ရောဘတ်ကယ်လီ (Robert Kelly) ရဲ့ အင်တာဗျူးကို ခင်ဗျားတို့ဖတ်ကြည့်ရင် သူဟာ ကဗျာပေါ်မှာ ဘယ်လောက် နှစ်မြုပ်ထားသလဲ၊ လူငယ်သွေးသစ်တွေအပေါ်မှာဘယ်လောက်စေတနာထားသလဲဆိုတာ တွေ့ရပါလိမ့်မယ်။ သူဟာပုံရိပ် အပြင်းစားတွေရဲ့ ”ခေါင်းကိုင်အဖ” ပါပဲ။ ဒါပေမယ့်သူဟာ DI (Deep Image) အတွက် ကြော်ငြာမထိုးခဲ့ပါဘူး။ ကဗျာကိုပြင်းပြင်းပြပြယုံကြည်သူတစ်ဦးရဲ့နောက်မျိုးဆက်အတွက် စကားတစ်ချို့ဟာ မျိုးဆက်သစ်နဲ့ ကွန်တမ်ပိုရာရီတွေအတွက် သူ့မှာ ပြောစရာတွေအတော်များများ ရှိနေပုံပါပဲ။ ကယ်လီရဲ့ လိုင်းပေါ်က အင်တာဗျူးမှာတော့ ကဗျာဆရာငယ်တွေအတွက် ဘာများပြောစရာရှိသလဲ (Could you give any advice to young poets?) အကြံပေးစရာရှိသေးလားဆိုတော့ ကယ်လီက ဒီလိုပြောခဲ့တယ်။
“ကျုပ်ကိုကျုပ်ပြောမိတဲ့ စကားလေးကိုပဲ သူတို့ကို ပြောချင်ပါတယ်။ နေ့တိုင်းရေးပါ။ စိတ်ကူးထဲကို ရောက်လာတဲ့ဘာပဲဖြစ်ဖြစ် အဲဒါနဲ့ စပြီးရေးပါ။ ကိုယ့်မှာ ပြောစရာမရရှိတဲ့ပုံပြင်တွေကို စွတ်ပြီးပြောမနေပါနဲ့။ ခင်ဗျားရဲ့လက်အောက်က အလိုအလျောက်ကျလာတဲ့ စကားလုံးတွေ၊ ပုံရိပ်တွေက သူတို့အကြောင်းကို သူတို့ဘာသာပြောတဲ့ဇာတ်လမ်းတွေကိုသာ ရေးဖို့ကြိုးစားပါ။ ပြီးတော့ ဘာသာစကား (Language) ကိုလေ့လာပါ၊ အဆင့်အတန်းမြင့်ပြီး ရှေးဆန်တဲ့ ဘာသာစကားလေ့လာမှုကို ရည်ရွယ်တာ မဟုတ်ဘူး။ ဥပမာအားဖြင့်ငါဟာ ”Aeschylus” လို စာကြီးပေကြီးတွေ ဖတ်နိုင်ပါလားဆိုတဲ့ အခြေခံစိတ်ကို မွေးခိုင်းတာမဟုတ်ဘူး။ ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ ကိုယ်ပိုင်ဘာသာစကားကို လှုပ်ရမ်းပစ်စေတဲ့ စာပေမျိုးကိုလေ့လာပါ။ ခင်ဗျား စကားတွေ ပြောတိုင်းပြောတိုင်းမှာ ခင်ဗျားနဲ့ခင်ဗျားရဲ့ ဘာသာစကားကြားထဲမှာရှိတဲ့နေရာနဲ့ စကားလုံး သတ်မှတ်ချက်များ (space and terms) ကို ပြန်ပြီး ညိုနှိုင်းချိန်ဆပစ်ပါ။ မရှင်းလင်းတဲ့၊ ကွဲပြားမူမရှိတဲ့ စကားလုံးတွေရဲ့ ခင်များကို လာလှုပ်ခတ်တဲ့ အဲဒီ စိတ်လူပ်ရှားမှု (ဝါ) အဲဒီ မသေချာမူတွေ အတွက် ဘာသာစကားကို လေ့လာပါ။ ပြီးတော့ အခြားသောဂီတ အမျိုးအစားတွေအတွက်ပါရောပြီး ဘာသာဗေဒ ကိုလေ့လာပါ။ အဲဒီလိုလေ့လာရာမှာ ကြီးမားတဲ့ အန္တရယ်ကတော့ ဘာသာစကား ချောမွေ့ပြေပြစ်မူပဲ။ ဒါကို “danger of fluency” လို့ခေါ်တယ်။ အဲဒီနေရာမှာ ပုံမှန်ကို ဆန့်ကျင်တဲ့ အဖြတ်အတောက် (ဝါ) အရပ်အနားနဲ့ ထပ်ကျော့ပြောဆိုမှု (pauses and repetitions ) ကိုသုံးပါ။ အဲဒါကို “stammer” လို့ခေါ်တယ်။
ကဗျာဆရာ ရေဘတ်ခရီလေ (Robert Creeley) ဟာ ဒီနည်းနဲ့ အမေရိကန်လားရစ် (American Lyric) တွေကို ပြန်ပြီးလေ့လာခဲ့တယ်။
သဒ္ဒါအထားအသို မှန်ပါစေ။ စာလုံးကိုယ်ကဝါကျထဲမှာ သွားထားတာမျိုးမဟုတ်ပဲ သူအလိုအလျောက် စလုံးကနေရာယူသွားတာမျိုးဖြစ်ပါစေ။ သဒ္ဒါမှန်တယ်ဆိုတာ အဓိပ္ပါယ်ရှိတာကိုဆိုလိုတာပဲ။ အဓိပ္ပါယ်ရှိတဲ့ နေရာတိုင်း (ဝါ) အရေးအသားတည်ဆောက်မူမျိုးတိုင်းမှာ မှန်ကန်တဲ့သဒ္ဒါရှိနေတတ်တယ်။ ဂရိတွေရဲ့ ဒဏ္ဏာရီလာ အချစ်ကဗျာ (Erato) ဆိုတာ လားရစ် ကဗျာတစ်မျိုးပါပဲ။ ဒီနေရာမှာ အချစ်ကဗျာအမျိုးအစား (Love poetry) ဆိုတာ သင်နဲ့ငါ ဒါမှမဟုတ် သူနဲ့သူမ အကြောင်း သီးသန့်ရေးတဲ့ချစ်ကြောင်းကြိုက်ကြောင်း ကဗျာကို ပြောတာ မဟုတ်ဘူး။ အချစ်ကဗျာ (Love Poetry) ဆိုတာလိုချင်တပ်မက်မှု (wanting) ဒါမှမဟုတ် သတိရတမ်းတမှု (remembering) ချည်းသီးသန့်မဟုတ်ပါဘူး။ သာယာချမ်းမြေ့မှုကို ဖြစ်ပေါ်စေတာ (being in pleasure) ရဲ့ အကြောင်းကိုရေးဖွဲ့တာဟာ အချစ် (Love poetry) ပါပဲ။ ကဗျာရဲ့ဂုဏ်ရည်၊ ချစ်ခင်ဖွယ်စရိုက်ဆိုတာက ဘာကိုဆိုလိုသလဲဆိုတော့ ခင်ဗျားရဲ့ ဆန္ဒကို ထင်သာမြင်သာရှိအောင် တည်ဆောက်ပြ ခြင်း (Embodiment of desire) ပါပဲ။ ဘယ်လိုနေရာမှာ ရှိသလဲဆိုတော့ လက်ရှိကျေနပ်မှု ပေးစွမ်းတဲ့စာသားမျိုး (Text as present pleasure) ဒါမှမဟုတ် ကြည်နူးမှုကို ဖြစ်အောင်ဖော်ပြတာမျိုး (Presence of pleasure) ဖြစ်တယ်။ ကျုပ်ဘယ်လိုစာမျိုးကို ဖတ်သလဲဆိုတော့ အစုံပါပဲဗျာ။ စာအုပ်အားလုံးကို စုံအောင်ဖတ်တဲ့အကျိုးကဘာလဲ။ ဒါတွေအားလုံးကို ပြန်ရေးချဖို့ မဟုတ်ဘူး။ ကျုပ်က “ဂရမ္မာ” ကိုချစ်တယ်။ ထို့နည်းတူစွာပဲ ရာဇဝင်တွေ၊ သမိုင်းမှတ်တမ်းတွေ (ဝါ) နှစ်ချုပ်မှတ်တမ်းတွေ (Annals) ။ဘာသာဗေဒရဲ့ မူလအရေးအသားနဲ့ စကားလုံးပြောင်းလဲလာပုံ အဆင့်ဆင့်ကို လေ့လာတဲ့ “etymologies” တွေ၊ အဖြစ်အပျက်နောက်ကြောင်းလိုက် “case histories” သမိုင်းဖြစ်စဉ်တွေ၊ ဆင်ခြေအကြောင်းပြုတည်ဆောက်ထားတဲ့ မှန်မှန်ကန်ကန်မဟုတ်တဲ့ သီအိုရီတွေကို လေ့လာတဲ့ “Theological speculations” တွေ၊ ပါးစပ်ပြော အိပ်ယာဝင် ရာဇဝင် (Folklore) တွေ၊ အဘိဓါန်တွေအားလုံးကို ကျုပ်ကချစ်တယ်။ ဖတ်တယ်။ လေ့လာတယ်။ ဒီလိုဖတ်တဲ့အတွက် အကျိုးကျေးဇူးကဘာလဲ။ ကျုပ်က စကားလုံးတစ်လုံး (ဝါ) စားလုံးလေး တစ်လုံးကို ကျုပ်ခေါင်းထဲက ဆွဲထုတ်လိုက်တာနဲ့တပြိုင်နက် သူနဲ့ သက်ဆိုင်တာတွေအားလုံး အစီအရီ ခေါင်းထဲက ထွက်လာတော့တာပဲဗျို့။ ဒါကကျုပ်ဖတ်တဲ့ အရာတွေနဲ့ ပတ်သက်တဲ့ ခံယူချက်ပါ။ ကဗျာဆရာဆိုတာနဲ့ ပတ်သက်လို့ ကျုပ်ကိုအဓိပ္ပါယ်ဖွင့်စေချင်တာလား။
သွေးသစ်တွေအတွက် ကျုပ်ရဲ့ ကဗျာဆရာ အပေါ်အဓိပ္ပါယ်ဖွင့်ဆိုဖို့ရာ ကျုပ်က နှစ်မျိုးနှစ်စားသော အရာတွေ “ကဗျာဆရာ”ဆိုတဲ့ နာမ်မှာ ကိန်းဝပ်နေတယ်လို့ယူဆတယ်။ တစ်မျိုးက မျှော်လင့်ခြင်းမဲ့ပေးဆပ်မှု (Generosity) ပါ။ ခင်ဗျားမှာရှိတဲ့ ဘာမဆိုပေးလှူဖို့ အသင့်ဖြစ်နေတာမျိုးဆိုရမယ်။ အဆက်မပြတ် ပြောတယ်။ ထွေးအန်ပစ်တယ်ဗျာ။ ကမ္ဘာကြီးကိုပြန်ပေးဆပ်တာ။ ဘာမှရလိုမှုမျိုးမပါပဲနဲ့ကို ကဗျာတွေကို လုပ်နေတာ။ လှူဒါန်းမှုတစ်မျိုးလိုပေါ့။ ချားလ်အိုဆင်က မြင်းတွေကိုသကြားခဲကျွေးခြင်းဖြင့် ကဗျာဆရာ ဘဝကို စတင်ပါလို့ဆိုတယ်မဟုတ်လား။ နောက်တစ်ခုက ကျေးဇူးသိတတ်မှု (ဝါ) အသိအမှတ်ပြုမှု (Reverence) ပါ။ အရာအားလုံးနဲ့ ကွဲပြားမှုတွေရဲ့အားကို အသိအမှတ်ပြုရမယ်။ သေးငယ်တဲ့အရာကို ကျေးဇူးသိမှာဖြစ်သလို ကြီးမားတဲ့ အရာကိုလည်း အခြားအရာတွေကို ဖုံးမသွားအောင်မျှမျှတတ ဖြစ်စေရမယ်။ “fair” ဖြစ်စေရမယ်။ နာကျည်းမှု ဒါမှမဟုတ် ခါးသီးမှုကို ရွေးချယ်စရာမလိုဘူး။ ရှောင်ရှားရမယ်လေ။ လျစ်လျူရှုခံရခြင်း (Neglect) နဲ့ ဆင်းရဲမွဲတေမှု (Poverty) နှစ်ခုပေါင်းထားတာထက်ကိုနာကျင်ခါးသက်မှု (Bitterness) က ကဗျာဆရာကို သေစေနိုင်တယ် မဟုတ်လား။ အဲဒီအရာကြီးကို မရွေးချယ်မိစေဖို့တော့ လူငယ်တွေကိုပြောချင်တယ်။ အမေရိကက လူငယ်ကဗျာဆရာတွေရဲ့ လက်ရာကောင်းတွေအတွက် ကျုပ်အများကြီးပီတိဖြစ်ရပါတယ်။
