ရတုရဲ့ အပိုဒ်ပေါင်းများစွာ ရှိတဲ့အနက် အချပိုဒ်ကလွဲလို့ ကျန်အပိုဒ်ငယ်တိုင်းမှာ (ထောင့်တဲတွန့်ရတုမျိုးက
လွဲလို့) အက္ခရာ ၄-လုံးစီ အတိအကျ ထားရှိစေရမယ်လို့ ဆိုထားပါတယ်။ လေးလုံးစပ် လင်္ကာအတိုင်းပါပဲ။
မပေါ်လွင်တဲ့ အသံရှိတဲ့ အက္ခရာဆိုရင်တော့ ၅-လုံး ၆-လုံးလည်း ထားနိုင်ပါတယ်။ ရေတွက်တဲ့အခါမှာ
အဲဒီလိုအက္ခရာ ၂-လုံးကို ၁-လုံး၊ ၃-လုံးကို ၁-လုံး အနေနဲ့ ရေတွက်ရပါတယ်။ ချွင်းချက်အနေနဲ့ အချီပိုဒ်
မှာ ၃-လုံးချီ၊ ၅-လုံးချီ၊ ၇-လုံးချီတာတွေ ရှိကြောင်း အထက်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်တွေ့
ရခဲသလို ကဗျာအရာ တဖက်ကမ်းခတ်တဲ့ ပညာရှင်များသာ စပ်ဆိုကြတာမို့ ရတုကို စရေးရင်တော့ ၄-လုံး
နဲ့ပဲ ချီတာ အကောင်းဆုံးလို့ အကြံပြုချင်ပါတယ်။ အချပိုဒ်တိုင်းမှာတော့ အက္ခရာ ၇-လုံး၊ ၈-လုံး၊ ၉-လုံး၊
၁၁-လုံး၊ ၁၅-လုံး၊ ၁၉-လုံး၊ ၂၅-လုံး၊ ၃၅-လုံး တခုခုသာ ထားရပါမယ်။ ဒီ့ထက်ပိုလို့ လျော့လို့ မထားသင့်ပါ
ဘူး။ ဒီ ချနည်းတွေအကြောင်းကို “(၄) အချီအချအားဖြင့်” အခန်းငယ်မှာ အသေးစိတ် ဖော်ပြပြီး ဖြစ်ပါ
တယ်။
(၆) အစပ်ကာရန်အားဖြင့်
အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ အစပ်ကာရန်အနေနဲ့ဆိုရင် အစပ် ၆-ပါး ရှိတဲ့အနက် (‘၄-၃-၂’
လို့ခေါ်တဲ့) သတ်စေ့နှက်သုံးချက်ညီ စပ်နည်းနဲ့ စပ်တာဟာ အကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။
ဒါပေမဲ့ ဦးတိုက်၊ ထိပ်ချင်းထပ် စတဲ့ တခြား လင်္ကာစပ်နည်းတွေနဲ့လည်း စပ်နိုင်ပါတယ်။ မြန်မာကဗျာ
ဆိုတာ ဂျို(ချို)နဲ့လား (၃) - အစပ်၊ အဟပ် မှာ အစပ် (၆)ပါးအကြောင်းကို အသေးစိတ် ပြန်ကြည့်နိုင်
ပါတယ်။ ရတုမှာ ကာရန်လွတ်လို့ လုံးဝ (လုံးဝ) မရပါဘူး။ ဘာတွေ ဘယ်လိုပဲ မိုးပျံအောင်ရေးထားရေး
ထား ကာရန်ကိုက်အောင် မစပ်နိုင်ရင် ရတုရဲ့ အင်္ဂါပျက်ပါတယ်။ ရတုလို့ ခေါ်လို့ကို မရဘူး ဆိုတာ
သတိပြုကြစေလိုပါတယ်။
(၇) လေပြင်းလေလျော့ (ဂရု၊ လဟု) အားဖြင့်
ပျို့၊ ကဗျာ၊ လင်္ကာ၊ သီချင်း တွေကို ရေးစပ်သီကုံးတဲ့နေရာမှာဖြစ်ဖြစ် ရွတ်ဖတ်သီဆိုတဲ့နေရာမှာဖြစ်ဖြစ်
၊ လေပြင်း လေလျော့ (အသံ) ဟာ အလွန်အရေးကြီးတဲ့ အဓိက အချက်ကြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါဟာ ကဗျာတိုင်းမှာ အလွန်အရေးကြီး ပါတယ်။ ကဗျာရဲ့ Rhythm လို့ ခေါ်ပါတယ်။ ကာရန်ထက်တောင်
