ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကွန်ဆက်ကျူရယ် - Conceptual (15)

အဘယ်ကြောင့် နှင်းဆီပွင့်ဖတ်များက သင့်အတွက် မွှေးရနံ့မရှိရလေသနည်း။ ထလော့။ လွတ်မြောက်ခြင်း တံခါးဝ၌ သင် အိပ်စက်ရန်မသင့်တော်ပေ။

ဖလက်ဆက် (Fluxus) လှုပ်ရှားမှု

            ဖလက်ဆက်လှုပ်ရှားမှုဟာ အမေရိကန်အနုပညာသမိုင်းမှာတော့ အတော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ အဲဒီလှုပ်ရှားမှုထဲမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူတွေဟာ အခု ကွန်တမ်ပိုရာရီ ကာလပေါ်ကဗျာတွေရဲ့ ခေါင်းကိုင်အဖတွေဖြစ်ခဲ့ကြတယ်။ အကြောင်းအရင်းကို ရှာတော့ လာမွန်တီယန်း “La Monte Youung” ဟာ စာပေဂျာနယ်တစ်ခုမှာ (Guest Editor) ဧည့်သည်အယ်ဒီတာ အဖြစ်နဲ့ အလုပ်ရတယ်။ သူက ပန်းချီပညာရှင်ပါ။ အဲဒီမှာ အလုပ်သင်ဂရပ်ဖစ်ပညာရှင်တစ်ယောက်ကို ဂျာနယ်က သူ့ကိုကူဖို့ ငှားရမ်းခဲ့တယ်။ အဲဒီလူကတော့ ဂျော့ခ်ျမာဆူးနပ် (George Maciunas) ဆိုတဲ့ ဂရပ်ဖစ်ပညာရှင်ပါ။ အဲဒီမှာ ဂျော့ခ်ျဟာ ဘာလုပ်သလဲဆိုတော့ပေါင်းချုပ် (Anthology) တစ်အုပ်လုပ်ဖို့ စိတ်ကူးတယ်။ နယူးယော့ခ်မှာ အခုဖြစ်နေတဲ့ နောက်ဆုံးပေါ်လို့ အဲဒီတုန်းက သတ်မှတ်ထားတဲ့ အရေးအသားတွေကို ပေါင်းချုပ်လုပ်ဖို့ပါပဲ။ ဂျော့ခ်ျက စက္ကူတွေ၊ သူ့ရှိစုမဲ့စုငွေတွေကို စိုက်ပြီး ပေါင်းချုပ်လုပ်ဖို့ လာမွန်တီနဲ့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ၁၉၆၁ ခုနှစ်မှာ ဂျော့ခ်ဟာ သူ့ရဲ့ အကြွေးရှင်တွေက လွတ်ရာလွတ်ကြောင်း ဂျာမဏီကိုထွက်ပြေးခဲ့တယ်။ သူလုပ်တဲ့ ပေါင်းချုပ်ဟာ ဂျက်ဆင်မက်ကလိုး နဲ့ လာမွန်တီ တို့ ပူးတွဲဆက်လုပ်ပြီး ၁၉၆၃ မှာတော့ ကျပမ်းစာသား အရေးအသားပေါင်းချုပ် (Chance Operation) ဟာ အောင်မြင်စွာပဲစာဖတ်သူတွေ လက်ထဲ ရောက်သွားခဲ့တယ်။ မာဆူးနပ်ဟာ ဂျာမဏီကို မလွှဲသာလို့ ထွက်ပြေးသွားပေမယ့်သူ့ဝမ်းထဲကစုန်းက တိမ်တွေကို ခူးစားဖို့ ကြိုးစားပြန်တယ်။ ဒီတော့ ဂျော့ခ်ျဟာ နယူးယောက်ကအနုပညာရှင်တွေနဲ့ အဆက်အသွယ်လုပ်တယ်။ အနုပညာရှင်တွေရဲ့ မှတ်တမ်းတွေကို တောင်းတယ်။ Yearbooks  စီးရီးကို လုပ်တယ်။ နောက်တော့ ခေါင်းစဉ်ပေးလိုက်တယ်. . .။ ဖလူးဆပ်(ဆ) (Fluxus) ။

