သီချင်းလို့ပြောရင် ပိုမှန်ပါမယ် ။ တေးထပ်နဲ့တေးရိုးတွေလိုပဲ သီချင်းစုမှာပါပါတယ်။ သီချင်းတောင်မှ
ဖြေးညင်းလေးပင့်စွာဆိုရတဲ့ တေးကဗျာဖြစ်ပါသတဲ့ ။
ရေးနည်း
ရေးနည်းလေးကတော့ စိတ်ဝင်စားစရာ ပျော်စရာ ကောင်းပါတယ်။
၁။ အပိုဒ်ကြီး ၃ ပိုဒ်ပါရမယ်။
၂။ အပိုဒ်ကြီး တစ်ပိုဒ်မှာ အချိုး ၄ ချိုးစီပါရမယ်။ အချိုးလို့ခေါ်ခေါ် အပုဒ်လို့ပြောပြော ရပါတယ်။
ပထမ အချိုး/ပုဒ်
၃။ အပိုဒ်ကြီး ၃ ပိုဒ်စလုံးရဲ့ပထမဆုံးအချီပိုဒ်တွေဟာ တူကိုတူ ရပါမယ်။အချကတော့ တူလို့ရသလို
မတူလည်း ရပါတယ် ။
၎။ အပိုဒ်ကြီး ၃ပိုဒ်လုံးရဲ့ အချီပါဒတိုင်းကို ရတုအချီလိုပဲ နဘေထပ်ပေးရပါမယ်။
၅။ အချီမှာ ပါဒတစ်ကြောင်းသာရှိရပြီး ပါဒဝက်နှစ်ခုပါပါမယ်။ ရှေ့ပါဒဝက်ဟာ စာ၃/၄လုံး၊ နောက်ပါဒ
ဝက်ဟာစာ၎လုံး ရှိရမယ်။ ရှေ့ပါဒဝက်ကို လဟု(ချသံ)နဲ့ချီပြီး ဒုပါဒဝက်ကို ဂရု(ချီသံ)နဲ့ချရပါမယ်။
၆။ ပါဒဝက်၂ခုကို လင်္ကာအဖွဲ့က ၄/၂ကာရန်(သို့) ၄/၁ကာရန်ယူနည်းနဲ့ ချိတ်ပါတယ်။ ရှေ့ပါဒဝက်က
စာ၃လုံးသာ ဆိုရင်တော့ ၃/၂ (သို့) ၃/၁ ကာရန်ပေါ့ ။
၇။ ပါဒ၂ခု အလယ်ကိုမျဉ်းတို( - )နဲ့ပြပါတယ်။ ပါဒတစ်ကြောင်း လုံးရဲ့အဆုံးမှာ ပုဒ်မ(။)ချပါ ။ ဒါဟာ
ပထမအချိုး/အပိုဒ်ဖွဲ့နည်းဖြစ်ပါတယ်။
နမူနာ -
(အပိုဒ်ကြီး ၃ ပိုဒ်လုံးရဲ့ အချီများ နဘေတူ)
ဘုံနန်း(က)-မှန်း(ဆ)ချေ[လျှင်] ။
ထုံပန်း(လှ)-ပန်း(က)ထွေ[အင်] ။
စုံဆန်း(စွ)-ခန်းဝဗွေ[ပြင်] ။
ဒုတိယအချိုး/ပုဒ်
၈။ ဒုတိယအချိုး/ပုဒ်အနေနဲ့ ကာရန်ယူရေးဖွဲ့ရာမှာ ရှေးကလေးချိုးကြီးအသွားလိုပဲ လေးလုံးစပ်လင်္ကာ
တချို့ ၊ သံချိုအသွား ဆန်ဆန် စာ ၅/၆ လုံးလောက်တချို့ထားပြီး သင့်သလို ထည့်ပြီးစပ်ဆိုရပါတယ်။
၉။ ဒီ ဒုတိယအချိုး/ပုဒ်ရဲ့ အချကိုတော့ စာ၎ လုံးနဲ့ချပြီး နောက်ဆုံး စာလုံးကိုတော့ ပထမအချိုး/ပုဒ်ရဲ့
