် ဖြစ်လာတဲ့ခံစားချက်နှင့် လူ့တန်ဖိုးလျော့သွားတယ် ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအခြအနေကိုမှားယွင်းအသုံးချခြင်း (Abuses of the squalor)
            ၃။ မြို့ပြဝန်းကျင်ဘဝမှတစိမ်းပြင်ပြင်နေထိုင်ခြင်း (Alienation of urban life)

နောက်ထပ်အချက်ပိုနှစ်ချက်ကိုလည်း ရိုမန်းတစ်တွေ မရည်ရွယ်ဘဲရခဲ့တယ်။ အဲဒါကတော့ -

            ၁။ ပြင်သစ်တော်လှန်ရေးစိတ်လှုပ်ရှားမှုအတွေ့အကြုံ (The excitement of the French Revolution)
            ၂။ ယုံကြည်မှုမှားယွင်းသောကြောင့်စိတ်ပျက်စိတ်ဆိုး ဖြစ်ရခြင်းများ (The Disillusionment)

အဲဒီအချက်တွေကလည်း ရိုမန်းတစ်တွေကို နိုင်ငံရေးက ဝေးသွားအောင်လုပ်လိုက်သလိုပါပဲတဲ့။ နောက်မျိုးဆက်တွေဟာ ရိုမန်းတစ်တွေကို ဆန့်ကျင်ဖို့ အခွင့်အရေးရှိသွားတာကလည်း အဲဒီအချက်တွေပါဝင်တယ်လို့ ဆိုပါတယ်။ အဆိုးဆုံးကတော့ ရိုမန်းတစ်တွေရဲ့ ပုဂ္ဂလအမြင် (subjective) တေးကဗျာတွေဟာ အရှိတရားထက် ပိုမိုလွန်ကဲပြီး စိတ်ကူးယဉ်ဆန်နေခြင်းက ပကတိတရား (ဝါ) ယေဘုယျကျတဲ့ အမြင်မျိုးရှိမှရမယ့်နိုင်ငံရေးဘောင်ထဲက လွတ်သွားတဲ့အတွက်ပါ။ တသီးတသန့် ခွဲထွက်စိတ်ကူးယဉ်တဲ့ (Individualize) ဖြစ်ခြင်းကလည်း နိုင်ငံရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေတယ်။ ဒါပေမယ့် ၁၉ ရာစုအလယ် ရိုမန်းတစ်တွေ ထဲမှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ထူးခြားကဗျာသမားတွေကိုတော့ ချန်ခဲ့လို့ မရပါဘူး။ အဲဒါတွေကတော့ -

            ၁။ အီမာဆင်ရဲ့ဆင်ခြင်ဥာဏ်နောက်ခံကဗျာများ (Poetry of transcendental truths)
            ၂။ *ပိုး ရဲ့ ကဗျာစစ်စစ်များ (Pure Poetry)
            ၃။ ဝေါ့ဝှစ်(ထ) မင်းရဲ့ ဒီမိုကရက်တစ်ကဗျာအမျိုးအစားများ (Democratic Poetics)

တွေဟာ နိုင်ငံရေးနဲ့မကင်းတဲ့ ကဗျာတွေဖြစ်တယ်။ ဒါကြောင့် ဝှစ်မင်းကို  နိုင်ငံရေးအမြင်ရှိသူကဗျာဆရာအဖြစ် အသိအမှတ်ပြုကြရတယ်။ ဝှစ်(ထ)မင်း တစ်ခါကပြောဖူးတယ်။ "စိတ်ကူးနဲ့လက်တွေ့အရှိတရားဟာပေါင်းစည်းဖို့ လိုတယ်" (Imagination and actuality must be united) လို့ ရေးခဲ့ဖူးတယ်။ ဝှစ်မင်း ဆိုတဲ့ မုတ်ဆိတ်ဖြူကြီးဟာ ကဗျာသည် လက်ရှိကမ္ဘာမှာ ကင်းဝေးပြီးဖြစ်နေတဲ့ အယူအဆ (Poetry exists apart from mundane concerns) ကို မထောက်ခံခဲ့ပါ။ ထို့ပြင် အနုပညာသည် အနုပညာအတွက်သာ ဖြစ်ရမည် (The Art for Art's Sake Movement) ကိုလည်း မထောက်ခံခဲ့ပေ။ ကဗျာသည် တိုင်းပြည်၏ကိစ္စများ (The Affairs of Nation) ကို လစ်လျူရှုပြီး အနုပညာကို ချဉ်းကပ်မှုသက်သက်နှင့်သွား၍မရဟုလည်း ဆိုခဲ့သူ ဖြစ်သည်။ ကဗျာကို အမျိုးမျိုးဖွင့်ကြတဲ့ အဓိပ္ပါယ်တွေထဲမှာ ရေချယ်ဂယ်ဗင် (Rachel Galvin) ကတော့ ဝိတိုရိယစာပေပညာရှင် မက်သျှူးအာနိုး (Matthew Arnold) ရဲ့ ကဗျာနဲ့ ပတ်သက်ပြီး ရှုမြင်ပုံကို ကိုးကားပြန်တယ်။

အဲဒါကတော့ စကားလုံးနှစ်လုံးထဲပါ။ သက်ဝင်လှုပ်ရှားမှုရှိရန် (Animate) နဲ့ သာလွန် ကောင်းမွန်တဲ့ အတွေးကိုပေးရန် (Ennoble) တို့ပဲဖြစ်တယ်။ ဒီနှစ်ချက်နဲ့ ကင်းလွတ်ရင်တော့ ကဗျာဟာ ခေတ်အခြေအနေ (ဝါ) နိုင်ငံရေးကိုကင်းလွတ်လို့ မရတော့ပါဘူး။

            မက်သျှူးက ရိုမန်းတစ်တွေ နိုင်ငံရေးကို ဆန့်ကျင်ပြီး (ဝါ) ဖယ်ခွာပြီး ကဗျာတွေကို ပြုလုပ်ခဲ့ခြင်းနဲ့ပတ်သက်လို့ တန်ပြန်အပြုအမူ (Reaction) တစ်ခုအနေနဲ့ မှတ်ယူခဲ့တယ်။ အဲဒီရိုမန်းတစ်တွေတန်ပြန်ခဲ့တဲ့ အချက်တချို့ကိုလည်း အဲဒီခေတ်ကာလအခြေအနေတွေနဲ့ ချိန်ထိုးကြည့်ရမယ်လို့လဲဆိုတယ်။ မက်သျှူးကတော့ ရိုမန်းတစ်ကောင်တွေ အဲဒီလိုဖြစ်ရတာက -

            ၁။ ဟန်ချက် (Balance)
            ၂။ တွေးခေါ်နိုင်စွမ်း (Sanity)
            ၃။ ပုဂ္ဂလအကြောင်းအရာ (Reason)
            ၄။ အချိုးအစား (Proportion)
            ၅။ အဆင့်ဆင့်ဖွံ့ဖြိုးမှု (ဝါ) အစီအစဉ်တကျရှိခြင်း (order)

တို့နဲ့ ပတ်သက်ပြီး ရိုမန်းတစ်ကဗျာတွေဟာ သမိုင်းရဲ့ အဆိုးဆုံးအခြေအနေများထင်ဟပ်မှုက ဝေးကွာသွားရတယ်လို့ ဆိုတယ်။ ချစ်ကြိုက်လွမ်းဆွေးတွေထဲက ထွက်လို့မရခဲ့ဘူး။

*  Note: ကဗျာစစ်စစ် (Pure Poetry)

Pure Poetry ကို အဓိပ္ပါယ်ဖွင့်ရာမှာတော့ ကဗျာစစ်စစ်ဆိုတာနဲ့မလုံလောက်ပါဘူး။ သူက "Pure" ဆိုလို့ အဓိပ္ပါယ်ပြန်ရာမှာ (အစစ်အမှန်/သီးသန့်)ဆိုတဲ့ စကားလုံးကို ရွေးခဲ့ရပေမယ့် အဓိပ္ပါယ်က ပိုပြီးကျယ်ပြန့်ပါတယ်။

            Apure poetry "Which is to say, a poetry which should depend for hiseffectiveness on its rhythms and the total values of the words employed with ascomplete a dissociation from ideational content as maybe humanly possible" လို့ ၁၉၃၁ သြဂုတ်လ (၉) ရက်နေ့ထုတ် နယူးယောက်တိုင်း(မ) မှာ ဆောင်းပါးရှင် ပါစီဟက်ချင်ဆင် (Percy Hutchchison) က ရေးခဲ့ပါတယ်။ "Pure Poetry" လို့ဆိုရာမှာ အဓိကပြောစရာရှိတာကတော့ ကဗျာရဲ့အလှဆိုတာဟာ ကဗျာထဲမှာပါတဲ့ အဘိဓမ္မာအတွေးဆီကနေ သိသိသာသာခွဲထွက်နေတဲ့ စကားလုံးတွေနဲ့တည်ဆောက်ထား (ဝါ) အသုံးပြုထား (employed) လုပ်ထားတဲ့ အလုံးစုံတန်ဖိုးနဲ့ရစ်သမ်တွေပေါ်မှာသာ မှီခိုသင့်တယ်လို့ ဆိုတယ်။ ကဗျာထဲမှာပါတဲ့ အဘိဓမ္မာအတွေး (Ideational Content) ကို ဆန့်ကျင်ခွဲထွက်တယ်ဆိုရာမှာလည်း "as may be humanly possible" လို့ဆိုထားတော့ ခွဲထွက်ဆန့်ကျင်ရာမှာ "humanly possible" ဆိုတာ အသွင်သဏ္ဍန်အားဖြင့် (PhysicallyPossible) နဲ့ အတူတူပါပဲ။ ခွဲထွက်နိုင်ရမယ့် စကားလုံးတွေနဲ့ တည်ဆောက်ထားတဲ့ ကဗျာကိုဆိုလိုပါတယ်။ ကဗျာစစ်စစ်တွေဟာ ပိုပြီး ဂီတဘက်ကို နွယ်လာပါတယ်။ ဘရစ်တန်နီကာ အွန်လိုင်းအဘိဓာန် (Britannica Online Dictionary) ကတော့ "Pure Poetry" ဆိုတာ "isconcerned with exploring the essential musical nature of language" (ဘာသာစကား၏ မရှိမဖြစ် ဂီတနှင့်ဆက်နွယ်သော သဘောသဘာဝကို ပို၍ရည်ရွယ်ကာ ရေးဖွဲ့ခြင်းဖြင့် အထူးပြုလုပ်ထားခြင်းခံရသောကဗျာ) ဖြစ်သည်။ ထို "Pure Poetry" များသည် အောက်ပါအချက်များကို သွေဖယ်သည်"ဟု ဆိုတယ်။

            ၁။ ဇာတ်ကြောင်းပြောသူမှ စီးဆင်းဟန်ကဗျာ (Conveying a Narrative)
            ၂။ ဖတ်သူအားလမ်းပြ (ဝါ) ဆရာလုပ်ဦးဆောင်လိုသောဆန္ဒ (Having Diactic Purpose)

            ဒီကဗျာသန့် (Pure Poetry) ဟာ အဓိကအားဖြင့် အမေရိကန်ကဗျာဆရာ အဂ္ဂါအယ်လင်ပိုး (Edger Allen Poe) ကိုရည်ညွှန်းတာဖြစ်ပြီး "ပိုး" ရဲ့ကဗျာဟန်လို့ ဆိုကြတယ်။ ၁၉၂၄ မှာတော့ (AnAnthology of Pure Poetry) ကို ဂျော့ခ်ျမိုး (George More) က ထုတ်ဝေခဲ့တယ်။ ဒီဟန်မျိုးဟာ"ပိုး" တစ်ယောက်တည်း ရေးတာလားဆိုတော့ မဟုတ်ပါဘူး။ ချားလ်ဘော်ဒလဲယား (Charles Baudelaire) နဲ့ တီအက်(စ်)အဲလီးယော့ တို့လည်းပါတယ်လို့ ပညာရှင်တွေက ဆိုတယ်။ ဒါ့အပြင် မာလာမေ (Stephane Mallarme)၊ မာလိန်း (Paul Verlaine) တို့ ရေမွန် (JuanRamon) တို့လည်း ရေးတယ်လို့ ဆိုကြတယ်။ ဒီနေရာမှာ အဓိကကျတဲ့ သီအိုရီတစ်ခုရှိခဲ့ဖူးတယ်။ အဲဒါကတော့ လန်နီယားသီအိုရီ (Lanier Theory) ပါ။ ဆစ်ဒနီလန်နီးယား (Didney Lanier) ဆိုတဲ့ပုဂ္ဂိုလ်ရေးခဲ့တဲ့ သီအိုရီဖြစ်ပြီး ကာရန်ကဗျာများမှာ အတော်လေးအရှိန်အဝါရှိတဲ့ သီအိုရီပါပဲ။  လန်နီးယားဟာ ထင်ရှားတဲ့ ဂီတစာဆို (ဝါ) တေးရေးသူဖြစ်သလိုကဗျာဆရာလည်းဖြစ်တယ်။ သူက ဂီတနဲ့ကဗျာကို တည်ဆောက်ဖို့ ကြိုးစားသွားသူတစ်ဦးပါပဲ။ သူ့ရဲ့အလိုအရသီအိုရီထဲမှာဖော်ပြတဲ့ အဓိကအချက်ကတော့ "Every vowels has its colorvalue" (သရတိုင်း အရောင်တန်ဖိုးများကိုယ်စီ ရှိကြ၏) ပါပဲ။ ဥပမာ "e" ဆိုတဲ့သရဟာ အနီရောင်၊ "red" ထဲမှာပါဝင်တဲ့ သရ တစ်လုံးဖြစ်သလို၊ အစိမ်းရောင်"green" ထဲမှာပါဝင်တဲ့ သရလည်း ဖြစ်တယ်။ ကြားသူဟာ အတွေ့အကြုံ (experience) နဲ့ စာလုံး (word) ဟာ တပြိုင်ထဲမှာ အသံနဲ့ချိတ်ဆက်ပြီး အာရုံခံစားမှုကိုဖြစ်စေတယ်။ အရောင်တွေကို ပုံပေါ်စေတယ်လို့ ဆိုပါတယ်။ အဲဒီသဘောက သီအိုရီရဲ့ဝင်ရိုးလို့ဆိုကြတယ်။

မော်ဒန်နဲ့နိုင်ငံရေး

            နိုင်ငံရေးလောကမှာ တစ်ခေတ်တစ်ခါက ခေတ်စားခဲ့တဲ့စကားတစ်လုံးရှိပါတယ်။ အဲဒီဟာကတော့ တော်လှန်ရေး (Revolution) ပါပဲ။ စာပေသမိုင်းမှာတော့အဲဒီစာလုံးကို ကိုယ်စားပြုတဲ့ ခေတ်တစ်ခေတ် ရှိခဲ့တယ်။ အဲဒါကတော့ စာပေတော်လှန်ရေး (ဝါ) မော်ဒန်စာပေပါပဲ။ မော်ဒန်စာပေတွေကို တချို့ကတော့ "Revolutionary" "literary moment" ဒါမှမဟုတ် "Revolution of Word" (စကားလုံးတော်လှန်ရေး) လို့လဲ ဆိုကြတယ်။ မော်ဒန်လှုပ်ရှားမှုဟာ ကမ္ဘာ့စာပေ သမိုင်းကို တစ်ဆစ်ချိုး ပြောင်းစေခဲ့ပြီးမော်ဒန်စံပြပုဂ္ဂိုလ်များဟာလည်း လူငယ်တွေကို ကိုယ်စားပြုသူ "အိုင်ကွန်"တွေဖြစ်လာပါတယ်။

- ဇော်ဇော်ထွန်း

ကဗျာနဲ့ နိုင်ငံရေး (သို့မဟုတ်) အမေရိကန်အသံ

ကဗျာနဲ့အမေရိကန်အသံ (Poetry and the American Voice) အတွက် စကားဝိုင်း (လက်ဖက်ရည်စကားဝိုင်း“symposium” ) လေးလုပ်ဖို့အတွက် ကဗျာဆရာတချို့ဟာ သမ္မတကြီးကတော် လော်ရာဘုရှ် (LauraBush) ရဲ့ ဖိတ်ကြားချက်ကို ၂၀၀၃ ခုနှစ်က ခံရပါတယ်။ ဆွေးနွေးမယ့်အကြောင်းကတော့ ကဗျာဆရာသုံးဦးဖြစ်တဲ့ ဝှစ်(ထ)မင်း (Walt Whitman)၊ အင်မလီဒစ်ဆင် (Emily Dickinson) နဲ့ လန်စတန်ဟုခ်ျ (Langston Hughes) တို့အကြောင်းပါ။ ဒါပေမယ့် သမ္မတကတော်ဟာ ကဗျာဆရာတွေ အီရတ်စစ်ပွဲနဲ့ပတ်သက်ပြီး ပြောကြမယ်လို့ သတင်းသဲ့သဲ့ကြားရာကနေ အဲဒီလက်ဖက်ရည် စကားဝိုင်းအစီအစဉ် ပျက်သွားပါတယ်။ နိုင်ငံရေးမဲ့တဲ့ကဗျာအကြောင်း သီးသန့်ပြောချင်တဲ့ သူမရဲ့အိပ်မက်ဟာ တကယ်တော့ ထင်ယောင်ထင်မှားဖြစ်တဲ့စိတ်ကူးသက်သက်ဖြစ်နေတယ်။ ကဗျာကို အခြေပြုတဲ့နိုင်ငံရေးဟာ သူမအစီအစဉ်ရဲ့ ဗဟိုချက်မဖြစ်ပြီး နိုင်ငံရေးမပါတဲ့ကဗျာစကားဝိုင်းဟာ အရမ်းကိုခက်ခဲလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

ဝှစ်မင်းနဲ့ ဟုခ်ျတို့ကို ကဗျာနိုင်ငံရေးသမား (ဝါ) တော်လှန်သူများဆိုတာ ထင်သာမြင်သာရှိပေမယ့် မိန်းမသား ဒစ်ဆင်ရဲ့ကဗျာဆိုတာကလည်း ကောင်းမှုလုပ်ခြင်းအစွန်းနဲ့မကင်းတဲ့အတွက် တချို့က နိုင်ငံရေးလို့ပဲယူဆထားကြတယ်။ ဆောင်းပါးရှင်ကတော့ အဲဒီစကားဝိုင်းနဲ့ပတ်သက်ပြီး ဖိတ်ကြားခြင်းခံရတဲ့ ကဗျာဆရာတစ်ဦးပါ။ သူက စကားဝိုင်းက နိုင်ငံရေးကို ဖယ်ထုတ်ပြီး ပြောဖို့က အခက်အခဲဖြစ်စေလိမ့်မယ် (It would have been difficult to keep politic out of conversation) လို့ ဆိုတယ်။ ကဗျာဆရာကြီးဝှစ်(ထ)မင်းရဲ့ ကာရန်မဲ့ အရေးအသားဟာ သူ့ခေတ်ကပင်မရေစီးကို ပုန်ကန်ခဲ့တယ်။ ပြီးတော့ဝှစ်(ထ)မင်းဟာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အက်ဆေးတစ်ပုဒ်ကို ကျကျနန ရေးသွားသူပါ။ ဟုခ်ျကလည်းလူမည်းတွေရဲ့ နိမ့်ပါးမှုကို  ကဗျာနဲ့ဖော်ပြခဲ့သူတစ်ယောက်ပဲ။ သူတို့ဟာ သူတို့ခေတ်က ပင်မရေစီးရဲ့ သူပုန်တွေပဲ။ အထက်ဖော်ပြပါ သုံးဦးဖြစ်တဲ့ ဝှစ်(ထ)မင်း၊ ဒစ်ဆင်နဲ့ ဟုခ်ျတို့ကို နိုင်ငံရေးရှုထောင့်က ကြည့်ရအောင်။ သူတို့အကြောင်းပြောရင် ဘာကြောင့်နိုင်ငံရေး ပါဝင်သင့်သလဲဆိုတဲ့ ဆင်ခြေကို ကျွန်တော်တို့ သိဖို့လိုတယ်။

ဝှစ်(ထ)မင်းနဲ့ နိုင်ငံရေး (ဝါ) လူသားနယ်နမိတ်ကို ကျော်ဖြတ်ခြင်း

            ကာရန်မဲ့မှာ ရှေးဦးတီထွင်သူကြီးရယ်လို့အမေရိကန်ကဗျာသမိုင်းက အသိအမှတ်ပြုခံထားရတဲ့ ဝှစ်(ထ)မင်း အမြဲတမ်းပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကတော့ “But really I am neither for nor against institutions” (နိုင်ငံသားများရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ အဆောက်အအုံအဖွဲ့အစည်းများနဲ့ပတ်သက်ပြီး ဆန့်ကျင်ခြင်း၊ထောက်ခံခြင်း ကျွန်ုပ်၌ အမှန်တကယ်မရှိပေ။) ဒါဆိုရင် ဝှင်(ထ)မင်းက ဘာလဲ။

သူယုံကြည်တာကတော့ ကိုယ်ချင်းစာတရားမျိုးလို့ ဆိုရမယ်။ သူ့စကားနဲ့ ပြောရရင်တော့ မျှဝေခံစားတဲ့ချစ်ခြင်းတရား (The dear love of comrades) သာဖြစ်တယ်။ ဝှစ်(ထ)မင်းက ကျွန်စနစ်နဲ့ ဆင်းရဲမွဲတေမှုကိုအပြင်းအထန် ဆန့်ကျင်သူတစ်ဦးဖြစ်တယ်။ သူဟာ ကဗျာကို ဖွဲ့ဆိုရာမှာ စကားလုံးအလှအပတွေ သုံးပြီးဖတ်သူကို ဖျော်ဖြေမှုပေးတဲ့ တည်ဆောက်ဟန်ကို လက်မခံဘူး။ မှန်တဲ့ကဗျာဟာ ဘယ်လိုမှ မလှပနိုင်ဘူးလို့ဆိုတယ်။ ယနေ့အထိ ဝှစ်(ထ)မင်းကို ဒီမိုကရက်ကဗျာဆရာတစ်ဦးအဖြစ် သတ်မှတ်ခဲ့တာကတော့ “ကျွန်ုပ်ကိုယ်တိုင်ဖြစ်တည်မှု၏တေးသွား” (Song of Myself) ပဲ ဖြစ်တယ်။

            I celebrate myself, and sing myself
            And what I assume you shall assume,
            For every atom belonging to me asgood belongs to you.

