ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

လိမ်ညာမှုမရှိတဲ့ တမန်တော်တွေ

"A mathematician who is not also a poet will never be a complete mathematician."
                                                                                - Kart Weirstrass.
ကဗျာဆရာတစ်ဦးမဟုတ်သောသင်္ချာပညာရှင်သည် ဘယ်တော့မှ ပြည့်စုံသော သင်္ချာပညာရှင်ဖြစ်မည် မဟုတ်ပေ။
                                                                                - ကတ်ဝီယာစရက်(စ)

ကျွန်တော့်ဘဝတွင် အဖြစ်ချင်ဆုံးသောအရာနှစ်ခုရှိသည်။ တစ်ခုက ကဗျာဆရာ၊ နောက်တစ်ခုက သင်္ချာပညာရှင်။ ဒါပေမယ့်နှစ်ခုလုံး ဖြစ်နိုင်ချေအလွန်နည်းပါးသွားခဲ့လေပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ လေ့လာသူတစ်ယောက်တော့ ဖြစ်ခွင့်ရှိနေသေးတယ်။ကဗျာနှင့်သင်္ချာဆိုတာ ဘာမှမဆိုင်ဟု ခင်ဗျားထင်ချင်ထင်ပါလိမ့်မယ်။ ကျွန်တော်ဘယ်သူ့ကိုပဲပြောပြောသင်္ချာနှင့် ကဗျာဆိုတာ တောင်ဝင်ရိုးနှင့် မြောက်ဝင်ရိုးစွန်းလောက်ဝေးသည်ဟု ထင်ကြမှာအမှန်ပါပဲ။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ စက်မှုထွန်းကားတဲ့ နိုင်ငံတွေဟာ ဘာကြောင့်အနုပညာအားကောင်းကြသလဲ။ အနုပညာတို့၊ ကဗျာတို့ စာတို့ဆိုတာ နေ့ခင်းအိပ်မက်တွေပါလို့ ပြောနေကြသူတွေကျွန်တော်တို့ဘေးမှာ အများကြီးပဲ။ ငါတို့ကတော့ လက်တွေ့သမားလို့ ပြောနေကြတဲ့သူတွေ၊ စာပေဆိုတာဝိဇ္ဇာပညာရပ်၊ ငါတို့က သိပ္ပံသမားတွေလို့ပြောတဲ့သူတွေ ကျွန်တော်တို့နဲ့ နီးနီးကပ်ကပ်မှာရှိနေတယ်။ကျွန်တော့်အဖို့တော့  ကဗျာတစ်ပုဒ်ကို ဘာသာပြန်ရတာဟာသင်္ချာတစ်ပုဒ်ကိုတွက်ရတဲ့ အင်အားကုန်သလောက်ကို အားစိုက်ရပါတယ်။

“တိုင်းပြည်တစ်ပြည် တိုးတက်ဖို့သင်္ချာပညာရှင်တွေ များများလိုအပ်သလို ကဗျာဆရာတွေလည်း အများကြီးလိုအပ်ပါတယ်”လို့ ကျွန်တော်ပြောရင်ခင်ဗျားပြုံးစိစိဖြစ်နေမယ် ဆိုတာ ကျွန်တော်သိတယ်။ ဒီထက်ပိုပြီး ကျွန်တော်ထပ်ပြောပါရစေ။ကဗျာဆရာနဲ့ သင်္ချာပညာရှင်ဟာ အခြေခံအားဖြင့် အတူတူပဲ ဆိုတာကို ခင်ဗျား မကြာခင်မှာ လက်ကိုလက်ခံရလိမ့်မယ်။ကျွန်တော်က“ကဗျာဆရာ=သင်္ချာပညာရှင်"…. လို့ ပြောပါရစေ။

