ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ
Showing posts with label မြန်မာကဗျာဆိုင်ရာဆောင်းပါး. Show all posts
Showing posts with label မြန်မာကဗျာဆိုင်ရာဆောင်းပါး. Show all posts

မြန်မာစာ၊ မော်ဒန် ဆိုသော ကဗျာအချို့၊ ခံစားမှု နှင့် ဖန်တီးသူလိုင်စင်

အခုခေတ်မှာ မြန်မာစာလုံးပေါင်း အမှားအယွင်းတွေ နေရာတကာ တွေ့နေရပါတယ်။ အထူးသဖြင့် အင်တာနက် စာမျက်နှာတွေပေါ်မှာပါ။ ဒီလိုဖြစ်လာတာဟာ အများအားဖြင့်ကတော့ နိုင်ငံခြားမှာ ကြီးပြင်းလာကြရတဲ့ လူငယ်တွေအနေနဲ့ မြန်မာစာကို အသေအချာ သင်ကြားခွင့် မရရှိခဲ့ကြလို့ ဒီလိုဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဒါက ခွင့်လွှတ်နားလည်နိုင်စရာရှိပါတယ်။ မော်ဒန်ကဗျာကို ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ လက်လည်း လက်ခံပါတယ်။ တချို့ကဗျာတွေဆို အလွန် လှပတဲ့ အဖွဲ့လေးတွေနဲ့ ခံစားလို့လည်း ရပါတယ်။
သို့သော်လည်း အချို့သော မော်ဒန်သမား ဆိုသူများကတော့ စာလုံးပေါင်းဟာ လုံးဝအရေးမကြီးဘူးလို့ ယူဆထားဟန်ရှိပါတယ်။ အဲဒါကို ကာကွယ်တဲ့ ဆောင်းပါးတွေလည်း တချို့က ရေးကြပါတယ်။‎ ရိုးရိုးသားသား မှားတာက အကြောင်းမဟုတ်ပေမဲ့ ကပေါက်တိ ကပေါက်ချာ စာလုံးပေါင်းတွေနဲ့ တမင်မှားပေါင်းပြီး မြန်မာစာကို ဖျက်ဆီးကြခြင်းကတော့ အရုပ်ဆိုးလွန်းလှပါတယ်။ ဒီလိုရေးထားတဲ့ တချို့ကဗျာတွေ တွေ့ဖူးပါတယ်။ အဲဒါကို "နိမိတ်ပုံ" လို့ ဆိုတဲ့အပြင်၊ "ဖန်တီးသူလိုင်စင်" ရယ်ပါလို့ အကာအကွယ်ယူပြီး ပြောတဲ့သူကလည်း ပြောကာ မြန်မာစာကို ဖျက်ဆီးခြင်းကို အားပေး အားမြှောက် ပြုနေကြပါတယ်။ သူ့အရပ်နဲ့သူ့ဇာတ် ကတော့ ဟုတ်နေတာပါပဲ။

ကြာတော့ ကြာခဲ့ပါပြီ။ အင်တာနက်ပေါ်က "ဖန်တီးသူလိုင်စင်" ဆိုတဲ့ဆောင်းပါးတပုဒ်မှာဆိုရင် ထူးအိမ်သင်နဲ့ ဦးစောနုတို့ရဲ့ အခြေအတင် ဖြစ်ကြတဲ့ ‎အကြောင်းနဲ့ ဥပမာပေးပြီး ‎ဆောင်းပါးရှင်က စထားပါတယ်။ ‎ဖတ်ကြည့် လိုက်တော့ ဦးစောနုက ပဉ္စဂံတေးစုစီးရီးကို ဝေဖန်တဲ့ နေရာမှာ ခိုင်ထူးရဲ့ သီချင်းဆိုပုံဆိုနည်းစံနစ် ‎ကို မလိုအပ်ဘဲ လည်ပင်းကြွက်သားတွေ ညှစ်ပြီး သီချင်း သီဆိုတယ်လို့ ဝေဖန်တာကို ထူးအိမ်သင်က လက်မခံဘဲ သီချင်းဝေဖန်သူအနေနဲ့ သံစဉ်ကောင်းတယ်၊ ညံ့တယ်၊ အသံကောင်းတယ်၊ ‎မကောင်းဘူး ‎ဝေဖန်နိုင်ပေမယ့် ဘယ်လိုသီဆိုရမယ်ဆိုတာတော့ နည်းလမ်းပြခွင့် မရှိဘူးလို့ ပြန်လည် ‎ချေပတဲ့အကြောင်းကို ကိုးကားထားတာ ဖြစ်နေပါတယ်။

ဝေဖန်တယ်ဆိုတာဟာ ပရိသတ်အနေနဲ့ ဝေဖန်ခြင်းနဲ့ ပညာရှင်ရဲ့အမြင်နဲ့ဝေဖန်ခြင်းဆိုပြီး ရှိပါတယ်။ ‎‎ရင့်ကျက်တဲ့အနုပညာရှင်တို့မည်သည် ဝေဖန်ခြင်းကို သဘောထားကြီးစွာ လက်ခံလေ့ရှိကြပါတယ်။ ဦးစောနုရော ထူးအိမ်သင်ရော နှစ်ယောက်စလုံးဟာ ‎‎ဂီတပညာရှင်များ ဖြစ်တဲ့အတွက် ဦးစောနုဟာ ‎ပညာရှင်တဦးရဲ့အမြင်နဲ့ နည်းစံနစ်ပိုင်းကို ဝေဖန်ပိုင်ခွင့် ‎ရှိပါတယ် (ထူးအိမ်သင် နဲ့ ဦးစောနု ဘယ်သူက ပိုသာတယ်လို့ ‎ကျွန်တော် မပြောပါ။ ထူးအိမ်သင်ဟာ ‎ကျွန်တော် အလွန်နှစ်သက်တဲ့ တေးရေးဆရာ အဆိုရှင်ဖြစ်ပါတယ်။ ဟာမိုနီပိုင်းကိုလည်း ‎တကယ် ‎တတ်ကျွမ်းနားလည်သူ ပညာရှင်တဦးပါ)။ ဆရာဝန်တဦးဟာ ဆေးပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာ ‎တခုကို ‎ဆေးပညာရှုထောင့်က ဝေဖန်နိုင်သလို အင်ဂျင်နီယာတဦးဟာလည်း ပညာရပ်ဆိုင်ရာ ‎အကြောင်းအရာတခုကို ‎သက်ဆိုင်ရာပညာရှင်အနေနဲ့ ဝေဖန်လို့ ရပါတယ်။

ဆက်ပြီး ထူးအိမ်သင်က "အနုပညာရှင်တစ်ယောက်အနေနဲ့ ဒီနေရာမှာ နားရွက်နဲ့ဆိုမှ သူ့ခံစားချက်ကို ‎ဖော်ပြနိုင်မယ်လို့ ‎ယူဆရင် နားရွက်နဲ့ရအောင်ဆိုမှာပါ" လို့ပြောပါတယ်။ တကယ်တော့ ဒါဟာ ‎နည်းစံနစ်ပိုင်း (‎technique) ကိုပြောထားခြင်းသာဖြစ်ပါတယ်။ ဘယ်လိုဆိုမယ် ဆိုတာ ‎နည်းစံနစ်ပါ။ License မဟုတ်ပါ။ ဆောင်းပါးရှင်က ‎ဒါကို မှားယွင်းစွာ အဓိပ္ပါယ် ကောက်ယူပြီး "ဒါ ‎ဖန်တီးသူ လိုင်စင်အတွက် အကောင်းဆုံး ဥပမာတစ်ခုပါ။" လို့ ‎အလွဲလွဲအချော်ချော် ပြောထားကြောင်း တွေ့ရှိရပါတယ်။

ဆက်ပြီး "သဒ္ဒါတွေ၊ သတ်ပုံတွေ ဟာလည်း ထိုနည်းလည်းကောင်း၊ ဖန်တီးသူကို ချုပ်ချယ်မထားနိုင်ပါဘူး။‎ ဖန်တီးသူ လိုင်စင်အရ သဒ္ဒါမှားမှ ဖြစ်မယ်၊ သတ်ပုံတွေလွဲနေမှ နေသာထိုင်သာရှိမယ်လို့ ယူဆရင် ‎သူ့ခံစားချက်ကို ‎ဖော်ထုတ်ဖို့ သတ်ပုံအမှားတွေ၊ သဒ္ဒါအလွဲတွေနဲ့ သူ ရေးစပ်ကောင်း ‎ရေးစပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူမှာ ‎ဖန်တီးသူ လိုင်စင် ရှိနေလို့ပါ။‎" လို့ ဆိုပြန်ပါတယ်။ ပြီးမှ ကပေါက်တိကပေါက်ချာ သူငယ်တန်းကလေး ရေးတဲ့စာထက် ဆိုးအောင်ရေးထားတဲ့ မော်ဒန် ဆိုတဲ့ ကဗျာတပုဒ်နဲ့ ဥပမာ ပြပါတယ်။ မြန်မာစာ သတ်ပုံများ တမင်မှားယွင်းထားသော ထိုကဗျာကို ဖော်ပြရန် မသင့်လျော်၍ မဖော်ပြတော့ပါ။
ဆောင်းပါးရှင်က ဆက်လက်ညွှန်းဆိုထားပြန်တာကတော့ "ရှေးဟောင်းအစဉ်အလာ၊ ဓလေ့ထုံးတမ်းတွေရဲ့ အနှောင်အဖွဲ့က ‎လွတ်မြောက်ချင်တဲ့ဆန္ဒ၊ သူ့ခံစားချက်တွေကို ဖော်ပြဖို့ ‎ဘာသာစကားက လိုက်မမီသလို ခံစားရချိန်မှာ ‎ခံစားမှုကိုနားလည်နိုင်အောင် ဘာသာပြန်လိုအပ်သလို ခံစားရမှု၊ ‎စည်းကမ်းတွေ၊ ဝေဖန်မှုတွေနဲ့ ‎မွန်းကြပ်နေတဲ့ အနုပညာရဲ့ ပေါက်ကွဲသံ၊ ကဗျာကို မြတ်မြတ်နိုးနိုးချစ်မိသူတစ်ဦးရဲ့ ‎ပုဂ္ဂလလွတ်လပ်စွာ ‎လောင်မြိုက်ခွင့်ကလေး လိုချင်မှု၊ စတဲ့ နူးညံ့စွာပေါက်ကွဲမှုသံစဉ်ကလေးကို ကဗျာဖွဲ့သီရာမှာ ‎‎ကဗျာဆရာဟာ သတ်ပုံအမှားတွေကို တမင်တကာကြားညှပ်လို့ နိမိတ်ပုံတစ်ခုသဖွယ် ‎‎ယူသုံးသွားပါတယ်။ ‎
ကဗျာရဲ့ theme နဲ့ လိုက်ဖက်တဲ့ သတ်ပုံအလွဲတွေ အဖြစ် ကဗျာကို အရောင်ပိုပြီးထွက်လာစေပါတယ်။‎
‎ဒါဟာလည်း ဖန်တီးသူလိုင်စင်တစ်ခုပင် ဖြစ်ပါကြောင်း" ပါတဲ့။

သြော် ... ဖြစ်မှ ဖြစ်ရပလေ ... ငါ့နှယ် သေပြီဆရာ လို့သာ ပြောလိုက်ချင်ပါတော့တယ်။ ‎ဒီနေရာမှာ ဖန်တီးသူလိုင်စင် ဆိုပြီး ဆောင်းပါးရှင်က ရည်ညွှန်းထားခြင်းဟာ Poetic License (licentia poetica)‎ ‎ကိုပြောခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒီတော့ Poetic License ရဲ့ ‎အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition‎) ကို ‎ကြည့်မယ်ဆိုရင် ...‎ ‎"the ability of a poet to ignore some of the minor requirements of grammar for ‎poetic effect." ‎လို့ဆိုထားပါတယ်။ ဒီနေရာမှာ ‎"minor requirements" ဆိုတာကို ‎သတိပြုရမှာဖြစ်ပါတယ်။ အသေးအဖွဲ လိုအပ်ချက်များ ‎ကို လစ်လျူရှုနိုင်တယ်လို့ ‎ဆိုလိုရင်းဖြစ်ပါတယ်။ သဒ္ဒါစည်းမျဉ်း တခုလုံးကို ပြောင်းပြန်လှန်ပြီး စာလုံးတွေကို ‎‎ကပေါက်တိကပေါက်ချာ ရေးပစ်လို့မရပါဘူး။ ‎‎ဒါကြောင့် ‎ဒီလိုအရေးအသားမျိုးကို ဖန်တီးသူလိုင်စင် အဖြစ် လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဟာ ဖျက်ဆီးခြင်း ဖြစ်တယ်လို့ မြန်မာစာပေကို မြတ်နိုးသူ တစ်ဦးအနေနဲ့ ကောက်ချက်ချမိပါတယ်။

ပညာရှင်ကြီးတွေ အနေနဲ့ ကဗျာရေးတဲ့ အခါ 'ကာရန်ငဲ့' တယ် ဆိုတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ ‎‎ဒါဟာ ‎ကာရန်ကိုက်ညီစေလိုတဲ့သဘောကြောင့် သဒ္ဒါစည်းမျဉ်းကိုဖေါက်ဖျက်ပြီး တချို့သောစာလုံးပေါင်း ‎များကနေ သွေဖည်ခဲ့တဲ့ ‎အထောက်အထားတွေရှိပါတယ်။ တနည်းအားဖြင့် ဒါဟာ မြန်မာတွေရဲ့ Poetic License ပဲဖြစ်ပါတယ်။ မြဝတီမင်းကြီး ‎ဦးစ က 'လကိုမြင်၊ ကြယ်စင် ဟုတ်ဖူး' ရယ်လို့ ဆိုရာမှာ ‎ကာရန်ကိုက်ညီအောင် 'စင်ကြယ်' ဆိုတဲ့စကားကို 'ကြယ်စင်' ‎ရယ်လို့ ပြောင်းပြန်ရေးခဲ့ဖူးပါတယ်။ ‎ဆရာဦးပုညကလည်း မေဓါဝီကို ကာရန်ကိုက်အောင် 'မေဓါဝေ' ဆိုပြီး ‎သုံးနှုန်းသွားခဲ့ပါတယ်။ ‎‎ဒါတွင်မက ...‎

‎"နွဲ့လည်းမချည်း၊ ကြည်းလည်းမရွှင်း၊ ဝင်းလည်းမဝါ၊ ပြာလည်းမညို့၊ ပြို့လည်းမဖွံ့" ဆိုပြီး ‎စာလုံးပေါင်းတွေကို ပြောင်းလဲ ‎သုံးစွဲခဲ့တဲ့ အထောက်အထားတွေရှိခဲ့ပါတယ်။ တကယ်တော့ နွဲ့လည်း ‎မချည့် (မချည့်နဲ့)၊ ကြည်လည်း မရွှင်၊ ‎‎(ကြည်ကြည်လင်လင်ရှိသော်လည်း မိန်းမရွှင်ကဲ့သို့မဟုတ်)၊ ပြာ ‎‎(လတ်ဆတ်) သော်လည်း မညို (မည်းနက်မနေ)၊ ဆိုတဲ့ ‎စကားတွေကို ကာရန်ငဲ့ပြီး ပြောင်းလဲ စပ်ဆို ‎ထားတာပါ။‎
‎ဒါပေမယ့် ဒီပညာရှင်ကြီးတွေအားလုံးဟာ မြန်မာသဒ္ဒါစည်းမျဉ်းတွေကို 'ခံစားမှု' ဆိုတဲ့ မျက်နှာဖုံးတပ်ပြီး ‎အကြောင်းမဲ့ ‎ဖေါက်ဖျက်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။‎

ဆောင်းပါးရှင်ပြောတဲ့ "သဒ္ဒါတွေ၊ သတ်ပုံတွေ ဟာလည်း ထိုနည်းလည်းကောင်း၊ ဖန်တီးသူကို ‎ချုပ်ချယ်မထားနိုင်ပါဘူး" ‎ဆိုတာဟာ အလွန်မှားယွင်းတဲ့ အယူအဆတခုဖြစ်ပါတယ်။ ကျွန်တော်တို့ ‎မြန်မာစာ တွင်မက ဘာသာစကားတိုင်းမှာ ‎သဒ္ဒါတွေ၊ သတ်ပုံတွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ ‎ကနေ ပါဝင်နေပါတယ်။ ဥပမာ တခုပြပါရစေ။ ‎သတင်းစာဆရာကြီး အောင်ဗလ ခေါ် ကြေးမုံဦးသောင်း ‎က စာလုံးလေးတလုံးကို ပြောင်းလိုက်တာနဲ့ အဓိပ္ပါယ် လုံးဝ ‎လွဲချော်သွားတဲ့ စာတပုဒ် ရေးခဲ့ဖူးပါတယ်။ ‎တိရစ္ဆာန်ရုံမှာ ရှိနေတဲ့ ခြင်္သေ့ကြီးအတွက် ခြင်္သေ့မငယ်ငယ်လေးကို ‎လှောင်အိမ်ထဲ အတူ ထည့်ပေးတော့ ‎ခြင်္သေ့မလေးက အကပ်မခံတဲ့အကြောင်း ရေးထားတဲ့ ဆောင်းပါးထဲမှာ ပါပါတယ်။ ‎မူရင်း သီချင်း ‎စာသားဖြစ်တဲ့ ".. ကလေးစိတ်မို့ ပျိုနားမလည် .. ခင်ဟာ ငယ်သေးတယ်" ဆိုတာကို ‎‎အောက်မြစ်ကလေးတခုထည့်ပြီး "ခင့်ဟာ ငယ်သေးတယ်" ဆိုပြီး ပြောင်းရေးလိုက်တော့ အဓိပ္ပါယ်တွေ ‎‎တက်တက်စင်အောင် ပြောင်းလဲကုန်တော့ တာပါပဲ။ ‎

ကျွန်တော်တို့ မြန်မာစာပေရဲ့ စည်းမျဉ်းတွေကို ရှေးလူကြီးများက အလကား မနေနိုင်မထိုင်နိုင် လက်ယားပြီး သတ်မှတ်သွားခြင်းမဟုတ်ပါ။ ‎မြန်မာစာပေဟာ ‎ပုဂံခေတ်ကစပြီး ယနေ့ခေတ်အထိ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာတယ်လို့ ‎ပညာရှင်များသတ်မှတ်ကြပါတယ်။ ဒီလို ‎နှစ်ပေါင်းတစ်ထောင်နီးပါးကြာအောင် တည်တံ့ခဲ့တဲ့ စာပေ ‎အရေးအသားတခုဟာ အလကားနေရင်း ‎တိုးတက်လာတာမဟုတ်ပါ။ ပညာရှင် အစဉ်အဆက် စည်းကမ်း ‎သတ်မှတ်ချက်တွေကြောင့် ‎ပြောင်းလဲတိုးတက်လာခဲ့တာဖြစ်ပါတယ်။ စည်းကမ်းသည် လူ၏တန်ဖိုး လို့ ‎အဆိုရှိပါတယ်။ ဒါကြောင့်လည်း ‎မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်က ဝိနည်းသည် ‎ရဟန်းတို့၏ အသက်ဖြစ်သည် ‎လို့ ပညတ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ရဟန်းရဲ့အသက်ဟာ ဝိနည်းဖြစ်သလို ‎လူတွေရဲ့ အသက် ဟာ စည်းကမ်းဖြစ်ပါတယ်။ ‎ဒီလိုပဲ စာပေမှာ သဒ္ဒါဟာ အသက်ပါ။ သဒ္ဒါမတတ်၊ ‎စာမတတ် လို့ ဆိုရိုးရှိပါတယ်။ မြန်မာစာပေ၊ မြန်မာစကားဟာ ‎မြန်မာတိုင်းအတွက် ဂုဏ်ယူစရာ ‎တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင် အက္ခရာ၊ ကိုယ်ပိုင်စာပေ ရှိနေတဲ့ ‎ကျွန်တော်တို့ရဲ့ မြန်မာစာကို ‎အလွယ်တကူ ဖျက်ဆီးခြင်းကို ခွင့်မပြုကြဖို့၊ ထိန်းသိမ်းကြဖို့ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။ ‎

ခံစားမှုဆိုတာကို မျက်နှာဖုံးတပ်ပြီး ထင်ရာစိုင်းတာကို ကျွန်တော်တို့ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိပါ။ အဲဒီ ‎ခံစားမှုဆိုတာကို ‎ရှေ့တန်းတင်လွန်းရင် လောကကြီးမှာ 'ဓမ္မ' ဟာ ပျက်ပြားသွားနိုင်စရာ ‎အကြောင်းရှိပါတယ်။ သူ့ရဲ့ ခံစားချက်ကို ‎ဦးစားပေးပြီး ကာမပိုင်ရှိသူမိန်းကလေး၊ သူတပါးဇနီးမယားဖြစ်တဲ့ သီတာဒေဝီကို အတင်းအဓမ္မ လုယူခဲ့တဲ့ ‎‎ဒဿဂီရိ ရဲ့ ခံစားချက်မျိုးကို လက်ခံနိုင်ပါသလား။ ခံစားချက်ကို ‎ရှေ့တန်းတင်လွန်းတဲ့ ‎တကယ့်အဖြစ်အပျက် တစ်ခုကို ကျွန်တော် တင်ပြပါ့မယ်။ အနုပညာသမားတဦးဟာ တစ်ခါက ‎‎ကားအသွားအလာ အနည်းငယ်ရှင်းတဲ့ လမ်းမ ပေါ်မှာ လှဲအိပ်ပြီး လှပတဲ့ညခင်းကို "ခံစား" နေပါတယ်။ ‎ခဏအကြာမှာပဲ ‎ကားတစ်စီး မောင်းဝင်လာပါတယ်။ ကားမောင်းသူရဲ့ သတိရှိမှုကြောင့် ကားကို ‎အချိန်မီရပ်တန့်လိုက်နိုင်ပါတယ်။ ပြီးတော့ ‎သူ့ကို လမ်းပေါ်က ဖယ်ပေးဖို့ပြောတဲ့အခါ "ကျွန်တော် ‎ခံစားနေတာကို လာမနှောက်ယှက်ပါနဲ့ဗျာ" လို့တုန့်ပြန်ပါတယ်။ ‎ထို အနုပညာသမား ဆိုသူဟာ ကံကောင်းလို့သာ ကားတိုက်မသေပေမဲ့ ‎လက်သီးစာကျွေးသွားခြင်းတော့ ခံလိုက်ရ ပါတယ်။ ဒီလို ‎စည်းလွတ်ဘောင်လွတ် ထင်ရာစိုင်းခြင်းဟာ 'လွတ်လပ်ပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှမ်း' တာနဲ့ ‎‎တူကြောင်း အမျိုးသား ခေါင်းဆောင်ကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန် မိန့်ကြား ‎သွားခဲ့ဖူးပါတယ်။‎
လူတွေဟာ ပုထုဇဉ်တွေဖြစ်တာနဲ့အညီ မကောင်းတဲ့ အာရုံခံစားမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို ဖြစ်လာတဲ့ အခါ အဲဒီ ‎ခံစားမှုတွေကိုလိုက်ပြီး ‎မကောင်းတဲ့ ဖွဲ့ဆိုမှုတွေဖြစ်ပေါ်လာရင်ရော လက်ခံရမှာပါလား။ ပန်းချီဆရာ ‎တွေဟာ အနုပညာရဲ့ ဖန်တီးခွင့်အရ ‎ကိုယ်လုံးတီးပုံတွေကို ရေးဆွဲကြပါတယ် (Erotica ‎ကိုဆိုလိုတာဖြစ်ပြီး Pornography ကို မဆိုလိုပါ)။ ဒါပေမယ့် ‎ဒီပန်းချီဆရာများဟာ သူတို့ခံစားရတဲ့ ‎ကိုယ်လုံးတီး ဝစ်လစ်စလစ် ခန္ဓာကိုယ်အလှများကို ‎လူရှေ့သူရှေ့ထွက်ပြီးရေးဆွဲခဲ့ကြတာ မဟုတ်သလို ‎သူတို့ကိုယ်တိုင်မှာ ဘယ်လိုပဲ အနုပညာခံစားမှုရှိပါစေ ... သူတို့ရဲ့ ‎မော်ဒယ်တွေကို လူမြင်ကွင်းမှာ ‎ကိုယ်လုံးတီး ထွက်ပြီး ပြခိုင်းတာမျိုး မတွေ့ဖူးသလို သူတို့ကိုယ်တိုင်လည်း ကိုယ်လုံးတီး ‎‎လမ်းထွက်မလျှောက်ကြပါ။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာနေတဲ့အခါ ‎လူ့အဖွဲ့အစည်းရဲ့ ‎သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု၊ ထုံးတမ်း အစဉ်အလာတွေကို လိုက်နာကြရပါတယ်။ ‎‎"ပုဂ္ဂလလွတ်လပ်စွာ လောင်မြိုက်ခွင့်ကလေး လိုချင်မှု" ဆိုတာဟာ အများနဲ့ ‎သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ အကျုံးမဝင်ပါ။ ‎ပုဂ္ဂလလွတ်လပ်စွာ လောင်မြိုက်ခွင့်ကလေး လိုချင်ရင် ‎ကိုယ့်ဟာကိုယ် သီးသန့် ဖန်တီးနိုင်ပေမယ့် အများရှေ့ကို ‎မသင့်လျော်တာတွေ ချပြလို့မရပါ။ ကျွန်တော်ဟာ ‎လွတ်လပ်မှုကို အလွန်မြတ်နိုးသလို ရှေးရိုးအစဉ်အလာများမှ ‎ဖေါက်ထွက်ပြီး တီထွင် ဆန်းသစ်မှု ‎ကိုလည်း အလွန်လေးစား တန်ဖိုးထားပါတယ်။ မော်ဒန်ကဗျာများကို ‎ကြိုက်နှစ်သက်ပေမယ့် ‎ထင်ရာစိုင်းခြင်းကို လက်မခံပါ။ မော်ဒန်ကဗျာဆိုတာ စည်းလွတ်ဝါးလွတ် ‎လုပ်ချင်ရာလုပ်ခြင်းမဟုတ်ပါ။ ‎တီထွင်ဆန်းသစ်မှု ဆိုတာဟာ ရှိပြီးသား လူအများလက်ခံထားတဲ့ အရာများကို ‎ဖျက်ဆီးပစ်ခြင်း ‎မဟုတ်ပါ။ ‎
ခံစားချက်နဲ့ပတ်သက်လို့ပြောရရင် ခံစားချက်တွေကို ဖေါ်ပြဖို့ ဘာသာစကားက လိုက်မမီတာမဟုတ်ပါ။

‎‎‎ဂီတ ပညာရှင်များဟာ အသံနဲ့ ခံစားချက်တွေကို ဖေါ်ပြကြပါတယ်။ ပန်းချီပညာရှင်များဟာလည်း ‎ခံစားမှုတွေကို ‎အရောင်များနဲ့ ဖေါ်ပြကြပါတယ်။ ဒီလိုပဲ စာပေပညာရှင်များဟာ သူတို့ရဲ့ ‎ရင်တွင်းခံစားမှုများကို စာလုံးများနဲ့ ‎ဖေါ်ပြကြပါတယ်။ ခံစားချက်တွေကို ပြည့်စုံအောင် ဖေါ်ပြနိုင်စွမ်း ‎ချို့တဲ့နေတာ တစ်နည်းအားဖြင့် အနုပညာ ‎ဝမ်းစာမပြည့်မီတာသာ ဖြစ်ပါလိမ့်မယ်။ ဒီနေရာ မှာ ဆရာ‎သစ္စာနီ ရဲ့ ဆောင်းပါးထဲက စာသားအချို့ကို ကိုးကား ပါရစေ ...