                                                            From“Song of myself”

            ကျုပ်ဟာ ကိုယ်တိုင်ကျင်းပ၊ ပြီးတော့ ကိုယ်တိုင်သီဆို
            နောက် ခင်ဗျားတို့ ယူဆမယ့်အတိုင်း ကျုပ်ယူဆ
            ခင်ဗျားတို့ဆီ ကောင်းခြင်းမင်္ဂလာ ပိုင်ထားသလိုမျိုးအက်တမ်တစ်ခုစီတိုင်း ကျုပ်လည်း ပိုင်ဆိုင်ဖို့အတွက်။

အထက်ပါကဗျာရဲ့တည်ဆောက်မှုအောက်မှာတော့ ဒီမိုကရေစီရဲ့ ထူးခြားတဲ့ အာရုံတစ်ခုဟာ ရုပ်ခန္ဓာ (body) နဲ့ နာမ် (soul) နှစ်ခုစလုံးပါဝင်တဲ့ လူမှုအဖွဲ့အစည်း ရှုထောင့်ကပေးတဲ့ အမြင်နဲ့အတူ တည်ရှိနေတယ်လို့ဒီဆောင်းပါးကိုရေးတဲ့ ပါမောက္ခ “ဂျေး” က ဆိုပါတယ်။ ဝှစ်(ထ)မင်းဟာ ဒီကဗျာကို တည်ဆောက်မှုမှာတော့သင် (You) နဲ့ ကျုပ် (ငါ) ကြားက အကွာအဝေးကို ဖျောက်ပစ်ခဲ့သလို ငါပိုင်တဲ့အရာ (mine) နဲ့သင်ပိုင်တဲ့အရာ (Yours) ကြားက နယ်နမိတ်ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ ကဗျာဆရာဟာ သူ့အတွက်သူသီချင်းဆိုသလို ကျန်နေတဲ့သူတွေ၊ ပြည်သူတွေအတွက်လည်း သီချင်းကို သီဆိုပါတယ်လို့ ဝေဖန်သူတွေကဆိုတယ်။ အဲဒီအချိန်ကတော့ ကဗျာလောကမှာ အဲဒီလို လူထုကို ကိုယ်စားပြု တည်ဆောက်မှုတွေက ခပ်နည်းနည်းရယ်။ နောက်တော့ ဝှစ်(ထ)မင်း လောင်းရိပ်မိတဲ့ ကဗျာဆရာ အနည်းငယ်ကသာ ဒီလိုပုံစံကို ဆက်ရေးကြတယ်လို့ဆိုတယ်။ ဝှစ်(ထ)မင်းဟာ လူတွေရဲ့ မိတ်ဆွေ (ဝါ) အဖော်ကောင်း ဖြစ်တယ်။ သူဟာ အတန်းအစားမရွေးတဲ့လူထုကိုယ်စားပြု ဖြစ်တယ်။

ရာထူးရှိသော၊ မဲ့သော၊ (Rank and File)၊
ဇတ်နိမ့် ဇတ်မြင့် (Highborn and Lowborn)၊
လူကြီးလူငယ် (Young and Old)၊
လူဖြူလူမည်း (Black andWhite) တွေရဲ့ အစွန်းနှစ်ဖက်ကို ဝှစ်(ထ)မင်းက လက်မခံပါ။

အားလုံးကို ကိုယ်စားပြုသောဝှစ်(ထ)မင်း (Walt Whitman a kosmos) လို့ ဝေဖန်သူတွေက ဆိုပေမယ့် ဝှစ်(ထ)မင်းကတော့ ကျားမ လိင်ကွဲပြားမှုရဲ့ အပြင်ဘက် (သို့မဟုတ်) သွေဖယ်နေမှု ကိုလည်း လက်မခံပါဘူး။ ဝှစ်(ထ)မင်းရဲ့အကောင်းဆုံးလက်ရာ “မြက်ရွက်များ” (Leaves of Grass) ဟာ နိုင်ငံရေးအတွေးတွေ အမြောက်အများပါဝင်တည်ဆောက်ထားတဲ့ ကဗျာစာအုပ်တစ်အုပ် ဖြစ်တယ်။ ဒါပေမယ့် ဖတ်သူတွေကို တိုက်ရိုက်ဝါဒဖြန့်တာမျိုးတော့မဟုတ်ဘူး။ ဒါကြောင့် သူ့စာအုပ်နဲ့ သူဟာ အမြဲတမ်းခေတ်မီနေတယ်လို့ ဆိုပြန်တယ်။ ဝှစ်(ထ)မင်းရဲ့“ငါ၊သူတပါး၊ယောင်္ကျား၊မိန်းမ” ခွဲခြားမှုမရှိဘဲ လူထုကိုယ်စားပြုစိတ်ဓါတ်ဟာ သူ့ရဲ့ အမေရိကန်ပြည်တွင်းစစ် (Civil War) တုန်းက ဆေးရုံမှာ ဝင်ရောက်လုပ်အားပေးသွားတဲ့ လုပ်ရပ်နဲ့ ပုံဖော်ပေးခဲ့တယ်။ ဝှစ်(ထ)မင်းဟာ ကဗျာနဲ့ နယ်ခြားစည်းမျဉ်းများကို ကျော်ဖြတ်ခဲ့သူဖြစ်တယ်။

ဒါကြောင့် လော်ရာဘုရှ်မသိသေးတဲ့ အချက်က ဝှစ်(ထ)မင်းအကြောင်းပြောမယ်ဆိုရင် နိုင်ငံရေးမပါလို့ မဖြစ်ဘူး ဆိုတာပါပဲ။

အင်မလီဒစ်ဆင်နဲ့ နိုင်ငံရေး (သို့မဟုတ်) မင်းကဘာကောင်လဲ ?

            အင်မလီဒစ်ဆင်ရဲ့ ကဗျာတွေဟာ ဝှစ်(ထ)မင်းလိုတော့နိုင်ငံရေးကို ဗြောင်ကျကျချဉ်းကပ်ခွင့် မရပါဘူး။ ၁၉ ရာစု အမေရိကန်ပြည်ထောင်စုအနေနဲ့အမျိုးသမီးကဗျာဆရာမတစ်ဦးက လူထုကို ကိုယ်စားပြုခွင့်ရဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အနေအထားမှာကိုပဲ အင်မလီရဲ့ ကဗျာတွေမှာ လူထုအသံကို တွေ့ရတယ်။ အင်မလီဟာ အသက်ရှင်နေတဲ့အချိန်မှာ သူ့ကဗျာတွေဟာ လူထုရှေ့မှောက်ကို ရောက်မလာခဲ့ပါဘူး။ ဒေသတွင်း သတင်းစာတချို့မှာပဲတွေ့ခဲ့ရတယ်။ သူ့ကဗျာတွေဟာ ကွယ်လွန်သွားမှ လူထုအသိအမှတ်ပြုခံခဲ့ရပြီး အခုဆိုရင် အမေရိကန်ကဗျာလောကမှာ အင်မလီဟာ ချန်ရစ်ထားလို့မရတဲ့ အမျိုးသမီးကဗျာဆရာမ ဖြစ်နေပါပြီ။

            အင်မလီဟာ သူမရဲ့ကဗျာ “ငါကတော့ ဘာကောင်မှမဟုတ်ဘူး၊ သင်ရော” (I am nobody! Who are you?) လို့ သူမရေးသားခဲ့တာ ဒီနေ့အထိ အံ့သြချီးမွမ်းရတဲ့တွေးလုံးမျိုးလို့ ဆိုတယ်။ ဒီကဗျာလေးဟာ လေးကြောင်း နှစ်ပါဒ (two quatrains) အမျိုးအစားဖြစ်တယ်။ ငါက ဘာကောင်မှမဟုတ်ဘူး (I am nobody) ဆိုတာဟာ အင်မလီရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် (highly typical) ဖြစ်လာတယ်။ တည်ဆောက်ပုံအရ နိမ့်မြင့်သံစုံတွဲမီတာ ရေးဖွဲ့မှု (Iambic trimester) နဲ့ နိမ့်မြင့်လေးစုံတွဲမီတာ (Iambic tetrameter) ကို တစ်လှည့်စီသုံးသွားတာကို တွေ့ရတယ်။ အတိအကျ လိုက်နာမှုကင်းတဲ့ နိမ့်မြင့်သုံးစုံတွဲမီတာ အရေးအသားကိုတော့အင်မလီဆီက စ,ခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အင်္ဂလိပ်အခေါ် Iambic tri-meter ပါ။ သိပ်ပြီးအတိအကျမရှိဘဲ တစ်ခါတရံမီတာစနစ်ကို ချိုးဖောက်တတ်တာက အင်မလီရဲ့ ရဲတင်းမှုလို့ လေ့လာသူတွေက ဆိုပါတယ်။ ဒီကဗျာဟာ လေးခုမြောက် စာလုံးရဲ့အသံကို မြင့်သံယူထား (stress) ပေးထားတာက အင်မလီရဲ့ ပုံစံအမှတ်တံဆိပ်ဖြစ်ပြီးကာရံပိတ် (Rhyme Scheme) ပုံစံဟာ (ABCB) ဖြစ်တယ်။ ပထမပါဒမှာ “you” နဲ့ “too” က ရိုင်း(မ်) (rhyme) ဖြစ်ပြီး မပြည့်ရိုင်းမ်အနေနဲ့က “know” ဖြစ်နေတဲ့အတွက် မူလ ABCB အထားအသိုကသွေဖယ်ပြီး AABC ပုံစံကို ဖြစ်ပေါ်စေပါတယ်။ ကဗျာထဲမှာ အနောက်တိုင်းကဗျာရဲ့ အလှအပအင်္ဂါရပ်တွေဖြစ်တဲ့ အသံများ ထပ်ဆင့်သုံးစွဲသောစနစ် (alliteration)၊ ထိပ်စည်းတူ တည်ဆောက်မှုစနစ် (anaphora)၊ သရော်ဟန် (satire)၊ ဥပမာပေးနှိုင်းယှဉ်မှုစနစ် (simile) နဲ့ အတွင်းရိုင်းမ်တူရေးဖွဲ့မှုစနစ် (Internal Rhyme) တွေကို သုံးထားတာ တွေ့ရတယ်။ ဒီကဗျာရဲ့ ထူးခြားချက်က ကာရံပိတ်စနစ် ပုံမှန်မရှိခြင်း (No Regular End Rhyme) ပဲဖြစ်တယ်။ ကဗျာလေးကို ကြည့်ရအောင်။

            I am no body! Who are you?
            Are you no body, too?
            Then there’s a pair of us
            Don’t tell they’d banish us, youknow.

