ပိုဒ်စုံ ဆိုတာက သုံးပိုဒ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ စ ဆိုတဲ့ အက္ခရာကိုနံသင့်သင်္ချာကောက်ယူရင် အင်္ဂါနံ
ဖြစ်တဲ့အတွက် ၃ ဂဏန်းအဖြစ် မှတ်ယူရမှာဖြစ်လို့ ပိုဒ်စုံ ဆိုတာ ၃-ပိုဒ် လို့ ယူဆရပါမယ်။ ရတု တွေမှာ အ
ပိုဒ်ရေ သတ်မှတ်သလိုပါပဲ။ စုံ-မ ခွဲခြားထားတာ မဟုတ်ပါဘူး။ ပိုဒ်စုံတေးထပ်ကတော့ ရိုးရိုးတေးထပ်လို
(၁၈) ပိုဒ် ပါဝင်မဲ့အစား နောက်ထပ် (၁၈) ပိုဒ်စီပါတဲ့ အပိုဒ်ကြီး နှစ်ပိုဒ် ထပ်ကျော့ပြီး စုစုပေါင်း အပိုဒ်ကြီး
သုံးပိုဒ်ရေးလိုက်တာပါ။ ဒီတော့ စုစုပေါင်း အပိုဒ်ငယ်ပေါင်း ၅၄-ပိုဒ် ပါဝင်ပါတယ်။
ကိုယ်တွင်းပြည့် တေးထပ်က ကိုယ်တွင်းပြည့် ရတုလိုပါပဲ (ကိုယ်တွင်းပြည့် ရတုကို ကြည့်ချင်ရင်တော့
ကျနော် ရေးကြည့်ဖူးတဲ့ လောကနာရီ နဲ့ ခရမ်းပြာမေ ဆိုတဲ့ကိုယ်တွင်းပြည့် ရတုနှစ်ပုဒ်ကို ပြန်ဖတ်ကြည့်နိုင်
ပါတယ်။ မှတ်ချက် - ကြော်ငြာဝင်ခြင်းမဟုတ်ပါ) ... ပထမ အပိုဒ်ကြီးမှာ ရှိသမျှ စကားလုံးအားလုံးကို
ဒုတိယ နဲ့ တတိယ အပိုဒ်ကြီးမှာ နဘေ အပြည့် ထပ်ပြီး ရေးရတာမို့ အရမ်းကို ခက်ပါတယ်။ နမူနာအနေနဲ့
ကဗျာစွယ်စုံကျမ်းကြီးထဲက ခန်းတော်ဝင် မနောဟရီ အိပ်မက်ဖွဲ့ ဆိုတဲ့ ကိုယ်တွင်းပြည့်ပိုဒ်စုံ တေးထပ်ကို
ဖော်ပြလိုက်ပါတယ်။
ခန်းတော်ဝင် မနောဟရီ အိပ်မက်ဖွဲ့
(၁)
ရွှေနံ့သာ ထုံကာသ၊ စုံစွာပ စီခြယ်၊
ဖုံဇာမြ ကတီလယ်မှာ၊ မဒီမယ် စက်မြန်း၊
မြင်မက်တဲ့ သုပိန္နံ၊ မှုကြိမ်ဖန် တွေ့ပေါ့တခန်း။
ချစ်သူနှင့် တွေ့ကာယှဉ်၊ မွေ့ရာတွင် ဖက်ယမ်း။
ငွေ့ဇာသင် တက်လှမ်းလို့၊ တသက်တန်း ကြံကာ၊
အုံးတော်ကို ယောင်ကာဖက်၊ တောင်ညာရှက် ရှက်ရလေတာ။
မေချစ်တဲ့ ကိုဒေဝါရယ်၊ ပျိုမေမှာ လာမကလိပါနှင့်၊
တချိချိ ပန်းလှပါသရှင်၊ ခန်းဝဇာသဉ်၊
ရှောင်ရှားဘို့ ပဏာဆင်မယ်၊ ကညာခင် ထိတ်လွန်းလို့လေး။ ။
(၂)
မေကညာ ကြုံပါရ၊ တုန်ကာဖျ ကျီဆယ်၊
အုံနာလှ မဒီမယ်မှာ၊ မကြည်ဖွယ် ရှက်သန်း၊