ပိုပြီး အရေးကြီးတယ်လို့ ယူဆနိုင်ပါတယ် (ဒါပေမဲ့ ရတုမှာတော့ ကာရန်လည်း မှားလို့ လုံးဝ [လုံးဝ] မရ
ပါဘူး)။ လေယူလေထား (အသံ) မှားရင် ကဗျာတပုဒ်ဟာ ချောချောမွေ့မွေ့ မရှိဘဲ ထောက်နေ တာကို တွေ့ရပါလိမ့်မယ်။ နန္ဒမာလိနီကျမ်းအလိုအရ ပြောရရင် လေးလုံး တပိုဒ် ထားပြီး ရေးသားရတဲ့ ရတုမှာတော့ မ-ပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာ မှာ အာ-အီ-အူ စတဲ့ လေလျော့သံအက္ခရာ (ဂရုသံ) တို့ကိုသာ
ထားရှိရပါမယ်။ တကယ်လို့ လေပြင်းသံ (လဟုသံ) ထားမိရင်လည်း လေလျော့လိုသာ (အသံမဖြတ်ဘဲ၊
မချဘဲ) သီဆိုရပါမယ်။ စုံပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာမှာတော့ အား-အီး-အူး စတဲ့ လေပြင်းသံ အက္ခရာ
(လဟုသံ) တို့ကိုသာ ထားရှိရပါမယ်။ လေလျော့သံ ထားမိရင်လည်း လေပြင်းသံလိုသာ (အသံဖြတ်ပြီး၊
ချပြီး) သီဆိုရပါမယ်။
ဥပမာ ..
မဲဇာတောင် ခြေ၊ (ဂရု)
စီးတွေတွေ တည့်၊ (လဟု)
မြစ်ရေဝန်း လည်၊ (ဂရု)
မြိုင်တောစည် က၊ (လဟု)
ရွှေပြည်ကို သာ၊ (ဂရု)
စသဖြင့် လေပြင်း လေလျော့ တကျော့စီ ရေးစပ်ရမယ်လို့ နန္ဒမာလိနီကျမ်းက ဆိုထားပါတယ်။ အဲဒီလိုမှ
မဟုတ်ရင် အက္ခရာကာရန် ဘယ်လောက်မှန်မှန် သီဆိုတဲ့အခါ စည်းဝါး မကိုက်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့
ရတုတိုင်းကတော့ ဒီလို အတိအကျကြီး ရေးဖွဲ့ထားတာမျိုး မဟုတ်ပါဘူး။ သဘောတရားကို ဆိုလိုတာပါ။
အရေးကြီးတဲ့အချက်က အသံမထောက်ဘဲ ပြေပြေပြစ်ပြစ်လေး ဖြစ်အောင်၊ တူရိယာတခုခုနဲ့သီဆိုတဲ့အခါ
ရွတ်ဆိုတဲ့အခါ ချောချောမွေ့မွေ့ ဖြစ်အောင် ရေးဖွဲ့ဖို့ပါပဲ။ အဆုံးသတ်အသံတွေသာမက ယူထားတဲ့
ကာရန်တွေနဲ့ တခြားစကားလုံးတွေကိုလည်း အဲဒီလို ဂရုသံ နဲ့ လဟုသံ တလှည့်စီ အလိုက်သင့်ဖြစ်အောင် တတ်နိုင်သမျှ ရေးဖွဲ့သင့်ပါတယ်။ ဒါဆိုရင် အသံက တက်လိုက် ကျလိုက်နဲ့ ပြေပြစ်ပါ တယ်။
(၈) အပြစ်ဒေါသအားဖြင့်
ပဓာနဖြစ်တဲ့ အစပ်ကာရန်တွေမှာ ဝက်နင်း နဲ့ ခွာထောက် အပြစ်တို့ကို ရှောင်ကြဉ် ရေးသားရမယ်လို့
ဆိုထားပါတယ်။ ဝက်နင်းနဲ့ ခွာထောက်အပြစ်တွေအကြောင်း ခဏခဏ ပြောထားပေမဲ့ ထပ်ပြောပါဦး
မယ်။ ဝက်နင်းဆိုတာက ... ကာရန်နှစ်ချက်ကို အဓိပ္ပာယ်တူတဲ့ စကားလုံးအတူတူ ဆက်တိုက်ယူထား
တာမျိုးကို ခေါ်ပါတယ်။ ဥပမာ ပြရရင် ...
