ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကဗျာဆရာနှင့် နိုင်ငံရေး (၂)

မော်ဒန်နှင့် နိုင်ငံရေး

            နိုင်ငံရေးလောကမှာတစ်ခေတ်တစ်ခါက ခေတ်စားခဲ့တဲ့ စကားတစ်လုံးရှိပါတယ်။ အဲဒီဟာကတော့ တော်လှန်ရေး (Revolution) ပါပဲ။ စာပေသမိုင်းမှာတော့ အဲဒီစာလုံးကို ကိုယ်စားပြုတဲ့ ခေတ်တစ်ခေတ် ရှိခဲ့တယ်။ အဲဒါကတော့ စာပေတော်လှန်ရေး (ဝါ) မော်ဒန်စာပေပါပဲ။ မော်ဒန်စာပေတွေကို တချို့ကတော့"Revolutionary" "literary moment" ဒါမှမဟုတ် "Revolution of Word" (စကားလုံးတော်လှန်ရေး) လို့လဲ ဆိုကြတယ်။

မော်ဒန်လှုပ်ရှားမှုဟာ ကမ္ဘာ့စာပေသမိုင်းကိုတစ်ဆစ်ချိုး ပြောင်းစေခဲ့ပြီး မော်ဒန်စံပြပုဂ္ဂိုလ်များဟာလည်း လူငယ်တွေကို ကိုယ်စားပြုသူ "အိုင်ကွန်"တွေ ဖြစ်လာပါတယ်။ ရိုမန်းတစ်ရဲ့ အထာတွေအားလုံးကို ငြင်းဆန်တဲ့ မော်ဒန်ဟာ ရိုမန်းတစ်နဲ့ ဝိတိုရိယကဗျာဆရာတွေရဲ့ နိုင်ငံရေးအားနည်းမှုကိုပြောင်းပြန်ဖြစ်သွားစေခဲ့တယ်။

မော်ဒန်အုပ်စု ဦးဆောင်သူတွေထဲမှာတော့ ထင်ရှားတဲ့လူတွေ၊ ဦးဆောင်ပုဂ္ဂိုလ်တွေကို ကြည့်ရင် နှစ်ဖွဲ့ဖြစ်နေပြီး အဓိက နိုင်ငံရေးအုပ်စုတွေအနေနဲ့သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ကြည့်ပြီး ခွဲလို့ရပါတယ်။ အနောက်တိုင်းအယူအဆအရ (လက်ဝဲ/လက်ယာ) ခွဲပြီး ကြည့်ပါတယ်။ သူတို့ဆီမှာကတော့ (Left Wing - Right Wing) ဆိုတာရှိပါတယ်။

