ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကွန်ဆက်ကျူရယ် - Conceptual (14)

ဒီတော့ မြို့ကြီးပြကြီးကို ရှောင်လိုစိတ်က ဝင်လာရော။ အဲဒီမြို့ကြီးပြကြီးဆိုတာက အရင်းရှင်အဝန်းအဝိုင်း မဟုတ်လား။ ဒီတော့ ရှောင်ချင်တဲ့ရပ်ဝန်းက စီးပွားရေးရဲ့ အရင်းရှင်ကမ္ဘာ (ဝါ) ရပ်ဝန်း (The Bourgeois World of Business) ဖြစ်တယ်။ ၆၀ ခုနှစ်က Fluxus တွေကလည်း အဲဒီလိုပဲစိတ်ရှိခဲ့တယ်။ ဒီတော့ သွားငြိတာပေါ့လေ။ နောက်ထပ် ရှောင်ချင်တဲ့ ရပ်ဝန်းတစ်ခု ပါလာတယ်။ အဲဒါကတော့ တက္ကသိုလ်ကျောင်းရပ်ဝန်းပါပဲ။ ဒါလည်း အခုလူငယ်တွေနဲ့ တူညီနေတယ်။ ဒီတော့ သူတို့ဟာရှိနေတဲ့ အနုပညာကမ္ဘာကြီးကို လိုက်လျောမှုပေးဖို့ ကြိုးစားတယ်။ အဲဒီအခါမှာ -
            ၁။ ဟိုက်ပါရီရယ်လစ်ဇင် (Hyperrealism)
            ၂။ နီယိုပေါ့(ပ်) (Neo-pop)
တို့လို ကွန်ဆက်ချူရယ် အသွင်ကွဲပေါ်ကို လူငယ်တွေ အာရုံဝင်စားလာတယ်။ ဒီတော့ဟာ ကျွန်တော်တို့က အင်စတော်လေးရှင်း (ဝါ) ပါဖောမင့် လို့ ခေါ်တာဟာ “Fluxus” လှုပ်ရှားမှုပါပဲ။ ငဲ့ကြည့်ရပါတော့မယ်။ အိုကေ …. ၁၉၆၀ မှာ ကွန်ဆက်ချူရယ် အလွယ်တကူ လူတွေကိုပြန်ပြီး သိမ်းပိုက်တယ်။ အကွန်စီအကြောင်း နည်းနည်းထပ်ပြောရရင်တော့ သူဟာ အနက်ရောင်တောင်တန်း (Black Mountain School) နဲ့ ဘိ(ထ) မျိုးဆက်တွေကိုလည်း ရသပိုင်းကို အတွင်းကျကျ ဝေဖန်ပြောဆိုနိုင်သူဖြစ်တယ်။ နောက်ထပ်ထူးခြားတာ တစ်ခုကတော့ အကွန်းရဲ့ နောက်ပိုင်းလက်ရာ ဗွီဒီယိုပါဖောမင့်(စ)တွေဟာ ဒစ်ဂျစ်တယ်ကဗျာရဲ့ရှေ့ပြေးအလားအလာတွေ ဖြစ်နေခဲ့တယ်။ ဒါကို ကျွန်တော်တို့က နယူးဒစ်ဂျစ်တယ်ကဗျာလို့ ခေါင်းစဉ်တပ်တယ်။ ဂိုးစမစ်(ထ) တို့ အခုနာမည်ပေးထားတဲ့ ဖန်တီးမှုမဲ့” အရေးအသား”  (Uncreative Writing) ဆိုတာက ဘာလဲ? “Writing” လို့သုံးတယ်နော်။ အရေးအသားပဲ။ မဖန်တီးသော (ဝါ) တကူးတက အားထုတ်ဖန်တီးခြင်းမရှိသော အရေးအသားဟာဘာရည်ရွယ်ချက်နဲ့ ပေါ်လာတာလဲ။ ကျွန်တော်တို့ဗျာ …. ဘဝကြီးတစ်လျှောက်လုံး ရေးလာတဲ့ကဗျာတွေ၊ အရေးအသားတွေဟာ တစ်သက်လုံးကြီး ဖန်တီးမှုလို့ ယုံကြည်လာခဲ့တယ်။ ဒီဖန်တီးမှုကြီး လျှောလျှောရှူရှူရလာ/ကျလာ ဖို့အတွက် နည်းမျိုးစုံ သုံးခဲ့ကြတယ်။ ကိုယ်နဲ့တိုးတိုက်ပြီး ရေးခဲ့ကြတယ်။ အောက်လမ်းနည်းတွေ၊ ဆေးဝါးတွေမှီဝဲပြီး ဒီဖန်တီးမှုကြီး လျှောလျှောရှူရှူဖြစ်ဖို့ ဖြစ်ဖို့လုပ်တဲ့သူ လုပ်ကြတယ်။ အသက်နဲ့အလဲအထပ်လုပ်ပြီး ရေးသူရေးတယ်။ နည်းစနစ်တွေကိုသုံးပြီးဖန်တီးတယ်ဗျာ။ ဖန်တီးမှုကိုရဖို့အတွက် တစ်ယောက်လက်ရာကနေတစ်ယောက်ဆီ ထုံကူးတယ်ဗျာ။ ကိုင်းဆက်တယ်ဗျာ။ ပင်မှည့်တွေ ဘာတွေ ပြောကြတယ်ဗျာ။ ဘယ်လောက်ထိ မြင့်တက်သွားသလဲဆိုရင် ကဗျာဆိုတာ ဖန်တီးတာသက်သက်ဆိုတာတွေ ဖြစ်လာတယ်ဗျာ။ အခု ကက်နက်ကြီးက ဖန်တီးမှုမပါတဲ့ အရေးအသားလို့ဆိုတော့ ဒါဟာ ဖန်တီးတဲ့သူတွေကိုစော်ကားသလို ဖြစ်မနေဘူးလား။

