ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

အယ်ပီ (Language Poetry) ကို လေ့လာခြင်း (၃)

အမေရိကန်သစ်ပင်ထဲက ပိုက်သာဂိုရမ်ဆိတ်ငြိမ်ခြင်း 

            ၁၉၇ဝအစောပိုင်းကာလများကထုတ်ဝေခဲ့တဲ့ “အမေရိကန်သစ်ပင်ထဲ၌” (In the America Tree) ဂျာနယ်ဟာ LP ကဗျာရဲ့ အစလို့ဆိုမယ်။ ရွန်ဆီလီမန် တို့လူစုဟာ အဲဒီဂျာနယ်ကိုလက်ကိုင်ထားပြီး သူတို့ရဲ့ LP မူဝါဒ တွေကို ကြေညာ ခဲ့ကြတယ်။ စကားပြောကဗျာတွေကို ပယ်ဖျက်ခြင်းနဲ့အတူရည်ညွှန်းချက်တွေကို ပဲမြင့်တက်ဖေါ်ဆောင် ပြီး သူတို့ကြိုးပမ်းရယူခဲ့တဲ့ပန်းတိုင်ကတော့ ကဗျာက ဘာကိုလုပ်သလဲဆိုတာ ဘာသာစကားကိုယ်တိုင်နဲ့ နားလည်ဖို့ ကြိုးစားခြင်းပါပဲ။ အမေရိကန်ကဗျာအကယ်ဒမီက ဒီလိုရေးတယ်။ (“Rejecting a speech-based poetics and consciously raising the issue of reference” in order to understand “what a poem is actually made of …. Language itself”). ၁၉၈၆ မှာထုတ်ဝေခဲ့တဲ့ အဲဒီ (IAT) ထဲကအတွဲတစ်ခုကို ၂ဝဝ၂ ခုနှစ်မှာပြန်ထုတ်ဝေခဲ့ပါတယ်။ ဒီဂျာနယ်ဟာ အစောပိုင်း LP အရေးအသားတွေ မှတ်တမ်းကျန်နေတဲ့ တစ်ခုတည်းသော ဂျာနယ်ပါပဲတဲ့။ အဲဒီ စာအုပ်မှာအပိုင်းသုံးပိုင်းပါဝင်ပါတယ်။ ပထမပိုင်းကို အနောက် (West) လို့ နာမည်ပေးပြီး အနောက်ဘက်ကမ်း ကဗျာဆရာများ (West-coast Poets ) ဖြစ်တဲ့ လင်ဟဂျနီယမ် (Lyn Heijinian)၊ မိုက်ကယ်ပါမား (Michael Palmer)၊ ရီအာမန်ထရောက် (Rae Armantrout) ဒေးဗစ်ဘရိုမီဂီ (David Bromige) တို့ပါဝင်တယ်။အရှေ့ဘက် (East) မှာတော့ ဆူဇန်ဟိုး (Susan Howe )၊ ကလပ်ကိုးရစ် (ဒ) (Clark Coolidge)၊ ဘနက်ဒစ်မေယာ (Bernadette Mayer) တို့ ပါဝင်ပြီး ဒုတိယဥပမာ (the second font) မှာတော့ စကားပြေများပါဝင်တယ်။စကားလုံးဘုရင်မ ဟာနန်ပါးနာ (Hannah Weiner) ဟာလည်း အဲဒီစာစောင်မှာ ဖော်ပြခြင်းခံရတယ်။ ဆူဇန်ဟိုးရေးတဲ့ ပိုက်သာဂိုရမ် ဆိတ်ငြိမ်ခြင်းမှ (from Pythagorean Silence) ကဗျာဟာထင်ရှားတယ်။

Age of earth and us all chattering (ငါတို့နှင့်ကမ္ဘာမြေရဲ့အသက်အရွယ်)
(အားလုံးကပြောနေကြရဲ့) a sentence or character (ဝါကျတကြောင်းဒါမှမဟုတ်စရိုက်တခု) ကို
Suddenly (ရုတ်တရက်ပါပဲ)
Steps out to seek for truth fails (ဖမ်းဆုပ်ယူဖို့ရှေ့ကိုတိုး)အမှန်တရားအတွက် ကျဆုံးမှုများ
Falls (ပြိုလဲမှုများက)
Into the steam of ink Sequence(မှင်စီးကြောင်းထဲကို) trail off (ချိတ်ဆက်ဝါကျ)

