ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ပိတောက်အသစ် ရင်ခုန်သံအသစ်

(က)
မြန်မာ ကဗျာတွေထဲမှာ ကဗျာသမိုင်းရဲ့ အချိုးအကွေ့တစ်ခုကို ကဗျာတစ် ပုဒ်ထဲနဲ့  ချိုးကွေ့ သွားနိုင်လောက်အောင်ဖြစ်စေတဲ့ ကဗျာမျိုး ရှိပါတယ်။ ဆိုလိုတာက အဲဒီကဗျာက ခင်းလိုက်ဖေါက်လိုက်တဲ့ လမ်းသစ်အတိုင်း နောက်ပိုင်းကဗျာတွေက ဆက်ပြီးလျှောက်လာကြတဲ့သဘောကို ကျနော်ဆိုလိုတာပါ။ ဒီကဗျာရဲ့ အတတ်ပညာနဲ့ အကြောင်းအရာဟာ သူ့ အရင်ပေါ်ခဲ့တဲ့ ကဗျာတွေနဲ့ လုံးဝမတူတော့ပဲ အစဉ်အလာဟောင်းက ရုန်းထွက်လိုက်တဲ့ ကဗျာသစ်အမျိုးအစားသဘောဖြစ်ပါတယ်။

ဒီနေရာမှာ အဲသလို ချိုးနိုင်ကွေ့ နိုင်တဲ့ ခေတ်ပြောင်းကဗျာတစ်ပုဒ်မှာ ထူးခြားတဲ့လက္ခဏာရပ်တွေလည်း ရှိပါတယ်။ ဒီလိုခေတ်ပြောင်းကဗျာတစ်ပုဒ်ဖြစ်ဖို့ ဆိုတာကလည်း အတတ်ပညာတစ်ခုတည်း ဒါမှမဟုတ် အကြောင်းအရာတစ်ခုတည်း သစ်လို့ ပြောင်းလို့ ချိုးလို့ ရတာမျိုးမဟုတ်ပါဘူး။ အတတ်ပညာကော အကြောင်းအရာပါ ပြောင်းလဲရတဲ့လက္ခဏာ ရှိဖို့ လိုအပ်ပါတယ်။ အကာနဲ့အနှစ် သို့မဟုတ် ထုနဲ့စောက် နှဏ်မျိုးစလုံး ပြောင်းရတာမျိုးလို့ လည်း ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒီ ပြောင်းလဲချိုးကွေ့ လိုက်တယ်ဆိုတဲ့ကဗျာမျိုးမှာ သူ့ အကြောင်းအရာနဲ့ သူ့ အတတ်ပညာဟာ အံဝင်ခွင်ကျဖြစ်နေတာကို အသေအချာတွေ့ လိုက်ရတဲ့အချက်ကလည်း တကယ့်ကို ထူးခြားလေးနက်တဲ့ကိစ္စပါပဲ။ တချို့ ကဗျာတွေလို အကြောင်းအရာသစ်ပေမယ့် အတတ်ပညာကဟောင်းနေပြန်တာမျိုး၊ တခါ အတတ်ပညာက သစ်ပေမယ့် အကြောင်းအရာက ဟောင်းနေတာမျိုး။ အဲသလို ‘ပန်းအိုးနဲ့ ပန်း↓ မကိုက်ညီ မလိုက်ဖက်တာမျိုးဖြစ်နေတဲ့ ကဗျာတွေနဲ့ လုံးဝမတူတဲ့ ထူးခြားတဲ့လက္ခဏာတွေလည်းရှိနေတဲ့ ဒီလိုကဗျာအမျိုးအစားမျိုးဟာ ကဗျာသမိုင်းအသစ်ကို ဆွဲဖွင့်လိုက်တဲ့ကဗျာ ဖြစ်နေတတ်ပါတယ်။

