အစပ်၊ အဟပ်
အနီးအနားမှာရှိတဲ့ ပုဒ်ခြင်း၊ အသံခြင်း တွဲယူတာကို အစပ် လို့
ခေါ်ပြီး အဝေးမှာရှိတဲ့ ပုဒ်ချင်း၊ အသံချင်း စပ်အောင် 'ဟပ်' ယူရတာကို အဟပ်
လို့ခေါ်ပါတယ်။ ကာရန်စပ်နည်း အစပ် (၆) ပါး ရှိပါတယ်။ အဲဒါတွေကတော့
(၁) သတ်စေ့နှက်
သုံးချက်ညီ စပ်နည်း
(၂) ထိပ်ချင်းထပ် စပ်နည်း
(၃) ဦးတိုက် (ထိပ်ချင်းတိုက်)
စပ်နည်း
(၄) ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
(၅) ဘီလူးရယ် စပ်နည်း
(၆)
ချိန်ခွင်လျှာ စပ်နည်း တို့ဖြစ်ပါတယ်။
သတ်စေ့နှက် သုံးချက်ညီ စပ်နည်း
အသုံးအများဆုံးနဲ့ အဓိက အသုံးစွဲဆုံးစပ်နည်းဖြစ်ပါတယ်။ ဒီစပ်နည်းကို လေး-သုံး-နှစ်
လို့လဲ အတို ခေါ်ကြပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး)
ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက်၊ ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်နဲ့
တတိယပိုဒ်ရဲ့ နှစ်လုံးမြောက်စာလုံးတွေဟာ ကာရန်ညီရပါမယ်။ အဲဒီနောက် တတိယပိုဒ်ရဲ့
လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ
ရဲ့ မဲဇာတောင်ခြေ ရတုထဲက ထုတ်နှုတ်ပြထားတဲ့ အောက် အပိုဒ်မှာကြည့်ပါ။
မဲဇာတောင် ခြေ -
- - +
စီးထွေထွေတည်း - - + -
မြစ်ရေ၀န်းလည် - + - x
မြိုင်တောစည်က - - x -
ရွှေပြည်ကိုသာ - x - -
ဒီလို စို့နှက် သတ်ပင်း သလို သုံးပိုဒ်လုံး
ကာရန်တူအောင်စပ်ထားတဲ့အတွက် ဒီစပ်နည်းကို (၁) သတ်စေ့နှက် စပ်နည်း၊ (၂) သုံးချက်ညီ
စပ်နည်း (၃) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း၊ (၄) သုံးချက်ညီ နဘေစပ်နည်း (၅)
မန်ကျည်းရွက်ထပ် စပ်နည်း ဆိုပြီး ခေါ်ကြပါတယ်။ ဒီနည်းကို လေးလုံးစပ်ဖြစ်တဲ့ လင်္ကာ၊
ရတု၊ ပျို့၊ ဧချင်း၊ သံပိုင်း၊ သမိုင်း စတာတွေမှာ စပ်ကြပါတယ်။ ဒါကတော့
ကဗျာဖွဲ့နည်းနိသျည်း စာအုပ်မှာပါတဲ့အတိုင်းရေးထားတာပါ။ ကဗျာစွယ်စုံကျမ်း ထဲမှာတော့
ဒီစပ်နည်းကို ပထမစပ်နည်းလို့ ခေါ်ပါတယ်။ ပထမစပ်နည်းမှာ နှစ်နည်းထပ်ခွဲထားပါတယ်။
အခုပြခဲ့တဲ့နည်းကို 'သုံးချက်ညီစပ်နည်း'၊ 'လွှာချင်းသံသုံးချက်ညီ စပ်နည်း' လို့
ရှေးပညာရှိတို့ ခေါ်ဝေါ်ခဲ့ကြောင်း ရေးထားပါတယ်။ ဒါ့အပြင် နောက်တနည်းအနေနဲ့ ပထမ၊