ကြင်ဖက်နှင့် ညုချိန်မှန်သည်၊ သုပိန္နံ ပေးရော့ အဆန်း။
လျစ်လျူသင့် မေ့ညာခင်၊ ငွေ့ဇာသဉ် လက်လှမ်း၊
တွေ့ကာယှဉ် မပျက်တန်းဟာမို့၊ ဘဝဂ်မှန်း ပန်ထွာ။
ဘုန်းမော်ပျို ရှောင်ခွါထွက်လျှင်ဖြင့်၊ မောင်ညာခက် ခက်ကြလေမှာ။
သွေမပစ်နဲ့ ဆိုပေရှာတယ်၊ ငိုနေမှာ တကယ်အတိပါရှင့်၊
ကလိ,ကလိ စန်းလသာတွင်၊ မြန်းကြွလာရှင်၊
ထောင်လွှားဘို့ ကညာတင်မယ်၊ နှစ်ဖြာပင် စိတ်ယွန်းနှစ်စို့လေး။ ။
(၃)
ဖေအသာ ငုံကာစ၊ လုံညာက ရည်မယ်၊
မှုန်ဇာသ အတည်ခြယ်တာ၊ ပလီဖွယ် ပျက်ခန်း၊
ရွှင်လျက်နှင့် ရှုကြိမ်ဖန်တယ်၊ လူ့ဇိမ်စံ ပေးပေါ့နှစ်ပန်း။
လှစ်ကြူရှင့် လေ့လာလျှင်၊ သွေ့ပါရင် ပက်ဖျန်း၊
ရှေ့ကြာလျှင် အသက်နွမ်းမှာမို့၊ မထွက်တန်း စံမှာ၊
နုန်းသော်ဆို ပြောင်ကာစွက်၊ ယောင်ကာဖက် ဖက်မိလေတာ။
ပွေရစ်ဖွဲ့ ထိုထွေဖြာတယ်၊ ဆိုလေတာ မေမချိတာမို့၊
တအိအိ နွမ်းသဖျ ဟာ,ဟင်၊ ပန်းလှပါသရှင်၊
မောင်ကစားလို့ နှစ်ဖြာရွှင်တယ်၊ စကဝါပင် ရိပ်ကွန်းမို့လေး။ ။
ပုလဲသွယ်တေးထပ်
နောက်မျိုးကွဲ တမျိုးကတော့ ပုလဲသွယ် တေးထပ်ပါ။ ပုလဲသွယ် တေးထပ်ဆိုတာကတော့ ပုလဲသွယ် ပုလဲ
ကုံးလေးတွေလို၊ ပုလဲလေးတွေသီထားသလို ခေါင်းစဉ်အက္ခရာကို သွယ်တန်းပြီး ရေးဖွဲ့အပ်တဲ့ တေးထပ်မို့ ပုလဲသွယ် တေးထပ်လို့ခေါ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ရှေ့ဆုံးစာလုံးတွေကို ဒေါင်လိုက်ဖတ်လိုက်
ရင် စာတန်းတတန်း ရမယ့်၊ အဓိပ္ပာယ်တခုထွက်လာမယ့် တေးထပ်ဖြစ်ပါတယ်။ ပုလဲသွယ်တေးထပ်မှာ
တထပ်ကျော့ ပုလဲသွယ်နဲ့ နှစ်ထပ်ကျော့ ပုလဲသွယ်ဆိုပြီး ရှိပါသေးတယ်။ စာပိုဒ်ရေ ၁၈ ပိုဒ်အနက် မ- ၉ ပိုဒ်
ရဲ့ အစစာလုံးတွေကိုသာယူထားရင် တထပ်ကျော့ ပုလဲသွယ်၊ ၁၈-ပိုဒ်လုံးရဲ့ အစစာလုံးတွေကို ယူထားရင် နှစ်ထပ်ကျော့ ပုလဲသွယ်လို့ ခေါ်ပါတယ်။ တခုသတိပြုဖို့က နှစ်ထပ်ကျော့ ပုလဲသွယ်တေးထပ်မှာ အစစလုံး
တွေကို ဖတ်ရင် ၁-၃-၅-၇-၉-၁၁-၁၃-၁၅-၁၇ အပိုဒ်တွေရဲ့ အစ စာလုံးတွေကို အရင်ဖတ်ပါ။ ပြီးမှ