အဲဒီ ဘယ်တောင်ပံ (left wing) နဲ့ ညာတောင်ပံ (right wing) အခေါ်အဝေါ်ကလည်း အနည်းငယ် ထူးနေသလိုရှိပြီး ယနေ့ထိ ဥရောပပါလီမန်တွေမှာ အသုံးပြုနေတုန်းပါပဲ။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကာလအမျိုးသားညီလာခံ (National Assembly) ခေါ်တုန်းက လွှတ်တော်အတွင်းနေရာယူမှုကို မူတည်ပြီး ယနေ့ထိ လက်ဝဲ-လက်ယာ တောင်ပံတွေလို့ သုံးနှုန်းနေတာပါ။ အကြမ်းအားဖြင့် ပြောရရင်တော့ လက်ဝဲသမား (Left Wing) "Leftists" များကိုတော့ လူမှုအပြောင်းအလဲ (Social Change) ကိုထောက်ခံသူများအဖြစ်နဲ့တွေ့နိုင်တယ်။ သူတို့ဟာ အပြောင်းအလဲ (Radical Change) များ လုပ်လိုသူများဖြစ်ပြီးအချုပ်အခြာကို လူထုကိစ္စအဖြစ်သာ သဘောထားတဲ့ ရီပတ်ဘလစ် (Republic) များ ဖြစ်ကြတယ်။ လက်ဝဲသမားတွေဟာနောက်ပိုင်းမှာတော့ ဆိုရှယ်လစ်သမားတွေ (socialism)၊ အချုပ်အခြာအာဏာကို ငြင်းပယ်သောအနာခီဇင် (Anarchism) တွေ၊ ကွန်မြူနစ်တွေ (Communism) တို့ကစပြီး ဆိုရှယ်ဒီမိုကရေစီ (Social Democracy) နဲ့ ဆိုရှယ်လစ်ဘရယ်လစ်ဇင် (Social Liberalism) တွေထိ ပါဝင်လာပြီး ရည်ညွှန်းသုံးစွဲလာတာကို တွေ့ရတယ်။ အမေရိကမှာတော့ "Asset-based Egalitarianism" ကို မိတ်ဆက်ပေးခဲ့တဲ့ သောမတ်ပိန်းရဲ့ သီအိုရီအုပ်စုအဖြစ်အသိများတယ်။ လက်ယာသမားများ (Rightist) များကိုတော့ ဘုရားကျောင်းအုပ်ချုပ်မှုအလိုမရှိအုပ်စု/ဆိုရှယ် ဟိုက်ရာခီ (Social Hierarchy) လို့အသိများတယ်။ သူတို့ကလူတန်းစားပဋိပက္ခ (ClassStruggle) ကို အခွင့်အရေး (Right) အဖြစ် မြင်သူတွေလို့ နိုင်ငံရေးအရခေါ်ဝေါ်သုံးစွဲကြတယ်။ ပြင်သစ်တော်လှန်ရေးရဲ့လက်ယာမူလအစသဘောအရကတော့ လက်ယာသမားများဟာ အဆင့်ဆင့်အာဏာအုပ်စု (Hierarchy) နဲ့ ဘုရားကျောင်းဗဟိုပြုအာဏာထိန်းချုပ်မှုဝါဒ (Clericalism) တို့ ဖြစ်တယ်။

နောက်ပိုင်းမှာတော့ ပဒေသရာဇ်စနစ်ကိုပြန်လည်အသက်သွင်းလိုသူများ (Ultra-royalists) ကိုလည်း ရည်ညွှန်းကြပြန်တယ်။ လစ်ဘရယ် ကွန်ဆာဗေးတစ် (Liberal Conservatives) တွေ၊ ခရစ်ရှန်ဒီမိုကရက် (Christian Democrats) တွေနဲ့ နေရှင်နယ်လစ်မျိုးစုံပါဝင်ပြန်ပါတယ်။ ဒီလက်ဝဲလက်ယာကို အခြေခံပြီးတော့ ပညာရှင်တွေက မော်ဒန်ကဗျာသမားတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို သုံးသပ်ကြည့်တယ်။ ပထမဦးဆုံး မော်ဒန်ကဗျာသမားတွေရဲ့ အခြေခံစိတ်ဓါတ်ကိုလေ့လာတယ်။ သူတို့ဟာ တော်လှန်ရေးစိတ် ပြင်းထန်သူတွေလို့ သုံးသပ်ရမှာဖြစ်တယ်။ သူတို့ဟာအရွေ့ (movement) ကို ဖန်တီးသူတွေဖြစ်ပြီး နိုင်ငံရေးမှာလည်း သူတို့ရဲ့ စိတ်ဝင်စားမှုဟာအပြောင်းအလဲလုပ်လိုမှု (Radical change over into politics) လို့ပဲ သုံးသပ်တယ်။ မော်ဒန်ကဗျာကိုဦးဆောင်သူအများစုဟာ လက်ယာအုပ်စုဖြစ်တယ်။ တီအက်စ်အဲလီးယော့ (Eliot) ဟာ သူ့ကိုယ်သူ တော်ဝင်ဝါဒီတစ်ဦး "Royalist" လို့ ခပ်တည်တည်ပဲ ကြေညာခဲ့တယ်။ မော်ဒန်ဆရာမကြီး ဂါးထရုစတိန်း (Stein) ကတော့ ဗင်ချီအစိုးရ (Vinchy Government) ကို ထောက်ခံခဲ့သူတစ်ဦးဖြစ်တယ်။ ဒါကြောင့်ပဲ အဲဒီအစိုးရရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကိစ္စဟာ စတိန်းရဲ့ ဘဝနိုင်ငံရေးစာမျက်နှာမှာ စွန်းခဲ့သေးတာပေါ့။ ဒုတိယကမ္ဘာစစ်တုန်းက ပြင်သစ်ကို မိစ္ဆာဝင်ရိုးတန်း (Axis Powers) ထဲဝင်ခဲ့စေတဲ့ အုပ်စုအဖြစ် အသိများတယ်။ သူတို့ကိုယ်သူတို့ (French State) လို့ ခေါ်တဲ့ ဗိုလ်ချုပ်ကြီး ဖိလစ် စီမံကိန်းတို့အုပ်စုကို ဆရာမကြီး စတိန်းက ထောက်ခံခဲ့တယ်။ မော်ဒန်ဆရာကြီးအက်ဇရာပေါင်း (Ezra Pound) ကတော့ ၁၉၃၀ တဝိုက်မှာ အီတလီရဲ့ ဖက်ဆစ်အစိုးရက အကြီးအကျယ်ထောက်ခံခဲ့လို့ ဒုတိယကမ္ဘာစစ်အပြီးမှာ အီတလီရေဒီယိုမှာ သူ့ရဲ့ အသံလွှင့်ချက်အတွက် အဖမ်းခံခဲ့ရသေးတယ်။ ဒါပေမယ့် ပြစ်ဒဏ်ကျခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာဝန်တွေက အက်ဇရာပေါင်းဟာ စိတ်ဝေဒနာရှင် တစ်ဦးလို့ သတ်မှတ်ပေးခဲ့လို့ပဲ ဖြစ်တယ်။ ဒါပေမယ့် "ပေါင်း"ဟာ မူဆိုလီနီကို အားပေးသူ၊ သဘောကျသူ၊ မြှောက်ပင့်ပေးခဲ့သူ ရယ်လို့ နာမည်တွင်ခဲ့တယ်။

