ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ
Showing posts with label ငြိမ်းဝေ. Show all posts
Showing posts with label ငြိမ်းဝေ. Show all posts

ပိတောက်အသစ် ရင်ခုန်သံအသစ်

(က)
မြန်မာ ကဗျာတွေထဲမှာ ကဗျာသမိုင်းရဲ့ အချိုးအကွေ့တစ်ခုကို ကဗျာတစ် ပုဒ်ထဲနဲ့  ချိုးကွေ့ သွားနိုင်လောက်အောင်ဖြစ်စေတဲ့ ကဗျာမျိုး ရှိပါတယ်။ ဆိုလိုတာက အဲဒီကဗျာက ခင်းလိုက်ဖေါက်လိုက်တဲ့ လမ်းသစ်အတိုင်း နောက်ပိုင်းကဗျာတွေက ဆက်ပြီးလျှောက်လာကြတဲ့သဘောကို ကျနော်ဆိုလိုတာပါ။ ဒီကဗျာရဲ့ အတတ်ပညာနဲ့ အကြောင်းအရာဟာ သူ့ အရင်ပေါ်ခဲ့တဲ့ ကဗျာတွေနဲ့ လုံးဝမတူတော့ပဲ အစဉ်အလာဟောင်းက ရုန်းထွက်လိုက်တဲ့ ကဗျာသစ်အမျိုးအစားသဘောဖြစ်ပါတယ်။

ဒီနေရာမှာ အဲသလို ချိုးနိုင်ကွေ့ နိုင်တဲ့ ခေတ်ပြောင်းကဗျာတစ်ပုဒ်မှာ ထူးခြားတဲ့လက္ခဏာရပ်တွေလည်း ရှိပါတယ်။ ဒီလိုခေတ်ပြောင်းကဗျာတစ်ပုဒ်ဖြစ်ဖို့ ဆိုတာကလည်း အတတ်ပညာတစ်ခုတည်း ဒါမှမဟုတ် အကြောင်းအရာတစ်ခုတည်း သစ်လို့ ပြောင်းလို့ ချိုးလို့ ရတာမျိုးမဟုတ်ပါဘူး။ အတတ်ပညာကော အကြောင်းအရာပါ ပြောင်းလဲရတဲ့လက္ခဏာ ရှိဖို့ လိုအပ်ပါတယ်။ အကာနဲ့အနှစ် သို့မဟုတ် ထုနဲ့စောက် နှဏ်မျိုးစလုံး ပြောင်းရတာမျိုးလို့ လည်း ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒီ ပြောင်းလဲချိုးကွေ့ လိုက်တယ်ဆိုတဲ့ကဗျာမျိုးမှာ သူ့ အကြောင်းအရာနဲ့ သူ့ အတတ်ပညာဟာ အံဝင်ခွင်ကျဖြစ်နေတာကို အသေအချာတွေ့ လိုက်ရတဲ့အချက်ကလည်း တကယ့်ကို ထူးခြားလေးနက်တဲ့ကိစ္စပါပဲ။ တချို့ ကဗျာတွေလို အကြောင်းအရာသစ်ပေမယ့် အတတ်ပညာကဟောင်းနေပြန်တာမျိုး၊ တခါ အတတ်ပညာက သစ်ပေမယ့် အကြောင်းအရာက ဟောင်းနေတာမျိုး။ အဲသလို ‘ပန်းအိုးနဲ့ ပန်း↓ မကိုက်ညီ မလိုက်ဖက်တာမျိုးဖြစ်နေတဲ့ ကဗျာတွေနဲ့ လုံးဝမတူတဲ့ ထူးခြားတဲ့လက္ခဏာတွေလည်းရှိနေတဲ့ ဒီလိုကဗျာအမျိုးအစားမျိုးဟာ ကဗျာသမိုင်းအသစ်ကို ဆွဲဖွင့်လိုက်တဲ့ကဗျာ ဖြစ်နေတတ်ပါတယ်။

မြန်မာကဗျာသမိုင်းမှာ ကဗျာသမိုင်းအသစ်တစ်ခုကို ကဗျာတစ်ပုဒ်ထဲနဲ့ ပွင့်အောင် ဖွင့်နိုင်တဲ့ ဖွင့်နိုင်စွမ်းတဲ့ကဗျာတစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့ ဆရာ“ဇော်ဂျီ↔ ရဲ့ “ပိတောက်ပန်း↔ ကဗျာပါပဲ။ ဒီဆောင်းပါးမှာ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်နဲ့ အကြောင်းအရာအသစ်ကို လေ့လာကြည့်မှာဖြစ်ပါတယ်။

ဆရာဇော်ဂျီဟာ “ပိတောက်ပန်း↔ ကဗျာကို ၁၉၂၈ခုနှစ်မှာ ရေးပါတယ်။ တက္ကသိုလ်က ပညာတတ် လူငယ် တချို့ အနောက်တိုင်းစာပေရဲ့ ရေးပုံဖွဲ့ ပုံ ခံစားပုံတွေကိုထိတွေ့ ခံစားရင်းက မြန်မာကဗျာနဲ့ အနောက်တိုင်းကဗျာကို စရနယ်ပြီး ကဗျာအသစ်စမ်းသပ်ပုံဖေါ်ဖို့ လုပ်ကြရင်းက “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့ နိုင်လိုက်တာပဲလို့ ယူဆမိပါတယ်။

