အင်္ဂလိပ် (အမေရိကန်မဟုတ်) စာပေသမိုင်းမှာတော့ ၁၉၃ဝ နှစ်များကို ချဉ်းကပ်ရင် ကဗျာသမားလေးဦးဟာ အဓိကမဏ္ဍိုင်ဖြစ်တယ်လို့ဆိုတယ်။ အဲဒါတွေကတော့ ဒဗလျူအိပ်ခ်ျ အော်ဒင် (W.H.Auden)၊ စတီဖင်စပန်ဒါ (Stephen Spender)၊ စီဆဲဒေးလူးဝစ် (Cecil Day-Lewis) နဲ့ လူဝစ်မက်နီ(စ်) (Louis MacNeice) တို့ဖြစ်တယ်။ သုံးဆယ်ခုနှစ်များရဲ့ အင်္ဂလိပ်ကဗျာထူးခြားချက်က အထက်ကပုဂ္ဂိုလ်လေးဦးအပြင် ကဗျာဆရာတစ်ယောက် အင်္ဂလိပ်ကဗျာလောကမှာထပ်ပေါ်တယ်။ အဲဒီကဗျာဆရာက မိုက်ကယ်ရောဘတ် (Michael Robert) ပါပဲ။ သူဟာ လူအနေနဲ့ နာမည်သိပ်မထွက်ဘူး။ ဒါပေမယ့် သူ့စာအုပ် နိုင်ငံသစ် (New Country) ဟာ အကြီးအကျယ်ပေါက်သွားလို့ ပရိတ်သတ်တွေများလာတယ်။ အဲဒီဂိုဏ်းကို အင်္ဂလိပ်စာပေသမိုင်းမှာ "New Country" ဂိုဏ်းလို့ခေါ်တယ်။ အဲဒီ ၁၉၃၀နှစ်များမှာဖြစ်တဲ့ အင်္ဂလိပ်ကဗျာရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက အင်္ဂလိပ်ကဗျာဆရာ တစ်စုဟာ အထက်က New Country ဂိုဏ်းနဲ့ မော်ဒန်အရေးကို သွေဖယ်ပြီး ပြင်သစ်ဆာရီရယ်လစ်ဇင်ဘက်ကိုပြန်လှည့်သွားတယ်။ ဒေးဗစ်ဂက်စကွိုင် (David Gascoyne)၊ ဟုခ်ျစကီးဒေးဗစ် (Hugh Sykes Davies)၊ ဂျော့ဘာကာ (George Barker) နဲ့ ဖိလစ်အိုကော်နာ (Philip O'Connor) တို့ပဲ ဖြစ်တယ်။ အဲဒီအုပ်စုဟာ နောင်တစ်ချိန် အင်္ဂလိပ်အနုပညာတော်လှန်ရေး (avant-garde) အတွက် အခြေခံအုတ်မြစ် ဖြစ်ခဲ့တယ်။ ၁၉၃၀ နှစ်များရဲ့ အင်္ဂလိပ်ကဗျာသမိုင်းရဲ့ နောက်ဆုံးထူးခြားချက်ကတော့ ဒီလောက်ဂိုဏ်းတွေ များလာတဲ့ အင်္ဂလန်ကဗျာလောကမှာ ဘယ်သူနဲ့မှမပေါင်းပဲ တစ်သီးတစ်ခြား နာမည်ကြီးလာတဲ့ အင်္ဂလန်အလယ်ပိုင်းက ကာရံနည်းစနစ်အသစ်တွေနဲ့ နာမည်ရလာတဲ့ ဂျွန်ဘက်ဂျမင် (John Betjeman) နဲ့ စတိ(ဗ)စမစ် (Stevie Smit) တို့ပဲ ဖြစ်တယ်။ ဒီတော့ အော်ဒင်တို့ လေးယောက်စလုံးဟာ စစ်ကြိုအခြေအနေအမှန်တွေကို သိဖို့သိပ်ငယ်လွန်းနေပြီး လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး ရှုပ်ထွေးလွန်းတဲ့ အချိန်တစ်ခုမှာ ကြီးပြင်းလာရပြီး နောက်ဆက်တွဲ အဖြစ်အပျက်တွေ၊ လူ့အဖွဲ့အစည်း ရည်ရွယ်ချက်တွေ၊ လူအဖွဲ့အစည်းမျှတမှုဥပဒေနဲ့ စစ်ပွဲမြင်ကွင်း များဟာ သူတို့ကဗျာတွေ ဖြစ်ပေါ်စေတဲ့ ဒီဆယ်စုနှစ်ရဲ့ အခြေခံ ဘုံအကြောင်းတရား နှစ်ခုပါပဲ။ ဒါကို လေ့လာသူတွေက ဒီလိုရေးတယ်။