မြန်မာကဗျာသမိုင်းမှာ ကဗျာသမိုင်းအသစ်တစ်ခုကို ကဗျာတစ်ပုဒ်ထဲနဲ့ ပွင့်အောင် ဖွင့်နိုင်တဲ့ ဖွင့်နိုင်စွမ်းတဲ့ကဗျာတစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့ ဆရာ“ဇော်ဂျီ↔ ရဲ့ “ပိတောက်ပန်း↔ ကဗျာပါပဲ။ ဒီဆောင်းပါးမှာ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်နဲ့ အကြောင်းအရာအသစ်ကို လေ့လာကြည့်မှာဖြစ်ပါတယ်။

ဆရာဇော်ဂျီဟာ “ပိတောက်ပန်း↔ ကဗျာကို ၁၉၂၈ခုနှစ်မှာ ရေးပါတယ်။ တက္ကသိုလ်က ပညာတတ် လူငယ် တချို့ အနောက်တိုင်းစာပေရဲ့ ရေးပုံဖွဲ့ ပုံ ခံစားပုံတွေကိုထိတွေ့ ခံစားရင်းက မြန်မာကဗျာနဲ့ အနောက်တိုင်းကဗျာကို စရနယ်ပြီး ကဗျာအသစ်စမ်းသပ်ပုံဖေါ်ဖို့ လုပ်ကြရင်းက “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့ နိုင်လိုက်တာပဲလို့ ယူဆမိပါတယ်။

စရနယ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒီနေရာမှာ ဆရာဇော်ဂျီက အနောက်တိုင်းကဗျာကို မြန်မာကဗျာနဲ့ ရောစပ်တဲ့အခါ အတုံးလိုက်အတစ်လိုက်၊ ဒါမှမဟုတ် ပုံတူကူးချတာမျိုး မဟုတ်ပါဘူး။ ကိုယ့်အမျိုးသားဟန် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အနောက်တိုင်းအတတ်ပညာနဲ့ တကယ့်ကို လိုက်လျောညီထွေဖြစ်အောင် ရောပြီးနယ်ပြီး စရနယ်ပြီးမှ ဒီကဗျာကို ရေးလိုက်တဲ့သဘောပါပဲ။ “အရိုးကို အရွက်မဖုံးစေတဲ့နည်း↔ကို အသုံးပြုပြီးမှ ဒီကဗျာကိုရေးလိုက်တာပါ။

ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ လိုက်တဲ့တချိန်ထဲမှာ ဆရာဇော်ဂျီနဲ့ ခေတ်ပြိုင် အထူးသဖြင့် ဆရာဇော်ဂျီနဲ့ အတောင်တူငှက်များလို့ ဆိုရမယ့် တက္ကသိုလ် ပညာတတ် လူငယ်တချို့ ကလည်း အနောက်တိုင်းကဗျာ အရေးအဖွဲ့ နဲ့ အကြောင်းအရာတွေကို မြန်မာကဗျာနယ်ပယ်ထဲ စမ်းသပ်ကိုင်းကူးလာနေကြပါတယ်။ အထင်ရှားဆုံးကတော့  ဆရာ “မင်းသုဝဏ်↔ ပါပဲ။ဒီလူငယ်တွေဟာ တချိန်တုန်းက မြန်မာကဗျာဆရာတွေ ဘယ်လိုမှ စိတ်အာသီသ မကျရောက်ခဲ့ဖူးတဲ့ နယ်မြေတွေဆီ ခြေဆန့် လက်ဆန့် လုပ်ခဲ့ကြပါတယ်။ ဥပမာ အိမ်မှာမွေးတဲ့ ကြောင်၊ ဘဲ၊ အစရှိတဲ့ သတ္တဝါလေးတွေကအစ ခေါင်းပေါင်းစ၊ ရေလှိုင်း၊ လတာပြင်၊ မြက်ရိတ်သမား အစရှိတဲ့ လောကအင်္ဂါရပ်နယ်ပယ်ထဲက အရာဝတ္ထုအသီးသီးဆီကို အတွေးအမြင်ချဲ့ ထွင်လာခဲ့ကြပါတယ်။ ဒါက အနောက်တိုင်းမှာ ရော်မန်တိက ကဗျာဆရာတွေဖြစ်ကြတဲ့ “ယိစ်↔တို့  “ကိစ်↔တို့ “ဘိုင်ရွန်↔တို့ ရဲ့ ကဗျာလမ်းကြောင်းအတိုင်း သဘာဝလောကထဲ အရင်ကထက်ပိုပြီး ဝင်ကြ နှိုက်ကြတဲ့သဘောပါပဲ။ သူတို့ ဆီက နည်းကို ယူသုံးတာပါပဲ။ ဒီလို ရင်ခုန်မှုအသစ်ကို လူငယ်တွေ ခံစားလာနေကြတဲ့အချိန် ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးတာပါ။

