အနောက်တိုင်းက မော်ဒန်ဘိုးတော် အဲလီးယော့ဟာ ဖုန်းဆိုးမြေ (The waste land) မှာ သူသုံးခဲ့တဲ့ စနစ်ကို မိုက်သစ်စနစ်လို့ အမည်ပေးပါတယ်။ Mythical Method (MM) လို့ခေါ်ပါတယ်။ ဖုန်းဆိုးမြေ ဟာ မော်ဒန်ကျမ်းစာ ဖြစ်လာပြီးနောက် အဲလီးယော့ဟာ သူရဲ့ အက်ဆေးတစ်ပုဒ်ဖြစ်တဲ့ “Ulysses , Order and Myth (1923) မှာ မစ်သစ် (MM) ကိုတင်ပြလာပါတယ်။ ဒီနည်းစနစ်ဟာအဲလီးယော့ရဲ့မူပိုင် နည်းစနစ်လို့လဲ ပြောလို့ရပါတယ်။ ဂျာရယ်လူးကပ်(Gerald Lucus) ရဲ့အဲလီးယော့နဲ့ မစ်သစ်နည်းစနစ်” စာတမ်းဟာ အဲလီးယော့ရဲ့ အက်ဆေးထဲက ရှင်းလင်းတင်ပြမှုကိုအခြေခံပြီး ဝက်ဘ်ပေါ်ကို ရောက်လာတယ်။ ဒါက လူးကပ်ရဲ့ ကိုယ်ပိုင်ဆိုဒ် (grlucus.com) မှာအကျယ်ရှင်းထားတယ်။ အဲလီးယော့ရဲ့ကဗျာတွေကို ဖတ်တဲ့အခါမှာ MM ကို သိထားရင် ပိုပြီး အဆင်ပြေပါတယ်။ သရော်ဟန်ကို ပိုပြီးသိသာစေပါတယ်။ လူးယစ်ဘန်ကလေးဝီလျံ (Louise Blakeney Williams) ရေးတဲ့မော်ဒန်ဝါဒနှင့် သမိုင်း၏ အိုင်ဒီယော်လော်ဂျီ (Modernism and the Ideology of History – Literature Politics and the Past) ရဲ့ နိဒါန်းမှာကတည်းက လူးယစ်ဟာ မော်ဒန်သမားတွေသုံးလေ့ရှိတဲ့ နည်းစနစ်သုံးချက်ကို တင်ပြရာမှာတော့ -
၁။ Mythical Method (မစ်သစ်ကယ်နည်းစနစ်)
၂။ Method of Ideogram and Anachronism (အိုင်ဒီယိုဂရမ်နှင့်အနာခရိုနစ်ဇင်စနစ်)
၃။ Time Shift Unusual Literary Technique တို့ဖြစ်တယ်။
အဲဒါတွေကိုချုံ့ပြီး လူးယစ်ကတော့ ပုံမှန်မဟုတ်သော စာပေနည်းစနစ်များလို့ ရေးပါတယ်။ Unusual Literary Technique လို့ သုံးပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ မော်ဒန်ကဗျာကို လေ့လာရာမှာ ပိုလီဆီမတ်(ဆ) (Polysemous) ဟာ အရေးကြီး လာပါတယ်။ ပိုလီဆီမတ်(ဆ) ဆိုတာက “existence of several meaning for single word or phrase” ဖြစ်ပြီး စာလုံးတစ်လုံး ဒါမှမဟုတ် စကားစုတစ်စုက အဓိပ္ပါယ်များစွာနဲ့ တည်ရှိနေမှုကို ဆိုလိုပါတယ်။ “Having multiple meaning” လို့ဆိုပါတယ်။ “play” နဲ့ “Table” ဆိုတဲ့ စကားလုံးနှစ်လုံးဟာ အဓိပ္ပါယ်တွေများစွာရှိနေလို့ Highest Polysemous လို့သတ်မှတ်တယ်။ “Ambiguous” နဲ့မကွာပါဘူး။ အဲလီးယော့ဟာ ဒီလိုစကားလုံးတွေသုံးတာအတော်လေးကျွမ်းကျင်ပါတယ်။ ဝါကျပြတ်တွေနဲ့ အတွဲတွေကို ဖတ်သူဟာ ကိုယ့်ဘာသာ ချိတ်တွဲပြီးအဓိပ္ပါယ်ဖေါ်ရပါတယ်။ ဒီလိုပဲ မော်ဒန် ကဗျာဆရာကြီးတွေရဲ့ မစ်သစ်ကယ် (MM) ဟာ နေရာတွေအချိန်တွေတူနေတယ်လို့ယူဆတဲ့ ဇာတ်ကောင်စရိုက်နှစ်မျိုးကို တူတယ်လို့ယူဆပြီး ညှိတယ်။ ဘယ်လိုညှိသလဲဆိုတော့ ဘာသာရေး ဇာတ်ကြောင်ျးပြောသူအနေနဲ့ ဒဏ္ဍာရီထဲက ဇတ်ကောင်တွေနဲ့ (ဘောင်ကိုကျော်ပြီး) ကဗျာရေးသူကသူ့ဇာတ်ကောင်ရဲ့ အချိန်နဲ့ နေရာကိုရွှေ့ကာ ဒဏ္ဍာရီဇတ်ကောင်တွေနဲ့ တူညီကြောင်းသက်သေပြတာပဲ။ ဒါကိုတော့ “ဒဏ္ဍာရီနှင့်နှိုင်းစေခြင်း “Complying comparative mythology ” လို့ခေါ်တယ်။ MM စနစ်ဟာ အတိတ်က အချက်အလက်တွေကို စုစည်းတယ်။ ဒီနေ့ခေတ်နဲ့ချိန်ပြီး ဘာတွေချွတ်ယွင်းတယ်(ဝါ) ဘာတွေ ပျောက်ဆုံးနေတယ်ဆိုတာကို နားလည်အောင် ကြိုးစားတဲ့ စနစ်ပါ။ “MM” မှာ အဓိကလုပ်ဆောင်ရမယ့် အချက်တချို့ကို ပြဋ္ဌာန်းထားပါတယ်။ အဲဒါတွေကတော့ -
၁။ ဒီနေ့ခေတ် ဘယ်လောက် ပျက်စီးပြိုလဲနေပြီဆိုတာကို ဖော်ပြပြီးသရော်တယ်။
Satirical by showing how much the present has fallen.