မော်ဒန်အုပ်စုထဲမှာတော့ လက်ယာ rightist တွေ ပိုများတယ်လို့ဆိုရမယ်။ စကော့တလန်ရဲ့ မော်ဒန်ဖခင်ကြီးဟူးခ်ျမက်ဒရာမဒ် (Hugh Mac Diarmid) ကတော့ စကော့တလန်အမျိုးသားပါတီ (National Partyof Scotland) ကို တည်ထောင်ရာမှာ ကူညီခဲ့သူတစ်ဦးဖြစ်တယ်။ နောက်တော့ လန်ဒန်ကွန်မြူနစ်ပါတီအသင်းဝင်လည်း ဖြစ်ခဲ့တယ်။ အော်ဂျေးတစ် ကဗျာသမားများ (Objectivists) ဖြစ်ကြတဲ့ လူးဝစ်ဇိုကော့စကီး (Louis Zukofsky) တို့ ဂျော့အော်ပန် (George Oppen) တို့၊ ကားလ်ရာကိုစီ (CarlRakosi) တို့ဟာ ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်ခဲ့ဖူးသူတွေအဖြစ် ထင်ရှားတယ်။ ဂျော့အော်ပန်ဟာအမတ် ဂျိုးဇက်မက္ကာသီနဲ့ မက်ဆီကို အရေးမှာ ပါဝင်ခဲ့ပြီး သူ့အချိန်အတော်များများ မက်ဆီကိုမှာကုန်ခဲ့တယ်။ ဒေးဗစ်ဂက်(စ်)စကွိုင်နီး (David Gaseoyne) တို့လို ဗြိတိသျှဆာရီရယ်လစ်ဇင်တွေကလည်း ကွန်မြူနစ်ဝါဒကိုယုံကြည်သူတွေပါပဲ။ အခြားသော မော်ဒန်အိုင်ကွန်တွေကတော့ လက်ဝဲလက်ယာနဲ့သိပ်မကိုက်တဲ့ဝါဒီတွေဖြစ်တယ်။

