ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကွန်ဖက်ရှင်းနစ်များနဲ့ ပုဂ္ဂလအပြော

ဒရာမက်တစ်မိုနိုလော့ (Dramatic Monologue) နဲ့ ကာရံမဲ့ ကဗျာဆရာများရဲ့ အရေး

            မိုနိုလော့ (Monologue) ဆိုကတည်းက တစ်ယောက်တည်းပြောတာပေါ့။ ကဗျာမှာ DM ကို “ပါဆင်န”ကဗျာ (Persona Poem) လို့လဲ သိကြတယ်။ ဇတ်ကောင်တစ်ဦးက ကိုယ်စားဝင်ပြောပေးတာပါပဲ။ သိဖို့လိုတဲ့ အချက်က ဒိုင်ယာလော့(ခ) မပါဘူး။ ကဗျာဆရာဟာ ဇတ်ကောင်ရဲ့အသံတစ်ခုလို့ ယူဆရတဲ့ အသွင်နဲ့ ဝင်ရောက်ပြောဆိုပေးမယ်။ အဲဒီလိုပြောဆိုပေးတဲ့ voice ဟာ စရိုက်လက္ခဏာတစ်ခု (character)၊ ဇာတ်လမ်းရဲ့ အသွင်ကို ဖေါ်ဆောင်တဲ့အရာ (Afictional identity) ဖြစ်ပါတယ်။ အပြန်အလှန်ပြောဆိုမှု မပါပဲ ဇတ်ကောင်တစ်ဦး တည်းက အခြေအနေအားလုံး၊ အတွေး၊ လုပ်ဆောင်ချက်၊ နမိတ်ပုံများကို ပရိသတ်ကိုပြောပြီး ပရိတ်သတ်ကို ပေးစဉ်းစားတဲ့နည်းလည်းဖြစ်ပါတယ်။

ဒီဟန်ကို ဘယ်ကတည်းက သုံးသလဲလို့ နောက်ကြောင်းပြန်လိုက်ရင် ဂရိရှေးဟောင်းဒရမ်မာတွေကတည်းက အသုံးပြုနေပါပြီတဲ့။ ကဗျာမှာ ပထမဦးဆုံး ထင်ထင်ရှားရှား ဖြစ်အောင်သုံးသွားတာကတော့ ဝိတိုရိယခေတ်က ရောဘတ်ဘရောင်းနင်း (Robert Browning) ပါပဲ။ သူ့ရဲ့“My Last Duchess” နဲ့ “Solilogy of the Spanish Colister” တို့ဟာ စာဖတ်သူတွေရဲ့ ထောက်ခံမှုအကြီးအကျယ် ရပြီးတဲ့နောက် ပုံစံတစ်ခုအဖြစ် တည်ရှိလာခဲ့တယ်။ ၂ဝ ရာစုမှာတော့ DM ကိုကျွမ်းတဲ့ ရောဘတ်ဘရောင်းနင်းထက် လက်ဝါးစောင်းထက်သူ နှစ်ယောက်ပေါ်လာတယ်။ အဲဒီသူတွေကတော့ အက်ဇရာပေါင်းနဲ့ အဲလီယော့တို့ပါပဲ။ ကဗျာဆရာဟာ အခြားနာမည်တစ်ခု (ဝါ) အခြားသူတစ်ဦး (ဇတ်လမ်းထဲ ပါဝင်နေရမည်) အနေနဲ့ ပရိတ်သတ်နဲ့ ထိတွေ့ပါတယ်။

ကျွန်တော် “မာဂုတို့ရဲ့ခရီး” မှာ DM ကို သုံးတယ်လို့ဆိုပြီးပါပြီ။ ထင်းရူးပင်ရိပ်ထဲက အဲလီးယော့ရဲ့ “ဖရူးဖရော့(ခ)ရဲ့ အချစ်သီချင်း” မှာလည်း DM ကို လှလှပပ သုံးသွားတယ်။ သူဟာ အဲဒီ DM ကိုသုံးရာမှာ ဆရာပဲလို့ ဝေဖန်သူများက ဆိုတယ်။ ဆာဗီးယားပလပ်(သ) (Syliva Plath) ရဲ့ ကြေးမုံ (Mirror) နဲ့ လေဒီလာဇရု (ladylazarus) တို့ဟာ DM ကို သူမဘယ်လောက် ကျွမ်းကျင်တယ်ဆိုတာကိုပြတဲ့ ဥပမာတွေပဲ။  ဆရာကြီး ဂျွန်အက်ရှ်ဘရီ ရဲ့ ဒက်ဖီဒက်(ခ)အင်ဟောလီးဝုဒ် (Duffy Duck in Hollywood) ဟာ DM ကို ဘယ်လိုသုံးလို့ လှမလဲဆိုတဲ့ မေးခွန်းတွေကို အဆုံးသတ်ပေးခဲ့တယ်။