မြန်မာကဗျာသမိုင်းမှာ ဟိုယခင်တုန်းကတော့ “ပိတောက်ပန်း↔ကို မြန်မာကဗျာဆရာတွေက “ကံ့ကော်ပန်း↔လောက် အလေးအနက်မထားခဲ့ပါဘူး။ ခေတ်အဆက်ဆက် ရာသီနှစ်ကူး တန်ခူးလဘွဲ့ ကဗျာတွေမှာ တစ်ရာသီထဲ ပွင့်တာချင်းအတူတူ မြန်မာကဗျာဆရာတွေက ပိတောက်ပန်းကိုချန်လှပ်ပြီး ကံကော်ပန်းကိုပဲ အမြဲတန်းလိုလို ထည့်ဖွဲ့ သွားကြတာ တွေ့ ရပါတယ်။

မြန်မာကဗျာသမိုင်းကြီးတခုလုံးလောက်နီးနီး ပိတောက်ပန်းကို မြန်မာကဗျာဆရာတွေ ရင်မခုန်နိုင်ခဲ့ကြပါဘူး။ နှစ်ပေါင်း (၆၀၀) ဝန်းကျင်လောက်အထိ မြန်မာကဗျာဆရာတွေဟာ ပိတောက်ပန်းရနံ့ကို ရှူရှိုက်နိုင်လောက်အောင် ဂန္ဒာရုံအား မကောင်းခဲ့ကြပါဘူး။ မြန်မာကဗျာထဲမှာ သော်ကပန်းကအစ အာသာဝတီ နွယ်နီနတ်ပန်းအထိ မြန်မာကဗျာဆရာတွေ ရင်ခုန်ခဲ့ကြပေမယ့် ပိတောက်ပန်းကဗျာကိုကြတော့ ဘာကြောင့်ရယ်မသ၊ိ ဘယ်ကဗျာထဲမှာမှ မတွေ့ ကြရပါဘူး။ ဒါမှမဟုတ် မတွေ့ ရသလောက်ပဲလို့ ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ်ကြကာမှသာ “စုံနံသာမြိုင် ဦးကျော့↔ရဲ့ “ပိတောက်ပန်းဘွဲ့ ↔လေးချိုးကဗျာထဲမှာ ပိတောက်ပန်းကို ကျနော်တို့ တွေ့ ကြရတော့တာပါ။ ဒါပေမယ့် အမေ့ခံ ပိတောက်ပန်းဟာ ဦးကျော့ရဲ့ ကျေးဇူးနဲ့ အမေ့ခံရကျိုးနပ်တယ်လို့ တောင် ဆိုရမလားပါပဲ။ ဦးကျော့က သူ့ ကဗျာထဲမှာ ပိတောက်ပန်းကို “ပန်းတကာတို့ ရဲ့ဘုရင်↔ ဖြစ်တယ်လို့ တောင်မှ နေရာပေးဖွဲ့ ဆိုလိုက်ပါတယ်။

စုံနံ့ သာမြိုင်ဦးကျော့ရဲ့လက်ထက်မှာ ပန်းတကာတို့ ရဲ့ဘုရင်အဖြစ် လူရာသူရာဝင်လာရတဲ့ ပိတောက်ပွင့်ဟာ သက်မဲ့ကနေပြီး သက်ရှိရုပ်အဖြစ် တဆင့်တက် ထူးကဲလာတာကို နောက်ပိုင်းမှာ တွေ့ လာရပါတယ်။ ဒီလို သက်မဲ့ကနေပြီး သက်ရှိဘဝရောက်အောင် အသက်သွင်းပေးလိုက်သူကတော့ ခေတ်ဆန်းစာဆိုကြီး ဆရာဇော်ဂျီပါပဲ။

ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ တဲ့အခါ ပိတောက်ပန်းရဲ့အလှနဲ့ အနံ့ လောက်တင်ရပ်မနေပဲ ပိတောက်ပန်းကို သက်မဲ့ကနေပြီးသက်ရှိ လောကီသားတဦးအနေနဲ့ တိုက်ရိုက်ရေးဖွဲ့ လိုက်ပါတယ်။ ဒီလိုရေးဖွဲ့ တဲ့အခါ ပိတောက်ပန်း ကဗျာကို အကြောင်းအရာအရနဲ့ အတတ်ပညာအရ နှစ်ခုစလုံး သစ်အောင် ဖွဲ့ တာတွေ့ ရပါတယ်။ ဒီလိုနဲ့ ပိတောက်ပန်းကဗျာဟာ ခေတ်ဆန်းကဗျာခေတ်တခုရဲ့ လမ်းမဟော်ကို ဖဲကြိုးဖြတ်ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။

(ခ)
မြန်မာကဗျာနယ်ပယ်မှာ နောင်အခါ “သင်ခန်းစာတန်းဝင်ကဗျာ↔တပုဒ်ဖြစ်လာစေမယ့် “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့ စဉ်က ဆရာက အသက် (၂၀)ဝန်းကျင်ပဲ ရှိပါသေးတယ်။၁၉၂၈ တက္ကသိုလ် ဘီအေတန်းမှာ ပညာသင်ကြားနေတုန်းဖြစ်ပါတယ်။

နှစ်ပေါင်း (၆၀၀)ကျော် မြန်မာကဗျာဆရာတွေ တကံ့ကော်ထဲကော်ပြီး ကံ့ကော်ပန်းမှ ကံ့ကော်ပန်းဖြစ် နေတဲ့အချိန်မှာ ကဗျာသစ်ကို ချဉ်ခြင်းတပ်နေတဲ့ ဆရာဇော်ဂျှီက မြန်မာကဗျာဆရာတွေ လက်လှမ်းမမီတဲ့ ပိတောက်ပန်းကို ပန်းဘွဲ့ အသစ်စပ်ဆိုဖို့ တမင် ရွေးချယ်လိုက်တာပဲလို့  ယူဆလို့ ရကောင်းရနိုင်ပါတယ်။ ကဗျာအ သစ်ကို ပန်းအသစ်နဲ့ ဖေါ်ပြချင်တဲ့သဘောဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကောင်းပါပြီ။ ပန်းအသစ်ကိုတော့ ရွေးပြီးပြီ။ ယခင့်ယခင် မြန်မာကဗျာဆရာတွေ ပန်းဘွဲ့ ရေးသလို ပန်းရဲ့အလှ ပန်းရဲ့ရနံ့ ၊ အာသာဝတီ နွယ်နီနတ်ပန်းလောက်အထိ မြင်လို့ ထိတွေ့ လို့ ရတဲ့ အဆင်းကိုသာဖွဲ့ တဲ့ ပန်းဘွဲ့ ကဗျာမျိုး ရေးလို့ တော့ ဘယ်မှာလာပြီး ကဗျာသစ်ဖြစ်တော့မလဲ။ ဒီတော့ ဆရာဇော်ဂျီက ပန်းဘွဲ့ အသစ်ဖြစ်ဖို့ ဆိုရင် ရင်ခုန်သံလည်းသစ်ဖို့ လိုတယ်ဆိုတာ သိပါတယ်။ ဒီတော့ ပန်းရဲ့အဆင်းကိုဖွဲ့ တာထက် ပန်းရဲ့အချင်းကို အဆင့်တဆင့်တိုးပြီးဖွဲ့ မှ ဖြစ်မယ်လို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒီလိုနဲ့ ပဲ အသက်မဲ့တဲ့ ပိတောက်ပန်းကို “သူလည်းလေ လောကီသားပေမို့ ↔ ဆိုတဲ့ စာတစ်ကြောင်းထဲနဲ့  အဝိညာဏအနေအထားကနေပြီး ဝိညာဏအ နေအထားအထိ ပိတောက်ပန်းကို တင်စားဖွဲ့ ဆိုလိုက်ပါတော့တယ်။ ပိတောက်ပန်းဟာ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာထဲမှာ အသက်မဲ့ရာကနေ အသက်ရှိတဲ့အမျိုးအစားဖြစ်လာခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဟာ ပိတောက်ပန်းကဗျာကို ဖတ်တဲ့အခါ ပိတောက်ပန်းကို သနားစရာ ချစ်ခင်စရာ ဂရုဏာသက်စရာ အသက်ရှိတဲ့ပန်းကလေးအဖြစ် ရင်ခုန်မှုအသစ်နဲ့ ချဉ်းကပ်သွားမိ စေပါတော့တယ်။ပန်းကလေးကလှလိုက်တာ မွှေးလိုက်တာဆိုတာလောက်နဲ့ ရပ်မနေတောာ့ပဲ ကိုယ်နဲ့ နှိုင်း ယှဉ်ခံစားယူရတဲ့ သက်ရှိပန်းကလေး ဖြစ်လာပါတော့တယ်။ ဆရာဇော်ဂျီ်ရဲ့ ရင်ခုန်သံအသစ်ကို ကျနော် တို့ ကောင်းကောင်းခံစားလို့ ရလိုက်ပါတယ်။ ဒါဟာဖြင့် ပိတောက်ပန်းကဗျာရဲ့ အကြောင်းအရာအသစ် ကို ကျနော် ပြောတာပါ။