အိတ်(ခ်ျ)ဒီ (H.D) ဟာ ပရိုတိုမ,ဝါဒီ (Proto feminist) ဖြစ်တယ်။ ပြီးတော့ ဂျူးဆန့်ကျင်သူ (Antisemitism) ဖြစ်တယ်။ လိင်တူလိင်ကွဲဆက်ဆံမှုကို သိသိသာသာထုတ်ဖော်ပစ်ခဲ့တဲ့ အမျိုးသမီးဝါဒပထမလှိုင်းထဲပါဝင်ခဲ့သူတွေစာရင်းမှာ ဖော်ပြခြင်းခံရတယ်။ မော်ဒန်အမျိုးသမီးအုပ်စုထဲက မင်နလွိုင်း (Minaloy) ဟာ အမျိုးသမီးကြေညာစာတမ်းကို ကြေညာခဲ့သူအဖြစ်ထင်ရှားတယ်။ မဟာအမျိုးသမီးဝါဒီရယ်လို့ သတ်မှတ်ရမယ့် မော်ဒန်အမျိုးသမီးအုပ်စုဟာ နာတလီဘာနေး (Natalie Clifford Barney) နဲ့ ဒီဂျူဘန်နီး (Djuna Barnes) တို့လို နာမည်ကျော် အမျိုးသမီးတွေပါဝင်လို့ပိုပြီး ထင်ရှားလာခဲ့တယ်။ ပန်းချီလဲဆွဲပြီး စာရေးကောင်းတဲ့ ဒီဂျူနရဲ့"Nightwood" ဟာ အဲလီးယော့ရဲ့ မိတ်ဆက်မှုနဲ့အတူ ယနေ့ထိ မော်ဒန်စာပေသမိုင်းမှာထင်ရှားတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်နေဆဲပဲ။ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေနဲ့ နေထိုင်ခြင်းအဘိဓမ္မာကို ကိုင်ဆွဲတဲ့အုပ်စု (Quakers) ကို ယုံကြည်သူ ဘာဆေးဘန်းတင်း (Basil Bunting) ဟာ အင်္ဂလိပ်မော်ဒန်လောကရဲ့ အထင်ကရ ကဗျာဆရာတစ်ဦးပါ။ ၁၉၆၅ ထုတ် သူ့ရဲ့"Briggflatts" ဟာ ပေါက်ခဲ့တဲ့ မော်ဒန်ကဗျာရှည်ဖြစ်တယ်။ သူဟာ ဖက်ဆစ်ဝါဒကိုဆန့်ကျင်သူဖြစ်ပြီး ဗြိတိသျှထောက်လှမ်းရေးအတွက် အရင်က ပါရှား(အီရန်) မှာ အလုပ်လုပ်ပေးခဲ့သူဖြစ်တယ်။

            အဲဒီလက်ဝဲမကျ လက်ယာမကျတဲ့သူတွေ စာရင်းထဲမှာတော့ ကျွန်တော်တို့ရဲ့ မော်ဒန်ခေါင်းဆောင်ကြီး ဝီလျံကားလို့စ်ဝီလျံ (William Carlos William) လည်း တစ်ဦးအပါအဝင်ဖြစ်တယ်။ သူဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး သူ့ဆီလာတဲ့ဆင်းရဲသားလူနာများအပေါ် စာနာဖေးမသူတစ်ဦးဖြစ်တယ်လို့ ဆိုတယ်။ ဒီလိုနဲ့ သူဟာ နင်းပြားတွေရဲ့ဘဝထဲကို ရဲရဲဝင်ရောက်သွားတဲ့ ကဗျာဆရာတစ်ဦးပါ။ သူဟာ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးကိုရောမွှေခံယူသူဖြစ်ပြီးထူးဆန်းတာကတော့ စီအိခ်ျဒေါက်ကလပ် (C.H Douglas) ရဲ့ ဆိုရှယ်ခရက်ဒစ် (Social Credit) ကို "ပေါင်း" တို့နဲ့အတူတူ ထောက်ခံခဲ့သူဖြစ်တယ်။ မော်ဒန်သမားများနဲ့ရိုမန်းတစ်တွေရဲ့ ကွာခြားသွားတဲ့ အချက်ကတော့ နှစ်ချက်ထဲအဓိကလို့ ပြောဆိုရမှာဖြစ်တယ်။ အဲဒါတွေကတော့ -

            ၁။ နောက်ခံအကြောင်းတရားများ ကျယ်ပြန့်လာခြင်း (Wide range of backgrounds)
            ၂။ တစ်ဦးချင်း၏အတွေ့အကြုံကျယ်ပြန့်လာခြင်း (Wide range of personal experience)

