ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ
Showing posts with label မင်းနဒီခ. Show all posts
Showing posts with label မင်းနဒီခ. Show all posts

သိမှု၊ ဥာဏ်ပညာနဲ့ အရှိတရား

သိမှု၊ ဥာဏ်ပညာနဲ့ အရှိတရား

            ကဗျာဟာ ဘယ်လိုအနေအထားမျိုးမှာ ရောက်ရှိလာတတ်ပါသလဲ။ ထမင်းစားရင်းနဲ့၊ လမ်းလျှောက်ရင်းနဲ့၊ စကားပြောရင်းနဲ့၊ အိပ်ပျော်နေရင်းနဲ့၊ အခြားသော အကြောင်းတမျိုးမျိုးနဲ့ဖြစ်စေ၊ ဘယ်လိုအနေအထားအမျိုးမျိုးနဲ့ ဖြစ်ဖြစ် ကဗျာဟာ ရောက်လာတတ်ပါတယ်။ တစ်ခုပါပဲ။ ကဗျာလာတဲ့အခါ ကျွန်တော်တို့ ဘက်မှ အဆင်သင့်ဖြစ်နေဖို့တော့ လိုမှာပေါ့။ အခုလည်း တရားတစ်ပုဒ်နာရင်းနဲ့ ကဗျာနဲ့ ပတ်သက်လို့ တွေးဖြစ်တာလေး ရေးဖြစ်မိပါတယ်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိစ္စမရှိတော့ပါဘူး။ ဘယ်အရာမှ မမြဲဘူးမဟုတ်လား။ အဲဒီလို မမြဲတဲ့အရာတွေထဲမှာ ကဗျာလည်း ပါပါတယ်။ ပုဂံခေတ်ဦးကနေ စတင်ခဲ့တဲ့ မြန်မာကဗျာဟာ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ ပျို့၊ မော်ကွန်း၊ ဧချင်း၊ အိုင်ချင်း၊ တျာချင်း၊ ကာချင်း၊ လေးချိုး၊ ဒွေးချိုး၊ တေးထပ်၊ ဘောလယ် ကနေ ဒီကနေ့ခေတ် မော်ဒန်၊ ပို့စ်မော်ဒန်၊ ခေတ်ပေါ်၊ ခေတ်ပြိုင်၊ Conceptual, LANGUAGE, Flarf, Digital, Slam, Installtion, Performance, Visual, Contemporary အထိ အဆင့်ဆင့် ပြောင်းလဲ ရွေ့လျားလာခဲ့တာလည်း မျက်မြင်ပါပဲ။ ဒီအထဲကမှ ခေတ်ကာလအလိုက် ပြောင်းလဲလာတဲ့ ကဗျာ ပုံသဏ္ဍာန် အမျိုးမျိုး၊ ကဗျာနည်းနာတက္ကနစ် အမျိုးမျိုးအပေါ်မှာ ကဗျာရေးသူ၊ ကဗျာဖတ်သူတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ အခုအချိန်ထိ ဂန္ထဝင် ကဗျာမှ နှစ်သက်သူ၊ ခေတ်ပေါ် ကဗျာမှ နှစ်သက်သူ၊ ခေတ်ပြိုင်ကဗျာမှ နှစ်သက်သူ စသည်ဖြင့် ရှိနိုင်သလို ဂန္ထဝင်၊ လေးလုံးစပ်၊ ခေတ်ပေါ်၊ ခေတ်ပြိုင်မခွဲခြားဘဲ ကဗျာမှန်သမျှ နှစ်သက်လက်ခံသူ၊ တန်ဖိုးထားသူတွေလည်း ရှိနေနိုင်ဦးမှာပါ။ ကဗျာနဲ့ ပတ်သက်လို့ ခေတ်တိုင်းမှာလည်း သူ့ပြဿနာနဲ့သူ ရှုပ်ထွေးခဲ့၊ ဖြေရှင်းခဲ့၊ ရင်ဆိုင်ခဲ့၊ ကျော်ဖြတ်ခဲ့ရတာလည်း အမှန်ပါပဲ။

ဒီနေရာမှာ ကဗျာနဲ့ ကဗျာဖတ်သူကြားက အကွာအဝေးကို ပြန်ကောက်ချက်ဆွဲရရင် ကဗျာအမျိုးအစားတစ်ခုဟာ သူ စတင် ပေါ်ပေါက်ဖြစ်ထွန်းရာ  သူ့ခေတ်ကာလတုန်းဆီက ကဗျာဖတ်သူအတွက် ခက်ခဲကောင်း ခက်ခဲခဲ့မှာ မှန်ပေမယ့် ဆယ်စုနှစ်တစ်ခုစာ ဖြတ်သန်း အပြီးမှာ အဲဒီ ကဗျာအမျိုးအစားဟာ ကဗျာဖတ်သူနဲ့ အကျွမ်းတဝင် ဖြစ်သွားပြီး လွယ်ကူတဲ့ ကဗျာတွေအဖြစ် ပြောင်းလဲရွေ့လျားလာပါတယ်။ ဒါဟာ ကဗျာဖတ်သူရဲ့ ကဗျာဖတ်ကျင့်နဲ့ ဆိုင်ပြီး ကဗျာဆရာဟာ ကဗျာဖတ်သူရဲ့ ရှေ့ကနေ ဆယ်စုနှစ်တခုစာအထိ ကြိုမြင်နိုင်တဲ့သူတွေ အဖြစ်ရောက်ရှိစေပါတယ်။ ဒါက အရေးအသားနဲ့ တင်ပြပုံအပိုင်းကို ကျွန်တော်မြင်မိ တွေးမိတာလေးပါ။ ဒီအတွေးကို နည်းနည်း ထပ်ချဲ့ ကြည့်မိတဲ့အခါ ကဗျာရေးသူတွေကို သရုပ်မှန်ကဗျာရေးသူ၊ မော်ဒန်ကဗျာရေးသူနဲ့ ပို့စ်မော်ဒန်ကဗျာရေးသူတွေအဖြစ် ထပ်ပြီး ပိုင်းခြား ကြည့်မိပါသေးတယ်။

သရုပ်မှန်ကဗျာရေးသားသူတွေဟာ လက်တွေ့အရှိတရားဆီ ရောက်အောင် သူတို့ပတ်ဝန်းကျင်ရဲ့ အထိအတွေ့ ရိုက်ခတ်မှု မြင်သိမှု တွေကတဆင့် စာပေအနုပညာတစ်ရပ်အဖြစ် စာ/ ကဗျာဖတ်သူဆီကို တိုက်ရိုက်ပေးပို့တယ်။ အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်သလို ဖန်တီး ဖွဲ့နွဲ့ တည်ဆောက်တယ်။ ဦးတည်ချက် ရည်ရွယ်ချက် တစ်ခုခုနဲ့ ပန်းတိုင်တည်ဆောက်ပြီး အဲဒီပန်းတိုင်ကို ရောက်အောင်သွားလေ့ ရှိတယ်။ ဇာတ်ပေါင်းရင် ဘယ်သူဘုရားလောင်းလဲ ဆိုတဲ့ မျှော်လင့်ချက်တွေ သင်ခန်းစာတွေ အဘိဓမ္မာတွေကို သဘာဝကျကျ ထည့်ပေးတယ်။ တကယ်တမ်းကျတော့ အဲဒီအရာတွေ အားလုံးဟာ ရှိပြီး ဖြစ်ပြီးသားတွေပဲ။ တနည်းပြောရရင် ဖတ်သူကို အရှိတရားဆီ ရောက်အောင် သတိပေးတာပါပဲ။ လွယ်လွယ်ပြောရရင် ဒါမျိုးတွေ ရှိနေတယ်လို့ လက်တို့လိုက်တာပါပဲ။ အမြင်သာဆုံးထုတ်နှုတ်ပြရရင် ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာတွေဟာ အထင်ရှားဆုံးဥပမာတွေပဲ ဖြစ်တယ်။ ဒီအထဲကမှ ရုပ်ရှင်၊ သီချင်းအဖြစ် ဆင့်ကဲပြောင်းလဲ အောင်မြင်ခဲ့တဲ့ “ပန်းပန်လျက်ပဲ” ကို ပြန်ဖော်ပြချင်ပါတယ်။ ဆရာ ဇော်ဂျီ ရေးဖွဲ့ခဲ့တဲ့ ဇာတ်ကောင် ဗေဒါပန်းလေးဟာ အပြင်လောကမှာ အမှန်တကယ်ရှိနေ၊ မြင်နေရတဲ့ အရှိတရားဖြစ်ပါတယ်။ ဒါကို ဆရာက သူ့ရဲ့ ကဗျာအတတ်ပညာနဲ့ ရေးဖွဲ့ ဖန်တီးပြလိုက်ပါတယ်။ ဒါကို ကဗျာဖတ်သူ ကျွန်တော်တို့က သိမှုပြန်လည်တည်ဆောက်ပြီး လောကဓံနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ပြီး ကဗျာထဲက ရလာတဲ့ အလင်းပွင့်မှုကို ရယူကြရတာပါ။ ပြန်ဖတ်ကြည့်ပါ။

ညိုပြာပြာ လတာပြင့် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွှ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ။
အယက် အကန် ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။ ။

(ဆရာဇော်ဂျီ)
တက္ကသိုလ်အိုးဝေမဂ္ဂဇင်း(၁၉၆၀)

            နောက်တစ်ပုဒ်အနေနဲ့လည်း ဆရာကြည်အောင်ရဲ့ လူတစ်ယောက် မျောက်တစ်ကောင်ကဗျာကို ထုတ်နှုတ်ပြချင်ပါသေးတယ်။ နောက်ထပ်လည်း ဒီလိုသရုပ်မှန်ကဗျာတွေ အများကြီး ဖတ်ခဲ့ရဖူးတာကို ပြန်အမှတ်ရကြပါလိမ့်မယ်။

စည်းနဲ့ ဗျောက်
ချွင် ခေါက်
မျောက်ကား
မင်းသား
တေး ဟစ်ကြော်
လမ်းပေါ်သွား
လူကား
သူတောင်းစား။

(ကြည်အောင်)
၁၉၇၈

           မော်ဒန်(ဝါ) ခေတ်ပေါ်ကဗျာရေးသူတွေကျတော့ သိမှုကို အခြေခံတယ်။ သူတို့ဟာ သူတို့သိထားသမျှတွေကို ဘယ်တော့မှ တိုက်ရိုက်မပြောဘူး။ သူတို့ဟာ အရှိတရားက သက်သက်၊ သိမှုက သက်သက်လို့ အမြဲတွေးတယ်။ တကယ်လည်း ဟုတ်နေတာပါပဲ။ သိမှု တိုင်းဟာ အရှိတရားမဖြစ်နိုင်သလို တကယ့်အရှိတရားတိုင်းကိုလည်း ဗုဒ္ဓမြတ်စွာဘုရားကလွဲလို့ အလုံးစုံ သိနိုင်တဲ့သူ မရှိသေးဘူး။ ဒီတော့ မော်ဒန်သမားတွေဟာ သိမှုကို ချဲ့ထွင်ပြီး လမ်းကြောင်းအမျိုးမျိုးနဲ့ အရှိတရားကို ချဉ်းကပ်တယ်။ မော်ဒန်သမားတွေဟာ အရာရာကို သံသယအမြင်နဲ့ မေးခွန်းထုတ်တယ်။ ဒီတစ်ခုဟာ ဒါအပြင် နောက်ထပ်တစ်ခုမဖြစ်နိုင်ဘူးလား ဆိုတာမျိုးလည်း စဉ်းစားတယ်။ မော်ဒန် သမားတွေရဲ့ ဝေဝါးထွေပြားမှုနဲ့ မသိစိတ်က ထွက်ကျလာတတ်တဲ့ စကားလုံးတွေဟာ အရှိတရားဆီကိုပဲ ဦးတည်သွားတာတော့ သေချာ ပါတယ်။ မော်ဒန်သမားတွေဟာ စနစ်တကျသေချာမှုကို သဘောမတူဘူး။ အရာအားလုံးဟာ ဖရိုဖရဲဖြစ်နေတယ်။ ဥာဏ်ပညာ ရင့်သန်လာ တာနဲ့အမျှ နောက်ထပ်ကမ္ဘာတစ်ခုကို ရှာဖွေနေသလိုမျိုး နောက်ထပ်တိုးဝင်လာမယ့် သိမှုတစ်ခုခုကို မျှော်လင့်နေတယ်။ မော်ဒန် သမားတွေဟာ ဒါတွေကို စာ/ ကဗျာ/ အခြားအနုပညာတစ်ရပ်ရပ်နဲ့ Art Work တစ်ခုခုဖန်တီးတဲ့ အခါမှာလည်း ဘယ်တော့မှ ပန်းတိုင်ကို မဖော်ပြဘူး။ ခံစားချင်သူက ကိုယ့်ဘာသာတည်ဆောက်ယူရတယ်။ ခံစားသူရဲ့ သိမှုရှိသလောက်ပဲ မော်ဒန်လက်ရာတွေဟာ ပန်းတိုင် အဖြစ် သတ်မှတ်လို့ ရတယ် ဆိုရမလိုပါပဲ။ ဒါကြောင့် မော်ဒန်လက်ရာတွေဟာ ခံစားသူသိမှု နည်းပါးရင် နည်းပါးသလောက် နားလည်ဖို့ ခက်ခဲလေ့ ရှိနေတာကိုလည်း တွေ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မော်ဒန်သမားတွေရဲ့ နောက်ဆုံးဆန္ဒကလည်း အရှိတရားဆီကိုပါပဲ။ မော်ဒန်(ဝါ) ခေတ်ပေါ်ကဗျာတွေကို ထုတ်နှုတ်ပြရရင်တော့ အများကြီးရှိနေမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပေါ်ကဗျာရဲ့ ယေဘုယျ အချက် အလက်တွေကိုက ထွေပြားတယ်။ ရိုးရိုးစင်းစင်းမဟုတ်။ သိပ်သည်းတယ်။ ကျဲတဲတဲမဟုတ်။ ကျယ်ကျယ်ဝန်းဝန်းလွှမ်းခြုံတယ်။ မကျဉ်းမြောင်း။ ရိပ်ကာဝဲကာပြောတယ်။ တိုက်ရိုက်မပြော။ဧကန်သဘောတရားဆောင်တယ်။ ပြုအပ်တဲ့ တရားမဆောင်။ အကွက်သဘော ဆောင်တယ်။ မျဉ်းသဘောကို မဆောင်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာထဲကမှ ထင်ရှားတဲ့ကဗျာတွေဖြစ်တဲ့ ဆရာ မောင်လေးအောင်ရဲ့ နစ်ကဆင်နှင့် စစ်တုရင်ကစားခြင်း၊  ဆရာ မောင်ချောနွယ်ရဲ့ ငါး၊ ဆရာ လှသန်းရဲ့ နွေဦးက ဘယ်တော့မွေးမှာလည်း ကဗျာတွေကို ထုတ်နှုတ်ပြချင်ပါတယ်။

ညက
အိပ်မက်ထဲမှာ
ငါ... နစ်ကဆင်နဲ. စစ်တုရင်ကစားတယ်။
နစ်ကဆင်ဟာ
မာတနီသောက်လိုက်
ဆေးပြင်းလိပ်ဖွာလိုက်
ဒိန်ခဲစားလိုက်
စစ်တုရင်ရွှေ.လိုက်...။
ငါ.ပုလင်းထဲမှာ
ကောက်ညှင်းအရက် ဆယ်ပက်
ခပေါင်းတစ်ဗူး
ခြူးတစ်လိပ်နဲ.။
နစ်ကဆင်
အရင်ရွှေ.ကတည်းက အမှား
အလကားပဲ...။
နစ်ကဆင်ရဲ. 'ကင်း '
ငုရင်သီဘင်း တော်လှန် ' ကွင်း' နဲ.ချက်တယ်
ဘယ်ပြေးထွက်မလဲ...။
(မောင်လေးအောင် / နစ်ကဆင်နှင့် စစ်တုရင် ကစားခြင်း ကဗျာမှ)
မိုးဝေမဂ္ဂဇင်း

တစ်ဘဝလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့် မိတော့ စကြဝဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့။

( မောင်ချောနွယ်/ ငါး ကဗျာမှ)

ငါတို့ရှာဖွေခဲ့တဲ့ အနွေးဓာတ်
ငါတို့ရဲ့ သွေးအေးမှုများ
ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြန်နွှေးနေရတဲ့ နေ့တွေ
ဒါနဲ့ နွေဦးက ဘယ်တော့ မွေးမှာလဲ။

ငါတို့ရဲ့ ချဉ်ခြင်းတပ်မှုများ
ငါတို့ရဲ့ အပူအစပ်ရှောင်ခဲ့ပုံများ
ငါတို့ရဲ့ နေ့စေ့လစေ့ သန္ဓေသား
ဒါနဲ့ နွေဦးက ဘယ်တော့ မွေးမှာလဲ။

ငါတို့ ဆုံးရှုံးခဲ့တဲ့ နှောင်ကြိုးများ
ငါတို့ ဆင်းသက်မိတဲ့ ထောင်ချောက်များ
ငါတို့ ပိတ်မိသွားတဲ့ နှောင်အိမ်များ
ဒါနဲ့ နွေဦးက ဘယ်တော့ မွေးမှာလဲ။

ငါတို့ရဲ့ မျက်ရည်ပေါက်ကြီးငယ်များ
နွေဦးက ဘယ်တော့ မွေးမှာလဲ။
ငါတို့ စတေးခဲ့တဲ့ နေ့စွဲများ
နွေဦးက ဘယ်တော့ မွေးမှာလဲ။
ငါတို့ရဲ့ချွေးများ
နွေဦးက ဘယ်တော့ မွေးမှာလဲ။

(လှသန်း/ နွေဦးက ဘယ်တော့မွေးမှာလဲ)
ချယ်ရီ၊ ဧပြီ၊ ၂၀၀၁

ပို့စ်မော်ဒန်ကဗျာရေးသူတွေ၊ ခေတ်ပြိုင် Contemporary ကဗျာရေးသူတွေကရော ဘယ်လိုလဲ ဘယ်ထိသွားမှာလဲလို့ တွေးမိတဲ့ အခါ သူတို့ မျှော်လင့်တာကလည်း အရှိတရားပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အရှိတရားက တစ်မျိုးဖြစ်တယ်။ မော်ဒန်ဝါဒရဲ့ သိမှုဆိုင်ရာ တည်ဆောက်ချဲ့ထွင်မှုကို ငြင်းဆန်တယ်။ သိမှုဆိုင်ရာတည်ဆောက်မှု အဆောက်အဦအပြင်ဘက်က လက်ရှိကမ္ဘာကို လိုချင်တယ်။ ဥပမာ- လူတစ်ယောက် ရပ်နေတယ်။ ဒါ တကယ်မဟုတ်ဘူး။ ယာယီရပ်နေတာပဲ ဖြစ်တယ်။ စားပွဲပေါ်မှာ ဖန်ခွက်တစ်လုံး ရှိနေတယ်။ အစစ်အမှန် မဟုတ်ဘူး။ စားပွဲရော ဖန်ခွက်ရော ယာယီပဲ။ ပို့စ်မော်ဒန်သမားတွေဟာ သူတို့လက်ရာတွေကို ဗဟိုချက်မဲ့စေတယ်။ သိမှုကို အတွင်းကျကျ တည်ဆောက်ပြီး ပို့စ်မော်ဒန် လက်ရာတွေကို ပြုလုပ်တယ်။ တကယ်ရှိနေတဲ့ အရာတွေရဲ့ နောက်ကွယ်က အရှိတရားကို ဖော်ထုတ်ဖို့ ကြိုးစား တယ်။ ပို့စ်မော်ဒန်လက်ရာတွေဟာ သိမှုကို လက်လွတ်စပယ် ဘယ်တော့မှမဖန်တီးဘူး။ စနစ်တကျအတည်ပြုထားတဲ့ သိမှုတွေနဲ့ တည်ဆောက်တယ်။ မသိစိတ်ဆိုတာ ပို့စ်မော်ဒန်သမားတွေမှာ မရှိဘူး။ နောက်တစ်ခုက မေးခွန်းတွေ။ ပို့စ်မော်ဒန်သမားတွေဟာ အဖြေ မရှိတဲ့ မေးခွန်းတွေ လက်ရှိအဖြေနဲ့ မလုံလောက်တော့တဲ့ မေးခွန်းတွေကို နှစ်သက်တယ်။ အရှိတရားရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာ ပို့စ်မော်ဒန်သမားတွေ အသိချင်ဆုံးမေးခွန်းပဲ။

ပြွတ်သိပ်ကျပ်ညျပ်နေတဲ့ လူ့အဖွဲ့အစည်းအစွန်အဖျားမှာ ရှေးဟောင်းရာဇဝင်ဘတ်စ်ကား
ဆင်ခြင်မှုအဓိကဝါဒနီးပါးနဲ့ ဖွဲ့စည်းထားတဲ့
(ဘာပဲဖြစ်ဖြစ်) အခုထိ မမွေးသေး
အသက်ပိုရှည်ဖို့ အရေးကြီးတယ် သြဝါဒလိုလို အမိန့်လိုလို
‘သာမန်ဘဝတွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ဝါဒ ၉/၁၁’
အဲဒီလိုဆို ကဗျာကြီးဟာ မှောင်လိုက်မယ့် ဖြစ်ခြင်း

‘ကျွန်တော်ဟာ သူရဲကောင်းမဟုတ်ရိုး အမှန်ပါ’ဟု ဝန်ခံကြောင်း
ဥရောပဟာ အရေိကန်ကို အကြွေးတင်သလို
သူ့လောဘဟာ သေအထိ ကံကို အကြွေးတင်တယ်
မကိုင်တွယ်ရသေးတဲ့ အပြဲကြီးတွေ စိတ္တလူမှု
အင်အားမဲ့စွာ လက်ပိုက်မကြည့်ရင်
ကျောခိုင်းထွက်ခွာသွားရတယ် ရဝမ်ဒါ/ ကုလသမဂ္ဂ

ဘတ်စ်ကားပေါ်မှာလည်း ဗုံးဖောက်ခွဲကြတယ်
မိန်းကလေးတွေကိုလည်း နှာခေါင်းဖြတ်ပစ်တယ်
မွေးကင်းစကလေးငယ်တွေကိုလည်း
သေခြင်းချိုချို တိုက်ကျွေးတယ်

(ဇေယျာလင်း/ Your World Today ယနေ့ သင့်ကမ္ဘာ ကဗျာမှ)
ကဗျာဆိုတာပြုလုပ်ခြင်း၊ ၂၀၁၀

နေ့သည် လင်းလွန်းလှသည်။ အားစိုက်ရာ မရ။ အချိန်ဆက် ရွေ့နေဆဲမှာ ကြာ။
ပိုက်ဆံတွေ ပျက်ပြီ။ ရေဒီယို နာရီ စက်ပစ္စည်းများ နည်းတူ။
ရေခဲသေတ္တာထဲ အဆီခဲခဲ အနံ့မဲမဲခေတ်ကြီး
နေနှင့် ရှည်ကြာ မြက်ဖျားအဝါ
သစ်ရွက်တွေဟာ မပွင့်သေးတဲ့ ပန်းများ။

စိတ်ပါဝင်စားမှု ပြောင်းလဲရန် လိုအပ်သမျှ မျဉ်းကြောင်းများ
ရေးခြစ်ကြည့်ပါ
မှန်မှန် အားလုံးက မတူ။ မတူနိုင်။
ဖြစ်နိုင်ချေတစ်ခု၏နောက်ဆက်တွဲ အနာဂတ်များ
ချဉ်းကပ်ပုံအခြေခံ အထိုင်ထားတာကစ၍
ပထမလတွင် ယခုနှစ်နှင့် မနှစ်က။ ပြီးတော့ မပြောင်း။ ပြောင်းရန်မလိုဟု ယူဆထားပုံ
သူ့ကို မထိရ။ နောက် အဆက်အစပ်ပြတ်။

(ကျော်ဇောခိုင်/ နေ့များ။ နေထိုင်ခြင်းကဗျာမှ)
ကြာပန်းနှင့် နီသော ဇီဝဗေဒ၊ ၂၀၁၅

ငါတို့လက်တွေဟာ
ကိုယ့်လိင်တံတွေကို ဆုပ်ချင်ဆုပ်
ဒါမှမဟုတ်
သံဆူးကြိုးတွေကို မလွှတ်တမ်းဆုပ်လို့
မရဏကမ္ဘာဆီ
အတူသွားဖို့
ကတ်(Kurt) က
ငါတို့ကို ဖိတ်ခေါ်ခဲ့တယ်
ဂစ်တာကို ဘယ်လက်နဲ့တီး
ပြီးရင် သေနတ်မောင်းကို
ညာလက်နဲ့ဖြုတ်
လူငယ်ဘဝရဲ့
အနှစ်ချုပ်ကတော့
ဒီလောက်ပါပဲ
အလံတော်ကြီးအောက်မှာပဲ
ငါတို့ဂစ်တာတွေကို ထားရစ်ခဲ့တယ်
ငါတို့ဘဝတွေကိုတော့
သဲပူပူထဲမှ လိပ်ဥများပမာ
လက်ကြီးတစ်ဖက်က နှိုက်ယူသွားခဲ့တယ်
သင်၏ အဖဘုရားသခင် နိုင်ငံတော်။

(အောင်ခင်မြင့်/ နိုင်ငံတော်သီချင်း ၁၄ )

