ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

သံပေါက်စပ်နည်း

"ကဗျာအစ သံပေါက်က"

ကဗျာစပ်မယ်ဆိုရင် ရှေဦးအနေနဲ့ သံပေါက်စပ်နည်းကို သိထားရပါမယ်။ သံပေါက်စပ်နည်း သိတာနဲ့ 
လင်္ကာစပ်နည်းမှာအခက်အခဲမရှိတော့ပဲ အဆင်ပြေသွားမှာဖြစ်ပါတယ်။ ၄ l ၃ l၂ ကာရန်ယူပုံကိုနားလည်
နိုင်မှာဖြစ်ပါကြောင်း။

သံပေါက် = အသံကို ပေါ်လွင်အောင် ပေါက်ရောက်အောင် ရွတ်ဆိုရတဲ့ ကဗျာ ဖြစ်ပါတယ်။တနည်း
"လင်္ကာတို "ဆိုပြီး ရှေးပညာရှိတွေကခေါ်ကြပါတယ်။ သံပေါက်ကဗျာကို ဆုံးမစာ l အတိုချုပ်မှတ်ရန်
အကြောင်းအရာတွေကို ရေးဖွဲ့ လေ့ရှိပါတယ်။ ကဲ. . သံပေါက်စပ်ပါတော့မယ်။ သံပေါက်စပ်နည်း(၇)မျိုး
ရှိပါတယ်။

၁။ ပထမ သံပေါက်စပ်နည်းဥပဒေသ

(၁) အစပိုဒ်မှာ စာလုံးလေးလုံးရှိရပါမယ်။
     ၁ l ၂ l ၃ l ၎
(၂) အလယ်ပိုဒ်မှာ စာလုံးသုံးလုံး ရှိရပါမယ်။
     ၁ l၂ l ၃
(၃) အဆုံးပိုဒ်မှာ စာလုံးငါးလုံး ရှိရပါမယ်။
     ၁ l၂ l၃ l ၄ l ၅ ။ ။
(၄) သံပေါက်ကဗျာမှာစာကြောင်းသုံးကြောင်းသာရှိရပါမယ်။
(၅) ကာရန်ယူနည်းမှာ ချီသံနဲ့ စစl ချသံနဲ့ စစကြိုက်တာနဲ့ စနိုင်ပြီး အစ စာကြောင်း ရဲ့ စတုတ္တအက္ခရာ(၄)
     l အလယ်သုံးလုံးရဲ့ တတိယအက္ခရာ(၃) နဲ့ နောက်ဆုံးစာကြောင်းရဲ့ စာလုံးငါးလုံးမှ ဒုတိယ အက္ခရာ
     (၂)တို့ ဟာကာရန်တူရမယ်။ အက္ခရာဖွဲ့ ပုံ မတူတူ l အသတ်မတူတူ အသံတူလျှင်ရပါတယ်။

   ၁ ၂ ၃ ( ၄)
   ၁ ၂ (၃ ) 
   ၁ (၂ ) ၃ ၄ ၅ ။    ။

ကဲ. . နမူနာ -

ပိုး ဖ လံ (မျိုး)
မီး ကို ( တိုး)
ကိုယ် ( ကျိုး ) နည်း လှ ပြီ ။

ယ နေ့  ကြွ ( လာ)
မိတ် သ (ဟာ)
ကျန်း (မာ ) ကြ ပါ စေ ။

ငယ် က ပ ( ညာ)
မ သင် (ရှာ)
ကြီး (ခါ ) ခက် မည် မှတ် ။

နိုင် ငံ အ ( ကျိုး)
ဆောင် သည် (ပိုး)
အား ( ကိုး ) နိုင် ပါ စေ ။

ကာရန်များကို (   ) ဖြင့်ပြထားပါတယ်။ (၄ l ၃ l ၂ )ကာရန်ဆိုတာ ဒါပါပဲ။ မှတ်ဖို့  -

၁ ။ သံပေါက်ဆိုတာ
     ပေါ်လွင်စွာ
     နှုတ်မှာရွတ်ဆို(ရာ)။

၂။ အစလေးလုံး
    အလယ်သုံး
    အဆုံးငါးခွန်(သာ)။
၃ ။ ကာရန်လွဲချော်
     မှားမယ်နော်
     မြဲမျှော်နှိုင်းဆ(ပါ)။
၎။ အဆုံးကာရန်
    တူရပြန်
    မူမှန်ကျမ်းအ(လာ)။
၅။ မောင်မယ်ကြိုးစား
    ပညာပွား
    ထင်ရှားခုခေတ်(မှာ)။

