သာသာလေးဆိုညည်းဖို့အတွက် ရှေ့တိုးနောက်ဆုတ်လှုပ်ခါလို့
န်ီဂရိုးဇတ်လမ်းတစ်ပုဒ်ငါကြားခဲ့ရ
လီနော့လမ်းပေါ်က တခြားတပါးသောညရယ်
ဟောင်းနွမ်းဂက်(စ်)မီးရောင်ရဲ့ ပျင်းရိဖွယ်မှိန်ဖျော့ခြင်းတွေနဲ့
သူ ခြောက်သွေ့ငြီးငွေ့ဖွယ် လှုပ်ရမ်းခဲ့ရပေါ့။
- နွမ်းလျဘလူး(စ်)၊(လောင်စတန်ဟုခ်ျ)
Droning a drowsy syncopated tune
Rocking back and forth to mellow croon,
I heard a Negro play
Down on Lenox Avenue the other night
By the pale dull pallor of an old gas light
He did a lazy sway.
- (From the Weary Blue) (Langston Hughes)
ဒီကဗျာမှာ သုံးထားတဲ့ စကားလုံးတွေအားလုံးဟာအားနည်းတဲ့ အသုံးတွေ၊ဖျော့တော့တဲ့ စကားလုံးတွေ၊ ပျင်းရိခြင်းကို ကိုယ်စားပြုတဲ့ အသုံးတွေ၊အဓိပ္ပါယ်မဲ့မှုတွေ၊ အရောင်မှိန်တွေ၊ စိတ်မပါမှုကို ထင်ဟပ်တဲ့စကားလုံးတွေပဲ ဖြစ်တယ်။ကဗျာဆရာဟာကုလားထိုင်တစ်လုံးရှေ့တိုးနောက်ဆုတ်လုပ်မှုကို ဖော်ပြတဲ့ "Rocking back and forth" ကို ပျင်းရိစရာအသံတွေဖြစ်အောင်လုပ်ဖို့အတွက်လို့ ဆိုရှာတယ်။ အဲဒီအပိုဒ်ရဲ့အဆုံးသတ်မှာတော့ He did a lazy sway "ခြောက်သွေ့ငြီးငွေ့ဖွယ်လှုပ်ရမ်းခဲ့ရ"လို့ရေးတယ်။ လူမည်းတွေနေတယ်လို့ ယူဆရတဲ့ Lenox Avenue ဆိုတာ ပါလာတယ်။ ဒါက စိတ်ဝင်စားစရာကောင်းပါတယ်။ (လောင်စတန်ဟုခ်ျဟာ Lenox Avenue ကို ကဗျာရေးရာမှာ သုံးလေ့ရှိတယ်။ သူ့ရဲ့အခြားသောထင်ရှားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ "လီနော့လမ်းသန်းခေါင်ယံ" (Lenox Avenue:Midnight) ဟာ အဲဒီလမ်းကို တည်ပြီး ရေးတဲ့ကဗျာပဲ။ သူ့ရဲ့ အခြားကဗျာတစ်ပုဒ်ဖြစ်တဲ့ Juke Box Love Song မှာတော့ အဲဒီလမ်းဟာ ဟာလမ်း (Harlem) အရပ်ရဲ့အသဲနှလုံးပါပဲလို့တင်စားပြန်တယ်။) လောင်စတန်ရဲ့စကားလုံးကြွယ်ဝမှုကို တွေ့ရပါတယ်။ ဘလူး(စ်)ကဗျာတွေဟာ အခုချိန်ထိတော့ ခေတ်စားနေဆဲပါပဲ။ အမေရိကန်ကဗျာလောကမှာ တော့ ပေါ်ပြူလာအဖြစ်ဆုံး ကဗျာရေးဟန်တစ်မျိုးပါ။ မူလဇစ်မြစ်ကတော့ အာဖဂန်အမေရိကန်တွေရဲ့ ရိုးရာအပြောနဲ့ ဘလူးစ်ဂီတ အခြေခံတွေဆီက လာတယ်လို့ ဆိုတယ်။ အဓိကဦးတည်ရေးတဲ့ အကြောင်းအရာကတော့ ရုန်းကန်ရှင်သန်ခြင်း (struggle)၊ မျှော်လင့်ချက်ကင်းမဲ့မှု (despair) နှင့်လိင်ကိစ္စ (sex) တို့ကို အခြေပြုတယ်လို့ဆိုတယ်။
