ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

Deep Image (2)

အမေရိကန်ကဗျာသစ် (New American poetry) နဲ့ကပ်လျက်ရှိခဲ့တဲ့ရေးဟန်ပါ။ အဲဒီအချိန်က ပင်မရေစီးထဲက တစ်ခုပေါ့။ ဂျရိုမီရိုသမ်ဘတ် နဲ့ ရောဘတ်ကယ်လီ (Robert Kelly) တို့ စခဲ့တဲ့ဇတ်လမ်းပါ။ ၁၉၆၁ ခုနှစ် ထရိုဘား (Trobar) ရဲ့ ဒုတိယစာစောင်မှာပါ။ ဒီ "Deep Image" ဆိုတဲ့ စာလုံးကိုသူတို့နှစ်ယောက်နဲ့အတူ ဒိုင်ယာနီဝါကိုဆကီ (Diane Wakoski) နဲ့ ကလေတန်အရှလီမန် (Clayton Eshleman) တို့ ရေးတဲ့ ကဗျာတွေကိုပါ ခေါင်းစဉ်တပ်ခဲ့ကြတယ်။ ရိုသမ်ဘတ် (Jerome Rothenberg) ဟာ ဒီရေးဟန်ကို ဂါစီလိုကာ (Federico Garcia Lorca) ဆိုတဲ့ စပိန်ကဗျာဆရာကြီးဆီက ရတာပါ။ စပိန်တွေရဲ့အခေါ် ဆန်တီဂျွန်ဒို (deep song) ရေးဟန် လွှမ်းမိုးမှုအပြင် သင်္ကေတဝါဒသီအိုရီတွေနဲ့ ပေါင်းစပ်တဲ့ ရေးဟန်ပါပဲ။ ခုနှစ်တွေအနေနဲ့ကတော့ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်များမှာထင်ရှားလာပါတယ်။ ဝီကီအဘိဓါန်နဲ့ ရောဘတ်ကယ်လီ (Robert Kelly) ရဲ့ အင်တာဗျူးအရ ကယ်လီဟာ Deep Image မှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ "DI" ကို အဓိပ္ပါယ်ဖွင့်တဲ့အထဲမှာတော့ ရောဘတ်ကယ်လီ နာမည်ထည့်ရပေမယ့် နောက်ပိုင်း ကယ်လီဟာ စမ်းသပ်ကဗျာတွေ အများကြီးရေးခဲ့တယ်။ ဒါပေမယ့် ခရစ်(စ)တိုဖာဘိခ်ျ (Christopher Beach) ရဲ့ နှစ်ဆယ်ရာစု အမေရိကန်ကဗျာ မိတ်ဆက်မှာတော့ရောဘတ်ဘလိုင်း (Robert Bly) နဲ့ ဂျိမ်းရိုက် (James Wright)ကိုပဲ အဓိက ဖော်ပြတယ်။

ခရစ်(စ)တိုဖာရဲ့အဓိပ္ပါယ်ဖွင့်ချက်အရ သူက ရောဘတ်ဘလိုင်းက တည်ပြီး စိတ်ခံစားမှုအရွေ့ (Psychic Leaps) များဖြစ်ပြီး သိစိတ်နဲ့ မသိစိတ်ကြားမှာကစားတဲ့ဟန် (between the conscious and the unconscious) လို့ ရေးတယ်။ ဘလိုင်းက သိစိတ်နဲ့ရေးတဲ့ပုံရိပ်တွေကိုပဲ သီးသန့်ဖမ်းယူတင်ပြတာမျိုးမလုပ်သင့်ဘူး၊ မသိစိတ်နဲ့ ကဗျာထဲဝင်ပြီးအလုံးစုံနားမလည်နိုင်တဲ့ ပုံရိပ်တွေနဲ့ပါ ကဗျာကို တည်ဆောက်သင့်တယ်လို့ ဆိုပါတယ်။ တိကျတဲ့ပမာဏရှိတဲ့ ကဗျာဆိုင်ရာအချက်အလက် (element) တွေနဲ့ ဆာရီယယ်လစ်ဇင် (Surrealism) ကို တည်ဆောက်တဲ့နေရာမှာ သိစိတ်အခြေခံပြီး ပုံရိပ်တွေကို နက်နက်နဲနဲ (Deep) ဖြစ်အောင် ဖန်တီးတယ်။

