စာရေးသူအမှာ -
ယခုစာအုပ်မှာ ကျွန်တော်ရေးသားခဲ့သော စာပေနှင့်အနုပညာဆိုင်ရာ ဆောင်းပါးများထဲမှ ကဗျာအကြောင်း၊ တစ်နည်း ခေတ်ပေါ်ကဗျာ သို့မဟုတ် ကဗျာသစ်အကြောင်း လေ့လာစူးစမ်း ရေးသားခဲ့သည့် ဆောင်းပါးများချည်း ရွေးနုတ် စုစည်းကာ ထုတ်ဝေခြင်း ဖြစ်ပါသည်။
ကျွန်တော်၏ ကဗျာဆရာဘ၀မှာ ၁၉၈၂ ခုနှစ် နိုဝင်ဘာလထုတ် မိုးဝေမဂ္ဂဇင်းပါ “မိုးရေထဲက၀တ္ထု” ကဗျာ နှင့် စတင်ပါသည်။ ကဗျာဆရာတစ်ယောက် အနေနှင့် ကျွန်တော် ပထမဦးဆုံး ရေးသားခဲ့သော ဆောင်းပါးမှာ ဆရာဒေါင်းနွယ်ဆွေသို့ တုန့်ပြန်ခဲ့သော “ကာရန်မဲ့ ကာရန်ပျက် ပြဿနာ” (မိုးဝေ၊ ဒီဇင်ဘာ ၁၉၈၄) ဖြစ်ပါသည်။ ကျွန်တော် ဆက်ရေးသားဖြစ်သော ဒုတိယမြောက် ဆောင်းပါးမှာ ၁၉၈၆ ခုနှစ် ဧပြီလထုတ် ရုပ်ရှင်အောင်လံမဂ္ဂဇင်းပါ “လှပသော ပဋိပက္ခ” ဖြစ်ပါသည်။ ယင်း ဆောင်းပါးမှာ ဆရာဦးအောင်သင်းကို တုံ့ပြန်ရေးသားချက် ဖြစ်ပေသည်။ ထိုနောက်ပိုင်း ကျွန်တော် ကဗျာများနည်းတူ အခါအားလျော်စွာ စာပေ နှင့် အနုပညာဆိုင်ရာ ဆောင်းပါးတွေကိုလည်း အစဉ်အဆက် ရေးဖြစ်သွားတော့သည်။
ကဗျာဆရာတစ်ယောက်အဖို့ အခက်ခဲဆုံးအလုပ်မှာ စကားပြေကို စကားပြေနှင့်တူအောင် ရေးရသော အလုပ်ပဲ ဖြစ်မည်ဟု ကျွန်တော် ယနေ့တိုင် ခံယူထားပါသည်။ ကဗျာဆရာတစ်ဦးအနေနှင့် စကားပြေ (ဆောင်းပါး၊ ၀တ္ထု၊ ရသစာတမ်း စသည်) ရေးရတာ ကျားမြီးဆွဲရသလို၊ မြွေမြီးဖမ်းရသလိုပဲလို့လည်း ကျွန်တော် အရွံ့အကြောက် ရှိခဲ့ပါသည်။ ရွံ့ရွံ့ကြောက်ကြောက် နဲ့ပဲ ကျွန်တော် စကားပြေ (၀တ္ထု၊ ဆောင်းပါးတွေ) ရေးဖြစ်ခဲ့တာပါလား ဟု ယခုနေအခါ ပြန်သုံးသပ်ရမိပါသည်။
ယခုစာအုပ်တွင် ကျွန်တော်ရေးသားခဲ့သော ကဗျာဆောင်းပါးများထဲမှ အစောဆုံး ၁၉၉၅ ခုနှစ်၊ သြဂုတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းတွင် ရေးသားခဲ့သော ဆောင်းပါး (ကဗျာနှင့်ဒီမိုကရေစီ) မှသည်၊ နောက်အကျဆုံး ၁၉၉၉ခုနှစ် သြဂုတ်လထုတ် မြားနတ်မောင် မဂ္ဂဇင်းတွင် ရေးသားခဲ့သည့်ဆောင်းပါး (ခေတ်ပေါ်ကဗျာရဲ့စည်း) အထိ စုစုပေါင်း ဆောင်းပါး (၁၉)ပုဒ်ကို စုစည်းဖော်ပြထားပါသည်။
ထိုဆောင်းပါး (၁၉)ပုဒ်ကို မာတိကာစဉ်သောအခါ အကြောင်းအရာ တူရာတူရာများကို တစ်ကဏ္ဍစီ စုဖွဲ့၍ အခန်း (၅)ခန်းခွဲကာ ဖော်ပြထားပါသည်။
ယခု စာအုပ်ထုတ်ဝေမည် စီစဉ်နေချိန်တွင် ဆရာတစ်ဦး ကျွန်တော့်ကို ပြောခဲ့ဖူးသော စကားတစ်ရပ်ကို ကျွန်တော် ပြန်လည်အမှတ်ရမိပါသည်။ တစ်ခါတုန်းက ကလျာမဂ္ဂဇင်း (၁၉၉၇ ဒီဇင်ဘာလ) စာအုပ်အင်တာဗျူးတစ်ခုတွင် ဆရာသည် ကျွန်တော့်အား …
“… အကျိုးအကြောင်းနဲ့ အကိုအကားတွေ ပြပြီး ဆောင်းပါးရေးပါဦး လို့ပဲ တိုက်တွန်းလိုပါတယ်။ ကြုံရင် စိတ်ဝင်စားရင်ပေါ့လေ။ ကိုယ်ကတော့ မောင်ရင် အသေးစိတ် ရေးပြီး သုံးသပ်တာကို ဖတ်ချင်ပါသေးတယ်။ မောင်ရင်က ကဗျာဝေဖန်ရေးကို အက္ကဲဒမစ်ကျကျ၊ တက္ကသိုလ်ဂုဏ်မြောက်အောင် ပြောချင်ဆိုချင်တတ်တယ်။ လေးဘမ်းမဆန်ချင်ဘူး ဆိုပါတော့” ဟူ၍ ပြောခဲ့ဖူးသည်။ ယင်းသည် ဆရာက ကျွန်တော့်ကို သမိုင်းရေး တောင်းဆိုလိုက်တာ၊ သို့မဟုတ် ဝေဖန်တွန်းတင်လိုက်တာပဲ ဟု ခံစားမိပါသည်။ အားလည်း နည်းနည်း တက်သွားမိခဲ့ပါသည်။
ခေတ်ပေါ်ကဗျာ နှင့် ပတ်သက်၍ ကျွန်တော်၏ စိတ်ဝင်စားမှု ရှိသလောက်ကို ကျွန်တော် ဉာဏ်မီသမျှ လေ့လာတင်ပြထားပါသည်။ ကျွန်တော်၏ ရေးသားချက်များအပေါ် သဘောမတူနိုင်ဖွယ်များလည်း ရှိကောင်း ရှိနိုင်ပါသည်။ ပညာရှင်များ ဝေဖန် ဖြည့်စွက်ပေးကြပါ။
- အောင်ဝေး
၂၀၀၂ ခုနှစ်၊ မတ်လ ၊ ရန်ကုန်
ခေတ်စမ်းကနေ ပြန်ပြောရရင်
မြန်မာကဗျာသမိုင်းကို လေ့လာသူတိုင်းဟာ ‘ခေတ်စမ်း’ကဗျာ အကြောင်းကို ထည့်မပြောဘဲ နေလို့မရပါဘူး။ အဲဒီလို ခေတ်စမ်းကဗျာအကြောင်းကို ပြောပြီဟေ့ ဆိုလို့ရှိရင်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့၊ နဂါးနီတို့အကြောင်းတွေကို ချန်လှပ်ထားပစ်ခဲ့လို့ မရပြန်ပါဘူး။ ပြီးတော့လည်း ခေတ်စမ်းကဗျာ၊ ခေတ်စမ်းစာပေဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ဖြစ်ပေါ်လာ၊ အချိန် တစ်ချိန်မှာ ငြိမ်သက် ရပ်တန့်၊ အားအင် ကုန်ဆုံး၊ ဇီဝိန် လျှော။ အဲဒီလို မဟုတ်ဘဲ ‘စာပေသစ်’ ခေတ်ထဲကို ရေအလျဉ် တစ်ဆက်တည်း ၀ိညာဉ်ပြောင်းပြီး ဆက်လက်စီးဆင်းသွားခဲ့တယ် ဆိုတဲ့ အချက်ကိုလည်း မေ့ထားလို့ မရပေဘူး။ ခေတ်သစ်မြန်မာကဗျာရဲ့ သမိုင်းမှာ ပထမဆုံး စာပေ ပြောင်းလဲ လှုပ်ရှားခဲ့တဲ့ ခေတ်စမ်းဟာ ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး အခြေအနေတွေကြားမှာ ထူးခြားမှုတွေ ရှိနေခဲ့တာကို တွေ့ရပါတယ်။
ပထမအချက် ခေတ်စမ်းခေတ်မှာ ခေတ်စမ်းကဗျာရဲ့ အဓိက ခေါင်းဆောင်ဖြစ်တဲ့ ဆရာဇော်ဂျီ နဲ့ ဆရာမင်းသုဝဏ်တို့ ကဗျာဆိုနေတဲ့ အချိန်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း စာဆိုနေတယ် ဆိုတဲ့ ခေတ်စမ်းနဲ့ သခင်ကိုယ်တော်မှိုင်း ခေတ်ပြိုင် အခြေအနေ။
ဒုတိယအချက် ခေတ်စမ်းကဗျာ ခေါင်းဆောင်တွေရဲ့ အရေးအဖွဲ့၊ ကဗျာပုံသဏ္ဌာန်၊ ခံစားမှု၊ ကဗျာအကြောင်းအရာနဲ့ ဆရာကြီးရဲ့ ကဗျာ(လေးချိုးကြီး)တွေဟာ မတူကြဘူး။
နောက်တစ်ခါ တတိယအချက် အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းနေကြတဲ့ ၁၉၃၀ ခုနှစ်များ ကာလမှာ ခေတ်စမ်းက အမျိုးသား စာပေသစ်၊ ရသစာပေသစ် ထွန်းကားရေး လုပ်နေခဲ့သလို နဂါးနီစာအုပ်အသင်း (နဂါးနီစာပေလှုပ်ရှားမှု) ကလည်း အမျိုးသား လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး အသိသစ်၊ အမြင်သစ်တွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေခဲ့တယ် ဆိုတာပါပဲ။
အဲဒီလို ခေတ်စမ်းရဲ့ ခေတ်ပြိုင် ထူးခြားချက် သုံးရပ်ကို တွေ့ရမှာပါပဲ။ (ဒီဆောင်းပါးမှာတော့ ဆရာကြီး ‘မှိုင်း’ နဲ့ ‘ခေတ်စမ်း’ အကြောင်းကိုပဲ အဓိကထား တင်ပြသွားပါမယ်။ ‘နဂါးနီ’ အကြောင်းကိုတော့ သိသာရုံမျှပါ) ခေတ်စမ်းရဲ့ ရေခံမြေခံဟာ ၁၉၂၀၊ ရန်ကုန်တက္ကသိုလ် ပထမကျောင်းသားသပိတ် ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီ အမျိုးသားလူထုလှုပ်ရှားမှုဟာ ခေတ်စမ်းကဗျာ ပေါ်ပေါက်လာဖို့ ခင်းကျင်းလိုက်တဲ့ လမ်းစ ဆိုရင် မမှားပေဘူး။ အဲဒီမှာ အမျိုးသားရေး လှုပ်ရှားမှုထဲကနေ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ စာဆိုတွေ ပေါ်ထွန်းလာခဲ့တယ်။ (သိပ္ပံမောင်ဝက စကားပြေ၊ ကဗျာအနေနဲ့ ဇော်ဂျီက ခေါင်းဆောင်ပါတယ်။) အဲဒီအချိန်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆိုလိုက်တဲ့ စာက -
‘(ထ)ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
(ထီ)မထင် ကျောင်းတော်သားတွေသို့
အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့’
(ယူနီဘာစီတီဘွဲ့လေးချိုးကြီး၊ ဒေါင်းဋီကာသစ်)
ခေတ်စမ်းကဗျာ ခေါင်းဆောင် ဆရာဇော်ဂျီဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေကြားမှာ ကြီးပြင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၂၀မှာ ဆရာဇော်ဂျီ ရန်ကုန်တက္ကသိုလ်ကို မရောက်ဖူးသေးပါဘူး။ ၁၉၂၅-၂၆ ကျမှ ရောက်တာပါ။ ဆရာမင်းသုဝဏ်ကတော့ ၁၉၂၉ (အသက်၂၀)မှ ရန်ကုန်တက္ကသိုလ်ရောက်ပြီး သိပ္ပံမောင်ဝ၊ ဇော်ဂျီတို့နဲ့ တွေ့ဆုံ ပူးပေါင်းမိတာပါပဲ။
ပထမဆုံး ခေတ်စမ်းကဗျာဟာ ၁၉၂၈ ကျမှ ပေါ်ပေါက်ခဲ့တာပါ။ သမားရိုးကျ ရေးရိုးရေးစဉ်လမ်းကို စွန့်ပြီး စိတ်ကူးသစ်နဲ့ စတင် ရေးလိုက်တဲ့ ဆရာဇော်ဂျီရဲ့ ‘ပိတောက်ပန်း’ ကဗျာကို ပထမဆုံး ခေတ်စမ်းကဗျာရယ်လို့ မှတ်တမ်းတင်ထားကြပါတယ်။ အဲဒါကို နောင်အခါမှာ ဆရာမင်းသုဝဏ်က (ဆရာဇော်ဂျီနဲ့ပတ်သက်လို့)-
“ပိတောက်ပန်း ကဗျာကို ၁၂၉၀ ပြည့်၊ တန်ခူးလထုတ် ယူနီဗာစီတီ ကောလိပ် မဂ္ဂဇင်းမှာ စတင် ပုံနှိပ်ပါတယ်။ ၁၉၃၁ ခု၊ ဒီဇင်ဘာ ဂန္ထလောက မဂ္ဂဇင်းမှာတော့ ‘ကြောင်မနက်ပြာ’၊ ‘စံပယ်ဖြူ’၊ ‘ချိန်တော်ရောက်လျှင်’၊ ‘၀မ်းဘဲငှက်’ ကဗျာတွေကို ဖော်ပြ ပုံနှိပ်ခြင်း ခံရပါတယ်။ အဲသည် ကဗျာတွေဟာ ဘာသာပြန် ကဗျာတွေလည်း မဟုတ်ပါဘူး။ ရှေးကဗျာတွေလည်း မဟုတ်ဘူး။ အကြောင်းရပ် အနေနဲ့ရော၊ အတွေ့အကြုံအနေနဲ့ရော၊ အမျိုးအစားအနေနဲ့ရော၊ ရှေးကဗျာတွေနဲ့ မတူဘဲ ထိုးလိုးထောင်ထောင် ကန့်လန့်ဖြစ်နေတာကိုလည်း တွေ့ရတယ်” လို့ ပြန်ပြောပြဖူးပါတယ်။
ဆရာမင်းသုဝဏ်ရဲ့ ‘ကာလပေါ် လေးလုံးစပ် လင်္ကာသမိုင်း’ စာတမ်းထဲမှာ ‘ကြောင်မနက်ပြာ’ကဗျာကို ပထမဆုံး လေးလုံးစပ်ကဗျာဖြစ်တယ်လို့ မှတ်တမ်း တင်ခဲ့ပါတယ်။ ၁၉၂၀ တစ်ဝိုက်မှာ ဆရာကြီးမှိုင်းက -
‘ဘဂ၀ါ ဘုရာ့စက်ပျံ နိဗ္ဗာန်ကောင်းကင်စခန်းပေပေါ့
ပါဒနက်သန် ဗိမာန်ကျောင်းသင်္ခမ်းတွင်မှ
ခအောင်းကညင် သဖန်းငဲ့ပြင်
ထနောင်းပင်တစ်နန်းရယ်တဲ့ ၀နာကဘယံအငူ
(အိုကွယ်) အပေါင်းဘ၀င် ချမ်းစေဖို့
အကောင်းတမင် မှန်း မှန်းပြီး
ဒေါင်းအဆင်ဆန်းတွေနဲ့ ပ၀ါအလံထူ’
(ဒေါင်းဋီကာသစ်)
စတဲ့ ကဗျာတွေ ဖွဲ့နေတဲ့ အချိန်မှာ ခေတ်စမ်းကဗျာ ပေါ်ပေါက်မလာသေးဘဲ ၁၉၂၈ ကျမှ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။ (ဇော်ဂျီ – ပိတောက်ပန်း) ခေတ်စမ်းကဗျာ ပေါ်ပေါက်ပြီး ၁၉၃၁ မှာ ဆရာဇော်ဂျီ ရေးတဲ့ ‘ကြောင်မနက်ပြာ’ ကဗျာဟာ ပုံသဏ္ဌာန် တော်လှန်မှု အရှိဆုံး လို့ ပြောရမယ့် ပထမဆုံး လေးလုံးစပ်လင်္ကာ ဖြစ်ပါတယ်။ ခေတ်စမ်းက ‘ကြောင်မနက်ပြာ’ နဲ့ ကဗျာပြောင်းလဲမှုပြုတဲ့ အချိန်မှာ ဆရာကြီးမှိုင်းကတော့ ၁၉၃၁ ဂဠုန်ပြန် ဒီပနီဋီကာမှာ အခုလို ရေးပါတယ်။
‘ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်
ဥုံအရဟံ သစ္စာကတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့’
အဲဒီ ဆရာကြီးနဲ့ ခေတ်စမ်းတို့ ခေတ်ပြိုင်စာဆိုနေကြရင်းမှာပဲ ၁၉၃၄ ခုနှစ်၊ ဇူလိုင်လမှာ ‘ခေတ်စမ်းကဗျာများ’ စာအုပ် ထွက်ပေါ်လာပါတယ်။ အဲသလို ခေတ်စမ်းကဗျာတွေကို ပုံနှိပ်ထုတ်ဝေလိုက်တာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မှတ်ချက်နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ဆရာကြီး ဦးဖေမောင်တင်ရဲ့ မှတ်ချက်ပါ။
‘ယခု ပုံနှိပ်အပ်သော ကဗျာများသည် လူငယ်များ ရေးသားကြသည့်အတိုင်း ဆန်းသစ်သော ကဗျာများလည်း ဖြစ်ကြသည်။ ဆန်းသစ်သည် ဆိုရာ၌ အဖွဲ့အမျိုးအစား ဆန်းသစ်သည်ဟု မဆိုလို၊ စိတ်ကူးဆန်းသစ်သည်ကိုသာ ဆိုပါသည်’လို့ ဆရာကြီး ဦးဖေမောင်တင်က မိတ်ဆက်အမှာ ရေးပါတယ်။
သိပ္ပံမောင်ဝရဲ့ မှတ်ချက်ကတော့ -
‘အမျိုးသားကျောင်းများမှ ချပေးလိုက်သော မျိုးစေ့ကလေးများမှာ ဦးဖေမောင်တင်၏ လက်သို့ ရောက်သောအခါ ထွားထွားကျိုင်းကျိုင်း သန်သန်မာမာ ဖြစ်၍ လာကြပေ၏။ အသီးအပွင့်တွေပင် သီးပွင့်နေကြလေပြီ။ အမျိုးသားကျောင်းများ၏ လုံ့လ၊ ဦးဖေမောင်တင်၏ လုံ့လကြောင့် ၁၄ နှစ်အတွင်း မြန်မာစာပေအသီးအပွင့်တို့ကို ဆွတ်ယူစားသုံးကြရပေပြီ။ သို့သော် ၎င်းအသီးအပွင့်တို့မှာ ရှေးမြန်မာစာပေ အပင်ကြီးများ၏ အသီးအပွင့်များနှင့်မတူ။ အနောက်နိုင်ငံမှလာသော မြေသြဇာများဖြင့် စိုက်ပျိုးသော အပင်တို့မှ သီးပွင့်သော အသီးအပွင့်များ ဖြစ်သောကြောင့် တစ်မျိုးဖြစ်လျက် နေပေသည်’ တဲ့။ (ခေတ်စမ်းစာပေအထွေထွေ)
‘ခေတ်စမ်းကဗျာများ’စာအုပ် ၁၉၃၄ ဇူလိုင်မှာ ထွက်လာပြီးတဲ့နောက် မရှေးမနှောင်းမှာပဲ ဆရာကြီးမှိုင်းက ဘာတွေ ရေးနေသလဲ၊ ဘယ်လို ရေးနေမလဲ ဆိုတာကို ပြန်ကြည့်လိုက်တော့-
‘တို့ဗမာ အရှင်သခင် ထိုအကျော်အမော် ဂိုဏ်းတွင်ဖြင့်
မျှို့ရတနာ သခင် အကြင် ဗြဟ္မာစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုရ်သော် တနှိုင်းပေပ
ဇမ္ဗူသမိုင်း ပျော်စရာ့အခြေ
(အိုကွယ်) “သခင်ကိုယ်တော်မှိုင်း”ရယ်လို့ လူတိုင်း ခေါ်ကြစေ’
(သခင်ဋီကာ၊ ၁၉၃၅)