- ပိုက်သာဂိုရမ် ဆိတ်ငြိမ်ခြင်းမှ

ဤအရာသည်.......ဟိုအရာမဟုတ်ပါ

          ပီတာမဒယ်လီတန် (Peter Middleton) ဆိုတာ သူတို.ဆီမှာသြဇာရှိတဲ့ စာပေပညာရှင်ပေါ့။ သူက LP နဲ့ ပတ်သက်ပြီးသိပ်အများကြီး မပြောပါဘူး။ သူပြောတာကတော့ ''စာဖတ်သူအားလုံး ဒီကဗျာကိုဖတ်ပြီးတော့မေးခွန်းတစ်ခု ဟာ ပေါ်ပေါက်လာတယ်။ ''ဒါကဗျာလား''တဲ့….အဲဒီကဗျာရေးသူတွေကတော့ ကဗျာဆန်မှုနဲ့ သဒ္ဒါဗေဒကို မယုံပါဘူး။ (Mistrust in lyricism and grammar)။ နောက်ပြီး ဝါကျတစ်ကြောင်းကိုစကားစုတိုများနဲ့ လဲလှယ်… အစီအစဉ်တကျ စကားလုံးများနဲ့ စကားစုတိုများကို လဲလှယ်ခဲ့တယ်။သူတို့ အလိုအရတော့ ဘာသာစကား၏ ခြစားမှုနှင့်ဖန်တရာတေမှု (Language of corruption and banality) ကိုသန်.စင်ရေး ဖြစ်တယ်လို့ဆိုတယ်။

နှင်းဆီထပ်တူညီမှု

အတော်များများ LP သမားတွေဟာ ဂါးထရုစတိုင်း (Gertrude Stein) ကိုလမ်းဖောက်သူအဖြစ် သတ်မှတ်ခဲ့တယ်။ ဂန္တဝင်စာပေမှာတော့ နှင်းဆီဟာဘုရင်ပါပဲ အို....ဖျားတဲ့နှင်းဆီတို့....စသည်ဖြင့် နှင်းဆီကိုလှလှပပ တင်စားခဲ့တာပေါ့။ ဒါကို စတိုင်း ဆိုတဲ့ ဆရာမကြီးက Rose is a rose is a rose is a rose လို့ ရေးခဲ့တယ်။ နှင်းဆီဟာ ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ နှင်းဆီက နှင်းဆီပဲပေါ့။ ဟိုဟာဒီဟာတွေ လျှောက်မပြောပါနဲ့လို့ရေးခဲ့တယ်။ ဒါဟာ 1913 ခုနှစ်က ရေးခဲ့တဲ့ ဆရာမကြီးရဲ့ ကြောက်တတ်တဲ့အမ်မလီ(Sacred Emily) ထဲက စာကြောင်းပါ။ 1922 မှာထွက်တဲ့ ပထဝီဘာသာနှင့်ပြဇာတ်များ စာအုပ်မှာပါတဲ့ကဗျာဖြစ်တယ်။ ဆရာမကြီးရဲ့ ဒီအရေးအသားဟာ မော်ဒန်စာပေမှာ နာမည်ကြီးခဲ့တယ်။ ဒီစာတွေကတော့ အရာဝတ္တုများသည် သူတို့၏ထပ်တူညီမှုကိုပြသည် (Things are what they are) ဆိုတဲ့ ''Law of Identity'' ထဲက အတွေးပါ။ ဒီနေရာမှာတော့ Law of Identity ကိုအကျယ်မရေးလိုပါဘူး။ အချုပ်ကတော့ ''In Logic,the law of identity states that an object is the same as itself (A=A)'' လို့ဆိုတယ်။အဓိပ္ပါယ်ကတော့ အရာဝတ္တုတစ်ခုဟာ လောဂျစ်အရသူကိုယ်တိုင်နဲ့ပဲထပ်တူညီတယ် လို့ဆိုတယ်။ ဒါကတော့ ပလေတိုး ရဲ့ ဒိုင်ယာလော့ထဲက ဆိုကရေးတီးရဲ့ အဆိုနဲ့ အတူတူပါပဲ (Theaetetus185-က) ။ သူ့မူမှာတော့ နဲနဲပိုတာပေါ့လေ။ ''Different from other and the same with itself '' လို့ ဆိုကရေးတီး အမေးအဖြေခန်းမှာဖော်ပြထားတယ်။ ပါမီးနီးဒီ (BC 490) ရဲ့ being is the Principle ကလည်းဒါကိုပဲအခြေခံတယ်လို့ ရေးကြတာပဲ။ နောက်ပြီး အရစ္စတိုတယ်ရဲ့ (Metaphysics Book V၊၊) အပိုင်း(17) ဟာလည်း ဒီသဘောတရား (Identity) ရဲ့ အကျယ်ပါပဲ။ ကျွန်တော် ဒါကိုပြောနေတာ အကြောင်းရှိပါတယ်။ LP သမားတွေရဲ့ မူဝါဒဗဟို ဟာ ဒီကစတာပါပဲ။ ရှေ့မှာပြောခဲ့သလို LP ကို လူ့လောကထဲစသွင်းလာတဲ့ ''This 'မဂ္ဂဇင်း ခေါင်းစဉ်ဖြစ်တဲ့ This ဟာ သူတို့ရဲ့ဝါဒပါပဲ။ သူတို့က ''This is this not that '' လို့ ကြွေးကြော်တယ်။ အဓိကတော့ ငါတို့မြင်တယ်။မြင်တဲ့အတိုင်း ရေးတယ်။ ဒါကြောင့် မဂ္ဂဇင်းခေါင်းစဉ်ကို ''This'' လို့ LP လမ်းဖောက်သူတွေက ပေးခဲ့တယ်။ စာဖတ်သူတွေကလည်း ချက်ခြင်းပဲ ပြန်ပေးခဲ့ကြတယ်။ အဲဒါဆိုဘာလဲ (What is ''This'') တဲ့။ LP ဆရာတွေကလည်း ခပ်တည်တည်ပဲ ပြန်ဖြေ ခဲ့ကြတယ်။ ဒီဟာကဒီဟာပဲ (This is this) တဲ့။ This is not that (ဒီဟာက ဟိုဟာမဟုတ်ပါဘူးတဲ့)။ ဟုတ်ကဲ့...... အတော့်ကို ရှင်းလင်းတဲ့အဖြေပါ။