‎".. ခေတ်ပေါ်ကဗျာဟာ အာရုံမြင်ဝါဒရဲ့ စိတ္တဇဆန်ဆန် စွဲထင်မှု၊ သင်္ကေတဝါဒရဲ့ မရှင်းလင်း၊ ‎လျှို့ဝှက်လွန်ကဲမှု၊ ‎အမှန်လွန်ဝါဒရဲ့ အဓိပ္ပါယ် ဝိုးဝါးထွေပြားမှု၊ အဲဒါတွေအားလုံးကို ငြင်းပယ်တယ်လို့ ‎တော်တော်စောစောကပဲ ‎မြန်မာခေတ်ပေါ်ကဗျာသစ် (၁၉၈၇၊ ရုပ်ရှင်ပဒေသာ) ဆောင်းပါးမှာ ‎ပြောဆိုခဲ့ဖူးပါတယ် ..."‎
‎"ကဗျာဆရာတစ်ယောက်အနေနဲ့လည်း ခံစားမှုကိုသာ အသားပေးပြီး အဲဒီ ခံစားမှုကို မထိန်းချုပ်နိုင်ရင် ‎အညံ့စား ‎ကဗျာဆရာပဲ ဖြစ်မယ်တဲ့ ...."‎ ‎ဒါကတော့ ဆရာ သစ္စာနီ ရဲ့ အမြင်ပဲ ဖြစ်ပါတယ်။‎

‎ခေတ်ပေါ် (မော်ဒန်) ကဗျာသာမဟုတ်၊ ‎ဘယ်ကဗျာမှ ရိုင်းစိုင်းစွာပြောဆိုခြင်းကို ကိုယ်စား မပြုပါ။ ‎ ‎စာဖတ်သူတွေထဲမှာလည်း ကဗျာရေးသူထက် ဂုဏဝုဒ္ဓိ၊ ဝရဝုဒ္ဓိအားဖြင့် ‎သာလွန်တဲ့ပုဂ္ဂိုလ်များ ‎ပါဝင်နိုင် တဲ့အတွက် ဒီလို အသုံးအနှုန်းများဖြင့် မဖွဲ့ဆိုအပ်ပါ။ ကြမ်းတမ်းတဲ့အသုံးအနှုန်း တွေကို ‎‎မာန်လည်ဆရာတော်၊ ဗန်းမော် ဆရာတော် စတဲ့ မြန်မာစာပေကဗျာ့ပါရဂူများ ရေးဖွဲ့ခဲ့ဖူးပါတယ်။ ‎‎ဒါပေမယ့် ဒါတွေဟာ ‎မသင့်တော်တာ တွေကို အမှန်ရောက်အောင် လူတဦးတယောက်ကို ရည်ရွယ်ပြီး ‎‎'ခပ်စပ်စပ်ကလေး' ဆိုဆုံးမမှု များသာ ‎ဖြစ်ပြီး အခြားသူကို စော်ကားလိုရင်း သဘောစေတနာမရှိတာ ‎တွေ့ရပါတယ်။ စာပေသမ္ဘာရှိသူ ပညာရှိ များရဲ့ ဆိုဆုံးမမှု ‎အဖြစ် ရိုသေလေးစားစွာ နှောင်းလူများက ‎မှတ်တမ်းတင်ထားကြပါတယ်။ ဒါ့အပြင် ဂမ္မဒေါသ သင့်သော အရေးအသားများဖြစ်သော်လည်း ပရိဟာရ် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ထင်ရာစိုင်း ရေးသားကြခြင်း မဟုတ်ပါ။ ‎ဝါးလုံးရှည်နဲ့ ‎သိမ်းရမ်းခြင်းမဟုတ်ပါ။ ကဗျာကို ရေးသားနေကြသူများ အားလုံးဟာ ကဗျာကို မြတ်မြတ်နိုးနိုး ချစ်မိကြလို့ ‎‎ရေးသားနေကြခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ချစ်မိတိုင်း စိတ်ထင်ရာ လုပ်လို့မရပါ။ မိန်းကလေး ‎တဦးကို ချစ်မိတိုင်း ‎သူ့အချစ်ကို ဓါးပြတိုက်ယူခွင့် မရှိသလို ကိုယ်စိတ်ထင်ရာ သွားပြောဆိုခွင့်လည်း ‎မရှိပါ။ ထိန်းသိမ်းနိုင်စွမ်း ဆိုတာ ‎လူယဉ်ကျေးများမှာသာ တွေ့ရတဲ့ အမူအကျင့်မျိုး ဖြစ်ပါတယ်။‎

‎ကဗျာစပ်ဆိုမှုများအကြောင်း အနှစ်ချုပ်ရလျှင် -
‎(၁)‎ အနုပညာ ခံစားမှု မျက်နှာဖုံးကိုတပ်ပြီး ထင်ရာစိုင်းမှုကို လက်ခံစရာအကြောင်း လုံးဝမရှိပါ။
‎(၂)‎ အနုပညာ ခံစားမှု မျက်နှာဖုံးကိုတပ်ပြီး ကိုယ့်ရဲ့ မှားယွင်းမှု၊ နမော်နမဲ့နိုင်မှု (Negligence) ကို ‎‎ဖုံးကွယ်ခြင်းကိုလည်း လက်မခံနိုင်ပါ။‎
‎(၃)‎ တီထွင်ဆန်းသစ်မှုဆိုတာဟာလည်း ရှိပြီးသားများကို ဖျက်ဆီးပစ်ခြင်းမဟုတ်ပါ။‎
‎(၄)‎ ဖန်တီးခွင့်လိုင်စင် ဆိုတာဟာ စိတ်ထင်ရာလုပ်ဖို့မဟုတ်ပါ။‎
‎(၅)‎ ‎ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းများကို ယဉ်ကျေးသောလူ့အဖွဲ့အစည်းနဲ့ စာပေက ‎လက်မခံပါ။‎
‎(၆)‎ သဒ္ဒါကို မလိုက်နာရင် မှားယွင်းတဲ့ အဓိပ္ပါယ်များ ထွက်သွားနိုင်ပါတယ်။‎

ပုဂ္ဂိုလ်ရေးနဲ့ စာပေရေးရာ ‎‎ယုံကြည်မှုကို ‎ရောထွေးပစ်လို့ မရတဲ့အပြင် မြန်မာစာပေရဲ့ ဂုဏ်သိက္ခာ နဲ့ ပတ်သက်လာရင် မြန်မာလူမျိုးတိုင်း ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ကဗျာရေးသူအနေနဲ့ သူနှစ်သက်ရာကို လွတ်လပ်စွာ ‎ယုံကြည်ခွင့်ရှိပေမယ့် အများနဲ့ သက်ဆိုင်တဲ့ အင်တာနက်စာမျက်နှာများနဲ့ အခြားသော မီဒီယာများပေါ်မှာ ‎အများအကျိုးကို ထိခိုက်စေနိုင်တယ်လို့ ‎မှတ်ယူနိုင်တဲ့အရာများကို ပြုလုပ်ရန် မသင့်လျော်ပါဘူး။

‎ရိုးသားစွာ စာလုံးပေါင်း မှားရေးမိတာ၊ သဒ္ဒါစည်းမျဉ်းများကို အနုပညာ လိုအပ်ချက်အရ ‎အနည်းငယ် ချိုးဖောက်မိ တာတွေဟာ ‎ပြဿနာ မဟုတ်ပေမယ့် တမင်တကာ ထင်သလို ‎ဖျက်ဆီးပြီးရေးသားထားတဲ့ ရုပ်ပျက်ဆင်းပျက် ‎အရေးအသား မျိုးဟာ မြန်မာစာပေ အရေးအသားကို ဖျက်ဆီးနေခြင်းဖြစ်ပြီး လူအများအလယ်မှာ တင်ပြရန် ရှက်ဖွယ်ကောင်းလှပါသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးအားလုံး ကိုယ့်အမျိုးသားဘာသာစကား မြန်မာစာပေကို လှပနေအောင် ထိန်းသိမ်းကြပါစို့လား ခင်ဗျာ။

 - ဟယ်ရီလွင်

လင်္ကာတလင်း၊ စစ်ခင်းရာဝယ်

မြန်မာစာပေလောကမှာ စာတွေ၊ ကဗျာတွေ၊ လင်္ကာတွေနဲ့ အပြန်အလှန် တိုက်ပွဲဆင်ကြတဲ့ ဖြစ်ရပ်လေးတွေ ရှိပါတယ်။ ဗန်းမော်ဆရာတော်နဲ့ သီလရှင် မယ်ကင်း၊ မာန်လည်ဆရာတော်နဲ့ ဦးပဒုမ၊ အစရှိသဖြင့်ပါ ... ဒီအထဲကမှ ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော်နှစ်ဦးဖြစ်တဲ့ အချုပ်တန်းဆရာဖေနဲ့ ဦးပုညတို့ရဲ့ စိတ်ဝင်စားဖွယ် ကဗျာလင်္ကာတိုက်ပွဲအကြောင်းကို တင်ဆက်လိုက်ပါတယ်။ ရတနာပုံနေပြည်တော်ရဲ့ ဇာတ်သဘင်လောကအတွက် စာတွေဖွဲ့သီကြရင်းက ပြိုင်ဆိုင်မှုလေးတွေ၊ ဂုဏ်ရည်ပြမှုလေးတွေ ရှိလာကြပါတယ်။

တနေ့မှာ နန်းတွင်းဇာတ်ခေါင်းဆောင် မင်းသမီးကြီး ယင်းတော်မလေး ကြင်ဖော်ကွဲခန်းမှာ သီဆိုဖို့ ငိုချင်းကို ဆရာဖေက အောက်ပါ အတိုင်း ရေးပေးခဲ့ပါတယ် ...

သည်ဘဝ၊
သည်မျှနှင့် တန်ရချေ။

နောင်ဘဝခါမှ၊
မောင်လှကိုပိုလို့ချစ်မယ်၊
မျိုးစစ်တဲ့ဆွေ။

ဗုဒ္ဓဟေ၊
ညောင်ရွှေကွဲ့ သဖန်း။

ပွင့်ဝတ်ညှာတံကြွေမှ၊
လွှဲသွေကြတမ်း။     ။

အဲဒါကို ဦးပုညကတွေ့တဲ့အခါကျတော့ ...

သည်တည၊
ညီမနှင့်တန်ရလေ။

နောင်တညခါမှ၊
အမကိုပိုလို့ချစ်မယ်၊
စိုးရစ်နဲ့ဆွေ။

ရှုတ်ပလေ၊
မင်းအမေ တခန်း။

ရင်ဝတ်ဟာ အတန်ကျေမှ၊
ဖွားအေကိုဖမ်း။    ။

... ဆိုပြီး အချိုးမပျက် ဖျက်ရေးလိုက်ပါတယ် ...

သက္ကရာဇ် ၁၂၂၆-ခုနှစ်အရောက်မှာတော့ ဆရာဖေဟာ မက္ခရာမင်းသားကြီးရဲ့ အိမ်တော်မှာ အဆောင်ကိုင်ဖြစ်လာပါပြီ။ ဦးပုည နဲ့လည်း အပြိုင်အဆိုင် စာတွေ ချိုးနေကြပါပြီ။ ဒါပေမဲ့ ဦးပုညရဲ့ အရှိန်အဝါက ကြီးလွန်းတော့ မန္တလေးသူ မန္တလေးသားတွေက စာကောင်းပြီဆို ဦးပုညရေးတာလို့ပဲ ထင်ကြ၊ ပြောကြပါတော့တယ်။ တခြားစာဆိုတွေရဲ့ စာတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဦးပုညရေးတယ်ပဲ ဖြစ်ကုန်ကြပါတယ်။ ဥပမာပြရရင် ပန်းစပယ်၊ နန်းအလယ် မပေါ်ခိုက်ဟာမို့ ... ဆိုတဲ့ ဦးစံသူ မှာတမ်းထဲက ဒွေးဆစ်ကလေးကိုတောင် ဦးပုညရေးတာလို့ အမှတ်မှားနေကြတာ အခုထိပါပဲ။ ဒါကြောင့်လည်း ဝန်စာရေး ဦးသာက လွမ်းချင်းတပုဒ်ထဲမှာ ...

စာမကုံးချင်ဘု၊
လုံးလုံးကြီးစိတ်နာ။

ခုအခါ၊
တို့သူငါ သေအောင်ကောင်းစေတော့၊
ရှေးကြောင်းရင်းကုသိုလ်ဖန်၊
နိုင်ငံမှာ ကိုပုညတဲ့၊
သူမှသာ စာပြောင်၊
ပြည်ဘောင်အံ့တဲ့ မင်းပေလေး။

စီပြန်ပါလည်း၊
ဤစာဘယ်က ကိုပုညလို့၊
ဖြစ်ရတော့သာ၊
လွန်ကျော်စောတဲ့ သာပြောဟာ၊
ဆိုရှာသမျှ ကိုပုညတဲ့၊
ခုမှနောက်ပေါ်
ယင်းတော်ခြူးအုံ၊
က, မျိုးစုံတဲ့၊
ပုံတပဲသာ၊
အမူတုံးတို့ သုံးပြန်ရှာ။

ဆရာစလေ၊
သူ့နှုတ်ထွက် သူ့ချက်ပေဟု၊
တည်နေဝန့်ရှင်၊
ခြီးမွမ်းပုံတင်ကြ၊
ဟိုရင်ကစာတွေကို၊
ကိုစလေ သူသီကုံးရော့ထင့်၊
ရွှေမန်းသူ အမူတုံးတို့ရယ်၊
ငြင်းကြအုံးကွယ်လေး .... ။

ရယ်လို့ စိတ်နာနာနဲ့ ခပ်ငေါ့ငေါ့လေး ရေးဖွဲ့ခဲ့ဖူးပါတယ်။
ဆရာဖေကတော့ နဂိုကတည်းကို သတ္တိကောင်းပြီး မဟုတ်မခံ ခပ်ဘွင်းဘွင်း၊ ခပ်ရှင်းရှင်းပြောတတ်တဲ့သူမို့ စာလေး ကဗျာလေး ကောင်းပြီဆိုရင် ဦးပုည ရေးတာလို့ စွတ်ပြောတတ်တဲ့သူတွေကို ကဗျာ့အာဘော်နဲ့ ဒီလို ကလော်ဆဲ လိုက်ပါတယ်။

စလေဉာဏ် တောပါးစပ်က၊
ပြောစမှတ် နန်းမူ၊
လောကဓာတ်ဘလန်းဆူပြီ၊
မန်းပြည်သူအများ၊
နဘေက ခြေမပါတယ်၊
စလေစာ ကြိုက်ကြလေငြား။

ဆန်းအနုယဉ်ရာတွင်၊
ပညာရှင်အများ၊
လင်္ကာယဉ်စာသွားမတော့၊
မညှာအား နှိပ်နယ်၊
စာကောင်းရင် မအေပေးတွေက၊
စလေရေး ဆိုကြပြန်တယ်။

တို့များဖြင့် မှန်တကယ်၊
ဉာဏ်မငယ်ကံစောင်းလို့၊
ပြန်ပြောင်းလို့ မပြောချင်၊
ဟော ခုခေတ်တွင်၊
တောပါးစပ် ရိုင်းမယဉ်ကို၊
မနှိုင်းချင်ပြီဘူးကွဲ့လေး။ ။

ဆရာဖေက ဒီတေးထပ်ကို ရေးရတာဟာ တပယ်မင်းသားက ခိုင်းလို့ရေးတာ လို့ ဆိုကြပါတယ်။ တခါက တပယ်မင်းသား ဟာ ဦးပုညကို ကဗျာတပုဒ်ရေးခိုင်းချင်လို့ အခေါ်လွှတ်ပါတယ်။ အဲဒီအခါ ဦးပုညက “မင်းသားအစစ်တွေခိုင်းတာကို ရေးနေရသေးတယ် ...၊ ယမနေမင်းသား ရေးခိုင်းတာ မရေးအားသေးဘူး ...” လို့ လာခေါ်တဲ့သူကို ပြန်ပြော လွှတ်လိုက်ပါတယ်။ ဒါကြောင့် တပယ်မင်းသားက စိတ်ဆိုးပြီး ဆရာဖေ့ကို ဒီလိုမျိုး တေးထပ်ရေးခိုင်းတာလို့ အဆိုရှိပါတယ်။

ဒီတေးထပ်ဟာ တစ တစ ပျံ့နှံ့သွားရာက ဦးပုည ဆတ်ဆတ်ခါ နာပါတော့တယ်။ အချုပ်တန်းဆရာဖေဟာ အင်းဝမြို့မှာ မွေးဖွားတယ်လို့ ဆိုပါတယ်။ ဦးပုညကတော့ စလေမြို့မှာ မွေးဖွားတာပါ။ အဲဒီအချိန်ကတော့ စလေဟာ မြို့ငယ်လေး မျှ သာဖြစ်ပြီး အင်းဝကတော့ မြို့တော်ဖြစ်တဲ့အတွက် (ရတနာပုံ နေပြည်တော် မတည်ရသေးချိန်) ဆရာဖေက ဦးပုညကို တောပါးစပ် လို့ ခပ်နှိမ်နှိမ် ဆိုလိုက်တာပါ။ ဒါနဲ့ ဦးပုညကလည်း စိတ်ပေါက်ပေါက်နဲ့ ဆရာဖေရဲ့ ရုပ်ရည်ကို ဖော်ပြီး ပြန်တွယ်လိုက်ပါတယ်။

ခါးတောင်းကျိုက် ပိတုန်းပိတ်ကယ်နှင့်၊
ကျုံးထိပ်က ငဖေ၊
ကုန်းပြိတ္တ တစ္ဆေလို၊
အသရေ ဟိတ်နွမ်း၊
အသွင်နှင့်အမြင်မှန်တယ်၊
ဘဝင်္ဂံ (ဘဝင်ခံ) မဲတဲ့စိတ်နှမ်း။

မနှိုင်းအပ် မယှဉ်သာ၊
နင်ဘာပြု သော့သွမ်း (ဟော့ရမ်း)၊
ဝင်္ကာခု ဟော့ရမ်း (သော့သွမ်း)လို့၊
ကြော့ကြမ်းလိုက်လေတယ်၊‎
ကြောင်းမတန် စောင်းမာန်ခက် (တက်)၊
ပြောင်းပြန်ရှက် ရှက်ရချေမယ် (ရှက်ဖို့ဆိုမယ်)။‎

ဆီးစေ့နှင့်မြင်းမိုရ်ရွယ်သလို၊‎
ခင်းဆိုဘွယ် ကြောင်ကျားနှင့်၊‎
ဖားခြင်္သေ့ ရွှေဟင်္သာ၊‎
ကျီးနက် (ကျီးမိုက်) ပြိုင်လာ၊‎
နဂါးနှင့် တီလောက်ကွာတယ်၊‎ (နဂါးနဲ့ တီပမာနှယ်)၊
ရီစရာ သောက်ရူးမို့လေး (ခြေထောက်တာ လွန်လွန်းလို့လေး)။     ။‎

အချုပ်တန်းဆရာဖေက အသားမည်းမည်း၊ အရပ်ပုပျပ်ပျပ်နဲ့ လက်ပြင်နည်းနည်းကုန်းတာမို့ ဦးပုညက ကုန်းပြိတ္တ တစ္ဆေလို၊ အသရေ ဟိတ်နွမ်း ... ဆိုပြီး ဆော်လိုက်တာ ဖြစ်ပါတယ်။ ဒါကို ဆရာဖေ ကြားတော့ သူကလည်း ဦးပုညရဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်တဲ့ ကုတ်ခွင် သေးသိမ်နေတဲ့ လက်ကလေးကို ဖော်ပြီး မခံချင်အောင် ပြန်စပ်ပါတယ် ...

ကဗျာစီ မောင်ပုည၊
ဆောင်ဂုဏ်ပြ ထုတ်လျှင်၊
တောင်ခြုံက ပုတ်သင်လို၊
ကုတ်ခွင်သိမ် လက်သေး။
မင်းမြှောက်လို့ သင်းလောက်ကျော်တယ်၊
ထွင်းဖောက်ကော် ဉာဏ်မျိုးနှင့်ဝေး။ ။

ဒီကဗျာလေးဟာ ဒွေးချိုးလို့ ဆိုနိုင်သလို တေးထပ်ရဲ့ ပထမအပိုဒ်ကြီး စပ်နည်းအတိုင်း (တက်ပိုဒ်၊ ခံပိုဒ်၊ အုပ်ပိုဒ် နဲ့စပ်ထားတာဖြစ်ပါတယ်။
ဒါတွင်မကသေးပါဘူး၊ ဆရာဖေက နောက်ထပ် တေးထပ် တပုဒ်နဲ့ ထပ်နှက်လိုက်ပြန်ပါတယ်။

ဇဇ္ဇန္ဒာ ဧဠ၊ (အမိဝမ်းတွင်းပါ ကိုယ်အင်္ဂါချို့တဲ့သူ)
စလေက ပုညံ၊
အခြေက ဂုဏ်ခံသော်၊
ပုံသဏ္ဌာန်ဆိုပြ၊
ကုသလ ဥပေက္ခာ၊
လူဖြစ်လာ သန္တီရဏ။

သန္ဓေချင်း မတူပါ၊
အယူမှာ ကွာလှ၊
နမူနာစာအရကိုတော့၊
ကမ္ဘာက အသိပါ၊
ဝိပါက်မှာ မဟာတပ်ပါလို့၊
လာကပ်တဲ့ မန်းမြို့ဆရာ။

သန္ဓေချင်း တာလောက်ကွာတယ်၊
ဝါမောက်ကာ ဆိုင်မတုချင်နဲ့၊
ပြိုင်ပြုက မနုဿဌာနီ၊
မုချကွာမည်၊
ဥက္ကဋ္ဌ အာဇာနည်ကို၊
စာပလီ ရေးလာနှင့်လေး။ ။

ဒါနဲ့ ဦးပုညက သူ လက်ခွင်နေရတာဟာ မွေးရာပါ မဟုတ်ကြောင်း ဒီလို ပြန်ချေပပြီး ရေးလိုက်ပါတယ် ...

ကရုဏေ ရွယ်ကာလ၊ (နုပျိုသူ)
ငယ်ခါက ကျောင်းနေ၊
ဘယ်ညာချ စောင်းအနေမှာ၊
လောင်းကဝေ ငါ့အား၊
အိပ်ပျော်ခိုက် (ဘ)အလာမှာ၊
မ, ကာသာ တွန်းချလေငြား။

သို့အတွက် ပညာသိမ်သည်၊
ငါကဝိန် သူ့အား၊
တာလနိန် လူ့ငနွားက၊
အရှုမှားလေတယ်၊
ငဖေရယ် စလေတုပေမဲ့၊
မေရုနဲ့ မြင့်မိုရ်ကွာမယ်။

သူရာနှင့်သိကြားနှယ်၊
ဘုရားဝယ် မာရ်နတ်သို့၊
စာတတ်နှင့် အ,သူပမာ၊
အဲတာလောက်ကွာ၊
ကေဝဋ်နှင့် မဟော်သဓာလို၊
အတော်ကွာ ခြားလှပါလေး။ ။

(ဒီနေရာမှာ ဒီတေးထပ်နှစ်ပုဒ်ဟာ ဦးပုည နဲ့ ဆရာဖေ ရေးတာမဟုတ်ဘဲ တခြား မလိုသူတွေက တမင်ရေးတာလို့လည်း ဆိုပါတယ်။ ဦးပုည လက်သိမ်တာဟာ မွေးရာပါသာဖြစ်ကြောင်း ဟံသာဝတီ ဦးဘရင်နဲ့ နော်ရထာသီရိတို့ရဲ့ မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ အဲဒီမှာ ရေးထားတာက ဦးပုညရဲ့ ညာဘက်လက် ငါးချောင်းမှာ လက်မ တခုသာ အကောင်းဖြစ်ပြီး ကျန်တဲ့လက်ချောင်းလေး ၄-ချောင်းစလုံး အလယ်အဆစ်ကနေ ပြတ်ပြီး ဝမ်းတွင်းပါ မွေးလာတယ် လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ဆက်ဖော်ပြမယ့် တေးထပ်မှာလည်း “မူဆန်းလို့ ဂူနန်းချောင်မှာ၊ ဆူကျွမ်းလောင် တေဇကြောင့်၊ လေ,ခ လို့ ဘယာချွေ၊ ဘွားခဲ့ မေမေ ...” လို့ ဦးပုညကိုယ်တိုင် ရေးဖွဲ့ထားတယ် လို့ ဆိုပါတယ်။)

အဲဒီအခါ ဆရာဖေက ဒွေးချိုးလေးနဲ့ ဒီလို ထပ်ပြီး နှိပ်ကွပ်လိုက်ပါတယ်။

လောကေ ဟတ္ထေချို့လျှင်ဖြင့်၊
လူဘို့မကောင်း။

မန်းကနက်မှာလ၊
စန်းလက် ဇာတာပြောင်လို့၊
ကဗျာလှောင် နဘေတေးကိုလ၊
ဆရာယောင် စလေရေးတယ်၊
တွေးဆသင့်ကြောင်း။ ။

ကိုယ်လက်အင်္ဂါချို့တဲ့နေရင်တော့ (ဝမ်းတွင်းပါဖြစ်စေ၊ မွေးဖွားပြီးမှ အကြောင်းတခုခုကြောင့်ဖြစ်စေ) လူအဖို့ မကောင်းတာ အမှန်ပဲ လို့ နှိပ်လိုက်တာပါ။ အဲဒီအခါ ဦးပုညဟာ အလွန်ဒေါသထွက်သွားတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ဂမ္မဒေါသသင့်တဲ့ အရေးအသားတွေနဲ့ ခပ်ကြမ်းကြမ်း နှိပ်ကွပ်ရာမှာ ပြောင်မြောက်လှတဲ့ ဗန်းမော်ဆရာတော်ကြီးရဲ့ တပည့်ရင်းပီပီ ဂမ္မဒေါသနဲ့ မဖွယ်မရာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီး ပြန်လည်ချေပ ရေးသားလိုက်တဲ့ ဟောဒီ နာမည်ကျော် တေးထပ် ထွက်ပေါ်လာပါတော့တယ်။

ဂျပ်ကောင်နှယ် ပန်းကြားက၊‎
သန်းစကားသု (ခု) ဝါ၊‎
ရမ်းကားလို့ တုလာလျှင်၊‎
ဥပမာဆိုစို့၊‎
ချေးပုံနှင့်မြင်းမိုရ်တောင်၊‎
ခင်းဆိုရောင် နှိုင်းကြပါစို့။‎

သေးကွက်နှင့်ပင်လယ်၊‎
နင်တကယ်ထင်လို့၊‎
သဘင်ဝယ် ယှဉ်မတို့လေနဲ့၊‎
သခင်တို့ ဦးချီ၊‎
အုန်းမှုတ်လိုအနေစားတွေက၊‎
ရွှေဖလား မနှိုင်းသင့်ပြီ။‎

ဥတုနှင့်ပုစွန်ဆီ၊‎
‎ဒွန်ပီပီ ယှဉ်တွဲလို့၊‎
စပ်ဖဲ အတွင်းခံ၊‎
‎ရိုင်းမိုက်တဲ့ဉာဏ်၊‎
မိုးကြိုးနှင့် အီးသံလို၊‎
ခရီးမှန်ကွာလွန်းလှလေး။ ။‎ ...