အမေရိကန်လူမည်းကဗျာဆရာ ရက်(ဖ)အီလီဆင် (Ralph Ellison) ဆိုသူက ဘလူး(စ်)ကဗျာရဲ့ တင်ပြပုံနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကိုပဲ ဘလူး(စ်)ကဗျာဆရာတွေကဖော်ပြလေ့ရှိတယ်။ အဲဒါကတော့ ရုန်းကန်မှု "Struggle" နဲ့ စိတ်ဓါတ်ကျမှု"depression" ကိုတည်ပြီး ရေးလေ့ရှိတယ်။
ဒါပေမဲ့ အဓိက ပြည့်နှက်နေတဲ့ အရသာကတော့အခက်အခဲတွေ၊ငြီးငွေ့စရာတွေပြည့်နှက်နေတဲ့ ကဗျာပုံသဏ္ဍာန်တစ်ခုပါပဲလို့ ပြောကြတယ်။ ဘလူး(စ်)ကဗျာရဲ့တည်ဆောက်ပုံကို ဆန်းစစ်ကြည့်ရင် ပထမအကြောင်းကတော့ တင်ပြလိုမှုကို ရေးတယ်။ ဒုတိယအကြောင်းအရ (statement) ရဲ့ အပြောင်းအလဲ တစ်ခုကို တည်ဆောက်တယ်။ တတိယစာကြောင်းအရ မတူပဲကွဲပြားတဲ့အခြားအတွေးဒေါင့်ကို ချပြပြန်တယ်။ ဒါဆိုရင် ဒီဘလူး(စ်)ကဗျာဟာ စာကြောင်းကို ဗဟိုပြုဖွဲ့စည်းတယ်လို့ဆိုရမယ်။ ဒီကဗျာ အမျိုးအစားဟာ ပုံသဏ္ဍာန်ကိုချည်း အဓိကအားမပြုပါဘူး။ ဒါကြောင့် အမေရိကန်ကဗျာဆရာဆိုဒ်က"If often (but not necessarily) follow a form" လို့ရေးတယ်။
ကမ်းနဖူးဘလူး(စ်)
"offensive" ဆိုတဲ့ နာမဝိသေသနအသုံးဟာ "unpleasant to senses" ဆိုတဲ့ မသာမယာခံစားမှုကိုခေါ်လို့ရသလို "Aggressive" ဆိုတဲ့ တိုက်ခိုက်လိုတဲ့ ဆန္ဒတစ်စုံတရာကိုလည်း ခေါ်ပြန်တယ်။ "git" ဆိုတဲ့ စကားလုံးဟာ အင်ကာတာအဘိဓါန်ရဲ့ အလိုအရတော့ ဗြိတိသျှ ဗန်းစကား "အသုံးမကျတဲ့သူ၊ရွံစရာကောင်းတဲ့သူ" အတွက် ရည်ညွှန်းတဲ့ offensive term ဖြစ်တယ်လို့ဆိုတယ်။ မသတီစရာကောင်းတဲ့သူတစ်ယောက်ပေါ့။ အွန်လိုင်းအဘိဓါန်ကတော့ "Brit Slang" လို့ညွှန်းပြီး "a fool" or "a bastard" လို့ ဆိုပြန်တယ်။ နောက်တစ်ခုကတော့"contemptible" ပါ။ "နာမဝိသေသန" ဆိုရင်တော့ disgraceful, despicable ဆိုပြီး "contemptible" ကိုဖော်ပြတယ်။ ကျက်သရေမဲ့သော၊ ရှက်စဖွယ်ကောင်းသော၊ ရွံစရာကောင်းသောဖြစ်ပြီး a fool (သောက်ရူး) ဒါမှမဟုတ် "သောက်ရူးလို့ယူဆရသူ" ဖြစ်တယ်။ ဒါက"git" ကိုဖွင့်တဲ့ အဓိပ္ပါယ်။ နောက်တစ်ခုကတော့ "dis" က မရှိခြင်းကိုပြတဲ့ပုဒ်ပါ။
စတာလင်းအေဘရောင်း (Sterling A.Brown) ရဲ့ ကမ်းနဖူးဘလူး(စ်) ကိုပြန်ကြည့်ရအောင်။
A man git his feet set in a sticky mud bank,
A man git dis yellow water in his blood,
ငမိုက်သားတစ်ယောက်စေးကပ်နေတဲ့ ရွှံ့ကမ်းနဖူးထဲ သူ့ခြေထောက်တွေ ပစ်သွင်းရဲ့
ငမိုက်သားတစ်ယောက်ခန္ဓာထဲက အဝါရောင်အရည်ကိုစွန့်ပစ်တတ်ပါရဲ့
No need for hoping, no need for doing,
Muddy streams keep him fix for good.