ဒုတိယနဲ့ တတိယ သုံးပိုဒ်လုံးကို နှစ်လုံးစီ နဘေပြန်ထပ်တဲ့နည်း ကိုပြထားပါတယ်။
အောက်ကပုံစံကိုကြည့်ပါ။
ချုံး ရိုက် ချုံး ရိုက် - - x +
ဘုန်းမကိုက်ဟု x - + -
သုံးတိုက်သျှောင်ဆင့် x + - -
အကြွင်းထားပေ - - x +
စကားနေသော် - x + -
ကြားလေသသူ
x + - -
ကျင့်ဟောင်းရှေးတု - - x +
အလေးပြုမှ - x + -
အေးသုကာရီ x + - -
ဒါလောက်ဆိုရင် မြင်သာပြီလို့ထင်ပါတယ်။ ဒီနည်းကိုမှ 'မကျည်းရွက်ထပ် စပ်နည်း'၊
'သုံးချက်ညီနဘေ စပ်နည်း'၊ 'သတ်စေ့နှက်သုံးချက်ညီ စပ်နည်း' ရယ်လို့ခေါ်တယ်လို့
ကဗျာစွယ်စုံကျမ်းက ဆိုပါတယ်။ ဒီ စပ်နည်းမှာ 'x' တွေဟာ တပိုဒ်နဲ့တပိုဒ် လင်္ကာသွား
အကူးအပြောင်းအထူးပြေပြစ်စေရန် ကာရန်ယူအပ်တဲ့ ''၀မ်းတွင်းကာရန်'' အက္ခရာတွေလို့
မှတ်ယူ ရပါမယ်။ '+' တွေကိုသာ တပိုဒ်နဲ့တပိုဒ် အစပ်အသံ မှန်ကန် ညီညွတ်အောင်
လိုရင်းအနေနဲ့ ကာရန်ယူရမယ့် ''ပဓါနကာရန်'' အက္ခရာတွေလို့ မှတ်ယူရပါမယ်။ ဥပမာဆိုရင်
(ရှေးတု၊ လေးပြု၊ အေးသု) ဆိုတဲ့နေရာမှာ ပဓါနကာရန်က တု၊ ပြု၊ သု ဖြစ်ပါတယ်။ ဒီတော့
ပဓါနကာရန်ကတော့ လေး-သုံး-နှစ် ပဲဖြစ်ပါတယ်။ (ရှေး-လေး-အေး) ဆိုတာက
ဝမ်းတွင်းကာရန်ဖြစ်ပါတယ်။ ၀မ်းတွင်းကာရန်က ယူရင် ပိုကောင်းပါတယ်။ ဒါပေမယ့်
မယူမဖြစ်ယူရမယ်ရယ်လို့ စည်းမျဉ်းဥပဒေသ မရှိပါဘူး။ ပဓါနကာရန်ကိုသာ မှန်ကန်အောင်
ယူရမှာ ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပထမဆုံးပြခဲ့တဲ့ လေး-သုံး-နှစ် စပ်နည်းဟာ
လုံးဝအမှားအယွင်းကင်း တဲ့အတွက် စိတ်ချ ယုံကြည်စွာစပ်နိုင်ပါတယ်။ ဒုတိယနည်းကတော့
ပိုလှပါတယ်။ တတ်နိုင်လို့ စပ်မယ်ဆိုရင်တော့ အကောင်းဆုံး ပါဘဲ။
ထိပ်ချင်းထပ်
စပ်နည်း
ဒီစပ်နည်းကို လေး-သုံး-တစ် လို့လဲ အတို ခေါ်ကြပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင်
လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက်၊
ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်နဲ့ တတိယပိုဒ်ရဲ့ ပထမ စာလုံးတွေဟာ ကာရန်ညီရပါမယ်။
အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ်
သွားရပါတယ်။ ဒီစပ်နည်းမှာ တတိယအပိုဒ်ရဲ့ ပထမ အက္ခရာ ကို ဒုတိယပိုဒ်ရဲ့
