ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

မြန်မာစာ၊ မော်ဒန် ဆိုသော ကဗျာအချို့၊ ခံစားမှု နှင့် ဖန်တီးသူလိုင်စင်

အခုခေတ်မှာ မြန်မာစာလုံးပေါင်း အမှားအယွင်းတွေ နေရာတကာ တွေ့နေရပါတယ်။ အထူးသဖြင့် အင်တာနက် စာမျက်နှာတွေပေါ်မှာပါ။ ဒီလိုဖြစ်လာတာဟာ အများအားဖြင့်ကတော့ နိုင်ငံခြားမှာ ကြီးပြင်းလာကြရတဲ့ လူငယ်တွေအနေနဲ့ မြန်မာစာကို အသေအချာ သင်ကြားခွင့် မရရှိခဲ့ကြလို့ ဒီလိုဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဒါက ခွင့်လွှတ်နားလည်နိုင်စရာရှိပါတယ်။ မော်ဒန်ကဗျာကို ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ လက်လည်း လက်ခံပါတယ်။ တချို့ကဗျာတွေဆို အလွန် လှပတဲ့ အဖွဲ့လေးတွေနဲ့ ခံစားလို့လည်း ရပါတယ်။
သို့သော်လည်း အချို့သော မော်ဒန်သမား ဆိုသူများကတော့ စာလုံးပေါင်းဟာ လုံးဝအရေးမကြီးဘူးလို့ ယူဆထားဟန်ရှိပါတယ်။ အဲဒါကို ကာကွယ်တဲ့ ဆောင်းပါးတွေလည်း တချို့က ရေးကြပါတယ်။‎ ရိုးရိုးသားသား မှားတာက အကြောင်းမဟုတ်ပေမဲ့ ကပေါက်တိ ကပေါက်ချာ စာလုံးပေါင်းတွေနဲ့ တမင်မှားပေါင်းပြီး မြန်မာစာကို ဖျက်ဆီးကြခြင်းကတော့ အရုပ်ဆိုးလွန်းလှပါတယ်။ ဒီလိုရေးထားတဲ့ တချို့ကဗျာတွေ တွေ့ဖူးပါတယ်။ အဲဒါကို "နိမိတ်ပုံ" လို့ ဆိုတဲ့အပြင်၊ "ဖန်တီးသူလိုင်စင်" ရယ်ပါလို့ အကာအကွယ်ယူပြီး ပြောတဲ့သူကလည်း ပြောကာ မြန်မာစာကို ဖျက်ဆီးခြင်းကို အားပေး အားမြှောက် ပြုနေကြပါတယ်။ သူ့အရပ်နဲ့သူ့ဇာတ် ကတော့ ဟုတ်နေတာပါပဲ။

ကြာတော့ ကြာခဲ့ပါပြီ။ အင်တာနက်ပေါ်က "ဖန်တီးသူလိုင်စင်" ဆိုတဲ့ဆောင်းပါးတပုဒ်မှာဆိုရင် ထူးအိမ်သင်နဲ့ ဦးစောနုတို့ရဲ့ အခြေအတင် ဖြစ်ကြတဲ့ ‎အကြောင်းနဲ့ ဥပမာပေးပြီး ‎ဆောင်းပါးရှင်က စထားပါတယ်။ ‎ဖတ်ကြည့် လိုက်တော့ ဦးစောနုက ပဉ္စဂံတေးစုစီးရီးကို ဝေဖန်တဲ့ နေရာမှာ ခိုင်ထူးရဲ့ သီချင်းဆိုပုံဆိုနည်းစံနစ် ‎ကို မလိုအပ်ဘဲ လည်ပင်းကြွက်သားတွေ ညှစ်ပြီး သီချင်း သီဆိုတယ်လို့ ဝေဖန်တာကို ထူးအိမ်သင်က လက်မခံဘဲ သီချင်းဝေဖန်သူအနေနဲ့ သံစဉ်ကောင်းတယ်၊ ညံ့တယ်၊ အသံကောင်းတယ်၊ ‎မကောင်းဘူး ‎ဝေဖန်နိုင်ပေမယ့် ဘယ်လိုသီဆိုရမယ်ဆိုတာတော့ နည်းလမ်းပြခွင့် မရှိဘူးလို့ ပြန်လည် ‎ချေပတဲ့အကြောင်းကို ကိုးကားထားတာ ဖြစ်နေပါတယ်။

