ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကွန်ဆက်ကျူရယ် - Conceptual (13)

ဒွါကင်ရဲ့ ကွန်ဆက်ချူရယ်ပေါင်းချုပ်

သူ့ရဲ့ ကွန်ဆက်ချူရယ်ပေါင်းချုပ်ကို ဂိုးလ်စမစ်နဲ့ထုတ်ဝေတော့ သူဟာ " ဗီတိုအကွန်စီ" ရဲ့ ကဗျာတွေကိုဦးစားပေးပြီး ဖော်ပြခဲ့တယ်။ ဒီလိုနဲ့  အကွန်စီရဲ့  အရေးအသားဟာ သတိပြုဖွယ် ဖြစ်လာခဲ့တယ်။ ဒွါကင် ( Dwokin ) ဟာ အကွန်စီရဲ့ပုံနှိပ်ဖော်ပြမှုမရှိသေးတဲ့ အရေးအသားများကို စာမျက်နှာ (၄၁၁) မျက်နှာ စာအုပ်တစ်အုပ်လုပ်ခဲ့ပါတယ်။ အဲဒါကို သူက စာမျက်နှာတစ်ခုအပေါ်ဖုံးပစ်ဖို့ ဘာသာစကား ( Language to cover a page ) လို့အမည်ပေးခဲ့တယ်။ အဲဒီစာအုပ်ဟာ " MIT " ပုံနှိပ်တိုက်က 2006 ထုတ်ခဲ့တာဖြစ်တယ် ။ မာဂျိုရီကတော့ ထူထဲ၍ အဆင့်မြင့်သော ( Hefty Volume ) စာအုပ်လို့ ရေးပါတယ်။ ဒါပေမယ့် အငြင်းပွားဖွယ်တစ်ချို့ လည်းရှိနေတယ်။ အကွန်စီရဲ့ အရေးအသားများဟာ ကဗျာအဖြစ်ထက်ကို အရေးအသားအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

ဒါဟာ " MIT " ပုံနှိပ်တိုက်ရဲ့ ခေါင်းစဉ်ကိုအခြေခံပြီး ဖော်ပြတာဖြစ်တယ်။ ဒီတော့ MIT ဘယ်လိုရေးသလဲ ။ ဒါဟာအရေးကြီးလာပါတယ်။ ကန်းဘရစ်ခ်ျ အမ်အိုင်တီ ပရက်(စ်) ( Cambridge: MIT Press , 2006 ) က အကွန်စီရဲ့  လက်ရာများကို " Writing Art Series " " အနုပညာအရေးအသား အစီအစဉ်အတွဲများ " လို့ခေါင်းစဉ်တပ်ခဲ့တယ်။ ကဗျာမျာ ခေါင်းစဉ်မတပ်ခဲ့ဘူး။ ဒါဟာသိပ်ကို အဓိပ္ပါယ်ရှိပြီး ပညာရှင်ဆန်တဲ့ လုပ်ရပ်ပါ ။ ကဗျာဖြစ်ခြင်းမဖြစ်ခြင်းကို အငြင်းပွားစရာမလိုတော့ဘူး။ " အရေးအသား " ( Writing ) လို့ပဲဆိုတယ် ။ ကဗျာလို့ မပြောဘူး။ ဒီထက်နည်းနည်း ထပ်ပိုပေးလို့  ရတယ် ။

" အနုပညာအရေးအသား " ဒါလည်းရတယ်။ မာဂျိုရီ ကတော့ ပေါ်တင်ပဲရေးတယ်။ ဒီနေရာမှာတော့ ကဗျာကိုတည်ပြီး အကွန်စီရဲ့  လက်ရာအရေးအသားများကို တိတိကျကျ ပြောရရင် အကွန်စီရဲ့  လက်ရာစာသား ( work text ) ( စကားလုံးစာသား ) များဟာ ကဗျာများများမပါဝင်ဘူး။ ၀စ်ဂျင်စတိန်း ( Wittgen Steinan sense ) အမြင်နဲ့ ကြည့်ရင်တော့ ဘာသာစကား ဆော့ကစားခြင်း အရောအနှောများ ( Complex Language Game ) သို့ မဟုတ် စကားလုံးဂိမ်း ( အဖြေရှာခြင်း ) လို့ပဲ ခေါ်ရမှာဖြစ်တယ် ။ အရှေ့ ကကဗျာအမျိုးအစားတွေကို ရှင်းပြရာမှာ မာဂျိုရီက ဒီလိုရေးလေ့မရှိပါဘူး ။