နောက်ဆုံးစာလုံးအတိုင်း ကာရန်တူ ပြန်ယူပါတယ်။ ပုဒ်မ(။) ချပါ။
၁၀။ ပါဒကန့်သတ်ချက်မရှိပါ။
နမူနာ -
ရွှန်းနုစုံ[လင်] ။
ဆွမ်းကပ်လို့[တင်] ။
ကွက်လပ်မ[မြင်] ။
တတိယအချိုး/ပုဒ်
၁၀။ တတိယအချိး/ပုဒ်ကိုလည်း လေးချိုးကြီးရေးစပ်သလိုလေးလုံးစပ်အပြင် သံချိုလို ၅/၆ လုံးသင့်သလို
ထည့်ပြီး စပ်ဆိုသွားရပါမယ်။
၁၁။ တတိယအချိး/ပုဒ်ဆုံးကာနီး ပါဒ ၂ ကြောင်းမှာ လေးချိုးလိုပဲ ပထမအချိုး/ပုဒ်နဲ့ ဒုတိယအချိုး /ပုဒ်ကို ပြန် ငဲ့တဲ့ကာရန်( ခွာထောက်) ပြန်ယူရပါတယ်။ အပေါ်ပါဒ အဆုံးစာလုံးကို ခွာထောက်ယူ ပြီးရင် အချပါဒ
ကို ပိုဒ်တွင်းကာရန် ဆက်ယူပြီး စာ ၆/၇ လုံးနဲ့ချပါ ။ နောက်ဆုံးစာလုံးဟာ ဧး ကာရန် (အေးကာရန်)
တစ်ခုခု ဖြစ်ရပါမယ်။ ပြီးရင်ပုဒ်မ(။)ချပါ။
၁၂။ ပါဒ အရေအတွက် ကန့်သတ်ချက်မရှိပါ။
နမူနာ -
ဥာဏ်လင်း[အင်]
မ[မြင်]တောင် ပရ{သေး} ။
၁၃။ စတုတ္ထအချိုး/ပုဒ်ကိုလည်း ဒုတိယတတိယအချိုး/ပုဒ်လို လင်္ကာ /သံချိုလိုစပ်သွားပြီး အချပါဒကို စာ ၎
လုံးယူပါ။ နောက်ဆုံးစာလုံးကို အမြဲတမ်း"လေး"ဆိုတဲ့ စာလုံးချပါ။ တတိယက အချစာလုံး ဧး ကာရန်
နဲ့ ကာရန်တူပြီး လေးချိုးရဲ့တတိယနဲ့စတုတ္ထ အချိုး အချချင်းညီရသလို ဖြစ်ပါတယ်။ ပုဒ်မကြီး(။ ။)ချပေး
ပါ။
၁၄။ ပါဒအရေအတွက် ကန့်သတ်ချက်မရှိပါ ။
နမူနာ -
အချကို နဘေမထပ်ဘဲ ယူရင်တော့ အပိုဒ်ကြီး ၃ ပိုဒ်လုံးရဲ့အချဟာ ဒီလိုပါ။
ဖူးကြတယ်လေး ။ ။
မှန်းဆုပန်လေး ။ ။
အားထုတ်ကြလေး ။ ။
အချကို နဘေထပ် ယူရင်တော့ အပိုဒ်ကြီး ၃ ပိုဒ်လုံးရဲ့ အချဟာ ဒီလို ပါ။
အားရဖွယ်လေး ။ ။
ပွားကြတယ်လေး ။ ။
များလှတယ်လေး ။ ။
တေးတွဲ့ နမူနာသာဓကများ
တေးတွဲ့စပ်ဖွဲ့နည်းကို ပိုမိုရှင်းလင်းသိရအောင် ရှေးစာဆိုများရဲ့နမူနာတေးတွဲ့များနဲ့ သာဓကပြပေးပါမယ်။
(ပထမအပိုဒ်ကြီး)
ဘုံနန်း(က)-မှန်း(ဆ)ချေ[လျှင်] ။