The poets who began to emerge in the 1930s had two things in common; they had all been born too late to have any real experience of the pre-World War I. world and they grew up in a period of social, economic and political turmoil. Perhaps as a consequence of these facts, themes of community, social (in) justice and war seem to dominate the poetry of the decade. (Google, Wiki)
ဒီတော့ အော်ဒင်နဲ့တကွ ကျန်တဲ့သုံးယောက်တွေရဲ့ လက်ရာကိုချဉ်းကပ်ရင် ဒီအသိလေးတော့ လိုမယ်ဆိုတာ လမ်းကြောင်းရမယ်။ ကျွန်တော်ပြောချင်တာက ကဗျာတစ်ပုဒ်ကိုဖတ်ဖို့အတွက် ရေးသူ၊ ခေတ်ပြိုင်၊ ခေတ်အခြေအနေတို့ကို အကြမ်းဖျဉ်းလေးသိထားရမယ်။ အထူးသဖြင့် ၁၉၃၀ နှစ်များရဲ့ အော်ဒင်တို့အဆက်ဟာ အရေးအကြီးဆုံးပဲ။
၁၉၄ဝ ဗြိတိသျှကဗျာ
၁၉၄၀ ဗြိတိသျှကဗျာသမားတွေကို ရေးမယ်ဆို ရေးလို့ရသေးတယ်။ ထင်းရှူးပင်ရိပ်ဟာ အဲဒီအုပ်စုထဲက ၁၉၄၀ ဒီလန်သောမတ်တို့ ကဗျာရေးတဲ့ အင်္ဂလိပ်တွေကို အကုန်စုပြီး အင်္ဂလိပ်ကဗျာသမိုင်းက သုံးအုပ်စုဖွဲ့တယ်။ ဒီလန်သောမတ်က ဒုတိယ အုပ်စုဝင်ပါ။ လေးဆယ်ခုနှစ်နဲ့ ပိုင်းရင် သုံးကွက်ထွက်လာတယ်။ ဒီထဲကမှ ဒီလန်တစ်ယောက်ထဲကိုပဲ ရွေးရတယ်ဆိုတော့ ကျန်တဲ့လူတွေကို မျက်နှာသာမပေးရာရောက်နေမလားပဲ။ မတတ်နိုင်ဘူးလေ။ ဒါပေမယ့် အခု ကျွန်တော်နည်းနည်းပြောကြည့်ပါ့မယ်။ အင်္ဂလိပ်လို ဒီကဗျာသမိုင်းကိုရေးတဲ့သူက ခပ်ပြတ်ပြတ်ပဲဗျို့။ (Poetry - The Forties – Opened with the United Kingdom at war and a new generation of war poets emerged in response) တဲ့။ လေးဆယ်ခုနှစ် အင်္ဂလိပ်ကဗျာသမိုင်းဟာ စစ်ပွဲနဲ့စဖွင့်ပြီး အဲဒါကို တုန့်ပြန်တဲ့ အနေနဲ့ မျိုးဆက်သစ်စစ်ပွဲကဗျာဆရာတစ်ရပ် ပေါ်ပေါက်လာသည်ပေါ့။ ဒီနေရာမှာ သူက မျိုးဆက်သစ် လို့ သုံးရတာ ပထမကမ္ဘာစစ်က ဒါမျိုးတစ်ခါပေါ်ခဲ့ဖူးလို့ပါ။ အဲဒါက -
(၁) စစ်ပွဲကဗျာအုပ်စုပေါ့။ ပါတဲ့သူတွေကတော့ ကိတ်(သ)ဒေါက်ကလပ် (Keith Douglas)၊ အလန်လူဝစ် (Alun Lewis)၊ ဟင်နရီရိဒ် နဲ့ အက်တီပရင့် (F.T. Prince) တို့ပါဝင်တယ်။ အဲဒီအုပ်စုကို စစ်ကဗျာဆရာများအုပ်စု (War Poets) လို့ခေါ်ကြတယ်။
