မဟာဂီတကို ပြန်ကြည့်တဲ့အခါ ဂီတဝိသောဓနီကျမ်းကို လေ့လာကြည့်ရင် ...
စောင်းမှာ သံရိုးသံ ဖွဲ့ပြီး တီးမှုတ်သီဆိုရတဲ့ သီချင်းတွေထဲမှာဆိုရင် ကြိုးသီချင်းတွေနဲ့ သီချင်းခန့် (သီချင်းခံ) တွေမှာ သဖြန်မပါတာကို တွေ့ရပါတယ်။ ဘွဲ့သီချင်းတွေမှာတော့ ၅၉-ပုဒ်မှာ ၃-ပုဒ်ပဲ သဖြန်နဲ့ ချထားတာကို တွေ့ရပါတယ်။ (ဗဟုသုတအနေနဲ့ ပြောရရင် ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့သော တျာချင်းနှစ်ပုဒ်ကို တျာဘွဲ့ အဖြစ် ဂီတဝိသောဓနီကျမ်းတွင် ထည့်သွင်းထားပါတယ်။) ဒါကြောင့် သံရိုးသီချင်းတွေမှာ များသောအားဖြင့် သဖြန်မပါဘူးလို့ ယူဆနိုင်ပါတယ်။
စောင်းမှာ လေးပေါက်အောက်ပြန်သံကို ဖွဲ့ပြီး တီးမှုတ်သီဆိုရတဲ့ သီချင်းတွေထဲတော့ လေးထွေသံကပ်၊ မြင်းခင်း၊ ၃၇-မင်း နတ်ချင်းတွေမှာ သဖြန်မပါပါဘူး။ လောကနတ်ချင်းတွေထဲမှာတော့ သဖြန်နဲ့ ချထားတာ တပုဒ်ရှိပါတယ်။
သဖြန်အများဆုံးပါတဲ့ မဟာဂီတသီချင်း အမျိုးအစားကတော့ ပတ်ပျိုးတွေပါ။ ပတ်ပျိုး ၂၀၅-ပုဒ်မှာ ၁၇၂-ပုဒ်ဟာ သဖြန်ပါပြီး ၃၃-ပုဒ်ပဲ သဖြန်မပါတာတွေ့ရပါတယ်။ ပတ်ပျိုးတွေဟာ များသောအားဖြင့် သဖြန်နဲ့ ချထားတာ (အဆုံးသတ်ထားတာ) များပါတယ်။ သဖြန်ညှပ်ပြီး (သီချင်းတပုဒ်နဲ့ တပုဒ်ကြားမှာ) ရေးစပ်ထားတာမျိုးလည်း တွေ့ရပါတယ်။ ဒါကြောင့် ပတ်ပျိုးတွေရဲ့ ၈၀-ရာခိုင်နှုန်းကျော်ဟာ သဖြန်ကို ထည့်သွင်း ရေးစပ်ထားတာမို့ သဖြန်ဟာ ပတ်ပျိုးသီချင်း တွေရဲ့ အရေးကြီးတဲ့ သွင်ပြင်လက္ခဏာ အစိတ်အပိုင်းတရပ်အဖြစ် တည်ရှိနေတယ်လို့ ဆိုချင်ပါတယ်။ ဒီ ပတ်ပျိုးသဖြန်တွေဟာ သူ့အတွက် သီးခြား သံစဉ်နဲ့ တီးကွက်တွေ ရှိပြီး စည်းဝါးနဲ့ ဆိုရပါတယ်။ အသံအားဖြင့်တော့ ခြောက်ပေါက်သံ (E Major) နဲ့ စပ်လေ့ရှိပါတယ်။
စောင်းမှာ ပုလဲသံကို ဖွဲ့ပြီး တီးမှုတ်သီဆိုရတဲ့ သီချင်းတွေထဲမှာတော့ ယိုးဒယားသီချင်း တွေမှာ သဖြန်တွေ့ရခဲပါတယ်။ ၆၆-ပုဒ်မှာ ၂-ပုဒ်ပဲ သဖြန်ချထားတာတွေ့ရပါတယ်။ ဘောလည်တွေမှာလည်း စုစုပေါင်း ၉-ပုဒ် ရှိတဲ့အနက် လှိုင်ထိပ်ခေါင်တင်ရေးစပ်ခဲ့တဲ့ စိန်ခြူးကြာညောင် နဲ့ နာဂဆဒ္ဒန် ဘောလည် ၂-ပုဒ်မှာပဲ သဖြန်ချထားပါတယ်။ တလိုင်းသံ နဲ့ လွမ်းချင်းတွေမှာတော့ သဖြန် လုံးဝ မပါပါဘူး။