တို့ပဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ပထမကမ္ဘာစစ်ကြီးရဲ့ မော်ဒန်စာပေအပေါ်မှာလှုပ်နှိုးပစ်လိုက်လို့ရလာတဲ့ အကျိုးဆက်တချို့ ရှိပါတယ်။ ဒါက နိုင်ငံရေးက စာပေကို ကူညီအားဖြည့်လိုက်တဲ့အတွက်ကြောင့်စာပေဟာ -
            ၁။ အကာအကွယ်ရသွားခြင်း (Became a refuge)
            ၂။ စာပေဆိုင်ရာဝေဖန်ဆန်းစစ်ရန်အခွင့်အရေးရသွားခြင်း (Became a literary criticism)
            ၃။ သိပ္ပံဘာသာရပ်ဖြစ်သွားခြင်း (Became a Science) တို့ပဲဖြစ်တယ်။

* အကျယ်ဆက်လက်လေ့လာရန်-Modernism and the Ideology of History by Louise Blakeney Willams.-Cambridge University Press(2002)

ဒီကဗျာလေးကို ကဗျာဖောင်ဒေးရှင်းဆိုဒ်ထဲကဖတ်ရတာဖြစ်တယ်။ အမျိုးအစားကိုတော့ နိုင်ငံရေးကဗျာလို့ ခေါင်းစဉ်တပ်ထားတယ်။ ကားဆင်းဘတ်ရဲ့ ခပ်ရိုးရိုးကဗျာလေး ဆိုပေမယ့် နောက်ကွယ်က အဓိပ္ပါယ်ကတော့ သိပ်မလွယ်လှပါဘူး။

                     
And They Obey
SMASH down the cities.
Knock the walls to pieces.
Break the factories and cathedrals, warehouses
     and homes
In to loose piles of stone and lumber and black
     burnt wood:
     You are the soldiers and we command you.
Build up the cities.
Set up the walls again.
Put together once more the factories and cathedrals,
     warehouses and homes
In to buildings for life and labor:
     You are workmen and citizens all: We
     command you.

- CarlSandburg

ပြီးတော့လည်းသူတို့နာခံကြရတာပဲ
ဒီမြို့ကြီးများပြိုလဲကြ။
ဒီနံရံများအပိုင်းအစအဖြစ်သို့ ထုခွဲကြ
ဒီစက်ရုံများနဲ့ ဘုရားကျောင်းကြီးများ၊ကုန်လှောင်ရုံများကိုလည်း ချိုးဖဲ့ကြ။
            ပြီးတော့အိမ်ကို
ကျောက်တုံး၊ သစ်သား၊ မီးလောင်ထားတဲ့ သစ်သားမဲ ရဲ့ပျံ့ကြဲ အပိုင်းအစများဖြစ်အောင် ပြုလုပ်ကြ။
            မီးလောင်ထားတဲ့သစ်သားမဲ
            သင်တို့သည်စစ်သည်များဖြစ်၍ ကျွန်ုပ်တို့က သင်တို့အား အမိန့်ပေးပါ၏။
ဒီမြို့ကြီးများကိုပြန်တည်ဆောက်ကြ
ဒီနံရံကြီးများ အသစ်ပြန်လုပ်ကြ။
ဒီစက်ရုံကြီးများနဲ့ ဘုရားကျောင်းတော်ကြီးတွေကိုနောက်တစ်ခါ အတူသွင်းလုပ်တည်ဆောက်
ကုန်လှောင်ရုံကြီးများနဲ့ အိုးအိမ်များ
အဆောက်အဦကြီးများဖြစ်အောင် ဘဝနဲ့ အလုပ်သမားအတွက် ဆောက်လုပ်ကြ။
            သင်ကအလုပ်သမားတစ်ဦး နောက် နိုင်ငံသားအားလုံးပင်ဖြစ်သည်။ ငါတို့
            သင့်အားစေခိုင်းပါ၏။

- ကား(လ)ဆင်းဘတ်
       
 အဆောက်အဦတွေဟာ ကျွန်တော်တို့ စိတ်အလိုမကျတိုင်း ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ စိတ်အလိုကျအတိုင်း ဖျက်ဆီးတာခံရတာပါပဲ။ နောက် တည်ဆောက်တာ ခံရတာပဲ။ ဒါနဲ့ပဲ ကဗျာအဆုံးမှာတော့ကျွန်တော်လည်း နာခံရတာပါပဲ။