အိပ်မက်သံစဉ်များ (Dream Songs) လို့ အမည်ပေးထားတဲ့ သူ့ကဗျာအတွဲ တွေမှာ ဂျွန်ဘာရီမန် (John Berryman) ဟာDM ရဲ့ဇာတ်ကြောင်းပြောသူကို ရွေ့လျားအသုံးပြုခြင်း (ShiftingNarrators) နည်းစနစ်နဲ့ ဇာတ်ကောင် ဟန်နရီ (Henry) နဲ့ မစ္စတာဘုန်း (Mr. Bone) တို့ရဲ့အတ္တတွေကို ရေးသားခဲ့တယ်။ ဇာတ်ကြောင်းပြောသူ (Narrator) ဟာ ခံစားသူ(ဝါ) စာဖတ်သူ (Reader) ကို ပြောမှ DM ဖြစ်တာမဟုတ်ပါဘူး။

ရောဘတ်ဟေဒန် (Robert Hayden) ရဲ့ “ည၊သေဆုံးခြင်း၊ မစ္စစပီ”  (Night, Death, Mississippi) မှာ ဇာတ်ကြောင်းပြောသူဟာ ဇာတ်ကြောင်းပြောတဲ့သူ့ကိုယ်သူ ပြန်ပြောပြနေခဲ့တယ်။ ဝေဖန်ရေးဆရာတွေက (the shockingpersona) တကယ့် ကို တုန်လှုပ်ဖွယ် ဇတ်ကောင်ကိုယ်စားပြု အရေးလို့ ဆိုခဲ့တယ်။ နမူနာလေးကြည့်ကြစို့ရဲ့။

          Christ,it was better                               ခရစ်ရေ၊ဘာကြောင့်မင်းသူ့ကို
          thanhunting Bear                                  သေစေချင်လဲဆိုတာကိုမသိတဲ့ ဝက်ဝံနဲ့
          whichdon’t know why                           အမဲလိုက်ခြင်းကသာပိုကောင်းခဲ့မှာပါကွာ။
          youwant him dead.                            

ကဲပါလေ…… လူမည်းတွေထဲမှာလည်း DM ကို ခပ်ဆန်းဆန်းနည်းနဲ့ ရေးချင်သူတွေရှိခဲ့တယ်။ အမေရိကန်ဂျာနယ်(American Journal) မှာ ဖီးလစ်ဝိ(ထ)လေ (Phillis Wheatley) နဲ့ နက်တူနာ (NatTurner) တို့က ဂြိုလ်သားတစ်ယောက် အစီရင်ခံတဲ့ ပုံစံမျိုး သုံးသွားဖူးတယ်။
         
ကျွန်တော် အကြိုက်ဆုံး DM အသွားကတော့ ဂျိမ်းဒစ်ကီရဲ့ ကဗျာရှည် “ကြွေကျခြင်း” (Falling) ပါပဲ။ ကောင်းကင်က မတော်တဆ ပြုတ်ကျခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုသူ့နံဘေးမှာ မမြင်ရတဲ့ တစ်ယောက်က လိုက်ပျံသန်းတယ်လို့ ယူဆပြီး ရေးထားတာပါ။

ဒါက တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး မတော်တဆပြုတ်ကျ သေဆုံးခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို သတင်းစာခေါင်းကြီးပိုင်းစာကြောင်းလေးနဲ့ ဖွင့်ထားပါတယ်။ တစ်ပိုဒ်လုံး (Full Stop) ဝါကျအဆုံးသတ်မပါပဲ ကွက်လပ်(Gap) လေးတွေ ခြားပြီး ရေးထားတာပါ။ အောက်ကကဗျာတွေကတော့ DM နဲ့ထင်ရှားတဲ့ ကဗျာတွေပေါ့။

- AmericanJournal by Robert Hayden
- Fallingby James Dickey
- LadyLazarus by Sylvia Plath
- LadwigVan Beethoven’s Return to Vienna by Rita Dove
- Mummyof a Lady Named Jemutesonekh XXI Dynasty by Thomas James
- MyLast Duchess by Robert Browing
- TheTransparent Man by Anthony Hechet