            How dreary to be somebody
            How public-like a frog-
            To tell your name the livelong day
            To an admiringbog!

            ငါကဘာကောင်မှမဟုတ်ဘူး၊ သင်ရော?
            သင်လည်း ဘာကောင်မှမဟုတ်ဘူးပဲလား?
            ပြီးတော့ အဲဒီမှာ ငါတို့ပိုင်တဲ့တစ်စုံရှိတယ်လေ
            ပြန်မပြောနဲ့နော်- သိတယ်မဟုတ်လား သူတို့ကမောင်းထုတ်ချင်နေတာ

            တစ်စုံတစ်ယောက်ဖြစ်ဖို့ (အကောင်ဖြစ်ဖို့)ဆိုတာဘယ်လောက်ပျင်းစရာကောင်းသလဲ
            လူထုဆိုတာ ဘယ်လောက်- ဖားတစ်ကောင်နဲ့တူလဲ
            မင်းအကြောင်းတစ်နေကုန် ပြောပြဖို့အတွက်
            တစ်ခုသော ဗွက်ကောင်းကောင်းရှိတဲ့ နေရာဆီကို

ဒီကဗျာလေးရဲ့စာကြောင်း ၁ နဲ့၂၊ ၆ နဲ့၈ (line 1 and 2 and line 6 and 8) တွေဟာ ဖိသံပေး (stress) ထားတဲ့အသံထွက် စကားလုံးတွေနဲ့ အဆုံးသတ်ထားတဲ့ သံမြင့်ပိတ် (masculine rhymes) တွေနဲ့ အဆုံးသတ်ထားတယ်။

(you, too) (frog, bog) တို့ဖြစ်တယ်။ ဒါက ထူးခြားချက်တစ်ခု။ (ကဗျာတစ်ပုဒ်လုံး အကြောင်းတိုင်း သံမြင့်ပိတ် (masculine) တွေချည်း သုံးထားတာတော့ ရှိပါတယ်။ ၁၆ ရာစုနှောင်းက ဂျွန်ဒုံး (John Donne) ရဲ့ အရိပ်ပေါ်ကလက်ချာ (Lecture Upon the Shadow) ရဲ့ ရှစ်ကြောင်းစလုံးဟာသံမြင့်ပိတ်တွေ ချည်းပါပဲ။)

            နောက်ထပ်ထူးခြားချက်တစ်ခုကတော့ အင်မလီရဲ့စာလုံးအသုံးပြုမှုပါပဲ။ လူထု (Public) အသုံးကို ဖား (Frog) စာလုံးနဲ့ တွဲသုံးပစ်တာဟာ အဲဒီခေတ်ကထိတ်လန့်တုန်လှုပ်ဖွယ် အရေးအသားမျိုးပဲလို့ ဆိုတယ်။ ဖားတွေ (Frogs) ဟာ လူထုကို ကိုယ်စားပြုတဲ့နာမည်ကြီးရုပ်ပုံတွေ၊ ထင်ရှားသူတွေ (public/like public figures) သာမန် မထင်မရှားမဟုတ်တဲ့သူတွေ (somebodies) သူတို့ဟာ သူတို့နာမည်တွေကို စဉ်ဆက်မပြတ် ဖားတွေလို အော်နေတဲ့ သူတွေဖြစ်ပြီး ဗွက်တွေစွတ်စိုနေတဲ့ နေရာကိုသွားရင်း သူတို့ဖားတွေဖြစ်ကြောင်း အမှတ်တံဆိပ်ကို ဂုဏ်ဖော်ပြီးအော်နေသူတွေရယ်လို့ အင်မလီက ဆိုပါတယ်။

အင်မလီဟာ အမ်ဟီရပ်(စ) (Amherst) မက်ဆာချူးဆက် (Massachusetts) အရပ်မှာနေသွားသူ၊ ကဗျာပေါင်း တစ်ထောင့်ရှစ်ရာလောက် ရေးသွားတဲ့သူ၊ သူ့ကဗျာပုံနှိပ်စာလုံးကိုဆယ်ပုဒ်ပြည့်အောင် မမြင်သွားရရှာသူ ကဗျာဆရာမတစ်ဦး ဖြစ်တယ်။ (ဒီဘက်ခေတ် ပို့စ်မော်ဒန်အန်းကာဆင် (Anne Carson) ကနေ ဂျွန်အက်ရှ်ဘရီထိ သူ့အရိပ်လွတ်သူ မရှိဘူး။ ဒီနေရာမှာ ကဗျာရဲ့နိုင်ငံရေး (The Politic of Poetry) ခေါင်းစဉ်နဲ့ ပါမောက္ခဂျေးပါရီနီရဲ့ “WhyPoetry Matter” စာအုပ်ထဲ အင်မလီကဗျာနဲ့ပတ်သက်ပြီး ဆွေးနွေးတာ ကျွန်တောာ့်အတွက် ကံကောင်းစွာပဲအင်မလီ့အကြောင်းကို ရေးဖြစ်သွားတယ်။

အင်မလီဟာ တင်းကြပ်လွန်းတဲ့ ကာရန်စနစ်ကို စတင်ဖြိုဖျက်ဖို့နှပ်ကြောင်းပေးသွားသူတစ်ဦးလို့ အဆိုရှိတယ်။ ဒါကြောင့် ကာရန်မဲ့ “Free Verse” ရာဇဝင်ကိုလှန်ရင်တော့ အင်မလီအကြောင်းလေးရေးဖို့ကောင်းတယ်လို့ ထင်မိတယ်။ ဒါပေမယ့် “Free Verse” နဲ့ အခြားသောပုံစံများကို ကျွန်တော်ရေးနေတဲ့ ကျမ်းငယ်မှာ အင်မလီကို ပါစေချင်တယ်။ ဒါပေမယ့် သူက Free Verse ထိကို မသွားခဲ့ဘူး။ ဒီတော့ တစ်စုံတစ်ယောက်က အင်မလီဒစ်ဆင်ကိုဘာကြောင့်မရေးလဲလို့ ကျွန်တော့်ကိုမေးရင် အဖြေမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင် အင်မလီကိုပါစေတယ်။ အခု ဒီစာအုပ်မှာ အင်မလီ့ကဗျာကို ရေးလိုက်ရလို့ ဝမ်းသာမိတယ်။ အကြောင်းက တိုက်ဆိုင်တာကိုး။ ဒါကြောင့် ပါမောက္ခ ဂျေးရဲ့ မူရင်းထက်ပိုပြီး အင်မလီ့ကဗျာဖွဲ့စည်းပုံကို အထက်ကအတိုင်းရှင်းဖြစ်သွားတယ်။ ဒီတော့ ခေါင်းစဉ်အောက်က အင်မလီကဗျာဖွဲ့စည်းပုံဟာ “ဂျေး” ရဲ့ စာအုပ်ထဲကအတိုင်း မဟုတ်ဘဲ ကျွန်တော့်ရဲ့ရှင်းလင်းမှုသာ ဖြစ်တယ်။ အချက်အလက်တွေကိုတော့ SparkNotes ဆိုဒ်ကနေ ယူပါတယ်။)

            အင်မလီရဲ့ ကဗျာကနေ မူရင်းနိုင်ငံရေးဆီကိုဆက်ကြစို့။ အင်မလီ တစ်ခါကပြောခဲ့ဖူးတယ်။ အမှန်ကိုသာပြောပါ (Tell all the truth) တဲ့။ ဒါပေမယ့် ဒဲ့ဒိုးကြီးမပြောမိစေနဲ့။ (But tell it slant) ကွေ့ဝိုက်ပြီးပြောပါတဲ့။ ဒါဟာသိပ်ကို ကောင်းမွန်တဲ့ စာသားပါ။ အမေရိကန် ဘာသာရေးဝန်ကြီး (American UnitarianMinister) သောမတ်(စ)ဝမ့်ဝေါ့(ဒ) ဟက်ဂျင်ဆင် (Thomas Wentwort Higginson) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အင်မလီနဲ့ စာပေးစာယူ အင်မတန်ခင်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူက စစ်သား၊ ကျွန်စနစ်ဆန့်ကျင်သူ (Abolitionist) ဒီလိုပုဂ္ဂိုလ်ကြီးမျိုး နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူကြီးက အင်မလီကို အမ်ဟီရပ်(စ)က ကျုပ်ကိုယ်ပွားကဗျာဆရာမ (My partially cracked poetess atAmherst) ရယ်လို့ ဆိုခဲ့တယ်။

- ဇော်ဇော်ထွန်း

ဂိုထေရဲ့အပြောင်းအလဲ

            လွတ်လပ်ကာရန်ရဲ့ သမိုင်းဟာ အတော်လေးရှည်လျားနေပေမယ့် စိတ်ဝင်စားစရာတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဆရာကြီးဂိုထေ (Goethe) ပါ။ ဂိုထေဟာ ပြောင်းလွယ်ပြင်လွယ်ရှိသူပါ။ သူ့ရဲ့အစောပိုင်းကဗျာတွေထဲမှာ လွတ်လပ်ကာရန်ကို စမ်းတယ်။ ဥပမာ၊ ပရောမီးသီးယပ် (Prometheus) လိုမျိုးမှာပါ။ဒါပေမယ့် ဂိုထေဟာ ပင်ဒါ (Pindar) ရဲ့ ကဗျာ (Holderlin) ကို ဘာသာပြန်တော့ ကာရန်မှားပြီးသုံးမိပါတယ်။ တကယ်မှားသွားတာက မီတာ (meter) ပါ။ အဲဒီပြဿနာ ဖြစ်ပြီးတဲ့နောက်မှာ ဂိုထေဟာကာရန်စနစ်ကို မသုံးတော့ပါဘူး။ ဂိုထေဟာ နောက်ထပ် မမှားတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့သူမကျွမ်းကျင်တဲ့ အလုပ်ကို မလုပ်တော့တဲ့ အတွက်ပါ။ အဲဒီကတည်းက ဂိုထေဟာ ကာရန်မဲ့ကဗျာတွေရေးလိုက်တာ။ စဉ်းစားစရာ တစ်ချက်ကတော့ … အကယ်၍များ ဂိုထေ မမှားခဲ့ရင် ။

