ကျုပ်ဟာ ကျေနပ်မှုဖြစ်ခြင်းနှင့် အထီးကျန်စွာ ဗီရိုနာမြို့ထဲရှိ ပလာဇိုဆကာလီဂီရီအနီးမှာရှိတဲ့ ပန်းခြံကလေးထဲ ထိုင်နေမိတယ်။ အစောပိုင်းဆောင်းဦးကာလမြူခိုးများက လျင်မြန်စွာ သူတို့ရွေ့လျားသကဲ့သို့ ဆူးခက်မျက်နှာပြင်ရှိတဲ့ အပင်များကြားတိုးလျပျောက်ကွယ်ပြီးအာဒီဂျီမြစ်ပြင်ထက်ရှိ ဆင်ခြေလျောပေါ်မှာတော့ ဗီရိုနာမြို့ပြ စစ်ပွဲဆန်မှုများရှိနေကြရဲ့။
မနက်ခင်းမိုးစက်များမှ မြစ်သည် ပြန်လည်သက်ဝင်လာပြီဖြစ်သည်။ ခုများတော့မြစ်ဟာ သူ့ရဲ့မူလ အချိုးအဆက်၊ သူ့ရဲ့ မူလလျှို့ဝှက်အလင်းရောင်၊ နည်းနည်းပြစ်ခဲနေတဲ့အစိမ်းနှင့် ပုလဲရောင်လို အရောင်တစ်မျိုးကို ပြန်သိမ်းဆည်းမိထားနိုင်ပြီဖြစ်သည်။
ကျုပ်ရဲ့ ခုံတန်းရှည်တည့်တည့်၊ ကျုပ်နဲ့ ဂိုက်သုံးဆယ်လောက် အကွာမှာတော့ဖြင့် အမျိုးသမီးတစ်ယောက်ရှိနေရဲ့။ သူမရဲ့ဆံပင်တွေဟာ စိန်တွေဆီကနေ လျှို့ဝှက်တဲ့အလင်းဖြာထွက်လာသလို နက်မှောင်နေပုံများက၊ ဒါကရော စွန့်စားမှုတွေရှိတဲ့ အနက်ရောင်တစ်ခုလို အဲဒီလျှို့ဝှက်တဲ့အလင်းဟာလည်း တက်ကြွပြီးစည်းစနစ်ကျလှတဲ့ ပန်းပုသမားတစ်ယောက်က ထူးဆန်းလှတဲ့ကျောက်တုံးတွေကိုထုဆစ်ပစ်ဖို့ သတ္တိ နှင့်ကျွမ်းကျင်မှုကြားကဟန်ချက်ရနိုင်အောင် နှစ်ပေါင်းများစွာလေ့လာထားမှရရှိခဲ့တဲ့ လျှို့ဝှက်အလင်းရဲ့ အလားသဏ္ဍာန်လိုမျိုးနောက် ကျုပ်အဲဒီ ဆံပင်တွေကိုငေးကြည့်ခြင်းဟာလည်း ပန်းပုသမားတစ်ယောက်က သူအမြဲယူဆောင်သွားဖို့ဆန္ဒရှိတဲ့ အဲဒီအလင်းရဲ့လျှို့ဝှက်ချက်ကိုလည်းယူဆောင်ဖို့ အခွင့်အရေးရသလိုရှိရဲ့။
ကျုပ်ဟာ ဒီလိုဝါကျ တစ်ခုတည်ဆောက်ဖို့ကြိုးစားနေစဉ်မှာပဲ ဒီအမျိုးသမီးဟာ သူမရဲ့ ခုံတန်းရှည်ဆီက ထပြီးလမ်းလျှောက်သွားတယ်။ ကျုပ်စိုးရိမ်မိတာကတော့ ကျုပ်ဘ၀ရဲ့အလင်းရောင်ထဲကို သူမရဲ့လျှို့ဝှက်ချက်ဘယ်တော့မှ ပြန်မရောက်လာနိုင်မှာကိုပဲ။ ဒါပေမယ့် ကျုပ်ဘ၀ရဲ့အချိန်ကတော့ တစ်ခုတည်းမဟုတ်ပေဘူး။ သူမကိုဘယ်တော့မှ ပြန်လည်တွေ့ခွင့်ရမှာလည်းမဟုတ်ဘူး။ ကျုပ်ယုံကြည်မိတာကတော့ သူမဟာအခြားတစ်ပါးသောလျှို့ဝှက်မျက်နှာကို