ဆရာကြီး အသက် ၆၀ အရွယ်၊ တို့ဗမာအစည်းအရုံး ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံ (ရေနံချောင်း) မှာ ရေးလိုက်တဲ့ ဆရာကြီးရဲ့ ကဗျာပါ။ ကဲ ဒီနေရာလောက်နေ ပြန်ကောက်ကြည့်ရရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရော၊ ခေတ်စမ်းပါ နှစ်ဦးနှစ်ဖက်စလုံးဟာ အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးထဲမှာ စာဆိုခဲ့ကြတာဖြစ်တယ် လို့ ဆိုရမယ်။ ခေတ်စမ်းက အမျိုးသားစာပေသစ်၊ ရသစာပေသစ် ဖြစ်ထွန်းရေးကို ‘ဇောင်း’ ပေးတယ်။ ဆရာကြီးမှိုင်းက အမျိုးသားယဉ်ကျေးမှုသစ်၊ အမျိုးသားနိုင်ငံရေးလမ်းသစ်နဲ့ လွတ်လပ်ရေးကို ‘ဇန်း’ တင်တယ်။ ဒီလမ်းကြောင်း နှစ်ခုလုံးတို့ စာဆိုခဲ့ကြတဲ့ စေတနာဟာ အမျိုးသားရေး စေတနာ၊ လွတ်လပ်ရေး စေတနာတွေနဲ့ချည်းပါပဲ။
ကဗျာပုံသဏ္ဌာန် အရေးအဖွဲ့ပိုင်းမှာ မတူဘူး။ ကွဲပြားကြတယ်။ သို့သော် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ဆိုတဲ့ အဓိက ဦးတည်ချက်မှာ စုပေါင်း အားဖြည့်ခဲ့ကြတာပါပဲ။ ခေတ်စမ်းရဲ့ စာပေတော်လှန်မှုအစ ‘ပိတောက်ပန်း’ (၁၉၂၈)ဟာ သံချိုကဗျာပုံသဏ္ဌာန်။ ခေတ်စမ်းကသာ ဂန္ထ၀င်နဲ့ သမားရိုးကျစာပေတွေကနေ လမ်းခွဲလိုက်တဲ့ တော်လှန်မှု မလုပ်ခဲ့ဘူးဆိုရင် ဒီနေ့ မြန်မာကဗျာရဲ့ သမိုင်းကြောင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်နေနိုင်ပါတယ်။ စာပေသစ် (၁၉၅၀)၊ မန္တလေးတက္ကသိုလ်ကဗျာခေတ်(၁၉၆၀)၊ မိုးဝေကဗျာခေတ်(၁၉၇၀)၊ ပြီးတော့ ဒီနေ့ခေတ်ပေါ်ကဗျာအထိဟာ ရေအလျဉ်သဘော စီးဆင်းလာခဲ့တာပါပဲ။ ဒါကြောင့် ခေတ်စမ်းဟာ မြန်မာစာပေရဲ့ ကဗျာတော်လှန်မှုမှာ အရေးပါတဲ့ မုခ်ဦးဖြစ်တယ်ဆိုတဲ့ အချက်ကို သတိချပ်ရပါလိမ့်မယ်။
အဲဒီလို ပုံသဏ္ဌာန် တော်လှန်မှုရှိတဲ့ ‘ခေတ်စမ်း’ နဲ့ ‘မှိုင်း’ တို့ဟာ စာဆိုကြပုံ ဖွဲ့ပုံ ဖွဲ့ပန်း မတူပါဘူး။
ခေတ်စမ်းရဲ့ အသစ်ဆုံး ပုသဏ္ဌာန် (အသုံးအများဆုံးပုံစံလို့လည်း ဆိုနိုင်တယ်) ဟာ သံချိုနဲ့ လေးလုံးစပ်။
ဆရာကြီးမှိုင်းကတော့ အစဉ်အလာစာပေထဲက ‘ငိုချင်း’ နဲ့ ‘ဇာတ်လင်္ကာသွား’ ကို တီထွင် ဆန်းသစ်ပြီး ‘လေးချိုးကြီး’ ဆိုတဲ့ ပုံသဏ္ဌာန် ရောက်အောင် ရေးဖွဲ့သူပါ။ ဆရာကြီးရဲ့ ကဗျာပုံသဏ္ဌာန် (လေးချိုးကြီး)ကို အဲဒီခေတ်တုန်းက မလိုတဲ့သူတွေကလည်း -
‘တေးမျိုးအပြီး မသာမယာကို
လေးချိုးကြီး မဟာကဗျာရယ်လို့’ ဆိုပြီး ဝေဖန် ရှုတ်ချခဲ့ကြသေးတယ်။ (‘ခေတ်စမ်း’ဘက်ကတော့ မဟုတ်ပါ)
ဆရာကြီးမှိုင်းက ဇော်ဂျီတို့ မင်းသုဝဏ်တို့ ရေးဖွဲ့နေကြတဲ့ သံချိုနဲ့ လေးလုံးစပ် ဆိုတဲ့ ယေဘုယျအဖြစ်ဆုံး ပုံသဏ္ဌာန်တွေကို မရေးခဲ့ပါဘူး။ အဲဒီ ငိုချင်းနဲ့ ဇာတ်လင်္ကာသွား၊ နဘေထပ် ကဗျာများကိုပဲ ရေးခဲ့တာပါ။
ဆရာကြီးဟာ အဲဒီခေတ်က မြန်မာပြည်သူလူထု ရင်ထဲက ပါတော်မူ ခံစားမှု၊ လွတ်လပ်ရေး အလွမ်းဓာတ်ခံ၊ ကိုလိုနီ နာကြည်းချက်တွေကို သိပါတယ်။ ပြည်သူလူထုက ကိုယ့်ထီးကိုယ့်နန်းကို နှမြောတသလို့၊ လွတ်လပ်ရေးကို လွမ်းဆွတ်လို့ ‘ငို’ချင်နေကြတဲ့ အချိန်မှာ ဆရာကြီး ကိုင်စွဲတဲ့ ကဗျာနည်းကတော့ ‘ငိုချင်လျက် လက်တို့’တဲ့ နည်းပါပဲ။ ဒါကြောင့် ငိုချင်းဇာတ်လင်္ကာသွားကို ဆရာကြီးက လေးချိုးကြီးတွေအဖြစ် ပြောင်းလဲ ဆန်းသစ်ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ လူထုအသံ၊ လူထုဟန်၊ လူထုဘာသာစကား၊ အရပ်သုံးစကား နဲ့ ဇာတ်နိပါတ်ပုံပြင်၊ နဘေကာရန်တွေဟာ ဆရာကြီးရဲ့ ကဗျာနည်းပါပဲ။ ဆရာကြီးရဲ့ ကဗျာတွေက မြန်မာပြည်သူလူထုကို ‘လွမ်း’စေပါတယ်။ အလွမ်းတွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲမှာ အင်အားအဖြစ် ပြောင်းလဲသွားကြပါတယ်။ ပြောရရင် မှိုင်းရဲ့ အလွမ်းတွေ၊ ခေတ်စမ်းရဲ့ အလွမ်းတွေနဲ့ အမျိုးသားနိုင်ငံရေးသစ်၊ အမျိုးသားစာပေသစ်ဟာ ဖြစ်ထွန်းလာခဲ့တယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ စာပေသစ် လှုပ်ရှားမှု ပေါ်လာတယ်။ စာပေသစ်ကို ဦးဆောင်တာကတော့ ဆရာ ဒဂုန်တာရာပါပဲ။ အဲဒီအထိ ပြန်ကြည့်ရရင် ဆရာကြီးမှိုင်းနဲ့ ‘ခေတ်စမ်း’ တို့ဟာ ပုံသဏ္ဌာန် မတူခဲ့ဘူး ဆိုတာ အထင်းသား မြင်ရမယ်။
ခေတ်စမ်းက ဆရာကြီးရဲ့ ဇာတိမာန် အစဉ်အလာ သြဇာကို ခံခဲ့တယ်။ ဒါပေမဲ့ ဆရာကြီးရဲ့ ကဗျာဟန်ကို မတုပခဲ့ဘူး။ (ကဗျာ) ပုံသဏ္ဌာန်ချင်း မတူဘူး။ ပုံသဏ္ဌာန်ချင်း မတူရကောင်းလား ဆိုပြီး (မတူလို့ ဆိုပြီး) ခေတ်စမ်း (အဓိကခေါင်းဆောင်ဇော်ဂျီနဲ့မင်းသုဝဏ်)က ဆရာကြီးမှိုင်းကို ဆန့်ကျင်ခဲ့ပါသလား။ ပြစ်တင် ရှုတ်ချခဲ့ပါသလား။ အသိအမှတ်မပြုဘဲ နေခဲ့ပါသလား။
အဲဒီလို မဟုတ်ဘူး။ ခေတ်စမ်းက မှိုင်းကို မဆန့်ကျင်ခဲ့ဘူး။ မရှုတ်ချခဲ့ဘူး။ အသိအမှတ်မပြုဘဲလည်း မနေခဲ့ဘူး။ မှိုင်းပုံသဏ္ဌာန်က မှိုင်းပဲ။ ခေတ်စမ်း ပုံသဏ္ဌာန်က ခေတ်စမ်းပဲ။ မတူဘူး။ မတူတာကို နားလည်တယ်။ လက်ခံ အသိအမှတ်ပြု၊ တန်ဖိုးထားတယ်။ ဒါကို အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်းက သက်သေခံနေပြီးသား။
ပထမဆုံး ခေတ်စမ်းကဗျာ (၁၉၂၈)၊ ခေတ်စမ်းကဗျာစာအုပ်(၁၉၃၄) ပေါ်ထွက်ခဲ့ပြီးလို့ နောင် လွတ်လပ်ရေးရပြီးစ (၁၉၄၉)မှာ ခေတ်စမ်းရဲ့ အဓိက ခေါင်းဆောင် ကဗျာဆရာဖြစ်တဲ့ ဆရာဇော်ဂျီက ဆရာကြီးမှိုင်းရဲ့ စာပေနဲ့ သမိုင်းတန်ဖိုးကို ‘သခင်ကိုယ်တော်မှိုင်းဋီကာ’ဆိုပြီး ရေးသားဖော်ထုတ်ကာ ချီးကျူး ဂုဏ်ပြုခဲ့ပါတော့တယ်။
၁၉၆၄ (၂၃-၇-၆၄) ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တော့ ခေတ်စမ်းကဗျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာမင်းသုဝဏ်က ‘ဆရာကြီးသာ စာမဆိုခဲ့သော်’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်တည်းနဲ့တင် မှိုင်းရဲ့ ဂုဏ်ပုဒ်ကို ဖော်ပြနိုင်ခဲ့ပေတယ်။
ဒီလိုပဲ မှိုင်းနဲ့ ခေတ်စမ်း၊ ပြီးတော့ ခေတ်ပေါ် နဂါးနီ၊ အဲဒီစာပေနဲ့ သမိုင်းလှုပ်ရှားမှုတွေဆီကနေ အမြစ်တွယ်ပြီး ရှင်သန်ကြီးပြင်းလာတဲ့ စာပေသစ်ကကော ဆရာကြီးမှိုင်းအပေါ် ဘယ်လို သဘောထားပါသလဲ။
စာပေသစ်ခေါင်းဆောင် ဆရာ ဒဂုန်တာရာက ဒီလိုပြောခဲ့ပါတယ်။