ဝေဖန်တယ်ဆိုတာဟာ ပရိသတ်အနေနဲ့ ဝေဖန်ခြင်းနဲ့ ပညာရှင်ရဲ့အမြင်နဲ့ဝေဖန်ခြင်းဆိုပြီး ရှိပါတယ်။ ‎‎ရင့်ကျက်တဲ့အနုပညာရှင်တို့မည်သည် ဝေဖန်ခြင်းကို သဘောထားကြီးစွာ လက်ခံလေ့ရှိကြပါတယ်။ ဦးစောနုရော ထူးအိမ်သင်ရော နှစ်ယောက်စလုံးဟာ ‎‎ဂီတပညာရှင်များ ဖြစ်တဲ့အတွက် ဦးစောနုဟာ ‎ပညာရှင်တဦးရဲ့အမြင်နဲ့ နည်းစံနစ်ပိုင်းကို ဝေဖန်ပိုင်ခွင့် ‎ရှိပါတယ် (ထူးအိမ်သင် နဲ့ ဦးစောနု ဘယ်သူက ပိုသာတယ်လို့ ‎ကျွန်တော် မပြောပါ။ ထူးအိမ်သင်ဟာ ‎ကျွန်တော် အလွန်နှစ်သက်တဲ့ တေးရေးဆရာ အဆိုရှင်ဖြစ်ပါတယ်။ ဟာမိုနီပိုင်းကိုလည်း ‎တကယ် ‎တတ်ကျွမ်းနားလည်သူ ပညာရှင်တဦးပါ)။ ဆရာဝန်တဦးဟာ ဆေးပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာ ‎တခုကို ‎ဆေးပညာရှုထောင့်က ဝေဖန်နိုင်သလို အင်ဂျင်နီယာတဦးဟာလည်း ပညာရပ်ဆိုင်ရာ ‎အကြောင်းအရာတခုကို ‎သက်ဆိုင်ရာပညာရှင်အနေနဲ့ ဝေဖန်လို့ ရပါတယ်။

ဆက်ပြီး ထူးအိမ်သင်က "အနုပညာရှင်တစ်ယောက်အနေနဲ့ ဒီနေရာမှာ နားရွက်နဲ့ဆိုမှ သူ့ခံစားချက်ကို ‎ဖော်ပြနိုင်မယ်လို့ ‎ယူဆရင် နားရွက်နဲ့ရအောင်ဆိုမှာပါ" လို့ပြောပါတယ်။ တကယ်တော့ ဒါဟာ ‎နည်းစံနစ်ပိုင်း (‎technique) ကိုပြောထားခြင်းသာဖြစ်ပါတယ်။ ဘယ်လိုဆိုမယ် ဆိုတာ ‎နည်းစံနစ်ပါ။ License မဟုတ်ပါ။ ဆောင်းပါးရှင်က ‎ဒါကို မှားယွင်းစွာ အဓိပ္ပါယ် ကောက်ယူပြီး "ဒါ ‎ဖန်တီးသူ လိုင်စင်အတွက် အကောင်းဆုံး ဥပမာတစ်ခုပါ။" လို့ ‎အလွဲလွဲအချော်ချော် ပြောထားကြောင်း တွေ့ရှိရပါတယ်။