ဂိုးစမစ် က ပြောပါတယ်။ ဒီကနေ့ အင်ဖော်မေးရှင်းတက်(ခ)နော်လော်ဂျီ (IT) ထွန်းကားလာတဲ့ခေတ်မှာ ကဗျာရဲ့အလုပ်ဟာ အသစ်ဖန်တီးထုတ်လုပ်ဖို့ မဟုတ်တော့ဘူး။ အသစ်ကိုပေးတယ်ဆိုတဲ့ အလုပ်ကို ကဗျာမလုပ်သင့်တော့ဘူး။ (ကျုပ်တို့ အသစ်တွေကို လိုတာထက်ပိုပြီး အများကြီးလုပ်ခဲ့ပြီးပြီ။ “We have too much already” တဲ့ ) ကဗျာက ကျုပ်တို့ကို ဖိအားပေး ရှုမြင်စေတာက ကျုပ်တို့တွေ့မြင်ခံစားနေရတဲ့ ဘာသာစကား ပတ်ဝန်းကျင်ကဘာနဲ့ တူသလဲဆိုတာကို ကြည့်ရှုဖို့တိုက်တွန်းတယ်။ အဲဒါ ဘယ်လောက် အံ့သြဖို့ ကောင်းသလဲဆိုတဲ့ အသိကို ပေးတယ်။ ကဗျာဟာ ဒါပဲလုပ်သင့်/လုပ်နိုင် တော့တယ်။ ဒီတော့ ရှေ့ကပြောခဲ့တဲ့ ဒူးရွန့်ရဲ့ အိမ်သာကြွေအိုးကြီးရဲ့ကွန်ဆက်ချူရယ်နဲ့ ဂိုးစမစ်ရဲ့ ကွန်ဆက်ချူရယ်၊ ဂျိုးဇက်ကြီးရဲ့ ကုလားထိုင်ရယ်ထဲမှာ ဘုံတူတာတွေကိုထုတ်ကြည့်တော့ “ရယ်ဒီမိတ်” အနုပညာကို တွေ့ရတယ်။ ဖန်တီးပြီးသားကို သုံးတာ။ “ကောက်ရပစ္စည်း” (Found Object) ကို အနုပညာလုပ်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေကို ပြတာ။ ကိုယ့်အနီးနားက သတင်းစာ/မိုးလေဝသခန့်မှန်းချက်/ဆေးဖော်မြူလာ တို့ကို ကဗျာလုပ်တယ်။ ဒါက Fluxu တွေရဲ့ ဝါဒတစ်ခု။