ဒီလို ကြမ်းရမ်းလိုက်ရုံနဲ့ အားမရသေးတဲ့အတွက် အချုပ်တန်းဆရာဖေဟာ မုသားပြောတဲ့နေရာမှာတော့ စေတီယမင်းနဲ့ ဖွားဖက်တော်ဖြစ်တဲ့အကြောင်း၊ မမှန်တဲ့နေရာမှာတော့ ကုန်းဘောင်ခေတ်တုန်းက သင်္ဘောနဲ့လာတဲ့ “မှန်” တွေကို ရောင်းတဲ့အခါမှာတောင် “မှန်” လို့ မခေါ်ဘဲ “မှား” ခေါ်ဆိုပြီးရောင်းမယ့်သူဖြစ်ကြောင်း၊ ယောင်ပြီးများ “မှန်” လို့ ခေါ်မိရင် အာခေါင်ကို ဖဲ့လိုက်ပါလို့တောင် မောင်းလှည့်ကြေညာကာ ရောင်းမယ့် လူစားမျိုးဖြစ်ကြောင်း တေးထပ်လေးနဲ့ ထပ်ပြီး ဆော်လိုက်ပါတယ် ...

စေတီယလက်ထက်က၊‎
ဖွားဖက်တော်ရဲဗိုလ်၊‎
မဟုတ်မှသူဆိုတယ်၊‎
တကိုယ်လုံးမုသား၊‎
အလွဲမျာ့းဘုရင့်ငယ်၊‎
အလိမ်တွင် မင်းတရာ့ဖျား။‎

အမှားမျာ့း ဥသျှောင်ငယ်၊‎
အကောက်တောင် ပိုင်စား (သား)၊‎
သင်္ဘောပါ မှန်ကုန်များကို၊‎
မှားခေါ်လို့ရောင်းစေ၊‎
မှန်ဆိုလျှင် အာကိုဖဲ့စေဟု၊‎
မောင်းလှည့်မယ့် လူစားပါပေ။‎

တမိုးအောက်လူ့ပြည်မှာ၊‎
သည်မောင်ဖေ (သည်တဖေ) တပါးသာဖြင့်၊‎
မုသားစောင်ဖြူ(ကို) ခြုံ၊‎
ပိန်းပိတ်လို့မှုန်၊‎
မျက်လှည့်ကြီး ဉာဏ်(မျိုး) စုံတယ်၊‎
လှည့်စားပုံဆန်းပေငဲ့လေး။ ။‎

ပြီးတော့မှ ပွဲသိမ်းတိုက်ကွက် အနေနဲ့ သူ့ကိုယ်သူ ကိုယ်ရည်သွေး ဂုဏ်ပြ တေးထပ်တပုဒ် ထပ်ပြီးရေးလိုက်ပါတော့တယ်။

သပြေမှာ ကဝေမြောက်၊
စလေရောက်သူပါ၊
မင်းလှဘွဲ့သင်္ခယာ၊
ရွာစည်ရွာ ပိုင်စား၊
မောင်ပုည ခေါ်ဆိုသည်၊
ညာရွှေကို လက်ကမအား။

တွက်စစ်တော့ ဆစ်တတောင်ဟာ၊
သူမအောင် သွေရှား၊
ဖန်ရဝေ သန္ဓေဘွားစဉ်က၊
ကံခေညား လူ့ဘောင်၊
သဏ္ဌာန်အမှန်ယုတ်သော်လဲ့၊
ဉာဏ်အဂ္ဂ ထွန်းတဲ့အရောင်။

မူဆန်းလို့ ဂူနန်းချောင်မှာ၊
ဆူကျွမ်းလောင် တေဇကြောင့်၊
လေ,ခ လို့ ဘယာချွေ၊
ဘွားခဲ့ မေမေ၊
သောင်းဒီပ ဇမ္ဗူမြေမှာ၊
တူသူလေ ရှားပါလိမ့်လေး။ ။

အဲဒီနောက်ပိုင်း ဆရာဖေက ပြန်လည်ချေပတဲ့ စာတွေ မတွေ့ရတော့တာကြောင့် ဒီမှာပဲ ဦးပုညက ပွဲသိမ်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဦးပုညရဲ့ စာတွေဟာ ပိုပြီးသာတယ်လို့တော့ ပညာရှင်အများက မှတ်ချက်ချကြပါတယ်။ ကျနော်ကတော့ သူတို့ နှစ်ယောက်လုံးရဲ့ စာတွေကို ကြိုက်တာပါပဲ။ စကားလုံးပြောင်မြောက်မှုနဲ့ နဘေအရေးအသားမှာတော့ ဦးပုညက ပိုသာတယ်လို့ ကျနော်လည်းထင်ပါတယ်။ ဒါပေမဲ့ ဦးပုညရဲ့စာတွေဟာ ဘုန်းတော်ဘွဲ့တွေသာ များနေသလိုဖြစ်နေပြီး ဆရာဖေရဲ့ စာတွေကတော့ သာမန်ပြည်သူတွေနဲ့ ပိုနီးစပ်ပြီး ဇာတိသွေး၊ ဇာတိမာန်လည်း တက်ကြွစေတဲ့ စာတွေ ပိုရေး ခဲ့တယ်လို့ ကျနော်ယူဆမိပါတယ်။ ဦးပုညဟာ လွတ်လပ်ရေးမဆုံးရှုံးခင်မှာ ကွပ်မျက်ခံလိုက်ရတာကြောင့် ဇာတိမာန် စာပေတွေ ရေးခွင့်မရခဲ့တာလည်း ဖြစ်နိုင်တယ်လို့ပဲ အတွေးနယ်ချဲ့နေမိပါတယ် ...။ ဘယ်လိုပဲဖြစ်ဖြစ် ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော် နှစ်ဦးရဲ့ ကဗျာလင်္ကာတိုက်ပွဲကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...

- ဟယ်ရီလွင်

ကာရန်ပြဿနာတစ်ခု

ကဗျာဝါသနာပါသော မိတ်ဆွေတစ်ဦးထံမှ စာရောက်လာ သည်။ သူ့စာတွင် ‘ ပြောလိုက်ပါဘိ - ဟောပါဘိ ’ ကဗျာပါ ကာရန်တစ်ချက်နှင့်စပ်လျဉ်း၍ ထင်မြင်ချက်တောင်းပါသည်။ တောင်းပုံမှာ ( ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း ၊ မင်း၏သက်လယ်၊ မင့်သားငယ်သည်၊ သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ ) ဟူသော ပထမပိုဒ်၌ ‘ငယ်’ နှင့် ‘ဆယ်’ တို့ကို ကာရန်ဟပ်ရာတွင် ကာရန်ချွတ်နေသလား။ ပုံနှိပ်စာစီအမှားပေလားဟု မေး၍၊ ထင်မြင်ချက်တောင်းခြင်းဖြစ်ပါသည်။ ထိုကာရန်ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်သိစေလိုသဖြင့် အောက်ပါအတိုင်း တင်ပြပါသည်။

ကဗျာတွင် ‘မင့်သားငယ်သည်’ ဟူသောပါဒတွင်၊ ပထမစာပိုဒ်စာကိုယ်တွင် နောက်ဆုံးပါဒဖြစ်သည်။ ‘သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ’ ဟူသောပါဒသည် အချပါဒဖြစ်သည်။ စပ်ထုံးစည်းကမ်းအရ စာကိုယ်နောက်ဆုံးပါဒရှိ တတိယစာလုံးနှင့် အချပါဒရှိဒုတိယစာလုံးတို့သည် ကာရန်ညီရန်လိုပါသည်။ ဤတွင် ကျွန်တော့်စာ၌ တမျိုးဖြစ်နေ၍ ၊ ကာရန်မညီ၊ ချွတ်နေပြီဟု ဆိုလိုဟန်တူပါသည်။ စပ်ထုံး စည်းကမ်းနှင့် ညှိလျှင် ထိုသို့ပင်ဆိုရန်ရှိသဖြင့် အဆိုမှန်၍ ကျွန်တော်၏ အစပ်ကာရန်ချွတ်သည်ဟုဆိုနိုင်ပါသည်။ သို့ရာတွင် မျက်စိအမြင်၌သာ ကာရန်ချွတ်နေပုံပေါ်နေသော်လည်း၊ နားအကြား၌ကား ကာရန်မချွတ်သည်ကိုသိနိုင်ပါသည်။ ကာရန်ဆိုသည်မှာ အသံကို ဆိုလိုသည်။ တဖန် ကာရန်သည် အသံဖြစ်သောကြောင့်၊ ကာရန်သည် အဓိကအားဖြင့် မျက်စိအတွက်မဟုတ်။ နားအတွက်သာဖြစ်သည်။ ဤကား … ကဗျာတွင် ကာရန်၏တာဝန်အတွက် သဘာဝစည်းကမ်းဖြစ်သည်။ ထို့ကြောင့် နားအကြား၌ ထောင့်၍ မနေလျှင်၊ ထိုသဘာဝစည်းကမ်းနှင့် ညီ၍ ဆို၍ကောင်းတတ်သည်။ ဆို၍ကောင်းလျှင်ကာရန်မချွတ်နိုင်ဟု ယူသင့်သည်။ ဤအချက်သည် ကဗျာ့ကာရန်ဆိုင်ရာသဘောတရားဖြစ်သည်ဟု ကျွန်တော်ယူဆသည်။ စပ်ထုံးစည်းကမ်းဆိုသည်မှာ စင်စစ်အားဖြင့် ၊ သဘာဝစည်းကမ်းမှ ဆင်းသက်လာရသော စည်းကမ်းမျိုးသာဖြစ်သည်။ ဤအချက်ကို သတိပြုစေချင်သည်။ စာကိုယ်နောက်ဆုံးပါဒရှိ တတိယစာလုံးနှင့် အချပါဒရှိ ဒုတိယစာလုံးတို့ ကာရန်ညီလျှင်၊ ဝါ၊ အသံညီလျှင် နားထောင်၍ ကောင်းတတ်သည်ဟူသော သဘာဝစည်းကမ်းကို အကြောင်းပြုလျက်၊ ရှေး ဆရာ့ဆရာများသည် ဆိုခဲ့သည့်အတိုင်း တတိယစာလုံး၊ ဒုတိယစာလုံးတို့ ကာရန်ညီရသည်ဟု စပ်ထုံးစည်းကမ်း ချမှတ်ခဲ့ခြင်းဖြစ်ရာသည်။ စပ်ထုံးစည်းကမ်းကို လိုက်နာခြင်းရှိသင့်သည်။ ထိုစပ်ထုံးစည်းကမ်းဆင်းသက်လာရာဖြစ်သော သဘာဝစည်းကမ်းကိုလည်းမျက်ခြည်မဖြတ်သင့်ဟုယူဆပါသည်။ အထက်ပါကာရန်နှစ်ခုသည် စပ်ထုံးအနေအထားအားဖြင့် စပ်ထုံးစည်းကမ်းအရ ကာရန်ချွတ်နေသည်မှာ ဟုတ်ပေသည်။ သို့ရာတွင် ရွတ်ဆိုကြည့်လျှင်မူကား ကာရန်မချွတ်သည်ကိုတွေ့နိုင်သည်။ ‘နှစ်ဆယ်’ ဟူရာ၌ စကားပြောကြသောအခါ၊ နှစ် ဟူသောအသံတစ်ခု၊ ဆယ် ဟူသောအသံတစ်ခုဟူ၍ အသံခွဲ၍ မပြောတတ်ကြပါ။ ‘နဆယ်’ ဟူ၍သာ အသံနှစ်ခုကို တစ်သံနီးပါးဖြစ်ဘိသကဲ့သို့ပြောတတ်ကြပါသည်။ ဤတွင် ‘နှစ်ဆယ်’ ၌ တစ်သံနီးပါးကဲ့သို့သောအသံရှိနေသည်ကို သိနိုင်သည်။ ထိုအခါနှစ်ဆယ် အသံသည် နားအကြားအားဖြင့်၊ အချပါဒရှိ ဒုတိယစာလုံးနေရာနိုက်လည်း မြည်နေသည်ကိုကြားနိုင်ပါသည်။ ‘မင်း၏သက်လယ်၊ မင့်သားငယ်သည်၊ သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ’ ကို ရွတ်ဆိုသောအခါ သက် ၌တစ်ချက်နားပြီးမှ နှစ်ဆယ် သို့ကူးကြည့်ပါ။ ဆို၍မထောင့်သည်ကိုတွေ့နိုင်ပါသည်။ ဤပါဒကိုရေးစဉ်က ‘ နှစ်ဆယ်သက်ပင် ပြည့်ခဲ့ပြီ’ ဟုလည်း စမ်းကြည့်ခဲ့သည်။ ‘နှစ်ဆယ်သက်ရွယ် ရောက်ခဲ့ပြီ’ ဟုလည်း စမ်းကြည့်ခဲ့သည်။ စမ်းကြည့်ခဲ့သော အချပါဒနှစ်ခုသည် စပ်ထုံးစည်းကမ်းနှင့် ညီနေသည်ကို သိပါသည်။ သို့ရာတွင် ထိုပါဒနှစ်ခုပါစကားတို့သည် ပြောရိုးဆိုရိုးလည်း မဟုတ်၍၊ နားထောင်၍လည်း မကောင်းဟု ထင်မြင်သောကြောင့်၊ အများသိစပ်ထုံးစည်းကမ်းကိုမလိုက်ဘဲ၊ မူလဖြစ်သော သဘာဝစည်းကမ်းကိုလိုက်လျက် ပြောရိုးဆိုရိုးလည်းဖြစ်၍ နားထောင်၍လည်း ကောင်းသည်ဟု ထင်မြင်သောစကားတို့ကို ရေးခဲ့သည်။ ထို့ကြောင့် ‘သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ’ ဟူသော အချပါဒကို ရလာခြင်းဖြစ်သည်။ ကဗျာကိုဖြစ်စေ၊ စကားပြေကိုပင်ဖြစ်စေ ရေးကြသောအခါ နားဖြင့်ရေးနိုင်မှသာလျှင် ပြေပြစ်တတ်သည်။ စိတ်ကူးဉာဏ်အစွမ်းဖြင့် ရေးစရာရလာပြီးသည့်နောက်၊ ထိုရေးစရာကို သီကုံးသောအခါ ကဗျာဆရာသည် နားကိုအဓိကထား၍ ရေးသင့်သည်။ ထိုသို့ရေးနိုင်မှလည်း …သုဘိသာမှုကိုရ၍ ပြေပြစ်သည်ဟု သဘောပေါက်ပါသည်။

အထက်ပါ စကားတို့ကြောင့် စပ်ထုံး၊ စည်းကမ်းကို ကျွန်တော်လုံးဝ ပယ်တတ်သည်ဟု မယူဆစေလိုပါ။ သာမန်အားဖြင့် လိုက်နာသည်ချည်းသာဖြစ်သည် ။ သဘာဝစည်းကမ်းနှင့်ညှိကြည့်သဖြင့် ချော်နေသည်ဟုသော်လည်းကောင်း၊ ပိုနေသည်ဟုသော်လည်းကောင်း၊ တင်းကျပ်လွန်း အားကြီးသည်ဟုသော်လည်းကောင်း၊ ထင်မြင်သော စပ်ထုံးစည်းကမ်းမျိုး၏အလိုကို လှေနံဓားထစ် အဓိပ္ပါယ်မကောက်လိုခြင်းသာဖြစ်သည်။ ‘သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ’ ကိစ္စတွင် ကာရန်ချော်သည်ဟု ယူဆချင်သော ပုဂ္ဂိုလ်မျိုးရှိတန်ရာသည်။ ဤတွင် လှေနံဓားထစ်သဘောကြောင့် ဖြစ်နိုင်သည်ဟုထင်သည်။ သဘာဝစည်းကမ်းအကြောင်းကို သူ့အားပြောပြနေသော်လည်း၊ သူလက်ခံချင်မှ လက်ခံမည်။ သူလက်ခံချင်လာအောင် ရှေးဆရာတို့၏စပ်ထုံး သာဓကနှစ်ခု သုံးခုလောက်ကိုပြရလျှင် ကောင်းမည်။

(က) ‘ပြောပြင်လှဘိ၊ တုမရှိသား၊ နရပတိရာဇာ၊ စောမြတ်စွာအား’ …
       (ယုဂန္ဓရ ချီ မျက်ဖြေလင်္ကာမှ ၊ ရှင်မဟာရဌသာရ)

(ခ) ‘ဖွင့်လှစ်ဋီကာ၊ အဌကထာပါဠိ၊ အောက်ထက်ညှိ၍’
     ( ရှင်မဟာရဌသာရ )

(ဂ) ‘မြတ်နိုးရိုသေ၊ လျှောက်ဆက်ပေအံ့၊ ပရမေသကျ ၊ ဂေါတမ၏၊ ထွန်းပ သာသနာ’ …
     ( နန္ဒမည်သာ ချီရတုမှ ၊ ကျည်းကန်ရှင်ကြီး )

အထက်ပါသာဓကတို့တွင် စပ်ထုံးစည်းကမ်း၏အလိုကို လှေနံဓားထစ်ကောက်ကြည့်လျှင်၊ ကာရန်ချွတ်နေသည်ကို တွေ့နိုင်သည်။ သို့ရာတွင် ရွတ်ဆို၍ ရသောကြောင့် ၊ သို့မဟုတ် ကာရန်ဆိုင်ရာသဘာဝစည်းကမ်းနှင့်ညီသောကြောင့်၊ ရှေးဆရာတို့ရေးခဲ့ကြသည်ဟု ထင်ပါသည်။ တဖန် ဆင်ခြင်ဖွယ်ရှိသေးသည်မှာ၊ စပ်ထုံးစည်းကမ်းတစ်မျက်နှာကိုသာ ကြည့်တတ်သဖြင့် စပ်ထုံးစည်းကမ်းအရ ကာရန်ညီပေသည်ဟု ဆိုနိုင်သော်လည်း၊ သဘာဝစည်းကမ်းကို အလေးမမူခဲ့သောကြောင့်၊ ဆိုလိုရင်းအဓိပ္ပါယ်ထွက်အောင် ရွတ်၍ဆို၍မရသော အစပ်သာဓကတစ်ခုကိုပြချင်သည်။

‘ပင်လယ်ဝသို့၊ လှေကလေးနှင့် ထွက်ခဲ့တယ်။’

အထက်ပါသာဓကတွင် ဝ နှင့် က သည် စပ်ထုံးစည်းကမ်းအရ ကာရန်ညီပါသည်။ သို့ရာတွင် ရွတ်ဆိုကြည့်စမ်းပါ ။ ဝ ကာရန်၌သာ အသံပြည့်မြည်၍၊ က ကာရန်၌ အသံပြည့် မမြည်ဖြစ်နေသည်ကို တွေ့နိုင်ပါသည်။ အကယ်၍၊ က ကာရန်၌ အသံပြည့်မြည်အောင် အားထုတ်လျှင်လည်း ဆိုလိုရင်းအဓိပ္ပါယ်မရတော့ပြီ။ ထို့နောက် အလျှင်းသင့်လှသဖြင့် ကာရန်ဆိုင်ရာသဘာဝ စည်းကမ်းအကြောင်းမှဆက်၍ဆိုချင်သေးသည်မှာ၊ လေးလုံးစပ်လင်္ကာမျိုး၌ ကာရန်တို့တွင် အသတ်တူသင့်သည်ဟုလည်းကောင်း၊ အထူးသဖြင့် လုံးကြီးတင်နှင့် ည သတ် မစပ်သင့်ဟုလည်းကောင်း၊ ဆိုကြသောစကားကို ကြားဖူးလိမ့်မည်။ စင်စစ်မှာ၊ ကာရန်သဘာဝစည်းကမ်းအရ ဆို၍လည်းကောင်းအောင် ကာရန်ညီနေသမျှ ကာလပတ်လုံး၊ ထိုစကားသည် ပိုနေသည်ဟုလည်းကောင်း ၊ ကဗျာဉာဏ်အတွက် အချုပ်အနှောင်တမျိုးဖြစ်နေသည်ဟုလည်းကောင်း၊ ယူဆချင်သည်။ မြန်မာကဗျာသည် အချုပ်အနှောင်တစ်ခုမှ လွတ်မြောက်နိုင်သည်ဟုသဘောပေါက်ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်လောက်ကပင်ဖြစ်သည်။ ဆင်ခြင်ကြပါရန် … ။

- ဇော်ဂျီ (ရှုမဝမဂ္ဂဇင်း)
- ကဗျာဆရာလင်းသက်ငြိမ်တင်ထားသော ဓာတ်ပုံများကို စာစီ၍ ပြန်လည်မျှဝေပါသည် ။

Image may contain: 1 person

ဂန္ထဝင်သစ်

ယနေ့ မြန်မာကဗျာလောကတွင် ပင်မရေစီး (Main stream) ဟု ခေါ်ကြသော ခေတ်ပေါ် မော်ဒန်ကဗျာများ၊ ရေစီးသစ် (New stream) ဟု ဆိုကြသည့် ခေတ်ပြိုင် (Contemporary) ကဗျာများနှင့် ရှေးကရေးဖွဲ့ခဲ့ကြသော ဂန္ထဝင်ကဗျာများ (Classical) အပြင် ထိုရေးထုံးများကို လိုက်နာရေးဖွဲ့သော ကဗျာများ ဟူ၍ ယေဘူယျအားဖြင့် အမျိုးအစား (genre) ခွဲခြားသတ်မှတ်ရကောင်းမည် ထင်ပါသည်။ ဤနေရာ၌ ခေတ်ပေါ်/ခေတ်ပြိုင် ကဗျာများကဲ့သို့ ရေစီးကြောင်းအဖြစ် တင်စားခေါ်ဝေါ်ရပါမူ ထို ဂန္ထဝင်ကဗျာများသည် "မူလရေစီး" (Primary stream) အဖြစ် အခိုင်အမာ တည်ရှိနေသည်ဟု ဆိုနိုင်ပေသည်။

မြန်မာကဗျာများသည် ပုဂံခေတ်မှပင် စတင်ပေါ်ပေါက်လာခဲ့ပြီး ခေတ်စမ်းကာလအထိ ပုံသဏ္ဌာန်၊ ကာရန်၊ အသံစည်းမျဉ်းများကို ရှေးရေးထုံးများ အတိုင်းသာ လိုက်နာဖွဲ့ဆို ခဲ့ကြရာမှ ၁၉၇၀ ဝန်းကျင်တွင် ထိုစည်းမျဉ်းများကို မလိုက်နာဘဲ ဆန်းသစ်သော အတွေးအမြင်နှင့် ခံစားမှုအပေါ် လွတ်လပ်စွာ ဖွဲ့ဆိုသည့် ခေတ်ပေါ်ကဗျာသစ် စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ထိုအချိန်မှစ၍ ခေတ်ပေါ်ကဗျာများသည် ပင်မရေစီးအဖြစ် အရှိန်အဟုန်ကောင်းစွာ စီးဆင်းခဲ့ရာ မူလရေစီး (Primary stream) သည် အဟုန်တန့်သွားသလို လေ့လာလိုက်စားသူ ရေးသားသူ နည်းပါးလာပြီး တိမ်ကောလုမတတ် ဖြစ်သွားခဲ့ရသည်ဟု ယူဆမိပါသည်။ ထိုသို့ ဖြစ်ရသော အကြောင်းရင်းများကို လည်းကောင်း၊ သမိုင်းကြောင်းကို လည်းကောင်း ဤနေရာတွင် လေ့လာသုံးသပ်ရန် မရည်ရွယ်ပါ။ နောက်ခံပုံရိပ်ကို အမြွက်မျှ တင်ပြခြင်းသာ ဖြစ်ပါသည်။

ထိုသို့ မူလရေစီးတွင် စီးမျောရေးသားသူများ နည်းပါးသွား သော်လည်း ဖတ်ရှုသူများမှာ သိသာစွာ တိမ်ကောမသွားသေးဘဲ မူလရေစီး ဂန္ထဝင်ကဗျာများကို မြတ်နိုးစွာ ဖတ်ရှုလိုကြဆဲ ရှိနေသေးသည်ကို သတိပြုမိပါသည်။

ရှေးကရေးသားခဲ့ကြသော ကဗျာများမှာမူ ဂန္ထဝင်ကဗျာများအဖြစ် မြန်မာကဗျာလောကတွင် အခိုင်အမာ နေရာရရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုကဗျာများကို မူလရေစီးအဖြစ်သတ်မှတ်လျှင် ရကောင်းသော်လည်း ခေတ်စမ်းကာလနောက်ပိုင်း ထိုမူလရေစီးကြောင်းဝင် ရှေးရေးထုံးများအတိုင်း လိုက်လံဖွဲ့ဆိုသော ကဗျာများကိုမူ တိကျသော အမည်နာမ မရှိဘဲ သရုပ်မှန်၊ ကာရန်ကဗျာ၊ဂန္ထဝင် စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲလျက်ရှိနေကြပါသည်။ ထိုကဗျာများကို ကျနော့်အနေနှင့် "ဂန္ထဝင်သစ်" ဟူ၍ သုံးနှုန်းလိုပါသည်။ ဤနေရာတွင် "ဂန္ထဝင်သစ်" ဟူသော စကားလုံးမှာ Neoclassicism ဆိုသော အင်္ဂလိပ်စကားလုံးမှ ဆင့်ပွား ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

