ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

မော်ဒန်

            ၁၉၁ဝ - ဒီဇင်ဘာလ ဒါမှမဟုတ် အဲဒီအနီးတဝိုက်မှာ လူ့သဘာဝအခြေခံအပြောင်းအလဲတွေများစွာ ဖြစ်ပေါ်ခဲ့တယ်လို့ မော်ဒန်ဆရာမကြီး ဗာဂျီးနီးယားဝုဖ် ကကြေညာခဲ့တယ်။ ၁၉၁ဝ ဒီဇင်ဘာလရယ်လို့ သူမပြောရတာဟာအဓိပ္ပါယ်နဲ့ ဆင်ခြေများစွာ ရှိပါတယ်။ လူ့သမိုင်းမှာ မော်တော်ကားနဲ့ လေယာဉ်ပျံကို ဦးစွာပထမ လူသုံးကုန်ပစ္စည်းအဖြစ် စတင်သုံးစွဲခဲ့တဲ့ "အချိန်" ဖြစ်လို့ပါပဲ။ လူသားတွေအကြီးအကျယ် ရှော့ခ်ရသွားတဲ့ အချိန်ဟာလည်း အဲဒီအချိန်ပါပဲ။

           အမေရိကန် ပိုထရီအကယ်ဒမီက ဒီလိုရေးတယ်။ လေယာဉ်ပျံနဲ့ မော်တော်ကား အသုံးပြုလာတာကို ဖော်ပြချက် (Statement) လို့ခေါ်ပြီး "The statement testified to modern writer's fervent desire to break with the past, rejecting literary traditions that seemed too genteel to suit an era of technological break through and global violence" လို့ရေးထားတယ်။ အဲဒီ မော်တော်ကား၊ လေယာဉ်ပျံ အသုံးပြုမှုဟာ မော်ဒန်သမားတွေ အတိတ်ကိုချိုးဖျက်ဖို့၊ ပိုပြင်းပြကြောင်းပြသဖို့အတွက် ခေတ်မမီတော့ဘူးလို့ထင်ရတဲ့ ရိုးရာစာပေဟန်တွေကို ပယ်ဖျက်တယ်ဆိုတဲ့နေရာမှာ ခေတ်တစ်ခေတ်ရဲ့နည်းပညာပေါက်ကွဲမှုကို ဝတ်ဆင်ပစ်ဖို့ သိမ်မွေ့ပြနေသလိုပါပဲလို့ ဆိုတယ်။

             Free Verse မှ ပုံရိပ်ဝါဒ (Imaginism) အရွေ့ကိုသွားထားပြီး အဲဒီကမှမော်ဒန်ဆီကို ရွေ့ကြည့်ပါမယ်။ အခု အနောက်တိုင်းမော်ဒန်သမိုင်းနဲ့ ထင်းရှူးပင်ရိပ်ကို နှိုင်းယှဉ်ချင်ပါတယ်။ မော်ဒန်သမိုင်းမှာတော့ ကဗျာကိုချည်းသွားလို့မရတော့ပါဘူး။ FV နဲ့ ပုံရိပ်ဝါဒတွေမှာ ကဗျာကိုပဲရွေးပြီးပြောရင် လုံလောက်ပေမယ့် မော်ဒန်မှာတော့ အတော်ကြီးကိုကျယ်ပြန့်လာတယ်။ FV မှ Imaginism အကူးမှာ အတော်များများပုံရိပ်ဝါဒီ ( Imaginist) ဖြစ်ခဲ့တယ်။ FV ကိုလှုပ်ရှားခဲ့သူတွေဟာ Imaginism မှာ ပြန်ပါလာတယ်။ ဒီလိုပဲ Imaginism ကို လှုပ်ရှားသူတွေအားလုံးလိုလိုဟာလည်း မော်ဒန်မှာ ပြန်ပါလာတယ်။ ဒါပေမယ့် FV ကို စလှုပ်ရှားတဲ့သူတွေ မပါတော့ပါဘူး။ မော်ဒန်ဟာ ကဗျာမှမဟုတ်ဘဲ အခြားသော Subject တွေကိုပါ သိမ်းယူပစ်ပါတယ်။ အနုပညာရှင် အတော်များများဟာ အနုပညာအမျိုးမျိုးနဲ့ မော်ဒန်အရိပ်ကို လာခိုပါတယ်။  မော်ဒန်ဟာ ရန္တပိုစာချုပ်နဲ့ အလှမ်းဝေးသလို ကွန်မြူနစ် ကြေညာစာတမ်း နဲ့လည်းသိပ်မဆိုင်ပါဘူး။ ပြောချင်တာက ၁၉၁ဝ ဒီဇင်ဘာလတဝိုက်ပါ။

