ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကွန်တမ်ပိုရာရီ ကဗျာ - Comtemporary (၁)

လေရဲ့ဖန်တရာတေမှု - အင်းရူးဂရေ့(စ်)

ကျွန်တော့်ကို ကဗျာလောကထဲ တွန်းပို့ခဲ့တဲ့ Site နှစ်ခုရှိတယ်။ တစ်ခုကတော့ အမေရိကန်အရေးအသားသစ် နဲ့ နောက်တစ်ခုကတော့ စကားပြေကဗျာဆိုဒ်။ နှစ်ခုလုံးဟာစကားပြေကဗျာတွေချည်းပါပဲ။ အဲဒီဆိုဒ်နှစ်ခုလုံး ဝင်မကြည့်ဖြစ်တာ ၃ နှစ်ရှိပြီ။ နောက်ပိုင်းစာအုပ်တွေဘက်လှည့်နေတော့။ ဒီနေ့ အဲဒီထဲက စကားပြေကဗျာတစ်ပုဒ်ကို ဝင်ကြည့်ရင်ပဲ ရေးချင်စိတ်ပေါက်လာပြန်တယ်။

ကျွန်တော်ဟာအလန့်တကြားပဲ အင်ဒရူးကို ရှာတွေ့တယ်။ သူ့အရေးအသားဟာ ကျွန်တော်နှစ်သက်တဲ့ အရေးအသားပါပဲ။ စကားပြေကဗျာ အမျိုးအစားပါပဲ။ ဒါပေမယ့် သူ့စကားလုံးတွေဟာသိပ်ကို သိပ်သည်းလွန်းတယ်။ မနှစ်က ဒယ်နီယယ်မြိုစိန်ကို (Daniel Moysaenko) က ဆိုတယ်။ အင်ဒရူးရဲ့ ကဗျာတိုတောင်းမှုထဲကိုနစ်မြုပ်သွားတယ်။ ဝါကျတွေဟာ ခပ်တိုတိုပါပဲ။ ဘာသာစကား သိပ်သည်းမှုနဲ့အတူ။ နောက်တော့ မျက်နှာပြင်နီးနီးကပ်ကပ်ကို ပြန်ပေါ်လာတယ်။

ဒယ်နီယယ်က ဘာနဲ့ခိုင်းနှိုင်းသလဲဆိုရင် ဖန်နီဟိုး (Fanny Howe) နဲ့ ခိုင်းနှိုင်းတယ်။ သူသတ်မှတ်တဲ့ အသုံးအနှုန်းကတော့ (monastic: the lyric) လို့ဆိုတယ်။ ဒီတော့ ကျွန်တော်တို့ လားရစ်ပုဂ္ဂလဗဟိုပြု တွေထဲက “monastic” ကိုပြန်သုံးပါတယ်။ အဓိပ္ပါယ်ကတော့ ဘုန်းတော်ကြီး၊ ဘုန်းတော်ကြီးကျောင်း ကဲ့သို့ဘဝအား ရိုးရှင်းငြိမ်သက်စွာနေထိုင်ခြင်း ဆိုတာပါပဲ။ လားရစ်ကတော့ (လစ်ရစ်(ခ) လို့ အသံထွက်ပါတယ်) မိမိဗဟိုပြုကဗျာပေါ့လေ။ ဒီတော့ ကဗျာဆရာဟာ မိမိကိုယ်ကိုယ် ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်ပြီးမှ အထီးကျန်မှုကိုကဗျာရေးတာပါပဲ။ အဲဒီမှာ ဒယ်နီယယ်ဟာ နောက်ထပ်စာလုံးနှစ်လုံးနဲ့ အင်ဒရူးကို ကိုယ်စားပြုစေပါတယ်။ အဲဒါကတော့ ဝမ်းနည်းကြေကွဲမှုနှင့် အထီးကျန်မှု (melancholy and solitude) ပဲ ဖြစ်ပါတယ်။ ဖန်နီဟိုး ဆိုတဲ့ ဆရာမကြီးရော အင်ဒရူးပါ နောက်ခံအကြောင်းတရားများရှိတော့ သူတို့ရဲ့အထီးကျန်မှု ဒီဂရီဟာလည်းထပ်တူညီမှာမဟုတ်ပါဘူး။ သို့သော် သူတို့ရဲ့ ကဗျာတွေမှာတော့ဖြင့်ရိုးသားခြင်းနဲ့ မြို့ပြဝေးကွာလိုခြင်းကို တွေ့ရပါတယ်။ သူဟာ ကာဗင် (cabin) လို့ခေါ်တဲ့သီးခြားအိမ်ကလေးမှာ နေသွားတယ်။ အဲဒီမှာ သူ့ရဲ့ “Sancta” ကို ရေးပါတယ်။ ဒါဟာ အလုံပိတ်အခန်းထဲမှာရေးတဲ့ ကဗျာဖြစ်ပေမယ့် သူ့ရဲ့ကဗျာကတော့ အလုံပိတ်မနေပါဘူးလို့ ဒယ်နီယယ်က ဆိုပါတယ်။

