GertrudeStein: Why don’t you read the way I write?
သတင်းထောက် - ဘာကြောင့်များ ခင်ဗျားဟာ ခင်ဗျားစကားပြောသလို မရေးရတာလဲ။
ဂါးထရုစတိုင်း - ဘာကြောင့်များ ခင်ဗျားလဲ ကျုပ်ရေးသလို မဖတ်ရတာလဲ။
ဖလက်(ဖ)ကဗျာများဟာ ကွန်ဆက်ချူရယ်အသွင်ကွဲတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ဖလက်(ဖ)ကဗျာဆရာတွေထဲမှာ အရေးပါတဲ့ နန္ဒဂေါ်ဒွန် (Nanda Gordon)၊ ကေစီလမ်းမိုဟာမက် (K.Silem Mohammad) နဲ့ ဂယ်ရီဆူလေဗန် (Gary Suillivan) တို့ကိုစောင့်ကြည့်ရမယ့်သဘောဖြစ်သွားတယ်။ သူတို့ဟာ ဂူဂဲလ်ရှာဖွေအင်ဂျင်ကနေ မူလစာသားများကိုဖြတ်/ဆက် တည်ဆောက်လို့ရတဲ့ စာသား (Text) အသစ်တွေရဲ့ အားသာချက်ကိုယူပြီး ကဗျာတည်ဆောက်တဲ့ ဖလက်(ဖ)ကဗျာတွေဟာ ကွန်ဆက်ချူရယ်ကို ပံ့ပိုးပေးတယ်လို့ အမေရိကန်ကဗျာ အကယ်ဒမီက ညွှန်းတယ်။ သူတို့ဟာ ကဗျာကို ရည်ရွယ်ချက်ရှိရှိ ဆိုးရွားအောင် (Result as a primary text tocreate poems that are intentionally “bad” or “inappropriate” ) ပြုလုပ်ကြတယ်လို့အမေရိကန်ကဗျာအကယ်ဒမီဆိုဒ်က ဖော်ပြတယ်။ ဒီတော့ ကွန်းဆက်ကဗျာတွေအကြောင်းကို သိချင်ရင် ဒီဝေါကင်နဲ့ ဂိုးစမစ်တို့ရဲ့ “ကွန်ဆက်ချူရယ်အရေးအသားများ ပေါင်းချုပ်” “ဖော်ပြချက်အားဆန့်ကျင်ခြင်း” (Against Expression) ကို လေ့လာရမှာဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ ကွန်တမ်ပိုရာရီဆိုဒ်ကိုလည်းလေ့လာသင့်တယ်လို့ အမေရိကန်ကဗျာဆရာ အကယ်ဒမီကဆိုတယ်။ အီးအေပိုး (E.A. Poe) က သူ့ရဲ့စာသားတည်ဆောက်မှု ဖလော်ဆော်ဖီ (The Philosoply of Composition) မှာတော့ နားလည်မှု (Percision) နဲ့ သင်္ချာပုစ္ဆာရဲ့ ဆက်စပ်တွေးခေါ်မှု အကျပ်တွေရယ် ရှေ့ဆက်ပြီး တစ်ဆင့်ပြီးတစ်ဆင့်သူ့လိုရာကို ရောက်အောင်သွားတဲ့ အရေးအသား” လို့ ဆိုခဲ့တယ်။ ဒီလိုအရေးအသားမျိုးဟာ ချက်ချင်းလက်ငင်းကောက်ပြီးပေါ်ပေါက်လာတာမျိုးတော့ မဟုတ်ပါ။ ပြီးခဲ့တဲ့ နှစ်ဆယ်ရာစုကတည်းက ပေါ်ပေါက်ဖို့တာစူနေခဲ့တယ်။ အံ့သြစရာကောင်းတာက ကဗျာလောကမှာ ဒီအရေးအသားမျိုးပေါ်ပေါက်ခဲ့ဖူးပြီး ဒီထက်ကြီးမားတဲ့ပေါက်ကွဲမှုမျိုးကိုပဲထပ်စောင့်နေခဲ့တယ်။ ရှေ့မှာက