စရနယ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒီနေရာမှာ ဆရာဇော်ဂျီက အနောက်တိုင်းကဗျာကို မြန်မာကဗျာနဲ့ ရောစပ်တဲ့အခါ အတုံးလိုက်အတစ်လိုက်၊ ဒါမှမဟုတ် ပုံတူကူးချတာမျိုး မဟုတ်ပါဘူး။ ကိုယ့်အမျိုးသားဟန် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အနောက်တိုင်းအတတ်ပညာနဲ့ တကယ့်ကို လိုက်လျောညီထွေဖြစ်အောင် ရောပြီးနယ်ပြီး စရနယ်ပြီးမှ ဒီကဗျာကို ရေးလိုက်တဲ့သဘောပါပဲ။ “အရိုးကို အရွက်မဖုံးစေတဲ့နည်း↔ကို အသုံးပြုပြီးမှ ဒီကဗျာကိုရေးလိုက်တာပါ။

ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ လိုက်တဲ့တချိန်ထဲမှာ ဆရာဇော်ဂျီနဲ့ ခေတ်ပြိုင် အထူးသဖြင့် ဆရာဇော်ဂျီနဲ့ အတောင်တူငှက်များလို့ ဆိုရမယ့် တက္ကသိုလ် ပညာတတ် လူငယ်တချို့ ကလည်း အနောက်တိုင်းကဗျာ အရေးအဖွဲ့ နဲ့ အကြောင်းအရာတွေကို မြန်မာကဗျာနယ်ပယ်ထဲ စမ်းသပ်ကိုင်းကူးလာနေကြပါတယ်။ အထင်ရှားဆုံးကတော့  ဆရာ “မင်းသုဝဏ်↔ ပါပဲ။ဒီလူငယ်တွေဟာ တချိန်တုန်းက မြန်မာကဗျာဆရာတွေ ဘယ်လိုမှ စိတ်အာသီသ မကျရောက်ခဲ့ဖူးတဲ့ နယ်မြေတွေဆီ ခြေဆန့် လက်ဆန့် လုပ်ခဲ့ကြပါတယ်။ ဥပမာ အိမ်မှာမွေးတဲ့ ကြောင်၊ ဘဲ၊ အစရှိတဲ့ သတ္တဝါလေးတွေကအစ ခေါင်းပေါင်းစ၊ ရေလှိုင်း၊ လတာပြင်၊ မြက်ရိတ်သမား အစရှိတဲ့ လောကအင်္ဂါရပ်နယ်ပယ်ထဲက အရာဝတ္ထုအသီးသီးဆီကို အတွေးအမြင်ချဲ့ ထွင်လာခဲ့ကြပါတယ်။ ဒါက အနောက်တိုင်းမှာ ရော်မန်တိက ကဗျာဆရာတွေဖြစ်ကြတဲ့ “ယိစ်↔တို့  “ကိစ်↔တို့ “ဘိုင်ရွန်↔တို့ ရဲ့ ကဗျာလမ်းကြောင်းအတိုင်း သဘာဝလောကထဲ အရင်ကထက်ပိုပြီး ဝင်ကြ နှိုက်ကြတဲ့သဘောပါပဲ။ သူတို့ ဆီက နည်းကို ယူသုံးတာပါပဲ။ ဒီလို ရင်ခုန်မှုအသစ်ကို လူငယ်တွေ ခံစားလာနေကြတဲ့အချိန် ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးတာပါ။

မြန်မာကဗျာသမိုင်းမှာ ဟိုယခင်တုန်းကတော့ “ပိတောက်ပန်း↔ကို မြန်မာကဗျာဆရာတွေက “ကံ့ကော်ပန်း↔လောက် အလေးအနက်မထားခဲ့ပါဘူး။ ခေတ်အဆက်ဆက် ရာသီနှစ်ကူး တန်ခူးလဘွဲ့ ကဗျာတွေမှာ တစ်ရာသီထဲ ပွင့်တာချင်းအတူတူ မြန်မာကဗျာဆရာတွေက ပိတောက်ပန်းကိုချန်လှပ်ပြီး ကံကော်ပန်းကိုပဲ အမြဲတန်းလိုလို ထည့်ဖွဲ့ သွားကြတာ တွေ့ ရပါတယ်။

မြန်မာကဗျာသမိုင်းကြီးတခုလုံးလောက်နီးနီး ပိတောက်ပန်းကို မြန်မာကဗျာဆရာတွေ ရင်မခုန်နိုင်ခဲ့ကြပါဘူး။ နှစ်ပေါင်း (၆၀၀) ဝန်းကျင်လောက်အထိ မြန်မာကဗျာဆရာတွေဟာ ပိတောက်ပန်းရနံ့ကို ရှူရှိုက်နိုင်လောက်အောင် ဂန္ဒာရုံအား မကောင်းခဲ့ကြပါဘူး။ မြန်မာကဗျာထဲမှာ သော်ကပန်းကအစ အာသာဝတီ နွယ်နီနတ်ပန်းအထိ မြန်မာကဗျာဆရာတွေ ရင်ခုန်ခဲ့ကြပေမယ့် ပိတောက်ပန်းကဗျာကိုကြတော့ ဘာကြောင့်ရယ်မသ၊ိ ဘယ်ကဗျာထဲမှာမှ မတွေ့ ကြရပါဘူး။ ဒါမှမဟုတ် မတွေ့ ရသလောက်ပဲလို့ ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ်ကြကာမှသာ “စုံနံသာမြိုင် ဦးကျော့↔ရဲ့ “ပိတောက်ပန်းဘွဲ့ ↔လေးချိုးကဗျာထဲမှာ ပိတောက်ပန်းကို ကျနော်တို့ တွေ့ ကြရတော့တာပါ။ ဒါပေမယ့် အမေ့ခံ ပိတောက်ပန်းဟာ ဦးကျော့ရဲ့ ကျေးဇူးနဲ့ အမေ့ခံရကျိုးနပ်တယ်လို့ တောင် ဆိုရမလားပါပဲ။ ဦးကျော့က သူ့ ကဗျာထဲမှာ ပိတောက်ပန်းကို “ပန်းတကာတို့ ရဲ့ဘုရင်↔ ဖြစ်တယ်လို့ တောင်မှ နေရာပေးဖွဲ့ ဆိုလိုက်ပါတယ်။