နီယိုကလပ်စစ်ဆစ်ဇင်မ် သည် အနောက်တိုင်း အနုပညာဝါဒများတွင် ၁၈-ရာစု အလယ်ပိုင်းလောက်မှ စတင်ခေတ်စားလာသော ဝါဒ တခု ဖြစ်ပြီး ရှေးဟောင်းရောမနှင့် ဂရိ အနုပညာများကို ခံစားပြီး ထိုပုံစံများအတိုင်း လိုက်လံဖန်တီးသော ပန်းချီ၊ ပန်းပု၊ ပိသုကာ စသော အနုပညာလက်ရာများ ဖြစ်ပါသည်။ ၁၆-ရာစု လောက်ကပင် စတင်ခဲ့သည့် "မဟာခရီးစဉ်" (The Grand Tour) ဟု ခေါ်ကြသော အနုပညာ၊ ယဉ်ကျေးမှု၊ ဘသာစကားနှင့် အနောက်တိုင်းလူ့ယဉ်ကျေးမှု၏ အခြေအမြစ်များကို လပေါင်းများစွာ (အချို့နှစ်နှင့်ချီ၍) ကြာမြင့်အောင် သွားရောက်လေ့လာကြသည့် ဥရောပတခွင် လေ့လာရေး ခရီးစဉ်များမှ ပြန်ရောက်လာကြသည့် အနုပညာရှင်များသည် ၄င်းတို့၏ဌာနေတွင် ခရီးစဉ်အတွင်း လေ့လာခဲ့ကြသမျှ ရှေးဟောင်း အနုလက်ရာများကို ပြန်လည်ခံစားရင်း ထိုလက်ရာများအတိုင်း လိုက်လံဖန်တီးကြရာမှ ပေါ်ပေါက်ထွန်းကား ခဲ့သော အနုပညာဝါဒ တခုဖြစ်ပြီး ယနေ့တိုင် ဆက်လက်ဖန်တီးသူများ ရှိနေကြပါသေးသည်။

ယနေ့ မျက်မှောက်ကာလတွင် ရှေးကဗျာရေးထုံးများကို လိုက်နာရေးဖွဲ့သော ကဗျာများ၏ လက်ရှိအမည်နာမများကို သုံးသပ်ကြည့်ရလျှင် ထိုကဗျာများကို သရုပ်မှန်ဟု အချို့က ခေါ်ဝေါ်သုံးစွဲကြသော်လည်း ထိုအမည်သည် မဆီလျော်လှဟု ယူဆမိပါသည်။ အကြောင်းမှာ ထိုကဗျာများသည် "သရုပ်မှန်" ဟုဆိုပါက အခြားရေစီးများဖြစ်ကြသည့် ခေတ်ပေါ်/ခေတ်ပြိုင်ကဗျာများသည် "သရုပ်မှား" နေသလို အဓိပ္ပါယ်ဆောင်နေသဖြင့် မဆီလျော်လှဟု ယူဆမိခြင်း ဖြစ်ပါသည်။

တဖန် ဂန္ထဝင်ဟု သုံးစွဲရန်မှာလည်း ယေဘူယျအားဖြင့် နှစ်ပေါင်းနှစ်ရာကျော်ခန့် တည်တံ့လာမှသာ ဂန္ထဝင်ဟု သတ်မှတ်လေ့ ရှိကြသဖြင့် လက်ရှိ မျက်မှောက်ခေတ်တွင် ရေးသားနေသော ကဗျာများ ဂန္ထဝင်မော်ကွန်း တင်ရစ်/မတင်ရစ်ကို အဆုံးအဖြတ်ပေးရန် နောက်ထပ် နှစ်ပေါင်းရာချီ၍ စောင့်ရဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် ဂန္ထဝင်ဟု ခေါ်ဝေါ်သုံးစွဲရန်လည်း မဖြစ်နိုင်သေးပါ။

"မြန်မာကာရန်ကဗျာ" ဟူသော အမည်ကို ကြည့်ပြန်လျှင်လည်း ထိုကဗျာများသည် "ကာရန်" တခုတည်းသာမက အသံနှင့် ပုံသဏ္ဌာန် စည်းမျဉ်းများကိုပါ လိုက်နာစပ်ဆိုနေကြခြင်း ဖြစ်သလို ခေတ်ပေါ်ကဗျာများတွင်လည်း ကာရန်သာမက နဘေများဖြင့်ပင် စပ်ဆိုထားကြသော ကဗျာများ အများအပြား ရှိနေကြသဖြင့် ထိုအမည်သည်လည်း အဓိက အဓိပ္ပါယ်ကို ခြုံငုံနိုင်စွမ်းမရှိသေးဟု ယူဆမိပါသည်။

ထို့ကြောင့် ဂန္ထဝင် မဟုတ်သေးသော်လည်း မြန်မာကဗျာ၏ မူလရေစီးဖြစ်သည့် ဂန္ထဝင်မြောက် ရှေးကဗျာများ၏ ရေးထုံးအတိုင်း အသစ် လိုက်လံရေးဖွဲ့ကြသည့် ကဗျာများသည် အနောက်တိုင်း နီယိုကလပ်စစ်ဆစ်ဇင်မ် နှင့် အသွင်တူဖြစ်သည့်အတွက် "ဂန္ထဝင်သစ်" ဟု ခေါ်ဆိုလျှင် ဆီလျော်မည်ဟု ယူဆမိကြောင်း တင်ပြလိုက်ရပါသည်။

ချစ်ခြင်းတရားဖြင့်

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၉)

(၅) အက္ခရာလုံးရေ အားဖြင့်

ရတုရဲ့ အပိုဒ်ပေါင်းများစွာ ရှိတဲ့အနက် အချပိုဒ်ကလွဲလို့ ကျန်အပိုဒ်ငယ်တိုင်းမှာ (ထောင့်တဲတွန့်ရတုမျိုးက
လွဲလို့) အက္ခရာ ၄-လုံးစီ ‎အတိအကျ ထားရှိစေရမယ်လို့ ဆိုထားပါတယ်။ လေးလုံးစပ် လင်္ကာအတိုင်းပါပဲ။
မပေါ်လွင်တဲ့ အသံရှိတဲ့ အက္ခရာဆိုရင်တော့ ၅-လုံး ‎၆-လုံးလည်း ထားနိုင်ပါတယ်။ ရေတွက်တဲ့အခါမှာ
အဲဒီလိုအက္ခရာ ၂-လုံးကို ၁-လုံး၊ ၃-လုံးကို ၁-လုံး ‎အနေနဲ့ ရေတွက်ရပါတယ်။ ချွင်းချက်အနေနဲ့ အချီပိုဒ်
မှာ ၃-လုံးချီ၊ ၅-လုံးချီ၊ ၇-လုံးချီတာတွေ ရှိကြောင်း အထက်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်တွေ့
ရခဲသလို ကဗျာအရာ တဖက်ကမ်းခတ်တဲ့ ပညာရှင်များသာ စပ်ဆိုကြတာမို့ ရတုကို စရေးရင်တော့ ၄-လုံး
နဲ့ပဲ ချီတာ အကောင်းဆုံးလို့ အကြံပြုချင်ပါတယ်။ အချပိုဒ်တိုင်းမှာတော့ အက္ခရာ ၇-လုံး၊ ၈-လုံး၊ ၉-လုံး၊
၁၁-လုံး၊ ၁၅-လုံး၊ ၁၉-လုံး၊ ၂၅-လုံး၊ ၃၅-လုံး တခုခုသာ ‎ထားရပါမယ်။ ဒီ့ထက်ပိုလို့ လျော့လို့ မထားသင့်ပါ
ဘူး။ ဒီ ချနည်းတွေအကြောင်းကို “(၄) အချီအချအားဖြင့်” အခန်းငယ်မှာ အသေးစိတ် ဖော်ပြပြီး ဖြစ်ပါ
တယ်။

(၆) အစပ်ကာရန်အားဖြင့်

အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ အစပ်ကာရန်အနေနဲ့ဆိုရင် အစပ် ၆-ပါး ရှိတဲ့အနက် (‘၄-၃-၂’
လို့ခေါ်တဲ့) သတ်စေ့နှက်သုံးချက်ညီ စပ်နည်းနဲ့ စပ်တာဟာ ‎အကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။
ဒါပေမဲ့ ဦးတိုက်၊ ထိပ်ချင်းထပ် စတဲ့ တခြား လင်္ကာစပ်နည်းတွေနဲ့လည်း စပ်နိုင်ပါတယ်။ မြန်မာကဗျာ
ဆိုတာ ဂျို(ချို)နဲ့လား (၃) - အစပ်၊ အဟပ်  မှာ အစပ် (၆)ပါးအကြောင်းကို အသေးစိတ် ပြန်ကြည့်နိုင်
ပါတယ်။ ရတုမှာ ကာရန်လွတ်လို့ လုံးဝ (လုံးဝ) မရပါဘူး။ ဘာတွေ ဘယ်လိုပဲ မိုးပျံအောင်ရေးထားရေး
ထား ကာရန်ကိုက်အောင် မစပ်နိုင်ရင် ရတုရဲ့ အင်္ဂါပျက်ပါတယ်။ ရတုလို့ ခေါ်လို့ကို မရဘူး ဆိုတာ
သတိပြုကြစေလိုပါတယ်။

(၇) လေပြင်းလေလျော့ (ဂရု၊ လဟု) အားဖြင့်

ပျို့၊ ကဗျာ၊ လင်္ကာ၊ သီချင်း တွေကို ရေးစပ်သီကုံးတဲ့နေရာမှာဖြစ်ဖြစ် ရွတ်ဖတ်သီဆိုတဲ့နေရာမှာဖြစ်ဖြစ်
၊ လေပြင်း လေလျော့ (အသံ) ဟာ ‎အလွန်အရေးကြီးတဲ့ အဓိက အချက်ကြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါဟာ ကဗျာတိုင်းမှာ အလွန်အရေးကြီး ပါတယ်။ ကဗျာရဲ့ Rhythm လို့ ခေါ်ပါတယ်။ ကာရန်ထက်တောင်
ပိုပြီး အရေးကြီးတယ်လို့ ယူဆနိုင်ပါတယ် (ဒါပေမဲ့ ရတုမှာတော့ ကာရန်လည်း မှားလို့ လုံးဝ [လုံးဝ] မရ
ပါဘူး)။ လေယူလေထား (အသံ) မှားရင် ကဗျာတပုဒ်ဟာ ချောချောမွေ့မွေ့ မရှိဘဲ ထောက်နေ တာကို တွေ့ရပါလိမ့်မယ်။  နန္ဒမာလိနီကျမ်းအလိုအရ ပြောရရင် လေးလုံး တပိုဒ် ထားပြီး ရေးသားရတဲ့ ရတုမှာတော့ မ-ပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာ မှာ အာ-အီ-အူ စတဲ့ ‎လေလျော့သံအက္ခရာ (ဂရုသံ) တို့ကိုသာ
ထားရှိရပါမယ်။ တကယ်လို့ လေပြင်းသံ (လဟုသံ) ထားမိရင်လည်း ‎လေလျော့လိုသာ (အသံမဖြတ်ဘဲ၊
မချဘဲ) သီဆိုရပါမယ်။  စုံပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာမှာတော့ အား-အီး-အူး စတဲ့ လေပြင်းသံ အက္ခရာ
(လဟုသံ) တို့ကိုသာ ‎ထားရှိရပါမယ်။ လေလျော့သံ ထားမိရင်လည်း လေပြင်းသံလိုသာ (အသံဖြတ်ပြီး၊
ချပြီး) သီဆိုရပါမယ်။

ဥပမာ ..
မဲဇာတောင် ခြေ၊ (ဂရု)
စီးတွေတွေ တည့်၊ (လဟု)
မြစ်ရေဝန်း လည်၊ (ဂရု)
မြိုင်တောစည် က၊ (လဟု)
ရွှေပြည်ကို သာ၊ (ဂရု)

စသဖြင့် လေပြင်း လေလျော့ တကျော့စီ ရေးစပ်ရမယ်လို့ နန္ဒမာလိနီကျမ်းက ဆိုထားပါတယ်။ အဲဒီလိုမှ
မဟုတ်ရင် ‎အက္ခရာကာရန် ဘယ်လောက်မှန်မှန် သီဆိုတဲ့အခါ စည်းဝါး မကိုက်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့
ရတုတိုင်းကတော့ ဒီလို အတိအကျကြီး ရေးဖွဲ့ထားတာမျိုး မဟုတ်ပါဘူး။ သဘောတရားကို ဆိုလိုတာပါ။
အရေးကြီးတဲ့အချက်က အသံမထောက်ဘဲ ပြေပြေပြစ်ပြစ်လေး ဖြစ်အောင်၊ တူရိယာတခုခုနဲ့သီဆိုတဲ့အခါ
ရွတ်ဆိုတဲ့အခါ ချောချောမွေ့မွေ့ ဖြစ်အောင် ရေးဖွဲ့ဖို့ပါပဲ။ အဆုံးသတ်အသံတွေသာမက ယူထားတဲ့
ကာရန်တွေနဲ့ တခြားစကားလုံးတွေကိုလည်း အဲဒီလို ဂရုသံ နဲ့ လဟုသံ တလှည့်စီ အလိုက်သင့်ဖြစ်အောင် တတ်နိုင်သမျှ ရေးဖွဲ့သင့်ပါတယ်။ ဒါဆိုရင် အသံက တက်လိုက် ကျလိုက်နဲ့ ပြေပြစ်ပါ တယ်။

(၈) အပြစ်ဒေါသအားဖြင့်

ပဓာနဖြစ်တဲ့ အစပ်ကာရန်တွေမှာ ဝက်နင်း နဲ့ ခွာထောက် အပြစ်တို့ကို ရှောင်ကြဉ် ရေးသားရမယ်လို့ ‎
ဆိုထားပါတယ်။ ဝက်နင်းနဲ့ ခွာထောက်အပြစ်တွေအကြောင်း ခဏခဏ ပြောထားပေမဲ့ ထပ်ပြောပါဦး
မယ်။  ဝက်နင်းဆိုတာက ... ကာရန်နှစ်ချက်ကို အဓိပ္ပာယ်တူတဲ့ စကားလုံးအတူတူ ဆက်တိုက်ယူထား
တာမျိုးကို ခေါ်ပါတယ်။ ဥပမာ ပြရရင် ...
နန္ဒကဗျာ၊ ကျမ်းကဗျာ၊ သညာ ကြိုင်သင်းထုံ။
အဲဒီစာပိုဒ်က (ဗျာ - ဗျာ - ညာ) ကာရန် ၃-ချက်မှာ အရှေ့ ၂-လုံးဆက်တိုက် အသံတူ စာလုံးတူ ‎စပ်ဆို
ထားတာမျိုးဟာ ဝက်နင်းဒေါသ သင့်ပါတယ်။ ဒီနေရာမှာ ခွဲထားကာရန်တွေနဲ့ ဆိုရင်တော့ သုံးလို့ရပါ
တယ်။ သဘောက အသံတူပေမဲ့ အဓိပ္ပာယ် မတူရင် ဝက်နင်း မသင့်ပါဘူး။

ခွာထောက်ဆိုတာကတော့ ဝက်နင်းလို ကပ်လျက်ဆက်တိုက် ကာရန်ယူတာမဟုတ်ဘဲ တလုံးခြားပြီး
ယူထားတဲ့ ကာရန်ကို ဆိုလိုပါတယ်။ ဥပမာ ... နန္ဒကဗျာ၊ ဤကျမ်းစာ၊ ကဗျာ ဖွဲ့နည်းစုံ။ ဒီမှာတော့
တလုံးကျော် ထပ်တူညီ ဖွဲ့ဆိုထားတာကြောင့် ခွာထောက် ဒေါသသင့် ပါတယ်။ (ခွထောက်) လို့
လည်း ခေါ်ပါတယ်။  ဒီလို ဝက်နင်းနဲ့ ခွာထောက်စပ်ခြင်းမျိုးကို ကို မစပ်သင့်ဘူးလို့ ဆိုထားပါတယ်။
ဒါက ရတုမှာတွင်မကဘဲ ကဗျာလင်္ကာအားလုံးနဲ့ အကျုံးဝင်တဲ့ အပြစ်ဒေါသတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဥပဒေသ (၈) ပါးကို နန္ဒမာလိနီ ကျမ်းပြုဆရာ ဦးထွန်းရွှေက ဥပဒေသ ဆောင်ပုဒ် ဧကပိုဒ်ရတုလေး ရေးဖွဲ့ထားပါတယ်။

နန္ဒမေဓာ၊ ထေရ်ဆရာက၊
 သေချာစီမှု၊ ရေးဖွေပြုပိမ့်၊
 ရတုကဗျာ၊ ဖွဲ့ဆိုပါက၊
 အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်၊
 ပိုဒ်သုံးတည်ပြန်၊ ထပ်ကာရန်၌၊
 သတ်မှန်ရှာမှီး၊ သုံးချက်နည်းဖြင့်၊
 အပြီးပုံသေ၊ စပ်မြဲပေတည့်၊
 သို့လေတမင့်၊ ဆင်မသင့်၍၊
 အခွင့်မသာ၊ ယင်းအခါ၌၊
 ကြွင်းရာစပ်ထုံး၊ ရံခါသုံး၏၊
 သီကုံးဖတ်ရန်၊ ပိုဒ်သုံးတန်မှ၊
 ပြင်းထန်နိမ့်လျော့၊ ပြန်လှန်ကျော့၍၊
 လေးပေါ့သံသာ၊ စီကုံးရှာသည်၊
 ဘယ်ညာ ပြောင်းလှည့် စပ်မြဲတည်း။

ဒီဥပဒေသ ဆောင်ပုဒ်မှာ (အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်) လို့ဆိုထားပြီး “အက္ခရာလေးလုံး” ဆိုတဲ့ ‎
စာပိုဒ်မှာ ၅-လုံးဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒီနေရာမှာ အသံကို ယူရပါတယ်။ အက္ခရာ (အက်ခရာ) ဆိုတဲ့ စကားလုံးမှာ ခ-သံဟာ ‎ ထင်ရှားပေါ်လွင်ခြင်း မရှိတာကြောင့် စာလုံးအားဖြင့်
၃-လုံးဖြစ်ပေမဲ့ အသံအားဖြင့် ၂-သံ [အက် (၁) + ခရာ (၁) = ၂-သံ] တနည်းအားဖြင့် စာလုံး ၂-
လုံး အနေနဲ့သာ ‎ယူရပါ မယ်။ အဲဒီလို ပေါ်လွင်ထင်ရှားခြင်း မရှိတဲ့အသံတွေက မတြာဝက်ပဲ ရှိတဲ့
အသံတွေဖြစ်ပါတယ်။ ဥပမာ - ပဓာန၊ သင်္ဂဟ၊ အစရှိတဲ့ စကားလုံးတွေမှာ (ပ)၊ (ဂ) ဆိုတဲ့ အသံတွေ
ဟာ မတြာဝက်-သံ တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသံနှစ်သံ၊ စာလုံးနှစ်လုံးအဖြစ်ပဲ ယူဆရပါမယ်။

ရတုအမျိုးအစားတွေအကြောင်း ဥပမာများနဲ့ ဆက်လက်ဖော်ပြသွားပါမယ်။

-  ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၈)

အက္ခရာ အသတ် အလိုက် ချီနည်းချနည်းများ

စာလုံးရေလိုက် ချနည်းတွေအပြင် “အသတ်” အက္ခရာနဲ့ အချပိုဒ် ရေးဖွဲ့ပုံကို ကြည့်ပြီး ခေါ်တဲ့ ချနည်းတွေ
လည်း ရှိပါသေးတယ်။ ဒီနည်းတွေ မှာကတော့ အားလုံးဟာ ၇-လုံးချ ချည်းပဲ ဖြစ်ပါတယ်။

ထူးဆန်းထွေလာ

ပိုဒ်စုံသုံးပိုဒ်လုံး အရှည်အတို မညီ၊ အချီအချ မတူဘဲ ရေးဖွဲ့ထားတဲ့ ရတုမျိုးကို ခေါ်ပါတယ်။ ကာရန်နည်း
နည်း ကွဲလွဲပြီး ချထား တာမျိုး ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၃၆၊ ၃၃၇၊ ၃၃၈ တို့မှာ လောကီ
ကိုးရာ .... ဦးထက်ဆင်ရ သည်ဘုရား။ ဗောဓိမျိုးလျာ ... ဗိုလ်ပေါင်းရွှင်ပျ သည်ဘုရား။ မောဠိစိုးကာ ...
မတ်များတင်ကြသည်ဘုရား။ ဆိုပြီး မန်လည်ဆရာတော်ကြီးက ရေးဖွဲ့ထားပါတယ်။ ဒါကြောင့် ရတုမှာ
အချီအချ မညီလည်း ရေးလို့ရပါတယ်။ အချီပဲညီပြီး အချမညီလည်း ရပါတယ်။ အချီအချ ညီမှ ရတုခေါ်တာ
မဟုတ်ဘူးဆိုတာသိနိုင်ပါတယ်။ နဝဒေးရတု အမှတ်-၇၇၊ ဟင်သာဝတီမြို့ဘွဲ့ရတုနဲ့အမှတ်-၇၈အင်းဝမြို့
ဘွဲ့ ရတုမှာလည်း ဒီနည်းနဲ့ ချီထားချထားပါတယ်။ နဝဒေးရတု အမှတ်-၈၂ ဥဒေါင်းမ အမေးရတု၊ ၈၃
ဥဒေါင်းဖို အဖြေ အလိုက်ရတု တွေမှာ အချီညီပြီး အချကာရန် လုံးဝမညီပါဘူး (တခု သတိပြုဖို့က အချီ
မညီဘဲ အချညီတဲ့ ရတုတော့ မတွေ့ဖူး သေးပါဘူး၊ ဒါပေမဲ့ ရေးလို့ မရဘူးတော့လည်း မဟုတ်ပါဘူး။
ဆိုလို့မကောင်းလို့ ရှေးပညာရှင်တွေ ဒါမျိုး မရေးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ အချီရော အချ
ရော ညီတဲ့ ပိုဒ်စုံရတုတွေဟာ ရေးရပိုခက်သလို ဆိုလို့လည်း ကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့်
အချီရော အချရော ညီအောင် ရေးဖို့အားထုတ်သင့်ပါတယ်။)

ညွန့်ရှင်

အသတ်ရှိတဲ့ စာလုံးနဲ့ပဲ ချထားတာမျိုးကို ညွန့်ရှင် လို့ ခေါ်ပါတယ်။ ဥပမာ - မင်းရောင်မင်းရုပ် မင်းသွေး
တည်း။ ဆိုပြီး ချထား တာမျိုးပါ။

ပေါက်ပြ

အသတ်မပါတဲ့ အက္ခရာနဲ့ အသတ်ပါတဲ့အက္ခရာ ရောပြီး အက္ခရာအညီအမျှ ချီထား ချထားတာမျိုးကို
ပေါက်ပြချနည်း လို့ ခေါ်ကြောင်း ကဝိကဏ္ဌပါသ ကျမ်း၊ စွယ်စုံကျော်ထင်ကျမ်းနဲ့ကဗျာသာရတ္ထသင်္ဂြိုဟ်
ကျမ်းတွေမှာပြထားပါတယ်။ မြင်သာတာမို့ ဥပမာ မပြတော့ပါဘူး။ ဒါပေမဲ့ မန်လည်ဆရာတော်ဘုရားကြီး
ရဲ့ ကဝိကဏ္ဌပါသကျမ်းကိုပဲ မှီငြမ်းရေးသားတဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ အသတ် လုံးဝမပါဘဲ
ချရတယ် လို့ ဆိုပါတယ်။ ဥပမာ - ရွှေကြာငါးခု ရုံလို့ဝေ။ ဆိုပြီး ချတာမျိုးပါ။

ငုံဖူး

“၍” ဆိုတဲ့အက္ခရာ မပါစေရဘဲ ကျန်တဲ့ အသတ်နဲ့ပဲ ချီခြင်းချခြင်းကို ခေါ်ပါတယ်။ ဥပမာ လက်ဝဲသုန္ဒရ
အမတ်ကြီးရဲ့ မဲဇာတောင်ခြေ-ချီ ရတုမှာ “နေခြည်ဖြာမှ နွေးသောကြောင့်” ဆိုပြီး ချထားတာမျိုးကို ခေါ်ပါ
တယ်။ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ဤ” ဆိုတဲ့ အက္ခရာလုံးဝ
မပါဘဲ ချရတယ် လို့ ဆိုပါတယ်။

ပုလဲသွယ် (မုလေးသွယ်)

ဒီ အချီအချနည်းကို မုလေးသွယ် လို့လည်းခေါ်ပါတယ်။ အသတ်လည်းပါ၊ “၍” ဆိုတဲ့ အက္ခရာလည်း
ပါတဲ့ အချီအချနည်းမျိုး ဖြစ်ပါတယ်။ ဥပမာ - လက်ရုံးချီ၍ ညွတ်တော်မူ  ကျမ်းညီဖြောင့်တန်းစေပြီး၍။
(မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၂၆။ မန်လည်ဆရာတော်) ဆိုပြီး ချတာမျိုး ဖြစ်ပါတယ်။

လည်ကုပ်ချီ (အစငင်)

ကဝိကဏ္ဌပါသ ကျမ်းရဲ့ ရတုချီချနည်း လင်္ကာအရ “... အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊
ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန် ...” ဆိုတဲ့အတိုင်း ရှေ့ပုဒ် (အပိုဒ်ကြီး) ရဲ့ ဒုတိယပါဒ၊
တတိယပါဒ တွေထဲက ပါဒတခုခုမှာပါတဲ့ အက္ခရာ (သို့မဟုတ်) အဓိပ္ပါယ်ကို ယူပြီး ပြန်ချီတာမျိုးကို
ခေါ်ပါတယ်။ “၄င်းနည်းကို ရတနာသိင်္ခ မည်သော ကုန်းဘောင်မြို့ အနောက် ခရီးတတိုင်ကွာ ဆီးတော
ရွာဘွား မောင်တိုး၏ ရတုအဖြေ၌ (အစငင်) ဆိုနည်းဟူ၍ ပြသည်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
ဆိုထားပါတယ်။  မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ရှေ့ဝယ်မဆွ၊
ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ...” လို့
ဆိုထားတဲ့အတွက် ရှေ့ကပုဒ် (အပိုဒ်ကြီး) ရဲ့ အစ ဒုတိယ၊ တတိယ အက္ခရာ တခုခု ကို တိုက်ရိုက် သို့
မဟုတ် အဓိပ္ပာယ်အတူတူ ယူပြီး နောက်အပိုဒ်ကြီးမှာ ပြန်ချီခြင်းကို ဆိုလိုပါတယ်။ ဒီ နည်းနှစ်နည်းက
အနည်းငယ် ကွဲပြားမှုရှိနေပါတယ်။