‘ယနေ့ခေတ် မြန်မာ့နိုင်ငံရေးသမိုင်းကို ရေးသားမည်ဆိုပါက ဆရာကြီးသည် ပြည်သူတို့က သံသယ ကင်းရှင်းစွာ သူမတူအောင် လေးစားအပ်သော ပြည်သူ့ခေါင်းဆောင်ကြီးအဖြစ် ကမ္ပည်းထိုးရမည် ဖြစ်သကဲ့သို့၊ ယနေ့ခေတ် မြန်မာစာပေသမိုင်းကို ပြုစုသောအခါ၌လည်း တိုးတက်သော ကဗျာနှင့်စကားပြေ စာပေ အမွေအနှစ်တို့ကို ထားရစ်ခဲ့သူ၊ ပြည်သူ့စာပေခေါင်းဆောင်ကြီး အဖြစ် မှတ်တမ်းတင်ရမည်သာ ဖြစ်ပါသည်’ တဲ့။
(ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၉၅ နှစ်မြောက် မွေးနေ့ ဂုဏ်ပြုစာတမ်း)
အဲဒါကြောင့် ခေတ်သစ် မြန်မာစာပေသမိုင်း၊ မြန်မာကဗျာသမိုင်းမှာ အလျဉ်မပြတ် ကောင်းမြတ်တဲ့ အစဉ်အလာနဲ့ တသွင်သွင် စီးဆင်းနေတဲ့ ရေစီးကြောင်းဟာ ခေတ်စမ်းကနေ ပြန်ပြောရရင် … သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာမှသည် ယနေ့အထိ ကဗျာဆရာ အဆက်ဆက်၊ ကဗျာလှုပ်ရှားမှုအဆက်ဆက်ပဲ ဖြစ်ပါတယ်။
[ရုပ်ရှင်တေးကဗျာ၊ စက်တင်ဘာ ၁၉၉၇]
စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့
ခေတ်သစ်မြန်မာကဗျာရဲ့ သမိုင်းဟာ ‘ခေတ်စမ်း’ကနေ စတင်ခဲ့တာ လို့ ဆိုပါတယ်။ ပထမဆုံး ခေတ်စမ်းကဗျာရယ်လို့ သတ်မှတ်တဲ့ ‘ပိတောက်ပန်း’ (ဇော်ဂျီရေးတယ်) ဟာ ၁၉၂၈ မှာထွက်ပေါ်လာခဲ့တယ်။ ‘ခေတ်စမ်းကဗျာများ’ ဆိုပြီး စာအုပ်အနေနဲ့ကတော့ ၁၉၃၄ မှာ ထုတ်ဝေခဲ့တာပါ။ ခေတ်စမ်းကဗျာများထဲကမှ ပထမဆုံး လေးလုံးစပ် ကဗျာ ဆိုပြီး သတ်မှတ်ခဲ့တာကတော့ ဆရာဇော်ဂျီရဲ့ ‘ကြောင်မနက်ပြာ’(၁၉၃၁)ကိုပဲ ဖြစ်ပါတယ်။
ခေတ်စမ်းကဗျာလှုပ်ရှားမှုကို ဇော်ဂျီဦးဆောင်ပါတယ်။ ခေတ်စမ်းရဲ့ အဓိက ကဗျာဆရာ Major Poet ရယ်လို့ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကို သတ်မှတ်ကြပါတယ်။ ခေတ်စမ်းနဲ့ တပြိုင်နက်တည်းမှာပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း စာဆိုနေခဲ့ပါတယ်။ အဲဒီ ၁၉၃၀ ၀န်းကျင်ဟာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဒီရေမြင့်သစ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ခေတ်စမ်းတို့၊ မှိုင်းတို့နဲ့ ခေတ်ပြိုင်မှာပဲ နဂါးနီစာပေလှုပ်ရှားမှု ဆိုတာလည်း မြန်မာစာပေသမိုင်းမှာ ဖြစ်ထွန်းခဲ့တာပါ။ ခေတ်စမ်းရဲ့နောက် ပေါ်ပေါက်ခဲ့တာကတော့ ‘စာပေသစ်’ ဖြစ်ပါတယ်။ စာပေသစ် လှုပ်ရှားမှုကို ဒဂုန်တာရာက ဦးဆောင်ပါတယ်။
စစ်မဖြစ်ခင်ခေတ် ၁၉၃၀-၃၉၊ ၁၃၀၀ပြည့်အရေးတော်ပုံ၊ ၁၉၃၉-၄၅ ဒုတိယကမ္ဘာစစ်ကြီးတလျှောက် မြန်မာစာပေ၊ မြန်မာကဗျာသမိုင်းဟာ ဆက်လက် စီးဆင်းလာခဲ့ပြီးတော့ စစ်ပြီးတဲ့ခေတ် လွတ်လပ်ရေးရယူတဲ့ ၁၉၄၈ ခုနှစ်တလျှောက်မှာ နောင်အခါမှာ ‘စာပေသစ်’ဆိုပြီး ဖြစ်တည်ထွန်းကားလာမယ့် မြန်မာကဗျာ၊ မြန်မာစာပေ လှုပ်ရှားမှုရဲ့ အဦးအစ ရောင်ခြည်ဟာ ဒဂုန်တာရာက ‘တာရာမဂ္ဂဇင်း’(၁၉၄၆-၅၀)ကို စတင်ထွန်းညှိလိုက်ရာက ပေါ်ပေါက်လာတာ ဖြစ်လို့ ဆိုရပါမယ်။‘စာပေသစ်’ဟာ ‘ယဉ်ကျေးမှုသစ်’ကို အခြေခံခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ ဒဂုန်တာရာက အခုလို ရေးသားခဲ့ဖူးပါတယ်။
‘ဤ ၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားသပိတ် စသော နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု အရေးတော်ပုံကြီးသည် ယဉ်ကျေးမှုသစ် ရာဇ၀င်ခန်းကို စတင်ခဲ့ပေသည်။ ယဉ်ကျေးမှုသစ်သည်ကား အဘယ်နည်း။ နယ်ချဲ့ယဉ်ကျေးမှု၊ အရင်းရှင်ယဉ်ကျေးမှုတို့ကို ဆန့်ကျင်သော လုပ်သားလူတန်းစား ပြည်သူ၏အကျိုးကို ဆောင်သော ယဉ်ကျေးမှုကား ယဉ်ကျေးမှုသစ်တည်း။ အမျိုးသားမှုပေါ်တွင်တည်၍ လုပ်သားလူတန်းစား၊ ပြည်သူ့အင်အားသစ်နှင့် လွတ်လပ်စွာ ပြုနိုင်သည့် အထွေထွေ ယဉ်ကျေးမှုဘ၀တွင် နေထိုင်ရပေမည်။ ယဉ်ကျေးမှုသစ်ထဲတွင် စာပေသစ်၊ အနုပညာသစ်၊ လူများစုအကျိုးကို ဆောင်နိုင်မည့် သိပ္ပံပညာရပ်များ ပါဝင်ကြလေသည်’ (တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၀)
ဒါက ယဉ်ကျေးမှုသစ်။ ယဉ်ကျေးမှုသစ်ထဲက အင်အားတခုက စာပေသစ်။ စာပေသစ်ဆိုတာ ဘာလဲ။ ဘာကြောင့် စာပေသစ်ရတာလဲ။ တနည်း ဘာကြောင့် ကဗျာသစ်လဲ။ ဒဂုန်တာရာက ဘာ့ကြောင့် စာပေသစ်ကို ကြွေးကြော်ခဲ့တာပါလဲ။ စာပေသစ်ဟာ မြန်မာကဗျာ၊ မြန်မာစာပေ ရေစီးကြောင်းရဲ့ အဆက်သမိုင်း ဖြစ်ပါတယ်။ ခေတ်စမ်းကဗျာလှုပ်ရှားမှု(၁၉၃၀)ရဲ့ နောက်ပိုင်းမှာ စာပေသစ်လှုပ်ရှားမှု(၁၉၅၀)ရယ်လို့ ပေါ်ထွန်းလာတဲ့အခါ မြန်မာ ကဗျာဟာလည်း ‘သစ်’လာခဲ့ပါတော့တယ်။ မြန်မာကဗျာ ဘယ်လို သစ်လာခဲ့သလဲ။
အရင်ဆုံး စာပေသစ်ရဲ့ သဘောထားများကို ပြန်လည်သုံးသပ်ကြည့်ရပါမယ်။ စာပေသစ်ခေါင်းဆောင် ဒဂုန်တာရာက စာပေသစ်မဂ္ဂဇင်း၊ ၁၉၅၀ မတ်လ ခေါင်းကြီးမှာ-
‘စာပေဟောင်းသည် ဘာလဲ၊ ပဒေသရာဇ်စာပေ၊ အရင်းရှင်စာပေသည် စာပေဟောင်းဖြစ်ပေသည်။ ဤစာပေဟောင်းတို့သည် လုပ်သားလူတန်းစားနှင့် ဆန့်ကျင်သည်။ စာပေဟောင်းသည် လက်ရှိ အရင်းရှင် လူ့ဘောင်ကို ချီးကျူးသည်။ စာပေဟောင်းသည် လူထု၏ တော်လှန်ရေးအခန်းကို ဖုံးကွယ်ကာ အရင်းရှင်လူနည်းစု၏ အကြောင်းကိုသာ ပြသည်။ စာပေဟောင်းသည် လက်ရှိလူမှုစနစ်တွင် တင်းတိမ်ရောင့်ရဲကာ နောက်သို့ ဆုတ်သည်။ ဖောက်ပြန်သည်။
စာပေသစ်သည်ကား စာပေဟောင်းမှ ဆန့်ကျင်နေပေသည်။ စာပေသစ်သည် လုပ်သားလူတန်းစားဘက်မှ နေသည်။ စာပေသစ်သည် လက်ရှိအရင်းရှင် လူ့ဘောင်ကို ဝေဖန်စစ်ဆေးသည်။ စာပေသစ်သည် လူထု၏ တော်လှန်ရေးအခန်းကို ဖော်ထုတ်ကာ လူထု၏ဘ၀ကို ပြသည်။ စာပေသစ်သည် လက်ရှိလူမှုစနစ်ကို မကျေနပ်ဘဲ ရှေ့သို့ ချီသည်။ တိုးတက်သည်။ စာပေသစ်သည် ပြည်သူလူထု၏ အင်အားသစ်ကို ယုံကြည်သည်။ စာပေသစ်သည် လူမှုဆက်ဆံရေးစနစ်ကြီးကို ထင်ဟပ်ရမည်ဟူသော သရုပ်ဖော်ဝါဒကို ကျင့်သုံးကာ စာပေသစ်ကို ရေးကြရပေမည်။ ပြည်သူ၏ဘ၀ကို ဖော်ပြသည့် စာပေကို ရေးကြရပေမည်။ သို့တည်းသာ မဟုတ်ပေ။
စာပေသည် ပညာရေးအစိတ်အပိုင်းတရပ် အဖြစ် ပြည်သူကို လမ်းညွှန်သဖွယ် ဖြစ်ရပေမည်’တဲ့။ အဲဒါ စာပေသစ်ရဲ့ အယူအဆ အခြေခံမူဝါဒပဲ ဖြစ်ပါတယ်။ စာပေသစ်ဟာ ခေတ်စမ်းရဲ့ နောက်တဆက် စာပေသမိုင်းဖြစ်တယ်။ ဘာပဲပြောပြော ခေတ်စမ်းက စတင်လိုက်တဲ့ ကဗျာတော်လှန်မှုကို စာပေသစ်ကလည်း ဆက်လက် ကိုင်စွဲခဲ့တယ်လို့ ဆိုရပါမယ်။ စာပေသစ်ရဲ့သဘောထားမှာ ခေတ်စမ်းနဲ့ ပတ်သက်လို့ ဘယ်လိုရှိသလဲ ဆိုတော့ -