            အဲဒီအချိန်တွေဟာ ကမ္ဘာ့သမိုင်းကို တစ်ဆစ်ချိုးဖြစ်စေခဲ့သလို ကဗျာသမိုင်းနဲ့အနုပညာအားလုံးဟာ ပြင်သစ်နဲ့အင်္ဂလန်ကို တည်ပြီးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တယ်။ အိုင်စတိုင်းရဲ့ စင်္ကြာဝဠာအတွေးသစ်တွေက လူသားတွေအတွက်ကြီးကျယ်တဲ့ တုန်လှုပ်မှုကို ဖြစ်ပေါ်စေတယ်။ ရှေ့ကအတွေးတွေဟာ ပြန်လည်သုံးသပ်ဖို့ လိုလာတယ်။ ပြီးတော့ စွန့်ပယ်ဖို့ လိုလာတယ်။ အနုပညာရှင်တွေဟာ အပြောင်းအလဲ ဆိုတဲ့စကားကို အမြဲတမ်းမျှော်လင့်နေသူတွေလား။ တစ်ကမ္ဘာလုံးက အနုပညာရှင်တွေ စုရပ်လုပ်ဖို့ လိုလာလေရဲ့။ အဲဒါ ပြင်သစ်ပဲ။ အဲဒါ ပါရီပါပဲ။ လန်ဒန်ဟာ တစ်စိတ်တစ်ပိုင်းအရေးပါလာပြီး အခြားသော ဥရောပမြို့ကြီးများမှာ စုရုံးကြတယ်။ ဒါဟာ ပေါက်ကွဲမှုတစ်ရပ်ပါလို့ လေ့လာသူများက သုံးသပ်တယ်။ "there was an explosion of innovation and creative energy that shocked every field of endeavor." နယ်ပယ်အသီးသီးကအနုပညာရှင်တွေရဲ့ အံ့သြထိတ်လန့်ကြိုးပမ်းမှုဟာ အသစ်ပြုလုပ်ခြင်းနှင့် တီထွင်ဖန်တီးမှုစွမ်းအင်တစ်ရပ်အဖြစ်နဲ့ ပေါက်ကွဲမှုတစ်ခုကို ဖြစ်စေခဲ့တယ်။ အားလုံးပါရီမှာ အသစ်ကို လုပ်ကြမယ်တဲ့။ အဓိက အပြောင်းအလဲကို ဖန်တီးခဲ့တဲ့ အနုပညာရှင်တွေကို ဘာသာရပ်အလိုက်အကြမ်းဖျဉ်း ကြည့်ရင် မာတိ(စ်) နဲ့ ပီကာဆို တို့က ပန်းချီသစ်၊ ဂျွိုက် (James Joyce) နဲ့ ဂါးထရုစတိုင်း (Gertrude Stein) တို့က စာပေ၊ အီဆဒိုရဒန်ကန် (Isadora Duncan) က အကပညာ၊ အီဂေါစထရာဗင်စကီ (Igor Stravinsky) က ဂီတဘက်မှာ၊ ဖရန့်(ခ)လွိုက်(ဒ) (Frank Lloyd Wright) က ဗိသုကာနယ်မှာ စသည်ဖြင့် အပြောင်းအလဲမှာ ထင်ရှားသူတွေ ဖြစ်လာခဲ့တယ်။ အရှိန်လေးရတုန်း ၁၉၁၄ မှာ ပထမကမ္ဘာစစ် စတင်ခဲ့ရာက ဥရောပအနုပညာသွေးသစ်တွေဟာ စစ်ပွဲတွေရဲ့ခေါ်ဆောင်ရာကိုလိုက်ပါသွားခဲ့ရတယ်။ အကယ်၍များ ပထမကမ္ဘာစစ်မဖြစ်ပွားခဲ့ရင် အနုပညာဟာ တစ်မျိုးတစ်မည်ပြောင်းလဲနိုင်ပါဦးမယ်။ အမေရိကန်ကဗျာ အကယ်ဒမီရဲ့အလိုအရ ပထမကမ္ဘာစစ် မဖြစ်ပွားခင်အထိမှာ ပါရီရဲ့လှုပ်ရှားမှုအရှိန်ဟာ အတော်လေးကို မြင့်တက်နေတဲ့သဘော ဖြစ်နေတယ်။ "The excitement, however, come to a terrible climax in 1914 with the start of the First World War" လို့ရေးတယ်။ ၁၉၁၈ ပထမကမ္ဘာစစ်အပြီးမှာတော့ ကမ္ဘာကြီးလုံးလုံးပြောင်းလဲသွားခဲ့တယ်။ ရာစုနှစ်ပေါင်းများစွာ ချယ်လှယ်ကြီးစိုးခဲ့တဲ့ ဥရောပပါဝါဟာ ပြီးဆုံးသွားပြီး "အမေရိကန်ရာစု" ဖြစ်သွားခဲ့တယ်။ အမေရိကန်တွေဟာ စစ်ပွဲနဲ့အတူ ကိုယ့်ကိုယ်ကိုယုံကြည်မှုအောင်ပွဲကို ရခဲ့တယ်။