စုံနံ့ သာမြိုင်ဦးကျော့ရဲ့လက်ထက်မှာ ပန်းတကာတို့ ရဲ့ဘုရင်အဖြစ် လူရာသူရာဝင်လာရတဲ့ ပိတောက်ပွင့်ဟာ သက်မဲ့ကနေပြီး သက်ရှိရုပ်အဖြစ် တဆင့်တက် ထူးကဲလာတာကို နောက်ပိုင်းမှာ တွေ့ လာရပါတယ်။ ဒီလို သက်မဲ့ကနေပြီး သက်ရှိဘဝရောက်အောင် အသက်သွင်းပေးလိုက်သူကတော့ ခေတ်ဆန်းစာဆိုကြီး ဆရာဇော်ဂျီပါပဲ။

ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ တဲ့အခါ ပိတောက်ပန်းရဲ့အလှနဲ့ အနံ့ လောက်တင်ရပ်မနေပဲ ပိတောက်ပန်းကို သက်မဲ့ကနေပြီးသက်ရှိ လောကီသားတဦးအနေနဲ့ တိုက်ရိုက်ရေးဖွဲ့ လိုက်ပါတယ်။ ဒီလိုရေးဖွဲ့ တဲ့အခါ ပိတောက်ပန်း ကဗျာကို အကြောင်းအရာအရနဲ့ အတတ်ပညာအရ နှစ်ခုစလုံး သစ်အောင် ဖွဲ့ တာတွေ့ ရပါတယ်။ ဒီလိုနဲ့ ပိတောက်ပန်းကဗျာဟာ ခေတ်ဆန်းကဗျာခေတ်တခုရဲ့ လမ်းမဟော်ကို ဖဲကြိုးဖြတ်ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။

(ခ)
မြန်မာကဗျာနယ်ပယ်မှာ နောင်အခါ “သင်ခန်းစာတန်းဝင်ကဗျာ↔တပုဒ်ဖြစ်လာစေမယ့် “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့ စဉ်က ဆရာက အသက် (၂၀)ဝန်းကျင်ပဲ ရှိပါသေးတယ်။၁၉၂၈ တက္ကသိုလ် ဘီအေတန်းမှာ ပညာသင်ကြားနေတုန်းဖြစ်ပါတယ်။

နှစ်ပေါင်း (၆၀၀)ကျော် မြန်မာကဗျာဆရာတွေ တကံ့ကော်ထဲကော်ပြီး ကံ့ကော်ပန်းမှ ကံ့ကော်ပန်းဖြစ် နေတဲ့အချိန်မှာ ကဗျာသစ်ကို ချဉ်ခြင်းတပ်နေတဲ့ ဆရာဇော်ဂျှီက မြန်မာကဗျာဆရာတွေ လက်လှမ်းမမီတဲ့ ပိတောက်ပန်းကို ပန်းဘွဲ့ အသစ်စပ်ဆိုဖို့ တမင် ရွေးချယ်လိုက်တာပဲလို့  ယူဆလို့ ရကောင်းရနိုင်ပါတယ်။ ကဗျာအ သစ်ကို ပန်းအသစ်နဲ့ ဖေါ်ပြချင်တဲ့သဘောဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကောင်းပါပြီ။ ပန်းအသစ်ကိုတော့ ရွေးပြီးပြီ။ ယခင့်ယခင် မြန်မာကဗျာဆရာတွေ ပန်းဘွဲ့ ရေးသလို ပန်းရဲ့အလှ ပန်းရဲ့ရနံ့ ၊ အာသာဝတီ နွယ်နီနတ်ပန်းလောက်အထိ မြင်လို့ ထိတွေ့ လို့ ရတဲ့ အဆင်းကိုသာဖွဲ့ တဲ့ ပန်းဘွဲ့ ကဗျာမျိုး ရေးလို့ တော့ ဘယ်မှာလာပြီး ကဗျာသစ်ဖြစ်တော့မလဲ။ ဒီတော့ ဆရာဇော်ဂျီက ပန်းဘွဲ့ အသစ်ဖြစ်ဖို့ ဆိုရင် ရင်ခုန်သံလည်းသစ်ဖို့ လိုတယ်ဆိုတာ သိပါတယ်။ ဒီတော့ ပန်းရဲ့အဆင်းကိုဖွဲ့ တာထက် ပန်းရဲ့အချင်းကို အဆင့်တဆင့်တိုးပြီးဖွဲ့ မှ ဖြစ်မယ်လို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒီလိုနဲ့ ပဲ အသက်မဲ့တဲ့ ပိတောက်ပန်းကို “သူလည်းလေ လောကီသားပေမို့ ↔ ဆိုတဲ့ စာတစ်ကြောင်းထဲနဲ့  အဝိညာဏအနေအထားကနေပြီး ဝိညာဏအ နေအထားအထိ ပိတောက်ပန်းကို တင်စားဖွဲ့ ဆိုလိုက်ပါတော့တယ်။ ပိတောက်ပန်းဟာ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာထဲမှာ အသက်မဲ့ရာကနေ အသက်ရှိတဲ့အမျိုးအစားဖြစ်လာခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဟာ ပိတောက်ပန်းကဗျာကို ဖတ်တဲ့အခါ ပိတောက်ပန်းကို သနားစရာ ချစ်ခင်စရာ ဂရုဏာသက်စရာ အသက်ရှိတဲ့ပန်းကလေးအဖြစ် ရင်ခုန်မှုအသစ်နဲ့ ချဉ်းကပ်သွားမိ စေပါတော့တယ်။ပန်းကလေးကလှလိုက်တာ မွှေးလိုက်တာဆိုတာလောက်နဲ့ ရပ်မနေတောာ့ပဲ ကိုယ်နဲ့ နှိုင်း ယှဉ်ခံစားယူရတဲ့ သက်ရှိပန်းကလေး ဖြစ်လာပါတော့တယ်။ ဆရာဇော်ဂျီ်ရဲ့ ရင်ခုန်သံအသစ်ကို ကျနော် တို့ ကောင်းကောင်းခံစားလို့ ရလိုက်ပါတယ်။ ဒါဟာဖြင့် ပိတောက်ပန်းကဗျာရဲ့ အကြောင်းအရာအသစ် ကို ကျနော် ပြောတာပါ။