ဃောသလေး(ပြန်) ၊ ဝေးလောက် (တန်)တွင်
နိဗ္ဗာန်ရည်(မှန်း)လို့ ၊
တည်(ဆန်း)ပုံ သဗ္ဗ(ညု)လို
ရွှန်း(နု)စုံ[လင်] ။
ထက်သက်လှေ(ကား) ၊ နှစ်စုံ(ပွား)လို့
ထူး(ခြား)သန့်(ရှင်း) ၊ ဘိုးတော်(မင်း)ထက် ဥာဏ်(လင်း)[အင်]
မ[မြင်]တောင်း မြင်ရပေ{သေး} ။
စူဠာမ(ဏိ) ၊ မည်တော်(ရှိ)တဲ့
သီ(ရိ)ထွေ(ငေါ်) ၊ စေတီ(ကျော်)ကို
ပြည်(တော်) သူ ဆွတ်လှည့်(ကူး)လို့
(ဖူး)ကြတယ်{လေး} ။ ။
(ဒုတိယ အပိုဒ်ကြီး)
ထုံပန်း(လှ)-ပန်း(က)ထွေ[အင်] ။
ဆွမ်းတော်ရေ(ကြည်) ၊ ပွဲနံ(တည်)သ
တီး(စည်)ခတ်(ရွမ်း)လို့
ရေင်(လျှမ်း) အရုဏ်(ခပ်)လျှင်
ဆွမ်း(ကပ်)လို့[တင်] ။
တန်ဆောင်တိုင်(များ) ၊ ရေတော်(ငါး)နှင့်
နံ(ပါး)ပန်း(သင်း) ၊ ညနေ(ခင်း)မှာ
ထပ်(သွန်း)[တင်]
ရေ[ပြင်]တော် လင်းထိန်လို့{မွှေး} ။
ရှင်လူက(စ) ၊ နံနက်(ည)တိုင်း
ညွှတ်(ခ)ပူ(ဇာ) ၊ စိန္တေ(ယျာ)ဝယ်
မသေ(ရာ) နိဗ္ဗာန်(နန်း)ကို
(မှန်း)ဆုပန်{လေး} ။ ။
(တတိယပိုဒ်ကြီး)
စုံဆန်း(စွ)-ခန်း(ဝ)ဗွေ[ပြင်] ။
ကျောင်းတော်အုတ်(ဂူ) ၊ အဆူ(ဆူ)တွင်
နိ(ဗ္ဗူ)ရည်(စူး)တဲ့ ၊
ထွေ(ထူး)ထွေ ကိန်းပျော်(ဝပ်)တယ်
ကွက်(လပ်)မ[မြင်] ။
တကျောင်းတော်(လုံး)၊ ရေကြည်(သုံး)ဖို့
ပတ်(ကုံး)ရှင်း(လင်း) ၊ တောင်တူ(ရွင်း)က ရေ(သွင်း]လျှင်
ကန်တွင်ရေပန်း လျှံလို့{ဖွေး} ။
သောတုဇ(န) ၊ စာသင်(စ)၍
ထေ(ရ)အ(ရာ) ၊ မြတ်သံ(ဃာ)တို့
ချမ်း(သာ)စွာ မြတ်တ(ရား)ကို
(အား)ထုတ်ကြ{လေး} ။ ။
အချီ ၃ ပိုဒ်လုံးကို နဘေထပ်ပြီး အချိုးညီ ပိုဒ်စုံ ရတုလို စပ်ဆိုထားပါတယ် ။
ဘုံနန်း(က)-မှန်း(စ)ချေ[လျှင်] ။
ထုံပန်း(လှ)-ပန်း(က)ထွေ[အင်] ။
စုံဆန်း(စွ)-ခန်း(ဝ)ဗွေ[ပြင်] ။
အချီ ၃ ပိုဒ်လုံးရဲ့ ပထမပါဒဝက်ကို စာ ၃ လုံးယူပြီး က=လှ=စွ ဆိုတဲ့ လဟု(ချသံ)နဲ့ချီထားပါတယ်။
ဒုတိယပါဒဝက်ကို စာ ၄ လုံးယူပြီး ဆ=က=ဝ ကို ၃/၂ ကာရန်နဲ့ ပိုဒ်တွင်းကာရန် ယူပါတယ်။ လျှင်