ဆက်ပြီး "သဒ္ဒါတွေ၊ သတ်ပုံတွေ ဟာလည်း ထိုနည်းလည်းကောင်း၊ ဖန်တီးသူကို ချုပ်ချယ်မထားနိုင်ပါဘူး။‎ ဖန်တီးသူ လိုင်စင်အရ သဒ္ဒါမှားမှ ဖြစ်မယ်၊ သတ်ပုံတွေလွဲနေမှ နေသာထိုင်သာရှိမယ်လို့ ယူဆရင် ‎သူ့ခံစားချက်ကို ‎ဖော်ထုတ်ဖို့ သတ်ပုံအမှားတွေ၊ သဒ္ဒါအလွဲတွေနဲ့ သူ ရေးစပ်ကောင်း ‎ရေးစပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူမှာ ‎ဖန်တီးသူ လိုင်စင် ရှိနေလို့ပါ။‎" လို့ ဆိုပြန်ပါတယ်။ ပြီးမှ ကပေါက်တိကပေါက်ချာ သူငယ်တန်းကလေး ရေးတဲ့စာထက် ဆိုးအောင်ရေးထားတဲ့ မော်ဒန် ဆိုတဲ့ ကဗျာတပုဒ်နဲ့ ဥပမာ ပြပါတယ်။ မြန်မာစာ သတ်ပုံများ တမင်မှားယွင်းထားသော ထိုကဗျာကို ဖော်ပြရန် မသင့်လျော်၍ မဖော်ပြတော့ပါ။
ဆောင်းပါးရှင်က ဆက်လက်ညွှန်းဆိုထားပြန်တာကတော့ "ရှေးဟောင်းအစဉ်အလာ၊ ဓလေ့ထုံးတမ်းတွေရဲ့ အနှောင်အဖွဲ့က ‎လွတ်မြောက်ချင်တဲ့ဆန္ဒ၊ သူ့ခံစားချက်တွေကို ဖော်ပြဖို့ ‎ဘာသာစကားက လိုက်မမီသလို ခံစားရချိန်မှာ ‎ခံစားမှုကိုနားလည်နိုင်အောင် ဘာသာပြန်လိုအပ်သလို ခံစားရမှု၊ ‎စည်းကမ်းတွေ၊ ဝေဖန်မှုတွေနဲ့ ‎မွန်းကြပ်နေတဲ့ အနုပညာရဲ့ ပေါက်ကွဲသံ၊ ကဗျာကို မြတ်မြတ်နိုးနိုးချစ်မိသူတစ်ဦးရဲ့ ‎ပုဂ္ဂလလွတ်လပ်စွာ ‎လောင်မြိုက်ခွင့်ကလေး လိုချင်မှု၊ စတဲ့ နူးညံ့စွာပေါက်ကွဲမှုသံစဉ်ကလေးကို ကဗျာဖွဲ့သီရာမှာ ‎‎ကဗျာဆရာဟာ သတ်ပုံအမှားတွေကို တမင်တကာကြားညှပ်လို့ နိမိတ်ပုံတစ်ခုသဖွယ် ‎‎ယူသုံးသွားပါတယ်။ ‎
ကဗျာရဲ့ theme နဲ့ လိုက်ဖက်တဲ့ သတ်ပုံအလွဲတွေ အဖြစ် ကဗျာကို အရောင်ပိုပြီးထွက်လာစေပါတယ်။‎
‎ဒါဟာလည်း ဖန်တီးသူလိုင်စင်တစ်ခုပင် ဖြစ်ပါကြောင်း" ပါတဲ့။

သြော် ... ဖြစ်မှ ဖြစ်ရပလေ ... ငါ့နှယ် သေပြီဆရာ လို့သာ ပြောလိုက်ချင်ပါတော့တယ်။ ‎ဒီနေရာမှာ ဖန်တီးသူလိုင်စင် ဆိုပြီး ဆောင်းပါးရှင်က ရည်ညွှန်းထားခြင်းဟာ Poetic License (licentia poetica)‎ ‎ကိုပြောခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒီတော့ Poetic License ရဲ့ ‎အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition‎) ကို ‎ကြည့်မယ်ဆိုရင် ...‎ ‎"the ability of a poet to ignore some of the minor requirements of grammar for ‎poetic effect." ‎လို့ဆိုထားပါတယ်။ ဒီနေရာမှာ ‎"minor requirements" ဆိုတာကို ‎သတိပြုရမှာဖြစ်ပါတယ်။ အသေးအဖွဲ လိုအပ်ချက်များ ‎ကို လစ်လျူရှုနိုင်တယ်လို့ ‎ဆိုလိုရင်းဖြစ်ပါတယ်။ သဒ္ဒါစည်းမျဉ်း တခုလုံးကို ပြောင်းပြန်လှန်ပြီး စာလုံးတွေကို ‎‎ကပေါက်တိကပေါက်ချာ ရေးပစ်လို့မရပါဘူး။ ‎‎ဒါကြောင့် ‎ဒီလိုအရေးအသားမျိုးကို ဖန်တီးသူလိုင်စင် အဖြစ် လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဟာ ဖျက်ဆီးခြင်း ဖြစ်တယ်လို့ မြန်မာစာပေကို မြတ်နိုးသူ တစ်ဦးအနေနဲ့ ကောက်ချက်ချမိပါတယ်။

ပညာရှင်ကြီးတွေ အနေနဲ့ ကဗျာရေးတဲ့ အခါ 'ကာရန်ငဲ့' တယ် ဆိုတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ ‎‎ဒါဟာ ‎ကာရန်ကိုက်ညီစေလိုတဲ့သဘောကြောင့် သဒ္ဒါစည်းမျဉ်းကိုဖေါက်ဖျက်ပြီး တချို့သောစာလုံးပေါင်း ‎များကနေ သွေဖည်ခဲ့တဲ့ ‎အထောက်အထားတွေရှိပါတယ်။ တနည်းအားဖြင့် ဒါဟာ မြန်မာတွေရဲ့ Poetic License ပဲဖြစ်ပါတယ်။ မြဝတီမင်းကြီး ‎ဦးစ က 'လကိုမြင်၊ ကြယ်စင် ဟုတ်ဖူး' ရယ်လို့ ဆိုရာမှာ ‎ကာရန်ကိုက်ညီအောင် 'စင်ကြယ်' ဆိုတဲ့စကားကို 'ကြယ်စင်' ‎ရယ်လို့ ပြောင်းပြန်ရေးခဲ့ဖူးပါတယ်။ ‎ဆရာဦးပုညကလည်း မေဓါဝီကို ကာရန်ကိုက်အောင် 'မေဓါဝေ' ဆိုပြီး ‎သုံးနှုန်းသွားခဲ့ပါတယ်။ ‎‎ဒါတွင်မက ...‎