သုံးလုံးမြောက်အက္ခရာနဲ့ ကာရန်ကိုက်အောင် ထိပ်ချင်းထပ်ပြီး စပ်ဟပ်ရပါတယ်။
ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့
အောက်အပိုဒ်မှာကြည့်ပါ။
ပင်လယ်ခြားရာ - - - +
ခရီးကွာသို့ - - + -
မှာလည်းမကြား +
- - -
ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ ဒုတိယစပ်နည်းဆိုပြီး ပြထားပါတယ်။
ဦးတိုက်
(ထိပ်ချင်းတိုက်) စပ်နည်း
ဒီစပ်နည်းကို လေး-တစ် လို့လဲ အတို မှတ်လို့ရပါတယ်။ ဒီ
စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့
လေးလုံးမြောက် အဆုံးစာလုံးနဲ့ ဒုတိယပိုဒ်ရဲ့ ပထမ အစ စာလုံးတွေကို ကာရန်ညီအောင်
ဦးခေါင်းချင်းထိပ်တိုက် စပ်တဲ့အတွက်ကြောင့် ဦးတိုက်စပ်နည်း လို့ ခေါ်ပါတယ်။
ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့
အောက်အပိုဒ်မှာကြည့်ပါ။
မှာလည်းမကြား - - - +
သွားလည်းမသင့် + - - -
လက်ဝဲသုန္ဒရ
ရဲ့ အထက်ပါရတုပိုဒ်က စပ်ပုံမျိုးကို ရှေးဆရာတွေက ထိပ်ချင်းခတ်၊ ထိပ်ချင်းတိုက်
လို့လဲ ခေါ်ခဲ့ကြပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ စတုတ္ထ စပ်နည်းဆိုပြီး
ပြထားပါတယ်။
ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
ဒီစပ်နည်းကို လေး-နှစ် လို့လဲ
အတို မှတ်လို့ရပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး)
ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက် အဆုံးစာလုံးနဲ့ ဒုတိယပိုဒ်ရဲ့ ဒုတိယ
စာလုံးတွေကို ကာရန်ညီအောင် ထိပ်ချင်းချွတ်လွှဲပြီး စပ်တဲ့အတွက်ကြောင့်
ထိပ်ချင်းချွတ်စပ်နည်း လို့ ခေါ်ပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ
ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။
သည်သို့စေတီ - - - +
သည်ဆီရွှေနန်း - + - -
ကိုးခန်းပျို့ ခေါ် စတုဓမ္မသာရပျို့မှာ 'အဖန်ဖန်လျှင်၊
တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊
တတွယ်တာတာ၊ တဟာလှိုက်လှိုက်၊ တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တ၀မ်းလျားလျား၊ ...'
ဆိုပြီး ဒီနည်းအတိုင်းစပ်ထားပါတယ်။ ရှေးဆရာတွေက ဒီစပ်နည်း ကို ရထားပြေးစပ်နည်း၊