ခုတော့ အထက်က အဓိပ္ပါယ်ရှင်းထားတဲ့စာသားကို သူက ဒီလိုရေးပါတယ် ။ " I place poetry in quote because . strictly speaking , Acconci 's word texts are notso much poem as they are " လို့  ရေးခဲ့ပါတယ် ။ အဲဒီအကွန်စီရဲ့  အရေးအသားများကို ဘယ်လိုသတ်မှတ်ရမလဲ ။ ဘာတွေပါသလဲ ။ အကွန်စီရဲ့ အရေးအသားတွေဟာ

- ဘောင်သွင်းအရေးအသား စာရင်းအမှတ်အသားတွေ ( Constraint - based lists )
- အဘိဓါန်ဂိမ်း ( Dictionary Game )
- ပါဖောမန့် စ် အရေးအသားများ ( Performance Scores )
- အတုပြုလုပ်လှောင်ပြောင်ခြင်း ဘာသာပြန် / အနက်ဖလှယ်မှုတွေပဲ ဖြစ်တယ် ။

ဒွါကင်ကိုယ်တိုင်ကပဲ ကဗျာဆရာအကွန်စီနဲ့  ဗီဒီယိုအနုပညာရှင် ၊ ဒီဇိုင်နာ ၊ အဆောက်အဦး ပုံစံရေးဆွဲသူ အာခီတက်ခ် ၊ ပါဖောမန့် အနုပညာတင်ဆက်သူ အကွန်စီဟာ ကွဲပြားမှု ထူထူထဲထဲမရှိခဲ့ဖူးလို့  ဆိုတယ် ။ ဆိုလိုတာက အကွန်စီဟာ အနုပညာတွေကို တစ်ပြိုက်နက်ရောထွေးပြုလုပ်ပုံရတယ်။ ၁၉၆၀ တစ်ဝိုက်က အကွန်စီနဲ့  ယနေ့ အကွန်စီကို နှစ်ပိုင်းခွဲလိုက်ရင် နောက်ပိုင်း အကွန်စီဟာ အစောပိုင်းအကွန်စီ မပြီးသေးတဲ့ အလုပ်တွေကို ဆက်လုပ်နေတယ်လို့ ဆိုတယ်။ စာဖတ်သူများက ဒီနေရာမှာ ဘာကြောင့် အကွန်စီကိုထပ်ခါထပ်ခါပြောနေရသလဲ ။ ဘာကြောင့် ဒီငနဲကို ရေးကြီးခွင့်ကျယ် လုပ်နေရသလဲ ဆိုပြီးမေးစရာရှိပါတယ် ။ အခု ကွန်ဆက်ချူရယ်လှိုင်းရဲ့ အစဟာသူဖြစ်နေလို့ ပါ ။ နောက်နဲနဲ ဆက်သွားရင်ရှင်းသွားပါလိမ့်မယ် ။ ဒီတော့ ၁၉၆၀ ကာလ အကွန်စီကို သူ့ဘာသာသူ ထပ်ခြည့်စွက်ပြီးနှောင်းပိုင်း အကွန်စီကို တည်ဆောက်ပစ်တယ်။ အခြားဘက်က အငြင်းပွားဖွယ် ပြောဆိုရရင်တော့ မာဂျိုရီ က အကွန်စီရဲ့  နှောင်းပိုင်းကာလလက်ရာတွေဟာ ပိုပြီး လူတွေနဲ့ နီးစပ်လာာတယ် ( နားလည်လွယ်တယ် ) လို့ ဆိုတယ် ။