အဲဒါကတော့ ပထမကမ္ဘာစစ်အထိ မော်ဒန်လှုပ်ရှားမှုမှာ ဝါဒသစ်တချို့ပေါ်ပေါက်ခဲ့တာပါပဲ။ ဗာဂျီးနီးယားဝုဖ်ရဲ့ ၁၉၁၀ ဒီဇင်ဘာ အပြောင်းအလဲကစလို့ ပေါ်လာတဲ့အသစ်တွေထဲမှာ ဝါဒသစ်တွေပါလာခဲ့တယ်။ Constructivism ကျူဗစ်ဇင်ဝါဒ၊ အနာဂတ်ဝါဒ (Futurism) နဲ့ ရုရှတွေလုပ်တဲ့အက်မီဆင် (Acemeism) တို့က ထင်ရှားတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဥရောပပါဝါဟာ အမေရိကဘက်ကိုရွေ့လျောသွားတယ်။ အဲဒါနဲ့တပြိုင်နက်ထဲ အမေရိကန်အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးအရေးပါလာခဲ့တယ်လို့ ပညာရှင်တွေက သုံးသပ်တယ်။ အက်ဇရာပေါင်းဟာ ကဗျာအုပ်စုရဲ့ဝင်ရိုးဖြစ်လာတယ်။ "Make It New" အသစ်လုပ်ကြဆိုတဲ့ ကြွေးကြော်သံနဲ့ ပါရီကိုဖျားယောင်းတယ်။ အုံနဲ့ကျင်းနဲ့အသစ်လုပ်မယ့်သူတွေ ပါရီကို ချီတက်လာ ခဲ့တယ်။ အချိုးချကြည့်ရင် အမေရိကန်တွေ များတာပဲ။ အမျိုးသမီးတွေ များများပါလာတယ်။ မိန်းမချင်းအတူနေမှုကို ပေါ်တင်ကြေညာပြီ။ ပါရီဟာ အရာအားလုံးကိုလိုက်လျောရတယ်။ အနုပညာတော်လှန်ရေး အက်ဗဂတ်(ဒ) (Avant-garde) ပေါ်လာခဲ့တယ်။ အက်ဇရာပေါင်းဟာ အားလုံးရဲ့ ဆုံရပ်(ဝါ) ဆုံမှတ်ပါပဲ။