= အင်=ပြင် ဆိုတဲ့ ဂရု(ချီသံ)နဲ့ချထားပါတယ်။ ဒုတိယအပုဒ်တွေကို လေးချိုးကြီးရေးစပ်သလို လင်္ကာ/
သံချိုလိုစပ်သွားပြီး အချစာလုံး [လင်]/ [တင်] /[မြင်] တို့ကိုကို ပထမပုဒ် အချများဖြစ်တဲ့ [လင်]/[အင်]/
[ပြင်]တို့ အတိုင်း ကာရန်တူ ပြန်ယူထားပါတယ်။ တတိယအပုဒ်များကိုလည်း လင်္ကာ/သံချိုလို ရေးစပ်
သွားပြီး ပထမအပုဒ်အချနဲ့ ဒုတိယအပုဒ်အချများကို ပြန်ငဲ့တဲ့ကာရန်(ခွာထောက်)ပြန်ယူထားပါတယ်။
ပထမအပိုဒ်ကြီးမှာ -
[လျှင်] = [လင်] = [အင်] = [မြင်]
ဒုတိယအပုဒ်ကြီးမှာ -
[အင်] = [တင်] = [တင်] = [ပြင်]
တတိယအပုဒ်ကြီးမှာ -
[ပြင်] = [မြင်] = [လျှင်] = [တွင်] ဆိုပြီး ကာရန်ပြန်ငဲ့ထားပါတယ်။
တတိယအပုဒ်ရဲ့ အချစာလုံးတွေကိုလည်း ဧး(အေး) ကာရန်ဖြစ်တဲ့ {သေး} / {မွှေး}/ {ဖွေး} တိုကိုချ
ထားကြပါတယ်။
စတုတ္ထအပုဒ်တွေကိုလည်းလင်္ကာ/သံချိုတွေနဲ့ဖွဲ့ပြီး အချပိုဒ်တွေကို စာ ၄ လုံးစီနဲ့ချထားပါတယ်။ အဆုံး
စာလုံးတွေကိုတော့ {လေး}သဒ္ဒါများနဲ့ချထားကြပါတယ်။ ဒါက အချမညီ နဘေမထပ်တဲ့ အချတွေပါ ။
အချညီ နဘေထပ်ရင်လည်းရပါတယ်။ နမူနာ အနေနဲ့ ကျွန်ရေးဖွဲ့ထားတဲ့ပန်းကဗျာ နှစ်ပုဒ် ပြလိုက်ပါတယ်။
အပိုဒ်ကြီး ၃ ပိုဒ်ရေးရတဲ့အတွက် ၃ပိုဒ် ပြည့်အောင် ရေးရတာတော့ ခက်ပါတယ်။ ဥပမာ နွေ/မိုး/ဆောင်း/
ဥတုများကို တစ်ပိုဒ်စီ ရေးကြည့်ပါ။ ကျွန်တော် အနေနဲ့" ပန်းစကား" ဆိုပြီးစကားဝါ/ဖြူ/စိမ်းကို ၃ ပုဒ်ခွဲပြီး
ရေးပါတယ်။ ထို့အတူ "ခွာတံ" မှာ ခွာညို /ဖြူ/ပြာတို့ကို ၃ပုဒ်ရအောင် ရေးဖွဲ့ပြထားပါတယ်။ အကြောင်း
အရာ တစ်ခုကိုပဲ ၃ပိုဒ်ရအောင်ရေးလို့ရပါတယ်။ မိမိဥာဏ်ရှိသလိုရေးဖွဲ့ကြည့်နိုင်ပါတယ်။
ပန်းစံကား
(၁)
ပန်းစံ(ကား)-လှ(အား)မူ[မူ]။
အမည်သညာ ၊ စံကားဝါကား
ရွက်ဖြာပင်နန်း ၊ မြဲစိုလန်း၍
မိုးဖျန်းဖူးငုံ ၊ အခက်စုံငယ်နှင့်