နေ့များကပေးသော ပညတ်ချက်သည် ပူနွေးသော နေရောင်ခြည်ကို ခိုလှုံရန်ချည်းသက်သက်မဟုတ်။

            တကယ်တော့ ဂျော့ခ်ျ မာဆူးနပ်ဟာ လစ်သူယေးနီးယားဖွားတစ်ယောက်။ နောက်တော့ နယူးယောက်(ခ်)ကို ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ရောက်လာခဲ့တယ်။ ပြီးတော့ အနုပညာလှုပ်ရှားမှုသစ် အဗွန်ဂါ့(ထ) (Avant-garde) လူတစ်စုကို ဗဟိုပြုပြီး သူက ဆက်သွယ်ပါဝင်ခဲ့တယ်။ အဲဒီထဲမှာပါဝင်တဲ့ ဝင်ရိုးတွေလို့ ဆိုရမယ့် အဓိက လူနှစ်ယောက်ကတော့ -

            ၁။ ဂျွန်ကေ့ခ်ျ (John Cage)
            ၂။ လာမွန်တီယန်း (La Monte Young) တို့ပဲဖြစ်တယ်။

အစောပိုင်းကာလမှာ ဂျော့ခ်ျဟာ မက်ဒီဆန် လမ်းပေါ်မှာ ဂယ်လာရီ တစ်ခုကိုဖွင့်ပြီး -

(1) ဟစ်(ဂ)ဂျင်း (Higgins)၊
(2) အိုနို (Ono) ၊
(3) ဂျိုနပ်(စ)မီကပ်(စ) (Jonas Mekas)၊
(4) ရေးဂျွန်ဆင် (RayJohnson) နဲ့
(5) လာမွန်တီယန်း (La Monte Young)

တို့ရဲ့ လက်ရာတွေကို ပြသတယ်။ သူ ၁၉၆၁ အနောက်ဂျာမဏီကို ထွက်သွားပြီးနောက်တော့ သူဟာ ကိစ္စတစ်ခုကို အပူတပြင်းလုပ်ပါတယ်။ အဲဒီကိစ္စကတော့ အနုပညာပွဲတော်လေးတစ်ခုကို ဂျာမဏီနိုင်ငံဝပ်ပါတယ် (Wuppertal) မှာ လုပ်မယ့် ကိစ္စပါ။ ဂျွန်လ (၉) ရက်နေ့မှာတော့ ဂျော့ခ်ျဟာ သူ့အနုပညာပွဲတော်ကိုစတင်ပါတယ်။ ပွဲတော်ရဲ့ ခေါင်းစဉ်ကတော့ Apre’s Cage: Kleinen Sommerfest လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ ကေ့ခ်ျအလွန်။ နွေရာသီပွဲတော်ငယ် ပါတဲ့။ အဲဒီပွဲတော်မှာတော့ ဂျော့ခ်ျဟာစကားလုံးတစ်လုံးကို ကြော်ငြာလက်ကမ်းတွေထဲ ထည့်ရေးတယ်ဆိုပဲ။ အဲဒါကတော့ “Fluxus”  ပါပဲ။

ကျုပ်တို့ဝံပုလွေများရဲ့ညကို ခင်ဗျားဆီမပို့နိုင်ဘူး။ ဗာဒေါ့စကီးလိုပေါ့ဗျာ။
လူမဟုတ်သူများနှင့် အတူနေရန် ငါငြင်းဆန်သည်။ ဝံပုလွေများနဲ့ အတူအူရန် ငါငြင်းဆန်သည်။
- ဗာဒေါ့စကီး (ရုရှကဗျာဆရာ)

