အမှာစကားများ
တရုတ်ကဗျာဆရာကြီး အိုက်ချင့်ဟာ ကဗျာအကြောင်း စာတမ်းကို ၁၉၃၉ က ရေးခဲ့တာပါ။ အင်မတန် တွင်ကျယ်ခဲ့ပါတယ်။ ဒီခေါင်းစဉ်နဲ့ပဲ ၁၉၈၇ နှစ်ဦးပိုင်းမှာ အသစ်ရေးပြန်တယ်။ ခေတ်သစ်အတွက် အတွေးသစ်တွေ ဖြည့်စွက်ပါလာတယ်။ အခု ဒီစာတမ်းကို ဘာသာပြန် တင်ဆက်လိုက်တယ်။
မောင်သာနိုး
တရုတ်ကဗျာဆရာကြီး အိုက်ချင့် ရဲ့ ကဗျာအကြောင်း စာတမ်းကို ၁၉၈၈ ဖေဖေါ် ၀ါရီ၊ မတ်၊ စံပယ်ဖြူမဂ္ဂဇင်းမှာ ဘာသာပြန် ဖေါ်ပြခဲ့ပါတယ်။ အဲဒီဘာသာပြန် မှုကိုပဲ အခြေအနေ အားလျော်စွာ အရှိန်မြှင့်ကာ ခေတ်ပေါ်ကဗျာဆရာလက်စွဲ အမည်ဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါကြောင်း။
အလင်းတိုက်
၁၉၉၅ ခုနှစ်က ပထမအကြိမ်အဖြစ် အလင်းတိုက်စာပေက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် ကို ဒီအချိန်မှာလည်း လိုအပ်မယ်လို့ ယုံကြည့်တဲ့အတွက် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေလိုက်ပါတယ်။ ဒီအတွက် ပထမအကြိမ်စီစဉ်သူ အလင်းတိုက်စာပေနဲ့ အထူးသဖြင့် ထုတ်ဝေဖြန့်ချီဖို့ ခွင့်ပြုတဲ့ ဆရာမောင်သာနိုးကို လေးစားစွာ ကျေးဇူးတင်ရပါတယ်။
နှစ်ကာလများ
ဒီစာအုပ်ကလေးကို ကဗျာချစ်သူ တော်တော်များများ ဖတ်ရှုပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ အီးဘုတ်အဖြစ်တော့ ကျနော် လက်လှမ်း မီသလောက် မတွေ့မိသေးပါဘူး။ ရေးသူ ထုတ်သူ စာအုပ် မူပိုင်ရှင်များထံ ခွင့်တောင်းဖို့ အခွင့်မသာပေမယ့်၊ မြန်မာကဗျာ တိုးတက်ရေးမှာ နှမ်းတစေ့မျှဖြစ်စေ ကျနော့်ရဲ့ ပါဝင်အားထုတ်လိုမှုကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့ ဒီဘလော့ကလေးပေါ် ကြိုးစားတင်ပေးလိုက်ပါတယ်။ အပိုင်းများခွဲပြီး ပုံမှန်တင်ပေးသွားမှာ ဖြစ်သလို ပြီးဆုံးသွားတဲ့အခါ အီးဘုတ်ကလေးအဖြစ်လည်း မျှဝေပေးသွားဖို့ ရည်ရွယ်ပါတယ်။
နှင်းခါးမိုး
( ခေတ်ပေါ်ကဗျာဆရာလက်စွဲ - အိုက်ချင့် )
၁။ ဖန်ဆင်းမှုရဲ့အစ
အရာဝတ္ထု အဖြစ်အပျက်တခုကြောင့် ရုတ်တရက် ထိခိုက်သွားမိတဲ့ ခံစားမှုမျိုးကို လူတိုင်း ကြုံဖူးတယ်။ ဒီခံစားမှုဟာ ကြာရှည်မခံဘူး။ ဒါကို ကြာရှည်ခံအောင် လုပ်မယ်လို့ စိတ်ကူးပေါက်လာမှသာ ကဗျာ ဖန်ဆင်းမှု စတင်တယ်။
ကလောင်ကို ကောက်ကိုင်မိအောင် ပို့ပေးလိုက်တာဟာ အတွေးလေးတခု ဖြစ်ချင်ဖြစ်မယ်။ ခံစားမှုကလေး၊ ရေးစရာကို အနုပညာမြောက်မြောက် ၀င်စားကြည့်မိတာကလေး၊ နင့်ကနဲ ထိခိုက်သွားမိတဲ့ အဖြစ်အပျက်ကလေး ဖြစ်ချင်ဖြစ်မယ်။
ဘယ်ဖန်ဆင်းမှုမှ စိတ်နဲ့ ဆင်ခြင် တွေးတောမှု မပါဘဲ မဖြစ်ဘူး။
ကဗျာကို ရေးချမိတဲ့အထိ ရောက်သွားစေတဲ့ ဆင်ခြင်တွေး တွေးမှုဆိုတာ မူလ ပထမအားဖြင့် နိမိတ်ပုံတွေနဲ့ လုပ်ရတဲ့ ကြံစည်တွေးတောမှု ဖြစ်တယ်။ မူလ ပထမလို့ ပြောတာနော်။ လုံးဝလို့ ပြောတာ မဟုတ်ဘူး။
ကိုယ်ဖေါ်ပြချင်တဲ့ အကြောင်းအရာကို အမိအရ ဖမ်းရမယ်ဆိုလျှင် သူ့ကို ပုံကြမ်းလောင်းရင်း သူရဲ့ ပုံသဏ္ဌာန်၊ အရောင်၊ လှုပ်ရှားမှု၊ အသံ၊ အနံ့၊ အရသာတို့နဲ့တကွ ဒါတွေ အချင်းချင်း ဆက်သွယ်ပုံပေါ် အခြေခံပြီး၊ ရူပကတွေကို ရှာရလိမ့်မယ်။
ရူပက ရှာတာဟာ နိမိတ်ပုံတွေနဲ့ တွေးတာ လို့ ကျုပ်ပြောခဲ့တာပါပဲ။
ဒီ ကြံစည်တွေးတောမှုက ခံစားမှုနဲ့ စတင်တယ်။ ခံစားမှုက စိတ်ကူးမှုနဲ့ စိတ်ထဲ ဆက်နွယ်ကြည့်မှုကို လှုံ့ဆော်ပေးကာ ကတ္တားပိုင်း (ကဗျာဆရာ) နဲ့ ကမ္မပိုင်း (ပြင်ပကမ္ဘာရှိ အရာဝတ္ထုများ) ဆက်သွယ်မှုကို ထူထောင်ပေးလိုက်တယ်။
ဝတ္ထု၊ ကဗျာရှည်ရှည်တပုဒ် ရေးရာမှာ ၀တ္ထု ဇာတ်လမ်းသွားနဲ့ ဇာတ်ကောင်တွေ အစီအစဉ်ကို ခန့်ခွဲရတာက အချိန်တော်တော်ကလေး လိုအပ်တယ်။
နိမိတ်ပုံတွေနဲ့တွေးတာဟာ အနုပညာရဲ့အခြေခံ
စိတ်ကူးခြင်း - အဓိကအကျဆုံး အနုပညာအစွမ်း။
စိတ်ကူးခြင်း-တကယ့်အရှိနဲ့ သဏ္ဌာန်ကို ဆုပ်ကိုင်မိစေကာ တကယ့်လောကရဲ့ ကြွယ်ဝမှုနဲ့ လှုပ်ခါမှုတို့ရဲ့ ရုပ်ပွားကို စိတ်ဝိညာဉ်ပေါ်မှာ စွဲထင်စေနိုင်တဲ့ ဖမ်းယူတတ်စွမ်း၊ ခံစားတတ်စွမ်း၊ နိမိတ်ပုံတွေနဲ့ တွေးခြင်းရဲ့ ရည်ရွယ်ချက်က မိမိအတည်ပြုလို ငြင်းဆိုလိုတဲ့ အရာဝတ္ထုများနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ရူပကတွေကို ရှာဖွေဖို့ဖြစ်တယ်။ ကိုယ်ခံစားဖူးတဲ့ ခံစားမှုများ (ကိုယ်တွေ့ဘ၀ကဖြစ်ဖြစ်၊ စာပေထဲကဖြစ်ဖြစ်) ကိုယ်သိနေတဲ့အရာများမှာသာ ရူပကများကို ရှာနိုင်ကြတယ်။ စိတ်ကူးပုံ ကြွယ်ဝမှုကို ဘ၀အတွေ့အကြုံ ကြွယ်ဝမှုက ဆုံးဖြတ်တယ်။ တကယ့်လောကရှိ အရာဝတ္ထုများက ထုတ်လုပ်လိုက်တဲ့ ကတ္တားပိုင်း (ကဗျာဆရာရဲ့ စိတ်ပိုင်း) ဆက်နွယ်ကြည့်တတ်မှုမှာ စိတ်ကူးမှုရဲ့ဇာစ်မြစ်ကို တွေ့နိုင်တယ်။ ဆက်နွယ်ကြည့်တာမရှိလျှင် စိတ်ကူးမှု မရှိဘူး။ ဒီတော့ ကဗျာ မရှိဘူး။ ဆက်နွယ်ကြည့်ခြင်းနဲ့ စိတ်ကူးခြင်းဟာ ကဗျာရဲ့ တောင်ပံတွေပါပဲ။ ဆက်နွယ်ကြည့်ခြင်းနဲ့ စိတ်ကူးခြင်းတို့က ထုတ်လုပ်လိုက်တဲ့ ရူပကတွေဟာ ရုပ်ဒြပ်နဲ့ စိတ္တဇအကြား ပေါင်းကူးတံတားပါပဲ။ အရာဝတ္ထုများအကြောင်း ရုပ်ဒြပ်ကျကျ တွေးပါ။ ဒီနောက် ရုပ်ဒြပ်ကျကျ ဖော်ကျုးပါ။ ရုပ်ဒြပ်က ဖည်ခွာလျှင် နိမိတ်ပုံများ မထုတ်လုပ်နိုင်ဘဲ ရှိလိမ့်မယ်။