ဖော်ပြထားတဲ့ ခေတ်ပြိုင်ကဗျာသုံးပုဒ်ရဲ့ ကဗျာစာသားအချို့နဲ့ ကဗျာဖွဲ့ပုံ၊ ကဗျာလိုင်းဖြတ်ပုံ၊ အသုံးပြုထားတဲ့ စကားလုံးတွေကို အသေအချာ ဖျင်ဖျက်ပြီး တည်ဆောက်ကြည့်မယ်ဆိုရင် ပို့မော်ဒန်ကဗျာရေးသူ(သို့) ခေတ်ပြိုင်ကဗျာရေးသူတွေရဲ့ ကဗျာအပေါ်မှာ သိမှု တည်ဆောက်ပုံ၊ ပြင်ပလောကအရှိတရားတစ်ခုအပေါ်မူတည်ပြီး ကဗျာပြုလုပ်ပုံ၊ ကဗျာဖတ်သူအပေါ် မေးခွန်းထုတ်ပုံ၊ ကဗျာထဲမှနေ ပြင်ပလောကအရှိတရားကို လက်ခံထားပုံ စတဲ့ ကဗျာကပေးတဲ့၊ ပြောပြနေတဲ့ သိမှု၊ အရှိတရားတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သူ့ချည်းပဲ တော့ မဟုတ်ပါဘူး။ ဥာဏ်လေးတော့ ကူရမှာပါ။ ကဗျာတွေဖတ်ရတာ ပျော်စရာကောင်းပါတယ်။ ကဗျာဟာ တစ်ခုခုကို ပေးမယ်လို့ ခင်ဗျား ယုံကြည်မထားပါနဲ့။ ကဗျာဆီကနေ တစ်ခုခုကို ရတော့မယ်လို့လည်း ခင်ဗျား မျှော်လင့်မထားပါနဲ့။ ကဗျာဟာ သိမှု၊ အရှိတရားနဲ့ ဥာဏ်ပညာ ရဲ့ ကြားက စကားလုံးတည်ဆောက်ထားမှုတစ်ခုသာ ဖြစ်ပါတယ်။ သေချာတာကတော့ အရှိတရားနောက်မှာ ရှိနေတာ မရှိခြင်းပဲ။ နတ္ထိပဲ။ ဗုဒ္ဓ ဟောကြားခဲ့တဲ့ မမြဲခြင်းဆိုတာ ပို့စ်မော်ဒန်သမားတွေ ရှာနေတဲ့ ပြဿနာပဲ။ အားလုံးဟာ ယာယီပဲ ။ အရာအားလုံးဟာ မမြဲခြင်းပဲ။ မှားချင်လည်း မှားနိုင်တယ်။ မှန်ချင်လည်း မှန်နိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ကဗျာနဲ့ ပတ်သက်သမျှ အစစအရာရာ တွေးကြည့်မိယုံ သက်သက်မျှသာပါပဲ။

- မင်းနဒီခ


မြန်မာကဗျာအရွေ့၊ မဟာငြီးငွေ့မှုနှင့် ခေတ်ပြိုင်အရေးအသားအား ချဉ်းကပ်ခြင်း

            မြန်မာကဗျာအရွေ့အကြောင်းပြောရင် ရှည်လျားလွန်းလှတဲ့ မြန်မာသမိုင်းကြောင်းနဲ့ ထပ်တူ ပြန်ပြောင်း ပြောဆို ရမှာဖြစ်လို့ အရမ်းကျယ်ပြောနက်နဲလွန်းပါတယ်။ ဒါပေမယ့် မြန်မာကဗျာဟာ ခေတ်အဆက်ဆက် တိုင်းပြည်ရဲ့အနေအ ထား၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအပွန်းအပဲ့တွေကြားမှာ တဖြည်းဖြည်းတိုးတက်ပွင့်ဖူးလာတဲ့ စာပေအနုပညာရပ်တစ်ခု ဖြစ်တဲ့ အတွက် ကျွန်တော်လက်လှမ်းမှီသလောက် ပြန်လည်စုစည်းဖော်ပြချင်ပါတယ်။ မြန်မာကဗျာစီးကြောင်းဟာ အတိုက်အခံ၊ အဖုအထစ် များလွန်းလှတဲ့ ရေစီးသန်မြစ်တစ်ခုထဲမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ မဆုတ်မနစ် စီးဆင်း ဖြစ်ထွန်းခဲ့တဲ့ အနုပညာတစ်ရပ်ပါ။ တကယ်တမ်းကျတော့ ကျွန်တော်ကိုယ်တိုင်ရွေးချယ်ပြီး ပေးထားတဲ့ခေါင်းစဉ်က ကြီးမားလွန်းနေတဲ့အတွက် မြန်မာကဗျာအရွေ့ကို ခရေစေ့တွင်းကျ တိတိကျကျပြောဆိုဖို့ဆိုတာ ကျွန်တော့်အတွက် မလွယ်ကူသလို၊ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ စာပေဖြတ်သန်းမှုနဲ့ယှဉ်ရင် မရေးသင့်သေးတဲ့ စာတမ်းတစ်စောင်ပါပဲ။ ဒါပေမယ့် ကျွန်တော် ဒီခေါင်းစဉ်ကို လိုလိုလားလားပဲ ရွေးချယ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာကဗျာအရွေ့ အကြောင်း ပြောမယ်ဆိုရင် ပြောနိုင်တဲ့သူတွေ၊ သုံးသပ်ကောက်ချက်ချနိုင်တဲ့သူတွေ ရှိနေသေးတဲ့အတွက် ကျွန်တော့်စာတမ်းမှာ အမှားအယွင်း၊ အကျအပေါက် တစ်စုံတရာရှိနေတာတွေကို ပြန်ဖြည့်ပေးနိုင်တဲ့အတွက် ကျွန်တော်  ရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

(၁) မြန်မာကဗျာအရွေ့(အပိုင်း - ၁)

(က) ပုဂံခေတ် (ခရစ်နှစ် ၁၀၄၄ - ၁၂၉၈ )

            မြန်မာကဗျာဟာ ပုဂံခေတ်ဦးကနေစပြီး အနှစ်(၈၀၀)ကျော်ထွန်းကားခဲ့တဲ့ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ ပျို့၊ မော်ကွန်း၊ ဧချင်း၊ အိုင်ချင်း၊ တျာချင်း၊ ကာချင်း၊ လေးချိုး၊ ဒွေးချိုး၊ တေးထပ်၊ ဘောလယ် ကနေ ဒီကနေ့ခေတ် မော်ဒန်၊ ပို့စ်မော်ဒန်၊ ခေတ်ပေါ်၊ ခေတ်ပြိုင်၊ Conceptual, LANGUAGE, Contemporary အထိ အဆင့်ဆင့် ပြောင်းလဲဖြစ်ထွန်း တိုးတက်လာတယ်လို့ ဆိုရမှာပါပဲ။ မြန်မာစာပေသမိုင်းမှာ အစောဆုံးစာပေအရေးအသားကို ပုဂံခေတ်မှာ စတင်တွေ့ရှိခဲ့ပြီး အစောဆုံးမြန်မာကဗျာဟာလည်း ပုဂံခေတ်မှာ စတင်ပေါက်ဖွားလာတယ်လို့ သမိုင်းမှတ်တမ်းများအရ ဆိုနိုင် ပါတယ်။ မြန်မာကဗျာရဲ့ အစဟာ မြကန်ဖွဲ့ ကဗျာပဲ ဖြစ်ပါတယ်။

`မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဝတိံသာက
နန္ဒာလော
တူစွ ဟုတ္တာ။´

            မြကန်ဖွဲ့ကဗျာနဲ့ မရှေးမနှောင်းပေါ်ပေါက်တယ်လို့ ဆိုနိုင်တဲ့ နောက်ထပ်ရှေးဦးကဗျာတစ်ပုဒ်ကတော့ ပုပ္ပါး နတ်တောင်ဖွဲ့ ကဗျာပါပဲ။ မြကန်ကဗျာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ကန်ရဲ့ သာယာကြည်လင်အေးမြပုံကို အထူးဖွဲ့ဆိုပြီး ပုပ္ပါးနတ်တောင် ကဗျာမှာတော့ စကားဝါပန်းလေးနဲ့ တင်စားခံရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား ကြီးမားပုံကို ဖွဲ့ဆိုထားပါတယ်။

`သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား
စုံတောပြား၌
နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား ပန်းစကား။
သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည့်
ရဲမျိုးသမီး
မောင်ကြီးနှမ
ညက်လှပြာစင်
မဲ့သည်ပင်သည် ခရီးသား။
သိုးကလေ
မြိတ်စုလွတ်လည်း
ငယ်ကတည်းက
ချစ်ကျွမ်းဝင်သည်
မွေးဖတူရင်း
မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်
နှလုံးမခြား စောင့်တရား။
ဆွေမိခင်
မျက်သုတ်နီပင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ။´

          ပုဂံခေတ်မှာပဲ နောက်ထပ်တွေ့ရတဲ့ ကဗျာတစ်ပုဒ်ကတော့ နရပတိစည်သူမင်းကြီးလက်ထက် သက္ကရာဇ် ၅၃၆ ခုနှစ်၊ မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယအမတ်ကြီးရဲ့ `သူတည်းတစ်ယောက်´အစချီ မျက်ဖြေလင်္ကာ ဖြစ်ပါတယ်။ အနန္တသူရိယာအမတ်ကြီးဟာ ဒီမျက်ဖြေလင်္ကာကို မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရမည့်ဆဲဆဲ သူသတ်ကုန်းမှာ ရေးသား ခဲ့တဲ့ ကဗျာလို့လည်းမှတ်သားရပါတယ်။

`သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းစံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မေတ္တာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ် ကြမ္မာ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လွှဲတတ်သည်၊ မချွတ်စသော၊ သတ္တ၀ါတည်း။  ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါက်၊ သံသာစက်၌ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊  သခင်မွန်ကို ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏။ သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း။´ (မျက်ဖြေလင်္ကာ- အနန္တသူရိယအမတ်)

(ခ) ပင်းယခေတ် (ခရစ်နှစ် ၁၂၉၉-၁၃၆၃)

ပုဂံခေတ်ကနေ စတင်မြစ်ဖျားခံလာခဲ့တဲ့ မြန်မာကဗျာဟာ ပင်းယခေတ်မှာ ရေးဖွဲ့ပုံဟန်ပြောင်းလဲလာပါတယ်။ ပင်းယခေတ်ဟာ အေဒီ ၁၂၉၇ မှာ ပြိုကွဲလာတဲ့ ပထမမြန်မာနိုင်ငံတော်ကို ပြန်လည်စုစည်းတဲ့ ခေတ်ဖြစ်တဲ့အလျောက် ကဗျာ အကြောင်းအရာဟာ စစ်ရေးစစ်ချီ၊ စစ်ကြောင်းစစ်တက်၊ စစ်စိတ် စစ်မာန်တက်ကြွစေတဲ့ စကားလုံးအရေးအဖွဲ့တွေနဲ့ စစ်ရေးဆိုင်ရာ ကဗျာသီချင်းတွေ ရေးဖွဲ့လာခဲ့ပါတယ်။ ကာချင်းကဗျာဟာ ရှေးကျတဲ့ ကဗျာအဖွဲ့တစ်မျိုးဖြစ်ပြီး ဒိုင်းများ၊ ကာများကို ကိုင်ဆောင်ပြီး စစ်ဟန်ခင်းကျင်းကခုန်ရင်း သီဆိုရတဲ့ ကဗျာအမျိုးအစားဖြစ်ပါတယ်။ ပင်းယခေတ်မှာ တျာဘွဲ့ သီချင်း၊ ကာချင်း၊ ရတု စသည်ဖြင့် ပေါ်ထွက်ခဲ့သော်လည်း အထူးထင်ရှားခဲ့တာ ကာချင်းကဗျာအမျိုးအစားပါပဲ။ မှတ်တမ်း များအရ ငါးစီးရှင်ကျော်စွာဟာ ကာချင်းကဗျာကို စတင်ရေးဖွဲ့ခဲ့သူဖြစ်ပြီး တစ်မောင်း တစ်မောင်း အစချီ၊ ရဝေဆီးသည့် အစချီ၊ တာဝတိံသာ အစချီ ကာချင်း များအဖြစ် (၃) ပုဒ်တွေ့ရတယ်လို့လည်း မှတ်တမ်း ရှိခဲ့ပါတယ်။

`တစ်မောင်း တစ်မောင်း၊ တို့ တစ်မောင်းသည်၊ တစ်မောင်စး ဘာကောင်း သားလော။ ဘကောင်း ဘကောင်း။ အနီးမြင်မှတ်၊ စေတီထွတ်သည်၊ ကောင်းမြတ်သာလျောင်းလော။ သာလျောင်း သာလျောင်း။ သင်းတွဲမြောင်းကြီး၊ အယဉ်စီးသည်၊ ဖြင်ညီး မြစ်လောင်းလော။ မြစ်လောင်း မြစ်လောင်း။ ဥတည်းသည်လည်း၊ ဥတည်းရံဝန်း၊ ပြသွန်းသွန်းသည်၊ ထက်ဝန်းတန်ဆောင်းလော။ တန်ဆောင်း တန်ဆောင်း။ ပေါင်းကွတ်စေ့ကျင်၊ ထန်းပြင်ပြင်ကား၊ ဆင်လျှင် နင်းကောင်းလော။ နင်းကောင်း နင်းကောင်း။ ကျုံးနက်ရေ၊ မြို့ခြေအပြည့်ထား။ တေဟူသည်ကား၊ ထွားရှည်ကျော်ပြန့်ပွား။ တေဟူသည်ကား၊ ဆယ့်တစ်ရွာတခြား၊ ဒေ၀ကျော်ထင်ရှား။
မဏိဆင်သည်၊ မျက်ရှင်ကွန်းတော်လား။ ကွန်းတော် ကွန်းတော်။ အမွမ်းစွင့်စွင့်၊ ကနားမြင့်သည်၊ ကြန်သင့်သာလျောင်းလော။ သာလျောင်း သာလျောင်း။ ရဝေဆီးသည်၊ လက်တီးလေးတံခါး။ တရုတ်လာသည်၊ ရိုင်ရိုင်လော ရိုင်ရိုင်။မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်။ လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလေ၊ လတိုင်း လတိုင်း။ မြင်းသည်သိန်းသန်း၊ များစွာထွန်းသည်၊ ထက်ဝန်းရံသ၊ မနိုင် မနိုင်။ လျှပ်စစ်တိမ်ပြင်၊ မှိုင်းမင်းလွင်သည်လည်း၊ လွင်သည်လည်း။တိမ်သည်မည်းမည်း၊ မည်းသည်လည်း မည်းသည်လည်း။ တိမ်းမည်းတက်ရာ၊ မိုးသေးပါ၍၊ ရွာသည်အသည်း၊ ရေချည်းဖြင်သည်လည်း၊ ဖြင်သည်လည်း။ ရွာသည် မိုးကား၊ ရိုက်ကြား ကြည်းသည်လည်း ကြည်းသည်လည်း။ကန်သင်း မွေမမြင်သည်လည်း၊ မမြင်သည်လည်း။ အရိုင်း မနေချင်သည်လည်း၊ မနေချင်သည်လည်း။ ပြေးလျင်တစ်စီး၊ မြင်းသည်လည်း၊ မြင်းသည်လည်း။ နှင်တံမကမ်းခင်သည်လည်း၊ မကမ်းခင်သည်လည်း။ ဒသာလည်း ဒသာ ကောင်းခြင်းခပင်း၊ ကြိုက်သည်လည်း ကြိုက်သည်လည်း။ ရာဇသင်္ကြံ၊ စည်းစံခံသည်လည်း၊ ခံသည်လည်း။ အသင်္ခယာ၊ ချမ်းသာစံသည်လည်း၊ စံသည်လည်း။ နှစ်ပါးမင်း၏၊ ညီရင်းလဟူ၊ သီဟသူကား၊ အယူဖြောင့်စင်း၊ မြအဆင်းသို့၊ ချင်းလေ ရပ်မျက်နှာသည်လည်း၊ ရပ်မျက်နှာ သည်လည်း။ သီးမှည့် ကျီးအာသည်လည်း၊ အာသည်လည်း။ သင်္ဃာတန်ခိုး၊ မပြတ်ကိုးသည်၊ သုံးလူ့အမှူး၊ ဂုဏ်ကျေးဇူးသည်လည်း၊ ဂုဏ်ကျေးဇူးသည်လည်း။ မုခပါဌ်ရှင်၊ ပလ္လင်ခတ်သည်လည်း၊ ခတ်သည်လည်း။´ (ငါးစီးရှင်ကျော်စွာ)

(ဂ) အင်းဝခေတ်  (ခရစ်နှစ် ၁၃၆၄-၁၅၂၆)

            အင်းဝခေတ် မြန်မာသက္ကရာဇ် ၈၀၀-ပြည့်နှစ် မိုးညှင်းမင်းတရားလက်ထက်မှာ တဘောင်တခု ပေါ်ခဲ့ပါတယ်။  အဲဒီ တဘောင်က "ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက် လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတံ့၊ ကူးလည်း ကူးလတံ့၊ မြူးလည်း မြူးလတံ့ "လို့ ဖြစ်ပါ တယ်။ တဘောင်ဆိုတာ နောင်ဖြစ် လာမယ့် အကြောင်းအရာကို ကြိုပြီးနိမိတ်ဖတ်တဲ့ စကား။ အဲဒီ တဘောင်စကားအရ "အကိုက်လေးဖော်" ဆိုတာ ပေပင်အစို့အကိုက်လေးစို့လို့ ဆိုလိုတာပါ။ ပေဆိုတာ စာပေကို ဆိုလိုတာ ဖြစ်ပြီး စာပေကျမ်းဂန်တတ်ကျွမ်းတဲ့ ရှင်သာမဏေ ပုဂ္ဂိုလ်ကျော်လေးပါး ပေါ်ထွန်းလိမ့်မယ် လို့ ငှက်ပစ်တောင် ဆရာတော် အတိတ်နိမိတ် ကောက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ တောင်တွင်း ကြီးမြို့ မြောက်ဘက်၊ မြို့လုလင်ရွာ၊ သတိုးထမ်းရွာ၊ မကျည်းယောင်ရွာတို့မှာ ပေစို့ကြီး လေးစို့ မြေကြီးထဲက ပေါ်ထွက် လာလို့ မြို့သူ မြို့သားတွေက "ပေလေးပင်၊ ရှင်လေးပါး"  ပေါ်တော့မယ်ဆိုပြီး ၀မ်းသာအားရ ဖြစ်ကြရပါတယ်။ တဘောင်နမိတ်အတိုင်း ၈၁၅ခုနှစ်မှာ မြို့လုလင်ရွာမှာ  မောင်ဥက္ကာ (ရှင်ဥတ္တမကျော်)နဲ့ မောင်ညို (ရှင်မဟာသီလ၀ံသ)၊ သတိုးထမ်းရွာမှာ ရှင်အုန်းညို၊ မကျည်းယောင်ရွာမှာ ရှင်ခေမာ ဆိုပြီး ပုဂ္ဂိုလ်လေးပါး ပေါ်ပေါက်လာခဲ့ပါတယ်။။ ထိုပုဂ္ဂိုလ်လေးပါးကို ပေလေးပင်၊ ရှင်လေးပါးလို့ခေါ်ဆိုရမယ့် ရဟန်းစာဆိုတော် များ ဖြစ်လာပါတယ်။ ပထမအင်းဝခေတ် နရပတေ့မင်း လက်ထက်မှာ စာပေကျမ်းဂန်တို့တွင် တတ်မြောက်တော်မူတဲ့ ထိုစာဆိုရှင်လေးပါးကို ကိုးကွယ်တော်မူခဲ့ပါတယ်။  ပေါ်ထွန်းခဲ့တဲ့ ကဗျာအမျိုးအစားများမှာ ပျို့၊ ရတု၊ တောလား၊ မော်ကွန်း၊ မေတ္တာစာ ဧချင်း၊ သံတိုင်၊ သံပေါက်တို့အပြင် ကာချင်းကိုပါဆက်လက်တွေ့ရှိရပါသေးတယ်လို့ မှတ်သားရပါတယ်။အင်းဝ ခေတ်မှာ စာပေပညာအရာ၌ တတ်မြောက်ကြသော စာဆိုရှင်များမှာ ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလ၀ံသ၊ ရှင်ခေမာ၊ ရှင်အုန်းညိုတို့အပြင် ရှင်မဟာရဋ္ဌသာရ၊ ပထမမင်းခေါင်ကြီး၊ အဒူမင်းညို၊ ရှင်သူရဲ၊ သခင်ထွေး၊ ရှင်ထွေးညို၊ ၀ံတောင်လည် ဘုန်းတော်ကြီး သဒ္ဓမ္မဆဇောတ၊ ကန်တော်မင်းကျောင်း ဆရာတော်၊ ရှင်တေဇောသာရ၊ ရှင်အဂ္ဂသမာဓိ၊ မိညိုနှင့် မိဖြူတို့ ဖြစ်ကြပါတယ်။ အင်းဝခေတ်မှာ ရခိုင်အမတ် အဒူမင်းညိုရေးဖွဲ့တဲ့ ရခိုင်မင်းသမီးဧချင်းကို စတင်တွေရှိခဲ့ရပြီး ရှင်ထွေးညို ရေးဖွဲ့ခဲ့တဲ့ ပြည်စုန်မော်ကွန်းဟာလည်း မော်ကွန်းတွေထဲမှာ အစောဆုံးစတင်တွေ့ရှိရခြင်း ဖြစ်ပါတယ်။

ဧဧပိမ့် နှစ်သိမ့်၊ အငြိမ့် အချမ်း၊ သူငယ်ဝမ်းဖြင့်၊ မြည်တမ်းပူဆာ၊ နိုးနာ မရှိ၊ စက်ပျော်ဘိမျှ၊ သိန်းထိဘိုးခက်၊ ညံ့သက်ပင်ချည်၊ လျားနံရှည်နှု့်၊ နောက်ပြည်မင်းတို့၊ ခွန်ဆက်ပို့သား၊ နှစ်လို့ချင်စွာ၊ ခါသာသလင်း၊ အောက်နှီးခင်းလျက်၊ ပေါ်တင်းကြက်မွန်၊ ဗိတာန်ဆောင်းထား၊ ကိုးပါး ရတနာ၊ စီချယ်မြွာလျက်၊ ရွှေပုခက်တွင်၊ ရွှေရွက်လူလူ၊ ရွှေချူသွင်သွင်၊ လက်ငင်တိုင်ငုတ်၊ မျှင်မျှင်ထုတ်၍၊ တမုတ်ကြိုးကိုင်၊ နှစ်ဘက်ဆိုင်သည်၊ ဧတိုင်ရိုက်ပျံ့ပျူးတည့်လေ ။ (ရခိုင်မင်းသမီးဧချင်း - အဒူမင်းညို)

၁။ ဇမ္ဇူဒီပါ၊ တောင်လက်ျာဝယ်၊ အာဏာဝှန်ပြုံး၊ ကြီးလက်ရုံးနှင့်၊ မင်းဆုံးလူ့ထွဋ်၊ စောကြံလတ်ကို၊ မိုဃ်းနတ်သိကြား၊ မှတ် သောအားဖြင့် ၊ ရှစ်ပါးရပ်စုံ ၊ မင်းအပုံကို၊ လက်မုံညီကြ၊ မြှောက်ထိုက်လှ၏၊ နန်းမသဘင်၊ တင်အံ့သည်ကား၊ တည်သား ကောဇာ၊ ရှစ်ရာခုနှစ်ဆယ်၊ နှစ်ခုဝယ်နှိုက်၊ ဆောင်းလလိုလို၊ လပြာသိုဝယ်၊ ခွာညို ပျံ့မွန်း၊ နွယ်ပန်းလှိုင်လတ်၊ ဖက်ဆွတ် ပေါ်ဦး၊ ရောင်မြူးထွန်းတက်၊ ဆယ့်တရက်တွင်၊ နံနက်အခါ၊ အတိတျာနှင့်၊ ရှည်ကာစီရင်၊ ထားပြီးကျင်သော်၊ မင်းအင်တခြား၊ မှတ်သားစဉ်လာ၊ ရွှေမြူတာတည့်၊ တရာပြည့်ဖြိုး ၊ ကြာမျိုးနံ့သာ၊ သကာထောပတ်၊ နှမ်းချွတ်ဆီနှော၊ ငှက်ပျောထမင်း၊ ပြည့်ခြင်းဖြိုးဖြိုး၊ သောက်အိုးကြငှန်း၊ ပန်းဆောက်ပြီးနှင့်၊ ပွဲနီးစုရင်း၊ ပွဲကျင်းပုတ်ဆန်း၊ ခေါ်မှန်းမုယော၊ လျင်ဆောပေါ်မှ၊ ပူဇော်ကြသည်။  ။တောင်းစလိုမှု ပျံ့ပျူးတည်း။  (ရှင်မဟာသီလဝံသ၏ ရွှေနန်းတည် မော်ကွန်းပထမပိုဒ်)

ရတုများထဲမှာဆိုရင် ရှင်ဥတ္တမကျော်ရဲ့တောလားရတုကြီးဟာ တောလားရတုများမှာသမိုင်းတလျှောက် ပြိုင်စံရှားဖြစ်ပြီး အပိုဒ်ကိုးပိုဒ်ပါရှိကာ ဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွချီရာ လောကအလှ သဘာဝတရားတို့က ပူဇော်ဖူးမျှော်ကြပုံ ကို အစွမ်းကုန်မွမ်းမံ ခြယ်သစပ်ဆိုထားပါတယ်။ နောက်ထပ်ထင်ရှားတဲ့ ပျို့တွေကတော့ ရှင်မဟာသီလ၀ံသရဲ့ ပါရမီတော် ခန်းပျို့၊ ဆုတောင်းခန်းပျို့၊ ရှင်မဟာရဋ္ဌသာရရဲ့ ကိုးခန်းပျို့၊ ဂမ္ဘီသာရပျို့၊ ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ ၊ ရှင်အဂ္ဂသမာဓိရဲ့နေမိငရဲခန်းပျို့၊ ကန်တော်မင် ကျောင်းဆရာတော်၏ လောကသာရပျို့တွေပဲ ဖြစ်ပါတယ်။

နောက်ထပ်ထင်ရှားတဲ့ စာပေလက်ရာတွေအဖြစ် ရှင်တေဇောသာရ၏ ရခိုင်မင်းသမီးဘွဲ့ရတု၊ နန်းတွင်း မိညိုနဲ့ နန်တွင်းမြိဖူတို့ရဲ့ ကိုယ်ရည်သွေး ရတုတွေဟာလည်း ထင်ရှားခဲ့ပါတယ်။ ရတုထဲမှာ တောင့်တဲတွန့်ရတု၊ ပုလဲတတန့် သန္တာတတန့်၊ မုတ္တာရွဲသီ ခိုင်ညွတ်ခက်ဖြာ ပဒုမ္မာ ကြာပွင့် ကွန့် စသော ရေးစပ် နည်းအဖုံဖုံတို့လည်း ထွန်းကားခဲ့ပါတယ်။

ရတုသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအဖွဲ့အနွဲ့ပင်ဖြစ်သည်။ သို့သော် လင်္ကာကဲ့သို့ မဟုတ်မူ၍ ဖွဲ့ဆိုရာ၌ စည်းစနစ် ဥပဒေရှိ၏။ လင်္ကာ၌ ပုဒ်ရေပေါင်း ဖွဲ့လိုသမျှ ဖွဲ့ဆိုနိုင်သည်။ အဖျားချတွင်လည်း စာလုံးရေ အကန့်အသတ်မရှိ၊။ ရတုတွင်ကား တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပိုမို၍လည်း မဖွဲ့နွဲ့ကြချေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပဒအရေအတွက်အားဖြင့် ၁၀၈ ပဒထက် ပိုမို၍ မဖွဲ့နွဲ့ကြချေ။ အဖျားချများတွင်လည်း ခိုင်ညွှန့်ခက်ဖြာ ၇ လုံး၊ မဏိဆံကျင် ၉ လုံး၊ အာသာဝတီဝတ်ဆံ ၁၁ လုံး၊ မဏိဦးပြည်း ၁၅ လုံး၊ ဇော်တစ်ခိုင်လုံး ၁၉ လုံး စသည်ဖြင့် အဖျားစာလုံးအရေအတွက် သီးသန့် လျာထားလျက်ရှိသည်။ (မြန်မာစာပေသမိုင်း - ပါမောက္ခဦးဖေမောင်တင်)

