ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

တျာချင်းကဗျာရေးဖွဲ့နည်း

သူငယ်ချင်းတို့ရေ . . . တျာချင်းကဗျာရေးဖွဲ့နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။ ကဗျာဆိုတာထက်
သီချင်းဖြစ်ပါတယ်။ အဆိုတော် ကိုမင်းနောင် တို့ ခင်ညွန်ရည်တို့က ဝန်ကြီး ပဒေသရာဇာရဲ့ "နွေဦးကာလ
မြူထသောအခါ" တျာချင်း ကို "ပရိယျေသန"ဆိုတဲ့ အမည်နဲ့ သီဆိုဘူး ပါ တယ် ။ ငယ်ငယ်ကကျောင်းမှာ
သင်ဖူးကြမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က ညောင်ရမ်းခေတ်မှာ ဝန်ကြီးပဒေသရာဇာက စတင်ရေး
ဖွဲ့ပြီး စနစ်တကျ မှန်ကန်အောင် တီထွင်ခဲ့တဲ့ ကဗျာအဖွဲ့ပဲ ဖြစ်ပါတယ်။ မြန်မာကဗျာ အဖွဲ့များအတွင်း ကခွဲ
ထွက် ပြီး တီတွင် စပ်ဆိုခဲ့တဲ့ ပုံစံပါ။ ဖွဲ့ဆိုခဲ့တဲ့ အကြောင်းအရာတွေကလည်းရွှေနန်းတော် ပရဝုဏ်မှာ အ
မှုတော်ထမ်းရပေမင့် ထီးဘွဲ့နန်းဘွဲ့တွေအစား ကျေးလက်ရနံ့က တောင်သူလယ်သမား ၊ အလုပ်သမား ၊
အောက်တန်းလွှာရဲ့ ဘဝသရုပ်ဖော် ၊ အလှသရုပ်ဖော်တို့ကိုသာ ကွက်ကွက်ကွင်းကွင်းမြင်လာစေ အောင်
သီကုံးဖွဲ့ဆိုခဲ့ပါတယ်။ ကုန်းဘောင်ခေတ်မှာလည်း မြဝတီမင်းကြီးဦးစ၊ စာဆိုတော် မောင်မင်းအောင်၊
မယ်လုပ် တို့က ဆက်လက် ထိန်းသိမ်း ရေးဖွဲ့ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ခေတ် မြန်မာကာရန် ကဗျာကို
နှစ်သက်မြတ်နိုးသူတိုင်းအတွက် ဝန်ကြီးပဒေသရာဇာရဲ့ တျာချင်းကဗျာရေးဖွဲ့ နည်းကို မတိမ်ကော မပျောက်
ပျက်အောင် ယဉ်ကျေးမှု အမွေတစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။

တျာချင်းကဗျာစပ်နည်း

တျာချင်းကဗျာကို လေးလုံးစပ်(လင်္ကာ)ဖွဲ့ဆိုနည်းနဲ့ လေးချိုး(လေးဆစ်)ဖွဲ့ဆိုနည်းတို့ကို အဓိက ပေါင်းစပ်ဖွဲ့ဆို
ထားပါတယ်။ သံပေါက်ဖွဲ့ဆိုနည်းအပြင် အဲချင်းကပြန်ဂဟပ်ကာရန်ယူနည်းလေးလည်းပါပါသေးတယ်။
လေးလုံးစပ်လင်္ကာမှ (၄ ၂) ကာရန်တွဲကို လှပအောင်ထည့် သွင်းထားပါတယ်။ လေးချိုးကဗျာမှ လေးချိုး
ကဗျာလေးတွေရဲ့ အဆုံးသတ်မှာ စာ ၄ လုံးနဲ့ မျှော်ရတယ်လေး၊ ချစ်ရတယ်လေး ချသံနဲ့ အဆုံးသတ်သလို
တျာချင်း အဆုံးသတ် အချကိုလည်း "လေး" နဲ့ စာ ၈ လုံးချရပါမယ်။ ဒါ့အပြင် -