စဉ်းစား တွေးတောပြီး ထုတ်လုပ်လိုက်တဲ့ နိမိတ်ပုံတွေအတွက် ကိုယ်ရွေးချယ်လိုက်တဲ့ ဖော်ကျုးမှု နည်းလမ်းဟာ နောက်ဆုံးအရာ မဟုတ်သေးဘူး။ မဏ္ဍိုင်မျှသာ ဖြစ်တယ်။ ဆင်ခြင်တွေးတောပြီး တကယ့် ကမ္ဘာထဲရှိ ရုပ်ဝတ္ထုများက ထုတ်လုပ်လိုက်တဲ့ နိမိတ်ပုံများဟာ အားအကိုးထိုက်ဆုံး ဖော်ကျုးမှုနည်းလမ်း ဖြစ်တယ်။
ကဗျာဟာ နိမိတ်ပုံတွေရဲ့ အနုပညာပဲ။ နိမိတ်ပုံ ပါရှိမှသာ ကဗျာဟာ လူတွေကို ထိခိုက်စေလိမ့်မယ်။ ရူပကတွေ သစ်လွင်မှုနဲ့သာ ကဗျာတပုဒ်ဟာ လူတွေရဲ့ နှလုံးသားထဲ ရှင်သန်နေမယ်။ ကဗျာကို မသေတဲ့ ဆွဲဆောင်နိုင်စွမ်း ပေးတာဟာ နိမိတ်ပုံရဲ့ အသက်ဝင် လှုပ်ရွမှုဖြစ်တယ်။ လူ့ဦးနှောက်ဟာ ကြွယ်ဝမှုအရာမှာ ပြိုင်ဖက်ကင်း ဘဏ္ဍာတိုက် ဖြစ်တယ်။ ဘ၀အတွေ့အကြုံ ကြွယ်ဝလေလေ အတွင်းက ရတနာတွေ ကြီးကျယ်လေလေပဲ။ နိမိတ်ပုံတွေနဲ့ တွေးတယ်ဆိုတာ တဲကနိက (အတတ်ပညာ) ကျွမ်းကျင်မှု မလိုပါဘူး။ ကိုယ့်တကယ့်အတွေး ခံစားမှုတွေကို နက်သထက် နက်နက်နဲနဲ ဖော်ကျုးပြရတာပဲ ဖြစ်တယ်။
ကဗျာတပုဒ်ဟာ ရုပ်ဒြပ်ပီမြည်လေ ကောင်းလေပါပဲ။ ရုပ်ဒြပ်ပီမြည်တဲ့၊ ပေါ်လွင်တဲ့ နိမိတ်ပုံများဟာ အသားအရေကို တိုးမိပြီး တအံ့တသြ အော်မိစေတဲ့ ဇာထိုးအပ်နဲ့ တူတယ်။ နိမိတ်ပုံတွေနဲ့ တွေးတာဟာ ကဗျာ အနုပညာရဲ့ ၀ိညာဉ်ပါပဲ။ ကဗျာဆရာဟာ နိမိတ်ပုံတွေနဲ့ တွေးတာကို စွန့်လိုက်လျှင် မိမိ ပညာအလုပ်ကို မလုပ်တာဘဲ ဖြစ်တယ်။ ဒါပေမယ့် နိမိတ်ပုံတွေနဲ့ တွေးတာကို အဆုံးစွန်တရားလို့ ယူဆလို့တော့ လုံးဝမဖြစ်ဘူး။ နိမိတ်ပုံတွေနဲ့ တွေးတာကို ကဗျာတပုဒ် ထုတ်လုပ်ဖို့အတွက် တခုတည်း နည်းလမ်းလို့လည်း မယုံကြည်အပ်ဘူး။ နိမိတ်ပုံတွေနဲ့ တွေးတာနဲ့ ယုတ္တိကျကျ တွေးတာဟာ တခုနဲ့တခု ဆက်စပ်နေတယ်။ တခုကိုတခု ဖြည့်ဖက်ဖြစ်တယ်။ စိတ်ကူးတာကို စိတ်ကူးယဉ်တာနဲ့ ရောထွေးမပစ်သင့်ဘူး။ နိမိတ်ပုံတွေနဲ့ တွေးတာကို ရုပ်ဒြပ်ကျတဲ့ သရုပ်ဖော်ရေး နည်းလမ်းအဖြစ် ပြုလုပ်တာဟာလည်း ရူပကနယ်ပယ်လောက်တင် ကန့်သတ်ထားတာ မဟုတ်သေးပါဘူး။
ကဗျာအရည်အသွေး
ကဗျာအရည်အသွေးဆိုတာ ဘာလဲ။
လူများဟာ ကဗျာအရည်အသွေးနဲ့ လိရိကသဘော ဝေါဟာရတွေကို ရေထွေးပစ်လေ့ရှိတယ်။ ဒါကြောင့် ရှုမျှော်ခင်းတို့ မေတ္တာတို့ကို ဖေါ်ပြမှုပါတဲ့ ကဗျာမှန်သမျှ ကဗျာအရည်အသွေး ရှိတယ်လို့ ထင်မှတ်တဲ့လူတွေ ရှိနေတယ်။ တချို့လူများက ကဗျာမှာ လေ၊ ပန်း၊ နှင်း၊ လ ပါလာမှ လိရိက ကဗျာ ခေါ်နိုင်တယ်။ လိရိက ကဗျာတပုဒ် ရေးချင်တဲ့ ကဗျာဆရာဟာ ကဗျာကို မွမ်းမံအလှဆင်ဖို့ မြက်တဆုပ် ပန်းတဆုပ် လှမ်းဆုပ်ကိုင်လိုက်ရမယ်လို့ ထင်တတ်ကြတယ်။ လေတို့၊ ပန်းတို့၊ နှင်းတို့၊ လတို့ကို လူတွေရဲ့ ပြောင်းလဲတတ်တဲ့ မုဒ (စိတ်အခြေအနေ) တွေအတွက် ရူပကများအဖြစ် အသုံးပြုတာ ဘာအပြစ်မှ မရှိဘူးပေါ့။ ဒါပေမယ့် လေ၊ ပန်း၊ နှင်း၊ လ တို့လောက်ပဲပါတဲ့ လိရိက ကဗျာဟာ တကယ်တော့ နည်းနည်းရိုးစင်း လွန်းလှတယ်။ ရှုခင်းကဗျာ၊ ခရီးသွားကဗျာ၊ အချစ်ကဗျာ၊ အသည်းကွဲကဗျာ.. ကိုယ့်ခံစား ချက်နဲ့ကိုယ် ရေးကြပါစေလေ။ ကောင်းကောင်းရေးတာသာ ဖြစ်ခဲ့လျှင် တယောက်ယောက်ကတော့ သဘောကျမှာပါပဲ။
ကဗျာအရည်အသွေးဆိုတာ ကိုယ်ဖော်ကျုးထားတဲ့ အရာဝတ္ထုတွေကို ကဗျာ ဆရာက ပိုင်ပိုင်နိုင်နိုင် စီစဉ်ထားတတ်ခြင်း အရောင်သွေးတတ်ခြင်းရဲ့ ရလဒ်ဖြစ်တယ်။ ကဗျာအရည်အသွေးဟာ ကဗျာဆရာရဲ့ ဖွဲ့စည်းမှုထဲက စိတ်ကူးထဲက ထွက်လာ တယ်။ စာဖတ်သူဆီကို လုံးဝသစ်လွင်တဲ့ ခံစားမှုတမျိုး သယ်ဆောင်ပေးတယ်။ တချို့ကဗျာများက အရက်ပြင်းလို့ပဲ။ အားကောင်းကေင်းနဲ့ လှုံ့ဆွပေးနိုင်စွမ်း ရှိတယ်။ တချို့ကဗျာမျက လက်ဖက်ရည်ကြမ်းလိုပဲ နုညံ့တယ်။ အရက်တမျိုးတည်း၊ လက်ဖက်ရည်ကြမ်းတမျိုးတည်း၊ ကဗျာမျိုးတည်း ပေးမယ် ဆိုတာ ကြောင်းကျိုး မဆပ်စပ်ရုံမျှ မဟုတ်ဘူး။ တက်တက်စင် မိုက်မဲတာပဲ ဖြစ်လိမ့်မယ်။
အလှဆိုတာ ဘာလဲ။ ဒီမေးခွန်းကလည်း ကဗျာအရည်အသွေးဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းလိုပဲ ရှုပ်ထွေး မှု အများကြီးဖြစ်စေတယ်။
လုံးဝဥဿုံ အလှဆိုတာမျိုး မရှိဘူး။ အလှရဲ့အဓိပ္ပါယ်ဟာ သစ္စာတို့ ကောင်းခြင်း တို့ရဲ့ အဓိပ္ပါယ်ပေါ်မှာ တည်နေတယ်။ တနည်းပြောရလျှင် အလှခံယူ ချက်ဟာ ဒီအခြားခံယူချက်များနဲ့အတူ ပြောင်းလဲနေတယ်။
