ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကာရန်ပြဿနာတစ်ခု

ကဗျာဝါသနာပါသော မိတ်ဆွေတစ်ဦးထံမှ စာရောက်လာ သည်။ သူ့စာတွင် ‘ ပြောလိုက်ပါဘိ - ဟောပါဘိ ’ ကဗျာပါ ကာရန်တစ်ချက်နှင့်စပ်လျဉ်း၍ ထင်မြင်ချက်တောင်းပါသည်။ တောင်းပုံမှာ ( ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း ၊ မင်း၏သက်လယ်၊ မင့်သားငယ်သည်၊ သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ ) ဟူသော ပထမပိုဒ်၌ ‘ငယ်’ နှင့် ‘ဆယ်’ တို့ကို ကာရန်ဟပ်ရာတွင် ကာရန်ချွတ်နေသလား။ ပုံနှိပ်စာစီအမှားပေလားဟု မေး၍၊ ထင်မြင်ချက်တောင်းခြင်းဖြစ်ပါသည်။ ထိုကာရန်ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်သိစေလိုသဖြင့် အောက်ပါအတိုင်း တင်ပြပါသည်။

ကဗျာတွင် ‘မင့်သားငယ်သည်’ ဟူသောပါဒတွင်၊ ပထမစာပိုဒ်စာကိုယ်တွင် နောက်ဆုံးပါဒဖြစ်သည်။ ‘သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ’ ဟူသောပါဒသည် အချပါဒဖြစ်သည်။ စပ်ထုံးစည်းကမ်းအရ စာကိုယ်နောက်ဆုံးပါဒရှိ တတိယစာလုံးနှင့် အချပါဒရှိဒုတိယစာလုံးတို့သည် ကာရန်ညီရန်လိုပါသည်။ ဤတွင် ကျွန်တော့်စာ၌ တမျိုးဖြစ်နေ၍ ၊ ကာရန်မညီ၊ ချွတ်နေပြီဟု ဆိုလိုဟန်တူပါသည်။ စပ်ထုံး စည်းကမ်းနှင့် ညှိလျှင် ထိုသို့ပင်ဆိုရန်ရှိသဖြင့် အဆိုမှန်၍ ကျွန်တော်၏ အစပ်ကာရန်ချွတ်သည်ဟုဆိုနိုင်ပါသည်။ သို့ရာတွင် မျက်စိအမြင်၌သာ ကာရန်ချွတ်နေပုံပေါ်နေသော်လည်း၊ နားအကြား၌ကား ကာရန်မချွတ်သည်ကိုသိနိုင်ပါသည်။ ကာရန်ဆိုသည်မှာ အသံကို ဆိုလိုသည်။ တဖန် ကာရန်သည် အသံဖြစ်သောကြောင့်၊ ကာရန်သည် အဓိကအားဖြင့် မျက်စိအတွက်မဟုတ်။ နားအတွက်သာဖြစ်သည်။ ဤကား … ကဗျာတွင် ကာရန်၏တာဝန်အတွက် သဘာဝစည်းကမ်းဖြစ်သည်။ ထို့ကြောင့် နားအကြား၌ ထောင့်၍ မနေလျှင်၊ ထိုသဘာဝစည်းကမ်းနှင့် ညီ၍ ဆို၍ကောင်းတတ်သည်။ ဆို၍ကောင်းလျှင်ကာရန်မချွတ်နိုင်ဟု ယူသင့်သည်။ ဤအချက်သည် ကဗျာ့ကာရန်ဆိုင်ရာသဘောတရားဖြစ်သည်ဟု ကျွန်တော်ယူဆသည်။ စပ်ထုံးစည်းကမ်းဆိုသည်မှာ စင်စစ်အားဖြင့် ၊ သဘာဝစည်းကမ်းမှ ဆင်းသက်လာရသော စည်းကမ်းမျိုးသာဖြစ်သည်။ ဤအချက်ကို သတိပြုစေချင်သည်။ စာကိုယ်နောက်ဆုံးပါဒရှိ တတိယစာလုံးနှင့် အချပါဒရှိ ဒုတိယစာလုံးတို့ ကာရန်ညီလျှင်၊ ဝါ၊ အသံညီလျှင် နားထောင်၍ ကောင်းတတ်သည်ဟူသော သဘာဝစည်းကမ်းကို အကြောင်းပြုလျက်၊ ရှေး ဆရာ့ဆရာများသည် ဆိုခဲ့သည့်အတိုင်း တတိယစာလုံး၊ ဒုတိယစာလုံးတို့ ကာရန်ညီရသည်ဟု စပ်ထုံးစည်းကမ်း ချမှတ်ခဲ့ခြင်းဖြစ်ရာသည်။ စပ်ထုံးစည်းကမ်းကို လိုက်နာခြင်းရှိသင့်သည်။ ထိုစပ်ထုံးစည်းကမ်းဆင်းသက်လာရာဖြစ်သော သဘာဝစည်းကမ်းကိုလည်းမျက်ခြည်မဖြတ်သင့်ဟုယူဆပါသည်။ အထက်ပါကာရန်နှစ်ခုသည် စပ်ထုံးအနေအထားအားဖြင့် စပ်ထုံးစည်းကမ်းအရ ကာရန်ချွတ်နေသည်မှာ ဟုတ်ပေသည်။ သို့ရာတွင် ရွတ်ဆိုကြည့်လျှင်မူကား ကာရန်မချွတ်သည်ကိုတွေ့နိုင်သည်။ ‘နှစ်ဆယ်’ ဟူရာ၌ စကားပြောကြသောအခါ၊ နှစ် ဟူသောအသံတစ်ခု၊ ဆယ် ဟူသောအသံတစ်ခုဟူ၍ အသံခွဲ၍ မပြောတတ်ကြပါ။ ‘နဆယ်’ ဟူ၍သာ အသံနှစ်ခုကို တစ်သံနီးပါးဖြစ်ဘိသကဲ့သို့ပြောတတ်ကြပါသည်။ ဤတွင် ‘နှစ်ဆယ်’ ၌ တစ်သံနီးပါးကဲ့သို့သောအသံရှိနေသည်ကို သိနိုင်သည်။ ထိုအခါနှစ်ဆယ် အသံသည် နားအကြားအားဖြင့်၊ အချပါဒရှိ ဒုတိယစာလုံးနေရာနိုက်လည်း မြည်နေသည်ကိုကြားနိုင်ပါသည်။ ‘မင်း၏သက်လယ်၊ မင့်သားငယ်သည်၊ သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ’ ကို ရွတ်ဆိုသောအခါ သက် ၌တစ်ချက်နားပြီးမှ နှစ်ဆယ် သို့ကူးကြည့်ပါ။ ဆို၍မထောင့်သည်ကိုတွေ့နိုင်ပါသည်။ ဤပါဒကိုရေးစဉ်က ‘ နှစ်ဆယ်သက်ပင် ပြည့်ခဲ့ပြီ’ ဟုလည်း စမ်းကြည့်ခဲ့သည်။ ‘နှစ်ဆယ်သက်ရွယ် ရောက်ခဲ့ပြီ’ ဟုလည်း စမ်းကြည့်ခဲ့သည်။ စမ်းကြည့်ခဲ့သော အချပါဒနှစ်ခုသည် စပ်ထုံးစည်းကမ်းနှင့် ညီနေသည်ကို သိပါသည်။ သို့ရာတွင် ထိုပါဒနှစ်ခုပါစကားတို့သည် ပြောရိုးဆိုရိုးလည်း မဟုတ်၍၊ နားထောင်၍လည်း မကောင်းဟု ထင်မြင်သောကြောင့်၊ အများသိစပ်ထုံးစည်းကမ်းကိုမလိုက်ဘဲ၊ မူလဖြစ်သော သဘာဝစည်းကမ်းကိုလိုက်လျက် ပြောရိုးဆိုရိုးလည်းဖြစ်၍ နားထောင်၍လည်း ကောင်းသည်ဟု ထင်မြင်သောစကားတို့ကို ရေးခဲ့သည်။ ထို့ကြောင့် ‘သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ’ ဟူသော အချပါဒကို ရလာခြင်းဖြစ်သည်။ ကဗျာကိုဖြစ်စေ၊ စကားပြေကိုပင်ဖြစ်စေ ရေးကြသောအခါ နားဖြင့်ရေးနိုင်မှသာလျှင် ပြေပြစ်တတ်သည်။ စိတ်ကူးဉာဏ်အစွမ်းဖြင့် ရေးစရာရလာပြီးသည့်နောက်၊ ထိုရေးစရာကို သီကုံးသောအခါ ကဗျာဆရာသည် နားကိုအဓိကထား၍ ရေးသင့်သည်။ ထိုသို့ရေးနိုင်မှလည်း …သုဘိသာမှုကိုရ၍ ပြေပြစ်သည်ဟု သဘောပေါက်ပါသည်။