ကမ္ဘာပေါ်မှာ ကဗျာဆရာတွေနဲ့ သင်္ချာပညာရှင်တွေဟာလိမ်ညာမှုကင်းတဲ့ တမန်တော်တွေ အနေနဲ့ရှိကြတယ်။ ကွဲပြားတဲ့ အချက်ကတော့ ကဗျာသမားတွေဟာသဘာဝကပေးတဲ့ မာနနဲ့ အထီးကျန်မှုကြောင့် သူတို့ကို ဘဝင်မြင့်တဲ့သူတွေလို့ လူတွေကထင်နေကြပြီးသင်္ချာသမားတွေက ထူးခြားသာလွန်တဲ့ ပြင်ညီပေါ်မှာ ဖြစ်တည်နေတဲ့အတွက် သူတို့ကို လူတွေက ရင်းနှီးဖို့ခက်တဲ့လူတွေလို့ ထင်ကြတယ်။ ဒါကြောင့်ပဲ ကဗျာဆရာတွေကို စာပေအသိုင်းအဝိုင်းနဲ့ ဆက်နွယ်ပြီးလူတွေက ဝတ္ထုရေးသူတွေလို့ အမြဲလိုလို အထင်ခံရပြီး သင်္ချာဆရာတွေကိုလဲ ရူပဗေဒပညာရှင်အဖြစ်သိပ္ပံအသိုင်းအဝိုင်းမှာ အထင်ခံရလေ့ရှိတယ်။ ဝတ္ထုရေးဆရာ ဝီလျံဖရော့ကာ ( William  Faulkner) ဆိုတဲ့ ငနဲကတော့ သူ့ဘဝရဲ့ နှောင်းပိုင်းအချိန်တွေမှာ “ကျုပ်ဟာ မအောင်မြင်ခဲ့တဲ့ကဗျာဆရာ (I'm a failed poet)” လို့ ကြေကြေကွဲကွဲပြောခဲ့တာကြားဖူးတယ်။ “ကျုပ်အထင် ဝတ္ထုရေးဆရာ၊စာရေးဆရာအားလုံးနီးပါးဟာ ပထမဦးဆုံး ကဗျာကိုစရေးကြတယ်။ အဲဒီမှာ သူတို့ကိုယ်သူတို့ ရှာမတွေ့ရင်တော့ဝတ္ထုတိုတွေရေးရော။ ကဗျာပြီးရင် ဝတ္ထုတိုဟာ တောင်းဆိုမှုများတဲ့ ပုံစံပဲမဟုတ်လား။ အဲ….အဲဒီမှာမအောင်မြင်တော့ဘူးဆိုရင်တော့ ဝတ္ထုရှည်ကိုရေးကြတော့တာပဲဗျို့” လို့ပြန်ပြောပြခဲ့တယ်။ဒီနေရာမှာ သင်္ချာဆရာ မဖြစ်လို့ ရူပဗေဒပညာရှင်ဖြစ်သွားတယ် ဆိုတာမျိုးတော့မရှိဘူး။ သို့ပေမယ့် ရူပဗေဒပညာရှင်တစ်ဦးအဖို့ သူ့ရဲ့အောင်မြင်မှုဆိုတာ အကြောင်းနှစ်ရပ်ပေါ် အခြေခံတယ်။ မြင့်မားတဲ့ သင်္ချာစွမ်းရည်ရှိရမယ်။နောက်ပြီးပါးလျပ်တဲ့ စူးစမ်းလေ့လာမှုရှိရမယ်။ ရူပဗေဒရဲ့ အနှစ်သာရက စမ်းသပ်မှုတွေကို စနစ်တကျတည်ဆောက်ပြီးသဘာဝတရားကပေးတဲ့ ဥပဒေတွေနဲ့ စနစ်တကျ မောင်းနှင်ပစ်ဖို့ပဲ မဟုတ်လား။ ဒါကြောင့်ပဲ သင်္ချာပညာရှင်တွေအဖို့ရူပဗေဒကို ပြောင်းပြီးလေ့လာဖို့ မခက်တော့ဘူးလေ။ ဒါတင်မကဘူး ကွန်ပြူတာတို့၊ စာရင်းအင်းတို့၊စီးပွားရေးဘာသာတို့ ဘယ်ဟာမဆို သင်္ချာသမားက လွယ်လွယ်ကူကူ ချဉ်းကပ်လို့ရတယ်။ ကဲ…ကဗျာသမားကရော။ဝတ္ထုတို၊ ဝတ္ထုရှည်၊ အက်ဆေး၊ ပြဇာတ် အဲဒီဘက်ကိုသွားရာမှာ အလွယ်လေးပဲမဟုတ်လား၊ အမှန်ပဲလေ…ဒါကြောင့်ခင်ဗျားကိုပြောတာ သင်္ချာသမားနဲ့ ကဗျာသမားဟာခြွင်းချက်တွေပါ လို့။ ဒီချက်ကို ရောဘတ်ဘာရိုးလ် (Robert Berold)လို့ခေါ်တဲ့ စာရေးဆရာတစ်ယောက်ပြောခဲ့တာဗျ။("In fact, it is easy for mathematicians to switch to studying physics, computer science, or economics,just as it is for poet to turn to writing novels, essay, or plays of course,they are exception" - Robert Berold, South African writer and teacher) ဒါပေမယ့် ခုထက်ထိ ခင်ဗျားက သင်္ချာနဲ့ကဗျာဟာ တခြားစီပါလို့ ဆိုချင်နေတုန်းပဲ မဟုတ်လား။ကောင်းပြီလေ……ကျုပ်ပြောမယ်။ သင်္ချာသမားနဲ့ ကဗျာသမားတွေဆီမှာ ခင်ဗျားအလွယ်တကူငြင်းဆန်လို့မရတဲ့အခြေခံတူညီမှုရှိကြတယ်။ အဲဒါကတော့ သင်္ချာသမားတွေက အသစ်တွေ့ရှိမှုအတွက် အလုပ်လုပ်တယ်…(work to discover) ပေါ့ဗျာ။ တစ်ချိန်ထဲမှာပဲ ကဗျာသမားတွေက အသစ်ဖန်တီးဖို့အတွက် အလုပ်လုပ်တယ်(work to create)။ ပန်းချီဆရာ ဒီဂက်(စ)(Degas)ဆိုတဲ့ငနဲက ရံဖန်ရံခါ ဆွန်းနက်ကဗျာလေးဘာလေးရေးတယ်ဗျ။ တစ်ခါတုန်းက ဒီဂက်(စ)ဟာ မာလာမေ(Mallarme')ကို မကျေမနပ်နဲ့ “ကျုပ်မှာအိုင်ဒီယာတွေ အများကြီးရှိတယ်။ တစ်ကယ့်ကို အများကြီးပဲ ဒါပေမယ့် ကဗျာရေးဖို့ ခက်နေတယ်။”လို့ပြောဖူးတယ်။ ဒါနဲ့ မာလာမေက ကဗျာဟာ အိုင်ဒီသာတွေနဲ့ လုပ်တာမဟုတ်ဘူး။ စကားလုံးတွေနဲ့လုပ်တာ(poems are made not with ideas but with words) လို့ပြန်ဖြေခဲ့တယ်။ ဒီလိုပဲ သင်္ချာသမားတွေကဆက်စပ်တွေးလုံးတွေနဲ့ သင်္ချာညီမျှခြင်းတွေကို တည်ဆောက်တယ်။ တနည်းပြောရရင် သင်္ချာသမားတွေဒြပ်မဲ့စိတ်ကူးလမ်းနဲ့ တွေးတောနေချိန်မှာ ကဗျာသမားတွေက စကားလုံးတွေကို စီပြီးထပ်ဆင့်တည်ဆောက်တဲ့နည်းကိုသုံးနေတယ်။ ဒါကြောင့်ပါမောက္ခ“ကော”က ဒီလိုရေးတယ်။ (mathematicians think in aabstract way, why poets think in a concrete way)တဲ့။ အဲ…ဒါပေမယ့် တူညီတဲ့ အချက်ကတော့နှစ်ခုစလုံးဟာ စိတ်ကူးယဉ်မှုရဲ့ ထုတ်ကုန်တွေ ဖြစ်တယ်ဆိုတာပဲ။သူက (Both are products of imagination) တဲ့။
       
