ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ
Showing posts with label ဇေယျာလင်း. Show all posts
Showing posts with label ဇေယျာလင်း. Show all posts
ခေတ်ပြိုင်မြန်မာကဗျာရဲ့ တက်ခ်စ်တ်ချာ
ခေါင်းစဉ်မှာပါရှိတဲ့`ခေတ်ပြိုင်´မြန်မာကဗျာဆိုတဲ့ အသုံးအနှုံးကို ရှင်းလင်းချင်ပါတယ်။ ဒီအသုံးအနှုံးဟာ လွယ်မလိုနဲ့ ခက်ပြီး ရှင်းမလိုနဲ့ ရှုပ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကလာတဲ့ Contemporary ကွန်တမ်ပိုရာရီကိုယ်တိုင်ဟာ အချိန်ကာလအနက် တစ်ခု တည်းကို ဆောင်တာမဟုတ်သလို Contemporary Poetry မှာလည်း Contemporary ပိုင်းဟာ ဒီနေ့အထိအဖြေထက်မေးခွန်းတွေပဲ ထုတ်နေတဲ့ problematic ဖြစ်တဲ့ အသုံးအနှုံးပါပဲ။ ဩစတြေးလျကဗျာဆရာ Louis Armand တည်းဖြတ်တဲ့ Contemporary Poetics၁ ရဲ့ အဖွင့် အမှာစာမှာ `ကွန်တမ်ပိုရာရီကဗျာဗေဒ´ရဲ့ အဓိပ္ပါယ်ကို အချိန်ကာလတစ်ခုခု ၊ ခေတ်ကာလတစ်ခုခုပေါ် အမှီပြုထားတာ မဟုတ်သလို ပစ္စုပ္ပန်ပေါ်လည်း အမှီပြုထားတာမဟုတ်ပဲ ‘condition of writing’ `အရေးအသား/ရေးသားပြုလုပ်မှု အခြေအနေ/အနေ အထား´ ပေါ်အမှီပြုတာလို့ဆိုပါတယ်။ အဲဒီ `အခြေအနေ/အနေအထား´ ဟာလည်းသမိုင်းနဲ့မကင်းသလို ‘present time of writing’ `အရေးအသား/ရေးသားပြုလုပ်မှု´ပြုနေတဲ့ ပစ္စုပ္ပန်ကာလနဲ့ အတူ ဆက်စပ်ပတ်သက်နေတဲ့ မြေလှန်ကဗျာဗေဒ(တွေ)နဲ့လည်းတိုက်ရိုက် ဆက်နွယ်နေပါတယ်။
`အရေးအသား/ရေးသားမှုပြုလုပ်နေတဲ့ကာလ´ဆိုတာဟာလည်း ပစ္စုပ္ပန်ကာလသက်သက်ကိုပြောတာမဟုတ်ပဲ ပစ္စုပ္ပန်ကာလရဲ့ အရှိတရား ၊ အသိတရားတွေပေါ်အခြေစိုက်ထားတာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ၊ အခုပစ္စုပ္ပန်မှာ ကျွန်တော်ဒီ ဆောင်းပါးရေးနေပြီး အခုပစ္စုပ္ပန်မှာ ဒီဆောင်းပါးကို စာဖတ်သူက ဖတ်နေတာဖြစ်ပါတယ်။ `ကွန်တမ်ပိုရာရီ´ဆိုတာ ဒီပစ္စုပ္ပန်အချိန်ကို ပြောတာထက် ဒီပစ္စုပ္ပန်ကာလမှာ ရှိနေတဲ့ အရှိတရား ၊ အသိတရားတွေရဲ့ အစုအဝေးကို ဆိုလိုတာဖြစ်ပါတယ်။ Contemporary American Poetry ကဗျာပေါင်းချုပ်ကို ကြည့်လိုက်ပြန်တော့ ၁၉၆၀ နောက်ပိုင်းကနေ ဒီဘက်အထိကို Contemporary လို့သုံးထားတာ တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း Contemporary ဆိုတဲ့ အသုံးအနှုံးကိုအနက်ဖွင့်ဖို့ အယူအဆအမျိုးမျိုးနဲ့ကျိုးစားကြတာတွေ့ရပါ တယ်။ တစ်နေရာမှာ ဖတ်ဖူးတာကတော့ Post-postmodernism ကာလလို့ရေးသားထားတာဖြစ်ပါတယ်။ ၁၉၉၀ ကနေ ဒီဘက်ရာစု ပေါ့။ ဆိုလိုတာက `ခေတ်ပြိုင်´ (၀ါ) `ကွန်တမ်ပိုရာရီ´ဆိုတဲ့ အသုံအနှုံးကို `ခေတ်ကာလတစ်ခုတည်းမှာ အပြိုင်ရှိနေတာ´ လို့ သတ်သတ်မှတ်မှတ်ပြောလို့မရပါဘူး။
ကဗျာ/ကဗျာဗေဒနဲ့ ပတ်သက်လာရင် `ခေတ်ပြိုင်´ဆိုတာကို အချိန်ကာလနဲ့ ပြောတာထက် ကဗျာဗေဒနဲ့ ပြောတာပိုမှန်လိမ့်မယ်လို့ယူဆပါတယ်။နောက်ကြောင်းပြန်ရရင် `Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ´၂ မှာ ခေတ်ပေါ်ကဗျာနဲ့ Post – ခေတ်ပေါ်ကဗျာတို့ကို အမည် ၊ နောက်ကွယ်သဘောတရားများ ၊ နဲ့ နည်းနာများလို့ အပိုင်း ၃ ပိုင်းခွဲပြီးယှဉ်ပြခဲ့ပါတယ် (၂၀၀၅)။ `ခေတ်ပြိုင်ကဗျာ´ဆိုတဲ့ အသုံးအနှုံးကို `ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်´၃ မှာ `အစဉ်အလာကဗျာ ၊ ခေတ်ပေါ်ကဗျာနဲ့ ကွာခြားတဲ့ တတိယကဗျာအမျိုးအစားကို `ခေတ်ပြိုင်´ကဗျာလို့ကျွန်တော်ခေါ်ဝေါ်သတ်မှတ်ချင်ပါတယ်´လို့ပါရှိပါတယ်။ တစ်ဖန် `ခေတ်ပြိုင်ကဗျာကို ချဉ်းကပ်ခြင်း ၁´၄ မှာ `ကျွန်တော်နားလည်ထားသလောက်တော့ ခေတ်ပြိုင်(၀ါ) ကွန်တမ်ပိုရာရီ Contemporary ဆိုတဲ့ အသုံးအနှုံးဟာ အချိန်ကာလပြ အသုံး အနှုံးသဘောပါဝင်ပေမယ့် ဒီထက်ပိုကျယ်ဝန်းနက်ရှိုင်းပါတယ်။ ပိုပြီး complex ဖြစ်ပါတယ်။ အချိန်ကာလအပြင်နောက်ဆုံးပေါ်တွေ့ရှိ ချက်တွေ ၊ သိမှု ပိုထွန်းကားလာမှုနဲ့ သိမှုအရွေ့တွေ ၊ နောက်ဆုံးပေါ်နည်းပညာကိစ္စတွေ နက်နက်ရှိုင်းရှိုင်းပါရှိပါတယ်။ အဲဒီတော့ Contemporary Poetics နဲ့ Contemporary Poetry ခေတ်ပြိုင်ကဗျာဗေဒနဲ့ခေတ်ပြိုင်ကဗျာဆိုတာဟာလည်း ဒီသိမ်မွေ့နက်ရှိုင်းတဲ့ Contemporary ဖြစ်ခြင်းသဘောကို ထင်ဟပ်နေတာဖြစ်ပါတယ်။
Contemporary ဆိုတဲ့ အသုံးအနှုံးဟာ Postmodernism နှောင်းပိုင်း မှာ ပေါ်လာသလို Postmodernism နဲ့လည်းကင်းရှင်းတာမဟုတ်ပါဘူး။´လို့ပါရှိပြန်ပါတယ်။ ၂၀၁၂ ထုတ် `ဖြစ်နိုင်ခြေရှိသော ခေတ်ပြိုင် မြန်မာကဗျာအလားအလာများ´မှာ ပါရှိတဲ့ အထက်ပါဆောင်းပါးဟာ ၂၀၀၅ က `Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ´ကို update လုပ်ထားတာဖြစ်ပါတယ်။ ၂၀၀၅ က Post – ခေတ်ပေါ်ကဗျာဟာ `ခေတ်ပြိုင်´ကွန်တမ်ပိုရာရီကဗျာဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်ဟာ ခေတ်ပေါ်ကဗျာကို တိုက်ခိုက်ခြင်း ၊ ဘေးဖယ်ထုတ်ခြင်းသဘောမျိုးရှိလည်းမရှိခဲ့ ၊ အခုလည်းမရှိ ပါဘူး။ ကြီးစိုးလွှမ်းမိုးတဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာကနေ `ကဗျာ´ကို တတ်နိုင်သလောက်ချဲ့ထွင်လိုက်ပြီး ခေတ်ပေါ်ကဗျာမဟုတ်တဲ့ `အခြား´အော်လ်တာနေးတစ်ဗ် ကဗျာအမျိုးအစားတွေ မြန်မာကဗျာလောကမှာ ပေါ်လာစေချင်တဲ့ စေတနာလောက်ပါပဲ။
ဒီထက်လည်း ရေးကြီးခွင်ကျယ်မရှိခဲ့ ၊ အခုလည်းမရှိပါဘူး။ ပင်မရေစီးခေတ်ပေါ်ကဗျာ (အမျိုးအစား)မှသာလျှင် ကဗျာ(တစ်ခုလုံး) ဆိုတဲ့အယူအဆကို မကြိုက်ခဲ့လို့ ကဗျာကို ချဲ့လိုက်တာပါ။ အဲသလိုလုပ်ဖို့အတွက် မရှိသေးတဲ့ အရာကို ရှိလာအောင်လုပ်ဖို့ ၊ ရှိနေတဲ့ အရာနဲ့ ဘာတွေဘယ် လိုကွဲပြား သလဲ/မလဲဆိုတာ အရင်တွေးဆထောက်ပြခဲ့ရတာပါ။ ကျွန်တော်လိုချင်ခဲ့တာ LP မဟုတ်ပါဘူး။ Contemporary Poetry ပါ။ အဲဒီအချိန် ကာလတွေမှာ ကျွန်တော်ရင်းနှီးကျွမ်းဝင်နေတဲ့ ကဗျာဗေဒတွေက ဆိုဗီယက်လွန် ရုရှက postmodern ကဗျာအမျိုးအစား တွေ ၊ နျူးယောက်ဂိုဏ်းကဗျာ (အထူးသဖြင့် အက်ရှဘရီနဲ့ အိုဟာရာ) ၊ LP (အထူးသဖြင့် Charles Bernstein ၊ Bob Perelman ၊ Ron Silliman ၊ Lynn Hejinian ) ၊ Post – LP လို့စပြောတဲ့ Make Wallace နဲ့ သူညွှန်းတဲ့ PLP ကဗျာဆရာ/ဆရာမတွေ ၊ Cambridge ဂိုဏ်းက Jeremy Prynne အပြင်အခြားအမေရိကန် ၊ ဗြိတိသျှ ၊ အရှေ့ဥရောပ mainstream ကဗျာတွေ။ ပြီးတော့ Postmodern/ post-structuralism အယူအဆတွေ။
 နောက်ပိုင်းမှာ ထပ်တွေ့ခဲ့ရတာတွေဟာ Elliptical poetry လို့လည်းခေါ်တဲ့ American Hybrid Poetry။ အခုနောက်ဆုံးရထားတာက Lyric Postmodernisms ။ အဲဒီတော့ Post – ခေတ်ပေါ်ကဗျာရဲ့ နောက်ခံအယူအဆနဲ့ နည်းတွေ ဟာ အဓိကအားဖြင့်တော့ LP ပေါ့။ ဒါပေမယ့် ၊ နောက်ပိုင်းခေတ်ပြိုင်ကဗျာဆောင်းပါးတွေမှာ PLP ဘက်ပိုရောက်သွားသလိုပဲ။
ဒီဘက်ခုနှစ်တွေပိုင်းမှာ ခေတ်ပေါ်ကဗျာနဲ့ ကွဲပြားတဲ့ ကဗျာတွေထွက်လာတာတွေ့ရပါတယ်။ လွန်းဆက်နိုးမြတ် ၊ Pemskool ၊ ခင်အောင်အေး ၊ မောင်ဒေး ၊ အောင်ပြည့်စုံ ၊ ငြိဏ်းဝေ ၊ ပန်ဒိုရာ ၊ မယ်ယွေး ၊ မောင်နေမြဲ။ ပြီးတစ်နေ့ကထွက်တဲ့ ရဲမြင့်သူရဲ့ စကားပြေ ကဗျာတွေ။ မကြာသေးခင်ကလည်း online မှာ လွန်းဆက်နိုးမြတ်နဲ့ ခေတ်ပြိုင်ကဗျာအကြောင်းပြောရင်း ကဗျာတစ်ပုဒ်ဟာ ခေတ်ပေါ် လား ၊ ခေတ်ပြိုင်လား ၊ ကြားမှာလားဆိုတာဘယ်လိုရှင်းပြရင်ကောင်းမလဲလို့ စိတ်ထဲဖြစ်လာတယ်။
တစ်ချိန်တည်းမှာဒီကိစ္စကို မောင်ဒေး နဲ့ မောင်ယုပိုင်တို့လည်းရှင်းထားတာပဲဆိုပြီးစိတ်မပါတော့ပြန်ဘူး။ ဒါပေမယ့် ၊ မြန်မာခေတ်ပြိုင်ကဗျာဟာ ဘယ်လိုမျိုးလဲလို့ တစ်ယောက် ယောက်ကမေးလာရင် ဖြေဖို့ ကျိုးစားတဲ့ အနေနဲ့ စဉ်းစားကြည့်လိုက်တော့ texture ကိုသွားတွေ့တယ်။ တက်ခ်စ်တ်ချာ။ ခေတ်ပေါ် ကဗျာနဲ့ ခေတ်ပြိုင်ကဗျာတို့ရဲ့ texture တွေဟာ ဥပမာပြောရရင် ရှိရင်းစွဲဆလွန်းကားတွေနဲ့ ၀င်လာတဲ့ ကားသစ်တွေကွာသလို ပါပဲ။
တက်ခ်စ်တ်ချာ texture ကို `ကဗျာတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှုနည်းစနစ်´၅ မှာရှင်းပြပြီးပါပြီ။ texture ဟာ Latin စကား textura ကလာတာဖြစ်ပါတယ်။ အင်္ဂလိပ်လို to weave ၊ မြန်မာလို `အထည်ရက်သည်´ ၊ `ရက်လုပ်သည်´၊`ဇာတ်အိမ်ဖွဲ့သည်´၊`ရက်ကန်း ရှယ်သည့်နှယ် . . . ရွေ့လျားသည်´တို့ဖြစ်ပါတယ်။ texture ရဲ့ noun အဓိပ္ပါယ်ကတော့ မြန်မာလို `ပြင်´ ၊ `အသား´၊`ပိတ်သား´၊ `အထည်စသား´၊`အသားသဘော´၊`အနုအကြမ်းဖွဲ့စည်းပုံ´၊`အသားမျှင်ဖွဲ့စည်းပုံ´တို့ဖြစ်ပါတယ်။
ဒီမူရင်း texture ကနေပဲ အင်္ဂလိပ် စကား text ဖြစ်လာတာပါ။ ဘယ်စာသားမဆို ရက်လုပ်ရတာ ၊ ဖွဲ့စည်းပြုလုပ်ရတာဖြစ်တယ်ဆိုတဲ့သဘော။ (တစ်မျိုးတည်းဖွဲ့စည်းပြု လုပ်တတ်ရုံနဲ့ ဒီတစ်မျိုးတည်းရှိပြီး ဒီတစ်မျိုးတည်းသာအမှန် ၊ ဒီတစ်မျိုးတည်းနဲ့ လုပ်မှ `ရိုးသား´တယ် ၊ `အစစ်အမှန်´ ရရှိမယ်ဆိုတဲ့ စကားတွေဟာ ကိုယ့်ကိုကိုယ်ပြန်ပိတ်ဆို့တားဆီးရုံမက သူများကိုပါ လိုက်ပိတ်ဆို့ထားဆီးတဲ့ စကားတွေပဲဖြစ်ပါတယ်။) textura ရဲ့ အသုံးအနှုံးဟာ ဂရိစကားဖြစ်တဲ့ tekne ၊ အင်္ဂလိပ် technique ၊ မြန်မာလို နည်း/နည်းနာ/နည်းပညာနဲ့ လည်းဆက်နွယ်မှုရှိပါတယ်။
ဘယ်စာသား/အရေးအသားမဆိုနည်းပညာတစ်မျိုးမျိုးနဲ့ ပြုလုပ်ရတာဖြစ်ပြီးနည်းပညာမတူရင် ပစ္စည်းမတူနိုင်သလို စာသား/အရေး အသား/ကဗျာလည်းမတူနိုင်ပါဘူး။ texture ဆိုတာအဲဒီသဘောကိုပြောတာပါ။
အဲဒီတော့ ခေတ်ပေါ်ကဗျာရဲ့ texture နဲ့ ခေတ်ပြိုင်ကဗျာရဲ့ texture ဘာကွာသလဲ။ ယေဘူယျပြောရရင် ခေတ်ပေါ်ကဗျာရဲ့ texture ကပြေလွင် တယ် ၊ စီးဆင်းတယ် ၊ ချောမွေ့တယ် ၊ မျဉ်းကြောင်းသဘောသွားတယ် ၊ အဆုံးသပ်လိုင်းမှာ ကျေနပ်အားရမှုရ တယ် ၊ ဖတ်ရ အတန် အသင့်လွယ်တယ်။ (ဒါဟာလည်း ဖတ်ကျင့်ရသွားလို့ပါပဲ။ ဖတ်ကျင့်မရသူအတွက် ခေတ်ပေါ်ကဗျာဟာ အခုထိ စိမ်းနေမှာပါ။) `ကျက်တဲ့ ကဗျာနဲ့ စိမ်းတဲ့ကဗျာ´၆။ ခေတ်ပြိုင်ကဗျာရဲ့ textureကတော့ ခေတ်ပေါ်ရဲ့ texture နဲ့ ဆန့်ကျင်ဘက်ပါပဲ။ မပြေလွင်ဘူး။ မချောမွေ့ဘူး။ မစီးဆင်းဘူး။ မျဉ်းကြောင်းမရှိဘူး။ အဆုံးသပ်လိုင်းလို့ ထင်ပေမယ့် မည်မည်ရရမဟုတ်ပြန်ဘူး။ ဖတ်ရတာ လျှောလျှောရူရူမရှိဘူး။ ဖတ်ရခက်တယ်။ ကဗျာလို့တောင်မထင်ရဘူး။ ဒီ texture ၂ မျိုးဟာ တစ်ခုက positive ဆိုရင် ကျန်တစ်ခုက သူ့ရဲ့ negative ပါပဲ။
ဘာဖြစ်လို့ ဒီလိုကဗျာအမျိုးအစား ၂ ခုဟာ ဒီလောက်ဆန့်ကျင်ဘက် texture တွေရှိနေရသလဲဆိုတော့ ကွဲပြားခြားနားအောင် လုပ်ယူရလို့ရယ် ၊ နောက်ကွယ်သိမှုအယူအဆတွေကွဲသွားလို့ရယ်ကြောင့်ပဲဖြစ်ပါတယ်။ ဆိုလိုတာက အဲသလို texture မျိုးကို ခေတ် ပြိုင်ကဗျာကတမင်လုပ်ယူရခဲ့တာပါ။ ခေတ်ပြိုင်ကဗျာရဲ့ texture လို့ တိတိပပပြောလို့ရစေတဲ့ ၊ ခေတ်ပြိုင်ကဗျာရဲ့ texture ကိုဖြစ်ပေါ် စေတဲ့ နည်းတွေရှိပါတယ်။ Disjunctive strategies ဒစ္စဂျန့်က်တစ်ဗ်နည်းတွေ ၊ Collage Fragments ကော်လာ့ဂ်ျလုပ်ထားတဲ့ ၀ါကျ အပိုင်းအစတွေ ၊ Appropriation ရှိပြီးသားစာသားတွေယူသုံးခြင်းတွေ ၊ Intertextuality စာသားချင်းအပြန်အလှန်ဆက်စပ်မှုတွေ ၊ Destabilization of ‘I’ ကဗျာထဲက `ငါ´ရဲ့ အခြေခိုင်မှုကို နှဲ့ပြလိုက်တာတွေ ၊ Aleatory techniques တိုက်ဆိုင်ကြုံကြိုက်လို့ ၀င်လာ တာတွေကို ထည့်သုံးလိုက်တာတွေ။ ဒါတွေဟာလည်း ယခင်ကရေးပြ ၊ ရှင်းပြပြီးသားတွေပါ။
