ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

စကားပြေကဗျာ - Prose Poetry (1)

            စကားပြေကဗျာဆိုတာ ကဗျာကို စကားပြေပုံစံအတိုင်းတည်ဆောက်တာပဲဖြစ်တယ်။ ဝီကီအဘိဓါန်ရဲ့ အလိုအရတော့ ကာရန်ပိုဒ်ခွဲများအစား စကားပြေပုံစံကိုသုံး၍ တည်ဆောက်ခြင်းဖြစ်ပြီး ကဗျာရဲ့ အရည်အသွေးမြင့် ဂုဏ်သိက္ခာတွေဖြစ်တဲ့ မြင့်မားတဲ့စိတ်ကူးစိတ်သန်းနဲ့ စိတ်လှုပ်ရှား သက်ဝင်မှုတွေပါဝင်တယ်လို့ ဆိုပါတယ်။ စကားပြေကဗျာဆိုတာကလည်း ကဗျာကို တည်ဆောက်သလိုပဲ ဘာသာစကားကို မြင့်မားတဲ့စွမ်းရည်နဲ့ အာရုံစိုက်ခြင်း (emphasize its heightened attention to language) နှင့် တင်စားချက်များ အသုံးပြုခြင်း (use of metaphor) တို့လည်း အဓိကနေရာက ပါဝင်ပြန်တယ်။

စကားပြေရဲ့ဂုဏ်သိက္ခာ

ဒါ့အပြင် စကားပြေရဲ့ ဂုဏ်သိက္ခာနှစ်ရပ်လို့ ဆိုရမယ့်  (၁။) ဇာတ်ကြောင်းပြန်သဘောဖွဲ့စည်းမှု (prose’s association with narrative) (၂။) အမှန်တရားရဲ့ဖေါ်ပြနိုင်မှုဦးတည်ချက်အားမျှော်လင့်ခြင်း (the expectation of an objective presentation of truth) တို့လည်း ပါဝင်ပြန်တယ်။

စိန်ခေါ်ခြင်း
သူတို့ဆီမှာလည်း နာမည်ကျော် ဝေဖန်ရေးဆရာတွေဖြစ်တဲ့ ဂျော်နသန်မွန်ရိုး (Jonathan Monroe) နဲ့ အက်(စ်)မာဖီ (Margueritte S.Murphy) တို့က စကားပြေကဗျာဟာ ကဗျာရဲ့ဝိသေသနတွေကို လိုက်နာရမယ့်အစား စာပေသဘောတရား အစဉ်အလာတွေကို စိန်ခေါ်ခြင်းဖြစ်တယ်လို့ စွပ်စွဲတာတွေ ရှိခဲ့ပါတယ်။

အစပြုချိန် (The Endless Beginning)
 
အနောက်တိုင်းစကားပြေကဗျာဟာ ၁၉ ရာစု ပြင်သစ်ရိုးရာစာကြောင်းကာရန် (Line in Verse) ကို ဆန့်ကျင်ခြင်း အကျိုးဆက်အနေနဲ့ပေါ်ပေါက်လာရတယ်လို့ ဆိုတယ်။ အက်လက်ဇန်ဒရိုင်းကဗျာ (Alexandrine poetry) ကအစပြုလို့ အလွိုင်ဆီယပ်ဘာထရန် (Aloysius Bertrand) (Louis-Jacques-Napoléon “Aloysius” Bertrand (20 April 1807 – 29 April 1841) ဆီကို ကူးစက်တယ်။ *အက်လက်ဇန်ဒရိုင်းကဗျာ (Alexandrine Poetry) A line of poetic meter comprising 12 syllables. Alexandrines are common in the German literature of the Baroque period and in French poetry of the early modern andmodern periods.