အော်လီပိုအရေးအသားနဲ့ ဒါဒါဝါဒ (ဖြတ်/ရော/ဆက်)တွေပေါ်ထားပြီးပြီ။ ဒီ ကွန်ဆက်ချူရယ်အရေးအသားကို ပြန်ဆန်းစစ်ကြည့်ရင်တော့ ကဗျာဝေဖန်ရေးနဲ့လေ့လာသူစာပေပညာရှင် မာဂျုရီပါးလော့ကို ချန်ထားလို့မရပါဘူး။ ချီကာဂိုတက္ကသိုလ်ကထုတ်တဲ့မာဂျိုရီရဲ့ “Unoriginal Genius” ကိုပါ ထည့်ပြောဖို့လိုလာပါတယ်။ အဲဒီ စာအုပ်ဟာ သက္ကရာဇ် ၂၀၁၀ မှာ ထွက်ခဲ့တဲ့စာအုပ်ပါ။ ဒီစာအုပ်ကလည်း ဒီကနေ့ခေတ် မီဒီယာနဲ့ နည်းပညာပြန့်ပွားလာမှုကိုမီးမောင်းထိုးပြခဲ့တယ်။ သူ့ရဲ့ အမှာကိုကြည့်ရင်ပဲ သူမဟာ ကွန်းဆက်ကဗျာပေါ်ပေါက်ပုံကိုနည်းပညာကဗျာ (E-Poetry) နဲ့ယှဉ်ရေးထားတယ်။
နည်းပညာအရွေ့အပြောင်း မြန်ဆန်မှုကြောင့် စာရွက်ပေါ်က စာသား (Paper Text) တွေဟာ ဟိုက်ပါစာသား (Hyper Text) တွေနဲ့ အစားထိုးခြင်းခံရတယ်။ စာရွက်ပေါ်က“word play” တွေရဲ့ ဘောင်ကို ပိုပြီးချဲ့ထွင် ပစ်ခဲ့ကြတယ်။ ကစားပွဲ (Game) ဟာ အဖြေတစ်မျိုး (ဝါ) အတွေ့အကြုံတစ်မျိုးကို ထပ်မံသယ်ဆောင်လာပြန်တယ်။ ဒါက ကစားပွဲရဲ့ အဖြေဖြစ်သလို စည်းမျဉ်းဖြစ်လာတယ်။ မာဂျိုရီပြောတာက အရှင်းကြီးပါ။ စာသားအကျပ်တွေကို ပြောတာ။ “ခင်ဗျားတို့အခုပြောနေတဲ့ နားမလည်ဘူးဆိုတာ” ကိုပဲ။ ဖတ်ရတာ ခက်နေတယ်မဟုတ်လား။ သူတို့က ဒါကိုပဲ လိုချင်တာကိုး။ အဲဒီတော့ စည်းမျဉ်းဆိုတာ “Unreadable Traffice” ကို ပေးချင်တယ်။ ဖတ်နေရင်း “Traffice” ဖြစ်နေပြီ။ ဖတ်သူဟာ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ “Text” ယဉ်ကြောရှုပ်ထွေးမှုမှာ သွားညှပ်တယ်။ ဒါဆိုရင် အိုကေပြီပေါ့။ သူတို့ရည်ရွယ်တာကလည်း ဒီလိုဖြစ်ဖို့ပါပဲ။ ဒီတော့ အထက်ကပြောခဲ့တဲ့ကစားပွဲကို သူတို့က ခပ်တည်တည်ပဲ နာမည်တပ်တယ်။ (The game we learn to see is the game of suprises and provocations) “အခု ကျွန်ုပ်တို့ လေ့လာတဲ့ ကစားပွဲဟာ အံ့သြစရာကစားပွဲတစ်ခုပါ”လို့ ဆိုခဲ့တယ်။ ။ ဒီလောက်ဆိုရင် CP မှာ ကြုံရမယ့် ခင်ဗျားတို့ရဲ့ အခက်အခဲတွေကို မှန်းဆရလောက်ပြီလို့ ထင်ပါရဲ့။ ဒီတော့ကျွန်တော်တို့ဟာ နောက်ထပ်အရေးကြီးတဲ့ စာတမ်းတစ်စောင်ကို ထပ်ပြီး ချဉ်းကပ်ကြည့်မယ်။ အဲဒီစာတမ်းကလည်း “CP” လောကမှာ အတော်လေးကို