အထီးကျန်နေရာဆီမှ (From Scanta)

            လေဟာ သူ့ရဲ့ ဖန်တရာထေမှုကို ခေါက်သိမ်းလိပ်တယ်။ ကြာပွတ်သံ၊ ထွက်သက်လေ၊ ဒီသေဆုံးခြင်းရဲ့ တစ်ဦးစီဝင်ပေါက်၊ ညအင်းဆက်တို့ တိုက်ပွဲရဲ့ ရလဒ်ဆိုး၊ တွေ့မြင်နိုင်ဖို့သိပ်ကို ကြီးမားလွန်းတဲ့ တစ်စုံတစ်ခုရဲ့ နိုးထမှု၊ ကွက်လပ်မဲ့ရေဘဲအရေခွံများရဲ့ အသွားထက်မြမှုတစ်ခု။ ပုရွက်ဆိတ်အားလုံးဟာ သူတို့ကျောပေါ်မှာ တမ်းချင်းတွေကိုသယ်ပိုးထားတယ်။ ဥပေါက်သတ္တဝါများက နစ်မြုပ်သေဆုံးဖို့အတွက် သူတို့ရဲ့ ရေအိုင်ကို ရှာတယ်။ ဒီကမ္ဘာကြီးဟာ သိပ်ကိုကစဥ့်ကလျားလည်းဖြစ်နေရဲ့။ သူ့ရဲ့ လျော့ပါးမှုကို သူယုံကြည်တယ်။ ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး ကိရိယာတွေကိုငါမနာလိုဖြစ်တယ်။ ပြီးတော့ လေဟာ အသုံးပြုပြီး အလင်းဝန်စည်ဝန်ပိုးကို ဒီဝင်ရိုးစွန်းလွန်အောင်တွန်းထုတ်လိုက်တယ်။

            သီးသန့်ခန်းငယ်ကလေးက ထွက်လိုက်ပါ။ အကယ်၍ ဆေးရုံလူနာဆောင်ထဲမှာလိုမျိုးခင်ဗျား တောအုပ်ထဲကို လမ်းလျှောက်။ ဆူညံမှုကင်းစွာ၊ အလုံးစုံဖြစ်နေမှုကြောင့် အပြစ်ရှိခြင်း၏အာရုံခံစားမှုတချို့နှင့်အတူ။ အလင်းရိုက်ခတ်မှုကြောင့် ဖြာထွက်တဲ့ အလင်းထဲမှာ အရိပ်သဏ္ဍန်တွေဟာဒေသတကြီး အော်ဟစ်ပြောဆိုတယ်။ ကျုပ် ခင်ဗျာကို မေးခွန်းတစ်ခုမေးပြီး ခင်ဗျားဟာ အဲဒါကိုမှုံဝါးစေကာ ဆိတ်ငြိမ်မှုထဲ ဖြတ်သန်းခွင့်ပေးတယ်။ နေမင်းဆီကနေ ထွက်လိုက်ပါ။ ခင်ဗျားရဲ့ထောင်ချောက်အာရုံစိုက်မှုဟာ ခင်ဗျားရဲ့ မီးခိုးရောင်မျက်ဝန်းထဲမှာ အထပ်ထပ်ရိုက်ခတ်တယ်။ ကျုပ်တို့ ကန်ကြီးကို ရောက်တော့၊ အရွယ်လွန်စုံတွဲတွေ လမ်းလျှောက်နေတာ ရွေးစရာမရှိ လေတွေကိုယူငင်နေသလိုမျိုး။ ကျုပ်တို့ သူတို့နဲ့အတူလျှောက်တယ်။ အကယ်၍ အခြားသော တစ်နေရာမှာ အလင်းနဲ့အရိပ်ကို ထုံးချည်ထားသလို၊ လောင်ကျွမ်းမြူနှင်းများ လည်ချည်ပုဝါစ ချည်နှောင်သလိုမျိုး။ ဒီကုန်းမြေကို ချည်နှောင်ရင် ကျုပ်အံ့သြမိမယ်။ အကယ်၍များ ရေကန်ရဲ့လူသားဟာ အိမ်ကလွတ်မြောက်သူဖြစ်ရင် ကျုပ်အံ့သြမိမယ်။ အကယ်၍များ ကျုပ်အမြဲတမ်းယုံထားတဲ့ ဒီနက်မှောင်တောအုပ်က ပြန်ပြီး ဖြေဆိုခဲ့ရင်ကျုပ်အံ့သြမိမယ်။ ဒါက မဖြစ်ခဲ့ဘူး။ နောက်ထပ် ရေအိုင်တစ်ခုထဲ ယုံကြည်ဖို့အတွက် ကျုပ်ဟာမတ်မတ်ရပ်နေတယ်။ လာပါ ကျုပ်ရဲ့ သီးသန့်နေရာ။ မဖြစ်မနေလိုက်နာရမယ့် သက်သေနဲ့အတူလာပါ။အားလုံးဟာ သစ်ရွက်ရဲ့ မျက်ဝန်းတွေ။