‘ခေတ်စမ်းစာပေသည် စံတော်ဝင် သမားရိုးကျ ရိုးရာအစဉ်အလာကို တိုက်ဖျက်ခဲ့ပေသည်။ ခေတ်စမ်းစာပေသည် ရှေးဟောင်းစာပေမှ တောက်ပသည့် အသုံးအနှုန်းများကိုကား ပြန်လည်ဆန်းသစ်ခဲ့ပေသည်။ ထက်သန်သော မြန်မာစာပေမှု အမွေအနှစ်ကို ကောင်းစွာ ဆက်ခံရရှိသဖြင့် စာပေပီသကြပေသည်။ သို့သော် ထိုခေတ်က လူမှုဆက်ဆံရေး အခြေအနေ (၀ါ) နိုင်ငံရေးအခြေအနေကိုတော့ မဖော်ပြကြပေ’ လို့ ဒဂုန်တာရာက ဆိုပါတယ်။ (ရှုမ၀၊ ၁၉၅၀) ဆက်လက်ပြီး ဆရာဒဂုန်တာရာက -
‘ဆရာကြီး(သခင်ကိုယ်တော်မှိုင်း)၏ အမျိုးသားလူထုတေးသံမှာ မြန်မာပြည် တပြည်လုံးတွင် ပဲ့တင်ရိုက်ခတ် မြည်ဟည်းလျက်ရှိစဉ် ခေတ်စမ်းကဗျာဆရာများမှာ သဇင်ပန်းနှင့် ဖိုးခေါင်ငှက်တို့တွင် စိတ်ကူးသစ် မြူးကွန့်လျက်ရှိနေပေသည်။
ဤသို့ဖြင့် ခေတ်စမ်းကဗျာသည် စိတ်ကူးဆန်းသစ်ခြင်း၌ ထက်သန် ဖွံ့ဖြိုးသလောက် ခေတ်အခြေအနေကို ထင်ဟပ်ဖော်ပြရာ၌ကား လစ်ဟင်းပေသည်။ ပဒေသရာဇ် စာပေမှ ရုန်းကန်သော်လည်း အရင်းရှင် နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေး အထိကား တိုးတက်နိုးကြားခြင်းသို့ မရောက်ခဲ့ပေ။ သို့သော် ထိုခေတ်အခါကမူ ခေတ်စမ်းသည် စာပေလှုပ်ရှားမှုတရပ်အဖြစ်ကား ဂယက်ရိုက်ခဲ့ပေသည်’ တဲ့။ (သွေးသောက်၊ ၁၉၅၃)
အဲဒီလို ခေတ်စမ်းရဲ့ အားနည်းချက်(လို့ ယူဆရတဲ့ကိစ္စ)ကို စာပေသစ်က ထောက်ပြရုံတင်မကဘဲ ခေတ်စမ်းရဲ့ အားသာချက်အဖြစ်လည်း ဒဂုန်တာရာက ဒီလို ဖော်ပြပါတယ်။
‘ခေတ်စမ်းစာပေသည် ရိုးရာအစဉ်အလာကို တော်လှန်ရာ၌ အနုပညာအရည်အချင်း ရှိပေသည်။ စာပေအခြေခံ အင်အား ရှိပေသည်။ ထို့ကြောင့်သာလျှင် အောင်မြင်ခြင်း ဖြစ်ပေသည်။ စာပေတော်လှန်ရေး၌ စာပေအခြေခံ အင်အားသစ် မရှိလျှင် မအောင်မြင်နိုင်ပေ။ အဟောင်းကို ဖက်ပြိုင်ရာ၌ အသစ်သည် အင်အားမခိုင်မာပါက မထွန်းသစ်နိုင်ပေ။ (ရှုမ၀၊ ၁၉၅၀) ဒါတွေဟာ ဒဂုန်တာရာရဲ့ (စာပေသစ်ရဲ့) ခေတ်စမ်းအပေါ် မှတ်ချက်တွေပါပဲ။ ဒီလောက်အထိ ပြန်ကောက်ကြည့်ရရင် -
စာပေသစ်က လူမှုဆက်ဆံရေးစနစ်(နိုင်ငံရေး)ကို ထင်ဟပ်တယ်။ သရုပ်ဖော် ၀ါဒကို ကျင့်သုံးတယ် လို့ တွေ့ရပါမယ်။ ခေတ်စမ်းကတော့ လူမှုဆက်ဆံရေး အခြေအနေ (၀ါ) နိုင်ငံရေးကို မထင်ဟပ်ဘူး။ ဒါပေမဲ့ အနုပညာမှု အရည်အချင်း ရှိတယ်။ဆိုလိုတာက ခေတ်စမ်းဟာ နိုင်ငံရေးအရ ထင်ဟပ်မှု အားနည်းသော်လည်း အနုပညာအရ (အနုပညာမြောက်မှု) အရည်အချင်း ရှိခဲ့တယ် လို့ သတ်မှတ်တဲ့ စာပေသစ် အနေနဲ့ကတော့ ‘နိုင်ငံရေးကို ထင်ဟပ် သရုပ်ဖော်’ဖို့ အားသန်ခဲ့တယ်လို့ ဆိုရပါမယ်။ ဥပမာ – ဒဂုန်တာရာရဲ့ ‘မတ်လတော်လှန်ရေး’(၁၉၄၇)၊ ‘မီးလောင်မြေ’(၁၉၅၀) စတဲ့ ကဗျာများကို ကြည့်နိုင်ပါတယ်။
ဆက်ပြီးပြောရမယ်ဆိုရင် အဲဒီလို ခေတ်စမ်း(၁၉၃၀)၊ စာပေသစ်(၁၉၅၀) ဆိုပြီး မြန်မာစာပေ(ကဗျာ)ဟာ အမျိုးသားလွတ်မြောက်ရေးနဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ အမျိုးသားပြန်လည် ထူထောင်ရေး သမိုင်းကြောင်းတလျှောက် ချီတက်ခဲ့ရာမှာ နောက်စခန်း အဆင့်ဆင့်တွေကတော့ မြန်မာကဗျာရဲ့ သမိုင်းမှာ မန္တလေးတက္ကသိုလ် ကဗျာခေတ် (၁၉၆၀)၊ မိုးဝေကဗျာခေတ်(၁၉၇၀) ဆိုတဲ့ ကဗျာလှုပ်ရှားမှုတွေကနေမှတဆင့် ဒီကနေ့ ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ရောက်ရှိလာခဲ့တာ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။
စာပေသစ်ဟာ သူ့ရဲ့အဆက်သမိုင်းအဖြစ် မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှု၊ မိုးဝေကဗျာလှုပ်ရှားမှုတွေကို ပွင့်သစ်စေခဲ့တယ်လို့ ဆိုရပါမယ်။ အဲဒီလို ကဗျာလှုပ်ရှားမှုသစ်တွေ ပွင့်သစ်စေခဲ့တဲ့ စာပေသစ်ကိုယ်တိုင်မှာလည်း အတိုက်အခိုက်တွေ ရှိခဲ့တယ် ဆိုတာကိုတော့ ဒီနေရာမှာ ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်။ (ခေတ်စမ်းတုန်းကလည်း ဒီလို အတိုက်အခိုက်တွေကြားကပဲ ဖွံ့ဖြိုးတိုးတက်ခဲ့ရတာဖြစ်) စာပေသစ်(ဒဂုန်တာရာ) ဟာ ပဋိပက္ခအနေနဲ့ ဘက်နှစ်ခုကို ရင်ဆိုင်ခဲ့ရတာပါ။ ပထမ ပဋိပက္ခဘက်ကတော့ ဆရာအောင်လင်းက ဒဂုန်တာရာကို စာပေသစ်အယူအဆ အမျိုးမျိုးနဲ့ ပတ်သက်ပြီး ကွဲလွဲဆန့်ကျင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယပဋိပက္ခဘက်ကတော့ ဒေါင်းနွယ်ဆွေ ဖြစ်ပါတယ်။ ဒေါင်းနွယ်ဆွေကလည်း ဒဂုန်တာရာကို ဆန့်ကျင်ပါတယ်။
‘စစ်ပြီးခေတ် ကဗျာလောက ခေါင်းဆောင်တွေထဲမှာ ဒေါင်းနွယ်ဆွေလည်း ပါတယ်။ ၁၉၅၀-၆၀ အတွင်းမှာ လူငယ်အတော်များများ အားထားတဲ့ ကဗျာဆရာနှစ်ဦးတို့က ဒဂုန်တာရာနဲ့ ဒေါင်းနွယ်ဆွေတို့ ဖြစ်ပါတယ်’ (စာပေဂျာနယ်၊ ၁၉၉၇၊ အတွဲ ၃၊ အမှတ် ၁၁၊ စာ ၉၁)
‘ဒေါင်းနွယ်ဆွေသည် သူ၏စာပေသက်တမ်းတလျှောက် ဒဂုန်တာရာကို ဆန့်ကျင်လာခဲ့သူ ဖြစ်သည်’(ပါရဂူ၊ စာပေဂျာနယ်၊ ၁၉၉၇၊ အတွဲ ၃၊ အမှတ် ၁၁၊ စာ ၈၁)
ဒီနေရာမှာ ဒဂုန်တာရာ(စာပေသစ်)က သူ့ရဲ့ အဆက်ရေစီးဖြစ်တဲ့ မန္တလေးတက္ကသိုလ်ကဗျာ၊ မိုးဝေကဗျာတို့ကို ဖူးပွင့်စေရာမှာ ခေတ်ပြိုင်သမိုင်းရဲ့ အချက်တချက် အနေနဲ့ ဆရာဒေါင်းနွယ်ဆွေရဲ့ ကဗျာများကလည်း နောက်ပိုင်း ကဗျာသမိုင်းအတွက် တစုံတရာ သြဇာသက်ရောက်မှု ရှိခဲ့တယ် လို့ ဆိုရင် ရနိုင်ပါတယ်။
ဒီသဘောကို မောင်လေးအောင် မကွယ်လွန်ခင် ရှုမ၀မဂ္ဂဇင်းမှာ နောက်ဆုံးရေးခဲ့တဲ့ ‘ကျွန်တော်တို့ရဲ့ အနှစ်နှစ်ဆယ်ကျော်’ ဆိုတဲ့ ကဗျာထဲမှာ တွေ့ရပါတယ်။
‘ဒဂုန်တာရာ ဒေါင်းနွယ်ဆွေ စတဲ့
တို့ရဲ့ ရှေးကလူများ
လေးစားခဲ့ဖူးပါတယ်’ တဲ့။
ဆက်ပြောရရင် ဒဂုန်တာရာရဲ့ စာပေသစ်၊ အဲဒီကနေ အဆင့်ဆင့် ဖြစ်ထွန်းသွားတဲ့ ရေစီးကြောင်းအတိုင်း မြန်မာကဗျာရဲ့ သမိုင်းမှာ ပထမအနေနဲ့ မန္တလေးတက္ကသိုလ်ကဗျာလှုပ်ရှားမှုကို ထည့်မပြောဘဲနေလို့ မရပါဘူး။ (ဒုတိယအနေနဲ့က မိုးဝေကဗျာပါ)