(ဃ) တောင်ငူခေတ် (ခရစ်နှစ် ၁၅၂၇-၁၅၉၆)

တောင်ငူခေတ်ကတော့ ရတုခေတ်လို့ ခေါ်ဆိုရလောက်အောင် ရတုများစွာထွန်းကားခဲ့ပြီး ပျို့အနေနဲ့ န၀ဒေးကြီးရဲ့ သုဓနုပျို့တစောင်သာတွေ့ရတယ်လို့ ဆိုပါတယ်။ လူပုဂ္ဂိုလ်ထဲမှာ န၀ဒေးကြီးသည် ပျို့ကဗျာကို အဦးဆုံးစတင် ရေးဖွဲ့သူ ဖြစ်ပြီး ဘုရားဟော မဟုတ်သော ရာဇ၀င်ကို စတင်ရေးဖွဲ့သူလည်း ဖြစ်ပါတယ်။ တောင်ငူခေတ်မှာ န၀ဒေးကြီးဟာ အထူး ထင်ရှားပြီး စစ်ကိုင်း ထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာ န၀ဒေး ဟူသောစာဆိုနဲ့အညီ အမြဲလှည့်လည်သွားလာနေရသလိုရောက်ရာဒေသ များမှာလည်း ဘွဲ့တံဆိပ်များစွာရရှိခဲ့ပါတယ်။ ရတုများစွာကိုလည်း အမျိုးမျိုးအဖုံဖုံရေးဖွဲခဲ့ပြီး ပုဒ်ရေပေါင်း ၂၅၀ နီးပါး ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။ မြန်မာရတုသမိုင်းတွင်န၀ဒေးကြီးမှာ အံ့ဖွယ်ဖြစ်ခဲ့သလို နတ်ရှင်နောင်ဟာလည်း သုတေသီတို့ အံချီးလောက်အောင်လက်စွမ်းပြောင်ခဲ့ပါတယ်။သမိုင်းစာပေပညာရှင်တို့အဆိုအရ`ညှာတံပွင့်ချပ်၊ ဖြူလှပ်ပုလဲ၊ ဇော်တစွဲလျှက်၊ ဖြစ်ခဲဆင်းဝါ၊ ပန်းထွတ် ချာကို´ဟူသောအပိုဒ်ကို ဒီနေ့ထိအောင် တိတိပပ မဖော်ထုတ်နိုင်သေး ဟု လည်း မှတ်သားရပါတယ်။

ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦှးနှင့်၊ ပျံ့ပျူးချုပ်ထိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝန်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွ မတတ်သော်။
(ပေါ်နွေလလျှင် ချီရတု - နတ်ရှင်နောင်)

တောင်ငူခေတ်မှာ အကြောင်းအရာအသစ်အဖြစ်ပေါ်ထွက်လာခဲ့သော ကဗျာအမျိုးအစားကတော့ ရဝေရှင်ထွေးရဲ့ အဏ်ချင်း(အန်ချင်း)ကဗျာ ဖြစ်ပါတယ်။ အဏ်ချင်း(အန်ချင်း)ကဗျာအမျိုးအစားကတော့ စာဆိုရှင်ရဲ့ ဘ၀ကြေးမုံပြင်ကို အရိပ် ထင်ဟပ်စေတဲ့ စာပေ ရေးဖွဲ့ဟန်ဖြစ်ပါတယ်။ ရဝေရှင်ထွေးရဲ့ ထင်ရှားတဲ့ အဏ်ချင်း(အန်ချင်း)မှာ ဆံထုံးထုံး အဏ်ချင်း (အန်ချင်း)ဖြစ်ပြီး  အဏ်ချင်း(အန်ချင်း)ကဗျာပေါင်း ၈၅ ပိုဒ် ရှာဖွေတွေ့ရှိထားတယ်လို့  သုတေသီမှတ်တမ်းများ အရသိရပြီး တစ်ကိုယ်ရေခံစားမှုအတွက် ရေးတဲ့ အဏ်ချင်း(အန်ချင်း)တွေ ကိုလည်း တွေ့ရပါတယ်။

`ဆင်ရတနာ၊ များလှစွာသည်၊ စကြာသခင်၊ မြုတေရှင်ကို၊
သားလျှင် မြင်မြော်၊ ခမည်းတော်မင်း၊ လူမှန်ကင်းလျှင်၊
သင်းပင်းမြို့ကိုင်၊ ခရိုင်တခြား၊ ကျေးသီးစားသည်၊
သော်ကားမှန်ပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမွေး၊
ငြိမ်ဆေးလေးသား၊ ရှင်ထွေးအလှ၊ ချောမြမြလျှင်၊
နရသခင်၊ အိမ်ရှေ့ရှင်နှင့်၊ ရှိပြင်သက်ထား၊ ရှစ်သောင်းဖြားဝယ်၊
ခစားမြဲစရှာ၏လေး။      ။ ဘော်ချင်းတို့လေ ဘော်ချင်းတို့။´
(အဏ်ချင်းအပိုဒ်ရေ (၁၃)- ရဝေရှင်ထွေး)

တောင်ငူခေတ်မှာလည်း ရတု၊ ဧချင်း၊ ပျို့၊ မော်ကွန်း၊ သာချင်း၊ အဏ်ချင်း(အန်ချင်း) စတဲ့ ကဗျာအမျိုးအစားတွေ ဆက်လက် ထင်ရှားခဲ့ပြီး ထင်ရှားတဲ့စာဆိုတော်များအဖြစ် လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်၊ ပြည်န၀ဒေးကြီး၊ ရဝေရှင်ထွေး၊ နတ်ရှင်နောင်၊ ဇေယျရန္တမိတ်၊ ရှင်သံခို တို့ကို တွေ့ရပါတယ်။

(င) ညောင်ရမ်းခေတ် (ခရစ်နှစ် ၁၅၉၇-၁၇၅၁)

            ညောင်ရမ်းခေတ်ရောက်တဲ့အခါ မြန်မာကဗျာရဲ့ ရေစီးကြောင်းဟာ သက်ဦးဆံပိုင်ပဒေသရာဇ်အရေးဖွဲ့ဆိုမှုကနေ ဆင်းရဲသားပြည်သူများရဲ့ ဘ၀နဲ့ခံစားချက်များကို ဦးစားပေးဖွဲ့ဆိုတဲ့ တျာချင်းကဗျာအမျိုးအစားများကို ရေးဖွဲ့ လာတဲ့ အပြင် ပြည်သူ့အရေးကို ဦးစားပေးစပ်ဆိုတဲ့ အိုင်ချင်းကဗျာများ၊ သံရှည်ဆွဲ ရွတ်ဆိုရသော လူးတားကဗျာများပေါ်ပေါက်လာပြီး `အဲ´သံနဲ့ချီ `အဲ´ဟူသောအသံချပြီး အစုအဝေးနဲ့ ရွတ်ဆိုရတဲ့ အဲချင်းကဗျာများလည်း ထွန်းကားလာခဲ့ပါတယ်။ တျာချင်း မှာဆိုရင် ၀န်ကြီးပဒေသရာဇာဟာ အထူးထင်ရှားပြီး အိုင်ချင်းမှာတော့ အမျိုးသမီး စာဆိုဖြစ်တဲ့ တောင်တွင်း ရှင်ငြိမ်းမယ် ဟာလည်း ထင်ရှားပါတယ်။ တျာချင်း ကဗျာကတော့ တျာသံကို အခြေခံရေးဖွဲ့ရတဲ့ သီချင်းကဗျာ တစ်မျိုးဖြစ်ပြီး အခြေခံ လူတန်းစား ဆင်းရဲသား ပြည်သူ အများကို ကိုယ်စားပြုရေးဖွဲ့ပါတယ်။ အိုင်ချင်းကဗျာမှာတော့ အရေး အဖွဲ့အားဖြင့် လေးလုံး တစ်ပိုဒ် ရကန်သွား၊ အဲချင်းကဗျာ အသွား လိုမျိုး ငါးလုံး၊ ခြောက်လုံး၊ ခုနှစ်လုံးတစ်ပိုဒ်ယူပြီး ပြန်ဂဟပ် စပ်နည်းနဲ့ ကာရန် ယူကာ ရေးသားရတဲ့ ကဗျာမျိုး ဖြစ်ပါတယ်။ အချီတွေမှာ များသောအားဖြင့်` ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်းယောင်းမတို့ရေ´ဆိုတဲ့ အာလုပ် စကားကို အဖွင့် ရေးသားတတ်ပေမယ့် အာလုပ်စကား မချီထားတဲ့ အိုင်ချင်းကဗျာတွေ ကိုလည်း ညောင်ရမ်းခေတ်မှာ အများအပြား တွေ့ရ တယ်လို့ မှတ်သားရပါတယ်။

(၁) ဆောင်းဦးကာလ နှင်းကျသောအခါ၊ တောင်ပိုင်ထဲကို  တက်မြဲ နွားတစ်ရာ၊ ဘဲတောင်နွားဝါ နွားပြာ ချိုကုပ်၊ တင်းခြင်း ငယ် ချောပြေ၊ အုံးသားရေ၊ ရစ်ခွေသာ နောက်မြီးကုပ်ကယ်နှင့်လေး။
တင်ကျည်းတုပ်ကယ်မှာ သုံးတောင်ထွာ၊ ခလောက်ကြိုးမှာ ခွေးရိုးဖောင်းတန့်ကာ၊ ခြင်းအုံးတန်ဆာ၊ အင်္ဂါစုံပေါင်း၊ အိုးသစ်ကယ်မာတင် ဖျင်နီစင်၊ ရေငင်က လတောင်းငယ်နှင့်လေး။
(တောင်ပိုင်တက်ဘွဲ့ ပထမပိုဒ်(တျာချင်း) - ၀န်ကြီးပဒေသရာဇာ)

ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့ရေ
ငါ့ကိုလွယ်၊ အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊ အိမ်လေးထောင့်မှာ၊
ဆူးတွေချလျက်၊ မျက်နှာငယ်မှ စေ့စုံ၊
လှေကားခုံမှာ၊ ဂဠုန်မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ၊ ဘီလူးမောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ၊ ဆူးလေ မောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ၊ နွားရိုးမောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ၊ ဓားသွားမောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ၊ အပ်သွား မောင့်ကြောင့် စီတော့တယ်။
မောင်လည်း ဘယ်က တက်ပါ့မယ်၊ မယ်လည်း ဘယ်က ဆင်းရမယ်။
(ကြုံရမယ့် ဗျာပါ ပထမပိုဒ်(အိုင်ချင်း)- တောင်တွင်းရှင်ငြိမ်းမယ်)

(စ) ကုန်းဘောင်ခေတ် (ခရစ်နှစ် ၁၇၅၂ - ၁၈၈၅)

            ကုန်းဘောင်ခေတ် မြန်မာကဗျာအနေအထားကတော့ အကြောင်းအရာပိုင်းရော ပုံသဏ္ဍာန်ပိုင်းပါ ကဗျာအမျိုး အစား များစုံလင်လာတာကို တွေ့ရပါတယ်။ အင်းဝခေတ်ဆီက ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပြီး တောင်ငူခေတ်မှာ အား ကောင်းခဲ့တဲ့ အဲချင်း၊ ညောင်ရမ်းခေတ်တုန်းက ခေတ်မစားခဲ့တဲ့ ပျို့ စတဲ့အဖွဲ့အနွဲ့တွေပါ ပြန်လည်ရေးဖွဲ့ လာကြပြီး ရကန်၊ တေးထပ်၊ သံချို၊ ဘောလယ်၊ လေးဆစ်၊ လေးချိုး စတာတွေကို ကဗျာအဖွဲ့အနွဲ့အသစ်တွေအဖြစ် ရေးဖွဲ့လာကြတာကို တွေ့ရပါတယ်။

ကုန်းဘောင် ခေတ်မှာဆိုရင် လက်ဝဲသုန္ဒရ၊ တွင်းသင်းမဟာစည်သူ၊ ဒုတိယန၀ဒေး၊ လက်ဝဲနော်ရထာ၊ ဦးတိုး၊ ဦးပေါ်ဦး၊ ရွှေတောင်နန္ဒမိတ်၊ ဦးဖျော်၊ ဦးယာ၊ ဦးကြီး၊ ဦးဆောင်း၊ဦးကြင်ဥ၊ လူဦးမင်း၊ ဖိုးသူတော်ဦးမင်း၊ မာန်လည် ဆရာတော်၊ ရွှေတောင် နန္ဒသူ၊ မောင်ချင်းဖြူ၊ ဦးအောင်ဖြိုး၊ လယ်ဝန်မင်းဦးစီ၊ မယ်ခွေ၊ မုံရွေးဆရာတော်၊ ကျည်းကန်ရှင်ကြီး ဦးကြော့၊ ဦးသာ၊ ဦးရွှန်း၊ ဦးခြုံ၊ စိန္တကျော်သူဦးသြ၊ ဦးပုည၊ မြ၀တီမင်းကြီးဦးစ၊ ကင်းဝန်မင်ကြီး၊ ရွှေတောင်သီဟသူ၊ ကနီစစ်ကဲမင်းထင်ရာဇာ၊ အချူပ်တန်း ဆရာဖေ၊ လှိုင်ထိပ်ခေါင်တင်၊ မောင်ဖေငယ်၊ ဦးဖူးညို၊ ဦးကျော်လှတို့ဟာ ထင်ရှားတဲ့ စာဆိုတော်များပဲ ဖြစ်ပါတယ်။ ရွှေတောင် နန္ဒသူ ရေးဖွဲ့ခဲ့တဲ့ ရွှေတောင်ရကန်ကတော့ ရကန်ထဲမှာ ပထမဆုံးတွေ့ရှိရတဲ့ ကဗျာပဲ ဖြစ်ပါတယ်။

အကြောင်းအရာပိုင်းအရဆိုရင် အချစ်၊ အလွမ်း၊ အလှအပ၊ဘုန်းတော်ဘွဲ့တွေကိုဦးစားပေး ဖွဲ့ဆိုတဲ့ တေးထပ်၊ လေးချိုး၊   ဘောလယ်များ ရှိခဲ့သလို ကုန်းဘောင်ခေတ် နှောင်းပိုင်းမှာ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီအရေး ပိုမိုရှုပ်ထွေးလာတဲ့ အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ သူ့ကျွန်မခံတော်လှန်ရေးအပိုင်းများမှာ ပိုမိုရေးဖွဲ့ခဲ့ကြပါတယ်။

စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်၊ နေရောင်မခံ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ မိုးမခဘူး၊ နွေလသန်ပေါက် ယဉ်ချိန်ရောက်ခါမှ နှင်းသောက်ငယ်ရွှင်ရွှင် ပွင့်ဖူးတွေ ဆင်ကြ။ ရွှေပင်ဆင့် ငွေပင်ဆင့် ပတ္တမြားပင်ဆင့် ဂမုန်းအင် အဘက်ဆောင်း စက်ရိပ်ခို ရေတွက်၍ ဆိုတော့မည်။ လက်တို တမည် လက်တံရှည်နှင့် နေရောင်ခြည် လရောင်ဝါ၊ မိုးလုံးပြာ၊ မိုးလုံးမှိုင်း၊ ပုလဲဆိုင် ပုလဲနှစ် ချစ်စရာ့လိပ်ပြာတောင်၊ နီလာရောင် တောင်လုံးမြိုင်၊ သုံးပွင့်ဆိုင် လေးပွင့်ဆိုင်။ ခိုင်လုံးလန်း၊ ပင်လုံးဆန်း နွဲ့တိုင်းယိမ်း ညှာတံစိမ်းများကို လေသိမ်းတိုင်းလှ ကိန္နရီကသည့်နှယ်။ တစ်ချို့က နီပြာပြာ၊ တစ်ချို့က ဖြူဝါ၀ါ၊ တစ်ချို့မှာ ချိပ်ပွင့် တစ်ချို့မှာ ပန်းရင့်လို ပင်ဆင့်ပန်းပျံ ဘွဲ့မည်ခံခြင်းတွင်။
(သဇင်ပန်းဘွဲ့(ရကန်)- ဦးတိုး)

နွေဦးငယ်မှ ရာသီ။      ။သရဖီအင်ကြင်း၊ ပိတောက်ကယ်သင်းပါလို့၊ လေပြင်းငယ်သုန်သုန်၊ မြူမှုန်ဆိုင်းလှသည်၊ မှိုင်းရီရီငယ်နှင့်လေ။

နဒီငယ်မှ မြစ်ဦး၊ လှိုင်းလိပ်ကယ် တက်ပြန်၊ ငါးကြင်းငယ်ဆန်သည်၊ ငါးတန်မြူးလို့၊ ပျံ့ပျူးငယ်မှ သဲသောင်၊ ကံကော်ရေပန်း၊ မျှောနစ်ကယ်မွန်းလို့၊ တင်ကျမ်းငယ်ဆောင်သည်၊ တောတောင်နေအင်းအိုင်က၊ မြစိုင်လိုမောင်း။

တပေါင်းငယ်မှ ရွက်ကျင်၊ တိမ်တောင်ဖြန့်လွှား၊ ရပ်ရှစ်ပါးက၊ မိုးသားငယ်ဆင်သည်၊ ခေါ်ငင်ကာ တက်သက်လို့၊ ကျေးငှက်က နွှဲ။

သို့သည်ကောဇာ၊ သည်အခါကို သမာပတ်ဝင်၊ မြတ်ချစ်ရှင်များသော်မှ၊ စံပျော်ရွှင်ပျံ့ပျူးလို့၊ ကြည်နူးတော်မူရ သည်၊ တိမ်မြူကို လေနှူးတဲ့၊ နွေဦးပွဲလေ။  (နွေရာသီဘွဲ့(အဲချင်း)- ဦးယာ)

(ဆ) မန္တလေးခေတ် (ခရစ်နှစ် ၁၈၈၆-၁၉၀၀)

                        မန္တလေးခေတ်ကို ပြန်ကြည့်ရင်တော့ ရှေ့ခေတ်အဆက်ဆက်က အသုံးပြုရေးဖွဲ့ခဲ့တဲ့ ပျို့၊ ရတု၊ ရကန်၊ လေးချိုး၊ ဒွေးချိုး စတာတွေဆက်လက်အသုံးပြုခဲ့ပေမယ့် ရေးဖွဲ့မှုအများဆုံးက တေးထပ်ဖြစ်တဲ့အတွက် မန္တလေးခေတ်ကို တေးထပ်ခေတ်လို့တောင် သတ်မှတ်လို့ရနိုင်ပါတယ်လို့ ဆရာ မောင်သာနိုးက ရေးသားထားပါတယ်။ မန္တလေးခေတ်မှာ လှိုင်ထိပ်ခေါင်တင်၊ တောင်သမန်စား မောင်ဖေငယ်၊ မင်းကြီးကတော် ခင်ဆုံ၊ ဖိုးသူတော် ဦးမင်း၊ မမြလေး၊ စလေဦးပုည၊ အချုပ်တန်းဆရာဖေ၊ ဦးကြော့ စတဲ့ စာဆိုများရေးဖွဲ့ခဲ့တဲ့ တေးထပ်တွေကို များစွာ တွေ့ရှိရပါတယ်။

တေးထပ်လို့ အမည်တပ်ထားတဲ့အတိုင်း တေးထပ်ဟာ တူရိယာဂီတနဲ့ တီးမှုတ်သီဆိုလို့ရတဲ့ တေးချင်းဘ၀ကနေ ကဗျာဘက်ကို တဆင့်ကူးလာတာဖြစ်တယ်။ ရှေးခေတ်တေးရိုးကြီးများအပေါ်မှာ အကွန့်အဆန်းတက်ကာ တစ်ဆင့် နှစ်ဆင့် ထပ်ပြီးရေးစပ်လို့ တေးထပ်လို့ ခေါ်တယ်လို့လည်း ဆိုကြပါတယ်။ တေးထပ်အများစုရဲ့အကြောင်းအရာကတော့ မယ်ဘွဲ့၊ မောင်ဘွဲ့၊ မိုးဘွဲ့တွေပါပဲ။

မာလာငုံထုံရနံ့
ကုင်္ကမံ ၀တ်လွှာ
ဘုံကြငှန့် ထွတ်ချာမှာ
တမွတ်လွှာ ညွှန့်ဖျား။
ကျွန်းကုရု တဇေယျာမှာ
ပဒေသာ နန်းပင်မြင့်ဖွား။
ရွှေကသစ်ရိပ်ကြာမှာ
မိတ်လျာတော်တစ်ပါး။
ဇမ္ဗူမှာ အတူရှားပါလိမ့်
နမူပွား ပျက်ကွယ်။
လှမှန်ကူ တသူဘုန်း
ဇမ္ဗူလုံး ခုမြင်ရတယ်။
ရွှေဘုံသူ့ကိုယ်စားလှယ်လျှင်
လိုတမယ် လွှာသလို့
ဝါသ၀ ပါရဂူ
ရေးတော့ မတူ။
ကံထူးလို့ ယဉ်သူကို
မင်မကူ နိုင်ဘူးဖျလေး။
(တေးထပ်-စလေ ဦးပုည)

ရွှေပဒုံကြာအချပ်ကိုလ
လေအဟုန်လာ၍ ခတ်စဉ်က
ကညာနတ် ထွက်ခဲ့တယ်။
သန္ဓေဖွားဟာမို့
ရွှေသားကို ပန်းချီပြင်၍
သည်ခင်ကို စုတ်တံနဲ့ ရေးသော်လည်း
ဆေး ရနိုင်ဖွယ်။
(လေးဆစ်- အချုပ်တန်း ဆရာဖေ)

(ဇ) ကိုလိုနီခေတ် (၁၈၈၆ - ၁၉၂၉)

                        ကိုလိုနီခေတ်ကဗျာအရွေ့မှာ မန်လည်ဆရာတော်၊ မောင်းထောင် ဦးကျော်လှ၊ လယ်တီဆရာတော်၊ ဦးစံခို၊ သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဦးချစ်စရာ တို့မှာ ထင်ရှားပြီး အထူးသဖြင့် မောင်းထောင် ဦးကျော်လှရဲ့ သံချိုကဗျာများနဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေဟာ အမျိုးသားရေးဇာတိမာန်ကို ဖော်ကျူးနိုင်ပြီး ပိုမိုထင်ရှားခဲ့တာကို တွေ့ရပါတယ်။

သာသနာ မြေပလ္လင် အသေရေလှပေတဲ့
ရွှေမြတောင် သာတဲ့တိုက်ဆီက
နေလနှစ်ဆောင် ပါတော်မူတဲ့ အခိုက်တွင်ဖြင့်
ကတိုက်ကရိုက်အမြန်မြင်လိုက်တော့
မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နဲ့
မန်းအပျက်တွင်ဖြင့် ကြငှန်းမက်လိုက်ရပုံက
ပုခန်းထွက်တဲ့ပြီး အကြမ်းဖက်ကရော့မဟဲ့လို့
ငမ်းငမ်းတက်သရေယိုအောင် နန်းဆက်အမွေကိုလည်း မှန်းမိတဲ့ပြင်
ကမ္မဋ္ဌာန်းသတိနဲ့ မဆင်မခြင် မမြင်ခင်မှာ
ဘရောက်ဘရက်နဲ့ နောက်ပျက်ပျက်အရူးလိုပါ့
(သခင်ဋီကာမှ - သခင်ကိုယ်တော်မှိုင်း)

ဝေးခရီးပေမယ့်
အရေးကြီးလျှင် သွေးနီးရာပါစမြဲပေမို့
ဆရာလဲကွာ ပဋ္ဌမအရင်ကနဦးဆီက
မြန်မာ့တခွင်မှာ သမတရှင်ဘုရင် မလူးခင်ပ
(ထ)ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
(ထီ) မထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်ခေါင်ပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့
(၁၉၂၀ ပြည့်နှစ် ယူနီဗာစီတီသပိတ်၊ မျောက်ဋီကာမှ - သခင်ကိုယ်တော်မှိုင်း)

            မောင်းထောင်ဦးကျော်လှရဲ့ သံချိုတွေဟာ ရုပ်စုံသဘင်အတွက် ရည်ရွယ်ရေးဖွဲ့ထားတဲ့ ကဗျာများဖြစ်ပြီး ရုပ်စုံစင် ပေါ်မှ ကိုယ်တိုင်ရွတ်ဆိုဖျော်ဖြေခဲ့တဲ့ ကဗျာအမျိုးအစားတစ်မျိုးလည်းဖြစ်ပါတယ်။ လေးချိုးသံချိုအမျိုးအစားဖြစ်ပြီး အချိုး လေးခုကို အခြေခံထားပေမယ့် ပါဒအရေအတွက် ချဲ့ထွင်ပြီး အသံကို ချိုအောင် ဖန်တီးရေးဖွဲ့ထားတာဖြစ်ပါတယ်။

ယာပြင်မှာ ၀ါတွေကြဲမိရင်၊ တာရဲတွေ ဆွေတရုတ်တို့က၊ ငွေထုတ်ကာ ကိုယ်စီငှားကြလို့၊ ပွဲစားတွေ ၀ယ်ယူလာကြရ၊ စုလျားဖျင်တဘက်ကိုမှ၊ တင်ပခွက်လုံအောင် မဖုံးနိုင်ဘု၊ သက်ဆုံးတိုင်ရှည်ကြာနေကြရ၊  သည်ဝါတွေ တပြည်တရွာသို့ဖြင့် မရောင်းကြပါနှင့်၊ ၄င်းဝါအထည်ဖြစ်တော့မှ၊ ချည်ရှစ်ဆယ် အစိတ်ပေးရလိမ့်၊ ပိတ်ဈေးမှာ အလွန်တိုသောကြောင့်၊ အရင်လို မ၀ယ်နိုင်၍၊ ပိတ်အင်္ကျီရှိုမစွတ်ရပေဘု၊ ကိုယ့်အ၀တ်ကို ရိုသေလို့၊ မိန်းမတွေ အငြိမ်းမနေကြစမ်းပါနှင့်၊ ယက်ကန်းမှာ ဗိုင်းဝါအလုပ်ကိုဖြင့်၊ အများတကာကို အားမနာလို့ မဟုတ်ပါဘု၊ အသွားအလာ ခါးဗလာချာ မစုတ်ရအောင်လို့ကွယ်၊ အားထုတ်ဖို့ကောင်း။
(ကမ္ဘာတွင် မြန်မာမျိုးတို့ အစချီ သံချို- မောင်းထောင်ဦးကျော်လှ)