            ကျုပ်ကိုယ်ပိုင် အသံတိတ်မှုဆီမှာတော့ ထူးဆန်းတဲ့ ရာဇဝင်တစ်ခုရှိရဲ့။ ဒါဟာ ကျုပ်ငယ်စဉ်ကျောင်းမှာ အစပြုခဲ့တယ်။ လူတစ်ယောက်ကပြောခဲ့တယ်။ “ပျင်းပြစွာမှတ်ယူပါ/တစ်ဝက်သော ဒေဝထွက်ခွာသွားပါလျှင်/ အခြားဒေဝများ ရောက်လတ္တံ့။” ကျုပ်ဟာ အဲဒီတုန်းက ဘယ်လိုအရာ? အကယ်၍များ ရွေးချယ်မှု၊ ကျုပ်ဟာ ဒုတိယ ဖြစ်နေခဲ့လိမ့်မယ်။ အားစိုက်မှုမဲ့၊ တော်ဝင်ဆန်စွာဝမ်းနည်း၊ ရှေးကျတဲ့ အလင်းထဲ ဝတ်ဆင်ခဲ့ရ။

            ပိုကောင်းတာကို ငါသိခဲ့ရ။ တစ်စုံတစ်ခုများဟာအပြစ်ဖြစ်နိုင်တာချည်းလို့ ကျုပ်ခံစားခဲ့ရ။ ဆားဟာ လျှာနဲ့တွေ့သလို ထက်ခြမ်းခွဲထားတဲ့အရာဖြစ်ကြောင်း အမှောင်ကအနည်းငယ်ပြောဆိုမှုများကို နှစ်သက်နေတုန်းပဲ။ ခလေးတွေအတွက် အဓိပ္ပါယ်ဖွင့်တဲ့ စာအုပ်တစ်အုပ်ကို ကျုပ်ဖတ်တယ်၊ “ဝမ်းနည်းမှုသည်မည်သည့်အရာနည်း။”

        ကုန်ပဒေသာဆိုင်အလင်းဟာ သူ့ရဲ့ ခြင်မှက်သတင်းအသေးစိတ်ကို ဖက်တွယ်ထားတယ်။ သစ်ချပင်ရဲ့ သေးငယ်လှတဲ့ အသဲမယ် ဒီအဖြူရောင် မှော်ပင်တွေရဲ့ဆန္ဒပြုခြင်းရှိရဲ့။ အပြင်းအထန် ကွဲပြားမှုထဲမှာ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ မူလအဓိပ္ပါယ်ဟာပြုပြင်နိုင်စွမ်းမဲ့စွာ ပျက်စီးခဲ့ပြီး အခုတော့ဖြင့် မြင်ရတာ သူ့ရဲ့အသုံးပြုနိုင်မှုကိုထပ်ပေါင်းထည့်လို့ရမယ့်  အခြေအနေကို သိပ်စိုးရိမ်နေတဲ့အားစိုက်မှုနဲ့တူတဲ့ အချက်အလက်တစ်ခုလိုမျိုး ကျုပ်မျက်နှာကို ကြေးမုံပြင်က အဓိပ္ပါယ်ပြန်ပေးတယ်။

