ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ပိုဒ်စုံရတုစပ်နည်း

အကြောင်းအရာ တစ်ခုခုကို ရတု (၃) ပိုဒ်လုံးဖွဲ့ ဆိုထားတဲ့ ရတုကို ပိုဒ်စုံရတုလို့ ခေါ်ပါတယ်။ ပိုဒ်စုံရတုကို
အမတ်ကြီးလက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ချီပိုဒ်စုံရတု ၊ ဝေရွှန်းစန္ဒာ ချီပိုဒ်စုံရတု ၊ အမျိုးသမီးစာဆို ရခိုင်သူ
မိညို ရဲ့ ကိုယ်ရည်သွေးရတု ၊ အိမ်ရှေ့ ရွှေတိုက်စိုး ဦးတိုးရဲ့ ဆင်မြင်းခြေသည် ချီ ရခိုင်ချီရတု-မောင်ဘွဲ့ စ
သည်တို့ မှာတွေ့ နိုင်ပါတယ်။

ပိုဒ်စုံရတုရေးဖွဲ့ ရန် ဥပဒေသ

(၁) အပိုဒ်တိုင်းမှာ အချီကာရန်ချင်း/အချကာရန်ချင်း တူရမယ်။
(၂) လေးလုံးတစ်ပါဒ ထားပြီး လင်္ကာစပ်နည်းနဲ့ ဖွဲ့ ဆိုရမယ်။
(၃) ရွတ်ဆိုတဲ့အခါ အသံ သာယာနာပျော်ဖွယ်ရှိရမယ်။

နမူနာ

လက်ဝဲသုန္ဒရအမတ်ကြီးရေး မဲဇာတောင်ခြေချီပိုဒ်စုံရတု

၁။ မဲဇာတောင်ခြေ၊ စီးတွေတွေတည်း၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်

၂။ 
သဲသာသောင်မြေ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်။ ဓူဝံ မပေါ်၊ မမျှော်ပါရ၊ နေကိုတ-လည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်

၃။ 
ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာ ဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးဃ်းလောက်ပြင်းထန်၊ သွန်းချ ပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ် စေဟု၊ စေ့ရေလှည့်လည်၊ တ, လျက်မြည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်


ဝေရွှန်းစန္ဒာ အစချီ အချီညီအချညီ ပိုဒ်စုံ ရတု - လက်ဝဲသုန္ဒရအမတ်ကြီး

(၁) ဝေရွှန်း စန္ဒာ။ ချမ်းရိပ်သာသို့၊ မျက်နှာ တူရူ၊ တ-သည်သူလျှင်၊ ဇဗ္ဗူ အောင်ခန်း၊ ရွှေပြည်နန်းသို့၊ ရောက်ပန်းကြီးအင်၊ နေ မရွှင်ခဲ့၊ လွင်လည်း တဆိုင်၊ မြိုင်လည်း တထွေ၊ မြေလည်း တထူး၊ ဝေးခေါင်ကြူးသို့၊ ရောက်ဖူးမည်ထား၊ ရွှေညာဖျားလည်း၊ ရှေးကား မဆွ၊ ကြားရသည်သာ၊ ဘယ်ရပ်မှာဟု၊ ကြောင်းရာ တစိ၊ တပ်မသိခဲ့၊ ကျွန်းကြီ့ချက်ချာ၊ တို့နေရာနှင့်၊ ဘာသာကွဲလမ်း၊ မြိုင်တောဝှမ်းဝယ်၊ အချမ်း မတူ၊ အပူ အမျှ၊ ကြုံပြန်ရရှင့်၊ သိင်္ဃအောင်မြေ၊ လယ်ချက်ဗွေ၌၊ နေလည်း တဆန်း၊ နန်းလည်း မခြား၊ မထွေပြားတည့်၊ ကိုးပါး န၀ရတ်၊ ရွှေပြသာဒ်က၊ မျက်မြတ် လျှံရည်၊ ထွန်းလှည့် လည်သည်။ ။ နေခြည်ထဲတွင် ပါလိမ့်မည်။

