မြန်မာကဗျာများသည် ပုဂံခေတ်မှပင် စတင်ပေါ်ပေါက်လာခဲ့ပြီး ခေတ်စမ်းကာလအထိ ပုံသဏ္ဌာန်၊ ကာရန်၊ အသံစည်းမျဉ်းများကို ရှေးရေးထုံးများ အတိုင်းသာ လိုက်နာဖွဲ့ဆို ခဲ့ကြရာမှ ၁၉၇၀ ဝန်းကျင်တွင် ထိုစည်းမျဉ်းများကို မလိုက်နာဘဲ ဆန်းသစ်သော အတွေးအမြင်နှင့် ခံစားမှုအပေါ် လွတ်လပ်စွာ ဖွဲ့ဆိုသည့် ခေတ်ပေါ်ကဗျာသစ် စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ထိုအချိန်မှစ၍ ခေတ်ပေါ်ကဗျာများသည် ပင်မရေစီးအဖြစ် အရှိန်အဟုန်ကောင်းစွာ စီးဆင်းခဲ့ရာ မူလရေစီး (Primary stream) သည် အဟုန်တန့်သွားသလို လေ့လာလိုက်စားသူ ရေးသားသူ နည်းပါးလာပြီး တိမ်ကောလုမတတ် ဖြစ်သွားခဲ့ရသည်ဟု ယူဆမိပါသည်။ ထိုသို့ ဖြစ်ရသော အကြောင်းရင်းများကို လည်းကောင်း၊ သမိုင်းကြောင်းကို လည်းကောင်း ဤနေရာတွင် လေ့လာသုံးသပ်ရန် မရည်ရွယ်ပါ။ နောက်ခံပုံရိပ်ကို အမြွက်မျှ တင်ပြခြင်းသာ ဖြစ်ပါသည်။
ထိုသို့ မူလရေစီးတွင် စီးမျောရေးသားသူများ နည်းပါးသွား သော်လည်း ဖတ်ရှုသူများမှာ သိသာစွာ တိမ်ကောမသွားသေးဘဲ မူလရေစီး ဂန္ထဝင်ကဗျာများကို မြတ်နိုးစွာ ဖတ်ရှုလိုကြဆဲ ရှိနေသေးသည်ကို သတိပြုမိပါသည်။
ရှေးကရေးသားခဲ့ကြသော ကဗျာများမှာမူ ဂန္ထဝင်ကဗျာများအဖြစ် မြန်မာကဗျာလောကတွင် အခိုင်အမာ နေရာရရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုကဗျာများကို မူလရေစီးအဖြစ်သတ်မှတ်လျှင် ရကောင်းသော်လည်း ခေတ်စမ်းကာလနောက်ပိုင်း ထိုမူလရေစီးကြောင်းဝင် ရှေးရေးထုံးများအတိုင်း လိုက်လံဖွဲ့ဆိုသော ကဗျာများကိုမူ တိကျသော အမည်နာမ မရှိဘဲ သရုပ်မှန်၊ ကာရန်ကဗျာ၊ဂန္ထဝင် စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲလျက်ရှိနေကြပါသည်။ ထိုကဗျာများကို ကျနော့်အနေနှင့် "ဂန္ထဝင်သစ်" ဟူ၍ သုံးနှုန်းလိုပါသည်။ ဤနေရာတွင် "ဂန္ထဝင်သစ်" ဟူသော စကားလုံးမှာ Neoclassicism ဆိုသော အင်္ဂလိပ်စကားလုံးမှ ဆင့်ပွား ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
နီယိုကလပ်စစ်ဆစ်ဇင်မ် သည် အနောက်တိုင်း အနုပညာဝါဒများတွင် ၁၈-ရာစု အလယ်ပိုင်းလောက်မှ စတင်ခေတ်စားလာသော ဝါဒ တခု ဖြစ်ပြီး ရှေးဟောင်းရောမနှင့် ဂရိ အနုပညာများကို ခံစားပြီး ထိုပုံစံများအတိုင်း လိုက်လံဖန်တီးသော ပန်းချီ၊ ပန်းပု၊ ပိသုကာ စသော အနုပညာလက်ရာများ ဖြစ်ပါသည်။ ၁၆-ရာစု လောက်ကပင် စတင်ခဲ့သည့် "မဟာခရီးစဉ်" (The