ဒါပေမဲ့ ပုလဲသံမှာ သီချင်းအမျိုးအစား တခုခုမှာ ညှပ်ပြီးဖြစ်စေ၊ အချအနေနဲ့ ဖြစ်စေ သီဆိုဖို့မဟုတ်ဘဲ သဖြန်သက်သက် အနေနဲ့ ကို သီးသန့် သီဆိုတီးမှုတ်ဖို့ ရေးစပ်ထားခဲ့တဲ့ သီချင်းတွေ အများအပြား ရှိနေပါတယ်။
ခွန်းထောက် သဖြန် ၁၆-ပုဒ်၊ လေးချိုးခွန်းထောက် - ၈-ပုဒ်၊ ဒွေးချိုးသဖြန်- ၂-ပုဒ်၊ တြိချိုးသဖြန်-၂-ပုဒ်၊ လေးချိုးသဖြန် ၃-ပုဒ်၊ လေးဆစ်သဖြန် ၁-ပုဒ် နဲ့ သဖြန်ပုလဲပေါက် ၉-ပုဒ် အဖြစ် သီးသန့် သီချင်းအမျိုးအစားတမျိုးအနေနဲ့ကို သီဆို တီးမှုတ်ဖို့ ရေးစပ်ဖွဲ့သီထားတာကို တွေ့ရပါတယ်။
အချုပ်တန်းဆရာဖေနဲ့ ကုန်းဘောင်ခေတ် ကဗျာဆရာကြီးတွေ ရေးခဲ့တဲ့ လေးချိုးပုလဲ ဆိုတာတွေဟာ လေးချိုး ရေးစပ်နည်းနဲ့ ရေးစပ်ထားပြီး ပုလဲသံနဲ့ သီဆို တီးမှုတ်ဖို့ ဖွဲ့ဆိုခဲ့တဲ့ သဖြန်အုပ်စုဝင် မဟာဂီတ သီချင်းတွေပဲ ဖြစ်တယ် လို့ နားလည်မိ ပါတယ်။ ဒါပေမဲ့ ဒီ ပုလဲပေါက်သဖြန်တွေက သံစဉ်ရော စည်းဝါးရော မပါပါဘူး၊ လူရွှင်တော်တွေ အငြိမ့်အစမှာ ဆိုသလို၊ မင်းသားတွေ ခွန်းထောက်ဆိုသလို ဆိုကြရပါတယ်၊၊ ပုလဲပေါက်သဖြန်တွေ ကတော့ ငါးပေါက်သံ (F Major နဲ့ နီးစပ်ပါတယ်) နဲ့ ဆိုလေ့ရှိကြပါတယ်။
ဒီတော့ အချုပ်ဆိုရရင် သဖြန်ဆိုတာဟာ သီချင်းသံကိုအစွဲပြုပြီး ခေါ်ထားတဲ့ အမည် ဖြစ်ပြီး ဒွေးချိုးတို့၊ လေးဆစ်တို့ဆိုတာ ကတော့ အဆစ်အပိုင်း၊ အချိုး (အပိုဒ်) တွေကိုအစွဲပြုပြီး ခေါ်ထားတဲ့အမည်ဖြစ်တယ် လို့ဆိုပါတယ်။ ဒွေးချိုးသဖြန်၊ နှစ်ဆစ်ချိုးသဖြန်၊ တြိချိုးသဖြန်၊ လေးဆစ်သဖြန် အစရှိသဖြင့်လည်း ခေါ်ကြပါတယ်။ ဒွေးချိုး၊ လေးချိုး တွေရဲ့ အစပ်မျိုးဖြစ်ပြီးပတ်ပျိုးမှာပါတဲ့ သဖြန်တွေ ဟာသူ့အတွက် သီးသန့် သံစဉ်၊ တီးကွက် ရှိပြီး ခြောက်ပေါက်သံနဲ့ စည်းကိုက်၊ဝါးကိုက် ဆိုင်းဝိုင်းနဲ့ဆိုရတယ်လို့သိရပါတယ်။ ပုလဲသဖြန်တွေက သီးသန့်သံစဉ်တီးကွက် ရယ်လို့ မရှိဘဲ ခွန်းထောက်တွေဆိုသလို စည်းဝါးမပါဘဲ ငါးပေါက်သံနဲ့ အလွတ်ဆိုရ တယ်လို့ မဟာဂီတပညာရှင်များ မိန့်ဆို ပါတယ်။
သဖြန်အမျိုးအစားတွေကတော့ ...