ကျွန်တော်ဟာဘန်စတိုင်းရဲ့ L=A=N=G=U=A=G=Eကို ဖတ်တော့ အဲဒီမှာ အခန်းတစ်ခန်း ပါဝင်ပါတယ်။ အဲဒါကတော့ (Legend) ပါ။အခန်းစဖွင့်ဖွင့်ချင်းပဲ သူက စာတစ်ပုဒ်နဲ့ စဖွင့်ပါတယ်။

I am sitting with a  philosopher in the garden; he says again and again “ I know that that’s a tree”, pointing to a tree that is near us. Someone else arrives and hears this,and I tell him: “This fellow isn’t insane. We are only doing philosophy.”

(ကျုပ်ဟာ ဖလော်ဆော်ဖာတစ်ယောက်နဲ့ ဥယျာဉ်ထဲ ထိုင်နေပါတယ်။ အဲဒီ ဖလော်ဆော်ဖာကြီးက ကျုပ်ကို `အဲဒါသစ်ပင်တစ်ပင်လို့ ကျုပ်သိ၏လို့ သစ်ပင်ကြီးကို လက်ညှိုး ထိုးပြီး ထပ်ခါ ထပ်ခါပြောတော့တာပဲ။ အဲဒီမှာ လူးစိမ်း တစ်ယောက်က ကျုပ်တို့ဆီကိုရောက်လာတော့ ကျုပ်ကလူစိမ်းကို `ဒီဆရာကြီးက လူစိမ်းတော့ မဟုတ်ပါဘူး။ ကျုပ်တို့က ဒဿနိကကို ဆွေးနွေးနေတာဖြစ်တယ်လို့ ပြောလိုက်တယ်။)

ဒီစာသားကို ဘန်စတိုင်းက အဲဒီ အခန်းက အဖွင့်စာမျက်နှာ (၁၅) မှာစရေးတယ်။ ဘန်စတိုင်းက လူလည်ပါ။ စာသားရဲ့အောက်မှာတော့ ရေးသူဟာ On Certainty ကို ရေးတဲ့ လုဒ်ဝစ်ဂျန်စတိန်း (Ludwig Wittgenstein) လို့ ညွှန်းတယ်။ ဆိုလိုတာက L=A=N=G=U=A=G=E ကဗျာကို သူရှင်းပါ့မယ်။ ဒါပေမဲ့သူ့ကို အရူးလို့မထင်ပါနဲ့လို့ ဆိုနေသလိုရှိတယ်။ L=A=N=G=U=A=G=E ဆိုတဲ့စာလုံးဒီဇိုင်းဟာ ၁၉၇၈ ခုနှစ်က  ပေါ်လာတဲ့ L=A=N=G=U=A=G=E မဂ္ဂဇင်းရဲ့လိုဂိုပါ။ စာလုံးတိုင်ဟာ အဓိပ္ပါယ်မျိုးစုံမှာရပ်တည်ကြပေမဲ့ သူတို့ဟာ ညီမျှကြတယ်။ ဘယ်ဟာမှမပိုဘူး။ အားလုံး အရေးကြီးတယ်။ double track (=) လို့ခေါ်တဲ့ ညီမျှခြင်းသင်္ကေတဟာ စာလုံးတွေကြောင့် ကျိုးပဲ့ကုန်တယ်။ ဒါ့အပြင် စကားလုံး မူလအစီအစဉ် (Alphabetical Order) ကို ချိုးဖောက်တယ်။ ပြီးတော့ မြို့ပြကို ဆန့်ကျင်တယ်။ စကားလုံးတစ်လုံးနဲ့ တစ်လုံး ချည်နှောင်မှုနဲ့ညီရင်းအစ်ကိုစိတ် (Bondage and Sign of Brotherhood) လို့ဆိုတယ်။ (Letter, L=A=N=G=U=A=G=E, Legend, P6-39) အဲဒီစာလုံးလိုဂိုရဲ့ နောက်ကွယ်မှာ ဘန်စတိုင်းရဲ့ဇနီး ပန်းချီပညာရှင် ဆူဆန်ဘီး (Susan Bee) နဲ့ မိုင်ရာရှော (Mira Schor) တို့ရဲ့လက်ချက်မကင်းဘူးဆိုတာ ဘန်စတိုင်းက အဲဒီမှာ အရိပ်အမြွက်ပြောခဲ့ပါတယ်။  ဆူဆန်ဘီးတို့ ဘန်စတိုင်းတို့ဟာနောက်ထပ်စာလုံးတစ်လုံးကို ထပ်တင်သွင်းခဲ့ပါတယ်။ အဲဒါကတော့ M/E/A/N/I/N/G  ဆိုတဲ့ စာလုံးပါ။