(၁) မြန်မာကဗျာအရွေ့(အပိုင်း - ၂)

(က) ခေတ်စမ်းစာပေ (၁၉၃၀ - ၁၉၄၅)

ကိုလိုနီခေတ်နှောင်းပိုင်း ၁၉၃၀ ခုနှစ်ဝန်းကျင်မှာ မြန်မာကဗျာဟာ ကြီးမားတဲ့ အချိုးအကွေ့ အပြောင်းအလဲ တစ်ခုကို စတင်လိုက်ပါတယ်။ အဲဒါဟာ ခေတ်စမ်းကဗျာခေတ်ကို ထူထောင်ခဲ့ကြတာပါပဲ။ ၁၉၂၈ မှာ မစ္စတာဖာနီဗယ်ရဲ့ ဆော်သြမှုနဲ့   မြန်မာပြည်ပညာပြန့်ပွားရေးအသင်းပေါ်ပေါက်လာခဲ့ပါတယ်။ ဂန္ထလောကမဂ္ဂဇင်းကို စတင်တည်ထောင်ပြီး အသင်းရဲ့ ဟစ်တိုင်သဘောမျိုး အသုံးပြုခဲ့ပါတယ်။ အယ်ဒီတာက ဦးခန့် ဖြစ်ပါတယ်။ ဆက်လက်ပြီး လူမျိုးခြားစာပေများကို မြန်မာ ဘာသာပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာသာပြန်ပြိုင်ပွဲတွေလည်း ကျင်းပပေးခဲ့ပါတယ်။ အဲဒီ ပြိုင်ပွဲတွေကို အကြောင်းပြုပြီး ခေတ်စမ်းစာပေရဲ့ ရှေ့ပြေးဖြစ်လာမယ့် ဘာသာပြန်ကဗျာတွေလည်း စတင်ထွန်းကား လာခဲ့ပြီး ဂန္ထလောက မဂ္ဂဇင်းမှာ နေရာပေးဖော်ပြခဲ့ပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ် အပါအ၀င် တက္ကသိုလ်မှ ပညာတတ်လူငယ် တွေရဲ့ အစဉ်အလာ ကဗျာတွေကို ရိုးအီမှု၊ အနောက်တိုင်းကဗျာများနှင့် ရင်းနှီးလာမှု စတာတွေ အပေါ်မှာ မူတည်ပြီး ခေတ်စမ်းကဗျာအဖြစ် စမ်းသပ်ရေးဖွဲ့ခဲ့ကြတာပါပဲ။ ပထမဆုံးခေတ်စမ်းကဗျာလို့ အားလုံး လက်ခံယုံကြည်ထားတဲ့ ကဗျာက ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာ (၁၉၂၈)နဲ့ ကြောင်မနက်ပြာ ကဗျာပဲ ဖြစ်ပါတယ်။ ကြောင်မနက်ပြာကဗျာကို ဂန္ထလောက မဂ္ဂဇင်းမှာ ၁၉၃၁ မှာ စတင်ဖော်ပြခဲ့ပါတယ်။ ပုဂံခေတ်ဦး ကနေစပြီး နှစ်ပေါင်း ရှစ်ရာကျော်ထွန်းကားခဲ့တဲ့ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ မော်ကွန်း၊ ဧချင်း၊ အိုင်ချင်း၊ တျာချင်း၊ လေးချိုး၊ ဒွေးချိုး၊ တေးထပ်၊ ဘောလယ် အစရှိတဲ့ မြန်မာ့ ရှေးရိုးစဉ်လာ ကဗျာတွေကနေ စတင်ဖောက်ထွက်ခဲ့တဲ့ ကဗျာဆိုလည်း မှားမယ်မထင်ပါဘူး။

            အဲဒီနောက် ၁၉၃၄  ဇူလိုင်လမှာ တက္ကသိုလ်ဆရာ ဦးဖေမောင်တင်ကနေ ခေတ်စမ်းကဗျာများ လို့ ရဲရဲဝံ့ဝံ့ အမည်ပေးထားတဲ့ စာအုပ် လေးတစ်အုပ် စတင်ထွက်ရှိခဲ့ပါတယ်။ အသစ်ကိုလိုလား ခုံမင်ဖောက်ထွက်ချင်ကြတဲ့ လူငယ်၊ လူလတ်ပိုင်းကဗျာဆရာ ရှစ်ဦးရဲ့ ကဗျာပေါင်း(၇၄) ပုဒ်ပါဝင်ပါတယ်။ အဲဒီစာအုပ်မှာ မောင်ဧမောင် (၇)ပုဒ်၊ မောင်ညွှန့်(၆)ပုဒ်၊ မခင်စောမူ(၆)ပုဒ်၊ မောင်ဘသောင်း(၄)ပုဒ်၊ မောင်တိုးအောင် (၉)ပုဒ်နဲ့ အဓိက ရေးသားသူ ဆရာ ဇော်ဂျီ (၂၄) ပုဒ်နဲ့ ဆရာ မင်းသုဝဏ် (၁၈) ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်တမ်းကတော့ အဆိုပါ ခေတ်စမ်းကဗျာများ စာအုပ်ထဲမှာ ပါဝင်တဲ့ ကဗျာတွေဟာ ၁၉၃၀ ခုနှစ် မတိုင်မီကတည်းက ဂန္ထလောကမဂ္ဂဇင်း၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း စတာ တွေမှာ ဖော်ပြထားပြီးတဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။    

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မှီမို့
ဇမ္ဗော်ရည်ပြေပြေလိမ်းခါပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလဲလေ လောကီသားလိုပေါ့
ကြွားချင်လှပေလိမ့်မယ်
(ဇော်ဂျီ - ပိတောက်ပန်းကဗျာမှ)

သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့၊
သပြေညို ရွှေဘိုပန်းဟာက၊
လန်းလျှက်ပါကို ။
ဘ၀မလျှော့လေနဲ့ 
လာတော့မကွဲ့ ရွေပဟိုရ် 
လေချိုကအသွေး။ 
လင်းကြက်အဆော် 
ကွင်းထက်မှာ တူပျော်ပျော် နဲ့ 
စည်တော်ကို ရည်မျှော်မှန်းကာပ 
ရောင်နီမှာ အောင်စည် ရွှန်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့ 
လှမ်းကြစို့လေး ။
(မင်းသုဝဏ်- သပြေညိုကဗျာမှ)

၁၉၃၀ ခေတ်စမ်းကဗျာများနဲ့ သိပ်မကွာပဲ ပေါ်ထွက်လာတဲ့ ကဗျာအမျိုးအစား တစ်ခုကတော့ ကလေးကဗျာပဲ ဖြစ်ပါ တယ်။ ကွမ်းခြံကုန်းအမျိုးသားကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမင်းသုဝဏ်က ကျောင်းစာ ပြဋ္ဌာန်းချက် အတွက် လိုအပ်ရာက စတင်ရေးဖွဲ့ပေးခဲ့ခြင်းဖြစ်ပြီး အခြားထင်ရှားတဲ့ ကလေးကဗျာ ဖွဲ့ဆိုသူတွေကတော့ ဆရာ တင်မိုး၊ ဆရာမ နုယဉ်၊ ဆရာ မင်းယုဝေ၊ ဆရာ မျိုးမြင့်ဆွေတို့ပဲ ဖြစ်ပါတယ်။


(ခ) စာပေသစ် (၁၉၄၆ - ၁၉၆၇)

ခေတ်စမ်း (၁၉၃၀) ပြီးတဲ့နောက် ၁၉၄၆ မှာ တာရာမဂ္ဂဇင်းနဲ့အတူ ပေါ်ထွက်လာခဲ့တာကတော့ စာပေသစ်ပါပဲ။ ဦးဆောင်သူတွေကတော့ ဆရာဒဂုန်တာရာ၊ ဆရာမ ကြည်အေး၊ မောင်ကြည်လင် အစရှိသူတို့ပါပဲ။ ဆရာ ဒဂုန်တာရာဟာ ခေတ်စမ်းက တီထွင်ခဲ့တဲ့ လေးလုံးစပ်ကာရန်စနစ်ကိုပဲ ပိုမိုကျယ်ပြန့်အောင်ချဲ့ထွင်စပ်ဆိုခဲ့ပါတယ်။ ဆရာ ဒဂုန်တာရာ ဆီကနေ အဘိဓမ္မာ အားကောင်းတဲ့ ကဗျာတွေ ထွက်ပေါ်လာခဲ့ပြီး ဆရာမကြည်အေးထံမှ အလှဓာတ်ကဲတဲ့၊ အဖွဲ့အနွဲ့ အားကောင်းသော ကဗျာတွေ များစွာထွက်ပေါ် လာခဲ့ပါတယ်။ ဆရာဒဂုန်တာရာရဲ့ မတ်လတော်လှန်ရေး၊ တဟီတီ သွားရအောင်နဲ့ အခြားကဗျာများစွာတို့ဟာ လူထုကြားထဲမှာ အဘိဓမ္မာအားကောင်းစွာနဲ့ အခုချိန်ထိ စိမ့်ဝင်ပျံ့နှံ့နေဆဲပါပဲ။ ဆရာဒဂုန်တာရာနဲ့အတူ စာပေသစ်ကို ဦးဆောင်ခဲ့တဲ့ အခြားဆရာတစ်ဦးကတော့ ဆရာ ဒေါင်းနွယ်ဆွေပဲ ဖြစ်ပါတယ်။

မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက် ၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ် ၊ပတမြားရည်
စီးလည်အဟုန် ၊နီ မြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး ။

မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာ လက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။
(ဒဂုန်တာရာ - မတ်လတော်လှန်ရေးကဗျာ၊ ၁၉၄၇ မှ)

အိပ်လို့မရ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း ၊ ကြွေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
ခိုတွယ်စရာ ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
စကားပင်အို ၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ ၊ မြက်ခြုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။
(ကြည်အေး - တစ္ဆေ ကဗျာမှ)
တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ ၁၉၄၉

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ်
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ်
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ်
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ်
အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ်
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ်။
(ဒေါင်းနွယ်ဆွေ - မာန် ကဗျာမှ)

            ၁၉၆၀ ၀န်းကျင်ကာလများကတော့ မန္တလေးတက္ကသိုလ်ကဗျာခေတ်လို့ သတ်မှတ် ရလောက်အောင်ပဲ တက္ကသိုလ် ကနေ ကဗျာ စာအုပ်တွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။ စိတြကဗျာများ (၁၉၆၀)၊ လမင်းတရာ (၁၉၆၃)၊ အနီနဲ့ အပြာ (၁၉၆၄)နဲ့ လမ်းသစ်ကဗျာများ (၁၉၆၅) တို့ပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ကဗျာစာဆိုများကတော့ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ဘုတလင်ချစ်လေး၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်သာနိုး(မောင်သိင်္ဂါ) စတဲ့ ကဗျာဆရာ များပဲ ဖြစ်ပါတယ်။

အလင်္ကာသစ်၊ အကျဉ်းနှစ်နှင့်
ဘုံခေတ်ရှေ့ရှု၊ ကြေးရုပ်ထုလျှင်
ပြည်သူ့ကဗျာဆရာတည်း။
ပြတိုက်ပေါ်မှ
မျှော်၍ ကျော်လွန်၊ မြို့အစွန်ဝယ်
မြင့်ချွန်လွင့်ပါး၊ ခေါင်းတိုင်များလျှင်
လုပ်သားပြည်သူ့ စက်ရုံတည်း။
(ကြည်အောင် - ပြတိုက်ကဗျာမှ)

လမ်းဟောင်းကြီးလျှင်၊ တစပြင်တည့်
နေ၀င်နေထွက်၊ နံနက်ညခင်း
လူသူကင်း၍
ငိုချင်းရှည်ကြီး ဆိုနေသည်။
လမ်းသစ်ခင်းရာ၊ လူတိုင်းပါလော့
သူငါကိုယ်စီ၊စွမ်းအားတည်၍
ညီညာခုတ်ထစ်၊ ရှင်းလင်းပစ်လျှင်
လမ်းသစ်မြန်မြန် ပြီးမည်တကား။
(ကိုလေး(အင်းဝဂုဏ်ရည်)- လမ်းသစ် ကဗျာမှ)

(ဂ) တော်လှန်ကဗျာ (၁၉၆၉)
         
မြန်မာကဗျာအရွေ့မှာ ဘယ်လိုမှ ချပ်လှပ်ထားလို့မရတဲ့ ကြီးမားတဲ့ အရွေ့ကတော့ တော်လှန်ကဗျာအရွေ့ပဲ ဖြစ်ပါ တယ်။ တော်လှန်ကဗျာစာအုပ်မှာ မောင်ချောနွယ်(၁၀)ပုဒ်၊ မောင်စိမ်းနီ(ကေသီပန်)(၁၀)ပုဒ်၊ စိုးမြင့်သိန်း(၈)ပုဒ်၊ နီအောင် (၆)ပုဒ်၊ မောင်ပြုပြင်(ကျုံပျော်)(၇)ပုဒ်၊ ရွှေရ (တောင်ကုတ်)(၈)ပုဒ်၊ လှဆွေ(၁၁)ပုဒ်၊ မောင်သွေးသစ်(၈)ပုဒ်၊ မောင်သင်းခိုင် (ပျဉ်းမနား)(၄)ပုဒ်၊ အောင်ဇင်မင်း(၉)ပုဒ်တို့ ပါဝင်ရေးသားခဲ့ကြပြီး ဆရာ ဒဂုန်တာရာရဲ့အမှာနဲ့ တော်လှန်ကဗျာ ကိုယ်စားပြု သူများရဲ့အမှာ စတဲ့ အမှာစာနှစ်ပုဒ်ကို ဖော်ပြထားပါတယ်။ ၁၉၆၉၊ ဒီဇင်ဘာတွင် ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ စာမျက်နှာ ၁၇၆ မျက်နှာရှိတဲ့ ကဗျာဆရာ ဆယ်ဦးရဲ့ တော်လှန်ကဗျာစာအုပ်လေးဟာ မြန်မာကဗျာလောကအတွက် ရှေ့ဆက်တိုး လှမ်း လိုက်တဲ့ ခြေတစ်လှမ်းဆိုရင်လည်း မမှားလောက်ပါဘူး။ တော်လှန်ကဗျာစာအုပ်မှာ ဆရာ ဒဂုန်တာရာက ဒီလို ရေးပေးထား ပါတယ်။

ယနေ့ကဗျာသည် လူငယ်များ၏ ဖော်ပြချက်ဖြစ်နေသည်။ ရှေးက ကဗျာကို ခက်အောင် ရေးရသည်။ ရွယ်ရင့်ပညာရှိများမှ နားလည်သည်။ သို့မှလည်း ကဗျာစစ်သည်း။ ယခုအခါ လူလားမြောက်စ စာ ရေးတတ်လာလျှင် ကဗျာစပ်ချင်သည်။ ဤကား ယနေ့ခေတ်မြန်မာ့အချင်းအရာတရပ်ဖြစ်နေပေပြီ။ယနေ့လူငယ်များသည် ဆန်းအလင်္ကာကျမ်းမျာကို စာမေးပွဲ မေးခွန်းလွှာ များတွင်သာ မြင်ဘူးကြသည်။ အိမ်ပြန်ရောက်သောအခါ အရပ်ထဲမှ ညည်းသံ၊ ငြူသံ၊ အသံဗလံတို့ ကြားရသည်။ အရပ်ထဲမှာရုန်းကန်မှု ဘ၀တိုက်ပွဲတို့ကို မြင်ရသည်။ ဆိုရှယ်လစ်ရေးနှင့် ဆိုရှယ်လစ်ဆန့်ကျင်ရေး ပဋိပက္ခကို တွေ့နေရ သည်။ ယင်းတို့သည် သူတို့၏ ဆန်း အလင်္ကာသစ်များဖြစ်ကြသည်။ လူထု၏ အသံသည် သူတို့၏ ကာရန်၊ လူထုခံစားမှု သည် သူတို့၏ ဆန်းအလင်္ကာ။ရှေးက ကဗျာကို နန်းတော်က ပိုင်သည်။ ထို့နောက် ဇာခန်းစီးက ပိုင်သည်။ ယနေ့ကဗျာကို ပြည်သူက ပိုင်လာပေပြီ။ ရှေးက ကဗျာရေးရန် ခက်သည်။ ယခု လွတ်လပ်ပေပြီ။ ယနေ့ ဘာတော်လှန်ရေးလဲဟု ယနေ့ ခေတ်ပေါ်ကဗျာအား ညွှန်းရပေမည်။ ယနေ့ခေတ်လူငယ်များ၏ ကဗျာတွင် ယနေ့ လှုပ်ရှားနေသော ခေတ်ရုပ်ပုံလွှာကို တွေ့မြင်စေသတည်း။

ဒဂုန်တာရာ
၃၀၊၁၁၊၆၉

ပန်းဆိုတာ
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
တပွင့်ချွေရင်
တပွင့် ဝေလွင်နေမှာဘဲ
နှစ်ပွင့်ချွေရင်
နှစ်ပွင့် ဝေလွင်နေမှာဘဲ။
ကဲ ချွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်ဓုန်းလား၊ မုန်တိုင်းလားဘဲ
တအားတိုက်စမ်း၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာ ကြွေအောင်
မွချွေစမ်းပါ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
ပန်းအဘိဓမ္မာ
ဒါပါပဲလေ၊ ချွေလို့ ကြွေကြွေ
ကြွေလို့နေနေ၊ ကြွေဒါကိုက ပွင့်ခြင်းဘဲဟေ့။

(မောင်ချောနွယ် - ကြွေဒါကိုက ပွင့်ခြင်းဘဲ)

(ဃ) မိုးဝေကဗျာခေတ် (၁၉၆၈ -၁၉၈၈) 
၁၉၆၈ မှာတော့ အပြင်းထန်ဆုံးသော ရေစီးကြောင်းအပြောင်းအလတစ်ခုအဖြစ် စုံထောက် မဂ္ဂဇင်း ကနေ အသွင် ပြောင်းလဲ ထုတ်ဝေလာတဲ့ မိုးဝေမဂ္ဂဇင်းစတင်ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၆၈ ဖေဖော်ဝါရီမှာ မိုးဝေ မဂ္ဂဇင်းကို စာပေမဂ္ဂဇင်းပုံစံနဲ့ ပြောင်းလဲထုတ်ဝေခဲ့ပြီး အယ်ဒီတာတွေအဖြစ် သန်းနိုင်၊ ညိုသစ်နဲ့ သန်းအုန်းတို့က(၁၉၇၆-၈၁) ခုနှစ်များမှာ တာဝန်ယူခဲ့ပါတယ်။

မိုးဝေ ကဗျာသည် ခေတ်ပြိုင်လူငယ်များ ရေးဖွဲ့သော ကဗျာဖြစ်သည်။ လေးသုံးနှစ်ကာရန်ဖွဲ့ထုံး နည်းစနစ်ကို ကျေနပ်ရောင့်ရဲခြင်းမရှိ။ ထို လေးသုံးနှစ် ဖွဲ့ထုံးမှ လမ်းခွဲထွက်သည်။ လေးသုံးနှစ် စည်းကမ်းနှင့် မညီသော ကဗျာများကို ကာရန်မဲ့ကဗျာ၊ လွတ်လပ်ကဗျာ၊ ခေတ်ပေါ်ကဗျာ စသဖြင့် အမည်နာမအမျိုးမျိုးခေါ်ဝေါ်သမုတ်ကြသည်။ ၁၉၇၅-၈၁ ခုနှစ်တ၀ိုက် လွတ်လပ်ကဗျာများ ဂယက်သည် မဂ္ဂဇင်းလောက၌ အငြင်းပွားများစေခဲ့သည်။ ထိုကဗျာကို မိုးဝေစာပေ မဂ္ဂဇင်းတွင် တွေ့မြင်ဖတ်ရှုလာရသည်။ ကာရန်စည်းစနစ်ဘောင်ကို ချဲ့ထွင်ထိုးထွက်ရေး တစ်ခုတည်းအတွက်သာမဟုတ်၊ စကားပြောရစ်သမ်ကိုပါ ပြောင်းလဲသုံးစွဲရန်လည်းဖြစ်သည်။ တနည်းအားဖြင့် ကာရန်စည်းစနစ်ကြပ်တည်း လှောင်ပိတ်မှုများ ကို ချဲ့ထွင်လျက် ရစ်သမ်ကို အားပြု အဓိကထားသောကဗျာပုံသဏ္ဍာန်ကို ရေးဖွဲ့လာကြသည်။ ၁၉၇၀-၈၀ ခုနှစ်ကာလ ၀န်းကျင် မိုးဝေကဗျာသည် ၁၉၆၀-၇၀  ခုနှစ်ကာလက ရေးဖွဲ့လာသော နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး၊ ကျူးကျော်စစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စသည့်အကြောင်းအရာများ မှိန်ဖျော့အားနည်းလာပြီး ပုဂ္ဂလိက ခံစားမှုနိမိတ်ပုံမျိုးစုံနှင့် ရှုပ်ထွေးသိမ်မွေ့သော အသံစီးဆင်းမှုအားကောင်းသော စကားပြောရစ်သမ်ဖြင့် ရေးဖွဲ့လာကြသည်။ ထိုလွတ်လပ်ကာရန်နှင့်ဖွဲ့သော ခေတ်ပြိုင်ခံစားမှုကဗျာများကို သဘောမတူကြ၊ အငြင်းပွားကန့်ကွက်ဆန့်ကျင်ကြသည့် ကဗျာဝေဖန်ရေးဂယက်များ ထကြွလာခဲ့သည်။ ထိုခေတ်ပြိုင်ခံစားမှုကို စကားပြောရစ်သမ်နှင့် ဖွဲ့နွဲ့ရေးသားလာသော ကဗျာများကို ဖော်ပြသည့် မဂ္ဂဇင်းမှာ မိုးဝေ မဂ္ဂဇင်းဖြစ်သည်။
(ညိုသစ် - မိုးဝေ ကဗျာ အမှာမှ)

မိုးဝေနဲ့ မရှေးမနှောင်းမှာပဲ ဆရာမောင်သာနိုးရဲ့ ထင်းရှုးပင်ရိပ်လို့ အမည်ပေးထားတဲ့ ခေတ်ပေါ်ဘာသာပြန် ကဗျာစာအုပ်လည်း ထွက်ရှိလာခဲ့ပါတယ်။ ဒီနေ့ခေတ် စာမျက်နှာ တွေပေါ်မှာ တစ်ကြောင်းရေးလည်း ကဗျာနှစ်ကြောင်း ရေးလည်း ကဗျာဆရာဖြစ်နေတဲ့ ဆရာကြီးတွေ တော်တော်များများဟာ အဲဒီတုန်းက ထင်းရှုးပင်ရိပ်အောက်မှာ နားခို အိပ်မက် မက်လာခဲ့ကြသူတွေပါပဲ။ မိုးဝေမဂ္ဂဇင်းနဲ့အတူ  ခေတ်ပေါ်ကဗျာတွေ အားကောင်းခဲ့သလို ခေတ်ပေါ်ကဗျာ ဆရာ တွေလဲ အပြိုင်းအရိုင်း ဖူးပွင့်လာခဲ့ကြပါတယ်။ (ဆရာ) မောင်လေးအောင်၊ မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ မောင်သွေးသစ်၊ မောင်အောင်ပွင့်၊ မောင်လူမှိန်၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ နီမောင်၊ ဖော်ဝေး၊ မြေချစ်သူ၊ မောင်ပြည့်မင်း၊ သုခမိန်လှိုင် စသည်ဖြင့် အခြားကဗျာဆရာများအပါအ၀င် အများကြီးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအထဲက တစ်ချို့ဆရာများဆိုလျှင် ကွယ်လွန်သွားကြပြီ ဖြစ်ပါတယ်။

            ၁၉၆၈ မှာပဲ ခေတ်ပေါ်ကဗျာကို စူးစမ်းရှာဖွေအားထုတ်ရေးဖွဲ့ချင်တဲ့ လူငယ်တွေစုပြီး ဆရာမင်းသုဝဏ်ရဲ့ နေအိမ်မှာ သပြေညို ၀ပ်ရှော့ဆိုပြီး ကဗျာစာပေ၀ိုင်းလေး တစ်ခုဖြစ်တည်ခဲ့ပါတယ်။ အဲဒီသပြေညိုဝပ်ရှော့မှာ အဓိက ဆွေးနွေးသူ ကတော့ ဆရာမြဇင်ပဲဖြစ်ပါတယ်။ ၁၉၆၉ မှာတော့ ဆရာမြဇင်က ခေတ်ပေါ်ကဗျာကြေညာ စာတမ်းဆိုပြီး ခေတ်ပေါ်ကဗျာရဲ့ ယေဘုယျ အချက်အလက်တွေပါဝင်တဲ့ စာတမ်း တစ်စောင်ကို ငွေတာရီမဂ္ဂဇင်း ကနေ ရေးသားခဲ့ပါတယ်။ ခေတ်ပေါ်ကဗျာ လောကအတွင်းမှာ တော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တဲ့ စာတမ်းပါပဲ။ ဒါပေမဲ့ အထက်ပါအယူအဆတွေကို လူအများစုက လက်ခံပြီး လူနည်းစုလောက်ကပဲ ငြင်းပယ်ခဲ့ကြပါတယ်။

(င) ခေတ်ပေါ်ကဗျာ ( ၁၉၇၀ -         )

(ဒီနေရာမှာ ခေတ်ပေါ်ကဗျာ/ မော်ဒန်ကဗျာအပြင် ပို့စ်မော်ဒန်ကဗျာအကြောင်းကိုပါ ဆက်စပ်လို့ တပါတည်း ထည့်သွင်းပြောကြားသွားပါမယ်)

           ခေတ်ပေါ်ကဗျာဟာ -
           ၁။ ထွေပြားတယ်။ ရိုးရိုးစင်းစင်းမဟုတ်။
           ၂။ သိပ်သည်းတယ်။ ကျဲတဲတဲမဟုတ်။
           ၃။ ကျယ်ကျယ်ဝန်းဝန်းလွှမ်းခြုံတယ်။ မကျဉ်းမြောင်း။
           ၄။ ရိပ်ကာဝဲကာပြောတယ်။ တိုက်ရိုက်မပြော။
           ၅။ ဧကန်သဘောတရားဆောင်တယ်။ ပြုအပ်တဲ့ တရားမဆောင်။
           ၆။ အကွက်သဘောဆောင်တယ်။ မျဉ်းသဘောကို မဆောင်။