FV ရဲ့ ကြက်ဥခွံ ကြေညာစာတမ်း

            ဂျာမန်က ဟင်းနရစ်ဟိန်းတို့ ဘာတို့ စာရင်းထဲမှာအများကြီးပါတယ်။ ထူးခြားတာက စာပေဝေဖန်ရေးဆရာ တီအီးဟရွန်း (T.E.Hulme) က ၁၉ဝ၈ မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။ အဲဒါကတော့ ခေတ်ပေါ်ကဗျာ လက်ချာတစ်ပုဒ် (A Lecture on Modern Poetry) ပါ။ကဗျာဆရာများအသင်း (Poet’s club) မှာ ကြေညာပါတယ်။ တိတိကျကျ ပြောရရင် ၁၉ဝ၈ နှစ်ကုန်ပိုင်းမှာပါ။ ဟရွန်းဟာ အတော်သတ္တိရှိသူ ဖြစ်ပါတယ်။ လွတ်လပ်ကာရန်ကို ထောက်ခံတဲ့ စာတမ်းကို လွတ်လပ်ကာရန်ကိုမုန်းတဲ့ အသင်းဥက္ကဋ္ဌရှေ့မှာ ဖတ်ပါတယ်။ ဒီစာတမ်းမှာ ဂုစတပ်ခမ်းရဲ့ အရေးအသားကို ပညာရှင်ဆန်တဲ့ထောက်ခံမှုတွေပါတယ်။ သူဟာ စာကြောင်းတစ်ကြောင်းနဲ့ သူ့ကြေညာချက်ကို ကောက်ချက်ချတယ်။

''ကြက်ဥခွံဆိုတာ ကြက်ဥနုနယ်သေးတဲ့ အချိန် အတိုင်းအတာ တစ်ရပ်အထိ လိုအပ်ပါတယ်။ ကြက်ဥရင့်ထွားလာရင်တော့ ကြက်ဥအခွံဟာ လူကြီးမင်းများခင်ဗျား ကြက်ဥအခွံဟာ ကွဲကို ကွဲပေးရမယ်…” တဲ့။

ဟုတ်ကဲ့ လူကြီးမင်းဟရွန်းကို ကျွန်တော် မြင်သွားစေချင်ပါတယ်။ အခုတော့ ကြက် စ,ဥလိုက်ကတည်းက အခွံမပါခဲ့တော့ပါဘူး။ သူ့စာတမ်းဟာ သူအသက်ရှင်စဉ်မှာ ပုံနှိပ်ခွင့်မရလိုက်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့ဟာအခွံမပါတဲ့ ကြက်ဥတွေနဲ့ နေသားကျနေပါပြီ။ တစ်နေ့မှာကြက်ဥခွံတွေကို လေဟာနယ် မှန်လုံခန်းမထဲက မီးအပူပေးထားတဲ့ ပြတိုက်တစ်ခုမှာ ကျွန်တော်တို့သွားလေ့လာပါ့မယ်။

လွတ်လပ်ကာရန်ကို ကဗျာခွဲခြမ်းစိတ်ဖြာတဲ့ website တစ်ခုမှာ ရေးထားတာက -
1.    Free verse is difficult to define (အဓိပ္ပါယ်ဖွင့်ဆိုရန်ခက်ခဲသည်)
2.    It follows no specific meter or rhyme (တိကျသောမီတာနှင့်ရိုင်း(မ)ပုံသဏ္ဍန်မရှိ
3.    It must have some poetic elements in order to be more than prose. (စကားပြေအရေးထက် ပို၍ ကဗျာအင်္ဂါရပ်များ ပါဝင်သည်)
4.    With line breaks. (စာကြောင်းအဖြတ်အတောက်များပါဝင်သည်)  တဲ့…။


*Pindar = ဘီစီငါးရာစု (ca.552-443) မှ ကဗျာဆရာဖြစ်သည်။

ဒီနေရာမှာနံပါတ် (2) မှာပါတဲ့ "no specific meter or rhyme" လို့ ရေးထားတာဟာ လုံးဝမပါတာတော့မဟုတ်ဘူး။ အတိအကျ မလိုက်နာတာကို ဆိုလိုပါတယ်။ အရေးပါတဲ့ အင်္ဂါရပ်ဟာ "Cadence" ပဲ။

1.     Balanced,rhythmic flow, as of poetry or oratory.
        ဟန်ချက်ညီမှု၊စီးဝါးကိုက်အသွား(ကဗျာသို့မဟုတ်ပရိတ်သတ်ရှေ့စကားပြော)
2.     The measure or beat of movement as in dancing or marching.
        စနစ်သို့မဟုတ်လှုပ်ရှားမှုစည်းချက်မှန်ခြင်း (ကခုန်ခြင်းသို့မဟုတ်ချီတက်ခြင်း)
3.     (a) A falling inflection of the voice as at the end of a sentence
        (b) General inflection or modulation of the voice
             ဝါကျ၏ အဆုံး၌ကျရောက်သော အသံ၏အနိမ့်အမြင့်၊ ယေဘုယျအသံ၏ပုံမှန်စည်းချက်ညီပြောဆိုမှု
4.     4.Music. A progression of chords moving to a harmonic close, point of rest or sense of resolution.
            ငြိမ့်ညောင်းသံဂီတ…လိုက်ဖက်ညီတီးခတ်သောကော့ဒ်၏လုပ်ဆောင်ချက်၊ အဆုံးသတ်မှုရစ်သမ် (သို့မဟုတ်) ရစ်သမ်စီးကြောင်း (flow)
- Source: Old French "Cadence" from answer.com

            ဒီတော့လွတ်လပ်ကာရန် ဒါမှမဟုတ် ကာရန်မဲ့ဆိုတာ စကားပြောပြေပြစ် စီးချက်ညီမှုတော့ပါမယ်။ ဒါပေမယ့်ကာရန်ကို ရှောင်လွှဲတယ်။ ''Rhyme''  ဆိုတဲ့စကားလုံးအသံဆင်တူတည်ဆောက်မှု မပါတော့ဘူး။ ဒါပေမယ့် "Rhythem" (သို့မဟုတ်) "Cadence” တော့ရှိရမယ်လို့ဆိုတယ်။ ဒီနေရာမှာ ပိုပြီး ပြည့်စုံအောင်လို့ "Rhyme" ရိုင်း(မ) ကိုနည်းနည်းစဉ်းစားကြည့်မယ်။ "Rhyme" ရိုင်း(မ) မပါဘူးဆိုရင် ကျွန်တော်တို့ဟာ ဘယ်ဟာကတော့ဖြင့် ရိုင်း(မ) လို့ သတ်မှတ်သလဲဆိုတာ ယေဘုယျ နားလည်သင့်တယ်။ တကယ်တော့ ကဗျာဆရာတစ်ယောက်ဟာ ရိုင်း(မ) နဲ့ ရစ်သမ် ဆိုတာကို သိနှင့်နေပြီလို့ ယူဆရတယ်။ အင်္ဂလိပ်ကဗျာရဲ့လွတ်လပ်ကာရန် (Free Verse) စီးဆင်းပုံကို ကျွန်တော် (Flow Sheet) တစ်ခု တည်ဆောက်ကြည့်ပါမယ်။

(၁) ၁၃၈၀ ဂျွန်ဝါးကရစ်(ဖ) ၏ ဆာလံကျမ်းစာ
                   
(၂) ၁၇၅၉-၁၇၆၃ ခရစ္စတိုဖာစမတ် ၏ ဂျူးဘလိတ်အက်နို

(၃) ၁၈၃၇-၁၉ဝ၁ ဝိတိုရိယခေတ်ကာရန်မဲ့ကဗျာဆရာများ (ရိုဆက်တီမောင်နှမ)

(၄) ၁၈၆၆ ဝေါ့ဝှစ်ထမင်း (Walt Whitman) ၏ မြက်ပင်များ၏သစ်ရွက်များနောက်ဆုံးတည်းဖြတ်ပုံနှိပ်

(၅) ၁၉ဝ၉ တီအီးဟရွန်း (T.E Hulme) ၏စာတမ်း (ကဗျာရေးသူအသင်း)

(၁) ဂျွန်ဝါးကရစ်(ဖ်) ၏ ဆလံကျမ်းစာမှ ............ (၂) ခရစ်စတိုဖာမတ်၏ ဂျူးဘလိတ်အက်နို ဆာလံကျမ်းစာပါ စာကြောင်းများဟာ ခရစ္စတိုဖာစမတ်ပေါ် သြဇာလွှမ်းမိုးမှုရှိပုံရတယ်။ မှတ်တမ်း အတိအကျ မရှိ။ ခရစ္စတိုဖာမှ တရားဝင်ပြောကြားမှုမှတ်တမ်း မရှိပါ။

(၁) ဆလံကျမ်းစာ ......... (၂) ဂျူးဘလိတ်အက်နို .......... (၃) ဝိတိုရိယခောတ်ကဗျာဆရာများ
(၂) ခရစ္စတိုဖာရဲ့ ဂျူးဘလိတ်အက်နိုမှ (၃) ဝိတိုရိယခေတ်ကဗျာဆရာများဆီ ဆင်းသက်တယ်လို့ ကျွန်တော်မယုံဘူး။ ဂျူးဘလိတ်အက်နိုဟာရေးပြီး နောက်နှစ်ပေါင်း၂ဝဝ ကျော်မှ ပုံနှိပ်တယ်။

(၁) ဆလံကျမ်းမှ .................. (၃) ဝိတိုရိယခေတ်ကဗျာဆရာများ
ဆလံကျမ်းကနေ ဝိတိုရိယခောတ် ကဗျာဆရာတွေဆီကို ကူးစက်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့်အတိအကျ ဘယ်သူမှ မပြောခဲ့ဘူး။ (၃) နဲ့ (၄) ဟာ တကယ်တော့ ဝိတိုရိယခေတ် တစ်ခုထဲမှာပဲ။ ဒါပေမယ့် (၃)ဟာ ကဗျာဆရာများပါဝင်လို့ ကျွန်တော်အပေါ်မှာထားတယ်။ အတိအကျမပြောနိုင်လို့ပါ။ (၄) ကတော့ ဝှစ်ထမင်းရဲ့ မြက်ပင်၏သစ်ရွက်များကိုနောက်ဆုံးတည်းဖြတ်တဲ့ အဆင့်ကိုဆိုလိုပါတယ်။ ကျွန်တော်အဲဒီအဆင့် (၃) နဲ့ (၄) ကို အချက်တစ်ချို့ထပ်ဖြည့်ချင်ပါတယ်။ အထက်မှာ ရေးခဲ့သလို FV ကိုရေးတဲ့ ကဗျာဆရာတွေရဲ့နာမည်ကို ဝိတိုရိယခေတ်အတွက် ရေးခဲ့ရာမှာ ခရစ္စတီးနား (Christina Rossetti) နဲ့ အခြားကဗျာ ဆရာနှစ်ဦးအမည်ကို မှတ်မိဦးမှာပါ။ ဒီအဆင့် (၃) နဲ့ (၄) အတွက်တော့ ဒီအမျိုးသမီးဟာကျွန်တော့်အတွက်အရေးပါတယ်။