မြိုင်ရဂုံ တောင်လေဝင့်လျှင်
ပန်းပွင့်ဇ[မ္ဗူ] ။
ကဆုန်ညောင်သွန်း ၊ နွေအယွန်းမှာ
ရွှန်းရွှန်းစိုစို ၊ ရွက်ကြားခို၍
မြူချိုရနံ့ ၊ သင်းသင်းပျံ့မို့
ဝင်းဖန့်[မြှူ]
လေ[ချူ]ယူ ပွင့်ခက်က{မွှေး} ။
စိမ်းစိုသစ်ခက် ၊ သရက်ရွက်နှယ်
သွယ်ယှက်ရံထား ၊ ခွအကြားတွင်
စံကားပွင့်ညှာ ၊ ထူသားလွှာသည်
အဝါလိမ္မော် ၊ ဝတ်ဆံဖော်၍
နံ့သာပျော် ၊ လိပ်ပြာကူးလို့
ကြူးကြပြီ{လေး} ။
(၂)
နန်းမ(ခြား)- ခ(စား)တူ[တူ] ။
ပင်မြင့်အထက် ၊ သွယ်သွယ်ယှက်၍
အရွက်အကိုင်း ၊ အုပ်ဆိုင်းဆိုင်းမှာ
ရွှေသိုင်းခြုံလွှာ ၊ စံကားဝါကား
သောက်ခါငွေမိုး ၊ အလှတိုးနှယ်
မျိုးရင်းညီကို ၊ နို့နှစ်ကယ်စိုသည်
ပင်ကိုယ်ရနံ့မခြားပေငဲ့
စံကားဖြူ [ ဖြူ ] ။
သိင်္ဂီရွှေဝါ ၊ အဖြူလွှာတို့
ညီညာဖူးပွင့် ၊ လှပုံတင့်ကာ
မိုးသင့်ဌာနီ ၊ ဝေဝေစီ၍
ရာသီစိုစွတ် ၊ ပင်လုံးညွှတ်လို့
တင့်လွှတ် [ ကြူ ]
ပွင့်တူ[ တူ ] အရောင်သာ{ဖွေး} ။
ကဆုန်ပြိဿ l မိုးရေခ၍
ဘဝအမွှာ ၊ တူနှစ်ဖြာသည်
အဖြူအဝါ ၊ အရောင်ကူးလို့
ထူးရချည်{လေး} ။
(၃)
ဆန်းသ(လား) - မြ(သား)ထူ[ထူ]။
စကားဖြူဝါ ၊ လိမ္မော်ဝါနှင့်
သညာနာမ ၊ ဆင်နေရလည်း
မျိုးဇမညီ ၊ သပ်သပ်စီမို့
အမည်သာရင်း ၊ ဆွေခပင်းက
ရောင်ဆင်းစိမ်းစို ၊ လှချက်ကယ်ပို သည်
မိုးရိပ်ခို စံကားစိမ်းငယ်က
လေသိမ်းရာ[ကြူ ] ။
ဝသန်ခါမိုး ၊ စိမ်းရောင်ပျိုး၍
ဖွံ့ဖြိုးကြီးလာ ၊ စိမ်းပွင့်လွှာကား
အညှာစိမ်းခက် ၊ ကင်းမွန်လက်နှယ်
ရှုပ်ယှက်ထပ်နေ ၊ ဖြာဖြာဝေသည်
တွန့်ခွေပြန်လိပ် ၊ ရွက်ကြားချိတ်၍
ဆံမြိတ်မ[ဟူ ]
တလူ[လူ] ယမ်းခါနေ{သေး} ။
မြခက်ပွင့်လွှာ ၊ ဝင်းဖန့်လာမှ
သင်္ဂါရောင်ဆင်း ၊ ရနံ့သင်းသည်
လေခွင်းပျံ့လှိုင် ၊ တောလုံးကြိုင်၍
ပန်းဂနိုင် စံကားမြူးလို့
ခူးကြသည်{လေး} ။ ။
အချီညီ အချညီ တေးတွဲ့ - နေဘုန်းမိုရ်