           နောက်ထပ်ပြောတာက ခေတ်ပေါ်ကဗျာဟာ နေ့စဉ်အရပ်သုံးစကားကို စကားပြောရစ်သမ်နဲ့ ရေးတယ်။ ကဗျာ မြောက်တဲ့ အရေးအဖွဲ့နဲ့ ခေတ်ပေါ်အာရုံခံစားမှုကို ဗဟိုပြုရမယ်ဆိုတာပါပဲ။ ကျွန်တော် နားလည်သလို အကြမ်း အားဖြင့် ထပ်ပြောရမယ်ဆိုရင် ခေတ်ပေါ်ကဗျာ တည့်(ဒဲ့)မပြောဘူး။ အနှစ်ချုပ် သဘောပြောတယ်။ နိမိတ်ပုံ သင်္ကေတသုံးတယ်။ စကားပြောရစ်သမ်နဲ့ အရပ်သုံး စကားသုံးစွဲတယ။် ကာရန်ထက် ရစ်သမ်ကို အားပြုရေးတယ်။ ကာရန်ပါချင်ပါ မပါချင်နေ ထည့်မတွက်ဘူး။ ကဗျာတစ်ပုဒ်လုံးက စုစည်းထားသလို ဖြစ်နေတယ်။ ပြောရရင် လုံးဝန်းသော ပုံသဏ္ဍာန်ဖြစ်တယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အတွင်းသားထဲမှာပဲ သိမှုကို ရှာနိုင်တယ်။ အနောက်နိုင်ငံတစ်ချို့ရဲ့ မော်ဒန်ဝါဒအောက်က သီးခြားအနုပညာအစ်ဇင်တွေကို လေ့လာကြည့်ရင် Symbolism, Expressionism, Futurism, Surrealism, Dadaism, Cubism, Imagism, စသည်ဖြင့် ဆင့်ကဲဖြစ်ထွန်းခဲ့တာ တွေ့ရပါတယ်။ လေ့လာထားတဲ့အထဲက ထည့်ပြောရရင် ၁၉၆၀ ခုနှစ်များမှာ ရောဘတ်လိုဝဲနဲ့ ဂျွန်ဘယ်ရီမန်းစတဲ့ လူငယ်တွေဟာ မော်ဒန်ကဗျာ တွေရဲ့ လက်ဝါးကြီးအုပ်မှုအောက်ကနေ ရုန်းထွက်ဖို့ လမ်းစတွေ ရှာလာကြတယ်။ သူတို့ကို အိလိယော့၊ အက်ဇရာပေါင်းတို့ရဲ့ ချိုးကျူးခံရမှုတွေနဲ့အတူ တတိယ မျိုးဆက်လို့ အသိအမှတ်ပြုခဲ့ကြတယ်။ အဲဒီ တတိယ မျိုးဆက်အားလုံးလိုလိုဟာ အောလ်ဆမ်ရဲ့ Projective Verse ကြေညာစာတမ်းရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ကြားကာလ တွေမှာ ပို့စ်မော်ဒန်ဝါဒဟာ တည်ဆောက်ဆဲ အနေအထားပဲ ရှိနေတယ်။ Beat, Black Mountain, Confessional, Lyric, Deep Image စတဲ့ ကဗျာဝါဒသစ်တွေကို ပို့စ်မော်ဒန်လိုလို မော်ဒန်နှောင်းပိုင်းလိုလိုနဲ့ ဝေေ၀၀ါးဝါးဖြစ်ခဲ့ရတဲ့အထိ ပို့စ်မော်ဒန်ရဲ့အစဟာ အခက်အခဲတွေနဲ့ ရင်ဆိုင် ခဲ့ရတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ နောက်ပိုင်းမှာတော့ ပို့စ်မော်ဒန်လို့ တိတိကျကျပြောလို့ရတဲ့ ကဗျာဝါဒတွေ ပေါ်ပေါက်လာတယ်။ အထင်ရှားဆုံးနဲ့ အလှုပ်ခတ်ဆုံးကတော့ ၁၉၆၇ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ စိတ်ကူးညဏ်အဓိက၀ါဒ Conceptual နဲ့ ၁၉၇၈ မှာ L=A=N= G=U=A=G=E မဂ္ဂဇင်းကနေ ပေါ်ထွက်လာတဲ့ Language Poetry ပါပဲ။ အဲဒီ LP ကဗျာရဲ့ အဓိက အလုပ် လုပ်ခြင်းကတော့ ဘာသာစကားအပေါ်မှာ ဗဟိုပြု တည်ဆောက် ရေးဖွဲ့ခြင်းပါပဲ။

           မော်ဒန်နောက်ပိုင်း ပို့စ်မော်ဒန်ခေတ်ဦးလည်းရောက်ရော မော်ဒန်တုန်းက ကျွန်တော်တို့ သိထားတာတွေ အားလုံး ဟာ ပြောင်းပြန် ဖြစ်သွားတယ်။ ကဗျာပုံသဏ္ဍာန်က ဂငယ်ပုံဖြစ်သွားတယ်။ ကဗျာထဲ ထည့်ထားတဲ့ စကားလုံးတွေ ဝါကျ တွေကို အဲဒီ အပေါက်ကြီးထဲကနေ ကဗျာဖတ်သူက ပြန်လိုက်ကောက်ပြီး သိမှုကို တည်ဆောက်ယူရတယ်။ ကဗျာဖတ်သူရဲ့ အလုပ်ပိုများ လာတယ်။ ခက်လာတယ်။ ကဗျာဖတ်သူကိုယ်တိုင် ဘာတွေသိထားလဲဆိုတာကိုပါ ကဗျာဆရာက ပြန်မေးခွန်း ထုတ်လာတယ်။ ဒီဘက်ပိုင်း Contemporary တွေကျတော့ မော်ဒန်ရော ပို့မော်ဒန်ကိုပါ ဆန့်ကျင်တယ်။ စကားလုံး သုံးစွဲမှုရိုးရှင်းအောင် အားထုတ်လာတယ။် တစ်ချို့ Hybrid တွေမှာကတော့ အားလုံးယူ သုံးတယ်။ ရောရေးတာ ရှိတယ်။ ကျွန်တော်အဓိကပြောချင်တာက  မော်ဒန်ကိုနားလည်မှ ပို့စ်မော်ဒန် ကို နားလည်မယ်။ ဘာဖြစ်လို့လဲဆိုတော့  မော်ဒန်ရဲ့ ယေဘုယျလက္ခဏာ တွေကိုသိမှ ပို့စ်မော်ဒန်က မော်ဒန်ကို ဘယ်လိုဆန့်ကျင်တာ သိမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ မော်ဒန်၊ ပို့စ်မော်ဒန်ကို သိမှ Contemporary ကို ပိုနားလည်မှာဖြစ်တယ်။  ပို့စ်မော်ဒန်သမားတွေက ဖြစ်နိုင်ချေတွေကို တန်ဖိုး ထားတယ်။ ဥပမာ တစ် ဂဏန်း(၁)ကို သုံးမယ်ဆိုရင် မော်ဒန်က အဲဒီတစ်ဂဏန်းရဲ့ တစ်သီး ပုဂ္ဂလဂုဏ်ရည်ကို ရည်ညွှန်းပြီး သုံးလိုက်တယ်။ ပို့စ်မော်ဒန်သမားကတော့ အဲဒီတစ်ဟာ သုညကနေ တိုးတက်တာလား။ နှစ်ကနေ လျော့သွားတာလား။ အဲဒီလို စဉ်းစားတယ်။ Hybrid တို့ Experimental တို့ကတော့ ပို့စ်မော်ဒန် နှောင်းပိုင်း ကာလာတွေပေါ့။ အကြမ်းအားဖြင့် စမ်းသပ်ကဗျာတွေပါပဲ။

           အလွယ်ကူဆုံးနဲ့ အရှင်းဆုံး ထပ်ပြောရရင် ခေတ်ပေါ်ကဗျာက အတွင်းကနေ အပြင်ကို ထွက်တယ်။ ခေတ်ပေါ် နောက်ပိုင်း ကဗျာအမျိုးအစား တွေကတော့ အပြင်ကနေ အတွင်းကို သွားတယ်။ တစ်ချို့ ဟာတွေက စာသိထက် သညာ သိက ပိုကောင်းတယ်။ အခုကျွန်တော်ပြောနေတာတွေကိုက ပို့စ်မော်ဒန် အယူအဆအရ စာသားတွေ စကားလုံး တွေပဲ။ သိမှုမဟုတ်သေးဘူး။ တကယ့်သိမှုက ကိုယ်တိုင်ကို တည်ဆောက် ယူရတာ။ အခုဖတ်လိုက်လို့ သိလိုက်တာကို သိမှုလို့ မခေါ်သေးဘူး။ ကိုယ်တိုင်တည်ဆောက်ပြီးက ဒါက ဘာလို၊ ဒါက ဘယ်လို စသဖြင့် လုပ်ယူရတာ။ ပို့စ်မော်ဒန်က ခံစားမှု ထက် တည်ဆောက်မှုကို ဦးစားပေးတယ။် မော်ဒန်မှာ အများအားဖြင့် ပုဂ္ဂိုလ်ရေး နာကျင်မှု၊ ပတ်ဝန်းကျင်၊ မေတ္တာဘွဲ့ စသဖြင့် တစ်စုံတရာကို ဦးတည်မှုရှိတယ်။ တနည်း ပြောရရင် ပန်းတိုင်ရှိတဲ့ ကဗျာတွေများခဲ့တယ်။ မော်ဒန် နောက်ပိုင်း ကဗျာတွေကတော့ ပန်းတိုင်ကို စိုက်ယူရတယ်။ အဲဒီတော့ ကဗျာ ဖတ်သူကိုယ်ခံအား ဘယ်လောက်ရှိလဲ ဆိုတဲ့ မေးခွန်းတွေ ခဏခဏ ပြန်မေးခံရတယ်။ ကဗျာဖတ်သူဟာ ကဗျာဆရာ နီးပါးလောက်မှ မခံစားနိုင်ရင် ကဗျာကို နားလည်ဖို့ မလွယ်ဘူး။ ကဗျာစာကြောင်းလေးနှစ်ကြောင်းလောက်နဲ့ စာလုံးရေအနည်းဆုံးသုံးထားတဲ့ Couplet Poem လို ကဗျာတွေကိုတောင် ချက်ချင်းချဉ်းကပ်နားလည်ဖို့ မလွယ်ကူတတ်ပါဘူး။ တကယ်တမ်း ကျတော့ Couplet Poem တွေဟာ ပို့စ်မော်ဒန် ခေတ်ဦးတုန်းက ထွန်းကားခဲ့တဲ့ Minimalism အမျိုးအစားကဗျာတွေပါပဲ။ စကားလုံး အနည်းဆုံးနဲ့ သိမှုကိုပေးတယ်။ အပိုလို့ ထင်ရတဲ့ စကားလုံးတွေ၊ သွယ်ဝိုက် နေတဲ့ အရေးအသား တွေ ကို ဖဲ့ထုတ်ပစ်တယ်။ မော်ဒန်ရဲ့ တည်ဆောက်ပုံကို ဆန့်ကျင် တယ်။ မော်ဒန်ကဗျာရဲ့ နမိတ်ပုံ အားကိုးမှုကို ဖျက်ပစ်တယ်။ ပြောရရင် ပို့စ်မော်ဒန်သမားတွေအကြိုက်ဆုံးက ဖရိုဖရဲ ဖြစ်မှုတွေပဲ။ မော်ဒန်ရဲ့ Form ပုံစံနဲ့ Content အကြောင်း အရာပိုင်း အားကိုးမှုကို ဆန့်ကျင်တယ်။

ပို့စ်မော်ဒန်ရဲ့ အဓိကလက္ခဏာတွေဆိုရင် အကြမ်းအားဖြင့် -

၁။ ဖြစ်ဆဲ တည်ဆဲ ရောက်ဆဲ ခဏတာအချိန်လေးကို ဂရုစိုက်တယ်
၂။ စာသားပြေပြစ်စီးဆင်းမှုကို ဆန့်ကျင်ပြီး ပိုင်းစစိတ်မွှာဖြတ်တောက်ပစ်ရတာကို သဘောကျတယ်။
၃။ အဖြောင့်သဘောအဓိပ္ပာယ်တွေကို အချိုးဖျက်တယ်။
၎။စာသားစကားလုံးတွေကိုအထပ်ထပ်ဆင်ခြင်တယ်။
(ဥပမာ-ရှေ့ကစကားလုံးကို နောက်စကားလုံးက ပြန်ပြီး မေးခွန်းထုတ်တာမျိုး)
၎။ မော်ဒန်ဟာ သိမှုဗေဒကို အခြေခံတယ်ဆိုရင် ပို့စ်မော်ဒန်ဟာ အဲဒီသိမှုကနေရလာတဲ့ အရှိတရား Reality ကို အခြေခံတယ်။

           သရုပ်မှန်ဝါဒီ (Realism) ရေးသားသူတွေဟာ လက်တွေ့အရှိတရားဆီ ရောက်အောင် သူတို့ပတ်ဝန်းကျင်ရဲ့ အထိ အတွေ့ ရိုက်ခတ်မှု မြင်သိမှုတွေကတဆင့် စာပေအနုပညာတစ်ရပ်အဖြစ် စာ/ ကဗျာဖတ်သူဆီကို တိုက်ရိုက်ပေးပို့တယ်။ အရာဝတ္ထုတစ်ခုကို ဓါတ်ပုံရိုက်သလို ဖန်တီးဖွဲ့နွဲ့ တည်ဆောက်တယ်။ ဦးတည်ချက် ရည်ရွယ်ချက် တစ်ခုခုနဲ့ ပန်းတိုင် တည်ဆောက်ပြီး အဲဒီပန်းတိုင်ကို ရောက်အောင် သွားလေ့ ရှိတယ်။ ဇာတ်ပေါင်းရင် ဘယ်သူဘုရားလောင်းလဲ ဆိုတဲ့ မျှော်လင့်ချက်တွေ သင်ခန်းစာတွေ အဘိဓမ္မာတွေကို သဘာဝကျကျထည့်ပေးတယ်။ တကယ်တမ်းကျတော့ အဲဒီ အရာ တွေ အားလုံးဟာ ရှိပြီး ဖြစ်ပြီးသားတွေပဲ။ တနည်း ပြောရရင် ဖတ်သူကို အရှိတရားဆီ ရောက်အောင် သတိပေး တာပါပဲ။ လွယ်လွယ်ပြောရရင် ဒါမျိုးတွေ ရှိနေတယ်လို့ လက်တို့လိုက်တာပါပဲ။

           မော်ဒန် (Modern)သမားတွေ ကျတော့ သိမှုကို အခြေခံတယ်။ သူတို့ဟာ သူတို့သိထားသမျှတွေကို ဘယ်တော့မှ တိုက်ရိုက် မပြောဘူး။ သူတို့ဟာ အရှိတရားက သက်သက်၊ သိမှုက သက်သက်လို့ အမြဲတွေးတယ်။ တကယ်လည်း ဟုတ်နေတာပါပဲ။ သိမှုတိုင်းဟာ အရှိတရားမဖြစ်နိုင်သလို တကယ့်အရှိတရားတိုင်းကိုလည်း မြတ်ဗုဒ္ဓကလွဲလို့ အလုံးစုံ သိနိုင်တဲ့ သူ မရှိသေးဘူး။ ဒီတော့ မော်ဒန်သမားတွေဟာ သိမှုကို ချဲ့ထွင်ပြီး လမ်းကြောင်းအမျိုးမျိုးနဲ့ အရှိတရားကို ချဉ်းကပ်တယ်။ မော်ဒန်သမားတွေဟာ အရာရာကို သံသယအမြင်နဲ့ မေးခွန်းထုတ်တယ်။ ဒီတစ်ခုဟာ ဒါအပြင် နောက်ထပ် တစ်ခုမဖြစ်နိုင်ဘူးလား ဆိုတာမျိုးလည်း စဉ်းစားတယ်။ မော်ဒန်သမားတွေရဲ့ ဝေဝါးထွေပြားမှုနဲ့ မသိစိတ်က ထွက်ကျလာ တတ်တဲ့ စကားလုံးတွေဟာ အရှိတရားဆီကိုပဲ ဦးတည်သွားတာတော့ သေချာပါတယ်။ မော်ဒန်သမားတွေဟာ စနစ်တကျ သေချာမှုကို သဘောမတူဘူး။ အရာအားလုံးဟာ ဖရိုဖရဲဖြစ်နေတယ်။ ဥာဏ်ပညာရင့်သန်လာတာနဲ့အမျှ နောက်ထပ် ကမ္ဘာတစ်ခုကို ရှာဖွေနေသလိုမျိုး နောက်ထပ်တိုးဝင်လာမယ့် သိမှုတစ်ခုခုကို မျှော်လင့်နေတယ်။ မော်ဒန်သမားတွေဟာ ဒါတွေကို စာ/ ကဗျာ/ အခြားအနုပညာတစ်ရပ်ရပ်နဲ့ Art Work တစ်ခုခုဖန်တီးတဲ့ အခါမှာလည်း ဘယ်တော့မှ ပန်းတိုင်ကို မဖော်ပြဘူး။ ခံစားချင်သူက ကိုယ့်ဘာသာတည်ဆောက်ယူရတယ်။ ခံစားသူရဲ့ သိမှုရှိသလောက်ပဲ မော်ဒန်လက်ရာ တွေဟာ ပန်းတိုင်အဖြစ်သတ်မှတ်လို့ ရတယ် ဆိုရမလိုပါပဲ။ ဒါကြောင့် မော်ဒန်လက်ရာ တွေဟာ ခံစားသူသိမှု နည်းပါးရင် နည်းပါးသလောက် နားလည်ဖို့ ခက်ခဲလေ့ရှိနေတာကိုလည်း တွေ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မော်ဒန်သမားတွေရဲ့ နောက်ဆုံးဆန္ဒကလည်း အရှိတရားဆီကိုပါပဲ။

           ပို့စ်မော်ဒန်( Post Modern) သမားတွေကရော ဘယ်လိုလဲ ဘယ်ထိသွားမှာလဲလို့ တွေးမိတဲ့အခါ သူတို့ မျှော်လင့် တာကလည်း အရှိတရားပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အရှိတရားက တစ်မျိုးဖြစ်တယ်။ မော်ဒန်ဝါဒရဲ့ သိမှုဆိုင်ရာ တည်ဆောက်ချဲ့ထွင်မှုကို ငြင်းဆန်တယ်။ သိမှုဆိုင်ရာတည်ဆောက်မှု အဆောက်အဦအပြင်ဘက်က လက်ရှိကမ္ဘာကို လိုချင်တယ်။ ဥပမာ- လူတစ်ယောက် ရပ်နေတယ်။ ဒါ တကယ်မဟုတ်ဘူး။ ယာယီရပ်နေတာပဲ ဖြစ်တယ်။ စားပွဲပေါ်မှာ ဖန်ခွက်တစ်လုံး ရှိနေတယ်။ အစစ်အမှန် မဟုတ်ဘူး။ စားပွဲရော ဖန်ခွက်ရော ယာယီပဲ။ ပို့စ်မော်ဒန်သမားတွေဟာ သူတို့လက်ရာတွေကို ဗဟိုချက်မဲ့စေတယ်။ သိမှုကို အတွင်းကျကျ တည်ဆောက်ပြီး ပို့စ်မော်ဒန်လက်ရာတွေကို ပြုလုပ် တယ်။ တကယ်ရှိနေတဲ့ အရာတွေရဲ့ နောက်ကွယ်က အရှိတရားကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ ပို့စ်မော်ဒန် လက်ရာ တွေဟာ သိမှုကို လက်လွတ်စပယ် ဘယ်တော့မှ မဖန်တီးဘူး။ စနစ်တကျအတည်ပြုထားတဲ့ သိမှုတွေနဲ့ တည်ဆောက် တယ်။ မသိစိတ်ဆိုတာ ပို့စ်မော်ဒန်သမားတွေမှာ မရှိဘူး။ နောက်တစ်ခုက မေးခွန်းတွေ။ ပို့စ်မော်ဒန်သမားတွေဟာ အဖြေမရှိတဲ့ မေးခွန်းတွေ လက်ရှိအဖြေနဲ့ မလုံလောက်တော့တဲ့ မေးခွန်းတွေကို နှစ်သက်တယ်။ အရှိတရားရဲ့ နောက်ကွယ် မှာ ဘာရှိသလဲဆိုတာ ပို့စ်မော်ဒန်သမားတွေ အသိချင်ဆုံးမေးခွန်းပဲ။ သေချာတာ တစ်ခုကတော့ အရှိတရားနောက်မှာ ရှိနေတာ မရှိခြင်းပဲ။ နတ္ထိပဲ။ ဗုဒ္ဓဘုရား ဟောကြားတော်မူခဲ့တဲ့ မမြဲခြင်းဆိုတာ ပို့စ်မော်ဒန် သမားတွေ ရှာနေတဲ့ ပြဿနာပဲ။ အားလုံးဟာ ယာယီပဲ ။ အရာအားလုံးဟာ မမြဲခြင်းပဲ။

           ထူးထူးခြားခြားပြောရရင် ပို့စ်မော်ဒန်ဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောတရားတွေနဲ့ အရမ်း နီးစပ်တယ်။ ဥပါဒ၊် ဌီ၊ ဘင် သဘော။ ဖြစ်ပျက်သဘော။ ပို့စ်မော်ဒန်ဝါဒရဲ့ နောက်ထပ် အကြီးမားဆုံ ပန်းတိုင်ဟာ မတည်မြဲခြင်းပဲ။ အနိစ္စပဲ။ ပို့စ်မော်ဒန်ရဲ့ အကိုင်းအခက်တွေအဖြစ် ဆင့်ကဲတိုးတက်မှု (Evolution) ခေါ်မလား။ ပို့စ်မော်ဒန်နောက်ပိုင်း Contemporary ကဗျာအမျိုးအစား တွေ ကတော့ မော်ဒန်ရော ပို့စ်မော်ဒန် ကိုရော ဆန့်ကျင်တယ်။ Hybrid, Experimental တို့ကတော့ စမ်းသပ်ကဗျာ ပါပဲ။ သူတို့ကတော့ မော်ဒန်နည်းနာတွေရော ပို့စ်မော်ဒန် နည်းနာတွေရော ရောနှော သုံးပြု ကြတယ်။ ထပ်ပြောရရင် မော်ဒန်ကိုသိမှ ပို့စ်မော်ဒန်ကို သိမယ်။ ပို့စ်မော်ဒန်ကို နားလည်မှ ကွန်တမ်ပယ်ရီကို ပို နားလည် မယ်။ ခေတ်အဆက်ဆက်တည်ဆောက်မှုမှာ ကဗျာဟာ စကားလုံးအဖြစ်ကနေ ကျော်သွားလို့မရတဲ့အတွက် ခေတ် အဆက် ဆက် သီအိုရီတွေဟာလည်း တစ်ခုနဲ့တစ်ခုချိတ်ဆက်/ ဆန့်ကျင်ရင်း အခြားနည်းနာသီအိုရီတစ်ခုအဖြစ် ကျွန်တော်တို့ထပ်မံ တွေ့ရှိနေဦးမှာပဲ။ နောက်ဆုံးအဆုံးသတ်ပြောရရင် မော်ဒန် ကဗျာဟာ အတွင်းကနေ အပြင်ကိုသွားတယ် ပို့စ်မော်ဒန်ဟာ အပြင်ကနေ အတွင်းကို ပြန်ဝင် လာတယ်။ ထပ်ပြောရရင် ပို့စ်မော်ဒန်ရဲ့ အပိုင်းပိုင်း အစစပြတ်တောက်နေတဲ့ စာသား အစုအဝေးကြီးတစ်ခုလုံးက လူလုပ်လောကကြီးရဲ့ ဖရိုဖရဲဖြစ်မှု၊ မတည်မြဲမှုနဲ့ အရှိတရား အစစ်အမှန်ဆီကိုပဲ ပြန်ရောက် တယ်။ အဲဒါကို အပြင်က အတွင်းကိုပဲ ပြန်ဝင်လာတယ်လို့ ပြောချင်တယ်။ မော်ဒန်ကဗျာကတော့ ကျစ်လစ်ပြေပြစ်တဲ့ နမိတ်ပုံ၊ သင်္ကေတ၊ ရစ်သမ် အနိမ့်အမြင့် စတာတွေနဲ့ ကဗျာဖတ်သူကို ဖြန့်ကျက်တွေးစေတယ်။ ကဗျာထဲက နာကျင်မှု၊ ပျော်ရွှင်မှု စတာတွေကို ကဗျာဖတ်သူကို ကူးစက်ပြန့်ပွားစေတယ်။ တစ်စုံတစ်ရာကို သတိရစေတယ်ပေါ့။ အကြမ်းအားဖြင့် ကျွန်တော် နားလည်ထားသလောက် ပြန်ပြီး Sharing လုပ်တဲ့ သဘောပါ။ အချက်အလက်နဲ့ အတွေး အခေါ်ပိုင်းများမှာ လည်း အငြင်းပွားစရာ ရှိနိုင်ပါတယ်။ ကိုယ်တိုင်လေ့လာတာပြီး သိမှုတည်ဆောက်တာ အကောင်းဆုံးပါပဲ။ အဲဒါကလည်း ပို့စ်မော်ဒန်ရဲ့ သဘော တရားတစ်ခုပဲ မဟုတ်ဘူးလား။ ကျွန်တော် အခုရေးလိုက်တာ ဖတ်လိုက်တာက စကားလုံးတွေပါပဲ။ ပို့စ်မော်ဒန်လည်း မဟုတ်ဘူး။ ဘာမှ မဟုတ်ဘူး။ မြန်မာအက္ခရာနဲ့ ရေးလိုက်တဲ့ မြန်မာစကားလုံး၊ စာလုံးတွေပါပဲ။ အဲဒါကို ခင်ဗျားတို့က ဖတ်ပြီး၊ နားထောင်ပြီး နားလည်ဖို့ ကြိုးစားကြည့်မှာပဲ။ နားလည်လာတဲ့အခါ ကိုယ်ပိုင် သိမှုတည်ဆောက် မိမှာပဲ။ ကိုယ်ပိုင်သိမှုကနေ ပြန်ထွက်လာတဲ့ အရာဟာ အရှိတရားပါပဲ။