အထက်မှာပြောခဲ့သလိုပဲ ဆရာမကြီး ဂါးထရုစတိုင်းကနှင်းဆီကို ဂန္တဝင်ထဲက  ရိုမန်တစ်တွေနဲ့ဆန့်ကျင်ပြီးတော့ ရေးခဲ့သလို နောက်ထပ်တစ်ယောက်ကတော့ LP ဆရာမ အန်နော်ဘီဆီဖီးလစ် (N.Nourbese Philip) ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းသုံးကဗျာမှာ သင်ခဲ့တဲ့ Daffodil ကဗျာကို မှတ်မိဦးမှာပါ။ ဒါက အတော်ကလေးကို ဂန္တဝင်ဆန်တဲ့ ကဗျာပါ။ ဆရာမအန်နော်ဘီဆီက LP ကဗျာအနေနဲ့ရေးခဲ့ပါတယ်။ စာကြောင်းက လေးကြောင်းထဲပါ။

Isnot a daffodil
Is
Andnot
Is
- (AssemblingAlternative, P-198)

ကဲ …. ဖတ်ရတာ ဘယ်လောက်ရှင်းလဲ။ ကျွန်တော့်နေနဲ့ LP တချို့ကို ဥပမာပေးဖို့ ရှိပါတယ်။ ဒီနေရာမှာ စကားပြေအရေးအသားကဗျာ ( Post Poetry )၊ ကဗျာရှည် ( Long Poem ) နဲ့ LP ကို ခင်ဗျားတို့အနေနဲ့ မရောထွေးစေဖို့ရည်ရွယ်ပါတယ်။ ပထမဆုံးနေနဲ့ ဘန်စတိုင်းရဲ့ ရှင်းလင်းချက်တွေပါတဲ့ သူ့ရဲ့ စာအုပ်ထဲက L=A=N=G=U=A=G=E စာအုပ်ထဲက စာမျက်နှာ ၁၉ မှာပါတဲ့ ဒေးဗစ်မဲနစ် (David Melnick) ရဲ့ ကဗျာပါ။ အမေရိကန်သစ်ပင်ထဲ “In the Ameican Tree”  ထဲမှာလည်း ပါခဲ့ဖူးပါတယ်။ ခေါင်းစဉ်ကတော့ “PCOET” ပါ။

Thoeisu
Thoiea
Akconwoi citrus locqvump
Icgja
Cvmwoflux
Epaosieusl
                   citrus locqvump
Anex macheisa
                                                (T,90)

ဒီစာသားကို ကဗျာဖတ်သူတစ်ယောက် အနေနဲ့ အဓိပ္ပါယ်ဖေါ်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ရေးတဲ့သူကို စိတ်ထဲက ကျိန်ဆဲမယ်၊ ဒါမှမဟုတ်စာအုပ်ကို ရှေ့ကနံရံ ဆီ ခပ်ကြမ်းကြမ်းပစ်မယ်။ ဒါမှမဟုတ် တနေ့လုံး အဆင်မပြေတာတွေ ဒီကဗျာဆီပို့ပြီးအကြမ်းတမ်းဆုံး စကားတစ်လုံးကို LP ကဗျာဆရာဆီ ပေးလို့ရပါတယ်။ thoeisu ဆိုတာ the issue ကို ပြောတာပါ။ thoiea ဆိုတာက the eye – ear ကို ပြောတာပါ။ Cvmwoflux ဆိုတာက the circumflex effect ကို ဆိုလိုပြီး v ကို u နဲ့လဲထားတာ ဖြစ်တယ်။ Akcon ဆိုတာ (-corn”) ပြောင်းဖူး/အစေ့ကို ရည်ရွယ်ပြီး (A very net and seeds of meaning towhich readers of poetry)  အစေ့တွေ အညှောင့်တွေဘယ်မှာပေါက်သလဲ ဆိုတဲ့ခေါင်းစဉ်ကို ပေးချင်တော့ located  ဒါမှမဟုတ် land  ကို locquvmp တို့ဘာတို့ဖြစ်သွားပြီး ရေးသူက Akcon woi citrus locqvump လို့ရေးတယ်။ဒီ့အပြင် locqvump ကို မကုန်ဆုံးသော (It cannot be consumed) လို့ အဓိပ္ပါယ် ဖွင့်ပြန်တယ်။ “icgja” ဆိုတာ ကျန်ရစ်သော အကြွင်းအကျန် (A remnant/ A remainder) လို့ဆိုတယ်။သူ့ ရဲ့ခေါင်းစဉ်ကိုက PCOET ဆိုတဲ့ စကားလုံးထဲကို "C" ပေါင်းထည့်ပေးထားတယ်။ ဒါဟာကဗျာဆရာ ဝေါလေ့စတီဗင်ရဲ့ "The Comedian as the letter C"  က လာတယ်လို့  ရှင်းထားပါတယ်။ ဒီကဗျာဟာပြင်သစ်စာပေ အတွေးပညာရှင် ဂျက်ကွက်ဒါရီရာ (Jacques Derrida) ရဲ့ အဆိုဖြစ်တဲ့ စာသားတစ်ခု An Object Separate from the given world,the language of which it is both borderline and part. အရာဝတ္ထုက သူပေးထားတဲ့ ကမ္ဘာငယ်တစ်ခုကကွဲထွက်စေတယ်။ ဘယ်လိုကမ္ဘာလဲဆိုတော့ သူ့ ရဲ့  နယ်နမိတ်နဲ့  အစိတ်အပိုင်းနှစ်ခုလုံးရှိတဲ့ဘာသာဗေဒကမ္ဘာက ခွဲထွက်စေတယ်" ဆိုတဲ့ အဆိုကလာတယ်)။ ဘိန်စတန်း က ဒါရီရာကိုလည်း LP ရဲ့ တရားခံလိုလို ရေးလိုပါတယ်။ သူ ကိုးကားတဲ့ ဒါရီရာရဲ့  စကားက ဒါရီရာရဲ့ ( The Truth in Painting, trans . Geoff Bennington and IanMcLeod) ထဲက လာတာပါ။ ၁၉၈၇ ခုနှစ်က ချီကာဂို တက္ကသိုလ်က ထုတ်တဲ့ စာအုပ်။ LP ကဗျာမှာ အတော်လေးကိုညံ့ဖျင်းတဲ့ ကဗျာတွေအများကြီးပါ။ ဒါပေမယ့် တစ်ချို့ ကတော့ ကောင်းမွန်ပါတယ်။

