ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ထပ်တွန့် လေးချိုးရှည်ကြီးများ

အချို့ စာဆိုပညာရှိတွေက လေးချိုးကို မိမိတို့ ဥာဏ်ရှိသလို ကွန့် ပြီး ရှည်ရှည်လျားလျားရေးလေ့ရှိကြပါတယ်။
အဲဒီ အချိုးကို ထပ်တွန့် လေးချိုးရှည်ကြီး (သို့ ) မဟာကဗျာလေးချိုးရှည်ကြီး (သို့ )လေးချိုးကြီးလို့ ခေါ်ကြပါ
တယ်။ လေးချိုးရှည်ရဲ့ ကာရန်ယူပုံဟာ ပါဒ အသီးသီးမှာ တစ်လုံးချိတ် ၊ နှစ်လုံးချိတ်လောက်နဲ့ ကာရန်မိရုံ
ယူခြင်းမျိုးမဟုတ်ပဲ တစ်ပါဒလုံးလောက် ကာရန်ယူထားတာကိုတွေ့ ရပါမယ်။ ဒီလို ကာရန်ယူနည်းကို
" မန်ကျည်းရွက်သတ် ""ကာရန်ယူနည်းလို့ ခေါ်ကြပါတယ်။
နမူနာ(၁)

အသက်ကြီးကာမှ ဇနီးငယ်လေး ယူမိတဲ့အဖိုးအိုရဲ့ ငိုချင်း လေးချိုးရှည်ကြီး

တစ်မျိုးကို ပနာမရ ချင်တော့
အဖိုးအို ဇရာကျ တယ်လို့
နှစ်ဖြာမမျှ ချင်သမို့  မှုပွေအင်
(အမယ်မင်း)ယတြာအရ ငယ်တဲ့ သူ့ ဗေဒင် ။

(သြော်) နဂိုမိုက် ကလေးရယ်မို့ 
အလိုလိုက်ပြီးတော့
အကြိုက်ကို သင့်အောင်ပြောသော်လည်း
သဘောမှာ သူမဝင်၍
လူမထင် စိတ်မာန် ထွက်သူရဲ့
တူနှစ်ပြင် မိတ်နှံ ဆက်မယ်လို့ 
မယ်အုံ ငယ်ဂုဏ်နဲ့  မက်ရပေမယ့်
ကာမဂုဏ် အာရုံ ဘက်တွင်ဖြင့်
စွဲစွဲမက်မက် ငါ့လို မခင်တယ်ဟယ်
လွဲတက်တက်စင် ။

ငါကဟယ် ချစ်ပါလျှက်ကယ်နှင့်
မာနသယ် သစ္စာ ပျက်ပါလို့ 
မေတ္တာ မတက်လေတော့ တစ်ဥာဏ်ထွင်
(အို)မခံချင်အောင်လို့ လုပ်သလား
(လားလားဟဲ့နော်)အကြံယဉ်ပါပေရဲ့ ကျုပ်မယား ။

မူလို့ ရယ်စို
သူတို့ မှာ အရွယ်ပျိုသမို့ 
ငယ် နဂိုဟန်ပုံ မပျောက်တယ်လို့ 
အထည်ကိုယ်မာန် ဂုဏ်ရောက်ပေမပေါ့
မချိုသာ ဆိုကာ ငေါက်တယ်ကွယ်
(အမယ်မင်း)ဟိုနောက်က နှစ်လတာ ရှည်ညားခဲ့ရပေမယ့်
မလိုသလောက် အပြစ်ချမှာတွေ အများပါကလားလို့ 
(ခင်အုံရယ်) အပျိုကြောက်ရတာနှင့်
ဗြဟ္မစိုရ် အလျောက် ခေတ္တ ခေတ္တ တစ်ခါတ
လေမှလည်း မမှားခဲ့ပါဘု
(နင့်ကိုဟယ်) မြိုမလောက် ချစ်ရတာတွေ အလကား ။     ။


နမူနာ(၂)

သခင်ကိုယ်တော်မှိုင်း ရေး အညာမင်္ဂလာဆောင်လေးချိုးကြီး

ကျုပ်တို့ အညာမှာ မင်္ဂလာ တစ်မျိုးသာပ
အဟုတ်ဗျို့ ဓမ္မတာ အစဉ်အလာ မညှိုးခဲ့ပေဘု
အရိုးသမာကျ ရှေးလိုပါ့ အဘွားကလည်း ကျီတစ်ဆောင်
(ကိုမင်းရာရယ်)အမျိုးကလည်းမသေးပေဘု
အဖိုးအဖနှင့်တကွ မေးကြပါတော့
တစ်မျိုး ငါ့မြေးဖို့ ရယ်လို့ 
(အိုကွယ်) အဘိုးက ပေးလိုက်ပါတဲ့ နွားညီနောင် ။