၃။ ကဗျာအရွေ့နဲ့ မဟာငြီးငွေ့မှု

            ၁၉၇၀ နောက်ပိုင်းမှာတော့ ခေတ်ပေါ်ကဗျာ(၀ါ) မော်ဒန်ကဗျာတွေဟာ ကဗျာရေစီးကြောင်း ထဲမှာ အရှိန်အဟုန် အားကောင်းစွာနဲ့ ပြင်းထန်ပေါက်ကွဲ စီးဆင်းလာကြပါတယ်။ ဆက်လက်ပြီး ၁၉၉၀ နောက်ပိုင်းမှာ (ဆရာ) ခင်အောင်အေး၊ မင်းထက်မောင်၊ မောင်သိန်းဇော်၊ နေမျိုး၊ ဇေယျာလင်း၊ စိုင်းဝင်းမြင့်၊ မိုးဝေး၊ စံညိမ်းဦး၊ ခင်ဇော်မြင့်၊ အစရှိတဲ့ အခြား မရေတွက်နိုင်တဲ့ ကဗျာဆရာတို့ရဲ့ ကဗျာတွေဟာ လှိုင်းထစီးဆင်းနေတဲ့ အသံတွေနဲ့ သင်္ကေတ၊ နမိတ်ပုံ အားကောင်းစွာ စာမျက်နှာပေါင်းများစွာတို့မှာ ရေးဖွဲ့ထင်ရှားလာခဲ့ကြပါတယ်။ ကဗျာစာအုပ်တွေလည်း ထုတ်လာခဲ့ကြပါတယ်။ သူတို့ ရေးဖွဲ့တဲ့ ကဗျာတွေအပေါ်မှာ ဘေးကနေ အစဉ်တစိုက် ဝေဖန် ထောက်ရှု ရေးသား ပံ့ပိုးပေးနေတဲ့ ဆရာတွေ ကတော့ (ဆရာ) ဇော်ဇော်အောင်၊ သစ္စာနီ၊ မြင့်သန်း၊ မျိုးသန့်၊ နောက်ပိုင်းမှာ ကိုအောင်ဝေးနဲ့ အောင်ခင်မြင့်တို့ပဲ ဖြစ်ပါတယ်၊ အဲဒီလို နှစ်ပေါင်း ၃၀လောက် အားကောင်းမောင်းသန်စီးဆင်းလာတဲ့ မော်ဒန်ကဗျာမြစ်ကြီးထဲကို ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံး မြစ်လက်တက်အဖြစ် ဆရာ ဇေယျာလင်းရဲ့ အမေရိကန်မြစ်ဖျားခံ LANGUAGE POETRY နဲ့ ၂၀၀၇ မတ်လမှာ ဆရာ အောင်ရင်ငြိမ်း ဦးဆောင် တင်သွင်းလာတဲ့ ပြည်တွင်းဖြစ် နီယိုမော်ဒန် မြစ်လက်တက်တွေ ဆူဆူညံညံ စီးဆင်း ၀င်ရောက်ခဲ့ပါတယ်။ မြန်မာကဗျာရေစီးကြောင်းမှာတော့ ကြီးမားတဲ့ အချိုးအကွေ့ အပြောင်းအလဲ တစ်ခုပါပဲ။ ကျွန်တော် တို့က LP ကိုလည်း ကြိုဆိုခဲ့ပါတယ်။ နီယိုမော်ဒန်ကိုလည်း ကြိုဆိုပါတယ်။ အခု ဒီဘက်နှစ်များ ၂၀၁၀ နှောင်းပိုင်းမှာလည်း  Digital Poetry, Flart Poetry စသည်ဖြင့် ကဗျာနည်းနာတွေ အသီးသီးထိုးဖောက်ဝင်ရောက်လာကိုလည်း ကြိုဆိုပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ ဆရာ ဇေယျာလင်း၊ ဆရာအောင်ရင်ငြိမ်းနဲ့ အွန်လိုင်းက လူငယ် ကဗျာဆရာ တွေ ဖန်တီးချိတ်ဆက်တင်ပြလာတဲ့ ကဗျာပုံစံတွေ နည်းနာတွေ တက္ကနစ်တွေအကြောင်း မဟုတ်ပါဘူး။ ကဗျာ ချစ်မက် စိတ်နဲ့ ကဗျာအသစ်ကို ရင်ခုန်ယစ်မူး ဖောက်ထုတ်ချင်ကြတဲ့ လူငယ်ကဗျာဆရာတွေ အကြောင်းပါ။

 နောက်တစ်ခုအနေနဲ့ အလျင်းသင့်လို့ ကျွန်တော်ထပ် တင်ပြချင်တာလေးလည်း ရှိပါတယ်။ ဆရာ အောင်ချိမ့်ရဲ့ `ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ´ ကဗျာစာအုပ် အမှာစာလေးအကြောင်းပါ။ ရေးသားသူက ဂျပန်နိုင်ငံ အိုစာကာ တက္ကသိုလ်က မြန်မာစာပါမေက္ခ ဒုကျောင်းအုပ် ဆရာမကြီး မပန်းခက်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ၁၉၆၂ ခုနှစ်ထုတ် PROFANVS မဂ္ဂဇင်းထဲက Surrealism ကဗျာဆရာ Junzabura NISHIWAKAI ရဲ့ ကဗျာသဘော တရား ဆောင်းပါးထဲကနေ ကောက်နှုတ် တင်ပြ ထားတာပါ။

            `ဖြစ်ရပ်မှန်များအလယ်တွင် လူတစ်ယောက်အဖြစ်ရပ်တည်နေရသည်မှာ အရင်းခံအားဖြင့် ငြီးငွေ့စရာ ကောင်းသည်။ ဤကဲ့သို့သော ငြီးငွေ့စရာကြီးကို ခံစားတတ်ရင် ထိုမဟာငြီးငွေ့စရာကြီးသည် ကဗျာရေးရန် စေ့ဆော်ပါလိမ့်မည်။ ကဗျာဆိုသည်မှာ ငြီးငွေ့စရာနှင့်ပြည့်ဝသော ဖြစ်ရပ်မှန်အခြေအနေကို ထူးထူး ဆန်းဆန်း ကြည်နူးမှုဖြင့် စိတ်ဝင်တစား သိတတ်မြင်တတ်စေနိုင်သော နည်းတစ်မျိုးဖြစ်သည်။ လောကမှာ သည်ဟာကို အနုပညာဟု ခေါ်ကြသည်။ အကျင့်တို့ အလေ့အထတို့ ဓလေ့စသည်တို့သည် အသိစိတ်ကို တုံးစေ ထိုင်းစေ သည်။ သူတို့သည် အသိစိတ်ကို အိပ်ပျော်စေနိုင်သည်။ သူတို့ကြောင့် ကျွန်တော်တို့သည် ဖြစ်ရပ်မှန်ကို ငြီးငွေ့ ရွံ့ရှာ စက်ဆုပ်လာတတ်ခြင်း ဖြစ်သည်။ သူတို့ဘောင်ကို ချိုးဖောက်လျှင် ဖြစ်ရပ်မှန်များသည် ငြီးငွေ့ စရာကြီး မဟုတ်တော့ပါ။ စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မည်။ အသိစိတ်လည်း လန်းလန်း ဆန်းဆန်း ဖြစ်လာပါလိမ့်မည်´

            နောက်တစ်ခုက အဲဒီအမှာစာထဲမှာပါပဲ။ တရုတ်ကဗျာဆရာတွေရဲ့ ပြောင်းလဲစီးဆင်းမှု လေးတစ်ခုကို ထပ်ဖတ် ရပါတယ်။ `သူတို့ဆီမှာလည်း ၁၉၇၀ နောက်ပိုင်းမှာ Modernism လက္ခဏာပါတဲ့ ကဗျာတွေ ပေါ်ပေါက် လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကဗျာ ရေးသူတွေက Modernism သဘောတရားတွေကို လေ့လာပြီး သဘောကျလို့ ရေးတာ မဟုတ်ဘဲ NISHIWAKAI ရေးထားသလို မဟာငြီးငွေ့မှုကြီးက စေ့ဆော်လို့ ရေးလာကြတယ်လို့ ဆိုရမှာပါ။ ဒီကဗျာတွေကို သူတို့က မော်ဒန်လို့မခေါ်ကြပါဘူး။ ပရိသတ် ကတော့ အမျိုးမျိုး ခေါ်ကြ တာပေါ့။ ဒါပေမဲ့ တရုတ်နိုင်ငံ အတွင်းမှာတော့ မြူဆိုင်း ကဗျာ ( Misty Poem) လို့ ခေါ်ကြတယ်။ ဘာဖြစ် လို့လဲဆိုတော့ အဓိကအချက်က နားလည်ရ ခက်လို့ပါပဲ ´။ အဲဒီမြူဆိုင်းကဗျာတွေနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ တရုတ်ကဗျာဆရာ ကတော့ ပေတောက် ( Bei Dao) ပါပဲ။ ပေတောက် အပါအ၀င် လူငယ်ကဗျာဆရာတွေကတော့ ခေတ်နဲ့ ကိုက်ညီမယ့် ကဗျာဗေဒကို ရှာဖွေဖော်ထုတ်ခဲ့ပြီး ဒီကဗျာဗေဒအရ လွတ်လပ်ကာရန်နဲ့ ရေးပြီး ဆာရီယယ်ဆန်တဲ့ နမိတ်ပုံတွေ အများဆုံးသုံးရေးလာတာကို တွေ့ရပါတယ်။ အကြောင်း အရာ ပိုင်းဆိုင်ရာမှာ တစ်ခုနဲ့ တစ်ခု အဆက်အစပ်မဲ့နေပြီး ပုံသဏ္ဍာန်ဖွဲ့စည်းမှုမှာလည်း ဖမ်းဆုပ်ကိုင်တွယ် လို့ မရနိုင်အောင်ကိုေ၀၀ါးလွန်းခဲ့တာကြောင့်လည်း မြူဆိုင်းကဗျာလို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
            ကျွန်တော်ပြောချင်တာ ဆက်ပါဦးမယ်။ ငြီးငွေ့မှု။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ အသစ်ကို ဖန်တီးကြရပါမယ်။ အ၀တ် အစား ဖက်ရှင်အသစ်တွေ ထွင်တယ်။ စက်ပစ္စည်းကိရိယာ၊ နည်းပညာ အသစ်အဆန်းတွေကို ထွင်တယ်။ အစားအစာတွေကို ပုံစံသစ်နဲ့ ထုတ်လုပ်တယ်။ တိုက်တာ အဆောက်အဦတွေကို ဒီဇိုင်းသစ်တွေနဲ့ တည်ဆောက်တယ်။ ကျွန်တော်တို့ အနုပညာကိုရော ဘာအတွက်ကြောင့်  အသစ်မဖန်တီးဘဲ နေကြမှာလဲ။ ကျွန်တော်တို့ ဆာလောင်နေတယ်။ ကျွန်တော်တို့ ငတ်မွတ်နေတယ်။ တောင့်တနေတယ်။ အဲဒါ ဘယ်ကလာပါသလဲ။  ဟုတ်ပါတယ်။ မဟာငြီးငွေ့မှုကနေ လာတာပါ။ ခေတ်စမ်းကနေ ဒီနေ့အထိ အစဉ်အဆက် ပြောင်းလဲလာတဲ့ ကဗျာပုံသဏ္ဍာန်ဟာ မဟာငြီးငွေ့မှုကနေ စတင် ပေါက်ဖွား လာခဲ့ကြတာပါပဲ။ ဆရာဇော်ဂျီ၊ ဆရာ ဒဂုန်တာရာ၊ မိုးဝေ ကဗျာဆရာများဟာ သူခေတ်နဲ့သူ တော့ လူငယ်တွေ ချည်းပါပဲ။ သူတို့ဟာ စမ်းသပ်တယ်။ တင်ပြတယ်။ စာဖတ် ပရိသတ်က နားလည်လက်ခံနှစ်သက်လာတဲ့မှာ သူတို့ခေတ်ရဲ့ ကဗျာသစ် အဖြစ် သမိုင်းမှာ တင်ကျန်အောင် လုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ခေတ်နဲ့အညီ ခေတ်မှာ ထင်ဟပ်နေတဲ့ အကြောင်းအရာ၊ နာကျင်မှု၊ လွဲချော်မှု၊ အဆင်မပြေမှု၊ ဖိနှိပ်ခံရမှု၊ မလွတ်လပ်မှု စတာတွေကို ခေတ်ပြိုင် အာရုံ ခံစားမှုနဲ့ ခံစားပြီး ခေတ်ပြိုင်အရေးအသားနဲ့ တင်ပြနိုင် ရပါမယ်။ ဒီနေရာမှာ ခေတ်ပြိုင်အရေးအသားဆိုတာ ဘာလဲ။ လက်ရှိ စာမျက်နှာပေါ်ဖော်ပြနေတဲ့ အရေးအသားလား။ စာမျက်နှာပေါ် ရောက်ရှိ မလာသေးဘဲ အင်တာနက် အွန်လိုင်း ပေါ်မှာပဲ လွတ်လပ်စွာရေးနေတဲ့ အရေးအသားလား။ စကားပြေဆန်လွန်းတဲ့ စာပုဒ် အစုအဝေး တွေလား။ ( ဆရာနရီမင်း ကတော့ သူနောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဟန်သစ်မဂ္ဂဇင်းမှာ ဘယ်လို ရေးထားလဲဆိုတော့ ` စကားပြေ၊ ကဗျာ၊ ရသစာတမ်း တည်းဟူးသော ပုံသဏ္ဍာန်သတ်မှတ်ချက်များမှာ ယခုအခါ စရိုက်လက္ခဏာအရ နယ်မြေချဲ့ထွင်ကြရင်း နယ်မြေသစ်များကို တစ်ခုနဲ့ တစ်ခု ထပ်ခြင်း (Overlapping) ဖြစ်ကာ ယင်းတို့အကြားရှိ နယ်နမိတ်သတ်မှတ်ချက်မျဉ်းများ ( Demarcation Lines)ေ၀၀ါးကုန်ကြပြီဖြစ်သည်။ သို့ဖြစ်ပါ၍ စကားပြေ၊ ကဗျာ၊ ရသစာတမ်း ဟူ၍ အမည်တပ်မနေတော့ဘဲ အရေးအသား (Writing ) ဟုသာ ဖော်ပြခြင်းဖြစ်ပါသည်´ လို့ ရေးသားထားပါတယ်။ )

            ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ဘယ်ခေါင်းစဉ် ဘယ်တံဆိပ်အောက်မှာမှ မခိုဝင်ဘဲ ကိုယ်တိုင် ခံစားရတဲ့ ခံစားမှုကို ကိုယ်တိုင်ဆန်းသစ်သော အရေးအသားနဲ့ တင်ပြနိုင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို တင်ပြတဲ့နေရာမှာလည်း အခက် အခဲတွေ ၊ မေးခွန်းတွေကို ကျွန်တော်တို့ ရင်ဆိုင်လာကြ ရမှာလဲ မလွဲပါဘူး။ နားမလည်မှု၊ နေရာဖယ်မပေးလိုမှု၊ ရှိရင်းစွဲ သိမှုနည်းနာတွေကိုပဲ ရှေးရိုးစွဲ လှေနံဓါးထစ်မှု၊ လေ့လာလိုက်စားမှု၊ ပုဂ္ဂလအတ္တနဲ့ ဆန့်ကျင်မှု စတာတွေနဲ့ မလွဲမသွေ ရင်ဆိုင်လာကြရမှာပါပဲ။ ဒီနေရာမှာ အွန်လိုင်းကဗျာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် တင်ပြချင်ပါသေးတယ်။            သိပ်မကြာသေးခင်က ဖတ်လိုက်ရတဲ့ Status တစ်ခုမှာပါ။ လူငယ်ကဗျာတစ်ယောက်က သူ့ကဗျာလေးကို မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ အတန်အသင့် နေရာရနေတဲ့ ကဗျာဆရာ တစ်ယောက်ကို သွားပြပါတယ်။ အဲဒီမဂ္ဂဇင်း ကဗျာဆရာက လာပြတဲ့ ကဗျာကို မဖတ်ဘဲ စားပွဲခုံပေါ်က ရေနွေးစီးကြောင်းကို သုတ်ပစ်လိုက်တာ ခံလိုက်ရတယ်။ နောက်တစ်ယောက် ကျတော့လည်း ဒီပုံစံမျိုးပါပဲ။ သူပြတဲ့ကဗျာကို တစ်ကြောင်းဖတ်လိုက် လှောင်ရယ်လိုက်နဲ့ လုပ်ပစ်တာ ခံခဲ့ရပါတယ်တဲ့။  အဲဒီအချိန်ကစပြီး အဲဒီလူငယ်ကဗျာဆရာနှစ်ယောက်ဟာ စာမျက်နှာပေါ်တက်ဖို့ မကြိုးစားတော့ဘဲ အွန်လိုင်း ကဗျာဆရာ အဖြစ်သာ ခံယူလိုက်တဲ့အကြောင်း ရေးထားတာလေး ဖတ်ခွင့်ရခဲ့ပါတယ်။ သူတို့ အွန်လိုင်း ကဗျာဆရာ အဖြစ် ခံယူတာ၊ စာမျက်နှာပေါ်မတက်တာ ကျွန်တော်အတွက် အရေးမကြီးပေမယ့် သူရေးသွားတဲ့ နောက်ဆုံး စာကြောင်းလေး တစ်ကြောင်း ကတော့ တော်တော်လေး စဉ်းစားစရာ ကောင်းပါတယ်။ အဲဒါဘာလဲဆိုတော့ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ လူငယ် မျိုးဆက်တစ်ဆက်ပြတ်သွားရင် အဲဒီလို လူတွေကြောင့်ပါပဲလို့ ရေးထားတာလေးပါ။

 ဒါပေမဲ့ အဲဒီလို လူတွေကြောင့် အသစ်ကို မဖန်တီးတော့ဘူးလား။ ကိုယ့်အနုပညာကို ပုံနှိပ်ဖော်ပြဖို့ မကြိုးစား တော့ဘူးလား လို့ ကျွန်တော် မေးခွန်းလေးပြန်မေးချင်ပါတယ်။ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်တိုးသွားရမှာပါ။ ခေတ်ရဲ့ တောင်းဆိုမှုအရ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ လက်ရှိ ရေးသားနေတဲ့ အသစ်ဆိုတာလည်း နောက် ၀င်ရောက်လာတဲ့ အသစ်ဆိုတဲ့ ကဗျာတွေ အနုပညာတွေကို နေရာဖယ်ပေးကြရဦးမှာပါပဲ။ ပြောလက်စနဲ့ ထပ်ပြောရရင် ရယ်စရာမဂ္ဂဇင်း ၂၀၁၂ က အသစ်ကဗျာဆိုတဲ့ ကဗျာတွေဟာ အွန်လိုင်းကဗျာ လောကမှာ ၂၀၀၇-၂၀၀၈ လောက်ကတည်း က ဖြစ်ထွန်းခဲ့တဲ့ ကဗျာတွေပါပဲ တဲ့။

ဟုတ်ကဲ့။ ကျွန်တော်တို့ဟာ (ဆရာ) မောင်ချောနွယ်၊ အောင်ချိမ့်နဲ့ အခြားနာမည်ကြီး ကဗျာဆရာတွေရဲ့ ကဗျာ တွေကို ဖတ်တယ်။ ခံစားတယ် ။ ပြီးတော့စုတုပြု ရေးသားကြတယ်။ ဆရာ ဒဂုန်တာရာရဲ့ အသံနဲ့ ပြောရရင် မုဆိုးစိုင်သင်ပေါ့၊ အဲဒီနောက်မှာ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အရေးအသားနဲ့ ရေးသားခဲ့ကြမယ်။ အထက်က ကဗျာဆရာ ကြီးတွေ အားလုံးဟာလည်း သူခေတ်နဲ့ သူ အဲဒီလို ဖြစ်ခဲ့ကြတာချည်းပါပဲ။ မောင်ချောနွယ်ဟာ အစဉ်အလာ လေးလုံးစပ် ကဗျာတွေကို နောက်ဆုံးမှာ ငြင်းပယ် ခဲ့သလို ကျွန်တော်တို့ဟာ ကျွန်တော်တို့ခေတ်နဲ့ မလျော်ညီတော့တဲ့ ကဗျာဟန်တွေကို သိမ်းဆည်းငြင်းပယ်ပြီး ကဗျာသစ်တွေကို ရှာဖွေစမ်းသပ် ရေးသားတင်ပြကြရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်လို တိုးတက်ပြောင်းနေတဲ့ ခေတ်ထဲမှာ အွန်လိုင်းကဗျာမို့လို့၊ ပုံနှိပ်ခြင်း မခံရသေးတဲ့ လူသစ်တစ်ယောက်ရဲ့ ကဗျာမို့လို့၊ ဘယ်လို တက္ကနစ်တွေမသိလို့။ ဘယ်လိုကဗျာတွေ မဖတ်ဖူးသေးလို့၊ ဘယ်ကဗျာဆရာကို မသိလို့တို့ ဆိုပြီး လူငယ်တစ်ယောက်ရဲ့ ကဗျာဓာတ်ကို ချိုးနှိမ်ဖျက်ဆီးတာမျိုးဟာ အရမ်းအောက်တန်းကျပြီး လူတစ်ယောက်ရဲ့ ပုဂ္ဂလ၀ါဒဖြစ်တည်မှုနဲ့ တည် ဆောက်မှု ကို စော်ကားနေတာပါပဲ။ နောက်ပြီးတော့ ကဗျာသဘောတရားရဲ့ ပြောင်းလဲစီးဆင်းခြင်း သဘောတရား ကိုလည်း မြစ်ကျိုးအင်းဖြစ်အောင် ပိတ်ဆို့ ပစ်လိုက်တာပါပဲ။

            တစ်ခုတော့ရှိပါတယ်။ ဆရာမောင်ခိုင်မာရဲ့ ဧည့်ခန်းဆောင်များကို ဖြတ်သန်းခြင်းထဲမှာ ရေးသားခဲ့ သလို ပါပဲ။ ကဗျာဝါဒ သဘောတရားတွေထက် ကဗျာဆရာရဲ့ လောကအမြင်၊ စေတနာ၊ ဝေဒနာရဲ့ ကိုယ့်ခံစားမှုအပေါ် သစ္စာရှိခြင်း ကသာ ပိုပြီးတော့ အဓိကကျပါတယ်။ နောက်ဆုံးတော့ နီယို၊ပို့စ်မော်ဒန်၊ အယ်ပီ၊ ကွန်ဆက်ကျူရယ်၊ ဆာရီယမ်၊ ဆလမ်၊ ဒီဂျစ်တယ်နဲ့ အခြားဘယ်လိုပဲဖြစ်ဖြစ် ကဗျာတစ်ပုဒ်မှာ သူ့ရဲ့ ဖွဲ့စည်းတင်ပြပုံနဲ့ လှပပြေပြစ်တဲ့ ကဗျာအလှဓာတ်လေး ရှိနေဖို့ပါပဲ။ နမိတ်ပုံတွေ သင်္ကေတတွေနဲ့ ရေးတိုင်း မော်ဒန် မဖြစ်သလို၊ စကားပြောတွေ စကားပြေတွေနဲ့ ရေးတိုင်းလည်း အယ်လ်ပီ မဖြစ်ပါဘူး။ ကဗျာတိုင်းမှာ ကဗျာဓာတ်ဆိုတာ ရှိပါတယ်။ ကဗျာ ဖတ်သူတစ်ယောက် အနေနဲ့လည်း ဒီကဗျာဟာ လုပ်ကြံဖန်တီးထားတာ၊ လုပ်ယူထားတဲ့ ကဗျာ။ ဒီကဗျာကတော့ တကယ့် နှလုံးသားထဲကနေ ငြီးငွေ့မှုကြောင့် ပေါက်ဖွား လာတဲ့ ကဗျာလို့ နားလည်နိုင်စွမ်း ရှိအောင် ကဗျာပါးဝနေကြပြီ ဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော်ပြောချင် တာလေး ထပ်ပြောရရင် ကဗျာအပေါ် ရိုးသားပါ၊ ကဗျာ ဖတ် သူအပေါ်မှာ သစ္စာရှိပါ၊ စေတနာထားပါ။ ကဗျာအသစ်တွေ ဖြစ်ပေါ်လာဖို့ ကဗျာအလုပ်များများလုပ်ကြပါ။ ကိုယ်လုပ်နေတဲ့ ကဗျာ အလုပ်ပေါ်မှာ မဟာငြီးငွေ့မှုကြီး ခံစားလာရတဲ့အခါမှာ အသစ် ဆိုတာကြီးကို မလွဲမသွေ ကျွန်တော်တို့ ဖန်တီးလာနိုင်မှာပါ။ နောက်ဆုံး အများလက်ခံလာတဲ့အခါမှာ နေရာတစ်ခု ချန်ထား ခဲ့နိုင်မှာပါ။ (ဥပမာ-အခုအချိန်မှာ အွန်လိုင်းကဗျာတွေဟာ မဂ္ဂဇင်းစာမျက်နှာ တွေပေါ်မှာ နေရာယူလာသလိုမျိုးပေါ့။ ) ဒါဟာ အရှိန်မပြတ်ဆက်လက်စီးဆင်းနေမယ့် ကဗျာမြစ်ကြောင်းပါပဲ။

၎။ ခေတ်ပြိုင်အရေးအသားအား ချဉ်းကပ်ခြင်း
       
         ခေတ်ပြိုင်ကဗျာအကြောင်းမပြောခင် ခေတ်ပေါ်အကြောင်း နည်းနည်းပါးပါးတော့ ပြောရပါမယ်။ ခေတ်ပေါ်ကဗျာ ကတော့ ရှင်းပါတယ်။ ၁၉၇၀ မိုးဝေကဗျာခေတ်ကနေ စတင်ခဲ့ပြီး ၁၉၉၀ ၀န်းကျင်တ၀ိုက်မှာ အားအကောင်းဆုံးဖြစ်ခဲ့တဲ့ ကဗျာအများစုကို ဆိုလိုတာပါပဲ။ ဒီနေ့ခေတ်အထိလည်း အားကောင်းမောင်းသန် ရေးနေ၊ ဖော်ပြနေတုန်းပါပဲ။ ခေတ်ပေါ် ကဗျာ တနည်းပြောရရင် ပင်မရေစီး ကဗျာပေါ့။ ပင်မရေစီးဟန်ဆိုတဲ့ နေရာမှာလည်း အကြောင်းအရာ ၊ ပုံသဏ္ဍာန်တင်ပြပုံ၊ ဘာသာ စကားအဖွဲ့အနွဲ့ စတာတွေအပြင် ဆရာ မြဇင် တင်ပြခဲ့တဲ့ မော်ဒန်ကဗျာ ယေဘုယျလက္ခဏာ တွေလည်း ပါဝင် ပါတယ်။

           ခေတ်ပေါ်ကဗျာတည်ဆောက်မှုမှာ ကဗျာရေးသူဟာ မိမိရဲ့အတွင်းစိတ်ခံစားမှု(၀ါ) ငါ ဗဟိုပြုအရေးအသား၊ ပြင်ပ ကနေ ရိုက်ခတ် ထိတွေ့လာတဲ့ အသိတရား၊ ခေတ်စနစ်နဲ့ မြို့ပြအာရုံခံစားမှု စတာတွေပေါ်မှာ မူတည်ပြီး ကဗျာ တစ်ပုဒ်ကို တည်ဆောက် ပါတယ်။ စကားလုံးသုံးစွဲခြင်းနဲ့ တည်ဆောက်ပုံမှာ ကဗျာဆရာရဲ့ ပါရမီအခံရှိမှုအပေါ်မူတည်ပြီး လှပ ပြေပြစ်မှုရှိခဲ့သလောက် ဘာသာစကားကို ကြားခံမီဒီယာအဆင့်ထက်ပိုမိုပြီး မသုံးစွဲခဲ့တာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာ ဟာ တစ်ပုဒ်လုံး ပြေပြစ် ညီညွှတ်တဲ့ စီးဆင်းမှုရှိတယ်။ ကဗျာဓာတ်ကို ဆုပ်ကိုင်ထားတယ်။