ဘာသာစကားအသစ်တီထွင် ဆော့ကစား စမ်းသပ်ခြင်း (Language Experience) ကို ပြန်ငဲ့ကြည့်ရင် အမေရိကန်ကဗျာလောကရဲ့ အစောပိုင်းကာလများဆီက ဝေါ့ဝှစ်(ထ)မင်း(Whitman) ဆီကစလို့ မော်ဒန်ကာလ တစ်လျှောက်ကဗျာရဲ့ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာပုံ ဖြစ်စဉ်ကို ချန်ထားလို့မရပါဘူး။

            ရှေ့ပိုင်းက အမေရိကန်ကဗျာသစ် (New American Poetry) လှုပ်ရှားမှု (၁၉၅၀-၁၉၆၀) ကစပြီး အယ်ပီရွှေခေတ် (၁၉၈၀-၁၉၉၀) ခုနှစ်များဆီအထိကဗျာရေးသူများ ပြင်းထန်စွာ ဆုပ်ကိုင်ထားတဲ့ ကဗျာရဲ့ အိုင်ဒီယာ ဆိုတာက လူမှုရေးနဲ့ နိုင်ငံရေးကိုထင်ဟပ်စေခဲ့တဲ့ ဝေဖန်ဆန်းစစ်မှုကို ကြားခံအနေနဲ့ အဓိကရှေ့တန်းတင်ပြီး ရေးဖွဲ့ခဲ့ ကြတယ်။ဒါကို ခရစ်စ္စတိုဖာဘိခ်ျ (Christopher Beach) က အောက်ပါအတိုင်း ရေးပါတယ်။
         

Like their predecessors in the New American Poetry movements of the 1950s and 1960s, the language poets of the1980s and 1990s were strongly committed to the idea of the poetry as an agent of social and political critique.
- (Introduction to Twentieth-Century American Poetry by Christopher Beach)
            အဓိက ပါဝင်ပစ္စည်း အေးဂျင့်အနေနဲ့ ဆိုရှယ်နဲ့ ပေါ်လက်တစ်ကယ် ဆန်းစစ်မှုတွေကို ကဗျာမှာ သုံးတယ်လို့ ဆိုတယ်။ အယ်(လ)ကဗျာသမားတွေဟာသူတို့ရဲ့ရှေ့ဆောင်သူတွေဖြစ်တဲ့ ၁၉၅၀ နဲ့ ၁၉၆၀ ခုနှစ်များဆီက ကဗျာဆရာ တွေကို လေ့လာရတော့မှာဖြစ်တယ်။ 