ဒစ္စဂျန့်က်တစ်ဗ်နည်းတွေဟာ ကဗျာမျက်နှာပြင်နဲ့ `အသွား´ ကိုတမင်ဖျက်ဖို့သုံးတာဖြစ်ပါတယ်။ ဇာတ်လမ်းသဘော narrativity ကိုဖျက်တယ်။ မျဉ်းကြောင်းသဘော Linearity ကိုဖျက်တယ်။ လိုင်းတစ်လိုင်း/၀ါကျတစ်ကြောင်းကနေ ဆင်ခြင်ယုတ္တိ အားဖြင့် ဆက်စပ်လိုင်း/၀ါကျပေါ်လာပြီး အဓိပ္ပါယ်တွေ ဆက်စပ်မှုပြုလုပ်ရယူခြင်းဆိုတဲ့ syllogism ကိုဖျက်တယ်။ ဘယ်လိုဖျက်သလဲ ဆိုတော့ ပိုဒ်စီပုံ ၊ လိုင်းဖွဲ့ပုံ ၊ စကားလုံးချိတ်တွဲပုံ ၊ သုံးလေ့သုံးထမရှိတဲ့ မျက်တောင်အဖွင့်အပိတ်တို့ ၊ လက်သည်းကွင်းတို့ ၊ မျဉ်းစောင်း တို့ ၊ Question mark တို့သုံးစွဲပုံတို့ဖြစ်ပါတယ်။ ပိုဒ်စီပုံကို ကြည့်ရင် ခေတ်ပြိုင်ကဗျာတော်တော်များများမှာ ပိုဒ်ခွဲတာထက်ပိုဒ်တွေဆက် လိုက်တာတွေ့ရတတ်ပါတယ်။
အဲဒီတော့ အမြင်အားဖြင့် ကဗျာပုဒ်ဟာ အပုဒ်ကြီးတစ်ပုဒ်အဖြစ်ကြပ်ခဲနေပါတယ်။ ကြည့်ရုံနဲ့ မွန်းကြပ် ရပါတယ်။ ဖတ်ကျင့်မရှိသူတွေအတွက်ဆို ပိုဆိုးတာပေါ့။ လိုင်းချိတ်ပုံကြည့်ရင်လည်း စီးဆင်းမှုထက် ပြတ်တောက်မှု disruptive ၊ discontinuous ၊ disconnected တွေဖြစ်စေတဲ့ paratactic တွေ။ လိုင်းနဲ့ ၀ါကျသဘောမှာလည်း လိုင်းတစ်လိုင်းဟာ ၀ါကျပြတ်တစ်ခု ဖြစ်နေပြီး နောက်လိုင်းဟာ အဆိုပါ ၀ါကျပြတ်ရဲ့ အပိုင်းမဟုတ်ပဲ အခြားဝါကျပိုင်းတစ်ပိုင်းဖြစ်နေတာတွေ။ အမေဋိတ်တွေသုံးတာတွေ ၊ မေးခွန်းတွေမေးလွန်းတာတွေ ၊ `ခင်္ဗျား´`ခင်္ဗျား´နဲ့ ဖတ်သူကို ကဗျာထဲကနေ လှမ်းချိတ်နေတာတွေ။ အစလိုင်းကနေအဆုံးလိုင်းအထိဖတ်လည်းပြီးရော အကြောင်း အရာတစ်ခုခုမည်မည်ရရ လက်ဆုပ်လက်ကိုင်မရလိုက်တာတွေ။ လိုင်းတွေဟာ အဆုံးသပ်လိုင်းဆီစုရုံးဦးတည်ခြင်းမရှိတာတွေ။ အဆက်အစပ်မဲ့ခြင်းနဲ့ အဆက်အစပ်မဲ့ခြင်းတို့ကို ဆက်စပ်ထားတဲ့ နည်းတွေပေါ့။
စကားလုံးတွေချိတ်တွဲတာဟာလည်းတွဲရိုးတွဲစဉ် ၊ တွဲလေ့တွဲထ ၊ သတ်မှတ်အတွဲတွေမဟုတ်ပြန်ဘူး။ အဓိပ္ပါယ်ခွတာတွေ ambiguous ၊ အဓိပ္ပါယ်တစ်ခုမကထွက်တာတွေ polysemy ၊ အဓိပ္ပါယ်မရေရာတာတွေ indeterminacy / flicker စတဲ့ effect တွေရအောင်လည်း သုံးစွဲပါတယ်။
ကော်လာ့ဂ်ျ (`ကော်လာ့ဂ်ျအကြောင်းတစေ့တစောင်း´၇) ကတော့ ယုတ္တိဆက်စပ်မှုမရှိတဲ့ ၀ါကျတွေ ၊ ၀ါကျအပိုင်းအစ Fragment တွေကို Juxtapose တွဲချိတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို fragment တွေ juxtapose လိုက်လို့ disjunctive ဖြစ်သွားတာနဲ့ disjunctive ဖြစ်ဖို့ fragment တွေ juxtapose ရတာလည်းဖြစ်ပါတယ်။ ဒီ fragment တွေဟာလည်း အကြောင်းအရာတစ်ခုတည်းနဲ့ ဆိုင်တဲ့ စကားလုံး ၊ စကားစု ၊ အသုံးအနှုံးတွေမဟုတ်ပဲ ကွဲပြားခြားနားတဲ့ ဘာသာစကားနယ်ပယ် discourse တွေနဲ့ ကွဲပြားခြားနားတဲ့ ဆက်စပ်ဝန်းကျင် context တွေက လာတာဖြစ်ပါတယ်။ အချို့ပညာရှင် တွေက Juxtapose နဲ့ disjunctive ကိုခွဲခြားကြပါတယ်။ တွဲချိတ်တာက juxtapose လုပ်တာပါ။
ဘာပဲတွဲချိတ်တွဲချိတ်။ disjunctive က မတူညီတဲ့ ၊ ကွဲပြားတဲ့ စာသားအပိုင်းအစတွေ (သို့) ၀ါကျပြည့်တွေကို တွဲချိတ်တာ။ Ron Silliman ရဲ့ New Sentence တွဲချိတ်ပုံမျိုး။ ပရမ်းပတာမဟုတ်ပဲ Procedural Process စည်း တစ်မျိုးမျိုးနဲ့ တွဲချိတ်တာ။ အနည်းဆုံးယုတ္တိအဓိပ္ပါယ်နဲ့ ဆက်စပ်တာမဟုတ်ပဲ ဂယက် အနက်နဲ့ ဆက်စပ်တဲ့ Associative Juxtaposition မျိုးတွေပါ။
Appropriation က ရှိပြီးသားစာသားတွေ ၊ စကားတွေကိုယူသုံးတာဖြစ်ပါတယ်။ Found Language တွေ ၊ သတင်းမီဒီင်္ယာက ၊ ကြော်ငြာလောကက ၊ ဘာသာရပ်နယ်ပယ်တွေက ၊ စတဲ့ နယ်ပယ်အမျိုးမျိုးက ကောက်ရစာသားတွေအပြင်ဖြတ်သွားဖြတ်လာဖြတ် ကနဲကြားလိုက်ရတာတွေကိုလည်း လိုအပ်သလိုယူသုံးလိုက်တာဖြစ်ပါတယ်။ LP နောက်ပိုင်းဒီဘက်ရာစုနှစ်မှာပေါ်လာတဲ့ Flarf နဲ့ Conceptual ဆိုရင်ဒီနည်းကို တော်တော်လေးသုံးပါတယ်။ Flarf မှာ Drew Gardner စထွင်လိုက်တဲ့ Googling (၀ါ) Google – sculpting ဟာ ဂူဂဲလ်ထဲ ရိုက်သွင်းလိုက်တဲ့စာသား/စကားလုံး(အတွဲအချိတ်)ကနေ ထွက်ကျလာတဲ့ နောက်ထပ်စာသားအစဉ်ကြီး ထဲက လိုရာကောက်ယူသုံးစွဲတာဖြစ်ပါတယ်။
အဲသလိုသုံးစွဲတဲ့ အချိန်မှာလည်း သူ့ချည့်သုံးစွဲတာထက် blending အခြားမတူညီတာ တစ်ခုခုနဲ့ ပေါင်းစပ်တာမျိုး ၊ လိုက်လျောညီထွေမှုမရှိတဲ့ဟာတွေတမင်တွဲချိတ်တာမျိုး ၊ ကောက်ရစာသားထဲက ပါရှိတဲ့ မူလအစီအစဉ် တွေပျက် သွားအောင်ပြန်ပြင်စီတာမျိုး ၊ cut – and – paste ဖြတ်ညှတ်ကပ်လုပ်တာမျိုးတွေလည်း ရှိပါတယ်။ ရှိပြီးသားစာသားတွေ အချင်းချင်း ပေါင်းစပ်ယူတဲ့ Intertextual လုပ်တာတွေလည်း ရှိပါတယ်။ `ကဗျာဟာ `ပင်မှည့်´လား ၊ `ဖွဲ့စပ်´လား´၈ ကိုလည်းရှုပါ။
ခေတ်ပြိုင်ကဗျာတွေမှာ တွေ့ရတတ်တဲ့ နောက်တစ်ခုက ကဗျာထဲက `ငါ´ကို distort ပုံဖျက် ၊ disrupt နှောက်ယှက် ၊ destabilize မခိုင်မာတော့အောင်နှဲ့ ၊ decenter ဗဟိုချက်နေရာကနေ ဖျက်တာရှိသလို Pronoun Shift နာမ်စားပြောင်းလိုက်တာတွေ လည်းရှိပါတယ်။ မြန်မာကဗျာမှာဆို `ငါ´၊ `မိမိ´၊`ကျွန်တော်´ လို့တစ်ပုဒ်ထဲမှာတွေ့ရရင် အဲဒီ ၃ ခုစလုံးက တစ်ဦးတည်းကို ကိုယ်စားပြု လားဆိုရင် ပြောရခက်ပါတယ်။ နောက်တစ်မျိုးက Voice poem တွေရဲ့ တစ်ယောက်တည်းပြောနေတဲ့ လေသံကို ဖျက်တဲ့ polyvocal technique တွေရှိပါတယ်။ ဘယ်လိုင်းကဘယ်သူတွေပြောနေမှန်းမသိရသလို တစ်လိုင်းထဲမှာတင် Voice ၂ခု ၃ ခု ချိတ်တွဲထည့်လိုက် တာလည်း ရှိပါတယ်။ နောက်ပိုင်း hybrid ကဗျာတွေမှာ တွေ့ရတာက `ငါ´ကို မဖြိုဖျက်ပေမယ့် ဒစ္စဂျန့်က်တစ်ဗ်နည်းတွေသုံးလိုက် တော့ `ငါ´ဟာ ကြီးစိုးလွှမ်းမိုးတဲ့ နေရာပျောက်သွားပြီးသူကိုယ်တိုင်မထိမ်းချုပ်နိုင်တဲ့ အနေအထားတွေထဲရောက်သွားရပါတယ်။
အထက်ပါခေတ်ပြိုင်ကဗျာရဲ့ texture ကိုဖြစ်စေတဲ့နည်းတွေကို Non – Lyric Poetic Strategies လို့လည်းခေါ်ပါတယ်။ `ငါ´ ဗဟိုပြု ၊ `ငါ´ရဲ့တွေ့ကြုံခံစားမှုကို ဖတ်သူထံတန်းတန်းမတ်မတ်ပို့ဆောင်တယ် ၊ ဘာသာစကားဟာ ကြားခံပဲဖြစ်ပါတယ်။ `ငါ´ဟာ ဘာသာစကားကို ထိမ်းချုပ်သုံးစွဲတာဖြစ်တယ် ၊ ဖတ်သူကလည်းရေးသူရဲ့ မက်ဆေ့ဂ်ျ(၀ါ)ခံစားမှုကို တည့်တည့်မတ်မတ်ပြည့်ပြည့်၀၀ ရရှိတယ်ဆိုတဲ့ ကဗျာအယူအဆနဲ့ အမျိုးအစားကို ဆန့်ကျင်တဲ့ နည်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလစ်ရစ်က်ခံစားမှုကဗျာအမျိုးအစား ဟာ ဖတ်သူတွေဆီမှာလည်း အရိုးစွဲ ၊ ပညာရေးအင်စတီကျူးရှင်းတွေကလည်း ဒီကဗျာအမျိုးအစားပဲပို့ချ ၊ မိန်းစတရီးမ်စာပေလောက ကလည်း ဒီကဗျာအမျိုးအစားကိုပဲ ဖြန့်ချိတာများတော့ တော်ရုံနဲ့ ဖျက်လို့မပျက်ပါဘူး။ ကဗျာသိမှုနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ခေတ်ပြိုင် ကဗျာသိမှုမရှိသေးသမျှ ဒီလစ်ရစ်က်ကဗျာမျိုးကိုပဲ နှစ်သက်လိုလားကြမှာ သဘာဝပါပဲ။ သို့ပေမယ့်လည်းခေတ်ပြိုင်ကဗျာဟာ နေရာ တစ်ခုရရှိလိုက်ပြီဖြစ်တဲ့အလျှောက်ထပ်ဖွံ့ဖြိုးစရာပဲရှိပါတယ်။
အထက်ပါခေတ်ပြိုင်ကဗျာရဲ့ strategies တွေဟာ အသစ်အဆန်းတွေတော့မဟုတ်ပါဘူး။ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့်အခြားကဗျာဗေဒများ ၉ ၊ ကဗျာဘ၀ရှာတော်ပုံ၁၀ ၊ နဲ့ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာ အလားအလာများ ၁၁ တွေမှာ ဖေါ်ပြပြီးသားတွေဖြစ်ပါတယ်။ သို့သော်လည်း ၊ အခုမြန်မာခေတ်ပြိုင်ကဗျာလို့ခေါ်လို့ရတဲ့ ကဗျာတွေရေးနေကြသူ ကဗျာ ဆရာ/ဆရာမတွေဟာ ဒီစာအုပ်တွေရဲ့ ဩဇာခံတွေလို့ လုံးဝမဆိုလိုပါဘူး။ ခေတ်ပြိုင်ကဗျာနဲ့ ပတ်သက်လို့ ဒီစာအုပ်တွေဟာ ပုံကြမ်းတစ်ခုကို လောင်းပြထားတာ ရှိတယ်လို့ပဲ ဆိုလိုတာဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ `ခေတ်ပြိုင်ကဗျာ´လို့ပဲ ပတ်သက်ရာတွေ အကျုံးဝင်တဲ့ umbrella term အနေနဲ့ သုံးစွဲခဲ့တာဖြစ်ပါတယ်။ LP ၊ Post LP ၊ Flarf ၊ Post-Flarf ၊ Conceptual ၊ Post – Conceptual စတဲ့ အသုံးအနှုံးတွေဟာ သူ့ဗေဒ ၊ သူ့ဂိုဏ်းနဲ့ ရှိကောင်းရှိကြမှာ ဖြစ်ပေမယ့် ကျွန်တော့် စိတ်ထင်တော့ ခေတ်ပြိုင် (၀ါ) ကွန်တမ်ပိုရာရီဆိုတဲ့ ကောင်းကင်ဟာ ပိုကျယ်ပြန့်တယ်လို့မြင်မိပါတယ်။
လန်ဒန်ပါနက်က်ဆပ်စ် နိုင်ငံတကာ ကဗျာပွဲတော်မှာလည်း ကျွန်တော်နီးစပ်ရာ နိုင်ငံတကာ ကဗျာဆရာ/ဆရာမတေကို မေးမြန်းကြည့် ခဲ့ပါတယ်။ ဘယ်ဗေဒ ၊ ဘယ်ဂိုဏ်းဝင်ဖြစ်ပြီး ဘယ်ဗေဒ /ဘယ်ဂိုဏ်းတွေဟာ သူတို့ တိုင်းပြည်တွေမှာ ထင်ပေါ်/ခေတ်စားနေသလဲပေါ့။ သူတို့အားလုံးပြောကြတာက သူတို့ဆီမှာ contemporary ဆိုတာပဲရှိတယ်တဲ့။ ဒီ contemporary အောက်မှာ ကွဲပြားခြားနားကြတာပဲ ရှိတယ်တဲ့။ နောက်တစ်ခုက ဒီဆောင်းပါးမှာ ခေတ်ပြိုင်ကဗျာတွေ ကိုင်တွယ်ကြတဲ့ subject matter တွေ ၊ issues တွေကို ကျွန်တော် တမင်ချန်လှပ်ထားခဲ့ ပါတယ်။ texture ကို မီးမောင်းထိုးပြချင်လို့ရယ်နဲ့ သီးခြားလေ့လာပြီးထပ်မံ တင်ပြချင်လို့ရယ်ပါပဲ။
နောက်ထပ်တစ်ချက်က ခေတ်ပြိုင်/ကွန်တမ်ပိုရာရီကို range တစ်ခုအနေနဲ့ မြင်သင့်တယ်ထင်ပါတယ်။ ပင်မရေစီးခေတ်ပေါ် ကဗျာနဲ့ ဆင်ဆင်တူသော်လည်း texture အားဖြင့် ကွဲပြားတဲ့ ကဗျာမျိုးကို point တစ်ခုထားပြီး အဲဒီ point နဲ့ အဝေးဆုံး(၀ါ) ခေတ်ပေါ် ကဗျာနဲ့ အဝေးဆုံး texture တွေကို အခြား point တစ်ခုထားကြည့်ဖို့။ အခုပြောနေတဲ့ ခေတ်ပြိုင်ကဗျာတွေဟာ အဲဒီ point တစ်ခုကနေ အခြား point တစ်ခုရဲ့ မျဉ်းကြောင်းပေါ်မှာ အသီးသီးနေရာယူနေကြမှာကို မြင်ရင်လည်း မြင်လို့ရပါလိမ့်မယ်။ ဒါမှမဟုတ်လည်း အဲဒီမျဉ်း ကြောင်းပေါ် ဟိုဘက်ဒီဘက်ပြေးနေကြတာတွေ။
နိဂုံးချုပ်အားဖြင့် ၂၀၁၁ ဒီဘက်ပိုင်း (ခေတ်ပြိုင်)ကဗျာတွေဟာ `ဇေယျာလင်းအရိပ်ကနေလွတ်လာပြီ´၊ `ဇေယျာလင်းရဲ့ LP ကနေလွတ်လာပြီ´၊ `LP ကနေလွတ်လာပြီ´ဆိုတဲ့ အပြောအဆို/အရေးအသားမျိုးတွေဟာ ကျွန်တော့်အတွက်တော့ ရယ်စရာကောင်းပါ တယ်။ ကျွန်တော်ဟာ ဘယ်တုန်းကမှ ဆရာကြီးလုပ်ဖို့ ၊ ဂိုဏ်းထောင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ သီးခြားလွတ်လပ်စွာ နေလိုတဲ့ ပင်ကိုယ်စိတ်နဲ့လည်းမကိုက်ညီပါဘူး။ ပျင်းလည်းပျင်းတတ်လွန်းလို့ပါ။ `အဖွဲ့အစည်း´ဆိုတဲ့ စကားလုံးနဲ့လည်းအလားဂျစ်ဖြစ်လို့ပါ။ ကျွန်တော်တင်ဆက်ခဲ့တာတွေဟာ ကဗျာဗေဒနဲ့ ဆိုင်ရာဆိုင်ရာ နောက်ခံအယူအဆတွေနဲ့နည်းတွေဖြစ်ပါတယ်။ နည်းတွေဟာလည်း ပုံသေနည်းတွေမဟုတ်ပါဘူး။ Open form မှာ ကြိုက်သလို`ကစား´လို့ရတဲ့နည်းတွေဖြစ်ပါတယ်။ ကိုယ်နဲ့ ဟပ်ရာနည်းတွေသုံးပြီး ဒီလို ကဗျာမျိုးတွေရေးလာတာဟာ ဇေယျာလင်းနဲ့ မဆိုင်ပါဘူး။
အင်တာနက်သုံးစွဲမှု ပိုတွင်ကျယ်လာတော့ ကိုယ့်ဖါသာကိုယ်အင်တာနက် ပေါ်က ကဗျာ Link တွေရှာပြီး ဖတ်ရှု ၊ မှတ်ယူ ၊ လေ့လာ ၊ စမ်းသပ် (စု ၊ တု ၊ ပြု) တာတွေလည်းမလွဲမသွေရှိကြပါတယ်။ Pemskool လို အချင်းချင်းအပြန်အလှန် ဖတ်ရှုဝေဖန်သုံးသပ် လေ့လာကြတာတွေ ရှိတာလည်းသိရပါတယ်။ ဥပမာ ၊ လင်းနီညိုရဲ့ သိုးထိန်း (အန္တိမ) သို့ပေးစာ (၁) နဲ့ (၂) ။ လင်းရမ္မာရဲ့ လင်းနီညို ကဗျာလေ့လာရှင်းလင်းချက်။ ပြီးတော့ လွန်းဆက်နိုးမြတ်ရဲ့ `ကဗျာနွေဦးတော်လှန်ရေး / ခေတ်ပြိုင်ကဗျာနိဒန်း´ ဆောင်းပါး ( ပိတောက်ပွင့်သစ် ၊ ၂၀၁၂) ။ ဒါကိုကောင်း တဲ့ လက္ခဏာအဖြစ် ကျွန်တော်မြင်ပါတယ်။ နိုင်ငံ တကာမှာ `ကွန်တမ်ပိုရာရီ´လို့ပြောရင် ဘယ်တုန်းက ဘာနဲ့ ခွဲထွက်လာလို့ဆိုတာ သိထားကြသလို မြန်မာမှာလည်း ခေတ်ပြိုင်ကဗျာ လို့ပြောရင် ခေတ်ပေါ်နဲ့ ဘယ်လိုကွဲပြားအောင်ခွဲထွက်ခဲ့တယ် ၊ နည်းတွေဟာ ဘယ်ကဗျာ အမျိုးအစားကနေ စတင်ပေါ်ပေါက်လာတယ် ၊ နောက်ကွယ်မှာ ဘယ်လိုသိမှု အစုအဝေးတွေရှိတယ်ဆိုတာ နားလည်ထားရင်ကောင်းပါတယ်။ `စမ်းသပ်´ တာဆိုပြီး စမ်းတ၀ါးဝါးနဲ့ အိယောင်ဝါးလုပ်မနေပဲ သိမှုနဲ့ လုပ်တာမျိုးဖြစ်စေချင်ပါတယ်။ ဘယ်နည်း တွေသုံးလိုက်လို့ ဘယ်တက်ခ်စ်တ်ချာ ပေါ်လာတယ် ၊ ဘယ် တက်ခ်စ်တ်ချာမျိုးလိုချင်လို့ ဘယ်နည်းတွေသုံးသလဲဆိုတာ သိထားရင် ကောင်းတာပေါ့။ မေးခွန်းအချုပ်ကတော့ `ကဗျာဘာကြောင့် ရေးသလဲ´ ပဲဖြစ်ပါတယ်။
မှတ်ချက် ။    ။
၁။ ။Contemporary Poetics (ed) Louis Armand . 2007. Northwestern University Press.