နောက်တစ်ခု ထူးခြားတဲ့အချက်ရှိပါသေးတယ်။ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်၊ တနည်းအားဖြင့် ပုံသဏ္ဍာန်အသစ်ကိစ္စဖြစ်ပါတယ်။

ကဗျာတစ်ပုဒ်ကို လူတွေ ယခင်ကထက်ပိုပြီး ခံစားနားလည်နိုင်ဖို့ ဆိုရင် လူတွေနဲ့ လက်တွေ့ ကျကျ ထိကပ်နီးစပ်တဲ့ “ဟန်နဲ့ သဏ္ဍာန်↔ရှိဖို့ လိုအပ်ပါတယ်။ သည်တော့ကာ ဆရာဇော်ဂျီက သူရှေ့ ကလျောက်လာနေတဲ့ အနုပညာရှင် ရုပ်သေးဆရာ “မောင်းထောင်ဦးကျော်လှ↔ကို သတိထားမိဟန်တူပါတယ်။ လူတွေနဲ့ အကျွမ်း တဝင်ရှိလာနေတဲ့ သံချိုဆရာ မောင်းထောင်ဦးကျော်လှရဲ့ သံချိုကဗျာတွေကို သတိထားမိ ဟန်တူ တယ်။ ရုပ်သေးဆရာ မောင်းထောင်ဦးကျော်လှက ရုပ်သေးဆရာအဖြစ်နဲ့ လူထုထဲဆင်းတဲ့အခါ လူတွေရဲ့နားထဲ အလွယ်တကူနဲ့ အဆင်ပြေပြေ နားဝင်စေတဲ့ ချိုလည်းချို မြလည်းမြ တယ်လို့ ဆိုနိုင်တဲ့ သံချိုစပ်ကဗျာတွေကို ဆရာ ဇော်ဂျီက သတိပြုမိဟန်တူပါတယ်။ သည်လိုနဲ့ ပဲ ပိတောက်ပန်းကို လူတွေ စာနာစိတ်ဖြစ်လာအောင် သံချိုစပ် နည်းကိုသုံးပြီး ပိတောက်ပန်းဘွဲ့ သံချိုစပ်ကဗျာကို ရေးပါတော့တယ်။

တခါ ဒီလောက်နဲ့ တော့ ပိတောက်ပန်းကဗျာဟာ ကဗျာပုံသဏ္ဍာန်သစ်ဘယ်ဖြစ်နိုင်ဦးမှာလဲ။ သံချိုစပ်ကဗျာ ဆိုတာ ဟိုတုန်းက ကဗျာဆရာတွေ သူလိုငါလို ရေးနိုင်တဲ့အနေအထားမှာရှိတာပဲ။ ဒီတော့ ဆရာက ပိတောက် ပန်းဘွဲ့ ကဗျာကို ခြေတွေလက်တွေတပ်တဲ့အခါ လူတွေနဲ့ လည်း ပိုပြီးနီးစပ်စေမယ်၊ ကဗျာ့မိုးကုတ်စက်ဝိုင်းကိုလည်း ပိုပြီးချဲ့ ထွင်လိုက်ရာရောက်စေဖို့ လူတွေနေ့ စဉ်ပြောဆိုနေတဲ့ “စကား ပြောစာ ဟန်↔ကို ပိတောက်ပန်းကဗျာရဲ့ ခြေတွေလက်တွေအဖြစ်အသုံးပြုပါတော့တယ်။ လူတွေ နေ့ စဉ်ပြောဆိုနေတဲ့ လူထုသုံးစကားပြောလေသံကို ယူသုံးလိုက်ပါတယ်။ ဒါဟာဖြင့် မြန်မာကဗျာနယ်ပယ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြီးရင် ဆရာဇော်ဂျီပဲ ဆိုတဲ့ပြောစမှတ်ပြုရလောက်အောင်ဖြစ်စေတဲ့ ကဗျာအတတ်ပညာတီထွင်မှုကို ဆရာက အောင်မြင်စွာ ဆောင်ရွက်လိုက်တဲ့သဘောပါပဲ။

ပိတောက်ပန်းကဗျာရဲ့ အဖွင့်နိဒါန်းပါဒဖြစ်တဲ့ “မခူချင်စမ်းပါနဲ့ ↔ ဆိုတဲ့ ပါဒ တစ်ခုထဲနဲ့  ခေတ်ပြိုင်မြန်မာကဗျာနယ်ပယ်တစ်ခုလုံးကို ဂယက်လှိုင်းတွေ တဝုန်းဝုန်းရိုက်ခတ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ နောက်တော့လည်း မြန်မာကဗျာအများစုကြီးဟာ ပိတောက်ပန်းကဗျာက ခင်းပေးဖေါက်ပေးတဲ့လမ်းအတိုင်း ဆက်လက်လျောက်လှမ်းလာလိုက်တာ “ခေတ်စမ်းကဗျာခေတ်↔ဆိုတဲ့ ကဗျာခေတ်တစ်ခု ထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ ဒီလိုနဲ့  ပိတောက်ပန်းကဗျာဟာ ခေတ်စမ်းကဗျာခေတ်ရဲ့တံခါးကို ဆွဲဖွင့်မိသလို ဖြစ်ခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဟာ ရင်ခုန်သံအသစ်နဲ့ ပိတောက်ပွင့်သစ်ကို ခူးယူနိုင်ခွင့်ရ ခဲ့ကြပါ တယ်။ မြန်မာကဗျာသမိုင်းမှာလည်း ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းဘွဲ့ ကဗျာတစ်ပုဒ်ထဲနဲ့  ခေတ်စမ်းခေတ် တစ်ခုလုံး ပိတောက်ပွင့်သစ်ရနံ့ တွေ တစ်တောတစ်တောင်လုံးအနှံ့ မွှေးမြ နိုင်ခဲ့ တယ်လို့  ယူဆနိုင်ပါတယ်။ ။