အဲဒီနောက်မှာ စကားပြေကဗျာရဲ့ဖခင်လို့ အမေရိကန်ကဗျာအကယ်ဒမီဆိုဒ်ကတင်စားတဲ့ ဘော်ဒလဲယား (Charles Baudelaire) ဟာ စကားပြေကဗျာကို ပိုပိုသိသာအောင် လက်စွမ်းပြခဲ့ ပြီး အာသာရင်းဘိုး (Arthur Rimbaud) တို့၊ မာလာမေ (Stephane Mallarme’) တို့ဆီ ရောက်သွားတယ်။ အဲဒီနောက် မဆုံးနိုင်တဲ့ စာရင်းတွေထဲမှာ ဂက်စပတ်ဒီလာနု (Gaspard de la Nuit)၊ ပါရစ်စပရင်း (Paris Spleen) တို့အထိ ပါဝင်ကြတယ်။ ၂၀ ရာစုရဲ့ ပြင်သစ်စကားပြေကဗျာဆရာကြီးတွေစာရင်းမှာတော့ မက်(ဆ)ဂျက်ကော့၊ ဟန်နရီမစ်အော့ (Henri Michaux) နဲ့ ဖရင့်စစ်ပွန် (Francis Ponge) တို့ ထင်ရှားတယ်။ အင်္ဂလိပ်စာ ပေလောကမှာတော့ ၁၉ ရာစု အပြောင်းလဲလှုပ်ရှားမှုအနေနဲ့ အော်စကာဝိုင်း (Oscar Wilde) မှာ အထင်အရှား အသုံးပြုလာတာတွေ့ရတယ်။

            မော်ဒန်ကဗျာဆရာကြီး တီအက်စ်အဲလီယော့ (T.S.Eliot) ဟာ စကားပြေကဗျာကိုဆန့်ကျင်ခဲ့သူအဖြစ် ထင်ရှားတယ်။ ဒါပေမယ့်လည်း သူဟာ တစ်ခါနှစ်ခါလောက်တော့ စမ်းကြည့်ခဲ့ဖူးတာပေါ့။ ဝေဖန်သူတွေကတော့ ဆရာကြီးရဲ့ အမှာစာအရေးအသားဖြစ်တဲ့ ဒီဂျုနဘာနီ (Djuna Barnes) အတွက်ရေးတုန်းက စကားပြေကဗျာနဲ့ ဆင်တူတဲ့ အရေးကို တွေ့ရတယ်လို့ ဆိုတယ်။

အမေရိကန်စကားပြေ
 
           ထင်ရှားတဲ့ မော်ဒန်ဆရာကြီးတွေထဲက ဆရာမကြီးဂါထရုစတိုင်း (Gertrude Stein) နဲ့ ဝတ္ထုတိုမှာဆရာတစ်ဆူ ဖြစ်တဲ့ ရှားဝုဒ်အန်ဒါဆန် (Sherwood Anderson) တို့ဟာ အမေရိကန် စကားပြေကဗျာလောကမှာ လမ်းဖောက်သူတွေအဖြစ် ထင်ရှားတယ်။ ဒါတွေကိုရေးသား ဖေါ်ပြတာ ကျွန်တော့်မှာ အကြောင်းရှိပါတယ်။ ခင်ဗျားဟာ စကားပြေကဗျာမျိုး ရေးသားနေတဲ့ ကဗျာဆရာတစ်ဦးဆိုရင်တော့ ဘယ်ကဗျာဆရာတွေကတော့ ဒီလိုဟန်မျိုးရေးတယ်ဆိုတာ သိသင့်ပါတယ်။ တစ်ချိန်မှာစာအုပ်ဆိုင်ကြီး တစ်ဆိုင်ကို ရောက်သွားခဲ့ပြီဆိုရင် ခင်ဗျားအရင်ဆုံး ရှာဖွေရမယ့် စာရေးဆရာတွေ ခင်ဗျားနှုတ်ဖျားမှာ အဆင်သင့်ရှိနေဖို့ လိုပါလိမ့်မယ်။ တစ်ချိန်က ကျွန်တော်ဟာ ရှားဝုဒ်အန်ဒါဆန်ကိုမသိလို့ သူ့ရဲ.နာမည်ကြီး ”ဓမ္မသတ်အသစ်” A New Testament (1927)" ကိုမဝယ်ဖြစ်ပါဘူး။ ခုတော့ အဲဒီစာအုပ်ဆိုင်မှာ မရှိတော့ပါဘူး။ ရှားဝုဒ်အန်ဒါဆန်ဟာ သူ့ရဲ့အရေးအသားတွေကို ”စကားပြေကဗျာ” လို့ ခေါင်းစဉ်တပ်တာ သူသိပ်နှစ်မြို့ပုံ မပေါ်ခဲ့ဘူး။ သူ့ရဲ့ စာသားတွေဟာ စိတ်ကူးယဉ် ဝတ္ထုတိုများ (Short Fictions) လို့ ခေါင်းစဉ်တပ်တယ်။ အဲဒီအခါမှာ သူ့အရေးအသားတွေကို လျှပ်တပြတ်ဝတ္ထုတို (Flash Fictions) လို့စာပေအသိုင်းအဝိုင်းက ခေါင်းစဉ်တပ်ခဲ့တယ်။