(၁) သံထောက်သဖြန်
(၂) ခွန်းထောက်သဖြန်
(၃) ကွန်းထောက်သဖြန်
(၄) ရေလားသဖြန်
(၅) ရေခင်းသဖြန်
(၆) ပုလဲပေါက်သဖြန်ဆိုပြီးရှိပါတယ်။
သံထောက်သဖြန်ဆိုတာအသံ(၄) သံတို့ကို တစ်ထောက်၊ နှစ်ထောက်နားပြီးရွတ်ဆိုရတဲ့ သဖြန်မျိုးကို ခေါ်ပါတယ်။ ဒီနေရာမှာ မူကွဲ တခုတွေ့ရတာက "သီချင်း/အခြားကဗျာရဲ့ အဆုံး" မှာ ထည့်ရေးထားရင် "သံထောက်" လို့ ခေါ်ပြီး အဆုံးမှာ မဟုတ်ဘဲ "အလယ်မှာ" ရေးထားရင် "သဖြန်" ခေါ်တယ်လို့ ကဗျာဗန္ဓသာရမှာ ဖွင့်ဆိုထားပါတယ်။
ခွန်းထောက်ဆိုတာကတော့ သီချင်းကြီး၊ ပြဇာတ်စကားတို့ရဲ့ကြားမှာနှုတ်ခွန်းနဲ့ ထောက်ပြန်ပြီး ပြောဆို မေးမြန်းရတဲ့ သဖြန် မျိုးကို ဆိုလိုပါတယ်။ ခွန်းထောက်သဖြန်ကို ပုလဲပေါက်သံနဲ့ဆိုရတယ်လို့ မဟာဂီတ ဦးပြုံးချိုရဲ့ မဟာဂီတပေါင်းချုပ်မှာ 'သဖြန်ငါးပေါက်၊ ခွန်းထောက်ပုလဲ ဆိုရိုးတည်း' လို့ရေးသားထားတာကို ထောက်ပြီး ပြောကြပါတယ်။ လူရွှင်တော်တွေ၊ မင်းသားတွေ ခုထိ ဆိုကြပါသေးတယ်။
ကွန်းထောက်ဆိုတာ ဘုရင်တွေ ယာယီတဲနန်း မှာ ခဏနားခိုက် သီဆိုဖျော်ဖြေရတဲ့ ဒွေးချိုးကို 'ကွန်းထောက်သဖြန်' လို့ခေါ်ပါတယ်။ ဘုရင်တွေရဲ့ နန်းတော်ကို ပေါရာဏစကား (ရှေးစကား)မှာ 'ကွန်း' လို့ အရင်ရှေးခေတ်က ခေါ်ပါတယ်။ နတ်နန်းကိုနတ်ကွန်းလို့ ခေါ်သလို မျိုးပါ။ ဘုရင်တွေ တိုင်းခန်းလှည့်လည်ရာက ခဏနားခိုစခန်းချတာကို 'ထောက်' တယ်လို့ ခေါ်ပါတယ်။ ခဏတစခန်းထောက်တဲ့ သဘော လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြ ထားပါတယ်။ ကဗျာဖွဲ့နည်းနိသျည်းထဲမှာ ကတော့ ဇာတ်ပွဲသဘင်တွေမှာ မင်းသား၊ မင်းသမီးတွေ ခရီးလှည့်လည်သွားကြရင်း ယာယီတဲနန်း ဘုံကွန်းဆောက်ပြီး ရပ်နား တာကို 'ကွန်းထောက်နားတယ်'၊ 'ကွန်းထောက် ချတယ်' လို့ခေါ်ကြောင်းနဲ့ အဲဒီအခါမှာ ရွတ်ဆိုကြတဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ မြန်မာစာညွန့်ပေါင်းကျမ်းကို ကိုးကားပြီး ဆိုထားပါတယ်။ ပညာ ဝန်ထောက်ဦးဖိုးစိန်ရဲ့ အလိုအရကတော့ 'အဲဒီအခါမျိုးမှာ မြိုင်ထကိုဖြစ်စေ၊ လွမ်းချင်း ကို ဖြစ်စေဆိုပြီးမှ သဖြန်ကိုဆက်လက်၍ ဆိုကြ၏။ ၄င်းသဖြန်မှာလည်း ထိုမြိုင်ထ၊ လွမ်းချင်းတို့၏ အချသာဖြစ်၍ ကွန်းထောက်ခြင်း၊ စခန်းချခြင်းနှင့် ဘာမှမဆိုင်ခဲ့ပါ။ မင်းသားကို နှုတ်ထောက်၍ လျောက်တင်ရသော သဖြန်၊ သို့မဟုတ် နှုတ်ခွန်းထောက်၍ ဆိုရသောသဖြန်သာ ဖြစ်သောကြောင့် ''ခွန်းထောက်သဖြန်'' ဟုသာခေါ်ဆိုထိုက်၏။ ကွန်းထောက်သဖြန်ဟု ခေါ်ဆိုကြသည်မှာ အမှားသာဖြစ်၏'လို့ ရေးခဲ့ဖူးပါတယ်။