၂။ ။Post – ခေတ်ပေါ်ကဗျာဗေဒမှတ်စုများ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့် အခြားကဗျာဗေဒများ (စမန ၁၂၈ - ၁၃၈)။ နှစ်ကာလများ။ ၂၀၀၅။
၃။ ။ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်။ ကဗျာဘ၀ရှာတော်ပုံ (စမန ၂၅၉ – ၂၉၃)။ နှစ်ကာလများ။ ၂၀၀၉။
၎။ ။ ခေတ်ပြိုင်ကဗျာကိုချဉ်းကပ်ခြင်း ၁။ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာအလားအလာများ (စမန ၁၇ – ၂၂) ။ နှစ်ကာလများ။ ၂၀၁၂။
၅။ ။ကဗျာတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှုနည်းစနစ်။ ကဗျာဘ၀ရှာတော်ပုံ (စမန ၁၃၇ – ၁၄၅)။ နှစ်ကာလများ။ ၂၀၀၉။
၆။ ။ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ။ကဗျာဘ၀ရှာတော်ပုံ(စမန ၇၇ – ၈၁)။ နှစ်ကာလများ။ ၂၀၀၉။
၇။ ။ ကော်လာ့ဂ်ျအကြောင်းတစေ့တစောင်း။ ဖြစ်နိုင်ချေရှိသောခေတ်ပြိုင်မြန်မာကဗျာအလားအလာများ (စမန ၇ – ၁၆ )။ နှစ်ကာလများ။ ၂၀၁၂။
၈။ ။ ကဗျာဟာ `ပင်မှည့်´လား၊ `ဖွဲ့စပ်´လား။ ကဗျာဘ၀ရှာတော်ပုံ (စမန ၂၀၄ – ၂၁၅)။ နှစ်ကာလများ။ ၂၀၀၉။
၉။ ။ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့်အခြားကဗျာဗေဒများ။ နှစ်ကာလများ။ ၂၀၀၅။
၁၀။ ။ကဗျာဘ၀ရှာတော်ပုံ။ နှစ်ကာလများ။ ၂၀၀၉။
၁၁။ ။ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများ။ နှစ်ကာလများ။ ၂၀၁၂။
- ဇေယျာလင်း
ခေတ်ပေါ် ၊ ခေတ်ပြိုင်နှင့် ၂၁ ရာစုမြန်မာကဗျာရှုခင်း
(၁)
            ကျွန်တော်တို့မြန်မာကဗျာဟာ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်အတွင်းရောက်ရှိလာပါပြီ။ မြန်မာနိုင်ငံရဲ့ ၂၁ ရာစုထဲပဲရောက်လာ သလား ၊ ကမ္ဘာကြီးရဲ့ ၂၁ရာစုထဲရောက်လာပြီလားဆိုတာတော့ စောဒကတက်စရာပါပဲ။ ဒီမှာ ခေတ်ပေါ်ကဗျာပေါ်ထွန်းစက အမေရိက မှာ L=A=N=G=U=A=G=E= Poetry ပေါ်နေပါပြီ။ ဒီမှာ Robert Frost ကိုအရေးတယူလုပ်နေတုန်းက အမေရိကမှာ John Ashbery ဟာ ထိပ်တန်းကဗျာဆရာ စာရင်းဝင်နေပါပြီ။ ဒီမှာ ခေတ်စမ်းကဗျာရေးနေတုန်းက ယူကေမှာ တီအက်စ် အဲလိယစ်တ်ဟာ The Wasteland ကဗျာရှည်ကြီးကို ရေးပြီးပါပြီ။ ခေတ်ပြိုင်ကိစ္စကို ပြောတာပါ။ မြန်မာခေတ်ပြိုင်နဲ့ ကမ္ဘာခေတ်ပြိုင်။
(၂)
            ကျွန်တော်တို့လက်ရှိမြန်မာကဗျာလောကမှာ `ခေတ်ပြိုင်´ဆိုတဲ့ အသုံးအနှုံးဟာတဖြေးဖြေးနဲ့ တွက်ကျယ်စပြုလာပါပြီ။ ဒီ ၂၀၀၉ ခုနှစ်မှာပဲ ၊ စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ် `ခေတ်ပြိုင်ကဗျာအချို့´နဲ့ `ခေတ်ပြိုင်ကဗျာရှည်အချို့´လို့ ကဗျာစာအုပ်နှစ်အုပ်ကို `ခေတ်ပြိုင်´ ခေါင်းစဉ်တပ်ပြီး သုံးစွဲထားတာတွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း `ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်´ လို့ဆောင်းပါး ရေးထားတာရှိပါတယ်။ (`ကဗျာဘ၀ရှာတော်ပုံ´ ၊ ၂၀၀၉)။ ရှိရင်းစွဲအစဉ်အလာကဗျာ ၊ ခေတ်ပေါ်ကဗျာတို့နဲ့ ကွာခြားတဲ့ကဗျာအဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ လှိုင်းသစ်မဂ္ဂဇင်းမှာလည်းငြိဏ်းဝေရဲ့ `ခေတ်ပြိုင်မြန်မာကဗျာဗေဒလမ်းကြောင်း´ဆောင်းပါးဆက် ကိုတွေ့ရပါတယ်။ လှိုင်းသစ်မဂ္ဂဇင်းအမှတ် ၃ မှာ မင်းချမ်းမွန်ရဲ့ `ခေတ်ပြိုင်မြန်မာမော်ဒန်ကဗျာလောက´ဆိုတဲ့ အသုံးအနှုံးလည်းတွေ့ ရှိရပါတယ်။ ခက်တာက `ခေတ်ပြိုင်´ အသုံးအနှုံးကိုအရပ်သုံးအဓိပ္ပါယ်နဲ့သုံးတာလား ၊ ကဗျာဗေဒ (၀ါ) ကဗျာပညာရပ်ဆိုင်ရာ အသုံးအ နှုံးအဖြစ်သုံးတာလားဆိုတာ မကွဲပြားခြင်းပါပဲ။
ခေတ်ပေါ်ကဗျာကိုပဲ ကြည့်ကြပါစို့။ အရပ်သုံးစကားနဲ့ဆို`ခေတ်ပေါ်´ဟာ `ကာလပေါ်´၊ သို့မဟုတ် `ခေတ်မှာပေါ်လာသော´ ဆိုတဲ့ နာမ၀ိသေသနအဓိပ္ပါယ်သက်ရောက်ပါတယ်။ ခေတ်ကာလ(Time) ကိုအခြေပြုတဲ့သဘောပါ။ `ခေတ်ပေါ်´ကဗျာလို့(မျက်တောင် အဖွင့်အပိတ်နဲ့)ဆိုလိုက်ရင်တော့ သီးခြားကဗျာအမျိုးအစားတစ်ခုရဲ့ နာမည်အခေါ်အဝေါ်ကိုရရှိပါတယ်။ အစဉ်အလာလေးလုံးစပ်ကဗျာ နဲ့ ကွဲပြားခြားနားတဲ့ ကဗျာအမျိုးအစားမှန်းကဗျာဖတ်သူတို့သိကြပါတယ်။ `ကာလပေါ်´ ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ပဲ သီးခြားကဗျာဗေဒ နဲ့ ကဗျာရေးဖွဲ့နည်းစနစ်တစ်မျိုးအဖြစ်အတည်ပြုလက်ခံထားကြတဲ့ အမည်ဖြစ်ပါတယ်။ ဒီ`ခေတ်ပေါ်´ကဗျာကိုလည်းရည်ရွယ်ချက်ရှိရှိ နဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၆၈ သပြေညိုကဗျာဝပ်ရှော့ ၊ ၁၉၆၈/၆၉`ခေတ်ပေါ်ကဗျာကြေငြာစာတမ်း´၊နဲ့ ၁၉၆၈ `ထင်ရူး ပင်ရိပ်´တို့ဟာ `ခေတ်ပြိုင်´ ကဗျာရဲ့သမိုင်းအစတွေပါပဲ။ `မော်ဒန်´ ကဗျာလို့လည်း ရောရောနှောနှောခေါ်ခဲ့ကြပါသေးတယ်။ သစ္စာနီရဲ့ `မော်ဒန်ရှင်းတမ်း . . . . ´ဆောင်းပါးပေါင်းချုပ်ထဲမှာ ဟောသလိုတွေ့ရှိရပါတယ်။
`အဲဒီအချိန်(၇၀)ခုနှစ်တစ်ဝိုက်မှာ မိုးဝေကဗျာတွေနဲ့ အတူခေတ်စားစပြုလာတဲ့ကဗျာဝါဒ တစ်ရပ်ကတော့ မော်ဒန်                           ကဗျာအယူအဆဖြစ်ပါတယ်။ မော်ဒန်ကဗျာက အစ်ဇင်းအသစ် ၊ သီအိုရီအသစ် ၊ နိမိတ်ပုံအသစ် ၊ အတတ်ပညာအသစ်တွေကို တောင်းဆိုလာပါတယ်။ မိုးဝေကဗျာသမားတွေလည်း မော်ဒန်အယူအဆနဲ့ ထိပ်တိုက်တွေ့ကြရပါတယ်။ နောက်ဆုံးတော့ ဒဂုန်တာရာလမ်းညွှန်မှုပေးတာကိုပဲ သူတို့ခံယူခဲ့ကြတယ်။´ (စမန ၁၅၄)။ အဲဒီတုန်းက`တော်လှန်ကဗျာ´ဆိုတာလည်းပေါ်လာခဲ့ပါသေးတယ်။ နတ်နွယ်ကို ကိုးကားရရင် –– `၁၉၆၉။
သည်တုန်းက ကဗျာအယူအဆများ လှုပ်ခတ်လျှက်ရှိသည်။ ခေတ်ပေါ်ကဗျာနှင့် မြို့ပြခံစားမှု။ ကျေးလက်အာရုံနှင့်  မော်ဒန်ပေါ်ယဲ့ထရီ။ ကာရန်နှင့်အသံစီးဆင်းမှု ၊ ရစ်သမ်နဲ့ နရီစည်းချက်များ ၊ ကဗျာလက်နက်ထက်မြက်ရေး ၊ကဗျာနှင့် လောကအမြင် ၊ အစဉ်အလာနှင့်ကာရန်မဲ့ ၊ အနုပညာပုံဏ္ဍာန်နှင့်အကြောင်းအရာ ကျယ်ပြန့်မှု။´ ဤကာလမှာပင် တော်လှန်ကဗျာထွက်ပေါ်လာသည်။
တော်လှန်ကဗျာတွင် ပါဝင်ရေးသားခဲ့ကြသော ကဗျာဆရာများသည်အများအားဖြင့် ထိုစဉ်က မိုးဝေမဂ္ဂဇင်းတွင်  အဓိကထားရေးသားနေကြသူများဖြစ်သည်။ အကြောင်းမှာ ၊ သူတို့၏ စူးရဲသောအတွေးအမြင် ၊ ခေတ်မီတိုးတက်သောအကြောင်းအရာ ၊ တီထွင်ဆန်းသစ်သောအရေးအဖွဲ့တို့ကို ဖေါ်ပြပေးနေသော မဂ္ဂဇင်းဟူ၍လည်းထိုစဉ်က မိုးဝေမဂ္ဂဇင်းတစ်စောင်လောက်သာရှိခဲ့တာကြောင့်ဖြစ်သည်။ ယင်းကြောင့်လည်းသူတို့၏ ကဗျာများကို“မိုးဝေကဗျာ´´ဟု ယနေ့တိုင်ခေါ်ဝေါ်သုံးစွဲနေကြခြင်းဖြစ်သည်။       (စမန ၁၀၆ – ၁၀၇)။
အထက်ပါကောက်နှုတ်ချက်မှာတော့ ကဗျာအတတ်ပညာနဲ့ ပတ်သက်လို့`တီထွင်ဆန်းသစ်သောအရေးအဖွဲ့´ဆိုတာရှိပါ တယ်။ အဲဒီ`တီထွင်ဆန်းသစ်´တဲ့အရေးအဖွဲ့တွေနဲ့ `မော်ဒန်´ရဲ့`သီအိုရီအသစ်´၊`နိမိတ်ပုံအသစ်´၊`အတတ်ပညာအသစ်´တို့နဲ့ ဘယ်လိုများကွာခြားခဲ့ပါလိမ့်။ ဘာတွေများကွာခြားခဲ့ပါလိမ့်။ ကွာခြားမှုတွေရှိခဲ့လို့ပဲ သစ္စာနီဟာ `မော်ဒန်အယူအဆတွေနဲ့ မိုးဝေကဗျာ သမားတွေထိပ်တိုက်တွေ့ခဲ့တယ်´လို့ပြောတာပဲလို့ယူလို့ရ၏ပေါ့။ ဒဂုန်တာရာ ၀င်ဖြေရှင်းပေးရတဲ့အထိပေါ့။ အဲဒီ`မော်ဒန်အယူအဆ´ သမားတွေဟာ `မိုးဝေကဗျာ´သမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာ `တော်လှန်ကဗျာ´သမားတွေနဲ့လည်းထို့အတူပဲလို့ယူဆရမှာပဲဖြစ်ပါ တယ်။ `မော်ဒန်´ကတစ်ဘက် ၊ `မိုးဝေ´နဲ့ `တော်လှန်´ကတစ်ဘက်။ နတ်နွယ်ဆီကပဲ သဲလွန်စထပ်ရတာက ––
`ဤနေရာတွင်မျက်မှောက်ခေတ်ကိုထင်ဟပ်သောကဗျာများအရ မိမိအသုံးပြုထားသည်ကို စာဖတ်သူများသတိပြုမိပါလိမ့်မည်။ စကားလုံးကို တိုတိုသုံးရလျှင် မျက်မှောက်ခေတ်ကဗျာများဟု ဆိုနိုင်ပါသည်။ အကျယ်ကိုဆိုရလျှင်မျက်မှောက်ခေတ်နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေးတို့ကို ထင်ဟပ်သော ကဗျာများဖြစ်ပါသည်။ . . . ပြည်သူလူထု ကြုံတွေ့နေရသော စားဝတ်နေရေးပြဿနာ ၊ လူတန်းစားကွာဟမှုမှဖြစ်ပေါ်လာသော ပဋိပက္ခများ ၊ နိုင်ငံတကာတွင် ထိုစဉ်က ရှေ့တန်းရောက်နေသော ငြိမ်းချမ်းရေး ၊ နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုးသားလွတ်မြောက်ရေးနှင့် အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးတို့ဖြစ်သည်။. . .  ယင်းကဗျာများသည် နောင်အခါလူအများက “မိုးဝေ ကဗျာ´´၊“ခေတ်ပေါ်ကဗျာ´´၊“တော်လှန်ကဗျာ´´ဟုခေါ်သောကဗျာခေတ်တစ်ခေတ်၏မူလအစပင်ဖြစ်ပေလိမ့်မည်။´  (စမန ၄၁ – ၄၂)။
ဒီနေရာမှာ ၊ အထက်မှာပါရှိတဲ့အတိုင်း ဒဂုန်တာရာဝင်ဖြေရှင်းပေးလိုက်တော့ `မော်ဒန်ကဗျာ´ဟာ `ခေတ်ပေါ်ကဗျာ´ဖြစ် သွားပြီး `မိုးဝေကဗျာ´ ၊ `တော်လှန်ကဗျာ´ တို့နဲ့ပေါင်းစပ်သွားတယ်ဆိုတဲ့သဘောကိုတွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ `မိုးဝေကဗျာ´ နဲ့ `တော်လှန်ကဗျာ´တို့ပျောက်သွားပြီး `ခေတ်ပေါ်ကဗျာ´ပဲကျန်ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်`မိုးဝေကဗျာ´နဲ့ ´တော်လှန် ကဗျာ´ဟာမပျောက်သွားပဲ `ခေတ်ပေါ်ကဗျာ´ထဲဝင်ပူးပေါင်းလိုက်တာလားဆိုတာတွေးတောစရာဖြစ်လာပါတယ်။ `မော်ဒန်ကဗျာ´ ဘယ်ပျောက်သွားသလဲဆိုတာ လိုက်ရှာကြည့်တော့ သစ္စာနီရဲ့ `မော်ဒန်ရှင်းတမ်း . . . .´မှာ အောက်ပါအတိုင်းတွေ့ရှိရပါတယ် ––
`. . . . “ဩော် ၊ မော်ဒန်ကဗျာဆိုသည်ကား ခေတ်ပြိုင်ဝါဒကိုး´´ ဟူသော(ဒဂုန်တာရာ၏) အဆိုဖြစ်သည်။ထိုစကားနှင့်အတူ ခေတ်ပြိုင်ခံစားမှုဆိုသောစကားလည်းခေတ်စားလာပါတယ်။ သူ့ (ဒဂုန်တာရာ့) ဩဇာသက်  ရောက်သောလူငယ်များက ဆင့်ကဲဆင့်ကဲလက်ခံသုံးစွဲရာမှ မော်ဒန်ကဗျာဆိုသောစကားလုံးမှာ ခေတ်ပေါ်ကဗျာဟူသော အသုံးအနှုံးဖြင့် အခြေကျနေပြီးကာမှ မလိုချင်ဘဲ ထပ်ရသောမယားငယ်လို ခေတ်ပြိုင် ၊ ခေတ်ပြိုင်ခံစားမှု စသောစကားလုံးများနှင့် ရှုပ်ထွေးလာရပြန်တော့သည်။ . . . ခေတ်ပေါ်ကဗျာတွင် အရေးကြီးဆုံးသောစကားလုံးမှာ  ခေတ်ပေါ်အာရုံခံစားမှု (modern sensibility) ဖြစ်ပါသည်။ ခေတ်ပြိုင်ခံစားမှုမဟုတ်ပါ´။ (စမန ၁၉ – ၂၀)
အထက်ပါကိုးကားချက်အရ ၊ သစ္စာနီဟာ `မော်ဒန်´ ၊ `ခေတ်ပေါ်´ ၊`ခေတ်ပြိုင်´စတဲ့အသုံးအနှုံးတွေကိုခွဲခြားထားချင်ပုံရပါ တယ်။ သစ္စနီဟာ `ခေတ်ပေါ်ကဗျာ´ကိုလက်ခံပေမယ့် `မော်ဒန်´ဆိုတဲ့ အသုံးအနှုံးကိုလည်းပစ်ပယ်ချင်ပုံမရပြန်ဘူး။ စာအုပ်နာမည်ကို က`မော်ဒန်ရှင်းတမ်း . . . .´။ အဲဒီစာအုပ်ထဲမှာပဲ `ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်တစ်ချို့´ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရှိပါတယ်။ အဲဒီ `ခေတ်ပေါ်ကဗျာ´ဟာ သစ္စာနီဆိုလိုတဲ့ `မော်ဒန်ကဗျာ´ ဟုတ်မဟုတ်တော့ အတိအကျရေးသားထားတာမတွေ့ရပါဘူး။ ဆိုလိုတာက ၊ `မော်ဒန်´=`ခေတ်ပေါ်´လို့ အတိအလင်းရေးသားထားတာမတွေ့ရပါဘူး။ သစ္စာနီဟာ`ခေတ်ပြိုင်`၊`ခေတ်ပြိုင်ခံစားမှု´ကိုလည်းလက်ခံ ချင်ပုံမပေါ်ဘူး။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၁၁)မှာပဲ ဒဂုန်တာရာရဲ့ `မော်ဒန်ကဗျာဆိုတာ ခေတ်ပြိုင်ခံစားမှုကိုရေးဖွဲ့ခြင်း´ဆိုတဲ့ အဆို ပေါ်ပြန်လည်ရှင်းလင်းချေပထားတာကတော့ `ခေတ်ပြိုင်ခံစားမှုဖြင့် ခေတ်ပြိုင်အခြေအနေကို မော်ဒန်သမားများသာမဟုတ်ဘဲ အစဉ်အ လာသရုပ်မှန်သမားများပါရေးဖွဲ့နေခြင်း ၊ ရေးဖွဲ့နိုင်ခွင့်ရှိခြင်း´လို့တွေ့ရပါတယ်။ ဒီမှာ ရှုပ်ထွေးနေတာက အယူဝါဒနဲ့ ကဗျာ(ဗေဒ) ပုံဏ္ဍာန်(၀ါ) ကဗျာတည်ဆောက်ဖွဲ့စည်းမှုကိစ္စပါပဲ။ အကယ်၍အယူဝါဒတူပြီး ကဗျာပုံသဏ္ဍာန်တွေပဲကွာတာဆိုရင် အယူဝါဒ ဦးစား ပေးသူဟာ ဘာပြဿနာလုပ်စရာလိုသလဲ(အကယ်၍ ကဗျာပုံသဏ္ဍာန်တစ်မျိုးပဲရှိရမယ်လို့ မသတ်မှတ်ရင်ပေါ့)။ ကဗျာ(ဗေဒ) ပုံသဏ္ဍာန် တည်ဆောက်ဖွဲ့စည်းမှုဘက်ကပြောရရင်တော့ ကဗျာ(ဗေဒ)ပုံသဏ္ဍာန်တည်ဆောက်ဖွဲ့စည်းမှုကိုယ်တိုင်ကို အခြေခံအယူဝါဒမပြောင်း သည့်တိုင် ကဗျာအာရုံခံစားမှုပြောင်းလဲသွားပြီဆိုတာပြနေတာပဲဖြစ်ပါတယ်။ ပုံသဏ္ဍာန်ဟာလည်း ကဗျာတစ်ပုဒ်ရဲ့ အကြောင်း အရာတစ်ခုပဲလေ။ သစ္စာနီပြောသလိုဆိုရင် ဒဂုန်တာရာလည်း`ခေတ်ပြိုင်ခံစားမှု´ကိုလေးလုံးစပ်အခြေပြုပုံသဏ္ဍာန်နဲ့ရေးတာပဲ ၊ မောင်ချောနွယ် ၊ အောင်ချိမ့်တို့လည်း`ခေတ်ပြိုင်ခံစားမှု´ကို မော်ဒန်(?)/ခေတ်ပေါ်ကဗျာပုံသဏ္ဍာန်နဲ့ ရေးတာပဲ။ ကွဲပြားခြားနားမှုဟာ  အရင်းခံအယူဝါဒမဟုတ်တော့ဘူး။ ကဗျာအမြင် ၊ ကဗျာအသိ ၊ ကဗျာအတတ် ၊ ကဗျာဗေဒဖြစ်လာပြီ။ အယူဝါဒဘက်ဇောင်းပေးခြင်း အစွန်းရောက်မှုကို ကဗျာဗေဒနဲ့ပြန်ဆွဲယူလိုက်ရတာလည်းဖြစ်တယ်။ ကဗျာတစ်ပုဒ်ကို အယူဝါဒရဲ့ ပါးစပ်ပေါက်အဖြစ်ကနေ ကဗျာတစ် ပုဒ်အဖြစ် ၊ ကဗျာအဖြစ်ပြန်လုပ်ယူရတာလည်းဖြစ်ပါတယ်။ အယူဝါဒရဲ့ လက်နက်ကနေ လက်နက်ရဲ့ အယူဝါဒအဖြစ်ပြောင်းလိုက်တာ လည်းပါရင်ပါမှာပေါ့။ ကဗျာတစ်ပုဒ်ဟာ အယူဝါဒတစ်ခုရဲ့/အတွက်လက်နက်ဖြစ်ရင် အဲဒီလက်နက်/ကဗျာဟာလည်း ကဗျာအယူဝါဒ(၀ါ)  ကဗျာဗေဒတစ်ခုခုကိုပြနေတာလည်းဖြစ်တယ်။ အဲဒီမှာ ၊ အယူဝါဒနဲ့ ကဗျာဗေဒရဲ့ တင်းအားဟာ ပေါ်လာတော့တာပါပဲ။ အဲဒီတင်းအား ကိုယ်တိုင်ဟာ အဲဒီကဗျာတစ်ပုဒ်ရဲ့ အလှတရားလည်းဖြစ်လို့ရတယ်။ အဲဒီအလှတရားဟာလည်း ထဲထဲဝင်ဝင်လေ့လာသင့်သေးတဲ့ အက်စ်သက်တစ်က် (aesthetic) ကိုပြောတာဖြစ်ပါတယ်။ ရုပ်လှခြင်း ၊ ရုပ်ဆိုးခြင်းဆိုတဲ့ အရပ်စကားမဟုတ်ပါဘူး။
