"ဗီယက်နာအဝန်း"
အဲဒီအနောက် ကမ္ဘာမှာအရာအားလုံးနှင့်တကွ နည်းပညာဖော်မြူလာများ၏ ကောက်ချက်များကိုလည်း ကျွန်တော်တို့ ဘာသာစကားတွေနဲ့တည်ဆောက်ခဲ့မိကြတယ်။ သူတို့ကပဲ ဘာသာစကားကို ပြန်ပြီး သုံးသပ်ခဲ့ကြတယ်။ သူတို့သုံးတဲ့ဘာသာစကားမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒါက အသေအချာပဲ။
ရူးဒေါ့ကားနက်(ဖ) (Rudolf Carnap) ဆိုတဲ့ ဂျာမန်ဖွား တွေးခေါ်ပညာရှင်ဟာ ဒီကိစ္စမှာ စကားလုံးတွေရဲ့ အရင်းအမြစ်ကိုရှာရင်း ဘာသာဗေဒကို မြေလှန်ဖို့ ကြိုးစားခဲ့သူတစ်ယောက်ပါ။သူက "logical positivism" ရဲ့ ခေါင်းကိုင်အဖ ဖြစ်ခဲ့ဖူးတယ်။ ဗီယက်နာအဝန်းလို့ခေါ်တဲ့ ViennaCircle ရဲ့ ဦးဆောင်ဦးရွက်ပြုသူ တစ်ဦးပါပဲ။ ဗီယက်နာအဝန်း ဆိုတာ ၁၉၂၂ မှာ ဗီယက်နာတက္ကသိုလ် (University of Vienna) ကို ဗဟိုပြုပြီး ပါမောက္ခတွေ ပညာချင်းဖလှယ် စည်းဝေးတဲ့ပွဲ။ ကမကထလုပ်တဲ့သူက မောရစ်ရှလစ်(ခ်) (Moritz Schlick) ကသဘာပတိနေရာယူခဲ့ပြီး ပညာရှင် အတော်များများ တက်ခဲ့တယ်။ သူတို့နဲ့အတူ မောရစ်ရဲ့ တပည့်ကျော် ဟားဘတ်ဖိုင်း (Herbert Feigl) ဆိုတဲ့ သြစတြီးယား ကျောင်းသားတွေတောင် ပါတာပေါ့လေ။ လက်စောင်းထက်တဲ့သူတွေချည်းပါပဲ။ "ဟားဘတ်" ကတော့ အဖွဲ့ဝင်အဖြစ်ပဲ ပါတာပေါ့။ သူက ငယ်တာကိုး။ အဲဒီမှာ တပည့်အဖြစ်ခေါ်လာတဲ့ "ဟားဘတ်" က နောင်တစ်ချိန်မှာ ပါမောက္ခဖြစ်လာပြီး၁၉၃၁ မှာ သူက စာတမ်းတစ်စောင်နဲ့ "Logical Positivism" ဆိုတဲ့ နာမည်ကို မသင့်လျော်ဘူးဆိုပြီး ပြောင်းခိုင်းတဲ့သူ။ ကျွန်တော်ပြောချင်တာက အဲဒီလို ငချွတ်ကလေးတွေတောင် ဗီယက်နာအဝန်းမှာဘေးထိုင်အဆင့်ပဲ ရှိတော့ ဥက္ကဋ္ဌရာထူး ယူထားတဲ့ "Logical Positivism" ရဲ့ဖခင်"ကားနက်(ဖ)"ကို စဉ်းစားကြည့်ပေါ့လေ။ ရူးဒေါ့ကားနက်(ဖ) ဘာလုပ်သွားသလဲ။ သူ့ရဲ့ဦးဆောင်မှုနဲ့မီတာဖစ်ဆစ် (Metaphysics) ကို ပြန်သုံးသပ်တယ်။
"မီတာဖစ်ဆစ်"
"မီတာဖစ်ဆစ်" ဆိုတာက အတွေးအခေါ် ဒါမှမဟုတ် ဒဿနပညာ နည်းနည်းပါးပါး တီးခေါက်မိသူဆိုရင် သိပါလိမ့်မယ်။ ဖြစ်တည်မှု (existence) နဲ့ ဥာဏ်ပညာ (knowledge) ကို ဦးစားပေးတဲ့ ဒဿနိကဗေဒ ရဲ့ အကိုင်းအခက်တစ်ခုပါ။ မီတာဖစ်ဆစ် အခြေခံတာက အချက်နှစ်ခုရယ်ပါ။ အဲဒါတွေကတော့