သင်္ချာပညာရှင်တွေရဲ့ ကုန်ကြမ်းတွေဟာ ကဗျာဆရာတွေရဲ့ကုန်ကြမ်းတွေလိုပဲ လက်မှုပစ္စည်း၊ သစ်ပင်ပေါ်ကသစ်ရွက်၊ မြက်ပင်တစ်စည်း၊ အလင်းရောင် ဒါမှမဟုတ်လူတွေရဲ့ မျက်နှာပေါ်က အရိပ်တွေ…အဲဒါတွေကနေတဆင့် အာရုံဝင်စားမှု၊ ဥာဏ်အလင်းဆိုတဲ့"Inspiration" ကိုရတာကိုး။ မြန်မာလို ဈာန်ဝင်စားမှုပေါ့ဗျာ။ပလေတိုးကြီးကတော့"A mania of poets" လို့ စွပ်စွပ်စွဲစွဲ ပြောလေရဲ့။အဲဒါဟာ ကဗျာသမားရော၊ သင်္ချာသမားပါတူညီတဲ့ အချက်ပဲဗျို့။ ခင်ဗျားက မယုံချင်သေးတော့လည်း ဥပမာလေး ဘာလေးပေးရတာပေါ့ဗျာ။ ဂိုထေ(Goethe)က သူ့သူငယ်ချင်း "ဂျေရုဆလင်" ကိုယ့်ကိုယ်ကိုသေကြောင်းကြံတဲ့ သတင်းကြားတော့“ဖျတ်” ခနဲမြင်လိုက်တဲ့ အလင်းကိုတည်ပြီး "The Sorrow of Young Werther"ကိုရေးတယ်။သူ့အပြောအရ တစ်အုပ်လုံးဘယ်လိုပြီးသွားမှန်း မသိဘူးတဲ့။ ဂေါက်(စ)ဆိုတဲ့ ပုဂ္ဂိုလ်ဟာ သင်္ချာမှာတော့မင်းသားပဲ။ သူ့ကို "The prince of mathematics"လို့ခေါ်တယ်။ သူ့ရဲ့နာမည်ကြီးဂေါက်ဆီအမ် ပေါင်းခြင်းရဲ့ လက္ခဏာများ (Symbols of Gaussian Summation) ကိုထုတ်အပြီးနှစ်အနည်းငယ်အထိ တချို့အချက်တွေဟာ မရှင်းမလင်းဖြစ်နေတုန်းပဲ။ နောက်ဆုံးနှစ်ရက်မှာတော့ဖျတ်ခနဲအလင်းပေါ်ခဲ့တယ်။ အဲဒါအဖြေပဲ။ ဘယ်လို ရခဲ့မှန်းသူလဲမသိဘူး။ သူပြောပုံက "not on account of my hard efforts, but bythe grace of Lord. Like a sudden flash of lighting, the riddle was solved" တဲ့။ "ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်နဲ့ ဖြတ်ခနဲရလိုက်တဲ့ ဥာဏ်အလင်းရောင်ကြောင့်ပါပဲ….ပဟေဠိတွေကိုဖြေရှင်းနိုင်ခဲ့တာ….ကျူပ်တပင်တပန်း အားစိုက်ထုတ်ခဲ့တာကြောင့် မဟုတ်ပါဘူး" လို့ဆိုခဲ့တယ်။
       
