ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

အိုင်ဒီယိုဂရမ်နှင့် အနာခရိုနစ်ဇင်နည်းစနစ် (Method of Ideogram and Anachronism)

မော်ဒန်ဝါဒနှင့် သမိုင်း၏ အိုင်ဒီယော်လော်ဂျီတွင် လူဝစ်ဘန်တနေးကမော်ဒန်ဝါဒ အခြေတည်ရာတွင် ဗြိတိသျှစာရေးဆရာများ၏ အခန်းကဏ္ဍကိုလည်း မချန်ခဲ့ပါ။ ၁၉၂၀ နှင့် ၁၉၃ဝ ကာလ၏ အရှေ့ဘက်တွင် ဝိတိုရိခေတ် နောက်ပိုင်း၌ ပေါ်ပေါက်ခဲ့သော အက်ဝါဒီယမ် (Edwardian Era) ကိုလည်း ထည့်သွင်းစဉ်းစား ပေးခဲ့တယ်။ အဲဒီခေတ်က ဆယ်စုနှစ် နှစ်ခုလောက်ပဲရှိတယ်။ အဲဒီအချိန်မှာ တချို့သော ကဗျာဆရာများ၊ လန်ဒန်တွင် မော်ဒန်လက္ခဏာနှင့် တူသောအရေးအသားတချို့ကို တွေ့ရတယ်လို့ ဆိုတယ်။ သူတို့ဟာ ဘာဝါဒမှ ကိုယ်စားမပြုတဲ့ တသီးပုဂ္ဂလသမားများ (Non-represent at nationalism) လို့ ခေါ်တယ်။ မော်ဒန်သမား တွေဟာ အဲဒီတသီးပုဂ္ဂလတွေဆီက မော်ဒန်ရဲ့အပြောင်းအလဲကိုဖန်တီးမယ့် စရိုက်တချို့ ရလိုက်ကြတယ်။ အဲဒါတွေကတော့ -

            ၁။ စိတ္တဇအဖွဲ့နဲ့ မြင့်မားတဲ့ သိစိတ်အလျင်ရေးဟန်
                (Abstraction and highly conscious artifice)
            ၂။ ဆက်နွယ်မှုမရှိတဲ့ အကြောင်းအရာ(particular) သီးခြားများအား ရောထွေးရေးဖွဲ့ဟန်
                (Abrupt Juxtaposition of seemingly unrelated particular)
            ၃။ အဆုံးသတ် ကာရန်မဲ့ရေးဟန်
                (Unrhymed Verse)  တို့ဖြစ်တယ်။

            မော်ဒန်သမားများဟာ ပစ်မှတ်နဲ့ ရည်ရွယ်ချက်ရှိပါတယ်။ လူးဝစ်ဘန်တနေးက မော်ဒန်ကဗျာကို သုံးသပ်ရာမှာတော့ ရှေးကကဗျာတွေနဲ့ ကွဲပြားတာဟာ မော်ဒန်ကဗျာဆရာတွေရဲ့ အကြောင်းအရာ (subject) ရွေးချယ်မှုက ဘာသာပိုစုံလာလို့လဲ ဖြစ်တယ်လို့ဆိုတယ်။ သူ့ရဲ့ မူရင်းရေးပုံကတော့ "They thought and wrote a great dealabout politics, religion, society and philosophy" (သူတို့ဟာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုဆက်ဆံရေး နှင့် ဒဿနိကတို့ကို အကြီးအကျယ် ရေးသားတွေးတောလာခဲ့တယ်) ဆိုပဲ။ ပထမကမ္ဘာစစ်ကဘာတွေများ ခေါ်ဆောင်လာပါသလဲ။ ဒါဟာ မော်ဒန်စာပေကို လေ့လာရာမှာ အတော်လေးကို အထောက်အကူဖြစ်စေတဲ့အချက်အလက်ပါ။ ဘာတွေ ကြီးထွားစေခဲ့သလဲ။ အလုပ်သမားပါတီ (the Labour Party)၊ ဝဲဖဲလ်စတိတ် (Foundation of Welfare States)၊ ဖက်ဆစ်စနစ် (Fascism) တို့ဖြစ်တယ်။ မော်ဒန်သမားတွေဟာကဗျာဆရာအဖြစ်တစ်မျိုးတည်း သတ်မှတ်လို့မရတော့ဘူး။ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုအဖွဲ့အစည်း၊ ဆက်ဆံရေး နဲ့ ဒဿနိကတွေပါ ထည့်သွင်းလာတဲ့ အတွက် သူတို့တွေကို လူးဝစ်ဘန်တနေးက သူ့စာအုပ် "သမိုင်းနှင့်အိုင်ဒီယော်လော်ဂျီ" မှာ " … however, considers the Modernists as thinkers as well as artists" (မည်သို့ပင်ဖြစ်စေ မော်ဒန်သမားများကိုအတွေးအခေါ်ရှင် နှင့် အနုပညာရှင် ဟု သတ်မှတ်ရမည် ဖြစ်သည်) တဲ့။ အခုပြောမယ့် အကြောင်းအရာကတော့ မော်ဒန်ရဲ့ နည်းစနစ် တစ်ခုဖြစ်တဲ့ "အိုင်ဒီယိုဂရမ်" နှင့် "အနာခရိုနစ်ဇင်" (Method of Ideogram and Anachronism) နည်းစနစ် ပဲဖြစ်တယ်။ အိုင်ဒီယိုဂရမ်ကတော့ ဂရပ်ဖစ်ကာရိုက်တာတစ်ခုဖြစ်ပြီး အိုင်ဒီယာ (ဒါမှမဟုတ်) သင်္ကေတပါဝင်တဲ့ စာလုံးလေးတွေပါပဲ။ အဲဒီစာလုံးကိုအသံမထွက်ဘဲ ကြည့်ရုံနဲ့တင် အဓိပ္ပါယ် တစ်ခုခုကို ဖော်ပြ နေတာပါ။ တရုတ်နဲ့ ဂျပန်စာလုံးတွေဟာ အိုင်ဒီယိုဂရမ်တွေပဲ ဖြစ်တယ်။ ဒီလို အရေးအသားမျိုးကို ကဗျာရေးရာမှာသုံးလာတယ်။ အနာခရိုနစ်ဇင် (Anachronism) နဲ့ပတ်သက်ပြီး ပြောရရင် အနည်းငယ် ရှည်လျား ပါလိမ့်မယ်။

၃။ အနာခရိုနစ်ဇင် (Anachronism)

            မူရင်းကတော့ ဂရိစကားက လာတယ်။ ဆန့်ကျင်ခြင်း(ဝါ) နောက်ပြန်လှည့်ခြင်း (ana) နဲ့ အချိန် (chronos) ကို ပေါင်းထားတယ်။ အရာဝတ္ထု၊ အဖြစ်အပျက်၊ ရိုးရာတစ်ခုခုကို အချိန်ကာလနဲ့ မဆီလျော်ပဲ အသုံးပြုတာကို ဆိုလိုတယ်။ ဒါ့အပြင် စကားပြောတွေ၊ နည်းပညာတွေ၊ ဒဿနိကအိုင်ဒီယာတွေ၊ ဂီတဟန်တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေကို နေရာမှား သုံးတာပဲ။ ဥပမာ၊ ဆီဇာဂျီနရီ (Cesare Gennari) ရေးဆွဲတဲ့ ဂရိနတ်ဘုရား အော်ဖေးရပ် (Orpheus) ပုံမှာ တယောကို ကိုင်ထားတယ်။ တယောဟာ ၁၆ ရာစု ရှေ့ပိုင်းမှာ မပေါ်သေးဘူး။ ယနေ့ခေတ် လူတွေ ငှက်မွေးကညစ် (Quill) သုံးစွဲတဲ့ဟန်၊ လက်တင်စကားပြောဟန် တွေဟာလည်း ရှေးက အရာဝတ္ထု သို့မဟုတ် စကားပြောတွေကိုနေရာမှားသုံးတာပဲ။ ဥပမာ နောက်တစ်ခုကတော့ ကောင်းဘွိုင်ကားတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေပါဝင်ပေမယ့် အမေရိကန်နိုင်ငံမှာ ၁၈၇ဝ ကျော်လောက်မှ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖွဲ့စည်းခဲ့တယ်ဆိုတာမျိုးပေါ့။ ကွန်စတန်တင်လက်ကား (Constantin Lecca) ရေးဆွဲတဲ့ မော်ဒဗီယန်း (Moldavian) နဲ့ မန်တနီးရန်း (Muntenian) များ ညီအစ်ကိုဖွဲ့ခြင်း ပန်းချီမှာ ၁၆ ရာစုကိုအခြေခံရေးဆွဲပေမယ့် ၁၉ရာစု အလံကို နောက်ခံထားခဲ့တယ်။ အနာဆိုနစ်ဇင်တွေဟာ တစ်ခါတရံမှာတော့ OOP Art တွေလို့ ခေါ်ကြတယ်။ အဓိပ္ပါယ်ကတော့ နေရာမှား (Out-of-place artifact) တွေလို့ဆိုလိုတယ်။ ဒါတွေဟာ အနုပညာ (Art) နဲ့ ဖန်တီးလုပ်ဇတ် (fiction) ကို ရောမွှေထားတာပဲ။ လီယိုနာဒိုဒါဗင်စီရဲ့ နာမည်ကြီးပန်းချီကား ခရစ်တော်ရဲ့နောက်ဆုံးညစာ (The Last Supper) ကို ထပ်နမူနာပေးရရင် "လိမ္မော်သီးများ (Oranges)" ဟာ အာတီဖက် (Artifact) ပါပဲ။ လီယိုနာဒိုဟာ ၁၄၉၈ မှာ ဒီပန်းချီကားကို ရေးဆွဲတယ်။ ခရစ်တော်ရဲ့ ညစာမှာ လိမ္မော်သီးတွေ ပါဝင်တယ်။ ဒါပေမယ့်လိမ္မော်သီးသမိုင်းမှာတော့ ၁၅ ရာစုရောက်မှ ပေါ်တူဂီတွေ အိန္ဒိယနိုင်ငံက ယူဆောင်လာတဲ့အသီးဖြစ်တဲ့အတွက် ခရစ်တော်ပေါ်တဲ့အချိန်မှာ လိမ္မော်သီးတွေ အဲဒီနေရာကို မရောက်နိုင်သေးဘူးလို့ဆိုတယ်။ သူတော်စင် မယ်တော်မေရီကို အီတလီတွေ သရုပ်ဖော်ရာမှာ အီတလီအဝတ်အစားနဲ့ ဖြစ်ပြီး ဘုရင်အလက်ဇန္ဒား (Alexander the Great) ကို ပြင်သစ်တွေ ပြဇတ်လုပ်တော့ လူဝီ (၁၆) ခေတ်ကအဝတ်အစားနဲ့ ဖြစ်နေတယ်။ အဲဒီလိုပဲ ရှိတ်စပီးယား ဟင်းမလက် (Hamlet) ကို ရေးတော့ ဝတ်(ထ)တင်းဘတ်တက္ကသိုလ် (University of Wittenberg) ပေါ်ပြီလား ဆိုတာ မေးခွန်းမထုတ်ခဲ့ပါဘူး။ ဂျူးလီးယက်ဆီဇာကိုလုပ်ကြံတုန်းက ဘရူးတပ် (Brutus) ကို နာရီသံ "တချတ်ချတ်" က ကသိကအောင့် ဖြစ်စေခဲ့တယ်လို့ဆိုတယ်။ ဆီဇာလုပ်ကြံခံရတဲ့ (44 BC) မှာ အဲဒီလို စက်နာရီမျိုး မပေါ်သေးဘူး။ စက်နာရီဟာ (၁၁)ရာစုနဲ့ (၁၃)ရာစု အတွင်းမှ ပေါ်တာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှိတ်စပီးယားကို ခွင့်လွှတ်ပေးခဲ့တယ်။ အနာခရိုနစ်ဇင်စနစ်ဟာ ရှိတ်စပီးယားပြဇတ်တွေကို   ပြန်ဖျော်ဖြေတဲ့အခါမှာ ပိုပြီး ထင်ရှားလာတယ်။ ရိုမီယိုနဲ့ ဂျူးလီးယက်ကို လီယိုနာဒိုဒယ်ကပီရို နဲ့ ကလယ်ယာဒိန်း တို့ ပြန်ရိုက်တော့ မွန်တေဂူနဲ့ ကာဖျူးလက် နှစ်အုပ်စုဟာ ပစ္စတိုတွေကိုင်ပြီး သဲကြီးမဲကြီး ပစ်ခတ်ကြတယ်။ ၁၉၆ဝ တုန်းက ရစ်ချတ်ဘာတန်တို့ ဟင်းမလက်ကိုကတုန်းက ရီဟာဇယ်ကို ခေတ်အဝတ်အစားနဲ့ လုပ်ရင်း ပရိတ်သတ်ကိုပွဲသွင်းခဲ့သေးတယ်။ ဒါကြောင့် ရှိတ်စပီးယားပြဇတ်တွေဟာ အချိန်ကာလက ကင်းလွတ်ခွင့်ရသွားတယ်။ ၁၉၉၉ မှာ တီတပ် (Titus) ကို ခေတ်သစ်အနေနဲ့ပြန်ရိုက်ခဲ့သေးတယ်။ ဒါ့အပြင် ၂ဝဝ၁ ခုနှစ်မှာ "Moulin Rouge" ကို ၂ဝ ရာစုဂီတနဲ့ ပြန်ရိုက်ခဲ့တာပဲ။ ပထမဦးဆုံး ရုပ်ရှင်အနေနဲ့ အနာခရိုနစ်ဇင်အဖြစ် အသိအမှတ်ပြုကြတာတော့ ဘတ်စတာကိတွန် (Buster Keaton) ရဲ့ ခေတ်သုံးခေတ် (The Three Ages) မှာ ကျောက်ခေတ် ဘော့(စ)ဘောတီထွင်ကစားပုံနဲ့ ရောမခေတ်မှာ ယဉ်ကြောရှုပ်ထွေးပုံ (traffic problem) ကို တင်ပြထားတယ်။

            ပီတာဂရင်း(န်)ဝေး (Peter Greenaway) ရဲ့"The Draughtsman's Contract" ဟာ ၁၈ ရာစုကို တည်ထားတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် နံရံတွေပေါ်မှာ ၁၉၅ဝ တဝိုက်က ပေါ့ပ်အတ်(ထ) (Pop Art) တွေကို ချိတ်ဆွဲထားတယ်။ ပြီးတော့ကြိုးမဲ့တယ်လီဖုန်း (Cordless Telephone) ကို ပြခဲ့တယ်။ ပရိတ်သတ်က သောင်းကျန်းလို့ အဲဒီအခန်းတွေကိုပြန်ဖြုတ်ခဲ့တယ်။ သိပ္ပံဇတ်ကားတွေမှာတော့ ရည်ရွယ်ချက်ရှိရှိ မှားယွင်းသုံးစွဲခဲ့ပုံတော့မဟုတ်ခဲ့ပါဘူး။ ဒါကို "Unintentional" လို့ ခေါ်တယ်။ ဒါတွေဟာ အထူးအဆန်းတော့မဟုတ်ဘူး။ အနာဂတ်ကို ပုံဖော်ရာမှာ အရာတွေအားလုံး ကွက်တိမှန်ဖို့တော့ ကျွန်တော်တို့မမျှော်လင့်သင့်ဘူး မဟုတ်လား။ ဥပမာ- Star Trek IV The Voyage Home မှာ ၁၉၉၁ ကတည်းကပြိုသွားတဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ နှစ်ဆယ့်တစ်ရာစုအလယ်ကို တည်ထားတဲ့ ဇာတ်အိမ်ထဲ ပြန်ပါလာပြီး"စိန့်ပီတာစဘတ် နဲ့ လီနင်ဂရက်" ခဏခဏပြောင်းနေတဲ့ မြို့ကို ဇာတ်လမ်း ရေးသူကမှားယွင်းပြန်တယ်။ ကလစ်ဖို့(ဒ)စီမတ်(ခ) (Clifford Simark) ရဲ့ "Time is the Simplest Thing" ကို ၁၉၆၁ မှာ ပုံနှိပ်တယ်။ နှစ်ဆယ့်နှစ်ရာစုကို ဇာတ်လမ်းဖွဲ့ထားပြီး အလင်းနှစ်ပေါင်းများစွာရှိတဲ့ ကြယ်တွေဆီကို လူတွေက အက်တမ်မစ်အင်ဂျင် (AtomicEngine) ကားတွေနဲ့ အလွယ်တကူ သွားကြပါတယ်။ ဒါပေမယ့် ဖုန်းဆက်တော့ တယ်လီဖုန်းအိပ်ခ်ျချိန်းကိုပဲသုံးခဲ့တယ်။ အိပ်ခ်ျဘင်းပိုက်ပါ (H.Bean Piper) ရဲ့ဝတ္ထုတွေဟာ နှစ်ဆယ့်ခုနစ်ရာစုကို နောက်ခံထားတယ်။ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်တဲ့ မောင်းနှင်မှုတွေပါတယ်။ သူက အဲဒီခေတ်ကို အက်တမ်မစ်ခေတ် (Atomic Era) လို့တောင် အမည်ပေးခဲ့သေးတာပဲ။ ဒါပေမယ့် တိပ်(ပ)ရီကော်ဒါကတော့ အနာလော့ခ် (Analog-tape-based) စနစ် အခြေခံဖြစ်နေတယ်။ အနာဂတ်ကို ဇာတ်အိမ်လုပ်ထားတဲ့  "A Clockwork Orange" လို ဇတ်ကားမျိုးဆိုပါတော့။ ဇာတ်လမ်းရဲ့ အချိန်ကာလက "၁၉၆ဝ" ဖြစ်ပြီး လမ်းမပေါ်မှာတော့ ဘေက်(စ)ဝက်ဂွန်ကားတစ်စီး ပြေးလွှားနေတယ်။ အဲဒီကား အမျိုးအစားဟာ ဘိတဲလ် (Beetle) အမျိုးအစားဖြစ်ပြီး ၁၉၉၈ ခုနှစ်ကမှ လူတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အမျိုးအစား ဖြစ်တယ်။ ၁၉၈၉ ခုနှစ်က ထုတ်ခဲ့တဲ့ဇာတ်ကား Back to the Future (2) မှာတော့ ၂ဝ၁၅ ခုနှစ်မှာ ဖက်(စ်)စာပို့စက် (Fax-machines) တွေ နေရာအနှံ့အပြားသုံးခဲ့တယ်။ တကယ်သုံးသင့်တာက "e-mail" အီးမေးလ်ပါ။ ဒါတွေကတော့ မတော်တဆဖြစ်ခဲ့တယ်လို့ ထင်ရတာပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ အနာခရိုနစ်ဇင် လုပ်ခဲ့တာတွေကိုတော့ "Intentional" လို့ ခေါ်တယ်။ ပစ္စည်းအမျိုးအစားတွေ ဆိုပါတော့။ မူလ"Star Trek" ဇာတ်လမ်းတွဲတွေမှာတော့ ကွန်ပြူတာတိပ်(ဖ) (Computer Tapes) လို့သုံးခဲ့ပြီး အဲဒါက တစ်ချိန်တုန်းက ကျွန်တော်တို့သုံးခဲ့တဲ့ "Floppy Disks" တွေပါပဲ။ ဒါပေမယ့် အဲဒီဝတ္ထုရေးစဉ်မှာတော့ "Floppy Disks" မပေါ်သေးပါဘူး။ ရည်ရွယ်ချက်ဖြင့် အနာခရိုနစ်ဇင် လုပ်ခြင်းမှာ စာရေးဆရာတွေဟာ သိပ္ပံပညာရှင်တွေရဲ့ ရှေ့ကသွားနေသလိုတောင် ဖြစ်နေတယ်။ ဒေးဗစ်ဘရင်း (David Brin) ဆိုပါတော့။ သူ့ရဲ့ သိပ္ပံဝတ္ထု"ကမ္ဘာမြေ" (Earth) ကို ၁၉၉ဝ မှာ ထုတ်ဝေပါတယ်။ အဲဒီမှာ ကွန်ပြူတာနက်ဝေါ့(ခ) (Computer Network) လို့ သုံးခဲ့ပါတယ်။ အင်တာနက်လို့ မသုံးခဲ့ပါဘူး။ အင်တာနက်က ပေါ်မှမပေါ်သေးတာ။ နောက်တစ်နှစ်ကြာတော့မှ World Wide Web ဟာ ပေါ်ပြူလာဖြစ်လာတယ်။ အဲဒီထဲမှာ လက်ကိုင်တစ်ဦးသုံးဗွီဒီယို ရီကော်ဒါ အကြောင်းပါတယ်။  အခုခေတ်စားနေတဲ့ ကမ်ကော်ဒါ (Camcorder) ပါပဲ။ ဒါတွေကတော့ ရည်ရွယ်ချက်နဲ့ စာရေးဆရာတွေ ထည့်ရေးတာပါ။ မတော်တဆကြီးတွေကလည်းခပ်များများရယ်။ ကြီးမားတဲ့ မတော်တဆတွေ။ အပိုလို ၁၃ ဆိုတာ တွမ်ဟင့်ရဲ့ နာမည်ကြီးဇတ်ကားပေါ့။ ဝေဖန်ရေးဆရာတွေက တွမ့်ကို အော်စကာ သုံးခုမြောက် ဖြစ်လိမ့်မယ်လို့ ဆိုခဲ့တယ်။ ဘာမှားခဲ့သလဲ။ နာဆာရဲ့ လိုဂို (Logo) မှားနေတယ်။ ဇာတ်ကားထဲနဲ့ အမှန်တကယ် (The Beatles) အဖွဲ့ရဲ့"Let it Be" အယ်လ်ဘမ်ထုတ်တဲ့ရက် တစ်လကွာဟနေတယ်။ ၂၀၀၆ ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ "Grounding" ဆိုတဲ့ ဆွစ်ဇာလန် ရုပ်ရှင်ကား၊ "ဆွစ်လေကြောင်းရဲ့နောက်ဆုံးနေ့" လို့လဲခေါ်ပြီး လေကြောင်းလိုင်းပြိုလဲသွားတဲ့ ဇာတ်လမ်းပါ။ ဒါရိုက်တာက အေဗရာဟင်ဇီရှန်း (Ibrahim Zeeshan)။ ဇာတ်အိမ်ကိုတည်တဲ့ ခုနှစ်ကတော့ စက်တင်ဘာလ ၂ဝဝ၁ ခုနှစ် ဖြစ်တယ်။ ဒါပေမယ့်သရုပ်ဆောင်တွေသုံးတဲ့ ကွန်ပြူတာမှာ တွေ့ရတာက ဝင်းဒိုးအိပ်စ်ပီ (Window XP) ပါ။ အဲဒီဝင်းဒိုးအိပ်စ်ပီဟာအောက်တိုဘာလ ၂ဝဝ၁ ကမှ ထွက်ခဲ့တာဖြစ်လို့ တစ်လကွာနေပါတယ်။ အဲဒီဇာတ်ကားမှာပဲ ဘောက်ဝက်ဂွန်ကားပါပါတယ်။ (VW Phaetons) အမျိုးအစားပါ။ တကယ်တော့ အဲဒီ အမျိုးအစားဟာ ၂ဝဝ၂ ခုနှစ်မှ ထွက်တာဖြစ်တယ်။ စီပီအာရ် (CPR) လို့ အတိုကောက်ခေါ်တဲ့ အရေးပေါ်သက်ကယ်စနစ်ဟာ လူအားနဲ့ ရင်ဘတ်ကို ဖိပြီးအရေးပေါ်ကယ်ဆယ်တဲ့စနစ်ပါ။ အရှည်ကတော့ "cardiopulmonary resuscitation" ပါ။ ဒုတိယကမ္ဘာစစ်ရုပ်ရှင် အတော်များများမှာ ဒီစနစ်သုံးပြီး ပြုစုနေတာ တွေ့ရတယ်။ တကယ်တော့၁၉၅ဝ ကျော်မှ ဒီနည်းကို သုံးခဲ့တာဖြစ်တယ်။ နောက်ထပ်ရုပ်ရှင်တစ်ကား ကတော့"Good fellas" ပါပဲ။ လေဆိပ်ကိုပြတယ်။ စာတန်းထိုးတယ်။ Idlewild Airpot1963 တဲ့။ လေယာဉ်ကြီး ပျံတက်သွားတယ်။ ဘိုးရင်း ၇၄၇ လေယာဉ်ကြီး။ တကယ်တော့ ဘိုးရင်း ၇၄၇ လေယာဉ်ဟာ ၁၉၆၉ အထိ ပထမဆုံး ပျံသန်းမှုကိုမလုပ်ခဲ့ပါဘူး။ ဒီတစ်ခါပြောမယ့် ဇာတ်ကားကတော့အတော်ကြီးကို နာမည်ကြီးခဲ့တဲ့ "တိုက်တန်းနစ်" ဇာတ်ကားပဲ။ စာလေးဘာလေး မဖတ်တဲ့သူကတော့ ကင်မရွန်ကြီးရွှီးသလို ခံရတာပေါ့။ ဇာတ်ညွှန်းကိုလဲ သူပဲရေးတာကိုး။ လီယိုနာဒိုက ဂျက်(ခ)ပေါ့ဗျာ။ ဇာတ်ကားထဲမှာ ဂျက်(ခ)က ဝက်(စ)ကွန်ဆင် (Wisconsin) က ချပ်ပီးဝါရေတံခွန် (ChippewaFall) နားက ဝှစ်ဆိုတရေအိုင် (Wissota Lake) မှာ ငါးမျှားတဲ့ အကြောင်းပါတယ်။ အဲဒီရေအိုင်က ၁၉၁၇ ထိ မလုပ်ရသေးဘူး။ လူလုပ်တဲ့ရေအိုင်ဖြစ်ပြီး တိုက်တန်းနစ်မြုပ်ပြီး ငါးနှစ်အကြာထိမလုပ်ရသေးဘူး။ ရို့စ် (ကိတ်ဝင်းစလက်) က ဂျက်(ခ)ကို ဆယ်ပြားစေ့ကလေး ပေးလိုက်တာ အဲဒီမှာရုစဗဲ့ (Franklin Roosevelt) ပုံပါတယ်။ ၁၉၄၆ ထိ ရုစဗဲ့နဲ့ ဆယ်ပြားစေ့ မပေါ်သေးဘူး။ ဇာတ်ကားထဲမှာ ရို့စ် (ကိတ်ဝင်းစလက်) ဟာ ရုပ်တည်ကြီးနဲ့ အစ္စမေး (Bruce Ismay) (တိုက်တန်းနစ် သင်္ဘောပျက်တုန်းကခလေးနဲ့ အမျိုးသမီး ဦးစားပေး ဥပဒေကို အတိအကျ လိုက်နာခဲ့သူ သင်္ဘောအရာရှိ) ကို ဒီလိုပြောခဲ့ပါတယ်။ "Do you know of Dr.Freud? His idea with male preoccupation with size migh tbe of particular interest to you, Mr.Ismay" တဲ့။ ပရိတ်သတ်ဟာ အဲဒီစကားအတွက် အဓိပ္ပါယ်ဖွင့်ဖို့ခက်ခဲခဲ့တယ်။ ဖရွိုက်ကို ဖတ်ဖူးသူက လွဲရင်ပေါ့လေ။ ဒါက ဖရွိုက်ရဲ့ အယူအဆပါ။ ကြီးခြင်းသေးခြင်းက လူတွေလုပ်တဲ့အတွက် သိပ်အရေးမပါလှပါဘူးလို့ တိုက်တန်းနစ် ကြီးမားပုံကို သိပ်အံ့သြစရာမရှိကြောင်း ဖရွိုက်ကိုကိုးကားပြီး ပြောတဲ့စကားပါ။ ဂျိမ်းကင်မရွန်းဟာ ဖရွိုက်ကို လေ့လာဖူးသူဖြစ်ကြောင်းသိသာစေပါတယ်။ ဒါပေမယ့်  ၁၉၂ဝ မှ ဖရွိုက်ဟာ ဒီသဘောတရားပါဝင်တဲ့ "Beyond thePleasure Principle" ကို ထုတ်ဝေခဲ့တယ်။ တိုက်တန်းနစ်မြုပ်တာ ၁၉၁၂ မှာ။ ဒုတိယကမ္ဘာစစ်နောက်ခံစစ်ကား အတော်များများမှာ AK-47 အမျိုးအစား ရိုင်ဖယ်တွေကိုင်တာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ သိထားဖို့လိုတာက ၁၉၄၇ မှ ဒီရိုင်ဖယ်ကို တီထွင်ခဲ့ပြီး တစ်နည်း ပြောရရင်တော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်ကြာမှ တရားဝင်သုံးခဲ့တာ ဖြစ်တယ်။ "Start Revolution Without Me" ရုပ်ရှင်ဟာ ၁၇၅ဝ က ဘယ်လ်ဂျီယံ မင်းသမီး ခရစ်စတီးနားရဲ့ဇာတ်လမ်းပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံဟာ ၁၈၃ဝ ကမှ ပေါ်ပေါက်လာတဲ့ နိုင်ငံဖြစ်တယ်။ အနာဂတ်ကိုဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတွေမှာ WTC အဆောက်အအုံတွေ မပါသင့်တော့ဘူး မဟုတ်လား။ ဥပမာ "Vanilla Sky" ဟာ တွမ်ခရုစ်၊ ပင်နီလုပ်ခရုစ်၊ ကင်မရွန်းဒီယော့(စ်)၊ ကတ်ရပ်ဆယ်တို့ပါဝင်တဲ့ သိပ္ပံဇာတ်ကား ဖြစ်ပြီး အနာဂတ်ကို ဇာတ်အိမ်တည်ထားတယ်။ တိုင်းမ်စကွဲ (TimeSquare) အဆောက်အအုံရှေ့မှာ ဒီဇာတ်ကားရိုက်တော့ လူတွေများလွန်းလို့ လမ်းတောင် ပိတ်ပေးခဲ့ရတယ်ဆိုပဲ။ ရိုက်တဲ့ခုနှစ်က "2000" မှာပါ။ အဲဒီ ၉/၁၁ ဟာ စက်တင်ဘာလ၊ ၂ဝဝ၁ မှာ ဖြစ်ပွားခဲ့တယ်။ ဒီဇာတ်ကားကို ဒီဇင်ဘာလ ၁၄၊ ၂ဝဝ၁ မှာ ရုံတင်ခဲ့တယ်။ WTO ဟာ ထီးထီးချည်းပြန်ပါလာခဲ့တယ်။ရိုက်ချက်တွေ အတော်များများဟာ WTO ကို ကွန်ပြူတာအကူအညီနဲ့ ဖျက်ပစ်ဖို့ မလွယ်လှပါဘူး။ ဒါရိုက်တာ ကင်မရွန်ခရိုး (Cameron Crowe) ဟာ အဲဒီဇာတ်ကားကို ဒီအတိုင်း လွှတ်ပေးခဲ့တယ်။ ဒီနေရာမှာ ပြောလိုတာကတော့ ရုပ်ရှင်ဒါရိုက်တာတွေဟာ ရုပ်ရှင်ထဲမှာ များသောအားဖြင့် ဒီ "အနာခရိုနစ်ဇင်" နည်းစနစ်ကို သုံးခဲ့တယ်။ မရည်ရွယ်ဘဲ (ဝါ) မတော်တဆ (Accidental) အနေနဲ့ ပိုများပါတယ်။ ဒါပေမယ့် မော်ဒန်ကဗျာကို တည်ဆောက်သူတွေကတော့ ဒါကိုရည်ရွယ်ချက်ရှိရှိကဗျာထဲ ထည့်ကြပါတယ်။ အထူးသဖြင့် အဲလီးယော့ပါ။

၃။ Time Shifting Method (အချိန်ရွေ့လျားခြင်း)

            ဒါကတော့ ဇာတ်ကောင် လူကို ရွှေ့ပစ်တာပါ။ ဒဏ္ဍာရီထဲကဇတ်ကောင်ဟာ ဒီဘက်ခေတ်ကို ရောက်လာသလို ဒီဘက်က လူကလည်း ဟိုဘက်ကိုရောက်သွားရင် ပေါ်ပေါက်လာတဲ့အကျိုးထဲက လက်ခံနိုင်မှု (ဝါ) တူညီမှုတွေ ရှိနေသလို ဘယ်လိုမှ လက်မခံနိုင်ဘဲ သရော်သလိုဖြစ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။


- ဇော်ဇော်ထွန်း