ငြိမ်းဝေ (ကဗျာ့အိုးဝေ)
ကိုးကား။    ။ (၁) မြန်မာစာပေညွန့် ပေါင်းကျမ်း (ပ+ဒု)
                  (၂) ဇော်ဂျီ ကဗျာပေါင်းချုပ်
                  (၃) မြန်မာစာ မိတ်ဖွဲ့ (တိုက်စိုး၊ မင်းယုဝေ)

မာနယ်ပလော၊ အော်စလို၊ ယွန်းစလင်းချောင်း နှင့် ဟိုက္ကူကဗျာထဲက လရောင်များ

၁။

ဟိုက္ကူကဗျာနဲ့ကျနော် မိတ်ဆွေဖွဲ့ ခဲ့မိတာ နည်းနည်းတော့ကြာပါပြီ။ ချစ်မိတ်ဆွေကြီး ကိုခါး( ကိုခါး ကွမ်းခြံကုန်းမဟုတ်ပါ။ ) ပဲခူးက ဟိုက္ကူကဗျာတချို့ကို အရက်မူးမူးနဲ့ ရွတ်ပြ။ ဒီတုန်းက ကျနော်က ကဗျာတွေကို သွေးတိုးစမ်းပြီး ရေးကာစ။ ၁၉၇၃ ခုနှစ်ဝန်းကျင် ... ပဲခူး။ သည့်နောက်ပိုင်း ဟိုက္ကူကဗျာနဲ့ကျနော် ထုံ့ပိုင်းထုံ့ပိုင်းသာ တွေ့ဆုံနိုင်ခဲ့။ မှတ်မှတ်ရရ ... ၁၉၉၃ ခု၊ ဒီဇင်ဘာလအတွင်း တော်လှန်ရေးတာဝန်နဲ့ ရှေ့တန်းကိုခရီးထွက်ရင်း ဂျပန်အမျိုးသားနှစ်ယောက် နဲ့ တွေ့တော့မှ ဟိုက္ကူ ကဗျာကို ကျနော်ပိုပြီး စိတ်ဝင်စားခဲ့၊ ပိုပြီးခုံမင်စုံမက်လာခဲ့တာပါ။

ဒီတုန်းက တွေ့ဦးစမှာ သူတို့နှစ်ယောက်စလုံး ကျနော်နဲ့ခပ်စိမ်းစိမ်းလို့ ထင်ရပါတယ်။ သူတို့ကလည်း သူတို့အစီအစဉ်နဲ့သူတို့ လျှို့ဝှက်ခရီးသွားကြတာပါ။ ကျနော်က ကြုံတောင့်ကြုံခဲ ဂျပန်လူမျိုးတွေနဲ့ တွေ့တုန်း ဟိုက္ကူကဗျာတွေအကြောင်းမေးချင်တာ ဘယ်လိုမှမျိုသိပ်မထားနိုင်တဲ့အဆုံး စကားနည်း နည်းဟကြည့် လိုက်တော့မှ သူတို့နှစ်ယောက်စလုံး ဟိုက္ကူကဗျာတွေအကြောင်း ပြောလည်းပြော၊ ရွတ်လည်းရွတ်ပြ။ အထူးသဖြင့် သူတို့က လရောင်တွေနဲ့ပတ်သက်တဲ့ ဟိုက္ကူကဗျာတွေကိုပဲရွေးပြီး ရွတ်ပြခဲ့ကြလို့ ကျနော့် မှာ ကျေးဇူးတင်လို့ မဆုံးနိုင်ခဲ့ပါဘူး။

ဟိုက္ကူကဗျာမှာ ကာရန်မပါတဲ့အကြောင်း၊ ရာသီပြစကားလုံးပါလေ့ ပါထရှိတဲ့အကြောင်း သိခွင့်ရတာလည်း အဲဒီအခါကျမှပါ။ ယွန်းစလင်းချောင်းကမ်း တဲတလုံးဘေးက ကောက်ရိုးပုံကြီးပေါ်မှာ လရောင်ကိုမော့ကြည့် ရင်း ဟိုက္ကူ ကဗျာတွေအကြောင်း သူတို့နှစ်ဦးပြောပြသမျှ နားထောင်ခဲ့ရတဲ့ ညတည ... ကျနော်ဘယ်လိုမှ မမေ့နိုင်ဘူး။

တခါ ...၊ ၁၉၉၅ ခု၊ တော်လှန်ရးဌာနချုပ် မာနယ်ပလောကျအပြီး ဥရောပမဲဇာမှာ သောင်တင်နေတဲ့ အချိန်၊ ဟိုက္ကူကဗျာတွေနဲ့ဝေးရပြီအောက်မေ့တာ မိတ်ဆွေနော်ဝေအမျိုးသမီးတဦးဆီက ခရစ်စမတ် လက်ဆောင်အဖြစ် ဟိုက္ကူကဗျာစာအုပ် ကလေးတအုပ်ရလိုက်တော့ ဟိုက္ကူကဗျာတွေ ခြေတံ တော်တော် ရှည်ပါလားဆိုပြီး အံ့သြရပါတယ်။