(၂) နေ၀န်းဖန်ဝါ။ ထိန် စကြာလည်း၊ အာကာဖိတ်ဆီး၊ ကျွန်းလုံးညီးမျှ၊ ထိနီးမိုးလယ်၊ ဖြိုးဖြိုးကယ်၍၊ အံ့ဘွယ်ယှက်သန်း၊ ရှုမခန်းတည့်၊ ရွှေနန်းမှန်ဆီ၊ ရှိရာဆီသို့၊ မြှောက်ချီဦးတင်၊ စက်ရာဝင်လည်း၊ ကြည်လင်ရှိခိုး၊ စက်ရာနိုးလည်း၊ လက်မိုးလှည့်လည် မျှော်မိသည်ရှင့်၊ ရွှေပြည်တော်မှာ၊ ခုချိန်ကာကို၊ သူဇာသာစံ၊ မိတ်နံ မပြား၊ ဓာတ်တံခါး၏၊ ယွန်းစား ရှေ့မှာ၊ ပျော်ဘွယ် သာရှင့်၊ သီတာ ပတ်ကုံး၊ မြစ်နှင့် ကျုံးလည်း၊ တလုံးတည်းရေ၊ စီးတွေတွေ တည့်၊ မိုးနွေ မခေါင်၊ လက်ယာ မြှောက်လျက်၊ နတ်ဆောင်ယူပို့၊ လေ၏သို့လျှင်၊ ရွှေမြို့ရွှေပြည်၊ ၀န်းပတ်လည်သည်။ ။ ရေကြည် သဲပြင် သာလိမ့်မည်။

(၃) နွေကျွန်းသန်ခါ။ ခုချိန်ခါကို၊ ကျောင်းသာရာမ်ခင်း၊ စေတီတွင်း၌၊ သီတင်းအလှူ၊ ရွှေပြည်သူတို့၊ ဆုယူ

စည်းဝေး၊ ဖြူဖြူ ဖွေးလိမ့်၊ စက်မှေးခိုက်တွင်၊ အိမ်မက်မြင်သို့၊ မရွှင် ရူတ၊ လွမ်းလိုက် လှရှင့်၊ ညွှန်ပြ ကျိုးဆက်၊ ဆယ်ကျော်သက်က၊ ကြင်ဖက်အတူ၊ တောင်းဆုယူသည်၊ အိမ်သူ ချောသွယ်၊ သုံးယောက် မယ်နှင့်၊ ပင်လယ်ခြားရာ၊ ခရီး ကွာသို့၊ မှာလည်း မကြား၊ သွားလည်း မသင့်၊ ဖြစ်သဖြင့်လျှင်၊ ပူခွင့် ရှည်ရေး၊ ရှိချေသေး၏၊ ရင်သွေး ရွှေတောင်၊ သား မောင်နှမ၊ ဆင်းသိင်္ဂတို့၊ မွေးဘ ရင်ခွင်၊ ရွှေလက်တင်၍၊ ယူငင် ပိုက်ဖြား၊ ဖျော်မည်များနှင့်၊ နှစ်ပါး မျက်ခြည်၊ သားနှင်းရည်သည်။ ။ ရွှေလည်ဆွဲချင် ရှာလိမ့်မည်။


တောင်ငူဘုရင် နတ်သျှင်နောင် ရေး - ပေါ်နွေလလျှင် အစချီ ပိုဒ်စုံရတု

ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ဖြူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပျပ်လျက်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေမွှန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလောင်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျင်၊ ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွ-မတတ်သောဝ်။

မြှော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျှံကဲ၊ ရွှေရည်စွဲက၊ ပုလဲငုံသွယ်၊ အလှယ်လှယ်တည့်၊ စပယ်ဖြူမွှေး၊ စကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်နှင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်ဆောင်ပန်းမာလ်၊ မမီလွန်ခဲ့၊ ချိန်တန်သို့သည်၊ ဖြန့်မည်လေသာ၊ မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေမျှ၊ မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်းလျှက်၊ ဝမ်းနည်းလျှက်ပင်၊ ရှိလိမ့်ထင်သည်။ ။ ညက်စင်စံမျာ့-အထွတ်သော်။