လူ့အဖွဲ့အစည်းပေါ်မှာ အလှခံယူချက်ရဲ့ သြဇာညောင်းမှုဟာ ၀တ္ထုပစ္စည်းများ အပေါ် သူပေးအပ်တဲ့ တန်ဘိုးအပေါ် တည်နေတယ်။ အလှ လို့ ခေါ်ကြ တာဟာ တကယ်က အရာဝတ္ထုများကို အကဲဖြတ်ထားတာပါပဲ။ အရမ်းကားဆုံး မောက်မာလွန်းသူတွေတောင် ပြည်သူတွေရဲ့ အလှခံယူချက်ကို မလွှမ်းနိုင်ဘူး။ ပန်းတမျိုးတည်းကိုသာ သီချင်းတပုဒ်တည်းကိုသာ နှစ်သက်ရမယ်လို့ ဘယ်သူမှ လူတွေကို မခိုင်းနိုင်ဘူး။ လူတဦးတယောက်ရဲ့ အကြိုက်ကို လူတသောင်းရဲ့ အကြိုက်အတွက် စံ ဖြစ်ရမယ်လို့လည်း မသတ်မှတ်နိုင်ပါဘူး။
ပုံသဏ္ဌာန်တခုကို လူတဦး တယောက်တည်းက ချမှတ်ပေးလို့ မရဘူး။ ပုံသဏ္ဌာန်တွေဟာ ဘ၀က လာတာ၊ ခေတ်အသီးသီးက မိမိလိုအပ်ချက်နဲ့အညီ ပုံသဏ္ဌာန်ကို ကိုင်တွယ်တယ်။ ဒီမှာဖြည့်လိုက် ဟိုမှာဖြုတ်လိုက်၊ ရွေးချယ်လိုက် ဖွံ့ဖြိုးလိုက်..။ လူတဦးစီမှာ ကိုယ့်ဖေါ်ပြနည်းနဲ့ကိုယ် ရှိတယ်။ လူတဦးစီရဲ့ စိတ်သဘာဝနဲ့ စိတ်စရိုက်ဟာ မတူဘူး။ အားလုံးဆီက ဖေါ်ပြပုံ တမျိုးတစားတည်း မျှော်လင့်တာဟာ အမြော်အမြင်မရှိရာ ကျတယ်။ မိမိကိုယ်တိုင်ရဲ့ ကဗျာဖြစ်တဲ့ ကဗျာတွေကို ရေးဖို့ ကြိုးစားပါ။ ပုံသဏ္ဌာန်အမျိုးမျိုး ဟန်အမျိုးမျိုးကို မှန်မှန် အသုံးပြုပါ။ ထပ်ပြောတာကို ရှောင်ပါ။ ကိုယ့်အရင်က သုံးပြီးသား ရူပကတွေကို မသုံးပါနဲ့။
ကဗျာရဲ့ ဘာသာစကား
ကဗျာဆိုတာ ဘာသာစကားရဲ့ အနုပညာ၊ ဒီတော့ အနုပညာရဲ့ ဘာသာစကား လိုတယ်။ သာမန်ပဲ၊ တုံးတုံးပဲ ထင်ရပေမယ့် ကြွယ်ဝမှု ပြည့်နေတဲ့ ဘာသာစကားကို ဖွေရှာပါ။ ဘာသာစကားဟာ မျိုးရိုးသဘာဝ ဆောင်သလို ခေတ်ရဲ့စိတ်ဓါတ်လည်း ဆောင်တယ်။ အကောင်းဆုံး ဘာသာစကားဟာ တကယ့်ဘ၀က လာတယ်။ ဘ၀က ခွာလျှင် ဘာသာစကား မဲ့သွားတော့တာပဲ။ အထိခိုက်ဆုံး ဘာသာစကားဟာ ဘ၀ကို ပီပီပြင်ပြင် သရုပ်ဖော်တဲ့ ဘာသာ စကားဖြစ်တယ်။ ကိုယ်စားပြုပေမယ့် သိမ်မွေ့တဲ့ အရာများ၊ လှုပ်ရှားမှုများ၊ ခံယူချက်များကို ဖော်ပြဖို့ ရိုးရိုးနဲ့ ဆီလျော်တဲ့ ဘာသာစကားကို သုံးပြီးတော့သာ အနုပညာ မြောက်တဲ့ စွမ်းပကားကို ရရှိနိုင်တယ်။ အရာဝတ္ထုတိုင်းရဲ့ ညုကလိယာစ်ကို ဆုပ်ကိုင်နိုင်စွမ်းဟာ ကဗျာဆရာရဲ့ အရေးကြီးဆုံး အရည်အသွေး ဖြစ်သင့်တယ်။
ခေတ်သုံး၊ လူထုသုံး ဘာသာစကားနဲ့ ပြောပါ။
ကဗျာရဲ့ ဘာသာစကားကို ပြည်သူလူထုက နားလည်ရမယ်။ ဟောင်းလွန်းတဲ့ အဖွဲ့အနွဲ့များကို အသိရှိရှိနဲ့ ပစ်ပယ်ပါ။ လတ်လတ်ဆတ်ဆတ် အစားအစာမှ ခံတွင်းတွေ့နိုင်တယ်။ ကလီရှေး ဆိုတာ ပုပ်သိုးနေတဲ့ အစာပါပဲ။ သူများတွေ အကြိမ်ထောင်သောင်း သုံးပြီးသား နာမ၀ိသေသနများ၊ အီဒီယမ် များကို ရှောင်ပါ။ အရာတခုစီကို ဖော်ပြဖို့ ကိုယ်ပိုင် နာမ၀ိသေသနများ ရှာဖွေရမယ်။ အတွေးက ဘယ်လောက်ပဲ နက်နဲမြင့်မားပါစေ၊ ဘာသာစကားကတော့ ရှင်းရှင်း လွယ်လွယ် ရှိနေရမယ်။ မိမိရဲ့ ဘာသာစကားဟာ ကိုယ်ပိုင်ဟန် ရှိမယ်။ သူတပါး မကြာမကြာ သုံးပြီးသား ရူပကကို ရှောင်ပါလေ။ ဒီလိုနည်းနဲ့သာ အရာဝတ္ထုတွေထဲကို ပိုမိုနက်နက် တူးဖောက်နိုင်စွမ်း ရလိမ့်မယ်။ မပျင်းပါနဲ့၊ ရူပက အသစ်တွေကို ကိုယ့်ခံစားချက်နဲ့ ရှာဖွေပါ။ ရာသီဥတုလိုက်ပြီး အ၀တ်အစား လဲပေးရသလိုပေါ့။
ခုန်လွှားပါ။ ဖြစ်စဉ်မှာ မလိုလားအပ်တဲ့ အဆင့်တွေကို ဖြုတ်ပစ်ပါ။ ဆက်နွယ်မှုနဲ့ စိတ်ကူးမှု အဆက်အသွယ်ကို ရှင်းလွန်းအောင် မလုပ်ပါနဲ့။ တခါတလေ အဆက်အစပ် မရှိဘူးလို့ ထင်ရတဲ့ အရာများမှာ အတွင်းချိတ်ဆက်ကလေး ရှိနေတတ်တယ်။ နက်နဲပါ။ ဒါပေမယ့် နားလည်ဖို့ လွယ်ပါစေ။ ထိခိုက်နိုင်စွမ်းပါစေ။ ဒါပေမယ့် ဟန်ဆောင်ပန်ဆောင် မလုပ်ပါနဲ့။ ရှင်းလင်းပါစေ။ ဒါပေမယ့် မတိမ်ပါစေနဲ့။ ဇာတ်လမ်းပြောရာမှာ ရှင်းလွန်းတာ၊ တည့်တိုးကျလွန်းတာဟာ ရေမကူးတတ်ဘူး ရယ်လို့ စိုးရိမ်တကြီးနဲ့ စာဖတ်သူကို တွဲပြီး လမ်းလျောက်ပေးတာ ဖြစ်တယ်။ ဖြုတ်စရာကို မဖြုတ်တတ်တာဟာ အရွတ်နဲ့အတူ အရိုးပါ ရောမွှေကြော်ပစ်တာ ဖြစ်တယ်။ မခုန်တတ်၊ မလွှားတတ်တာဟာ ကိုယ့်အဓိပ္ပါယ်ကို စာဖတ်သူက အကောက်မှား ရချည်သေး ဆိုပြီး ထိတ်လန့်တာပဲ ဖြစ်တယ်။
ချဲ့ကားပြောတာကို ကဗျာမှာ ခွင့်ပြုတယ်။
လီပိုင် ဟာ စိတ်အခြေအနေ (မုဒ) တရပ်ကို ဖော်ပြဖို့ ချဲ့ကားပြောဆိုတဲ့ ဘာသာစကားကို မြတ်နိုးခဲ့၊ သုံးစွဲရာမှာ အင်မတန် ကျွမ်းကျင်ခဲ့တယ်။ ကိုက်သုံးထောင်ရှည်တဲ့ ဆံဖြူ၊ မြစ်ဝါရဲ့ ရေတွေ နတ်ပြည်က စီးဆင်း၊ ပေသုံးထောင်နက် မက်မုံပွင့်ရေကန်... ဒါတွေအားလုံးဟာ နက်နက်နဲနဲ ခံစားရတဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြတယ်။ ဒါ လူအများစု မသုံးရဲတဲ့ ဘာသာစကားမျိုးပဲ။ ဒီလို ချဲ့ကား ပြောတာများကို သိပ္ပံစံတွေနဲ့ မဆုံးဖြတ်အပ်ဘူး။