(၃)
အခုလည်း`ခေတ်ပြိုင်´ကိစ္စဟာပေါ်လာနေပြန်ပါပြီ။ ကျွန်တော်သိသလောက်ကတော့ စိတ်ကူးချိုချိုစာအုပ်တိုက်က ထွက်တဲ့ `ခေတ်ပြိုင်´ ကဗျာစာအုပ်စီစဉ်ရွေးချယ်သူ မိုဃ်းဇော်ဟာ ခေတ်ပေါ်ကဗျာဆရာအဖြစ် သူကိုယ်တိုင်ဝန်ခံထားသူပါ။ ဒီနေရာမှာ (ကို) မိုဃ်းဇော်နဲ့ ကျွန်တော်ရန်ဘက်သဘောဆောင်တဲ့ အနေအထားမျိုး ကျွန်တော့်ဘက်ကတော့မရှိပါဘူး။ ကဗျာရေးသူအချင်းချင်းဘာ ရန်သဘောဆောင်စရာလိုလို့လည်းလေ။ တားဂက်က အတူတူပဲဟာ။ ကဗျာဖြစ်မြောက်ရေးပဲ မဟုတ်ဘူးလား။ ကဗျာရေးသူဟာ ကဗျာ ရေးနေတဲ့အချိန်မှာ ကဗျာအလုပ်ပဲလုပ်နေရတာပဲ။ အခြားအချိန်မှာတော့ အခြားအလုပ်တွေလုပ်နေမှာပေါ့။ ကဗျာရေးသူနဲ့ ကဗျာထပ်တူ ဖြစ်ရေးဟာ အယူဝါဒတစ်ခုရဲ့ အနုပညာကို ခုတုံးလုပ် အသုံးချရေးအတွက်သုံးစွဲခဲ့တဲ့စကားပါ။ လိုရင်းပြန်ကောက်ရရင် ၊ (၁) မိုဃ်းဇော် ဟာ ခေတ်ပေါ်ကဗျာဆရာဖြစ်တယ်။ (၂) မိုဃ်းဇော်ဟာ `ခေတ်ပြိုင်ကဗျာ´ဆိုတဲ့အသုံးအနှုံးကိုသုံးတယ်။ ခေတ်ပေါ်ကဗျာဆရာဟာ `ခေတ်ပြိုင်ကဗျာ´လို့သုံးစွဲလာတဲ့အတွက် စဉ်းစားစရာအမှန်တကယ်ဖြစ်ရပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ရှုပ်ရှုပ်ထွေးထွေးသမိုင်း အထောက်အထားတွေရှိလို့ပါ။ ဘာသာစကားကို ပေါ့ပေါ့ဆဆသဘောထားခဲ့ကြတာလည်းတစ်ကြောင်းပေါ့။
အကယ်၍ ခေတ်ပေါ်ကဗျာဆရာတွေဟာ သူတို့ကိုသူတို့ ခေတ်ပြိုင်ကဗျာဆရာတွေလို့ပြောင်းခေါ်ကြရင် အထက်ပါ ဒဂုန် တာရာရဲ့ စကားနဲ့ ကိုက်ညီတဲ့အတွက်ဘာမှပြောစရာမလိုပါဘူး။ အရပ်သုံးစကားမှာ ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ဟာ အချိန်ကာလအကြောင်း ပြုပြီး ဖယ်လှယ်သုံးလို့ရလို့ပါပဲ။ ကဗျာ(ဗေဒ)ပညာရပ်အသုံးအနှုံးနဲ့ကြည့်ရင်တော့ ပြဿနာတက်ပြီ။ ဘာကြောင့်လည်းဆိုတော့ `ခေတ်ပေါ်´ ကဗျာဆိုတာ သဘာဝအရပေါ်လာတာမဟုတ်ပဲ ၊တမင်တီထွင်ဖန်တီးတည်ဆောက်ဖြန့်ချိချဲ့ထွင်ထားတဲ့ကဗျာအမျိုးအစား၊ ကဗျာဗေဒဖြစ်လို့ပါပဲ။ အကယ်၍`ခေတ်ပေါ်´=`ခေတ်ပြိုင်´ ဆိုရင်အထက်မှာပါခဲ့တဲ့ သစ္စာနီရဲ့ ဒဂုန်တာရာကို တုန့်ပြန်စကားဆီပဲ ပြန်ရောက်သွားပါလိမ့်မယ်။ ခေတ်ပြိုင်ဟာပြောင်းနေတဲ့ အနေအထားတွေနဲ့ မပြောင်းသေးတဲ့ အနေအထားတွေရဲ့ လမ်းဆုံမှာရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ခေတ်ပြိုင်ကို အဲဒီဆုံပွိုင့်လို့မြင်ပါတယ်။ အဲဒီဆုံပွိုင့်ဟာလည်း ဘယ်ခေတ်မှာမဆို ၊ ဘယ်ကာလမှာ မဆိုရှိနေမှာပါ။ အဲဒီဆုံပွိုင့်ကို ခေတ် စမ်းကြုံခဲ့တယ်။ တာရာကြုံခဲ့တယ်။ မိုးဝေကြုံခဲ့တယ်။ ခေတ်ပေါ်ကြုံခဲ့တယ်။ အခုကြုံနေရပြီ။ ကြုံနေရပြန်ပြီပေါ့။ အဲဒီဆုံပွိုင့်မှာပဲနေခဲ့ရင် သူ့ရှေ့ရောက်သွားတဲ့ ဆုံပွိုင့်ရဲ့နောက်မှာ သူကျန်ခဲ့မှာပဲ။ ခေတ်ပြိုင်ရဲ့ အရွေ့သဘော။ အချိန်ကာလ Time ရဲ့တည်ရှိမှုထဲမှာပဲ Space အသစ်တွေစူးစမ်းရှာဖွေဖန်တီးတည်ဆောက်သွားရတာပါပဲ။ မြစ်တစ်စင်းထဲမှာပဲလူတစ် ယောက်ဟာ နှစ်ခါနစ်မသေနိုင်တဲ့သဘောပေါ့။ အဲဒီတော့ ၊ ခေတ်ပေါ်ဟာခေတ်ပြိုင်လား။ `ခေတ်ပေါ်´ကဗျာဟာ `ခေတ်ပြိုင်´ ကဗျာ လား။
(၄)
`ခေတ်ပေါ်´ကဗျာဟာ `ခေတ်ပြိုင်´ကဗျာမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ `ခေတ်ပေါ်´ကဗျာဟာ`ခေတ်ပေါ်´ ကဗျာအဖြစ်အခိုင်အမာရှိနေလို့ပါပဲ။ အဲသလို အခိုင်အမာရှိနေလို့ပဲ `ခေတ်ပေါ်´ကဗျာရဲ့ စရိုက်လက္ခဏာတွေ ၊ ဂုဏ်အင်္ဂါတွေ ၊ တန်ဘိုး တွေကိုထုတ်ပြနိုင်ခဲ့တာပဲမဟုတ်လား။ ကျွန်တော်တို့မြန်မာကဗျာလောကမှာ `ခေတ်ပေါ်´ကဗျာဆိုတာ ကဗျာမျက်ကန်းကိုတောင် ခြောက်နေမယ့်တစ္ဆေလိုမျိုးပါ။ ဆိုလိုတာက `ခေတ်ပေါ်´ကဗျာဟာ ကျွန်တော်တို့မြန်မာကဗျာလောကမှာ အရှိတရားဧကန်စစ်စစ်ဖြစ်ခဲ့ ပြီ။ မဂ္ဂဇင်းလောကမှာ ပင်မရေစီးနေရာရခဲ့ပြီ။ ကျွန်တော်တို့ငယ်စဉ်က လူငယ်တွေအတွက် ပသို့ဆိုစေ စံထားစရာကဗျာဖြစ်ခဲ့ပြီ။ ပြီးတော့ ကျွန်တော်တို့ကြီးပြင်းသွားကြတယ်။ အို . . . နေရိုင်း။ အို . . . မောရူးစိုး။ အို . . . ခင်အောင်အေး။ အို . . .(ဟိုတုန်းက) ပိုင်စိုးဝေ။ အို . . . (ဟိုတုန်းက)နေမျိုး။ အဲဒီ`ခေတ်ပေါ်´ကဗျာအမျိုးအစားဟာ တကယ်ရှိခဲ့ပြီ။ အဲဒီနို့သက်ခံစို့ပြီးကြီးပြင်းလာကြသူတွေ ဟာ အဲဒီ`ခေတ်ပေါ်´ကဗျာကို အမိရင်ခြေစုံကန်ပြီး သိုက်မြုံက ထွက်သွားကြတော့မလားကွယ်ရို့။ အင်းပေါ့လေ ၊ အခုတော့လည်း `ခေတ်ပြိုင်´ဖြစ်ပြီပေါ့လို့ အင်္ကျီကို ရှိုးတိုးရှန့်တန့်ဝတ်လို့။ ဒါပေမယ့် ဒီကိုယ်ကြီးပါဗျာလို့ စိတ်ကျေနပ်အောင်ပြောဖို့ကလည်း ပစ္စည်း သစ်သုံးစွဲထားတဲ့ အနံ့ကကပ်လို့။ အဲဒီတော့ ၊ `ခေတ်ပေါ်´ ပေါ်လည်းသံယောဇဉ်ကြီး ၊ `ခေတ်ပေါ်´ကိုလည်းမပစ်ရက် ၊ သဘာဝအရ ကြီးပြင်းလာရခြင်းကြောင့် `ခေတ်ပေါ်´ကို ခေတ်မီအောင် `ခေတ်ပြိုင်´လို့ပြောင်းခေါ်ကြတော့မလား။ ခက်တာက ပညတ်သွားရာဓါတ် သက်ပါ။ ရှေးဟောင်းနှောင်းဖြစ်စကားတွေ နွေးထွေးလုံခြုံအောင်ပြောပြီး ဆက်သွားကြရတာပဲမဟုတ်လား။ ဘယ်ကလာတယ်ပြောလို့ ရတယ် ၊ ဘယ်မှာရှိနေတယ်ပြောလို့ရတယ် ၊ ဘယ်ဆက်သွားမယ်ပြောကောင်း ပြောလို့ရတယ်။ ဘယ်ကလာတယ်ဟာ ဘယ်မှာရှိနေ တယ်နဲ့ ခေတ်ပြိုင်မဟုတ်ဘူး။ဘယ်မှာရှိနေတယ်ဟာ ဘယ်ဆက်သွားမယ်နဲ့ ခေတ်ပြိုင်မဟုတ်ဘူး။ သက်ရှိထင်ရှားရှိနေကြသေးတဲ့ ဒဂုန် တာရာနဲ့ အောင်ချိမ့် ၊ အောင်ချိမ့်နဲ့ မောင်ပြည့်မင်း ၊ မောင်ပြည့်မင်းနဲ့ အောင်ပြည်စုံဟာ ခေတ်ပြိုင်တွေလား။ ကျွန်တော်နဲ့စာဖတ်သူဟာ ခေတ်ပြိုင်ဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်တော့်ခေတ်ပြိုင်နဲ့ စာဖတ်သူရဲ့ ခေတ်ပြိုင်အချင်းချင်းကတော့ ခေတ်ပြိုင်ဖြစ်ချင်မှဖြစ်မယ်။ ကျွန်တော်တို့ဟာ `ခေတ်ပေါ်´ကဗျာ ဥခွံထဲကထွက်လာကြတယ်။ ကျွန်တော်တို့ထွက်လာခဲ့ကြတဲ့ `ခေတ်ပေါ်´ဥခွံဟာ ကျွန်တော်တို့နဲ့ ခေတ်ပြိုင်လား။
(၅)
ခေတ်ပြိုင်ဟာ ပြောင်းနေတဲ့အနေအထားတွေနဲ့ မပြောင်းသေးတဲ့ အနေအထားတွေရဲ့ လမ်းဆုံမှာ ရှိနေတာဖြစ်ပါတယ်။ မပြောင်းသေးတဲ့ အနေအထားတွေဟာလည်း ပြောင်းချင်မှပြောင်းတော့မယ့် အနေအထားတွေလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ရိုသေစွာမှတ်တိုင်စိုက်ထူပေးခဲ့မှာဖြစ်ပါတယ်။
(၆)
ကျွန်တော့်အတွက် ကျွန်တော်အခုလောလောဆယ်နားလည်ထားတဲ့ ခေတ်ပြိုင်ကဗျာဟာ အဲဒီဆုံပွိုင့်ကို စူးစမ်းခြင်းပါပဲ။ ထင်ဟပ်တာမဟုတ်ဘူး။ ပြန်လည်ရေးသားဖေါ်ပြတာမဟုတ်ဘူး။ စူးစမ်းတာ။ ခံစားမှုဖေါ်ပြတဲ့ Expressive ကဗျာမဟုတ်ဘူး။ လူမှု စီးပွားရေးကိစ္စတွေပြန်ရေးသားပြတဲ့ Social – Realist ကဗျာမဟုတ်ဘူး။ ဘာသာစကား/စာသားနဲ့တည်ဆောက်မှုသက်သက်/ Language – based/ Language – oriented ကဗျာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါတွေကိုလည်း နည်းတွေအဖြစ်သုံးရင်သုံးမှာပဲ။ ကျွန်တော်အခုလောလောဆယ် နားလည်ထားတဲ့ ခေတ်ပြိုင်ကဗျာဟာ Investigative/Exploratory စူးစမ်းရှာဖွေဖေါ်ထုတ်မှုကဗျာ မျိုးဖြစ်ပါတယ်။ ကဗျာကို ဒီလိုရေးလို့ရမလား (၀ါ)ဒီလိုရေးရင် ကဗျာဖြစ်မလားဆိုတာကိုလည်း စူးစမ်းရှာဖွေခြင်းပဲပေါ့။
- ဇေယျာလင်း
ခေတ်ပေါ် ၊ ခေတ်ပြိုင် ၊ ကွန်တမ်ပိုရာရီ
ခေတ်ပေါ်ကဗျာနဲ့ မတူချင်လို့ ၊ ခေတ်ပေါ်ကဗျာနဲ့ ခြားနားချင်လို့ ၊ ခေတ်ပေါ်ကဗျာက မသုံးတဲ့နည်းတွေကို စမ်းသပ်သုံးစွဲလာခဲ့တာ အခုဆို ၁၀ နှစ်ပြည့်ခဲ့ပါပြီ ။ အဲသလို မတူအောင် ၊ ကွဲပြားခြားနားအောင် တမင်ပြု လုပ်ယူခဲ့ရတဲ့ နည်းတွေနဲ့ ရေးသားဖွဲ့ စည်းပြုလုပ်လာတဲ့ကဗျာတွေကို ခေတ်ပေါ်/ ခေတ်ပြိုင်ဆိုပြီး ‘ရော’ မချသင့်ပါဘူး ။ ခေတ်ပေါ်နဲ့ မတူအောင်တမင်ရေးသားပြုလုပ်ခဲ့တဲ့ကဗျာအရေးအသားတွေကို ကဗျာလို့ မခေါ်ချင်နေ ၊ ‘အရေးအသား’ လို့ ပဲခေါ်လည်းရတယ်လို့ ပြောခဲ့ပြီးပါပြီ ။
ခေတ်ပေါ်နဲ့ မတူအောင်ရေးတာတွေကို’ခေတ်ပြိုင်’ လို့ ခေါ်ခဲ့ဘူးပါတယ် ။ ဒါပေမယ့် ‘ခေတ်ပြိုင်’ ကဗျာ ဆိုတဲ့ကဗျာလက်ရွေးစင်တွေထွက်ခဲ့ပါတယ် ။ အဲဒီအသုံးအနှုံးထဲမှာ ခေတ်ပေါ်ရော ခေတ်ပေါ်မဟုတ်တဲ့ ကဗျာတွေရောရောထွေးထည့်သွင်းခံရတာတွေ့ ရပါတယ် ။ အဲဒါကြောင့် ‘ကွန်တမ်ပိုရာရီ’ လို့ ပြောင်းသုံးခဲ့ပါတယ် ။
ခေတ်ပြိုင်ကဗျာခေါင်းစဉ်အောက်မှာ ခေတ်ပေါ်ကဗျာ နဲ့  ကွန်တမ်ပိုရာရီ ကဗျာတို့ ရှိကြတာဖြစ်ပါတယ် ။
အဲသလိုမှ မသတ်မှတ်ရင် ၊ အဲသလိုမှအသိအမှတ်မပြုရင် ကျိုးစားခဲ့ရတဲ့လုပ်ရပ်ဟာအချီးအနှီးဖြစ်သလို အဲဒီလုပ်ရပ်ကြောင့်ဒီနေ့ မြန်မာကဗျာလောကမှာ အထင်အရှားပေါ်ထွက်လာတဲ့ ၊ ပင်မရေစီးနဲ့ မတူအောင်ပြုလုပ်ယူထားရတဲ့ ‘အသစ်’ ဟာ ရောရောယောင်ယောင်နဲ့  အလကားဖြစ်သွားပါလိမ့်မယ် ။
ကွန်တမ်ပိုရာရီ ‘အသစ်’ တွေ ဟာ ‘ ခေတ်ပေါ် / ခေတ်ပြိုင်’ နဲ့  တူညီတဲ့ ဘုံရန်သူရှိပေမယ့် အနုပညာစံ ၊ အနုပညာရည်ရွယ်ချက် နဲ့  ကဗျာနည်းလမ်းတွေ နည်းနာတွေမတူကြပါဘူး ။ အဲဒီနည်းလမ်းတွေ နဲ့ နည်းနာတွေဟာလည်း  ‘ဘက်မလိုက်’ တာမျိုးမဟုတ်ပါဘူး ။
ခေတ်ပေါ်ရဲ့အနုပညာစံအခြေခံတွေနဲ့ ကွဲပြားကြပါတယ် ။
အဲဒါကြောင့် မိမိရဲ့ကဗျာစံ မိမိသိဖို့ လိုပါတယ် ။ ခေတ်ပေါ် နဲ့  ကွန်တမ်ပိုရာရီ (၀ါ) ပင်မရေစီး နဲ့  ‘ အသစ် ‘ ဟာ ရန်ဘက်မဆောင်ကြသလို ရန်သူတွေလည်းမဟုတ်ကြပါဘူး ။ ရန်လိုခဲ့ရင်လည်း ဘယ်ဘက်က သည်းကြီးမည်းကြီးလဲ ဆိုတာ မှတ်တမ်းတွေရှိပါတယ် ။
များမကြာမီမှာ ကွန်တမ်ပိုရာရီကဗျာတွေဟာ ပိုတွင်ကျယ်လာလာလိမ့်မယ်လို့ တစ်ထစ်ချ ပြောလို့ ရချင်မှရမှာပါ ။ ဘာကြောင့်လဲဆိုတော့ ကွန်တမ်ပိုရာရီ ဟာ experimental poetry ဖြစ်လို့ ပါပဲ ။
Experimental ကဗျာတွေသာပဲ ကဗျာကိုေ၇ှ့ ဆက်လမ်းပြခဲ့တာဟာ ကမ္ဘာ့ ကဗျာသမိုင်းကြောင်းကို အကြမ်းဖျဉ်းသိရင်တောင် တွေ့ မြင်နိုင်ရမှာ ဖြစ်ပါတယ် ။
- ဇေယျာလင်း
ကဗျာအင်တာဗျူး
ကဗျာအနုပညာနယ်ပယ်မှာ ကဗျာဆရာ အင်တာဗျူးတွေဟာ အလွန်တန်ဘိုး ကြီးကြတယ်ဆိုတာ ကျွန်တော်တို့ မြန်မာကဗျာလောကသားတွေ သိကြပါတယ်။ သိလို့လည်း မဂ္ဂဇင်းတွေမှာ အင်တာဗျူးတွေ လုပ်နေကြတာတွေ ဖတ်ရတာပဲ မဟုတ်ပါလား။
ကဗျာဆရာမောင်ချောနွယ် အင်တာဗျူး အမေးအဖြေတွေဟာလည်း လွမ်းရှရှနဲ့ ဖတ်မ၀ပါပဲ။ အင်တာဗျူးဟာ ကဗျာမဟုတ် ပေမယ့် ကဗျာနဲ့ပတ်သက်နေတာကြောင့် ကဗျာအင်တာဗျူးတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍ မှာ ပါရှိကြပါတယ်။ အင်တာဗျူး အမေးအဖြေမှာ အမေးရောအဖြေပါ ကောင်းရင်ကောင်းသလို သိမှုနှစ်သက်စိတ်(ရသ)ကို ဖတ်သူက မုချခံစားရပါတယ်။ နိုင်ငံခြားကဆိုရင် အမေရိကန် LP ကဗျာဆရာ Charles Bernstein ရဲ့ အင်တာဗျူး အမေးအဖြေတွေဟာ ကဗျာအကြောင်း၊ ကဗျာရေးခြင်းအကြောင်း၊ ကဗျာနယ်ပယ်အကြောင်း၊ ကဗျာအမျိုးအစားအကြောင်း၊ ကဗျာရဲ့ အခြေခံဒြပ်သားဖြစ်တဲ့ ဘာသာစကား အကြောင်းတွေနဲ့ ပတ်သက်လို့ သိမှုသီးပွင့်စရာတွေပါပဲ။