ရှင်မဟာရဋ္ဌသာရ စပ်နည်း ဆိုပြီးလည်း ခေါ်ခဲ့ကြပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ
တတိယစပ်နည်း ဆိုပြီး ပြထားပါတယ်။
ဘီလူးရယ် စပ်နည်း
ဒီစပ်နည်းက နည်းနည်းဆန်းပါတယ်။
လေး-သုံး-နှစ် ကိုအခြေခံထားပြီး ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ကို လေး-သုံး ကာရန်ယူထားပါတယ်။
တစ်ခါ အဲဒီဒုတိယပိုဒ် ရဲ့ လေးလုံးမြောက် ကို တတိယအပိုဒ်ရဲ့ တစ် (သို့) နှစ် (သို့)
သုံး လုံးမြောက်စာလုံးနဲ့ ကာရန်ပြန်ယူပါတယ်။ ဒီတော့ ဒီစပ်နည်းနဲ့ ရေးရင် အတို
ကောက်အနေနဲ့ လေး-သုံးလေး-တစ်၊ လေး-သုံးလေး-နှစ်၊ လေး-သုံးလေး-သုံး ဆိုပြီး ပုံစံ
သုံးမျိုးနဲ့ ရေးလို့ရပါတယ်။ ဥမ္မာဒန္တီ ပျို့ ကနေထုတ်နှုတ်ပြထားတဲ့ အောက်က
ပုံစံတွေမှာကြည့်ပါ။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ်
စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတုထဲက
ထုတ်နှုတ်ပြထားတဲ့ အောက် အပိုဒ်မှာကြည့်ပါ။
မည်သာတွင်ညီ - - - + (လေး)
ဘရဏီက - - +
x (သုံး လေး)
စ၍နှိုင်းချိန် x - - - (တစ်)
အညောင်းခံငြား - - - + (လေး)
ခရီးသွားလျှင် - - + x (သုံး လေး)
သစ်ပင်ထက်ဝှန် - x - - (နှစ်)
ကိုယ်နှင့်တော်စွာ
- - - + (လေး)
မယ် ဥမ္မာ ၌ - - + x (သုံး လေး)
မယ်နှင့်လိုက်အောင် - - x - (သုံး)
ဒီ
စပ်နည်းက ပုံမှန်ကာရန်စပ်နည်းတွေလိုမဟုတ်ဘဲ ဒုတိယပိုဒ်ရောက်တာနဲ့ အဲဒီအပိုဒ်ကနေ
စာလုံး အသစ်တစ်လုံးကို ကာရန်အသစ်ပြန်စယူ တာမို့ မူလကာရန်စပ်နည်းတွေကို
ဝင်နှောက်ယှက်ပြီး စပ်ဘက် တဲ့အတွက် ဘီလူးရယ်သံလို အနှောက်အယှက်ပေးတတ်တဲ့ ပုံစံ
ဖြစ်နေလို့ ဘီလူးရယ် လို့ခေါ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီစပ်နည်းဟာ
ကိုယ်ပိုင်သီးသန့်ရပ်တည် နေတာ မဟုတ်ဘဲ တခြားစပ်နည်းတစ်ခုခု (အပေါ်ပုံစံ
တွေမှာဆိုရင် သတ်စေ့နှက်သုံးချက်ညီ) ကို မှီတွယ်ပြီးမှ ဖြစ်ပေါ် လာနိုင်ပါတယ်။
ဒီနည်းကို ကဗျာစွယ်စုံကျမ်း ထဲမှာ ပဉ္စမ စပ်နည်းဆိုပြီး ပြထားပါတယ်။ တစ်ခါ
သာဓိနပျို့လာ ပုံစံမှာတော့ ထိပ်ချင်းချွတ်စပ်နည်းကို မှီခိုပြီး
ပုံစံသစ်တမျိုးထွင်ပြီးစပ်တာကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။
