ရေပြင်မြေပြင်လေ
တိမ်တွေမရှိတဲ့အခါ နေရာကွက်ကြားမိုးကြီး၍ တိမ်တွေမရှိတဲ့အခါ နေ့အချိန်တွင်များသောအားဖြင့်တိမ်တွေမရှိတဲ့အခါ သာသာယာယာရှိသဖြင့် တိမ်တွေမရှိတဲ့အခါ ကျန်ဒေသများတွင်မိုးရွာ၍ရွာရန်ရာနှုန်း၈၀ ဖြစ်ကာ မိုးရွာသွန်းစဉ်တွင် ရေပြင်မြေပြင်လေသည် တစ်နာရီမိုင်ငါးဆယ်အထိတိုက်ခတ်နိုင်သည်ဟု တိမ်တွေမရှိတဲ့အခါ ရေဒီယိုမှ ကြေညာနေပါသဖြင့် တိမ်တွေမရှိတဲ့အခါ ရေဒီယိုတစ်လုံးတလေလိုအပ်မည်ဟုမထင်ခဲ့ တိမ်တွေမရှိတဲ့အခါ ကောင်းကင်ပြာကိုဘယ်သူများ ဆေးရောင်ချယ်ဟူသော မေးခွန်းအားလူများပို၍ မေးလာကြရာဝယ် တိမ်တွေမရှိတဲ့အခါ ပုလင်းခွံထဲကစာများပင်လယ်ကြီးထဲ မျောလို့လာလိမ့်မည်ဟူသောအကြောင်းပြချက်တချို့ကို ပုဏ္ဏားညိုများက ဆိုကောင်းဆိုခဲ့မည် ဖြစ်သော်လည်း တိမ်တွေမရှိတဲ့အခါ တိမ်ကြားမင်းခေါင် တို့တတွေရဲ့ ဖခင်အမည်မှန်မှာ တိမ်တွေမရှိတဲ့အခါ စက်တင်ဘာလကုန်ရင် ငါ့ကိုနှိုးပါ။
စကားပြေကဗျာနဲ့ပတ်သက်ပြီး ကိုးလ်ဆွမ်ဆန်က ဘာများ ထပ်မြင်မိပါသလဲ။ သူမက “Anthropomorphizing” လို့ သုံးပါတယ်။ အဓိပ္ပါယ်က လူမဟုတ်သည့်အရာကို လူကဲ့သို့ ဆက်ဆံခြင်းပါပဲ။ အဲဒီလို အရေးအသားမျိုးလို့ သူမပြောတယ်။ ကျွန်မ အဲဒီလို ထင်ပါတယ်။ “I think it is” လို့ ဆိုတယ်။ သူမ ဆက်ပြောတယ်။ ခုထိ အမျိုးအစား “genre” ဟာ ပစ်မှတ်တစ်ခု “a target” ဖြစ်နေတုန်းပါပဲ။ အမျိုးအစားမဲ့ ရေးနည်းလို့ ဆိုချင်တယ်။ စကားပြေကဗျာကို ကျွန်မအဲဒီလို ဆိုချင်တယ်။ ဒါဆိုရင် အမျိုးအစားမဲ့ရေးနည်းဆိုတာ ပစ်မှတ်မဲ့ ရေးနည်းပါပဲ။ အဲဒါက အဆုံးသတ်ကို ဖျောက်ပြီး ရေးတာဖြစ်တယ် (without receiving end)။ ဒါက နောက်တစ်မျိုးတစ်ဘာသာ ဖတ်သူမဲ့ အရေးအသား (without a reader) ဖြစ်တယ်။ ဖတ်သူကို ရည်ရွယ်တဲ့ ပြဿနာ မရှိတော့ဘူး။ ဒီတော့ ဘာဖြစ်သွားသလဲဆိုရင် ဖတ်သူကို ရည်ညွှန်းတဲ့ကိစ္စ မရှိတော့ဘူး။ လေ့လာသူကို ပေးချင်တဲ့ ပုံရိပ် မရှိတော့ဘူး။ နားထောင်သူအတွက် ဆင်ဖိုနီကို လုပ်ရတာလည်း မရှိတော့ဘူး။ (No problem is intended to the reader, no picture for the beholder, no symphony for the listener) လို့ ဆိုတယ်။ သူ့အရေးအသားကို သူ့ဘာသာသူရှာဖွေတာပဲ ဖြစ်တယ်။ စကားပြေကဗျာဟာ အဆုံးသတ်ကို အပိတ်မထားဘူး။ ဖွင့်ထားတယ်။
လက်ဖဝါး၊ အမြင်၊ မလုပ်နိုင် (Palmar view, can’t)