‎"နွဲ့လည်းမချည်း၊ ကြည်းလည်းမရွှင်း၊ ဝင်းလည်းမဝါ၊ ပြာလည်းမညို့၊ ပြို့လည်းမဖွံ့" ဆိုပြီး ‎စာလုံးပေါင်းတွေကို ပြောင်းလဲ ‎သုံးစွဲခဲ့တဲ့ အထောက်အထားတွေရှိခဲ့ပါတယ်။ တကယ်တော့ နွဲ့လည်း ‎မချည့် (မချည့်နဲ့)၊ ကြည်လည်း မရွှင်၊ ‎‎(ကြည်ကြည်လင်လင်ရှိသော်လည်း မိန်းမရွှင်ကဲ့သို့မဟုတ်)၊ ပြာ ‎‎(လတ်ဆတ်) သော်လည်း မညို (မည်းနက်မနေ)၊ ဆိုတဲ့ ‎စကားတွေကို ကာရန်ငဲ့ပြီး ပြောင်းလဲ စပ်ဆို ‎ထားတာပါ။‎
‎ဒါပေမယ့် ဒီပညာရှင်ကြီးတွေအားလုံးဟာ မြန်မာသဒ္ဒါစည်းမျဉ်းတွေကို 'ခံစားမှု' ဆိုတဲ့ မျက်နှာဖုံးတပ်ပြီး ‎အကြောင်းမဲ့ ‎ဖေါက်ဖျက်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။‎

ဆောင်းပါးရှင်ပြောတဲ့ "သဒ္ဒါတွေ၊ သတ်ပုံတွေ ဟာလည်း ထိုနည်းလည်းကောင်း၊ ဖန်တီးသူကို ‎ချုပ်ချယ်မထားနိုင်ပါဘူး" ‎ဆိုတာဟာ အလွန်မှားယွင်းတဲ့ အယူအဆတခုဖြစ်ပါတယ်။ ကျွန်တော်တို့ ‎မြန်မာစာ တွင်မက ဘာသာစကားတိုင်းမှာ ‎သဒ္ဒါတွေ၊ သတ်ပုံတွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ ‎ကနေ ပါဝင်နေပါတယ်။ ဥပမာ တခုပြပါရစေ။ ‎သတင်းစာဆရာကြီး အောင်ဗလ ခေါ် ကြေးမုံဦးသောင်း ‎က စာလုံးလေးတလုံးကို ပြောင်းလိုက်တာနဲ့ အဓိပ္ပါယ် လုံးဝ ‎လွဲချော်သွားတဲ့ စာတပုဒ် ရေးခဲ့ဖူးပါတယ်။ ‎တိရစ္ဆာန်ရုံမှာ ရှိနေတဲ့ ခြင်္သေ့ကြီးအတွက် ခြင်္သေ့မငယ်ငယ်လေးကို ‎လှောင်အိမ်ထဲ အတူ ထည့်ပေးတော့ ‎ခြင်္သေ့မလေးက အကပ်မခံတဲ့အကြောင်း ရေးထားတဲ့ ဆောင်းပါးထဲမှာ ပါပါတယ်။ ‎မူရင်း သီချင်း ‎စာသားဖြစ်တဲ့ ".. ကလေးစိတ်မို့ ပျိုနားမလည် .. ခင်ဟာ ငယ်သေးတယ်" ဆိုတာကို ‎‎အောက်မြစ်ကလေးတခုထည့်ပြီး "ခင့်ဟာ ငယ်သေးတယ်" ဆိုပြီး ပြောင်းရေးလိုက်တော့ အဓိပ္ပါယ်တွေ ‎‎တက်တက်စင်အောင် ပြောင်းလဲကုန်တော့ တာပါပဲ။ ‎