အယ်ပီကဗျာအမျိုးအစားဟာ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်တယ်။ ဒါကို ကျွန်တော်တို့အထူးသတိပြုရမှာ ဖြစ်တယ်။ ဒါဆိုရင် ဒီအုပ်စုနှစ်ခု ဘာကွာခြားသလဲလို့ မေးစရာရှိတယ်။ ကဗျာသစ်အုပ်စုဟာ သူတို့ရဲ့ ခေတ်ပေါ်လူမှုအဖွဲ့အစည်း(Comtemporary Society) အပေါ်မှာထားတဲ့ ဒေါသ (anger) နဲ့ရွံရှာစက်ဆုပ်မှု (disgust) ကို တိုက်ရိုက် ဖော်ပြချက်တွေနဲ့ တင်ပြပြီး အယ်(လ) ကဗျာအုပ်စုကတော့ဘာသာစကားပြုမူ ဆောင်ရွက်မှုကို အသုံးပြုပြီး လူမှုဘဝ (social)၊ ဇာတိရိုးရာ (culture)နဲ့ စာပေရေးရာတွေရဲ့ ဘောင်တွင်းက ဖော်ပြ ကြတယ်။ နောက်ထပ်ကွဲပြားချက်တစ်ခုကတော့ မျိုးဆက်ပါပဲလို့ခရစ္စတိုဖာက ဆိုတယ်။ ဖြတ်သန်းမှုကလဲ ကွဲပြား ခြားနားပါတယ်။ သူတို့ နှစ်အုပ်စုရဲ့ ခေတ်အခြေအနေဟာမျိုးဆက်နှစ်ဆက်ကို တင်ပြပုံကွဲပြားအောင် ဖန်တီးပစ်ခဲ့ ပါတယ်။ ဘိ(ထ) (The Beats) နဲ့စစ်လွန်ကဗျာဆရာများ (Postwar Poets) တွေဟာ သူတို့ခေတ်က ကန့်သတ်ထားတဲ့ လူမှုရေးဖော်ပြခွင့်တွေကြောင့်တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးလာပြီး နည်းပညာချဲ့ကားလာတဲ့ အချိန်မှာတော့ သူတို့ရဲ့အကောင်းဆုံးကာလ လွန်မြောက်သွားတဲ့ အနေအထားကို လက်ခံပေးလိုက်ရတယ်။ ၁၉၄၀ ခုနှစ် နှောင်းပိုင်းကာလများနဲ့ ၁၉၅၀ ခုနှစ်များအတွင်း သူတို့ရဲ့ အဓိကနေရာတွေဖြစ်တဲ့ နယူးယော့နဲ့ ဆန်ဖရန်စစ္စကိုက ဘိုဟီးမီးယန်းအစုအဖွဲ့တွေဟာ သူတို့ရဲ့ကဗျာတွေမှာ စည်းကမ်းကလနား (conformity)၊ ရုပ်ဝါဒီတွေ (Materialism) နဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် လူမှုရေး (social hypocrisy) တွေကို တော်လှန်ပုန်ကန်တဲ့နည်းနဲ့ဖော်ပြမှု (Express a rebellion against) တွေနဲ့ ရေးခဲ့ကြတယ်။

            အယ်(လ)ကဗျာအုပ်စုကတော့ တစ်မျိုး ကွဲပြားသွားတယ်။ သူတို့ပေါ်ပေါက်လာတဲ့ အချိန်ဆိုတာက စစ်လွန် စီးပွားရေးပြန့်ကားမှု စတင်ပေါက်ကွဲခြင်းအဆုံးနဲ့မီဒီယာယဉ်ကျေးမှုကို ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုလိုက်ခြင်း အကျိုးဆက်ကိုစတင်ခံစားရတဲ့ အချိန်ဖြစ်တယ်။ ၁၉၅၀ ခုနှစ်များနဲ့ ၁၉၆၀ ခုနှစ်များဆီက ကဗျာဆရာများကိုပေါလ်ဘာရင် (Paul Breslin) ကတော့ ဆိုက်ကိုပေါ်လက်တစ်ကယ်ကဗျာသမား (Psycho-Political Muse) လို့ ခေါ်ပြီး လူ့အဖွဲ့အစည်းကြောင့် စိတ်အခြေအနေမှားယွင်းမှုက လွတ်မြောက်သူတွေလို့ဆိုတယ်။ သူတို့ဟာ ရင်ဆိုင်နေရတဲ့ မနှစ်မြို့မှုတွေကို ရဲရဲတင်းတင်း ဖွင့်ဟကြတယ်။ သူတို့ရဲ့တွေ့ကြုံနေရမှု "experience" ကို ရဲရဲတင်းတင်း ကြေညာတယ်။ ဆန့်ကျင်တယ်။ ချိုးဖောက်တယ်။ ဒါကကဗျာသစ်အုပ်စုရဲ့ အားသာချက်လို့ ဆိုရမယ်။ အယ်(လ)ကဗျာသမားတွေရဲ့ တုံ့ပြန်မှုကတော့ အတော်ကြီးကွဲပြားသွားပါတယ်။ သူတို့ဟာ အတွေ့အကြုံခံစားချက် ဖွင့်ဟမှု (open to experience) ကို လျော့နည်းသွားအောင်တင်ပြတယ်။ ဘာသာစကားကပဲ လှုပ်ရှားပြုမူဆောင်ရွက်ပြီး  တင်ပြလာကြတယ်။ သူတို့ဟာ စိတ်ခံစားမှုကို အသားပေးဖော်ပြမှုအစားဘာသာစကားရဲ့ အလုပ်လုပ်ပုံ (operation)ကိုပဲ အာရုံစိုက်တယ်။ ဖွင့်ဆိုရှင်းပြခြင်း(explaining)နဲ့ အတွေ့အကြုံအား သဘောပေါက်စေခြင်း (translating experience) ကို တတ်နိုင်သလောက်ရှောင်လေ့ရှိတယ်ဆိုပေမယ့် ကဗျာကို မောင်းနှင်တဲ့ ပစ္စည်း(ဝါ) အေးဂျင့်တစ်ခု အနေနဲ့သာကဗျာထဲမှာပါတဲ့ ပစ္စည်းတစ်ခု အနေနဲ့ပဲ သုံးတယ်။