လှုပ်ခပ်သွားစေတဲ့ စာတမ်းပါ။ ရောဘတ်ဖစ်တာမန်း (Robert Fitterman) နဲ့ ဆရာမ ဗာနက်ဆာပလေ့(စ) တို့ ပူးတွဲရေးသားတဲ့ ကွန်ဆက်ချူရယ်လစ်ဇင်အပေါ်မှတ်စုများ (Notes on Conceptualism) ပါ။ “Ugly Ducking Press” က “2009” ကော်ပီရိုက်(ထ) နဲ့ ထုတ်တာပါ။ သူတို့မှတ်စုရဲ့ အလိုအရ ကွန်ဆက်ချူရယ် အရေးအသားဆိုတာဟာ သင်္ကေတများဖြင့် ကိုယ်စားပြုသွယ်ဝိုက်အရေးအသား (Allegorical Writing) ပဲဖြစ်တယ်။ မူရင်း “အယ်လီဂိုရီရယ်” အရေးအသားကတော့ -
- နှိုင်းယှဉ်ချက်တွေကို ဖောဖောသီသီ သုံးတယ် (Extented Metaphor)
- အရာဝတ္ထုတွေ၊ သက်မဲ့တွေကို လူတွေလိုတင်စားတဲ့ (Personification) တွေပါမယ်။
- အပြိုင်တင်ပြထားတဲ့ ဖွင့်ဆိုရှုင်းလင်းမှုတွေပါမယ်။ (Parallel Meaning)
- ဇာတ်ပြောသူ အခန်းကဏ္ဍပါလာတယ်။ (ဒါက အယ်(လ)ကဗျာနဲ့ကွဲပြားတဲ့အချက်ပါ) (Narrative) တို့ပါဝင် တယ်။
အခြားသော အခေါ်အဝေါ်တစ်ခုအရ (Pre-text) လို့လဲ ခေါ်ကြတယ်။ “အယ်လီဂိုရီရယ်”ပေါ်လာတဲ့အချိန်တုန်းက ဒါဟာ စတန့်အရေးအသားဆိုပြီး ဝိုင်းဖဲ့ကြပါတယ်။ ဘာကြောင့် သွယ်ဝိုက်ဖော်ပြရတာလဲ။ ဘာကြောင့် တိုက်ရိုက်ရေးလို့ မရနိုင်ဘူးလဲပေါ့လေ။ အဖြေကတော့ ရှင်းပါတယ်။ တစ်နည်းဆိုရရင် “အယ်လီဂိုရီရယ်” တွေဟာ သွယ်ဝိုက်ဖော်ခြင်းဖြင့် စာဖတ်သူကို ကျေနပ်စေတယ်။ “အယ်လီဂိုရီရယ်”တွေဟာ ရုပ်ပုံတွေပေါ်မှာ မှီခိုနေတယ်။
ရုပ်ပုံနဲ့ ဘာသာစကားတို့ ရောမွှေထားတဲ့ (Image-Language) ပေါ်မှာလည်း မှီခိုနေတယ်တဲ့။ သူတို့မှတ်စုထဲမှာတော့ ဒီလိုရေးတယ် (Allegory typically depends heavily on figural or image-language)။ ဆက်ပြောရင်တော့အန်းဂတ်(စ)ဖလက်ချာ (Angus Fletcher) ရဲ့ “အယ်လီဂိုရီရယ်” (Allegory) “The Theoryof a Symbolic Mode” ကိုပဲ ပြန်ကြည့်ရမှာပဲ။ ရှေ့ကပြောခဲ့သလို စာတွေအများကြီး ကျပ်ညှပ်၊ ဖတ်ရခက် စတာတွေကို ရုပ်ပုံတွေနဲ့ပေါင်းစည်းရတော့မှာဖြစ်ပါတယ်။ ရှေ့က ဆရာကြီးတချို့ကိုထပ်ချပြတယ်။ ဝေါ်(လ)တာဘန်ဂျမင် (Walter Benjamin) ရှိတယ်။ ပေါ(လ)ဒီမန်း (Paul deMan) ရှိတယ်။ စတီဖန်ဘာနေး (Stephen Barney) ရှိတယ်။ သူတို့ကို “အယ်လီဂို” ရေးသူတွေလို့ဆိုလို့ရတယ်။ ဒီလူတွေဟာ “အယ်လီဂို” ဆိုပြီး ဘာလုပ်သလဲ။ ဖြတ်၊ ဆက် ၊ပြု၊ ပြင် (Found) လုပ်တယ်။ ပြီးတော့ အဲဒီလိုလုပ်တဲ့ (Create) ကို လုပ်တယ်။ တိုတိုပြောရရင် (Found and Create) ပါ။ ဖြတ်၊ရော၊ ဆက် (collage) လုပ်လိုက်တော့ အပြိုင်တစ်ခုကို သွားရတယ်။ အဲဒါက မူလနဲ့ကင်းကွာနေတဲ့အခြေအနေ၊ အနေအထား တို့ကို သွားတွေ့တယ်။ ဒါကြောင့် အစ်ထွက်ကုန်ဟာ အပြိုင် (Parallelof New Production) ဖြစ်တယ်။
တစ်ခုပြောဖို့ ကျန်သွားတယ်။ သင်္ကေတတွေနဲ့ ဖော်ပြတဲ့ “အယ်လီဂို”အရေးအသားကို သင်္ကေတဝါဒီနဲ့ မမှားဖို့ မရောဖို့တော့လိုတယ်။ ဒီတော့ (Allegory) နဲ့သင်္ကေတဝါဒီ (Symbolism) ကို ချိန်ကြည့်ဖို့ လိုလာတယ်။ သင်္ကေတဝါဒီတွေဟာ အိုင်ဒီယာကနေ ဆင်းသက်လာတယ်။ “အယ်လီဂိုရီ” တွေက အိုင်ဒီယာကို တည်ဆောက်ပေးတယ်။ (Allegory builds to an idea) လို့ဆိုတယ်။ ပုံရိပ်တွေဟာ အိုင်ဒီယာ (ဝါ) သင်္ကေတတွေအဖြစ် ခွဲထွက်သွားတယ်။ ပုံရိပ်တွေဆိုတာက ရုပ်ပုံတွေနဲ့ ရုပ်ပုံကိုယ်စားပြု စကားလုံးတွေ “Images (ဝါ) Figures” တွေ ဖြစ်တယ်။ အဲဒီရုပ်ပြ “Figures” တွေကတော့ အိုင်ဒီယာ(သို့)သင်္ကေတဆီကို ဆက်ပြီးခွဲထွက်တယ်။ “Coagulate” ဖြစ်တယ်။ ခွဲထွက်တယ် (ဝါ) ပေးတယ်ပေါ့။ ကွန်ဆက်ချူရယ်အရေးအသားဟာ အခုတင်ပြနေတဲ့ “အယ်လီဂို” အရေးအသားထဲမှာ အကျုံးဝင်နေတယ်။ ဒီတော့ သူဘာကို အာရုံစိုက်သလဲ? တစ်နည်းပြောရရင် “mediate” လုပ်သလဲပေါ့။ ဖျန်ဖြေမှု၊ ညှိနှိုင်းမှု လုပ်သလဲ ဆိုတာကိုတော့ ရောဘတ်တို့ရဲ့မှတ်စုက အောက်ပါအတိုင်း ဖော်ပြပါတယ်။ နုတ်(စ်)နံပါတ်ကတော့ “2(a)” လို့ တိုးထားတယ်။
“Conceptual writing mediates between the written object(which may or may not be a text) and the meaning of the object by framing thewriting as figural object to be narrated.”
“ကွန်ဆက်ချူရယ် အရေးအသားဟာ ရေးထားတဲ့ အရာဝတ္ထု (စာသား text ဖြစ်ချင်ဖြစ်မယ် / text မဖြစ်ချင် မဖြစ်ဘူး) နဲ့ အဲဒီအရာဝတ္ထုရဲ့မူလအဓိပ္ပါယ်အစွန်းနှစ်ခုကြားကိုဖော်ပြချက် အရာဝတ္ထုအားဇာတ်ကြောင်းပြောအသွင်ဖြစ်စေ၍ ပြန်ဖြေညှိနှိုင်းပေးခြင်းဖြစ်သည်။”
- ဇော်ဇော်ထွန်း