ဖျော်ဖြေမှလျှင်၊ ယုယသံချို၊ ပြေလိုစိမ့်သား၊ ကျူးပိုက်ဖြား၍၊ ချီသွားမူးမူး၊ နွေရက်ဦးက၊ မကြူးထင်ထင်၊ ကဆုန်တွင်ကို၊ ကျိုင်းစင်မြခဲ၊ စစ်ပွဲရန်နှည်၊ ပြန်လျှင်းမည်ဟု၊ နှုတ်ခြည်ပေါ်သာ၊ ဆိုလေရှာသော်၊ မာလာရနံ့၊ ထုံပျံ့ပန်းသတ်၊ ခြူးနတ်ဆင်လုံး၊ စိန်ပွင့်အုံးဝယ်၊ ပွင့်ရုံးရွရွ၊ လက်သင်မ၍၊ သက်မျှငယ်ချစ်၊ ပျောင်းလိမ့်ဖြစ်ကို၊ စိစစ်မိမိ၊ သတိချုပ်ဆည်၊ ပြေမည်မျှဝေး၊ ချစ်ဝန်လေးခဲ့၊ ရေးရေးဖူးချင်၊ မယ်သို့လျင်သည်။ ။ စက်ရှင်လျှံမျှ-ရဟပ်သော်ဝ်။



ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

(၁) ကလျာရွှေညီ ။   ။ နန်းကေသီသို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ်လေးညင်းတွဲ့၊ နန်းဟန်ဖွဲ့၍၊ ‎ကနွဲ့ကယ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမထင်၊ ပူကြွေးတင်၍၊ ‎မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်။ ။ ခုဖြင့်ဖြေခက်သည်တကား။‎

(၂) မြလွှာဝေစီ ။   ။ နွေခဋီဝယ်၊ ရွှေဖီသင်းပျံ့၊ နှင်းရနံ့နှင့်၊ ခင်းညံ့မြေဇာ၊ လေညင်းလာက၊ ရွှေမာလာငုံ၊ ပန်းဝတ်မှုံတို့၊ ‎ကြွေတုံသက်ဆင်း၊ ကိုက်ငုံကင်းနှင့်၊ အင်ကြင်းဖြူနီ၊ ရိုးတံချီလျက်၊ သံညီဥသြ၊ နှုတ်ချိုနှော၍၊ တောင်တောသာခွင့်၊ ‎ရာသီဖွင့်သည်။ ။ နုရင့်နွေစက်လည်တကား။‎

(၃) မဟာစေတီ။   ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်းတပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ‎ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား။‎


တောင်တဲတွန့် ရတု

ရှေးစာဆိုတွေဟာ ပိုဒ်စုံရတုကို ရိုးရိုးနည်းနဲ့ စပ်ဆိုရုံသာမက "တောင့်တဲတွန့် စပ်နည်း" နဲ့ လည်း အဆန်း
ထွင်ပြီး စပ်ဆိုလေ့ရှိကြတာကိုတွေ့ ရပါတယ်။ တောင့်တဲတွန့် ရတု ဆိုတာ ပိုးတောင့်တဲများ လမ်းသွားတဲ့ 
အခါ ကိုယ်ခန္ဓာဟာ ပိန်ချည်တစ်ခါ ဖောင်းချည်တစ်လှည့် ဖြစ်နေသလို လေးလုံးတစ်ပါဒ တစ်လှည့်/ငါးလုံး
တစ်ပါဒ တစ်လှည့် စပ်ဆိုရတဲ့နည်းဖြစ်ပါတယ်။

နမူနာ

စွယ်စုံအနုပညာရှင် ဝင်းဦးသီဆိုထားတဲ့ စာဆို "ရှင်မဟာရဌသာရ "ရဲ့ "ဝဏ္ဏပဘာ"ရတုပိုဒ်စုံကိုဖော်ပြ
လိုက်ပါတယ်။