အထက်ပါ စကားတို့ကြောင့် စပ်ထုံး၊ စည်းကမ်းကို ကျွန်တော်လုံးဝ ပယ်တတ်သည်ဟု မယူဆစေလိုပါ။ သာမန်အားဖြင့် လိုက်နာသည်ချည်းသာဖြစ်သည် ။ သဘာဝစည်းကမ်းနှင့်ညှိကြည့်သဖြင့် ချော်နေသည်ဟုသော်လည်းကောင်း၊ ပိုနေသည်ဟုသော်လည်းကောင်း၊ တင်းကျပ်လွန်း အားကြီးသည်ဟုသော်လည်းကောင်း၊ ထင်မြင်သော စပ်ထုံးစည်းကမ်းမျိုး၏အလိုကို လှေနံဓားထစ် အဓိပ္ပါယ်မကောက်လိုခြင်းသာဖြစ်သည်။ ‘သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ’ ကိစ္စတွင် ကာရန်ချော်သည်ဟု ယူဆချင်သော ပုဂ္ဂိုလ်မျိုးရှိတန်ရာသည်။ ဤတွင် လှေနံဓားထစ်သဘောကြောင့် ဖြစ်နိုင်သည်ဟုထင်သည်။ သဘာဝစည်းကမ်းအကြောင်းကို သူ့အားပြောပြနေသော်လည်း၊ သူလက်ခံချင်မှ လက်ခံမည်။ သူလက်ခံချင်လာအောင် ရှေးဆရာတို့၏စပ်ထုံး သာဓကနှစ်ခု သုံးခုလောက်ကိုပြရလျှင် ကောင်းမည်။