အဲဒီဖလူးဆပ်လှုပ်ရှားမှုကိုတော့ အနုပညာရှင်တွေဟာ ဂျော့ခ်ျပေးတဲ့နာမည်တပ်ဖို့ ခက်ခဲနေတုန်းပါပဲ။ ဘယ်လိုသော မှော်အောင်တဲ့ကကြိုးတွေလဲ။ ဒါဟာ နီယိုဒါဒါဝါဒ (Neo-dadaism) ပါ။ တချို့ကတော့ အသစ်ထပ်လုပ်တဲ့ ဒါဒါဝါဒ (Renewed dadaism) လို့လဲ ခေါ်ချင်ကြတယ်။ ဂျော့ခ်ျဟာ ဝံပုလွေများနဲ့ အူဖို့ငြင်းဆန်တယ်။ ဒါဒါဝါဒီ တစ်ယောက်ဖြစ်တဲ့  ရာအောဟတ်(စ)မန်း (Raoul Hausman) ဆီကို သူ့ကြိုးပမ်းနေတဲ့လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အိုင်ဒီယာကို ချပြတယ်။ ဟတ်(စ)မန်းကို မီးငြိမ်းပစ်လိုက်နိုင်ခဲ့တယ်။

            ခင်ဗျား ဂျာမန် နီယိုဒါဒါသမားတွေကိုပြောတာ ကျုပ် ဝမ်းမြောက်စွာ ကြားရပါတယ်။ ဒါပေမယ့် အမေရိကန်တွေကလည်း နီယိုဒါဒါဝါဒ (NeoDadaism) လို့ အမည်မပေးသင့်တော့ဘူး။ ဘာကြောင့်ဆို နီယို (neo) ဆိုတဲ့ အဓိပ္ပါယ်က မရှိခြင်း (nothing) နဲ့ -ism (အစ်ဇင်) ဆိုတာကတော့ ခေတ်နောက်ကျ (old-fashioned) ဖြစ်နေလို့ပါ။ ဖလူးဆပ် (Fluxus) လို့ ခပ်ရှင်းရှင်းက ဘာမကောင်းစရာရှိသလဲ။ ကြည့်ရတာအသာကြီး ပိုကောင်းတယ်။ ဘာကြောင့်လဲဆို အသစ်ဖြစ်တာကိုး။ dada ဆိုတာကြီးကတော့ သမိုင်းဝင်ဖြစ်သွားခဲ့ပြီ။

ဒါပါပဲ။ ဒါဒါလက်ဟောင်းကြီးက ဂျော့ခ်ျဖြစ်စေချင်သလို ပြောတယ် ကိုယ့်လူရေ။ ဒီတော့ ဂျော့ခ်ျဟာအမေရိကန်နိုင်ငံကို စာတစ်စောင်လှမ်းပြီး ပို့တယ်။ ခေါင်းစဉ်ကတော့ အမေရိကန်ပြည်ထောင်စုထဲရှိ နီယိုဒါဒါကို မြောင်းထဲပို့လိုက်တယ်။ ဖလူးဆပ်(ဆ)တွေ ပါလာပြီ။ စီးဆင်းမှု (Flow) လို့အဓိပ္ပါယ်ရတဲ့ ဖလက်ဆက်ဟာ ဂျော့ခ်ျရဲ့ ဖွင့်ဆိုမှုအရ အနုပညာမှ နေ့စဉ်နေ့တိုင်း ထိတွေ့တဲ့အရာတွေကနေ အပြင်ဘက်မှာရှိတဲ့ ခမ်းနားသော အနုပညာများကို သွေဖယ်ဆန့်ကျင်ပါတယ်လို့ဆိုတယ်။ နေ့စဉ်သုံးကျွန်ုပ်တို့ရဲ့ ပစ္စည်းပစ္စယတွေကို တည်ပြီး အနုပညာကို ဖန်တီးကြမယ်။ ငါတို့ဟာ အနုပညာမြောက်ခြင်းကိုဆန့်ကျင်တယ် (Anti-art and artistic banalities)။ ဘယ်လိုသော အကြောင်းအရာနဲ့ ဖြစ်ဖြစ်ကိန်းကြီးခမ်းကြီး အနုပညာကို ဆန့်ကျင်မယ်။ သူ့ပေးစာကို စာကြောင်းတစ်ကြောင်းထဲနဲ့ ပတ်လိုက်တယ်။ ဆန့်ကျင်အနုပညာဟာ ဘဝ၊ သဘာဝ၊ မှန်တဲ့အရှိတရား - တစ်ခုထဲဖြစ်ပြီး အားလုံးကို ကိုယ်စားပြုတယ်။ (Anti-art is life, is nature, is true reality- it is one and all.)

            ကဲ . . . အနုပညာဟာ ဘယ်သူ့ဘက်ထဲမှာ ရှိသလဲ။ သူတို့တတွေ ပြပွဲတွေ လုပ်တယ်။ ပြိုင်ပွဲဝင်ခါနီး လက်ဝှေ့သမားတစ်ယောက် သဲအိတ်ကို ထိုးသလို ဒါမှမဟုတ် သင်္ဘောပျက်ထဲက လူတွေ တစ်ယောက်ကို တစ်ယောက်ဆွဲငင်ကြသလို . . . သူတို့ ပွဲတွေပြုလုပ်ခဲ့ကြတယ်။ နယူးယောက်ကနေ ဥရောပတလျားထိ။ သူတို့ ဝံပုလွေများဆီက ခွဲထွက်ခဲ့ကြတယ်။ လပြည့်ညကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကျင်းပခဲ့ကြတယ်။ နီယိုဒါဒါ အသွင်ပြောင်း ဖလူးဆပ်(ဆ)တွေရဲ့ လှုပ်ရှားမှုဟာ တိမ်ပြိုမိုးလို အနောက်ဥရောပထိ နယူးယောက်က စ,ပြီး ရွာသွန်းပစ်တယ်။ ၁၉၆၂ စက်တင်ဘာ ၁ ရက်နေ့ကနေ ၂၃ ထိ ပဒေသာဖျော်ဖြေပွဲ ၁၄ ပွဲတိတိကို ဝှစ်(စ)ဘဒန် (Wiesbaden) မှာလုပ်တယ်။

လွတ်နေသောရူးသွပ်မှုများ

နေရာကွက်၍မိုးကြိုးပစ်သည်မှအပ နေရာအနှံ့အပြား တိမ်ကင်းစင်လျှက် ရှိပါသည်။ အဲဒီတုန်းက ဂျာမဏီကို မာဆူးနပ် ရောက်လာတာ အထူးအဆန်းတွေ တစ်ပြုံတစ်မ သယ်ဆောင်လာသလိုပေါ့။ အနုပညာရှင်တချို့အကူအညီကို ယူခဲ့တယ်။ Fluxus အုပ်စုတွေထဲကပါပဲ။ ဖျက်ဆီးထားတဲ့ စန္ဒယားတစ်လုံး။ ဘေးမှာပါဖောမန့်စ် အနုပညာရှင်တွေ။ ဒစ်ဟေဂင်၊ ဝုပ်(ဖ)ဗိုစတယ်လ် (Wolf Vostell)၊ ဂျွန်ပတ်ခ်(John Paik)၊ ဘင်ဂျမန် (Benjamin Patterson) တို့တတွေ။
ဖျက်ဆီးထားတဲ့ စန္ဒယားဘေးမှာ။
ရှေ့မှာ။ တီးခတ်ပါ။ (play)။
ဆွတ်ပါ။
ဒါမှမဟုတ် ခေါက်ပါ (Pluck or tap)
။ ခြစ်ပါ သို့မဟုတ်ပွတ်ပါ (scratch or rub) ဝတ္ထုများပြုတ်ကျ (drop object) စန္ဒယားကြိုးများပေါ်ကို။
အသံအပြားကိုရိုက်၊
စန္ဒယားအသံကိုထုတ်ပေးတဲ့ ပင်ချောင်းတွေ ဒါမှမဟုတ် ပစ္စည်းများအထဲက မတူတဲ့ အရာဝတ္ထုများကိုဆွဲထုတ် ဒါမှမဟုတ် စန္ဒယားထဲက ပစ္စည်းတွေကို ခင်ဗျားစိတ်ကြိုက်သာ တွယ်ပေတော့ (act inany way on underside of piano) ဆိုပြီး မာဆူးနပ်နဲ့ သူ့ဘော်ဒါတွေဟာ စန္ဒယားကြီးကိုပယ်ပယ်နယ်နယ် တွယ်ကြပါတယ်။ ဝီ(စ)ဘာဒန် (Wiesbadan) မြို့ဟာ အတော်ခြောက်ခြောက်ခြားခြားဖြစ်သွားကြတယ်။ ဂျာမန်တယ်လီ (ဂျာမန်ရုပ်မြင်) က ဒီအစီအစဉ်ကို လေးကြိမ်တိုင်တိုင် ထုတ်လွှင့်ခဲ့ပါတယ်။ သတင်းများရဲ့ အသုံးအနှုန်းကတော့ (scandalous enough) “တုန်လှုပ်မှုကောင်းကောင်း ဖြစ်စေတယ်”လို့ ဆိုပါတယ်။ အဲဒီထုတ်လွှင့်မှုရဲ့ မိတ်ဆက်စကားကတော့ “ရူးသွပ်မှုများလွန်မြောက်ခဲ့ပြီ” (The Lunatics have escaped) ပါတဲ့။ ဒီအစီအစဉ်ရဲ့ ရလဒ်ကတော့ မာဆူနပ်ရဲ့ စန္ဒယားကြီးကိုစနစ်တကျ ဖျက်ဆီးပစ်တာနဲ့ အဆုံးသတ်လိုက်ပါတယ်။