"ဝေါ့ဝှစ်ထမင်း" စာအုပ်ကို ကူပြီး တည်းဖြတ်ပေးသူစာရင်းထဲမှာ W.M.Rossetti ဆိုတာ ကိုတွေ့ရတယ်။ ဒါနဲ့ဝေါ့ဝှစ်မင်းအကြောင်းကို လေ့လာတော့ ဒီရိုဆက်တီဆိုတဲ့ပုဂ္ဂိုလ်ကို ဝေါ့ဝှစ်မင်း ကိုးကွယ်ခဲ့ပုံပေါ်တယ်ဆိုတာ တွေ့ရတယ်။ W.M ရိုဆက်တီဟာ ကဗျာဆရာမ ခရစ္စတီးနားရိုဆက်တီရဲ့အစ်ကိုဖြစ်တယ်။ ဒါပေမယ့် သူဟာ ကဗျာမှာ မကျော်ကြားလှဘူး။ ဝေါ့ဝှစ်မင်း ဟာ ၁၈၁၉ မှာမွေးတယ်။ W.M ရိုဆက်တီက ၁၈၂၉ မှာ မွေးတယ်။ ဝှစ်မင်းထက် (၁၀) နှစ် ငယ်တယ်။ ဆရာမ ခရစ္စတီနားက ၁၈၃၀ မှာမွေးတော့ ဝှစ်မင်းထက် (၁၁) နှစ် ငယ်နေတယ်။ မြက်ပင်၏သစ်ရွက်များက ၁၈၆၆ မှာ နောက်ဆုံးတည်းဖြတ်မှုထွက်တယ်။ ဒီတော့ခရစ္စတီးနားရဲ့ FV ကို ဝှစ်မင်း တုတာမဖြစ်နိုင်ဘူး။ ခရစ္စတီးနားရော ဝှစ်မင်းပါ FV ကို W.M ရိုဆက်တီ (ခရစ္စတီးနားရဲ့အစ်ကို) ဆီက ရပုံပေါ်တယ်။ ဒါမှမဟုတ် သူတို့သုံးယောက်စလုံး FV အရေးကို တစ်နေရာကရတာလဲ ဖြစ်နိုင်တယ်။ သေချာတာက ရိုဆက်တီကို ဝှစ်မင်းက သူ့စာအုပ်တည်း ဖြတ်ခိုင်းလို့ ကိုးကွယ်လေးစားတယ် ဆိုတာကိုတွက်ပြီး FV ဟာ ဝှစ်မင်းက ရိုဆက်တီတို့မောင်နှမဆီ သွားတာမဖြစ်နိုင်ဘူး။  ဒါက ကျွန်တော်စဉ်းစားတာပါ။

ဒါနဲ့ပဲ ဝေါ့ဝှစ်(ထ)မင်းရဲ့ "မြက်ရွက်များ" ဟာ ဒဗလျူအမ် ၊ရိုဆက်တီ ရဲ့ တည်းဖြတ်မှုနဲ့ လန်ဒန်မှာ ထွက်လာတယ်။ ကာရန်မဲ့ကဗျာရဲ့ အဓိကဝင်ရိုးဟာ“ဆာလံကျမ်း” ဖြစ်တယ်လို့ ဆိုရတဲ့ အကြောင်းအရင်းက အခြေခံ လူတန်းစားဟာ အဲဒီကာလတွေတုန်းက ကဗျာထက်စာရင် ကျမ်းစာဟာပိုပြီး လူထုကြားထဲကို ကျယ်ကျယ်ပြန့်ပြန့် ရောက်သွားတာဟာလည်း အကြောင်းအရင်းတစ်ရပ်ပါပဲလို့ ပါမောက္ခ ဂျက်ဖရီ (Jeffrey Wainwright) က သုံးသပ်ပါတယ်။ အလက်ဇန္ဒားပုပ်(ပ်) (Alexander Pope) ရဲ့ ကဗျာတွေထက် နေ့တဓူဝ အိမ်မှာ၊ ဘုရားကျောင်းမှာရွတ်ဆိုနေတဲ့ ဆာလံကျမ်းကို လူပိုသိတာ မဆန်းပါဘူး။ ဒီတော့ ဝေါ့ဝှစ်(ထ)မင်းကို သုံးသပ်ရာမှာ ဆာလံကျမ်းမှ ဝှစ်(ထ)မင်း သို့ဆိုရင် ငြင်းစရာ သိပ်မရှိပါဘူးတဲ့။ ဒီတော့ ဝှစ်(ထ)မင်းဟာအခြေအနေနှစ်ရပ်ကနေ “FV” ကို ရနိုင်ပါတယ်။ “PRB” နဲ့ “ဆာလံကျမ်း” ပါ။ ဒါပေမယ့် ဂျက်ဖရီရဲ့ စာအုပ်ထဲမှာတော့ “PRB” မပါဝင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ခရစ္စတီးနားတို့ မောင်နှမတွေရဲ့ “PRB” ကို ထည့်သွင်းစဉ်းစားထားပါတယ်။ ဝှစ်(ထ)မင်းရဲ့ ကဗျာလေးတစ်ပုဒ်ကို နမူနာ ကြည့်ရအောင်။ ပါမောက္ခ ဂျက်ဖရီ ရွေးထားတာပါပဲ။ နာမည်ကြီး နိုင်ငံရေးကဗျာတစ်ပုဒ်ပါ။ “ကျုပ်ကိုယ်တိုင်ရဲ့တေး” (Song of Myself) ပါ။ ဒီကဗျာလေးက ဒီမိုကရက်တစ် ကဗျာဆရာကြီးအဖြစ် သမိုင်းတွင်စေခဲ့တဲ့ကဗျာတစ်ပုဒ်ပါ။

            A child said What is the grass?Fetching it to me with full hands;
            How could I answer the child? I do not know what it is anymore than he.
            I guess it must be the flag of my disposition, out of hopeful green stuff woven.
            Or I guess it is the handkerchief of the Lord,
            I scented gift and remembrance designedly drop.
            Bearing the owner’s name someway in the corners, that we may see and remark and say whose?

            ကလေးငယ်တစ်ဦးက မြက်ပင်က ဘာလဲလို့ ပြောခဲ့။ လက်အစုံနဲ့ ငါ့ဆီကို ဆွဲဆောင်မှုယူနေခဲ့
            ငါ ဘယ်လိုပြောရပါ့ ခလေးငယ်ရယ် ? သူ့ထက်ပိုပြီးတခြားအသိ ငါ့မှာမရှိ။
            ငါ့ရဲ့ မတည်မြဲခြင်း အလံငယ်သာ ဖြစ်ရမယ်လို့ငါထင်ရဲ့၊ မျှော်လင့်ခြင်းအပြင်ဘက် အစိမ်းရောင်ချည်ထည်လေ
            သို့တည်းမဟုတ် ဒါဟာ ဘုရားသခင်ရဲ့ လက်ကိုင်ပုဝါတစ်စဖြစ်တယ်လို့ ငါထင်ရဲ့။
            မွှေးရနံ့ဖြင့် စီရင်သော လက်ဆောင်တစ်ခုပြီးတော့ အမှတ်ရစရာများကို ဖန်တီးသူက ရည်ရွယ်ချက်ရှိစွာဖြင့်ပစ်ချ
           ပိုင်ရှင်ရဲ့ နာမနဲ့လမ်းဟာထောင့်ချိုးများစွာမှာရှိတဲ့ ဘယ်လမ်းကိုပဲဖြစ်စေ အဲဒါငါတို့မြင်နိုင်၊ အမှတ်အသားပြုနိုင်
           ပြီးတော့ ဘယ်သူပိုင်လဲလို့ပြောနိုင်တဲ့အရာ။

- (ဝေါ့ဝှစ်(ထ)မင်း၏ ကျုပ်ကိုယ်တိုင်ရဲ့တေးမှ ကောက်နှုတ်ချက်)

စာအုပ်ထွက်လာတော့ ဆင်ဆာငြိပါတယ်။ စာကြောင်းတွေ ငွေမှင်သုတ်ခံရသလို ဆေးတွေနဲ့ ဖျက်ထားတဲ့ "မြက်ရွက်များ" ဟာ မလှမပဖြစ်နေမှာတော့ အသေအချာပါပဲ။ ဒါကို မှတ်တမ်းမှာတော့ * “The edition was bowdlerized” လို့ရေးတယ်။ ဝှစ်(ထ)မင်းဟာ ကဗျာမှာ အမည်ပေါက်ရှိတဲ့ ခရစ္စတီးနားကို မတည်းဖြတ်ခိုင်းဘဲ သူ့အစ်ကို ဝီလီယံကို တည်းဖြတ်ခိုင်းတာဟာ လန်ဒန်ဖြန့်ချိရေးအတွက်ထိရောက်ဖို့ ယူဆတယ်။ ဒါဆိုရင် ဝီလီယံမိုက်ကယ် ရိုဆက်တီ ရဲ့ အရေးပါပုံကို မှန်းဆဖို့လိုလာတယ်။ သူဟာ ပရီရက်ဖရီလိုက်ဘရားသားဟု(ထ) (Pre-Raphaelite Brotherhood) (PRB) အဖွဲ့တည်ထောင်သူ ခုနှစ်ယောက်ထဲက တစ်ဦးဖြစ်တယ်။ သူတို့အဖွဲ့ကထုတ်တဲ့ "The Germ" စာပေ မဂ္ဂဇင်းမှာ ရီဗျူးလေးဘာလေး ရေးခဲ့ဖူးတယ်။ ဝီလျံမိုက်ကယ်ရယ်၊ ခရစ္စတီးနားရယ်၊ ပီအာပီ ဆိုတဲ့ ပန်းချီဂိုဏ်းရယ်ဟာ "မြက်ရွက်များ" နဲ့ ဝေါ့ဝှစ်(ထ)မင်းကို ဝင်ရောက်စွက်ဖက်နိုင်လောက်အောင် ဘယ်လိုအင်အားများ ရှိခဲ့သလဲဆိုတာ ကျွန်တော် ချိတ်ဆက်လို့မရနိုင်ခဲ့ဘူး။ ဒါကြောင့် ဝိတိုရိယခေတ် အင်္ဂလိပ်ကဗျာလောကဆီ ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ ပီအာပီ ဂိုဏ်းဟာ ပန်းချီကိုအထူးပြုတဲ့ ဂိုဏ်းဖြစ်နေတယ်။ ဒါပေမယ့် သူတို့မှာ ကဗျာနဲ့ပတ်သက်ပြီး တစုံတစ်ခု ရှိနေတာ အသေအချာပါပဲ။