သူတို့ဟာလူမှုပြဿနာ "Social" နဲ့ အနုပညာမြောက်အောင်ပြုလုပ်ခြင်းဘက်ကို ပြန်လှည့်မှာမဟုတ်သလိုကဗျာဘာသာဗေဒ (Poetic Language) နဲ့ သဒ္ဒါမှန်ဖွဲ့ထုံး "syntax" ကောင်းမွန်အောင်ကြိုးစားပြီး စိန်ခေါ်တဲ့ အလုပ်ကို မလုပ်ဘူးလို့ ဆိုတယ်။ "DI" ထဲမှာ ကဗျာဖတ်သူတွေ့နိုင်တာက အိပ်မက်ကဲ့သို့ (ဝါ) ဆောင်းအိပ်မက်ကဲ့သို့ (dreamlike or nightmarish) မြင်ကွင်းများပဲဖြစ်တယ်။ လက်လွတ်စပယ်အရေးအသား၊ ထူးခြားပြီးပုံမှန်မဟုတ်တဲ့ အမျိုးအစား (kind of bizarre) နဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အပြမျိုး (shocking images) များဟာ ဆာရီရယ်လစ်ဇင်မှာပါဝင်ပေမယ့် "DI" မှာ မပါဘူး။

ဒီတော့ "DI" အုပ်စုကို နှစ်ပိုင်းပြန်ခွဲပါတယ်။ တစ်အုပ်စုကတော့ ဆာရီရယ်လစ်ဇင် ခံစားချက်အပြည့်နဲ့ရေးပြီး ဆာရီယယ်လစ်ဇင် ရဲ့ အခြေခံအချက် (element) တွေကို သုံးတဲ့ အုပ်စုဖြစ်ပြီး မာဝင်း (W.S Merwin)၊ မာ့ခ်စထရန်း (Mark Strand)၊ ဂျိမ်းတိတ် (James Tates) နဲ့ ချားလ်ဆီမစ် (Charles Simic) တို့ အုပ်စုပဲဖြစ်တယ်။ နောက်တစ်အုပ်စု ကတော့ ဆာရီရယ်လစ်ဇင်ကို အခြေခံတယ်၊ ဒါပေမယ့် တချို့အပိုင်းတွေကို မယူဘဲ"DI" စစ်စစ်ကို ရေးတဲ့ အုပ်စုဖြစ်ပြီး ဘလိုင်း (Bly)၊ ဂျိမ်းရိုက်(James Wright)၊ ဂေါ်ဝေးကင်နယ် (Galway Kinnel)၊ ဂယ်ရီဆန်းဒါး (Gary Snyder) နဲ့ ဝီလီယံစတပ်ဖို့ဒ် (William Stafford) တို့ ပါဝင်တယ်။ စာအုပ်ရေးသူ ခရစ်(စ)တိုဖာကတော့ ဒုတိယအုပ်စုကိုပဲသူချဉ်းကပ်ဖို့ စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းပြရတာလွယ်ပြီး မြင်ကွင်းအသေးစိပ်အားပြုရေးဟန် "meditative" ဘက်ကို ပိုရောက်လို့ပါလို့ ဆိုတယ်။ ဒီတော့ အခု"DI" အခန်းမှာတော့ ခရစ်(စ)တိုဖာဟာ ဘလိုင်း (Bly) နဲ့ ရိုက်(James Wright) ကိုတစ်တွဲ၊ရှနိုင်ဒါး (Gary Snyder) နဲ့ ကင်နယ် (Galway Kinnel) ကို တစ်တွဲခွဲပြီး ရှင်းထားပါတယ်။ ဒီနေရာမှာတော့ ခရစ်(စ)တိုဖာရဲ့ စာအုပ်ဟာ "ကျောင်းသုံးရန်" ဟူတဲ့ စာတန်းတစ်ခုပါတာကိုထူးခြားစွာ တွေ့ရတယ်။ သာမာန်လူပြိန်းတစ်ဦးက ဒီစာအုပ်တစ်အုပ်ထဲနဲ့တင် အမေရိကန်ကဗျာကိုလုံလောက်သွားနိုင်ပါတယ်။