            အပျော်လွန် ချစားမှုရဲ့ အဖျားရောဂါကို ခင်ဗျားရခဲ့ဖူးသလား? အကယ်၍ ဒီသစ်ပင်တွေဟာ ဖုံးအုပ်ခြင်း ကင်းခဲ့ရင်တောင် သူတို့ဟာ ပျော်ပျော်ပါးပါးကြီးသန့်စင်ပါလိမ့်မယ်။ သူတို့ရဲ့ ဖြူလွမှုဆိုတာ မြေခွေးဖြူလို ဖြစ်ပြီး ခင်ဗျားရဲ့ မျက်လုံးတွေမှိတ်ပစ်လိုက်တဲ့အထဲမှာ သူတို့ပျော်ဝင်ကြမှာမဟုတ်ပါဘူး။ ဖော်ပြချက်ဆိုတာဟာ လေကြောရှည်ပြီး အနှောင့်အယှက်ပေးတဲ့ခံစားမှုဆန့်ကျင်တဲ့အရာလို့ တစ်ခါမှ ခင်ဗျားမထင်ဖူးဘူး မဟုတ်လား။ ဒီနေ့ဟာ သိပ်ကို ပျင်းရိဖွယ်ကောင်းသောနေ့ဖြစ်ပြီး သစ်မွှေးရဲ့ ထူးခြားတဲ့ရနံ့တစ်မျိုးလည်း ဖြစ်ရဲ့။ ကျုပ်ဟာ ပျော်ရွှင်မှုရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အမှားရှာပြီး အပြင်းအထန် ဝေဖန်ခဲ့တယ်။ အခုတော့ ကျုပ် ကန်ကြီး ကြေးမုံပြင်စသည်ဖြင့် ကိုကြည့်တယ်။ ကျုပ် သီဆိုတယ် စသည်ဖြင့်။ ကျုပ်မှာတော့ အမြဲတမ်း အဖေ့ပြောစကားရဲ့နှစ်ထပ်ကိန်းရင်းကို တွက်ချက်အဖြေထုတ်ဖို့ ရှိခဲ့ဖူးတာပေါ့။ အဖေက ကျုပ်မမေးခဲ့တဲ့ မေးခွန်းကိုဖြေပါလိမ့်မယ်။ ကျန်းမာသန်စွမ်းတဲ့ ကြွက်သားရှိတဲ့ ထရောက်ငါးသေဆုံးဖို့အတွက် စားသောက်ပျော်ပါးအပြီးမှာတော့ ကျုပ်တို့ဟာ ငါးဖမ်းလှေပေါ်ဝယ် သူပြောခဲ့တာက “မင်းအတွက် ငါဂုဏ်ယူနိုင်ပါပြီ” ဒါမှမဟုတ် အိမ်ကိုပြန်တဲ့ လမ်းတစ်လျှောက် လမ်းမီး ထိန်ထိန်ငြီးတွေ၊ ရှူးဖိနပ်ပြားတစ်လွှာစာနှင်းတွေပေါ်ကိုကျနေတဲ့ အချိန်မှာ သူက “သိပ်ကြီးမားတဲ့ သတ္တဝါကြီး အမှောင်ထဲကို ခုန်ထွက်ပြေးတယ်” လို့ပြောလေရဲ့။ အခုတော့ ခင်ဗျား ဒီပုံပြင်ကို ပြောပါ။

            ကျုပ်ဖတ်တယ်။ ဘုရားသခင်ရဲ့ ကြွေအံဟာ အမြဲတမ်းပစ်ဖို့ ကိုင်တွယ်ထားတယ်။ အကယ်၍များ ခင်ဗျားဟာ သူ့လက်ကိုကြည့်ရင်ဖြင့် မီးခိုးများကိုတွေ့ရမယ်။ အကယ်၍ ခင်ဗျားက သူ့ခြေတွေလက်တွေကို ကြည့်လိုက်ရင်ဖြင့် မီးတောက်မီးလျှံတွေအသေအချာ ရှိနေပါလိမ့်မယ်။ အကယ်၍ ခင်ဗျားက သူ့ပါးစပ်ခံတွင်းကို ကြည့်ရင် မီးတောက်ဟာခင်ဗျားနံဘေးမှာ။