အယ်(လ)ကဗျာသမားတွေဟာ ကဗျာဆရာရဲ့ပုဂ္ဂလအရည်အသွေးများကိုဖော်ပြချက် (Expressing personal qualities of the author) တွေကို ရှောင်ပြီး ရေးတယ်။ မရည်ရွယ်ဘဲရေးတယ်။ ဒီနေရာမှာ ခရစ်စ္စတိုဖာက "ကဗျာရေးတဲ့အခါမှာ အဓိပ္ပါယ် မသက်ရောက်စေသော " လို့ အထက်ပါနှစ်ချက်ကို ဆိုတယ်။ ကိုယ့်ခံစားချက်ကို သီးသန့်အဓိပ္ပါယ်သက်ရောက်စေအောင်မရေးဘူးလို့ ဆိုတယ်။ (ခံစားချက်မပါဘဲ ရေးတယ်လို့မဆိုလိုပါ။) ပြောချင်တာက ကိုယ့်ရဲ့ခံစားချက်၊ ထင်မြင်ချက်၊ ပုဂ္ဂလ အရည်အသွေးတို့ကြောင့် ကဗျာဖတ်သူကို အဓိပ္ပါယ် တိတိကျကျမရောက်နိုင်တာကို အယ်(လ)ကဗျာသမားတွေက သိတယ်။ ဒါကြောင့် ခံစားချက်၊ ထင်မြင်ချက်ကို ရှောင်တာဖြစ်တယ်။ ဒါဆိုရင်သူတို့တင်ပြချက်က ဘာလဲ။ လူမှုရေး (social)နဲ့ သမိုင်းဆိုင်ရာဆက်နွယ်မှုများ အပြိုင်ပါဝင်သောရောနှောမှုတွေနဲ့ဖော်ပြတယ်။ အရှေ့ကဗျာသစ်ဆီက အယ်လန်ဂျင်းစဘတ် (Allen Ginsberg) ဟာ အမေရိကန်ယဉ်ကျေးမှုယိုယွင်းနေတာကို မှတ်ချက်ပေးတဲ့ အနေနဲ့ "အမေရိက" လိုကဗျာမျိုးကို ရေးခဲ့သလိုသူ့မျိုးဆက်က ဖော်ပြပေးဖို့ ဝန်လေးနေတဲ့ အမူအကျင့်တွေကို သွေဖယ်ပြီး အူသံ (Howl) ကိုရေးခဲ့တယ်။ အယ်(လ)ကဗျာသမားတွေကတော့ တိုက်ရိုက်ပြောရေးဆိုခွင့် (ဝါ) ကြေညာချက် (Direct Pronouncement) ကို ရှောင်ဖို့ ကြိုးစားတယ်။ ဘာသာစကားနဲ့ အိုင်ဒီယော်လော်ဂျီ(ဝါ) သင်္ကပ္ပဗေဒ တို့ရဲ့ အဆောက်အအုံကို မီးမောင်းထိုးရင်းနဲ့ လူ့အဖွဲ့အစည်းကို ဝေဖန်ဖို့ကြိုးစားတယ်။ ခရစ္စတိုဖာရဲ့ အရေးကတော့  "Underlying structure of Language and Ideology" လို့ ဖော်ပြတယ်။ (ဒါကြောင့် အယ်(လ)ပီဟာ ဘာသာစကား+အိုင်ဒီယော်လော်ဂျီဖြစ်ပြီး လူ့အဖွဲ့အစည်းကို ဝေဖန်ဖို့ ကြိုးစားတဲ့အတွက် ပေါ်လက်တစ် (Politic) ပါဝင်သော(ဝါ) ကဲသော ကဗျာအမျိုးအစားတစ်ခုပါပဲ။)

အခြေခံကျတဲ့ အချက်နှစ်ချက်ကြောင့် အယ်(လ)ကဗျာဆီကိုရွေ့ဖို့ ဖြစ်လာခဲ့တယ်လို့ ခရစ္စတိုဖာဘိခ်ျက ဆိုပါတယ်။