ရောဘတ်ဘလိုင်း ရဲ့ နာမည်ကြီးကဗျာတစ်ပုဒ်ကိုကြည့်ရအောင်း။ (ခရစ်(စ)တိုဖာရွေးထားတာပါ) လက်ကွေးပါလီမြစ်ဆီသို့ဦးတည်မောင်းနှင်ခြင်း(Driving Toward Lae Qui Parle River)ပါပဲ။

Driving Toward Lae Qui Parle River

I.
I am driving; it is dusk; Minnesota.
The stubble field catches the last growth of sun.
The soybeans are breathing on all sides.
Old men are sitting before their houses on car seats
In the small towns. I am happy,
The moon rising above the turkey sheds.

II.
The small world of the car
Plunges through the deep fields of the night,
On the road from Willmar to Milan.
This solitude covered with iron
Moves through the fields of night
Penetrated by the noise of crickets.

III.
Nearly to Milan, suddenly a small bridge,
And water kneeling in the moonlight.
In small towns the houses are built right on the ground;
The lamplight falls on all fours on the grass.
When I reach the river, the fullmoon covers it.
A few people are talking, low, in a boat.

လက်ကွေးပါလီမြစ်ဆီသို့ ဦးတည်မောင်းနှင်ခြင်း

ငါကားမောင်းနေပေါ့။ မှောင်စပျိုးချိန်ပါပဲ။ မင်နီဆိုးတား
နေမင်းရဲ့ နောက်ဆုံးသောတောက်ပမှုကို ဒီ ရိတ်သိမ်းပြီးစ လယ်ကွင်းကဖမ်းယူ
အားလုံးသောနေရာများထဲ ဒီပဲပင်များ အသက်ရှူနေကြ
သက်ကြီးရွယ်အိုတွေက သူတို့အိမ်ရှေ့က ကားထိုင်ခုံတွေပေါ်မှာ ထိုင်လို့
ဒီမြို့ငယ်ထဲမယ်…ငါပျော်ပါတယ်။
ရွှေလဟာ ကြက်မွေးတဲ့တဲပေါ်က ထိုးတက်လာလို့နေရဲ့
ဒီကားလေးရဲ့ ကမ္ဘာကျဉ်းကျဉ်းက
ဒီညရဲ့ လယ်ကွင်းနက်နက်တွေထဲ ထိုးသိပ်ထည့်
ဝဲလ်မာကနေ မီလန်ကို သွားတဲ့ ဒီလမ်းပေါ်
သံမဏိနဲ့ဖုံးအုပ်ခဲ့တဲ့ ဒီအထီးကျန်ဖြစ်တည်မှုက
ညရဲ့လယ်ကွင်းများထဲ ရွေ့လျားဖြတ်သန်း
ပုရစ်အော်သံများရဲ့ထိုးဖော်ဝင်ရောက်ခြင်းကို ခံရပြန်တယ်။
မီလန်ကိုနီးကပ်ရင်ပဲ၊ ရုတ်ချည်းသေးငယ်သော တံတားတစ်စင်း
လရောင်ထဲက ရေကဒူးထောက်ခစားခြင်းနဲ့အတူ
သေးငယ်တဲ့မြို့တွေထဲမှာရှိတဲ့ အိမ်တွေဟာ မြေကြီးပေါ်မှာ ဝပ်လို့ဆောက်ခြင်းခံရတယ်
ဒီမီးအိမ်ရဲ့ အလင်းဟာ အခြားသောအရာများနဲ့ ဆင်တူပဲ မြက်ပင်ထဲကိုပြိုလဲစီးဆင်း
ငါ မြစ်ဆီကို ရောက်သွားတဲ့အခါ၊ လပြည့်ဟာ မြစ်ကိုလွှမ်းခြုံလို့
လှေတစ်စင်းထဲမတော့ လူတချို့ဟာ ခပ်တိုးတိုးစကားပြောနေကြရဲ့။