-------သည်နှင့်လေး ။
-------ငယ်နှင့်လေး ။
-------ကယ်နှင့်လေး ။
-------တယ်နှင့်လေး ။
-------သည်တည့်လေး ။
-------ပါလို့လေး ။ စသဖြင့် "လေး" ကို အဆုံးသတ်ပေးရမယ်။

သံပေါက်က ၄ ၃ ၂ ကာရန်အတွဲလို ၄ ပါဒမြောက်မှာ ထည့်ရပြန်တယ်။ အဲချင်းကဗျာရေးဟန်လို အချပိုဒ်
မရောက်မီ တစ်ပိုဒ်ကျော်မှာ ချသံ ကာရန်တစ်ခုလွှတ်ထားခဲ့ပြီး အချပါဒက ဒုပါဒဝက်မှာ ပြန်ချိတ်သလို
နောက်အပုဒ်အကူး အစပါဒ မှာပါ ပိုဒ်ဆက်ကာရန် အဖြစ် ပဓာနကာရန် ပြန်ချိတ်ရပါတယ်။  တျာချင်းကို
အဆုံးသတ်တဲ့အခါ ထူးထူးခြားခြား ကာရန်နဘေကွက်ပြည့်တူအောင် အချစာ ကြောင်းနှစ်ကြောင်းကို
စာ ၅လုံးစီ ၂ပါဒ ခွဲပြီး ချထားပါတယ်။ အဆုံးသတ်ကို "တော့သည်" ဆိုတာနဲ့ နိဂုံးချုပ်ရပါမယ်။

အပိုဒ်တစ်ပိုဒ်ကို စာကြောင်း ၅ ကြောင်းစီ ဖွဲ့ပါတယ်။ ဒါမျိုး အပိုဒ် ၅ပိုဒ်မှ ၆ ပိုဒ်အထိ ဖွဲ့ကြပါတယ်။

စကားလုံးထားပုံ
ယေဘုယျအားဖြင့် စကားလုံးထားလျင် အောက်ပါအတိုင်းထားပါတယ်။

၁။ ၁ ၂ ၃ ၄ ၊ ၁ ၂ ၃ ၄ (သို့) ၅ (၄) ၊ (၄/၅)
၂။ ၁ ၂ ၃ ၄ ၊ ၁ ၂ ၃ ၄ (သို့) ၅ (၄) ၊ (၄ / ၅)
၃။ ၁ ၂ ၃ ၄ (သို့) ၅ ၊ ၁ ၂ ၃ ၄ (၄ / ၅) ၊ (၄)
၎။ ၁ ၂ ၃ ၄ ၊ ၁ ၂ ၃ (၄) ၊ (၃)
၅။ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ။ ("လေး"ဆုံး)
(၈)
စာကြောင်း ၁ ၂ ၃ သည် လေးလုံးစပ်ဖြစ်ပြီး စာကြောင်း ၄ ၅ သည် သံပေါက် အချကို လေးနှင့်ဆုံး ။

ကာရန်ယူရေးဖွဲ့ပုံ

စာကြောင်း ၁ နှင့် ၂ (၄ ၂) ကာရန် တစ်တွဲစီဖြင့် "ချသံ" တွေ ယူပါ။ တစ်တွဲနှင့်တစ်တွဲ ကာရန်တူရန် မလို။ အဆုံးသတ်စာလုံးတွေကို တော့ "ချီသံ" ဖြင့် "ကာရန်တူ"ချိတ်ပါ။

၁။ ၁ ၂ ၃ (ချ *) ၊ ၁ (ချ *) ၃ [ ချီ -]

၂။ ၁ ၂ ၃ (ချ) ၊ ၁ (ချ) ၃ [ ချီ -]

