ကဗျာနဲ့ ကဗျာဗေဒဟာ အမြဲယှဉ်တွဲဖြစ်ပေါ်နေသလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတဲ့ ဆက်နွှယ်မှုသဘောလည်းရှိကြပါတယ်။ ကဗျာနဲ့ ကဗျာဗေဒမှာ ဘယ်သင်းဟာအရင်လာတယ်ဆိုတာကတော့ ဒီဆောင်းပါးနဲ့မဆိုင်တဲ့မေးခွန်းပါပဲ။ ကဗျာရေးသူမှာပဲဖြစ်ဖြစ်၊ ကဗျာဖတ်သူမှာပဲဖြစ်ဖြစ်၊ ကဗျာဝေဖန်သူမှာပဲဖြစ်ဖြစ် သူ့ကဗျာဗေဒနဲ့သူရှိကြပါတယ်။ ကဗျာဗေဒဆိုတာဟာလည်း တစ်ယောက်နဲ့ တစ်ယောက် အတိုင်းအဆချင်း၊ အတိမ်အနက်ချင်း ကွာခြားချင်တိုင်းကွာခြားလို့ရတဲ့ သိမှုဖြစ်ပါတယ်။ အရွယ်ရောက်သူဘယ်သူမဆို ကျောင်းနေဖူးသူဘယ်သူမဆို ကဗျာနဲ့ဖြစတ်သန်းခဲ့ဖူးသူချည်းသာဖြစ်ပါတယ်။ “ကဗျာ”လို့ပြောလိုက်ရင် သိစိတ်ထဲမှာ “ကဗျာဗေဒ”ဆိုတဲ့ အသိပါတစ်ပါတည်းယှဉ်တွဲဖြစ်ပေါ်ပါတယ်။ ဒီဖြစ်ပေါ်တဲ့“ကဗျာဗေဒ”ဟာ ကဗျာရေးသူအချင်းချင်းမှာရော ကဗျာဖတ်သူအချင်းချင်းမှာပါ ကွာခြားနိုင်ပါတယ်။ သင်ယူမှု၊ လေ့လာမှု၊ တစ်စိုက်မတ်မတ်စဉ်းစားဝေဖန်သုံးသပ်မှုတွေအပေါ်လိုက်ပြီး ကွဲပြားနိုင်ပါတယ်။
အချို့က ယူဆပါလိမ့်မယ်။ ကဗျာရေးတယ်ဆိုတာ စိတ်ခံစားချက်နဲ့ရေးတာဖြစ်တဲ့အတွက် ဘာကဗျာဗေဒမှသိစရာမလိုဘူး။ အကယ်၍ ဘာကဗျာဗေဒမှသိစရာမလိုရင် ကိုယ်ရေးနေတာကဗျာဖြစ်တယ်ဆိုတာ ဘယ်လိုပြောနိုင်လဲ။ ကဗျာဆိုတာဘာလဲလို့ နဂိုရှိပြီး သား ကဗျာဗေဒရဲ့ အတိုင်းအဆ၊ အတိမ်အနက်အရ ကဗျာရေးကြတာပဲဖြစ်ပါတယ်။ ကဗျာရေးသူအချင်းချင်းမှာ ကဗျာရေးရုံသက်သက် မဟုတ်ဘဲ ကဗျာဗေဒကိုပါ သိသိ၊ ထိထိ၊ မိမိ လေ့လာလိုက်စားသင့်တယ်ဆိုတဲ့အချက်ကို ခံယူချင်မှခံယူမယ့်သူရှိသလို ခံယူပုံစံယူနည်းနဲ့ ခံယူပြီး လက်တွေ့ဆောက်ရွက်မှုအတိုင်းအတာနဲ့ အတိမ်အနက်တို့ကွာဦးမှာပါပဲ။
ကဗျာဗေဒနဲ့ပတ်သက်လို့ မှတ်သားထားတဲ့အောက်ပါအဆိုအမိန့်အချို့ကို တင်ပြလိုက်ပါတယ်။ ကဗျာဟာ အနုပညာဖန်တီးမှု၊ အနုပညာပစ္စည်းဖြစ်တဲ့အတွက် တစ်နည်းအားဖြင့်ဆင်ခြင်ယုတ္တိနဲ့ပြုလုပ်မှုမဟုတ်တဲ့အတွက် ကဗျာဗေဒဆိုင်ရာအဆိုအမိန့်တွေဟာလည်း ရှေ့နောက်ညီညွတ်မှုရှိချင်မှရှိမယ်ဆိုတာကိုတော့ ကြိုတင်သဘောပေါက်ထားသင့်ပါတယ်။
၁။ ကဗျာဗေဒဟာ ကဗျာရေးသူ/ဖတ်သူကိုယ်တိုင်ရဲ့ ကဗျာနဲ့ပတ်သက်လို့ ကဗျာနဲ့ဆက်နွှယ်လို့ သူသိထားတဲ့ကဗျာဆိုင်ရာ သိမှု အစုအဝေးကြီးဖြစ်တယ်။
၂။ ကဗျာဗေဒဟာ ကဗျာရေးသူ/ဖတ်သူကိုယ်တိုင် သိထားတဲ့ ကဗျာဆိုင်ရာသိမှုကို ပြန်ဆန်းစစ်စေတဲ့နည်းတစ်နည်းဖြစ်တယ်။
၃။ ကဗျာဗေဒဟာ ကဗျာရေးနည်းမဟုတ်ဘူး။ သီအိုရီမဟုတ်ဘူး။ တက္ကနိတွေမဟုတ်ဘူး။ ဒါပေမယ့် ကဗျာဗေဒထဲမှာ ကဗျာရေး နည်းတွေ၊ သီအိုရီတွေ၊ တက္ကနိတွေပါဝင်တယ်။
၎။ ကဗျာဗေဒဟာ ကဗျာနဲ့ဆက်ဆံပုံ ဆက်ဆံနည်းဖြစ်တယ်။
၅။ ကဗျာဗေဒဟာ ဘယ်သီအိုရီတစ်ခုခုအောက်မှာမှ တရားသေနေတာမဟုတ်ဘဲ ဘယ်သီအိုရီကိုမဆို ပြန်ဆန်းစစ်တယ်။
၆။ ကဗျာဗေဒဟာ ကဗျာလက်တွေ့ရေးသားခြင်းကို ဆန်းစစ်သလို ကဗျာဟာလည်း ကဗျာဗေဒကိုပြန်ဆန်းစစ်တယ်။
၇။ ကဗျာဗေဒဟာ ကဗျာတစ်ပုဒ်ထဲမှာလည်း ပါရှိနေနိုင်တယ်။
၈။ ကဗျာတိုင်းဟာ သူ့ကဗျာဗေဒရဲ့ကြေညာချက်တွေဖြစ်သလို လက်တွေ့အကောင်အထည်ဖော်ပြချက်တွေလည်းဖြစ်တယ်။
၉။ ကဗျာရေးသူရဲ့ကဗျာရေးခြင်းနောက်ကွယ်မှာ သူ့ကဗျာဗေဒရှိသလို ကဗျာဖတ်သူရဲ့ကဗျာဖတ်ခြင်းနောက်ကွယ်မှာလည်း ဖတ်သူရဲ့ကဗျာဗေဒရှိတယ်။
၁၀။ ကဗျာဖန်တီိးမှု ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေချိန်မှာ ကဗျာဗေဒဟာ ပံ့ပိုးတဲ့အဆင့်မှာပဲအလွန်ဆုံးရှိတယ်။ ဦးဆောင်တဲ့နေရာမှာ မရှိဘူး။
၁၁။ ကဗျာဗေဒဟာ ကဗျာရေးဖို့တွန်းအားမဟုတ်ဘူး။
၁၂။ ကဗျာဗေဒဟာ ကဗျာရေးဖို့အခြေခံပုံစံမဟုတ်ဘူး။
၁၃။ ကဗျာဗေဒဟာ ကဗျာသီအိုရီမဟုတ်ဘူး။ ကဗျာဗေဒဟာ သူ့အလုပ်သူလုပ်သွားရင် သီအိုရီဖြစ်သွားတယ်။ သီအိုရီဖြစ်သွားရင် ကဗျာရဲ့နောက်မှာကျန်ခဲ့တဲ့မျက်လုံးနဲ့ပဲကြည့်တော့တယ်။ ကဗျာရဲ့ရှေ့မှာ ဘာလာမလဲဆိုတဲ့မျက်လုံးနဲ့မကြည့်တော့ဘူး။ ဒါဟာ ကဗျာဗေဒကိုပါအားနည်းချည့်နဲ့သွားစေတယ်။
၁၄။ ကဗျာဗေဒဟာ သူ့ကိုယ်သူလည်းပြန်ဆန်းစစ်၊ ပြန်ဒီကွန်စထရပ်က်တယ်။
၁၅။ ကဗျာဗေဒဟာ အရှင်ဖြစ်တယ်။ အသေမဟုတ်ဘူး။ ရွေ့လျားလှုပ်ရှားနေတယ်။ တစ်နေရာရာမှာ ကျောက်ချနေတာမဟုတ်ဘူး။
၁၆။ ကဗျာရေးသူဖြစ်ဖြစ်၊ ဖတ်သူဖြစ်ဖြစ်၊ ဝေဖန်သူဖြစ်ဖြစ်မှာ ရှိနေတဲ့ကဗျာဗေဒဟာ တည်ဆောက်ချက်သာဖြစ်တယ်။ အဲဒီတည် ဆောက်ချက်ဟာ ရောက်ရှိနေတဲ့အခြေအနေ၊ အနေအထားရဲ့တည်ဆောက်ချက်သာဖြစ်တယ်။ အဲဒီတည်ဆောက်ချက်ကို ပြင်လို့ရတယ်။ ချဲ့ထွင်လို့ရတယ်။ ဆန့်ကျင်လို့ရတယ်။ တစ်ခုသောကာလရဲ့သိမှုအပေါ် တည်ဆောက်ချက်ဖြစ်တဲ့အတွက် သိမှု ပြောင်းသလို တည်ဆောက်ချက်ပါ လိုက်ပြောင်းမှာပဲ။ အဲဒီပြောင်းလဲမှုကို လက်မခံရင် ကဗျာဗေဒအသေကြီးနဲ့ကျန်ခဲ့မယ်။ ပိုဆိုး တာက အဲဒီကဗျာဗေဒအသေကြီးအောက်မှာ ပိနေလိမ့်မယ်။