ရှိုပင်ရဲ့ တူရိယာသေဆုံးခြင်း

အဲဒီနေ့ကမိုးစိတ်စိတ်ရွာတယ်။ တိမ်ထူထပ်တယ်။ အနောက်မြောက်အရပ်မှာ လေဖိအားနည်းရပ်ဝန်း တစ်ခုရှိတယ်။ နဂါးခေါင်း တောင်ဘက်လှည့်တယ်။ ပရာဆပ်ဟာအိန္ဒိယအင်ဂျင်နီယာတစ်ဦးပါ။ အသက် ၆၀ လောက် ရှိပါပြီ။ သူဟာ ဘာသာစကား ငါးမျိုးလောက်ကိုကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။ တစ်နေ့ ကိုရီးယားမန်နေဂျာတစ်ယောက် ပရာဆပ်နဲ့ကျွန်တော်ထမင်းစားတုန်း ပရာဆပ်ဟာ အဲဒီကိုရီးယားကို ခရီးထွက်တဲ့အကြောင်း ပြောပါတယ်။ နောက် ရှန်ဂရီလာကိုအလည်အပတ်သွားသင့်တယ်လို့ ညွှန်းပါတယ်။ အကယ်၍ တရုတ်ပြည်ကို သွားမယ်ဆိုရင်ပေါ့လေတဲ့။ ဒီတော့ကျွန်တော်က ခတ္တမန္ဒူ က သွားလို့ရတဲ့ ရှန်ဂရီလာကို ပြောတာလားလို့ မေးတော့ ပရာဆပ် ကျွန်တော့်ကိုအထိတ်တလန့်ကြည့်ပါတယ်။ မင်းရောက်ဖူးလားလို့ မေးပါတယ်။ ကျွန်တော်က ငါငယ်ငယ်က အရမ်းကြိုက်တဲ့ဝတ္ထုတစ်ပုဒ်ရှိတယ်။ ပရာဆပ်က ကျွန်တော့်ကို Lost Horizon (ပျောက်ဆုံးဝင်ရိုးတန်း) (ဆရာမောင်ထွန်းသူ၏ ရှန်ဂရီလာ) မဟုတ်လားလို့ မေးပါတယ်။ မင်း ဘယ်အခန်းအကြိုက်ဆုံးလဲလို့ မေးပြန်တယ်။