(Note: And They Obey နဲ့ ပတ်သက်လို့ ကျနော် သည်မှာနည်းနည်း ဆွေးနွေးပါရစေဆရာ။ Carl Sandburg ဆိုလိုချင်တာက… မြို့တွေ၊ တံတိုင်းတွေ၊ စက်ရုံတွေ၊ ဘုရားကျောင်းတွေ၊ ကုန်လှောင်ရုံတွေ… စသည်ဖြင့် အဆောက်အဦးတွေဆိုတာက ဖျက်ဆီးဖို့ လွယ်သလို …. ပြီးသွားရင်လည်း ပြန်ဆောက်ဖို့ လွယ်ပါတယ်….လို့ ဆိုလိုတာပါ…)

(တကယ့်ဆိုလိုရင်းကတော့ … ကဗျာ့ခေါင်းစဉ်အတိုင်း ပြည်သူလူထုက စနစ်ဟောင်းတခုကို ဖြိုချပစ်ပြီး စနစ်အသစ်တခုကို တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ နာခံကြရမယ့်သူတွေပါပဲ။ အဲ့ဒါဘယ်သူတွေ ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ…)

စနစ်တခုကို ပြောင်းပြီဆိုရင်တော့ ကမ္ဘာ့အစဉ်အလာရတော့ evolution နဲ့ ပြောင်းခဲ့တာ မရှိပါဘူး… revolution နဲ့ပဲ ပြောင်းခဲ့ကြရတာ မဟုတ်လား။ သည်တော့ တိုက်ပွဲတွေမှာ စစ်သည်တွေ လိုတယ်၊ တိုက်ပွဲတွေရှိမယ်၊ မြို့ကြီးတွေ ပျက်စီးမယ်…. တော်လှန်ရေးပြီးသွားတော့ သည်အပျက်အစီးတွေကို ပြန်ဆောက်ကြရတာပဲ ပြန်ဆောက်တဲ့အခါ သည်လူတွေဟာ ပြန်လည်တည်ဆောက်ရေးသမား ဖြစ်ကြရမှာပါပဲ။ သည်တော့ တော်လှန်ရေးတခုအတွက် မောင်းနှင်အားရှိရမယ်။ တိုက်ပွဲတွေ ရှိမယ်။ အပျက်အစီးတွေရှိမယ်။ တော်လှန်ရေးအောင်မြင်သွားတဲ့အခါ ပြန်လည်တည်ဆောက်ရေးသမားတွေရှိရမယ်။ အပျက်အစီးတွေကို နဂိုရ်အတိုင်း ပြန်လည်တည်ဆောက်လို့ရပါတယ်။ နာခံမယ့်သူတွေ ရှိဖို့ပဲ လိုအပ်တာပါလို့ Carl Sandburg က ဆိုလိုခဲ့တာပါလို့ (ကျနော့် တဦးတည်း အမြင်အရ မြင်ပါတယ်) --- လို့ ဆွေးနွေါ်ပါရစေ…
သည်နေရာမှာ ကျနော် ဖတ်မှတ်ဖူးခဲ့တာလေး တခုကို ပြန်ဖောက်သည်ချပါရစေ။ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးကြီး ဖြစ်တော့ ကရင်မလင်နန်းတော်ကြီးကို အလုပ်သမားတွေက ဖျက်ဆီးနေကြတာကို မြင်တော့ စာရေးဆရာကြီး ဂေါ်ကီက သူတို့ကို တားဆီးပေးဖို့ လီနင်ကို ပြောတဲ့အခါ လီနင်က - မပူပါနဲ့ ဆရာကြီး ဒါတွေက သူတို့လက်နဲ့ ဆောက်ခဲ့တာ သည်ထက်ကောင်းတဲ့နန်းတော်ကြီးတခုကို သူတို့ ဆောက်ကြပါလိမ့်မယ်… တဲ့။ အဲ့သည်စကားရဲ့ သက်သေဟာ ခုလက်ရှိမြင်နေရတဲ့ ကရင်မလင်နန်းတော်ကြီးပဲ မဟုတ်လား…) (အောင်သာငယ်)