" ကြည့်လိုက် " ယူလိုက် " " မပျောက်သွားအောင်ကိုင်ထား " ( look at ) ( take in ) ( hold this line in view ) စတဲ့စာလုံးတွေက ဘာကိုဖော်ပြနေသလဲဆိုတော့ တစ်ယောက်က ကဗျာကို ပြန်ဖတ်/ ထုတ်ဖို့  ကြိုးစားနေတာကို လေ့လာနေရသလိုပါပဲ ။ အကွန်စီဟာ ညာဘက်မာဂျင်ကို ညှိဖို့ ကြိုးစားခဲ့တယ်။ ရှစ်ကြောင်းအထိ ညာဘက်ညီပုံစံကို ချဉ်းကပ်ပေးခဲ့တယ်။ အကွန်စီနောက်ကြောင်းကို ပြန်လှည့်ကြည့်ရင်ဖြင့်ကဗျာဆရာမ ဘနက်ဒစ်မေယာ ( Bernadette Mayer ) နဲ့ ထုတ်ခဲ့တဲ့ 0-9 ဂျာနယ်ကိုလည်း လေ့လာဖို့ လိုပါတယ် ။ အဲဒီစာစောင်ကို ၁၉၆၇ ကနေ ၁၉၆၉ ထိ ခုနစ်အုပ်ထုတ်ဝေခဲ့တယ် ။ ကလပ်(ခ်)ကောလဒေ့ခ်ျ ( Clark Coolidge ) တို့ ၊ တက်(ဒ်)ဘာရီဂန် ( Ted Berrigan )၊ ဖလူးဆပ်(စ်) (Fluxus)၊ ပါဖောမင့်(စ်) သဘာတွေဖြစ်တဲ့ ဒစ်(ခ်)ဟေဂျင်း(စ်) ( Dick Higgins )၊ အမ်းမက်(တ်) ၀ီလျံ(စ်) ( Emmett Williams ) တို့ ပါဝင်ခဲ့ပါတယ် ။ ပန်းချီဆရာတွေအနေနဲ့ ကဆိုး(လ်)လီ ၀ှစ်(ထ်) ( Sol Le Witt )၊ အင်ဒရေယန်ပိုက်ပါး ( Adrian Piper )၊ ဒန်ဂရေဟန် ( Dan Grahan )၊ ရောဘတ် စမစ်(ထ်)ဆန် ( Robert Smithson ) တို့ လက်ရာတွေကို ထည့်သွင်းခဲ့တယ် ။ အကွန်စီတို့ ကွန်တမ်ပိုရာရီ ကဗျာဖခင်ကြီးဖြစ်တဲ့ ဂျက်ဆင်မက်ကလိုး ( Jakson Mac Low ) ရဲ့  ပထမဦးဆုံး ကဗျာစာအုပ်စီးရီးတွဲ ( Biblical Poems ) ထုတ်ဝေပေးခဲ့တယ် ။ ဆရာကြီးဂျက်ဆင်ဟာ အဲဒီစာအုပ်ကို ကျပမ်းနည်း ( Chance Operation ) ( ကျွန်တော့်ရဲ့ Note မှာဖော်ပြပြီး ) ရေးနည်းနဲ့  ရေးခဲ့တာဖြစ်တယ် ။ သူတို့ ရဲ့ ဂျာနယ်ကတော့ သိပ်နာမည်မထွက်ခဲ့ပါဘူး ။ ဒါပေမယ့် စာအုပ်တိုက် ( Ugly Ducking Press ) ဟာ ( ဘရွတ်ကလင်းအခြေစိုက် ) စာမျက်နှာပေါင်း ၇၃၆ မျက်နှာပါတဲ့ မဂ္ဂဇင်းကို ပြန်ထုတ်ပြီး ဒေါ်လာ လေးဆယ်နဲ့ ပြန်ရောင်းခဲ့တယ် ။ သိပ်မကြာသေးပါဘူး ။