- အဲဒီမှာဘာရှိသလဲ (What is there )
- အဲဒါဘာနဲ့တူသလဲ (What is like) ပါပဲ။
သက်ရှိနဲ့ကမ္ဘာမြေ (စင်္ကြာဝဠာ) သြကာသလောကရဲ့ဖြစ်တည်မှု (Nature of being and world) ကို လေ့လာတဲ့ ပညာပါ။ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ "ကော်စမိုလော်ဂျီ"နဲ့ မီတာဖစ်ဆစ် ကို ကားနက်(ဖ)ဟာ ပြန်သုံးသပ်ဖို့ တပ်လှန့်တယ်။ ဒါ့အပြင် သူက ဘာသာဗေဒဘက်အလေးသာတဲ့ တွေးလုံးမျိုးသာ အမှန်တရားနဲ့ ပိုနီးစပ်တယ်လို့ဆိုပြန်တယ်။ ကျွန်တော်တို့အရင်က သက်သေပြချက်တွေ အက်ဆီယမ်တွေဟာရော ဘယ်လောက်မှန်ခဲ့သလဲ။ ဘာသာစကားထဲက အမှန်တရားကိုဘယ်လောက်ရမလဲ။ ရှေ့ကထောက်ပြခဲ့တဲ့ ဝါကျတွေ ဘယ်လောက်မှန်သလဲ။ ကားနက်(ဖ)ကြောင့် တချို့တွေအိပ်ယာကထလာတယ်။ တချို့က အိပ်ယာနိုးလာတယ်။ ဒါပါပဲ ဗီယက်နာရှော့ ဆိုတာ။ ကားနက်(ဖ) ဟာကျမ်းတစ်စောင် တင်သွင်းခဲ့တယ်။ အဲဒါက ဘာသာဗေဒ၏ ခွဲခြမ်းစိတ်ဖြားမှုကို သုံး၍ မီတာဖစ်ဆစ်အားကန့်သတ်ခြင်း (The Elimination of Metaphysics Through Logical Analysis of Language) ပါပဲ။
ကားနက်(ဖ)ရဲ့ ကျမ်းထဲက သဘောတရားလေး နည်းနည်းလောက် ကြည့်ရအောင်ဗျာ။ တကယ်လို့များ စာလုံးတစ်လုံးဖြစ်တဲ့ "W" ဟာ နည်းလမ်းနှစ်ရပ် အံဝင်ရင် အဓိပ္ပါယ်ရှိတယ်လို့ သတ်မှတ်မယ်တဲ့။ ပထမတစ်ချက်က "W" ကိုပေးနိုင်တဲ့ ခံစားမှုဟာ "W" ပါဝင်တဲ့ ဝါကျမှာသီးခြားရှိရမယ်။ "W" လို့ခေါ်နိုင်တဲ့အရာဟာ ဝါကျရိုးတစ်ခုထဲမှာပဲ ရှိရမယ်။ သူက (The mode of the occurrence of "W" in its elementary sentence form must be fixed.) ဆိုလိုတာက ဘယ်ဝါကျ ဘယ်စာလုံးကိုမှ မမှီခိုဘဲ "W" ဟာဘာလဲဆိုတာကို ပြောနိုင်ရမယ်။ တကယ်လို့များ အဲဒီလိုမဟုတ်ခဲ့ရင် ဒုတိယနည်းလမ်းဖြစ်သွားပြီ။ဒုတိယနည်းလမ်းက "W" ဟာ "S"ဆိုတဲ့ ဝါကျမှာ သွားပြီးဖြစ်ရင်"S" ဆိုတာကို ပြန်ကြည့်ဖို့ အချက်လေးချက်ထုတ်တယ်။
၁။ "S" လို့ ကျွန်တော်တို့ အလိုအလျောက်နားလည်ကောက်ချက်ချထားတဲ့ အဓိပ္ပါယ်တစ်ခု (ဝါ) အဓိပ္ပါယ်များကဘာလဲ