ကဗျာဆရာငယ်တွေ (ဝါ) ကဗျာဆရာအသစ်တွေ (Young Poets) လို့ကျုပ်က အမည်ပေးတဲ့ ကဗျာဆရာအသစ်တွေဆိုတာ အသက်နှစ်ဆယ်၊ သုံးဆယ်ဆိုတဲ့ အသက်ငယ်ငယ် ကဗျာဆရာတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ဘာသာဗေဒနဲ့ပတ်သက်ပြီးအသစ်ရှိတဲ့လူတွေအားလုံး၊ လတ်ဆတ်တဲ့ Image ရှိသူတွေအားလုံး၊ တီထွင်ဖန်တီးမှုဖြစ်စဉ်နဲ့ သမားရိုးကျထဲက ခွဲထွက်သူတွေအားလုံးကို ကြီးကြီးငယ်ငယ် ကျုပ်က ကဗျာဆရာအသစ်တွေလို့ ဆိုချင်ပါတယ်။ ဂျက်ဆင်မက်ကလိုး ( Jackson Mac Low ) ဟာ အသက်ရှစ်ဆယ် အရွယ်မှာ Young Poet ဖြစ်နေတုန်းပဲ။ ထို့နည်းတူစွာပဲ သောမတ်စ်မီယာ (Thomas Meyer) ဗျာ။ ခြောက်ဆယ်ကျော်မှာ “Young Poet” ဖြစ်တုန်း။ ကျုပ်ကို စိတ်လှုပ်ရှားစေသူ (ဝါ) ကျုပ်ကို သင်ပြပေးသူ (ဝါ) ကျုပ်ကို လေ့လာစေသူဟာ ကျုပ်အဖို့တော့ “Young Poet” ပါပဲ။ နာမည်တွေတော့ မပြောတော့ပါဘူး။ ကျုပ်ကံကောင်းတာက ကျုပ်အနားမှာအဲဒီလိုလူတွေရှိနေပြီး သူတို့က ကျုပ်က ဆက်လုပ်ဖို့ထိန်းထားနိုင်ကြတယ်။ တစ်ချို့ကဗျာဆရာတွေဟာ ကျုပ်လေးစားလေ့လာနေပေမယ့် Young Poets တွေနဲ့မတူပဲ ကျွန်တော်တို့ အပေါ်မှာ အများကြီးလွှမ်းမိုးနိုင်တဲ့ ကဗျာဆရာတွေလည်း ရှိပါသေးတယ်။ သူတို့ဟာ တည်ဆောက်မှုအသစ်တွေကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့သူတွေပေါ့ဗျာ။ ဥပမာ မာလာမေ (Mallarme)၊ ပေါင်း (Pound)၊ စတိန်း (Stein)၊ အိုဆင် (Olson)၊ ဒန်ကန်း (Duncan) နဲ့ ဖရန့်အိုဟားရာ (O’ Hara) တို့လိုတွေနဲ့ ကျုပ်နဘေးက ဆရာကလေးတွေပေါ့ဗျာ။ ကဗျာပေါ်မှာ နေထိုင်ပစ်ဖို့ ကျုပ်တို့ အခွင့်အရေးရှိတယ် (We have a chance to live in Poetry) ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီလူတွေရှိနေခဲ့လို့ပဲ။
ရောဘတ်ကယ်လီပြောတဲ့ "Deep Image"