ကဗျာအင်တာဗျူးတွေဟာ ကောင်းရင်ကောင်းသလို တန်ဘိုးရှိကြပါတယ်။ ကဗျာဆရာရဲ့ ကဗျာ အပေါ်အမြင်၊ ကဗျာနဲ့ ခေတ်နဲ့ ဆက်သွယ်မှုဆိုင်ရာအမြင်၊ ကဗျာရဲ့ လူမှုယဉ်ကျေးမှု အခန်း ကဏ္ဍဆိုင်ရာ အမြင် စတဲ့ macro “အကျယ်” ကနေ ကဗျာရေးခြင်းဆိုင်ရာ တက္ကနိတွေ စတဲ့ “အကျဉ်း” အထိ မြင်သိလို့ ရပါတယ်။ ဒါပေမယ့် ဒါဟာလည်း ကဗျာအင်တာဗျူးမှာ မေးသူကလည်း ၀မ်းစာပြည့်၊ ဖြေသူကလည်း နက်နက်နဲ့ ညက်ညက်ရှိရင် အရသာရှိရှိကို ဖတ်ရပါတယ်။ အဲသလိုမဟုတ်ဘဲ မေးသူရော ဖြေသူပါ အညံ့ချင်းပြိုင်နေရင် ပူးတွဲချန်ပီယံပဲဖြစ်ပြီး ဖတ်သူအတွက်လည်း ကဗျာဆိုင်ရာအကျိုးရယ်လို့ မယ်မယ်ရရ မရကြပါဘူး။ ညံ့တဲ့နေရာမှာ ပြိုင်ကြသလို အမေးအဖြေတွေဟာ စက္ကူဖြုန်းတီးရာပဲ ရောက်ပါတယ်။
အရည်ဝင်ထားလို့ မေးသူက မေးပြီး ဖြေသူက ဖြေတာတွေကိုလည်း မဂ္ဂဇင်းစာမျက်နှာတွေမှာ ဟုတ်တိပတ်တိ ဖော်ပြလို ဖော်ပြ။ လှမ်းမေးမြန်းတော့လည်း “အဲဒီတုန်းက ကိုယ် မူးနေလို့ပါ၊ မေးသူကလည်း အသံသွင်း ထားတယ်လို့ မပြောတော့ လွတ်လွတ်ကျွတ်ကျွတ်ပဲ (အလွတ်သဘော) ပြောလိုက်တာကို သူကမဂ္ဂဇင်းကို ပို့လိုက်လို့ပါ” စတဲ့ “လူကြီးရှက်တော့ စကားတရှောင်ရှောင်”လိုပေါ့ဗျာ။ “ဟုတ်တယ်၊ လုပ်တယ်ဗျာ” လို့ ၀န်ခံဖို့ ကလည်း သတ္တိမရှိ။ မရှိမဲ့ ရှိမဲ့ သံတိုသံစနဲ့ သံခင်းတမံခင်းလည်း လုပ်ချင်သေး။
အဲသလိုနီးပါး မဟုတ်ရင် ပိုဆိုးတာက group discussion လိုလို အုပ်စုဖွဲ့ပြီး ဗျူး သူက သူလိုချင်တဲ့ အဖြေတွေပဲပေးမယ့် ဘက်တော်သား လက်ရွေးစင်တွေပဲရွေးပြီး မေးလိုမေး၊ ဒါမှမဟုတ် လိုချင်တဲ့ အဖြေတွေပဲပေးဖို့ leading question တွေ မေးလိုမေး၊ “အဲဒါ ဟုတ်တယ်၊ မဟုတ်လား” ဆိုတာမျိုးတွေပေါ့။ မေးတဲ့မေးခွန်းတွေ ကြည့်ရင်လည်း ရိုးစင်းလွန်းလှတဲ့ “ကဗျာ ဘယ်တုန်းက စ ရေးသလဲ”တို့၊“ကဗျာဆရာဘ၀ကို ဘယ်လိုမြင်သလဲ” တို့ကနေ မပါမဖြစ် မေးခွန်းဖြစ်တဲ့ LP ကိစ္စပေါ့။
အဲဒီကိစ္စကို မေးတဲ့အခါမှာလည်း ဖတ်သူပရိတ်သတ် အများကိုယ်စား မေးတဲ့ objective ဓမ္မဓိဌာန်ကျကျမဟုတ်ရင် neutral ဘက်မလိုက်တဲ့ (အမှန်တကယ် သိလို စိတ်နဲ့) မေးတာမျိုးမဟုတ်ပဲ မစ္ဆရိယ ၁၅ ပိဿလောက် မြင်နေရတဲ့ subjective ပုဂ္ဂလဓိဌာန်၊ ပုဂ္ဂလအစွဲ၊ ဆန္ဒစွဲနဲ့ “ထိုးမယ်ကြိတ်မယ်၊ မင်းလည်းဝင်ထိုး”ဆိုတာမျိုး။ မေးသူကလည်း အ ကြောင်း အရာဂဃနဏ မသိ၊ ဖြေသူကလည်း နွားရိုင်းသတ်ပွဲမှာ နံရိုးကြား လှံစိုက်နေသလို ဂမူးရှုးထိုးနဲ့ ထိုးကော်၊ ခတ်တော့ တာပဲ။ ဆင်ဆင်ခြင်ခြင်နဲ့ ပြန်လည်ဖြေကြားသူ နည်းပါတယ်။ အနာဂတ်မြန်မာကဗျာမှာ ထင်ရှားလာမယ့် လူငယ်(ကျွန်တော့် အသက်အရွယ်ထက် ငယ်လို့ “လူငယ်”လို့ခေါ်တာပါ၊ အခြားရည်ရွယ်ချက် မရှိပါဘူး) နှစ်ယောက်စ သုံးယောက်စလောက်ကိုပဲသတိပြုမိပြီး စိတ်ထဲ မှတ်ထားလိုက်ပါတယ်။
ကျန်တာတွေကတော့ မေးသူရော၊ ဖြေသူပါပြောရရင် ကဗျာနဲ့ပတ်သက် လို့ global/local ၊ macro/micro မပြောပါနဲ့ဦး၊ ဆဲချင်တဲ့ အကြောင်းအရာကိုတောင် အသေအချာ စာလုံးပေါင်း မဖတ်ရသေးဘဲ (ဆဲခိုင်းလို့) သံကုန်ဟစ်နေတော့တာပဲ။ ကဗျာဆိုတဲ့ Poetry ဖြစ်တဲ့ စာပေအနုပညာ Literary art ကို ကျယ်ကျယ်ပြန့်ပြန့် မြင်လည်းမမြင်၊ မြင်ရကောင်းမှန်းလည်း မသိ၊ မြင်အောင်လည်း မကြည့်ချင် မကြည့်တတ်ပဲ စုံလုံး ကန်း၊ မြင်တယ်မြင်တယ် အော်နေတော့တာပဲ။ ကျွန်တော် ဒီမှာ ကိစ္စတစ်ခု ရှင်းရှင်းလင်းလင်း ပြောပါရစေ။
ကျွန်တော်ဟာ ဒီအရပ်ဒေသ၊ ဒီနယ်ပယ်မှာ LP ကို မိတ်ဆက်ပေးတာ ဖြစ်ပေမယ့် ကျွန်တော်ဟာ   LP ဘက်က ကာကွယ်ပြောဆိုနေတာ မဟုတ်ပါဘူး။ ကဗျာအမြင် ကျဉ်းမြောင်း လွန်းကြတဲ့ ကိစ္စကို ပြောတာပါ။ ငြိဏ်းဝေရဲ့ ခေတ်ပြိုင်ကဗျာ၊ conceptual ကဗျာ၊ ပြီးတော့ သစ္စာနီရဲ့ the end of poetry ၊ ပြီးတော့ နီယိုမော်ဒန် ဆိုတာတွေ။ အဲဒါတွေဟာ ကျွန်တော့် အတွက် စိတ်ဝင်စားစရာတွေပါပဲ။ ကဗျာသိမှုနယ်ပယ်ချဲ့ထွင်တဲ့ ကိစ္စတွေပါပဲ။ “ငါ”မှ “ငါ” ဆိုတဲ့ ငါတကော ကော ကိစ္စမဟုတ်တဲ့ Poetry as literary art ကိစ္စမှန်သမျှ ကျွန်တော် စိတ်ဝင် စားပါတယ်။ ကြိုဆိုပါတယ်။
ကဗျာကို Poetry လို့ မမြင်ပဲ “ငါတို့ရေးတာမျိုး”လို့သာ ပြောလာ ရင်တော့ ကျွန်တော့်ဘက်က တန်ရာတန်ရာ ပြန်ပြောစရာစကား မရှိပါဘူး။ အ သေ ၀နာစပဲ။ ဘိုလိုပြောရရင် “နီဂလက်”လုပ်လိုက်တာပေါ့။ ခရစ်တော်ကို ကားစင်တင်ပြီး လှံနဲ့ထိုးလို့ ကာယိက ဝေဒနာအကြီးအကျယ် ခံစားနေရချိန်မှာ ကောင်းကင်ကိုမော့ပြီး တောင်းဆိုခဲ့ပါတယ်။
 “အဖဘုရားသခင်၊ သူတို့ကို ခွင့်လွှတ်တော်မူပါ၊ သူတို့လုပ်နေကြတာ သူတို့မသိဘူး”။
အခု “ခေတ်ပြိုင်မြန်မာကဗျာ”လို့ အော်နေကြပြီ။ “ခေတ်ပြိုင်”ချင်းပြိုင်ရင် နိုင်ငံတကာ ခေတ်ပြိုင် နဲ့ရင်ဘောင်တန်းစေရမယ်။ အဲဒီအတွက် “နိုင်ငံတကာခေတ်ပြိုင်” International Contempor ary ဆိုတာ
ဘာလဲဆိုတာ လောက်တော့ တီးမိခေါက်မိ သင့်တာပေါ့။ စေတနာနဲ့ ဘာသာပြန်ပေး သူ တွေကို မယုံကြည်ရင်လည်း ကြိုက်ရာ cyber cafe သွား၊ downloadလုပ်၊ ဒုတ်ရှင်နရီနဲ့ ဒဲ့ ဘာသာ ပြန်ပေါ့၊
တိုက်စစ်ပေါ့။ ရိုက်စစ်စရာ မလိုပါဘူး။
အကယ်၍ ကျွန်တော်ဟာ မြန်မာကဗျာ ဆရာတစ်ယောက်ယောက်  (ကဗျာဆရာမလည်း အကျုံး ၀င်ပြီး သားပါ) ကိုဗျူးခွင့်ရရင်အောက်ပါ မေးခွန်းလေးတွေ မေးကြည့်ချင်ပါတယ်။ ကျွန်တော့် ကို ကျွန်တော်လည်း ရံဖန်ရံခါ ပြန်ပြန်မေးနေရတဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။
၁။ ယနေ့မြန်မာကဗျာရှုခင်းမှာ မိမိကိုယ်မိမိ ဘယ်နေရာမှာ နေရာချထားပါသလဲ မိမိနေရာဟာ ဘယ်မှာလဲလို့ သတ်မှတ် ထားပါသလဲ။
၂။ ကဗျာဟာ ကဗျာရေးသူရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေ၊ ခံစားမှုတွေ အကြောင်း လား။
၃။ ကဗျာရေးသူရဲ့ ကဗျာနဲ့ ကဗျာရေးခြင်းအလုပ်ဟာ နေ့စဉ်ဘ၀နဲ့ ဘယ်လိုဆက်စပ်ပါသလဲ။
၎။ အကြမ်းဖျင်းအားဖြင့် ဘယ်သူ့အတွက် ကဗျာရေးတာပါလဲ။
၅။ ကိုယ်ပြောချင်တာ စကားပြေနဲ့ ပြောလို့ ရလျက်နဲ့ ဘာဖြစ်လို့ ကဗျာရေးတာလဲ။
၆။ experiment ကို ကဗျာမှာ ဘယ်လိုနားလည်ထားလဲ။ ကိုယ်တိုင်ရော လုပ်ဖူးသလား။လုပ်ဖူး ရင် ဘာကို ဘယ်လို စမ်းသပ်သလဲ။
၇။ ကဗျာနဲ့ ပတ်သက်လို့ သိမှုဗဟုသုတ knowledge နဲ့ အတတ် skill တို့ကိုသင်ယူတတ် မြောက်ဖို့ လိုတယ် ထင်သလား။ အန္တရာယ် ရှိတယ်ထင်သလား။
၈။ ကဗျာရေးသူဟာ ကဗျာပေါ်မှာရယ်၊ ကဗျာရေးခြင်းပေါ်မှာရယ် တာဝန်ရှိသလား။ရှိရင် ဘာ တာဝန်လဲ။ ဘယ်သူပေးတဲ့ တာဝန်လဲ။
၉။ ကဗျာရေးရင် ဘယ်လိုဘာသာစကားနယ်ပယ်အသုံးအနှုံးတွေပဲ သုံးပြီးဘယ်နယ်ပယ်အသုံး အနှုံးတွေကိုတော့ ရှောင်မယ်ဆိုတာ မျိုးရှိသလား။
၁၀။ ကဗျာရေးရင် ဘာသာစကားနယ်ပယ် အမျိုးမျိုး၊အသုံးအနှုံးအမျိုးမျိုးကို တစ်ဆက်တည်း တွဲသုံးသလား။
၁၁။ ကိုယ်ရေးတဲ့ကဗျာဟာ ပြင်ပလောကကို ထင်ဟပ်သလား။ထင်ဟပ်ရင် ဘာတွေကို ဘယ် လို ထင်ဟပ်သလဲ။ တမင်ထင်ဟပ် အောင်ရေးတာလား။
၁၂။ ပို့စ်မော်ဒန်သီအိုရီအချို့ပြောသလို ကဗျာထဲက စာသားတွေဟာ ပြင်ပကိုမညွှန်းပဲအခြား စာသားတွေ၊ စကားလုံးတွေ၊ အညွှန်းတွေကိုပဲ ပြန်ပြန်ညွှန်းတဲ့အတွက်ကဗျာဟာပြင်ပ လောက ကို မထင်ဟပ်ဘူးဆိုတာ လက်ခံပါသလား။
၁၃။ ကဗျာအမြင်၊ အမျိုးအစား၊ ဗျူဟာ၊ တက္ကနိ စတဲ့ အပြောင်းအလဲတွေဟာကိုယ့်ကဗျာ/ ကိုယ့်ကဗျာရေးခြင်းနဲ့ ပတ်သက်မှုရှိတယ် ထင်ပါသလား။ပတ်သက်ရင် ဘာတွေဘယ်လို ပတ် သက်သလဲ။
၁၄။ ကဗျာတစ်ပုဒ်ရေးရင် ရင်ထဲရှိတာ ရေးချလိုက်တာလား ရွေးချယ်စီမံပြီး                     အစီအစဉ်တကျ ပြုလုပ် ရေးသားတာလား။
၁၅။ ယနေ့မြန်မာကဗျာရှုခင်းကို ဘယ်အတိုင်းအတာအထိ စိတ်ဝင်စားပါသလဲ။
၁၆။ မြန်မာအမျိုးသမီးကဗျာဆရာ(မ)တွေ ဘာကြောင့် နည်းတယ်လို့ ထင်ပါသလဲ။
၁၇။ ယနေ့မြန်မာနဲ့ အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းမှာ ကဗျာရဲ့အခန်းကဏ္ဍက ဘာလို့ ထင်ပါ သလဲ။
၁၈။ ကဗျာဆရာဟာ ကဗျာကလွဲလို့ ကဗျာဝေဖန်ရေး၊ ဆောင်းပါး ဖတ်ညွှန်းစတဲ့ စကားပြေတွေ မရေးရဘူးဆိုတာ လက်ခံပါသလား။
၁၉။ စကားပြေကဗျာကို ဘယ်လိုမြင်ပါသလဲ။ စကားပြေကဗျာ ရေးဖူးလား။
၂၀။ ကိုယ့်ကဗျာကို ဘယ်လိုအမျိုးအစားလို့ အနီးစပ်ဆုံးသတ်မှတ်တာ ရှိသလား။ဘာမှ မသတ် မှတ်ပဲ ဘာအမျိုးအစားလို့မှ မခေါ်ပဲ “ကဗျာ”ဆိုပြီး လွတ်လွတ်လပ်လပ်ရေးသလား။
၂၁။ ကိုယ့်ကဗျာကို ဘာခေါင်းစဉ်၊ ဘာလေဘယ်အောက်မှာမှ မတပ်ထားရင် ကိုယ့်ကဗျာကို ဘာကဗျာအမျိုးအစားလို့ ဘယ်လိုပြောမလဲ။
၂၂။ ကိုယ်ဖတ်ဖူးတဲ့ သူများကဗျာတွေထဲက နည်းအချို့ယူသုံးရင် အဲဒီနည်းတွေရဲ့ နောက်ကွယ်က ကဗျာဗေဒကို သိစရာလိုတယ်လို့ ထင်သလား။ဥပမာ၊ ဆူရီရယ်နိမိတ်ပုံ၊ ကော်လာ့ဂ်ျ စီနည်း၊ ကတ်တလောက်စီနည်း၊ ပါရာတက်တစ်စီနည်း။
၂၃။ နိုင်ငံတကာကဗျာတွေကို မူရင်းဘာသာစကား(ဥပမာ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ တရုတ်) နဲ့  ဖတ်သလား။
၂၄။ နိုင်ငံတကာ ဘာသာပြန်ကဗျာရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်သလဲ။ကဗျာတစ်ပုဒ်တလေ ဘာသာပြန်ဖေါ်ပြတာနဲ့ ကဗျာဗေဒတစ်ခုလုံးမိတ်ဆက်ပေးခြင်းဟာ လက်ရှိ မြန်မာကဗျာပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ် ထင်သလဲ။
၂၅။ နိုင်ငံတကာဘာသာပြန်ကဗျာကို ကိုယ်ရေးတဲ့ကဗျာတွေနဲ့ ယှဉ်ဖတ်သလား။
၂၆။ ကဗျာဆရာက သူရေးတဲ့စာသားကို ကဗျာလို့သတ်မှတ်ရင် ကဗျာဖြစ်တယ်ဆိုတာ လက်ခံသလား။
၂၇။ ကဗျာဟာ လူအများစု ဖတ်တာလည်း မဟုတ်၊ ကြိုက်နှစ်သက်တာလည်း မဟုတ်ပဲနဲ့ ဘာဖြစ်လို့  ကဗျာရေးနေတာလဲ။
၂၈။ ရန်ကုန်အခြေစိုက် ကဗျာဆရာတွေနဲ့ နယ်ကဗျာဆရာတွေကြားမှာကဗျာနဲ့ပတ်သက်လို့ ကွဲပြား ခြားနားချက်တွေ ရှိတယ် ထင်သလား။
၂၉။ ကဗျာ ဆရာဟာ ကိုယ့်ပရိတ်သတ်အတွက်၊ ကိုယ့်ပရိတ်သတ်အကြိုက်ရေးသင့်သလား။
၃၀။ ကဗျာဆုပေးခြင်း၊ ကဗျာဆု ချီးမြှင့်ရွေးချယ်ရေးအဖွဲ့နဲ့ ကဗျာဆု ဆွတ်ခူးရရှိသူတွေကို ဘယ်လိုမြင်သလဲ။
၃၁။ ကဗျာဟာ အပျော်ဖတ်စာပေလား၊ ဖျော်ဖြေရေးထဲ အကျုံးဝင်သလား။
၃၂။ ကိုယ်ရေးတဲ့ကဗျာတစ်ပုဒ်ကို ရေးပြီးသားအခြားကဗျာတွေနဲ့ဖြစ်ဖြစ်၊အခြားတစ် ယောက် ယောက်ရဲ့ ကဗျာတွေနဲ့ဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်သလား။ ကြည့်ရင် ဘာကြောင့် ဘာတွေကြည့်ပြီး မကြည့်ရင် ဘာကြောင့်မကြည့်တာလဲ။
၃၃။ နိုင်ငံရေးစံ၊ နိုင်ငံရေးတန်ဖိုးနဲ့ ကင်းတဲ့ကဗျာဆိုတာ ဘယ်လိုလို့ နားလည်ထားပါသလဲ။
၃၄။ “ခေတ်ပြိုင်”ကဗျာဆိုတဲ့ အသုံးအနှုံးကို လက်ခံရင် အဲဒီအသုံးအနှုံးဟာကဗျာအမျိုးအစား သတ်မှတ်ချက်လား။ ဟုတ်တယ်ဆိုရင် ဘယ်လိုစံနှုံးတွေ သတ်မှတ်ချက်တွေ၊ အင်္ဂါရပ်တွေနဲ့ ကိုက်ညီရင် “ခေတ်ပြိုင်”ကဗျာအမျိုးအစား စာရင်းဝင်သလဲ။မဟုတ်ဘူးဆိုရင် ဘယ်ကဗျာ အမျိုး အစားမဆို ခေတ်ပြိုင်ကဗျာစာရင်းဝင်သလား။
၃၅။ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကဗျာအတိုဖြစ်ဖြစ်၊အရှည်ဖြစ်ဖြစ်၊လုံးချင်းဖြစ်ဖြစ် ရေးဖူးလား၊ ရေးချင်လား၊ ရေးနေလား။
၃၆။ တိုင်းရင်းသား ကဗျာတွေအပေါ် ဘယ်လိုမြင်သလဲ။ တိုင်းရင်းသားတွေရဲ့ဘာသာ စကား အသီးသီးနဲ့ ရေးသားထားတဲ့ ခေတ်ပေါ်ကဗျာတွေ ဖတ်ဖူးလား ” မြန်မာခေတ်ပေါ်ကဗျာ”ဟာ တိုင်းရင်းသားတွေနဲ့ သူတို့ကဗျာတွေကိုရော ကိုယ်စားပြုသလား။
၃၇။ ကဗျာဟာ အမှန်တရားကို ဖေါ်ပြတယ်လို့ ထင်ပါသလား။ထင်ရင် ဘယ်အမှန်တရားကို ဘယ်လိုဖေါ်ပြပါသလဲ။
၃၈။ ဘယ်လိုပဲတွေ့ကြုံခံစားသည်ဖြစ်စေ၊ အဲဒါကို ဘာသာစကားနဲ့ တဆင့်ခံပြီး ပြန်လည်ရေး သားရတဲ့အတွက် အဲဒီအရေးအသားဟာ မူလတွေ့ကြုံခံစားချက်အတိုင်း စစ်မှန်ပါဦးမလား။
၃၉။ ကိုယ်ကဗျာရေးရင် အကြောင်းအရာကို ဦးစားပေးပြီးရေးသလား။ ရေးနေစဉ်မှာ ဘာသာ     စကားသုံးစွဲပုံပေါ် သတိပြု/ဂရုစိုက် သလား။ ဘာသာစကားက မထင်မှတ်ပဲ ဆွဲခေါ်သွားတာမျိုး ကြုံဖူး သလား။ အဲသလိုဆို ဘာလုပ်သလဲ။
၄၀။ ကိုယ်ရေးချင်တဲ့အကြောင်းအရာဆီကိုပဲ ဦးတည်ရေးတဲ့ စမသိကခအအခြေပြုနဲ့ချရေးလိုက်တဲ့ ပထမလိုင်းကနေ တစ်လိုင်းပြီး တစ်လိုင်းဆက်စပ်ဖြစ်ပေါ်လာပုံကို သတိပြုပြီးရေးတဲ့ process အခြေပြုမှာ ဘယ်ဟာကို ပိုအားသန်ပြီး ပိုကြိုက်နှစ်သက်သလဲ။
၄၁။ Procedural Poetry ဆိုတဲ့ ဖွဲ့စည်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး အဲဒီ စည်း မျဉ်း စည်းကမ်းတွေ မသွေဖီပဲ ရေးတာမျိုးရှိပါသလား။
၄၂။ကိုယ်ရေးပြီးတဲ့ကဗျာကို ပြင်လေ့ရှိသလား။ ပြင်ရင်ဘာတွေကိုဘာကြောင့်ပြင်သလဲ။ ပြင်လိုက်ရင်မပျက်သွားဘူးလား။