မန္တလေးတက္ကသိုလ်ကဗျာနဲ့ ပတ်သက်လို့ ဆရာဒဂုန်တာရာက ဒေါင်းနွယ်ဆွေရဲ့ ‘သဘောတရား၏သစ်ရွက်တရွက်’လို ခေါင်းစဉ်မျိုး၊ စကားလုံးမျိုးကို ဝေဖန်သုံးသပ်ရင်း တဆက်တည်း ပြောသွားတာက -
‘ယင်းသို့လျှင် မနိုင်မနင်း မပီမသ ထွက်ပေါ်နေကြသော ကဗျာ လင်္ကာများ ကြားထဲမှ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှ ပီသသော ကဗျာစာအုပ်များ ထွက်လာကြသည်ကို တွေ့ရ၍ ၀မ်းမြောက် ကျေးဇူး တင်မိပေသည်။
ယခု ၁၉၆၀ က ‘စိတြကဗျာများ’စာအုပ် ထွက်ပေါ်လာပြန်သည်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းသည် ကဗျာဘက်ကို အားပေးသောအဖွဲ့၊ တက်သစ်စ စာရေးဆရာများကို မြေတောင်မြှောက်ပေးသော အဖွဲ့ ဖြစ်သည်ကို တွေ့ရပေသည်’ တဲ့။ (ငွေတာရီ၊ ၁၉၆၁)
မန္တလေးတက္ကသိုလ်ကဗျာလှုပ်ရှားမှုရဲ့ အဓိက ကဗျာဆရာတွေ ‘လမင်းတစ်ရာ’ (၁၉၆၃) နဲ့ ‘အနီနဲ့အပြာ’(၁၉၆၄)၊ ဒီကဗျာစာအုပ်တွေဟာ မြန်မာကဗျာလောကမှာ လင်းလင်းလက်လက် ရှိခဲ့ကြပါတယ်။
ဆရာမောင်သာနိုးကလည်း မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှုရဲ့ အဓိက ကဗျာဆရာများအဖြစ် ရည်ညွှန်းရေးသားခဲ့ဖူးပါတယ်။
['ဟေမန္တခြေမြန်တော်'စာအုပ်(၁၉၉၁)၊ မောင်သာနိုးရဲ့အမှာစာ]
မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားခဲ့သူတွေရဲ့ ကိုယ်တိုင် ပြန်လည် သုံးသပ်ချက်ကိုလည်း အခုလို တွေ့ရပါတယ်။ ‘နှင်းဆီခင်းပေါ်ကလမင်း’စာအုပ်၊ (၁၉၉၅) အမှာစာထဲမှာ -
‘ရန်ကုန်တက္ကသိုလ် ခေတ်စမ်းစာပေခေတ်မှာ ဇော်ဂျီက ခေတ်စမ်းကဗျာခေါင်းဆောင် ဆိုရင် မန္တလေးတက္ကသိုလ် ခေတ်စမ်းကဗျာခေါင်းဆောင်ကတော့ ဘယ်သူဖြစ်မလဲ။ စုပေါင်းလုပ်ဆောင်မှုလို့ ဆိုရမှာပဲ’
အဲဒီလို ရေးခဲ့ပါတယ်။ အဲဒီ အမှာစာထဲမှာပဲ ‘မန္တလေးတက္ကသိုလ် ခေတ်စမ်းကဗျာလောက (၁၉၆၀) ၀န်းကျင်မှာ’ ရယ်လို့ သုံးနှုန်းခဲ့တာကို သတိပြုရပါမယ်။
‘ကံ့ကော်ရိပ်မှ အိပ်မက်များ’ စာအုပ် (၁၉၉၇) အမှာစာထဲမှာ ‘မန္တလေးတက္ကသိုလ်ရဲ့ စာပေသမိုင်းမှာ (၁၉၆၀-၆၅)အတွင်း’ဆိုပြီး ခေတ်ကို ပိုင်းခြားသတ်မှတ်ထားတာ တွေ့ရပါတယ်။ ကဗျာဆရာဟာ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် သူ့ခေတ်ရဲ့ ခေတ်ပြိုင်ဖြစ်တယ် လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာဒဂုန်တာရာတို့၊ ဆရာဒေါင်းနွယ်ဆွေတို့နဲ့အတူ ၆၀ ခုနှစ်များ ခေတ်ပြိုင်ထဲမှာ စသဖြင့် မန္တလေးတက္ကသိုလ် ကဗျာကလည်း လှုပ်ရှားနေခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီလို ခေတ်စမ်း(၁၉၃၀)၊ စာပေသစ်(၁၉၅၀)၊ မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှု(၁၉၆၀) တို့ရဲ့ နောက်မှာ နောက်ထပ် လှိုင်းတလုံးမြင့်တက်လာတဲ့ မြန်မာကဗျာရဲ့ ရေစီးကြောင်းကတော့ ‘မိုးဝေကဗျာ’ ‘မိုးဝေကဗျာလှုပ်ရှားမှု’ (၁၉၇၀) ဖြစ်တယ် လို့ ဆိုရပါမယ်။ ၁၉၉၀ တ၀ိုက်မှာ ‘မိုးဝေကဗျာ’ကို ပြန်လည်စူးစမ်းပြတဲ့ ဂယက်တွေ တော်တော်ထသွားခဲ့ဖူးပါတယ်။ မိုးဝေကဗျာဆိုတာ ဘာလဲ။ မိုးဝေကဗျာ လှုပ်ရှားမှု ဆိုတာ ဘယ်က အခြေခံလာတာလဲ။
မိုးဝေကဗျာရဲ့ မြစ်ဖျားအစဟာ (ခေတ်စမ်းကို လွန်ခဲ့ပြီးတဲ့နောက်မှာ) ပီပီမြည်မြည်ဖြစ်လာတဲ့ စာပေသစ်နဲ့ စာပေသစ်ရဲ့ နောက်တဆင့်ခရီးများ၊ တနည်းအားဖြင့် ၅၀ ခုနှစ်များနဲ့ ၆၀ ခုနှစ်များဆီက စာပေလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ မိုးဝေကဗျာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မှတ်ချက်တခုကတော့ ဆရာမင်းလှညွန့်ကြူးရဲ့ မှတ်ချက်ပါပဲ။ ဆရာမင်းလှညွန့်ကြူးက မိုးဝေမဂ္ဂဇင်း အမှတ် (၂၀၀)ပြည့် စာတမ်းမှာ အခုလို ရေးခဲ့ပါတယ်။
‘၁၉၇၀ ပြည့်နှစ်တ၀ိုက်၌ ကမ္ဘာ့နိုင်ငံရေး(အထူးသဖြင့် ဗီယက်နမ်အရေး)သည် အရှိန်အဟုန်ကြီးမားစွာဖြင့် ကမ္ဘာတခုလုံးကို ကိုင်လှုပ်နေသည်။ ကျူးကျော်စစ်၊ တရားသောစစ်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စသော အသံဗလံများသည် အသက် ၂၀-၃၀ ၀န်းကျင်ရှိ လူငယ်ကဗျာဆရာများ၏ ကဗျာများ ဖြစ်သည်။ ထိုကဗျာများသည် တက်ကြွနိုးကြားနေသော ကဗျာဝါသနာရှင် လူငယ်များ၊ နယ်အသီးသီးမှ ကဗျာရေးသူ လူငယ်များအပေါ် သြဇာလွှမ်းမိုးခဲ့သည်ဟု ယူဆရသည်။ ထိုအချက်သည် ‘မိုးဝေကဗျာ’ဟူသော အသုံးအနှုန်း ပေါ်ထွက်လာရခြင်း၏ အကြောင်းတရပ် ဖြစ်နိုင်သည်။
မိုးဝေမဂ္ဂဇင်းသည်လည်း ရေးသူအသစ်များ၊ အထူးသဖြင့် လူငယ် ကဗျာရေးသူများကို အတော်များများ ပွဲထုတ်ပေးနိုင်သဖြင့် လူငယ်ကဗျာရေးသူများ၏ ပထမခြေလှမ်းချရာ ဖြစ်ခဲ့သည်။ ထိုအချက်သည်လည်း ‘မိုးဝေကဗျာ’ ဟူသော အသုံးအနှုန်း အကြောင်းတရပ် ဖြစ်သည်။
မိုးဝေကဗျာဟူ၍ လူငယ်ကဗျာရေးသူ အများစုက ပြောဆိုနေကြသော အသုံးအနှုန်းသည် လေးလုံးစပ် ဖွဲ့ထုံး၌ လေး-သုံး-နှစ် စည်းကမ်းက ခွဲထွက်သော ကဗျာများကို ညွှန်းသည့်သဘော သက်ရောက်မည် ထင်ပါသည်။ မိုးဝေကဗျာများသည် ကာရန်စည်းကမ်းက ခွဲထွက်သည့် လက္ခဏာသာ ထင်ရှားသည်မဟုတ်ဘဲ အပြောဘာသာစကား သုံးစွဲသော၊ တနည်းအားဖြင့် စကားပြောဟန်တွင် ရှိနေသည်။ အသံစီးဆင်းပုံကို အခြေပြုသော လက္ခဏာသည်လည်း ထင်ရှားပါသည်။ ‘မိုးဝေကဗျာ’ဟူသော အသုံးအနှုန်းသည် ဤလက္ခဏာပါရှိသည့် ကဗျာများကိုလည်း ညွှန်းမည်ဟု ယူဆရပါသည်’ (မိုးဝေ၊ စက်တင်ဘာ ၁၉၈၄) ၁၉၇၀ တ၀ိုက် စတင်ဖြစ်ထွန်း လှုပ်ရှားပြီး အင်အားကြီးမားလာခဲ့တဲ့ မိုးဝေကဗျာရဲ့ သမိုင်းမှာ ဦးဆောင် ပြုစု ပျိုးထောင်ခဲ့တဲ့ ဆရာနတ်နွယ်က မောင်လေးအောင် နဲ့ မောင်သင်းခိုင်တို့ရဲ့ မိုးဝေကဗျာဖြစ်ပေါ်ရေး ကြိုးပမ်းမှုကို အသိအမှတ် ပြုခဲ့ပါတယ်။ (နတ်နွယ်၊ မိမိနှင့် မိုးဝေမဂ္ဂဇင်း ဆောင်းပါးများ၊ ရွှေဝတ်မှုန်မဂ္ဂဇင်း၊ ၁၉၉၅)
အဲဒီခေတ်ကာလများတုန်းက မိုးဝေကဗျာကို ‘ကာရန်မဲ့ကဗျာ’ ဆိုပြီး မလိုလားသူတွေက ထိုးနှက်ခဲ့ကြတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာနတ်နွယ်က မိုးဝေကဗျာဘက်က ခုခံချေပချက်အနေနဲ့ -