အလင်းဆီသယ်ဆောင်တယ်ဆိုတာပါပဲ။ ကျုပ်ရဲ့မျက်နှာကိုတစ်စုံတစ်ယောက်ကယူသွားခဲ့သလို ခုအချိန်မှာသူမရဲ့ဆံပင်များဆီက ကျုပ်ရဲ့ဆိတ်ငြိမ်မှု လွင့်ပါးစေဖို့ဆုတောင်းစရာကလွဲပြီး တစ်ခြားဘာမှလုပ်ရန်မရှိပါ။ သူမဟာ လက်ရှိဘ၀ဆီသို့ပြန်ရောက်သွားပြီလို့ ကျုပ်ယုံတယ်။ သူမရဲ့ ဆံကေသာထဲမှာ သူမစိန်ပွင့်လိုတောက်ပမှုရှိနေတုန်းပဲလို့ ကျုပ်ယုံတယ်။ သူမအကြောင်းစိတ်ကူးယဉ်မိတဲ့
ကျုပ်ရဲ့မျက်လုံးတွေကိုလည်း ပိတ်ပစ်ချင်ပါရဲ့။ ဒါပေမယ့် အဲဒီဆိတ်ငြိမ်ခြင်းအပေါင်းအပါတွေရဲ့ မျက်ခွံထဲမှာ ရှိပြီး အပေါ်စီးကနေကြည့်နေကြတာ သူတို့ကိုမျက်နှာချင်းဆိုင် ဆုံတွေ့ဖို့အတွက်တော့ သိပ်ကိုတန်ဖိုးရှိနေဦးမှာဖြစ်တယ်။
ကျုပ်ရှေ့က ဟင်းလင်းပြင်ဖြစ်နေတဲ့ ပန်းခြံခုံတန်းရှည်ဟာ ကျုပ်ကိုဘယ်လောက်များ ပျော်ရွှင်စေခဲ့သလဲ။ ဒီလိုဖြစ်တဲ့အချိန်အခိုက်တန့်တွေ ဗီရိုနာမှာ ကျန်သေးသလား၊ အဲဒီအမျိုးသမီး ထိုင်နေခိုက်၊ လမ်းလျှောက်နေခိုက် ဒါမှမဟုတ်မတ်တပ်ရပ်နေခိုက်ဖြစ်ခဲ့တဲ့ အခုလိုအဖြစ်မျိုး။ ဗီရိုနာမှာ ရှိနေဦးမှာပါ။
သေချာတာတစ်ခုကတော့ ကျုပ်မဟုတ်တဲ့လူတစ်ယောက်ရဲ့အရမ်းကို ဂရုစိုက်တတ်တဲ့၊ အသုံးဝင်တဲ့ လက်တစ်စုံဟာ၊ သူမရဲ့ဆံကေသာတွေထဲက မြင်နိုင်စွမ်းမဲ့တဲ့စိတ်ကူးနဲ့ လျှို့ဝှက်ချက်တွေကို ဂရုစိုက်တိုင်းထွာပေးလိမ့်မယ်ဆိုတာပဲ။ အဲဒီလက်တွေဟာ သူမဆံကေသာထဲက သူတို့ သိနိုင်သလောက်အတိုင်းအတာရသည်အထိ စိတ်ရှည်လက်ရှည်ထိတွေ့ခွင့်ရမှာဖြစ်တယ်။ အဲဒီအချိန်မှာတော့ သူမရဲ့ဆံပင်တွေကိုအနူးညံ့ဆုံးအမူအရာနဲ့တွေ့ထိကြမှာပဲ။ အာဒီဂျီမြစ်ရဲ့လေပြေတစ်စင်းဟာလည်း သူမရှိရာကို တောင်ပံတွေခတ်ပြီးပျံသန်းကြပါလိမ့်မယ်။ သူမဟာ ခေါင်းကိုငဲ့ပြီး လှိုက်လှဲစွာပြုံးကာ မရွေ့လျားနိုင်တဲ့ငြိမ်းချမ်းခြင်းများနှင့်အတူ အဲဒီလူရဲ့လက်တစ်စုံထဲအီတလီရဲ့လင်းအာရုံကို သွတ်သွင်းပုံဖော်ပေးလိမ့်မယ်။