           လန်ဒန်မှာ ဧကစာကျင့်နေတဲ့ သူ့မိတ်ဆွေ အဲလီးယော့ကို အားပေးအားမြှောက်သွားလုပ်တယ်။ အဲဒီမှာ အဲလီးယော့ဟာ နှစ်ဆယ်ရာစုရဲ့ အကောင်းဆုံးနဲ့ငြင်းခုံစရာအများဆုံး ကဗျာတွေကို ဖန်တီးပစ်တယ်။ အဲဒီထဲမှာ "ဖုန်းဆိုးမြေ" "The Waste Land" ဟာ အဟောင်းကိုဆန့်ကျင်ရာမှာ အပြောင်မြောက်ဆုံးသီအိုရီဖြစ်တဲ့ ဆက်စပ်တည်ဆောက်သည့် "The Collage" ကိုသုံးပြီး မော်ဒန်ကျမ်းစာကို ဖန်တီးတယ်။ အမေရိကန်ကဗျာအကယ်ဒမီဆိုဒ်ကတော့ "Using revolutionary techniques" (တော်လှန်သောနည်းစနစ်များကို အသုံးပြုခြင်း) လို့ရေးတယ်။ ဒီအမျိုးအစားကို အခုပညာရှင်တွေက  Found Poetry (အမြင်သစ်ကဗျာ) လို့ သမုတ်တယ်။ အက်ဇရာပေါင်းလည်း သူ့ရဲ့ "ကန်တို့စ်" တွေကို အဲဒီနည်းနဲ့လုပ်တယ်။ ကျမ်းကြီး ကျမ်းငယ်ထဲရှိတဲ့ တရုတ်ရိုးရာစာဝါကျတွေနဲ့ ခေါမနတ်တို့ရဲ့စစ်ပွဲတွေဟာ နှစ်ဆယ်ရာစုအစမှာ ပေါင်းနဲ့အဲလီးယော့တို့ကြောင့် မော်ဒန်ကျမ်းစာသစ်တွေ ဖြစ်သွားတယ်။ ဒါတင်မကဘူး အဲလီးယော့ဟာ ပြင်သစ်သင်္ကေတမှော်ဆရာဂူလီလာဖေါ့ (Jules Laforgue) ကိုလဲ ဆွဲသွင်းပြီး မော်ဒန်လုပ်ပြန်တယ်။

အိပ်ခ်ျဒီ (H.D: Hilda Doolittle) ဟာ အက်ဇရာပေါင်းရဲ့ မီးစိမ်းပြမှုကို အလွယ်တကူပဲ ရှေ့ကိုတိုးဝင်ပစ်ခဲ့တယ်။ ပါရီဟာ ကာရံမဲ့ (Free Verse) ရဲ့ အောင်မြေ၊ နောက်ပုံရိပ်ဝါဒရဲ့ အိမ်ကွင်း ဖြစ်လာတယ်။ အိပ်ခ်ျဒီအတွက် အက်ဇရာပေါင်းက နေရာတစ်နေရာ ဦးထားပေးသလိုမျိုး။ "ပေါင်း"ယုံကြည်ခဲ့တာက ပါရီမှာ မော်ဒန်သမိုင်းကို အသစ်ရေးဖို့ လူတစ်ယောက်သာရွေးခွင့်ရရင် အဲဒါ အိပ်ခ်ျဒီ ဆိုတဲ့ အမျိုးသမီးကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး။ ဒီလက်မျိုးဟာ စနက်တံကိုမီးရှို့လိုက်တာနဲ့ ပေါက်ကွဲဖို့အသင့်ဖြစ်နေတဲ့ လက်မျိုးမဟုတ်လား။ မိုင်းဗုံးတစ်လုံးလို စိတ်ခံစားချက်ကို တိတိကျကျပြင်းပြင်းပြပြ ပေါက်ကွဲတတ်တဲ့ အဲဒီအမျိုးသမီး။