၄၃။ ကိုယ့်ကဗျာနဲ့ ၂၀ ရာစုမြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းနဲ ဘယ်လို ပတ်သက် တယ်လို့ ထင်သလဲ။၂၁ ရာစုမြန်မာကဗျာ ရှုခင်းမှာ ကိုယ့်ကဗျာကို ဘယ်လိုမြင်သလဲ။
၄၄။ modernismလို ရာစုနဲ့ချီပြီးပြုလုပ်ဖန်တီးထားတဲ့ အနုပညာနဲ့ နည်းအားလုံးကို အကုန်စွန့် ပယ်ပြီး ပစ္စည်းအသစ်၊ နည်းအသစ်တွေ ပြုလုပ်ဖန်တီးဖို့ စိတ်ကူးရှိသလား။
၄၅။ ၁၉၇၀ ကနေစတွက်ရင် အခု ၂၀၁၀ အထိ နှစ်၄၀အတွင်းမဂ္ဂဇင်းအသီးသီးမှာ ဖေါ်ပြပါရှိတဲ့ကဗျာတွေရဲ့ အပြေင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်ဖတ်ရှုခဲ့ရပါပြီ။ အဲဒီ နှစ်၄၀အတွင်းမဂ္ဂဇင်းကဗျာတွေဟာ တက္ကသိုလ်အသီးသီးမှာ ရှိကြတဲ့ မြန်မာစာဌာနရဲ့ သင်ရိုးညွှန်း တမ်းတွေထဲ ပါသင့်ပြီလို့ ထင်သလား။
၄၆။ အခု”ခေတ်ပေါ်”ကဗျာလို့ ခေါ်ဝေါ်သတ်မှတ်ကြတဲ့ ကဗျာသက်တမ်းဟာ နှစ် ၄၀ ထဲရောက် ခဲ့ပေမယ့် တရားဝင် အသိအမှတ်ပြု မခံရသေးတဲ့အတွက် အခုထိ “အပယ်ခံ” ကဗျာ ဖြစ်နေ သေးတယ်လို့ ထင်သလား။
၄၇။ အချို့လူကြီးတွေက ခေတ်ပေါ်ကဗျာဟာအချိန်တန်ရင် ပျက်သွားပြီး အစဉ်အလာ ကဗျာ တွေပြန်လည် ဦးမော့လာမယ်လို့ ထင်ကြပါတယ်။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။
၄၈။ “ခေတ်ပေါ်”ကဗျာကို “ခေတ်ပြိုင်”ကဗျာနဲ့ အစားထိုးတာဟာ “ခေတ်ပေါ်”ကဗျာ “ပြီး” သွားပြီလို့ သွယ်ဝိုက်ဆိုလိုတာလား။ ဒါမှမဟုတ် “ခေတ်ပေါ်”ကဗျာဟာ “ခေတ်ပြိုင်” ကဗျာဖြစ် တယ်ဆိုရင်
“ခေတ်ပြိုင်” ကဗျာလို့ ခေါ်စရာ လိုလို့လား။ “ခေတ်ပြိုင်”ကဗျာဟာ “ခေတ်ပေါ်”က ဗျာနဲ့  မတူလို့ သီးခြားအခေါ်အဝေါ်၊ သီးခြားခေါင်းစဉ်၊ သီးခြားလေဘယ်၊ သီးခြားနာမ၀ိသေ သန တပ်ရတာဆိုရင် လည်း ဘာတွေကွဲပြားခြားနားလို့လဲ။
၄၉။ “ကဗျာပြီးဆုံးသွားပြီ”ဆိုတဲ့ အတွက် ကဗျာဆက်ရေးစရာ လိုသေးလား။အဲဒီ “ပြီးဆုံးသွား ပြီ” ကို ဘယ်လို လက်ခံနားလည်သလဲ။
၅၀။ ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာနဲ့ ပုံသဏ္ဌာန်(ဖွဲ့စည်းတည်ဆောက်မှု အားပြိုင်ပွဲမှာ ဘယ်ဘက်က အလေးသာတယ်လို့ ထင်သလဲ။
၅၁။ ၂၀ ရာစုမြန်မာကဗျာပေါင်းချုပ်စာအုပ်မှာ ကဗျာဆရာ/ဆရာမ လူပုဂ္ဂိုလ်၁၀ယောက်ပဲပါရမယ်ဆိုရင် ဘယ်သူတွေ ပါသင့်တယ် ထင်သလဲ။ ၅ ယောက်ပဲ ပါသင့်တယ်ဆိုရင် ကော ဘယ်သူတွေဖြစ်မလဲ။
၅၂။ ၂၁ ရာစု ပထမဆယ်စုနှစ်အတွင်း မြန်မာကဗျာရှုခင်းမှာ ထူးခြားထင်ရှားတာတွေ ရှိပါ သလား။
ဘာမှမထူးခြားတဲ့ ပြားချပ်ချပ် ဆယ်စုနှစ်လား။ ၂၁ ရာစု မဟုတ်ပဲ ၂၀ ရာစုရဲ့ နောက် ဆက်တွဲလား။
၅၃။ ကဗျာလစဉ် မဂ္ဂဇင်းသီးသန့် ရှိသင့်တယ်လို့ ထင်သလား။ ရှိသင့်တယ် ထင်ရင် အခုထိ ဘာ့ ကြောင့် မရှိသေးတာလို့ ထင်သလဲ။
၅၄။ ကဗျာတစ်ပုဒ်ထဲမှာ ခံစားချက် ပါ/မပါ ဘယ်လို တိတိ ကျကျ ပြောနိုင်သလဲ။
၅၅။ ခံစားချက်အခြေပြုကဗျာမျိုးရေးတယ်ဆိုရင် အဲဒီကဗျာထဲ ကိုယ့်ခံစားချက် ထည့်သွင်းရေး သား ဖေါ်ပြတာလား။ ဒါမှမဟုတ် ဖတ်သူမှာ အဲသလို ခံစားချက်မျိုး ဖြစ်လာအောင် ဖွဲ့စည်းပြု လုပ်တာလား။
၅၆။ ကဗျာရေးတဲ့အခါ သဒ္ဒါနဲ့ ၀ါကျဖွဲ့ထုံးကိစ္စတွေကို အလေးထားသလား။
၅၇။ ကဗျာရေးဖို့ အချိန်သပ်သပ်ပေးတာမျိုး၊ ထားတာမျိုး ရှိသလား။
၅၈။ ကဗျာဟာ ကိုယ့်ဘ၀ထက်ပိုကြီးမားတယ်လို့ ထင်သလား။
၅၉။ ကဗျာနဲ့ပတ်သက်လို့ “အစစ်အမှန်”တို့”ဆီမီး”တို့”အတုအယောင်”တို့ ပြောဆိုနေကြတာကို ဘယ်လိုမြင်သလဲ။
၆၀။ ကဗျာရေးရင် တစ်ပုဒ်ပုဒ်ကို model နမူနာပုံစံအဖြစ် ထားရှိပြီး ရေးသလား။ လုံးဝမထားပဲ ရေးသလား။
၆၁။ ကဗျာနဲ့ ပတ်သက်လို့ “ကိုယ်ပိုင်” ဆိုတဲ့ အသုံးအနှုံးကို ဘယ်လိုမြင်သလဲ။
၆၂။ကိုယ်ရေးတဲ့ကဗျာဟာစကတည်းကဘာရေးချင်တယ်ဆိုတာသိလို့ချရေးလိုက်တာလား၊ ရေးရင်းရေးရင်းနဲ့ ဘာဖြစ် လာမယ်ဆိုတာ စူးစမ်းပြီး ရေးသွားတာလား။
၆၃။ ကိုယ်ရေးတဲ့ ကဗျာမှာ အနုပညာနဲ့ အတတ်ပညာဟာ အချိုးအစားဘယ်လို ရှိတယ်ထင်သ လဲ။
    ၉၀း၁၀ လား၊ ၅၀း၅၀ လား၊ စသဖြင့်။
၆၄။ အင်တာနက်မှာ တင်ထားတဲ့ မြန်မာကဗျာတွေ ဖတ်သလား။
၆၅။ ယနေ့မြန်မာကဗျာဟာ နိုင်ငံတကာကဗျာနဲ့ တန်းတူအဆင့် ရှိတယ်လို့ ထင်သလား။ နိုင်ငံ တကာ ကဗျာထက် သာတယ်လို့ ထင်သလား။ ဘာကြောင့် ပြောနိုင်လဲ။
၆၆။ ယနေ့မြန်မာကဗျာရှုခင်းကို ဘယ်လိုမြင်ပြီး ဘယ်လိုလားရာတွေ၊ လမ်းကြောင်းတွေ ပေါ် လာမယ်လို့ ထင်သလဲ။
- ဇေယျာလင်း
ဗီဆွာဗါ ရှင်မ်ဘော်စကာ (1923 – 2012)
၁၉၉၆ စာပေနိုဘဲလ်ဆုရပိုလန်ကဗျာဆရာမ ဗီဆွာဗါ ရှင်မ်ဘော်စကာ Wislawa Szymborska ဟာ ပိုလန်နိုင်ငံ Krakow ကရာကောဝ် မြို့မှာပဲ ဖေဖေါ်ဝါရီ ၁ ၊ ၂၀၁၂ မှာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပါပြီ။
ရှင်မ်ဘော်စကာဟာ ၁၉၂၃ မှာ ပိုလန်အနောက်ပိုင်းကမြို့လေးတစ်မြို့မှာ ဖွားမြင်ပါတယ်။ အသက် ၈နှစ်အရွယ်မှာ မိသားစုနဲ့ ကရာကောဝ်မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၁၉၄၅ ကနေ ၁၉၄၈ အထိ Jagellonian University မှာပိုလန်စာပေအနုပညာနဲ့ လူမှုဗေဒ ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးကဗျာဖြစ်တဲ့ `I am Looking for a Word´ `စကားလုံးတစ်လုံးကို မိမိ ရှာဖွေနေ တယ်´ ဟာ Dziennik Polski နေ့စဉ်သတင်းစာမှာ ဖေါ်ပြပါရှိခဲ့ပါတယ်။
၁၉၅၃ ကနေ ၁၉၈၁ အထိ ကရာကောဝ်စာပေအပတ်စဉ်ဖြစ်တဲ့ Zycie Literackie မှာ အယ်ဒီတာနဲ့ ပင်တိုင်ဆောင်းပါးရှင်အ ဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ တက္ကသိုလ်တက်နေစဉ်မှာပဲ ကရာကောဝ်စာပေအသိုင်းအ၀ိုင်းဝင်တွေနဲ့အတူ ၁၉၈၀ စာပေနိုဘဲလ်ဆုရ ပိုလန် ကဗျာ ဆရာကြီး ချက်ရှ်လော် မီလော့ရှ် Czeslaw Milosz နဲ့ ပထမဦးဆုံးအကြိမ်တွေ့ရှိခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး လုံးချင်းကဗျာ စာအုပ်ကို ၁၉၅၂မှာ ထုတ်ဝေခဲ့ပြီး သူမ မကွယ်လွန်ခင်အထိလုံးချင်း ကဗျာစာအုပ်ပေါင်း ၁၅ အုပ်ထက်မနည်း ထုတ်ဝေခဲ့ပါတယ်။ ၁၉၉၁ မှာ Goethe ဆု ၊ ၁၉၉၅ မှာ Herder ဆု ၊ ၁၉၉၅ မှာ Poznan University ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် စာပေအနုပညာ ဒေါက်တာဆု ၊ ၁၉၉၆ မှာ Polish Pen Club ဆုနဲ့ ၁၉၉၆မှာပဲ စာပေ Nobel ဆုတို့ဆွတ်ခူးရရှိခဲ့ပါတယ်။
ရှင်မ်ဘော်စကာရဲ့ ဘ၀မှာ ၂၀ရာစုရဲ့ ပိုလန်နိုင်ငံသမိုင်းဖြတ်သန်းမှုတွေကြုံခဲ့ရပါတယ်။ ၁၉၃၉ မှာ နာဇီဂျာမနီအောက်ရောက် ခဲ့ရတဲ့ ပိုလန်။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်အင်ပါယာရဲ့ လက်အောက်ခံကွန်မြူနစ်တိုင်းပြည်ပိုလန်။ ဒီမိုကရေစီလှုပ်ရှားမှုဖြစ်တဲ့ Solidarity ကာလနဲ့ နောက်ပိုင်းမာရှယ်လော။ သူမဟာ ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ဘူးပါတယ်။ ကဗျာဝေဖန်ရေးဆရာ Edward Hirsch နဲ့ အင်တာဗျူး (၁၉၉၆) တစ်ခုမှာ သူမပြောခဲ့တာက ––
“ကျွန်မငယ်တုန်းက ကွန်မြူနစ်ဝါဒကို ယုံကြည်ခဲ့ပါတယ်။ ကမ္ဘာကြီးကို ကွန်မြူနစ်ဝါဒကတစ်ဆင့် ကယ်တင်ချင်ခဲ့တယ်။ မကြာခင်မှာပဲသိလိုက်ရပါတယ် ၊ ဒီဝါဒနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတာ။ ဒါပေမယ့် ဒီဝါဒကို ကျွန်မတစ်ချိန်တုန်းက ယုံကြည် ခဲ့တယ်ဆိုတာကို မဖုံးကွယ်ချင်ပါဘူး။´´
၁၉၆၆မှာ ကွန်မြူနစ်စနစ်ကို ဝေဖန်တိုက်ခိုက်တဲ့ ပိုလန် ဖီလော်ဆော်ဖါဖြစ်သူ Leszek Kolakowski ကို အာဏာပိုင်တွေက အရေးယူလိုက်တဲ့အခါ ရှင်မ်ဘော်စကာဟာ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ သူမရဲ့ ပါတီဝင်ကဒ်ပြားကို ပြန်အပ်လိုက်ပါတယ်။ ပိုလန်နိုင်ငံရဲ့ Solidarity ဒီမိုကရေစီလှုပ်ရှားမှုကာလမှာလည်း သူမဟာ တမင်ကို မထင်ပေါ်အောင်နေခဲ့ပါတယ်။
သူမရဲ့ ပထမအိမ်ထောင်ဟာ မတည်မြဲခဲ့ပါဘူး။ လင်ဖြစ်သူ ကဗျာဆရာ Adam Wlodek နဲ့ ကွာရှင်းခဲ့ပြီး စာရေးဆရာ Kornel Filipowicz နဲ့အတူ ၁၉၉၀ မှာ ကွယ်လွန်သွားတဲ့အထိတစ်သက်လုံးအတူနေသွားခဲ့ပါတယ်။
၁၉၉၆ စာပေနိုဘဲလ်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့ဖြစ်တဲ့ Swedish Academy ဟာ ရှင်မ်ဘော်စကာရဲ့ ကဗျာကို အောက်ပါ အကြောင်းကြောင့်ရွေးချယ်တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
`ပြောနေတာနဲ့ဆိုလိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင်တိကျတဲ့သူမရဲ့ ကဗျာတွေမှာ လူဖြစ်မှု အရှိတရားအပိုင်းအစတွေထဲက နေပဲ သမိုင်းနဲ့ ရှင်သန်မှုဆိုင်ရာ ဆက်စပ်ဝန်းကျင်တွေပေါ်ထွက်လာကြတာဖြစ်တယ်။´
ပိုလန်ကဗျာဝေဖန်ရေးဆရာ Jerzy Jarzebski အလိုအရ ရှင်မ်ဘော်စကာဟာ `intellectual poet´ `ဥာဏ်ရည်ကို ဦးစား ပေးတဲ့ကဗျာဆရာမ´ ဖြစ်ပြီး `ကမ္ဘာကြီးကို ကဗျာက တစ်ဆင့်စဉ်းစားတာဖြစ်တယ်။´ ဒါပေမယ့် ၊ တစ်ချိန်တည်းမှာပဲ ၊ သူမရဲ့ ကဗျာ တွေဟာ သာမန်ကဗျာဖတ်သူအတွက် ခေါင်းရှုပ်အောင်ရေးတဲ့ ပုံမျိုးမဟုတ်ဘူး။
ဂါးဒီးယန်းသတင်းစာရဲ့ စာပေကဏ္ဍမှာ ဖေါ်ပြပါရှိတာကတော့ ––“သူမရဲ့ လက်ဦးကဗျာတွေဟာ ဆိုရှယ်လစ်ရီယယ်လစ် ဇင်မ် ဟန်လွှမ်းမိုးခဲ့ပေမယ့် ၁၉၅၆ နောက်ပိုင်းမှာ သူမရဲ့ ကွန်မြူနစ်ဝါဒ အပေါ်မယုံကြည်မှု များလာတာနဲ့အမျှ ဒီရေးဟန်ကို သူမစွန့် လွှတ်ခဲ့တာတွေ့ရပါတယ်။ ၁၉၆၂ မှာ ထုတ်တဲ့ `Salt´ ခေါင်းစဉ်နဲ့ ကဗျာစာအုပ်မှာ ဆိုရင် သမိုင်း အဖြစ်အပျက်တွေနဲ့ ပုဂ္ဂလိက အတွေ့အကြုံတွေကို ironic (ပြောဟန်နဲ့ အဓိပ္ပါယ်ဆန့်ကျင်နေကြတဲ့) free verse နဲ့ရေးထားတဲ့ကဗျာတွေပါရှိပါတယ်။´´
Poetry Foundation မှာ တွေ့ရတာကတော့ ––“ ရှင်မ်ဘော်စကာရဲ့ ကဗျာတွေထဲမှာ ကဗျာပရိသတ်မကြာခဏတွေ့ရှိကြ တာဟာ ဇ၀နဥာဏ် ၊ irony ၊ နဲ့ ရိုးစင်းသယောင်ရေးသားပြုလုပ်ထားမှုဖြစ်တယ်။ သမိုင်းနောက်ခံပြုပြီး အိမ်တွင်းရေးအချက်အလက် လေးတွေနဲ့ အဖြစ်အပျက်တွေကို ဆန်းစစ်ထားတာတွေ့ရတယ်။ `The End and the Beginning ´`အဆုံးနဲ့အစ´ဆိုတဲ့ ကဗျာမှာ `စစ်ပွဲကြီးတစ်ပွဲပြီးဆုံးတိုင်း/တစ်ယောက်မဟုတ်တစ်ယောက်ဟာ လှည်းကျင်းရှင်းလင်းရတော့တာပါပဲ´ လို့ပါရှိပါတယ်။ စစ်ပွဲနဲ့ အိမ်တွင်းမှုသန့်ရှင်းရေးတို့ကို တွဲချိတ်ထားတာတွေ့ရပါတယ်။
၁၉၈၀စာပေ နိုဘဲလ်ဆုရ ပိုလန်ကဗျာဆရာကြီးချက်ရှ်လော် မီလော့ရှ်က သူမရဲ့ ကဗျာတွေဟာ မနှစ်မြို့စရာ ကဗျာတွေဖြစ် တယ်လို့ဆိုပါတယ်။ ကဗျာတွေဟာ မနှစ်မြို့စရာကောင်းတာတွေလို့ပြောတာမဟုတ်ပါဘူး။ မနှစ်မြို့စရာအကြောင်းတွေရေးသားထားတဲ့ ကဗျာတွေလို့ဆိုလိုတာဖြစ်ပါတယ်။ သူမရဲ့ ကဗျာတွေကို ဆင်မြူရလ် ဘက်ကစ်တ်ရဲ့ စိတ်ပျက်/စိတ်ဓါတ်ကျ/မှောင်မိုက်တဲ့အမြင်နဲ့ ပမာတင်စားပြောထားပါတယ်။ တစ်ချိန်တည်းမှာပဲ၊ သူမရဲ့ ကဗျာတွေဟာ အသက်ရှူလို့ရသေးတဲ့ ကမ္ဘာလောကကို တင်ပြတယ်လို့ ဆိုပါတယ်။
New York Times Book Review ပင်တိုင်ဆောင်းပါးရှင်ဖြစ်တဲ့ Stanislaw Baranczak ကတော့“ ရှင်မ်ဘော်စကာရဲ့ ကဗျာ တွေအခြေတည်ထားတာဟာ ဘက်နှစ်ဘက်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်ပါတယ်။ အကြောင်းအရာ ကိစ္စတစ်ခုပေါ်မှာ တိုက်ရိုက်အဆို ထုတ်ပြောတာဖြစ်စေ စောင်းပါးရိပ်ခြည်ထင်မြင်ချက်ပေးတာဖြစ်စေနဲ့ အဲဒီအဆိုဖြစ်စေထင်မြင်ချက်ဖြစ်စေရဲ့ မှန်ကန်မှုကို သံသယဖြစ် စေအောင် မေးခွန်းထုတ်တာပဲဖြစ်ပါတယ်။ အဲသလို ထိပ်တိုက်တွေ့ဆုံမှုမျိုးဖြစ်ပါတယ်။´´ ရှင်မ်ဘော်စကာရဲ့ ကဗျာတွေထဲမှာ အများ အလွယ်တကူလက်ခံထားတဲ့ အဆိုတွေ ၊ ထင်မြင်ချက်တွေကို ပြန်စဉ်းစားဝေဖန်သုံးသပ်စေလိုတဲ့ စေတနာကို တွေ့ရပါတယ်။