ကျွန်တော်တို့ မြန်မာစာပေရဲ့ စည်းမျဉ်းတွေကို ရှေးလူကြီးများက အလကား မနေနိုင်မထိုင်နိုင် လက်ယားပြီး သတ်မှတ်သွားခြင်းမဟုတ်ပါ။ ‎မြန်မာစာပေဟာ ‎ပုဂံခေတ်ကစပြီး ယနေ့ခေတ်အထိ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာတယ်လို့ ‎ပညာရှင်များသတ်မှတ်ကြပါတယ်။ ဒီလို ‎နှစ်ပေါင်းတစ်ထောင်နီးပါးကြာအောင် တည်တံ့ခဲ့တဲ့ စာပေ ‎အရေးအသားတခုဟာ အလကားနေရင်း ‎တိုးတက်လာတာမဟုတ်ပါ။ ပညာရှင် အစဉ်အဆက် စည်းကမ်း ‎သတ်မှတ်ချက်တွေကြောင့် ‎ပြောင်းလဲတိုးတက်လာခဲ့တာဖြစ်ပါတယ်။ စည်းကမ်းသည် လူ၏တန်ဖိုး လို့ ‎အဆိုရှိပါတယ်။ ဒါကြောင့်လည်း ‎မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်က ဝိနည်းသည် ‎ရဟန်းတို့၏ အသက်ဖြစ်သည် ‎လို့ ပညတ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ရဟန်းရဲ့အသက်ဟာ ဝိနည်းဖြစ်သလို ‎လူတွေရဲ့ အသက် ဟာ စည်းကမ်းဖြစ်ပါတယ်။ ‎ဒီလိုပဲ စာပေမှာ သဒ္ဒါဟာ အသက်ပါ။ သဒ္ဒါမတတ်၊ ‎စာမတတ် လို့ ဆိုရိုးရှိပါတယ်။ မြန်မာစာပေ၊ မြန်မာစကားဟာ ‎မြန်မာတိုင်းအတွက် ဂုဏ်ယူစရာ ‎တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင် အက္ခရာ၊ ကိုယ်ပိုင်စာပေ ရှိနေတဲ့ ‎ကျွန်တော်တို့ရဲ့ မြန်မာစာကို ‎အလွယ်တကူ ဖျက်ဆီးခြင်းကို ခွင့်မပြုကြဖို့၊ ထိန်းသိမ်းကြဖို့ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။ ‎