(က) ‘ပြောပြင်လှဘိ၊ တုမရှိသား၊ နရပတိရာဇာ၊ စောမြတ်စွာအား’ …
       (ယုဂန္ဓရ ချီ မျက်ဖြေလင်္ကာမှ ၊ ရှင်မဟာရဌသာရ)

(ခ) ‘ဖွင့်လှစ်ဋီကာ၊ အဌကထာပါဠိ၊ အောက်ထက်ညှိ၍’
     ( ရှင်မဟာရဌသာရ )

(ဂ) ‘မြတ်နိုးရိုသေ၊ လျှောက်ဆက်ပေအံ့၊ ပရမေသကျ ၊ ဂေါတမ၏၊ ထွန်းပ သာသနာ’ …
     ( နန္ဒမည်သာ ချီရတုမှ ၊ ကျည်းကန်ရှင်ကြီး )

အထက်ပါသာဓကတို့တွင် စပ်ထုံးစည်းကမ်း၏အလိုကို လှေနံဓားထစ်ကောက်ကြည့်လျှင်၊ ကာရန်ချွတ်နေသည်ကို တွေ့နိုင်သည်။ သို့ရာတွင် ရွတ်ဆို၍ ရသောကြောင့် ၊ သို့မဟုတ် ကာရန်ဆိုင်ရာသဘာဝစည်းကမ်းနှင့်ညီသောကြောင့်၊ ရှေးဆရာတို့ရေးခဲ့ကြသည်ဟု ထင်ပါသည်။ တဖန် ဆင်ခြင်ဖွယ်ရှိသေးသည်မှာ၊ စပ်ထုံးစည်းကမ်းတစ်မျက်နှာကိုသာ ကြည့်တတ်သဖြင့် စပ်ထုံးစည်းကမ်းအရ ကာရန်ညီပေသည်ဟု ဆိုနိုင်သော်လည်း၊ သဘာဝစည်းကမ်းကို အလေးမမူခဲ့သောကြောင့်၊ ဆိုလိုရင်းအဓိပ္ပါယ်ထွက်အောင် ရွတ်၍ဆို၍မရသော အစပ်သာဓကတစ်ခုကိုပြချင်သည်။

‘ပင်လယ်ဝသို့၊ လှေကလေးနှင့် ထွက်ခဲ့တယ်။’

အထက်ပါသာဓကတွင် ဝ နှင့် က သည် စပ်ထုံးစည်းကမ်းအရ ကာရန်ညီပါသည်။ သို့ရာတွင် ရွတ်ဆိုကြည့်စမ်းပါ ။ ဝ ကာရန်၌သာ အသံပြည့်မြည်၍၊ က ကာရန်၌ အသံပြည့် မမြည်ဖြစ်နေသည်ကို တွေ့နိုင်ပါသည်။ အကယ်၍၊ က ကာရန်၌ အသံပြည့်မြည်အောင် အားထုတ်လျှင်လည်း ဆိုလိုရင်းအဓိပ္ပါယ်မရတော့ပြီ။ ထို့နောက် အလျှင်းသင့်လှသဖြင့် ကာရန်ဆိုင်ရာသဘာဝ စည်းကမ်းအကြောင်းမှဆက်၍ဆိုချင်သေးသည်မှာ၊ လေးလုံးစပ်လင်္ကာမျိုး၌ ကာရန်တို့တွင် အသတ်တူသင့်သည်ဟုလည်းကောင်း၊ အထူးသဖြင့် လုံးကြီးတင်နှင့် ည သတ် မစပ်သင့်ဟုလည်းကောင်း၊ ဆိုကြသောစကားကို ကြားဖူးလိမ့်မည်။ စင်စစ်မှာ၊ ကာရန်သဘာဝစည်းကမ်းအရ ဆို၍လည်းကောင်းအောင် ကာရန်ညီနေသမျှ ကာလပတ်လုံး၊ ထိုစကားသည် ပိုနေသည်ဟုလည်းကောင်း ၊ ကဗျာဉာဏ်အတွက် အချုပ်အနှောင်တမျိုးဖြစ်နေသည်ဟုလည်းကောင်း၊ ယူဆချင်သည်။ မြန်မာကဗျာသည် အချုပ်အနှောင်တစ်ခုမှ လွတ်မြောက်နိုင်သည်ဟုသဘောပေါက်ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်လောက်ကပင်ဖြစ်သည်။ ဆင်ခြင်ကြပါရန် … ။

- ဇော်ဂျီ (ရှုမဝမဂ္ဂဇင်း)
- ကဗျာဆရာလင်းသက်ငြိမ်တင်ထားသော ဓာတ်ပုံများကို စာစီ၍ ပြန်လည်မျှဝေပါသည် ။

Image may contain: 1 person