နောက်တစ်ခု ထူးခြားတဲ့အချက်ရှိပါသေးတယ်။ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်၊ တနည်းအားဖြင့် ပုံသဏ္ဍာန်အသစ်ကိစ္စဖြစ်ပါတယ်။

ကဗျာတစ်ပုဒ်ကို လူတွေ ယခင်ကထက်ပိုပြီး ခံစားနားလည်နိုင်ဖို့ ဆိုရင် လူတွေနဲ့ လက်တွေ့ ကျကျ ထိကပ်နီးစပ်တဲ့ “ဟန်နဲ့ သဏ္ဍာန်↔ရှိဖို့ လိုအပ်ပါတယ်။ သည်တော့ကာ ဆရာဇော်ဂျီက သူရှေ့ ကလျောက်လာနေတဲ့ အနုပညာရှင် ရုပ်သေးဆရာ “မောင်းထောင်ဦးကျော်လှ↔ကို သတိထားမိဟန်တူပါတယ်။ လူတွေနဲ့ အကျွမ်း တဝင်ရှိလာနေတဲ့ သံချိုဆရာ မောင်းထောင်ဦးကျော်လှရဲ့ သံချိုကဗျာတွေကို သတိထားမိ ဟန်တူ တယ်။ ရုပ်သေးဆရာ မောင်းထောင်ဦးကျော်လှက ရုပ်သေးဆရာအဖြစ်နဲ့ လူထုထဲဆင်းတဲ့အခါ လူတွေရဲ့နားထဲ အလွယ်တကူနဲ့ အဆင်ပြေပြေ နားဝင်စေတဲ့ ချိုလည်းချို မြလည်းမြ တယ်လို့ ဆိုနိုင်တဲ့ သံချိုစပ်ကဗျာတွေကို ဆရာ ဇော်ဂျီက သတိပြုမိဟန်တူပါတယ်။ သည်လိုနဲ့ ပဲ ပိတောက်ပန်းကို လူတွေ စာနာစိတ်ဖြစ်လာအောင် သံချိုစပ် နည်းကိုသုံးပြီး ပိတောက်ပန်းဘွဲ့ သံချိုစပ်ကဗျာကို ရေးပါတော့တယ်။