ဒီလို DM အသွားတွေကို “Persona Poem “လို့လဲ ခေါ်တယ်။ တကယ်တမ်းဆိုရင် ဒစ်ကီရဲ့ “ကြွေကျခြင်း” ကို ကောက်နှုတ်ချက်အနေနဲ့ ဖေါ်ပြချင်ပါတယ်။ ကဗျာက ရှည်လွန်းတော့ အခက်အခဲရှိပါတယ်။ DM ဟာ ရိုမန်းတစ် တွေကတည်းကနေ အက်ရှဘရီ တို့အထိ မလွတ်သေးပါဘူး။ ဇာတ်ကြောင်းပြောသူ အရေးပါမှုဟာ ရှိနေဆဲပဲ။ နောက်ပိုင်းသွားမယ့် LP (Language Poetry) တွေက DM ရော ဇာတ်ကြောင်း ပြောသူကိုပါ ဆန့်ကျင်လာတယ်။ ဒါကြောင့် LP ကိုပိုပြီး သိသာထင်ရှားအောင် DM ကို ရှင်းရတာပါ။ ကျွန်တော့်ရဲ့ အဓိက Theme ဖြစ်တဲ့ ကာရံမဲ့ (FV) မှာ DM ဟာတစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ ရေးသားဟန်တစ်ခု ဖြစ်ပါတယ်။ ဒီကီရဲ့“ကြွေကျခြင်း” ဟာ စကားပြေအရေး Prose Poetry ဖြစ်ပြီး DM ကတော့ နည်းစနစ်ပိုင်း တင်ပြပုံဖြစ်ပါတယ်။

            ကဗျာဆရာဟာ ဇာတ်ကောင်ကို စေခိုင်းပြီး သူပြောချင်တာတွေကိုပြောတယ်။ ဒါမျိုးကို အနောက်တိုင်း ပညာရှင်တွေ အဓိပ္ပယ် ဖွင့်ဆိုရာမှာတော့ “သီးခြား ဇတ်ကောင်စရိုက်ထဲ၌ နောက်ကြောင်းနှင့်စိတ္တဇ အတွေး၏ ပြင်းရှသော အမြင်ဇတ်ကြောင်းပြော ခံစားမှုတစ်မျိုးထဲ သွတ်သွင်းထားသော စကားပြောပုံစံတစ်မျိုးပင်ဖြစ်သည်။”   (A poem written in theform of a speech of an individual character : it compresses into a single vividscene a narrative sense of the speaker’s history and psychological insight intohis character) လို့ ပြောကြတယ်။ ဒီနေရာမှာ ဇာတ်ကြောင်းပြောနေသူဟာ ကဗျာဆရာလား၊ အခြားဇတ်ကောင်တစ်ဦးလားဆိုတာ အရေးကြီးပါတယ်။ ဒီတော့ ကဗျာဆရာဟာ (I) “ကျွန်ုပ်” ဆိုတဲ့ ကံပုဒ်ကို ဘယ်လိုသုံးသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်လို့ ဆိုတယ်။