အဖျားကောက်

“ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့် ...” လို့
မန်လည်ဆရာတော် ဘုရားကြီး ရဲ့ ရတုချနည်းလင်္ကာ ထဲမှာ ရေးသားထားချက်အရ ရှေ့ပုဒ်ရဲ့ အချ
မှာပါတဲ့ အက္ခရာ၊ ဒါမှမဟုတ် အဓိပ္ပာယ်ကို အဖျားမှကောက်ယူပြီး ချီခြင်း ဖြစ်ပါတယ်။ စာဆိုတော်
အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတုပိုဒ်စုံမှာ ပထမပိုဒ်ကို “ကျွမ်းငယ်ဖော်” လို့ ချီပြီး “ရွှင်ပျော်လေးမြတ်၊
ပေးသက်မှတ်” လို့ ချပါတယ်။ ပြီးတော့ ဒုတိယပိုဒ်ကို “မှတ်သက်ပေး” လို့ ပြန်ချီပြီး “မြင့်ကြာခေါ်တမ်း
ဖော်ငယ်ကျွမ်း” လို့ ချပါတယ်။ တခါ တတိယပိုဒ်ကို “သက်မှတ်ပေး” လို့ ချီပြီး “ကြာမြင့်ခေါ်တမ်း ဖော်
ငယ်ကျွမ်း” လို့ ပြန်ချပါတယ်။ ပထမပိုဒ်ရဲ့ အစ “ကျွမ်းငယ်ဖော်” နဲ့ ပြန်ချိတ်ထားတာကို တွေ့နိုင်ပါတယ်။
ဒီရတုကို သီးသန့်ဖော်ပြပေးပါမယ်။

ရွှေလောင်းပျံ

က, စ, တ, ယ, ရ, ပ, မ အက္ခရာတွေနဲ့ ချီခြင်း ချခြင်းဖြစ်ပါတယ်။ ဥပမာ - မန်လည်ဆရာတော်က
မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၄၇၊ ၁၄၈၊ ၁၄၉ တွေမှာ ...
ကွင်း၍သေရတတ်ဘိမူ (၁၄၇)
ကင်း၍ကွေရတတ်ဘိမူ (၁၄၈)
ရှင်း၍နေရတတ်ဘိမူ (၁၄၉) ဆိုပြီး (ရတတ်ဘိမူ) နဲ့ချည်း ချထားတာကို တွေ့ရပါတယ်။

သော်တာရောင် (အညွန့်မဲ့၊ စာတင်း မီးစ)

အသတ်တူ၊ အသံတူ၊ ကာရန်တူ ချခြင်းဖြစ်ပါတယ်။ အဲဒီလို ညီကြပေမဲ့လည်း ...“ဟု(ဟူ)” ဆိုပြီးချရင်
(အညွန့်မဲ့၊ စာတင်း မီးစ) လို့လည်းခေါ်ပါတယ်။ ဥပမာ “ကံဟုမဆို စမာတည်း။” ဆိုပြီး ချထားတာမျိုး
ဖြစ်ပါတယ်။  ဒီချနည်းမှာ ၇-လုံးသာမက ၉-လုံးလည်း ချလေ့ရှိပါတယ်။  ဥပမာ - မဃဒေဝလင်္ကာသစ်၊
ပိုဒ်ရေ-၁၁၉၊ ၁၂၀၊ ၁၂၁ တွေမှာ မန်လည်ဆရာတော်က ... “ဝေးကွာတစေစေနှင့်သာတမုံ့၊ (၁၁၉)
ချောက်ချားတမွှေမွှေနှင့်သာတမုံ့၊(၁၂၀) ဆင်းရဲတပေပေနှင့်သာတမုံ့ (၁၂၁)” ဆိုပြီး "နှင့်သာတမုံ့"
လို့ သတ်တူ သံတူ ကာရန်တူ ချထားတာမျိုး ဖြစ်ပါတယ်။

ကက္ကူဆူးချီ၊ ကက္ကူဆူးချ

သုံးပိုဒ်လုံး အရှည်အတို (အပိုဒ်ငယ် - ပါဒ အရေအတွက်) ညီမျှပြီး အချီအချ ကာရန် မညီဘဲ စပ်ထားတာမျိုး
ဖြစ်ပါတယ်။ မြင်သာတဲ့အတွက် ဥပမာ အထူးမဖော်ပြတော့ပါဘူး။

နေရောင်ခြည်ပြေး

က, ဟ, ထ ဆိုတဲ့ အက္ခရာ ၃-လုံးထဲက တလုံးလုံးနဲ့ ချခြင်းဖြစ်ပါတယ်။ “ကား” နှင့် ချလျှင်လည်း ဒီလိုပဲ
ခေါ်ပါတယ်။  ဥပမာ - လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။ ။ သေကွင်းတတ်သာပြီတကား။ (မဃဒေဝ
လင်္ကာသစ်၊ ပိုဒ်ရေ-၁၁၀။ မန်လည်ဆရာတော်) ရှုကကဲလွန်၊ အလွမ်းသန်သည်။ ။ လေသွန်သာညီ
လတကား။ (ဖန်စကြာလျှင်-ချီ ပိုဒ်စုံရတု။ နတ်သျှင်နောင်)

ဖျောက်ဆိပ်လလယ်

အသတ်ရှိသောအက္ခရာနဲ့ ဝဏ္ဏ တလုံးတလုံးကြားမှာထည့်ပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုရင်းက
အသတ်ပါတဲ့ အက္ခရာတွေ ကို အသံတသံချင်းစီရဲ့ကြားမှာ ထည့်ပြီး ချတဲ့နည်းပါ။ ဥပမာ နဝဒေးရဲ့
တစိတ်စိတ်လျှင်-ချီ မိုးတောရတုမှာ “ပျောင်းပျစက်ရာ ခွေလိမ့်မည် - မှတ်နေ့ရက်ကြာရေလိမ့်မည်
- ချစ်ထုံ့မျက်ပါ နေလိမ့်မည်” ဆိုပြီး ချထားတာမျိုး ဖြစ်ပါတယ်။

ညွန့်ဟုံ

ဝသတ် အက္ခရာများများသုံးပြီး ချခြင်းဖြစ်ပါတယ်။ နဝဒေးကြီးရေးတဲ့ ပြည်-မြင်ဗာဟုဘုရားတိုင် ရတုပိုဒ်စုံ
မှာ ဗာဟု တောင်ထိပ် မိုဖျားသောဝ်။ ။ ချောမွတ်ရွယ်နု ပျိုထွားသောဝ်။ ။ အိမ်သူမျိုးမြတ် ကိုယ်စားသောဝ်။ ။
ဆိုပြီး ဝ-သတ်နဲ့ ချထားတာကို တွေ့နိုင်ပါတယ်။

ချိန်ခွင်ညှာ

ဒီနည်းကို “ချိန်ခွင်လျှာ” လို့လည်း ခေါ်ပါတယ်။ (အစပ် ခြောက်ပါးမှာ ပါဝင်တဲ့ ချိန်ခွင်လျှာ ကာရန်စပ်
နည်းနှင့် မသက်ဆိုင်ပါ။ ဒီနည်းဟာ ရတု ချီပုံ ချပုံအတွက် သီးသန့်နည်းဖြစ်ပါတယ်။) ပထမပိုဒ်မှာ
အချရင်းကို တတိယပိုဒ်မှာ အဖျားလုပ်၊ တတိယပိုဒ် အချရင်းကို ပထမပိုဒ်မှာ အဖျားလုပ်ပြီး ဒုတိယပိုဒ်
မှာသာ မတူကွဲပြားထူးခြားအောင် စပ်ဆိုခြင်း၊ ပထမနှင့် တတိယပိုဒ်ကိုသာ သံတူချပြီး ဒုတိယပိုဒ်ကို
သံကွဲချခြင်းမျိုးကို ခေါ်ပါတယ်။

ဘီလူးရယ်

သရူပ၊ သဝဏ္ဏံ ဖြစ်တဲ့ အက္ခရာ အသတ်သံတွေနဲ့ လှည့်လွှဲပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက
အက္ခရာတမျိုးတည်းကိုပဲ ကာရန်အမျိုးမျိုးထားပြီး ချခြင်းဖြစ်ပါတယ်။ ဥပမာ - “ဝမ်းဝယ်ဝိုးဝါး ဝေလို့ကို။
နွမ်းနယ်နိုးနား နေလို့ကို။ ကျမ်းကျယ်ကြိုးစား ကြေလို့ကို။” ဆိုပြီ ချတဲ့ပုံစံ ဖြစ်ပါတယ်။

စာကျိုး (စာကြိုး)

‘ဝ’ သတ်နှင့် တခြားအသတ်တွေကြားမှာ သဝေထိုးပါတဲ့ အက္ခရာတွေခြားပြီး ချထားတာမျိုးဖြစ်တယ်လို့
ကဗျာသာရတ္ထသင်္ဂြိုဟ် ကျမ်းထဲမှာ တွေ့ရပါတယ်။  နန္ဒမာလိနီကျမ်းထဲမှာတော့ ကဝိကဏ္ဌပါသကျမ်းလာ
ရတု အချီအချ ၂၅-မျိုးမှာ စာကျိုးနဲ့ စာတုံး အတူတူပဲလို့ ရေးထား ပါတယ်။ ဒါပေမဲ့ ... ကဝိကဏ္ဌပါသ
ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာမှာ “စာကြိုးမှာကား၊ သဝေခြားသတ်၊ -အသတ်နှင့်၊ သတ်စပ်မြဲထုံး။” ဆိုတဲ့ စာသားနဲ့ မန်လည်ဆရာတော်ကြီး ရေးသားတော်မူတဲ့ ရတုချီနည်းချနည်းလင်္ကာအရ “သဝေအ
သတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊” လို့ရေးထားတဲ့ စာသားအရ စာကျိုးနဲ့ စာတုံး အတူတူပဲ ဆိုတာ
မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

စာတုံး

အချီနဲ့ အချတွေမှာ ...
(င) သတ်နဲ့ (ည) သတ်၊
(တ) သတ် နဲ့ (ပ) သတ်၊
(န) သတ်နဲ့ (မ) သတ် တွေကို ကာရန်တူလို့ ယူဆပြီး စပ်ထားတာမျိုးကို ခေါ်တယ်လို့ ကဝိကဏ္ဌပါသ
ကျမ်း၊ ကဗျာသာရတ္ထ သင်္ဂြိုဟ်ကျမ်းတို့မှာ ဖွင့်ဆိုပြထားပါတယ်။ အချီအချမှာ မဟုတ်ပေမဲ့ အတွင်းကာရန်
တွေမှာ "စုံ၊ ဂုဏ်၊ စုန်" ဆိုပြီး ရှင်မဟာ သီလဝံသ တောင်တွင်းမှာ နေစဉ်က စပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း
တော့ ဒါမျိုး မစပ်တော့ဘဲ ရှောင်ကျဉ်တယ်လို့ ဆိုပါတယ်။

 ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က၊ ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့်၊ ဆန်စုန်ထက်အောက်၊ ကျော်ဝှန်တက်၍ ...
 (ပါရမီတော်ခန်းပျို့၊ ပိုဒ်ရေ ၁။ ရှင်မဟာသီလဝံသ) မှတ်ချက်။ ။ သေးသေးတင်ဟာ မ-သတ် (မ်) နဲ့
အတူတူပဲ လို့ ယူဆရပါမယ်။

စာဆန်း (စာသွန်၊ စာဆွန့်)

ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ဆိုအပ်ပြီးသောနည်းတို့မှတပါး မလိမ္မာသော သူငယ်တို့သည် မဘွယ်မရာ
မပီမပြင် ဆိုသော စကားကဲ့သို့ အသတ် အသံ ကာရန် မညီမညွတ် ယွင်းချွတ်တိမ်းမှား ထားလိုတိုင်း အက္ခ
ရာဖြင့် ချီခြင်းချခြင်းတည်း။ ၄င်းကို ကျွန်ုပ်တို့ ကျေးဇူးတော်ရှင်၊ ရွှေတောင်မြို့၊ တောနယ် ဝါးလယ်ရွာကျောင်း အရှင် “သီရိမာလာ” ကား(စာသွန်) ဟူ၍ လည်းကောင်း (စာဆွန့်) ဟူ၍လည်းကောင်း၊
 ခေါ်ရမည့်အကြောင်းနှင့် မိန့်တော်မူဖူး၏။” လို့ ဆိုထားပါတယ်။ အချီမညီ၊ အချမညီ၊ အသတ်၊ အသံ
ကာရန်မညီဘဲ ထားချင်ရာ အက္ခရာနဲ့ ထားပြီး ချီတာ၊ ချတာမျိုးကို ဆိုလိုပါတယ်။

အစပြတ်

တပိုဒ်နှင့်တပိုဒ် အဓိပ္ပာယ်ကို လွှဲပြီး ပြတ်အောင် စပ်ဆိုခြင်းမျိုး ဖြစ်ပါတယ်။ ဥဒါဟရုဏ်အနေနဲ့ တောင်ငူ
မင်း (နတ်သျှင်နောင်) စာတော် “ဘဝဂ်လုံးလျှင်” ချီရတု နိဂုံးမှာ ... “... ဆီပျံ့ကျောသည်။ ။ သဘောတမ်း
ကာ နေတော့သည်။” လို့ချပြီး “တခဏ်းလုံးပင်၊ မရုံးချယ်လျှက် ... " လို့ အဓိပ္ပာယ်လွှဲပြောင်းပြီး နောက်တ
ပိုဒ်ကို ချီထားတာမျိုး ဖြစ်ပါတယ်။

စမ္ပါယ်ချီစမ္ပါယ်ချ

အစချီတဲ့အပိုဒ်ရဲ့ အစအက္ခရာ အသံကိုယူပြီး ချခြင်းဖြစ်ပါတယ်။ ပထမအပိုဒ်မှာ ကသိုဏ်းကျူးရင့် ... လို့
ချီပြီး ... ကသိုဏ်းကျူးရင့်-ရှုပါလင့်။ ။ လို့ ချပါတယ်။ တခါ ဒုတိယအပိုဒ်မှာ ... ကသိုဏ်းကျူးရင့် ... လို့ပြန်
ချီပြီး အတိုင်းကူးဆင့်-တုပါလင့်။ ။ လို့ ချပါတယ်။ နောက်ထပ်တခါ တတိယအပိုဒ်မှာ အတိုင်းကူးဆင့် ...
လို့ ပြန်ချီပြီး မထိုင်းကျူးရင့်-ပြုပါလင့်။ ။ " ဆိုပြီး ချထားတာမျိုးဖြစ်ပါတယ်။  နောက်ထပ် ဥဒါဟရုဏ်တခု
အနေနဲ့ ...ရှင်သံခို ဆိုရတုမှာ ... "နေ" နတ်ကသည် လို့ ချီပြီး ... မုန်းလျက်မပိုင် "နေ" တော့သည်လို့
ချပါတယ်။ ပြီးတော့ အပိုဒ်-၂ မှာ "ခွေ" မပတ်လည် ... လို့ ချီပြီး တိမ်နှယ်ယှက်ဆိုင် "ခွေ" တော့သည်
လို့ချပါတယ်။ ပြီးတော့ အပိုဒ်-၃ မှာ "ဝေ" မှတ်မြရည် ... လို့ ချီပြီး ... နေတိုင်းစက်တိုင်း "ဝေ" တော့
သည်လို့ ချတာမျိုးကို ဆိုလိုပါတယ်။

မြင်းဆက်ခွ

အချပိုဒ်က စကားလုံး၊ အဓိပ္ပာယ်တွေကို ပြန်ယူပြီး နောက်တပိုဒ်ကို ချီတာမျိုးကို ဆိုလိုပါတယ်။ ဥပမာအနေ
နဲ့ ပြရရင် တောင်ငူမင်း (နတ်သျှင်နောင်) စာတော် “ခုနစ်တောင်စွန်” ချီ ကျေးစေ ပလီခတ်ရတုမှာ
“ချုပ်နေရောင်တင်သည်ညတွင်။” လို့ ချပြီး နောက်တပိုဒ်ကို “ညခင်းချုပ်နေ၊ ပြန်တည့်လေသော် ...”
ဆိုပြီး ပြန်ချီပါတယ်။ တခါ ... “နိုင်မည်ကိုပင် ရည်းကြထင်။” လို့ချပြီး တခါ “နိုင်မည်ရည်းထင်၊ အတင်
တင်ဝယ် ...” လို့ နောက်တပိုဒ်မှာ ချီထားပြန်တာမျိုးကို ခေါ်ပါတယ်။

မြင်းဆက်ခွန့်

အချပိုဒ်က အက္ခရာကိုလည်းကောင်း၊ အဓိပ္ပာယ်ကိုလည်းကောင်း လည်ကုတ်မှာ ယူပြီး ချီခြင်းဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြရရင် ပါရမီတော်ခန်းပျို့ အပိုဒ်ရေ-၄ မှာ ရှင်မဟာသီလဝံသက “... ရပ်ရှုပြီးသော်၊
ငါ့ကိုမျှော်၍၊ ရှင်တော်မေတ္တာ သက်လတ်တည်း။” လို့ ချပြီး အပိုဒ်ရေ-၅ မှာ “ဘုရားမည်သည်၊
သက်ကြည်မေတ္တာ၊ ...” ဆိုပြီး အစပိုဒ်မှာမဟုတ်ဘဲ လည်ကုတ်ပိုဒ် (ဒုတိယပိုဒ်)မှာ ယူပြီး ပြန်ချီ
ထားပါတယ်။ (ပျို့ဟာ ရတုမဟုတ်ပေမဲ့ လင်္ကာ ဆိုတဲ့အထဲမှာ နှစ်မျိုးလုံး အကျုံးဝင်လို့ ဒီချီနည်း
ကို ဥပမာ ပြလိုက်တာပါ။)

ခု ဆက်လက်ဖော်ပြမယ့် နည်းတွေကတော့ စာလုံးရေနဲ့ မဟုတ်ဘဲ စာပိုဒ်တွေ အနေအထားအ
ရ ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်ပါ။ အမျိုးအစားသတ်မှတ်ချက်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ် ။

ပွဲ့ကဆီ (မိုးဆွေ)

“ပိုဒ်စုံ ရတု ၃-ပိုဒ်တွင် ပဋ္ဌမအပိုဒ် ရှည်ခြင်းတည်း။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွှန်ပြထား
ပါတယ်။ ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူလျှင်တူ၊ မတူလျှင်မတူဖြစ်ပြီး
ပထမပိုဒ် ရှည်လျားနေလျှင် “မိုးဆွေ” လို့ ခေါ်တယ်လို့ ဆိုပါတယ်။

ဝမ်းပိုဒ်ကြီး (ဝမ်းပိုက်ကြီး)

ဒုတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် ဝမ်းပိုဒ်ကြီး လို့ခေါ်ပါတယ်။ ကဗျာဖွဲ့နည်း
နိသျည်းမှာတော့ “ဝမ်းပိုက်ကြီး” လို့ ရေးထားပါတယ်။ သဘောကတော့ ပထမအစပိုဒ်ဟာ ဦးခေါင်း၊
ဒုတိယအလယ်ပိုဒ်က ဝမ်းပိုက်၊ တတိယ အဆုံးပိုဒ်က ခြေ လို့ ယူဆလိုက်တဲ့သဘောပါ။ ဒါကြောင့်
ဒုတိယပိုဒ်က “ဝမ်း” ပိုဒ် (သို့မဟုတ်) ဝမ်းပိုက်ဖြစ်ပြီး တခြားအပိုဒ်တွေထက် ပိုပြီး ရှည်လျားနေတော့
ပိုကြီးနေတယ် ဆိုတဲ့ သဘောနဲ့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

လည်တို

တတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် “လည်တို” လို့ခေါ်ကြောင်း ကဗျာသာရတ္ထ
သင်္ဂြိုဟ်ကျမ်းမှာ ရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ပြဆိုထားပါတယ်။

ညွန့်တက်

ဒီမှာလည်း နှစ်မျိုးကွဲပြားတာကို တွေ့ရပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ပဋ္ဌမပိုဒ် မရှည်မတို ရှိခြင်း
တည်း။” (ပဋ္ဌမပိုဒ်က ကျန်တဲ့နှစ်ပိုဒ်နဲ့ မတူဘဲ မရှည်လွန်း မတိုလွန်းတာကို ဆိုလိုပါတယ်) လို့ ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ တတိယပိုဒ် တူပြီး ဒုတိယပိုဒ် မတူလျှင် "ညွန့်တက်" ဟုခေါ်
သည် ဆိုပြီး ဖော်ပြထားပါတယ်။

ညွန့်လန်း (ညွှန်လမ်း)

ဒုတိယပိုဒ်က ပဋ္ဌမပိုဒ်ထက် ပိုရှည်နေရင် “ညွန့်လန်း” လို့ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
 ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ဒုတိယပိုဒ် တူပြီး တတိယပိုဒ် မတူလျှင် "ညွှန်
လမ်း" လို့ ခေါ်တယ်လို့ ဖော်ပြထား ပါတယ်။ ဒီမှာလည်း နှစ်မျိုးကွဲနေတာကို တွေ့ရပါတယ်။

ညွန့်တုံး

တတိယပိုဒ်က ဒုတိယပိုဒ်ထက် ပိုရှည်နေရင် “ညွန့်တုံး” လို့ ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း
မှာရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ဖော်ပြထားပါတယ်။

ပိုဒ်စုံစကြာ (စကြာလည်)

အဆုံးချလျှင် အစပိုဒ်သို့ ဆိုက်ခြင်း၊ တနည်းအားဖြင့် ချီပုဒ်ကို ပြန်ယူပြီး ချခြင်းဖြစ်ပါတယ်။ ဥပမာ -
ရခိုင်သူ မိညိုရေး ကိုယ်ရည်သွေးဘွဲ့ ရတုမှာ “တောင်တွင်မြင့်မိုရ် ...” လို့ ချီပြီး အဲဒီအပိုဒ်ကိုပဲ
“တောင်တွင် မြင့်မိုရ်သာတကား” ဆိုပြီး ပြန်ချပါတယ်။ နဝဒေးကြီးရဲ့ ရတုမှာလည်း ‘သီဟတောနှင့်
ကျိုက်ပေါမွေ’ လို့ချီပြီး ‘တွင်မည်ကျိုက်ပေါ သီဟတော’ ဆိုပြီး ပြန်ချထားတာမျိုးပါ။ (အက္ခရာတလုံးတည်း
နဲ့ အစပိုဒ်တိုင်းကို ရေးထားတဲ့ ပဒုမ္မာကြာဆိုနည်း ရတုတွေကိုတော့ ယန္တရားစကြာလည် ရတု လို့
 ခေါ်ကြပါတယ်။ ပိုဒ်စုံစကြာရတုနဲ့ မတူပါ)

ကိုယ်တွင်းပြည့် (ရင်တွင်းပြည့်၊ ဝမ်းတွင်းပြည့်)

“ပိုဒ်ရေအတူ၊ ကာရန်တူ ပိုဒ်စုံညီညွတ်ခြင်းတည်း” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။
ရှိသမျှ အပိုဒ်အားလုံး အရေအတွက် တထပ်တည်းတူပြီး ပထမအပိုဒ်က စကားလုံးတိုင်းကို ဒုတိယနဲ့
တတိယ အပိုဒ်တွေမှာ တလုံးမကျန် နဘေအပြည့်ထပ်ပြီး ရေးတဲ့ ရတုမျိုးဖြစ်ပါတယ်။ (ရင်တွင်းပြည့်၊
ဝမ်းတွင်းပြည့်) ဆိုပြီးလည်း ခေါ်ပါတယ်။ အလွန်ရေးရခက်တဲ့ ရတုအမျိုးအစား ဖြစ်ပါတယ်။ နောက်ပိုင်း
မှာ ဥပမာ သီးသန့် ပြပေးပါ့မယ်။

စာဖြတ်

တပိုဒ်နှင့်တပိုဒ် မညီရင် “စာဖြတ်” လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြဆိုထားပါတယ်။
ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူပြီး ပထမပိုဒ် မတူလျှင်“စာဖြတ်” လို့ ပြထား
ပါတယ်။

စာရိ

အဖြစ်ခြင်း မညီဘဲ စပ်ရင် “စာရိ” လို့ခေါ်ပါတယ်။ အလယ်မှာ တလုံးမညီဘဲ ရှိရင် ‘သတ်စေ့နှက်’ လို့
 ခေါ်ပါတယ်။ မထောင်းတာစပ်ရတယ်။ အရင်းအဖျား ပျက်ရုံမျှနှင့် စာရိလို့ ခေါ်လို့မရဘူးလို့
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွန်ပြထား ပါတယ်။

ထောင့်တဲတွန့်

တခြားရတုတွေလို လေးလုံးတပိုဒ် စပ်ရိုးစပ်စဉ်မဟုတ်ဘဲ သုံးလုံးတပိုဒ်၊ ၄-လုံးတပိုဒ်၊ ၅-လုံးတပိုဒ် အစရှိ
သဖြင့် စပ်ဆိုသွားတဲ့ နည်းဖြစ်ပါတယ်။ ရှင်မဟာရဋ္ဌသာရ ထွင်ခဲ့တဲ့ နည်းလို့ သိရပါတယ်။

သုံးလွန်းတင်

တပိုဒ် စပ်လိုက်ရုံနဲ့ ၃-ပိုဒ်ရခြင်း လို့ ဆိုပါတယ်။ ပထမအပိုဒ်ရဲ့ စာလုံးတွေကိုပဲ ရှေ့နောက်လှည့်
ပတ်ရွှေ့ပြောင်းပြီး ဒုတိယနဲ့ တတိယအပိုဒ်တွေ ရအောင် စပ်သွားတာမျိုးကို ဆိုလိုပါတယ်။ ၃-လုံး
တင်ကနေ ၁၈-လုံးတင်အထိ စပ်လို့ရတယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွန်ပြထား ပါတယ်။

ယမကချီ၊ ယမကချ

ယမက ဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပာယ်က သဒ္ဓါတူအနက်ကွဲ (သံတူကြောင်းကွဲ) ပိုဒ်တွေ အစုံလိုက်
အစုံလိုက်ထားပြီး ဖွဲ့ဆိုတဲ့ ပါဠိကဗျာတွေကို ဆိုလိုပါတယ်။ ချောင်းမဘုရားတိုင်ရတုတွေဖြစ်ကြတဲ့
 ချောင်းမမွေရှင်-ချီ နဝဒေးရဲ့ ရတုမှာ ...
ချောင်းမမွေရှင်၊ ... ချစ်စမမြဲးတောင်းကိုလည်း။
 မောင်းမျှရွှေစင်၊ ... ဖြစ်ရမခဲးတောင်းကိုလည်း။
 ကြောင်းစထွေအင်၊ ... ပြစ်ပမရှဲးတောင်းကိုလည်း။ ဆိုပြီး ချီထား၊ ချထားသလို ...
ချောင်းမမွေတော်-ချီ နတ်သျှင်နောင်၏ ချောင်းမဘုရားတိုင်ရတုမှာ ...
ချောင်းမမွေတော်၊ ... မုန်းဘွယ်မများ တောင်းကိုလည်း။
 မောင်းမျှရွှေလှော်၊ ... နှုန်းဆွယ်မရှား တောင်းကိုလည်း။
 ကြောင်းစထွေငေါ်၊ ... ကုန်းသွယ်မသားတောင်းကိုလည်း ...
ဆိုပြီး အစုံလိုက် ချထားခြင်းမျိုး ဖြစ်ပါတယ်။ ဒီနည်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းနဲ့ တခြားကျမ်းတွေမှာ
 ဖော်ပြထားခြင်းမရှိပါဘူး။ နတ်သျှင်နောင်ဆို ရတုများထဲမှာ တွေ့ရတဲ့ နည်း ဖြစ်ပါတယ်။ သော်တာရောင်
(အညွန့်မဲ့၊ စာတင်း မီးစ) ချနည်းနဲ့ ကွဲပြားတာက ဒီနည်းမှာ စကားလုံးအားလုံးကို ကာရန်အညီ ထပ်ပြီး
စပ်ဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်။
သုံးပိုဒ်လုံး အပိုဒ်ရေတူညီလျှင် ...
 (က) သတ်စေ့နှက်သုံးချက်ညီ ရတု
(ခ) ပဒညီ ရတု
(ဂ) အရည်အပြည့် ရတု
(ဃ) မင်္ဂလာ ရတု လို့လည်း ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်းမှာ ပြထားပါသေးတယ်။

ဒါဆိုရင် ကျမ်းတွေမှာလာသမျှ ရတုချီနည်း၊ ချနည်း အားလုံး စုံသွားပြီဖြစ်ပါတယ် ... ဆက်ပြီး တွေ့ရရင်
လည်း ထပ်ပြီး ဖြည့်စွက်ပေးပါ့မယ် ... ရတုအကြောင်းက ကျယ်ပြန့်လွန်းလို့ ရှေ့ဆက်ပြီး ရေးရပါဦးမယ် ...