ကဗျာတပုဒ်ကို ရေးဖွဲ့ရာမှာ ဒီကဗျာဟာ ပန်းချီကား တချပ်ဖြစ်ခဲ့လျှင် ဘယ်လို အနုပညာနည်းလမ်းများ သုံးပေလိမ့်မယ်ဆိုတာကို ဖော်ပြပုံကနေ သိမြင်နိုင်တယ်။ ဥပမာ.. အမြန်ပုံကြမ်းဆွဲတာ၊ သူတောင်းစားနဲ့ အ၀တ်ဖာတဲ့ မိန်းမ တို့မှာလိုမျိုး၊ အောက်လိုင်းသက်သက်မျှ ရေးလိုက်တာ၊ ကောက်ရိတ်သူငယ်၊ ဆောင်းရေအိုင်၊ ရေငှက် တို့မှာလိုမျိုး၊ ဆီဆေး၊ အထီးကျန် မြိုင်ကန္တာ၊ လမ်းမကြီး တို့မှာလိုမျိုး။ တမင်သက်သက် ဂမ္ဘီရ (လျှို့ဝှက်အသိခက်) မဆန်ပါနဲ့။ ကိုယ့်စာဖတ်သူတွေကို ဖတ်ရင်း စကားထာတွေ အဓမ္မ မှန်းဆ မခိုင်းပါနဲ့။ စကားလုံး ကစားတာတွေ မလုပ်ပါနဲ့။ ပင်ကို လှနေတဲ့ မိန်းမဟာ လှဖို့အတွက် အ၀တ်ကောင်း အစားကောင်းပေါ် အားမထားပါဘူး။ အလှစစ်စစ်က ခန္ဒာကိုယ် ကျန်းမာမှုအပေါ် တည်ပါတယ်။ ဒီလို ပြောလိုက်တာဟာ အလှမခြယ်ရဘူးလို့ ပြောလိုက်တာ မဟုတ်ဘူး။ ကဗျာမှာ ပါတဲ့ အရေးကြီးဆုံး အပိုင်းက ကဗျာဆရာ တွေးကြံထားတဲ့ နိမိတ်ပုံများရဲ့ အလှပဲ ဖြစ်တယ်။ ဒီအလှဟာ ကဗျာရဲ့ အတွင်းသားပေါ် လဲလျောင်းနေတယ်။ ကြီးမားတဲ့ ကဗျာ စာကြောင်းတွေဟာ ကျယ်ဝန်းတဲ့ အဓိပ္ပါယ်တွေ ဆောင်နေကြတယ်။ ဒဿန ဘာသာစကား ကြွယ်ဝတယ်။
အာဝဇ္ဇန်း ကြွယ်ဝတဲ့ ဘာသာစကားနဲ့ အရာဝတ္ထုတို့ရဲ့ အနှစ်ကို ဖော်ထုတ်ပြပါ။
ကြီးမားတဲ့ ကဗျာစာကြောင်းတွေဟာ ဒဿနက ထွက်လာတယ်။ အရာဝတ္ထုတွေထဲက ပဋိပက္ခများကို ဆုပ်ကိုင်ပါ။ ပဓာန အပိုင်းတွေကို ရည်စူးပါ။ စာဖတ်သူတွေကို နက်နက်နဲနဲ ၀င်စားလာပါစေလိမ့်မယ်။ ကိုယ့်ရဲ့ ကြွယ်ဝတဲ့ ဘ၀အတွေ့အကြုံကို ရောင်ပြန်ဟပ်နေတဲ့ ရှင်းရှင်းလွယ်လွယ် ဒဿနပါဝင်တဲ့ အများသုံး စကားပြော ဘာသာစကားကို သုံးပါ။ လူ့ဘ၀အကြောင်း နက်နက်နဲနဲ မတွေ့ဖူးလျှင် ဘ၀ရဲ့ ဂမ္ဘီရသဘောကို ထုတ်နှုတ် မယူနိုင်စွမ်းပဲ ရှိနေလိမ့်မယ်။ ဘာသာစကား အလုပ်လုပ်ပုံကို နားမလည်လျှင် စာဖတ်သူကို ထိခိုက်စေနိုင် စွမ်းတဲ့ ကဗျာတွေ ရေးနိုင်လိမ့်မယ် မဟုတ်ပေဘူး။
လိရိကကဗျာနဲ့ ဇာတ်လမ်းပြောကဗျာ
ကဗျာဟာ ခံစားမှုရဲ့ နိုင်ငံဖြစ်တယ်။
လိရိက ကဗျာရဲ့ အရေးအကြီးဆုံး အင်္ဂါရပ်က သူဟာ စိတ်အခြေအနေကို ဖော် ပြနေတယ် ဆိုတာပါပဲ။ သူ့ရဲ့ ရှောင်မရဆုံး လိုအပ်ချက်က ခံစားမှု သန့်စင်ခြင်း ပါပဲ။ ကဗျာဟာ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှု ပါရှိရမယ်။ သာမန် ရိုးရိုးခံစားမှုမျိုးနဲ့ ရေးတဲ့ ကဗျာများဟာ လူတွေကို မထိခိုက် စေနိုင်ဘူး။ လိရိက ကဗျာဟာ မိမိကိုယ် ဒါမှမဟုတ် မိမိဝန်းကျင် ကမ္ဘာကို ဆင်ခြင် ကြည့်မနေရပဲ ကဗျာဆရာရဲ့ ခံစားသိမြင်ပုံကို ဖော်ကျုးထားတာ ဖြစ်ရမယ်။
လိရိက ကဗျာဟာ စိတ်လှုပ်ရှားမှုကို ဘယ်တော့မှ မစွန့်ပယ်နိုင်ဘူး။ ကြည်နူးမှု၊ ဒေါသ၊ ပူဆွေးမှု၊ ၀မ်းသာမှု ဘာပဲဖြစ်ပေ့စေ စိတ်လှုပ်ရှားမှု မပါတဲ့ ကဗျာဟာ အမြုံပဲ။ လိရိက ကဗျာမှာ ဇာတ်လမ်း ဇာတ်အိမ် ပြတ်ပြတ်သားသား မရှိဘူး။ ရိုက်ပုတ် နေတဲ့ စိတ်လှုပ်ရှားမှု လှိုင်းတွေကို တုံ့ပြန်ရင်းသာ ဇာတ်လမ်းဟာ ပေါ်လာလိုက် ပြောင်းလဲလိုက်ပဲ။ စိတ်လှုပ်ရှားမှုဟာ ကဗျာဆရာ့ နှလုံးသားရဲ့ လှုပ်ရှားမှု ဖြစ်တဲ့အတွက် ဖော်ပြပုံ ဘယ်လိုပုံ ဖြစ်ပစေ စိတ်လှုပ်ရှားမှုကို ဘယ်တော့မှ မစွန့်ရဘူး။ ဒီလို စိတ်လှုပ်ရှားမှု ရှိနေခြင်းက လိရိက ကဗျာလို့ ဆိုတဲ့ဟာရဲ့ အတွင်းအနှစ်ကို နားလည်ဖို့ ပိုလွယ်စေတယ်။
လိရိက ကဗျာဟာ သစ်ပင်ပေါ်က လတ်လတ်ဆတ်ဆတ် ခူးလာတဲ့ သစ်သီး၊ နှင်းရည်လူးထားတဲ့ မနက်ခင်းပန်းတို့နဲ့ တူတယ်။ ပညာသိဆိုတဲ့ မီးထဲမှာ ကင်လိုက်ရင် ရှုံ့တွသွားရော။ လိရိက ကဗျာရဲ့ ဦးတည်ချက်ကိုတောင်မှ စိတ်လှုပ်ရှားမှုက ဦးဆောင်နေရမယ်။ စိတ်လှုပ်ရှားမှုကို ဒီအခန်းက ရုတ်သိမ်းလိုက်ရင် စာဖတ်သူတို့ တက်စရာ လှေကားမရှိပဲ ဖြစ်လိမ့်မယ်။
ဇာတ်လမ်းပြော ကဗျာကို အဲပိက ကဗျာလို့လည်း ခေါ်နိုင်တယ်။
ဇာတ်လမ်းပြော ကဗျာရဲ့ လက္ခဏာကတော့ ဇာတ်ကွက် ဇာတ်လမ်း ပြတ်ပြတ် သားသား ရှိတာပါပဲ။
ဇာတ်လမ်းပြော ကဗျာကိုလည်း စိတ်လှုပ်ရှားမှု အတော်အသင့် ထည့်ပေး ထားသင့်တယ်။ ဇာတ်လမ်းပြော ကဗျာရော၊ စိတ်ကူးဇာတ်ကွက်ပေါ် အခြေခံတဲ့ ကဗျာပါ စာဖတ်သူတွေကို ထိခိုက်အောင် လုပ်ရာမှာ များသောအားဖြင့် အောင်မြင်တတ်တယ်။ ဇာတ်လမ်းပြော ကဗျာမှာ လုပ်ကြံယူထားတဲ့ အချက်အချို့ကတော့ ပါတတ်တာပဲ။ ဒီလုပ်ကြံထားတဲ့ အချက်တွေဟာ စိတ်ကူးမှုရဲ့ အချက်တွေပေါ့။ ကျုပ်ဟာ စစ်တပ်ခရာမှုတ်သမား မလုပ်ဖူးပါဘူး။ ဒါပေမယ့် ခရာမှုတ်သမား ကဗျာရှည်ကို ရေးခဲ့တယ်။ တိုက်ပွဲမှာ ဒါဏ်ရာ မရဖူးပါဘူး။ ဒါပေမယ့် သူ ဒုတိယအကြိမ် သေတယ် ကဗျာရှည်ကို ရေးခဲ့တယ်။ မီးတုတ်ကိုင် လှည့် လည်ပွဲမှာလည်း တခါမှ မပါဖူးပါဘူး။ ဒါပေမယ့် မီးတုတ် ကဗျာရှည်ကို ရေးခဲ့တယ်။ တကယ့်အဖြစ်အပျက်တွေအပေါ် အခြေခံထားတာ မဟုတ်ပေမယ့် ဒီကဗျာတွေမှာ အလွန်ပီပြင်တဲ့ ဇာတ်ကွက် ဇာတ်လမ်းသဘော ရှိနေတယ်။