၁၇။ လူတစ်ဦးစီရဲ့ကဗျာဗေဒတည်ဆောက်မှုဟာ မိမိရဲ့ဘယ်သူဘယ်ဝါဖြစ်ကြောင်း (၀ါ) မိမိရဲ့ပုဂ္ဂလအမှတ်အသား တည်ဆောက် တာဖြစ်သလို ကဗျာနဲ့ပတ်သက်လို့ မိမိဟာ ဘယ်လိုအနေအထားမှာ ရှိတယ်ဆိုတဲ့မိမိအနေအထား၊ မိမိအဓိပ္ပါယ်ဖွင့်ဆိုမှုလည်း ဖြစ်တယ်။
၁၈။ ရေးနေကျကဗျာမျိုး မရေးချင်တော့ဘူးဆိုရင် ကဗျာဗေဒအဆောက်အအုံပြောင်းနေပြီဆိုတာကိုသတိပြုပါ။ ဒါမှမဟုတ် ကဗျာ ဗေဒပြောင်းနေခြင်းရဲ့လက္ခဏာဟာ မိမိရေးနေကျကဗျာမျိုးရေးလိုစိတ်မရှိတော့ခြင်း၊ ကဗျာဖတ်သူအတွက်ဆိုရင် ဖတ်နေကျ ကဗျာမျိုးဖတ်လိုစိတ်မရှိတော့ခြင်းပင်ဖြစ်တယ်။
၁၉။ ကဗျာဗေဒကိုယ်တိုင်ဟာ ကဗျာတစ်ပိုင်းဖြစ်နေနိုင်တယ်။ အဲဒါကြောင့် ကဗျာရေးသူဖြစ်ဖြစ်၊ ဖတ်သူဖြစ်ဖြစ်ဟာ သူ့ရဲ့ရှိရင်းစွဲ ကဗျာဗေဒကို စာရွက်ပေါ်ဆင်ခြင်ယုတ္တိနဲ့ချရေးပြလို့မရတဲ့ အပိုင်းတွေရှိတယ်။ အဲဒါကြောင့် ရေးပြီးတဲ့ကဗျာဗေဒကို ပြန်ဆန်းစစ် သလိုဖတ်ဆဲ၊ ဖတ်ပြီးတိုင်း မိမိစိတ်ထဲဖြစ်ပေါ်တဲ့အကျိုးသက်ရောက်မှုကို ဆန်းစစ်ခြင်းအားဖြင့် မိမိရဲ့ရရှိထားတဲ့၊ ရောက်လိုနေ တဲ့ ကဗျာဗေဒအတိုင်းအတာနဲ့ အတိမ်အနက်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။
၂၀။ တစ်ယောက်နဲ့တစ်ယောက် ကဗျာဗေဒချင်းမတူနိုင်သလို တစ်စုနဲ့တစ်စု၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း ကဗျာဗေဒချင်းမတူနိုင်ကြပါဘူး။ အခြေခံအကြောင်းအရင်းတွေ (မြစ်ဖျားခံရာတွေ)က လွဲလို့ ပင်စည်အကိုင်းအခက်၊ အသီးအရွက်၊ အဖူးအပွင့်တို့မတူနိုင်ကြပါ ဘူး။ တူခဲ့ရင် တူအောင်လုပ်လို့ဖြစ်သလို တစ်ဦးစီရဲ့ပုဂ္ဂလအတ္တဖွံ့ဖြိုးမှု ပျောက်ဆုံးနေခြင်းပဲဖြစ်တယ်။ ဒါဟာ တစ်ဦးစီရဲ့ကဗျာ ဗေဒဖွံ့ဖြိုးမှုမဟုတ်သလို ကဗျာဗေဒအမည်ခံတစ်ခုခုရဲ့အမှောင့်ပယောဂအောက် ၀ပ်တွားလိုက်တာပဲဖြစ်တယ်။
၂၁။ မိမိကဗျာဗေဒကို မိမိတည်ဆောက်ရတာဖြစ်သလို မိမိတည်ဆောက်ထားတဲ့ ကဗျာဗေဒဟာ မိမိကိုဒဏ်ပြန်ဖြစ်စေနိုင်တယ်ဆို တာကိုလည်း သိထားရမှာဖြစ်တယ်။
- ဇေယျာလင်း
L=A=N=G=U=A=G=E
P=O=E=T=R=Y နှင့်အခြားကဗျာဗေဒများ စာအုပ်မှ