ခံစားမှုဆိုတာကို မျက်နှာဖုံးတပ်ပြီး ထင်ရာစိုင်းတာကို ကျွန်တော်တို့ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိပါ။ အဲဒီ ‎ခံစားမှုဆိုတာကို ‎ရှေ့တန်းတင်လွန်းရင် လောကကြီးမှာ 'ဓမ္မ' ဟာ ပျက်ပြားသွားနိုင်စရာ ‎အကြောင်းရှိပါတယ်။ သူ့ရဲ့ ခံစားချက်ကို ‎ဦးစားပေးပြီး ကာမပိုင်ရှိသူမိန်းကလေး၊ သူတပါးဇနီးမယားဖြစ်တဲ့ သီတာဒေဝီကို အတင်းအဓမ္မ လုယူခဲ့တဲ့ ‎‎ဒဿဂီရိ ရဲ့ ခံစားချက်မျိုးကို လက်ခံနိုင်ပါသလား။ ခံစားချက်ကို ‎ရှေ့တန်းတင်လွန်းတဲ့ ‎တကယ့်အဖြစ်အပျက် တစ်ခုကို ကျွန်တော် တင်ပြပါ့မယ်။ အနုပညာသမားတဦးဟာ တစ်ခါက ‎‎ကားအသွားအလာ အနည်းငယ်ရှင်းတဲ့ လမ်းမ ပေါ်မှာ လှဲအိပ်ပြီး လှပတဲ့ညခင်းကို "ခံစား" နေပါတယ်။ ‎ခဏအကြာမှာပဲ ‎ကားတစ်စီး မောင်းဝင်လာပါတယ်။ ကားမောင်းသူရဲ့ သတိရှိမှုကြောင့် ကားကို ‎အချိန်မီရပ်တန့်လိုက်နိုင်ပါတယ်။ ပြီးတော့ ‎သူ့ကို လမ်းပေါ်က ဖယ်ပေးဖို့ပြောတဲ့အခါ "ကျွန်တော် ‎ခံစားနေတာကို လာမနှောက်ယှက်ပါနဲ့ဗျာ" လို့တုန့်ပြန်ပါတယ်။ ‎ထို အနုပညာသမား ဆိုသူဟာ ကံကောင်းလို့သာ ကားတိုက်မသေပေမဲ့ ‎လက်သီးစာကျွေးသွားခြင်းတော့ ခံလိုက်ရ ပါတယ်။ ဒီလို ‎စည်းလွတ်ဘောင်လွတ် ထင်ရာစိုင်းခြင်းဟာ 'လွတ်လပ်ပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှမ်း' တာနဲ့ ‎‎တူကြောင်း အမျိုးသား ခေါင်းဆောင်ကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန် မိန့်ကြား ‎သွားခဲ့ဖူးပါတယ်။‎
လူတွေဟာ ပုထုဇဉ်တွေဖြစ်တာနဲ့အညီ မကောင်းတဲ့ အာရုံခံစားမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို ဖြစ်လာတဲ့ အခါ အဲဒီ ‎ခံစားမှုတွေကိုလိုက်ပြီး ‎မကောင်းတဲ့ ဖွဲ့ဆိုမှုတွေဖြစ်ပေါ်လာရင်ရော လက်ခံရမှာပါလား။ ပန်းချီဆရာ ‎တွေဟာ အနုပညာရဲ့ ဖန်တီးခွင့်အရ ‎ကိုယ်လုံးတီးပုံတွေကို ရေးဆွဲကြပါတယ် (Erotica ‎ကိုဆိုလိုတာဖြစ်ပြီး Pornography ကို မဆိုလိုပါ)။ ဒါပေမယ့် ‎ဒီပန်းချီဆရာများဟာ သူတို့ခံစားရတဲ့ ‎ကိုယ်လုံးတီး ဝစ်လစ်စလစ် ခန္ဓာကိုယ်အလှများကို ‎လူရှေ့သူရှေ့ထွက်ပြီးရေးဆွဲခဲ့ကြတာ မဟုတ်သလို ‎သူတို့ကိုယ်တိုင်မှာ ဘယ်လိုပဲ အနုပညာခံစားမှုရှိပါစေ ... သူတို့ရဲ့ ‎မော်ဒယ်တွေကို လူမြင်ကွင်းမှာ ‎ကိုယ်လုံးတီး ထွက်ပြီး ပြခိုင်းတာမျိုး မတွေ့ဖူးသလို သူတို့ကိုယ်တိုင်လည်း ကိုယ်လုံးတီး ‎‎လမ်းထွက်မလျှောက်ကြပါ။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာနေတဲ့အခါ ‎လူ့အဖွဲ့အစည်းရဲ့ ‎သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု၊ ထုံးတမ်း အစဉ်အလာတွေကို လိုက်နာကြရပါတယ်။ ‎‎"ပုဂ္ဂလလွတ်လပ်စွာ လောင်မြိုက်ခွင့်ကလေး လိုချင်မှု" ဆိုတာဟာ အများနဲ့ ‎သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ အကျုံးမဝင်ပါ။ ‎ပုဂ္ဂလလွတ်လပ်စွာ လောင်မြိုက်ခွင့်ကလေး လိုချင်ရင် ‎ကိုယ့်ဟာကိုယ် သီးသန့် ဖန်တီးနိုင်ပေမယ့် အများရှေ့ကို ‎မသင့်လျော်တာတွေ ချပြလို့မရပါ။ ကျွန်တော်ဟာ ‎လွတ်လပ်မှုကို အလွန်မြတ်နိုးသလို ရှေးရိုးအစဉ်အလာများမှ ‎ဖေါက်ထွက်ပြီး တီထွင် ဆန်းသစ်မှု ‎ကိုလည်း အလွန်လေးစား တန်ဖိုးထားပါတယ်။ မော်ဒန်ကဗျာများကို ‎ကြိုက်နှစ်သက်ပေမယ့် ‎ထင်ရာစိုင်းခြင်းကို လက်မခံပါ။ မော်ဒန်ကဗျာဆိုတာ စည်းလွတ်ဝါးလွတ် ‎လုပ်ချင်ရာလုပ်ခြင်းမဟုတ်ပါ။ ‎တီထွင်ဆန်းသစ်မှု ဆိုတာဟာ ရှိပြီးသား လူအများလက်ခံထားတဲ့ အရာများကို ‎ဖျက်ဆီးပစ်ခြင်း ‎မဟုတ်ပါ။ ‎
ခံစားချက်နဲ့ပတ်သက်လို့ပြောရရင် ခံစားချက်တွေကို ဖေါ်ပြဖို့ ဘာသာစကားက လိုက်မမီတာမဟုတ်ပါ။

