ရတုချီနည်းတွေက သိပ်မများလှပါဘူး။ နာမည်သီးသန့်လည်း ပေးထားတာ မတွေ့ဖူးပါဘူး။ စာလုံးရေအ
လိုက် ကြည့်မယ် ဆိုရင် ၄-မျိုးပဲ ရှိပါတယ်။ ဒီချီနည်းတွေက ...
၃-လုံးချီ
ဒီချီနည်းက တွေ့ရခဲပါတယ်။ “မှားခဲ့ပြီ - သွားတဲ့ဆီ - အားနွဲ့မှီ” ဆိုပြီး အပိုဒ် သုံးပိုဒ်ရဲ့ အစမှာ ချီထားပုံမျိုး
ပါ။ အဖျားကောက်ရတုတွေမှာ လောက်ပဲ တွေ့နိုင်ပါတယ်။ စာဆိုတော် အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတု
ပိုဒ်စုံမှာ “ကျွမ်းငယ်ဖော် - မှတ်သက်ပေး - သက်မှတ်ပေး” ဆိုပြီး အစပိုဒ်တွေကို ၃-လုံးချီထားတာ တွေ့နိုင်
ပါတယ်။
၎-လုံးချီ
အသုံးအများဆုံး ချီနည်းဖြစ်ပါတယ်။ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” ဆိုပြီး
မဲဇာတောင်ခြေရတုမှာ ချီထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
၅-လုံးချီ
တွေ့ရခဲပါတယ်။ “အချာပဝရ - နရာပဋ္ဌမ - အခါသမယ” ဆိုပြီး သျှင်မဟာသီလဝံသ-ဆို ရတုမှာ
ချီထားပါတယ်။
၇-လုံးချီ
ဒါလည်း တွေ့ရခဲပါတယ်။ နဝဒေးကြီးရတုတွေထဲက ...သက်တော်ရနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ...
“သက်တော်ရ နှင့် ရှင်လှမွေ - လက်ဝဲဂူ နှင့် ရှင်ဖြူမွေ - ပုညရှင် နှင့် မြင်ထင်မွေ”
ရွှေယင်မြောနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ရွှေယင်မြော နှင့် မော်ဓောမွေ - သီဟတောနှင့် ကျိုက်ပေါမွေ
- မဟာနော နှင့် သက္ကောမွေ”
ကျိုက်ပတံနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ကျိုက်ပတံ နှင့် ဇနံလေ - ဇွဲးကပင်နှင့် မောကြင်လေ -
ကျိုက်မောင်းမ နှင့် ကာသလေ” ...
ဝန်တောင်လယ် ဆို- ရတုမှာ ... “ရွှမ်းဘိသည်လည်း ရွှမ်းဘိသည် - လွမ်းဘိသည်လည်း လွမ်းဘိသည်
- တမ်းဘိသည်လည်း တမ်းဘိသည်” ...
ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။ အချပိုဒ်တွေဟာလည်း အချီပိုဒ်အတိုင်း ၇-လုံးပဲ ချထားပါတယ်။
မြင်းဝန်နေမျိုးသီဟသူ ရေးတဲ့ စကြာရတုပိုဒ်စုံမှာလည်း ... “ထူပါရုံနှင့် စည်းခုံမွေ - မြတ်မုနိနှင့် မြင်မိမွေ
- ဆင်ကြိုးဂူနှင့် ဆင်ဖြူမွေ” ... ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။
ဒီ ချီနည်း ၄-မျိုးကလွဲပြီး ကျန်တဲ့ ချီပုံတွေ မတွေ့ရပါဘူး။
ရတုချနည်းများ
ရတုကို ချတဲ့နည်းတွေကို မပြောခင် ချရမယ့် ကြိယာ(စကားလုံး)ခြောက်ဆယ် ရှိပါတယ်။ ‘ရတုချဖွယ်၊
အသွယ်သွယ်၊ ခြောက်ဆယ် ကိရိယာ’ ဆိုတဲ့ ကဝိလက္ခဏာ သတ်ပုံသံပေါက်က စကားအတိုင်း ရတု
အချ စကားလုံးပေါင်း ခြောက်ဆယ် ကိုလည်း ကဝိကဏ္ဌပါသ ကျမ်းမှာ ကြိယာခြောက်ဆယ် လင်္ကာ နဲ့
ဖော်ပြပါရှိပါတယ်။ ရှင်မဟာ သီလဝံသ ရေးသားစီရင်တဲ့ ကဝိပါသဏ္ဌကျမ်း အလိုအရတော့ ၆၄-ပါး ရှိ
ပါတယ်။ အသေးစိတ်ကို မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၅) ရဲ့ ကြိယာ ခေါင်းစဉ်အောက်မှာ ကြည့်နိုင်