ကျုပ်ကဗျာအချို့ဟာ တကယ့်အဖြစ်အပျက်တွေ၊ လူတွေ အပေါ် အခြေခံ ထားတာပါ။ ဥပမာ နှင်းထဲကစိန်၊ ကျုပ်အဖေ။ လိရိကသဘော သိပ်မပါတဲ့ ဇာတ်လမ်းပြောကဗျာဟာ စိတ်လှုပ်ရှားမှု ထည့်ထားတဲ့ ဇာတ်လမ်းပြော ကဗျာလောက် စာဖတ်သူအပေါ် ကြီးကြီးမားမား ထိခိုက်နိုင်စွမ်း ရှိလိမ့်မယ် မဟုတ်ဘူး။ ကျုပ်ရဲ့ ဇာတ်လမ်းပြော ကဗျာနှစ်ပုဒ်ဟာ လူထုသီချင်းများက ငှားယူထားတဲ့ ပုံသဏ္ဌာန်တွေကို သုံးပြီး ရေးထားတာပါ။ ငါးရှဥ့်နက် ဆိုတဲ့ တပုဒ်က အများစု ပိုင်းမှာ စိတ်ကူး အဖြစ်အပျက်တွေကို ဖော်ပြထားတာ။ ၀ှက်ထားတဲ့ သေနတ်များ ဆိုတဲ့ နောက်တပုဒ်ကတော့ တကယ့်အဖြစ်အပျက်ပေါ် အခြေခံ ထားတာပါပဲ။ လုံးလုံး မအောင်မြင်တဲ့ ကဗျာတပုဒ်ဖြစ်တယ်။ ကာရန်ပါတဲ့ အစီရင်ခံစာကို ဖတ်ရသလိုပဲ။ ဒါလောက်ဆိုရင် ဇာတ်လမ်းပြော ကဗျာမှာ ခံစားမှု ဓါတ်ကလေးပါဖို့ လိုကြောင်း နမူနာပြတာ လုံလောက်ပါပြီ။
ကျုပ်ရဲ့ ကဗျာရှည် နေကိုရင်ဆိုင် နဲ့ အလင်းထောပနာတေး နှစ်ပုဒ်စလုံးကို လိရိက ကဗျာလို့ သတ်မှတ်ရမယ်။ ဒါပေမယ့် လှိုင်းခေါင်းပေါ်မှာ၊ ရှေးရောမ မြို့ကသတ်ပွဲကွင်း၊ ချင်းမင်းပွဲတော်မိုးသည်းသည်း တို့လို အခြားကဗျာရှည်တွေကို လိရိက ကဗျာ သတ်မှတ်ရမလား။ ဇာတ်လမ်းပြော ကဗျာ သတ်မှတ်ရမလား ဆုံးဖြတ်ဖို့ကတော့ ခက်တယ်။ တချို့ ဇာတ်လမ်းပြော ကဗျာတွေက ကဗျာဆရာ အနေနဲ့ နိမိတ်ပုံတွေနဲ့ တွေးပြီး ဖန်ဆင်းထားတာ မဟုတ်ဘူး။ အဖြစ်အပျက်တခုကို တည့်တိုးဟန်နဲ့ပဲ ပြောပြ ပါတယ်။ ဒီလို ကဗျာမျိုးဟာ ကာရန် ပါတာချည့်။ ဥပမာသဘော တုဖူရဲ့ အရာရှိသုံးဦး နဲ့ ခွဲခွာခြင်းသုံးခု တို့ကို ကြည့်လေ။ ဘယ်ကဗျာမှာမှ ရူပကတခု မပါချေဘူး။ ဇာတ်ကွက် ဇာတ်လမ်းက ပြည်သူတွေကို စိတ်လှုပ်ရှားစေနိုင်တဲ့ အတွက် ကျုပ်တို့ဆီ လက်ဆင့်ကမ်း ရောက်လာခဲ့ကြ တာပါပဲ။
အတွေးတခုကို ဖော်ကျုးဖို့အတွက် အရာဝတ္ထုတခုကို အသုံးပြုတဲ့ ကဗျာများကို အရာဝတ္ထု ထောပနာကဗျာ လို့ ခေါ်တယ်။ ဒီကဗျာတွေကို ဒဿန ကဗျာများလို့ ယူဆလေ့ရှိတယ်။ လိရိက ကဗျာတွေက စိတ်လှုပ်ရှားမှု ဓာတ်ကို အလေးတင်းတယ်။ အရာဝတ္ထု ထောပနာကဗျာများကတော့ ဒဿနဓာတ်ကို အလေးတင်းပါတယ်။ ဒဿနကဗျာများ တနည်း ဆင်ခြင်တုံ အတွေးပေါ် အခြေခံတဲ့ကဗျာများဟာ ရှင်းလင်း၊ ရိုးစင်းတဲ့ ဗဟိဒ္ဓအောက်မှာ နက်ရှိုင်းတဲ့ ဒဿနသဘောကို ဖုံးဝှက်ထားတတ်တယ်။ အာဝဇ္ဇန်းမရှိတဲ့ လူတယောက်က ဒဿနကဗျာ ရေးဖို့ ကြိုးစားရင် ခပ်ညံ့ညံ့ အပျော်တမ်းသမားက လက်လှည့်ပညာ အစွမ်းပြသလို နေလိမ့်မယ်။ လုံးဝ စိတ်ပျက်စရာကြီး။ သဲတမှုန်ထဲမှာ စကြာဝဠာကို မြင်သူ၊ ရေတစက်မှာ ကမ္ဘာကို မြင်သူဟာ စိတ်ကူး ကြွယ်ဝတဲ့ ကဗျာဆရာပေပဲ။ စိတ်ကူးမရှိတဲ့ လူရဲ့ အမြင်မှာတော့ သဲမှုန်ဟာ သဲမှုန်အပြင် တခြား မဟုတ်ဘူး။ ရေတစက်ဟာလည်း ရေတစက်ထက် မပိုပေဘူး။
ဖွဲ့စည်းမှုနဲ့ဈာဉ်ဝင်မှု
ကိုယ့်လက်ရာထဲမှာ ရောင်ပြန်ဟပ်ထားတဲ့ ကိုယ့်ဖွဲ့စည်းမှုဟာ စာဖတ်သူကို ဖမ်းစားနိုင်ရမယ်။ ဖန်ခွက်တခုကို ဖုံးအုပ်ထားတာ အတွင်းမှာ ဘာများ ရှိပါလိမ့်လို့ (အတွင်းမှာ တစုံတရာ ရှိများရှိခဲ့ရင်ပေါ့လေ) ခန့်မှန်းချင်လာအောင် ဆွဲဆောင် နိုင်တဲ့ မျက်လှည့်ဆရာရဲ့ လက်ကိုင်ပုဝါလို ဖြစ်ရမယ်။ စာဖတ်သူကို ကိုယ်နဲ့အတူ လိုက်လျောက်အောင် လုပ်ပါ။ လမ်းအဆုံးမှာ ဘာရှိရှိ မမှုပါနဲ့။ ကျောက်စိမ်းတတုံးနဲ့ ကြုံခဲ့ရင် စဉ်းစားမိမှာက ဘာများ ထွင်းထုယူရပါ့။
အစိတ်စိတ် ကွဲမသွားအောင် ဘယ်လို ထိမ်းရပါ့။
စဉ်းစားစရာ ကြံဆရမှာ အလုပ်က တည်နေတယ်။ ရေးတာထက် ပိုတွေးရမယ်။ အတွေးဟာ လိပ်ပြာပဲ။ လိပ်ပြာတကောင်မှ မမိပဲ တနေကုန် တွေးချင်လည်း တွေးနေရမှာပဲ။ သေသေချာချာ ဖွဲ့စည်းထားတဲ့ လက်ရာမှ စာဖတ်သူကို ထိခိုက်နိုင်တယ်။ ပဋ္ဋိပက္ခရဲ့ ညူကလယာ့စ်ကို ဘယ်လို ရှာရမလဲ။ ပဋ္ဋိပက္ခကို တိုက်ရိုက်အကျဆုံး ဘယ်လို ဖော်ကျုးရမလဲ စဉ်းစားပါ။ အနုပညာသန္ဓေဟာ ဖွဲ့စည်းမှုနဲ့ စတယ်။ တကယ့်ဘ၀ဟာ ထွေပြားလွန်းသမို့ သစ်ပင်တပင်တည်းမှာတောင် သစ်သီးနှစ်လုံး တူတာကို တွေ့နိုင်လိမ့်မယ် မဟုတ်ဘူး။
ရှေ့ရောနောက်ပါ စစ်ဆေးပြီးတဲ့နောက် အသေးစိတ် ထပ်ကြည့်ပါဦး။ ပိုနက်နက် နဲနဲ တွေးပါဦး။ ပိုနက်နက် တူးပါဦး။
အခြားသူများရဲ့ တွေ့ရှိချက်တွေကို လုံးဝ ထပ်မဆိုရဘူး။ သူများလုပ်ပြီးသားကို ထပ်ကျော့မှဖြင့် မိမိရယ်လို့ ဖြစ်ရှိနေစရာ ဘာလိုဦးတော့မှာလဲ။ ဈာဉ်ဝင်မှုကို ကြိုဆိုဖို့ တံခါးကို အမြဲ ကျယ်ကျယ် ဖွင့်ထားပါလေ။