တကယ်တမ်းပေါက်ကွဲသွားတာက အမျိုးသမီးဝါဒပါ။ ဆောင်းပါးရှင်က ပြန်ပြီးမေးခွန်းထုတ်တယ်။ မေရီအန်းမိုး (Marianne Moore) က ဘယ်လိုပါလဲတဲ့။ သူမရဲ့ စကားပုံလို စကားတွေ ကဗျာထဲစနစ်တကျ သွင်းပစ်တတ်တဲ့ အစွမ်းကရော ဘယ်လိုဖြစ်စေခဲ့သလဲတဲ့။ မော်ဒန်ဟာ စနစ်တစ်ခုထဲက အခြေခံထားတာ မဟုတ်တော့ဘူး။ အသစ်ဖြစ်စေတဲ့အရာမှန်သမျှ (အဲဒီအချိန်က) မော်ဒန်ပဲ။ မိုးဟာ မော်ဒန်ရဲ့ပုံရိပ်ပါ။ မိုးဟာ ကိုယ်ပိုင်ဟန်တစ်ခုထူထောင်နိုင်ခဲ့တယ်။ အမေရိကန်အကယ်ဒမီက ပေးတဲ့ မှတ်ချက်မှာတော့ "What was new in Marianne Moore was her brilliant and utterly original use of quotations in her poetry, and her surpassing attention to the poetic image". "မိုးဆီကရခဲ့တဲ့ အသစ်ကတော့ သူမရဲ့ လှပတဲ့ဟန်၊ ကျကျနနသုံးတတ်တဲ့ သူမရဲ့ဟန်နဲ့ စကားပုံတွေကိုသူမရဲ့ကဗျာထဲ ထည့်တတ်ခြင်းအတတ်နဲ့အတူ ကဗျာနမိတ်ပုံရိပ်တွေကို အထူးအားပြုရေးတတ်တဲ့ သူမရဲ့ဗီဇပါပဲ" တဲ့။ အဲဒါက မော်ဒန်က မိုး ဆီကရလိုက်တဲ့ ဟန်ပါ။

သူမ၏တနင်္ဂနွေနှုတ်ခမ်းများဖြင့်ပန်းများပွင့်စေ

အမေရိကန်စာပေသမိုင်းကို ပြန်ပြောင်းပြောမယ်ဆိုရင်ဖြင့် မိုး( Marianne Moore) နဲ့ အိပ်ခ်ျဒီ (H.D) (Hilda Doolittle) ကိုပဲ လူတွေမှတ်မှတ်သားသား တခုတ်တရ ပြောဆိုလေ့ရှိတာဟာ အခြားသော အမျိုးသမီးကဗျာဆရာတွေအတွက်တော့ မျှတတဲ့ကိစ္စမဟုတ်ပါဘူး။ ဝေဖန်ရေးသမားတွေနဲ့ လေ့လာသူတွေဟာ အမျိုးသမီးကဗျာဆရာမတွေရဲ့ အရေးပါမှုကို လျစ်လျူရှုရုံတင်မဟုတ်ဘူး၊ သူတို့ကို ချန်လှပ်ထားမှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် မော်ဒန်ကဗျာလှုပ်ရှားမှုထံကို အမျိုးသမီးကဗျာဆရာမတွေ ဝင်ရောက်လာတာဟာ အမျိုးသားကဗျာဆရာတွေကို ခြိမ်းခြောက်ခဲ့သလိုတောင်ဖြစ်ခဲ့ရတယ်ဆိုတာ အမှန်အကန်ပါပဲ။ အဲဒီမော်ဒန်လှုပ်ရှားမှုကိုတော့ ဝေဖန်ရေးဆရာတွေက အဆင့်မြင့်စာပေ (Literary High Culture) လို့ခေါ်ခဲ့တယ်။ သူတို့တွေပါဝင်ခဲ့တာကြောင့် မော်ဒန်အမှတ်လက္ခဏာဟာ ပိုပြီးပြည့်စုံခဲ့တာကို ငြင်းဆန်လို့မရပါဘူး။ ဒါပေမယ့် မော်ဒန်ကဗျာလှုပ်ရှားမှုရဲ့ ခေါင်းကိုင်အဖနှစ်ဦးဖြစ်တဲ့ ပေါင်းနဲ့ အဲလီးယော့ တို့ နှစ်ဦးရဲ့  ပြောကြားချက်ဟာလည်း မော်ဒန်ခေတ်ဦးမှာ အမျိုးသမီးကဗျာဆရာမတွေရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ရေးဆရာတွေ လျှော့တွက်ခဲ့မိတာဖြစ်နိုင်တယ်လို့  ၂၀ ရာစု အမေရိကန်ကဗျာ (20th Century American Poetry) ကို ရေးခဲ့သူ ခရစ်စ္စတိုဖာဘိခ်ျ (Christopher Beach) က အခန်း(၄) လိင်ကွဲပြားမှုမော်ဒန်နစ်ဇင်မှာ ရေးခဲ့တယ်။ ပေါင်းဟာ သူနဲ့ကတောက်ကဆ ဖြစ်ခဲ့တဲ့ အေမီလော(ဝ်) (Amy Lowells) ရဲ့ ပုံရိပ်ဝါဒကဗျာတွေကို အေမီဂျစ်ဇင် (Amygism) ရယ်လို့ ထေ့ငေါ့ခဲ့တဲ့အတွက် ၁၉၂၂ မှာ အဲလီးယော့ရဲ့ ဒါဇင်ဝက်လောက်ရှိတဲ့ စာရေးဆရာ (ဆရာမမပါဝင်) ရဲ့ စာတွေဟာ အများကြီးပုံနှိပ်ခဲ့တယ် ( There are only half dozen men of letter (and no women) worth printing) လို့  ရေးခဲ့တဲ့အတွက်ဝေဖန်သူတွေဟာ အမျိုးသားကဗျာဆရာတွေကိုသာပိုပြီး အာရုံကျသွားတယ်။ (ပေါင်းရော၊ အဲလီးယော့ရောဟာရည်ရွယ်ချက်နဲ့ ခွဲခြားပြောသွားတယ်လို့ ကျွန်တော်မထင်ဘူး။ ပေါင်းဟာ သူစိတ်ဆိုးလွန်းလို့ပြေခဲ့တာဖြစ်ပြီး လေ(ဝ်)ရော၊ အိပ်ခ်ျဒီရော ဒီလောကထဲရောက်လာအောင် သူအများကြီး ကူညီခဲ့တယ်။) အဲဒီတုန်းက ဒီလိုတွေ လျစ်လျူရှုတာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ မိုး နဲ့ အိပ်ခ်ျဒီနှစ်ဦးလုံးရဲ့လက်ရာတွေကို မော်ဒန်လေ့လာသူ ပညာရှင်တွေ တခမ်းတနား လေ့လာနေတာကို တွေ့ရတယ်။ မော်ဒန်အရွေ့ မှာ အမျိုးသမီးကဗျာဆရာတွေရဲ့ ဖန်တီးမှုဟာ အမျိုးသားများလောက်နီးပါး အရေးပါတာကိုယုံကြည်ပေးခဲ့ကြတယ်။