၂။ "S" ဟာ ဘယ်လိုအခြေအနေမျိုးအောက်မှာမှားပြီး ဘယ်လိုအခြေအနေမျိုးအောက်မှာ မှန်သလဲ
၃။ "S" ကို ဘယ်လို သက်သေပြမလဲ
၎။ "S" ရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကဘာလဲ
ဖော်ပြထားတဲ့အချက်တွေနဲ့ "W" သွားမှီနေတဲ့ "S" ကို တိုင်းရပါဦးမယ်။ "W" က လွတ်လွတ်ကျွတ်ကျွတ်မှ မဖြစ်တာပဲလေ။
ဂဏန်းနှင့်မူလအစ
ဥပမာဆိုပါတော့ ။ "Arthropod" လို့ခေါ်တဲ့ ဂဏန်းတို့ ကင်းခြေများတို့လို ခန္ဓာကိုယ်မှာ အဆစ်ဆစ် အပိုင်းပိုင်းတွေများပြီးခြေများများနဲ့ တွားသွားကောင် ဆိုပါစို့။ အရာတစ်ခုဖြစ်တဲ့ "x" သည် Arthropodဖြစ်သည် လို့ရေးရင် (The thing x is an arthropod) လို့ ရေးရမယ်။ ဒီဝါကျဟာ ဘယ်ကနေ လာသလဲ။
- xသည် တိရစ္ဆာန်တစ်ကောင်ဖြစ်သည် ( x is an animal)
- xတွင် ခြေဆစ်များရှိသည်။ (x has joined legs)
- xတွင် အဆစ်များပါသော ခန္ဓာ တစ်ခုရှိသည်။ (x has a segmented body)
အဲဒီကနေလာတယ်ပေါ့။ အပြန်အလှန်အားဖြင့်လည်း အထက်ပါ သုံးချက်ဟာ "x သည် 'Arthropod' ဖြစ်သည်" ဆိုတဲ့ ဝါကျကနေလာပြန်ရော။ ဒါကြောင့် Arthropod ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုဟာ သတ်မှတ်ပြီးသားလို့ဆိုတယ်။ ဒါက ပထမဆုံး ကားနက်(ဖ)ပြောတဲ့ ဘာကိုမှ မမှီတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်။ အကယ်၍ တစ်ယောက်က မသိရင် Arthropod ဆိုတာ ဒါကြီးဗျာလို့ ပြောလို့ရတယ်။
နောက်ထပ်တစ်ခုက အရင်းအမြစ် (Principle) လို့ခေါ်တဲ့ စကားလုံးပဲ။ သူ့မှာ သီးခြားအဓိပ္ပါယ် သတ်မှတ်မှု ရှိပြီးသား။ ဘယ်ထဲမှာမှ ထည့်မရေးရင် "Principle" ဆိုတာ ဘာပြဿနာမှ မရှိဘူး။ ဒီလိုရေးပြီဗျာ။
- x သည် y ၏ အရင်းအမြစ်ဖြစ်သည်။ (x is the principle of y) လို့ရေးရင် ကျွန်တော်တို့ နားလည်တာက y ရဲ့ဖြစ်တည်မှုဟာ x ရဲ့ ကောင်းမှုကြောင့် (y exist by virtue of x) ဒါမှမဟုတ် "(y arises out of x) လို့ သိကြတယ်။
- x ရဲ့ တိုးတက်မှုဟာ y ဆိုရင် x နောက်က y ဟာ အမြဲလိုက်နေရမယ်။ဒါဆို ဒီနှစ်ခုဆက်နွယ်မှုဟာ လေ့လာတွေ့ရှိချက်ကိုမှီတဲ့ ကောက်ချက်ဖြစ်တယ်။