ဒီလို ပုဂ္ဂလအပြော “DM” ကို ဗျူဟာမြောက်သုံးတဲ့ နေရာမှာထင်ရှားသူလို့ ပါမောက္ခ ဂျက်ဖရီဝိန်းရိုက် (Jeffery Wainwright) ညွှန်းဆိုတာကတော့ ရောဘတ်ဘရောင်းနင်း (Robert Browning – (1912-1989)) ပါပဲ။ သူ့ကဗျာတွေဖြစ်တဲ့ ငါ့နောက်ဆုံးမြို့စားကတော် (My Last Duchess)၊ အန်ဒရီယာဒယ်ဆာတို (Andreadel Sarto) နဲ့ ဘုန်းတော်ကြီးက သူ့အုတ်ဂူအားညွှန်ကြားသည် (The Bigshop orders his Tomb) တို့ကိုပဲ ဖြစ်တယ်။ ဝေဖန်ရေးဆရာ အတော်များများကတော့“My Last Duchess” ကို ညွှန်းကြတယ်။ ဖလောရင့်က အီတလီပန်းချီဆရာအကြောင်း (အန်ဒရီယာဒယ်ဆာတို) ကဗျာဟာ ပန်းချီမှာ မအောင်မြင်ဘူးလို့ သူ့ကိုယ်သူ ခံယူထားတဲ့ ပန်းချီဆရာကြီးနဲ့ သူ့မိန်းမလူခရီဇီယာ (Lucrezia) တို့ အကြောင်းပါ။ သူဟာ ရီနေဆန်းခေတ် ရာဖဲလ် (Rafael) နဲ့ မိုက်ကယ်အိန်ဂျလို (Michel Agnolo) (မူရင်းကတော့ “Michelangelo”) တို့နဲ့ ခေတ်ပြိုင်ပါပဲ။ ဒီကဗျာမှာတော့ကျွန်တော့်အနေနဲ့ ပုဂ္ဂလအပြောအပြင် ဘရောင်းနင်းရဲ့ ဝါကျတွေကိုလည်း ကြိုက်ပါတယ်။ ။ ဒီကဗျာဟာ ဘရောင်းနင်းရဲ့ DM ထဲမှာ တမူထူးခြားတဲ့ ကဗျာဖြစ်သွားတာဟာ တမူထူးသောကာလကြာသွေးပူမှု အသံအတိမ်အနက် (Incredibly melancholic tone) နဲ့ အနုပညာ၏ အဆိုးဘက်ကဲသောအမြင် (Pessimistic view of art) ကြောင့်ပါပဲ။ ဘရောင်းနင်းရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်ဖြစ်တဲ့ပန်းချီဆရာကြီး လစ်ပီ (Lippo Lippi) အကြောင်းကဗျာ “Fra Lippo Lippi” မှာတော့ “သင်နားလည်ပါတယ်။ ငါသိတယ်။ ငါဟာ ခပ်ရိုင်းရိုင်း တိရစ္ဆာန်လိုသတ္တဝါဆိုတာ”  (You understand me : I’m a beast I know) လို့မေးခွန်းထုတ်တဲ့ “DM” ဝါကျတွေ ပါဝင်တယ်။

မော်ဒန်ခေတ်ကို ရောက်ပြန်တော့လည်း မော်ဒန်ရဲ့အထင်ကရခေါင်းဆောင်ကြီး နှစ်ဦးဖြစ်တဲ့ ပေါင်း (Ezra Pound-1885-1972) နဲ့ အဲလီးယော့ (T.S Eliot- 1888-1965) တို့ဟာ DM ကို မပစ်ပယ်နိုင်ခဲ့ဘူး။ ပေါင်းကို ဖြစ်စေခဲ့တဲ့ သူ့ရဲ့ “မြစ်ကုန်သည်ရဲ့မယား” (The River Merchant’s Wife)  နဲ့ “ဆက်ဆပ်ပရိုပါးတီးရပ်သို့ အထူးဂုဏ်ပြုခြင်း” (Homage to Sextus Propertius) မှာ ပေါင်းဟာ သူ့ရဲ့ DM အသုံးကျွမ်းကျင်မှုကို ပြခဲ့တယ်။ အဲဒီလိုပဲ အဲလီးယော့ရဲ့ “ဖရူးဖရော့ရဲ့ အချစ်သီချင်း” ဟာ DM နဲ့ စိတ်အားထက်သန်မှုကဲတဲ့အပြောကို ရောမွှေထားတဲ့ လက်ရာကောင်းတစ်ခုပါပဲ။ ဒီထက်ပိုပြီး DM ကို ချဲ့ကြည့်ရင် နောက်ထပ်မော်ဒန်ဂုရုကြီး ရိ(ထ်) (W.B. Yeats) ရဲ့ “ မိုက်ကယ်ရိုဘာတီ နဲ့ ခရေဇီဂျိန်း”(Michael Robartes’ and Crazy Jane) ကဗျာနှစ်ပုဒ် ဟာလည်း ရှယ်အဆင့် ”DM” တွေပါ။


