အယ်လ်ကဗျာကရခဲ့တဲ့ရှော့ခ် ၊ ကျွန်တော်နဲ့ဘာသာစကားပြဿနာ
ခင်ဗျားဟာ အယ်လ်ပီကို မကြိုက်ဘူးဆိုရင် ကျွန်တော့်ရဲ့ အယ်လ်ကဗျာလေ့လာချက်ကိုဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဘာသာစကားကို ကျွန်တော်တို့ပြောတဲ့ အယ်လ်ပီဆိုတာကို မာဂျိုရီပါးလော့(ဖ)(Marjorie Perloff) က အယ်(လ်)ကဗျာ လို့ခေါ်ပါတယ်။ ကျွန်တော် သူ့ဆီကို စာရေးတုန်းကလည်း သူက အယ်(လ်)ကဗျာလို့ပဲပြန်ဖြေခဲ့တယ်။ သူက ချားလ်ဘန်စတိန်းကို ကျွန်တော်က အယ်(လ်)ကဗျာလို့ ခေါ်တာကို သူက ချားလ်ဟာ အခြားသော အယ်(လ်)သမားတွေလို မဟုတ်ကြောင်း၊ သူ့မှာ အယ်(လ်)ကဗျာသမားတွေထက်ပိုတဲ့ အခြားသောအရည်အသွေးတွေ ရှိကြောင်း ရှင်းပြရှာပါတယ်။ ခရစ်ရှန်ဘော့ကတော့ အဲဒီ အယ်(လ်)ကဗျာကိုပဲ “လမ်ပို” လို့ ခေါ်ပါတယ်။ ဒါလည်း အိုကေပါတယ်။ အယ်(လ်)ကဗျာသမားတွေကို “လမ်ပို” တွေလို့ခေါ်ရတာလည်း မဆိုးပါဘူး။ ကွန်ဆက်ချူရယ်သမားတွေကို “ကွန်ပို” တွေလို့ ခေါ်ပါတယ်။ ဒါလည်းပြဿနာရှိတဲ့ကိစ္စ မဟုတ်။
ကျွန်တော့်မှာ ဘာသာစကားနဲ့ပတ်သက်တဲ့ ပြဿနာတချို့ကို အယ်(လ)ကဗျာလေ့လာတဲ့အခါမှာ စပြီး ရပါတယ်။ ရှော့ခ်ရတယ်လို့ ပြောရမှာပေါ့။ ပြဿနာက ဒီလိုပါ။ ကျွန်တော်တို့ရဲ့ ဖြစ်စဉ်တွေကိုမှတ်တမ်းတင်ဖို့ ဘာသာစကားက လုံလောက်ရဲ့လား ဆိုတာပါပဲ။ ကျွန်တော်တွေးတာလေး နည်းနည်းလောက်ပြောချင်ပါတယ်။ ဗိုက်နာလို့ ဆေးခန်းသွားပြပါတယ်။ ဆရာဝန်က မေးတယ်။ ဘယ်လို အောင့်သလဲတဲ့။ စူးခနဲ အောင့်တယ်လို့ ဖြေတယ်။ သူက မေးတယ်။ ဘယ်လို စူးခနဲအောင့်တာလဲ တဲ့။ ဒီဆရာဝန်…။ ဘာသာစကားဟာ ဝေဒနာကို ဖော်ပြဖို့ စကားလုံးအတိအကျ အလုံအလောက် မရှိပါဘူး။ ထားပါတော့။
ပြီးခဲ့တဲ့လကမြန်မာပြည်က ကျွန်တော့်ရဲ့ သူငယ်ချင်း ကျွန်တော့်ကို ပိတ်စတစ်စမှာတယ်။ အရောင်က ခဲရောင်ပျော့ပျော့လေးလိုချင်တယ်ဆိုပဲ။ သူသုံးနှုန်းသွားတဲ့ ခဲရောင်ပျော့ပျော့ ဆိုတာ သူ့အတွက် ခပ်ပေါ့ပေါ့ဖြစ်ပေမယ့်ကျွန်တော့်အတွက် အတော်ကြီးကို ခေါင်းခဲစရာ ဖြစ်လာတယ်။ သူပြောတဲ့ (statement) ဖြစ်တဲ့ခဲရောင်ပျော့ပျော့ကို ကျွန်တော့်အတွေ့အကြုံ/အသိ “experience”နဲ့ ချိန်ဆရပါတော့မယ်။အဲဒီအခါမှာ ကွက်တိဖြစ်ဖို့ အခွင့်အရေး အတော်ကြီးကို နည်းသွားပါတယ်။ အရောင်များကျမ်းရဲ့အလိုအရ ခဲရောင်ပေါင်း တစ်ရာကျော်ကို သူတို့ မှတ်တမ်းတင်ထားပါတယ်။ အဲဒီထဲကမှ ကျွန်တော့်အတွေ့အကြုံ “experience” နဲ့ ကိုက်တဲ့ အရောင်ကိုပဲ ကျွန်တော်ရွေး မိမှာဖြစ်တယ်။ ခဲရောင်ပျော့ပျော့ကို အခုအသက်အရွယ်အထိ ကျွန်တော်သိထားတာ ဘယ်လောက်ရှိသလဲ။ ဒါနဲ့ ချိန်ဆပြီး ဝယ်ရမှာဖြစ်တယ်။ ဒီတော့ ကျွန်တော်သိတဲ့ ခဲရောင်ပျော့ပျော့နဲ့ သူလိုချင်တဲ့ ခဲရောင်ပျော့ပျော့ကြားမှာ သတ်မှတ်ပေးမယ့် နောက်ထပ် စကားလုံးတစ်လုံးကို ဘာသာစကားက မတတ်နိုင်ခဲ့ဘူး။ သူ့ကို ကျွန်တော်အကောင်းဆုံး အကြံဥာဏ်ပေးလိုက်တယ်။ ငါ့ကို “RGB” စနစ်နဲ့ ပြောပါလို့။
ဟိုတလောက လမ်းထိပ်မှာကားအက်ဆီးဒင့် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ရှိနေတယ်။ ကားနှစ်စီးတိုက်တဲ့ ကိစ္စကိုဘေးကကြည့်နေရသလိုပါပဲ။ ပြီးတော့ ကားဒရိုင်ဘာ ကာယကံရှင်တစ်ယောက်က ကျွန်တော့်ကိုလာပြီးတိုင်တည်ပါတယ်။ သူ့ဘက်ကအမြင်ကို လာပြောပါတယ်။ အဖြစ်အပျက်ကို ဘေးကကြည့်နေရတဲ့ ကျွန်တော်ဟာသူပြောတာတွေနဲ့ တကယ့်အဖြစ်အပျက် အစစ်အမှန် ကွဲပြားနေတာကို သိတာပေါ့။ သူက ကာယကံရှင်ဖြစ်နေတယ်။ နောက် စိတ်လှုပ်ရှားမှု “emotion” ရှိနေတယ်။ သူ့ရဲ့ ပုဂ္ဂလိကအမြင်/အပြော (dramatic monologue) ဖြစ်နေတယ်။ ဒါဟာ တကယ့်အဖြစ်မှန်နဲ့မတူပါဘူး။ ဒီတော့ သူ့အပြောကို အချက်အလက် (Fact) လုပ်လို့မရဘူး။ အဲဒီအဖြစ်အပျက်ကိုပဲ ကျွန်တော့်သူငယ်ချင်းက ဘယ်ကကြားလာလဲ မသိဘူး။ ညကျတော့ ကျွန်တော့်ကိုပြန်ပြောပါတယ် ဖြစ်စဉ်က အတော်ကွဲလွဲသွားပါတယ်။ ဒီသတင်း သူ့ဆီရောက်တော့ တကယ့်ဖြစ်ရပ်ဟာကြားမှာ ကျွန်တော်/ကျွန်မ/ငါ စတဲ့ ဇတ်ကြောင်းပြောသူ ဘယ်နှစ်ဆင့်ကို ဖြတ်ပြီးသွားပြီလဲမသိဘူး။ အဖြစ်ဟာ “အစစ်” မဟုတ်တော့ဘူး။ တလောဆီက စာတမ်းလေးတစ်ခု ဖတ်လိုက်ရတယ်။ ပစ္စုပန်ကာလပြတည်ဆောက်ပုံမှာအသုံးများတဲ့ “Friquency Adverb” ပါ။ အဲဒါတွေကတော့ အစဉ်အမြဲ (Always)၊ အမြဲလိုလို(Usually)၊ မကြာခဏ (Often)၊ ရံဖန်ရံခါ (Sometime) စတာတွေနဲ့ ပတ်သက်ပြီး ရှင်းပြထားတာလေးပါ။ ကျွန်တော့် သူငယ်ချင်းက ပြောတယ်။ ငါ ရံဖန်ရန်ခါ ဘီယာသောက်ဖြစ်တယ်တဲ့။ ကျွန်တော်က မင်းရံဖန်ရံခါဆိုတာဘယ်လောက်လဲ။ အကြိမ်အရေအတွက်၊ ရာနှုန်းအားဖြင့် ဘယ်လောက်လဲလို့မေးတော့ သူက စိတ်ဆိုးသွားပါတယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ သူ့ရံဖန်ရံခါနဲ့ ကျွန်တော့်ရံဖန်ရံခါနဲ့ ဘယ်လိုတူမလဲ။သူ့ “တစ်ခါတလေ” ဟာ တခြားသူတွေရဲ့ တစ်ခါတလေနဲ့ မတူနိုင်ပါဘူး။ ဒီတော့ တစ်ခါတလေလို့ဆိုလိုက်တာနဲ့ကျွန်တော်တို့မှာရှိတဲ့အကျင့်က ကိုယ့်တစ်ခါတလေနဲ့ ချိန်ပြီး နားလည်ပေးလိုက်တာပါပဲ။ ခုနကစကား ပြန်ဆက်ရရင် ကျွန်တော်ဖတ်ရတဲ့ စာတမ်းလေးက အဲဒီ ရံဖန်ရံခါတို့ တစ်ခါတလေတို့ကိုလိုက်ပြီး ရာနှုန်းသတ်မှတ်စစ်တမ်းလိုက်ကောက်တဲ့ လူတစ်စုအကြောင်း။ ပြီးတော့ သတ်မှတ်ချက်ထုတ်ပြန်ပေးတယ်။ မဆိုးပါဘူး။ နည်းနည်းတော့ ရယ်ရတာပေါ့လေ။ အဲဒီလိုပဲ “တောင်ပုံယာပုံ”ဆိုရင် ဘယ်လောက် “တောင်ပုံရာပုံလဲ” ပမာဏ ဘယ်လောက်ကို တောင်ပုံရာပုံလို့ ခေါ်သလဲ။
အယ်(လ်)ကဗျာနဲ့ ပို့စ်မော်ဒန် ဘာသာစကားအားနည်းပုံတွေကို လေ့လာရတာ အတော်ကြီးကို အဓိပ္ပါယ်ရှိတဲ့ကိစ္စပါ။ အထူးသဖြင့် သတင်းထောက်တွေ၊ မီဒီယာသမားတွေဟာ အယ်(လ်)ကဗျာနဲ့ ပို့စ်မော်ဒန် ကို လေ့လာသင့်တယ်။ သတင်းတစ်ပုဒ်ကိုပို့တဲ့အခါ ရေးသူရဲ့ အာဘော်မပါဝင်ဖို့ (ဝါ) subjectivity လျော့နည်းဖို့ လိုပါတယ်။ အဲဒီလိုပဲဖေ့စ်ဘွတ်မှာ သတင်းတစ်ပုဒ်ကို ဖတ်တဲ့အခါ ဖတ်သူဟာ ဒီသတင်းက ဘယ်လောက် subjective ဖြစ်နေသလဲ။ ရေးသူဟာ “emotion” ဘယ်လောက်ပါဝင်နေသလဲ။ အဖြစ်မှန် (Fact) သီးသန့် ဘယ်လောက်ပါဝင်သလဲ။ ဒါကို နားလည်ဖို့ အယ်(လ်)ကဗျာရဲ့ နည်းစနစ်တွေကို သုံးသင့်ပါတယ်။ ဒါမှ ဖတ်သူက သတင်းအမှန်ကိုရမယ်။ စဉ်းစားခွင့်ရမယ်။ ဒီတော့ ကျွန်တော်တို့ဟာ သတင်းတစ်ပုဒ်ကိုဖတ်ရင် မှန်မှန်ကန်ကန်သုံးသပ်ဖို့အတွက် ဘာလိုမလဲ။ သတင်းပဲဖြစ်ဖြစ်၊ ဝတ္ထုပဲဖြစ်ဖြစ်၊ ဆောင်းပါးပဲဖြစ်ဖြစ် ခြုံပြီးပြောရရင်စာသား (Text) ပါပဲ။ အဲဒီ Text ကို ရေးသူ (writer) က ဖန်တီး (ဝါ)ရေးသားပါတယ်။ ဒီတော့ နောက်တစ်နည်းစဉ်းစားပါ။ ကျွန်တော်တို့ဟာ “စာဖတ်ခြင်း” ဆိုတဲ့ ကိစ္စကို နောက်တစ်မျိုး အဓိပ္ပါယ်ဖွင့်ရရင်တစ်စုံတရာကို အနက်ဖွင့်ဖို့ ကြိုးစားနေတာ။ decode လုပ်နေတာကို သိရမယ်။
စာရေးဆရာက စာရေးတယ်ဆိုတာသူပြောချင်တာတွေ၊ အိုင်ဒီယာတွေကိုသွတ်သွင်းနေတာ။ “code” လုပ်နေတာ။ ဒီတော့ ရေးသူ (Author) က ရေးတယ်။ (code လုပ်တယ်)။ ဖတ်သူ (Reader) က ဖတ်တယ် (decode) လုပ်တယ်။ ဒီအခြေအနေမှာရေးသူနဲ့ဖတ်သူ အားပြိုင်ပွဲ ဖြစ်သွားပါတယ်။ အားစမ်းပွဲပါ။ ဒီအားပြိုင်ပွဲဟာ မျှတမှုမရှိပါဘူး။ ရေးသူ (writer) က အသာစီးရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရေးတာကို ဖတ်သူ (reader) က ဖတ်ရတာကိုး။ သူက အပေါ်စီးကပါ။ ဒီအတိုင်းလွှတ်ထားလို့ကတော့ ရေးသူဟာ ဖတ်သူကို သူပြောချင်တာတွေနဲ့ မျှားပြီးသူလိုရာဆီ ခေါ်သွားပါတယ်။ စာရေးသူဟာ ဖတ်သူကို အမျိုးအစား (Genre) တို့၊ ဇတ်လမ်း (Plot) တို့ စတာတွေနဲ့ ကျုံးသွင်းပါတယ်။