နန္ဒကဗျာ၊ ကျမ်းကဗျာ၊ သညာ ကြိုင်သင်းထုံ။
အဲဒီစာပိုဒ်က (ဗျာ - ဗျာ - ညာ) ကာရန် ၃-ချက်မှာ အရှေ့ ၂-လုံးဆက်တိုက် အသံတူ စာလုံးတူ စပ်ဆို
ထားတာမျိုးဟာ ဝက်နင်းဒေါသ သင့်ပါတယ်။ ဒီနေရာမှာ ခွဲထားကာရန်တွေနဲ့ ဆိုရင်တော့ သုံးလို့ရပါ
တယ်။ သဘောက အသံတူပေမဲ့ အဓိပ္ပာယ် မတူရင် ဝက်နင်း မသင့်ပါဘူး။
ခွာထောက်ဆိုတာကတော့ ဝက်နင်းလို ကပ်လျက်ဆက်တိုက် ကာရန်ယူတာမဟုတ်ဘဲ တလုံးခြားပြီး
ယူထားတဲ့ ကာရန်ကို ဆိုလိုပါတယ်။ ဥပမာ ... နန္ဒကဗျာ၊ ဤကျမ်းစာ၊ ကဗျာ ဖွဲ့နည်းစုံ။ ဒီမှာတော့
တလုံးကျော် ထပ်တူညီ ဖွဲ့ဆိုထားတာကြောင့် ခွာထောက် ဒေါသသင့် ပါတယ်။ (ခွထောက်) လို့
လည်း ခေါ်ပါတယ်။ ဒီလို ဝက်နင်းနဲ့ ခွာထောက်စပ်ခြင်းမျိုးကို ကို မစပ်သင့်ဘူးလို့ ဆိုထားပါတယ်။
ဒါက ရတုမှာတွင်မကဘဲ ကဗျာလင်္ကာအားလုံးနဲ့ အကျုံးဝင်တဲ့ အပြစ်ဒေါသတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဥပဒေသ (၈) ပါးကို နန္ဒမာလိနီ ကျမ်းပြုဆရာ ဦးထွန်းရွှေက ဥပဒေသ ဆောင်ပုဒ် ဧကပိုဒ်ရတုလေး ရေးဖွဲ့ထားပါတယ်။
နန္ဒမေဓာ၊ ထေရ်ဆရာက၊
သေချာစီမှု၊ ရေးဖွေပြုပိမ့်၊
ရတုကဗျာ၊ ဖွဲ့ဆိုပါက၊
အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်၊
ပိုဒ်သုံးတည်ပြန်၊ ထပ်ကာရန်၌၊
သတ်မှန်ရှာမှီး၊ သုံးချက်နည်းဖြင့်၊
အပြီးပုံသေ၊ စပ်မြဲပေတည့်၊
သို့လေတမင့်၊ ဆင်မသင့်၍၊
အခွင့်မသာ၊ ယင်းအခါ၌၊
ကြွင်းရာစပ်ထုံး၊ ရံခါသုံး၏၊
သီကုံးဖတ်ရန်၊ ပိုဒ်သုံးတန်မှ၊
ပြင်းထန်နိမ့်လျော့၊ ပြန်လှန်ကျော့၍၊
လေးပေါ့သံသာ၊ စီကုံးရှာသည်၊
ဘယ်ညာ ပြောင်းလှည့် စပ်မြဲတည်း။
ဒီဥပဒေသ ဆောင်ပုဒ်မှာ (အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်) လို့ဆိုထားပြီး “အက္ခရာလေးလုံး” ဆိုတဲ့
စာပိုဒ်မှာ ၅-လုံးဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒီနေရာမှာ အသံကို ယူရပါတယ်။ အက္ခရာ (အက်ခရာ) ဆိုတဲ့ စကားလုံးမှာ ခ-သံဟာ ထင်ရှားပေါ်လွင်ခြင်း မရှိတာကြောင့် စာလုံးအားဖြင့်
၃-လုံးဖြစ်ပေမဲ့ အသံအားဖြင့် ၂-သံ [အက် (၁) + ခရာ (၁) = ၂-သံ] တနည်းအားဖြင့် စာလုံး ၂-
လုံး အနေနဲ့သာ ယူရပါ မယ်။ အဲဒီလို ပေါ်လွင်ထင်ရှားခြင်း မရှိတဲ့အသံတွေက မတြာဝက်ပဲ ရှိတဲ့
အသံတွေဖြစ်ပါတယ်။ ဥပမာ - ပဓာန၊ သင်္ဂဟ၊ အစရှိတဲ့ စကားလုံးတွေမှာ (ပ)၊ (ဂ) ဆိုတဲ့ အသံတွေ
ဟာ မတြာဝက်-သံ တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသံနှစ်သံ၊ စာလုံးနှစ်လုံးအဖြစ်ပဲ ယူဆရပါမယ်။
ရတုအမျိုးအစားတွေအကြောင်း ဥပမာများနဲ့ ဆက်လက်ဖော်ပြသွားပါမယ်။
- ဟယ်ရီလွင်