ရေပြွန်လျှမ်းလျှမ်း - - - + (လေး)
ရေချမ်းစဉ်လျက် - + x - (နှစ် သုံး)
ဘောဇဉ်မွှေးကြူ - x - - (နှစ်)
ဒီပုံစံမှာတော့ လေး-နှစ်သုံး-နှစ် ဆိုပြီး ကာရန်ယူထားတာ
တွေ့ရမှာပါ။ ဒီနည်းကိုတော့ ကဗျာစွယ်စုံကျမ်းထဲမှာ ဆဋ္ဌမ စပ်နည်းဆိုပြီး ပြထားပါတယ်။
ချိန်ခွင်လျှာ စပ်နည်း
ဒီစပ်နည်းကတော့ မေတ္တာစာ၊ ရကန် စတဲ့ကဗျာမျိုးတွေမှာသာ
စပ်ထားတာကို တွေ့ရပါမယ်။ ဒီကဗျာမျိုး တွေအတွက် အဓိကသုံးတဲ့နည်းပါ။ ကာရန်အနေအထားကလဲ
ခွပြီးယူထားတော့ နည်းနည်း ဆန်းနေပါတယ်။ စပ်တဲ့နေရာမှာ ပထမပိုဒ်နဲ့ တတိယပိုဒ်ကို
ကာရန်ယူထားပါတယ်။ အလယ်က ဒုတိယပိုဒ်ကိုတော့ ပထမပိုဒ်နဲ့ တတိယပိုဒ်ရဲ့ ကာရန်တွေနဲ့
လုံးဝမတူတဲ့ ကာရန်သစ်တစ်ခုနဲ့ အလယ်ဗဟိုမှာ ချိန်ခွင်လျှာလို
ထီးထီးမတ်မတ်ရပ်တည်နေစေအောင် စပ်ဆိုထားလို့ ချိန်ခွင်လျှာစပ်နည်း လို့
ခေါ်တယ်ရယ်လို့ ကဗျာဖွဲ့နည်း နိသျည်းထဲမှာ ပြထားပါတယ်။ အောက်ကပုံစံတွေကို ကြည့်ပါ။
လျှောက်မည်စုံအင် - - - + (လေး)
စစ်ပင်ကိုင်းကြောင့် -(+) *- (နှစ် သုံး)
စစ်ကိုင်းတွင်မည် - * + - သုံး
အပေါ်က သခင်ကြီးရဲ့ ဧးချင်းသံပေါက်မှာ ပထမပိုဒ်ရဲ့
လေးလုံးမြောက် 'အင်' ကာရန်ကို တတိယအပိုဒ်ရဲ့ သုံးလုံးမြောက် 'တွင်' ကာရန်နဲ့
တပိုဒ်ကျော် လေး-သုံး ယူထားပါတယ်။ ဒီနေရာမှာဒုတိယပိုဒ်ရဲ့ နှစ်လုံး မြောက် 'ပင်'
ကာရန်ဟာ တိုက်ဆိုင်မှုလို့သာဆိုရပါမယ်။ ကာရန်တူရန်မလိုအပ်ဘူးလို့ နားလည်ပါတယ်။
ဒါပေမယ့် ဒုတိယပိုဒ်နဲ့ တတိယပိုဒ်ကိုတော့ ဒုတိယပိုဒ်က 'ကိုင်း' ကာရန်ကို ငဲ့ပြီး
တတိယ ပိုဒ်မှာ 'ကိုင်း' ကာရန်တစ်လုံး အနည်းငယ်ပြန်ငဲ့ထားပြီး ကာရန်အသစ်ယူထားတာပါ။
နောက်ပုံစံတစ်ခု ကို ထပ်ကြည့်ပါ။
စုံနံ့သာမြိုင် - - - + (လေး)
ရဂုံတွင်း - * * -
(နှစ်သုံး)
ထုံသင်းငယ်ကြိုင် * * - + (တစ်နှစ်)လေး
ဒီစာမှာတော့ မြိုင်-ကြိုင် ကို
ကာရန်တူထားပြီး 'ရဂုံတွင်း' ကို ကာရန်ငဲ့တဲ့ 'ထုံသင်း' ဆိုပြီး သီးခြား
ကာရန်သစ်တစ်ခု ပြန်ယူထားပါတယ်။ ဒါကြောင့်ဒီစပ်နည်းမှာ အလယ်ပိုဒ်ရဲ့ကာရန်ဟာ
ချိန်ခွင်လျှာလိုတည်ရှိပြီး သူနဲ့ စပ်ဘက်ရမယ့် သီးခြား ကာရန် မရှိတဲ့အတွက်