ဝဏ္ဏပဘာ - ချီ တောင့်တဲတွန့် ပိုဒ်စုံရတု 

ဝဏ္ဏပဘာ ၊ ကလျာဖူး စသစ်
ပျို မြစ် မြစ် လျှင် ၊ ကျစ်လစ် တင့်စမ္ပယ်
လှမျိုး ကြွယ်သား ၊ ဆံသွယ် မြမြိတ်စို့ 
ဆင်း ရောင် ပျို့ ကို ၊ နတ်တို့ ဆင်ထိုက်တန်
ဆင်းစုံ ကြန်သား ၊ အလွန် ရပေ ခက်
ဖြူ မြိတ်ရွက် နှင့် ၊ လက်လက် လှထိန် ပြေး
ရွှေ ခြည် ရေးသို့  ၊ ပျံ့ မွှေး ရွှေ အကျီ
ရွှေ ထမီ နှင့် ၊ မြစီ ရွှေနား ဍောင်း
နွဲ့ နွဲ့ နှောင်း လျှက် ၊ ရောင်မောင်း ကွမ်းရည်သွား
သက်တင်လား သို့  ၊ လက်ဖျားဒန်း နီရောင်
လှတန် ဆောင် မူ ၊ မျက်တောင် ကော့ညွတ်သေး
စုတ် ဖြင့် ရေးသို့ ၊ ကြိုင် အေး ကတိုး ရည်
ထုံ မျိုး ကြည် ၍ ၊ နတ်ပြည် မိုးသူဇာ
ပျံ ကျ လာ သို့  ၊ ရှုသာ တင့်စနိုး
လှ ခေါ င် မျိုး လျှင် ၊ ပြစ်မျိုး မှည့်မထင်
နတ်ရုပ် သွင် သို့ ၊ ဖြူစင် ထွန်း ရောင်ဝင်း
လှ မှန် ကင်း ကို ၊ ညခင်း ဆည်းဆာ တွင်
ကျွန်ုပ် မြင်သည် ၊ ရယ်ရွှင်ပြုံး တု့ံ မပြုံး တုံ့ 

ပဉ္စ ကလျာ ၊ ညိုပြာ တင့်ဆန်းရောင်
ရွှေ ကြက် တောင်နှင့် ၊ ဖြူ ရောင် ရေး ထင်စွ
သွယ် ခွေ ချ၍ ၊ ထွန်းပ ကိုယ်ရောင်ဝင်း
လှ မှန် ကင်း လျှင် ၊ ပျ့ံ သင်း န့ံသာ ပျောင်း
မမွှေး တောင်း တည့် ၊ တစ်ကြောင်းဆင်စမ္ပယ်
ရှု ချင် ဖွယ်တည့် ၊ နိကာယ် ဆင်းရောင်မြေ့
ဆယ်နှစ် စေ့ကို ၊ ကယ်ရွေ့ သာလျှင်တင်
မြင့် ကြာ ထင် ခဲ့ ၊ ပုံပြင် နတ်တူလျော
ဖြူ နွဲ့ ချော လျှင် ၊ တင့် မော လွန် ကျစ်လစ်
စု လည်း သစ် နှင့် ၊ ပြေပြစ် တင့်စုံစည်း
မိညက် ကြည်းသည် ၊ စုလည်း ထုံးတုံ့  မထုံးတုံ့ ။

ဒေဝစ္ဆရာ ၊ ပြင်လျာ တင့်ဆန်း ရောင်
လှ ကြက်တောင် နှင့် ၊ လှခေါင် ပြစ်မျိုးလွတ်
ပြာထွတ်ထွတ် လျှင် ၊ ရစ်ပတ် ချိုး မျှောင်စီ
ရွှေထမီနှင့် ၊ အာ နီ သိန်းတန်မျိုး
ရွှေ ခါး ကြိုလည်း ၊ စံမျိုး နေ့ တိုင်းပင်
အမြဲ ဆင်၍ ၊ ကျွန်း တွင် ဇမ္ဗူ လုံး
ပြိုင် တိုင်း ရှုံး သည် ၊ ပြစ်ထုံး ကင်းဝေးစွာ
မိုးသူဇာကို ၊ ဆည်းဈာ ညရီတွင်
ကျွန်ုပ် မြင်သည် ၊ ရွှေရင် ဖုံးတုံ့  မဖုံးတုံ့ ။     ။

( ဆရာတော် အရှင်မဟာ ရဋ္ဌသာရ )

- နေဘုန်းမိုရ်