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၇)

ရတုချီနည်းများ

ရတုချီနည်းတွေက သိပ်မများလှပါဘူး။ နာမည်သီးသန့်လည်း ပေးထားတာ မတွေ့ဖူးပါဘူး။ စာလုံးရေအ
လိုက် ကြည့်မယ် ဆိုရင် ၄-မျိုးပဲ ရှိပါတယ်။ ဒီချီနည်းတွေက ...

၃-လုံးချီ

ဒီချီနည်းက တွေ့ရခဲပါတယ်။ “မှားခဲ့ပြီ - သွားတဲ့ဆီ - အားနွဲ့မှီ” ဆိုပြီး အပိုဒ် သုံးပိုဒ်ရဲ့ အစမှာ ချီထားပုံမျိုး
ပါ။ အဖျားကောက်ရတုတွေမှာ လောက်ပဲ တွေ့နိုင်ပါတယ်။ စာဆိုတော် အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတု
ပိုဒ်စုံမှာ “ကျွမ်းငယ်ဖော် - မှတ်သက်ပေး - သက်မှတ်ပေး” ဆိုပြီး အစပိုဒ်တွေကို ၃-လုံးချီထားတာ တွေ့နိုင်
ပါတယ်။

၎-လုံးချီ

အသုံးအများဆုံး ချီနည်းဖြစ်ပါတယ်။ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” ဆိုပြီး
မဲဇာတောင်ခြေရတုမှာ ချီထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

၅-လုံးချီ

တွေ့ရခဲပါတယ်။ “အချာပဝရ - နရာပဋ္ဌမ - အခါသမယ” ဆိုပြီး သျှင်မဟာသီလဝံသ-ဆို ရတုမှာ
ချီထားပါတယ်။

၇-လုံးချီ
ဒါလည်း တွေ့ရခဲပါတယ်။ နဝဒေးကြီးရတုတွေထဲက ...သက်တော်ရနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ...
သက်တော်ရ နှင့် ရှင်လှမွေ - လက်ဝဲဂူ နှင့် ရှင်ဖြူမွေ - ပုညရှင် နှင့် မြင်ထင်မွေ
ရွှေယင်မြောနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ရွှေယင်မြော နှင့် မော်ဓောမွေ - သီဟတောနှင့် ကျိုက်ပေါမွေ
- မဟာနော နှင့် သက္ကောမွေ”
ကျိုက်ပတံနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ကျိုက်ပတံ နှင့် ဇနံလေ - ဇွဲးကပင်နှင့် မောကြင်လေ -
ကျိုက်မောင်းမ နှင့် ကာသလေ” ...
ဝန်တောင်လယ် ဆို- ရတုမှာ ... “ရွှမ်းဘိသည်လည်း ရွှမ်းဘိသည် - လွမ်းဘိသည်လည်း လွမ်းဘိသည်
- တမ်းဘိသည်လည်း တမ်းဘိသည်” ...

ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။ အချပိုဒ်တွေဟာလည်း အချီပိုဒ်အတိုင်း ၇-လုံးပဲ ချထားပါတယ်။
မြင်းဝန်နေမျိုးသီဟသူ ရေးတဲ့ စကြာရတုပိုဒ်စုံမှာလည်း ... “ထူပါရုံနှင့် စည်းခုံမွေ - မြတ်မုနိနှင့် မြင်မိမွေ
- ဆင်ကြိုးဂူနှင့် ဆင်ဖြူမွေ” ... ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။

 ဒီ ချီနည်း ၄-မျိုးကလွဲပြီး ကျန်တဲ့ ချီပုံတွေ မတွေ့ရပါဘူး။

ရတုချနည်းများ

ရတုကို ချတဲ့နည်းတွေကို မပြောခင် ချရမယ့် ကြိယာ(စကားလုံး)ခြောက်ဆယ် ရှိပါတယ်။ ‘ရတုချဖွယ်၊
အသွယ်သွယ်၊ ခြောက်ဆယ် ကိရိယာ’ ဆိုတဲ့ ကဝိလက္ခဏာ သတ်ပုံသံပေါက်က စကားအတိုင်း ရတု
အချ စကားလုံးပေါင်း ခြောက်ဆယ် ကိုလည်း ကဝိကဏ္ဌပါသ ကျမ်းမှာ ကြိယာခြောက်ဆယ် လင်္ကာ နဲ့
ဖော်ပြပါရှိပါတယ်။  ရှင်မဟာ သီလဝံသ ရေးသားစီရင်တဲ့ ကဝိပါသဏ္ဌကျမ်း အလိုအရတော့ ၆၄-ပါး ရှိ
ပါတယ်။ အသေးစိတ်ကို မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၅)  ရဲ့ ကြိယာ ခေါင်းစဉ်အောက်မှာ ကြည့်နိုင်
ပါတယ်။ အခု ရတု ချနည်းတွေကို စပြီး လေ့လာကြည့်ပါမယ်။

လုံးရေအလိုက် ချနည်းများ
ရတုချနည်း အမျိုးမျိုးရှိတဲ့ အနက် အက္ခရာလုံးရေအလိုက် ချတဲ့ နည်းတွေကို အရင်ဖော်ပြပါမယ်။

၃-လုံးချ
ဒီနည်းမှာ အမည်မရှိသလို ဘယ်ရှေးကျမ်းမှာမှလည်း မပါပါဘူး။ အလွန်တွေ့ရခဲပါတယ်။
နဝဒေးကြီးရဲ့ လူမစိုက်တည့် - ချီ မယ်ဘွဲ့ရတုမှာ “ရေကြည်မြ။ နွေလည်မှ။ ဆွေရည်စွ။” 
ဆိုပြီး သုံးလုံးချထားတာကို တွေ့ရပါတယ်။

၅-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း
မဖော်ပြထားပါဘူး။ စွယ်စုံကျော်ထင်ကျမ်းမှာတော့ ကက္ကူဆူးချ ကို ဖြေတဲ့အခါ “နေလျှင် - ဆွေးရ၏။
ဆွေလျှင် - ဝေးလှ၏။” ဆိုပြီး ၅-လုံး ချနိုင်ကြောင်း ညွှန်ပြထားပါတယ်။

၇-လုံးချ
ခိုင်ညွတ်ခက်ဖြာ ချနည်းလို့ခေါ်ပါတယ် (ခိုင်ညွန့်ခက်ဖြာ လို့လည်း ရေးကြပါတယ်)။ အသုံးအများဆုံး
ချနည်းဖြစ်ပါတယ်။ “ခုနစ်လုံးမှတ်၊ ချတုံလတ်၊ ခိုင်ညွတ်ခက်ဖြာခေါ်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
ပြထားပါတယ်။

၈-လုံးချ
ဒီနည်းကို ဇမ္ဗူ့တန်ဆောင် လို့ ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာဖော်ပြထားပါတယ်။ ရှေး
ကျမ်းတွေမှာတော့ မပါပါဘူး။ တွေ့လည်း တွေ့ရခဲပါတယ်။ “စာတော်ရှုတပါး တင်ပေါလား” ဆိုပြီး ချ
တယ်လို့ ဥပမာ ပြထားပါတယ်။

၉-လုံးချ
၉-လုံးချတာကိုတော့ မဏိဆံကျင် ချနည်းလို့ခေါ်ပါတယ်။ “ကိုးလုံးတိတိ၊ ချတုံဘိ၊ မဏိဆံကျင်သော်။”
လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ကဝိကဏ္ဌပါသကျမ်းမှာလည်း ဖော်ပြထားပါတယ်။
ပူဆာလွန်ကဲ၊ တရဲးရဲးသည်။ ။ လောင်စွဲတချေချေနှင့်သာတမုံ့။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၂၂
မှာ မန်လည်ဆရာတော်ကြီး ချထားတာ တွေ့နိုင်ပါတယ်။

၁၀-လုံးချ
စာလုံး ၁၀-လုံးနဲ့ အဆုံးသတ်တာကိုတော့ စာမရီသားလိုက် ချနည်းလို့ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာ ဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ “သေချာတည့်မှတ်သား - နာတော်မူဘုရား။ တွေးမြှော်ရှုစား-ပူတော်မူနှင့် ဘုရား။” အစရှိသဖြင့် ချတာမျိုးဖြစ်ပါတယ်။

၁၁-လုံးချ
အာသာဝတီဝတ်ဆံ ချနည်းလို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ
ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ “ဗုဒ္ဓပညာ နှစ်သက်ရှာကြ သွင်ပြင်သောဝ်။” ဆိုတာမျိုးဖြစ်ပါတယ်။ မဃ
ဒေဝလင်္ကာသစ်မှာ “နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ်အကျဉ်းတည်း။” လို့ မန်လည်ဆရာတော်ကြီး ချထားပါတယ်။ နဝဒေးကြီးရဲ့ “ဘားပြမွေတော်-ချီ” မုတ္တမ-ဘားပြ
ဘုရားတိုင် ရတုမှာလည်း “နွေရောက်သဘင် မင်းလွင်ထမ ဝန်းစေသောဝ်။ ထက်ခွင်ဝန်းလည် လေပြည်
စမ ယွန်းစေသောဝ်။ ကောင်းကင်ထွေလည် မြရည်ချမ ဖြန်းစေသောဝ်။” ရယ်လို့ ၁၁-လုံးနဲ့ ချ ထားတာ
တွေ့ရပါတယ်။ ဒီ ချနည်းကို နဝဒေးကြီး ရဲ့ တခြားရတုတွေမှာလည်း တွေ့နိုင်ပါတယ်။ ၁၁-လုံးချတယ်လို့
ဆိုပေမဲ့ ၄-လုံးတပါဒ အပိုဒ်ငယ်လေးကို နောက်ဆုံး ၇-လုံးတပါဒ အပိုဒ်ငယ်လေးနဲ့ ၄-၂ ကာရန်ပြန်ချိတ်
ပြီး ချထားတဲ့သဘောလည်း ရှိပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက် အလွတ်ချထားတာမျိုး မတွေ့မိ
သေးပါဘူး။ ၁၁-လုံးနဲ့ အထက် ချတဲ့ နည်းတွေ အားလုံး ဒီလိုပဲ ၄-လုံးတပိုဒ် အပိုဒ်ငယ်လေးတွေကို
ကာရန်ချိတ်သွားပြီး ချကြပါတယ်။

၁၂-လုံးချ
ဒီချနည်းက သီးခြားအမည် မရှိပါဘူး။ မဃဒေဝလင်္ကာသစ်မှာပဲ “ပြဋ္ဌာန်းနာမ ဒုတိယအုပ် အပြီးချုပ်တည်း။” 
လို့ ၁၂-လုံးနဲ့ ချထားတာ တွေ့နိုင်ပါတယ်။

၁၅-လုံးချ
၁၅-လုံးချရင်တော့ မဏိဥပည်း (သို့) မဏိဦးပြည်း လို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊
ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားပါတယ်။ “ကမ္ဘာပေါ်ထွန်း-ယုဂန်စွန်းဝယ်-နေဝန်းလနှယ် ထွန်းတော့
သည်။” လို့ တောင်ဘီလာဆရာတော် ရေးစပ်တဲ့ ရတုတပုဒ်မှာ တွေ့နိုင်ပါတယ်။ မဃဒေဝလင်္ကာသစ်၊
ပိုဒ်ရေ-၁၁ မှာလည်း မန်လည်ဆရာတော်က “ နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာမဝ၊ သုတ
ပွားရန်၊ ဧကန်ဖြစ်လိမ့်အကျိုးတည်း။” လို့ ၁၅-လုံးချပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီမှာလည်း
အာသာဝတီဝတ်ဆံချနည်းလိုပဲ ၄-လုံးတပါဒ တပိုဒ်ပိုလာပြီး အပိုဒ်ငယ် ၂-ပိုဒ်နဲ့ နောက်ဆုံး ၇-လုံး တပါဒ
အပိုဒ်ငယ်တပိုဒ်ကို ၄-၂ ကာရန်ချိတ်ပြီး ချသွားတာကို တွေ့နိုင်ပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက်
အလွတ်ချထားတာမျိုး မတွေ့မိသေးပါဘူး။

၁၆-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်းမဖော်ပြ
ထားပါဘူး။ စွယ်တော်သျှောင်ရတု၊ ပိုဒ်ရေ-၅ မှာ ..“စုရုံးဖွဲ့နှောင်၊ များဗိုလ်ဘောင်မှာ၊ မင်းညီနောင်၊ မာန်
စောင်ကြုံးမို့ကို။” ရယ်လို့ အုတ်ဘိုဆရာတော် ရေးဖွဲ့သွားတာ တွေ့ရပါတယ်။

၁၉-လုံးချ
အက္ခရာ ၁၉-လုံး နဲ့ အဆုံးသတ်ချထားတဲ့နည်းကိုတော့ ဇော်တခိုင်လုံး လို့ ခေါ်ကြောင်း ကဗျာသာရတ္ထ
သင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ပြထားပါတယ်။ “အသွင်ပဝင်း-မျိုးရင်းသက်လှယ်-နုနယ်
ဖြူစင်- အိမ့်ရှင်လွမ်းနှင့်လေတော့မည်။” လို့ နဝဒေးကြီး ရဲ့ လွမ်းချက်ပွေ၍့ - ချီ စစ်-ရတုမှာ တွေ့နိုင်ပါ
တယ်။

၂၃-လုံးချ
ဒီနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ ဥတေန ရတု၊ ပိုဒ်ရေ-၁ မှာ “အလှတဆူ၊ မြနန်းသူကို၊ အတူ
တိမ်ဖျား၊ ငှက်ခြေကြား၌၊ လိုက်သွားပါရှာရ၏လေး။” လို့ မန်လည်ဆရာတော်ကြီး ရေးဖွဲ့ခဲ့တာ တွေ့ရ
ပါတယ်။

၂၅-လုံးချ
အက္ခရာ လုံးရေ ၂၅-လုံးနဲ့ ချ တာကိုတော့ မပြတ်ကေသာ ချနည်းလို့ ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်း
မှာ ဆိုထားပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာတော့ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်းခေါ်တယ်
လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ချထားတဲ့ ရတုတော့ ရှာလို့မတွေ့သေးပါဘူး။

၂၇-လုံးချ
ဒီချနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ “ဆင်နှာမောင်းသို့၊ အကောင်းရှာရမ်း၊ တလှမ်းလှမ်းနှင့်၊ အဖမ်း
မတော်၊ ပွဲဦးချော်သည်၊ မင်းကျော်သရေပွဲတည့်လေး။” လို့ ဝိဓူရ ရတု၊ ပိုဒ်ရေ-၁၇ မှာ မန်လည်ဆရာတော်
ရေးဖွဲ့ထားတာ တွေ့ရပါတယ်။

၃၅-လုံးချ
အရှည်ဆုံးချနည်း ဖြစ်ပါတယ်။ ဒီလို အက္ခရာ ၃၅-လုံးနဲ့ ချထားရင် ဇမ္ဗူ့သပြေသီးမှည့် ချနည်း လို့ ခေါ်ပါ
တယ်။ သည့်ထက် ပိုပြီး ချလို့မရတော့ပါ။ ပိုရင် “ခေါင်းမရှိသောပုဇွန်နှင့်တူ၏” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်
ကျမ်းမှာ ပြထားပါတယ်။ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်း ခေါ်သေးတယ်ဆိုပြီး “အက္ခရာတွက်ကျုံး၊
သုံးဆယ့်ငါးမျှ၊ အဆုံးချ၊ မြဝတ်ကေသာခေါ်” ရယ်လို့ စွယ်စုံကျော်ထင်ကျမ်းမှာ ကျေးဇူးရှင် အသျှင်ကျီးသဲ
လေးထပ်ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူထားတာကို ကိုးကားပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက
ရေးထားပါတယ်။ ဒီတော့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းအရ ဆိုရင် မြဝတ်ကေသာချနည်းဟာ ၂၅-လုံးချတာ
ကိုရော၊ ၃၅-လုံးချတာ ကိုရော နှစ်မျိုးလုံးကို ခေါ်ထားတာ တွေ့ရပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းအရတော့
ဇမ္ဗူ့သပြေသီးမှည့် လို့ပဲ ခေါ်ထားတာ တွေ့ရပါတယ်။ “မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေ
ကျမ်းလာ၊ လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။” လို့ မဃဒေဝ
လင်္ကာသစ်၊ ပိုဒ်ရေ-၄၆၇ မှာ မန်လည်ဆရာတော်ကြီး ဖွဲ့ဆိုထားတာ တွေ့နိုင်ပါတယ်။ အလွန်တွေ့ရခဲတဲ့၊
အသုံးနည်းတဲ့ ချနည်းဖြစ်ပါတယ်။

၁၁-လုံးကနေ ၃၅-လုံးအထိ အက္ခရာများတဲ့ ချနည်းတွေဟာ ရတုမှာ အသုံးများတဲ့ သုံးလုံးတွဲကာရန်
(၄-၃-၂ နဲ့ ၄-၃-၁) တွေ ယူလာပြီး ပုံမှန် ၇-လုံးမချသေးဘဲ ၄-၂ ကာရန်နဲ့ ပဒငယ်လေးတွေ ဆင့်ပြီးမှ
နောက်ဆုံး ၇-လုံးပြန်ချထားတဲ့ သဘောမျိုးပဲလို့ယူဆပါတယ်။ ကာရန်လုံးဝ မချိတ်ဘဲ စာလုံးရေအများကြီ
ကို ဒီအတိုင်း အလွတ်ချထားတာမျိုး တခုမှ မတွေ့ဖူးသေးပါဘူး။ စာလုံးရေနဲ့ ချီနည်း ချနည်း တွေ ပြီးတော့
အက္ခရာ၊ အသတ်၊ စတာတွေကိုလိုက်ပြီး ခေါ်ဝေါ်သတ်မှတ်ထားတဲ့ ချီနည်း၊ ချနည်းတွေကို ဆက်လက်
ဖော်ပြပါမယ် ...

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၆)

(၄) အချီအချအားဖြင့်

ရတု ချီနည်း ချနည်းတွေက အမျိုးမျိုးရှိပါတယ်။ ဒီအချီအချနည်းတွေကို အသေးစိတ် ဆက်ပြီးရေးပြပါ့မယ်။
ဒီနည်းတွေအနက် ကဝိကဏ္ဌပါသကျမ်းလာ ရတု အချီအချ ၂၅-မျိုးကတော့ -

‎(၁)        ထူးဆန်းထွေလာ
(၂)        ညွန့်ရှင်
(၃)        ပေါက်ပြ
‎(၄)        ငုံဖူး
‎(၅)        ပုလဲသွယ်
‎(၆)        လည်ကုပ်ချီ
‎(၇)        အဖျားကောက်
‎(၈)        ရွှေလောင်းပျံ
‎(၉)        သော်တာရောင်
‎(၁၀)      ကက္ကူဆူးချီဆူးချ
‎(၁၁)      နေရောင်ခြည်ပြေး
‎(၁၂)      ဖျောက်ဆိပ်လလယ်
‎(၁၃)      ညွန့်ဟုံ
‎(၁၄)      ခိုင်ညွန့်ခက်ဖြာ
‎(၁၅)      မဏိဆံကျင်
‎(၁၆)      အာသာဝတီဝစ္ဆံ 
‎(၁၇)      မဏိဦးပြည်း 
‎(၁၈)      ဇော်တခိုင်လုံး
‎(၁၉)      မပြတ်ကေသာ
‎(၂၀)      ဇမ္ဗူ့သပြေသီးမှည့်
‎(၂၁)      ချိန်ခွင်လျှာ
‎(၂၂)      ဘီလူးရယ်
‎(၂၃)      စာကျိုး
‎(၂၄)      စာဆန်း
‎(၂၅)      စာတုံး ...

ဆိုပြီး ဖြစ်ပါတယ်။ ကဝိလက္ခဏာဒီပနီကျမ်းမှာလည်း ၂၅-မျိုးလို့ပဲ ဖော်ပြပါတယ်။ ဒီ ၂၅-မျိုးမှာ ချတဲ့ အက္ခ
ရာလုံးရေအရ သတ်မှတ်တဲ့ ရတုမျိုးက ၇-လုံး ချရတဲ့ ခိုင်ညွန့်ခက်ဖြာ၊ ၉-လုံး ချရတဲ့ မဏိဆံကျင်၊ ၁၁-လုံး
ချတဲ့ အာသာဝတီဝစ္ဆံ၊ ၁၅-လုံး ချတဲ့ မဏိဦးပြည်း၊ ၁၉-လုံး ချတဲ့ ဇော်တခိုင်လုံး၊ ၂၉-လုံး ချရတဲ့ မပြတ်
ကေသာ၊ ၃၅-လုံး ချရတဲ့ ဇမ္ဗူ့သပြေသီးမှည့် ဆိုပြီး ရတု ၇-မျိုးတွေ့ရပါတယ်။

ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာကတော့ ရတု အချီအချ ၄၁-မျိုး ပြထားပါတယ်။ အဲဒါတွေကတော့ ...

(၁) ခိုင်ညွတ်ခက်ဖြာ (ခိုင်ညွန့်ခက်ဖြာ လို့ ပိုပြီး အသုံးများပါတယ်)
‎(၂) မဏိဆံကျင်
‎(၃) အာသာဝတီဝတ်ဆံ
‎(၄) မဏိဥပည်း
‎(၅) ဇော်တခိုင်လုံး
‎(၆) မပြတ်ကေသာ
‎(၇) ဇမ္ဗူ့သပြေသီးမှည့်
‎(၈) ထူးဆန်းထွေလာ
‎(၉) ညွန့်ရှင်
‎(၁၀) ပေါက်ပြ
‎(၁၁) ငုံဖူး
‎(၁၂) ပုလဲသွယ်
‎(၁၃) လည်ကုပ်ချီ
‎(၁၄) အဖျားကောက်
‎(၁၅) ရွှေလောင်းပျံ
‎(၁၆) သော်တာရောင်
‎(၁၇) ကက္ကူဆူးချီ၊ ကက္ကူဆူးချ
‎(၁၈) နေရောင်ခြည်ပြေး
‎(၁၉) ဖျောက်ဆိပ်လလယ်
‎(၂၀) ညွန့်ဟုံ
‎(၂၁) ချိန်ခွင်ညှာ
‎(၂၂) ဘီလူးရယ်
‎(၂၃) စာကျိုး
‎(၂၄) စာတုံး
‎(၂၅) စာဆန်း
‎(၂၆) အစပြတ်
(၂၇) စမ္ပါယ်ချီစမ္ပါယ်ချ
(၂၈) မြင်းဆက်ခွ
(၂၉) မြင်းဆက်ခွန့်
(၃၀) ပွဲ့ကဆီ
(၃၁) ဝမ်းပိုဒ်ကြီး
(၃၂) လည်တို
(၃၃) ညွန့်တက်
(၃၄) ညွန့်လန်း
(၃၅) ညွန့်တုံး
(၃၆ ပိုဒ်စုံစကြာ
(၃၇) ကိုယ်တွင်းပြည့်
(၃၈) စာဖြတ်
(၃၉) စာရိ
(၄၀) ထောင့်တဲတွန့်
(၄၁) သုံးလွန်းတင် ...

ဆိုပြီး ဖြစ်ပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး အပြင် အမှတ် (၂၆) ကနေ (၄၁)
အထိ ၁၆-မျိုး ပိုတာကို တွေ့ရပါတယ်။ ဒီလို ရတုချီနည်း ချနည်းတွေကို လင်္ကာတွေနဲ့ ပညာရှိများ ရေး
ဖွဲ့စပ်ဆိုသွားခဲ့ကြပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာကတော့ ...

ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာ

ထူးဆန်းထွေလာ၊ ဟူသည်မှာမူ၊ သုံးဖြာပိုဒ်လုံး၊ စဆုံးရှည်တို၊ အဆိုမညီ၊ ချချီမတူ။   ။ ညွန့်ရှင် - မူကား၊
ထူတမ်းခွန်ဆင့်၊ စာလုံးဖြင့်သာ၊ ချသင့်ပညာတ်။ ။ ပေါက်ပြမှတ်ကား၊ သတ် မသတ်စွာ၊ အက္ခရာချီချ၊ အမျှ
မျှတည့်။ ။ ထိုမှတထူး၊ ငုံဖူး နှိုက်ကား၊ ၍့ပယ်ရှား၍့၊ တပါးသတ်ဖြင့်၊ အသင့်မလွဲ၊ ချီချမြဲတည့်။ ။ ပုလဲသွယ်
မှာ၊ အသတ်ပါနှင့်၊ အက္ခရာ၍့၊ ပါလေ့မှန်ပြီ။ ။ အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊
ပုဒ်ဖြစ်စေပင်၊ ယူလေတတန်။ ။ ရွှေလောင်းပြန်မှာ၊ မှန်-က-စ-တ၊ ယ-ပ-ရ မှ၊ သတ္တအက္ခရာ၊ ချီချပါလော့။ ။
သော်တာရောင်မူ၊ သတ်တူသံတူ၊ ကာရန်တူနှင့်၊ ချဟူ၍့ပြ။ ။ သို့ညီကြလည်း၊ ဟုချတပြီး၊ စာထင်းမီး နှင့်၊
တသီးညွန့်မဲ့၊ မည်ဘွဲ့မှတ်လေ။ ။ နေခြည်ရောင်ပြေး၊ အမည်ပေးကား၊ တေးအက္ခရ၊ က-တ-ထ စု၊ တခုခု
ဖြင့်၊ ချဟုပိုင်းခြား။ ။ အဖျားကောက် နှိုက်၊ ရှေ့ပိုဒ်ချမှာ၊ အက္ခရဓိပ္ပါယ်၊ တသွယ်သွယ်ကို၊ ရွယ်၍့ချီကောက်။ ။ ဖျောက်ဆိတ်လယ်လ၊ ဝဏ္ဏကြားတွင်၊ ပါဝင်လာဘိ၊ သတ်ရှိအက္ခရာ၊ ဖြင့်သာချတုံ။ ။ ညွန့်ဟုန်ကား ‘ဝ’၊
သတ်ရွေ့ချလော့။ ။ ထိုမှတချက်၊ ကက္ကုဆူးချီ-ကက္ကုဆူးချ၊ သုံးပဒပင်၊ ဆုံးစချချီ၊ မညီယွင်းချွတ်။ ။ ခိုင်ညွတ်
ခက်ဖြာ၊ ချရာအဆုံး၊ ခုနစ်လုံးရှိ။ ။ မဏိ ဆန်ကျင်၊ ၉-လျှင်ချပြီး။ ။ အာသာဝတီဝတ်ဆံ၊ နိယံမြဲမှတ်၊ ဧက်ဒသ်
ချနည်း။ ။ ဥပြည်းမဏိ၊ ချဘိပန္နရ။ ။ ဇော်တခိုင်လုံး၊ အဆုံး နောဒသ်။ ။ မပြတ်ကေသာ၊ မှာ နှစ်ဆဲ့ငါး။ ။ ပိုင်း
ခြားမှတ်ပြ။ ။ ဇမ္ဗူ့သပြေ၊ သီးမှည့်ရွှေတွင်၊ ထွက်ရေရုံးဘွဲ့၊ သုံးဆဲ့ငါးလုံး၊ ရတုထုံး၌၊ အဆုံးပဒ၊ သည်ထက်
ကြွ၍့၊ ချခွင့်မကြိမ်။ ။ ချိန်ခွင်လျှာမှာ၊ ပ-တ သာလျှင်၊ တူရာအချ၊ ဒု-ကွဲရ၏။ ။ ထိုမှတသွယ်၊ ဘီလူးရယ်မူ၊
တူသောသုတိ၊ ရှိအက္ခရာ၊ သတ်သံပါဖြင့်၊ ကြံခါတမျိုး၊ လှီးလွှဲရိုးတည့်။ ။ စာကြိုးမှာကား၊ သဝေခြားသတ်၊
ဝ-အသတ်နှင့်၊ သတ်စပ်မြဲထုံး။ ။ စာတုံး င-ည၊ တ-နှင့် ပ-တည့်၊ န-မ တရပ်၊ သတ်စပ်ယှဉ်မှန်း၊ ချီချခန်း
တည့်။ ။ စာဆန်းမှာသော်၊ လျော်နည်းသင့်နည်း၊ နိသျည်းမရှာ၊ ဆရာမတင်၊ ဆင်ခြင်မရှိ၊ မိမိထင်တိုင်း၊
ပေါက်လွှတ်စိုင်းသို့၊ ဂိုဏ်းမလွတ်စွာ၊ သူရူးစာတည့်။ ။ သင်္ချာစဉ်စီ၊ ပဉ္စဝီပင်၊ ချချီရတု၊ သိမှုဖြန့်ချိ၊ ဤသို့ရှိ
ဟု၊ ကဝိပါသဏ္ဌ၊ ကျမ်းမ၌တွင်၊ မော်ကွန်းတင်သည်။ ။ ဉာဏ်မြင်လိုသူ မှတ်ကြောင်းတည်း။
(ကဗျာသင်္ဂဟမေဒနီ ကျမ်းမှ ...)

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်းလင်္ကာကတော့ ...

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်း လင်္ကာ
စာချီစာဖြတ်၊ အဆုံးသတ်၌၊ အသတ်နှင့်သာ၊ ချသည်မှာမူ၊ ညွန့်ရှင် ဟူ၏၊ သတ်မူမသတ်၊ ရောလတ်သည်
ကို၊ ပေါက်ပြ ဆိုရှင့်၊ ထိုအချမှာ၊ ၍မပါဘဲ၊ သာယာချိုမြ၊ ဧည်လေချသော်၊ ညွန့်ဖူး ခေါ်လော့၊ ထိုရော်အချ၊
က နှင့်တ ကား၊ ခေါ်ကြ ညွန့်လန်းထူးဆန်းထွေလာ၊ ဟူသည်မှာကား၊ ဆုံးမှာအချ၊ သုံးပါဒပင်၊ မညီချင်
တည့်၊ သည့်ပြင် ပုလဲသွယ်၊ သတ်ရောလှယ်လိမ့်၊ မှတ်ဖွယ် ရွှေလောင်းပျံ၊ ချဟန် စ-တ၊ က-မ-ရ တည့်၊
ဝ သတ် ဆုံးလျှင်၊ ညွန့်တုံး တွင်ရှင့်၊ သည့်ပြင်တမည်၊ နေခြည်ရောင်ပြေး၊ စာစပ်ရေးကား၊ လေဝဂါဒိ၊
အပြစ်ရှိလိမ့်၊ သီရိထွန်းညိတ်၊ ဖျောက်ဆိပ်လလယ်၊ ဟူသည်ဝယ်ကား၊ အသတ်များ၏၊ အဖျားကောက် ချီ၊
တလီ လည်ဂုတ်စ၊ ဟူသမျှ၌၊ စသည်ကိုသာ၊ ခေါ် စ ပါရှင့်၊ ကာရန်မမှတ်၊ အသတ်မညီ၊ အချီမမျှ၊ ရှိက
အထူး၊ ကက္ကူဆူးတည့်၊ နည်းတူ ဤမှာ၊ မဆိုရာ။    ။

ဒီ လင်္ကာမှာက (၁၃)မျိုးပဲ ဖော်ပြထားတာကို တွေ့ရပါမယ်။ ကဗျာ့ပါရဂူ ဖြစ်တော်မူတဲ့ ကျေးဇူးရှင် မန်လည်
ဆရာတော် ဘုရားကြီးကလည်း ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်ကို ဖွဲ့ဆိုသွားတော်မူခဲ့ပါတယ်။

မန်လည်ဆရာတော်ကြီးရေးသားတော်မူသော ကဝိကဏ္ဌပါသကျမ်းလာ
ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်

(၁) တနည်းမှတ်လော့၊ ပြလတ်ပိမ့်ငှာ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား၊ သုံးပုဒ်လုံးမူ၊
မတူချီချ၊ ရှိကမည်မှန်း၊ ထူးဆန်းထွေလာ၊ ဟု-ခရာနှင့်၊ ချပါအကဲ့၊ အညွန့်မဲ့ ဟူ၊ တမူနာမ၊ ထင်းမီးစ တည်း၊ ချီချသုံးလီ၊ မညီကျီကျူး၊ ကက္ကူဆူး ဟု၊ အထူးမှတ်လေ၊ သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊
င-ည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူစပ်သော်၊ ပညတ်ခေါ်သုံး၊ စာတုံး မည်ရ၊ အန္တမမှန်၊ ကာရန်မတူ၊ စာဆန်း
ဟူ၏၊ သရူသဝဏ်၊ ထပ်ဟန်မလွဲ၊ အသတ်လဲ၍၊ လှီးလွှဲတသွယ်၊ ဘီလူးရယ် တည့်၊ သူငယ်မလိမ္မာ၊ ဖွယ်
ရာမရှိ၊ ဆိုဘိသော့လား၊ စကားမည်ကာ၊ မစပ်ရာသား၊ လက္ခဏာခုနစ်၊ စင်စစ်မှတ်ဘိ၊ အမြဲသိလော့၊
သတ်ရှိချလျှင်၊ ညွန့်ရှင် ဟူလတ်၊ သတ်မဲ့တုံလျှင်း၊ ချီချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှတဖြာ၊ ဤ ခရာလျှင်၊
မပါချချီ၊ သညီ ငုံဖူး၊ အထူးမှတ်မော၊ သတ်ရော ၍ ပါ၊ ချီချရာကား၊ သညာမှတ်ဘွယ်၊ ပုလဲသွယ် ရှင့်၊ ရှေ့
ဝယ်မဆွ၊ ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊
ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့်၊ ထို့နောက်သ
မုတ်၊ ချီပုဒ်ကိုချ၊ ချပုဒ်တိုင်းချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီစမ္ပါယ်ချ၊ အချပုဒ်နှင့်၊ ကာရန်သင့်အောင်၊ ချီလင့်တုံက၊
မြင်းဆက်ခွ တည့်၊ ရှေ့ကဉာဏ်ဝန်၊ ဆရာမွန်တို့၊ နည်းညွှန်မှတ်ဖွယ်၊ မိန့်ခဲ့သွယ်တိုင်း၊ မကျယ်အကျဉ်း၊
လင်္ကာချဉ်းသည်။    ။ ရွှေမျဉ်းရွှေတန်-ရွှေကြိုးတည်း။    ။

(၂) က-စ-တ-ယ၊ ပ-ရ-မ တို့၊ သတ္တဗျဉ္ဇနာ၊ ချချီရာလည်း၊ မည်သာတတန်၊ ရွှေလောင်းပြန် ရှင့်၊ မှတ်ရန်
တမူ၊ သတ်တူသံတူ၊ ကာရန်တူချ၊ လ၏မည်ဆောင်၊ သော်တာရောင် တည့်၊ ထို့နောင်တပါး၊ ခြား၍မှတ်ကြ၊ က-တ-ထ ဖြင့်၊ ချသည့်တမည်၊ နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်းစဉ်ဆက်၊ သက်သက်ဝဏ္ဏ၊
ဧကဒွယာ၊ အကြားပါလတ်၊ သတ်မဲ့အက္ခရာ၊ ချတုံပါသော်၊ တွင်ခေါ်မြဲသိပ်၊ ဖျောက်ဆိပ်လလယ်၊ တသွယ်
မည်မှတ်၊ မ-သတ်နည်းငြား၊ အသတ်များတုံ၊ စာ ညွန့်ဟုံတည့်၊ မှတ်ပုံအဆုံး၊ ခုနစ်လုံးချ၊ ဟူသမျှကား၊ နာမ
ပညတ်၊ ခိုင်ညွတ်(ညွန့်)ခက်ဖြာ၊ နဝါချဘိ၊ မဏိဆံကျင်၊ ထို့ပြင်တဆစ်၊ ဆဲ့တစ်ချမှာ၊ အာသာဝတီ၊ ဆယ့်
ငါးပြီမူ၊ မှတ်ယူမည်ရှိ၊ မဏိဥပြည်း၊ တနည်းထိုမှ၊ ဆယ့်ကိုးချသော် ဇော်တခိုင်လုံး၊ ချထုံးတလီ၊ ပဉ္စဝီ ကား၊
တွင်ညီမည်မှတ်၊ မပြတ်ကေသာ၊ ပဉ္စာတိံသ၊ နာမမည်ပြု၊ ဇမ္ဗူ့သပြေ၊ ထိုထက်ထွေ၍၊ ချစေလင်္ကာ၊ ထုံးမ
လာတည့်၊ နည်းနာလက်ရှိ၊ အရိုးသိလော့၊ ကဝိကဏ္ဌ၊ ပါသခေါ်ညွှန်း၊ နန်းစဉ်ထွန်းသည်။   ။
မော်ကွန်းရွှေပွင့်-တင်ထိုးတည်း။ ။

ဒီလင်္ကာအရတော့ ရတု ချီနည်း ချနည်း ၂၇-မျိုး ရှိပါတယ် ... ညွန့်မဲ့ နဲ့ ထင်းမီးစကအတူတူပါပဲ။

ဒီ ချီနည်းချနည်းတွေကို လေ့လာကြည့်တဲ့အခါ ကျမ်းတွေမှာပါတဲ့နည်းတွေက ၄၁-မျိုး၊ ၂၈-မျိုး အစရှိသဖြင့်
အမျိုးမျိုးရှိပေမဲ့ ယေဘူယျပြန်ခွဲကြည့်ရင် အဓိက အားဖြင့်တော့
(၁) လုံးရေ အရ
(၂) အက္ခရာ နဲ့ အသတ် အရ
ဆိုပြီး (၂)မျိုးပဲ ရှိပါတယ် ... တကယ်တမ်းတော့ ၇-လုံး ချ ခိုင်ညွန့်ခက်ဖြာရတုမျိုးပဲ များပြီး တခြားချနည်း
ရတုမျိုးက အလွန်နည်းပါးလှပါတယ်။ ဒီတော့ တခုချင်းကို အသေးစိတ် ထပ်ပြီး ဆက်လက်ဖော်ပြပါမယ်။

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၅)

ရတု

(၂) အမျိုးအစားအားဖြင့်

"ရတု" ဆိုတဲ့ အမည်အကြောင်းပြောပြီးတဲ့နောက်မှာ ရတုအမျိုးအစားတွေကို ဆက်ပြောပါမယ်။ ရတုဟာ
ပျို့ မော်ကွန်း စတဲ့ ကဗျာတွေနဲ့မတူဘဲ စည်းကမ်းကြီးတဲ့ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ရှေးစာဆိုတို့ဟာ စိတ်
ဝင်စားဖွယ် ရတုပုံစံ အမျိုးမျိုးဖွဲ့ဆိုခဲ့ကြပါတယ်။ ရတုအမျိုးအစားတွေကို ပြောရမယ်ဆိုရင်တော့ အဖွဲ့အနေ
အထားအရ၊ အပိုဒ်ရေအရ၊ ချီပုံချပုံအရ အမျိုးမျိုးခွဲခြားလို့ရပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် အပိုဒ်ရေအရ 
ခွဲခြားပြီးပြောပါတယ်။ 

ဒီလိုခွဲခြားတဲ့အခါ ...
‎(၁) ဧကပိုဒ်ရတု (အပိုဒ်ကြီး ၁-ပိုဒ်သာ ပါသောရတု)
‎(၂) အဖြည့်ခံရတု (အပိုဒ်ကြီး ၂-ပိုဒ် ပါသောရတု)
‎(၃) ပိုဒ်စုံရတု (အပိုဒ်ကြီး ၃-ပိုဒ် ပါသောရတု) ... ဆိုပြီး အဓိကအားဖြင့် ၃-မျိုး ခွဲခြားထားပါတယ်။
နောက်ပိုင်းမှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။

အဲဒီ ၃-မျိုးထဲက ပိုဒ်စုံရတုမှာ ...

(က) သုံးချက်ညီ ပိုဒ်စုံ
(ခ) သတ်စေ့နှက်-သုံးချက်ညီ ပိုဒ်စုံ
(ဂ) ကိုယ်တွင်းပြည့် ပိုဒ်စုံ
(ဃ) စကြာ ပိုဒ်စုံ
(င) တောင့်တဲတွန့် ပိုဒ်စုံ
ဆိုပြီး အချီ အချပုံစံ၊ စပ်ပုံစပ်နည်း၊ ပဒအနေအထား၊ ကာရန်အနေအထား ကွဲပြားတာကိုလိုက်ပြီး ငါးမျိုး
ထပ်ခွဲပါတယ်။

အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရဟာ ရတုပုံ ပုံဆန်းပုံသစ်ကို အထွင်နိုင်တော်မူဆုံး
စာဆိုကြီးပဲ ဖြစ်ပါတယ်။ ပိုးတောင့်တဲကလေးတွေ လမ်းလျှောက်သလို ခြေလှမ်းကြဲချည် စိပ်ချည်နဲ့
အက္ခရာလေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ်ဖွဲ့ ဆိုရတဲ့ ရတုကို တောင့်တဲတွန့်ရတု ဆိုပြီး အမည်တွင်
ခဲ့ပါတယ်။ ကမ္ဘာကျော် ညှို့မင်းသမီး မာရီလင်မွန်ရိုး (Marilyn Monroe) ရဲ့ wiggle walk ကို သတိ
ရချင်စရာပါပဲ။  ဆရာတော်ဟာ ဒီနည်းကို ‘ဝဏ္ဏပဘာ’ချီ တောင့်တဲတွန့်ရတုမှာ ‘ဝဏ္ဏပဘာ၊ ကလျာ
ဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လစ်တင့်စံပယ်၊ လှမျိုးကြွယ်သား’ စသည်ဖြင့် စပ်ဆိုထားပါတယ်။ 
(မူကွဲအနေနဲ့ သုဝဏ်ပဘာ၊ ရွှေကြာပွင့်ဖူးသစ် ... ဆိုပြီးလည်း တွေ့ဖူးပါတယ်)

တခြားစပ်ဆိုနည်း အဆန်းတွေကတော့ ကြာဝတ်ဆံတိုင် တစ်ခုတည်းကနေ ပွင့်ချပ်တွေ ဖြာထွက်လာ
တဲ့ ပဒုမ္မာကြာပန်း ပုံသဏ္ဌာန်မျိုး ဖွဲ့ဆိုတဲ့ ပဒုမ္မာကြာဆိုနည်း ရတု ဆိုပြီးလည်း ထွင်ဆိုတော်မူခဲ့ပါသေး
တယ်။ ဆရာတော်၏ အမြတ်ငါးဆူ ဧကပိုဒ်ရတုမှာ -

ငါးဆူ ရွှေကြာ၊ နိမိတ်လာ၍၊
ငါးဖြာမြွာလျှက်၊ တစ်ပင်နက်တွင်၊
ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက စသည်ဖြင့် ‘ငါး’ ဆိုတဲ့ စကားတစ်လုံးတည်းကို ကြာဝတ်ဆံတိုင်လို ဗဟို
ပြုပြီး ပဒုမ္မာကြာဆိုနည်း ရတုကို စပ်ဆိုခဲ့ပါတယ်။ (ယန္တရားစကြာလည် ရတုလို့လည်း ခေါ်ပါတယ်) ၊
ဒါ့အပြင် ပုလဲတစ်တန့် သန္တာတစ်တန့် ရတု ဆိုပြီးတော့လည်း အမည်မှည့်လို့ တီထွင်စပ်ဆိုခဲ့ပုံကို-
မြတ်မျိုး မြင့်မှန်၊ ကြင်ပေတန်၍၊  ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား ... စတဲ့ ဧကပိုဒ် ရတုမှာ ပုလဲလုံး
သဖွယ် အက္ခရာ ညီညီတစ်တန်း၊ သန္တာကျောက်သဖွယ် အက္ခရာမညီတဲ့ အပိုဒ်တစ်တန်းဆစ်ပြီးဖွဲ့ထား
ကြောင်းတွေ့ရပါတယ်။

ဒီနည်း နှစ်နည်းကိုတော့ ကျနော် လင်္ကာ အခန်းမှာ ရေးသားခဲ့ပြီးဖြစ်တာမို့ဒီမှာ အကျယ်မဖော်ပြတော့
ပါဘူး။ မြန်မာကဗျာ ဆိုတာ ဂျို(ချို)နဲ့လား (၇) - လင်္ကာ အခန်းမှာ အကျယ် ပြန်ဖတ် ကြည့်နိုင်ပါတယ်။

တခြားစပ်ဆိုနည်း အဆန်းရတုတွေကတော့ ...
ရွယ်ရန်ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီသား’ ဟူသော အက္ခရာတစ်လုံးတည်းကို အပိုဒ်တိုင်းတွင် ရွဲသီသ
လိုသုံးပြီး ရေးတဲ့ မုတ္တာရွဲသီရတုတွေလည်းရှိတဲ့အပြင် နဝဘာအင်း ဆိုနည်း၊ တံခွန်စာဆိုနည်း၊ သန်လျှက်
စာဆိုနည်း၊ မြင့်မိုရ်ဆိုနည်း၊ သုံးလွန်းတင်ဆိုနည်း၊ ဥသျှောင်ဆိုနည်း စတဲ့ စာဆိုနည်းတွေနဲ့ စပ်ဆိုထား
ကြတဲ့ ရတုတွေလည်း ရှိပါတယ်။ ဒါတွေကတော့ လင်္ကာစာရင်းထဲလည်း ထည့်လို့ရပါတယ်။ များသော
အားဖြင့် တပိုဒ်တည်းသာ ရေးကြတာမို့ (ဧကပိုဒ် ရတု) အဖြစ် ယူဆ ကြတာ ဖြစ်ပါတယ်။ မုတ္တာရွဲသီရေး
နည်းကတော့ ပဒုမ္မာကြာဆိုနည်းနဲ့ ဆင်ပေမဲ့ ပဒုမ္မာကြာဆိုနည်းမှာလို “စာလုံးတလုံးတည်း” မဟုတ်ဘဲ “အက္ခရာတလုံးတည်း” ကိုသာ သုံးတာဖြစ်ပါတယ်။

ရေးဖွဲ့တဲ့အကြောင်းအရာအပေါ် မူတည်ပြီးလည်း ရတုဖွဲ့ဆိုရာမှာ အမျိုးမျိုးကွဲပါသေးတယ်။ မြတ်စွာဘုရား
ကနေစပြီး ပုဂ္ဂိုလ်တဦးဦးကို တိုင်တည်ဖွဲ့ဆိုထားတဲ့ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတု၊ သစ္စာတိုင်ရတုတွေ
တင်မက နတ်တိုင်၊ ရုက္ခစိုးတိုင်၊ ရှင်ဥပဂုတ်တိုင်၊ မိုးတိုင်ရတု စတဲ့ရတုတွေ၊ စစ်ချီစစ်တိုက်ရင်း ဖွဲ့ဆိုတဲ့ စစ်
ချီရတု၊ တိရစ္ဆာန်တမျိုးမျိုးကို စေလွှတ်ပြီး ပေးတဲ့ပုံစံမျိုးဖွဲ့ဆိုတဲ့ ကျေးစေရတု၊ သာလိကာစေရတု တွေသာ
မက ခွေးစေ၊ တစ္ဆေစေ ဆိုတဲ့ ရတုတွေအပြင် ရာသီဥတုနဲ့ပတ်သက်ပြီး ဖွဲ့ဆိုတဲ့ ရာသီဘွဲ့ရတု၊ မိုးတော
ရတု၊ မိုးကြိမ်ရတု၊ မိုးငေါ့ရတု၊ ခရီးလမ်းပန်းအကြောင်း ဖွဲ့ဆိုတဲ့ တောလားရတု၊ ရေလားရတု စတာတွေ
အပြင် မြို့ဘွဲ့ရတု၊ ဘုန်းတော်ဘွဲ့ရတု၊ မောင်ဘွဲ့မယ်ဘွဲ့ရတု၊ မေးဖြေရတု၊ အခံရတု၊ အလိုက်ရတု၊ သျှိုး
လိုက်ရတု၊ မင်္ဂလာရတု ... အစရှိသဖြင့် အမျိုးပေါင်း များစွာရှိပါတယ်။ ဒါကြောင့် ယေဘူယျအားဖြင့် အတိ
အကျသတ်မှတ်လို့လွယ်တဲ့ အပိုဒ်ရေကို အခြေခံပြီးခွဲခြားခြင်းဟာ သင့်တော်ပါတယ်။

အချီအချပေါ် မူတည်ပြီး ရတုအမျိုးအစား ခွဲခြားပုံကိုတော့ အမှတ် (၄) အချီအချအားဖြင့် 
ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဖော်ပြပါမယ်။

(၃) ပိုဒ်ရေအားဖြင့်

တကယ်တော့ ရတုဟာ လင်္ကာကနေ ပေါက်ပွားလာတဲ့ ကဗျာအဖွဲ့အနွဲ့ဖြစ်ပေမဲ့ လင်္ကာလို မဟုတ်ဘဲ 
ဖွဲ့ဆိုရာမှာ စည်းစံနစ် ရှိပါတယ်။ လင်္ကာမှာ ပိုဒ်ရေတွေ ကြိုက်သလောက်ဖွဲ့နိုင်သလို အဖျားချမှာလည်း
စာလုံးရေ အကန့်အသတ် မရှိပါဘူး၊ ရတုမှာ တော့ တပိုဒ်တည်းဖွဲ့စပ်လျှင် ဧကပိုဒ်နှစ်ပိုဒ်ဖွဲ့စပ်လျှင်
အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံ ရယ်လို့ခေါ်ဆိုပါတယ်။ စာဆိုဉာဏ် ဘယ်လောက်ထက်သန်တဲ့ သူ
ပဲဖြစ်စေ၊ ရတုကို အပိုဒ်ကြီးသုံးပိုဒ်ထက်ပိုမဖွဲ့ကြပါဘူး။ သုံးပိုဒ်ထက်ပိုတဲ့ ကဗျာတွေကိုလည်းများသော
အားဖြင့် ရတုလို့ အသိအမှတ် မပြုကြပါဘူး။ (သျှိုးလိုက်ရတုတွေကတော့ ချွင်းချက်အနေနဲ့ အပိုဒ်ရေ
သုံးပိုဒ်မက အများကြီးဖွဲ့ကြပါတယ်) အပိုဒ်ကြီးတပိုဒ်မှာ အချီပိုဒ် ခေါ် အစပိုဒ်နဲ့ အချပိုဒ်ခေါ် အဆုံးပိုဒ်
အပါအဝင် ပဒ (အပိုဒ်ငယ်) အရေအတွက် အားဖြင့် အနည်းဆုံး ၇-ပိုဒ် ကနေ အများဆုံး ၁၀၈-ပိုဒ် အ
ထိ ‎ထားနိုင်ပါတယ်။ ၁၀၈ - ပဒထက် ပိုပြီး မဖွဲ့ရပါဘူး။ အဖျားချတွေမှာလည်း (၃)လုံး၊ (၅)လုံး၊ (၇)လုံး၊ 
(၉)လုံး၊ (၁၁)လုံး၊ (၁၅)လုံး၊ (၁၉)လုံး စသည်ဖြင့် အနည်းဆုံး ၃-လုံးကနေ အများဆုံး ၃၅-လုံးအထိ 
အဖျားချစာလုံး အရေအတွက် သီးသန့် သတ်မှတ် ထားပါတယ်။ (၃)လုံးနဲ့ (၅)လုံးက အသုံးအလွန် 
နည်းပါတယ်။ “အမှတ် (၄) အချီအချအားဖြင့်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဆက်လက် 
ဖော်ပြပါမယ်။  စိတ်ဝင်တစား ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ...