ကာရန်ဦးပြည်း (ကာရန်ကတုံး)၊ ကာရန်အထီးကျန်လို့ ခေါ်ပါတယ်တဲ့။
ဒီနည်းကိုတော့
ကဗျာစွယ်စုံကျမ်းထဲမှာပါတဲ့အတိုင်းဖေါ်ပြရရင် - 'ချိန်ခွင်လျှာစပ်နည်းဆိုသည်မှာ
ချိန်ခွင်လျှာသည် အလယ်ဗဟိုတွင် တည့်တည့်မတ်မတ် နေသကဲ့သို့ ကာရန်သုံးပိုဒ်တို့တွင်
အလယ်ချက်ဖြစ်သောကာရန်သည် ရှေ့နောက်ဝဲယာ မလိုက်ပါဘဲ စပ်ထားသောနည်းမျိုးဖြစ်သည်'
လို့ ဆိုထားပါတယ်။ ဆက်ပြီးပြထားတဲ့ ဥပမာကတော့ ... ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင်
မည်လျှင်မတိမ်၊ ကုက္ကိုထိန်ဟု၊ ချုပ်ငြိမ်သာယာ .... လို့စပ်ဆိုရာမှာ (တိမ်) (ထိန်)
(ငြိမ်) ကာရန်သုံးပိုဒ် မှာ ပညတ်သံဖြစ်တဲ့ (န်)ဟာ ပရမတ်သံဖြစ်တဲ့ (မ်)
နှစ်ချက်ဖက်ကို မလိုက်ပါဘဲ အလယ်တည့်တည့်မှာ စပ်ဆိုထားတဲ့အတွက်
ချိန်ခွင်လျှာစပ်နည်းမည်တယ် လို့ပြထားပါတယ်။ ဒါပေမယ့် ဒီနည်းမျိုးဟာ ကဗျာ
ပညာဂုဏ်နဲ့အလွန်ပြည့်စုံပြီးဖြစ်တဲ့စာရေးဆရာကြီးတွေ ရေးစပ်ရာမှာ ထေးဖါရန်
စပ်နည်းမျှသာ ဖြစ်လို့ သာမာန်ကဗျာဆရာများ မရေးအပ်လို့လဲ ဆိုထားပါတယ်။ ဒါ့အပြင် ပထမ
ကနေ ဆဋ္ဌမ စပ်နည်းအထိ စပ်နည်း (၆)မျိုးထဲမှာမပါဘဲ ရှေးပညာရှိအဆက်ဆက်တို့
ပယ်ဖျက်သုတ်သင်ခဲ့ကြပြီးဖြစ်တဲ့ အစပ် (၆)ပါး ထဲမှာသာ ပါဝင်နေတာမို့ ဒီစပ်နည်းကို
ရှောင်ကြဉ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။ အတိုချုပ်မှတ်ရ လွယ်အောင်
ဇယားနဲ့ဖေါ်ပြလိုက်ပါတယ်။
အခုဖေါ်ပြခဲ့တဲ့ စပ်နည်း(၆)ပါးကို
လေးလုံးစပ်ကဗျာလင်္ကာတွေထဲမှာ တနည်းထဲဖြစ်ဖြစ်၊ နှစ်နည်း၊ သုံးနည်း မက သင့်တော်သလို
ရောနှောပြီးဖြစ်ဖြစ် စပ်နိုင်ပါတယ်။ ဘယ်နှစ်နည်းနဲ့ စပ်ရမယ်လို့ ဥပဒေသ အကန့်အသတ်
မရှိပါဘူး။ ဒါပေမယ့် သတ်စေ့နှက် သုံးချက်ညီ စပ်နည်း ကို အကောင်းဆုံးလို့သတ်မှတ်ပြီး
ကျန်နည်းတွေကိုတော့ မတတ်သာမှ ဖြစ်စေ၊ ကာရန်အထူးစပ်ချင်တဲ့အခါမှသာဖြစ်စေ
သုံးသင့်တယ်လို့ ဆိုပါတယ်။ ချိန်ခွင်လျှာ စပ်နည်းကတော့ လုံးဝ မသုံးသင့်ပါ။ ပုံမှန်
ကာရန်ယူပုံ အစပ်ခြောက်ပါးအကြောင်းပြီးတော့ မြန်မာကဗျာမှာ အရေးကြီးလှသလို၊
အရှိန်အ၀ါ လည်းကြီးလှပြီး ကဗျာကို တောက်ပြောင်စေတဲ့ 'နဘေ' စပ်နည်းအကြောင်း ဆက်လက်
ဖေါ်ပြပါမယ်။ ဆက်ပါဦးမယ်
- ဟယ်ရီလွင်