၁၉၉၀ နှစ်လယ်မှာ မီဒီယာတချို့က ပို့စ်မော်ဒန်သေဆုံးသွားပြီလို့ဖွခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ပို့စ်မော်ဒန်နဲ့ ပတ်သက်ပြီးဆွေးနွေးပွဲတွေဟာ ပြန်လည်ဖြစ်ထွန်းလာပြန်တယ်။ ဘယ်ကိုပြန်ရောက်သွားသလဲဆိုရင် ပို့စ်မော်ဒန်သေဆုံးသွားပြီလို့ ကြေညာခဲ့တဲ့အပေါ် တန်ပြန်မေးခွန်းဖြစ်သွားတဲ့အချက်ဆီ ပြန်ရောက်သွားတယ်။ (ဘယ်လိုသတ်မှတ်ထားတဲ့ ပို့စ်မော်ဒန်က သေဆုံးသွားတာလဲဆိုတာပါ။) ဒီတော့ ပို့စ်မော်ဒန်ဆိုတဲ့သတ်မှတ်ချက်ကို ပြန်လည်သတ်မှတ်ဖို့ လိုလာပါတယ်။ ဘယ်လိုသော တိကျတဲ့ ပို့စ်မော်ဒန်ဟာ ယနေ့ခေတ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး ဝေဖန်သူတွေက အတိအကျသတ်မှတ်ပေးထားတဲ့ စရိုက်လက္ခဏာများဆိုတာကို ပြန်လည်သတ်မှတ်ရပါတယ်။ ကျွန်တော်တို့ရဲ့ ယနေ့ခေတ် ယဉ်ကျေးမှုက ခွင့်ပြုထားတဲ့ ပို့စ်မော်ဒန်ဟာဘာလဲ။ ပို့စ်မော်ဒန်အဟောင်း စံချိန်စံညွှန်းထဲက ဘယ်ဟာကပဲ ယနေ့ခေတ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကျွန်တော်တို့ကို ညှိနှိုင်းပေးနိုင်မလဲပေါ့။ ဒီလောက်တောင် မပြီးနိုင်မစီးနိုင် ရှင်းနေရတဲ့ပို့စ်မော်ဒန်ကို သူတို့တွေ ဘယ်လိုတွေများ အဓိပ္ပါယ်သတ်မှတ်ခဲ့ပါသလဲ။ အဲဒီတော့ ရှေ့ကဆရာကြီးများရဲ့ ပို့စ်မော်ဒန်အပေါ်မှာရှိတဲ့အမြင်ကို ကျွန်တော်စိတ်ဝင်စားပါတယ်။
တကယ်တော့ ပို့စ်မော်ဒန်ဆိုတာ စဉ်းစားတွေးခေါ်မှု အဓိပ္ပါယ်ဖွင့်ဆိုခြင်းပုံသဏ္ဍာန်တစ်ခုသာ ဖြစ်တယ်။ ဘာကို စဉ်းစားသလဲဆိုတော့ ယနေ့ကာလကမ္ဘာကြီးကို စဉ်းစားတာပါ။ “A meaning of thinking about the contemporary world” လို့ဆိုပါတယ်။ ဟပ်ဆန် (Hassan) က ရသသစ်အသွင်သဏ္ဍာန်တစ်ခု “As a new aesthetic formation” ရယ်လို့ (1982-1987) တွေမှာ သုံးခဲ့သလို လီယိုတ(ဒ) (Lyotard 1984) နဲ့ ဟာဗေး (Harvey 1990) တို့က အခြေအနေတစ်ခု (a condition) လို့ သုံးပြန်တယ်။ (၁၉၉၇) ခုနှစ်မှာ ကွန်နာ (Connor) က ရိုးရာ (Culture) လို့ သုံးပြန်တယ်။ ဂျမီဆင် (Jameson) က (၁၉၉၁) မှာ “Aset of artistic movements employing a parodic mode of self consciousrepresentation” “ရသအနုပညာရွေ့လျောမှုအရွေ့၏ ပုဂ္ဂလသိစိတ်ကိုယ်စားပြုမှုရဲ့ အတုအပအာရုံကိုစေခိုင်းတဲ့အရာ” လို့ ဆိုပါတယ်။ ဘောင်းမန်း (Bauman, ၁၉၉၃၊ ၁၉၉၅) ကတော့ တသွေမတိမ်းလိုက်နာရမယ့်ကျင့်ဝတ် (ဝါ) အမှားအမှန်ခွဲခြားနိုင်မှု နဲ့ နိုင်ငံရေး (An ethical or political imperative) လို့ ဆိုခဲ့တယ်။ ဆရာကြီး ဗက်တီမို (Vattimo) က ၁၉၈၈ ခုနှစ်၊ ဘော်ဒေးယျ (Baudrillard) က ၁၉၉၄ ခုနှစ်နဲ့ သမိုင်းဆရာကြီး (ခေတ်သစ်) အဖြစ် အသိအမှတ်အပြုခံထားရတဲ့ ဖရန့်စစ်ဖူကူယားမား (Fukuyama) က ၁၉၉၂ ခုနှစ်တို့မှာပို့စ်မော်ဒန်ကို “ချဉ်းနင်းဝင်ရောက်မိတဲ့ အချိန်ကာလတစ်ခုအတွင်း”ဟာ “ပို့စ်မော်ဒန်”ပါပဲလို့ ဆိုခဲ့ကြတယ်။