Prose Poetry and Flash Fiction

ဒီတော့စကားပြေကဗျာ (Prose Poetry) နှင့် လျှပ်တပြတ်ဝတ္ထုတို (Flash Fiction) တို့ ဘာကွာလဲလို့ မေးလာရင် အွန်လိုင်းအဘိဓါန်တွေက ခင်ဗျားကို နှစ်ခုသော အဖြေကိုပေးပါလိမ့်မယ်။ အဲဒါတွေကတော့ -

            ၁။ သိပ်ပါးတဲ့အလွှာ (very thin)
            ၂။ တူလုနီးပါး (Almost the same)(Almost indiscernible) ပါပဲ။

စကားပြေဆိုတာ

            စကားပြေဆိုတာကို သူတို့အဓိပ္ပါယ်ပြန်ထားသလောက်ပြောကြည့်ပါ့မယ်။ ဒါတွေကတော့ ကျွန်တော့် အာဘော် မဟုတ်ပါဘူး။ ဘာကြောင့်ရှင်းပြဖို့လိုသလဲလို့မေးကောင်းမေးနိုင်ပါတယ်။ စကားပြေရေးဟန်နဲ့ ကဗျာတွေ အတော်များများ ရေးလာကြတော့ ရေးတဲ့လူတွေအတွက်အချက်အလက်ရလို့ရငြား ဝိုင်းရှာပေးတဲ့ သဘောပါပဲ။ တချို့က ဒီိလိုရှည်လျားတဲ့ စကားပြေရေးဟန်ဟာ အယ်ပီရဲ့ဟန်လို့ ထင်ကောင်းထင်နိုင်တယ်။ အဲဒီလိုဆိုရင်တော့ ငြင်းစရာမရှိပါဘူး။ အယ်ပီဆရာကြီးတွေဖြစ်တဲ့ ရွန်ဆီလီမန်တို့၊ ဆူဆန်ဟိုးတို့၊ ချားလ်ဘန်စတိုင်းတို့တွေဟာ သူတို့ကဗျာတွေအတော်များများကို ဒီလိုစကားပြေရေးဟန်တွေနဲ့ ရေးပါတယ်။
ဒါပေမယ့် စကားပြေရေးဟန်ဟာ အယ်ပီရဲ့ဂုဏ်သိက္ခာတစ်ရပ်တော့ မဟုတ်ဘူး။ Prose Poetry ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာကြာကတည်းက ရှိနှင့်နေတဲ့ အရေးအသားဖြစ်ကြောင်း ရှေ့မှာရေးပြီးခဲ့ပြီ ဖြစ်တယ်။ ဒါ့ကြောင့် စကားပြေအားလုံးဟာ အယ်ပီရေးသူများ မဟုတ်ဘူး။ ဒါပေမယ့် အယ်ပီသမား အတော်များများကိုတော့ စကားပြေကဗျာရေးသူ အမျိုးအစားထဲမှာ ထည့်လို့ရတယ်။ ဒါ့ကြောင့် အဘိဓါန်ရဲ့ Prose Poetry Writers စာရင်းထဲမှာ အယ်ပီသမား အတော်များများပါတယ်။ ဆီလီမန် (Ron Silliman) ရဲ့ ပန်းဒေသနာ (Flower Sermon) ကိုကြည့်ရင် စကားပြေကဗျာ မဟုတ်ပြန်ဘူး။ အဲဒီလိုပဲ ရောဘတ်ဂျင်းနယား (Robert Giniree) ရဲ့ ပေါ့ပါးကဗျာ (Find and Dust) တွေဟာလည်း စကားပြေနဲ့ လုံးလုံးဆန့်ကျင်နေတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုစကားပြေ ရေးဟန်ကဗျာတွေဟာ ကဗျာမဖတ်ချင်တဲ့လူတွေကိုဆွဲဆောင်ဖို့ ဖြစ်လာတယ်။ ကဲကျုပ်တို့ရဲ့ခွက်ဟာ ရေတစ်ဝက်ဖြည့်ထားတဲ့ခွက်ပါ။ တစ်ဝက်လျော့သွားတဲ့ခွက်မဟုတ်ဘူး။  ကဗျာက ဘယ်တော့မှ မသေဘူး။ (ဖုန်းထဲကို ဝင်လာတဲ့ နောက်ဆုံးမက်ဆေ့ခ်ျက”လူကြီးမင်းအလိုရှိသော ကဗျာစာအုပ်သည်  ပြည်တွင်းပံ့ပိုးသူများ (Local Suppliers) တွင် မရှိသောကြောင့် ပြည်ပ (Oversea) သို့ မှာယူပေးပါမည်” ဟူသော ”စာမျက်နှာသစ်”အမည်ရှိ စာအုပ်ဆိုင်မှဖြစ်သည်။) စကားပြေကဗျာချည်း သီးသန့်ရေးတဲ့ အွန်လိုင်း မဂ္ဂဇင်း ”Double Room” ကတော့ ၂၀၀၅ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန် အရေးသစ် "American New Writing" ဆိုတဲ့ဆိုဒ်ကတော့ စကားပြေကဗျာတွေဖေါ်ပြနေဆဲပါပဲ။