ပါတယ်။ အခု ရတု ချနည်းတွေကို စပြီး လေ့လာကြည့်ပါမယ်။
လုံးရေအလိုက် ချနည်းများ
ရတုချနည်း အမျိုးမျိုးရှိတဲ့ အနက် အက္ခရာလုံးရေအလိုက် ချတဲ့ နည်းတွေကို အရင်ဖော်ပြပါမယ်။
၃-လုံးချ
ဒီနည်းမှာ အမည်မရှိသလို ဘယ်ရှေးကျမ်းမှာမှလည်း မပါပါဘူး။ အလွန်တွေ့ရခဲပါတယ်။
နဝဒေးကြီးရဲ့ လူမစိုက်တည့် - ချီ မယ်ဘွဲ့ရတုမှာ “ရေကြည်မြ။ နွေလည်မှ။ ဆွေရည်စွ။”
ဆိုပြီး သုံးလုံးချထားတာကို တွေ့ရပါတယ်။
၅-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း
မဖော်ပြထားပါဘူး။ စွယ်စုံကျော်ထင်ကျမ်းမှာတော့ ကက္ကူဆူးချ ကို ဖြေတဲ့အခါ “နေလျှင် - ဆွေးရ၏။
ဆွေလျှင် - ဝေးလှ၏။” ဆိုပြီး ၅-လုံး ချနိုင်ကြောင်း ညွှန်ပြထားပါတယ်။
၇-လုံးချ
ခိုင်ညွတ်ခက်ဖြာ ချနည်းလို့ခေါ်ပါတယ် (ခိုင်ညွန့်ခက်ဖြာ လို့လည်း ရေးကြပါတယ်)။ အသုံးအများဆုံး
ချနည်းဖြစ်ပါတယ်။ “ခုနစ်လုံးမှတ်၊ ချတုံလတ်၊ ခိုင်ညွတ်ခက်ဖြာခေါ်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
ပြထားပါတယ်။
၈-လုံးချ
ဒီနည်းကို ဇမ္ဗူ့တန်ဆောင် လို့ ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာဖော်ပြထားပါတယ်။ ရှေး
ကျမ်းတွေမှာတော့ မပါပါဘူး။ တွေ့လည်း တွေ့ရခဲပါတယ်။ “စာတော်ရှုတပါး တင်ပေါလား” ဆိုပြီး ချ
တယ်လို့ ဥပမာ ပြထားပါတယ်။
၉-လုံးချ
၉-လုံးချတာကိုတော့ မဏိဆံကျင် ချနည်းလို့ခေါ်ပါတယ်။ “ကိုးလုံးတိတိ၊ ချတုံဘိ၊ မဏိဆံကျင်သော်။”
လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ကဝိကဏ္ဌပါသကျမ်းမှာလည်း ဖော်ပြထားပါတယ်။
“ပူဆာလွန်ကဲ၊ တရဲးရဲးသည်။ ။ လောင်စွဲတချေချေနှင့်သာတမုံ့။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၂၂
မှာ မန်လည်ဆရာတော်ကြီး ချထားတာ တွေ့နိုင်ပါတယ်။
၁၀-လုံးချ
စာလုံး ၁၀-လုံးနဲ့ အဆုံးသတ်တာကိုတော့ စာမရီသားလိုက် ချနည်းလို့ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာ ဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ “သေချာတည့်မှတ်သား - နာတော်မူဘုရား။ တွေးမြှော်ရှုစား-ပူတော်မူနှင့် ဘုရား။” အစရှိသဖြင့် ချတာမျိုးဖြစ်ပါတယ်။
၁၁-လုံးချ
အာသာဝတီဝတ်ဆံ ချနည်းလို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ
ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ “ဗုဒ္ဓပညာ နှစ်သက်ရှာကြ သွင်ပြင်သောဝ်။” ဆိုတာမျိုးဖြစ်ပါတယ်။ မဃ
ဒေဝလင်္ကာသစ်မှာ “နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ်အကျဉ်းတည်း။” လို့ မန်လည်ဆရာတော်ကြီး ချထားပါတယ်။ နဝဒေးကြီးရဲ့ “ဘားပြမွေတော်-ချီ” မုတ္တမ-ဘားပြ
ဘုရားတိုင် ရတုမှာလည်း “နွေရောက်သဘင် မင်းလွင်ထမ ဝန်းစေသောဝ်။ ထက်ခွင်ဝန်းလည် လေပြည်