ဈာဉ်ဝင်မှုဟာ မဖိတ်ပဲလာတဲ့ ဧည့်သည်မဟုတ်။ မတော်တဆ ကြုံဆုံရတတ်တဲ့ မိတ်ဆွေမျိုးဖြစ်တယ်။ မမျှော်လင့်တုန်း ရောက်လာတတ်တယ်။ ဈာဉ်ဝင်မှုမှာ အချိန်းအချက်သဘော မရှိဘူး။ သူဘယ်တော့ လာခဲ့မယ်လို့ ပြောပြလိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မိတ်ဟောင်းဆွေဟောင်းကို ဧည့်ခံသလို ဧည့်ခံရပေလိမ့်မယ်။ ဇာတ်လမ်းပြော ကဗျာများမှာ ဈာဉ်ဝင်မှု ရေအလျဉ်တွေ အများအပြား ဆုံဆည်း လာတတ်တယ်။ ဈာဉ်ဝင်မှုဟာ ပန်းစည်းတစည်း ဆောင်ကြဉ်းလာတတ်တယ်။
ဒါမဟုတ်.. စိတ်ကူးလေး တခု၊
ဒါမှမဟုတ်.. ဖျော်ရည်အေးအေးလေး၊
ဒါမှမဟုတ်.. လက်ဆောင်ကလေး၊
ဒါမှမဟုတ်.. စကားဆိတ်ဆိတ် ခေါင်းငိုက်စိုက်နဲ့ မိတ်ဆွေတယောက်
ဆုံးပါး သွားတဲ့ သတင်း ဆောင်ချင်လည်း ဆောင်လာမယ်။
တခါတလေ သုံးလေးလနဲ့ ပေါ်မလာချေဘူး။
တနှစ်တောင် ကြာချင်ကြာ်မယ်။
ခဏခဏ လာစေချင်ရဲ့၊ သူက မလာ။
ကိုယ့်ကို အဆက်ဖြတ် သွားချေပေါ့။
ဗြုန်းဆို နှစ်အနည်းငယ်အကြာ လမ်းပေါ်ဆုံပြန်ရော။
၁၉၇၈ အေက်တိုဘာမှာ ဟောင်ကောင်မဂ္ဂဇင်း ဟိုက်ယန်စာပေ က ဟောက်ချွမ်ရဲ့ လမ်းလေးခွကထမင်းဆိုင် ကဗျာကို ထည့်သွင်းဖေါ်ပြခဲ့တယ်။ ကဗျာမှာ ငါးပါဒပဲ ပါတယ်။ ဒါပေမယ့် စင်ပေါ်က သိုင်းပညာ ပြိုင်ပွဲကို ပြည့်ပြည့်စုံစုံ ဖေါ်ကျူးထားရဲ့။
စားပွဲတလုံးတည်း၊ ကုလားထိုင်တလုံးတည်း
ဒါပေမဲ့.. သူတို့သတ်တာ အသွင် တသိန်း ဆောင်ခဲ့။
ဇာတ်ခုံကို နေ့နှယ်လင်းအောင် ထွန်းညှိထား။
လျူလိဟွာနဲ့ ရဲန်တန်ဟွီ
ပညာစွမ်းနဲ့ ညလို မည်းနက်ဟန် လုပ်ထားကြ။
ထူးကဲတဲ့ အနုပညာ သန္ဓေကို ဖော်ထုတ်ပြနိုင်တဲ့ ကဗျာတိုအချို့ကို အခြား နေရာများမှာလည်း ကျုပ် တွေ့ဖူးတယ်။ ဥပမာ ဟောဒီကဗျာဟာ နှစ်ပါဒနဲ့ စက်ဘီးကို ဖွဲ့ပြထားရဲ့။
ရှေ့ကိုတက်မှသာ
ကျုပ် လဲမကျဘူး။
ခါးသီးတဲ့နှစ်များ
၁၉၃၇ မှာ ဂျပန်ခုခံရေးစစ်ပွဲ မတိုင်ခင်နေ့က ပြန်လည်ရှင်သန်တဲ့မြေကြီး မှာ ကျုပ်က ပူဆွေးတဲ့ ကဗျာဆရာငဲ့၊ ခင်ဗျားလည်း အတိတ်က ကြေကွဲဖွယ်ကို ခါချရမယ် လို့ ရေးခဲ့တယ်။ အဲဒီနှစ်မှာပဲ ကျုပ်ဟာ တရုတ်မြေပေါ် မိုးနှင်းကျတယ် ကို ရေးခဲ့ရာမှာ ငါ့လူငယ်ဘ၀ရဲ့ အဖိုးတန်ဆုံး အချိန်အများစုကို လှည့်လည် ရင်းမှာ ထောင်ထဲမှာ ဆုံးရှုံးခဲ့ရတယ် လို့ တသခဲ့တယ်။ နှစ်ခုစလုံးဟာ ကျုပ်ရဲ့ ခံစားချက် အမှန်တွေကို ဖေါ်ပြနေကြတာပါပဲ။
တချို့လူများက ကျုပ်ဟာ အလွမ်းအဆွေး ကဗျာတွေကိုသာ ရေးနိုင်စွမ်းတယ်လို့ ထင်ကြတယ်။ ကျုပ် ပြောခဲ့ဘူးပါတယ်။ ကျုပ်ကဗျာ အတော်များများဟာ ကျုပ်အကြောင်းတွေပါ။ ဒါပေမယ့် ဒီလို ကျုပ်အကြောင်း သရုပ်ဖော်ချက်ဟာ ကဗျာတွေကို ရေးစဉ် ခေတ်ကာလနဲ့ တရင်းတနှီး ဆက်စပ်နေပါတယ်။ ပစ္စုပ္ပန်က ခွာလိုက်ရင် ကျုပ်အရိပ်ကို ကျုပ် မတွေ့နိုင်တော့ဘူး။ (၁၉၈၁၊ ကဗျာလေ့လာမှု အမှတ် ၁ ကို ရှု) လူတယောက်က တဆင့် ခေတ်ကိုရေးရာမှာ ခေတ်ကတဆင့် လူကို ရေးရသလိုပဲ။ လူနဲ့ သူ့ခေတ်ကို ခွဲလို့ မရပါဘူး လို့။
ကျုပ်ရဲ့ ကဗျာသဘောတရားများမှာ ကျုပ် ယူဆတာက ခါးသီးမှုကို တရင်းတနှီး ရှိကြရ။ စိတ်ချမ်းသားမှုဆိုတာ တစိမ်းပြင်ပြင် ဖြစ်ကြရတဲ့ ဒီခေတ်ကြီးမှာ ရွှန်းလန်းမှု သယ်ဆောင်ပေးနိုင်တာက ကိုယ့်ခါးသီးမှုကို ကမ္ဘာကုန် သိသွားအေင် အော်ဟစ်လိုက်တာပဲ ဖြစ်တယ်။ နှုတ်အသူများဟာ ကျုပ်တို့ထက်တောင် ဒုက္ခဆင်းရဲ ရောက်နေကြသေးတယ်ဆိုတာ ကျုပ်တို့ သိကြတယ်လို့ ဖြစ်တယ်။
အဲဒီအချိန်တုန်းက ကျုပ် ပြောခဲ့သေးတာက ဒီခေတ် ဒီအခါမှာ အသက်ရှင်နေတဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို စိတ်မပျက်ပါနဲ့လို့ ဆုံးမသြ၀ါဒ ပေးတာဟာ ရွံ့နွံအိပ်မက် ဆိုးထဲ ရုန်းကန်နေတဲ့ လယ်သမားများကို အားမလျော့ပါနဲ့လို့ သွားပြောတာနဲ့ တူတယ်။ မဆင်မခြင် အလောတကြီး ပေးတဲ့ အကြံမျိုးပဲ လို့ ဖြစ်တယ်။ ဒီလိုလည်း ကျုပ် ပြောဖူးတယ်။ လူတဦးချင်းရဲ့ သုခ ဒုက္ခဆိုတာ သူ့ခေတ်ရဲ့ သုခ ဒုက္ခနဲ့ နှောနေရမယ်။ ခေတ်ရဲ့ သုခနဲ့ ဒုက္ခဟာ လူတဦးချင်း သုခ ဒုက္ခထဲ ပျော်ဝင်နေရမယ် လို့။
ခေတ်ဆိုတာ လေအလွှာကြီးတခုနဲ့ တူတယ်။ ခေတ်တခုလုံးက ပူဆွေးနေရင် ဘယ်နှယ်လုပ်ပြီး လူတယောက်ဟာ ပျော်တယ်လို့ ဆိုမတုန်း။ လူဟာ ကမ္ဘာ လောကနဲ့ ကင်းကွာလို့ ရတယ်လို့ ယုံကြည်ပြီး မိမိအကြောင်း ရေးဖို့ အားသန် တယ်ဆိုတာ ရိုးအ တာပဲဖြစ်တယ်။ ကျုပ်ဘ၀ ဘယ်အချိန်ပိုင်းမှာမှ အကြီးအကျယ် ပျော်လှချည့်လို့ ရှိခဲ့ဖူးတာ မမှတ်မိဘူး။ ကျုပ် ခံစားဖူးသမျှ အကြီးမားဆုံး ပျော်ရပုံကတော့ ဂျပန် ချွင်းချက်မရှိ လက်နက်ချလိုက်ပြီ ဆိုတဲ့သတင်း ယင်အန်ကို ရောက်လာတဲ့ ၁၉၄၅ သြဂုတ် ၁၅ ညမှာပါပဲ။ ဗုံသံ၊ မောင်းသံ လေထဲမှာ ပြည့်လျှံနေတယ်။ နေရာတကာမှာ လူတွေ ကကြ သီချင်းဆိုကြနဲ့။ ကျုပ် အဲဒီအချိန်က အရူးအမူး အောင်ပွဲခံည ကဗျာကို ရေးလိုက်တယ်။ ဒါတောင် ကျုပ် ခံစားမှုကို အကုန် မဖော်ပြနိုင်ခဲ့ပါဘူး။ ဓမ္မတာ အတိုင်းပေါ့။ ကျုပ် ကြည်နူးဖွယ် ကဗျာတချို့ ရေးဖူးပါတယ်။ ၁၉၅၄ ဆောင်းဦးတုန်းက မော်စကိုထဲ ဖြတ်သွားစဉ် လူငယ်ပွဲတော်နဲ့ သွားတိုးတာမို့ မြူးကြွရောင်စုံ စက္ကူတစဖွဲ့ ကဗျာကို ကျုပ် ရေးလိုက်တယ်။ ဒါလည်း သူများ အကြောင်းပါ။ ၀တ်စုံနဲ့ ကနေတဲ့ လူငယ်တွေအကြောင်းပါ။