သံပေါက်ကဗျာငါးပုဒ်လုံးကို အကြောင်းအရာတစ်ခုအကြောင်း စုပေါင်းပြီး ကဗျာအပုဒ်ကြီး အဖြစ်ရေးဖွဲ့ 
ထားတာပါ။ သတိပြုရန်မှာ သံပေါက်ကဗျာသုံးကြောင်းတစ်ပုဒ်တည်းဆိုလျှင်အဆုံးချကာရန်မှာ ကိစ္စမရှိပါ။
ချီ/ချ သံ တစ်ခုခုဖြင့် အဆုံးသတ်ပါ။ သို့သော် ခုလိုတစ်ပုဒ်ထက်ပိုပြီးပေါင်စပ်ရင်တော့ တစ်ပုဒ်ချင်းရဲ့ အဆုံး
ချ စာလုံးကို တစ်ပုဒ်နဲ့ တစ်ပုဒ်ကာရန်တူအောင် ညှိ၍ အဆုံးသတ်ပါ။ ဥပမာ - အထက်အပိုဒ်ငါးပိုဒ်ရဲ့ အဆုးံ
ချစာလုံးများကို ကာရန်တူ ( တာ သာ ပါ လာ မှာ) ညှိပြီး အဆုံးချထားပါတယ် ။


၂။ ဒုတိယ သံပေါက်စပ်နည်း

ပထမနည်းရရင် ဒုတိယနည်းက အေးဆေးပါ။ ဥပဒေသ -
ပထမနည်းဥပဒေသ (၁) l (၂) l (၃) l ( ၄ ) ထိ အတူတူပဲ။
(၅) နောက်ဆုံးစာကြောင်းမှာ ပထမ စပ်နည်းက အက္ခရာ(၂)နေရာမှာ ကာရန်မယူပဲ အက္ခရာ(၁)နေရာကို
ကာရန်ယူ စပ်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် ( ၄ I ၃ l ၁ ) ကာရန်ဖြစ်ပါတယ်။ နမူနာ -

သံ ပေါက် စပ် ( ထုံး) --- ၁ ၂ ၃ ( ၄)
ရွှင် ကြည် ( ပြုံး) --- ၁ ၂ (၃)
(သုံး ) သပ် လေ့ လာ ပါ ။     ။ --- (၁) ၂ ၃ ၄ ၅ ။    ။

နမူနာ - 

ဖုန်းကဒ်မပေါက်
နောက်တစ်ခေါက်
လျှောက်ထားပါဦးဗျာ ။    ။

တာသင်္ကြန်တွင်း
ဖော်ချွတ်ခြင်း
ကင်းဝေးကြစေရာ ။     ။

အရက်သောက်မယ်
အမြည်းဝယ်
ဘယ်မှာမင်းပိုက်ဆံ ။      ။

ကားခဈေးတက်
သင်္ကြန်ရက်
ခက်ရ အိမ်အပြန် ။      ။

ဒို့ သမ္မတ
ထိပ်ပြောင်လှ
ဘီးမှမလိုတာ ။      ။

သို့ ပေမယ့်ဗျာ
သူ့ ခမျာ
ညာပြီးပြောရရှာ ။      ။

ဒုတိယသံပေါက်ကဗျာစပ်ပြီးဥာဏ်ကွန့် ပျော်ရွှင်ကြပါစေ။

၃။ တတိယ သံပေါက် စပ်နည်း

ဥပဒေသ -
၁။ အစပိုဒ်မှာ လေးလုံး အလယ်ပိုဒ်မှာ သုံးလုံး အဆုံးပိုဒ်မှာ ခုနစ်လုံး နဲ့ စာသုံးကြောင်းရှိရပါမယ်။