စမ ယွန်းစေသောဝ်။ ကောင်းကင်ထွေလည် မြရည်ချမ ဖြန်းစေသောဝ်။” ရယ်လို့ ၁၁-လုံးနဲ့ ချ ထားတာ
တွေ့ရပါတယ်။ ဒီ ချနည်းကို နဝဒေးကြီး ရဲ့ တခြားရတုတွေမှာလည်း တွေ့နိုင်ပါတယ်။ ၁၁-လုံးချတယ်လို့
ဆိုပေမဲ့ ၄-လုံးတပါဒ အပိုဒ်ငယ်လေးကို နောက်ဆုံး ၇-လုံးတပါဒ အပိုဒ်ငယ်လေးနဲ့ ၄-၂ ကာရန်ပြန်ချိတ်
ပြီး ချထားတဲ့သဘောလည်း ရှိပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက် အလွတ်ချထားတာမျိုး မတွေ့မိ
သေးပါဘူး။ ၁၁-လုံးနဲ့ အထက် ချတဲ့ နည်းတွေ အားလုံး ဒီလိုပဲ ၄-လုံးတပိုဒ် အပိုဒ်ငယ်လေးတွေကို
ကာရန်ချိတ်သွားပြီး ချကြပါတယ်။
၁၂-လုံးချ
ဒီချနည်းက သီးခြားအမည် မရှိပါဘူး။ မဃဒေဝလင်္ကာသစ်မှာပဲ “ပြဋ္ဌာန်းနာမ ဒုတိယအုပ် အပြီးချုပ်တည်း။”
လို့ ၁၂-လုံးနဲ့ ချထားတာ တွေ့နိုင်ပါတယ်။
၁၅-လုံးချ
၁၅-လုံးချရင်တော့ မဏိဥပည်း (သို့) မဏိဦးပြည်း လို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊
ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားပါတယ်။ “ကမ္ဘာပေါ်ထွန်း-ယုဂန်စွန်းဝယ်-နေဝန်းလနှယ် ထွန်းတော့
သည်။” လို့ တောင်ဘီလာဆရာတော် ရေးစပ်တဲ့ ရတုတပုဒ်မှာ တွေ့နိုင်ပါတယ်။ မဃဒေဝလင်္ကာသစ်၊
ပိုဒ်ရေ-၁၁ မှာလည်း မန်လည်ဆရာတော်က “ နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာမဝ၊ သုတ
ပွားရန်၊ ဧကန်ဖြစ်လိမ့်အကျိုးတည်း။” လို့ ၁၅-လုံးချပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီမှာလည်း
အာသာဝတီဝတ်ဆံချနည်းလိုပဲ ၄-လုံးတပါဒ တပိုဒ်ပိုလာပြီး အပိုဒ်ငယ် ၂-ပိုဒ်နဲ့ နောက်ဆုံး ၇-လုံး တပါဒ
အပိုဒ်ငယ်တပိုဒ်ကို ၄-၂ ကာရန်ချိတ်ပြီး ချသွားတာကို တွေ့နိုင်ပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက်
အလွတ်ချထားတာမျိုး မတွေ့မိသေးပါဘူး။
၁၆-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်းမဖော်ပြ
ထားပါဘူး။ စွယ်တော်သျှောင်ရတု၊ ပိုဒ်ရေ-၅ မှာ ..“စုရုံးဖွဲ့နှောင်၊ များဗိုလ်ဘောင်မှာ၊ မင်းညီနောင်၊ မာန်
စောင်ကြုံးမို့ကို။” ရယ်လို့ အုတ်ဘိုဆရာတော် ရေးဖွဲ့သွားတာ တွေ့ရပါတယ်။
၁၉-လုံးချ
အက္ခရာ ၁၉-လုံး နဲ့ အဆုံးသတ်ချထားတဲ့နည်းကိုတော့ ဇော်တခိုင်လုံး လို့ ခေါ်ကြောင်း ကဗျာသာရတ္ထ
သင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ပြထားပါတယ်။ “အသွင်ပဝင်း-မျိုးရင်းသက်လှယ်-နုနယ်
ဖြူစင်- အိမ့်ရှင်လွမ်းနှင့်လေတော့မည်။” လို့ နဝဒေးကြီး ရဲ့ လွမ်းချက်ပွေ၍့ - ချီ စစ်-ရတုမှာ တွေ့နိုင်ပါ
တယ်။
၂၃-လုံးချ
ဒီနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ ဥတေန ရတု၊ ပိုဒ်ရေ-၁ မှာ “အလှတဆူ၊ မြနန်းသူကို၊ အတူ
တိမ်ဖျား၊ ငှက်ခြေကြား၌၊ လိုက်သွားပါရှာရ၏လေး။” လို့ မန်လည်ဆရာတော်ကြီး ရေးဖွဲ့ခဲ့တာ တွေ့ရ
ပါတယ်။
၂၅-လုံးချ