“Prose” ဒါမှမဟုတ် စကားပြေဆိုတဲ့အဓိပ္ပါယ်

Proseis ordinary language that people use in writing such as poetry, stories, book, etc ….
စကားပြေဆိုသည်မှာ လူအများက ကဗျာ၊ ဇာတ်လမ်းများ၊ စာအုပ်ထဲတို့တွင် ရေးသားနေကြသော မူလအရေးအသားပင် ဖြစ်သည်။ ကျွန်တော်တို့ နေ့တဓူဝရေးနေတဲ့ အရေးအသားဟာ စကားပြေပဲတဲ့။ ”Prose” ဆိုတဲ့ ဝေါဟာရက လက်တင်စကား "Prosa" ကနေလာပြီး အဓိပ္ပါယ်ကတော့ ”ရှေ့သို့ဖြောင့်တန်းခြင်း” ”Straightforward” ပါ။ အဓိကနှစ်မျိုးကတော့ ရှေ့မှာရေးခဲ့သလို ဇာတ်ကြောင်းပြောပုံစံ (Narrative) နဲ့
Expository Text (ခွဲခြမ်းစိတ်ဖြာမှု ဖေါ်ပြချက်များ ပါဝင်မှု) အမျိုးအစားပါပဲ။

နောက်ထပ်ပေးတဲ့အဓိပ္ပါယ်ကတော့ အတော်လေး ရှင်းပါတယ်။ မေးတဲ့သူကတော့ ကဗျာနဲ့ စကားပြေဘာကွာသလဲတဲ့။ ”What is the difference between Prose and Poetry” တဲ့။ စကားပြေဆိုတာကဗျာရဲ့ ဂုဏ်သိက္ခာများဖြင့် မဖွဲ့စည်းသော၊ အခြားတစ်နည်းဆိုသော်စကားလုံးများကို စာပိုဒ်အနေနဲ့ဖွဲ့ စည်းထားခြင်းကို ဆိုလိုသည်။ မူရင်းအရေးကတော့ Prose is not confined to poetic measures and is usually grouped into paragraphs.Prose lacks a specific rhythm or the rhymes that can be found in poetry။ စကားပြေမှာတော့ ကဗျာမှာတွေ့နိုင်တဲ့ ရိုင်း(မ)နဲ့ရစ်သမ် အတိအကျ မပါဝင်ပါဘူး ဆိုတယ်။ ဒီနေရာမှာ ”Lack” လို့သုံးထားလို့ ပါချင်လည်းပါမယ့်ပေါ့။ မပါဝင်တာ၊ ရှာမတွေ့နိုင်တာ၊ မရှိတာပဲ ဖြစ်တယ်။ ဒီနေရာမှာ ဘာကြောင့်ဒီမေးခွန်းကို မေးရသလဲဆိုတာ စဉ်းစားရမယ်။ ဒီအမေးဟာ အဓိပ္ပါယ်မတူ၊ စာလုံးမတူတဲ့ Prose နဲ့ Poetry ဘာကြောင့်ဘယ်လိုကွာသလဲလို့ မေးရတာလဲ။ အရင်ကတော့ဒီမေးခွန်းဟာ မေးစရာမလိုပါဘူး။ အခုတော့ မေးစရာလိုလာပါပြီ။ အခုခေတ်မှာ သူတို့ဆီမှာကိုက ကဗျာနဲ့စကားပြေ မကွဲတော့တဲ့ သဘော။ လွန်ခဲ့တဲ့ ၁၈ ရာစုမှာ ဒီမေးခွန်းကိုမေးရင် မေးတဲ့လူကအတော်လေး ညံ့ဖျင်းလွန်းတယ်လို့ လူတွေထင်ကြမယ်။ ဒါပေမယ့် အခုတော့ ဒီမေးခွန်းဟာ ပညာရှင်အဆင့်မေးခွန်းဖြစ်နေပြီး ဘယ်သူမှ သိပ်မရှင်းလင်းချင်ကြဘူး။ တာဝန်ကြီးသလို ပြင်ဆင်ဖို့အများကြီးလိုတယ်မဟုတ်လား။

အပျံစားစကားပြေကဗျာ

ပြင်သစ်တွေစခဲ့တဲ့ ဒီစကားပြေကဗျာကို အမေရိကန်မှာတင်မကပဲ တခြားနိုင်ငံတွေမှာလည်း ရေးကြတာပဲ။စပိန်မှာတော့ အောတာဗွီအိုပက်(ဆ) (Octayio Paz) က သူတို့အခေါ် "Aguila o Sol" တဲ့။ အင်္ဂလိပ်တွေက အဲဒါကို "Eagle or Sun" လို့ အဓိပ္ပါယ်ပြန်ပေးတယ်။ အဲဒါဝတ္ထုနာမည်ပဲ။ စပိန်ကဗျာဆရာ အိန်ဂျယ်ခရီစပို (AngleCrespo (1926.95) နဲ့ Giannina Braschi) တို့ ဒီအရေးအသားမျိုးရေးတယ်။ ၁၉၈၈ မှာ ထွက်တဲ့ (Empireof Dream,1988) ကတော့ စပိန်ပို့စ်မော်ဒန်ဆရာကြီး ဘရာစချီ (Giannina Braschi) ရဲ့ အကောင်းဆုံးစကားပြေကဗျာတဲ့။  ဂျပန်တွေကလည်း ဘာသာပြန်သူ ဒင်းနစ်ကင်း (Dennis Keene) ရဲ့ အကူအညီနဲ ဂျပန်စကားပြေကဗျာဆရာခြောက်ဦးရဲ့ အရေးအသားတွေကိုစုပြီး ”ခေတ်ပေါ်ဂျပန်စကားပြေကဗျာ ” TheModem Japanese Prose Poem ဆိုပြီးထုတ်တယ်။

ရုရှတွေကတော့ ဘယ်ကတည်းက စရေးတယ် မသိဘူး။ အန်ဒရေဝါနာ (Adrian Wanner) တို့ဘာသာပြန်တဲ့ ”စကားပြေကဗျာမှဇာတ်လမ်းမဲ့သို့” (Fromthe Prose Poem to the Anti-Story) ထွက်လာတော့ အတော်လေးရုတ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ်ဆိုပဲ ။ဂိုဂေါ (Gogol) ရဲ့ ဝိဥာဉ်သေများ (Dead Souls) ကတော့ အပျံစားစကားပြေကဗျာလို့ ပြောကြတယ်။

ရေးချင်တာကိုချရေးပါ …. ဒါပေမယ့်

နောက်ဆုံးတော့ခင်ဗျားဟာ ရေးချင်တာကို ချရေးပါ။ အားလုံးကို စာပိုဒ်တစ်ပိုဒ်ထဲကိုသွင်း ဒါမှမဟုတ် စာမျက်နှာတစ်ခုလုံး စာသားတွေ အပြည့်ရေးပါ။ ပြီးရင် ခေါင်းစဉ်တပ် ”Prose Poem”  ဒါပါပဲ။ ဒါပေမယ့်ကျွန်တော် ပြောချင်တာကတော့ ခင်ဗျားရဲ့စာမှာ အနုပညာတော့ပါ, ပါစေပေါ့ဗျာ။