စာကြောင်း ၃ (၄ ၂) ကာရန်အတွဲယူပါမယ်။ စာကြောင်း ၁ နှင့် ၂ မှ အဆုံးသတ်စာလုံး "ချီသံ" များနှင့်
ကာရန်တူချီသံများကို (၄ ၂) အတွဲမှာ ချိတ်ပါ။ နောက်ဆုံး အဆုံးသတ်စာလုံးကို "ချသံ"တစ်ခုခုဖြင့် ထား
ပါ။ ( သူ့ကို တစ်ပိုဒ်ကျော် က အဆုံးစာကြောင်း ၅ နဲ့ နောက်အပုဒ် အသစ် ရဲ့ပထမ အစ စာကြောင်း ၁
မှာ" ပြန်ဂဟပ်" ကာရန်တူ ချိတ်ရဖို့ အတွက် မှတ်ထားပါ။ )

၃။ ၁ ၂ ၃ (ချီ-) ၊ ၁ (ချီ-) ၂ { ချ }
စာကြောင်း ၄ -
စာကြောင်း ၄ ကို သံပေါက် အတိုင်း ၄ ၃ အတွဲကို အရင် စယူပါ ။ ကာရန်ကို ချီသံ ဖြင့် ထားပါ ။

၎။ ၁ ၂ ၃ (ချီ) ၊ ၁ ၂ (ချီ)
စာကြောင်း ၅ -
စာကြောင်း ၄ မှ သံပေါက် အတွဲ ချီသံ ကို စာလုံး၂ နေရာတွင် ပြန်ချိတ်၍ စာလုံး ၈ လုံးခန့် ဖွဲ့ပါမယ်။
အဆုံးတွင် ---နှင့် "လေး" ပါရပြီး ၄င်းရဲ့ရှေ့မှာ စာကြောင်း ၄ အဆုံးသတ်မှာ ထားခဲ့တဲ့ ချသံ ကို
ကာရန်တူ ပြန်ဂဟပ် ချိတ်ပါမယ်။

၅။ ၁ (ချီ) ၃ ၄ { ချ } ---- နှင့် လေး ။
(ဒီလို စာကြောင်း ၅ ကြောင်းပါအပုဒ်များကို ၅ /၆ ပုဒ် (သို့) အကြောင်းအရာမပြည့်မချင်းကြိုက်သ
လောက်ဖွဲ့နိုင်ပါတယ်။)

နောက်အပုဒ်အကူး
ပထမစာကြောင်း ၁ -
အပေါ်အပုဒ်မှ စာကြောင်း ၄ အဆုံးသတ် ချသံ ကိုပင် (၄ ၂) ကာရန်အတွဲ ပြန်ဂဟပ်ချိတ်ပါ ။ ဒီလို
ချိတ်တဲ့အခါ စာလုံး ၃/၄ နေရာမှာ ချိတ်ပါတယ်။ စာလုံး ၃ နေရာမှာချိတ်ရင်တော့ နောက်စာလုံး ၎
လုံးမြောက် ဟာ ပါဒလင်္ကာရ အဆက်တစ်ခုခု ဖြစ်ရပါမယ်။ ကျန်တာက ဖော်ပြပြီး အတိုင်း ဆက်
ဖွဲ့သွားပါ။ ၅ ပိုဒ် ၆ ပိုဒ် မိမိတော်လောက်ပြီ ဆိုရင် အပိတ်စာ၂ ကြောင်း နိဂုံးချုပ်ရပါမယ်။ နိဂုံး စာ
ကြောင်း ၂ ကြောင်း ပထမစာကြောင်း စာလုံး ၅ လုံးစီ ၂ ပါဒ ရှိပါတယ် ။ ရှေ့က စာ ၅ လုံးပါဒကို
စာကြောင်း ၄ မှာ ထားခဲ့တဲ့ ချသံ ကိုပဲ ဒုတိယ စာလုံးနေရာမှာ ပြန်ဂဟပ်ချိတ်ပါ ။ စာလုံး ၅ လုံးမြောက်
အဆုံးသတ်နဲ့ နောက်ပါဒက ဒုတိယ စာလုံးနေရာမှာ ချီသံ ကာရန်တစ်ခုခုယူပါ။ အများအားဖြင့် "အာ"
ကာရန်ယူတာတွေ့ပါတယ်။ ပြီးရင် နောက်က"----တော့သည်" ဖြင့် အဆုံးသတ်ပါ။ (---) ကို ချသံ
ကာရန်ယူပါ။