အဲဒီလက်ပိုင်ရှင်ရဲ့ မျက်နှာဟာ ဘယ်သူနဲ့တူလေမလဲဆိုတာကိုတော့ ကျုပ်မသိပါဘူး။ အဲဒီလူရဲ့ခန္ဒာကိုယ်ထဲက ကွယ်ဝှက်နေတဲ့အလင်းဟာလည်း ကျုပ်ကိစ္စမဟုတ်ပေဘူး။ ကျုပ်ဟာ ဒီပန်းခြံကလေးထဲမှာ ယခုအထီးကျန်စွာထိုင်နေရတာကိုပဲပျော်ရွှင်နေမိတယ်။ ကျုပ်ဟာ အာဒီဂျီမြစ်ဘက်ကို မျက်နှာမူလိုက်တယ်။ ရေစက်တွေအနည်းငယ်ပါတဲ့လေဟာ ကျုပ်ကိုဖြတ်သန်းပြီးပွတ်တိုက်ကာ နောက်တစ်ကြိမ်ပြန်လာပြန်တယ်။
ကျုပ်ဘ၀ဟာ အထီးကျန်ဖြစ်နေတာကိုသိရတာကပဲ ကျုပ်နဲ့အတူရှိတဲ့အမှန်တရားပါပဲ။ အာဒီဂျီမြစ်ရဲ့ အလင်းလိုပဲ ကျုပ်ခံစားရတယ်။ အဲဒီအချိန်မှာ အလင်းရောင်နဲ့ကျုပ်တို့နှစ်ယောက်စလုံးဟာ ပွင့်လင်းတဲ့ လျှို့ဝှက်ချက်ကိုယ်စီနဲ့။
- ဂျိမ်းစ်ရိုက် (James Wright)
နေရာရဲ့ကဗျာ (The Poetry of Place)
ဝင်ဒယ်ဘယ်လီ (Wendell Berry) ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ တစ်ကယ်လို့များ သင်ဟာ ဘယ်နေရာကိုရောက်နေလဲဆိုတာကို မသိခဲ့လျှင် သင့်ကိုယ်သင်လည်း ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သင်သိမှာ မဟုတ်ပါဘူးတဲ့။ ဒီစကားဟာ တစ်ဝက်ထက်ကို ပိုမှန်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ သင်သိတာကိုသာ ချရေးစမ်းပါလို့မော်ဒန်ဆရာကြီးတစ်ယောက်က ပြောခဲ့တယ်။ ကဲ...သိတာကိုချရေးတာဟာ မသိတာကို ရေးတာထက်စာရင် ပျင်းစရာကောင်းပုံခြင်း တူချင်တူမယ်။ ပိုပျင်းစရာ ကောင်းတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ သိတာပဲရေးရေး …. မသိတာချည်းပဲရေးရေး အဓိကတော့ စာဖတ်သူဟာ ပျင်းတာရော၊ ရှုပ်ထွေးတာရော၊ မသေချာတာတွေရော စသည်ဖြင့် အရာအားလုံးနဲ့ကဗျာကို ချဉ်းကပ်ပါလိမ့်မယ်။ ဒီနေရာမှာ ကဗျာဆရာ “ဂျွန်ကိ’’ ရဲ့ အလိုအရ လူတွေဟာ အမှန်တရားကိုကျော်ပြီး မသေချာမှုတွေ လျှို့ဝှက်မှု တွေနဲ့ သံသယတွေကြားမှာ နေနိုင်တဲ့ ဒါမှမဟုတ် အဲဒါတွေကိုလက်ခံနိုင်တဲ့သူဖြစ်တယ်။ ဆိုလိုတာက သိတာကိုပဲရေးရေး မသိတာကိုပဲရေးရေး ဖတ်တဲ့သူကမသေချာခြင်း၊ လျှိုဝှက်ခြင်းနဲ့ သံသယတွေကို ရမယ်။ နောက်တော့….. သူလက်ခံလာမယ်။ ဒါဆိုကဗျာဆရာဟာ ဘာကြောင့်သိတဲ့နေရာ ဒါမှမဟုတ် မသိတဲ့နေရာကို လူတွေ နားလည်ရခက်ခဲအောင် ရေးရတာလဲ။ ကဗျာဆရာ အဲလီးယော့ (T.S.Eliot) ကပြောခဲ့ပါတယ်။ ကဗျာဆရာဟာ ဒီလိုနေရာတွေကို ရေးနေရတာ သူအဲဒီနေရာက လွတ်မြောက်ချင်လို့ပါတဲ့။ သူရဲ့အထီးကျန်မှုက လွတ်ရာလွတ်ကြောင်းကို ကဗျာဆရာတွေ ကဗျာကို ရေးပါတယ်တဲ့။ ဒါကြောင့်ကဗျာမှာနေရာကို ထည့်လိုက်ခြင်းဟာ အဲဒီနေရာမှာ ကဗျာဆရာပျောက်ဆုံးသွားတာပါပဲ။ အဲဒီနေရာဟာ ကဗျာရဲ့အရွေ့ (Displacement) ပဲဖြစ်တယ် ။ ကဗျာဆရာဟာ သူကိုယ်တိုင်ကို အဲဒီနေရာမှာရှိတဲ့ ပြဿနာ (ဒါမှမဟုတ်) အခက်အခဲများနဲ့ အစားထိုး (Replace) လုပ်တယ်။ နောက်တော့သူကိုယ်တိုင် ပြန်လှည့်ပြီး သူကိုသူ ပြန်ရှာတယ်။ ဒီလိုနဲ့ပဲ မိမိကိုယ်ကိုသိခြင်း (Knowing who you are) ကနေ မသေချာခြင်းစက်ဝန်း (The circumference of uncertainty) ကို ပိုပြီးပြည့်စုံစေတော့တာပဲ။ အဲဒီအခါမှာ ကဗျာထဲက နေရာဟာ အပြင်မှာတိတိကျကျရှိစေဦးတော့ ကဗျာထဲက အရာအားလုံးဟာ အဲဒီနေရာရဲ့ အပြင်ဘက်ကို အလိုလို ရောက်တော့တာပဲ။ ကဗျာဆရာလည်း အပြင်ကိုထွက်ပေးလိုက်ရတယ်။ ကဗျာဆရာကသူရဲ့အထီးကျန်မှုကို ဖေါ်ထုတ်ခွင့်စပြီးရတော့တယ်ဆိုပဲ။
ဂျိမ်း(စ)ရိုက်ရဲ့ ကဗျာတွေထဲမှာ အခြားကဗျာဆရာတွေရေးတဲ့ကဗျာတွေလိုပဲ နေရာဒေသတွေ အတော်များများ ပါဝင်တယ်။ ဂျိမ်းရိုက်ဟာ မကြာခဏဆိုသလို မိမိကိုယ်ပျောက်ဆုံးခြင်း နဲ့ အထီးကျန်မှုကို ရင်ဆိုင်နေရသူဖြစ်တယ်။ ဒါအပြင် မိမိကိုယ်ကို သနားခြင်း (self-pity) လည်းပါဝင်တယ်။ ဂျိမ်းရိုက်ဟာ အလွမ်းအဆွေးတွေကိုထုတ်ပေးနိုင်တဲ့ ကဗျာဆရာတစ်ဦးဆိုတာကိုသံသယ ရှိစရာမလိုပါဘူး။ ဂျိမ်းရိုက်ဟာ သူဘဝရဲ့အကောင်းဆုံးအချိန်တွေကို အိုဟိုယို (Ohio) မှာပဲ ဖြုန်းတီးခဲ့ပြီး ထွက်ပေါက်မဲ့ခဲ့ရတယ်။ သူဘဝရဲ့ နောက်ဆုံးအချိန်များမှာတော့ သူဟာ “အိမ်”ဆိုတဲ့ဝေါဟာရ ရဲ့အဓိပ္ပါယ်ကို တွေ့ရှိခဲ့တယ်။ အဲဒါက သူဟာ အီတလီဖွား မဟုတ်လေတော့ အဲဒီအရပ်ဒေသဟာ ဘယ်လောက် ကောင်းပါစေ သူ့အတွက်ဘယ်ရောက်နေမှန်း မသိတဲ့ ဒီဂရီတချို့ ရှိနေဆဲပဲလို့ ပညာရှင်တွေကကောက်ချက်ချတယ်။