ဆောင်းအတွက်မိမိကိုယ်ကိုကာကွယ်ခြင်း

ဆောင်းနဲ့ကျုပ်ဆီမှာ တစ်စုံတစ်ရာ ရှိတယ်။ အခြားသူများနှင့် ကျွန်ုတို့ တွေ့ဆုံလေတိုင်း ကျုပ်သိတာကဆောင်းမှာ ကျုပ်အတွက် တစ်စုံတရာ ရှိတယ်ဆိုတာပါပဲ။ ကျုပ်တို့ဟာ အလေ့ကျပေါက်ပင်တွေကိုနွေးအောင်လုပ်တယ်၊ သစ်ရွက်တွေကို ညှစ်လိမ်တယ်၊ လူအများစိတ်ခံစားချက်ရေအိုင်တွေကို အေးခဲစေတယ်။ ဒီလို ခွဲခြားလုပ်ဆောင်ခဲ့ပေမယ့်၊ ခံတွင်းသန့်ဆေးရည်တစ်ခုလို ပြန်လည်လန်းဆန်းအောင်လုပ်ပေးနိုင်တဲ့ တစ်စုံတစ်ဦးကိုမျှ ကျုပ်မတွေ့မိခဲ့ဘူး။ တစ်ခါတုန်းကတော့ ကျုပ်ဟာ နွေနဲ့ချိန်းတွေ့ဖြစ်ခဲ့သေးတယ်ဗျ။ နွေဟာ အရိုးရှည် နွေရာသီပင်တွေကို ဖျားယောင်းတဲ့ အပြုအမူမျိုးလုပ်တယ်။ ဒါကြောင့်ပဲ နွေရဲ့ လူတိုင်းအပေါ် ထိတွေ့မှုကို ကျုပ်မနာလိုစိတ် ဖြစ်ခဲ့တယ် ။နွေဟာ အရာတစ်ခုကို သူ့ရဲ့ အစီအစဉ်မကျတဲ့ နှုတ်ခမ်းအစုံနဲ့ နမ်းချင်သေးတယ်။ ဒါကြောင့်ပဲကျုပ်ဟာ ကလပ်ထဲက ထွက်ခဲ့တယ်။ ဘယ်သူများ အသားတွေ ရှာဖွေနေတတ်တဲ့ တစ်စုံတစ်ယောက်ကို ချစ်ချင်သေးလဲ? ဆောင်းဟာ မထိတွေ့ဘူး၊ ဒါမှမဟုတ် မနမ်းဘူး၊ ဒါမှမဟုတ် အကွက်မချဘူး။ ဆောင်းနဲ့အတူ ကျုပ်ဟာလုံခြုံတယ်။ ဟုတ်ပ ။ အံ့သြမျက်ဝန်းတွေနဲ့ ရေခဲကျောက်ဆွဲ ထိပ်ချွန်တွေကို ကျုပ်ဖမ်းယူတယ်၊ ဒါပေမယ့် ဆောင်းဆိုတာကျုပ်ပိုင်ဆိုင်တဲ့အရာ၊ မြစ်တစ်စင်းရဲ့သက်တမ်းတွေကို ကျော်လွန်၍ဆောင်းနဲ့ကျုပ်ဟာ ကျုပ်တို့ရဲ့ ဟန်းနီးမွန်းခရီးမှာ စိန်ပြေနပြေ လမ်းလျှောက်ပါလိမ့်မယ်။ သေခြင်းတရားရဲ့ ကမ်းခြေများနံဘေး၊ ငါတို့ဟာ ရေခဲကျောက်ဆစ်တွေလို ငါတို့ရဲ့ ရင်သွေးတွေနဲ့အတူလွပ်လပ်နေကြလိမ့်မယ်။ ငါတို့ရဲ့ အလင်းတွေ အရည်ပျော်သွားတဲ့နောက်၊ ငါတို့တေးဆိုခြင်းများရဲ့ပဲ့တင်သံများ၊ ခရစ်စမတ်သစ်ပင်တွေရဲ့ နှင်းစက်တွေလို၊ ကမ္ဘာမြေကြီးကိုပြည့်စုံစေမှာလေ။

-  ဂျေမားကပ်(စ်)ဝီကလီ (J.Marcus Weekly)


- ဇော်ဇော်ထွန်း