မျှော်လင့်ခြင်းမလိုအပ်ပြီ၊ ပြုလုပ်ခြင်း မလိုအပ်တော့ပြီ
ရွှံ့တွေဝနေတဲ့ချောင်းတွေက သူ့ကို ကောင်းမြတ်ခြင်းကို တပ်ဆင်ပေးပေါ့။
- (Riverbank Blues မှ)
ခေတ်ပေါ်ကဗျာဆရာ ကီဗင်ရန်းကတော့ ဒီဘလူး(စ်)ကဗျာတွေကို တစိုက်မတ်မတ်ရေးနေတုန်းပါပဲ။ သိပ်မကြာသေးခင် ကထွက်ခဲ့တဲ့ သူ့ရဲ့ ဂျယ်လီချောင်း (Jelly Roll) ဟာ ဘလူးစ်ကဗျာဟန်ကို အတိအကျလိုက်နာထားတဲ့ကဗျာတွေပေါ့။ သူက ဘလူး(စ်)ကဗျာပေါင်းချုပ်ကြီးတစ်အုပ်ကိုတောင် အယ်ဒီတာလုပ်ခဲ့ပေးဖူးသေးတာပဲ။ ဘလူး(စ်)ကဗျာသမိုင်းမှာ မပါမဖြစ်ပါရမဲ့ သူတွေကတော့ -
(၁) လန်စတန်ဟုခ်ျ (Langston Hughes)
(၂) အေဘရောင်း (Sterling A.Brown)
(၃) ဂျိမ်း (စ) ဝယ်ဒန်ဂျွန်ဆင် (James Weldon Johnson)
(၄) ကီဗင်ရန်း (Kevin Young)
ဒီနေရာမှာ နောက်ဆုံးပြောချင်တာကတော့ ဘလူး(စ်)ဆိုတာမှာလည်း ယနေ့ကာလအထိ ရေးနေဆဲပါပဲ။ ကီဗင်ရန်းဆိုရင် ခုမှ လေးဆယ်ဝန်းကျင်လောက်ပဲရှိလိမ့်မှာပေါ့။ကျွန်တော်ကတော့ ဘလူး(စ်)ကဗျာတွေကို သဘောကျတယ်၊ ဘလူး(စ်)သီချင်းတွေလို……။ခင်ဗျားဟာ ဟိုင်းဝေးလမ်းမကြီးပေါ်ကိုတက်လိုက်တယ်ဆိုတာနဲ့ ကြားရမဲ့ သီချင်းဟာ ဘလူး(စ်)သီချင်းတွေပါပဲ။ ဒီလိုပဲ မက်ဟက်တန်ရပ်ကွက်၊ဟာလမ်းအပိုင်းက လီနော့လမ်းတစ်ဖက်တစ်ချက်ပေါ်က အိမ်တွေမှာ ဆွေးဆွေးမြေ့မြေ့ ကဗျာအပိုင်းအစများရှိပါသေးတယ်။လီနော့လမ်းဟာ ကဗျာရဲ့ကမ်းနဖူးပဲပေါ့။
- ဇော်ဇော်ထွန်း