၂-၄-၆-၈-၁၀-၁၂-၁၄-၁၆-၁၈ အပိုဒ်တွေရဲ့ အစ စာလုံးတွေကို ဖတ်ရပါမယ်။ နမူနာကို ဖတ်ကြည့်လိုက်
ရင်တော့ ရှင်းသွားမှာပါ။ တထပ်ကျော့ ပုလဲသွယ်အတွက် ကျနော်ရေးထားတဲ့ အောက်ကတေးထပ်လေးကို
ပဲ နမူနာအနေနဲ့ ပြလိုက်ပါတယ်။
တထပ်ကျော့-ပုလဲသွယ်
ခ ရမ်းပြာ လွမ်းရာလင့်၊ မှန်းကာဖြင့်စိတ်မှာ၊
ရမ်း ဖြာလွင့် လိပ်ပြာငယ်၊ ထိတ်ကာရယ် ပြန်နိုး၊
ပြာ လက်လက် ညခင်းဆီ၊ လှယမင်းသီ ဆင်တဲ့ ကကြိုး။
ကြယ် စင်မို့ ရင်ဝယ်ပန်၊ ခင်တွယ်ပြန် တိတ်တခိုး၊
စင် ကြယ်ယံ အရိပ်မိုးတော့၊ နိမိတ်ပျိုး လှိုင်းမာန်၊
လှိုင်း ဆင့်ဆင့် ဝိုင်းမြင့်တက်၊ မှိုင်းရင့်ခက် မိုးသက်လေထန်။
ခတ် လေတဲ့ ရင်လှိုင်းသံ၊ ယဉ်တိုင်းစံ ပြန်ရင်ပေါ့၊
သံ စဉ်နော့ နားမှာလွင့်လာ၊ ကြားရာလွင့်ဖြာ၊
များ ကမ္ဘာဆင့် အလှမ်းကွာတယ်၊ ခရမ်းပြာရယ်ဝေးပြီလေး။ ။
ဒီတေးထပ်မှာ အစစာလုံးတွေချည်းပဲ ဖတ်ကြည့်ရင် “ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ” လို့
တွေ့ရပါမယ်။ နှစ်ထပ်ကျော့ကို ဆက်ကြည့်ပါအုံး။
ဥပဒေသဆောင်ပုဒ် “နှစ်ထပ်ကျော့-ပုလဲသွယ်”
တ နည်းတုံ-ပြကုန်ကြ၊ စ ပုံက ဆန်းကြယ်၊
လုံး ဆင့်ဆင့်-တန်းသွယ်သည်၊ က ဗျာဝယ်-ဉာဏ်နု။
စီ ပုံနည်း-တွေးလေ့လာ၊ ရေး ၍သာ-စပ်တော့စီမှု။
ခေါင်း စဉ်၌-အမြင်သာ၊ လျှင် မကြာ-ယခု။
စဉ် အလာ-စံတုလို့၊ ပု လဲဥ-ပမာ။
ပြီး စီးရန်-ဇွဲဝယ်မွေ့၊ လဲ လှယ်၍-ထပ်ဘို့ကြံပါ။
အ လိုကျ-ရွယ်မှန်းရာကို၊ သွယ် တန်းကာ- ဝိုက်ပြလို့၊
ပိုဒ် အစ-ခေါင်းစဉ်ယူ၊ ဖြစ် ၏သာဟူ။
အ ထူးပ-မည်မတူတယ်၊ သည် နမူ-နှစ်ထပ်ကျော့လေး။ ။
စုံပိုဒ်တွေရဲ့ အစ စာလုံးတွေကို အရင်ဒေါင်လိုက်ဖတ်၊ ပြီးရင် တဆက်တည်း မပိုဒ် တွေရဲ့အစ စာလုံးတွေ
ကို ဒေါင်လိုက်ဖတ်လိုက်ရင် .... “တလုံးစီ ခေါင်းစဉ်ပြီး အပိုဒ် အစက ရေးလျှင် ပုလဲသွယ် ဖြစ်သည်” ဆိုပြီး
တွေ့ရပါလိမ့်မယ်။ ပုံစံဆန်းဆန်းပြားပြားနဲ့ ရေးထားတဲ့ တေးထပ်တွေအကြောင်းကို ဆက်ပြီး တင်ပြပါဦး
မယ်။
- ဟယ်ရီလွင်