ရှင်မ်ဘော်စကာကိုယ်တိုင်သူမရဲ့ ကဗျာအကြောင်း သူမပြောပြတာကတော့ ––“ကျွန်မနိုင်ငံရေးကဗျာဆရာမ မဟုတ်ပါဘူး။ ကွန်မြူနစ်စနစ်အောက်မှာ နေခဲ့ရတော့ ကိုယ်ရေးကိုယ်တာကိစ္စဟာလည်း နိုင်ငံရေးသဘောသက်ဝင်သွားနိုင်တယ်ဆိုတာကိုတော့ မငြင်းပါဘူး။ . . . . ကျွန်မကဗျာဆရာမဘ၀ခံယူစက လူသားထုကို ကျွန်မချစ်ခဲ့ပါတယ်။ လူသားထုအတွက် အကျိုးရှိတာတစ်ခုခု ကျွန်မလုပ်ပေးချင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ကျွန်မသဘောပေါက်သွားပါတယ် ၊ လူသားထုကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ လူသားထုကိုချစ်ဖို့လည်းမလိုပါဘူး ၊ လူတွေကို ကြိုက်နှစ်သက်ဖို့ပဲလိုပါတယ်။ ချစ်တာမဟုတ်ဘူးနော် ၊ ကြိုက်နှစ်သက်ဖို့ပဲ။ ကျွန်မရဲ့ လူငယ်ဘ၀ရဲ့ ခက်ခဲတဲ့ တွေ့ကြုံမှုတွေကနေ ဒီသင်ခန်းစာကို ရရှိခဲ့တာဖြစ်ပါတယ်။´´ သူမကိုယ် သူမနိုင်ငံရေးကဗျာဆရာမ မဟုတ်ဘူး လို့ပြောပေမယ့် သူမရဲ့ ကဗျာတွေထဲမှာ ပိုလန်နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းဖြတ်သန်းမှုတွေ တွေ့ရပါတယ်။ ၁၉၅၇ မှာ ထုတ်ဝေတဲ့ `Calling Out to Yeti ´ `ယက်တီကို လှမ်းခေါ်ခြင်း´ ကဗျာစာအုပ်မှာ သူမဟာ ကွယ်လွန်သွားတဲ့ ဆိုဗီယက်အာဏာရှင် စတာလင်ကို ယက်တီဆိုတဲ့ ဒဏ္ဍာရီလာကြောက်မက်ဖွယ်ရာ နှင်းခဲလူသားနဲ့ နှိုင်းယှဉ်ရေးသားခဲ့တာတွေ့ရပါတယ်။ စတာလင်ရဲ့ ကွန်မြူနစ်အင်ပါ ယာအောက်မှာ လူသားလွတ်လပ်ခွင့်နဲ့ အနုပညာလွတ်လပ်ခွင့်တို့ ပျောက်ဆုံးရခြင်းကို ဆန့်ကျင်ရေးသားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာ ထဲကပြောနေသူဟာ ဟိမ၀ံတာ တောင်ထိပ်မှာရပ်ပြီး ယက်တီကို လှမ်းခေါ်ပြောဆိုနေတာဖြစ်ပါတယ်––
`ယက်တီ ၊ ရာဇ၀တ်မှုတွေပဲ
ငါတို့ဆီမှာ ရှိတာမဟုတ်ဘူး။
ယက်တီ ၊ စကားလုံးတိုင်းဟာ
သေမိန့်မဟုတ်ဘူး။´
ရှင်မ်ဘော်စကာဟာ ဟစ်တလာရဲ့ နာဇီဂျာမနီနဲ့ စတာလင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွန်မြူနစ်စနစ်တွေကိုသာ ဆန့်ကျင် တိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ နယ်ချဲ့အမေရိကန်တွေ မွှေးလိုက်တဲ့ ဗီယက်နမ်စစ်ပွဲကိုလည်း လက်မရှောင်ခဲ့တာတွေ့ရပါတယ်။
ဗီယက်နမ်
“ဟေ့ ၊ ဟာမ ၊ မင်းနာမည်ဘာလဲ´´ “မသိဘူး´´
“မင်းအသက်ဘယ်လောက်ရှိပြီလဲ´´ “မသိဘူး´´
“ဘာဖြစ်လို့ မင်းဒီမြေတွင်းကိုတူးတာလဲ´´“မသိဘူး´´
“မင်းဒီမှာ ပုန်းအောင်းနေတာဘယ်လောက်ကြာပြီလဲ´´ “မသိဘူး´´
“မင်းဘာကြောင့် ငါ့ လက်ချောင်းကို ကိုက်တာလဲ´´ “မသိဘူး´´
“မင်းကို ငါတို့ အန္တရာယ်မပြုဘူးဆိုတာ မင်းမသိဘူးလား´´ “မသိဘူး´´
“မင်းဘယ်သူ့ဘက်ကလဲ´´ “မသိဘူး´´
“ဒါဟာ စစ်ပဲ ၊ မင်းဘက်လိုက်ရလိမ့်မယ်´´ “မသိဘူး´´
“မင်းရွာရှိသေးလား´´ “မသိဘူး´´
“ဒါမင်းရဲ့ ကလေးတွေလား´´ “ဟုတ်တယ်´´။
ရှင်မ်ဘော်စကာဟာ ပြင်သစ်ကဗျာတွေကို ဘာသာပြန်ခဲ့သလို သူမရဲ့ ကဗျာတွေကိုလည်း အင်္ဂလိပ် ၊ ဂျာမန် ၊ ဆွီဒင် ၊ အီတာလျံ ၊ ဒိန်းမတ်က် ၊ ဟေဗြူး ၊ ဟန်ဂေရီ ၊ ချက် ၊ ဆလိုဗက် ၊ ဆာဗို -ခရိုအေးရှင်း ၊ ရိုမေးနီးယား ၊ ဘူလ်ဂေးရီယား အပါအ၀င် ဘာသာအသီးသီးသို့ပြန်ဆိုထားတာတွေရှိပါတယ်။ မြန်မာဘာသာပြန်အပါအ၀င်ပေါ့။
ရှင်မ်ဘော်စကာရဲ့ မူရင်း ပိုလန်ကဗျာကို Stanislaw Baranczak နဲ့ Clare Cavanagh တို့ အင်္ဂလိပ်ဘာသာပြန်လိုက်တဲ့ ` true love ´ ကဗျာကို ကိုကိုသက် မြန်မာမှုပြုထားတာ ဖေါ်ပြလိုက်ပါတယ်။
အချစ်စစ်
အချစ်စစ်တဲ့ ၊ ပုံမှတ်မှဟုတ်ရဲ့လား
အလေးအနက်လား ၊ လက်တွေ့ရောကျရဲ့လား
နှစ်ယောက်တည်းတစ်ကမ္ဘာလုပ်နေတဲ့ လူနှစ်ယောက်က
ဒီကမ္ဘာကြီးကို ဘာပေးနိုင်မှာတဲ့တုန်း။
အကြောင်းပြချက် ခြေခြေမြစ်မြစ် မရှိတဲ့
မဏ္ဍပ်တိုင်ထူလိုက်ကြ
သန်းပေါင်းများစွာထဲက တစ်ယောက်ကို စုံလုံးကန်း ရွေးလိုက်ပြီးမှ
ဒါဟာ ဒီလိုပဲဖြစ်ရမယ်လို့ ယုံကြည်လိုက်ကြ
ဘာအတွက်လဲ – သဲထဲရေသွန်။
ရုတ်တရက် သက်ဆင်း လာတဲ့ အလင်းတန်း။
ဘာကြောင့် တခြားသူတွေပေါ်မကျဘဲ ဒင်းတို့ နှစ်ယောက်ပေါ်ကျ
ဒါဟာ တရားမျှတမှုကို ပါးချတာမဟုတ်လား – ဟုတ်ပါ့။
ဒါဟာ ကျားကုတ်ကျားခဲ ထူထောင်ခဲ့ရတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာ ၊
အထွဋ်အထိပ် ရောက်ပြီးသား ကျင့်ဝတ်တွေကို လွင့်ပစ်တာ –
ဒါတွေအားလုံးဟုတ်။
အဲဒီစုံတွဲ သဲနေပုံကိုကြည့်။
သိုသိုသိပ်သိပ်မနေနိုင်ကြဘူးလား
သူငယ်ချင်းတွေကို စာနာစိတ်နဲ့ စိတ်ဓါတ်ကျချင်ယောင်ဆောင် မနေသင့်ဘူးလား။
နားထောင်ကြည့် ဒင်းတို့ ရယ်သံကိုက – စော်ကားမော်ကား။
ဒင်းတို့ပြောတဲ့စကားတွေက ရိုးလွန်းလို့ ယုံနိုင်စရာမရှိ။
ဒင်းတို့ရဲ့ အသေးအမွှားပျော်ပွဲတွေ ၊ အပရိက ထုံးတမ်းစဉ်လာတွေ ၊
အပိုဆာလား အပြန်အလှန် နိစ္စဓူဝတွေ –
သေချာတာက အချစ်စစ်ဆိုတာ လူသားမျိုးနွယ်ရဲ့ နောက်ကြောက ကလိန်ခြုံမှု။
လူတိုင်းသာ သူတို့လို အတုမြင်အတတ်သင်ဖြစ်ကုန်ရင် ဒုက္ခ
တွေးတောင်မတွေးရဲ။
ဘာသာတရားနဲ့ ကဗျာကို ဘယ်ပေါ်သွားထားမလဲ။
ဘာတွေကိုတသ ၊ ဘာတွေကို စွန့်ပစ်ရမှာလဲ ၊
ဘယ်သူတွေကများ အနှောင်အဖွဲ့တွေကြား နေချင်ပါတော့မလဲ။
အချစ်စစ်တဲ့ ၊ တကယ် လိုအပ်လို့လား။
အရှက်ကွဲမှုတစ်ခု ဘ၀ရဲ့အမြင့်ဆုံး အသိုင်းအ၀ိုင်းတွေထဲ
လူသူမသိ ကျော်ဖြတ်သွားပုံမျိုး
လိမ္မာရေးခြားရှိမှုနဲ့ ၊ လူပိန်းတွေးတွေးမှုက အချစ်စစ်ကို ဖြတ်ကျော်ဖို့
ငါတို့ကို ပြောတယ်။
ခြောက်ပြစ်ကင်း သားသမီးရတနာလေးတွေမွေးဖို့ အချစ်စစ်မလို။
အချစ်စစ် ဆိုတာ ဒုလ္လဘမို့
သူ့အားကိုးနေရင် နောင်နှစ်တစ်သန်းလည်း ကမ္ဘာ့လူဦးရေ တိုးတက်မှာမဟုတ်။
အချစ်စစ်ကို မကြုံဖူးတဲ့လူတွေ
အချစ်စစ်ဆိုတာ လောကမှာ မရှိဘူးလို့ပြောကြပါစေ။
အဲဒီလိုယုံတော့ သူတို့တွေ အနေဖြောင့် အသေဖြောင့်တာပေါ့။ ။
- ဇေယျာလင်း
ကဗျာနဲ့ ကဗျာဗေဒ
            ကဗျာကို ဘာသာစကားနဲ့ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းလို့ယူရင် ကဗျာဗေဒဟာ အဲဒီအနုပညာပစ္စည်းဖြစ်တဲ့ ကဗျာဆိုင်ရာ သိမှုအစုအဝေးထဲမှာ ကဗျာဆိုတာဘာလဲ၊ ဘယ်လိုအရာကိုကဗျာလို့ခေါ်လဲ၊ ကဗျာရဲ့စရိုက်လက္ခဏာတွေဟာဘာလဲ၊ ကဗျာကိုဘယ်လို ရေးတယ်၊ ကဗျာကိုဘယ်လိုဖတ်တယ်၊ ကဗျာရေးဖို့ဘာတွေကစေ့ဆော်လဲ၊ ကဗျာရေးခြင်းဖြစ်စဉ်ဟာ ဘယ်လိုရှိတယ်၊ ကဗျာဟာလူ့အဖွဲ့ အစည်းထဲမှာ ဘယ်လိုအနေအထားမျိုးနဲ့တည်ရှိလဲ၊ ကဗျာဟာ အခြားဘယ်နယ်ပယ်တွေနဲ့ဘယ်လိုဆက်နွယ်လဲ၊ ကဗျာအမျိုးအစားတွေ ဘယ်လိုကွဲပြားလဲ၊ ခေတ်အဆက်ဆက်မှာ ကဗျာဟာဘယ်လိုပြောင်းလဲလာလဲ၊ ဘာကြောင့်ပြောင်းလဲလဲ၊ ဘာတွေပြောင်းလဲလဲ စသည် ဖြင့်တို့ ပါဝင်ကြပါတယ်။
            ကဗျာနဲ့ ကဗျာဗေဒဟာ အမြဲယှဉ်တွဲဖြစ်ပေါ်နေသလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတဲ့ ဆက်နွှယ်မှုသဘောလည်းရှိကြပါတယ်။ ကဗျာနဲ့ ကဗျာဗေဒမှာ ဘယ်သင်းဟာအရင်လာတယ်ဆိုတာကတော့ ဒီဆောင်းပါးနဲ့မဆိုင်တဲ့မေးခွန်းပါပဲ။ ကဗျာရေးသူမှာပဲဖြစ်ဖြစ်၊ ကဗျာဖတ်သူမှာပဲဖြစ်ဖြစ်၊ ကဗျာဝေဖန်သူမှာပဲဖြစ်ဖြစ် သူ့ကဗျာဗေဒနဲ့သူရှိကြပါတယ်။ ကဗျာဗေဒဆိုတာဟာလည်း တစ်ယောက်နဲ့ တစ်ယောက် အတိုင်းအဆချင်း၊ အတိမ်အနက်ချင်း ကွာခြားချင်တိုင်းကွာခြားလို့ရတဲ့ သိမှုဖြစ်ပါတယ်။ အရွယ်ရောက်သူဘယ်သူမဆို ကျောင်းနေဖူးသူဘယ်သူမဆို ကဗျာနဲ့ဖြစတ်သန်းခဲ့ဖူးသူချည်းသာဖြစ်ပါတယ်။ “ကဗျာ”လို့ပြောလိုက်ရင် သိစိတ်ထဲမှာ “ကဗျာဗေဒ”ဆိုတဲ့ အသိပါတစ်ပါတည်းယှဉ်တွဲဖြစ်ပေါ်ပါတယ်။ ဒီဖြစ်ပေါ်တဲ့“ကဗျာဗေဒ”ဟာ ကဗျာရေးသူအချင်းချင်းမှာရော ကဗျာဖတ်သူအချင်းချင်းမှာပါ ကွာခြားနိုင်ပါတယ်။ သင်ယူမှု၊ လေ့လာမှု၊ တစ်စိုက်မတ်မတ်စဉ်းစားဝေဖန်သုံးသပ်မှုတွေအပေါ်လိုက်ပြီး ကွဲပြားနိုင်ပါတယ်။
            အချို့က ယူဆပါလိမ့်မယ်။ ကဗျာရေးတယ်ဆိုတာ စိတ်ခံစားချက်နဲ့ရေးတာဖြစ်တဲ့အတွက် ဘာကဗျာဗေဒမှသိစရာမလိုဘူး။ အကယ်၍ ဘာကဗျာဗေဒမှသိစရာမလိုရင် ကိုယ်ရေးနေတာကဗျာဖြစ်တယ်ဆိုတာ ဘယ်လိုပြောနိုင်လဲ။ ကဗျာဆိုတာဘာလဲလို့ နဂိုရှိပြီး သား ကဗျာဗေဒရဲ့ အတိုင်းအဆ၊ အတိမ်အနက်အရ ကဗျာရေးကြတာပဲဖြစ်ပါတယ်။ ကဗျာရေးသူအချင်းချင်းမှာ ကဗျာရေးရုံသက်သက် မဟုတ်ဘဲ ကဗျာဗေဒကိုပါ သိသိ၊ ထိထိ၊ မိမိ လေ့လာလိုက်စားသင့်တယ်ဆိုတဲ့အချက်ကို ခံယူချင်မှခံယူမယ့်သူရှိသလို ခံယူပုံစံယူနည်းနဲ့ ခံယူပြီး လက်တွေ့ဆောက်ရွက်မှုအတိုင်းအတာနဲ့ အတိမ်အနက်တို့ကွာဦးမှာပါပဲ။
            ကဗျာဗေဒနဲ့ပတ်သက်လို့ မှတ်သားထားတဲ့အောက်ပါအဆိုအမိန့်အချို့ကို တင်ပြလိုက်ပါတယ်။ ကဗျာဟာ အနုပညာဖန်တီးမှု၊ အနုပညာပစ္စည်းဖြစ်တဲ့အတွက် တစ်နည်းအားဖြင့်ဆင်ခြင်ယုတ္တိနဲ့ပြုလုပ်မှုမဟုတ်တဲ့အတွက် ကဗျာဗေဒဆိုင်ရာအဆိုအမိန့်တွေဟာလည်း ရှေ့နောက်ညီညွတ်မှုရှိချင်မှရှိမယ်ဆိုတာကိုတော့ ကြိုတင်သဘောပေါက်ထားသင့်ပါတယ်။
၁။         ကဗျာဗေဒဟာ ကဗျာရေးသူ/ဖတ်သူကိုယ်တိုင်ရဲ့ ကဗျာနဲ့ပတ်သက်လို့ ကဗျာနဲ့ဆက်နွှယ်လို့ သူသိထားတဲ့ကဗျာဆိုင်ရာ သိမှု အစုအဝေးကြီးဖြစ်တယ်။
၂။         ကဗျာဗေဒဟာ ကဗျာရေးသူ/ဖတ်သူကိုယ်တိုင် သိထားတဲ့ ကဗျာဆိုင်ရာသိမှုကို ပြန်ဆန်းစစ်စေတဲ့နည်းတစ်နည်းဖြစ်တယ်။
၃။         ကဗျာဗေဒဟာ ကဗျာရေးနည်းမဟုတ်ဘူး။ သီအိုရီမဟုတ်ဘူး။ တက္ကနိတွေမဟုတ်ဘူး။ ဒါပေမယ့် ကဗျာဗေဒထဲမှာ ကဗျာရေး နည်းတွေ၊ သီအိုရီတွေ၊ တက္ကနိတွေပါဝင်တယ်။
၎။         ကဗျာဗေဒဟာ ကဗျာနဲ့ဆက်ဆံပုံ ဆက်ဆံနည်းဖြစ်တယ်။
၅။         ကဗျာဗေဒဟာ ဘယ်သီအိုရီတစ်ခုခုအောက်မှာမှ တရားသေနေတာမဟုတ်ဘဲ ဘယ်သီအိုရီကိုမဆို ပြန်ဆန်းစစ်တယ်။
၆။         ကဗျာဗေဒဟာ ကဗျာလက်တွေ့ရေးသားခြင်းကို ဆန်းစစ်သလို ကဗျာဟာလည်း ကဗျာဗေဒကိုပြန်ဆန်းစစ်တယ်။
၇။         ကဗျာဗေဒဟာ ကဗျာတစ်ပုဒ်ထဲမှာလည်း ပါရှိနေနိုင်တယ်။
၈။         ကဗျာတိုင်းဟာ သူ့ကဗျာဗေဒရဲ့ကြေညာချက်တွေဖြစ်သလို လက်တွေ့အကောင်အထည်ဖော်ပြချက်တွေလည်းဖြစ်တယ်။
၉။         ကဗျာရေးသူရဲ့ကဗျာရေးခြင်းနောက်ကွယ်မှာ သူ့ကဗျာဗေဒရှိသလို ကဗျာဖတ်သူရဲ့ကဗျာဖတ်ခြင်းနောက်ကွယ်မှာလည်း ဖတ်သူရဲ့ကဗျာဗေဒရှိတယ်။
၁၀။       ကဗျာဖန်တီိးမှု ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေချိန်မှာ ကဗျာဗေဒဟာ ပံ့ပိုးတဲ့အဆင့်မှာပဲအလွန်ဆုံးရှိတယ်။ ဦးဆောင်တဲ့နေရာမှာ မရှိဘူး။
၁၁။       ကဗျာဗေဒဟာ ကဗျာရေးဖို့တွန်းအားမဟုတ်ဘူး။
၁၂။       ကဗျာဗေဒဟာ ကဗျာရေးဖို့အခြေခံပုံစံမဟုတ်ဘူး။
၁၃။       ကဗျာဗေဒဟာ ကဗျာသီအိုရီမဟုတ်ဘူး။ ကဗျာဗေဒဟာ သူ့အလုပ်သူလုပ်သွားရင် သီအိုရီဖြစ်သွားတယ်။ သီအိုရီဖြစ်သွားရင် ကဗျာရဲ့နောက်မှာကျန်ခဲ့တဲ့မျက်လုံးနဲ့ပဲကြည့်တော့တယ်။ ကဗျာရဲ့ရှေ့မှာ ဘာလာမလဲဆိုတဲ့မျက်လုံးနဲ့မကြည့်တော့ဘူး။ ဒါဟာ ကဗျာဗေဒကိုပါအားနည်းချည့်နဲ့သွားစေတယ်။
၁၄။       ကဗျာဗေဒဟာ သူ့ကိုယ်သူလည်းပြန်ဆန်းစစ်၊ ပြန်ဒီကွန်စထရပ်က်တယ်။
၁၅။       ကဗျာဗေဒဟာ အရှင်ဖြစ်တယ်။ အသေမဟုတ်ဘူး။ ရွေ့လျားလှုပ်ရှားနေတယ်။ တစ်နေရာရာမှာ ကျောက်ချနေတာမဟုတ်ဘူး။
၁၆။       ကဗျာရေးသူဖြစ်ဖြစ်၊ ဖတ်သူဖြစ်ဖြစ်၊ ဝေဖန်သူဖြစ်ဖြစ်မှာ ရှိနေတဲ့ကဗျာဗေဒဟာ တည်ဆောက်ချက်သာဖြစ်တယ်။ အဲဒီတည် ဆောက်ချက်ဟာ ရောက်ရှိနေတဲ့အခြေအနေ၊ အနေအထားရဲ့တည်ဆောက်ချက်သာဖြစ်တယ်။ အဲဒီတည်ဆောက်ချက်ကို ပြင်လို့ရတယ်။ ချဲ့ထွင်လို့ရတယ်။ ဆန့်ကျင်လို့ရတယ်။ တစ်ခုသောကာလရဲ့သိမှုအပေါ် တည်ဆောက်ချက်ဖြစ်တဲ့အတွက် သိမှု ပြောင်းသလို တည်ဆောက်ချက်ပါ လိုက်ပြောင်းမှာပဲ။ အဲဒီပြောင်းလဲမှုကို လက်မခံရင် ကဗျာဗေဒအသေကြီးနဲ့ကျန်ခဲ့မယ်။ ပိုဆိုး တာက အဲဒီကဗျာဗေဒအသေကြီးအောက်မှာ ပိနေလိမ့်မယ်။
၁၇။       လူတစ်ဦးစီရဲ့ကဗျာဗေဒတည်ဆောက်မှုဟာ မိမိရဲ့ဘယ်သူဘယ်ဝါဖြစ်ကြောင်း (၀ါ) မိမိရဲ့ပုဂ္ဂလအမှတ်အသား တည်ဆောက် တာဖြစ်သလို ကဗျာနဲ့ပတ်သက်လို့ မိမိဟာ ဘယ်လိုအနေအထားမှာ ရှိတယ်ဆိုတဲ့မိမိအနေအထား၊ မိမိအဓိပ္ပါယ်ဖွင့်ဆိုမှုလည်း ဖြစ်တယ်။
၁၈။       ရေးနေကျကဗျာမျိုး မရေးချင်တော့ဘူးဆိုရင် ကဗျာဗေဒအဆောက်အအုံပြောင်းနေပြီဆိုတာကိုသတိပြုပါ။ ဒါမှမဟုတ် ကဗျာ ဗေဒပြောင်းနေခြင်းရဲ့လက္ခဏာဟာ မိမိရေးနေကျကဗျာမျိုးရေးလိုစိတ်မရှိတော့ခြင်း၊ ကဗျာဖတ်သူအတွက်ဆိုရင် ဖတ်နေကျ ကဗျာမျိုးဖတ်လိုစိတ်မရှိတော့ခြင်းပင်ဖြစ်တယ်။
၁၉။       ကဗျာဗေဒကိုယ်တိုင်ဟာ ကဗျာတစ်ပိုင်းဖြစ်နေနိုင်တယ်။ အဲဒါကြောင့် ကဗျာရေးသူဖြစ်ဖြစ်၊ ဖတ်သူဖြစ်ဖြစ်ဟာ သူ့ရဲ့ရှိရင်းစွဲ ကဗျာဗေဒကို စာရွက်ပေါ်ဆင်ခြင်ယုတ္တိနဲ့ချရေးပြလို့မရတဲ့ အပိုင်းတွေရှိတယ်။ အဲဒါကြောင့် ရေးပြီးတဲ့ကဗျာဗေဒကို ပြန်ဆန်းစစ် သလိုဖတ်ဆဲ၊ ဖတ်ပြီးတိုင်း မိမိစိတ်ထဲဖြစ်ပေါ်တဲ့အကျိုးသက်ရောက်မှုကို ဆန်းစစ်ခြင်းအားဖြင့် မိမိရဲ့ရရှိထားတဲ့၊ ရောက်လိုနေ တဲ့ ကဗျာဗေဒအတိုင်းအတာနဲ့ အတိမ်အနက်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။