‘ကျွန်တော့်ရဲဘော်တွေဟာ ကဗျာဆရာတွေပါ၊ သူတို့ဟာ ကနေ့ မြန်မာစာပေလောကမှာ ကဗျာကို အင်နဲ့အားနဲ့ ရေးနေကြတဲ့လူတွေ ဖြစ်ပါတယ်။ ကဗျာကို တိုက်ပွဲလက်နက်အဖြစ် လက်ခံထားကြပါတယ်။ သူတို့ရဲ့ ကဗျာလက်နက်ကို ထက်မြက်အောင် မပြတ် အားထုတ်နေကြပါတယ်။ ဒါကြောင့်မို့လည်း သူတို့ကဗျာတွေကို ပြည်သူက အသိအမှတ် ပြုလာတယ်။ လက်ခံလာတယ်။ ဒါနဲ့ တပြိုင်နက်တည်းမှာပဲ အစဉ်အလာသမားတွေ ဖောက်ပြန်ရေးသမားတွေက ဖျက်ဆီးနှောင့်ယှက်ကြတယ်။ ကာရန်မဲ့ကဗျာ ဆိုတာကလည်း အစဉ်အလာသမားတွေနဲ့ ဖောက်ပြန်ရေးသမားတွေရဲ့ စကားလုံးပါပဲ’ ဆိုပြီး ရေးခဲ့ပါတယ်။ (ပြည်သူ့ကြယ်ဂျာနယ်၊ မတ် ၁၉၇၂)
တဆက်တည်းမှာ ဆရာနတ်နွယ်က အစဉ်အလာ ရိုးရာ လေးလုံးစပ် ပုံစံကနေ လမ်းခွဲလာတဲ့ မိုးဝေကဗျာတွေ အပေါ်မှာ- ‘ပုံသဏ္ဌာန်အသစ် ထွင်တာ မဟုတ်ပါဘူး။ အကြောင်းအရာသစ်တွေကို ရေးဖွဲ့ကြတာပါ။ အဲဒီအခါ ပုံသဏ္ဌာန်လည်း အလိုလို သစ်သွားတာပေါ့’လို့ ဆိုခဲ့ပါတယ်။
မိုးဝေကဗျာကို တိုက်ခိုက်ကြသူများဟာ ၇၀ ခုနှစ်တွေ နောက်ပိုင်းမှာလည်း ရှိနေခဲ့တုန်းပါပဲ။ ဒီအချက်ကို ညိုသစ်က ၁၉၉၇ ခုနှစ်ထုတ်၊ ‘မိုးဝေကဗျာ(၁၉၇၆-၈၁) (၁၉၈၆-၈၈)’ ဆိုတဲ့ စာအုပ်အမှာစာမှာ ‘(မိုးဝေကဗျာကို) ဆန့်ကျင်ကန့်ကွက်ကြသည့် လှုပ်ရှားမှုအသံသည် ၁၉၈၀ ခုနှစ် ၀န်းကျင်၌ လျှံခဲ့သည်’လို့ ရေးသားထားပါတယ်။
ညိုသစ်ရဲ့သဘောထားကတော့ အဲဒီစာအုပ်အမှာစာထဲမှာပဲ ထောက်ပြထားတာက ‘၁၉၇၀-၈၀ ခုနှစ် ကာလ၀န်းကျင် မိုးဝေကဗျာသည် ၁၉၇၀-၆၀ ခုနှစ်ကာလက ရေးဖွဲ့လာသော နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး၊ ကျူးကျော်စစ် ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး စသည့် အကြောင်းအရာများ မှိန်ဖျော့အားနည်းလာပြီး ပုဂ္ဂလိက ခံစားမှု နိမိတ်ပုံမျိုးစုံနှင့် ရှုပ်ထွေးသိမ်မွေ့သော အသံစီးဆင်းမှု အားကောင်းသော စကားပြောရစ်သမ်ဖြင့် ရေးဖွဲ့လာကြသည်။ ထိုလွတ်လပ်ကာရန် နှင့် ဖွဲ့သော ခေတ်ပြိုင်ခံစားမှု ကဗျာများကို သဘောမတူကြ၊ အငြင်းပွားကန့်ကွက်ဆန့်ကျင်ကြသည့် ကဗျာဝေဖန်ရေး ဂယက်များ ထကြွလာခဲ့သည်’ ဆိုပြီး ရေးပါတယ်။
မိုးဝေကဗျာရဲ့ အလျဉ် ဘယ်က စီးဆင်းလာသလဲဆိုတာနဲ့ ပတ်သက်ပြီး ညိုသစ်က ရေးသားရာမှာ-
‘ထိုဆယ်စုနှစ် (၁၉၆၀-၇၀)ကာလကို အကြမ်းဖျင်း ခြုံငုံကြည့်ရှုမှသာလျှင် မိုးဝေကဗျာ၏ ဖြစ်ပေါ်တိုးတက်မှုကို ဆက်သွယ်ပေါင်းစပ်ကြည့်လို့ ရပေမည်’ ဆိုပြီး အဲဒီကာလ (၁၉၆၀-၇၀)ရဲ့ ဖြစ်စဉ်တွေဟာ မိုးဝေကဗျာအတွက် အကောင်းဆုံးကုန်ကြမ်းတွေ ဖြစ်တဲ့အကြောင်း ဆိုပါတယ်။
ဒီနေရာမှာ ညိုသစ်ရဲ့ အရေးကြီးတဲ့ မှတ်ချက်တရပ်ကတော့ အဲဒီစာအုပ် ( မိုးဝေကဗျာ၊ ၁၉၇၆-၈၁ နဲ့ ၁၉၈၆-၈၈)စာအုပ် အမှာစာထဲမှာပဲ- (မိုးဝေကဗျာသည်) သူ့အရင် တည်ရှိပြီးသား ခေတ်စမ်းကဗျာ၊ စာပေသစ် လှုပ်ရှားမှုကဗျာများ၌ ကာရန်ယူနည်း၊ ကာရန်ကိုအသုံးပြုနည်းစနစ် တို့နှင့် ဆန့်ကျင်ခြားနားပြီး လမ်းကြောင်းခွဲထွက်ရပ်တည်ခဲ့သည်။ ခေတ်စမ်းကဗျာနှင့် စာပေသစ်လှုပ်ရှားမှုကာလ ကဗျာများသည် ပုံသဏ္ဌာန် နှင့် ကာရန်စည်းစနစ်ကြောင့် ရုန်းထွက်မရလေအောင် ကဗျာဖွဲ့စည်းမှုနှင့် ပုံသဏ္ဌာန်ဒီဇိုင်းများ တူညီနေသည်ကို တွေ့ရသည်။
၁၉၇၀ ခုနှစ်နောက်ပိုင်း ခေတ်ပြိုင်ခံစားမှုကဗျာသည် လွန်ခဲ့သည့် ခေတ်များ၏ ကဗျာဖွဲ့စည်းတည်ဆောက်ပုံနှင့် မတူတော့။ သီးခြားရပ်တည်လာခဲ့သည်။ အရေးကြီးသည့် ကဗျာလမ်းကြောင်းသစ် ဖြစ်တည်မှုကို ခင်းကျင်းလာခဲ့သည်’ရယ်လို့ တွေ့ရပါတယ်။
မိုးဝေကဗျာနဲ့ ပတ်သက်လို့ မန္တလေးတက္ကသိုလ်ကဗျာခေတ် (၁၉၆၀)ရဲ့ အဓိက ကဗျာဆရာတဦးရဲ့ ကောက်ချက်ကလည်း အရေးကြီးပါတယ်။ သူက ‘စာပေအသိနဲ့ အတွေးအခေါ် တဆင့် မြင့်တက်လာတဲ့ ကဗျာလှုပ်ရှားမှု’ လို့ အသိအမှတ် ပြုပါတယ်။ (ကံ့ကော်ရိပ်မှအိက်မက်များ စာအုပ် အင်တာဗျူး၊ ကလျာ၊ သြဂုတ်၊ ၁၉၉၇) အဲဒီ အထိကို ပြန်ပြီး ချုပ်ကြည့်ရင် မြန်မာကဗျာဟာ မိုးဝေကဗျာလှုပ်ရှားမှုခေတ်မှာ လမ်းကြောင်းမှန် အင်အားကောင်း ဖြစ်နေပြီလို့ သုံးသပ်ရနိုင်ပါတယ်။
ဟိုးမြစ်ဖျားအစ စာပေသစ်နဲ့ အခုရောက်ရှိနေတဲ့ မိုးဝေကဗျာတို့ဟာ တစုံတရာ ခြားနားသွားခဲ့ပြီ လို့လည်း ဆိုနိုင်ပါတယ်။ ခေတ်ပြိုင်သမိုင်းခေတ်အလိုက် စာပေသစ်ရော၊ မိုးဝေကဗျာကပါ သူ့ခေတ်ရဲ့ ခေတ်ပြိုင်ခံစားမှုကို ရေးဖွဲ့ခဲ့ကြတာချည်းပါပဲ။ သမိုင်းခေတ်ချင်းကတော့ တူချင်မှ တူမယ်။ ခေတ်ကို ထင်ဟပ်ပုံချင်းလည်း ကွဲချင်ကွဲမယ်။ ဒါပေမဲ့ စာပေသစ်ရော မိုးဝေကဗျာပါ ခေတ်ကို ရင်ထဲထည့်ကြည့်တာ၊ ခေတ်ရဲ့အသံကို ထုတ်ဖော်တာ၊ ခေတ်ကို သယ်လာတာတို့မှာ ယေဘုယျ တူညီကြတာပါပဲ။ အဲဒီမှာ သိသိသာသာ ကွဲပြားသွားတာကတော့ ရေးဟန်အပိုင်းပဲ ဖြစ်ပါတယ်။ စာပေသစ် ရေးဟန်များနဲ့ ပတ်သက်လို့ ပြန်ပြီး ခြေရာကောက်ကြည့်ရရင် ဆရာဒဂုန်တာရာရဲ့ သဘောထားတချို့ကို အခုလို တွေ့ရပါမယ်။ ‘စာပေသစ်သည်ကား အကြောင်းအရာပင် ဖြစ်ပေသည်။ တော်လှန်ရေး အကြောင်းအရာ၊ ဆင်းရဲသား သရုပ်ဖော် အကြောင်းအရာ၊ အရင်းရှင် လူ့ဘောင်အား ဝေဖန်ခြင်း အကြောင်းအရာ စသည်များသာလျှင် စာပေသစ် ဖြစ်၏။
စာပေသစ် အကြောင်းအရာသာလျှင် ရှိ၏။ စာပေသစ် အရေးအသား၊ စာပေသစ်ဟန်ဆို၍ သီးခြားစွာ တကဏ္ဍ ရှိသေးသည် မဟုတ်ပေ။ ဤအကြောင်းအရာများကို မိမိတို့ နှစ်သက် ကျွမ်းကျင်သော ဟန်အမူအရာဖြင့် ရေးသားနိုင်ကြပေသည်။ စာပေသစ်ကို အကဲဖြတ်ရာ၌ စာဟန်ကို အကဲဖြတ်ရန် မဟုတ်ပေ။ အကြောင်းအရာကိုသာလျှင် အကဲဖြတ်ရပေမည်။ ဆန်းသစ်သော အရေးအသားမှာ စာပေသစ်၏ စံ မဟုတ်ပေ။’ (သွေးသောက်၊ ၁၉၅၀)
အဲဒီလို စာပေသစ်ရဲ့ အဓိကကိစ္စဟာ အကြောင်းအရာကိစ္စ ဖြစ်တယ် ဆိုတာကို တွေ့မြင်ရပါမယ်။ စာပေသစ်က ဆိုလိုတဲ့အကြောင်းအရာဟာ နိုင်ငံရေးဆန်ပေမဲ့ အနုပညာမှုကိုလည်း မျက်ခြည်မပြတ်ဘူး ဆိုတဲ့သဘောကိုလည်း ဒဂုန်တာရာက အခုလို ပြောဆိုပါတယ်။