ခင်ဗျားအံ့သြသွားအောင် နဲနဲထပ်ညှို့ပေးအုံးမယ်ဗျာ။ခင်ဗျားလည်း သိတဲ့အတိုင်းပဲ သင်္ချာပညာရှင်တွေဟာ ငယ်ငယ်ရွယ်ရွယ်မှာပဲ ထူးခြားတဲ့ ဖေါ်မြူလာတွေကိုရသွားကြတယ်။ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကုန်ကြတယ်လေ။ ပြန်တွက်ကြည့်ရင် သူတို့သက်တမ်းတွေဟာလေးဆယ်ထက်ကို မပိုဘူးဗျ။ ရီမန် (Riemann) ကလေးဆယ်အတိ၊ ပါစကယ် (Pascal) က သုံးဆယ့်ကိုး၊ ရာမနုဂျန် (Ramanujan)က သုံးဆယ့်သုံး၊ အိုဆင်စတိန်း(Eisenstein)က နှစ်ဆယ့်ကိုး၊ အေဘယ် (Abel)က နှစ်ဆယ့်ခုနှစ်၊ ဂေလုဆက် (Galois)က နှစ်ဆယ်…အားလုံးငယ်ရွယ်တဲ့အချိန်မှာသေဆုံးတယ်။ ဒါပေမယ့် သင်္ချာသမိုင်းမှာ သူတို့ခြေရာတွေဟာ အနက်ဆုံးလို့ဆိုရမယ်။ ဒါဆိုရင်ကျုပ် ဘာပြောတော့မလဲဆိုတာ ခင်ဗျားသိကိုသိရမယ်။ နာမည်ကြီးကဗျာဆရာတွေလဲ အဲဒီအတိုင်းပဲဗျို့။ပွတ်ရှကင် (Pushkin)၊ ဂါစီယာလိုကာ (Lorca)နဲ့ အပိုလီနာရေး(Apollinaire) တို့က သုံးဆယ့်ရှစ်နှစ်၊အာသာရင်းဘိုး (Rimbaud)က သုံးဆယ်ခုနှစ်၊ အော်စကာဝိုင်းက သုံးဆယ့်လေးနှစ်၊ မာယာကော့စကီးက(သုံးဆယ့်နှစ်)၊ ပတ်(တ) (Plath) လေ…သိတယ်မဟုတ်လား ဆားဗီးယားပတ်(တ)က သုံးဆယ့်တစ်၊ ရှယ်လီနဲ့ရက်စနင် (Yesnin)က သုံးဆယ်၊ပြီးတော့ ဂျွန်ကိစ် (John Keats)နဲ့ ပီတိုဖီ(Petofi)တို့တတွေဟာနှစ်ဆယ့်ခြောက်နှစ်မှာ ကွယ်လွန်ခဲ့တယ်။ပန်းချီသမားတွေဖြစ်တဲ့ ဂေါ်ကီ(Gauguin)၊ ရော့ဆီယူ(Rousseau)နဲ့ကင်ဒင်စတီး(Kandinsky) တို့လဲ ပန်းချီထဲ စုံပစ်ပြီးဝင်ဆွဲတာ သုံးဆယ်ဝန်းကျင် လောက်ကမှပါ။ဆိုလိုတာက သင်္ချာသမားတွေနဲ့ ကဗျာသမားတွေရဲ့ အကောင်းဆုံးအချိန်တွေဟာ ယေဘုယျတူနေကြသလိုငယ်ငယ်ရွယ်ရွယ်နဲ့ လောကကိုစွန့်သွားပုံတွေလည်း တူတယ်။ သေခြင်းတရားက ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ချင်ခြင်းတပ်မှုမျိုးနဲ့ သူတို့ရဲ့ ရှင်သန်မှုကိုတောင်းဆိုခဲ့တယ်။
       