            ဂိုးစမစ်ဟာ သူ့ရဲ့ နာမည်ကျော် “Weather”  ကဗျာစုကို ဘယ်ကရသလဲ။ ရှေ့မှာ ပြောတဲ့အတိုင်းပဲ နယူးယော့ခ်တိုင်း(မ)ရဲ့ စာသားတွေကိုပြန်ကူးခဲ့တယ်။ ရာသီဥတု မိုးလေဝသခန့်မှန်းချက်တွေ ပါဝင်တယ်။ ဒီကဗျာကို သူ “တည်” မိတာက CP ကို အစပျိုးသူ “ဒွါကင်” ကြောင့်ပဲ။ ဒွါကင်ဟာ အကွန်စီရဲ့ အစောပိုင်းလက်ရာများကို အဲဒီတုန်းကမသိဘူး။ ဒါပေမယ့် ဒွါကင် ထုတ်ဝေတဲ့ စာအုပ်ထဲမှာ အကွန်စီရဲ့ မိုးလေဝသ ဖော်ပြချက်အရေးအသားပါတယ်။ “၁၉၆၈” အရေးအသားနော်။ အဲဒီတုန်းက ဒီလိုရေးဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ကြည့်ရအောင်။

1. The sun rises today, Thursday, December 26, 1968.
2. At 7:18 A.M., sets at 4:34 P.M., and will rise
3. tomorrow at 7:18 A.M. The moon sets today at 11:49
4. rises at 12:10 P.M. tomorrow and will set tomorrow
5. at 12:38 A.M. Warmer weather and clear to cloudy skies
6. will cover most of the eastern portion of the nation
7. today while snow is expected to fall on the western
8. lake region, the Northern Plains States, and from
9. the upper Mississippi Valley to the plateau region.

၁။ ယနေ့တွင် နေမင်းသည်မြင့်တက်လျှက်ရှိကာ၊ ကြာသာပတေးနေ့၊ ဒီဇင်ဘာလ ၂၆၊ ၁၉၆၈ ဖြစ်သည်။
၂။ ၇:၁၈ ၊ နာရီတွင် နေထွက်၍ ညနေ ၄:၃၄ မိနစ်တွင် နေဝင်ပြီး နေထွက်ပေါ်လိမ့်မည်
၃။ မနက်ဖြန် ၇:၁၈ (နံနက်ပိုင်း) တွင်။ ယနေ့၌ လသည် ၁၁:၄၉ ၌ ဝင်သည်
၎။ မနက်ဖြန် ၁၂:၁၀ (မွန်းလွဲပိုင်း) တွင် ထွက်ပေါ်၍ မနက်ဖြန်တွင် ဝင်သည်
၅။ ၁၂:၃၈ (နံနက်ပိုင်း) အချိန်၌။ ရာသီဥတုမှာ ပူနွေး၍ ကောင်းကင်၌ တိမ်ကင်းစင်ခြင်းမှ တိမ်ထူထပ်မှု
၆။ အများအားဖြင့် နိုင်ငံ၏အရှေ့ပိုင်းဒေသတွင် ဖုံးအုပ်လျှက်ရှိမည်
၇။ ဒီကနေ့မှာ အနောက်ပိုင်းနှင်းများနှင်းများ ခေတ္တခဏ ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားသော နေရာ
၈။ ကန်သာယာဒေသ၊မြောက်ပိုင်းမြက်ခင်းလွင်ပြင် ပြည်နယ်များ၊ နှင့် အစပြုရာနေရာ
၉။ အပေါ်ပိုင်း မစ်စစ္စပီတောင်ကြားမှနေ၍ ကုန်းမြင့်ဒေသအထိ။