(၁) ၁၉၇၀ ခုနှစ်များနဲ့ ၁၉၈၀ တဝိုက်က အမေရိကန်ယဉ်ကျေးမှုဟာ ဘာသာစကားကို ကောင်းမွန်စွာ     မထိန်းသိမ်းနိုင် ခဲ့ဘူး။  အမေရိကန်ယဉ်ကျေးမှုဟာ အမေရိကန်ဘာသာစကားကို ကောင်းကောင်း   မထိန်းချုပ်နိုင်ခဲ့တာကတော့ ဆင်ခြေ ကောင်းကောင်းရှိပါတယ်။ မီဒီယာကြောင့် ကြော်ငြာတွေ (Advertising)၊ တီဗွီအမေးအဖြေ အင်တာဗျူးတွေ(Talk Shows)၊ ဘက်(စ)ဆဲလား (Best Sellers)၊ နိုင်ငံရေးအသံလွှင့်ချက်အနှစ်ချုပ် အတိုများ(Political sound-bites) ဆိုတဲ့ စကားလုံးတွေ ပေါ်လာတာနဲ့အမျှ ကဗျာရေးသူဟာ အဲဒီ ဘာသာစကားဒေတာဘေ့(စ)ပုံစံစကားလုံးတွေဆီကနေ ကင်းလွတ်လို့ မရတော့ဘူး။ ပုံမှန်စကားလုံးတွေနဲ့ ကဗျာကို တည်လို့ မရတော့ဘူး။

အယ်(လ)ကဗျာဆရာတွေဟာ မော်ဒန်အုပ်စုရဲ့ အဓိကကြေညာစာတမ်းပါ အချက်တစ်ချက်ဖြစ်တဲ့ အရာဝတ္ထုရဲ့ကာရိုက်တာ အလုပ်လုပ်ပုံကို တိုက်ရိုက်ဖော်ပြခြင်းဆိုတဲ့ အချက်ကို ငြင်းပယ်ပြီး စစ်လွန်ကဗျာဆရာများ(Postwar Poets) ရဲ့ အဓိကစံထားတဲ့ ပုဂ္ဂလဖော်ပြချက် (self) နဲ့ စကားပြော (speech) ကိုလည်းငြင်းပယ်ပါတယ်။ 

အယ်(လ)ကဗျာသမားတွေဟာ စုပေါင်းကြေညာစာတမ်းဖြစ်တဲ့ "Aesthetic Tendecy" ထဲမှာ ပို့(စ) မက်(စ) ဝါဒ (Post-Marxist) ခွဲခြမ်းစိတ်ဖြာမှုကို အခြေတည်ပြီးအဲဒီတုန်းက ပင်မရေစီးဖြစ်တဲ့ ဖွင့်ဆိုမှုဝါဒီ (expressivist) (ဝါကျမှာ ကောင်းခြင်း(ဝါ) ဆိုးခြင်းဟူသော စကားလုံးများ ပါဝင်မှုသည် ဖော်ပြချက်မဟုတ်၊ ထို့ကြောင့် အစစ်အမှန်မဟုတ်သောကြောင့်၊ ထိုဝါကျများတွင် အမှန်တရားမရှိဟူသော အယူကို စွဲကိုင်သူအုပ်စု) လားရစ်ကဗျာရေးသူတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုတယ်။  (ဒါကြောင့် ကျွန်တော်တို့ဆီကအယ်(လ)ကဗျာဆရာတွေဟာ အယ်ပီရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ "Aesthetic Tendency"ကြေညာစာတမ်း၊လားရစ်ကဗျာကိုသန်.စင်ရေး၊ ပို့(စ)မက်(စ)ဝါဒနဲ့ သူတို့ ဆန့်ကျင်ခဲ့တဲ့ "Expressivism"ကို သေသေချာချာ နားလည်ဖို့ လိုပါတယ်။

(၂) ဒုတိယအချက်ကတော့ ဘာသာစကားရဲ့ ထိုးထွင်းမြင်နိုင်မှုကို စိန်ခေါ်တဲ့ ဘာသာဗေဒသီအိုရီ အပြောင်းအလဲပါပဲ။ အခြေခံကတော့ ပို့(စ)စရိုက်ချာလစ်(စ) (Post Structuralist) တစ်ဦးဖြစ်တဲ့ ဒါရီရာ(Jacques Derrida) ပါပဲ။ သူက စကားလုံး (words)တွေဟာ လက္ခဏာတွေဖြစ်ပြီး သူ့ချည်းသက်သက်ဘာအဓိပ္ပါယ်မှ မပေးနိုင်ပေမယ့် နောက်တစ်လုံးကိုတော့ အဓိပ္ပါယ်ပေါင်းများစွာထဲက တစ်ခုကိုရွေးယူလို့ရအောင် ညွှန်ပြနိုင်တယ်လို့ ဆိုတယ်။ အယ်(လ)ကဗျာ အခြေမတည်ခင်လေးမှာ အခြားသောပို့(စ်)စရိုက်ချာလစ်နှစ်ဦး ထပ်ပေါ်လာတယ်။ ရိုလန်ဘတ်(သ) (Roland Barthes) နဲ့ ဖူးကိုး (Michel Foucault) တို့ဟာ ၁၉၆၀ နဲ့ ၁၉၇၀ တွေမှာ နာမည်ကျော်လာတယ်။ အယ်(လ)ကဗျာသမားတွေဟာလည်းသူတို့လို ဘာသာစကားရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကို ငြင်းပယ်ပါတယ်။

- ဇော်ဇော်ထွန်း