ဇာတ်လမ်းက ဇတ်ဆောင်တွေကခပ်များများ။ အီးအီးကမ်းမင်း (E.E. Cummings) ဆီက "အယ်လ်ပုံ"( " l" Form)တွေ၊ တစ်ကြောင်းသွား ဒေါင်လိုက်မျဉ်းနဲ့ ရေပြင်ညီစာလုံးတွေ (one lines) တွေ၊ ကွင်းပိတ်စနစ်ရေးဟန် (Parenthesis) တွေကို မော်ဒန်ကရပြန်တယ်။ စာလုံးတွေကိုလေးထောင့်ကွင်းနဲ့လက်သည်းကွင်း တွေထဲ ထည့်ရေးတဲ့ဟန်ပေါ့။
           
"ခွေးနဲ့ကြောင်တွေ ဖတ်နိုင်တဲ့ အမေရိကန်ပလိန်း" (Plain American which cats and dogs can read) လို့ ခေါင်းစဉ်ကို ကြံကြံဖန်ဖန်ရေးသွားတဲ့ ဝီလျံကားလို့စ်ဝီလျံ ဟာ ခေတ်ပြိုင်ကဗျာဆရာမ မိုး ရဲ့ စာတစ်ကြောင်းဖြစ်တဲ့    "No ideas but in things" ကို ပြန်ရေးပါတယ်။ ဝီလျံဟာ လူတွေအမြဲတမ်း ကြုံတွေ့လေ့ရှိတဲ့ သာမန်အဖြစ်တွေကိုပဲ ကဗျာရေးလေ့ရှိတယ်။ ဒါပေမယ့် သူ့ကဗျာကိုဖတ်ပြီးရင်တော့ ခင်ဗျားမှာ အတွေးတွေ မီးခိုးမဆုံး မိုးမဆုံး ရှိနေပါလိမ့်မယ်လို့ ပညာရှင်တွေက မှတ်ချက်ပေးပါတယ်။ နာမည်ကြီးကဗျာ "A Red Wheelbarrow" ကိုဖတ်ရင်ဖြင့် ခင်ဗျားဟာ ဘယ်လောက်ဝေးဝေးတွေးတတ်သလဲ ဆိုတာ ကဗျာက မေးခွန်းထုတ်ပါလိမ့်မယ်။