ကဗျာဆရာကြီး ဂိုထေ(Gothe) ကတော့ သင်္ချာသမားတွေဟာ ပြင်သစ်တွေလိုပါပဲ လို့ဆိုတယ်။ဘယ်လိုဘာသာစကားနဲ့ပြောပြော သူတို့ဘာသာပြန်နိုင်ကြပြီး ချက်ချင်းအထူးအဆန်းတစ်ခု ဖြစ်သွားအောင်လုပ်နိုင်ပါတယ် လို့ဆိုတယ်။ သင်္ချာဟာ မည်သည့် သိပ္ပံပညာမှာ မဆိုအခြေခံအားဖြင့် ပါဝင်သလို“ကဗျာ”ဘာသာစကားဟာလည်း မည်သည့်အနုပညာမှာမဆို အခြေခံပါဝင်တယ်။ ဂီတဆရာကြီး မိုဇတ်(Mozart)ကို“ဂီတရဲ့ကဗျာဆရာ” (Poet of Music)လို့ တင်စားခဲ့သလို "ရှိုပင်"(Chopin) ကိုတော့ “စန္ဒယားရဲ့ကဗျာဆရာ” (The Poet of Piano)လို့ ခေါ်ခဲ့ကြတယ်။ ဆရာကြီး ဂိုထေက သင်္ချာသမားတွေကို မှတ်ချက်ပေးသလို သင်္ချာသမား ဖရွိုက်(Freud)က “ကျုပ်ဘယ်ကိုပဲသွားသွား ကဗျာသမားတွေက ကျုပ်ထက်စောပြီးရောက်နေကြပြီ”လို့ ဆိုခဲ့တယ်။ "Everywhere I go, I find that a poet hasbeen there before me" တဲ့။ ဒါပေမယ့် ပလေတိုး(Plato) ကတော့ ကဗျာသမားကို ပေါ်တင်ပဲစွဲချက်တင်ခဲ့တယ်။ ဒါကသမိုင်းမှာ သင်္ချာနဲ့ကဗျာ မရည်ရွယ်ပဲ ထိပ်တိုက်တိုးခဲ့တုန်းကပေါ့ဗျာ။သူက ကဗျာသမားတွေကို “အမှန်တရား၏ ရန်သူတော်” The enemies of truth လို့ဆိုပြီး ဥာဏ်ပညာရဲ့ အဆိပ်အတောက်လို့ ဆိုခဲ့တယ်။ အဲဒီလိုပဲမော်ဒန်တွေးခေါ်ပညာရှင် ရှိုပင်ဟောင်ဝါ(Schopenhauer)က ကဗျာဟာ အမြင့်ဆုံးသောအနုပညာ(Highest Art) ဖြစ်ပြီး အရစ်မက်သစ်(Arithmetic)သင်္ချာကတော့ ဥာဏ်ပညာ ဒါမဟုတ် စိတ်ရဲ့အနိမ့်ဆုံးလှုပ်ရှားမှုလို့ ဆိုပြန်တယ်။ ကျုပ်ကထပ်ပြောရရင် သင်္ချာသမားနဲ့ ကဗျာသမားတွေဟာ တချို့အချိန်တွေမှာအပြိုင်အဆိုင် အောင်မြင်ခဲ့တယ် ဆိုတာပဲ။ ဂရိသမိုင်းမှာတော့ယူကလစ်ရဲ့ အဲလီးမင့် (Elements) နဲ့ အရစ္စတိုတယ် (Aristotle)ရဲ့ ပိုဝက်တစ် (Poetic)ကျမ်းနှစ်ခုဟာ တစ်ချိန်တည်း ရေးခဲ့တာဖြစ်တယ်။ ယူကလစ်ရဲ့ အဲလီးမင့်ဟာ သုံးဖက်မြင်ဗလာနယ်ရဲ့Physical-Geometrical ဖြစ်ပြီး အရစ္စတိုတယ်ရဲ့ “ပိုဝက်တစ်”ကတော့ ကဗျာဟာ နေ့တဓူဝ ဘဝရဲ့ဖော်ပြချက်တစ်ခုဖြစ်တယ် ဆိုတာ လက်ခံ နားလည်ပေးခဲ့တဲ့ ကျမ်းဖြစ်တယ်။