- ဟယ်ရီလွင်

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၄)

ရတု

အခု ဖော်ပြမှာကတော့ လူအများဆုံးမေးကြတဲ့ လေးလုံးစပ်ကဗျာလင်္ကာထဲမှာပါတဲ့ ရတု စပ်နည်းပဲ ဖြစ်ပါ
တယ်။ ‎ရတုဟာ လင်္ကာရဲ့ အကိုင်းအခက် တခုပဲ ဖြစ်ပါတယ်။ လင်္ကာကနေ မြစ်ဖျားခံလာတယ်လို့ မှတ်
ယူနိုင်ပါတယ်။ ရတုကို ခေတ်အဆက်ဆက်မှာ စာဆိုအကျော် အများအပြားက အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့ခဲ့ကြပါ
တယ်။

ရတုစာဆိုရှင်တွေကို ကြည့်မယ်ဆိုရင်တော့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောဒီပ၊
ဆီးပန်းနီဆရာတော် - တို့လို ရဟန်းပညာရှိတွေ၊ မင်းနဝဒေး၊ မင်းလက်ဝဲသုန္ဒြ၊ မင်းဥက္ကာပျံ၊ မင်းလက်ဝဲသုန္ဒရ - စတဲ့ အမတ်ပညာရှိတွေ၊ လှော်ကားသုံးထောင်မှူး၊ ထောင်သင်းမှူး၊ ဇေယျရန္တမိတ်၊ ရှင်သံကိုယ် -
စတဲ့ အရာရှိအရာခံတွေ၊ ရာဇဓာတုကလျာမင်းသမီး၊ ဆင်ဖြူရှင်မင်းတရားသ္မီးတော် နဲ့ ကြံညှပ်မင်းသ္မီး
စတဲ့ မဟာဆီမဟာသွေး မင်းသမီး သမီးတော်တွေအပြင် အင်းဝဘုရင် ပထမမင်းခေါင်၊ ဇင်းမယ်ဘုရင်
မင်းမြတ်၊ တောင်ငူဘုရင်မင်းမြတ် (နတ်သျှင်နောင်)၊ ဟံသာဝတီရောက် မင်းတရားကြီး တို့လို ဘုရင်
မင်းမြတ်စာဆိုတော်တွေပါ ရှိပါတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်စာဆိုကတော့ နည်းပါးလှပါတယ်။

ရတုစပ်နည်းဟာ အတော်လေး ကျယ်ပြန့်ပါတယ်။ “မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဆင်းသောရေ
သည် မဟာသမုဒ္ဒရာ ၌သာ ပေါင်းဆုံမြဲဖြစ်ကြသကဲ့သို့ စင်စစ်အားဖြင့် ခပ်သိမ်းသော စာစီစာကုံး ရေးထုံး
ရေးနည်းဟူသမျှတို့သည်၊ မူလအခြေခံကြီး ဖြစ်သော ထိုရတုရေးနည်းကို နားလည်လျှင်မည်သည့်အစပ်အ
ဟပ်မျိုးမှာမှခဲယဉ်းဘွယ်မရှိပြီ ...” လို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
မိန့်ဆိုထားပါတယ်။ ဒါကြောင့် ရတုကဗျာရဲ့သဘောလက္ခဏာကို ‎အကုန်အစင်သိပြီးပြီဆိုရင် ပျို့၊ မော်ကွန်း၊
ရကန်၊ အဲချင်း၊ အိုင်ချင်း၊ အန်ချင်း တို့ကိုလည်း ‎အကုန်လွယ်ကူ နားလည်နိုင်ပါလိမ့်မယ်။ ရတု ရေးနည်း
ဥပဒေသတွေကိုလည်း အရင် ကဗျာပုံစံတွေလိုပဲ ဝိဘာဂ အစိတ်အပိုင်း ၈-မျိုးနဲ့ ပိုင်းခြားပြပါမယ်။ ဒီလို
ပိုင်းခြားမပြခင်မှာရတုအကြောင်း၊ ရတုကဗျာတွေရဲ့ နောက်ခံသမိုင်းကိုအလျဉ်းသင့်လို့ ဒီနေရာမှာဗဟုသုတ အနေနဲ့ မကျဉ်းမကျယ် ရေးသားဖော်ပြပါမယ်။


ရတုဟူသည် ...

မြန်မာစာပေမှာ ပုဂံခေတ်ကတည်းက ရတုကဗျာတွေ ပေါ်ပေါက်နေတယ်လို့လည်း ထင်မြင်ယူဆဘွယ်
ရှိပါတယ်။ ပုဂံခေတ်မှာ ပေါ်ပေါက်တဲ့ ရတုတွေကို မျက်ဝါးထင်ထင် မတွေ့ရှိကြရပေမဲ့လည်း ရတုသဘော
သက်ဝင်တဲ့ လင်္ကာတိုကလေးတွေကို တွေ့ရှိရတာကြောင့် လည်းကောင်း၊ ပုဂံခေတ်ပေါ်ကျောက်စာများမှာ
ကာရန်အစပ်အဟပ်ညီတဲ့ အဖွဲ့ကလေးများကို တွေ့ရ တာကြောင့် လည်းကောင်း၊ ဒီထင်မြင်ယူဆချက်တွေ
ဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ ဥပမာ ပြရရင် သက္ကရာဇ် ၅၃၆-ခုနှစ် နရပတိစည်သူမင်းကြီးလက်ထက်
မှာ မင်းယဉ်နရသိင်္ခ၏အထိန်းတော် အနန္တသူရိယအမတ်ဟာ မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရအံ့ဆဲ
ဆဲမှာ ရေးခဲ့တဲ့ ...

"သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"

အစချီတဲ့ လင်္ကာတိုကလေးရယ်၊ အဲဒီခေတ်ကာလလောက်ကပဲ ဖွဲ့ဆိုတယ်လို့ ယူဆနိုင်တဲ့ ...

"သိုးကလေး။    ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊
ရွှေနှင့်ယိုးမှား၊ ပန်းစကား"

အစရှိတဲ့ ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာရယ်၊ ဒါ့အပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုတယ်လို့ယူဆအပ်တဲ့ ...

"မြကန်သာ။ ။တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ 
ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။"

အစရှိတဲ့ ‘မြကန်ဘွဲ့’ လင်္ကာတိုကလေးရယ်မှာ ပဒလေးလုံး၊ ပဒသုံးလုံးနဲ့ အစချီလို့ လေးလုံးစပ် ကာရန်နဲ့
ဖွဲ့ဆို ထားပြီး အချပိုဒ်မှာလည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖွဲ့နွဲ့တာကြောင့် လင်္ကာလို့ပဲ ခေါ်ပေမဲ့
တကယ်တော့ ရတုသဘော သက်ဝင်တယ်လို့ ဆိုရပါမယ်။

ရတုစစ်စစ်အရေးအသားကို ပုဂံခေတ်နှောင်း၊ ပင်းယခေတ်ဦးလောက်မှာ စတင်တွေ့ရတယ်လို့ ဆိုရမှာဖြစ်
ပါတယ်။ ပင်းယခေတ် သက္ကရာဇ် ၇၀၀-ကျော်လောက်မှာ သက္ကတကျမ်းတတ် လောကနီတိဆရာ ပင်းယ
စတုရင်္ဂဗလအမတ်ကြီးက ရေးတဲ့ ...

ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ 
ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ...

အစချီတဲ့ ရတုကဗျာအဖွဲ့မှန်လို့ ဆိုအပ်တဲ့ ပိုဒ်စုံရတုကို မြန်မာစာပေနယ်ပယ်မှာ အစောဆုံးတွေ့ရပါတယ်။
ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော် ရှင်နာဂိတ ကို မြတ်စွာဘုရား တရားတော် ပရမတ္ထအရာ
အဘိဓမ္မာနည်းများအကြောင်းနှင့် စပ်လျဉ်းပြီး မေးမြန်းရေးသားထားတဲ့ အမေးပုစ္ဆာရတု ဖြစ်ပါတယ်။ တဖန်
ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့ပါတယ်။

တွေ့ရှိရသမျှ ရတုတွေထဲမှာ စတုရင်္ဂဗလအမတ် ရေးတဲ့ ဒီရတုဟာ အစဉ်အလာ အမှတ်အသားအရ
လေးလုံးစပ်ကာရန်စနစ်ကို အသုံးပြုတဲ့ ပထမဆုံးသော ကဗျာလင်္ကာ ဖြစ်ကြောင်း အသိအမှတ် ပြုထား
ကြပါတယ်။ ရတုပီပီသသ အဟောင်းဆုံး ရတုကြီးတစ်ပိုဒ်ပဲ ဖြစ်ပါတယ်။ လောက်လို့ ဆိုရပါလိမ့်မယ်။
ဒါပေမဲ့ တခြားရတုအများစုလို မယ်ဘွဲ့၊ မောင်ဘွဲ့ မဟုတ်ဘဲ မြတ်စွာဘုရားရဲ့တရားတော်အကြောင်းနဲ့
စပ်လျဉ်းရေးသားထားတဲ့ ဓမ္မသဘောသက်ဝင်တဲ့ရတု ဖြစ်ပါတယ်။

အင်းဝခေတ်ကနေ အစပြုပြီး ရတုနယ်ပယ်ဟာ ကျယ်ဝန်းလာပါတယ်။ အရေးအသားတွေလည်း တိုးတက်
လာပါတယ်။ မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုတွေ ပေါ်ပေါက်လာ ပါတယ်။ ရတုစာဆို အများအပြား ပေါ်
ထွန်းခဲ့ပါတယ်။ အင်းဝဘုရင် ပထမမင်းခေါင်၊ စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊
ရခိုင်သူ မိညို၊ အင်းဝသူ မိဖြူ၊ ရှင်ထွေးနာသိန် စတဲ့ စာဆိုတွေဟာ အင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြ
ပါတယ်။

အင်းဝခေတ်မှာ အရှိန်ရလာတဲ့ ရတုအရေးအသားဟာ တောင်ငူခေတ်မှာ တံခွန်စိုက်တယ်လို့ ဆိုရပါမယ်။
လူပုဂ္ဂိုလ် အများအပြားဖွဲ့ဆိုလာတာမို့ တောင်ငူခေတ်ကို ရတုခေတ်ကြီး လို့လည်း ခေါ်တွင်ပါတယ်။ သက္က
ရာဇ် ၉၀၀-ကျော် လောက်မှာ ရတုနဝဒေးကြီးလို့ ကျော်စောထင်ရှားတဲ့ စစ်ကိုင်း ထောင်သင်းမှူး (ခေါ်)
စလင်းလက်ျာ (ခေါ်) ပြည်နဝဒေးကြီးဟာ ရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးကို စပ်ဆိုဖွဲ့နွဲ့ခဲ့ပါတယ်။ ရတုအများ
ဆုံး ဖွဲ့နွဲ့ခဲ့တဲ့ စာဆိုရှင်ပါ။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ-ခန့် အကြာမှာ ရတုဘုရင် နတ်သျှင်နောင် ပေါ်ခဲ့
ပြန်ပါတယ်။ တောင်ငူဘုရင်မင်းမြတ် ဖြစ်တဲ့ နတ်သျှင်နောင်ဟာ မြန်မာကဗျာသမိုင်းမှာ စံတင်ရလောက်တဲ့
ရတုပုဒ်ရေ ၆၀-ကျော် ရေးသားဖွဲ့နွဲ့ခဲ့ပါတယ်။ စကားကျစ်လျစ် သိပ်သည်းပြီး လှပပြောင်မြောက်တဲ့ အဖွဲ့
တွေနဲ့ မွမ်းမံထားတဲ့ ရတုတွေကြောင့် နတ်သျှင်နောင်ကို ‘‘ရတုဆိုခြင်း၌ သိမ်မွေ့၏။ ဂမ္ဘီရဉာဏ်နှင့် ပြည့်
စုံ၏’’ဟု ဆိုကြပါတယ်။ နတ်သျှင်နောင်ရဲ့ ရတုတွေဟာ စာဆိုတွေရေးဖွဲ့သမျှ ရတုတွေထဲမှာ အကောင်း
ဆုံးလို့ အသိအမှတ်ပြုထားကြပါတယ်။ ဒါကြောင့် အဟောင်းဆုံး ရတုဆရာ ဟာ စတုရင်္ဂဗလအမတ်၊ အ
ကောင်းဆုံး ရတုဆရာဟာ နတ်သျှင်နောင်၊ အများဆုံး ရတု ဆရာဟာ နဝဒေး လို့ ဆိုပါတယ်။ တောင်ငူ
ခေတ်ရဲ့ ထင်ရှားတဲ့ တခြားရတုစာဆိုတွေကတော့ လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊
မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ပါတယ်။

ညောင်ရမ်းခေတ်မှာတော့ တောင်ငူခေတ်လောက် ရတုတံခွန်မစိုက်ပေမဲ့ ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ
စသော ရတုစာဆိုတွေ ရှိသေးတဲ့အတွက် ရတုအရေးအသား မပြတ်လပ်ခဲ့ပါဘူး။ ညောင်ရမ်း ၁၀-ဆက်
မြောက် ဟံသာဝတီရောက် မင်းတရားကြီးဟာ အင်းဝပျက်ပြီး ဟံသာဝတီမှာနေရတုန်း နတ်ရွာစံခါနီးမှာ
‘ပုဂ္ဂိုလ်ခြောက်မည်’ အစချီ သုံးချက်ညီ သံဝေဂပိုဒ် ရတုကို ရေးသားတော်မူခဲ့ပါတယ်။

ညောင်ရမ်းခေတ်အပြီး ကုန်းဘောင်ခေတ်မှာလည်း ရတုတွေ ဆက်လက်ရေးဖွဲ့ခဲ့ကြပြန်ပါတယ်။
“မဲဇာတောင်ခြေ” အစချီတဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ပိုဒ်စုံရတုဟာ အခုထိ ထင်ရှားဆဲ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ရတုစာဆိုတွေကတော့ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဥ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုးသူတော်ဦးမင်း၊ ဦးယာ၊ ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန်
မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ရတု ရေး
နည်း ဥပဒေသတွေအကြောင်း ဝိဘာဂအစိတ်အပိုင်း ၈-မျိုးနဲ့ပိုင်းခြားဖော်ပြပါမယ်။


‎ရတု ရေးနည်း ဥပဒေသများ

(၁) အမည်အားဖြင့်
ရတုဆိုတဲ့ စာလုံး ကို အမည်အားဖြင့် ကြည့်မယ်ဆိုရင် …
‎(က) သဘင်၊ အခမ်းအနား၊ အခြေအနေ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ မြန်မာပေါရာဏ (ရှေးစကား) စကားလုံး
‎(ခ) အခါရာသီ၊ ရာသီဥတု ဆိုတဲ့အနက်ကိုဖော်ပြတဲ့ သက္ကဋဘာသာစကားလုံးဖြစ်တဲ့ ‘ရိတု’ ဆိုတဲ့စကား
     က ရွေ့လျောလာတဲ့ စကားလုံး၊ (ပါဠိဘာသာအနေနဲ့ ‘ဥတု’ လို့ခေါ်ပါတယ်)
‎(ဂ) ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ လို့ အနက်အဓိပ္ပာယ်ရတဲ့ စကားလုံး (ဥပမာ -
     မဲဇာတောင်ခြေ-ရတု)
စသဖြင့် ၃-မျိုးရှိပါတယ်။

‎တချို့ကလည်း ‘ရတိံ၊ ဇနေတီတိ၊ ရတု’၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏
လို့ ဝိဂြိုဟ်ပြုခဲ့ကြပါသေးတယ်။ ဒီလို ရတု ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ၃-မျိုးကို ဥပမာ အနေနဲ့
ကောက်နုတ်ဖော်ပြထားတာတွေကို အနည်းအကျဉ်း တင်ပြပါ့မယ် ...

‎‎(က) ‘သဘင်၊ အခမ်းအနား၊ အခြေအနေ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....

• ‎ကျူးချီပဉ္စင်၊ သဘင်ပျော်မှု၊ မင်း‘ရတု’ဖြင့်၊ ရွယ်နုထွားမွတ် ... ။ (ဇယဒိသပျို့)

• ‎ရွှင်ပြုံးပျော်ပါး၊ နဂါးတို့မှု၊ ‘ရတု’သဘင်၊ ပဉ္စင်တူရိယာ ... ။ (စမ္ပေယျပျို့)

• ‎မြစ်ခွင်အလုံး၊ မဆုံးလေမှု၊ ရေ ‘ရတု’ ဝယ်၊ ပြည်သူ့ဦးခေါင်း ... ။ (မဟာဝီရချီ - ကျေးသားခန်း)

• ‎သည်းကြားလွန်ကြင်၊ မိချစ်ရှင်အား၊ သဘင် ‘ရတု’၊ မင်းမှုပိုက်ဖြား ... ။ (သခင်ကြီးဧးချင်း)

• ‎စမြောင်ရွှေသိုင်း၊ ရီရိုင်းရောရု၊ မင်း ‘ရတု’ ဖြင့်၊ မင်းမှုမင်းလျှောက် ... ။ (ဇနကပျို့)

‎ဒီနေရာမှာ ဗဟုသုတအနေနဲ့ ပြောရရင် ....

• အများနဲ့စပ်ဆိုင်တဲ့ အဖွဲ့မျိုးဟာ ‘သဘင်’၊

• အများနဲ့မစပ်ဆိုင်ဘဲ တဦး တယောက် အတွက်ပဲ စပ်ဆိုထားတာဆိုရင် ‘အခမ်းအနား’၊

• ပကတိဖြစ်ထွန်းတဲ့ သဘာဝဓမ္မ ဩကာသ လောက တောတောင် ရေ မြေ အခြေအနေတွေကို ပြရင်
‘အခြေအနေ’ ...

ဆိုတဲ့ သဘောသက်ရောက်ကြောင်း ယူဆကြပါတယ်။ ရွှေရတု၊ ငွေရတု၊ စိန်ရတု စတဲ့ အခမ်းအနား
ကို ခေါ်ဝေါ်ကြပုံမျိုးပါ။ ရှေးဟောင်း မြန်မာဘာသာစကားသုံး သက်သက်မျှသာ ဖြစ်ပါတယ်။

‎(ခ) ‘အခါရာသီ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....

• ‎သန်ဆောင်းခါနွေ၊ သုံးထွေဥတု၊ ‘ရတု’ ခြောက်လီ၊ ရာသီသာစွာ့၊ ဆဲ့နှစ်လတွင် ... ။ (ဣတိသိင်္ဂပျို့)

• ‎မပူမလောင်၊ မခေါင်မိုးလေ၊ သုံးထွေ ‘ရတု’၊ ညီသမှုဖြင့်၊ တောင်သူ့တောသား ... ။ (ဂုတ္တိလပျို့)

• ‎နန်းတောင်းများလျှင်၊ ငါးရာ့ခုနစ်ဆယ်၊ စွန်းကယ်သုံးခု၊ ‘ရတု’သစ်ဆင်း ... ။ (စစ်ကိုင်းမင်း - မျိုးတော်ရတု)

• ‎နယုံတွယ်တာ၊ နံကာပန်းလု၊ ‘ရတု’သစ်ဆင်း၊ တော်သလင်းလျှင် ... ။ (နဝဒေးဆို - ဟံသာဝတီဖွဲ့ရတု)

• ‘ရတု’ခြောက်မည်၊ အတည်တည်၊ မည်သို့ခွဲချမ်းပေလိမ့်နည်း။ (စွယ်စုံကျော်ထင် - ညသတ်)

• ‎ဂိမန္တဟု၊ သာလှပျော်မှု၊ သည် ‘ရတု’ ၌၊ ညွန့်နုဆဲဆဲ ... ။ (ဂါထာ ၆၀-ပျို့)

• သုံးလီဥတု၊ လက်ဝယ်လုသား၊ ‘ရတု’သာစွာ့၊ လမဏ္ဍလင်၊ သဘင်ဂိမှန် ... ။ (ကပ္ပီလဝတ်ကြွခန်း
- တောလားရတု)

‎တစ်နှစ်မှာ နွေမိုးဆောင်း သုံးရာသီရှိသလို ရတုမှာလည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိပါတယ်။
အကြောင်းအရာ အားဖြင့် ရာသီဘွဲ့တွေကို အထူးဖွဲ့ဆိုခဲ့ကြတာလည်း ရှိပါတယ်။

‎(ဂ) ‘ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....

• ‎‎အေးကြိုက်ချည်ချည်၊ ဖျည်ဖျည်ညှင်းညှင်း၊ သီချင်း ‘ရတု’၊ ပျော်မှုတသီး ... ။ (သံဝရပျို့)

• တတ်သော်ကောင်းဟု၊ ညှင်းစောင်းကဗျာ၊ လင်္ကာ ‘ရတု’၊ ရေးသားမှုနှင့် ... ။
  (ရှင်မဟာရဋ္ဌသာရဆို - ကိုယ်ရည်သွေးရတု)

• ‎သိပ္ပခေါင်ထွတ်၊ တတ်ပါစေချည်း၊ ဖွဲ့နည်းကဗျာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ ... ။
   (နန်းတွင်းသူ မယ်ဖြူဆို - ကိုယ်ရည်သွေးရတု)

• ‎ဝှန်တက်ပညာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့် ... ။
  (နန်းတွင်းသူ မယ်ညိုဆို - ကိုယ်ရည်သွေးရတု)

• ‎ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား ... ။
  (မာန်လည်ဆရာတော်ရေး ရတုချီနည်းချနည်း လင်္ကာ)

‎စသဖြင့် ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ညောင်ရမ်းခေတ်မတိုင်မီက ရတုကို ‘ရမန္တိ သတ္တာ 
ဧတ္ထ တေနာတိဝါရတု’ ရယ်လို့ ဝိဂြိုဟ်ပြုသူက ပြုကြပါတယ်။ အနက်ကတော့ ... သတ္တာ၊ 
သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊ မွေ့လျော်ကြကုန်၏။ ထိုကြောင့် 
ဝါရတု၊ ရတုဟု ခေါ်၏ ... လို့ အနက်ပြန်ထားပါတယ်။

အဓိက ဆိုလိုချင်တာကတော့ ရတု ဆိုတဲ့ စကားလုံးကို ‎အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားပြီး သုံးစွဲလေ့ရှိတယ်၊
သုံးစွဲနိုင်တယ်ဆိုတာပါပဲ။‎ ရတု လို့တွေ့ရတိုင်း ကဗျာပဲ လို့မပြောနိုင်ပါဘူး။ တခြားအဓိပ္ပာယ်တွေနဲ့
လည်း သုံးနိုင်ပါတယ်။

‎“ရိုးသားလှသော အမျိုးသမီး” လို့ အဓိပ္ပာယ်ရတဲ့ “ရတူ” ဆိုတဲ့ ပါဠိဘာသာကနေ ရတု-ဖြစ်လာတယ်
လို့လည်း မှတ်သားဖူး ပါတယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ် စတဲ့ ကဗျာတွေလို အချိုးအဆစ် အက္ခရာ
လုံးရေအားဖြင့် အဆန်းတကြယ် ဖွဲ့နွဲ့စီကုံးခြင်း မဟုတ်ဘဲ အချိုး မဖက် ၄-လုံးစပ် ရိုးသားတဲ့ မိန်းမပျို
လေးလို ရိုးရိုးကလေးစီကုံးတဲ့ အဖွဲ့အနွဲ့ဟာ ရတုမည်တယ်လို့ ဆိုလို ခြင်း ဖြစ်ပါတယ်။ ရတုသွားတွေ
ကို ကြည့်လျှင်လည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။

မြန်မာမှုမှာ ဥတု ၃-ပါး၊ ဥတု ၆-ပါးကို ရတု ၃-ပါး၊ ရတု ၆-ပါးလို့ ဆိုလေ့ရှိသလို၊ အနံ့ကို ရနံ့ ဆိုပြီး
ပြောဆိုသလို ရတုဆိုတာဟာလည်း အတုနှင့်အတူတူပဲဖြစ်တယ်။ ‘အတု’ ဆိုတဲ့ မြန်မာစကားမှာ ‘အ’
နေရာမှာ ‘ရ’ ကိုသွင်းပြီး ရတု ဖြစ်လာတယ်လို့လည်း ဆိုသင့်ကြောင်း ပြောကြပါတယ်။ ဒါ့အပြင် ရတု
ကို မြန်မာဝေါဟာရအနေနဲ့စဉ်းစားကြသူတွေကတော့ ရတု ဆိုတာ ရ နှင့် တုကို ပေါင်းထားတာဖြစ်လို့
မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုတဲ့ ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြပါတယ်။ ရကန်-ဆိုတဲ့ ကဗျာလင်္ကာစီကုံး
ရာမှာ တပါးသူတို့ရဲ့ စာသွားစာလာကို ကန်ကျောက်တွန်းလှန်ပြီး ရေးစပ်ရတယ်လို့ ဆိုပါတယ်။ ရတု
ကတော့ ဒီလိုမဟုတ်ဘဲ ရှေးသူဟောင်းတွေရဲ့ စာသွားစာလာကို အတုယူပြီး စီကုံးဖွဲ့နွဲ့ကြရပါတယ်။
ရှေးပုဒ်အချီအချကို နောက်ပုဒ်က အတုလိုက်ပြီး ချီရ-ချရပါတယ်။ ဒါကြောင့် အတုအပ အပြိုင်အဆိုင်
စပ်ဆိုတဲ့ ကဗျာတမျိုး၊ အတုယူကာ အတုပြုကာ ဖွဲ့ဆိုရတဲ့ အဖွဲ့ကို ရတု-လို့ ဆိုလိုပါတယ်။  ကျန်တဲ့
ဥပဒေသတွေကို ဆက်လက်ဖော်ပြသွားပါ့မယ် ...

- ဟယ်ရီလွင်