၁ ၂ ၃ ၎
၁ ၂ ၃ 
၁ ၂ ၃ ၄ ၅ ၆ ၇ ။    ။

၂။ ပထမသံပေါက် စပ်နည်းအတိုင်း ၄ ၊ ၃ ၊ ၂ ကာရန်တူညှိလိုက်ပါ။

၁ ၂ ၃ ( ၄ )
၁ ၂ ( ၃ )
၁ ( ၂ ) ၃ ၄ ၅ ၆ ၇ ။     ။

၃။ တတိယအောက်ဆုံးစာကြောင်းရဲ့ စတုတ္တအက္ခရာ(၄)နဲ့ နောက်ဆုံးသတ္တမအက္ခရာ(၇)တို့ ကိုလည်း
ကာရန်တူညှိလိုက်ပါ။

၁ ၂ ၃ ( ၄ ) 
 ၁ ၂ ( ၃ )
၁ (၂ ) ၃ "၄ " ၅ ၆ " ၇ " ။    ။

နမူနာ - 

သိပ္ပံပ( ညာ)
သင်ကြား (ရာ)
ချိန် (ခါ ) လုံ့ "လ "ရှိအပ် "စွ" ။     ။

လုပ်အားကို(ပြင်)
ညီညွတ် (လျှင်)
ပြည် (ခွင်) ဓ "န "ပေါကြွယ်"ဝ" ။     ။

၎။ စတုတ္တ သံပေါက်စပ်နည်း

ဥပဒေသ -
၁။ အစလေးလုံး အလယ်သုံး အဆုံးခုနစ်လုံးပါပဲ။
၂။ လေး သုံး တစ် ကာရန်တူ ယူပါ။
၃။ အဆုံး လေးနဲ့ ခုနစ် ကာရန်တူညှိပါ။

၁ ၂ ၃ ( ၄ )
၁ ၂ ( ၃ ) 
 ( ၁ ) ၂ ၃ "၄ " ၅ ၆ "၇" ။     ။

မြန်မာ့စွမ်း (ရည်)
ကမ္ဘာ (တည် )
( ကြည် ) ကြာ ကဲ " မြင့် " နေနှယ် "တင့် " ။

ဗန္ဓုလ (ခေါ် )
ဇာနည် ( မော် )
( ပေါ် ) လွင်တပ် "လွှင့်" အောင်ပွဲ"ဆင့်" ။    ။

မှတ်ရန်
ပထမသံပေါက်စပ်နည်း နဲ့ ဒုတိယသံပေါက်စပ်နည်း l တတိယသံပေါက်စပ်နည်း နဲ့ စတုတ္တသံပေါက်စပ်
နည်း တို့ ဟာပြောင်းပုံ အတူတူဖြစ်ပါတယ်။ ( ၄ ၃ ၂ နဲ့  ၄ ၃ ၁ )ပဲကွာပါတယ်။

၅။ ပဉ္စမ သံပေါက်စပ်နည်း

ဥပဒေသ -
၁။ တတိယနည်း အတိုင်ပဲ။အစလေးလုံး အလယ်သုံး အဆုံးခုနစ် ပါ။
၂။ အဆုံးပိုဒ်ရဲ့ လေးနဲ့ ခုနစ် ကာရန်တူ ညှိရန်မလို။