*   Note - အဲဒီတုန်းက ဆင်ဆာပုံစံတစ်မျိုး (Form of censorship) ပါ။ အနုပညာနဲ့ပတ်သက်တဲ့ အရေးအသားတွေမှာ မှိန်သွားအောင် ဒါမှမဟုတ် ဖတ်လို့မရအောင်မှင်မဲနဲ့ ခြစ်ပစ်တာကို ဆိုလိုပါတယ်။ ဒါကို နောက်တစ်မျိုး Expurgation လို့ ယေဘုယျခေါ်တယ်။ "Expurgation" က အနုပညာတွေကို ဆင်ဆာလုပ်တာကိုခေါ်ပြီး စာအုပ်တွေမှာ မင်မဲနဲ့ခြစ်ပစ်တာကိုတော့ "bowdlerization" လို့ ခေါ်ပါတယ်။ ဒီ ဘိုဒရီရိုင်ဇေးရှင်း (Bowdlerization) ဆိုတဲ့ အခေါ်အဝေါ် ပေါ်ပေါက်လာတာကတော့ သောမတ်(စ)ဘိုဒလာ (Thomas Bowdler) ဆိုတဲ့ ပုဂ္ဂိုလ်ကြောင့်ပါပဲ။ သူက ၁၈၁၈ ရှိတ်စပီးယားရဲ့ စာတွေကို ခလေးတွေနဲ့အမျိုးသမီးတွေဖတ်ဖို့ သင့်တော်အောင် စာကြောင်းတွေကို ဆင်ဆာလုပ်ပြီး ထုတ်ပေးခဲ့လို့အဲဒီလို ဆင်ဆာအလုပ်ခံရတာကို စာပေလောကမှာ "ဘိုဒရီရိုင်ဇေးရှင်း" လို့ ခေါ်ကြတယ်။ သူကပဲ နောက်တစ်ခါ အက်ဒဝပ်ဂစ်ဘွန် (Edward Gibbon) ရဲ့ ရောမအင်ပါယာကျဆုံးခြင်းနှင့်ပြိုလဲခြင်း (Decline and Fall of the Roman Empire) ကိုလည်း အဲဒီဗားရှင်းနဲ့ ထုတ်ခဲ့တယ်။ ဒီလိုဆင်ဆာဗားရှင်းနဲ့ ထုတ်တာကို "fig-leaf edition" လို့ ခေါ်တယ်။ အရင်က ဝစ်လစ်စလစ်ပန်းချီကားတွေမှာ သဖန်းသီးရွက်ကို ဆင်ဆာဖုံးပစ်တဲ့ ဓလေ့ကို အစွဲပြုခေါ်တယ်လို့ ဆိုတယ်။

(၄) ဝေါ့ဝှစ်ထမင်း မှ................... (၅) တီအီးဟရွန်း သို့
ဝှစ်မင်းက "တီအီးဟရွန်း"ဆီ ကူးစက်တာ ဖြစ်နိုင်တယ်။ ဝှစ်မင်းအပြင် တခြားသူတွေဆီကလည်း          ကူးစက်တာဖြစ်နိုင်တယ်။ မှတ်တမ်းတော့ မတွေ့ဘူး။ (၅) အဆင့်မှာ အနည်းငယ် ပြောစရာရှိတယ်။ ကဗျာဆရာများအသင်းမှာ တီအီးဟရွန်း (FV) စာတမ်းဖတ်တော့ အဲဒီမှာ ကဗျာဆရာတစ်ယောက်နဲ့ ပြဿနာဖြစ်သေးတယ်။ (မူရင်းFVရေးသားမှုမှာ မပါဘူး။ ဒါပေမယ့် မော်ဒန်အရေးအသားဆိုတဲ့ ခေါင်းစဉ်နဲ့ ဝီကီအဘိဓါန်မှာရေးသားချက်ကို ယူသည်။)

အဲဒီ တီအီးဟရွန်းနဲ့ ပြဿနာတက်တဲ့ တစ်ယောက်က ကဗျာဆရာ အက်(ဖ)၊အက်(စ်)၊ ဖလင့်(တ)(F.S.Flint) ပဲ။ သူ့ကို အဘိဓါန်က ဒီလိုညွှန်းတယ်။ (The Poet and critic who was a champion of free verse)။ ကဗျာဆရာနှင့် ဝေဖန်သူဖြစ်တဲ့ ဖလင့်ဟာ FV မှာ ချန်ပီယံပါပဲတဲ့။ ဖလင့်ဟာကဗျာဆရာများကလပ်မှာ အဲဒီတော့မှ ဘွားကနဲ ပေါ်ပေါက်လာတာ မဖြစ်နိုင်ဘူး။ ဒီတော့ ၁၉ဝဝဝန်းကျင်မှာ FV နဲ့ပတ်သက်ပြီး အငြင်းပွား နေလောက်ပြီ။ ဟရွန်းစာတမ်းဖတ်တော့ ဖလင့်နဲ့ အကြီးအကျယ် ငြင်းခုံသေးတယ်။ နှစ်ယောက်စလုံးဟာ FV သမားတွေပေမယ့် သီအိုရီပိုင်းမှာ ငြင်းခုံကြတယ်လို့ မှတ်တမ်းမှာပါတယ်။ ငြင်းခုံမှုတွေ အပြီးမှာ ဟရွန်းနဲ့ ဖရင့်တို့ သိပ်ချစ်တဲ့ မိတ်ဆွေတွေ ဖြစ်သွားတယ်။ ဒီတော့ နှစ်ယောက်ပေါင်းပြီး အီဖယ်မျှော်စင်က ဆိုဟို (Soho) စားသောက်ဆိုင်မှာ ကဗျာဆရာတွေရသလောက်စုပြီး FV  ပြန့်ပွားရေး လုပ်တော့တာပဲ။

နောက်တော့ အဲဒီ ''ဆိုဟို'' အုပ်စုထဲကို ''အက်ဇရာပေါင်း'' ရောက်လာတယ်။ ကျမ်းထဲမှာတော့ "ဆိုဟို" အုပ်စုလို့မရေးဘူး။ အီဖယ်(လ်) မျှော်စင်အုပ်စု (The Eiffel Tower Group) လို့ ရေးတယ်။ ၁၉၁၁ မှာ အက်ဇရာပေါင်း (Ezra Pound) က အပ်ခ်ျဒီ (HD) နဲ့ ရစ်ချက်အော်ဒင်တန် (Richard Aldington) တို့ကို "ဆိုဟို” အုပ်စုနဲ့ မိတ်ဆက် ပေးခဲ့တယ်။ ကျန်တဲ့အပိုင်းကတော့ ပုံရိပ်ဝါဒီ (Imagism) နဲ့ မော်ဒန်ကဗျာ (Modernist Poetry) အပိုင်းရောက်သွားပြီ။

FV ရဲ့ အဓိကဇာတ်ကောင် သုံးယောက် ဖြစ်တဲ့ (၁) ဝေါ့ဝှစ်(ထ)မင်း (၂) တီအီးဟရွန်း နဲ့ (၃) အက်(ဖ)အက်(စ)ဖလင့်ကို ဇယားပြန်ချကြည့်တော့ အဆင့် (၁) ဝေါ့ဝှစ်(ထ)မင်းရဲ့ အတ္ထုပတ္တိမှာ မြက်ပင်၏သစ်ရွက်များရဲ့ အရေးအသားဟာ သမ္မာကျမ်း အရေးအသား အခြေခံ (Base on the Bible) လို့ရေးထားတာ တွေ့ပြန်တယ်။

(၁) ဆာလံကျမ်း ................. (၄) ဝေါ့ဝှစ်(ထ)မင်း
            အဆင့် (၁) မှ (၄) ဆီသို့ တိုက်ရိုက်ဆင်းသက်တာမျိုးဖြစ်ဖို့ရှိတယ်။ ဝှစ်(ထ)မင်းနဲ့ ဆက်နွယ်နေတဲ့ ရိုဆက်တီ မောင်နှမရဲ့ အထ္တုပတ္တိကို လိုက်ကြည့်တော့ ထူးခြားချက်တစ်ခုသွားတွေ့တယ်။ အဲဒါက သူတို့ရဲ့ အမေဘက်ကဦးလေး ဂျွန်ဝီလီယံပိုလီဒိုရီ (John William Polidori) ဟာ သွေးစုတ်ဖုတ်ကောင် (vampire) ကို ရေးတဲ့သူဖြစ်ပြီး လော့ဒ်ဘိုင်ရွန် (Byron) ရဲ့ဆရာဝန်ဖြစ်တယ်။ ဒါပေမယ့် FV ဟာ ဦးလေးလုပ်သူက တူတွေ တူမတွေကို ဆင်းသက်ဖို့အတွက် သွေးစုတ်ဖုတ်ကောင်စိတ်ကူးယဉ်စာပေ အမျိုးအစားအရ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီလိုကောက်ချက်မျိုးကို မစဉ်းစားခဲ့ဘူး။ FV ရဲ့ ဒုတိယဝင်ရိုး (၂) တီအီးဟရွန်းဆီကို ဘယ်ကလာသလဲ။ ဝှစ်မင်းရဲ့စာအုပ်က ၁၈၆၆ မှာ နောက်ဆုံးတည်းဖြတ်ကိုထုတ်ပြီးနှင့်ပြီဆိုတာ ဟရွန်းစာတမ်းဖတ်တဲ့ ၁၉၀၉ မှာ အဲဒီစာအုပ် သက်တမ်းဟာ ၄၃ နှစ် ရှိနှင့်နေပြီ။ ဒီတော့ FV အရေးအသားဟာ ဒီစာအုပ်နာမည်ကြီးတာနဲ့အတူ အတော်လေးပျံ့နှံ့နေ လောက်ပြီ။ ဒါပေမယ့်ကဗျာဆရာများအဖွဲ့မှာ ဟရွန်းရဲ့ အားထုတ်မှုကို မှတ်တမ်းတွေထဲမှာ အကျယ်တဝင့် ရေးတာကိုကြည့်ပြီး အဲဒီအချိန်က FV ကို အပြင်းအထန် အငြင်းပွားခဲ့ပုံပေါ်တယ်။ ဒါပေမယ့် ဆာလံကျမ်းအရေးအသားအခြေခံရှိနေလို့ ဝှစ်မင်းကို သိပ်မဖဲ့ကြတာလဲ ဖြစ်နိုင်တယ်။

ရှေ့ကဖော်ပြခဲ့တဲ့ အဆင့် (၁) ကျမ်းစာအရေးအသားကိုခဏထားပြီး အဆင့် (၂) ခရစ္စတိုဖာစမတ်ကစပြီး ၁၉ဝ၉ တီအီးဟရွန်းရဲ့ ပေါက်ကွဲမှုအထိနှစ်အတော်ကြာ ဖြတ်သန်းခဲ့ရတယ်။ ဝိတိုရိယခေတ်ဟာ သိပ်မဆိုးလှတဲ့ခေတ်လို့ ကျွန်တော်က မှတ်ချက်ပေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပထမဦးဆုံးလူသားစက်ရုပ်ကို တီထွင်ခဲ့တယ်။ ဆိုလိုတာက ၁၈၃၇ က ၁၉၀၁ အထိ ဝိတိုရိယခေတ်မှာ လူတွေအစွဲအနဲနဲကျွတ်လာတယ် လို့ယူဆရမယ်။ အသစ်တွေ လုပ်ရမယ်ဆိုတာကို မသိစိတ်က လက်ခံလာတဲ့သဘောပါ။ ဒါပေမယ့် FV ဟာ ဟရွန်းတို့လူစု ”ဆိုဟို” လှုံ့ဆော်မှု တွေအထိ အတော်လေး ကြိုးစားခဲ့ရတာသိသာနေတယ်။