“အလင်းရဲ့လျို့ဝှက်ချက်” မှာ ကျုပ်တို့အတော်များများရင်းနှီးနေတဲ့အသုံးဖြစ်တဲ့ တစ်ဦးတည်း ရှိနေခြင်းနဲ့ စဖွင့်တယ်။ ဒါဟာ အထီးကျန်မှု မဟုတ်သေးပါဘူး။ သူခုံတန်းပေါ်မှာ တစ်ယောက်တည်းထိုင် နေပါတယ် လို့ဆိုပါတယ်။ ဒီလိုပဲ သူ့ရဲ့ “ပုခက် နဲ့ ဝီလီယံဒါဖီရဲ့လယ်ကွင်း” (Hammock and William Duffy’s farm) ကဗျာထဲမှာ အထီးကျန်မှုကိုပြပြီး သူမြင်တာတွေကို သူရေးသားခွင့်ရခဲ့ တယ်။ မနှစ်က မြေစိုင်မြေခဲများ ပြိုလဲခြင်းများကရွှေတုံးများအဖြစ်လောင်းကျွမ်းဆိုတဲ့ ဖြစ်နိုင်စွမ်းမဲ့တဲ့ အလွန်အကျွံအသုံးမျိုးနဲ့ကဗျာကို ဖန်းတီးပစ်ဖို့ ဂျိမ်းရိုက်ဟာ အလင်းရဲ့လျို့ဝှက်ချက်မှာ စိတ်မကူးခဲ့ဘူး။ သူဟာအလင်းရဲ့လျို့ဝှက်ချက်ကို ရိုးသားစွာ မသေချာသောဖေါ်ပြမှု (Honestly uncertain description) နဲ့လှလှပပ ရေးသားခဲ့တယ်။ ဥပမာ သူရဲ့အထီးကျန်မှုနဲ့ကဗျာကိုစဖွင့်အပြီးမှာ အာဒီဂျီမြစ်ပြင်ကို (အစောပိုင်း ဆောင်းဦးကာလမြူခိုးများက လျင်မြန်စွာ သူတို့ရွေ့လျား…..) ဖွဲ့သလိုမျိုး…..ဒီကဗျာမှာ မျဉ်းပြိုင်သုံးကြောင်းရှိပါတယ်။ ပထမမျဉ်းကတော့အာဒီဂျီမြစ်ပါ။ မြစ်ကို ကဗျာဆရာက လူတစ်ယောက်လိုဖွဲ့နွဲ့ခဲ့တယ်။ (ခုများတော့မြစ်ဟာ သူမရဲ့ မူလအချိုးအဆက်) ကဲ့သို့စကားလုံးမျိုးကိုအမျိုးသမီး တစ်ဦးမပါဝင်လာခင် အချိန်အထိ ကဗျာဆရာက မြစ်ကိုတင်စားတယ်။ ပြီးတော့မှ ဘယ်ကမှန်းမသိတဲ့အမျိုးသမီးတစ်ဦး အကြောင်းကို ဖေါ်ပြတယ်။ ဒါကဒုတိယမျဉ်းပြိုင်ဖြစ်ပြီး ကျောက်သမားတစ်ဦးက စိန်ခွဲသလိုကျွမ်းကျင်မှုနဲ့ အဲဒီအမျိုးသမီးရဲ့ ဆံကေသာကို ခိုင်းနှိုင်းထားတယ်။ ဒါဟာကျောက်သမားတစ်ဦးရဲ့ လက်ဆကိုပြသလို ကဗျာဆရာအတွက် တတိယ မျဉ်းပြိုင်လည်း ဖြစ်တယ်။ သူမဟာခုံးတန်းပေါ်က ထွက်ခွာသွားတယ်။ ကဗျာဆရာဟာ သူမကို မမြင်နိုင်တဲ့ ဗီဂိုနာမှာ ရှာဖွေတယ်။ ကိစ် (Keats) ဟာ သူရဲ့နိုက်တင်ဂေးငှက် ကိုရှာသလိုမျိုး စိတ်ကူးထဲမှာရှာတယ်။ အဲဒါပါပဲ။ ဒီကဗျာဟာ အထီးကျန်မှုနဲ့စပြီး အထီးကျန်မှုနဲ့ အဆုံးသတ်ထားတဲ့ ကဗျာဖြစ်တယ်။ အထူးသဖြင့်ရေခြားမြေခြားမှာ လူတိုင်းခံစားရတဲ့ အထီးကျန်မှုကို ဂျိမ်းရိုက်ဟာ ကဗျာလုပ်ပစ်ခဲ့တယ်။သူ့ရဲ့ဟန်ဟာ တီအက်(စ)အဲလီရော့ (T.S Eliot) ရဲ့ လွမ်းမိုးမှုပါနေတာကလွဲလို့ “ အလင်းရဲ့လျို့ဝှက်ချက်” ဟာ သိပ်မဆိုးလှတဲ့ ကဗျာရှည်တစ်ပုဒ်ဖြစ်တယ်။