ဒါပေမယ့် ကျွန်တော်တို့လက်တွေ့ကျကျ မြင်ဖူးလို့ ကောက်ချက်ချတာမျိုးမဟုတ်။ မီတာဖစ်ဆစ်ကယ် သမားတွေက ဒီအရင်းအမြစ်ဆိုတာကြီးကိုအရင်ကတည်းက သဘောမတွေ့ဘူး။ ဒီဝါကျမှာ "ဆင်းသက်လာတယ်" "ပတ်သက်နေတယ်" ဆိုတာ တွေ့ရှိချက်ကို အခြေပြုထားတာ မဟုတ်ရင် မီတာဖစ်ဆစ်က ဘာပြောသလဲဆိုတော့ "အဓိပ္ပါယ်မရှိဘူး" (meaningless) တဲ့။ အဓိပ္ပါယ်ကို သွေဖယ်နေတယ်တဲ့။ ဥပမာ၊ "ရေသည် ကမ္ဘာ၏ မူလ" (Water is the principle of the world) လို စာကြောင်းမျိုး၊ "နာမ်သဘောသည် ကမ္ဘာ၏မူလ" (The spirit is the principle of the world) လိုဟာမျိုးကို လက်မခံဘူး။ဝါကျထဲမှာ အဓိပ္ပါယ်မဲ့ စာလုံးတစ်လုံး ပါနေတယ်တဲ့။ အဲဒါ "Principle" ပဲ။ မီတာဖစ်ဆစ်ကယ်တားဆီးပေးလို့မတတ်နိုင်ဘူး။ ဒီလိုစာမျိုး ၊ ဝါကျမျိုးဟာသူ့ဟာနဲ့သူ နေရင်တော့ အကောင်းကြီးပဲ။
မီတာဖစ်ဆစ်ကယ်သမားတွေရဲ့ ရှိတဲ့အဓိပ္ပါယ် မရှိတဲ့ပုံစံမှား (ill form) တွေဟာအချိန်မရွေးပေါ်ပေါက်နိုင်တယ်။ ။လောဂျစ်အရ လက်မခံနိုင်တဲ့ ဖော်ပြချက..အဓိပ္ပါယ်မရှိတဲ့ ဝါကျတွေကိုမီတာဖစ်ဆစ်ကယ်တားဆီးပေးလို့ မတတ်နိုင်ဘူး.....
ဆီဇာသည် သုဒ္ဓကိန်း
နောက်ထပ် ဥပမာတစ်ခု ထပ်ပေးမယ်။ ဒီတစ်ခါတော့စကားလုံးချိတ်ဆက်မှု (word sequence) ကို အဓိကလေ့လာမယ့် ဝါကျပဲ။ ဒါလေးမပြောခင် ကြိုပြောထားချင်တာကဒီလိုစာမျိုးဟာ သာမန်လူတစ်ယောက် အတွက် ဒီလူတွေ ကြံကြံဖန်ဖန် လျှောက်ပြောနေတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒီစာကို ဖတ်ဖို့အတွက် အင်္ဂလိပ်သဒ္ဒါကို နည်းနည်းလေး တီးခေါက်မိထားဖို့လိုတာအမှန်ပဲ။ ဥပမာအားဖြင့် ဝါကျ တစ်ကြောင်းကို ဓါးချက် တစ်ချက်ထဲသုံးပြီး နှစ်ပိုင်းခွဲပါဆိုရင်တော့ တစ်ပိုင်းက ကံပုဒ် (subject) နဲ့ နောက်တစ်ပိုင်းက ပြုလုပ်ခြင်းကို ဖော်ဆောင်တဲ့ Predicate ပါပဲ။ ဥပမာ - Mg Mg is a teacher ဆိုရင် ပထမ တစ်ပိုင်းက ကံ (subject) က မောင်မောင်ဖြစ်ပြီး၊ ဒုတိယ Predicate က "is a teacher" ပါ။ ဒါဆို ဒီဝါကျလေး တစ်ခုကို ကြည့်ပါ။
Caesar is a prime number.