တီအီးဟရွန်းကို ဘယ်လိုတွန်းအားမျိုးက FV ဆီကို ခေါ်သွားသလဲ။ ဟရွန်း ဘယ်လိုစာမျိုးကိုဖတ်သလဲ။ ဟရွန်းရဲ့ကိုယ်ရေးကို ကြည့်တော့ ပြင်သစ်တွေးခေါ်ရှင် ဂျော့ဆိုး(လ်) (George Sorel) ရဲ့ စာပေကို အသေးစိတ် လေ့လာခဲ့တယ်လို့ သိရတယ်။ သူ့ကြေညာစာတမ်းမှာ သူ့ကဗျာနှစ်ပုဒ်ပါဝင်တယ်လို့ သိရတယ်။ ကျွန်တော်သိပ်တော့ မကျေနပ်သေးပါဘူး။ ဟရွန်းဟာ အင်္ဂလိပ်ကဗျာ လောကမှာလမ်းသစ် ဖေါက်သူဖြစ်တယ်။ မော်ဒန်ဆရာကြီး အက်ဇရာပေါင်းတောင် ဟရွန်းတို့ ”ဆိုဟို”အုပ်စုကိုလာပေါင်းတာကိုကြည့်ပြီး FV ရဲ့ အစဟာ ဝှစ်မင်းပြီးရင် ဟရွန်းပဲဆိုတာကို သိသာလာတယ်။ တီအက်(စ်)အဲလီးယော့လည်း ဟရွန်းကို မှီရတယ်လို့ ဆိုတယ်။ ဒီတော့ ဟရွန်းဟာ မော်ဒန်ကဗျာရဲ့ အစလို့ဆိုရတော့မယ်။ အဲလီယော့ဟာ မော်ဒန်ရဲ့ ကျမ်းစာဖြစ်တယ်လို့ သူတို့ ပညာရှင်တွေက ဆိုတယ်။ အဲလီယော့ရဲ့ နာမည်ကြီးခြောက်သွေ့မာကျောမှု (Dry Hardness) ဆိုတာ သူ့ကိုယ်ပိုင်စကား မဟုတ်ပဲ ဟရွန်းရဲ့စကားဖြစ်တယ်လို့ ကဗျာဖောင်ဒေးရှင်း ဆိုဒ်ကဆိုပြန်တယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ ဟရွန်းရဲ့ ကဗျာတစ်ပုဒ်လောက်ကိုအနည်းဆုံး လေ့လာသင့်တယ်လို့ ယူဆတယ်။ သူ့ကဗျာတစ်ပုဒ်ဖြစ်တဲ့ "အော်တမ်" ကိုကဗျာဖောင်ဒေးရှင်းဆိုဒ်က ညွှန်းတယ်။ ကြည့်ရအောင်။

             Autumn (By T.E HULME)
         
           A touch of cold in the Autumn night—
            I walked abroad,
           And saw the ruddy moon lean over a hedge
           Like a red-faced farmer.
           I did not stop to speak, but nodded,
           And round about were the wistful stars
            With white faces like town children.

           "အော်တမ်
           ဆောင်းဦးည အေးစက်ခြင်း အထိအတွေ့တစ်ခု
            ငါ အပြင်လမ်းလျှောက်ထွက်ခဲ့
            နောက် ရဲနေသောလဟာ သစ်ရွက်စည်းရိုးပေါ်ကိုဖြာကျလိုက်တာ
            လယ်သမားရဲ့ နေလောင်မျက်နှာလိုပ။
            ငါက စကားပြောဖို့အတွက် မရပ်ခဲ့ဘူး။ ဒါပေမယ့်သဘောတူခဲ့ရဲ့
            ပြီးတော့ ဘေးပတ်လည်နံရံများက ဆန္ဒမပြည့်ဝမ်းနည်းကြယ်စင်တွေ
            က ဖြူဖတ်ဖတ် မျက်နှာတွေနဲ့ မြို့သားခလေးငယ်တွေလိုပေါ့။
                                                                                   - တီအီးဟရွန်း

ဒီတော့ ခင်ဗျားတို့ ဟရွန်းဟာ ဘယ်လိုကဗျာနဲ့ FV လမ်းကို စခဲ့သလဲဆိုတာခန့်မှန်းလို့ရပြီပေါ့။ နောက်ဝင်ရိုးတစ်ယောက်ဖြစ်တဲ့ (၃) အက်(ဖ)အက်(စ)ဖလင့် ကို စဉ်းစားကြည့်မယ်။ ဟရွန်းနဲ့ ဖလင့်တို့ နှစ်ယောက်မှာ ဟရွန်းက ဆရာပဲ။ ဖလင့်ကို အားပေးခဲ့တယ်လို့ ရေးသားထားတော့ ဟရွန်းကပိုပြီး သြဇာရှိသူဖြစ်တယ်။ ဒီတော့ ဖလင့်ကို စဉ်းစားတဲ့အခါမှာ ကနဦး FV ရှေ့ သူစာရင်းထဲမှာပါတဲ့ပြင်သစ်ကြီး အာသာရင်းဘိုးနဲ့ ချိတ်ကြည့်တယ်။ မှတ်တမ်းမတွေ့ပါ။

ဒီနေရာမှာတော့ ဖလင့်ကို လေ့လာဖို့ ကျွန်တော်ကြိုးစားကြည့်တယ်။ ဝီကီ အဘိဓါန်မှာ ကြည့်တယ်။ သူ့အကြောင်းပါတယ်။ ဒါပေမယ့် သူ့ကဗျာမပါဘူး။ သူ ဘာကြောင့်ပြင်သစ်ခေတ်ပြိုင်ကဗျာပေါ်မှာ စိတ်ဝင်စားသလဲ ဆိုတာမပါဘူး။ သူက အင်္ဂလိပ် လူမျိုးတစ်ယောက်။ ဒါပေမယ့် ပြင်သစ် ခေတ်ပြိုင်ကဗျာကို စိတ်ဝင်စားသူ တစ်ယောက်။ ပုံရိပ်ဝါဒီတွေ စုထုတ်ခဲ့တဲ့ပုံရိပ်ဝါဒီတချို့ (Some Imagist Poets) မှာ သူ့ကဗျာတွေပါတယ်။ ဒါဟာ စိတ်ဝင်စားစရာပါ။ သူဟာ ပြင်သစ်ဘာသာနဲ့ လက်တင်ဘာသာကို မမျှော်လင့်ဘဲ လေ့လာရာက ဘာသာစကားမှာ ထူးချွန်နေတဲ့သူ့အစွမ်းကို သူသိသွားသူတစ်ယောက် ဖြစ်တယ်။ သူဟာ ၁၈၈၅ ခုနှစ်ဖွားဖြစ်ပြီး မောင်နှစ်မ ၁၂ ယောက်ထဲမှာ ဒုတိယအကြီးဆုံး သားတစ်ယောက်ပါ။ သူ့ကို "Islington" မှာမွေးတယ်။ သူဟာ စာသင်ခန်းကို အသက် (၁၃ )နှစ်မှာ ကျောခိုင်းခဲ့တယ်။ မိုက်ကယ်ဂျွန်ကော့ (Michael John Copp) ပြုစုတဲ့ စာပေအဘိဓါန်မှာတော့ "very basic education" လို့ ဖော်ပြတယ်။ အတန်းပညာ အခြေခံအဆင့်ပဲလို့ဆိုတယ်။ မိုက်ကယ်ဂျွန်ကော့ရဲ့ အဘိဓါန်အလိုအရတော့ ဖလင့်ဟာ ကျောင်းပြီးတော့ ဝင်လုပ်တဲ့အလုပ်က ဆတ္တာသည် လက်ထောက်ပါ။ ခြောက်နှစ်တိတိ အဲဒီအလုပ်ကို သူလုပ်ခဲ့တယ်။ အဘိဓါန်က dead-endjob လို့ ရေးတယ်။ ထွက်ပေါက်ပိတ်နေတဲ့ အလုပ်မျိုးစုံကို သူလုပ်ခဲ့တယ်။ သူဟာ အတန်းပညာများများစားစားမရှိပေမယ့် ကိုယ်တိုင်လေ့လာသင်ယူအား ကောင်းသူတစ်ဦးဖြစ်တယ်လို့ သိရပြီးရှားရှားပါးပါး ပြင်သစ် ခေတ်ပေါ်ကဗျာဆရာတွေကို လွှမ်းမိုးနိုင်တဲ့ အင်္ဂလိပ်ကဗျာဆရာတစ်ဦးဖြစ်ခဲ့တယ်။ သူဟာ ညကျောင်းကို ကြိုးစားပြီး တက်ခဲ့တယ်။ နောက်တော့ သူဟာ ဘုရားသခင် တိတ်တခိုးပေးသွားတဲ့သူ့ကိုယ်တွင်းက လက်ဆောင်ကို သိသွားခဲ့တယ်။ ၁၉ဝ၈ ခုနှစ်မှာ ပြင်သစ်ကဗျာဆရာတွေအတွက် စာအုပ်ထုတ်ပေးခဲ့တယ်။ ၁၉၀၉ မှာ "ကြယ်များရဲ့ငှက်သိုက်အိမ်" ဆိုတဲ့အမည်နဲ့ အချစ်ကဗျာတွေ ထပ်ထုတ်တယ်။ ပြင်သစ်ကဗျာဆရာတွေနဲ့ အသိုင်းအဝိုင်းရှိခဲ့လို့ ဖလင့်ကို အာသာရင်းဘိုး လက်ရာတွေနဲ့တွဲချိတ်ကြည့်ဖို့အတွက် မှတ်တမ်းရှာမရရင်တော့ ဖလင့်ရဲ့ လက်ရာတစ်ချို့ကို ထပ်ကြည့်ဖို့လိုပါတယ်။ "အချို့သောပုံရိပ်ဝါဒီများ" မှာပါတဲ့ ဖလင့်ရဲ့ကဗျာတွေကတော့ သစ်ပင်များ(Trees)၊ နေ့လည်စာ (Lunch)၊ ရောဂါ (Malady)၊ အက်ဆီးဒင့် (Accident)၊ အပိုင်းအစ (Fragment) နဲ့ အိမ်များ (Houses) တို့ ဖြစ်တယ်။ သူဟာ ပုံရိပ်ဝါဒီ အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာတယ်။

- ဇော်ဇော်ထွန်း