ဂရိဝေါဟာရ ကနေ ဆင်းသက်လာတဲ့ ဒီဝေါဟာရကတော့သယ်ယူခြင်း (သို့မဟုတ်) နောက်ပြန်၍လို့ အဓိပ္ပါယ် ရတယ်။ စာကြောင်းတွေကို စကားလုံးအက္ခရာတူတစ်ခုထဲကို အစပြုပြီး အပြိုင်တည်ဆောက်မှုတစ်ခု (A type of Parallelism) တစ်ခုပါပဲ။ ကမ္ဘာပေါ်မှာတွေ့ရအများဆုံးနဲ့ ရှေးအကျဆုံး ရေးဟန်တစ်ခု ပါပဲလို့ဆိုပြီး သမ္မာကျမ်းစာလို အရေးအသားများမှာလည်းတွေ့ရတယ်။ အက်လစ်စဘက်တန် (Elizabethan) နဲ့ ရိုမန်တစ် (Romatic) ကဗျာဆရာ တွေဟာဒီရေးဟန်မှာ ဧတဒဂ် ရသူများ လို့ အသိအမှတ်ပြုရမယ်။ ရှိတ်စပီးယား၊ ဆာဖီးလစ်ဆစ်ဒနေး(Sir Philip Sidney)၊ အက်ဒမန်စပင်ဆာ (Edmund Spenser) တို့ဟာ ဒီရေးဟန်ကို စွဲစွဲလမ်းလမ်းရေးခဲ့ကြတယ်။အထူးသဖြင့် ရှိတ်စပီးယားပဲ။ ဆွန်းနက်အမှတ် ၆၆ မှာ “and” နဲ့ချည်းဆက်ထားတဲ့ ဆွန်းနက်အသွားကိုတွေ့ရတယ်။
And needy nothing trimmed in jollity,
And purest faith unhappily forsworn,
And gilded honour shamefully misplaced,
And maiden virtue rudely strumpeted,
And right perfection wrongfully disgraced,
(ဆွန်းနက် ၆၆မှ) ရှိတ်စပီးယား
အနဖိုရဟာဘာလဲ?အသံတစ်ခုကို အပြန်ပြန်ဖြစ်စေတဲ့ အသွားမျိုးပါပဲ။ ဒါပေမဲ့ ကဗျာရဲ့ မောင်းနှင်ရမ်သမ်(Driving Rhythm)လည်းဟုတ်ရဲ့။ သူက အသံတစ်ခုတည်းကို အကြိမ်ကြိမ်ဖြစ်စေတယ်လေ။ ကဗျာဟာမျဉ်းပြိုင်တွေလို လိုင်းတွေ အပြိုင်းပြိုင်းဖြောင့်စင်းလို့။ လော့ဒ်အယ်စရက်(ဒ) တင်နဆင်ရဲ့(Tear, Idle Tears) မှာတော့ စာပိုဒ်အဆုံးတိုင်းကို နောက်ထပ်မရှိတော့တဲ့နေ့များ(the day that are no more) နဲ့ပိတ်ထားတယ်။
(ဒီနေရာမှာ တင်နဆင်အကြောင်း နည်းနည်း ပြောချင်သေးတယ်။ကဗျာတွေကို ခပ်ပြင်းပြင်းရွတ်လေ့ရှိသူ ဝိတိုရိယခေတ် ကဗျာဆရာပါပဲ။ ဒီလန်သောမတ်(စ)နဲ့ခိုင်းနှိုင်းကြတယ်။ ကဗျာရေးပြီးငွေရှာတဲ့နေရာမှာတော့ ပထမတန်းစားပဲ။ အသက် လေးဆယ့်တစ်နှစ်မှာကဗျာရေးတဲ့ဝင်ငွေဟာ တစ်နှစ်ကို ပေါင်တစ်သောင်းကျော်ရှိတယ် ဆိုပဲ။ သူ့ရဲ့ ပထမဆုံးကဗျာIdylls of the kings ဟာ တစ်လထဲမှာကော်ပီ တစ်သောင်းကျော်ရောင်းရတယ်)။
“အနဖိုရ” ဟာ ရှေးအကျဆုံးကဗျာရေးဟန်ဆိုပေမယ့် ခုထိသုံးနေတုန်းပဲ။ အမြဲသစ်လွင်နေတဲ့ ရေးဟန်လို့လဲ ဆိုတယ်။ အင်လန်ဂျင်းဇဘတ်ရဲ့ အူသံ (Howl) မှာ သုံးကြောင်းမြောက်အစ အက္ခရာတွေကို“who” နဲ့စတယ်။ ဝေါ့ဝှစ်ထမင်း (Walt Whitman) ရဲ့ “Out of Cradle EndlesslyRocking” မှာ အစသုံးကြောင်းဟာ “Out of the …” နဲ့ဖွင့်ပြီး အလယ်စာကြောင်းတွေက“Form” နဲ့ချည်းစတယ်။ အဲလီးယော့ရဲ့ (The Waste Land . Section V) မှာ အနဖိုရကို သုံးခဲ့ပြီးမတ်(ခ)စတန်း (Mark Strand) ရဲ့ (From the litany) မှာလဲ ဒီရေးဟန်ကို လှလှပပ တွေ့ရတယ်။လူးဝစ်ဂလပ် (Louise Glück) ရဲ့ အောက်တိုဘာ (အပိုင်းတစ်)မှာတော့ ဒီလိုရေးတယ်။
didn’t Frank just slip on the ice,
didn’t he heal, weren’t the spring seeds planted
adidn’t the night end,
didn’t the melting ice
flood the narrow gutters
wasn’t my body
rescued, wasn’t it safe
(October Sec: 1)
အနဖိုရအရေးကို သုံးပြီးရေးတဲ့ ဝီလီယံဘလိတ်ရဲ့ကဗျာ နှစ်ပုဒ်ရှိတယ်။ အဲဒါတွေကတော့ လန်ဒန်(London) နဲ့ (The Tyger) တို့ပဲဖြစ်တယ်။ ဂျိုးဘရိန်းနတ် (Joe Brainard) ရဲ့ကဗျာ(I Remember) ဟာ ငယ်ဘဝကို ပြန်ပြောင်းပြောပုံမျိုးဖြစ်ပြီး နယူယောက်ဂိုဏ်းဆရာ ကက်နက်ကုခ်ျက ခလေးတွေကို ကဗျာသင်ရာမှာ ဒီ “အနပိုရ” နည်းဟာ မှတ်မိလွယ်စေတယ် လို့ဆိုတယ်။ ဒီရေးဟန်ဟာ ကဗျာဆရာ တွေ အကြိုက်ဆုံးရေးဟန်ဖြစ်ပါတယ်။
- ဇော်ဇော်ထွန်း