ဆီဇာသည် သုဒ္ဓကိန်းတစ်ခု ဖြစ်သည် လို့ အဓိပ္ပါယ်ရတယ်။
ဒီလို ဆီဇာ သုဒ္ဓကိန်းဖြစ်သွားတာဟာ အတုအယောင်ဖော်ပြချက် “Pseudo Statement” ဖြစ်တယ်။ ဒီအတုအယောင် ဖော်ပြချက်ဟာ အဓိပ္ပါယ်ရှိတဲ့ဝါကျတွေမှာဖြစ်လေ့ရှိတယ်။ ဒါက သဒ္ဒါဗေဒရဲ့ တန်ပြန်အကျိုး သက်ရောက်မှုဖြစ်တယ်လို့ ဆိုတယ်။ ဒီဝါကျ (Caesar is a prime number) မှာ ရှိတဲ့ စကားလုံးတိုင်းဟာ အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေပါပဲ။ ဒါပေမယ့် ဝါကျ တစ်ကြောင်းလုံးအနေနဲ့ အဓိပ္ပါယ်မရှိပြန်ဘူး။ ပြဿနာက “prime number” ဆိုတဲ့စကားလုံးပါ။ ကံပုဒ်ကို ဖြည့်စွက်ပေးတဲ့ နံပါတ်ကို ကိုယ်စားပြုစကားလုံးဖြစ်ပြီး လူများကိုဖြည့်စွက်ပေးတဲ့ လူ ကိုယ်စားပြုမဟုတ်ဘူး။ ဒီတော့ ဂရမ်မာ မှန်ရက်နဲ့ အဓိပ္ပါယ်မရှိတဲ့ ဝါကျတွေကို တားဆီးပေးလို့ မတတ်နိုင်ဘူးဆိုတာအထင်အရှားပါပဲ။ ဒီတော့ ဝါကျတစ်ကြောင်းကို နှစ်ပိုင်းခွဲရင် (ကံပုဒ် (x) နဲ့ ကံဖြည့်စွက်(y)) Subject (x) နဲ့ Predicate (y) နှစ်အုပ်စု ကိုရမယ်။ ဒီအထိ လက်ခံတယ်။ ဒါပေမယ့်ဒီ ဂရမ်မာဟာ ဘယ်လို “Predicate” မျိုးကို လူအတွက် ဂဏန်းနံပါတ်အတွက် သုံးရမယ်လို့ သတ်မှတ်ချက်မရှိဘူး။
သဒ္ဒါရှုထောင့်ကကြည့်ရင်
ဆီဇာသည် သုဒ္ဓကိန်းတစ်ခု ဖြစ်သည် (Caesar is a prime number)
ဆီဇာသည် ဗိုလ်ချုပ်ဖြစ်သည်။(Caesar is a general)
ဆိုတဲ့ဝါကျနှစ်ကြောင်းမှာ နှစ်ကြောင်းစလုံးဟာ ပုံစံမှန် (well form) တွေ ဖြစ်တယ်။ ဒါပေမယ့်လောဂျစ် ရှုထောင့်ကကြည့်ရင် “ဆီဆာသည် သုဒ္ဓကိန်း” ဆိုတာကြီးက ပုံစံမှား (ill form) ဖြစ်သွားတယ်။လောဂျစ်ရှုထောင့်ဟာ “Predicate” ကို ဖြစ်ချင်တိုင်း ဖြစ်ခွင့်မပေးဘူး။ ဒါပေမယ့် သဘာဝဘာသာစကားကတော့ သတ်မှတ်ချက်မရှိဘူး။ ဒီတော့ မီတာဖစ်ဆစ်ကယ် တည်ဆောက်မှုဟာ သဘာဝဘာသာစကားပေါ်မှာအခြေခံပြီး တည်ဆောက်ထားတဲ့အတွက် စကားလုံး အဓိပ္ပါယ်မရှိရင်တောင် စာကြောင်းက အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် လောဂျစ် ဘာသာဗေဒမှာတော့ အဓိပ္ပါယ်မရှိတဲ့ ပုံစံမှား (ill form) တွေဟာ အချိန်မရွေးပေါ်ပေါက်နိုင်တယ်။