၃။ ဝေဖန်ရေးသစ်လှုပ်ရှားမှု (The New Critical Movement)

ကမ္ဘာ့ကဗျာသမိုင်းမှာတော့ အမေရိကန်ကဗျာဖြစ်စဉ် (Order) ကို အဓိက ဝင်ရိုးတစ်ခုအနေနဲ့ ဖော်ပြလေ့ရှိတယ်။ အဲဒီလို ချဉ်းကပ်တဲ့အခါမှာတော့ မော်ဒန်လှုပ်ရှားမှုအပြီးမှာ အားကောင်းတဲ့ နောက်လှုပ်ရှားမှုတစ်ခု ထပ်ပေါ်လာတယ်။ အဲဒါကတော့ "ဝေဖန်ရေးသစ်"ပါပဲ။ ဒီလှုပ်ရှားမှုဟာ နှစ်ဆယ်ရာစုရဲ့ ပထမဆယ်စုနှစ်မှာပဲ ပေါ်ပေါက်လာတယ်။ ဦးဆောင်ပါဝင်သူတချို့ကတော့ ရောဘတ်ပိန်းဝါရင် (Robert Peen Warren)၊ ကာလင့်(ထ)ဘရွတ်(ခ) (Cleanth Brooks) နဲ့ အယ်လန်တိတ် (Allen Tate) တို့ပဲဖြစ်တယ်။ သူတို့ဟာ ကဗျာကို ရှုမြင်ရာမှာနေ့စဉ်ဘဝထဲမှာရှိတဲ့ ပေကျံစွန်းထင်းမှု (ဝါ) မသန့်စင်မှု (Grime) နဲ့ အစီအစဉ်မကျမှု (disarray) ကနေ ရှောင်ခွာပြီး တသီးတခြားတည်ရှိနေတဲ့အရာလို့ မှတ်ယူပြန်တယ်။ ဒီအခြေအနေကိုပညာရှင် ရောဘတ်စကိုးလ် (Robert Scholes) ကတော့ အထက်တန်းစား ယဉ်ကျေးမှု အုပ်စုသီးသန့်ဖြစ်တည်မှု (elite cultural ghetto) လို့ သတ်မှတ်ပေးခဲ့တယ်။ ဒီဝေဖန်ရေးသစ်အုပ်စုဟာ အထက်တန်းကျအုပ်စုဖြစ်ပြီး ကျောင်းကြီးကျောင်းခန့်တွေမှာ ပညာသင်ယူခဲ့ရသူတွေဖြစ်တယ်။ ဒီလိုလူမျိုးတွေဟာ လူထုကိုယ်စားပြုနဲ့ဝေးကွာသွားတာက သိပ်တော့မဆန်းဘူး။ အဲဒီလူစုတွေက အထက်တန်းကျ မိသားစုဝင်တွေရဲ့ စရိုက်လက္ခဏာများနဲ့ကဗျာကို တသီးတသန့်ဖြစ်စေပြီး အကောင်းဆုံးသော စာပေလက်ရာများနဲ့ အရာရာကို တိုင်းတာခဲ့တယ်။ ဘရွတ်(ခ)နဲ့ဝါရင် သူတို့ကြောင့် ကဗျာနဲ့စာပေမှာ အချက်နှစ်ချက် ထပ်ဖြစ်သွားတယ်။
         
            ၁။ စကားလုံးများနဲ့နေ့စဉ်လူ့ဘောင်ကိစ္စ ကြားကွက်လပ်ဖြစ်သွားခြင်း
            ၂။ ဘာသာဗေဒအကျိုးဆက်လေ့လာခြင်းနဲ့ ကဗျာဗေဒကြားကွက်လပ်ဖြစ်သွားခြင်း

နှစ်ဆယ်ရာစုရဲ့ ပထမဆယ်စုနှစ်ဟာ ဝေဖန်ရေးသစ်အုပ်စုရဲ့ နောက်ခံအကြောင်းတရားတွေကြောင့်ကဗျာဟာ လူထုကိုယ်စားပြုမှုဆီကနေ ဝေးသွားပြန်တယ်။ သူတို့ကတော့ "Reinforce thedivision Poetry and Politic" လို့ ရေးပါတယ်။

- ဇော်ဇော်ထွန်း