            ရှိုပင် . . . . . (ဆီဗီကင်း(Sieveking) ဟာ ကျော်ကြားတဲ့ စန္ဒယား ဂီတဆရာပါ။ သူဟာ ရှိုပင်ရဲ့ ကျော်ကြားလှတဲ့ စန္ဒယားတေးသွားတစ်ခုကိုတီးခတ်ပါတယ်။ ကွန်ဝဲလ်ဟာ နောက်ဆုံး စန္ဒယားဆီကို ထ သွားတယ်။ ပြီးတော့ သိပ်ကိုလှပတဲ့တေးသွားတစ်ခုကို တီးတယ်။ ဆီဗီကင်းဟာ ရှိုပင်ရဲ့တေးသွား ဖြစ်နိုင်တယ်ဆိုတာကလွဲလို့ အဲဒီတေးသွားကိုသူမမှတ်မိပါဘူး။ ကွန်ဝဲလ်က ဒါဟာ ရှိုပင်ရဲ့ ပုံနှိပ်မလုပ်ဖြစ်တဲ့ တေးသွားဖြစ်ပြီး ရှိုပင်ရဲ့တပည့်တစ်ဦး ဆီက သူသင်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ဆီဗီကင်း အတော်အံ့အားသင့်သွားတယ်။ သေချာတာပေါ့၊ ရှိုပင်ဟာ ၁၈၄၉ ခုနှစ်ကတည်းက ကွယ်လွန်သွားပြီး သူ့တပည့်ဘယ်လိုမှ ကျန်နိုင်စရာမရှိတာပါပဲ။) အဲဒီအခန်းလေ ပရာဆမ်။ “မင်းရှိုပင်ကိုကြိုက်လား” လို့ ပရာဆပ်မေးပြန်တယ်။ အင်း ကြိုက်တယ်။ အိပ်ခါနီး နားထောင်တယ် လို့ဆိုတော့ ပရာဆပ် အော်ရယ်ပါတယ်။ အတော်ဆိုးတဲ့ကောင်တဲ့။

            ပြောချင်တာက ပရာဆပ်အကြောင်းလည်း မဟုတ်ဘူး။ ကျွန်တော့်အကြောင်းလည်း မဟုတ်ဘူး။ ရှိုပင်အကြောင်း။ ဝတ္ထုရေးသူ ဂျမ်း(စ)ဟေ(လ)တန်(James Hilton) ဟာ ဘာကြောင့် ရှိုပင်ကို သူ့ဇာတ်လမ်းထဲမှာ ထည့်ရသလဲ။ ရှိုပင်ဟာ ဂီတမှာအတော်သြဇာလွှမ်းတဲ့ သူတစ်ယောက်။ တစ်ခေတ်ကို တစ်ယောက်ဆိုတဲ့ ပါရမီရှင်။ ဂျာမန်တွေရော ၊ပိုလန်နိုင်ငံသားတွေရော ရှိုပင် အတွက် အတော်ဂုဏ်ယူလေ့ရှိတယ်။ ရှိုပင် ဟာ သူတို့ ဂန္ဓဝင်ပါပဲ။

ဒါဏ်ရာများနှင့်ရှိုပင်ရဲ့ တူရိယာ

            မာဆူးနပ်ဟာ စန္ဒယားအစုတ်ကြီးကို ငါးဒေါ်လာနဲ့ ဝယ်ခဲ့တယ်လို့ ဆိုတယ်။ သိပ်ကို လက်တွေ့ကျတဲ့ ပြကွက်လို့ဂျာမန်တွေဆိုတာလည်း အလွန်မဟုတ်ပါဘူး။ လူတစ်စုဟာ စန္ဒယားတစ်လုံးကို ပရိတ်သတ်ရှေ့ အစိတ်စိတ်အမွှာမွှာချေပစ်တာကိုး။ ဒါကြောင် ရှိုပင်ရဲ့ တူရိယာကြီး ဒဏ်ရာရခဲ့ပေါ့ လို့ ဂျာမန်တွေ မချင့်မရဲဆိုကြလေရဲ့။ မာဆူးနပ်ကတော့ စန္ဒယားကို အစိတ်စိတ်အမွှာမွှာ လုပ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးပြောရှာပါတယ်။ ဝယ်တုန်းကတော့ ရှိတဲ့ငါးဒေါ်လာနဲ့ ဝယ်ပြီးယူလာတာ။ အပြန်သယ်ဖို့ ကားခ မရှိတော့ဘူး။ ဒီတော့ ကျုပ်တို့ လုပ်ဖို့က ဒီတစ်နည်းပဲ ရှိတယ်တဲ့။ ကောင်းရောဗျာ။ တစ်ယောက်ယောက် စရိတ်စိုက်ပေးခဲ့ရင် ရှိုပင်ကြီးဟာ ဒဏ်ရာရစရာ မရှိပါဘူး။

Fluxus (အမေရိကန် က ဖလက်ဆက် european က ဖလွတ်ဆူး)

- ဇော်ဇော်ထွန်း