၂။ ပင်မကျောရိုးတူညီနေတာကို သိသာထင်ရှားစေပြီးဒဏ္ဍာရီနှင့် မျက်မှောက်ကို နှိုင်းယှဉ်
တယ်။
Comparative to highlight similarities structurally
၃။ သမိုင်းဆိုင်ရာ အကြောင်းအချင်းနှင့်ဖြစ်ရပ်မှန်က ပစ္စုပ္ပန်အား နောက်တဖန် ပြန်လာမည့် အနာဂါတ်တစ်ခုဆီသို့ ခေါ်ဆောင်လွတ်မြောက်စေခြင်း။
Historically neutral to escape the present to a revived future.
၎။ အမှန်တရား၏ ရှုပ်ပွေမှုနှင့် အမြဲတမ်းပြောင်းလဲမှုများအပေါ်မသက်မသာဖြစ်ခြင်း။
Confused in its fusion of the realistic and the phant asmagoric.
၅။ နာမ်ပိုင်းဆိုင်ရာချဉ်းကပ်မှုနှင့်စိတ်ကူးမှုများကိုအစဉ်တကျ ဖြစ်အောင်ပြန်လုပ်တယ်။
Ordering in its approach to morality and imaginative passion.
MM ဟာ ကောင်းမွန်တဲ့အတိတ်က လွတ်မြောက်အောင်အားထုတ်တဲ့ လမ်းတစ်ခုမဟုတ်ဘူး။ ရှုပ်ထွေးတဲ့ ပစ္စုပ္ပန်ကိုဝင်တဲ့ လမ်းတစ်ခုသာဖြစ်ပါတယ်။ MM စနစ်ဟာ ကဗျာရေးသူရဲ့ တင်ပြမှုသြဇာအာဏာကိုလျော့ကျစေခြင်းဖြင့် ကဗျာဖတ်သူက ကဗျာမှာ ပါဝင်မှုကိုပိုမိုစေပါတယ်။ သမိုင်းဆန်တဲ့ ဝါကျအပိုင်းအစတွေကို ကဗျာဖတ်သူက အဓိပ္ပါယ်ဖေါ်ရသလို အစီအစဉ်တကျဖြစ်အောင်ပါလုပ်ဆောင်ရပါတယ်။ ကဗျာရဲ့ပုံစံနဲ့အထိုင် “structure” အစဉ်မကျဖြစ်နေတာကို ကဗျာဖတ်သူက ကိုယ့်နည်းကိုယ့်ဟန်နဲ့ စာသားထဲမှာထဲက အဓိပ္ပါယ်တွေကို ချိတ်ဆက်ပြီး ပဟေဠိဆန်တဲ့ စကားလုံးတွေကို ဘာသာပြန်ရတော့တာပဲ။ အဲဒါနဲ့ တပြိုင်တည်းဖြစ်လာတဲ့ အကျိုးသက်ရောက်မှုက ဘာလဲ? ကဗျာဖတ်သူဟာ ကဗျာထဲပိုမိုဝင်ရောက်လာပြီး ကဗျာရေးသူ၏ပြောရေးဆိုခွင့်နဲ့ ကဗျာကိုဦးဆောင်ခွင့်က လျော့ပါးလာပါတယ်။ ဒါက MM နည်းရဲ့ ကဗျာဖတ်သူကိုမျှားတဲ့ဗျူဟာပါ။ ဒီနေရာမှာ အဲလီးယော့ကို ဥပမာထားပြီး ရေးထားတယ် ဆိုပေမယ့် မော်ဒန်ကဗျာရဲ့အဓိကစနစ် MM ဟာ မော်ဒန်သမားအတော်များများ သုံးလေ့ရှိတဲ့ စတိုင်တစ်ခုပါပဲ။
ဒီစတိုင်ကိုပဲ ကျွန်တော်တို့က မော်ဒန်ရယ်လို့ ခေါ်လာတာပဲမဟုတ်လား။ သူရဲ့အရေးအသားအရတော့ အဲလီးယော့ဟာ မော်ဒန်စာပေရဲ့“ဇိုင်းတ်ဂိုင်းစ်တ်” (Zeitgeist) လို့ ဆိုပါတယ်။ ကျွန်တော်ဒီစကားကို အဲလီးယော့နဲ့ ယှဉ်တွေ့ရတော့ အတော်လေးကိုတုန်လှုပ်မိပါတယ်။ “ဇိုင်းတ်ဂိုင်းစ်တ်” ကို နိုင်ငံရေးသမားတွေကတော့ ကောင်းကောင်းသိပါလိမ့်မယ်။ အာရပ်နွေဦးမှာတုန်းက ကမ္ဘာ့အကဲဖြတ်သူတွေက ဇိုင်းတ်ဂိုင်းစ်တ်ကို ပြန်သုံးလာတယ်။