ဒုတိယစာကြောင်း -
ပထမစာကြောင်းအတိုင်း ကာရန်နဘေ ကို ကွက်ပြည့် ထပ်ပါတယ်။ အချို့ နဘေမထပ်သော်လည်း
"အာ"ကာရန်နဲ့ --- ကို ကာရန်တူ ယူရပါတယ်။

ဒါဆို တျာချင်းရေးဖွဲ့ နည်း ပြီးပြီ။ ရှေးစာဆိုတွေရဲ့ တျာချင်းတွေကို နမူနာလေ့လာကြမယ်။ ကာရန်နည်း
စနစ်ကို ကွင်းတူ အမျိုးမျိုး ပြထားတယ်။စာကြောင်းရေကိုနံပါတ်တပ် ပေး ထားတယ်။ စာလုံးရေကတော့
ရေးဖွဲ့သူရဲ့ ကဗျာဥာဏ်ပေါ်မူတည်ပြီ စာသား အဓိပ္ပာယ် အရရော သီချင်းအလိုက်အရရော ယေဘုယျ
သတ်မှတ်ထားသည်ထက် စာလုံးရေ လို/ပိုရှိနိုင်ပါတယ်။ ဥာဏ်ကိုသာလွှာဖွဲ့ကြပါ။

လယ်သမား

၁။ ဝသန်ကာ(လ) ၊ မိုး(ကျ)တည့်[လျှင်]
၂။ ပျော်ပျော်ပါး(ပါး) ၊ မ(ယား)နှင့်ဆွေငယ် [လင်]
 ၃။ လက်တွဲခြေ[ငင်] ၊ ကိုယ်[တွင်]အ{ ဝတ် }
၎။ ပုဆိုးအ(င်္ကျီ) ၊ ဆုတ်ပြဲ(ပြီ)
၅။ ချည်(နီ)ဘောင်း တွတ်{တွတ်}ကယ်နှင့်"လေး" ။

၁။ မိုးရေ{စွတ်}လို့ ၊ အ{ဝတ်}ကယ်မ[ပါ]
၂။ သား(သမီး)ကို ၊ ကိုယ်(ထီး)ပွေ့လို့[သာ]
၃။ ဆေးတံတစ်[ထွာ] ၊ ကိုက်[ကာ]ထွန်{ရင်း}
၎။ လယ်ကွက်တစ်(ခွင်) ၊ ထွန်ရေး(ငင်)
၅။ ရေ(ဝင်)ပုစွန် {တွင်း}ငယ်နှင့်"လေး" ။


၁။ ဖားပေါင်{စင်း}ငယ် ၊ {ခြင်း}ပလိုင်း[ဝယ်]
၂။ ခရုပီ(လော) ၊ ရော(နှော)သာ[လွယ်]
၃။ ဟင်းရွက်ကယ်နု[နယ်] ၊ တစ်သွယ်ကန်{စွန်}
၎။ ဆူးပုတ်ကယ်ကင်း(ပုံ) ၊ အလုံး(စုံ)
၅။ ဖူး(ငုံ)သာရော၍ {ပြွမ်း}သည်နှင့်"လေး"။

၁။ ချိုလည်ချို{လွန်း} ၊ ရည်{ရွှမ်း}များ[စွာ]
၂။ ကြံ့ဟင်ကြွက်နားရွက်(ပေါင်း) ၊ သောင်း(ပြောင်း)ရော၍[သာ]
၃။ အိမ်သို့ရောက်[ခါ] ၊ လျင်[စွာ]ချက်{ပြုတ်}
၎။ ထမင်းက(ပူ) ၊ ဟင်းက(ပူ)
၅။ ရှု(ရှု)သာ ရှမ်းင{ရုတ်}ကယ်နှင့်"လေး"။
၁။ အ{လုတ်}ကယ် ဧရာ(သာ) ၊ ငုံ(ကာ)လွေးတော့သည် ။
၂။ သားမြေးငယ်မာ(ချာ) ၊ ဘယ်(ညာ)ထွေးတော့သည်။    ။

(ဝန်ကြီးပဒေသရာဇာ)

ထန်းတက်သမား

၁။ နွေဦးကာ(လ) ၊ မြူ(ထ)သောအ[ခါ]
၂။ ရင်းထောင်ရင်း(ဆွဲ) ၊ ဆောင်(မြဲ)အိုးလွယ်[ကာ]
၃။ ဓားနှီးထက် [စွာ] ၊ ခါး[မှာ]ချပ်[လျက်]
၎။ ထန်းပွင့်ထန်း(ခိုင်) ၊ ရွှန်းစိုဝေဝေ(မြိုင်)
၅။ က(လိုင်)ကိုလွယ်ကာ{တက်}သည်နှင့်"လေး" ။

၁။ ထန်းပင်ထန်း{လက်} ၊ ထန်း{ရွက်}ကယ်ဝေ[ဝေ]
၂။ စင်အောင်ခုတ်(ထစ်) ၊ နု(မျစ်)ယ်ထန်းဦး[ရေ]
၃။ မယာငယ်[ဆွေ] ၊ ထန်း[ရေ]သိမ်း{ဆည်း}
၎။ သားမြေးဟစ်(ကြော်) ၊ ခွေးဝက်ကယ်(ခေါ်)
၅။ ထန်း(လျှော်)ယုန်ပိုက်{စည်း}ငယ်နှင့်"လေး" ။

၁။ ခေါ်သံရိုက်{ဟည်း} ၊ လူ{လည်း}ကြော်[ငြာ]
၂။ ခွေးဟစ်လူ(ဟစ်) ၊ ခတ်(ပစ်)ကယ်ခြောက်သော[ခါ]
၃။ ပတတ်ကယ်ယုန်[ခါ] ၊ တော[မှာ]ရှိ {ကြ}
၎။ ငုံးကြက်ကယ်ဖွတ်(မြွေ) ၊ ဝံပု(လွေ)
၅။ မ(နေ)ထွက်လာ{ကြ}သည်နှင့်"လေး" ။

၁။ ဝမ်းသာအား{ရ} ၊ မယာ{က}တစ်[သွယ်]
၂။ ဟင်းရွက်ဆိုး(ကောင်း) ၊ သောင်း(ပြောင်း)ရော[လွယ်]
 ၃။ လင်ကတစ်[သွယ်] ၊ ယုန်[ငယ်]က{ စ }
၎။ တောနေသတ္တ(ဝါ) ၊ တွေ့တိုင်း(သာ)
၅။ အိပ်(မှာ)သာယူ၍ {ချ}သည်နှင့်"လေး" ။

၁။ အိမ်ပြန်ရောက်{က} ၊ ခ{ဏ}အောင့်[လျှင်]
၂။ တံစို့(ထက်)နှင့် ၊ ထန်း(လျက်)ဖိုမှာ[ကင်]
၃။ ဟင်းအိုးဆူ[လျှင်] ၊ အ[ကင်]ခတ် { ပြီး }
၎။ အိုးခင်းနှင့်(လှော်) ၊ ရေနှင့်(ကြော်)
၅။ မိုး(မျှော်)ငရုတ်{ သီး} ငယ်နှင့်"လေး" ။