နောက်ထပ်တူညီတာတွေရှိပါရဲ့ဗျာ။ ပိုး (Poe)တို့၊ ဘို့ဒလယ် (Baudelaire)တို့မော်ဒန် အနုပညာကို အစပျိုးချိန်မှာ ခွဲထွက်ယူကလစ် ဂျော်မက်ထရီ (Non-Euclidean Geometry)ကို အစပျိုးခဲ့တဲ့ လိုဘာချက်(ဗ)စကီး (Lobachevsky)နဲ့ ဘော်လျ (Bolyai) တို့ဟာပိုး တို့နဲ့ အပြိုင်ကြိုးစားနေခဲ့ကြတယ်ဆိုပဲ။
          ၁၉၃၀နဲ့ ၁၉၄၀ ကြားမှာ ပြင်သစ် ဆာရီရယ်လစ်ဇင် (Surrealism)တွေရဲ့ ဝါဒသစ်တွေ ပြင်းထန်ခဲ့တဲ့အချိန်မှာသင်္ချာသမားတွေအတွက် ကြီးမားတဲ့ အလှည့်ကို ဖြစ်စေတဲ့ တိုပိုလိုဂျီ (topology)လို့ခေါ်တဲ့သင်္ချာဗေဒသစ် တစ်ရပ် ဖွံ့ဖြိုးလာခဲ့တယ်။ ဒီနေရာမှာ တိုပိုလိုဂျီကို နည်းနည်းရှင်းပြဖို့လိုတယ်ထင်တယ်။ သင်္ချာသမားတွေသိပါလိမ့်မယ်။ အရွယ်နဲ့ ပုံသဏ္ဍန်ပြောင်းသွားခြင်းကြောင့်တခြားဘာဂုဏ်မှ မပြောင်းတဲ့ ဂျော်မက်ထရီ ပုံသဏ္ဍန်တွေကို သင်္ချာနည်းနဲ့ ရှင်းတဲ့ဘာသာပါပဲ။ပထမဦးဆုံးစတွေ့တာက JohannBenedict Listing ပဲ။ သေချာတာက အဲဒီလူဟာ သင်္ချာပညာရှင် ဂေါက်(စ) (Gaurs)ရဲ့ တပည့်ဖြစ်တယ်။အတိအကျပြောရရင် ၁၈၄၇ ခုနှစ်မှာ သူက စ,သိတာပဲ။ အဲဒီတုန်းက သူရှင်းပြတာကို နားလည်တဲ့သူကမ္ဘာပေါ်မှာ လက်ငါးချောင်းမပြည့်ဘူး။ သူဘယ်က ဒီလိုထူးဆန်းတဲ့ သင်္ချာအမြင်ကိုရသလဲ။ အမေရိကန်ကဗျာဆရာကြီးလောင်းဖဲလိုးရဲ့ "The Song of Hiawatha" က လို့ ပါးစပ်ရာဇဝင်ရှိတယ်။ ကျွမ်းကျင်သူတွေကဖြစ်နိုင်တယ်လို့ဆိုတယ်။ သူတို့က လောင်းဖဲလိုးရဲ့ ကဗျာထဲက စာပိုဒ်တစ်ပိုဒ်ကို ညွှန်းတယ်။ကဗျာထဲက စာသားကတော့ အင်ဒီယန်းတစ်ယောက်ကို ပြောတဲ့စာသားပါ။

          He, to get the warm side inside,
          Put the inside (skin side) outside,
          He, to get the cold side outside,
          Put the warm side (fur side) inside …   တဲ့။ ဘယ်လောက်ကောင်းတဲ့ကဗျာလဲ။
         
          သူ၊ အတွင်းဘက်ကို နွေးချင်ရင်
          အတွင်းဘက်(သားရေရှိတဲ့ဘက်)ကို အပြင်မှာထား၊
          သူ၊အပြင်ဘက်ကို အေးချင်ရင်
          နွေးတဲ့ဘက်(သားမွေးရှိတဲ့ဘက်)ကို အတွင်းမှာထား ….တဲ့။

အဲဒါကြောင့် ခင်ဗျားကိုပြောတာပေါ့…ကဗျာဆရာနဲ့ သင်္ချာဆရာ အတူတူပဲဆိုတာ။ အဲဒီကဗျာကြောင့် Topology ဖြစ်လာတယ်။ မီးရထားသံလမ်းတွေကိုမြေပုံပေါ်မှာ အတိအကျဆွဲလာနိုင်တယ်။ ကျွန်းဆွယ်တွေရဲ့ ဧရိယာကို အတိအကျတွက်နိုင်လာတယ်။ကြွက်သားတွေ သွေးကြောတွေကို အတိအကျတွက်နိုင်လာတယ်။ ဒိုးနတ်မုန့်ဝိုင်းတစ်ခုနဲ့ ကော်ဖီခွက်(လက်ကိုင်ပါရမယ်)တစ်ခွက်ဟာ “တိုပို”မှာ တူညီသွားကြပြီး ကြယ်တစ်လုံးဟာ ဘတ်စ်ကားတစ်စီးနဲ့တူတယ်။တကယ်ပါ…တိုပိုသင်္ချာမှာ ကဗျာမှာပဲ တူလို့ရတာတွေ အဲဒီမှာတူညီတယ်။ အဲဒါကဗျာရဲ့ ဂုဏ်သတ္တိ (Simile)ပဲ။(တိုပိုသင်္ချာတွင် တားရော့ဗေဒင်ကဲ့သို့ အဓိက ငါး အုပ်စု ရှိပါသည်။) အဲဒီလို သင်္ချာတွေပါတဲ့ကဗျာတွေ အများသားဗျ။ကဗျာဆရာတွေဟာ သင်္ချာနဲ့ ပတ်သက်တာတွေ ကဗျာတွေ ထဲထည့်ရေးကြတယ်။ ကိုယ့်လူရယ်….ကဗျာသမားတွေဟာသင်္ချာကိုနားလည်တယ်ဆိုတာ သူတို့ ကဗျာတွေဖတ်ကြည့်ရင် အသိသာကြီးပါဗျာ။ အသဲကွဲရုံလောက်နဲ့တော့ကဗျာဆရာဖြစ်ဖို့ မလွယ်ဘူးဗျို့။ မတော်တဆလေးများတောင်  မဖြစ်နိုင်ပါဘူးဗျာ။