ဒီကြားထဲ နော်ဝေမြန်မာ ကောင်စီဥက္ကဋ္ဌမစ္စတာကူလွိုင်း (ကွယ်လွန်)ရဲ့ မြေအောက်ခန်းကိုယ်ပိုင် စာကြည့် တိုက်ကို ချစ်ရဲဘော်ကြီးဒေါင်းညို (ကိုမောင်မောင်မြင့်) နဲ့အတူ ၀င်ကြည့်ခွင့်ကြုံတော့လည်း ဟိုက္ကူကဗျာ စာအုပ်တချို့တွေ့ရပြန်ရော။ တခါ နော်ဝေကြက်ခြေနီစခန်းတခုမှာ (၃)လခန့် သွားနေရ တုန်း နော်ဝေ ပန်းချီဆရာမတဦးနဲ့ စကားလက်ဆုံကျတော့လည်း ဟိုက္ကူကဗျာတွေ အကြောင်းပြောသွားတာ ကြားခဲ့ရပြန် ပါတယ်။ အော်စလိုမြို့က စာကြည့်တိုက်တွေမှာလည်း ဟိုက္ကူကဗျာစာအုပ်တွေကို နော့်ခ်ျလို၊ အင်္ဂလိပ် လို တော်တော်များများတွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ ထိုင်းမြန်မာနယ်စပ်ကိုပြန်ဖို့ (၅)ရက်ခန့်အလို ပီရူးအမျိုးသား မိတ်ဆွေတဦးက ကျနော်ကဗျာဝါသနာ ပါမှန်းသိလို့ သူ့မှာရှိတဲ့ ဟိုက္ကူကဗျာတချို့ကို မိတ္တူကူးပြီးပေးလိုက်ပြန် ပါသေးတယ်။

ကျနော်ဆိုလိုချင်တာကတော့ ဟိုက္ကူကဗျာဟာ သူ့နိုင်ငံနယ်နိမိတ်ကို ကျော်ပြီး ကမ္ဘာ့အနှံ့ ခရီးဆန့်ခဲ့ပြီဆိုတဲ့ သဘောကို ပြောချင်တာပါ။ ဒီလိုနဲ့ပဲ အခုဆိုရင် ဟိုက္ကူကဗျာနဲ့ကျနော်ဟာ မိတ်ဆွေအဆင့်က ကျော်ခဲ့ရပြီဆို ပါတော့။

၂။

ဂျပန်ကဗျာမှာက အဓိကအားဖြင့် ကဗျာပုံသဏ္ဍာန်လမ်းကြောင်း သုံးမျိုးသုံးစားရှိတာတွေ့ရပါတယ်။ ရှေး အကျဆုံးက ‘တန်းခ’(Tanka) ဒါမှမဟုတ်‘၀ခ’(Waka)လို့ခေါ်တဲ့ ကဗျာပါ။ စာကြောင်းရေ ငါးကြောင်း (၅-၇-၅-၇-၇) စာလုံးရေ (၃၁) လုံးနဲ့ ဖွဲ့ရတဲ့ကဗျာ။ ဒီကဗျာစပ်နည်းကို ၈-ရာစုဦးပိုင်းမှာ စတင် အသုံးပြုခဲ့ပါတယ်။ ၁၇-ရာစုအထိ အင်အားကောင်းခဲ့ပြီး အခု လက်ရှိကာလအထိလည်း စပ်ဆိုနေကြဆဲပါ။

၁၇-ရာစု၊ ‘တိုကူဂါဝါ’ ခေတ်မှာ ဟိုက္ကူကဗျာစပ်နည်း ထွန်းကားလာပါတယ်။ ပထမ ‘ရမ်းဂ’(renga) လို့ ခေါ် တဲ့‘တန်းခ’ ထက် ပိုပြီးတိုတဲ့ကဗျာစပ်နည်းပေါ်လာပါတယ်။ ဒီကဗျာက စာကြောင်းရေ(၂)ကြောင်း ဒါမှ မဟုတ်(၃)ကြောင်းပဲရေးရပါတယ်။ ဒါပေမဲ့ သူက တပုဒ်တည်းနဲ့မပြီးဘူး။ အဲဒီ(၂)ကြောင်းတပုဒ် ဒါမှ မဟုတ် (၃)ကြောင်းတပုဒ်ကဗျာတွေကို ပုဒ်ရေကြိုက်သလောက် ဆက်ပြီးရေးလို့ရတဲ့ ကဗျာပါ။ အခံအအုပ် သဘောပြောရင်လည်း ရတဲ့နည်းပါ။ အများအားဖြင့် တယောက်က ရှေ့က တပုဒ်စပ်ရင်၊ နောက် တယောက်က နောက်တပုဒ်ဆက်ပြီး၊ ဖြည့်ပြီးစပ်။ နောက်တယောက် ဒါမှမဟုတ် ပထမတပုဒ် စပ်ခဲ့သူက တခါထပ်ပြီး ဆက်ပြီးစပ်။ ဒီလိုနဲ့ တပုဒ်ပြီးတပုဒ် ဆက်ပြီးစပ်ရင်းက အရှည်ကြီးစပ်လို့ ရတဲ့နည်းပေါ့။ ကျနော်တို့မြန်မာ ကဗျာမှာရှိတဲ့ အဖြည့်ခံရတုကို သတိရမိပါတယ်။