၂၀။       တစ်ယောက်နဲ့တစ်ယောက် ကဗျာဗေဒချင်းမတူနိုင်သလို တစ်စုနဲ့တစ်စု၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း ကဗျာဗေဒချင်းမတူနိုင်ကြပါဘူး။ အခြေခံအကြောင်းအရင်းတွေ (မြစ်ဖျားခံရာတွေ)က လွဲလို့ ပင်စည်အကိုင်းအခက်၊ အသီးအရွက်၊ အဖူးအပွင့်တို့မတူနိုင်ကြပါ ဘူး။ တူခဲ့ရင် တူအောင်လုပ်လို့ဖြစ်သလို တစ်ဦးစီရဲ့ပုဂ္ဂလအတ္တဖွံ့ဖြိုးမှု ပျောက်ဆုံးနေခြင်းပဲဖြစ်တယ်။ ဒါဟာ တစ်ဦးစီရဲ့ကဗျာ ဗေဒဖွံ့ဖြိုးမှုမဟုတ်သလို ကဗျာဗေဒအမည်ခံတစ်ခုခုရဲ့အမှောင့်ပယောဂအောက် ၀ပ်တွားလိုက်တာပဲဖြစ်တယ်။
၂၁။       မိမိကဗျာဗေဒကို မိမိတည်ဆောက်ရတာဖြစ်သလို မိမိတည်ဆောက်ထားတဲ့ ကဗျာဗေဒဟာ မိမိကိုဒဏ်ပြန်ဖြစ်စေနိုင်တယ်ဆို တာကိုလည်း သိထားရမှာဖြစ်တယ်။
- ဇေယျာလင်း
L=A=N=G=U=A=G=E
P=O=E=T=R=Y နှင့်အခြားကဗျာဗေဒများ စာအုပ်မှ
လောကအမြင်နဲ့ ကမ္ဘာ
`လောကအမြင်´ဆိုတာ စကားလုံးကြီးပေမယ့် အနက်အဓိပ္ပါယ်တွေထုတ်ယူရရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလဘ၀ subjectivity ရဲ့ အချုပ် ဖြစ်ပါတယ်။ အဇျတ္တဘ၀လို့လည်းခေါ်လို့ရမယ်ထင်ပါတယ်။ ဒီပုဂ္ဂလ/အဇျတ္တဘ၀ထဲမှာ ပါဝင်ဖွဲ့စည်းပြီး အပြန်အလှန်ဆက် နွယ်ဆက်သွယ်နေတာတွေကတော့ သင်ယူမှုသညာအစုအဝေး knowledge ၊ အမှတ်သညာအစုအဝေး memory ၊ မိမိဘယ်သူဘယ်ဝါ သတ်မှတ်ချက် self – identity ၊ မိမိကိုယ်မိမိ အသိုင်းအ၀ိုင်း/ (လူ့) အဖွဲ့အစည်းတစ်ခုခုအတွင်းထားရှိနေရာယူမှု self – positioning ၊ မိမိရဲ့ယုံကြည်မှု အစုအဝေး beliefs ၊မိမိရဲ့အမူအကျင့် အစုအဝေး habits ၊မိမိရဲ့အစွဲအလန်းတွေ prejudices၊ မိမိရဲ့အကြောက်တရား တွေ fears ၊ မိမိရဲ့ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်ပုံ cognition စသည်ဖြင့် အကုန်လုံးအကျုံးဝင်နေကြပြီး အဲဒါတွေဟာ မိမိရဲ့နေ့စဉ် ဘ၀ကို ပြာဋ္ဌာန်းသလို မိမိရဲ့ လောကချင်းရာအဖြစ်အပျက်တွေပေါ်အမြင်နဲ့ တုန့်ပြန်မှုတို့ကိုလည်းကြိုးကိုင်ပါတယ်။ အဲဒီ Complex ဖြစ်တဲ့ အစုအဝေးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု Jigsaw puzzle လိုအံကိုက်ချိတ်ဆက်ပြီး ပုံဖေါ်နေတာမျိုးမဟုတ်ပဲ ချိတ်လိုက်လွဲလိုက်နဲ့ flux လှုပ်ရွေ့နေကြတာဖြစ်ပါတယ်။ အဲ flux ဖြစ်နေတဲ့ ပုဂ္ဂလ/အဇျတ္တဘ၀ကြီးကိုပဲ `လောကအမြင်´လို့ `ချုပ်´ပြီးပြောကြည့်တာဖြစ် ပါတယ်။
ကဗျာရေးသူတစ်ယောက်ရဲ့ လောကအမြင်နဲ့ သူရေးတဲ့ ကဗျာဟာ ရာခိုင်နှုံးတော်တော်များများ ပတ်သက်မှုရှိတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကဗျာရေးသူရဲ့ content အကြောင်းအရာရွေးချယ်မှု (၀ါ) အကြောင်းအရာရဲ့ စွဲကပ်ခံရမှုနဲ့ form ပုံသဏ္ဍာန်ဖွဲ့ စည်းတည်ဆောက်ယူခြင်း (၀ါ) ၊ ဖွဲ့စည်းတည်ဆောက်မှုတစ်မျိုးမဟုတ်တစ်မျိုးလာစွဲကပ်ခံရခြင်းတို့ဟာ သူ့လောကအမြင်ကလာတာ တွေပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ကိုယ်မှတ်ကျင့်ရှိသူတွေတောင် အနည်းအကျင်းပဲသိနိုင်တဲ့အတွက် သီအိုရီလို့ပဲ သဘောထားချင်ရင် ကျွန်တော့်ဘက်ကငြင်းမှာ မဟုတ်ပါဘူး။ သီအိုရီဆိုတာ စဉ်းစားတွေးခေါ်မှုရဲ့ ငြမ်းလို့ ကျွန်တော်ယူဆတဲ့အတွက်ဖြစ်ပါတယ်။
ကဗျာရေးသူအဖို့ သူရွေးချယ်တဲ့ စကားလုံး/နိမိတ်ပုံ/အသံကအစ သူချိတ်ဆက်တဲ့ လိုင်းတွေနဲ့ ချိတ်ဆက်ပုံတွေအလယ် ၊ နောက်ဆုံးလိုင်းကို ဘယ်လိုတာဝန်ထမ်းဆောင်ခိုင်းပုံ အဆုံးဟာ `အလိုလို´ဖြစ်လာတာမျိုးမဟုတ်သလို ပုံသေပြုလုပ်မှုမျိုးလည်းမဟုတ် ဘူးဆိုတာ ကဗျာရေးသူတိုင်းသိနိုင်ပါတယ်။ `ရင်ဘတ်´နဲ့ ရေးတာလို့ တလွဲနာမည်ကြီးတဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာကြီးကိုချော (ခ) မောင်ချောနွယ်ကိုယ်တိုင် သူ့ဒိုင်ယာရီထဲမှာ သူအထပ်ထပ်အခါခါပြင်ထားတဲ့ မူကြမ်းတွေ ၊ လိုင်းတွေ ကျွန်တော်မျက်စိနဲ့ မြင်ခဲ့ရဘူးပါ တယ်။ ပါရမီရှင်တစ်ပါးလို ရေးတိုင်းကဗျာဖြစ်တာမဟုတ်ဘူးဆိုတာ ကိုချောဟာ သက်သေပါ။ နေရင်းထိုင်ရင်း ၊ သွားရင်းလာရင်း ၊ စားရင်းသောက်ရင်း ၊ စကားစမြည်ပြောဆိုရင် သူကောက်ရလိုက်တဲ့ လိုင်းတွေ ၊ စကားလုံးတွေ ၊နိမိတ်ပုံတွေ ၊ သူကောက်ကာငင်ကာ ရွတ်ပြနိုင်ပေမယ့် အဲဒါတွေဟာ ကဗျာတွေမဟုတ်သေးပါဘူး။ သူတည်ဆောက်ရပါသေးတယ်။ ထို့အတူ အူလီပို Oulipo လို ပုံသေပုံစံ တွေနဲ့ ကဗျာရေးရင်တောင်မှ ပုံသေစကားလုံးနဲ့ ရေးတာမဟုတ်ပဲ စကားလုံးတွေ ရှာဖွေတည်ဆောက်ရပါသေးတယ်။ ကံအားလျော်စွာပဲ ၊ ကိုချောနဲ့ အူလီပိုအကြောင်းပြောမိခြင်းမှာ ဆီလျော်စွာပဲ ကျွန်တော်ပြောချင်တဲ့အကြောင်းပြန်ရောက်သွားပါတယ်။ ကိုချောဟာ သူ့ ကဗျာကို သူက ဗဟိုပြုပြီး သူ့ကဗျာပါ ခံစားမှုဟာ သူ့ခံစားမှုလို့ သူယုံကြည်စွာ ရေးသားခဲ့ပါတယ်။ သူ့ကဗျာထဲက `ငါ´ဟာ သူကိုယ်တိုင် ဖြစ်ပြီး သူ့မိသားစုဝင်တွေရဲ့ နာမည်တွေကိုပါ သူ့ကဗျာတွေထဲမှာ တွေ့ရပါတယ်။ သူ့ကဗျာရဲ့ မူလဖြစ်ဖျားခံရာဟာ သူကိုယ်တိုင်ရဲ့ လောကအမြင် (၀ါ) ပုဂ္ဂလ/အဇျတ္တဘ၀ဖြစ်ပါတယ်။ အလွယ်ပြောရင် သူ့ဘ၀ပေါ့။ အူလီပိုသမားတွေကတော့ ကဗျာကို တည်ဆောက် construct တဲ့ဘက်ပိုဦးတည်ကြပါတယ်။ ရေးသူရဲ့ ဖွင့်ဟဖေါ်ထုတ်လိုမှု expression ထက် ဘာသာစကားနဲ့ တည်ဆောက်ပြလိုမှု construction ဘက်ပိုကဲပါတယ်။ အဲဒီ ဘာသာစကားနဲ့ တည်ဆောက်ပြမှုဟာ ခံစားမှုကိုလည်းဖြစ်စေပါတယ်။ ခံစားမှုကိုတည်ပြီး ဘာသာစကားနဲ့ ပုံဖေါ်တာမဟုတ်ပဲ ဘာသာစကားရဲ့ တစ်နည်းတစ်ဖုံပုံဖေါ်ထားမှုကြောင့် ခံစားမှုဖြစ်ပေါ်စေတယ်ဆိုတဲ့ သဘောဖြစ်ပါ တယ်။ ကဗျာဗေဒအသုံးအနှုံးနဲ့ ဆိုရင် Lyric method နဲ့ anti-Lyric method တို့ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်ဟာပို ကဗျာမြောက် တယ်မမြောက်ဘူးဆိုတာ လောကအမြင်နဲ့ပဲ ဆိုင်ပါတယ်။
ကဗျာရေးသူတစ်ယေက်ဟာ လောကကို အထက်အောက်ဖွဲ့စည်းမှု ၊ ကွင်းဆက်ချိတ်ဆက်မှု ၊ ယုတ္တိနဲ့ တည်ဆောက်မှု ၊ အနက်အဆက်အစပ်ရှိမှု ၊ သူ့ ကဏ္ဍနဲ့ သူအချိုးကျ ပါဝင်တာဝန်ယူရမှု ၊ အစဉ်အလာလူမှုဆက်ဆံရေးကို လက်ခံကျင့်သုံးမှု ၊ စ- လယ်- ဆုံး ညီညွတ်မှု ၊ စသည်ဖြင့်နဲ့ မိမိကို မိမိခိုင်မာတဲ့ အိုင်ဒင်တတီရှိထားမှု ၊ မိမိသိမှုကို မိမိယုံကြည်လက်ခံမှု ၊ မိမိရဲ့ ပုဂ္ဂလအမြင် - အတွေး -ခံစားမှုတို့ကို လုံဝဥဿုံယုံကြည်မှု စသည်တို့နဲ့ မကွဲမပြတ် ချိတ်ဆက်ထားရင် သူရေးတဲ့ ကဗျာရဲ့ ပုံသဏ္ဍာန်မှာလည်း သူ့အမြင်ကို တွေ့ရှိရမှာဖြစ်ပြီး အထက်ပါလောကအမြင်နဲ့ ကွဲပြားခြားနားသူရဲ့ ကဗျာပုံသဏ္ဍာန်ဟာလည်း လိုက်ခြားနားမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာကဗျာရေးသူ လူပုဂ္ဂိုလ်ကနေ ကမ္ဘာကြီးအထိချဲ့တွေးကြည့်ချင်ပါတယ်။ ကမ္ဘာကြီး ပြောင်းလဲသွားတိုင်း အသိအမြင် /လောကအမြင်တွေလိုက်ပြောင်းလဲစမြဲပါပဲ။ ပထမကမ္ဘာစစ်မဖြစ်မီနဲ့ ဖြစ်ပြီးကာလမှာ modernism ဟာ ပညာရပ်လောကမှာရော အနုပညာလောကမှာ ပါပေါ်လာပြီး လူတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေပေါ် အကျိုးသက်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ postmodern ပေါ်လာတယ်လို့ဆိုကြပါတယ်။ စစ်အေးကာလအတွင်းမှာ အတွေးအခေါ်တွေပြောင်းလဲလာပြီး `၆၀ ခုနှစ်နဲ့ `၇၀ ခုနှစ် တွေမှာ အထူးသဖြင့် ပြင်သစ်က တွေးခေါ်ပညာရှင်တွေရဲ့ တင်ပြလာမှုတွေဟာ အခု ကျွန်တော်တို့သိထားတဲ့ postmodern theory တွေပဲပေါ့။ ဒီဘက် ၂၁ ရာစုပိုင်းမှာတော့ ခေတ်စားလာတဲ့ အသုံးအနှုံးဟာ contemporary ပါပဲ။ ဒါကို အချို့က post- postmodern လို့ လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဒီကိစ္စတွေကို online မှာ တက်ဖတ်လို့ရတဲ့အတွက် ကျွန်တော်အကျယ်တ၀င့်မပြောတော့တာပါ။ `အချို့´ဆိုပြီးတော့လည်း လုံးချနေတယ်လို့ ကျွန်တော့်ကို ထင်ရင်လည်းထင်စေဗျာ ၊ ကျွန်တော့်ရဲ့ အချိန်ကန့်သတ်ချက်နဲ့ ဒီစာလေး ရေးချင်လို့ ရေးလိုက်ရတဲ့အတွက် ချုံ့ပြောလိုက်တာပဲလို့ ယူဆစေချင်ပါတယ်။
လိုရင်းဆက်ပြောရရင် postmodern ကဗျာလို့ သတ်မှတ်တဲ့ ကဗျာတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန် ၊ ဦးတည်ချက် ၊ နဲ့ အသုံးပြုပစ္စည်းတွေ နောက်ကွယ်မှာ ပြောင်းလဲသွားတဲ့ လောကအမြင်တွေရှိပါတယ်။ ပြင်ပအပြောင်းအလဲတွေဟာ ကဗျာရေးသူရဲ့ သိမှုပေါ်လာသက်ရောက်ပြီး ကဗျာရေးသူရဲ့ အမြင်ပြောင်းလဲမှုတွေဟာ သူ့အတိုင်းအတာနဲ့ သူဖြစ်ခဲ့ကြတာပါပဲ။ အဲသလို လောက အမြင်အပြောင်းအလဲတွေနဲ့ ကဗျာပေါ်အယူအဆ ၊ ကဗျာပြုလုပ်ပုံပြုလုပ်နည်းအပြင် ကဗျာဖတ်ပုံဖတ်နည်းပါ ပြောင်းလဲရေးလှုပ်ရှားမှု တွေ လုပ်လာကြတာဖြစ်ပါတယ်။ ဥပမာ ၊ အမေရိကန် LP ပေါ့။ အမေရိကန် Conceptual Poetry ပေါ့။
ကဗျာပြုလုပ်ဖွဲ့စည်းပုံမှာလည်း အသုံးပြုပစ္စည်း Poetic devices တွေအပေါ်အမြင်ပြောင်းတာမျိုး ၊ ဥပမာ metaphor အခြေပြုနဲ့ metonymy အခြေပြု ၊ သုံးတဲ့ပစ္စည်း ချင်းတူပေမယ့် သုံးပုံသုံးနည်းမတူတာတို့ ၊ ဥပမာ hypotaxis ကနေ parataxis ၊ closure ကနေ anti-closure ၊ အချိုးဟပ်စပ်ပြီး ညီ ညွတ်မှုဆီ ဦးတည်တာနဲ့ အချိုးဖျက်ပြီး `အပွင့်´ ရေးတာမျိုး ၊ ယခင် ဆူရီယလ်နည်းတွေကို ဘာသာစကားကဗျာနည်းနဲ့ ရောစပ်သုံးတာ မျိုး ၊ စသဖြင့်။
အခုဒီဘက်ပိုင်း contemporary ကဗျာမှာတော့ synthesis (၀ါ) recombination ဆီသွားနေကြတာတွေ့ရပါတယ်။ narrative ဇာတ်လမ်းစင်မှု ၊ ခံစားမှုနဲ့ စဉ်းစားဆင်ခြင်မှုတို့ကို ပေါင်းစပ်မှု ၊ Lyric ရဲ့ `ငါ´ဗဟိုပြုမှုကို ယူပေမယ့်လည်း အဲဒီ`ငါ´ခံစားမှု သရုပ်ပြဖို့ ထက်စဉ်းစားတွေခေါ်မှုဘက်လှည့်လိုက်မှု (Lyric postmodernisms) ၊ အရေးအသားပုံစံများ ရောနှောဖွဲ့စည်းမှု ၊ အဓိပ္ပါယ်ဆက်စပ်မှု တိုက်ရိုက်မရှိတဲ့လိုင်းတွေ ချိတ်ဆက်မှု ၊ မျဉ်းဖြောင့်ယုတ္တိဆင်ခြင်မှုထက် associative စိတ်ကူးအတွေး ခုန်ကျော်ဆက်စပ်မှု ၊ စတာတွေ တွေ့ရှိဖတ်ရှုနေရပါတယ်။ ဒါတွေဟာ အလွယ်တကူယူသုံးလို့ရတဲ့ နည်းတွေ ၊ တက္ကနိတွေလို့ အယူလွဲသုံးမှုတွေ ကမ္ဘာမှာလည်းကမ္ဘာနဲ့ ချီပါပဲ။ ဒါပေမယ့် လူသိသူသိ ကဗျာရေးသူတွေဖြစ်လာကြသလား။
online သော်လည်းကောင်း print သော်လည်းကောင်း နီးစပ်ရာ အသိုင်းအ၀ိုင်းလေးထဲမှာပဲ ရှိတတ်ကြပါတယ်။ ကဗျာကိုအလေးအနက်ထား ကိုင်ဆွဲသူတစ်ယောက်အတွက်တော့ သူ့လောက အမြင်နဲ့ သူ့ကဗျာရဲ့ ဆက်သွယ်မှုကို ရှာဖွေဖော်ထုတ် တင်ပြကြတာတွေ ရှာဖွေဖတ်ရှုလို့ရပါတယ်။ ထို့အတူ မိမိကိုယ်မိမိ ကဗျာကိုအလေးအ နက်ထားသူအဖြစ်ခံယူရင် မိမိကိုယ်မိမိလည်း စူးစမ်းကြည့်တာ မမှားပါဘူး။ မိမိရေးတဲ့ ကဗျာနဲ့ မိမိထားရှိတဲ့ အမြင်တွေနဲ့ ဆက်စပ် စူးစမ်းလို့ရပါတယ်။ အဲဒီမှာ မိမိရဲ့မိမိကိုယ်တိုင် သိချင်မှသိမယ့် လောကအမြင်ကို သတိထားမိရင် ထားမိသွားပါလိမ့်မယ် ၊ လှုပ်ရင်လည်း လှုပ်သွားပါလိမ့်မယ်။ ရေးပြီးတဲ့ ကဗျာကို စုတ်တောင်ဖြဲလိုက်မိပါလိမ့်မယ် `သဟဇာတ´ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကိုလည်း အထိတ်တလန့် မြင်ကောင်းမြင်သွားပါလိမ့်မယ်။ အသက်အရွယ်နဲ့ အတွေ့အကြုံလည်း ဆိုင်မယ်ထင်ပါတယ်။
ထင်ရှားတာကတော့ ကဗျာပေါ်မှာ ဘယ်ပုဂ္ဂိုလ် ၊ ဘယ်ဝါဒ ၊ ဘယ်ဂိုဏ်းကမှ လက်ဝါးကြီးအုပ်လို့မရတော့ခြင်းပါပဲ။ လူ့အဖွဲ့ အစည်းတစ်ခုတည်းမှာတင်ပဲ အစဉ်အလာ ဂန္တ၀င်ကဗျာ ၊ မော်ဒန်ကဗျာ ၊ ပို့စ်မော်ဒန်ကဗျာနဲ့ ကွန်တမ်ပိုရာရီကဗျာတို့အတူတကွ ယှဉ်တွဲ နေထိုင်နေကြတာလည်း တွေ့ရပေါ့။ ကွဲပြားခြားနားမှုဟာ ပြိုကွဲမှုမဟုတ် ၊ ရန်ဘက်မဟုတ် ၊ အန္တာရယ်မဟုတ်လို့ လက်ခံလိုက်ရင် ကဗျာ ရေးသူရဲ့ လောကအမြင်ဟာ နည်းနည်းတော့ ရွေ့သွားမလား။ အဲဒီအရွေ့ဟာ ကဗျာရေးမှုပေါ်မသက်ရောက်ဘူးလို့ ပြောနိုင်မလား။ မိမိရဲ့ကိုယ်ပိုင်တည်ဆောက်ယူထားတဲ့ ကဗျာဗေဒကော ဖြစ်မလာနိုင်ဘူးလို့ပြောနိုင်မလား။
- ဇေယျာလင်း