- ရောဘတ်ဘလိုင်း

ဒီကဗျာဟာ ခြောက်ကြောင်းတစ်ပိုဒ်နဲ့ သုံးပုဒ်အဖွဲ့ကဗျာဖြစ်တယ်။ ဒီကဗျာဟာ နေရာ မြင်ကွင်းပြတဲ့ ကဗျာပါပဲ။ မင်နီဆိုးတားရဲ့ လယ်ကွင်းများမှောင်စပျိုးချိန်တစ်ခုပါ။ ပထမ ပိုဒ်ခွဲငယ်နှစ်ခုကတော့ ကြည်နူးစရာခံစားမှုလို့တောင် ဆိုရမယ်။ ကိုယ်ပိုင်အမြင်(private)၊ နက်ရှိုင်းစွာတွေးတောခြင်း (pensive) နဲ့ ပျော်ရွှင်ကြည်နူးဖွယ် (Joyful) ဖြစ်တယ်။ ကဗျာဆရာဟာ အရာဝတ္ထုနဲ့မြင်ကွင်းတွေကို သမာရိုးကျ အသေးစိတ်ရေးဖွဲ့မှုမျိုးတော့မဟုတ်ဘူး။ ကဗျာဆရာရဲ့ ပတ်ဝန်းကျင်အပေါ်ထိုးဖောက်ဝင်ရောက်တဲ့ဟန် (ဝါ) ရှုခင်းများကို ဖော်ပြတဲ့ဟန်ကတစ်မျိုးတစ်ဘာသာဖြစ်နေပြီး ဖော်ပြချက်တွေဟာ ဇတ်ကြောင်းပြောကဗျာဆရာရဲ့စိတ်ခံစားမှုနဲ့ရောပြွမ်းနေတယ်ဆိုတာ"ဒီပဲပင်များ အသက်ရှုနေကြ" (The soybeans are breathing) ကားရဲ့ကမ္ဘာကျဉ်းကျဉ်း (In the small world of the car) တို့က သက်သေပဲ။ "The speaker emotional state" လို့ရေးတယ်။ တချို့အဖွဲ့အနွဲ့များဟာရိုးရာနေထိုင်မှုကို ဖော်ပြပြန်တယ်။ "သက်ကြီးရွယ်အိုများက သူတို့အိမ်ရှေ့က ကားထိုင်ခုံတွေပေါ်မှာထိုင်လို့" နဲ့"ရွှေလဟာကြက်မွေးတဲ့တဲပေါ်က တိုးတက်လာလေရဲ့" ဆိုတာမျိုးပေါ့။ ပုဂ္ဂလခံစားမှုအကြောင်းအရာပိုင်းနဲ့ဖတ်သူကို ကဗျာထဲဝင်အောင် ဖိတ်ခေါ်ပါတယ်။ အဲဒီနောက်မှာ အကြောင်းအရာပိုင်းဟာပိုပြီးချဲ့ထွင်လာတယ်။ ကဗျာဆရာက ဖော်ပြချက် (description) ကနေ ဖွင့်ဟချက် (declaration) ဆီကို ခုန်ကူးပါတယ်။ I am happy (ကျွန်တော်ပျော်တယ်) စာကြောင်းကို ဖြတ်သွင်းပစ်တယ်။ (A degree that description lapses into declaration: "I am happy" လို့ ဖော်ပြတယ်။ ပုံရိပ်တွေဟာ မြင်ကွင်းပြအချက်အလက်တွေဆီကနေ အားကောင်းတဲ့ စိတ်ခံစားမှုအလေးသာတဲ့ ဘက်ကိုပိုကဲလာပါတယ်။