ကဲ…အောက်က ကဗျာတွေကိုကြည့်စမ်းပါ။လမ်းကြုံရင် ဖြစ်စေ၊ တစ်ယောက်ယောက်ကများ ကဗျာဆရာတွေကို ခပ်တုံးတုံးတွေလို့ အထင်ရှိရင်ဖြစ်စေသူတို့ကို ဝေမျှစမ်းပါ။

-      Geometry by Rita Dove
-      Figures of Thought by Howard Nemerov
-      Six Significant Landscapes by Wallace Stevens
-      "Pi"by Wislawa Szymborska
-      Gravity and Levity by Bin Ramke
-      E= MC2 by Morris Bishop

တွေကို ဖတ်စမ်းပါဗျ။ သင်္ချာအခြေခံ မရှိတဲ့သူဟာအဲဒီကဗျာတွေကို ဘယ်လိုမှ မဖတ်ဘူးဆိုတာ ဘုရားသခင်နဲ့ဖြစ်ဖြစ် ကျွန်တော်လောင်းကြေးထပ်ရဲပါတယ်။အလီနာပိုရေးတို့ ထွင်ခဲ့တယ်လို့ ကျုပ်တို့ပြောပြောနေတဲ့ စကားလုံးတွေကို ပုံသဏ္ဍန်တွေအဖြစ်စီတဲ့ကဗျာ (Visual Poetry) တွေမှာလည်း သင်္ချာရဲ့ပုံသဏ္ဍန်တွေ ထည့်သွင်းခဲ့ကြတယ်ဆိုပဲ။ဥပမာတွေ ကျွန်တော့်ဆီ အများကြီးရှိပါတယ်။ လူးဝစ်ကာလိုး (Lewis Carroll)ရဲ့ ကြွက်ပုံပြင်(The Mouse Tale) လေဗျာ။ အဲလစ်ရဲ့အံ့ဖွယ်ကမ္ဘာထဲမှာ ကြွက်က “ငါပိုင်တာက ရှည်လျားတဲ့ဝမ်းနည်းစရာပုံပြင်ပဲ”လို့ ဆိုတော့ အဲလစ်က “တစ်ကယ်တော့ သိပ်ရှည်တဲ့ အမြီးတစ်ခုပဲ” လို့ဆိုတယ်။အဲဒီကြွက်မြီးပုံကို ကဗျာဆရာ စာလုံးတွေနဲ့ ရေးပြတယ်။ အဲဒါ လူဝစ်ကာလိုးရဲ့ သင်္ချာပဲ။တြိဂံပုံအတိအကျကို မတူတဲ့ အသံထွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ နောက်ကဗျာတစ်ပုဒ်ကတော့ ရေတွက်ခြင်းထက်ပိုသော(More than Counting)လို စာကြောင်း အရှည်အတိုတွေနဲ့ ဖိသံဖေါ့သံတွေပါတဲ့ ကဗျာမျိုးတွေပေါ့။နောက်တစ်မျိုးက စတုဂံကဗျာ (Square poem)တွေ ဟာ စာကြောင်းအရေအတွက်နဲ့ အသံထွက် အရေအတွက်ကိုစတုဂံအတိုင်းတည်ဆောက်တဲ့ ကဗျာအမျိုးအစားတစ်ခုပဲ။ ဟန်နရီလော့(ခ)ရေးတဲ့ "Honor of Elizabeth by Henry Lok" ကို ကြည့်ရင် အသိသာကြီးပဲ။ ရိုချီ(Roche)ဆိုတဲ့ ပုဂ္ဂိုလ်ကလက်ရေးမူတောင်ထားခဲ့သေးတာကိုး။
          ကဲ…..မိတ်ဆွေကြီးများခင်ဗျား။ခုလောက်ဆိုရင်တော့ ကဗျာနဲ့သင်္ချာဆက်နွယ်မှုကို အနည်းငယ် လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်။ဟုတ်ပြီလေ… ခင်ဗျားမေးချင်တာက “ကဗျာဆရာရော သင်္ချာဆရာရော တစ်ပြိုင်တည်း ဖြစ်လို့မရဘူးလား”ဆိုတဲ့ မေးခွန်းမဟုတ်လား။ ရတာပေါ့ဗျာ။ မဟုတ်ရင် အပေါ်က ကျွန်တော်ရေးထားတာတွေက တမင်တကာဆွဲစိထားသလိုဖြစ်သွားမှာပေါ့။ ၁၈ ရာစု အီတလီသင်္ချာပညာရှင် မက်ချီရိုနီ (Mascheroni)၊၁၉ ရာစု ပြင်သစ်သင်္ချာပညာရှင် ကော်ချီ (Cauchy)တို့ကို ကဗျာဆရာ စာရင်းထဲထည့်လို့ရတယ်။၂ဝ ရာစု ချီလီကဗျာဆရာ ပါရာ (Parra)ဟာ သင်္ချာပါမောက္ခ တစ်ဦးပါ။ ၁၁ ရာစုက သင်္ချာနဲ့ ကဗျာနှစ်ဖက်လုံးမှာအကြီးအကျယ်ပေါက်တဲ့ သူကတော့ ကျွန်တော်တို့ရဲ့ “အချစ်၊ပေါင်မုန့်နဲ့ ဝိုင်တစ်ခွက်”ကိုရေးတဲ့ အိုမာခိုက်ယမ် (Omar Khayyam)ပေါ့။ သူ့ကြောင့်နောက်လူတွေ သုံးထပ်ကိန်းတန်းကိုအဖြေရှာဖို့လွယ်သွားသလို ရူဘိုင်ယတ် Rubaiyat လိုလှပတဲ့ ကဗျာတွေ ထားခဲ့တာပေါ့။ သူဟာလီယိုနာဒိုဒါဗင် ထက် လေးရာစုလောက်စောသူပေါ့။ သူ့ရဲ့ ရူဘိုင်ယတ် ကို အက်ဝပ်ဖစ်ဂျာရတ်(Edward Fitzgerald)က အင်္ဂလိပ်လို ပြန်တယ်။ အဲဒီကဗျာကို တစ်ဆယ့်လေးနှစ်သား ချာတိတ်တစ်ယောက်ကအမှတ်တမဲ့ ဖတ်ရော။ နောက် အဲဒီချာတိတ်ဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုချတယ်။ ကဗျာဆရာလုပ်မယ်တဲ့။အဲဒီချာတိတ်ဟာ ကဗျာမှာ ခိုက်ယမ်လိုပဲ နာမည်ကြီးလာတယ်။ သူက တီအက်စ်အဲလီယော့ (T.SEliod)ပဲ။ ဒါပဲလားလို့ ထင်ရင် မှားမယ်ဗျ။ ဒါက (Notics of the AMS,Vol-58,No.4)မှာ ဂုရီ(GuYe)လို့ခေါ်တဲ့ကျောင်းသူအမျိုးသမီးရေးတာ။ Wikiမှတ်တမ်းအရ (၃၈)ယောက် ရှိတယ်။ ဂျာမနီက ပီတာကရူဂျာ(Peter Cruger)တို့ကအစ ခရစ်တော် မပေါ်မှီ တရုတ်ပြည်က ဇောင်ဟိုင်း (Zhang Heng)တို့ အလယ်ဆေးပညာနဲ့ နိုဗယ်ရထားတဲ့ အင်္ဂလိပ်ကြီး ရောနယ်ရိုစ်(Ronald Ross)တို့၊ ဝက်လီယမ် တက္ကသိုလ်မှာစာသင်နေတဲ့ မာယွန်ကိုဟန် (Marion Cohen) (သူက Ph.D ကို Distribution Theory နဲ့ရတယ်)တို့အဆုံး အားလုံးကဗျာဆရာတွေပဲ။