            အထက်က အရေးအသားကတော့ “အကွန်စီ” ရဲ့လက်ချက်ပါ။ ဒါကို ဒွါကင်က စာအုပ်ထဲကို ထည့်တယ်။ ကက်နက်က အရေးအသားကတော့ ရာသီဥတု “Weather” ကို လုပ်တယ်။ အကွန်စီက အထက်ပါ အချက်အလက်တွေကို “Act 3 Scence 4”  လို့နာမည်ပေးခဲ့တယ်။ ရေဒီယိုက ရာသီဥတုကြေငြာချက်ကို မှတ်ပြီး အချက်အလက်ထုတ်ပေးခဲ့တယ်။ နောက်ထပ် သုံးဆယ့်ငါးနှစ်အကြာမှာတော့ ဂိုးစမစ်ဟာ ၂၀၀၂ ဒီဇင်ဘာ ၂၁ ရက်နေ့က စပြီး ၂၀၀၃ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ရာသီဥတု ကြေငြာချက်တွေကို တစ်နာရီခြားတစ်ခါ မှတ်တမ်းတင်ပြန်တယ်။ ဒါကြောင့် ကက်နက်ဟာ “ရာသီဥတု” ကို ရသွားတယ်။ ဒါက ရိုးရှင်းလှတဲ့ အနုပညာ ထုံကူးမှုတစ်ခုပါပဲ။ ဒါကြောင့် မာဂျိုရီဟာ “How uncanny” လို့ သုံးခဲ့ပါတယ်။ အကွန်စီရဲ့“စာမျက်နှာတစ်ပေါ် ဖုံးအုပ်ထားသော ဘာသာစကား” ရဲ့ စာမျက်နှာ (၃၈၈ မှ ၃၉၇) အထိစာမျက်နှာပေါင်း (၁၀) မျက်နှာမှာ ဘာတွေပါသလဲဆိုတော့ တယ်လီဖုန်းဆက်သွယ်မှုမှတ်တမ်းတွေ ပါဝင်တယ်။ စာကြောင်းတွေကို အလျားတူတည်ဆောက်ပုံမျိုး တည်ဆောက်ထားတယ်။ အကွန်စီဟာ ၁၉၇၀ တုန်းက သုံးမိနစ်စာရှိတဲ့ ဗွီဒီယိုလေးကို ရိုက်တယ်။ နံရံကိုသူကျောပေးထားပြီး သူက ရှေ့ကနေ လမ်းလျှောက်တယ်။ တစ်တန်းပြီး တစ်တန်းလျှောက်သွားပုံလေးပါပဲ။ နံရံအုတ်ကွက်ကို ဖြည့်နေပုံမျိုးပေါ့။ “နေရာလွတ်အားဖြည့်ပေးခြင်း” (Filling Up Space) လို့ သူခေါင်းစဉ်တပ်လိုက်တယ်။

ဒါ မေးခွန်းတစ်ခု ဖြစ်လာတယ်။ ဒီလို ပုံတူလုပ်နိုင်သူတွေ ကျွန်တော်တို့ မြို့ငယ်လေးမှာတောင် တစ်ရပ်ကွက်တစ်ယောက် အနည်းဆုံးရှိတယ်ဆိုတော့ “အနုပညာ” ဆိုတာ ဒီလောက် လွယ်ရဲ့လား? မဟုတ်ပါဘူး။ ကက်နက်နဲ့ အကွန်စီ ကွဲပြားချက်ရှိပါတယ်။ ကက်နက်ဟာ ရေဒီယိုရဲ့ ကြေညာချက်အချက်အလက် ကိုချည်းသက်သက် ပြန်ကူးခဲ့တာ မဟုတ်ဘူး။ ဒါက ကက်နက်နဲ့ အကွန်စီ ကွဲပြားတဲ့အချက်ပါပဲ။ ကေဂျီ (KG) ဘာလုပ်သလဲ? ကြေညာသူရဲ့ စကားပြောဟန်တွေ၊ စကားဆက်တွေပါ တည်ပစ်ခဲ့တယ်။ စာမျက်နှာ (၂၆) မှာတော့ -
            “အား, ဒီလိုဗျာ ဟို ခရစ်စ္စမတ် သီချင်းဟောင်းလေး တစ်ပုဒ်ရှိတယ်ဗျ…”နှင်းပေးကျလိုက်စမ်းပါ။ နှင်းပေးကျလိုက် စမ်းပါ ဒီနေ့ခင်းတော့ မဟုတ်ပါဗျာ။ တိမ်အများအပြားဖုံးနေပါတယ်။ နှစ်ဆယ့်ခြောက် ဒီဂရီ ဒါပေမယ့် မြင်တယ်ဆိုရင် ဒီညမှာ ပိုဝေးရာကို ရွေ့ကိုရွေ့ရမှာပေါ့ဗျာ။ ဒါကြောင့် တိမ်ပြန့်ကျဲသွားမယ်ဗျ။ တစ်ဆယ့်ငါးအောက်က နှစ်ဆယ်ထိ၊ ပြီးတော့တိမ်တွေက မနက်ဖြန် ဒီအတိုင်းပဲ ပြန်ဖြစ်ဦးမယ်ဗျ။” (စာ-၂၆)