ကဗျာဆရာဟာ အဖွင့်လိုင်းတစ်ကြောင်းကို ဖြတ်ထည့်ပစ်ထားတဲ့အတိုင်း "ကျွန်တော်ကားမောင်းနေသည်။မှောင်စပျိုးချိန်ဖြစ်သည်" ဆိုတဲ့ လိုင်းအရ ပထမနှစ်ပိုဒ် ပြီးတဲ့အချိန်ထိ ကဗျာဖတ်သူဟာ ကဗျာဆရာရဲ့ကားနဲ့အတူ ရွေ့နေဆဲပဲဖြစ်တယ်။ တတိယအပိုဒ်မှာတော့ ဇတ်ကြောင်းပြောတဲ့ speaker ရဲ့ ထူးခြားတဲ့ အမြင်စာလုံးတစ်လုံး ဖြတ်ဝင်လာပြီး စတင်ဖော်ထုတ်ပါတယ်။ အဲဒါကတော့ရုတ်ချည်း "Suddenly" ဆိုတာပါပဲ။ အဲဒီကစလို့ ကဗျာဟာ ပကတိရှိနေတဲ့ အရှိတရား (objectivity) နဲ့ ခံစားမှုပါဝင်တဲ့ပုဂ္ဂလိကအမြင်ကရရှိတဲ့အရှိတရား (Subjectivity) ကြားကတံတိုင်းကို စဖြိုတော့တာပဲ။ မြင်ကွင်းတွေ၊နေရာတွေ အားလုံးဟာ ကဗျာထဲမှာ ပါသာပါရတယ် တကယ်တော့ဖတ်သူအတွက် အဆန်းတကြယ်တော့မဟုတ်ဘူး။ နေ့တဓူဝမြင်ကွင်းမျိုးပဲ။ ဒါပေမယ့် ကဗျာဆရာဟာ အထီးကျန်ဖြစ်တည်မှု (the speaker's solitude) က သူ့ကိုဆန်းပြားတဲ့ မြင်ကွင်းမျိုးဖြစ်အောင် လုပ်ပေးလိုက်တယ်။ ဝေဖန်သူက (become defamilirized) လို့ ဆိုတယ်။ ဒီကဗျာမှာ ကမ္ဘာမြေ (ဝါ) မြေပြင်ဆီကိုဦးတည်နေတဲ့ စာသားမျိုးပါဝင်ပါတယ်။ ဒါက ကမ္ဘာမြေနဲ့ ကဗျာဆရာ တသားတည်းကျနေကြောင်း ဖော်ပြနေတယ်။ ဥပမာ- မြေကြီးပေါ် ဆောက်ထားတဲ့ အိမ်များ (The house are built on the ground) တို့၊ လရောင်ကရေပြင်ပေါ်ကို ဖျာကျ (The moonlight is shining down upon the water) တို့ဟာ သက်သေပဲ။ မြစ်ရဲ့နာမည် လက်ကွေးပါလီ (Lac Qui Parle) ရဲ့ အဓိပ္ပါယ်ကိုက စကားပြောတဲ့ရေအိုင် (lake which speaks) ဖြစ်နေပြီး အင်မတန်ထိမိတဲ့ နမိတ်သင်္ကေတ "Symbol" ဖြစ်နေတယ်။ မြစ်ဟာ ကဗျာဆရာနဲ့စကားပြောနေတယ်လို့ ဆိုတယ်။ သိပ်ကိုထိမိတဲ့ မီတာဖေါ (metaphor) နှစ်ခုရှိတယ်။ အဲဒါကတော့ လရောင်ထဲက ရေကဒူးထောက်ခစားခြင်းနှင့်အတူ (kneel(s) in the moonlight) နဲ့ ဒီမီးအိမ်ရဲ့အလင်းဟာ အခြားအရာများနဲ့ဆင်တူမြက်ပင်များထဲပြိုလဲစီးဆင်း (lamplight falls on all four in one grass) ပါပဲ။ သဒ္ဒါအထားအသို (syntax) ဟာ ကောင်းတယ်၊ မရှုပ်ထွေးဘူး။ ဒါက ပုံရိပ် (Image) နဲ့ တင်စားချက် (metaphor) တွေကို ဖိတ်သူက တိုက်ရိုက်ထိထိမိမိရသွားတယ်။