ဒီစာလုံးပျောက်နေတာ “၁၉၆ဝ” လောက်တည်းကဖြစ်တယ်။ ခုတော့ “အာရပ်နွေဦး” လှုပ်ရှားမှုမှာ ကမ္ဘာ့ အရေးအခင်းနဲ့ ပတ်သက်ပြီး ဇိုင်းတ်ဂိုင်းစ်တ် ဆိုတဲ့ ဝေါဟာရကို ပြန်သုံးလာတယ်။ ကြုံတုန်း “ဇိုင်းတ်ဂိုင်းစ်တ်”ကို အနည်းငယ်ပြောချင်တယ်။ ဆောင်းပါးရေးသူ ဂျရယ်လူးကပ်စ်ကတော့ ဇိုင်းတ်ဂိုင်းစ်တ်ကို ဒီလို အဓိပ္ပါယ်ဖွင့်ပါတယ်။ “Crisis and Rapture – the sheer absent of one, totalizing view of the world” ပျက်ကပ်နှင့် ပျက်သုန်းခြင်း - တစ်စုံတစ်ယောက်မှ အစပြု၍ ပျက်ကွက်ရာမှ ကမ္ဘာ့အရေးများဖြစ်လာခြင်း၊ ဥပမာ အာရပ်နွေဦး လှုပ်ရှားမှု၌ အစပြုခဲ့သော တူနီးရှားမှ ပန်းသီးသည်ကလေး၊ ကမ္ဘာ၌ အာရပ်နိုင်ငံများ ဆက်တိုက် အပြောင်းအလဲများ၊လူထုအုံကြွမှုများ၊ တစ်ချိန်တည်း တပြိုင်တည်း တောမီးဖြစ်သွားခြင်းရဲ့ အစက ဂျာမန်ဘာသာနဲ့ဆိုရင် "အချိန်၏ဝိဥာဉ်" လို့ခေါ်တဲ့ ဇိုင်းတ်ဂိုင်းစ်တ်ပဲဖြစ်တယ်။
ယခုတော့ လူးကပ်က အဲလီးယော့သည် မော်ဒန်၏ ဇိုင်းတ်ဂိုင်းစ်တ်ဟု ဆိုလာပြန်သည်။ အဲလီးယော့၏ နည်းစနစ်တစ်ခု MM သည် မော်ဒန်သမားများအား ကြီးစွာသောတုန်လှုပ်မှုကို ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ဒီတော့ လူးကပ်က မော်ဒန်ကဗျာရေးရာမှာ အခြေခံတဲ့စရိုက်လက္ခဏာတွေကို ချပြခဲ့တယ်။ သူက ဖုန်းဆိုးမြေ ကို ဥပမာထားပြီး ပြောခဲ့တာပါ။
၁။ Anti-heroic (ပုဂ္ဂိုလ်ရေးဘုန်းတော်ဘွဲ့အရေးကို ဆန့်ကျင်သော စရိုက်)
၂။ Unromantic (ရိုမန်းတစ်ကို ဆန့်ကျင်သော(ဝါ) မပြုလုပ်သော စရိုက်)
၃။ Nightmarish (အိမ်မက်ဆိုးတစ်ခုလို အရေးစရိုက်)
၎။ Fantastic (စွဲလမ်းနှစ်သက်ဖွယ် ထူးခြားတဲ့စရိုက်)
၅။ Realistic (အဖြစ်မှန်ဘက်ကို တိုးဝင်ပစ်တဲ့စရိုက်)
၆။ Dreadful (တုန်လှုပ်ခြောက်ခြားဖွယ် အရေးစရိုက်)
၇။ Mundane (ပုံမှန်အဖြစ်အပျက်၊ နေ့တဓူဝကိစ္စ၊ ရှုပ်ထွေးတဲ့ လူ့ဘဝ)
၈။ Other- woldly (အခြားသောစိတ်ကူးယဉ်မဆန်သော အကြောင်းတရားများ) တို့ပဲဖြစ်တယ်။
- ဇော်ဇော်ထွန်း