မင်းနှာခေါင်းက နှင်းပန်းနှယ်
မင့်နှုတ်ခမ်း ပွင့်ဖတ်တို့နှယ်
မင့်ပိုးသားမျက်နှာဖုံးကို ချွတ်ပ
မင့်မျက်လုံးတွေကို ကြည့်ပါရစေ
ဒါပေမယ့်... အချိန်၊ သြော် သောမရည်ချိုနှယ်ပဲ
ငါတို့ သောမရည်သောက်သူတွေ
သစ်ပင်ကိုင်းက ရွက်ဦးတွေ ချပေးပေါ့
လေဟာ ချမ်းစိမ့်စိမ့် သစ်သီးရည်နှယ်..။
လူများက မကြာမကြာ မေးကြတယ်။ ဘယ်လိုလုပ်ပြီး ထိုးဖေါက်နိုင်စွမ်း (အောင်မြင်မှု) ရအောင် လုပ်ရပါသလဲ တဲ့။
ဘာ့ကြောင့် ထိုးဖေါက်နိုင်စွမ်း ရအောင် လုပ်ဖို့ လိုနေတာလဲ။ ဘာကများ နောက် ကို ဆွဲထားနေသလဲ။
ဟောဒါတွေ အားလုံးပါပဲ။ နည်းလမ်းဟောင်းတွေ လိုက်တာ၊ ပုံသေကားချပ်ဟန်နဲ့ ရေးနေတာ၊ သာမန်ရိုးရိုး ဖြစ်နေတာ၊ စာဖတ်သူတွေ အရင်က တွေ့ဖူးသလိုရှိတဲ့ အရေးအသားတွေမှာ စုန်းစုန်းမြုပ်နေတာ...။
ထိုးဖေါက်နိုင်စွမ်းဆိုတာက အချုပ်အချယ်တွေထဲက ဖောက်ထွက်တာ။ ဘ၀ဆီ ရှေ့ရှုတဲ့လမ်းကို ရှာတာ၊ မျက်နှာအသစ် ဖွင့်လှစ်ပြတာကို ဆိုလိုတယ်။
ထိုးဖေါက်နိုင်စွမ်း ဖြစ်စေတဲ့ ခွန်အား ဘယ်က လာသလဲ။ နေရာ လေးငါးနေရာက လာပါတယ်။ အဲဒီထဲမှာ ပါဝင်တာကတော့ အသစ် ဖြစ်ပေါ်မှုတွေကို ခံစားတတ် စွမ်းရယ်၊ အနုပညာလက်ရာများမှာ ပေါ်လွင်လာတဲ့ ဗဟိဒ္ဓကမ္ဘာရဲ့ နက်ဂတစ် အသွင်ကို တွေ့မြင်တတ်စွမ်းရယ်ပါပဲ။ ဒါတွေက တိုက်ပွဲဆင်ဖို့ အပူတပြင်း ဆန္ဒကို ဖြစ်ပေါ်စေတယ်။
ထိုးဖေါက်နိုင်စွမ်းဆိုတာ တကယ်ကတော့ ပိတ်ဆို့ ခံနေရခြင်းဆိုတဲ့ စိန်ခေါ်မှုကို တုံ့ပြန်တာပဲ ဖြစ်တယ်။
ဒီအခြေအနေမှာ စစ်သေနင်္ဂဗျုဟာ နည်းနာများနဲ့ အနုပညာ နည်းနာတို့ဟာ အတူတူပဲဖြစ်တယ်။
အချိန်ကာလ ဇရာထောင်းနေပြီဖြစ်တဲ့ ဒီကမ္ဘာလောကမှာ ပြဿနာတွေ တပုံ တခေါင်း ရင်ဆိုင်နေရတယ်။
ကဗျာကို ဘယ်လိုလုပ်ကြမလဲ။
ကဗျာနဲ့ လူ့လောက ဆက်သွယ်မှုက ဘယ်လိုဖြစ်ရလဲ။ ခွဲခွာရေးလား။ တလမ်း တည်း လိုက်ရေးလား။
ကဗျာနဲ့ လူ့လောက အတူစဉ်းစားကြရမယ့် ပြဿနာတွေက ဘာတွေလဲ။ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့၊ စွမ်းအင်အကြပ်အတည်း၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ လူဦးရေပေါက်ကွဲမှု (၀န်းကျင်) ညစ်ညမ်းမှု..။
ဘာကို သူတို့ အတူ တွေးကြံကြမလဲ။ စစ်နဲ့ အငတ်ဘေး၊ ပြီးတော့ အနုပညာ၊ မေတ္တာ၊ အလှ..။
ကဗျာအတွက် ဥပဒေသ မရှိ
အနုပညာ ဥပဒေသကို ဘ၀ ဥပဒေသရဲ့ လက်အောက်မှာ ထားရမြဲ ဖြစ်တယ်။ ကဗျာဖွံဖြိုးမှုဟာ ဘ၀နဲ့ ရှေ့ကို ချီတက်နေတဲ့ လူ့အဖွဲ့အစည်းနောက်က လိုက်ရမြဲ။ ဘ၀ပြောင်းလဲမှု ရှေ့တိုးလာတာကို ဘယ်သူမှ မတားနိုင်ဘူး။ ဘ၀ပြောင်းလဲတာနဲ့အမျှ အနုပညာက လိုက်ပြောင်းတယ်။ ဘ၀ရဲ့ ဥပဒေသများဟာ ထာဝရ မဟုတ်သလို၊ အနုပညာ ဥပဒေသများဟာလည်း ထာဝရ မဟုတ်ဘူး။ ခေတ်အသီးသီးဟာ မိမိ လိုအပ်ချက်နဲ့အညီသာ တွေ့ကြုံနေရတဲ့ ပြဿနာများကို ဖြေရှင်းနိုင်တယ်။ နောင်တခေတ်ရဲ့ ပြည်သူတွေ ဘယ်လိုနေကြလိမ့်မယ်ဆိုတာကို ဘယ်သူမှ ကြိုမပြောနိုင်ဘူး။
ကဗျာဆရာရဲ့ အလုပ်က ဖန်ဆင်းမှုပဲ။ အခြားသူများတွေ ဖန်ဆင်းပြီးသားကို ထပ်ကြော့တာ မဟုတ်ဘူး။
ဘ၀ရဲ့ မျက်နှာအသစ်နဲ့ လိုက်လျောညီထွေတဲ့ အနုပညာသစ်ကို အင်မတန် တဦးချင်းဆန်တဲ့ ဟန်နဲ့၊ ဖော်ပြပုံ နည်းတွေကို အလှယ်လှယ်ပြောင်းကာ၊ သစ်လွင် အနုပညာဆန်တဲ့ ဖွဲ့စည်းမှုနဲ့ ဖန်ဆင်းရပေလိမ့်မယ်။
ကဗျာဆရာမှာ သူမတူတဲ့ ကိုယ်ပိုင် အလှဗေဒ အမြင် မရှိခဲ့ရင် အခြားသူများရဲ့ ကဗျာများနဲ့ ကွဲပြားခြားနားတဲ့ ကဗျာတွေ ရေးနိုင်လိမ့်မယ် မဟုတ်ပေဘူး။ ကဗျာတပုဒ်ဟာ လက်နက်တခုလို၊ ကိရိယာတခုလို ချွန်မြတယ်။ ဒါပေမဲ့ ကဗျာဆရာဟာ ဖန်ဆင်းမှုက ဖဲခွာရင်တော့ ကိုယ့်အလုပ် ကိုယ်လုပ်တာ မဟုတ်တော့ဘူး။
ဘယ်တော့မှ ငြိမ်ရပ်မနေရဘူး။ ဒီခေတ်ရဲ့ အပြောင်းအလဲတွေထဲကနေ ကိုယ့်ကဗျာထဲမှာ ရောင်ပြန်ဟပ်စရာ သစ်တဲ့၊ လွင်တဲ့ အရာတွေကို သွားပြီး ရှာဖွေရမယ်။