အတက်အကျခပ်ဆင်ဆင်ဖြစ်နေတဲ့ "Nearly to Milan, suddenly a small bridge" ကိုတော့ နောက်ကွယ်အနက်ဆက်စပ်ဖို့ခက်တဲ့တည်ဆောက်မှု (Elliptical Structure) ရယ်လို့ ချီးကျူးထားတယ်။ တတိယပိုဒ်ရဲ့အရှည်ဆုံးလိုင်းဖြစ်တဲ့ တတိယလိုင်းကို ကြည့်ပါ။ (In small towns the houses are built right on the ground) ဆိုတဲ့ နေရာမှာ ရေးသူဟာ စာတစ်လုံးတစ်သံ (monosyllable) တွေကို ထပ်ဆင့်သုံးခဲ့ပြီး အထားအသို သဒ္ဒါစည်းကမ်းကို လိုက်နာခဲ့တယ်။ ဝါကျကို ရှည်ထားတယ်။ တပြိုင်ထဲ ဖတ်သူရဲ့ မြင်ကွင်းဟာ ကျယ်ပြန့်လာတယ်။ ခလေးတွေ ရှာဖွေတွေ့ရှိသလိုမျိုးမြေကြီးထဲဝပ်ပြီး ဆောက်ထားတဲ့ အိမ်များဆိုတာ မြို့ပြရဲ့မိုးမျှော်တိုက်တွေနဲ့ ကွဲပြားစေတယ်။ "right on the ground" လို့ ရေးပါတယ်။ ဒီလို အသေးစိတ်ရေးဟန်ဟာ"DI" ရဲ့ အားသာချက်တစ်ခုပါပဲ။ ကဗျာရဲ့အကြောင်းတရားဟာဘာလဲ။ ကဗျာဆရာရဲ့ ခံစားချက် (Mood of Poet) ပဲဖြစ်တယ်။ ပထမအပိုဒ်ဟာ ကဗျာဆရာရဲ့ လုပ်ဆောင်ချက်၊ ရှုခင်းအပေါ်မြင်တဲ့ကိုယ်ပိုင်အမြင်၊ ဖွင့်ဟထုတ်ပြောလိုက်တဲ့ ပျော်ရွှင်မှု ဒီလောက်ပါပဲ။ ဒုတိယအပိုဒ်ကတော့ကဗျာဆရာ (speaker) ရဲ့ အမှောင်ထု (darkness) နဲ့ သီးသန့်ဖယ်ရှားခံရခြင်း (isolation) အပေါ်ချဉ်းကပ် (focus) လုပ်တယ်။ တဒင်္ဂကြာမြင့်တဲ့ မှောင်စပျိုးအချိန် (dusk) ဖြစ်ပြီး ပိုကြာရှည်မယ့်"night" (ည)ကို ကူးသွားတယ်။ နောက်ဆုံးပိုဒ်မှာတော့ ထင်ရှားတဲ့ စာလုံးဟာ"nearly" ပါပဲ။ ကဗျာဆရာဟာ သူ့ရဲ့မူလပန်းတိုင် "Town of Milan" ကိုရောက်လုနီးပါပြီ။ ဆုတောင်းခြင်းကို ပြလိုတဲ့အတွက်ဒူးထောက်အရိုအသေပေးခြင်းကို ဖော်ဆောင်တဲ့ kneeling ကိုသုံးတယ်။ လရောင်ဟာမိခင်ကခလေးငယ်ကို စောင်တစ်ထည်ခြုံပေးသလိုမျိုး မြစ်ကိုသူ့ရောင်ဝါတွေနဲ့လွှမ်းခြုံပေးတယ်လို့ ဆိုချင်တယ်။ အဆုံးမတော့ ကဗျာဆရာဟာ လူ့အဖွဲ့အစည်းရဲ့ တီးတိုးစကားသံကိုကြားခဲ့တယ်။ ဒါပေမယ့် သူတို့ဘာကိုပြောသလဲ သိမသွားခဲ့ဘူး။ ကျွန်တော်တို့ဝန်းကျင်မှာ လူတွေတီးတိုးပြောနေကြပါတယ်။ ဒါက အမြဲတမ်းဖြစ်နေတဲ့ကိစ္စပါ။ ဒါကို ကျွန်တော်တို့ ခပ်သဲ့သဲ့ကြားကောင်းကြားမိမှာပါ။ ဒါပေမယ့် သူတို့ပြောတဲ့စကားကို ကျွန်တော်တို့ မကြားပါဘူး။ အသံကသိပ်ကို တိုးညက်လွန်းနေတာကိုး။

- ဇော်ဇော်ထွန်း

Ref:The Cambridge introduction to Twentieth-Century American Poetry by Christopher Beach
Robert Bly, “Driving toward the LacQui Parle River” from Silence in the Snowy Fields (Middletown, Conn.:Wesleyan University Press, 1962). Copyright © 1962 by Robert Bly.
Source: Selected Poems (1986)