           ခေတ်ပေါ်ကဗျာနဲ့အတူ ဒီဘက်နှစ်များမှာ အပြိုင်အားကောင်းဖြစ်ထွန်းလာတဲ့ ကဗျာတွေကိုလည်း သတိထား မိပါတယ်။ အများစုတွေ့ရှိရတဲ့ ခေတ်ပြိင်ကဗျာတွေကတော့ Experimental, Hybrid, Collage, Language, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flart, Digital, Performance, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Contemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုတာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူတကွဖြတ်သန်းနေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကား သုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန်ကတော့  Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှု အနေအထားပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် တစ်ယောက်တည်းအနေနဲ့ ပြောရရင်တော့ ပင်မ ရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်းဆန်နိုင်ပေမယ့် အချိန် ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာတွေကို တွေ့လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

           ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံနည်းစနစ်တွေကို အများစု ဆန့်ကျင်လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာ ထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလိုရင်း ဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှောတင်ပြတာမျိုးအထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမိုတွေ့ရှိရပါတယ်။  ဆရာမောင်ပြည့်မင်း ရဲ့ `ယခုမှစ တစ်ဝက်ဆီ´ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ ဘယ်နေရာ ဘယ်ရှုထောင့်ကနေ ပါဝင်ပတ်သတ်နေတယ်ဆိုတာကအစ စဉ်းစားစရာပါပဲ။ ဒါ့အပြင် ကွင်းစကွင်းပိတ်ထဲက (ခင်ဗျား) ဆိုတဲ့သူဟာ ကဗျာ ဖတ်သူလား။ အခြားတစ်စုံတစ်ယောက်လား။

ယခုမှစ တစ်ဝက်စီ

ခင်ဗျားဗျာ ကျွန်တော့်နေရာက စဉ်းစားကြည့်ပါ
ပျော်ရွှင်နေဆဲ ဆဲဆိုခံလိုက်ရသလို
အစ်ကို ညီလေးနေရာက ခံစားကြည့်ပါအစ်ကိုရာ
မဖြစ်နိုင်တဲ့ ဘ၀နှစ်ခု သူမ ဘာလို့ ပေါင်းစပ်ချင်ရတာလဲ
(ဒီနေရာမှာ ခင်ဗျားဝင်ရပြီ)
ပြန်လည်ချေပခြင်းကြားကြီးနဲ့ ရေကိုယူ
အိုးကို မတုနဲ့ မောင်တို့ရာ
ဖြစ်တတ်တာတွေလည်း ဖြစ်ကို ဖြစ်တတ်လွန်း
မဖြစ်နိုင်တာတွေကလည်း ဖြစ်ကို ဖြစ်မလာနိုင်ပါ
( ခင်ဗျား ၀င်ပါရပြန်ပါပြီ)
ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား ဆိုတဲ့အသံ
ဘယ်သူတုန့်ပြန်ခဲ့ဖူးပါသလဲ
ကိုယ်က ပစ်သာ ချလိုက်စမ်းပါဗျာ၊ ပစ်သာ ချလိုက်စမ်းပါဗျာ
အဲဒီလို တုန့်ပြန်ဖူးပါရဲ့၊ ရွှေထုပ်ကြီးလိုချင်လို့ပါ
(ခင်ဗျား ၀င်ပတ်သက်ရဦးတော့မယ်)
သစ်ခုတ်သမားဟာ ဘ၀တစ်သက်တာ ဗီလိန်ပါ
လမ်းဘားဂျက်ဟာ လူကြမ်းသရုပ်ဆောင်ပါ
သားကို ဆိုင်ကယ်ကယ်ရီမလုပ်စေချင်ဘူး
သမီးကို အဲဒီဆိုင်မှာ သီချင်းမဆိုစေချင်ဘူး
ခဏလေးပါ ခဏလေးပါ
နေပွင့်လာရင် ပျော်စရာပါ
ခဏလေးစောင့်ပါ ၀င်သူများအားလုံးပျော်ရမှာ။

                                        မောင်ပြည့်မင်း

           ထပ်ပြောရရင် ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာတာ ကိုလည်း တွေ့ရှိ ရပါတယ်။ အများစု သုံးနှုန်းကြတာတော့ Language, Concept, Collage စတာတွေကို အများဆုံး ရောစပ်အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Experimental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင်ကဗျာ ရေးသူ အများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ်ဆိုတာကို မကြာခဏ ပြောပါတယ်။ လက်တွေ့ဖန်တီးပြပါတယ်။ ကဗျာဆရာ လင်းရမ္မာ ရဲ့` ကားသင်္ဘော´ ဆိုတဲ့ ကဗျာထဲမှာဆိုရင် ကဗျာဆရာ ဟာ Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကနေ ရရှိလာတဲ့ သတင်းအချက်အလက်တစ်ခုနဲ့ ကဗျာကို အစပြု တည် ဆောက်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကရရှိတဲ့ သတင်းဆိုတာ ယုံကြည်လို့ ရနိုင်မလား။ သေချာရဲ့လား။ နောက်တစ်ခုက ဝေလကား တဲ့။ ကျွန်တော်တို့ပုံမှန်ကြားဖူးနေကျစကားလုံးက ရေကျချိန် ကုန်းပေါ်မှာ တင်ကျန်နေရစ်ခဲ့တဲ့ ဝေလငါး။ အခု ကဗျာဆရာ သုံးထားတာက ဝေလကား ဆိုတော့ Wales ပြည်နယ်က တင်ပို့လာတဲ့ကားများ ဖြစ်နေမလားပေါ့။ ဘာသာစကားတည်ဆောက်မှုအရ မှန်ကန်သလိုရှိနေတဲ့အပြင် ဖြစ်နိုင် ချေအမျိုးမျိုးနဲ့ ကဗျာဆရာဟာ ကဗျာဖတ်သူကို ပထမဆုံးစာကြောင်းမှာတင် အလုပ်လုပ်စေပါတော့တယ်။ နောက် ထပ်တွေ့ရမှာက ခေတ်ပြိုင်လူမှုအဖွဲ့အစည်းအတွင်းက ပြဿနာတွေ၊ ထိတ်လန့်အံ့သြစရာတွေကို အဆက်အစပ်မဲ့ ချိတ်တွဲ ယှက်ဖောက်ထားတဲ့ စကားတွေပါပဲ။ ကျွန်တော်တို့ နေ့စဉ်ကြားနေ မြင်နေရတဲ့ စာသားတွေ စကားလုံးတွေကိုပဲ ကဗျာ ဆရာက ဆက်စပ်တည်ဆောက်ပြီး ကဗျာတစ်ပုဒ်ပြုလုပ်သွားခြင်းပါပဲ။

ကားသင်္ဘော

ဆိပ်ကမ်းမှာ သောင်တင်နေတဲ့ ဝေလကားတွေကို ယမန်နေ့ နံနက် ၉း၂၈ က အပြီးသတ် ပင်လယ်ဆီ ပြန်ပို့


အာခေါင်ခြစ်ပြီး ဒိုးနတ်ပေါ် ဖြူးပေးလိုက်တယ်
ရလာတဲ့ လိုအပ်ချက် အသေးစားတွေဟာ ခြေမှာ တွဲနေတဲ့ အကြီးစားဗုံးသီး
ထူးဆန်းအံ့ဖွယ် ၀က်ဘ်သတင်းတွေဟာ Google Reader ပေါ်ဆက်တိုက် ခုန်တက်နေဆဲ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
တစ်မိနစ်စာ မျက်စိမှိတ်လို့ အားပြန်ယူတိုင်း
သေဆုံးသွားတဲ့ ဆဲ ကုဋေကုဋာ
လက်မည်းကြီးဟာ ကြောက်စရာပါ
အိမ်သာတက်လည်း ငါပဲ
ရွှံ့တွေကိုင်လည်း ငါပဲ
ထမင်းစားတော့လည်း ငါပဲ
အမယ်လေး လက်မည်းကြီး လက်မည်းကြီး
မည်းနက်ပြောင်မှောင် မဟူရာ ပိတုန်းရောင် ကေသာထနေတဲ့ သူ့ဆံသားလေးတွေ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
ဇာတ်လမ်းသွား ဂိမ်းထဲက အတွဲလိုက်ထွက်လာတဲ့ ကျည်ဆံတွေ
ကိုသြဒိနိတ်ပွိုင့်တွေ အသေအချာချိန်ပြီး ခေါင်းနဲ့ပစ်တိုက်လိုက်
ခြေနဲ့ ကန်ကျောက်လိုက်
ဆိပ်ကမ်းမှာတင် သောင် နေသေးတဲ့ ဝေလကားတွေ
အ၀လွန်လာတဲ့ ကမ္ဘာကြီးမှာ သေစရာ သေရာတွေ အများကြီး
ဒီနေ့ မင်းကို ငါ သတ်ရလိမ့်မယ်
ကျော်ပစ်လည်း အလွတ်ရနေတဲ့ ဇာတ်လမ်း။

                                                            လင်းရမ္မာ

           နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုးရှိရှိ အသုံးပြုပြီး ကဗျာ ဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အနက်အဓိပ္ပာယ်ကို စုပ်ယူလိုရင်းကနေ ကဗျာ ဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံးဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေနောက်ကိုလိုက်ရင်း ကဗျာရဲ့ အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုး တွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်း လည်း ဖြစ်တယ် လို့ ထင်မိပါတယ်။ နောက်ထပ်မြင်မိတာက ခေတ်ပြိုင်ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation)  နဲ့  တွဲစပ်ချိတ်ယူခြင်း (Juxtaposition) တွေ ပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ်ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြားခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီ ကို အရောက် ပို့ချင်တာမျိုးကို တွေ့ရပါတယ်။

နစ်မြှပ်ခြင်း

အရင်ဦးဆုံး ရေပူစီဖောင်းလေးတွေ မျက်စိထဲမြင်ယောင်မိတယ်
နောက် the Piano စန္ဒယားကြီးနဲ့ အတူ ဖောက်ပြန်တဲ့ မယားဖြစ်သူကို ရေထဲ နစ်မြှပ်စေတဲ့ ပြကွက်
သံတန်ချိန်ပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ Titanic
သင်္ဘောကြီး  တအိအိရေထဲ နစ်သွားပုံ မြင်ကွင်းတွေဟာ သရုပ်ပေါ်လွန်းပြီး
မမြင်ရတဲ့ အဖြစ်အပျက်တွေရဲ့ နစ်မြှပ်ခြင်းခေါင်းစဉ်အောက် သွင်းယူနိုင်ဖွယ်ရာ
ကျုပ်က အ တယ်၊ န တယ်၊ ထူ တယ်၊ ထိုင်း တယ်
အဲဒီမှာ စကားပုံတွေ ကားထွက်လာတယ်
ဗူးတောင်းနစ်၍ ဇောင်းခြမ်းပေါ်တယ်တဲ့ ပတ္တမြားမှန်ရင် နွံမှာ ဘယ်နစ်မလဲ
ဝါးနဲ့သာ ကူထိုးလိုက်တော့ ရေနစ်နေသူကို အသာကလေး မယူသွားကာ
ထူးချွန်အောင်မြင်သူရဲ့ ဘ၀ဇာတ်လမ်း
ဟေ့ ဒီမှာ ရာသီဥတုအခြေအနေတွေနဲ့ စပ်လျဉ်းလာရင် ငှက်တွေကိုသာ ရွေးလိုက်ပါ
၁၀ ရက်လောက် စမ်းသုံးကြည့်ပါ နှစ်မျိုးလုံး ရှိနေတာကို နှစ်သက်ပါ
ဂျွန်ဟင်နရီဖာ့သည် ပိုးကောင်များကို ကျောက်ပန်းတောင်းနယ် ဆားတုံးရွာ ဒေါ်ဗုံတုတ် ပုရပိုက်အမှတ် ၂ အရ ကိုလှရွှေ တို့က ကျွန်တော့်ကို ခင်မင်သည်ဟု ယူဆပါတယ်ဟု ယူဆပါတယ်ဟု ယူဆပါတယ် တဖြည်းဖြည်းနစ်ဆင်းသွားလိုက်တာ ပြဿနာစုံလုံးကို သိမ်းကျုံးပြီး ဆွဲနစ်လိုက်မတတ် ရေပူပေါင်းလေးတွေ ပလုံစီလိုက်ကာ လူထုနဲ့ အတော်ကို ကင်းကွာနေတဲ့ အပြင် ခြေသလုံးအိမ်တိုင် တစ်ပူပေါ်နှစ်ပူ ဆင့်သတဲ့ သိပြီ လောကကြီးဟာ လုံးဝစိတ်ဝင်စားစရာ မကောင်းတဲ့အပြင် တော်တော်ပျင်းစရာကောင်းပေတာပဲ တဲ့

                                                                                                    ခင်အောင်အေး

           ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တစ်ထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယအမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက် တဲ့ အချက်အလက် တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာဖတ်သူ ကိုယ်တိုင် သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင် လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံး တွေ့နေရတဲ့ အလျားလိုက် စာမျက်နှာ အပြည့်စီတဲ့ ပုံသဏ္ဍာန်ကို အများဆုံးတွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ် လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင်ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ အထက်မှာ ကျွန်တော် လက်လှမ်းမီသလောက် ချပြပေးခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပြိုင်ကဗျာတွေပါပဲ။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓာတ် ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြား အလှဓါတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ ကဗျာဆရာတွေ လက်ရှိ ရေးသားနေတဲ့ ခေတ်ပြိုင် ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာတွေ အဖြစ်လည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓာတ် ကတော့ ဘာသာစကားအပေါ် လက်ခံသုံးစွဲခြင်းပါပဲ။ ဥပမာ- ဆရာ ဇေယျာလင်း၊ လူဆန်း၊ လူလန်းတို့ရဲ့ ကဗျာတွေကို ဖတ်ကြည့်ရင် ဘာသာစကားဆန်းပြားစွာ သုံးစွဲထားတာတွေ၊ ဘာသာစကား လက်တစ်လုံးခြားလုပ်တာတွေ၊ ဘာသာစကား အပေါ် မေးခွန်းထုတ်ထားတာတွေအများကြီးကို ဖတ်မိမှာပါ။ အခု ကျွန်တော် တင်ပြထားတာတွေ အားလုံးက ကျွန်တော် လေ့လာမိသလောက် ကျွန်တော်ပြန်တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက် ပိုမို ကျယ် ပြန့်နက်ရှိုင်းပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာ လမ်းကြောင်း ဟာ လွယ်ကူချောမွေ့လိမ့်မယ်လို့တော့ မထင်ပါဘူး။ အထက်က ဖော်ပြခဲ့တဲ့ ကဗျာတွေနဲ့ စာသားတွေက ကျွန်တော့်သိမှု အနည်းငယ်ရှိသလောက်နဲ့ ချဉ်းကပ်ကြည့် မိခြင်းသက်သက်ပါပဲ။  လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ခေတ်ပြိုင်ကဗျာကို ဘယ်လိုချဉ်းကပ်မလဲ။ ဘယ်လိုနားလည်မှု တည်ဆောက်မလဲ။ ဘယ်အချိန်ကာလအထိ ခေတ်ပြိုင်ကဗျာရဲ့ လွှမ်းမိုးဖမ်းစားမှုကို ခံနေရဦးမလဲဆိုတာ ဒီဘက်နှစ်များမှာ ကိုယ့်ကိုယ်ကို မေးမိတဲ့မေးခွန်းများပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

- မင်းနဒီခ
(၂၇၊ ၃၊ ၂၀၁၅)

ကိုးကား။
၁။ ဂန္ထ၀င်မြန်မာကဗျာ - မောင်သာနိုး
၂။ အမျိုးသမီးစာဆိုလောကနှင့် ဘ၀ကြေးမုံ - ဒေါ်မိမိလေး (ဂုဏ်ထူးဆောင်ပါမောက္ခ)
၃။ မော်ဒန်ရှင်းတမ်းနှင့်မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု - သစ္စာနီ
၎။ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာ- ဇေယျာလင်း
၅။ ပို့စ်မော်ဒန်စာပေသမိုင်း - မင်းခက်ရဲ
၆။ တော်လှန်ကဗျာစာအုပ် (၁၉၆၉)
၇။ မိုးဝေကဗျာ (၁၉၉၇)
၈။ မြန်မာစာပေသမိုင်း (ပါမောက္ခ ဦးဖေမောင်တင်)
၉။ ကိုလိုနီခေတ် မြန်မာစာပေသမိုင်း ( မောင်ခင်မင် - ဓနုဖြူ)

တစ်နေရာမှ တစ်နေရာရာ ဘယ်လဲဟဲ့ ခေတ်ပြိုင်ကဗျာ

(က) ကဗျာအရွေ့

 ဒီနေ့ခေတ် ကဗျာလောကကို အသေအချာအကဲခတ်ကြည့်ရင် ကဗျာအရွေ့တစ်ခုဆီကို ဦးတည်နေတယ်လို့ ပြောရမလားပါပဲ။ Facebook ဆိုတဲ့ လူမှုကွန်ယက်ကြီးပေါ်ပေါက်လာတာဟာ ကဗျာ၊ ကဗျာဆရာနဲ့ ကဗျာဖတ်သူ ဆိုတဲ့ ဆက်စပ်တည်ဆောက်မှုအနေအထားကို အရင်ကထက်ပိုပြီး သမမျှတ သွားစေတယ်လို့လည်း ထင်ပါတယ်။ အဲဒီမှာ ကဗျာ ဆိုင်ရာ သိမှု/ ကဗျာဖတ်အား/ ကဗျာအပေါ် အာရုံဝင်စားမှု အနည်းငယ်ရှိတဲ့ ကဗျာဖတ်သူတွေကိုယ်တိုင် ကဗျာတွေ ပြုလုပ် ဖန်တီးလာတယ်။ အလွယ်ပြောရရင် ကဗျာဆရာဖြစ်မှုနှုန်း (၀ါ) ကဗျာဆရာ အရေအတွက် အဆမတန် များပြား လာသလို ကဗျာစာအုပ်တွေလည်း စာပေစီစစ်ရေးလွတ်လပ်မှုအနည်းငယ်နဲ့ ခေတ်အဆက်ဆက် မကြုံဖူးလောက်အောင် များများ စားစား ထွက်ရှိလာပါတယ်။ ကဗျာရေးသူ/ ကဗျာဆရာတွေ များပြားလာတာဟာ အာဏာရှင်တစ်ယောက်မွေးဖွားလာတာ မဟုတ်တဲ့အတွက် ၀မ်းသာဖို့ ကောင်းပါတယ်လို့ ဆရာ ခရမ်းပြာထက်လူ ဆိုခဲ့တဲ့အတိုင်းပါပဲ။ ကဗျာဆိုတဲ့ လမ်းကြောင်း ပေါ်မှာ ရေရှည် ဘယ်လောက်ထိ ဆေးသားခိုင်ခိုင်နဲ့ ရပ်တည်နိုင်မလဲ၊ ကဗျာအပေါ် ဘယ်လောက် ရိုးသားနိုင်သလဲ၊ ကဗျာနဲ့ ဘယ်လောက်ထိ လက်တွဲ ထားနိုင်မလဲဆိုတာကတော့ အချိန်ကာလက အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကဗျာဟာ တာတိုပြေးလမ်း မဟုတ်ပါဘူး။ ကဗျာဟာ ဘ၀တစ်ခုလုံး အားသွန်ခွန်စိုက်နှစ်ပြီး ပြေးသွားရမယ့် တာဝေးပြေးလမ်း ဖြစ်ပါ တယ်။ ဘယ်သူ ဘယ်လောက် ပြေးနိုင်မလဲ။ ခင်ဗျား တစ်မိုင်ပြေးရင် ကဗျာဆိုတဲ့ ပန်းတိုင်ကလည်း တစ်မိုင်ထပ်ပြေးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကဗျာဟာ ရွေ့နေလို့ပါပဲ။

မြန်မာကဗျာသမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ပုဂံခေတ် (ခရစ်နှစ် ၁၀၄၄ - ၁၂၉၈ )ကနေ ကိုလိုနီခေတ် (ခရစ်နှစ် ၁၈၈၆ - ၁၉၄၇) တစ်ပိုင်း၊ ခေတ်စမ်းကဗျာ (၁၉၃၀ - ၁၉၄၅)ကနေ ခေတ်ပေါ်ကဗျာခေတ်ဦး ( ၁၉၇၀ -၁၉၉၀)ထိတစ်ပိုင်း။ ခေတ်ပေါ်နှောင်းပိုင်း ( ၁၉၉၀ - ) ကနေ အခု ဒီဘက်နှစ်များ ခေတ်ပေါ်/ ခေတ်ပြိုင်၊ Contemporary အထိ ကဗျာဟာ ရွေ့နေတုန်းပါပဲ။ ဒီဘက်နှစ်များမှာ ပိုအားရစရာ ကောင်းတာကတော့ ကဗျာဆိုင်ရာနည်းနာ တက္ကနစ်တွေ ပိုမိုကျယ်ပြန့်လာတယ်။ နိုင်ငံတကာကဗျာဘာသာပြန်တွေ၊ နိုင်ငံတကာကဗျာစာအုပ်တွေ၊ ကဗျာဗေဒဆိုင်ရာ ဘာသာပြန် ရှင်းလင်းချက်တွေ စတဲ့ ကဗျာနဲ့ ပတ်သက်လို့ လေ့လာစရာ၊ အတုယူစရာ၊ အသစ်ဖန်တီးနိုင်စရာတွေ အများအပြား ရှိလာတာပါပဲ။ ကိုယ်တိုင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမယ်၊ ကဗျာနဲ့ ပတ်သက်လို့ လည်း စိတ်အားထက်သန်မှုရှိမယ်ဆိုရင် အင်တာနက်ပေါ်က Poetry Seminar, Poetry Workshop တွေမှာ နိုင်ငံတကာက လက်ရှိရေးသားနေတဲ့ ကဗျာဆရာတွေကိုယ်တိုင်နဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးငြင်းခုံနိုင်တဲ့အပြင် နိုင်ငံတကာစာပေ ပွဲတော်တွေအထိ လက်လှမ်းမှီရင် သွားရောက်ဆွေးနွေးလေ့လာနိုင်ပါသေးတယ်။ ဒါဟာလည်း နည်းပညာပိုင်းဆိုင်ရာ တိုး တက်မှုနဲ့အတူ ကဗျာအရင်းအမြစ် ပြန့်ကားတိုးတက်လာမှုလည်း ဖြစ်ပါတယ်။ ကဗျာဆိုင်ရာသိမှု ဆင့်ကဲ တိုးတက် ပြောင်း လဲ လာတာနဲ့အမျှ ကဗျာဖတ်သူ လူ့အဖွဲ့အစည်းဟာလည်း တိုးတက်ပြောင်းလဲလာတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ့်အယူ အဆနဲ့ ကိုယ်ပြောရရင် ခေတ်ပေါ်ကဗျာခေတ်ဦးတုန်းက နားလည်မှု ခက်ခဲစေခဲ့၊ အဓိပ္ပာယ်ေ၀၀ါးစေခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပေါ်ကဗျာ နှောင်းပိုင်းမှာ နားလည်လွယ်တဲ့၊ ရှင်းလင်းတဲ့ သိမှုကို ပေးနိုင်တဲ့ ကဗျာတွေအဖြစ် ပြောင်း လဲလာခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီကနေ့ ကဗျာဆရာတွေ ဖန်တီးနေတဲ့ ခေတ်ပြိုင်ဟန်ကဗျာတွေဟာလည်း အချိန်ကာလ အပိုင်းအခြားတစ်ခုမှာ ကဗျာဖတ်သူကို လွယ်ကူရှင်းလင်းသွားစေဦးမှာပဲ ဖြစ်ပါတယ်။

မြန်မာကဗျာဟာ ခေတ် အဆက်ဆက် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် အသံနဲ့ တဖြည်းဖြည်းချဲ့ထွင်လာခဲ့တဲ့ စာပေ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ခေတ်စနစ်ဆိုးတစ်ခုအောက်မှာ အချိန်ကြာမြင့်စွာ မွန်းကျပ်ပိတ်လှောင်ထားခံခဲ့ရပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖောက်ထွက်၊ အသစ်တည်ဆောက်ခဲ့၊ ကြိုးစားခဲ့ကြ ရပါတယ်။ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ ကနေ Modern, Post Modern, LP, PLP, Neo, Conceptual, Flarf, Digital, Hybrid, Exprimental စတဲ့ ကဗျာဆိုင်ရာ နည်းနာ အရေးအသားတွေဟာ ကဗျာဆရာတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဆင့်ကဲတိုးတက်ပြောင်းလဲ ရွေ့လျားခဲ့ ကြပါတယ်။ ဒါပေမယ့် ခေတ်ပေါ်နှောင်းပိုင်း (၁၉၉၀) နောက်ပိုင်းကဗျာ အရွေ့ကတော့ အပြောင်းအလဲမြန်ဆန်တယ်၊ အတက်အကျ ကြမ်းတယ်လို့ ဆိုရလောက်အောင်ပါပဲ။ အောင်မြင်ပါရဲ့လားလို့ မေးလာရင်တော့ အပြည့်အ၀ မအောင်မြင်သေးဘူးလို့ ပြောရမယ် ထင်ပါတယ်။