သြော် အမိအဖ တို့ ကလည်း
ပြည့်ပြည့်ဝဝ တွေမို့ 
ရှိသမျှ ကုန်ချင်ကုန်ရော့လို့ 
မယုံရင် ကြုံလျှင် မေးပါတော့
အလုံတစ်ခွင်မှာ ဂုဏ်အင်ကလည်း မသေးပါဘူး
မုံရွေး ကြေးမုံ ချောင်းဦးနယ် တစ်လွှားဆီက
အလုံကျေးအကုန်မှာ ပြောင်းဖူးသည်တွေကများလိုက်ပါဘိသနှင့်
ဆွေသားရင်းချာ ဥာတကာ မိတ်တို့ ကိုလ
အဖေသွားရင်သာ လာစရာ ဖိတ်ခဲ့တာနှင့်
ညအိပ်ညနေ အစုံလာကြတော့
ခြုံစရာ အကွက်ဖျင်စောင် နှစ်ခုငဲ့ပြင်
ဂုံပဝါပါ တဘက်နှင့် ခြင်ထောင်ကလည်းတစ်ခုစီပေါ့
လုပ်မှုကိုင်ဖွယ် တောလယ်ယာတစ်ခင်းငဲ့ပြင်
ပြောင်းခင်းတစ်စလယ်ဝင်နှင့်
လယ်တစ်ရှင် စပါးနှစ်ဆယ်ထွက်ကိုလ
(ကိုမင်းရာရယ်) ရှေးအဆက်ဆက်
အကြွေးတက်တက်ပြီး
အဝေးမထွက်ရအောင်လို့ တဲ့ကွယ်
ပေးလက်ဖွဲ့ နှောင် ။

လမ်းချိုးအရှေ့ က
စမ်းရိုးအကွေ့  ခယောင်းယာမှာ
(ဟောသည်က) အထုပ်တွေ ဖြေဖြေပြီး
အကုန်သာ ကြဲလေရော့ဟဲ့လိုပ
ခရမ်းမျိုးစေ့ကောင်းစွာ
ငရုပ် ဂျုံ ကုလားပဲသာပ
နှမ်းမျိုးသွေ့ သွေ့  ပြောင်းဝါ ငပြုပ် ဖရုံပါ ဖရဲငဲ့ပြင်
ထမ်းပိုး၍မရောင်းစရာ အထုပ် မုံလာ ခဝဲတွေနှင့်
အလုပ်စုံစရာ ကပဲရယ်လို့  များလက်ဆောင်
(အိုကိုမင်းရာရဲ့ )သားအတွက်ဆိုတော့
တစ်အားတက်အောင်ရယ်လို့
(ကျုပ်တို့ ) အမေအိုကလည်း
ဓားမရှည် ဓားမတိုတွေနှင့် အခြေကိုနှင်း
(ကိုမင်းရာရယ်) မယားဘက်ကမောင်တွေကလည်း ပလွေတိုနှစ်စင်း ။

မျိုးဆက်ကာခြုံ
အိုးခွက်ပန်းကန် အစုံနှင့်
ပြည်တစ်ခွင် သထုံ ရောက်ရာကပဲ လွမ်းမိပါရဲ့
မြေအင်တုံ သောက်စရာ ဇွန်းငဲ့ပြင်
ကွမ်းအစ်ပါ လွယ်အိတ် တစ်လုံးငယ်နှင့်
ပဲခူးဘူတာမှာလေ
ငနဲ သူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့
ပျောက်သဟာ ထန်းခေါက်ဖာကလည်း တစ်လုံးပါပဲ
စုရုံးလိုက်လျှင် တစ်အိမ်ထောင်ပ
လူ့ ထုံးစရိုက်တွင် တသိန်ပြောင်လောက်တဲ့
မင်္ဂလာဆောင်မှာ ခန်းဝင်ကလည်း မနည်းပါဘူး
မွဲဖို့ ရာ ကံကြမ္မာနှင့်
ဖန်လာပုံ ကုသိုလ်ကလည်း မကောင်းချင်တော့
အထက် ဟို အညာမှာလေ
ကြက်ဆိုတာတောင် မလောင်းခဲ့ပါဘူး
အညာမြေ ဌာနေဟောင်းဆီက
အကြွေးတစ်ရာကို ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့
(အမယ်မင်း) မောင်းစရာရယ်လို့ များ တပ်လိုက်မှဖြင့်
ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့ စွေ့ ရယ်နှင့် ဝဝပြည့်ပြည့် နွားပြာတစ်ရှဉ်းကိုလ
ကျောင်းတကာကိုသာ အပ်လိုက်ပေရော့
ရသရွေ့ ဘာဘာညာညာရယ်လို့မငြင်းလေနှင့်
(မလေးရယ်) ရောင်းကာသာ ဆပ်လိုက်ပေတော့
ရွာ့ရှေ့ ယာတစ်ခင်း ။      ။

- နေဘုန်းမိုရ်