ခွာတံ
(၁)
ချမ်းဆောင်းမြ(မြ)-နှင်း(ခ)ဝေ[လွင်]။
ဆောင်း၏တမန် ၊ မြောက်လေပြန် ဝယ်
ခွာတံငုံဖူး ၊ ခိုင်ညှာဦးက
ကော့မြူးကြွဟန် ၊ ဖြူဝတ်ဆံနှင့်
မွှေးပျံထုံသင်း ၊ ဖျန်းပက်နှင်းမှာ
ပန်းမင်းခွာညို ၊ လက်လက်ကယ်စိုလို့
နွယ်ဒါန်းခို ခွေလိမ်ပတ်တယ်
ပွင့်ချပ်ညို[ယဉ်] ။
နွယ်ပင်အများ ၊ ရှိသည်ကြားမှ
သူကားချစ်ဖွယ် ၊ မြရွက်စွယ်သည်
ပင်နွယ်စည်းရိုး ၊ စင်ငယ်ထိုးမှ
အုပ်မိုး[တင်]
သန်[ရှင်]လန်းခဲ့ ခံ့ခံ့{ထွေး} ။
ခွာညိုမာလာ ၊ မျိုးတစ်ရာဝယ်
နှစ်ကြာခံပန်း ၊ နွယ်ထူးဆန်းက
နှင်းဖျန်းဖူးငုံ ၊ ဆောင်းရိပ်ကယ်လှုံသည်
ငွေမှုန်မှုန် ခြုံလွှာဆင့်ငယ်မှ
သူပွင့်တယ်{လေး} ။ ။
(၂)
နန်းပေါင်းခ(ခ) - အ(လှ)မာန်[ဝင်]။
ဖြူလွမွှေးကြူ ၊ ပန်းမဉ္ဇူကို
မှာယူနှစ်သက် ၊ ပန်းတော်ဆက်နှင့်
ဂုဏ်တက်မြင့်စံ ၊ ခေါင်တော်ပန်မို့
သူ့ဟန်သွေးကြွ
နန်းမြေမှာ တသသကယ်မို့
လုကြခင်[ခင်] ။
ဗိုလ်လူအများ ၊ စိုက်ပျိုးထားကာ
ဘော်သားငွေရောင် ၊ ဝတ်ဆံခေါင်နှင့်
ညိုမှောင်ပွင့်ချပ် ၊ ရနံ့ထပ်မို့
ပန်းမြတ်[ပင်]
နန်းရင်[ခွင်]ငဲ့ မိန့်မိန့်{ကြွေး} ။
နန်းမြင့်တော်သူ ၊ မှာခေါ်မူ၍
ကျန်လူဘေးကပ် ၊ မပန်အပ်ဘဲ
လမြတ်ပြာသို ၊ မြခွာညိုသည်
မာန်ပိုပို နားထင်မြင့်လို့
မူဝင့်ကြွယ်{လေး} ။ ။
(၃)
ပန်းကောင်းရွ(ရွ)- နှ(မ)ပန်[ဆင်] ။
ခွာညိုခွာဖြူ ၊ တော်ဝင်သူက
မှာယူပန်သ ၊ ပဏ္ဏာခမို့
နှမဖွေရှာ ၊ ဝင်းခြံကာမယ်
ခွာပြာငယ်လန်းလို့
ရောင်လျှမ်း ပြာပြာညွှတ်ကို
ခူးဆွတ်ဖို့[မြင်] ။
ကျေးတောလှပျို ၊ ရွှန်းရွှန်းစိုသည့်
ခွာညိုပန်းမင်း ၊ ပန်ရန်ကင်းမို့
လှချင်း[ယှဉ်]
ခွာပြာ[ခင်]လှက သန့်သန့်{အေး} ။
ခွာပြာရွရွ ၊ မသင်းမြလည်း
တောကပျိုမှာ ၊ တောမာလာကို
ဝမ်းသာစွာ လှလှဆင့်ဖို့
ချူလင့်မယ်{လေး} ။ ။
အချီညီ အချညီ တေးတွဲ့
- နေဘုန်းမိုရ်