 ခေတ်ပေါ်နှောင်းပိုင်းနောက်ပိုင်း ကဗျာနည်းနာအသစ်တွေ၊ ကဗျာဗေဒအသစ်တွေကို ကဗျာဆရာနဲ့ ကဗျာဖတ် သူ အနည်းငယ်လောက်ပဲ လက်ခံတယ်လို့ မြင်ပါတယ်။ သာမန်ကဗျာဖတ်သူကို မဆွဲဆောင်နိုင်တဲ့အတွက် မအောင်မြင် ဘူးလို့ ယူဆချင်တယ်။ သာမန်ကဗျာ ဖတ်သူဆိုတဲ့နေရာမှာလည်း ကဗျာဖတ်သူ (ပြည်သူ)ဟာ ခေတ်က ပေးတဲ့ အကျပ် အတည်း၊ စိတ်ပင်ပန်းမှု၊ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှု၊ လယ်မြေယာမြေပြဿနာ၊ ပညာရေးဖိနှိပ်မှု၊ အတွေးအခေါ်ပိတ်လှောင်မှု၊ အလုပ်အကိုင် အဆင်မပြေမှု၊ လုပ်အားခနည်းပါးမှု စတဲ့ အာဏာရှင်အုပ်ချုပ်သူ လူတန်းစား တစ်ရပ်က ပေးတဲ့ ဒုက္ခတွေကို နှစ်ပေါင်းများစွာ ခံစားရင်း အနုပညာခံစားနိုင်မှု `အား´ တွေ ယုတ်လျော့ခဲ့ရတယ်။ ပညာ တတ်လူတန်းစား နည်းပါးခဲ့ရတယ်။ အနုပညာဖန်တီးနိုင်စွမ်း/ ခံစားနိုင်စွမ်း မြင့်မားတဲ့သူတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ဒီတော့ ခေတ်ပြိုင်အနုပညာမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖန်တီးခံစားဖို့ မလွယ်ကူတာ၊ ကိုယ့် ကိုယ်ပိုင်အနုပညာဟန် အယူအဆအသစ်တွေနဲ့ ကမ္ဘာကို ထိုးဖောက်ဖို့ မလွယ်ကူတာတွေ ဖြစ်လာ တော့တာပါပဲ။ ဒါပေမယ့် ကိုယ့်အနုပညာကို ရပ်တန့်မနေဘဲ ရွေ့အောင် ရွှေ့နေရမှာ အနုပညာသမားတွေရဲ့ အလုပ်ပါပဲ။ ဒီကနေ့ လူငယ်ကဗျာဆရာတွေဟာ ပညာ တတ်အလွှာက ပိုမို ၀င်ရောက်လာတာကိုလည်း တွေ့ရပါတယ်။ အရင်ခေတ်များဆီက ကဗျာဆရာတွေရဲ့ လူနေမှုဘ၀ ပုံစံနဲ့လည်း ကွဲပြားခြားနားလာတယ်။ လူနေမှုဘ၀ပုံစံတွေ ကွဲပြားလာတာနဲ့အမျှ ကဗျာစကားလုံးရွေးချယ်ပုံ၊ ဖွဲ့စပ်ပုံ၊ တည်ဆောက်ပုံ၊ ကဗျာလာရာလမ်းကြောင်း၊ ကဗျာအကြောင်းအရာ စတာတွေ ကွဲပြား လာပါတယ်။ ကဗျာဆရာဟာ သူ့ပတ်ဝန်းကျင်၊ သူ့လေ့လာမှု၊ သူ့အပေါ်ရိုက်ခတ်လာတဲ့ အခိုက်ဓာတ် စတဲ့ အကြောင်း အရာတွေအပေါ် များသောအားဖြင့် သူ့ကဗျာကို တည်ဆောက်လေ့ရှိတဲ့အတွက် အချို့သောကဗျာဖတ်သူနဲ့ ဝေးကွာ သွားလေ့ ရှိတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ကဗျာဆရာဟာ သူ့ယုံကြည်ရာ အရေးအသားကို တစ်ဆင့်လျော့ချပေးလိုက်တဲ့ ကဗျာဆရာ တွေရှိသလို လုံးဝလျော့ချမပေးဘဲ ကဗျာဖတ်သူကိုသာ ရွေးချယ်ခိုင်းတဲ့ ကဗျာဆရာတွေလည်း ရှိပါတယ်။ ရှင်းရှင်းပြောရရင် ကဗျာ ဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်စဉ်းစားတဲ့ ကဗျာဆရာနဲ့ ကဗျာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစားတဲ့ ကဗျာဆရာ ပေါ့။

လက်ရှိမြန်မာကဗျာအခင်းအကျင်းကို ပြန်ကြည့်ရင်လည်း အကြမ်းအားဖြင့် ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပေါ် မဟုတ် သော ကဗျာများဆိုပြီး တွေ့နိုင်ပါတယ်။ ခေတ်ပေါ်ကတော့ ရှင်းပါတယ်။ ခေတ်ပေါ်ကဗျာရဲ့ စံသတ်မှတ်ချက်တွေနဲ့ ယေဘု ယျ လက္ခဏာတွေဟာ ခိုင်မာပြီးသား၊ အများလက်ခံပြီးသားဆိုတော့ ကဗျာအရွေ့တစ်ခုအဖြစ် နှစ်ကာလအပိုင်းအခြားနဲ့ တည်ရှိနေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့အတူ ဒီဘက်နှစ်များမှာ အပြိုင်အားကောင်းဖြစ်ထွန်းလာတဲ့ ကဗျာတွေ ကိုလည်း သတိထား မိပါတယ်။ အများစုတွေ့ရှိရတဲ့ ခေတ်ပြိင်ကဗျာတွေကတော့ Expremental, Hybrid, Collage, Lauguage, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flarf, Digital, Performance, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Comtemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုတာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူ တကွဖြတ်သန်းနေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကားသုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန် ကတော့ Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှု အနေအထား ပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် တစ်ယောက်တည်းအနေနဲ့ ပြောရရင်တော့ ပင်မရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်း ဆန်နိုင်ပေမယ့် အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင် ကဗျာတွေကို တွေ့လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

 ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံနည်းစနစ်တွေကို အများစု ဆန့်ကျင်လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာ ထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလို ရင်းဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှောတင်ပြတာမျိုး အထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမိုတွေ့ရှိရပါတယ်။ ဥပမာ- ဆရာမောင်ပြည့်မင်း ရဲ့ `ယခုမှစ တစ်ဝက်ဆီ´ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ ဘယ်နေရာ ဘယ်ရှုထောင့် ကနေ ပါဝင်ပတ်သတ်နေတယ်ဆိုတာကအစ စဉ်းစားစရာပါပဲ။ ဒါ့အပြင် ကွင်းစကွင်းပိတ်ထဲက(ခင်ဗျား)ဆိုတဲ့သူဟာ ကဗျာ ဖတ်သူ လား။ အခြားတစ်စုံတစ်ယောက်လား ဆိုတာမျိုးပေါ့။

   ထပ်ပြောရရင် ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာ တာကို လည်း တွေ့ရှိရပါတယ်။ အများစုသုံးနှုန်းကြတာတော့ Language, Concept, Collage စတာတွေကို အများဆုံး ရောစပ် အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Expremental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင်ကဗျာ ရေးသူအများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ်ဆိုတာကို မကြာခဏ ပြောပါတယ်။ လက်တွေ့ဖန်တီးပြပါတယ်။ ကဗျာဆရာ လင်းရမ္မာ ရဲ့` ကားသင်္ဘော´ ဆိုတဲ့ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကနေ ရရှိလာတဲ့ သတင်းအချက်အလက်တစ်ခုနဲ့ ကဗျာကို အစပြု တည်ဆောက်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကရရှိတဲ့ သတင်းဆိုတာ ယုံကြည်လို့ ရနိုင်မလား။ သေချာရဲ့လား။ နောက်တစ်ခုက `ဝေလကား´ တဲ့။ ကျွန်တော်တို့ပုံမှန်ကြားဖူးနေကျစကားလုံးက ရေကျချိန် ကုန်းပေါ်မှာ တင်ကျန်နေရစ်ခဲ့တဲ့ `ဝေလငါး´။ အခု ကဗျာဆရာ သုံးထားတာက ဝေလကား ဆိုတော့ Wales ပြည်နယ်က တင်ပို့လာတဲ့ ကားများ ဖြစ်နေမလားပေါ့။ ဘာသာစကားတည်ဆောက်မှုအရ မှန်ကန်သလိုရှိနေတဲ့အပြင် ဖြစ်နိုင်ချေအမျိုးမျိုးနဲ့ ကဗျာ ဆရာဟာ ကဗျာဖတ်သူကို ပထမဆုံးစာကြောင်းမှာတင် အလုပ်လုပ်စေပါတော့တယ်။ နောက်ထပ်တွေ့ရမှာက ခေတ်ပြိုင် လူမှုအဖွဲ့အစည်းအတွင်းက ပြဿနာတွေ၊ ထိတ်လန့်အံ့သြစရာတွေကို အဆက်အစပ်မဲ့ ချိတ်တွဲယှက်ဖောက်ထားတဲ့ စကားတွေပါပဲ။ ကျွန်တော်တို့ နေ့စဉ်ကြားနေ၊ မြင်နေရတဲ့ စာသားတွေ စကားလုံးတွေကိုပဲ ကဗျာဆရာက ဆက်စပ် တည်ဆောက်ပြီး ကဗျာတစ်ပုဒ်ပြုလုပ်သွားခြင်းပါပဲ။

 နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုးရှိရှိ အသုံးပြုပြီး ကဗျာဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အနက်အဓိပ္ပာယ်ကို စုပ်ယူလိုရင်းကနေ ကဗျာ ဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံးဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေနောက်ကိုလိုက်ရင်း ကဗျာရဲ့ အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုးတွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာ ရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်းလည်း ဖြစ်တယ်လို့ ထင်မိပါတယ်။ နောက်ထပ်မြင်မိတာက ခေတ်ပြိုင် ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation) နဲ့ တွဲစပ်ချိတ်ယူခြင်း (Juxtaposition) တွေ ပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ်ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြားခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီ ကို အရောက် ပို့ချင်တာမျိုးကို တွေ့ရပါတယ်။

 ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တစ်ထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယအမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက်တဲ့ အချက်အလက် တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာဖတ်သူ ကိုယ်တိုင်သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင် လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံးတွေ့နေရတဲ့ အလျားလိုက် စာမျက်နှာအပြည့်စီတဲ့ ပုံသဏ္ဍာန် ကို အများဆုံးတွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ် လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင်ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓာတ်ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြားအလှဓာတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ကဗျာဆရာတွေ လက်ရှိရေးသားနေတဲ့ ခေတ်ပြိုင်ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာ တွေလည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓာတ် ကတော့ ဘာသာစကားအပေါ် လက်ခံသုံးစွဲခြင်းပါပဲ။ အခု ကျွန်တော် တင်ပြထားတာတွေ အားလုံးက ကျွန်တော် လေ့လာမိ သလောက် ကျွန်တော်ပြန်တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက်ပိုမို ကျယ် ပြန့်နက်ရှိုင်း ပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာလမ်းကြောင်းဟာ လွယ်ကူ ချောမွေ့လိမ့်မယ်လို့တော့ မထင်ပါဘူး။

(ခ) ယေဘုယျလက္ခဏာများ

 ၁၉၆၀ အနောက်နိုင်ငံတွေမှာ မော်ဒန်ဝါဒ ကျဆုံးပြီး ပို့စ်မော်ဒန်ဝါဒတွေ ထွန်းကားတဲ့ အချိန်ကျမှ ကျွန်တော်တို့ ဆီမှာ မော်ဒန်ကို စတင်တွေ့ရှိခဲ့ပါတယ်။ မော်ဒန်(၀ါ) ခေတ်ပေါ်ကဗျာဟာ ဆရာမောင်သာနိုးဘာသာပြန်တဲ့ ထင်းရှူးပင်ရိပ်နဲ့ ဆရာ မင်းသုဝဏ်အိမ်မှာ ပြုလုပ်ခဲ့တဲ့ သပြေညိုဝပ်ရှော့ကနေ မြစ်ဖျားခံပြီး ဆက်လက်စီးဆင်းပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဆရာမြဇင်က မော်ဒန်ကဗျာ(၀ါ) ခေတ်ပေါ်ကဗျာရဲ့ ယေဘုယျလက္ခဏာတွေကို ခေတ်ပေါ်ကဗျာ ကြေညာစာတမ်း အဖြစ် ငွေတာရီ မဂ္ဂဇင်းမှ တဆင့် အောက်ပါအတိုင်းချပြခဲ့ပါတယ်။ ခေတ်ပေါ်ကဗျာဟာ -

 ၁။ ထွေပြားတယ်။ ရိုးရိုးစင်းစင်းမဟုတ်။
 ၂။ သိပ်သည်းတယ်။ ကျဲတဲတဲမဟုတ်။
 ၃။ ကျယ်ကျယ်ဝန်းဝန်းလွှမ်းခြုံတယ်။ မကျဉ်းမြောင်း။
 ၄။ ရိပ်ကာဝဲကာပြောတယ်။ တိုက်ရိုက်မပြော။
 ၅။ ဧကန်သဘောတရားဆောင်တယ်။ ပြုအပ်တဲ့ တရားမဆောင်။
 ၆။ အကွက်သဘောဆောင်တယ်။ မျဉ်းသဘောကို မဆောင်။

 မော်ဒန်နောက်ပိုင်း ပို့စ်မော်ဒန်ခေတ်ဦးလည်းရောက်ရော မော်ဒန်တုန်းက ကျွန်တော်တို့ သိထားတာတွေ အားလုံး ဟာ ပြောင်းပြန် ဖြစ်သွားတယ်။ ကဗျာပုံသဏ္ဍာန်က ဂငယ်ပုံဖြစ်သွားတယ်။ ကဗျာထဲ ထည့်ထားတဲ့ စကားလုံးတွေ ဝါကျတွေ ကို အဲဒီ အပေါက်ကြီးထဲကနေ ကဗျာဖတ်သူက ပြန်လိုက်ကောက်ပြီး သိမှုကို တည်ဆောက်ယူရတယ်။ ကဗျာ ဖတ်သူရဲ့ အလုပ် ပိုများလာတယ်။ ခက်လာတယ်။ ကဗျာဖတ်သူကိုယ်တိုင် ဘာတွေသိထားလဲဆိုတာကိုပါ ကဗျာဆရာက ပြန်မေးခွန်း ထုတ်လာတယ်။ ဒီဘက်ပိုင်း Comtemporary တွေကျတော့ မော်ဒန်ရော ပို့မော်ဒန်ကိုပါ ဆန့်ကျင်တယ်။ စကားလုံး သုံးစွဲမှု ရိုးရှင်းအောင် အားထုတ်လာတယ။် တစ်ချို့ Hybrid တွေမှာကတော့ အားလုံးယူ သုံးတယ်။ ရောရေးတာ ရှိတယ်။ အဓိက ပြောချင်တာက မော်ဒန်ကိုနားလည်မှ ပို့စ်မော်ဒန်ကို နားလည်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်ဒန်ရဲ့ ယေဘုယျလက္ခဏာ တွေကိုသိမှ ပို့စ်မော်ဒန်က မော်ဒန်ကို ဘယ်လိုဆန့်ကျင်တာ သိမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ မော်ဒန်၊ ပို့စ်မော်ဒန်ကို သိမှ Comtemporary ကို ပိုနားလည်မှာဖြစ်တယ်။ ပို့စ်မော်ဒန်သမားတွေက ဖြစ်နိုင်ချေတွေကို တန်ဖိုးထားတယ်။ ဥပမာ တစ် ဂဏန်းကို သုံးမယ်ဆိုရင် မော်ဒန်က အဲဒီတစ်ဂဏန်းရဲ့ တစ်သီးပုဂ္ဂလဂုဏ်ရည်ကို ရည်ညွှန်းပြီး သုံးလိုက်တယ်။ ပို့စ်မော်ဒန် သမားကတော့ အဲဒီတစ်ဟာ သုညကနေ တိုးတက်တာလား။ နှစ် ကနေ လျော့သွားတာလား။ အဲဒီလို စဉ်းစားတယ်။ Hybrid တို့ Expremental တို့ကတော့ ပို့စ်မော်ဒန် နှောင်းပိုင်းကာလာတွေပေါ့။ အကြမ်းအားဖြင့် စမ်းသပ်ကဗျာတွေပါပဲ။ ရိုးရိုး ရှင်းရှင်းထပ်ပြောရရင် ခေတ်ပေါ်ကဗျာက အတွင်းကနေ အပြင်ကို ထွက်တယ်။ ခေတ်ပေါ်နောက်ပိုင်း ကဗျာအမျိုးအစား တွေကတော့ အပြင်ကနေ အတွင်းကို သွားတယ်။ တစ်ချို့ဟာတွေက စာသိထက် သညာသိ က ပိုကောင်းတယ်။ အခု ကျွန်တော်ပြောနေတာတွေကိုက ပို့စ်မော်ဒန်အယူအဆအရ စာသားတွေ၊ စကားလုံးတွေပဲ။ သိမှု မဟုတ်သေးဘူး။ တကယ့် သိမှုက ကိုယ်တိုင်ကို တည်ဆောက်ယူရတာ။ အခုဖတ်လိုက်လို့ သိလိုက်တာကို သိမှုလို့ မခေါ်သေးဘူး။ ကိုယ်တိုင် တည် ဆောက်ပြီးမှ ဒါက ဘာလို့၊ ဒါက ဘယ်လို စသဖြင့် လုပ်ယူရတာ။ ပို့စ်မော်ဒန်က ခံစားမှုထက် တည်ဆောက်မှုကို ဦးစားပေး တယ်။ မော်ဒန်မှာ အများအားဖြင့် ပုဂ္ဂိုလ်ရေးနာကျင်မှု၊ ပတ်ဝန်းကျင်၊ မေတ္တာဘွဲ့ စသဖြင့် တစ်စုံတရာကို ဦးတည်မှု ရှိတယ်။ တနည်းပြောရရင် ပန်းတိုင်ရှိတဲ့ ကဗျာတွေများခဲ့တယ်။ မော်ဒန်နောက်ပိုင်း ကဗျာတွေ ကတော့ ပန်းတိုင်ကို စိုက်ယူ ရတယ်။ ပြောရရင် ပို့စ်မော်ဒန်သမားတွေအကြိုက်ဆုံးက ဖရိုဖရဲဖြစ်မှုတွေပဲ။ မော်ဒန်ရဲ့ Form ပုံစံနဲ့ Content အကြောင်း အရာပိုင်း အားကိုးမှုကို ဆန့်ကျင်တယ်။ ပို့စ်မော်ဒန်ရဲ့ အဓိကလက္ခဏာတွေကို အကြမ်းအားဖြင့်-

 ၁။ ဖြစ်ဆဲ တည်ဆဲ ရောက်ဆဲခဏတာအချိန်လေးကို ဂရုစိုက်တယ်
 ၂။ စာသားပြေပြစ်စီးဆင်းမှုကို ဆန့်ကျင်ပြီး ပိုင်းစစိတ်မွှာဖြတ်တောက်ပစ်ရတာကို သဘောကျတယ်။
 ၃။ အဖြောင့်သဘောအဓိပ္ပာယ်တွေကို အချိုးဖျက်တယ်။
 ၄။စာသားစကားလုံးတွေကိုအထပ်ထပ်ဆင်ခြင်တယ်။
 (ဥပမာ-ရှေ့ကစကားလုံးကို နောက်စကားလုံးက ပြန်ပြီး မေးခွန်းထုတ်တာမျိုး)
၎။ မော်ဒန်ဟာ သိမှုဗေဒကို အခြေခံတယ်ဆိုရင် ပို့စ်မော်ဒန်ဟာ အဲဒီသိမှုကနေရလာတဲ့ အရှိတရား Reality ကို အခြေခံ တယ်။

(ဂ) ခေတ်ပြိုင်ကဗျာ ဘယ်လဲ

 မြန်မာကဗျာအရွေ့အနေနဲ့ဆိုရင် ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ စတင်အားကောင်းခဲ့တဲ့ ခေတ်ပြိုင်ကဗျာရဲ့ ယေဘုယျ လက္ခဏာတွေကို စတင်သတ်မှတ်သင့်ပြီလို့ ထင်မိပါတယ်။ မြန်မာခေတ်ပြိုင်ကဗျာဟာ အသေအချာရှိခဲ့ပါတယ်။ ရှိနေပါ တယ်။ ဒါပေမယ့် ခေတ်ပြိုင်ကဗျာရဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်းဟာ အီ စပြုနေပြီလို့ ထင်ပါတယ်။ အခု ၂၀၁၅ ခုနှစ်ဝန်းကျင် ကဗျာရေးဖွဲ့နေကြတဲ့ လူငယ်/ လူလတ်ပိုင်း ကဗျာဆရာ တွေဟာ Modern, Post Modern, LP, PLP, Neo, Conceptual စတဲ့ ကဗျာနည်းနာတက္ကနိတွေကို ငြင်းဆန်လာတယ်လို့ ထင်ရတယ်။ ပုံသဏ္ဍာန်အရ အပြား/ လေးထောင့် ကွက် စီထားတဲ့ ကဗျာတွေ အရေးနည်းလာတယ်။ စကားလုံး/ ဘာသာစကား ဆော့ကစားမှုတွေ နည်းလာတယ်။ အဲဒီလို ရေးဟန်တွေကို ငြီးငွေ့မှု မြန်ဆန်လာတယ်လို့ ပြောရမလားပဲ။ စာကြောင်းရှည်တွေတော့ သုံးနေကြသေးတယ်။ ရိုးရှင်းမှု ဆီကို ပြန်ဦးတည်လာတယ်။ ခက်ခဲအောင် တမင်လုပ်မရေးတော့ဘဲ မတော်တဆလောက်ပဲ ပါလာတော့တယ်။ ဘာတွေ ပိုကောင်းလာသလဲလို့ ကျွန်တော့်အမြင်ပြောရရင် ကဗျာဖတ်သူဆီ ကူးစက်မှုမြန်ဆန်လာတယ်။ အကြောင်းအရာ ဆန်းသစ် မှုနောက်ကို လိုက်လာတယ်လို့ မြင်တယ်။ ဒါကြောင့် မြန်မာကဗျာအရွေ့မှာ မြန်မာခေတ်ပြိုင်ကဗျာဟာ ဘာလဲဆိုတာနဲ့ မြန်မာခေတ်ပြိုင်ကဗျာ ဘယ်လဲဆိုတာတွေအတွက် မြန်မာခေတ်ပြိုင်ကဗျာရဲ့ ယေဘုယျအချက်အလက်တွေကို မြို့တွေ အလိုက် ကဗျာဝပ်ရှော့တွေ၊ ဆီမီနာတွေ ကျင်းပပြီး ဖော်ထုတ်သင့်ပါတယ်။ အနှေးနဲ့ အမြန်ဆိုသလို ဒီကနေ့ မြန်မာကဗျာ အရွေ့ဟာ ခေတ်ပြိုင်ကဗျာကို ဆန့်ကျင်တော်လှန်ပြီး အသစ်အသစ်သော ကဗျာတွေကို စမ်းသပ်ရေးဖွဲ့ရင်း တည်ဆောက် နေကြဦးမှာပဲ ဖြစ်ပါတယ်။ နည်းပညာခေတ်ကြီးထဲမှာ ကဗျာဟာ နည်းပညာအကူအညီနဲ့ ဘယ်လို စမ်းသပ်မှုတွေ၊ ဆန်းသစ် မှုတွေနဲ့ ကြုံရဦးမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။

အဆုံးသတ်အနေနဲ့ ပြောရရင် ဒီဘက်နှစ်များ ၂၀၁၂ နှောင်းပိုင်းမှာ စာပေလွတ် လပ်ခွင့်အနည်းငယ် ပြန်ပေးလာပါ တယ်။ လွတ်လပ်ခွင့် အနည်းငယ် ရလာတဲ့အလျောက်လည်း ကဗျာဆရာတွေက သွေးတိုးစမ်းရေးကြတယ်။ ပိုမို တိုက်ရိုက် ဆန့်ကျင်ပြီး ရေးကြည့်တယ်။ ခေတ်ကာလနဲ့ ကဗျာအရွေ့အရလည်း ပင်မရေစီး ခေတ်ပေါ်ကဗျာဟာ အရင်ကထက် အလင်္ကာတွေ၊ နိမိတ်ပုံတွေ လျော့ရေးလာကြတာလည်း ပါတယ်။ ခေတ်ပေါ်/ ခေတ်ပြိုင်ကဗျာဟန် ရောထွေးမှုတွေ၊ ကဗျာ ဆိုင်ရာ နည်းနာအသစ်တွေ ပေါ်လာတယ်။ ဒါဟာ အုပ်ချုပ်သူလူတန်းစားအနေ အနည်းငယ်အလျော့ပေးမှုအပေါ်မှာ ကဗျာ ဆိုင်ရာသိမှု/ ဖြစ်ထွန်းမှုတွေ တိုးတက်လာတယ်လို့ ပြောရမှာပါပဲ။ ဘယ်လိုပဲ ကဗျာဟန်တွေ ပြောင်းလဲသွားပါစေ၊ အကြောင်းအရာတွေ ပြောင်းလဲနေပါစေ။ ပြည်သူ အလိုမရှိတဲ့၊ ပြည်သူကို မတရားဖိနှိပ်တဲ့ အစိုးရရှိနေသရွေ့၊ ပြည်သူ လိုလားတဲ့ ခေါင်းဆောင် မအုပ်ချုပ်သရွေ့တော့ ပြည်သူ့ အတွက်ဆိုတဲ့ ကဗျာတွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ဒါက တစ်ပိုင်း ပါ။ ပြည်သူလိုလားတဲ့ ပြည်သူ့အရေး ရှေးရှုတဲ့ ခေါင်းဆောင်အုပ်ချုပ်ခဲ့ရင် မြန်မာစာပေနဲ့ ကဗျာလောကဟာ စာပေ တိုးတက်ရေး တစ်ခုတည်းကိုပဲ ကြည့်ပြီး ရှေ့ဆက်တိုးရမှာဖြစ်တဲ့အတွက် နိုင်ငံတကာစာပေ/ ကဗျာလောကကို ဒီထက်ပို ထိုးဖောက် ၀င်ရောက်လာနိုင်မယ်။ ကဗျာဆိုင်ရာသိမှုတွေ၊ အမြင်တွေ၊ ယဉ်ကျေးမှုတွေ ဖလှယ်လာနိုင်မယ်။ နောက်ပြီး ကဗျာဖတ်သူ ဘက်ကလည်း အာဏာရှင် အစိုးရလက်ထက်မှာ ဖိနှိပ်ထားခဲ့တဲ့ ပညာရေး အသိအမြင်တွေ ပြန်လည် နိုးကြားလာမှုနဲ့အတူ ကဗျာခံစားနိုင်စွမ်းတွေ တိုးတက်လာမယ်။ ဆန္ဒပြစရာ၊ လမ်းထလျှောက်စရာ၊ တရားရုံးချိန်း သွားစရာ မရှိတော့တဲ့အတွက် စာဖတ်ချိန်၊ ကဗျာဖတ်ချိန်တွေ ပိုရလာပါ။ ကဗျာဖတ်သူတွေရဲ့ အသိအမြင် ဗဟုသုတတွေ မြင့်မား လာတာနဲ့အမျှ ကဗျာ ရေးသားဖန်တီးသူတွေကလည်း ကဗျာအရွေ့၊ ယဉ်ကျေးမှုအရွေ့၊ နည်းပညာ အရွေ့ပေါ် မူတည်ပြီး ကဗျာအရွေ့အသစ်တွေ ဖော်ဆောင်လာနိုင်မယ်လို့ ထင်ပါတယ်။ မြန်မာကဗျာ ဆက်လက်စီးဆင်းပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

- မင်းနဒီခ