ဒါပါပဲခင်ဗျ။ မဟာဇနက္ကရဲ့ဆွေတော်မျိုးတော် ကွန်ဆက်ကဗျာသမားတွေ “အကူး” ကောင်းပုံကတော့ တွေ့တဲ့အတိုင်းပါပဲ။ ဂိုးစမစ်ဟာ သူ့ရဲ့ ရာသီဥတု (Weather) ကို သူတို့ရဲ့ တကယ့်ဥတုတွေအတိုင်း အခန်းကြီးလေးခန်း ဖွဲ့စည်းတယ်။ ဆောင်း ၊နွေဦး ၊နွေ၊ ဆောင်း စသည်ဖြင့်ပေါ့လေ။ ဒီတော့ ဒီလို ပြန်ကူးပေးတယ်ဆိုတာက ဘာကြီးလဲ။ ပုံမှန်အတိုင်းဆို မှတ်တမ်းတင်ပေးတယ်ပေါ့။ ဘာထူးခြားလို့လဲ။  လေး ငါးတန်း ခလေးတစ်ယောက် လုပ်နိုင်တဲ့ အလုပ်မျိုးပါ။ ဒါက ပုံမှန်အမြင်နဲ့ကြည့်ရင် ကဗျာလဲမဖြစ်ဘူး။ အရေးအသားလဲ မမြောက်ဘူး။ ဒေါသဖြစ်စရာကြီးပါဗျာ။ ဒါပေမယ့် အဲဒီလိုလဲ မဟုတ်သေးဘူးလေ။ လူတွေဟာ ဘာပဲလုပ်လုပ် ရည်ရွယ်ချက်လေး ရှိရမယ်။ ကျွန်တော်အမြဲပြောသလို “အရူးထခြင်း” မမည်ဘူးပေါ့။ မာဂျိုရီက ထောက်ပြတယ်။ အသံလွှင့်ရုံတွေက လွှင့်တဲ့ရာသီဥတု ခန့်မှန်းချက်တွေဟာ နောက်တစ်နေ့မှာ တကယ်မဖြစ်ပါဘူးတဲ့။ အဲဒီလို အတိအကျ လိုက်ကူးနေတဲ့သူမရှိလို့သာ ကျွန်တော်တို့ သတိမထားမိတာ။ မှားတယ်။ “often wrong” ပါတဲ့။ သက္ကရာဇ် ၂၀၀၂နွေဦးမှာတော့ အမေရိကန်အသံလွှင့်ရုံတွေက ရာသီဥတု ခန့်မှန်းချက်တွေဟာ သူတို့သမိုင်းမှာတစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ပါတော့တယ်။ အဲဒါက ဘက္ကဒက်ရဲ့ ရာသီဥတုကို ကြေညာပေးပါတယ်။ အီရတ်စစ်ပွဲ ဆင်နွှဲသူတွေ အဆင်ပြေအောင်ပေါ့။


- ဇော်ဇော်ထွန်း