ကျုပ်တို့အဲဒီမှာရှိခဲ့တယ်။ အဲဒီအခါသမယဟာဖြင့်ထူးခြားတဲ့ ကာလအပိုင်းအခြားတစ်ခုပေါ့ဗျာ။ နယူးယော့ ဆိုတာ အဲဒီတုန်းက လေထုထဲမှာ စွမ်းအင်တွေအများကြီးရှိနေခဲ့သလိုပါပဲ။ အဲဒီတုန်းက ဂိုဏ်းနှစ်ဂိုဏ်းရှိတယ်။ အဲဒီတုန်းက ကဗျာကိုလေ့လာတဲ့သူတွေဆိုရင် သိလိမ့်မယ်။ တစ်အုပ်စုကတော့ တရားဝင်ကဗျာဂိုဏ်း (official poetry of that time) လို့ ခေါင်းစဉ်တပ်နိုင်တဲ့အုပ်စုပါ။ ရောဘတ်ဖရော့စ် (Robert Frost) နဲ့ သူ့ကို ကိုးကွယ်တဲ့ လူတွေရဲ့အစု။ သူတို့ဟာအဲဒီခေတ်က အမေရိကန်အစိုးရက ကိုယ်စားပြုနိုင်ငံခြားတွေဘာတွေ လွှတ်ခဲ့တဲ့ကဗျာဆရာအစု ပေါ့ဗျာ။ သူတို့ကို ကျုပ်တို့ကတော့ အကယ်ဒမစ် (Academics) တွေရယ်လို့ ခေါ်တယ်။ သူတို့ထဲက အများစုဟာ ကျောင်းကောင်းကောင်းမှာ ပညာကောင်းကောင်းသင်ခဲ့ဖူးကြတယ်။ အဲဒီထဲက တချို့ကို ကျုပ်နှစ်သက်ပါတယ်။ ဥပမာ ရောဘတ်လိုးဝဲလ် ရဲ့ အစောပိုင်းကဗျာတွေနဲ့ အီးဗားဟတ်(ထ) (Eberhart) ရဲ့ အလယ်ပိုင်းနှစ်တွေကရေးတဲ့ ကဗျာတွေကို ကြိုက်မိတယ်။ စာသားတွေထဲမှာ ပါပါတွေကျန်နေသေးတယ်ဆိုတာရဲ့အကောင်းဆုံး သက်သေတွေပါပဲ။ ဒါပေမယ့် သူတို့လုပ်နေတာတွေအကုန်လုံးကို ကျုပ်မကြိုက်ခဲ့ဘူး။ ဖရော့စ်နောက်လိုက်အုပ်စုတွေက အဲလီးယတ် (Iliad) ထဲက စာသားတွေကို နေရာပြောင်းတည်ဆောက်ဖို့ကြိုးစားကြတယ်။ အဲဒီကဗျာဆရာတွေက အင်္ဂလိပ်ရိုးရာကဗျာတွေနဲ့ ဆက်စပ်မှုရှိခဲ့တဲ့အတိုင်း လောင်းရိပ်မိနေခဲ့တယ်။
ကျုပ်က မီလတန် (Milton) တို့၊ ဂျွန်ဒုန် (Done) နဲ့ ဘလိတ် (Blake) တို့ရဲ့ အရိပ်က လှုပ်မရအောင်အဖမ်းခံထားရတဲ့ ကျုပ်ကဗျာကို ဖော်ပြဖို့ (ဝါ) ချပြဖို့ သိပ်ကိုခက်ခဲလွန်းခဲ့တယ်။ အဲဒီလို နာကျင်မိတဲ့အခြေအနေမျိုးလည်း ရှိခဲ့ပါရဲ့။ (၁၉၅၀ မတိုင်ခင်အခြေအနေက အမေရိကားမှာ ကဗျာအတွက် တက္ကသိုလ်တွေ ၊ကောလိပ်တွေ သိပ်မရှိပါဘူး။ ၁၉၅၀ နောက်ပိုင်းမှာ ကဗျာနဲ့အနုပညာအတွက် ကောလိပ်နဲ့တက္ကသိုလ်တွေလှိုင်လှိုင်ပေါ်ခဲ့တယ်။ ခုတော့လည်း ပုံမှန်ထဲကထွက်ဖို့ကြိုးစားတဲ့ (Eccentric) ကဗျာသမားတွေ၊ ပုံမှန်ရေးနေကျ ကွန်ဗင်းရှင်းနယ် (Conventional) သမားတွေရော၊ အဆန်းအသစ် (Experimental) တွေ၊ ရိုးရာ (Traditional) တွေရော ကျောင်းတွေ "School" တွေမှာပေါင်မုန့်တွေ ရကုန်ကြပြီဗျ။ အလယ်ခေတ်ကို ပြန်ရောက်သွားသလိုမျိုးဗျ။ ဘုန်းကြီးကျောင်း/ဘုရားကျောင်းကိုသွားပြီး စာတွေရေး၊ ဖတ်၊ တွေးတောကြသလိုမျိုး။) စကားကို ပြန်ဆက်ရရင် အဲဒီဖရော့စ်နဲ့ နောက်ပါတွေကနိုင်ငံတော်ကဗျာဆရာတွေလို အဖွဲ့တစ်ဖွဲ့၊ နောက်တစ်ဖွဲ့က ဘဝအကြောင်းတော့ရေးပါရဲ့။ ဒါပေမယ့်အလှဓါတ်နည်းတယ်။ ဝီလျံ (Charles Williams) တို့၊ ဒီလန်သောမတ်(စ) (Dylan Thomas) တို့အုပ်စုပေါ့။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ တစ်စုံတစ်ခုကို ရှာဖွေခဲ့ပါတယ်။ ကျုပ်အနီးအနားမှာရှိနေတဲ့ ကမ္ဘာကြီးကို ကျုပ်အနားမှာရှိနေတဲ့ ကမ္ဘာကြီးအဖြစ်နဲ့ပဲ ထားချင်တယ်။ ဒါပေမယ့် အစွန်းထွက်သိသာထင်ရှားမှု (Intensity) နဲ့ ထူးခြားဆန်းသစ်မှု (Strangeness) ကို ပေါင်းထည့်မယ်ဗျာ။ အဲဒီမှာ ကျုပ်ဟာ မိတ်ဆွေတချို့ကို တွေ့ခဲ့ရတယ်။ အဲဒီမှာ ဂါစီယာလိုကာ (Lorca) ရဲ့"duende" ကို ရေးထားတဲ့ အက်ဆေးကို သွားတွေ့တယ်။ ခုချိန်ထိ ကျုပ်တို့ဖန်တီးခဲ့တဲ့လက်ရာတွေကိုရင်ခုန်နေတုန်းပဲ။ ဒါကိုကျုပ်က "Deep Image" လို့ ခေါ်ခဲ့တယ်။ စိတ္တဇမြင့်မားမှု (ဝါ) ဆိုက်ကိုလော်ဂျီ Deep ဖြစ်ဖို့ တောင်းဆိုတာမဟုတ်ဘူး။ ဘာသာဗေဒတည်ဆောက်မှု "Deep" ဖြစ်တာ။"Deep structure of Linguistics" ကို ဆိုလိုတယ်။ ရုပ်ပုံဖန်တီးမှုလည်း "Deep" ဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရုပ်ပုံဟာ အရာဝတ္ထု (thing) လို့သာအခေါ်ခံရပြီး အမြင်နဲ့ကြည့်လို့မရတဲ့ အတွက်ပါ။
အတွေ့အကြုံတစ်ခုစီဟာ
ကမ္ဘာကြီး တစ်ခုစီဖြစ်ရဲ့
မင်းပေးတဲ့တစ်ခုလေ။
နံနက်ခင်းတစ်ခုစီဟာ
နေရာများစွာကိုထားခဲ့
အစပြုရန်အတွက်
အဲဒီအရာက
ပုံသဏ္ဍာန်၊
လေထု
ဟာ အဲဒီအရာကို ဆွဲထုတ်ယူတယ်
ငါတို့ရဲ့ အမှောင်ထု
အတွင်းဆီက အိပ်စက်မှု၊
ငါတို့ရဲ့အစားအစာ
ဒီလမ်း
ဖွင့်ထားရဲ့
ဒီနေရာအပြင်ဘက်ဆီက
ဒီစာလုံးတွေဆီကပေးတဲ့အသံထွက်တွေ
ပုံမှန်အားဖြင့်ကြီးထွား
လူတစ်ဦးရဲ့ နှလုံးသားကိုပေါ်ပေါက်အောင်လုပ်ရန်
ဒီအဝါရောင်ထဲ၌
အဲဒီအကျွမ်းတဝင်ရှိသောနှင်းဆီ၏
ဒီသင်္ဘောက ရွက်လွှင့် & ဒီလေကတိုက်ခတ်
& ဒီဝင်ရိုးအလင်းတန်းက ငါတို့ကိုစူးစမ်းရဲ့
ပမာအားဖြင့် ငါတို့ဘယ်ဆီဘယ်ဝယ်သွားနေသလဲ?