အညာကျေးလက်တချို့က အတိုင်အဖောက်နဲ့အချီအချ လက်တန်းစပ်ဆိုကြတဲ့ ကဗျာမျိုးလိုပေါ့။ ဒီ ‘ရမ်းဂ’ကဗျာကိုအခြေခံပြီးမှ (၃)ကြောင်း(၅-၇-၅)စာလုံးရေ (၁၇)လုံးနဲ့ဖွဲ့ရတဲ့ ဟိုက္ကူကဗျာရေးနည်း ဆင့်ပွားပေါ်ပေါက်လာတယ် လို့ဆိုပါတယ်။

နောက်တနည်းကတော့ လွတ်လပ်ကာရန်စနစ်နဲ့ဖွဲ့တဲ့ ခေတ်ပေါ်ကဗျာနည်းပါ။ ဒါက ၁၉-ရာစုအလယ် ‘မေဂျီခေတ်’ မှာ ဥရောပနဲ့ ဆက်စပ်ယှက်နွယ်ပြီးမှ ရလာတဲ့နည်းပေါ့။ ဒီတော့ ‘တန်းခ’။ ‘ဟိုက္ကူ’ နဲ့ ‘ခေတ်ပေါ်ကဗျာ’ ဆိုပြီး ဂျပန်ကဗျာပုံသဏ္ဍာန် လမ်းကြောင်း(၃)ခု။ ဒါကို အခုထက်ထိ ဂျပန်ကဗျာ ဆရာတွေ လက်မလွှတ်ကြသေးပါဘူး။ ဒီနည်း(၃) ခုစလုံးနဲ့ဖွဲ့ကြ၊ စပ်ကြတဲ့ ကဗျာစပ်နည်းဟာ ဂျပန်ကဗျာ ရေ စီးကြောင်းရဲ့ အဓိကပုံသဏ္ဍာန်ပဲဆိုပါတော့။

၃။

ကျနော်အခု ...၊ ဟိုက္ကူကဗျာတချို့ကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ ဂျပန်ဘာသာက တိုက်ရိုက် ဘာသာပြန်ရတာ မဟုတ်ပါဘူး။ အင်္ဂလိပ်လိုကတဆင့် ဘာသာပြန်ရတာပါ။ ဝေမျှခံစားကြည့်စေချင်လွန်းလို့သာ ဆောင်ရွက်လိုက်ရပေမယ့် အားလုံးသိကြတဲ့အတိုင်း မူရင်းရသကိုတော့ ဘယ်မှာအပြည့်အ၀ ရနိုင်ပါ့မလဲ။ ဘာသာပြန်နေရင်းက ငါရေးနေတာ မူရင်းအဓိပ္ပာယ်နဲ့နီးမှ နီးသေးရဲ့လား ဆိုတဲ့ သံသယစိတ်တွေဝင် ၀င်လာလွန်းလို့ရပ်ထားခဲ့ရတာလဲ ခဏခဏပါ။ တခါတလေ အင်္ဂလိပ်လိုရေး ထားတဲ့ ကဗျာတချို့က ကျနော်ဘာသာပြန်ထားတဲ့ကဗျာထက်ပိုပြီး ခံစားလို့ရနိုင်တာ ကိုလည်း တွေ့ခဲ့ရပါ တယ်။ မီအောင် ဘာသာမပြန်နိုင်တဲ့သဘောပေါ့။ ဘာသာဗေဒတံတိုင်းကို လွတ်အောင်မကျော်နိုင်တဲ့ ကျနော့် ချို့ယွင်းချက်အဖြစ် ၀န်ခံရမှာပါ။

ဒီနေရာမှာ (၅-၇-၅) ဆိုတဲ့ ဂျပန်ဟိုက္ကူကဗျာပုံစံကို မရရအောင် ဘာသာပြန်မှ မှန်တယ်လို့ ကျနော် မယူဆ ပါဘူး။ ဘာသာပြန်တဲ့အခါ မူရင်းကဗျာရဲ့အဓိပ္ပာယ်နဲ့ ကိုယ်ညီဖို့ပဲ လိုပါတယ်။ (၅-၇-၅) ပုံစံထဲ အတင်းရိုက် သွင်းခြင်းအားဖြင့် အဓိပ္ပာယ် တိမ်းစောင်းနိုင်ပါတယ်။ အဓိပ္ပာယ်လည်း မတိမ်းစောင်းဘူး၊ (၅-၇-၅) ပုံစံ လည်း ၀င်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါတောင်မှ မြန်မာစာက ၀ဏ္ဏ တလုံးချင်းစီက အဓိပ္ပာယ် ရှိနေလို့ (၅-၇-၅) ၀င်အောင် လုပ်လို့ ရတယ်လို့ ယူဆရတာပါ။

တချို့ဘာသာစကားတွေက ၀ဏ္ဏတခုချင်းစီမှာ အဓိပ္ပာယ် ရှိချင်မှရှိတာဆိုတော့ (၅-၇-၅) ပုံစံဝင်ဖို့ မလွယ်တော့ဘူးပေါ့။ ဒါကြောင့်မို့ ဂျပန်ဟိုက္ကူကဗျာတွေကို မြန်မာ ဘာသာပြန်တဲ့အခါ အဓိပ္ပာယ်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ (၅-၇-၅) ပုံစံကို အဓိက မထားခဲ့ပါဘူး။