အထက်မှာရေးခဲ့တဲ့ကဗျာဝေဖန်ရေးဆောင်းပါးဟာ အမေရိကန်ကဗျာဆရာများ အကယ်ဒမီ (The Academy of American Poets) ရဲ့ နှစ်ဝက် မဂ္ဂဇင်း (Biannual journal) မှာ ကဗျာဆရာ ဂျိမ်းဂယ်လ်ဗင် (James Galvin) ရေးခဲ့တဲ့ဆောင်းပါး ဖြစ်တယ်။
ဂျိမ်းစ် အယ်လင်တန် ရိုက် (James Arlington Wright) (1927-1980)
ဂျိမ်းစ်ရိုက်ရဲ့အမည်ရင်းကတော့ ဂျိမ်းစ်အယ်လင်တန်ရိုက် (James Arlington Wright) ပါ။ သူ့ကို မာတင်ဖယ်ရီ (Martins Ferry) အိုဟိုင်းအို (Ohio) မှာမွေးတယ်။ မွေးနေ့အတိအကျကတော့ ဒီဇင်ဘာ (၁၃) ရက် ၁၉၂၇ ပါ။ သူ့အဖေက အနှစ်ငါးဆယ်လုံးလုံးမှန်စက်ရုံမှာ အလုပ်လုပ်ခဲ့ရတယ်။ သူ့အမေဟာ အသက်တစ်ဆယ့်လေးနှစ်မှာ ကျောင်းထွက်ခဲ့ပြီး ခဝါရုံမှာ အလုပ်ဝင်လုပ်ခဲ့ရတယ်။ မိဘနှစ်ပါးလုံး အတန်းပညာရှစ်တန်းထက် မပိုခဲ့ဘူး။ ၁၉၄၃ မှာ "ရိုက်"အထက်တန်းရောက်တုန်း အာရုံကြော ချွတ်ယွင်းတဲ့ရောဂါကြောင့် ကျောင်းကနေခဏထွက်ခဲ့ရတယ်။ ဒါပေမယ့် ၁၉၄၆ မှာ ဘွဲ့ရပြီး စစ်တပ်ထဲကို ဝင်ခဲ့တယ်။ နောက်တော့ အမေရိကန်တပ်တွေဂျပန်မှာတပ်စွဲတော့ သူဟာ ဂျပန်ကိုပါသွားခဲ့တယ်။
ဒါနဲ့ ဂျီအိုင်တပ်တွေတက်လို့ရတဲ့ ကင်ရွန်ကောလိပ် (Kenyon College) မှာ ဆက်တက်ခဲ့တယ်။ ဒါနဲ့ Phi Beta Kappa ကို ၁၉၅၂ မှာရတယ်။ သူ့လိုပဲ မာတင်ဖယ်ရီ နယ်သူ လေဘာတီကာဒူးလက်စ် (Liberty Kardules) နဲ့ အိမ်ထောင်ကျပြီး နှစ်ဦးသားသြစတြီးယား (Austria) ကို ထွက်သွားခဲ့ပြီး ဗီယာနာယူနီဗာစီတီ (University of Vienna) မှာ သီအိုဒိုစတုမ်း (Theodore Storm) နဲ့ ဂျော့ထရယ် (Georg Trakl) တို့ရဲ့ အနုပညာကို အသေးစိတ်လေ့လာခဲ့တယ်။ နောက်တော့ သူ အမေရိကကို ပြန်လာပြီး သီအိုဒို ရော့ကီး (Theodore Roethke)၊ စတန်လေကူးနစ် (Stanley Kunitz) တို့နဲ့အတူ ဝါရှင်တန်တက္ကသိုလ် (University of Washington) မှာ မာစတာနဲ့ဒေါက်တာဘွဲ့ကို ယူခဲ့တယ်။ နောက်တော့ သူဟာ မင်နီဆိုတာ တက္ကသိုလ်၊ မာကာလက်စတာတက္ကသိုလ်၊ နယူးယောက်မုဆိုးတက္ကသိုလ်တွေမှာ ဆရာဝင်လုပ်ခဲ့တယ်။ ဆင်းရဲမွဲတေမှုနဲ့ လူသားခံစားချက်များဟာ "ရိုက်" ငယ်စဉ်ကတည်းက အသားကျလာတဲ့အတွက် ဒါတွေကပဲ သူ့ကဗျာတွေရဲ့ အခြေခံအုတ်မြစ်တွေဖြစ်ခဲ့ရတယ်။ သူက သူ့ကဗျာတွေထဲမှာ သူယုံကြည်တဲ့ နိုင်ငံရေးနဲ့ လူမှုရေးတွေကို ဆွေးနွေးဖို့ အကြောင်းအရာခံစားချက်တွေကိုရေးသားခဲ့တယ်။ သူ့ရဲ့စံပြတွေဖြစ်တဲ့ သောမက်စ်ဟာဒီ (Thomas Hardy) နဲ့ ရောဘတ်ဖရော့ (Robert Frost) လိုပဲ လူသားဆန်တဲ့အကြောင်းအရာများနဲ့ စိတ်ခံစားမှုများကို ပေါင်းစည်းပေးခဲ့တယ်။ ဂျိမ်းစ်ရိုက်ရဲ့ အစောပိုင်းလက်ရာများဖြစ်တဲ့ အစိမ်းရောင်တံတိုင်း (Green wall) နဲ့ သူတော်ယုဒ (Saint Judus) မှာတော့ ဆင်းရဲမွဲတေမှုနဲ့ လိင်ပြသနာများရှိတဲ့ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးဟာ ချစ်ခြင်းမေတ္တာကို ဆုံးရှုံးသွားပြီးနောက် လူ့အဖွဲ့အစည်းနဲ့ အံမဝင်တော့တဲ့ အကြောင်းကို အခြေခံပြီး စာဖတ်သူတွေကို သူတို့ရဲ့အထီးကျန်နာကျင်မှုတွေကို နားလည်စေခဲ့တယ်။ Green wall (1957) ဟာ ယေးတက္ကသိုလ်ရဲ့ အသက်အငယ်ဆုံးကဗျာဆရာဆုကိုရခဲ့ပြီး သူတော်ယုဒ (SaintJudus) က ၁၉၅၉ မှာ ထုတ်ဝေခဲ့တယ်။ ဒါပေမယ့် ၁၉၆၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ ကျိုးပဲ့မှာမဟုတ်တဲ့သစ်ကိုင်း (TheBranch will not break) မှာတော့ ဂျိမ်းစ်ရိုက်ရဲ့ အရေးအသားဟာ ပိုပြီး ပွင့်လင်းလာတယ်လို့ ပညာရှင်များကဆိုတယ်။ ၁၉၆၉ မှာ မြစ်ပြင်ထဲမှာ ဆုံကြစို့လား (Shall we gather at theriver) ၊ အီတလီနွေ၏ အခိုက်အတန့်များ (Moments of the Italian Summer) ကို ၁၉၇၆ မှာ ထုတ်ဝေခဲ့ပြီး သူ့ရဲ့ နောက်ဆုံးကဗျာစာအုပ်ကတော့ မြစ်ပြင်ထက်ဝယ် (Above the River) ၁၉၉၂ တို့ဖြစ်တယ်။
- ဇော်ဇော်ထွန်း