အက္ခရာ လုံးရေ ၂၅-လုံးနဲ့ ချ တာကိုတော့ မပြတ်ကေသာ ချနည်းလို့ ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်း
မှာ ဆိုထားပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာတော့ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်းခေါ်တယ်
လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ချထားတဲ့ ရတုတော့ ရှာလို့မတွေ့သေးပါဘူး။
၂၇-လုံးချ
ဒီချနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ “ဆင်နှာမောင်းသို့၊ အကောင်းရှာရမ်း၊ တလှမ်းလှမ်းနှင့်၊ အဖမ်း
မတော်၊ ပွဲဦးချော်သည်၊ မင်းကျော်သရေပွဲတည့်လေး။” လို့ ဝိဓူရ ရတု၊ ပိုဒ်ရေ-၁၇ မှာ မန်လည်ဆရာတော်
ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
၃၅-လုံးချ
အရှည်ဆုံးချနည်း ဖြစ်ပါတယ်။ ဒီလို အက္ခရာ ၃၅-လုံးနဲ့ ချထားရင် ဇမ္ဗူ့သပြေသီးမှည့် ချနည်း လို့ ခေါ်ပါ
တယ်။ သည့်ထက် ပိုပြီး ချလို့မရတော့ပါ။ ပိုရင် “ခေါင်းမရှိသောပုဇွန်နှင့်တူ၏” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်
ကျမ်းမှာ ပြထားပါတယ်။ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်း ခေါ်သေးတယ်ဆိုပြီး “အက္ခရာတွက်ကျုံး၊
သုံးဆယ့်ငါးမျှ၊ အဆုံးချ၊ မြဝတ်ကေသာခေါ်” ရယ်လို့ စွယ်စုံကျော်ထင်ကျမ်းမှာ ကျေးဇူးရှင် အသျှင်ကျီးသဲ
လေးထပ်ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူထားတာကို ကိုးကားပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက
ရေးထားပါတယ်။ ဒီတော့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းအရ ဆိုရင် မြဝတ်ကေသာချနည်းဟာ ၂၅-လုံးချတာ
ကိုရော၊ ၃၅-လုံးချတာ ကိုရော နှစ်မျိုးလုံးကို ခေါ်ထားတာ တွေ့ရပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းအရတော့
ဇမ္ဗူ့သပြေသီးမှည့် လို့ပဲ ခေါ်ထားတာ တွေ့ရပါတယ်။ “မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေ
ကျမ်းလာ၊ လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။” လို့ မဃဒေဝ
လင်္ကာသစ်၊ ပိုဒ်ရေ-၄၆၇ မှာ မန်လည်ဆရာတော်ကြီး ဖွဲ့ဆိုထားတာ တွေ့နိုင်ပါတယ်။ အလွန်တွေ့ရခဲတဲ့၊
အသုံးနည်းတဲ့ ချနည်းဖြစ်ပါတယ်။
၁၁-လုံးကနေ ၃၅-လုံးအထိ အက္ခရာများတဲ့ ချနည်းတွေဟာ ရတုမှာ အသုံးများတဲ့ သုံးလုံးတွဲကာရန်
(၄-၃-၂ နဲ့ ၄-၃-၁) တွေ ယူလာပြီး ပုံမှန် ၇-လုံးမချသေးဘဲ ၄-၂ ကာရန်နဲ့ ပဒငယ်လေးတွေ ဆင့်ပြီးမှ
နောက်ဆုံး ၇-လုံးပြန်ချထားတဲ့ သဘောမျိုးပဲလို့ယူဆပါတယ်။ ကာရန်လုံးဝ မချိတ်ဘဲ စာလုံးရေအများကြီ
ကို ဒီအတိုင်း အလွတ်ချထားတာမျိုး တခုမှ မတွေ့ဖူးသေးပါဘူး။ စာလုံးရေနဲ့ ချီနည်း ချနည်း တွေ ပြီးတော့
အက္ခရာ၊ အသတ်၊ စတာတွေကိုလိုက်ပြီး ခေါ်ဝေါ်သတ်မှတ်ထားတဲ့ ချီနည်း၊ ချနည်းတွေကို ဆက်လက်
ဖော်ပြပါမယ် ...
- ဟယ်ရီလွင်