တကယ်တော့ ဟိုက္ကူကဗျာတွေဟာ “တို၊ ကျဉ်း၊ လိုရင်း၊ သန့်ရှင်း”ဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ ကဗျာတွေပါ။ ကဗျာတွေ တိုသလောက်၊ ကျဉ်းသလောက်၊ ရှင်းသလောက်၊ ဂယက်အနက်တွေ ကြတော့ တွေးရင်းတွေး ရင်း တွေးနိုင်သလောက် အဝေးဆုံးအထိ ရောက်သွားနိုင်တာပါ။ ဒီနေရာမှာဂယက်အနက်၊ သွယ်ဝိုက် အနက်တွေရှိနေတယ်ဆိုပေမယ့်၊ တနည်းအားဖြင့် ၀င်္ကန္တနည်းကို အသုံးပြုတယ်ဆိုပေမယ့် ဂမ္ဘီရဆန်တဲ့ အထိတော့မရှိပါဘူး။ ဒါကြောင့်မို့ သန့်ရှင်းတဲ့ဂုဏ်၊ ရိုးဂုဏ်အပြည့်ရှိတယ်လို့ ဆိုကြတာပေါ့။
အခုလို မျက်မှောက်ခေတ် ရာဇ၀င်ရေးကာလမျိုးမှာ ဟိုက္ကူကဗျာတွေဟာ တကယ်ကော လိုအပ်ရဲ့လား ဆိုတဲ့ မေးခွန်းကို မိတ်ဆွေတချို့က ထောက်ပြတာလည်း ရှိပါတယ်။

ကျနော့်အဖို့တော့ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး’ ပဲ။ ဒီခေါင်းစဉ် ဒီပေတံနဲ့ ဒီအကန့် တကန့်အတွင်းမှာ “လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ သန့်ရှင်းစင်ကြယ်မှု၊ တည်ကြည်မှုနဲ့ မေတ္တာ တရား”ကို အခြေခံတဲ့ ဟိုက္ကူကဗျာတွေဟာ ကျနော်တို့အတွက် အသုံးမတည့်စရာ အကြောင်း မရှိဘူးလို့ပဲ အခိုင်အမာယုံကြည်မိပါတယ်။

‘ဆေးရှိယာမာဂူချိ’ရဲ့ ‘ကောင်းကင်ထဲက ပျောက်နေတဲ့စွန်ကြိုးတချောင်း’ကိုတော့ မြင်အောင်ကြည့်ကြ ပါစို့လို့ ကျနော် အကြံပြုလိုက်ပါရစေ။ ။

ထလော့ လိပ်ပြာကလေး
အချိန်တွေ နှောင်းကုန်ပေါ့
မင်းနဲ့ငါ အတူတကွ
ခရီးမိုင်များစွာ သွားရဦးမယ်ပ။

ဗသျှိုး

ငါ့မျက်လုံးတွေဟာ
ဟိုး ...အဝေးကပင်လယ်ဆီ
တဖြေးဖြေး ပျံသန်းဝေးကွာသွားနေတဲ့
ငှက်တကောင်ကို လိုက်ကြည့်ရင်းက
ကျွန်းကလေးတခုကို ဘွားခနဲ သွားတွေ့လိုက်ရတယ်။

ဗသျှိုး

ထိန်ထိန်သာနေတဲ့ လရောင်အောက်
ရေကန်အိုလေးကို ငါလှည့်ပတ်လျှောက်နေခဲ့
အလိုလေး ...
ရောင်နီတောင် သန်းလာနေပြီပဲ။

ဗသျှိုး

ကြိုးကြာငှက်မြည်သံကြား
ဝါးတောကလေး
ချက်ချင်းဆိုသလို လရောင်လင်းထိန်သွား ...။

ဗသျှိုး

အို - ဟေမန္တ
ငှက်တွေ တိမ်တွေတောင်မှ
အိုစာလို့ သွားပြီပ။

ဗသျှိုး

မိတ်ဆွေများဟာလည်း
ခွဲခွာကြရစမြဲ
ဘဲငန်းရိုင်းများသည်လည်း
တိမ်တွေထဲ တဖြေးဖြေးတိုးဝင်
ပျောက်ကွယ်သွားစမြဲ။

ဗသျှိုး

အရာအားလုံး ငါ စွဲမက်စွာ ထိတွေ့ခဲ့
အလိုလေးလေး ...
ဆူးတချောင်း စူးလိုက်သလိုပါပဲလား။

အိဆ

အင်းဆက်ပိုးမွှားလေးတွေရဲ့စကား
လူတွေပြောတဲ့စကား
မတူတဲ့နား ခွဲခြားပြီးကြား။

ရှိကိ

ကြိုးကြာငှက်ကလေးရေ
ငိုချင်ရင် လမင်းကြီးဆီကိုသာ
တိုင်တည်ပြီး ငိုလိုက်ပေတော့
ငါ့ဖက်ကိုလှည့် မငိုနဲ့
ငါ - မင်းဘ၀ပုံပြင်ကို ကြားခဲ့ပြီးပြီကွဲ့။

ဆိုးဆေကိ

မိုးဦးကျပြီ
ဟိုမှာ ဝေသာလီ ဗျိုင်းတကောင်
မိုးရေစိုရွှဲ တကောင်ထဲ ...။

က၀ဟိဂရှိ

သစ္စာမရှိတဲ့ချစ်သူ
စွန့်ခွာသွားခဲ့
အဲဒီဆောင်းရဲ့နှင်းထုထဲ
ဘယ်လောက်အထိ ချမ်းအေးမလဲ။

ဂျဂုရှိ

ငါ့အိမ်ကလေး
မီးလောင်ပြာကျပြီးမှပဲ
ပိုမိုသာယာတဲ့ လရောင်ရှုခင်း
ငါ ပိုင်ဆိုင်ခြင်းရှိတော့တာပ။

မဆဟိဒဲ

စွန်ကြိုးတချောင်း
ကောင်းကင်ထဲမှာ မမြင်ရသော်ငြား
လက်ချောင်းပေါ်မှာ မြင်ရသား။

ဆေးရှိ ရာမဂုချိ

ကိုးကား ။    ။
1. ANTHOLOGY OF MODERN JAPANESE POTERY
2. HAIKU (The Poetry of Zen)
3. HARVEST OF HAIKU

ငြိမ်းဝေ (ကဗျာ့အိုးဝေ)