ဘာဖြစ်လို့ လည်းဆိုတော့ရှေ့ က ဒွါကင် ပြန်ထုတ်တဲ့ အကွန်စီ ရဲ့ အစောပိုင်းအရေးအသားများ " စာမျက်နှာပေါ်ဖုံးအုပ်ရန် ဘာသာစကား " ဟာ " ပေါက် " တယ်လို့  ပြောလို့ ရတယ် ။ ဒီတော့" ဘဲရုပ်ဆိုးပုံနှိပ်တိုက် " ဟာ သူ့ မဂ္ဂဇင်းအဟောင်းကို အကွန်စီ့  ၀ိတ်နဲ့  ပုံပြောင်းလုပ်ပြီး ဆိုင်ပေါ်ပစ်တင်တော့တာပါပဲ ။ ဒီတော့ အကွန်စီကို လူတွေစိတ်ဝင်စားတာ ဘာကြောင့်လဲ ? သူ့ အရေးအသားကို မာဂျိုရီကထပ်ပြီး ခွဲခြမ်းဖို့ ကြိုးစားတယ် ။ လူတွေဘာကြောင့် ဒီဘက်ကို တစ်ကျော့ပြန် လည်လာသလဲ ? ဒီအဖြေသိပ်ကို အရေးကြီးတယ်။ ဒါဟာ အခု ကွန်းဆက်အရေးအသား တစ်ကျော့ပြန်လည်လာတာလဲဆိုတာနဲ့  ဆက်စပ်နေတယ် ။ ဒီတော့ မာဂျိုရီဟာလူတွေ ငြီးငွေ့ နေတဲ့ရေးဟန်ကို အရင်ချပြတယ် ။ အဲဒါကပင်မရေစီးပုဂ္ဂလ ဗဟိုပြု ( လားရစ် ) ကဗျာနဲ့ တင်စားခြင်း အာရုံပြကဗျာရေးဟန် ( the metaphoric mode of mainstream Lyric ) ပဲဖြစ်တယ် ။ အဲဒါကြီးကို လုံးလုံးမသွားချင် တော့ဘူး။ ဒီတော့ အဲဒီပုဂ္ဂလ ဗဟိုပြုတင်စားချက်တွေ အလွန်အကျွံသွတ်သွင်း ထားတဲ့ လားရစ်ဟန် (ပုဂ္ဂလအခြေပြု ) တွေကို ငြင်းဆန်တဲ့ဟန်တစ်မျိုကို တောင့်တတယ် ။ အဲဒီဟန်က ကဗျာရေးရာမှာ ဓာတ်ပုံနဲ့ ပန်းချီပါဝင်မှုကဲတဲ့ ရေးဟန် (၀ါ) မူလကဗျာနဲ့  တင်စားခြင်း အာရုံပြကဗျာရေးဟန်ကို ဆန့် ကျင်တဲ့ အရေးအသားသစ်တစ်ခုကိုတော့ The Dogged Literalism လို့ ခေါ်တယ် ။ ဒါကလည်း ဘာမှ ကြီးကျယ်တဲ့ကိစ္စတော့မဟုတ် ။ စာလုံးတွေနဲ့ ချည်းစာမရေးတော့ဘူး ။ သင်္ကေတတွေ ၊ ဓာတ်ပုံအပိုင်းအစလေးတွေ ၊ ပန်းချီဆွဲထားတဲ့ ဖြတ်ပိုင်းတွေနဲ့  ပေါင်းပြီး ကဗျာတွေ စာတွေ ရေးတာပေါ့ဗျာ ။ ၁၉၆၀ - ၁၉၇၀ လောက်က ခေတ်စားခဲ့တဲ့ ဒီအနုပညာဟာ အခုတစ်ဖန် ဘာကြောင့် ထပေါက်ရသလဲ ? ပြောပြီပေါ့ မာဂျိုရီ။ အခုကျွန်တော်တို့ ခံစားနေရတဲ့ မြို့ပြတိုက်ခန်းဝန်းကရှောင်ကျဉ်လိုတဲ့စိတ်နဲ့  ၁၉၆၀ က အနုပညာရှင်တွေရဲ့  ဆင်ခြေဖုံး ခင်တွယ်စိတ်တို့  တူနေတယ်။

- ဇော်ဇော်ထွန်း