ကွန်ဖက်ရှင်းနစ်များနဲ့ပုဂ္ဂလအပြော

            မော်ဒန်ခေတ်အလွန်မှာတော့ ရိုမန်းတစ်တွေရဲ့ ပုဂ္ဂလအပြောရေးဟန် ရွှေခေတ်ကို ပြန်ရောက်ဖို့ အခွင့်အရေး ထပ်ပေါ်လာပါတယ်။ အကြောင်းပြချက်ကတော့ ဖွင့်ဟဝန်ခံမှုရေးဟန်အုပ်စု (Confessional School of Poetry) ရဲ့ကဗျာတည်ဆောက်ရာမှာ အဓိကအသုံးပြုခဲ့တဲ့ စကားပြောဟန် (The Manner of Speaking) ကြောင့်ပါပဲ။ ဒီအုပ်စုရဲ့ စကားပြောဟန်ထဲမှာ “DM” ကို ပံ့ပိုးဖို့ အဓိက ပါဝင်တဲ့ အောက်ပါအချက်တွေကြောင့် ကဗျာဆရာတွေဟာ ပုဂ္ဂလအပြောကို ရှောင်ဖို့ ခက်နေဆဲပါပဲ။

            ၁။ ပွင့်လင်းစေ (Be open)
            ၂။ လွယ်ကူစေ (Be easy
            ၃။ ပေါ့ပါးစေ (Be even slangy)
            ၄။ ပုဂ္ဂလအကြောင်းအရာဖြစ်စေသော (Personal Intensity)
            ၅။ နာကျင်မှုကို ဖော်ပြသော (Pain) တို့ဖြစ်တယ်။

ကွန်ဖက်ရှင်းနစ်တစ်ဦးဖြစ်တဲ့ အန်းဆက်တွန် (Anne Sexton) ရဲ့ သားပျက်ခြင်း (The Abortion) ကဗျာရဲ့နောက်ဆုံး အဆုံးသတ်ကိုကြည့်ရအောင်။ “သားပျက်ခြင်း” ကို အန်းဟာ ၁၉၆၄ မှာ ပုံနှိပ်ခဲ့တယ်။

            Somebodywho should have been born is gone.
            Yes,woman, such logic will lead
            toloss without death. Or say what you meant,
            youcoward . . . . this body that I bleed.

                                                               - (Sexton, 1964)

            ဖွားမြင်ပြီးဖို့ဖြစ်သင့်တဲ့ တစ်စုံတစ်ယောက်ဟာ သေဆုံးခဲ့ပြီ။
            ဟုတ်တယ်လေ၊ အမျိုးသမီး၊ ဒီလိုလောဂျစ်က ရှေ့ဆောင်မယ်
            သေဆုံးခြင်းမဲ့တိမ်းပါးဖို့အတွက်၊ ဒါမှမဟုတ် သင်ဆိုလိုတာကို ပြောစမ်းပါ၊
            သင်သွေးလန့်တတ်သူငဲ့ . . . . ဒီကလေးက ငါသွေးသွန်ခဲ့တဲ့ ကလေးပေါ့။

                                                              - (ဆာတွန်၊ ၁၉၆၄)
                                                               “သားပျက်ခြင်း” ကဗျာမှ ကောက်နှုတ်ချက်


၁၉၅၀ နဲ့ ၁၉၆၀ တစ်ဝိုက်မှာ ပေါ်ပေါက်ခဲ့တဲ့ ကွန်ဖက်ရှင်းနစ် ကဗျာအုပ်စုဟာ ပုဂ္ဂလအပြောကို အဆင့်အမြင့်ဆုံးရောက်အောင် သူတို့ရဲ့ နာကျင်မှုတွေကို အရင်းခံပြီး တည်ဆောက်ခဲ့သူတွေ ဖြစ်တယ်။ ပုံမှန်အားဖြင့်အမာခံ ကဗျာဆရာတချို့ရှိပါတယ်။ သူတို့ကတော့ -


            ၁။ ဆားဗီးယားပါ့(သ်)  (Sylver Plath)
            ၂။ အန်းဆက်ဆွန်   (Anne Sexton)
            ၃။ဂျွန်ဘာရီမန် (John Berryman)
            ၄။ ရောဘတ် (Robert Lowell)
            ၅။ အဲလီးဇဘက်ဘစ်ရှော့ (Elizabeth Bishop) တို့ပဲ ဖြစ်တယ်။