‎‎‎ဂီတ ပညာရှင်များဟာ အသံနဲ့ ခံစားချက်တွေကို ဖေါ်ပြကြပါတယ်။ ပန်းချီပညာရှင်များဟာလည်း ‎ခံစားမှုတွေကို ‎အရောင်များနဲ့ ဖေါ်ပြကြပါတယ်။ ဒီလိုပဲ စာပေပညာရှင်များဟာ သူတို့ရဲ့ ‎ရင်တွင်းခံစားမှုများကို စာလုံးများနဲ့ ‎ဖေါ်ပြကြပါတယ်။ ခံစားချက်တွေကို ပြည့်စုံအောင် ဖေါ်ပြနိုင်စွမ်း ‎ချို့တဲ့နေတာ တစ်နည်းအားဖြင့် အနုပညာ ‎ဝမ်းစာမပြည့်မီတာသာ ဖြစ်ပါလိမ့်မယ်။ ဒီနေရာ မှာ ဆရာ‎သစ္စာနီ ရဲ့ ဆောင်းပါးထဲက စာသားအချို့ကို ကိုးကား ပါရစေ ...

‎".. ခေတ်ပေါ်ကဗျာဟာ အာရုံမြင်ဝါဒရဲ့ စိတ္တဇဆန်ဆန် စွဲထင်မှု၊ သင်္ကေတဝါဒရဲ့ မရှင်းလင်း၊ ‎လျှို့ဝှက်လွန်ကဲမှု၊ ‎အမှန်လွန်ဝါဒရဲ့ အဓိပ္ပါယ် ဝိုးဝါးထွေပြားမှု၊ အဲဒါတွေအားလုံးကို ငြင်းပယ်တယ်လို့ ‎တော်တော်စောစောကပဲ ‎မြန်မာခေတ်ပေါ်ကဗျာသစ် (၁၉၈၇၊ ရုပ်ရှင်ပဒေသာ) ဆောင်းပါးမှာ ‎ပြောဆိုခဲ့ဖူးပါတယ် ..."‎
‎"ကဗျာဆရာတစ်ယောက်အနေနဲ့လည်း ခံစားမှုကိုသာ အသားပေးပြီး အဲဒီ ခံစားမှုကို မထိန်းချုပ်နိုင်ရင် ‎အညံ့စား ‎ကဗျာဆရာပဲ ဖြစ်မယ်တဲ့ ...."‎ ‎ဒါကတော့ ဆရာ သစ္စာနီ ရဲ့ အမြင်ပဲ ဖြစ်ပါတယ်။‎

‎ခေတ်ပေါ် (မော်ဒန်) ကဗျာသာမဟုတ်၊ ‎ဘယ်ကဗျာမှ ရိုင်းစိုင်းစွာပြောဆိုခြင်းကို ကိုယ်စား မပြုပါ။ ‎ ‎စာဖတ်သူတွေထဲမှာလည်း ကဗျာရေးသူထက် ဂုဏဝုဒ္ဓိ၊ ဝရဝုဒ္ဓိအားဖြင့် ‎သာလွန်တဲ့ပုဂ္ဂိုလ်များ ‎ပါဝင်နိုင် တဲ့အတွက် ဒီလို အသုံးအနှုန်းများဖြင့် မဖွဲ့ဆိုအပ်ပါ။ ကြမ်းတမ်းတဲ့အသုံးအနှုန်း တွေကို ‎‎မာန်လည်ဆရာတော်၊ ဗန်းမော် ဆရာတော် စတဲ့ မြန်မာစာပေကဗျာ့ပါရဂူများ ရေးဖွဲ့ခဲ့ဖူးပါတယ်။ ‎‎ဒါပေမယ့် ဒါတွေဟာ ‎မသင့်တော်တာ တွေကို အမှန်ရောက်အောင် လူတဦးတယောက်ကို ရည်ရွယ်ပြီး ‎‎'ခပ်စပ်စပ်ကလေး' ဆိုဆုံးမမှု များသာ ‎ဖြစ်ပြီး အခြားသူကို စော်ကားလိုရင်း သဘောစေတနာမရှိတာ ‎တွေ့ရပါတယ်။ စာပေသမ္ဘာရှိသူ ပညာရှိ များရဲ့ ဆိုဆုံးမမှု ‎အဖြစ် ရိုသေလေးစားစွာ နှောင်းလူများက ‎မှတ်တမ်းတင်ထားကြပါတယ်။ ဒါ့အပြင် ဂမ္မဒေါသ သင့်သော အရေးအသားများဖြစ်သော်လည်း ပရိဟာရ် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ထင်ရာစိုင်း ရေးသားကြခြင်း မဟုတ်ပါ။ ‎ဝါးလုံးရှည်နဲ့ ‎သိမ်းရမ်းခြင်းမဟုတ်ပါ။ ကဗျာကို ရေးသားနေကြသူများ အားလုံးဟာ ကဗျာကို မြတ်မြတ်နိုးနိုး ချစ်မိကြလို့ ‎‎ရေးသားနေကြခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ချစ်မိတိုင်း စိတ်ထင်ရာ လုပ်လို့မရပါ။ မိန်းကလေး ‎တဦးကို ချစ်မိတိုင်း ‎သူ့အချစ်ကို ဓါးပြတိုက်ယူခွင့် မရှိသလို ကိုယ်စိတ်ထင်ရာ သွားပြောဆိုခွင့်လည်း ‎မရှိပါ။ ထိန်းသိမ်းနိုင်စွမ်း ဆိုတာ ‎လူယဉ်ကျေးများမှာသာ တွေ့ရတဲ့ အမူအကျင့်မျိုး ဖြစ်ပါတယ်။‎