လက်ကလူ (Laclau) က ၁၉၈၈ ခုနှစ်မှာ ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ အတွေးအခေါ်နဲ့နိုင်ငံရေးအတွေ့အကြုံ (သိမှု)ရဲ့ ဝင်ရိုးစွန်းအသစ် “new horizon of our cultural,philosophical and political experience” လို့ ရေးပြန်တယ်။ ဒါပေမယ့် ၁၉၈၉ ခုနှစ်တုန်းကကော်လင်နီကို့စ် (Callinicos) သုံးသွားတဲ့ အသုံးအနှုန်းက သိမ်သိမ်မွေ့မွေ့ပါပဲ။ သူက“A reactionary political formation” (နိုင်ငံရေးပုံသဏ္ဍာန်သက်ရောက်တုံ့ပြန်မှုတစ်ခု) လို့ ဆိုခဲ့တယ်။ နော်ရစ်(စ) (Norris) ကတော့ ခပ်ကြမ်းကြမ်းပဲ။ “unfortunatemistake” (ကံတရားမျက်နှာသာမပေးတဲ့အမှား) လို့ ဆိုခဲ့တယ်။ အဲဒီလို ဆရာကြီးများက ပို့စ်မော်ဒန်ကိုအမျိုးမျိုးခေါ်ဆို အဓိပ္ပါယ်ဖွင့်ခဲ့၊ သုံးနှုန်းခဲ့ကြတယ်။
ကျွန်တော်က “ဒီ “ပို့စ်မော်ဒန်”ဆိုတဲ့အသုံးကို ဘယ်သူကစတင်သုံးစွဲခဲ့သလဲ” ဆိုတဲ့ မေးခွန်းကိုပဲ စိတ်ဝင်စားတယ်။ စပြီးသုံးနှုန်းခဲ့သူက အမေရိကန် စာပေဝေဖန်ရေးဆရာကြီး ဟပ်ဆန် (Ihab Hassan) ဖြစ်ပြီး ၁၉၇၁ ခုနှစ်က သူ့ရဲ့ အကြီးအကျယ်ပေါက်ခဲ့တဲ့စာအုပ်တစ်အုပ်မှာ သုံးစွဲခဲ့တယ်လို့သိရတယ်။ သူ့ရဲ့ ၁၉၈၂ ခုနှစ်က ထွက်ခဲ့တဲ့ ပို့စ်မော်ဒန်စာပေဆီသို့(The Dismemberment of Orpheus: Toward a Postmodern Literature (1982)) မှာတော့ ဟပ်ဆန်ကမော်ဒန်နဲ့ ပို့စ်မော်ဒန် ကွဲပြားပုံဇယားလေးတစ်ခုနဲ့ ခွဲခြားပြပေးခဲ့တယ်။ ဒီဇယားလေးဟာပို့စ်မော်ဒန်ဖခင်ကြီးတစ်ယောက်က သူ့ရင်သွေးကို နာမည်ပေး ကင်ပွန်းတပ်ခဲ့တဲ့ အပြုအမူနဲ့သိပ်မကွာပါဘူး။
ဟပ်ဆန်ရဲ့ဇယားလေးကို မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ အချိန်မှာပဲ ဟိုတလောဆီက မိတ်ဆွေတစ်ယောက်ကမေးပါတယ်။ မော်ဒန်နဲ့ပို့စ်မော်ဒန် ဘာကွာသလဲတဲ့။ စာလုံးပေါင်းကွာတယ်လို့ ပြောတော့ သူကသိပ်မကြည်ချင်ဘူး။ သူ့ မော်ဒန်/ပို့စ်မော်ဒန် မကွဲပြားတဲ့ကိစ္စဟာ ကျွန်တော့်ဆီကို ရောက်လာတယ်။ သေချာပြန်စဉ်းစားကြည့်တော့ ကျွန်တော်တို့ဆီမှာ ကဗျာကို ဘာသာပြန်တဲ့သူက ပြန်တယ်။ ပို့စ်မော်ဒန်အတွေးအခေါ်တွေ ရေးတဲ့သူက ရေးတယ်။ ဒီတော့ ကဗျာသမားတွေဟာ ဒီဘက်က ကဗျာဘာသာပြန် တစ်ဖက် ဟိုဘက်က အတွေးအခေါ်ပိုင်းရှင်းတာက တစ်ဖက်နဲ့ မနည်းဆက်စပ်နေရတယ်လို့ထင်တယ်။ ဒါကလည်း ကျွန်တော့်အထင်ပါ။ ဒီတော့ အစဉ်မပြတ်လေ့လာနေတဲ့သူအတွက် ပြဿနာမရှိပေမယ့်ဖြတ်ပြီးလေ့လာမယ့်သူအတွက် အနည်းငယ်အခက်တွေ့နိုင်တယ်။ မော်ဒန် - ပို့စ်မော်ဒန် ရယ်လို့ ကွဲကွဲပြားပြားဖြစ်ဖို့အတွက် နှိုင်းယှဉ်ဖို့လိုလာတယ်။
Ref: The Post Modern by Simon Malpes (2005) Routledge
- ဇော်ဇော်ထွန်း