            ဝေဖန်ရေးသမားတွေဟာကဗျာကို ဝေဖန်တဲ့အခါ အဲဒီတုန်းက အဖြစ်မှန်နဲ့ နီးစပ်မှုကို ဦးတည်နေပေမယ့် အဲဒီ ကဗျာအုပ်စုရဲ့လွန်ကဲတဲ့ ပုဂ္ဂလနာကျင်ခံစားမှုတွေကို ဖတ်ရတော့ သွေးပျက်ကုန်ရော။ ဒီအုပ်စုဟာ ဝေဖန်ရေးသမားတွေကိုရော၊ ကဗျာလောကကိုပါ အထိတ်တလန့် ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ဒီအုပ်စုဟာ ဝေဖန်ရေးသမားတွေကို သူတို့ရဲ့ ပုဂ္ဂလ နာကျင်ခံစားမှုတွေနဲ့ ရင်ဆိုင်ခဲ့တယ်။ စိန်ခေါ်ပွဲဟာ တန်ဖိုးကြီးမားလှပါတယ်။ ဆားဗီးယားနဲ့ ဆက်တွန် တို့ရဲ့ မိမိကိုယ်ကို အဆုံးစီရင်သွားမှုဟာ လျော်ကြေးဖြစ်သွားခဲ့တယ်။ ဒါကို ပါမောက္ခ ဂျက်ဖရီဝိန်းရိုက်ဟာ အမျိုးသမီးကဗျာဆရာမများအတွက် အန္တရာယ်တစ်ခု (Anespecially dangerous one of women poets) လို့ ရေးသားခဲ့တယ်။ သူတို့ လက်စွမ်းထက်ခဲ့တဲ့ပုဂ္ဂလအပြော (DM) ကဗျာတွေမှာ အစွန်းရောက် (The extreme of) တဲ့ -
            ၁။ နာကျင်ခံစားမှု  (Painful Experience)
            ၂။ သားပျက်ခြင်း (Abortion)
            ၃။ ရူးသွပ်ခြင်း (Madness)
            ၄။ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းတွန်းအား (ဝါ) အပြုအမူ (Suicidal Impulse)
တွေကို ကဗျာရဲ့ လက်နက်တွေအဖြစ် စာဖတ်သူတွေဆီကို ပို့လွှတ်ပါတယ်။ပုဂ္ဂလအပြောရဲ့ အဓိကအချက် နှစ်ချက်ဖြစ်တဲ့ -
            ၁။ ရေးသူ (The “self” who write)
            ၂။ ရေးသားရာမှာ ပေါ်ပေါက်လာသော ဇတ်ကောင် (The “self” who appears)

ကို သူတို့အုပ်စုဟာဗျူဟာမြောက် အသုံးပြုနိုင်ခဲ့တယ်။ ဂျွန်ဘာရီမန် (John Berryman) ရဲ့ ၁၉၇၆ ထုတ် ကဗျာဆရာလွတ်လပ်ခြင်း (The Freedom of the Poet) ရဲ့ စာမျက်နှာ (၃၁၆) မှာတော့ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

         
     ..... Poetry is composed by actual human beings, and tracts of it are veryclosely about them. When shakespare wrote [ in Sonnet 144] “Two love I have ofcomfort and despair,” reader, he was not kiddning . . . . but of course thespeaker can never be the actual writer who is a person with an address, aSocial Secutiry number, debts, tastes, memories, expectations.

 -  (TheFreedom of the Poet, 1976, Pg-316 and 321)

            ကဗျာဆိုတာတကယ့်လူသားစစ်စစ်တွေ စပ်ဆိုတဲ့ အရာ၊ ပြီးတော့ သူတို့အကြောင်းတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့အရာပါ။ ဆွန်းနက်အမှတ် ၁၄၄ မှာ ရှိတ်စပီးယားရေးခဲ့သလို “နာကျင်မှုမဲ့ခြင်းနဲ့ မျှော်လင့်ချက်မဲ့ခြင်းရဲ့အချစ်နှစ်မျိုးငါ့မှာရှိတယ်” လို့ ဖတ်သူတွေက ဆိုတယ်။ သူ အပြောင်အပျက် ပြောခဲ့တာ မဟုတ်ပါ. . . . ဒါပေမယ့် အဲဒါအမှန်ပဲလေ။ ဖတ်သူဟာ ရေးသူလို့ ဆိုရမယ့် လူမှုလုံခြုံရေး နံပါတ်တစ်ခု၊ လိပ်စာတစ်ခု၊ အကြွေးများ၊ အာရုံခံစားမှုများ၊ အမှတ်တရများ၊ မျှော်လင့်ချက်များ ရှိတဲ့စာရေးသူ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဖတ်သူဟာ ရေးသူနဲ့ ဘယ်လိုမှ မတူနိုင်ဘူး။

-  ကဗျာဆရာရဲ့လွတ်လပ်ခြင်းမှ (၁၉၇၆၊ စာ-၃၁၆ နှင့် ၃၂၁)

- ဇော်ဇော်ထွန်း