ကားနက်ဟာ နောက်ထပ် ဥပမာ တစ်ခုကို တင်ပြတယ်။ အဲဒါကတော့ Verb tobe ပါပဲ။ ကျွန်တော်တို့ဟာ “be” ကို “copula” (ကြိယာအမျိုးတူ) အဖြစ်နဲ့ သုံးပါတယ်။ ဥပမာ (I am hungry)၊ နောက်တစ်ဖန် နေရာဖြစ်တည်မှု (designate existence) အတွက်လည်း သုံးပါတယ်။ ဥပမာ (I am)။ ဒါပေမယ့် အဲဒီ “I am” ဆိုတာကြီးကလည်း အဓိပ္ပါယ်ရှိတဲ့ ကံဖြည့်စွက် (Predicate) မဟုတ်ပြန်ဘူး။ ဒီ (I am) မှာ “am” က“Predicate” အနေနဲ့ မဟုတ်ဘဲ ဖြစ်တည်မှု (existence) ကသာ “predicate” ဖြစ်တယ်။
မော်ဒန်လောဂျစ်မှာတော့ဖြစ်တည်မှု (existence) ဟာ ကံဖြည့်ပုဒ် “predicate” ဖြစ်လို့မရဘူး။ ဖော်ပြချက်“statement” ဟာ “existance” ကို လက္ခဏာ (sign) နဲ့သာ ဖော်ပြတာဖြစ်လို့ လောဂျစ်အရ လက်မခံနိုင်တဲ့ဖော်ပြချက် (statement) တွေဟာ “error” တက်လာခဲ့ရတယ်။ အဲဒီလို “error” တက်နေတဲ့ ဖော်ပြချက်ဟာအတုအယောင်ဖော်ပြချက် (pseudo statement) တွေလို့ သတ်မှတ်တယ်။
ပြဿနာက သဒ္ဒါမှန်တိုင်း အဓိပ္ပါယ်ရှိတာ မဟုတ်ဘူး။အဓိပ္ပါယ်ရှိမရှိ ဆိုတာကို အတွေ့အကြုံလောဂျစ်နဲ့ ချိန်ဆ ရတယ်။ ပြဿနာကို ဖြေရှင်းပေးမယ့်အတွေ့အကြုံလောဂျစ် ဆိုတာကရော ဘယ်လောက်မှန်ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်တူမလဲ။ ရေးသူနဲ့ဖတ်သူများစွာတွေရဲ့ အတွေ့အကြုံက ဘယ်လောက်အံဝင်ခွင်ကျ ဖြစ်မလဲ။
နောက်ထပ် ဥပမာတစ်ခု ထပ်ပေးတယ်။ အဲဒါက “နာမ်” ကိစ္စ။
ဝါကျ (၁) ....... ငါတို့ ဘာမှမသိဘူး (We know the Nothing)
ဝါကျ (2) ....... ငါတို့ မိုးကိုသိတယ် (We know the Rain)
ဝါကျ (၁) သည် ပုံစံမှာ (ill form) ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ “Nothing” ကို သူက နာမ်အဖြစ် အသုံးပြုခဲ့လို့ပဲဖြစ်တယ်။ “Nothing”ကို ပုံစံမှန်သဒ္ဒါနဲ့ ဘာသာစကားမှာ နာမ်ဟူ၍ လက်မခံပါ။ ထို့အတူ ကံပုဒ်ဖြည့်စွက် Predicate အဖြစ်လည်း လက်မခံပါ။ ဖြစ်သင့်တာက “there is nothing which is outside” (အပြင်ဘက်၌မည်သည့်အရာမှ ရှိမနေပါ) ပဲဖြစ်ရမယ်။ ဒါပေမယ့် “The Nothing” ဆိုတာကြီးကို နာမ်(noun)အဖြစ်ရော၊ ကံပုဒ်ဖြည့်စွက် “Predicate” အနေနဲ့ ရောသုံးတာက ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ ဒါကြောင့် ကားနက်(ဖ)ဟာ ဒီလိုကိစ္စကို ရောထွေး(ဝါ) ရှုပ်ထွေးစေသော အမျိုးအစား (Type of confusion) လို့ သုံးခဲ့တယ်။ မီတာဖစ်ဆစ်ကယ် ကဗျာသမားတွေဟာ သီအိုရီတွေကို ကြားခံ မီဒီယံ (Medium) အဖြစ်သုံးပြီး အနုပညာကို သိပ္ပံပညာနဲ့ ရှုပ်ထွေးစေတယ် လို့ ကားနက်(ဖ)က စွပ်စွဲပါတယ်။အဲဒီလို ရှုပ်ထွေးစေတဲ့ အတွက်ကြောင့် အရည်အသွေးမပြည့်တဲ့ ၊ကျေနပ်စရာ မကောင်းတဲ့ အနုပညာတွေ ပေါ်ထွက်လာတယ်လို့ ဆိုတယ်။ ကားနက်(ဖ)က“Meta physicians are musicians without musical ability” လို့ ပြောခဲ့တယ်။ မီတာဖစ်ဆစ်ကယ်သမားတွေဟာဂီတ အရည်အသွေးမရှိဘဲ ဂီတဆရာ လုပ်နေသူတွေရယ်လို့ စွပ်စွဲပါတယ်။ အဓိက သူတိုက်ခိုက်သွားတာကတော့လားရစ်ကဗျာ (Lyrical Poetry) ပါပဲ။ ရူဒေါ့(ဖ) ကားနက်(ဖ)ရဲ့ တင်ပြမှုဟာ ဘာသာဗေဒလောကကြီးကိုတစ်ဆစ်ချိုးပြောင်းလဲ ပေးခဲ့ပါတယ်။ နောက်တော့ ဘာလင်အဝန်း (The Berlin Circle) တို့လိုနောက်ဆက်တွဲတွေ ပေါ်လာတယ်။ ကွန်ဂရက်တွေများစွာ လုပ်ခဲ့တယ်။
အရေးပါတဲ့ ကွန်ဂရက်တွေကတော့
- ပရက်(ဂ)(၁၉၂၉၊ ၁၉၃၄)
- ကိုပင်ဟေဂင်(၁၉၃၆)
- ကင်းဘရစ်(ခ်ျ)၊ယူကေ (၁၉၃၈)
- ကင်းဘရစ်(ခ်ျ)၊ယူအက်(စ) (၁၉၃၉) တွေဖြစ်တယ်။
ပြီးတော့ ဗီယက်နာအဝန်းက စာအုပ်ဆယ်အုပ်လောက်ကိုထုတ်ဝေခဲ့တယ်လို့ ဆိုတယ်။ အနှစ်ချုပ်လိုက်ရင် သဒ္ဒါဟာ ဝါကျအမှန်အမှားကို မဆုံးဖြတ်နိုင်ဘူး။ လောဂျစ်အရ တွေးခေါ်မှ မှန်မယ်။ ဒီလောဂျစ်တွေးခေါ်မှုရဲ့ အရင်းအမြစ်ဆိုတာ အတွေ့အကြုံလား (ဒါမှမဟုတ်) ဆင့်ပွားကောက်ချက်လား ဆိုတာ ချိန်ဆရမယ်။ ဒီအချက်တွေဟာ အယ်(လ)ကဗျာသမားတွေကိုလှုပ်ခတ်စေတဲ့ အချက်တွေဖြစ်တယ်။
ဒီတော့ ကျွန်တော်တို့ဟာ အယ်(လ) ပီကို လေ့လာမယ်ဆိုရင် သူတို့အဓိကဆန့်ကျင်တဲ့ မီတာဖစ်ဆစ်ကယ် ကဗျာလောကကို သိဖို့လိုကိုလိုတယ်။ သူတို့ဆီမှာမီတာဖစ်ဆစ်ကယ် (John Done) ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်။ Self Center-လားရစ်ကဗျာဟန် ဆိုတာကို သိဖို့လိုတယ်။
ကျွန်တော်တို့ဆီမှာ ရေခဲရေ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်..
သူတို့ဆီမှာ ကွန်ဖက်ရှင်းနစ် ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်.
ကျွန်တော်တို့ဆီမှာ ဒူးယားအစီခံစီးကရက် ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်
သူတို့ဆီမှာမီတာဖစ်ဆစ်ကယ် (John Done) ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်။
- ဇော်ဇော်ထွန်း