ကဗျာရဲ့ စွဲမက်ဖွယ်ကောင်းပုံဟာ ဘ၀ကို သရုပ်မှန်မှန် ဖော်ကျုးရာမှာ တည်တယ်။ ဘ၀ရဲ့ တကယ့်သရုပ်၊ တိုက်ပွဲရဲ့ တကယ့်သရုပ်ကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပါ။ ဘ၀ရဲ့ ဖုံးကွယ်ထားတဲ့အရာတွေကို တူးဖော်ပါ။ စံနမူနာပြု ဥပမာတွေကို ဖွေရှာပါ။ ဒီဟာနဲ့ ဟိုဟာ ခြားနားချက်ကို ရှာပါ။ ဘ၀မှာ အပြောင်းအလဲတွေ ဖွံ့ဖြိုးပုံတွေကို ရှာဖွေပြီး အရာသစ်တွေကို ဖော်ပြပါ။ အရာဝတ္ထုတို့ရဲ့သန္ဓေပါ အလှ၊ ဗဟိဒ္ဓအလှ၊ အဇ္ဇတ္တအလှ၊ ဒီထဲက တခုခုက လူကို ကြည်နူးမှု ပေးတယ်ဆိုရင် ဒါ ကဗျာပါပဲ။ အားထုတ်ရတာ များလွန်းလို့ ရေးမရဘူးဆိုရင် မရေးနဲ့။ ခံစားမှုတွေ ပြည့်လျှံနေတုန်း ရေးတဲ့ စာများဟာ အမှိုက်သရိုက် ဖြစ်တတ်တာပဲ။ အခြားသူများ ကိုယ့်ထက် ပိုကောင်းအောင် ရေးလိမ့်မယ်လို့ မပူပန်နဲ့။ လူငယ်တွေရဲ့ အစွမ်းအစကို မနာလို မရှိနဲ့။ အိုသူတိုင်း တချိန်က ငယ်ခဲ့တာချည်းပဲ။ ယုံကြည်မှု ရှိပါ။ အနာဂတ်ကို ယုံပါ။ ကျုပ်တို့က အရင်ခေတ်များက သူတွေကို သာခဲ့သလို အနာဂတ်ရဲ့ လူတွေက ကျုပ်တို့ကကို သာမှာ မုချပဲ။ များနိုင်သလောက် လူများများက မိမိကဗျာများကို နားလည်ပါစေ။ ပစ္စက္ခခေတ်ရဲ့ လူတွေကမှ ကိုယ့်ကဗျာကို နားမလည်နိုင်ရင် ဘယ်သူက နားလည်ဦးမလဲ။
ကိုယ့်ကဗျာကို လူများစွာက နားလည်ရေးဟာ အတောင့်တဆုံး ဆု ဖြစ်ပါစေ။ အလှဗေဒသမား သက်သက်ကတောင် အခြားသူများကို အလှအရသာ ခံစားခွင့် ပေးရမယ်။ အလှကို ပိတ်လှောင် မထားပါစေနဲ့။ အမှန်တရား ရှာဖွေသူတွေကို ကိုယ့်ကဗျာက ဈာန်ဝင်လာပါစေ။ များသထက် များတဲ့သူတွေ အမှန်လောကကို ချဉ်းကပ်ပါစေ။ တကယ့်ဘ၀ဟာ စတင်ရာ ဖြစ်ပါစေ။ အလေ့အကျင့်ဟာ စတင်ရာ ဖြစ်ပါစေ။ တကယ့်သရုပ်ကို လှစ်ပြတာ စတင်ရာ ဖြစ်ပါစေ။
တကယ့်သရုပ်ကို ပြောင်းလဲတာ စတင်ရာ ဖြစ်ပါစေ။ အဘိရူပ (metaphysics) ကို စတင်ရာ မဖြစ်စေနဲ့။
မိမိဟာ ဒီနိုင်ငံသား၊ ပစ္စက္ခခေတ်ရဲ့ လူ ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့နဲ့။ ကဗျာဆရာဟာ ကိုယ်မြင်ရ ကြားရတာကိုပဲ ရေးနိုင်တယ်။ မိမိကဗျာတွေဟာ ကနေ့ ပြည်သူတွေအတွက် ရေးတာဖြစ်တယ်။ ကဗျာဆရာဟာ မိမိခေတ်အပေါ် မှန်ကန်ရမယ်။ မိမိပြည်သူတွေအပေါ် မှန်ကန် ရမယ်။ ကနေ့အပေါ် မှန်ကန်သူများကသာ နက်ဖြန်အပေါ် မှန်ကန်မယ်လို့ ပြောနိုင် ကြတယ်။
မုဒအကြောင်း အတွေးများ
ပန်းချီမှာလိုပဲ ကဗျာမှာ ဖွဲ့စည်းပုံ၊ ပစ္စည်းရွေးချယ်ပုံ (ကိုယ့်အတွေး၊ ကိုယ့် ခံစားချက်ကို ဖော်ပြဖို့ ဘယ်နည်းလမ်းတွေ သုံးမလဲဆိုတာ) ကို အာရုံ စူးစိုက်ရမယ်။ တနေ့တော့ ကျုပ် ချီပိုက်ရှီကို ခင်ဗျား တခါဖူးမျှ မရေးဆွဲဘူးတာ ကျနော့်ကို ဆွဲပေးစမ်းပါ လို့ ပြောမိတယ်။ အကြောင်းအရာနဲ့ ဖွဲ့စည်းပုံကို သစ် စေချင်တယ်လို့ ဆိုလိုတာပါ။ ကျုပ်လည်း သူ့ပန်းချီကို မြတ်နိုးသမို့ ကနေ့ခေတ်ရဲ့ ထူးချွန်တဲ့ အနုပညာသမား တဦးဟာ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ မြင်ချင်တာကိုး။
သူ ကျုပ်တောင်းဆိုချက်ကို လိုက်လျောပါတယ်။ သူနာပြုမက သူ့အတွက် မင်ထောင်း၊ စက္ကူကိုဖြန့် သူ့ကိုယ်ပေါ်မှာ အကာအကွယ် အ၀တ်စတွေ တင်၊ သူ့စုတ်တံကို လှမ်းပေးလိုက်တယ်။ ကျုပ် တောင်းခံခဲ့တဲ့အတိုင်း သူ တပေစတုရန်း စာမျက်နှာပေါ် ရေးဆွဲပါတယ်။ သူ ဘာပုံကြမ်းမှ မလောင်းဘူး။ စာရွက်မျက်နှာပြင်ပေါ် ငေးရုံ ငေးကြည့်နေတယ်။ မျက်စိတမှိတ်အတွင်း မင်ရေးပန်းချီ ရေးဆွဲတော့တယ်။ ရေကန်ထဲကို ခုန်ရင်း၊ နောက်ခြေထောက်က မြက်တစမှာ မိနေရတဲ့ ဖားပုံ ရေးဆွဲလိုက်တာပါ။ ရှေ့ ခြေနှစ်ချောင်းကတော့ဖြင့် ရှေ့ကို အငမ်းမရ ဆန့် ထုတ်ထားရဲ့။ နောက်ခြေကို မြက်ကလွတ်အောင် ရုန်းကန်လို့ပ။ ဖားရဲ့ ရှေ့မှာတော့ ရေထဲ လွတ်လွတ်လပ်လပ် ကူးခတ်နေကြတဲ့ ငါးဖလောင်း သုံးကောင်။ သူတို့က ဖားရဲ့ မရွေ့သာ မလှုပ်သာအဖြစ်နဲ့ ဆန့်ကျင်နေတယ်။ ဆွဲပြီးတဲ့အခါ သူက ကျေကျေနပ်နပ်နဲ့ ပြောပါတယ်။ ကျုပ် ဒါ အရင်တုန်းက မဆွဲဖူးဘူး တဲ့။ သိပ်ကောင်းတာပဲလို့ ကျုပ် ၀မ်းသာအားရ ဆိုမိတယ်။ သူက ဘယ်လို ကမ္မည်း သတ်ရမလဲ လို့ မေးတယ်။ ဘယ်လို လက်မှတ် ထိုးရမလဲလို့ မေးတဲ့ သဘောပါပဲ။ ခင်ဗျားက ကျနော့်ရဲ့ ဆရာပါ လို့ ကျုပ်က ပြောလိုက်တယ်။ အောက် လကျာင်္ဘက်ထောင့်မှာ သူ ဒီလို ကမ္မည်းထိုးပါတယ်။ ငါ့ညီချင်း၊ ငါတို့ မြို့တော်မှာ အတူရှိခိုက် ၉၃ နှစ်မှာ ပန်းချီအရာ နှံစပ်လှပြီဖြစ်တဲ့ မင့်အကိုလေး ဟွန်က ဒါကို မင့်ကို ဆွဲပေးတယ်။ ဒီနောက်... ချီပိုက်ရှီ ဆိုတဲ့ စာလုံးများ ထွင်းဖောက်ထားတဲ့ တံဆိပ်တုံးနဲ့ နှိပ်လိုက်ပါတယ်။
ဆွဲထားတဲ့ပုံကို နှစ်ခြိုက် သဘောကျဟန် ငေးကြည့်နေပြီးတဲ့နောက် သူ ကျုပ်ကို လက်ဆောင်ပေးပါတယ်။ ကျုပ်ဘာသာ ကျုပ် တွေးလိုက်မိတယ်။ သူ့စိတ်ထဲမှာ ဒါကို ကြိုတင်ပြီး အကွက်ချ စီစဉ်ထားတာ မရှိဘူး။ ဘယ်လို လုပ်ပြီးတော့များ ခုလို ရေးဆွဲချလိုက်တာလဲ လို့။ ။
မူရင်း။ ။ အိုက်ချင့်၊ ကဗျာအကြောင်း (တရုတ်စာပေ)
ဆောင်းဦးရာသီ၊ ၁၉၈၇၊ ပေကျင့်မြို့ ၊ (အင်္ဂလိပ်ဘာသာပြန်- စတီဗင် ဖလဲမင်း)
မောင်သာနိုး