Grand Tour) ဟု ခေါ်ကြသော အနုပညာ၊ ယဉ်ကျေးမှု၊ ဘသာစကားနှင့် အနောက်တိုင်းလူ့ယဉ်ကျေးမှု၏ အခြေအမြစ်များကို လပေါင်းများစွာ (အချို့နှစ်နှင့်ချီ၍) ကြာမြင့်အောင် သွားရောက်လေ့လာကြသည့် ဥရောပတခွင် လေ့လာရေး ခရီးစဉ်များမှ ပြန်ရောက်လာကြသည့် အနုပညာရှင်များသည် ၄င်းတို့၏ဌာနေတွင် ခရီးစဉ်အတွင်း လေ့လာခဲ့ကြသမျှ ရှေးဟောင်း အနုလက်ရာများကို ပြန်လည်ခံစားရင်း ထိုလက်ရာများအတိုင်း လိုက်လံဖန်တီးကြရာမှ ပေါ်ပေါက်ထွန်းကား ခဲ့သော အနုပညာဝါဒ တခုဖြစ်ပြီး ယနေ့တိုင် ဆက်လက်ဖန်တီးသူများ ရှိနေကြပါသေးသည်။
ယနေ့ မျက်မှောက်ကာလတွင် ရှေးကဗျာရေးထုံးများကို လိုက်နာရေးဖွဲ့သော ကဗျာများ၏ လက်ရှိအမည်နာမများကို သုံးသပ်ကြည့်ရလျှင် ထိုကဗျာများကို သရုပ်မှန်ဟု အချို့က ခေါ်ဝေါ်သုံးစွဲကြသော်လည်း ထိုအမည်သည် မဆီလျော်လှဟု ယူဆမိပါသည်။ အကြောင်းမှာ ထိုကဗျာများသည် "သရုပ်မှန်" ဟုဆိုပါက အခြားရေစီးများဖြစ်ကြသည့် ခေတ်ပေါ်/ခေတ်ပြိုင်ကဗျာများသည် "သရုပ်မှား" နေသလို အဓိပ္ပါယ်ဆောင်နေသဖြင့် မဆီလျော်လှဟု ယူဆမိခြင်း ဖြစ်ပါသည်။
တဖန် ဂန္ထဝင်ဟု သုံးစွဲရန်မှာလည်း ယေဘူယျအားဖြင့် နှစ်ပေါင်းနှစ်ရာကျော်ခန့် တည်တံ့လာမှသာ ဂန္ထဝင်ဟု သတ်မှတ်လေ့ ရှိကြသဖြင့် လက်ရှိ မျက်မှောက်ခေတ်တွင် ရေးသားနေသော ကဗျာများ ဂန္ထဝင်မော်ကွန်း တင်ရစ်/မတင်ရစ်ကို အဆုံးအဖြတ်ပေးရန် နောက်ထပ် နှစ်ပေါင်းရာချီ၍ စောင့်ရဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် ဂန္ထဝင်ဟု ခေါ်ဝေါ်သုံးစွဲရန်လည်း မဖြစ်နိုင်သေးပါ။
"မြန်မာကာရန်ကဗျာ" ဟူသော အမည်ကို ကြည့်ပြန်လျှင်လည်း ထိုကဗျာများသည် "ကာရန်" တခုတည်းသာမက အသံနှင့် ပုံသဏ္ဌာန် စည်းမျဉ်းများကိုပါ လိုက်နာစပ်ဆိုနေကြခြင်း ဖြစ်သလို ခေတ်ပေါ်ကဗျာများတွင်လည်း ကာရန်သာမက နဘေများဖြင့်ပင် စပ်ဆိုထားကြသော ကဗျာများ အများအပြား ရှိနေကြသဖြင့် ထိုအမည်သည်လည်း အဓိက အဓိပ္ပါယ်ကို ခြုံငုံနိုင်စွမ်းမရှိသေးဟု ယူဆမိပါသည်။
ထို့ကြောင့် ဂန္ထဝင် မဟုတ်သေးသော်လည်း မြန်မာကဗျာ၏ မူလရေစီးဖြစ်သည့် ဂန္ထဝင်မြောက် ရှေးကဗျာများ၏ ရေးထုံးအတိုင်း အသစ် လိုက်လံရေးဖွဲ့ကြသည့် ကဗျာများသည် အနောက်တိုင်း နီယိုကလပ်စစ်ဆစ်ဇင်မ် နှင့် အသွင်တူဖြစ်သည့်အတွက် "ဂန္ထဝင်သစ်" ဟု ခေါ်ဆိုလျှင် ဆီလျော်မည်ဟု ယူဆမိကြောင်း တင်ပြလိုက်ရပါသည်။
ချစ်ခြင်းတရားဖြင့်
- ဟယ်ရီလွင်