                   ကဗျာဆရာ၊ သင်္ချာဆရာနဲ့ နိုင်ငံရေးသမားတို့ ကွာခြားပုံကကဗျာဆရာနဲ့ သင်္ချာဆရာတွေဟာ ကိစ္စအတော်များများကို အနည်းဆုံးသော စကားလုံးတွေနဲ့ ပြောဖို့ကြိုးစားပြီးနိုင်ငံရေးသမားတွေကတော့ သူတို့နဲ့ ပြောင်းပြန်ပါ လို့ဆိုတဲ့ စကားပုံလေး သတိရမိတယ်။ကျွန်တော်အကြိုက်ဆုံး စကားတစ်ခွန်းကတော့-

          “Mathematics is poetry to one who understand.”(သင်္ချာဆိုတာ နားလည်တဲ့ လူတစ်ယောက်အတွက် ကဗျာ) တဲ့။ ဘယ်သူရေးသွားလဲတော့မသိတော့ဘူး။ ကဲပါလေ…ကျုပ်အတွက် ဘဝဆိုတာ ဗွီဒီယိုခွေရစ်သလို ရှေ့ပြန်ရစ်လို့ရရင် “ကဗျာဆရာ”ဖြစ်ဖို့၊ "သင်္ချာဆရာ" ဖြစ်ဖို့ ကြိုးစားချင်သေးတယ်။ ခင်ဗျားရဲ့သားလေးကိုမောင်သိန်းဇော်ရဲ့ “`ရှုမျှော်ခင်း”ဖြစ်ဖြစ် ၊ မောင်ချောနွယ်ရဲ့ “ဆတ်သွား” ဖြစ်ဖြစ်ဖတ်ဖို့တိုက်တွန်းစမ်းပါ။ဒါပေမဲ့ သုံးထပ်ညီမျှခြင်းတွေဖြေရှင်းတဲ့ အချိန်ကိုလည်း မလျော့စေနဲ့ပေါ့။ တချိန်မှာ ကံမကောင်းလွန်းလို့ ကဗျာဆရာ မဖြစ်ခဲ့ရင်သင်္ချာပညာရှင် ဖြစ်လိုဖြစ်ငြားပေါ့ဗျာ

(REF Data from: Wiki Records, JOANNE, CAI TIANXIN, ROBERT BEROLD AND GU YE.)

- ဇော်ဇော်ထွန်း