           ဒီအရာအားလုံးရဲ့ အတွင်းပိုင်းအလုပ်၏ အဖြူရောင်တလင်းများအရောအစပ်ကို အကယ်၍များ ခင်ဗျား မြင်တယ်ဆိုရင်ဖြင့် မီးရဲ့ ချွတ်ခွာခြင်းခံရတဲ့ ခင်ဗျားမျက်လုံးများ။ ခင်ဗျားဟာ မမြင်မစမ်းလမ်းလျှောက်။ တွေ့မြင်ရဖို့ ခင်ဗျားဖြစ်တဲ့ ပေါက်ကွဲမှုကတော့ နိဗ္ဗာန်ပါ။

            ဒီရေမြင့်မြင့်ဟာ လှေကားတစ်စင်း ရောဂါလက္ခဏာတစ်ခု။ လှေကလေးဟာလူ့လောဘရဲ့ ရောဂါလက္ခဏာတစ်ခု။ လူ့လောဘကတော့ ဦးခေါင်းရဲ့ အောက်ခြေမှာရှိတဲ့ ကိရိယာတစ်ခုဆိုတဲ့အရာကခပ်ကြမ်းကြမ်း ရောမွှေပစ်ထားတဲ့ ဆုတောင်းများက သူတို့ကိုယ်သူတို့ သေချာရုံလေး ဖော်ပြကာမထိမ်းနိုင် မသိမ်းနိုင်ဖြစ်နေတဲ့ ခန္ဓာတစ်ခုလုံးပစ်ဝင်ပြီး ဖြည်းဖြည်းသာသာလှုပ်ရှားနေတဲ့တိုက်တွန်းချက်သာဖြစ်တယ်။ ဘုရားသခင်နား တီးတိုးစကားဆိုကြသလို လောဘသားများ။ ဒါကြောင့်ပဲ ငါ့ဝမ်းဗိုက်ဟာ ဆူပွက်နေတဲ့ ရေဘာသာပြန်ဆိုချက်။ ကျုပ်တို့ကို စိတ်ကူးပါ။ ဆရာ၊ ခင်ဗျားရဲ့ပျက်ကွက်မှုရဲ့ ရောဂါလက္ခဏာလိုပေါ့။

            နှိုင်းရမုန်တိုင်း အလင်္ကာနဲ့ ကစားကြစို့။ ကန်ကြီးဟာ လျှပ်ပန်းများနဲ့ခမ်းနားစွာ ဆိုးရွားခဲ့ပြီ၊ အလွန်အကျူးအလှပြင်ခြင်းကို ရိတ်သိမ်း၊ နာမကျန်းလက်များ၊ ပင်ပန်းဆိုးရွားတဲ့ ညီအစ်မများရဲ့ ဆာလဖျူရစ်ဆံပင်များ။ ခုတော့ ခင်ဗျားအလှည့်ရောက်ပြီ။ အလင်းဟာ အရေပြားကွဲထွက်ခြင်းနဲ့တူလား။ ဒီဟာက စာအုပ်ထဲက အခန်းတစ်ခု၊ ငါ့စိတ်လှုပ်ရှားခြင်းကိုမတားနိုင်တဲ့အရာ။ Xs များ အစုအဝေး။ ကောင်းကင်ရဲ့ နှုတ် ပါးစပ်ထဲကိုကျတဲ့ ဓါးရှည်တစ်ချောင်း။ ခင်ဗျား နောက်တစ်ကြိမ်နိုင်ပြန်ပြီလေ။ ခင်ဗျားမျက်နှာက နွမ်းနယ်မှုအသီးသီးကြောင့် တောက်ပအသက်ဝင်။ ဒီအလင်း အစိတ်စိတ် ဆုတ်ဖြဲခြင်းခံရ။ ကျုပ်တို့ မျက်လုံးများထဲက အဖြူရောင်တွေအား ဘုရားသခင်ကူညီလေသည်။

-  အင်ဒရူးဂရေ့(စ်) (Andrew Grace)


- ဇော်ဇော်ထွန်း