            ဒီတစ်ခါတော့ ရောဘတ်ဖရော့(စ) (Robert Frost) အလှည့်ပါ။ ရောဘတ်ဟာ ဘာကိုမှ အသစ်မလုပ်ခဲ့ပါဘူး။ သူအမြဲသစ်နေပါတယ်။ သူဟာ မော်ဒန်ရဲ့ပြယုဂ်တစ်ခု ဖြစ်လာတယ်။ ရှေ့ကရေးခဲ့တဲ့ ရိုးရာဟန်အတိုင်း ရေးတယ်။ ရှိတ်စပီးယားတို့ရေးတဲ့ Blank Verse ကိုလည်းရေးတာပဲ။ ကာရန် (Rhyme) ကိုလည်း မဆန့်ကျင်ခဲ့ဘူး။ ဇာတ်ကြောင်းပြန်ရေးဟန် (Narrative) နဲ့ ဆွန်းနက် တွေကိုလည်း ရေးခဲ့ပါတယ်။ သူက ဝီလျံကားလို့စ်တို့၊ ပေါင်းတို့ အရာရာကို အသစ်လုပ်နေတဲ့အချိန်မှာ အဟောင်းကိုပဲ မွမ်းမံနေခဲ့တယ်။ အဲဒါကတော့ မော်ဒန်ဆိုတာ အားလုံးကို ပြောင်းစရာမလိုဘူးဆိုတဲ့ ဥပမာပါ။

            ဝေါ့လေ့စတီဗင်ကတော့ မော်ဒန်ကဗျာကို သမိုင်းထဲမှာ သူ့နာမည်မပါဘဲ ရေးခွင့်မရှိစေတဲ့လူပါ။ အက်ဇရာပေါင်းတို့လို ပါရီကိုမသွားဘူး။ အဲလီးယော့လို လန်ဒန်ကို မရွေ့ဘူး။ မော်ဒန်ကို သူ့နေရာလေးက ဘယ်မှမရွေ့ဘဲ ရှာတွေ့သွားတဲ့သူပေါ့။ သူကကဗျာတွေကို ခေါင်းစဉ်တပ်တဲ့နေရာမှာတော့ ဧတဒဂ်ပါပဲတဲ့။ "အနက်ရောင်ငှက်ကိုကြည့်ရန် နည်းလမ်းတစ်ဆယ့်သုံးချက်" တဲ့။ အမှန်တရားရဲ့ဖိအားကို ဆန့်ကျင်နိုင်တဲ့သူလို့ ဆိုတယ်။ သူ့ကဗျာတစ်ပုဒ်ခေါင်းစဉ်ဟာ အခုခေတ် အယ်ပီကောင်တွေ ဖြုံတဲ့စကားစုပေါ့။ ဘာတဲ့ …    "Le Monocle de Mon Oncle" တဲ့။ နောက်ထပ်တစ်ယောက်ကို ထပ်ရွေးခွင့်ရှိသေးရင်တော့ ဟတ်(ထ)ကရိန်း (Hart Crane) ကိုပဲ ရွေးရမှာပဲ။ သူ့အောင်မြင်မှုက မသေးခဲ့ဘူးမဟုတ်လား။ သူ့ရဲ့ကဗျာတစ်ပုဒ်က "တံတား" (The Bridge) ပါပဲ။ ဘရွတ်ကလင်းတံတားကို ရည်ညွှန်းတာပါ။ ဒါပေမယ့် သူပေးချင်တဲ့ symbol ကတော့မော်ဒန်ကဗျာဟာ ကာရန်မဲ့ ဝေါ့ဝှစ်မင်းကိုအားပြုပြီး နေရာသစ်ကို တံတားထိုးပြီးပါပြီတဲ့။ ကဗျာဟာ နှစ်ဆယ်ရာစုရထားကို စီးလို့ အနာဂတ်ဆီ ရွေ့နေပါတယ်လို့ ဆိုပါတယ်။

- ဇော်ဇော်ထွန်း