အရိုးလေးခုရှိတယ်။ ရှေ့ကို လက်ချောင်းတွေ ထွက်သွားတယ်။ တွင်းဘက်ထဲကို သူတို့ကို ချိတ်ဆက်ခိုင်းတယ်။ အဲဒီတစ်ခုကို လက်ချောင်းတွေကြားက ကြွက်သား အင်တီရိုဆိုင်း လို့ခေါ်တာ၊ ကျွန်မတို့ဆီမှာရှိရဲ့။ ရှင်ပုံဆွဲတဲ့အခါမှာ အပေါ်ပိုင်းမြင်ကွင်း “ဒေါ်ဆယ်” တွေဟာ နေရာတိုင်းလိုလိုမှာ။ အဲဒီဆီက ကျွန်မတို့ သင်ယူခဲ့ပေါ့။ သတ္တဝါတွေကို နီးနီးကပ်ကပ်ကြည့်။ တချို့က အပြင်ဘက်ကို ကားပြန့်ထွက်တယ်။ ဒါတွေကိုတော့ ချဲ့ကားကိရိယာတွေလို့ ခေါ်ရဲ့။ သူတို့ “အဝေးကိုဆွဲထုတ်” ၊ သူတို့နက်တဲ့နေရာမှာရှိ၊ သူတို့ဟာ။
- ကိုးလ်ဆွမ်ဆန်
လက်ရိုက်ဓါတ်ပုံ (The Hand Photographed)
ဒီနေရာမှာ ကျွန်မတို့ အသေးစိတ်ကို ပြန်သွားတယ်၊ သူတို့တတွေ အဖြူအမည်းချည်းကျန်သေးတာနဲ့အတူ/ ဒါမှမဟုတ် တံခါးတစ်ချပ်မတိုင်ခင်က အနက်ရောင်၊ အဖြူရောင်၊ ဖျစ်ထွက်လာ။ သူတို့ပုံတူတွေက ရှင်လည်းဒီမှာ ရှိနေနိုင်ကြောင်းကို ညွှန်ပြကြလိမ့်မယ်ဆိုတာထက်ပိုပြီး ထောင်လျက်သားကျနေတယ်။ ကျွန်မတို့ မြင်သလိုပဲ ကျွန်မတို့ရုပ်ထွက်တွေ မဆိုးသေးပါဘူး။ ဓါတ်ပုံတွေမှာ အဲဒီနေ့တုန်းက နည်းနည်းပိုအေးတဲ့အကြောင်းပြဖို့အတွက် ဒါမှမဟုတ် ကျွန်မတို့ဟာကျန်နေသေးတဲ့အရာတစ်ခုကိုအလိုရှိတဲ့လူတိုင်းရဲ့ ခြေခွင်ပေါ် နေထိုင်နေတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တယ် ဆိုတဲ့အကြောင်းကို ပြဖို့နည်းလမ်းတစ်ခု ရှိလေရဲ့။
- ကိုးလ်ဆွမ်ဆန်
ကိုးလ်ရဲ့ဝါကျတွေ၊ တင်ပြပုံတွေက မျက်လှည့်ပွဲကို သွားကြည့်ရသလိုပါ။ ဝါကျတွေဟာ ဓါတ်ပုံရိုက်သလိုပါပဲ။ သူမဟာ ဝါကျတွေကို ရှည်အောင် တည်ဆောက်တယ်။ အဆုံးမှာ ဝါကျတိုတစ်ကြောင်း ဖျတ်ခနဲပေါ်လာတယ်။ အဲဒီဝါကျတိုတွေဟာ သူမပါပဲ။ အဲဒါ ကိုးလ်ပဲ။ သူမပဲ ဒါမျိုးလုပ်တတ်တယ်။
ကဗျာဖောင်ဒေးရှင်းဆိုဒ်က ယတြာချေတာလားမသိ။ ကဗျာဆရာ ကိုးယောက်ကို တစ်ယောက်ကဗျာတစ်ပုဒ်စီ ညွှန်းခိုင်းတယ်။ ကျွန်တော် ကိုးလ်ကို ရှာတွေ့ခဲ့တယ်။ ပထမဦးဆုံး ကိုးလ်ညွှန်းတဲ့ ကဗျာက ဝေါ့လေ့(စ)စတီဗင် (Wallace Stevens) ရဲ့ ကဗျာဖြစ်တဲ့ “A Rabbit as King of the Ghosts” (တစ္ဆေများရဲ့ဘုရင်လိုယုန်တစ်ကောင်) ကို ညွှန်းတယ်။ စတီဗင်ဟာ ကျွန်တော်တို့ မဖြစ်မနေ လေ့လာရမယ့်သူပါ။ မော်ဒန်ကဗျာရဲ့ အမြင့်ဆုံးဒီရေမှာ စတီဗင့်နာမည်ကို ဘယ်လို အကြောင်းနဲ့မှ ထားခဲ့ဖို့မလိုဘူး။ ကိုးလ်က ဒီကဗျာလေးကို သူမဘာကြောင့် ကြိုက်ရသလဲ။ စတီဗင်ဟာ ကဗျာဆရာတွေရဲ့ ယေဘုယျနားလည်မှုကို လျော့ပစ်လိုက်တယ်။ ဆိုလိုတာက စတီဗင်ရဲ့ ကဗျာကို ဖတ်ရင် ပုံမှန်ဥာဏ်ရည်ဥာဏ်သွေးထက် ပိုပြီး လိုအပ်မယ်။ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ ရေခဲမုန့်ရဲ့ဧကရာဇ် (The Empire of Ice-cream) ဟာ သက်သေပဲ။ ဒီတော့ အခု စတီဗင်ရဲ့ ကဗျာ “တစ္ဆေများရဲ့ ဘုရင်လိုယုန်တစ်ကောင်” က ဘာကိုပေးသလဲ။ အောင်ပွဲကိုပေးတယ်။ ကျူးကျော်တိုက်လို့ရတဲ့ အောင်ပွဲမဟုတ်ဘူး။ ရိုးသားရှင်းလင်းတဲ့ ကျက်သရေရှိတဲ့ အောင်ပွဲကို ညွှန်းတယ်လို့ ကိုးလ်က ဆိုတယ်။ နောက်တော့ ကိုးလ်ဟာ အော်ဂျေးတစ်(ဗ)ကဗျာ ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့တဲ့ လူးဝစ်ဇိုကော့(ဖ)စကီး “ဗယ်လင်တိုင်းတစ်ခုမဟုတ်ရင်” (or a valentine) ကို ညွှန်းတယ်။ လူးဝစ်ဟာ ခါကြီးရက်ကြီးကဗျာတွေကို ရေးတဲ့နေရာမှာ အထာကျတဲ့သူလို့ ဆိုတယ်။ ကိုးလ်က အဲဒီလို ပြောတာပါ။ အဲဒီ ဗယ်လင်တိုင်းကဗျာက လူးဝစ်ရဲ့ ဗယ်လင်တိုင်းနေ့အပေါ် ပုံမှန်အမြင်ထက် သွေဖယ်ပြီး ဖောက်ထွက်ထားလို့ သူမကြိုက်တယ်လို့ ဆိုတယ်။ သူတို့ဆီမှာတော့ ကဗျာဆရာတိုင်း အော်ဂျေးတစ်အတွဲဖြစ်တဲ့ (နှောင်းကားလို့စ်+ လူးဝစ်ဇိုကော့(ဖ)စကီး+ ဂျော့ခ်ျအော်ပန်) ကို ရှောင်ကွင်းလို့ မဖြစ်ဘူး။ ကိုးလ်ကို နောက်ထပ် တစ်ပုဒ် တောင်းဆိုကြည့်တယ်။ ချားလ်စီမစ် (Charles Simic) ကို ရွေးတယ်။ ကျွန်တော်က နောက်ဆုံး (I am the Last) ဟာ ဖတ်သင့်တဲ့ကဗျာ။ ခုထိ အမျိုးသမီး ကဗျာဆရာ မပါသေးဘူး။ နောက်တစ်ပုဒ် ထပ်ရွေးတယ်။ ဂျက်(ခ)စပိုက်ဆာ (Jack Spicer) ရဲ့ “Concord Hymn from Homage to Creeley” ကို ရွေးတယ်။ အဲဒီကဗျာက ဘာကောင်းသလဲ?။ ကဗျာက တစ်ပုဒ်လုံးလား၊ တစ်စိတ်တစ်ပိုင်းလား မသိတဲ့ ကဗျာလို့ ကိုးလ်ကဆိုတယ်။ အပေါ်က ချားလ်ဆီမစ် လိုပဲတဲ့။ နောက်တစ်ပုဒ်ထပ်ရွေးတော့ နယူးယောက်ဂိုဏ်းက ဘာဘရာဂက်(စ်)ပါလာတယ်။ အမျိုးသမီး ကဗျာဆရာမ ပါလာပြီ။ ကိုးလ်ဟာ ဘာဘရာဂက်(စ်)ရဲ့ အရိပ်မကင်းသူလို့ ကောက်ချက်ချမယ်ဆိုရင် သူထုတ်ပြတဲ့ ဘာဘရာဂက်(စ်)ရဲ့ ကဗျာလေးကို ကြည့်ဖို့လိုမယ်။ “ကဖျက်ကယက်တော်ဝင်ခရီးသည်” (Dissonance Royal Traveler) ဆိုတဲ့ ကဗျာကို ကိုးလ်က ရွေးတယ်။ ညာညီ (Right Even) ကို သွေဖယ်တယ်။ ကဗျာစာကြောင်းတွေက အပိုင်းအဆက်တွေ လိုနေပြန်တယ်။ ဘာဘရာဆီက ကိုးလ် ဘာတွေရလိုက်သလဲ။ ကဖျက်ကယက် ကဗျာက ဒီလိုဖွင့်တယ်။
sound opens sound အသံက အသံကိုဖွင့်တယ်
shank of globe ကမ္ဘာရဲ့အတံရှည် strings floating out မျောထွက်နေတဲ့ကြိုးများ
something like images are here ဒီမှာ တစ်စုံတစ်ခုနဲ့တူတဲ့ ပုံရိပ်များ
opening up avenues to view a dome အမိုးခုံးတစ်ခုကိုမြင်ဖို့ လမ်းများကို ဖွင့်ထားစေ
- ဇော်ဇော်ထွန်း