‎ကဗျာစပ်ဆိုမှုများအကြောင်း အနှစ်ချုပ်ရလျှင် -
‎(၁)‎ အနုပညာ ခံစားမှု မျက်နှာဖုံးကိုတပ်ပြီး ထင်ရာစိုင်းမှုကို လက်ခံစရာအကြောင်း လုံးဝမရှိပါ။
‎(၂)‎ အနုပညာ ခံစားမှု မျက်နှာဖုံးကိုတပ်ပြီး ကိုယ့်ရဲ့ မှားယွင်းမှု၊ နမော်နမဲ့နိုင်မှု (Negligence) ကို ‎‎ဖုံးကွယ်ခြင်းကိုလည်း လက်မခံနိုင်ပါ။‎
‎(၃)‎ တီထွင်ဆန်းသစ်မှုဆိုတာဟာလည်း ရှိပြီးသားများကို ဖျက်ဆီးပစ်ခြင်းမဟုတ်ပါ။‎
‎(၄)‎ ဖန်တီးခွင့်လိုင်စင် ဆိုတာဟာ စိတ်ထင်ရာလုပ်ဖို့မဟုတ်ပါ။‎
‎(၅)‎ ‎ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းများကို ယဉ်ကျေးသောလူ့အဖွဲ့အစည်းနဲ့ စာပေက ‎လက်မခံပါ။‎
‎(၆)‎ သဒ္ဒါကို မလိုက်နာရင် မှားယွင်းတဲ့ အဓိပ္ပါယ်များ ထွက်သွားနိုင်ပါတယ်။‎

ပုဂ္ဂိုလ်ရေးနဲ့ စာပေရေးရာ ‎‎ယုံကြည်မှုကို ‎ရောထွေးပစ်လို့ မရတဲ့အပြင် မြန်မာစာပေရဲ့ ဂုဏ်သိက္ခာ နဲ့ ပတ်သက်လာရင် မြန်မာလူမျိုးတိုင်း ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ကဗျာရေးသူအနေနဲ့ သူနှစ်သက်ရာကို လွတ်လပ်စွာ ‎ယုံကြည်ခွင့်ရှိပေမယ့် အများနဲ့ သက်ဆိုင်တဲ့ အင်တာနက်စာမျက်နှာများနဲ့ အခြားသော မီဒီယာများပေါ်မှာ ‎အများအကျိုးကို ထိခိုက်စေနိုင်တယ်လို့ ‎မှတ်ယူနိုင်တဲ့အရာများကို ပြုလုပ်ရန် မသင့်လျော်ပါဘူး။

‎ရိုးသားစွာ စာလုံးပေါင်း မှားရေးမိတာ၊ သဒ္ဒါစည်းမျဉ်းများကို အနုပညာ လိုအပ်ချက်အရ ‎အနည်းငယ် ချိုးဖောက်မိ တာတွေဟာ ‎ပြဿနာ မဟုတ်ပေမယ့် တမင်တကာ ထင်သလို ‎ဖျက်ဆီးပြီးရေးသားထားတဲ့ ရုပ်ပျက်ဆင်းပျက် ‎အရေးအသား မျိုးဟာ မြန်မာစာပေ အရေးအသားကို ဖျက်ဆီးနေခြင်းဖြစ်ပြီး လူအများအလယ်မှာ တင်ပြရန် ရှက်ဖွယ်ကောင်းလှပါသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးအားလုံး ကိုယ့်အမျိုးသားဘာသာစကား မြန်မာစာပေကို လှပနေအောင် ထိန်းသိမ်းကြပါစို့လား ခင်ဗျာ။

 - ဟယ်ရီလွင်