ဖတ်သူဟာ ရေးသူကို မဟာအခွင့်အရေး ပေးထားသလိုဖြစ်နေတယ်။ ဒီတော့ အားပြိုင်ပွဲဟာ မမျှတပါဘူး။ ဖတ်နေရင်းနဲ့ စာရေးသူဟာ သူပြောချင်တာတွေကိုတတွတ်တွတ်ပြောနေမယ်။ နားငြီးရပါတယ်။ ဒီတော့ နားအေးသွားအောင် သူ့ကို သတ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါမှသူ့ရဲ့ လွှမ်းမိုးမှု ကင်းသွားမှာဖြစ်တယ်။ စာရေးသူရဲ့ ခံစားချက်တွေကို မကြားရတော့ဘူး။ အဖြစ်အပျက်ဟာ “emotion” (ခံစားမှု) ကင်းသွားပြီလေ။ ဒီအတိုင်း “facts” (အချက်အလက်) ချည်းသက်သက်ကျန်ခဲ့မယ်။ ဒီတစ်ခါ ဖတ်သူအလှည့်ရောက်ပါပြီ။ ရေးသူသေသွားတဲ့အခါ ဖတ်သူဟာ အခွင့်အာဏာအကုန်ကိုအနှောင့်အယှက်ကင်းကင်း ရသွားပါတယ်။ ဖတ်သူရဲ့ ကဏ္ဍ (ဝါ) နေရာဟာ ပိုကျယ်လာတယ်။ သူတွေးချင်သလိုတွေးလို့ရသွားပါပြီ။ ဒါပါပဲ။ ဖေ့ဘွတ်လို သတင်းပေါင်းစုံ ပွနေတဲ့နေရာမှာ ကျွန်တော်တို့ဟာရေးသူကို အရင်သတ်ပြီးမှ သတင်းကို ဖတ်သင့်ပါတယ်။ မဟုတ်ရင် တစ်စုံတစ်ယောက်ရဲ့ ရည်ရွယ်ချက်ရှိရှိဝါဒဖြန့်တာကို ခံသွားရနိုင်ပါတယ်။ ဒါကြောင့် ရေးသူကို ပြောခွင့်မပေးခြင်းဟာ စာဖတ်နေစဉ်အတွင်းစာရေးသူရဲ့ အခန်းကဏ္ဍကို လျှော့ပစ်လိုက်တာပါပဲ။
ဒီအတွေးအခေါ်ဟာ အယ်(လ်)ကဗျာနဲ့ ပို့စ်မော်ဒန်ရဲ့အဓိကဝင်ရိုး ဖြစ်သွားခဲ့ရတယ်။ ကောင်းပြီ။ သူတို့ စာရေးဆရာကို ဘယ်လိုသတ်သလဲ။ ကျွန်တော်စာအုပ်လေးတစ်အုပ်ကို ကိုးကားချင်ပါတယ်။ တွေ့ဖူးသမျှ ပို့စ်မော်ဒန်ကျမ်းတွေထဲမှာ အရိုးရှင်းဆုံးနဲ့ကျွန်တော်အကြိုက်ဆုံးစာအုပ်ပါပဲ။ (စာဖတ်ပျင်းတဲ့၊ သိပ်ခက်ခက်ခဲခဲကို ရှောင်လေ့ရှိတဲ့၊ မကြာခဏ သတိမေ့လေ့ရှိတဲ့ ကျွန်တော့်အတွက်တော့ အကောင်းဆုံးစာအုပ်လေးပါ။) ရေးသူကတော့“ခရစ်စ္စတိုဖာဘတ်တလာ” ဖြစ်ပြီး ပို့စ်မော်ဒန်အတိုဆုံးမိတ်ဆက် “A Very ShortIntroduction-Post Modern” ဖြစ်ပါတယ်။ အခန်း (၂) ကမ္ဘာကြီးကို နည်းလမ်းသစ်များဖြင့်ရှုမြင်ခြင်း (New Ways of Seeing the World) ကပါ။ စာမျက်နှာ (၂၃) မှာ “The Deathof Author” ဆိုတဲ့ ခေါင်းစဉ်ခွဲပါ။
- ဇော်ဇော်ထွန်း