၁။ နှီးဒေါင်းလန်း{ ကြီး} ၊ ခူး{ပြီး}သော[ခါ]
၂။ သမီးနှင့်(သား) ၊ (များ)၍မဝင်[သာ]
၃။ ဒူးတစ်ဖက်[ဟာ] ၊ တွန်း[ကာ]ဖယ်{လျှက်}
၎။ သူ့ထက်ငါ(လေ) ၊ စားတော့မည်(စေ)
၅။ စ(ပေ)သာလှ အုန်း{ခွက်}ကယ်နှင့်"လေး" ။

၁။ ငုံ့{လျက်}ကိုယ်စီ(သာ) ၊ ဆုပ်(ကာ)လွေးတော့သည် ။
၂။ ပြီးလျှင်ရေမ(ရှာ) ၊ ခွေး(သာ)ကျွေးတော့သည်။

(ဝန်ကြီးပဒေသရာဇာ)

ကဲ . . နမူနာတွေမှီးပြီး မိမိဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ဘဝတွေအကြောင်း
တျာချင်းလေးတွေ ရေးကြည့်မယ်။

ခရေပန်းသည်မလေး

အရုဏ်တက်စ ၊ နိုးထ ပြန်လျှင်
အိမ်ချင်မူးတူး ၊ ကြက်မြူးတွန်သံငင်
ခြင်ထောင်မ.တင် ၊ မမြင်မကန်း
ထွန်းညှိမီးအိမ် ၊ လက်မငြိမ်
ခြေလိန်ကာ လျှောက်လှမ်းသည်နှင့်လေး ။

မောင်လေးထစမ်း ၊ ငေါက်ငမ်းနှိုးဆော်
နိုးလာညီမ ၊ လာကြတူတူခေါ်
ဗန်းကိုင်ပျော်ကာ ၊ အိမ်ပေါ်ကဆင်း
ဂုတ်ကျားကကြို ၊ ငှက်တေးဆို
ပင်အိုခရေ သင်းသည်နှင့်လေး ။

မီးအိမ်ဖြာဝင်း ၊ တလင်းမြေဝယ်
ခရေဖွေးဖွေး ၊ ရင်အေးသူကျီစယ်
မိုးမြင့်ငွေကြယ် ပန်းနှယ်ကြွေသား
သူ့ထက်ငါကူ ၊ ပြိုင်လုယူ
ကလူလူ ရယ်ဟားသည်နှင့်လေး ။

နှီးသင်စုထား ၊ အဖွားကခေါ်သည်
ခရေဗန်းမောက် ၊ ရင်ဖောက်ဖွဲ့သီ
ပန်းကုံးစီရရီ ၊ ညီညီချည်ထုံး
မျက်နှာသစ်ငင် ၊ နံ့သာပြင်
ဝတ်ဆင်ကာ ခြယ်မှုန်းသည်နှင့်လေး ။

ခရေပန်းကုံး ၊ ဈေးနှုန်းအော်ခါ
ယူပါမွှေးမွှေး ၊ သံပေးညံစာစာ
သနားကြကရုဏာ ၊ ပညာရှာရင်း
ကျောင်းချိန်အမီ ၊ ကုန်ပါစီ
ပါရမီ ဖြည့်တင်းသည်နှင့်လေး ။

ဈေးပြန်ဗန်းတွင်း ၊ စိုဟင်းနဲ့သီးနှံ
အဖွားအတွက် ၊ လက်ဖက် ရေသီလန်
ဆီနဲ့ငစိန်ဆန် ၊ ကြွေးကျန်တွက်ချက်
ညီမမောင်ငယ် ၊ ဘိန်းမုန့်ဝယ်
ပြုံးရယ်ကာ ခြေသွက်သည်နှင့်လေး ။

လမ်းထွက်လို့မျှော်ရှာ ၊ အဖွားမှာငေးတော့ သည်။
ကလေးတို့အော်ကာ ၊ တအားသာပြေးတော့သည်။

- နေဘုန်းမိုရ်