သူမရဲ့နှစ်လိုဖွယ်ပါရာဒိုင်းဆီသို့
ခြေလှမ်းငယ်များစွာနှင့် အတူလျှောက်ခဲ့
တချိန်ထဲမှာပဲ လက်နှစ်ဖက်နဲ့ဆုပ်ယူပွေ့ဖက်
(ခလေးငယ်၏ခြေထောက်များဖြင့်ထိခတ်)သူမ၏ အရာဝတ္ထု
တိုတောင်းသောဂရုစိုက်မှု
သူမ၏လုံလောက်မှုကို ဥပမာအားဖြင့် ဖော်ပြပါ
၏လော ? မဟုတ်ပါ၊
ဒါပေမယ့် သင်္ဘောစာရေးရဲ့ အလုပ်ခန်းက အဝါရင့်ရောင်သစ်သား
အဲဒီပျဉ်ပြားတွေရဲ့ပါးလျလွန်းတဲ့ခေတ်မီခြင်း
(မေပယ်ပင်ရဲ့သစ်သားနဲ့ငါဟာ အတူတကွကြီးပြင်း)
ဟာ ငါ့ကိုအထီးကျန်မှုသီးသန့်သာလုပ်ပေးခဲ့။ ငါ သူမကို ကြည့်ပစ်ခဲ့တယ်။
သံလိုက်တုံးလို ဒါပေမယ့် အပူ-ရှာဖွေခြင်း
သူမ ရှာဖွေခြင်း၊ ချိတ်တွယ်ခဲ့၊ လှည့်ပတ်နေခဲ့
ကြိယာ မဟုတ်၊ လှေကလေးကဆီကို လောင်မြိုက်
အိမ်ရဲ့မြောက်ဖျားက အသိဥာဏ်မြင့်မားတဲ့ရေများအသွင်သို့
- ကောက်နှုတ်ချက်။ ရောဘတ်ကယ်လီ၏ "The Gruise of the Pnyx-1970"
ရောဘတ်ကယ်လီဟာ သူ့ရဲ့ကဗျာစာအုပ်အဖွင့်စာမျက်နှာမှာပဲ ကဗျာတည်ဆောက်ပုံ Form "ပုံသဏ္ဍာန်" နဲ့ပတ်သက်ပြီး အကျယ်တဝင့်ဆွေးနွေးထားခဲ့တယ်။ ကဗျာနဲ့စကားပြေကြားထဲက ရေးဟန်တစ်ခုဖြစ်တဲ့ လော်ဂါအိုးဒစ်စကားပြေသံစဉ် (Logaoedic Prose-song) ကို သူ့ရဲ့ကဗျာစာအုပ် (The Cruise Of) မှာ သုံးထားတယ်လို့ဆိုပါတယ်။ အဲဒါကို ခွဲခြားပြဖို့အတွက် ညာဘက်မာဂျင်မျဉ်းကို တပြေးညီစာလုံးစီပြီး ဘယ်ဘက်ကမာဂျင်မှာတော့မညီမညာဖြစ်နေပါမယ်။ "Irregular at the left" လို့ ရောဘတ်က ဆိုပါတယ်။ စကားပြေရေးဟန်ကိုသုံးတဲ့အပိုဒ်တွေကိုတော့ လေးထောင့်အတိပုံစံ (Squared-off Prose) စကားပြေပုံစံ လုပ်ထားပါတယ်။ ကဗျာစစ်ဟန်ကိုတော့ ဘယ်ဘက်မာဂျင်က တညီတည်းစပြီး ထွက်ပါတယ်။
ဒီနေရာမှာ လော်ဂါအိုးဒစ်ကို ကျွန်တော်တို့အနေနဲ့ အနည်းငယ်သိဖို့လိုပါတယ်။ ဆိုလိုတာက ကဗျာနဲ့စကားပြေ (Poetryand Prose) ကြားမှာ လော်ဂါအိုးဒစ်ရေးဟန်တစ်ခု ရှိနေတယ်ဆိုတာပါပဲ။ မာရီအမ်ဝက်(ဘ)စတာ အဘိဓါန်ကတော့ မီတာများရောနှောထားတဲ့ အရေးအသား (marked by the mixture of several meters) လို့ ရေးပါတယ်။ သူ့မှာရှိတဲ့ ရစ်သမ်ဟာ ဒက်တယ်လ် (dactyls) နဲ့ ထရိုခီ (trochees) အရောဖြစ်ဖြစ်၊ အနာပက်စ်(တ) (anapests) နဲ့ အမ်းဘစ် (Iambs) ဖြစ်ဖြစ် ရောပြီးရေးတဲ့ဟန်ပဲ ဖြစ်တယ်။ ရောဘတ်ကတော့ ကဗျာနဲ့စကားပြေနှစ်ခုကြားထဲကဘုရင်မ (Queen of Between) လို့ ရေးပါတယ်။ ကဗျာလိုပဲ လိုင်းတွေအဖြစ် ဖြစ်ပေါ်တည်ရှိတယ်။ စာသား (context) မှာတော့ ယူနစ်အဖြစ် ရှိပြီး ဖော်ဆောင်သရုပ်ပြချက် (Performance) ကိုလည်းကဗျာနည်းတူ ပြုမူတယ်လို့ ဆိုတယ်။ စကားပြေလိုပဲ အသံထွက် ဖတ်တဲ့အခါ ကြိုက်တဲ့နေရာမှာအသက်ရှူရပ်နားလို့ရပြီး အမူအယာဖော်ပြချက်တွေပေါ်ကို အလျင်အမြန်လိုက်တဲ့ အမှုကို ပြုတယ်။ ရစ်သမ်ပုံစံ အတိအကျရှိဖို့မလိုဘူး။ တစ်မျိုးတည်းသော အချက်မှန်စနစ် မီတာကနေ သွေဖယ်ပြန်တယ်။
ဂျာရတ်မန်လေဟုပ်ကင်း (Gerard ManleyHopkins) ရေးတဲ့ သူ့ရဲ့ကဗျာများ (Poems of Gerard Manley Hopkins) ရဲ့ စာမျက်နှာရှစ်မှာတော့ ဂျာရတ်ဟာ လော်ဂါအိုးဒစ်ကို သူအသုံးပြုလေ့ရှိတဲ့ "Sprung Rhythm" နဲ့ ခိုင်းနှိုင်းမှုတွေလည်း လုပ်ခဲ့ပါသေးတယ်။ "In Sprung Rhythm, as in logaoedic rhythm generally, the feet are assumed to be equally long or strong and their seeming in equaily is made up by pause on stressing" လို့ ဂျာရတ်ကရေးထားပါတယ်။ ကဗျာစာအုပ်တွေရဲ့ ကဗျာရေးသူအမှာစာမှာ ဂျာရတ်ရဲ့ ဒီရစ်သမ်ကို ဖွင့်ဆိုရှင်းလင်းတဲ့အမှာစာဟာ ကဗျာစာအုပ်တွေထဲမှာတော့ နည်းစနစ်ကို အကျအနရှင်းတဲ့ အမှာဖြစ်ပါတယ်။ ဂျာရတ်ဟာ ၁၈၈၉ မှာ ကွယ်လွန်သွားတယ်လို့သိရပြီး လော်ဂါအိုးဒစ်အရေးအသား စပယ်ရှယ်လစ် ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။ ရောဘတ်ကယ်လီကတော့ ( ၆၀ ) ခုနှစ်များမှ ဒီလော်ဂါအိုးဒစ်ဟန်ကို တလှည့်ပြန်သုံးတာဖြစ်တယ်။ ကဗျာ၊ စကားပြေ၊ လော်ဂါအိုးဒစ် အားလုံးကို ကဗျာတစ်ပုဒ်ထဲမှာ ရောသုံးသွားတဲ့ ရောဘတ်ကယ်လီရဲ့ ''The Cruise of the Pnyx'' ဟာ ကွန်တန်ပိုရာရီအုပ်စုထဲ ထည့်သွင်းတာကို ခံရပါတယ်။
Ref: Gerard Manley Hopkins ''Poems of Gerard Manley Hopkins"
RoberKelly "The Cruise of the Pnyx"
- ဇော်ဇော်ထွန်း