တခါ ဒီလောက်နဲ့ တော့ ပိတောက်ပန်းကဗျာဟာ ကဗျာပုံသဏ္ဍာန်သစ်ဘယ်ဖြစ်နိုင်ဦးမှာလဲ။ သံချိုစပ်ကဗျာ ဆိုတာ ဟိုတုန်းက ကဗျာဆရာတွေ သူလိုငါလို ရေးနိုင်တဲ့အနေအထားမှာရှိတာပဲ။ ဒီတော့ ဆရာက ပိတောက် ပန်းဘွဲ့ ကဗျာကို ခြေတွေလက်တွေတပ်တဲ့အခါ လူတွေနဲ့ လည်း ပိုပြီးနီးစပ်စေမယ်၊ ကဗျာ့မိုးကုတ်စက်ဝိုင်းကိုလည်း ပိုပြီးချဲ့ ထွင်လိုက်ရာရောက်စေဖို့ လူတွေနေ့ စဉ်ပြောဆိုနေတဲ့ “စကား ပြောစာ ဟန်↔ကို ပိတောက်ပန်းကဗျာရဲ့ ခြေတွေလက်တွေအဖြစ်အသုံးပြုပါတော့တယ်။ လူတွေ နေ့ စဉ်ပြောဆိုနေတဲ့ လူထုသုံးစကားပြောလေသံကို ယူသုံးလိုက်ပါတယ်။ ဒါဟာဖြင့် မြန်မာကဗျာနယ်ပယ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြီးရင် ဆရာဇော်ဂျီပဲ ဆိုတဲ့ပြောစမှတ်ပြုရလောက်အောင်ဖြစ်စေတဲ့ ကဗျာအတတ်ပညာတီထွင်မှုကို ဆရာက အောင်မြင်စွာ ဆောင်ရွက်လိုက်တဲ့သဘောပါပဲ။

ပိတောက်ပန်းကဗျာရဲ့ အဖွင့်နိဒါန်းပါဒဖြစ်တဲ့ “မခူချင်စမ်းပါနဲ့ ↔ ဆိုတဲ့ ပါဒ တစ်ခုထဲနဲ့  ခေတ်ပြိုင်မြန်မာကဗျာနယ်ပယ်တစ်ခုလုံးကို ဂယက်လှိုင်းတွေ တဝုန်းဝုန်းရိုက်ခတ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ နောက်တော့လည်း မြန်မာကဗျာအများစုကြီးဟာ ပိတောက်ပန်းကဗျာက ခင်းပေးဖေါက်ပေးတဲ့လမ်းအတိုင်း ဆက်လက်လျောက်လှမ်းလာလိုက်တာ “ခေတ်စမ်းကဗျာခေတ်↔ဆိုတဲ့ ကဗျာခေတ်တစ်ခု ထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ ဒီလိုနဲ့  ပိတောက်ပန်းကဗျာဟာ ခေတ်စမ်းကဗျာခေတ်ရဲ့တံခါးကို ဆွဲဖွင့်မိသလို ဖြစ်ခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဟာ ရင်ခုန်သံအသစ်နဲ့ ပိတောက်ပွင့်သစ်ကို ခူးယူနိုင်ခွင့်ရ ခဲ့ကြပါ တယ်။ မြန်မာကဗျာသမိုင်းမှာလည်း ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းဘွဲ့ ကဗျာတစ်ပုဒ်ထဲနဲ့  ခေတ်စမ်းခေတ် တစ်ခုလုံး ပိတောက်ပွင့်သစ်ရနံ့ တွေ တစ်တောတစ်တောင်လုံးအနှံ့ မွှေးမြ နိုင်ခဲ့ တယ်လို့  ယူဆနိုင်ပါတယ်။ ။

ငြိမ်းဝေ (ကဗျာ့အိုးဝေ)
ကိုးကား။    ။ (၁) မြန်မာစာပေညွန့် ပေါင်းကျမ်း (ပ+ဒု)
                  (၂) ဇော်ဂျီ ကဗျာပေါင်းချုပ်
                  (၃) မြန်မာစာ မိတ်ဖွဲ့ (တိုက်စိုး၊ မင်းယုဝေ)