‘စာပေသစ်သည်ကား နိုင်ငံရေး နှင့် အနုပညာမှု၏ ညီညွတ်သော ပေါင်းစပ်မှုဟု ဆိုခဲ့ရာ နိုင်ငံရေးကို ရေးတိုင်း (၀ါ) အရင်းရှင်စနစ်ကို တွန်းလှန်သည့် တော်လှန်ရေးအကြောင်းအရာကိုရေးတိုင်း စာပေသစ်လာမည်လော။ ဤနိုင်ငံရေးအတွေးအခေါ်ကို အဘယ်ပုံ ဖော်ပြသည်၊ လူတို့၏ စိတ်ဓာတ်၌ ကပ်ငြိ စွဲလန်းအောင် ဘောင်ဝင်ပြနိုင်စွမ်း ရှိသည် ဆိုသော အနုပညာမှုတွင် အကဲဖြတ်ကြည့်ရပေမည်။ စာပေမြောက်မှသာလျှင် စာပေ ဖြစ်လာပေမည်။ စာပေသဏ္ဌာန်ဖြင့် နိုင်ငံရေးကို တင်ပြနိုင်စွမ်း ရှိမှသာလျှင် စာပေသစ်အရောင်ဖြင့် တင့်ထွန်းပေမည်။ ဤသည်ကို ရည်၍ မော်စီတုန်းက “စာပေကို နိုင်ငံရေးကြော်ငြာကတ်ပြားအဖြစ် လုပ်သည်ကို အလိုမရှိ”ဟု သတိပေးလေသည်’ (ရှုမ၀၊ ၁၉၅၀)
စာပေသစ်(ဒဂုန်တာရာ)ဟာ ‘အနုပညာစံ’ကို ထိန်းသိမ်း ကိုင်တွယ်ခဲ့တယ် ဆိုတာကို တွေ့ရပါမယ်။ အနုပညာစံထဲမှာ ‘ရေးဟန်’ ဆိုတာကလည်း အရေးကြီး အစိတ်အပိုင်းအနေနဲ့ ပါပါတယ်။ ဒါပေမဲ့ စာပေသစ်က ရေးဟန်ကို အဓိက မပြုခဲ့ဘဲ အကြောင်းအရာကိုသာ အဓိကပြုခဲ့တယ်လို့ ဆိုရပါမယ်။ ရေးဟန်ပိုင်းမှာ ခေတ်စမ်းနဲ့ စာပေသစ်တို့က ကိုင်စွဲခဲ့တဲ့ ကဗျာရေးဟန်ဟာ လေးလုံးစပ်ပဲ အဓိက ဖြစ်ပါတယ်။ ဒီသဘောကို ဆရာမင်းသုဝဏ်ရဲ့ ‘ကာလပေါ်လေးလုံးစပ်လင်္ကာသမိုင်း’စာတမ်း (၁၉၆၀) နဲ့ ဒဂုန်တာရာရဲ့ ‘လင်္ကာနှင့်ကဗျာ’(ငွေတာရီ၊ ၁၉၆၁)၊ ‘လူငယ်နှင့်ကဗျာ’(ရှုမ၀၊ ၁၉၆၂)၊ ‘လေးလုံးစပ်လင်္ကာ၏ပျော့ပျောင်းခြင်းနှင့် သန်စွမ်းခြင်း’(ငွေတာရီ၊ ၁၉၆၃) စတဲ့ ဆောင်းပါးတွေမှာ အထင်အရှား တွေ့ရပါတယ်။
၁၉၇၀ မိုးဝေကဗျာ အနေနဲ့ကတော့ စာပေသစ်က ဆိုလိုတဲ့ ခေတ်ပြိုင်ခံစားမှု(အကြောင်းအရာ)ကို ကိုင်တွယ်ရုံတင်သာ မဟုတ်တော့ဘဲ စာပေသစ် (သူ့အရင် ခေတ်စမ်းတို့)နဲ့ မတူတော့တာကတော့ လေးလုံးစပ် ပုံသဏ္ဌာန်ကနေ လွတ်လပ်ကာရန်စနစ်ကို ကူးပြောင်းသွားတဲ့ ရေးဟန်ပဲ ဖြစ်ပါတယ်။ မိုးဝေကဗျာကလည်း အကြောင်းအရာနဲ့ ပုံသဏ္ဌာန်တို့ရဲ့ ညီညွတ်ပေါင်းစည်းမှု သဘောကို လိုက်နာခဲ့တာပါပဲ။ မိုးဝေကဗျာနဲ့ စာပေသစ် သိသိသာသာ ကွဲပြားလာတဲ့ အချက်ဟာ အဲဒီ ရေးဟန်၊ ပုံသဏ္ဌာန် နဲ့ ပတ်သက်ပါတယ်။ စာပေသစ်ရဲ့ အဓိက ပြဿနာဟာ အကြောင်းအရာပြဿနာဖြစ်ပြီးတော့ ၁၉၇၀ မှာ ရောက်ရှိလာတဲ့ မိုးဝေကဗျာရဲ့ ပြဿနာကတော့ ပုံသဏ္ဌာန်ပြဿနာဘက်ကို ကူးပြောင်းလာပါတယ်။ မိုးဝေကဗျာ(၁၉၇၀)ကို မလိုလားသူတွေက အဓိက ဦးတည် တိုက်ခိုက်ခဲ့တာဟာလည်း အဲဒီ ပုံသဏ္ဌာန်ကြောင့်ပဲ ဖြစ်ပါတယ်။ မိုးဝေကဗျာရဲ့ ပုံသဏ္ဌာန်က ‘အစဉ်အလာ လေးလုံးစပ် ပုံစံက လမ်းခွဲပြီး အပြောဘာသာစကားကို သုံးစွဲ’(မင်းလှညွန့်ကြူး) လာရုံတင် မကတော့ဘဲ ‘ပုဂ္ဂလိကခံစားမှုကိုပါ နိမိတ်ပုံများနဲ့ လွတ်လပ်စွာ ရေးဖွဲ့’(ညိုသစ်)လာတဲ့ ပုံသဏ္ဌာန်သစ် ဖြစ်လာပါတယ်။
ဒီနေရာမှာ ဆရာနတ်နွယ် ပြောဆိုတဲ့ အချက် (ပြည်သူ့ကြယ်ဂျာနယ်၊ ၁၉၇၂၊ မတ်)ကလည်း အရေးကြီးပါတယ်။ အကြောင်းအရာသစ်ကို ရေးဖွဲ့လာတဲ့အတွက် ပုံသဏ္ဌာန်ကလည်း တခါတည်း သစ်ဆန်းလာတာဖြစ်တယ် လို့ ဆရာနတ်နွယ်က ဆိုခဲ့ပါတယ်။ ဒါကြောင့် မြန်မာကဗျာ ဖြတ်သန်းရောက်ရှိလာတဲ့ မြန်မာကဗျာရဲ့ အရေးကြီးတဲ့ ရေစီးကြောင်း အလှည့်အပြောင်း တခုပဲ ဖြစ်ပါတယ်။ အဲဒီအလှည့်အပြောင်းကြားမှာပဲ မြန်မာကဗျာဟာ ဒီနေ့ ရောက်နေတဲ့ ‘ခေတ်ပေါ်ကဗျာ’အဆင့်ကို ပြောင်းလဲသွားဖို့ အရေးကြီးတဲ့ အချိုးအကွေ့တခု၊ တနည်းအားဖြင့် မောင်းနှင်အားတခုကို ရင်ဆိုင်လိုက်ရပါတော့တယ်။
အဲဒါကတော့ ‘ထင်းရှုးပင်ရိပ်’(၁၉၆၈) စာအုပ်ထဲကနေ ‘မော်ဒန်ဆိုလို့ မူလို့မှ ရှူစရာ မရှိဘူး’ ဆိုပြီး ဝေဖန်လိုက်တဲ့ မောင်သာနိုးရဲ့ တောင်းဆိုချက်ပါပဲ။ မိုးဝေကဗျာ လှုပ်ရှားနေတဲ့ တပြိုင်နက်တည်းမှာ မောင်သာနိုးက ‘မော်ဒန် ပေါယဲ့ထရီ’(ခေတ်ပေါ်ကဗျာလို့လည်း ဆိုတယ်) ကို တောင်းဆိုလိုက်တ့အြခါ ပထမဆုံး ထခဲ့တဲ့ ဂယက်ကတော့ ‘ဝေါဟာရပြဿနာ’ဂယက်ပါပဲ။ (ဒုတိယကတော့ ‘အတတ်ပညာ’ဂယက်ပါ။ မောင်လေးအောင်က -
အတတ်ပညာမဲ့သတဲ့
ငါ့ရဲ့ကဗျာကို
ပညာတတ်ကြိမ်လုံးနဲ့
တအုန်းအုန်းထုရိုက်တယ်
ဆိုပြီး မောင်သာနိုးကို ၁၉၇၀၊ မိုးဝေမဂ္ဂဇင်းကနေ တုံ့ပြန်ခဲ့)
မိုးဝေကဗျာရဲ့ တာဝန်ရှိသူလို့ ဆိုရမယ့် ဆရာနတ်နွယ်က မိုးဝေကဗျာကို တော်လှန်ကဗျာရယ်လို့ပဲ သတ်မှတ်တဲ့အကြောင်း၊ ခေတ်ပေါ် ဆိုတဲ့ စကားလုံးက ၀ါးလွန်းတယ်ရယ် ဆိုပြီး ရေးခဲ့ပါတယ်။ (ပြည်သူ့ကြယ်ဂျာနယ်၊ ၁၉၇၂၊ မတ်) အဲဒီ ၁၉၇၀ တ၀ိုက်မှာ မြန်မာကဗျာလောကအတွက် ဂယက်ရိုက်ခဲ့တဲ့ စာအုပ်တအုပ်အဖြစ်နဲ့ နတ်နွယ်ကူညီပြီး ဒဂုန်တာရာ အမှာရေးခဲ့တဲ့ (မောင်လေးအောင်မပါ) မောင်သင်းခိုင်(ပါ) ၁၀ ဦး (မိုးဝေကဗျာဆရာအများစု)ရဲ့ ‘တော်လှန်ကဗျာ’ ဆိုတဲ့ စာအုပ် (၁၉၆၉၊ ဒီဇင်ဘာ) ထွက်လာတဲ့ အချိန်လည်းပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို မိုးဝေကဗျာ၊ တော်လှန်ကဗျာ ဆိုတဲ့ ရေခံမြေခံထဲကနေပြီး ခေတ်ပေါ်ကဗျာဟာ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ် လို့ ကောက်ချက်ချရမှာပါပဲ။
ဒါကြောင့် စာပေသစ်ကနေ ထင်းရှူးပင်ရိပ်အထိဟာ ခေတ်ပေါ်ကဗျာ ဖြစ်တည်ဖို့ မြန်မာကဗျာက လမ်းခင်းလာတဲ့ ရေစီးကြောင်းရှည်ကြီး ဖြစ်ပြီး ၁၉၇၀ ကနေ ၁၉၈၈ အတွင်းမှာ ခေတ်ပေါ်ကဗျာဖြစ်ထွန်းရေး အယူအဆတွေ (ဥပမာ ဇင်နိုးကြူး အယူအဆ) အားကောင်း ခိုင်မာလာခဲ့တယ်လို့ ဆိုရပါမယ်။ အဲဒီကနေမှ မြန်မာကဗျာဟာ အဲဒီ (၁၉၇၀-၈၈) ရေခံမြေခံတွေကို ဖြတ်ပြီး ၁၉၈၉ ခုနှစ်ရဲ့ ဒီဘက်ပိုင်းမှာ စာပေသစ်အရင် ကဗျာများ၊ စာပေသစ်နောက်ပိုင်း ကဗျာများနဲ့ မတူတော့တဲ့ ကွဲပြားခြားနားသွားပြီး ခေတ်ပေါ်ကဗျာ ပီပီမြည်မြည် ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကိုတော့ အဝေးကနေ တဖြည်းဖြည်းချင်း အနီးကို ရောက်အောင် ကြည့်တဲ့နည်းနဲ့ လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ နှစ်ခုကတော့ (၁) ၁၉၈၈ မတိုင်မီ ခေတ်ပေါ်ကဗျာ ဖြစ်ထွန်းရေး နဲ့ (၂) ၁၉၈၈ နောက်ပိုင်း ဖြစ်ထွန်းလာတဲ့ ခေတ်ပေါ်ကဗျာ ဆိုပြီး ဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ဆက်ပြီး လေ့လာသုံးသပ်ဖို့တော့ လိုပါဦးမယ်။
[ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ ၁၉၉၇]
- အောင်ဝေး