(၂) နောက်ထပ်တစ်ခုက ရိုမန်တစ်ကို ပြန်အသက်သွင်းတဲ့အစု ဒီလန်တို့အစုပဲ။ အဲဒါကို "NRG"လို့ ခေါ်တယ်။ ဂျော့ဘာကာ (George Barker)၊ ကက်တလင်းရိန်း (Kathleen Raine)၊ ဟင်နရီထရေ့ (Henry Terence)၊ ဂျေ၊ အက်ဖ်၊ ဟာဒီ (J.F. Hendry) တို့ပါဝင်တယ်။ သူတို့က ရှေ့မျိုးဆက်ရဲ့ ဂိုဏ်းကိုဆန့်ကျင်တယ်။ ရိုမင်းတစ်ပြန်ဖြစ်ချင်တယ်။ လေးဆယ်ခုနှစ် အင်္ဂလိပ်ကဗျာသမိုင်းရဲ့ ထူးခြားချက်ပဲ။
အမှတ် (၁) စစ်ကဗျာဂိုဏ်း က စစ်ကြောင့်ပေါ်ထွက်တဲ့အတွက် သူတို့ရဲ့ အခြေခံစိတ် မွေးဖွားကြီးပြင်းတာ ထွက်ပေါက်မဲ့နေတဲ့ အခြေအနေမှာ သူတို့ကိုယ်သူတို့ ပြန်ရှာတွေ့တာ နေထိုင်ခြင်း/အသက်ရှင်ခြင်းနဲ့ တိုက်ခိုက်ခြင်း နှစ်ခုဆီမှာ တွေ့တယ်။ သူတို့ဟာ အသက်ရှင်ဖို့နဲ့ တိုက်ခိုက်ဖို့ဟာ သူတို့ရဲ့ကဗျာအခံစိတ်ဖြစ်တယ်။ ဒါကို (Their work grew out of the particular circumstances in which they found themsleves living and fighting) လို့ ရေးကြတယ်။
အမှတ် (၂) NRG ကတော့ သူတို့ကိုးကွယ်တဲ့ သူတွေရှိတယ်။ ဒီလန်သောမတ်(စ်)တို့အုပ်စုဟာ ဂျီရတ်မန်လေဟုတ်ကင်း (Gerard Manley Hopkins)၊ အာသာရင်းဘိုး (Arthur Rimbaud)၊ ဟတ်ကရိန်း (Hart Crane) တို့ရဲ့ဟန်ကို ဂျွိုက်(စ) (Jame Joyce) ရဲ့ စကားလုံးကစားမှုနည်း (Word Play) နဲ့ ဖန်တီးကြတယ်။ ကြားမှာ ဒီအိတ်ခ်ျလောရင့်တို့ တစ်ဆက်ခြားတယ်ဆိုပေမယ့် လောရင့်ဟာ ဒီလန်တို့အုပ်စုကို ဟတ်ကရိန်း (Hart Crane) လောက် မလွှမ်းမိုးနိုင်ဘူး။ ဒါကြောင့် ဒီလန်ရဲ့အရွေ့ဟာ ဒီလိုဖြစ်တယ်။
- (1) အဲလီးယော့ (2) ဟတ်ကရိန်း (3) ဒီလန်သောမတ်(စ) (၄) ဂျွိုက် (စ)
ဟတ်ကရိန်းဟာ အဲလီးယော့ရဲ့ လွမ်းမိုးမှု အကြီးအကျယ်ခံရတယ်။ အမေရိကန်ကဗျာသမိုင်း မှာတော့ ဟတ်ကရိန်းကို သီးသန့် အခန်း (Chapter) တစ်ခုအနေနဲ့ လေ့လာကြတယ်။
(၃) နောက်ထပ်တစ်အုပ်စုကတော လောရင့်ဘာရယ် (Lawrence Durrell) ၊ ဘားနတ်စပင်ဆာ (Bernard Spencer) တို့ပါတဲ့ နော်မန်နီကိုဆင် (Norman Nicholson) တို့ အစုပါ။ တောဖွဲ့တောင်ဖွဲ့ပါပဲ။ နီကိုဆင်က ကမ်ဘာလန် (Cumberland) ကို ရေးပြီး အခြားသူတွေက သူတို့အရပ်တွေအကြောင်း ရေးကြတာပဲ။ ၁၉၄၀ ဟာ ကဗျာဆရာ တွေကို အင်္ဂလိပ်ကဗျာသမိုင်းမှာ သုံးအုပ်စု ဖြစ်စေခဲ့တယ်။
- ဇော်ဇော်ထွန်း။