၁ ၂ ၃ ( ၄ )
၁ ၂ ( ၃ )
၁ ( ၂ ) ၃ ၄ ၅ ၆ ၇ ။    ။

နမူနာ -

ကျန်းမာခဲ့(လျှင်)
စိတ်ပျော်(ရွှင်)
အ(သင်)ဘယ်ကြောင့်ပျော်သနည်း ။    ။

ပညာပြည့်(ဝ)
ဂုဏ်တောက်(ပ)
စိတ်(က)ဘယ်ကြောင့်ကြွသနည်း ။    ။

၆။ ဆဌမ သံပေါက်စပ်နည်း

ဥပဒေသ -
၁။ အစငါးလုံး အလယ်သုံး အဆုံးငါးလုံး ရှိရမယ်။
၂။ (၅ ၃ ၂) ကာရန်တူညှိပါ။

၁ ၂ ၃ ၄ (၅)
၁ ၂ (၃)
၁ (၂ ) ၃ ၄ ၅ ။    ။

နမူနာ - 

နွယ်ပန်း ပန်းခွာ(ညို)
နှင်းစို(စို)
ပြာ(သို)ဆောင်းလရက် ။    ။

ပွင့်ခက် ခက်လှ(စံ)
မြချပ်(ရံ)
ဝတ်(ဆံ)ကြိုင်နံ့ ချက် ။     ။


၇။ သတ္တမ သံပေါက်စပ်နည်း

ဥပဒေသ -
၁။ အစငါးလုံး အလယ်သုံး အဆုံးဆယ်လုံးရှိရမယ်။
၂။ ဆဋ္ဌမနည်းအတိုင်း( ၅ ၃ ၂ )ကာရန်ယူပါ။
၃။ အောက်ဆုံးပိုဒ်ရဲ့ ငါး နဲ့ တစ်ဆယ် ကိုကာရန်တူညှိပါ။

၁ ၂ ၃ ၄ (၅)
၁ ၂ (၃ ) 
၁ (၂) ၃ ၄ " ၅ " ၆ ၇ ၈ ၉ "၁၀" ။    ။

နမူနာ -

မြင်စိုင်းမြို့ ရွှေ(နန်း)
သာယာ(ဆန်း)
ရစ်(သန်း)သင်းတွဲ"မြောင်း"မြင့်မြတ်သော
သာ"လျောင်း" ။    ။

သံပေါက်တေးက(ဗျာ)
စပ်ဆို(ရာ)
သေ(ချာ)မြဲမှတ်"သား"ကာရန်အသတ်"များ"။

ရှေးစာဆိုများ၏သံပေါက်ကဗျာများ

၁။ လင်္ကျာပေါ်ထွန်း
    အောင်ချာကျွန်း
    ကြငှာန်းဇမ္ဗူချာ။

၂။ ရွှေမြေမင်းနေ
    အောင်ချာဗွေ
    ဝရွှေနန်းတည်ရာ။

၃။ သုံးဖြာပတ်ရစ်
    ဆုံသည့်မြစ်
    ရန်စစ်ပယ်ရှောင်ခွာ။

၎။ စဉ်လာမင်းရိုက်
    ညီသည့်လိုက်
    စိုးထိုက်နန်းသိင်္ဂါ။

၅။ ထက်ခြေလွှံ့ ချီး
    မြတ်ဘုန်းကြီး
    စောမီးဧကရာ။

၆။ စင်္ကြာဖြူဝန်း
    ထိပ်ခေါင်စွန်း
    ဖြန့် ဝန်းချဆီးကာ။

၇။ သင်္ဂါကြငှန်း
    ပွင့်သည့်နန်း
    လှစ်သွန်းကျူးသံသာ။ ။
    ( ရှင်မဟာသီလဝံသ)

လူမှုရေးရာဆုံးမစာသံပေါက်

၁။ နေ့ ညချင့်နှိုင်း
    ကာလပိုင်း
    ပျော်တိုင်းမအိပ်နှင့်။

၂။ အရေးချင့်နှိုင်း
    ခြာနားပိုင်း
    သိတိုင်းမပြောနှင့်။

၃။ ဆင်ခြင့်တွေးတော
    သူ့ သဘော
    ပြောတိုင်းမယုံနှင့်။

၎။ လှို့ ဝှက်သင့်ငြား
    သူတပါး
    အားလုံးမပုံနှင့်။

၅။ သူတပါးကို
    အမျက်လို
    ပြင်ကိုမထွက်နှင့်။

၆။ စကားပြောဆို
    မှန်ကင်းလို
   ကိုယ်ကိုမမြှောက်နှင့်။

၇။ သူများချီးမြှောက်
    စိတ်ကြီးရောက်
    မမြောက်မကြွနှင့်။

၈။ အာရုံငါးဖြာ
    သွေးဆောင်ရာ
    အာသာမမက်နှင့်။

၉။ အကျင့်မမှား
    စည်းသို့ တား
    တရားမလွန်နှင့်။

၁၀။ သရမ်းမော်ကား
      နှုတ်ထွက်ကြွား
     စကားမကျွံနှင့်။   ။
( ညောင်ပင်သာဦးပုည )


- နေဘုန်းမိုရ်