ရေလားသဖြန်ဆိုတာ မြစ်ချောင်းအင်းအိုင် တွေမှာ ရေကစား၊ သွားလာကြတဲ့ အကြောင်းတွေကို စပ်ဆိုကြတဲ့ သဖြန်မျိုး ဖြစ်ပါတယ်။ရေခင်းသဖြန်ဆိုတာလည်း ရေပြင်ပေါ်မှာ တပ်ခင်းပြီး ပျော်ပါးစံစားတဲ့အကြောင်းကို ဖွဲ့ဆိုထားတဲ့သဖြန် ဖြစ်ပါတယ်။ပုလဲပေါက်သဖြန်ဆိုတာကတော့ခွန်းထောက်သဖြန်ကိုပဲ ပုလဲပေါက်အသံနဲ့ ဆိုတဲ့အခါ အသံကိုလိုက်ပြီး ခေါ်တဲ့အမည်လို့ဆိုပါတယ်။
တချို့ကတော့လည်း ဒွေးချိုးငိုချင်းသဖြန် ဆိုပြီး အပြည့်အစုံခေါ်ပါတယ်။ ဒီနေရာမှာ ဒွေးချိုးဆိုတာ စပ်နည်းအချိုး၊ ငိုချင်းဆိုတာ က အကြောင်းအရာ၊ သဖြန်ဆိုတာက သီဆို သံကို ဆိုလိုရင်းသာဖြစ်ပြီးတကယ်ကတော့ ဒွေးချိုးရိုးရိုးပဲ ဖြစ်ပါတယ်လို့ ဖေါ်ပြထားပြန် ပါတယ်။
သဖြန်တွေကို ဖွဲဆိုတဲ့အကြောင်းအရာအလိုက် သာမက စပ်နည်းနဲ့အနက်ကို လိုက်ပြီးလည်း အမည်ပေး လေ့ရှိပါတယ်။ ဒွေးချိုးကိုပဲ ရေးရိုးရေးစဉ်ထက် အပိုဒ်ရေနည်းနည်းပိုများ၊ အက္ခရာနည်းနည်းပိုများပြီး စပ်ထားရင် ဒွေးချိုးသဖြန် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒွေးချိုးကြီးလောက်တော့ မရှည်၊ မများရဘူးလို့လည်း ပြောထားပါတယ်။ နမူနာ ဒွေးချိုးသဖြန်တပုဒ် ထည့်ရေးပေးလိုက် ပါတယ်။
အခြေငယ်တယ်၊
ငရေသယ်တသိရ်မွေ့ပါတဲ့၊
အိမ်ရှေ့ကိုအမှန်ရရင်ဘဲ၊
ဉာဏ်ကတနဲ။ ။
ကျေးဇူးသျှင်၊
ရေးမှုကိုမြော်မမြင်လို့၊
မိုက်ဉာဏ်ဝင်နင်တန်ချက်ကိုလ၊
ကမ္ဘာဘာစဉ်အဆက်မှာဟယ်
(အမယ်လေး) ထုံးပျက်နိုင်ဘဲ။။
မြဝတီမင်းကြီး ရေး - အီနောင်ဇာတ်မှ ဒွေးချိုးသဖြန်
အိုရှုမောဖွယ်ထားကေသွယ်၊
သည်ဝယ်ပုံသို့မကြံလေသေး။
ဖြူဝန်းငယ်ရာပြိုင်သည်၊
ညာပင်တိုင် ရွှေဗွေမြင့်ငယ်ကို၊
ပြန်ခွင့်ကနှေး။
အထူးမှတ်သားဖို့ကတော့ ဒွေးချိုး၊ တြိချိုး၊ လေးချိုးတိုင်းဟာ သဖြန်ဖြစ်နိုင်ပေမဲ့ သဖြန်တိုင်းကတော့ ဒွေးချိုး၊ လေးချိုး မဖြစ်နိုင်ပါဘူး။ ပုံစံအနေနဲ့ အနောက် နန်းမတော် မမြကလေး ရေးတဲ့ ရှိစုံရွက်ကြာ ပတ်ပျိုးမှာ -
သနားမကြင်ရက်ကယ်မို့၊
သူ့ထွက်ဖန်ရာဆယ်၊
ရေးနှောင့်အချယ်။
အိုဘယ်ခါနေ့ငယ်မှ၊
ကိုယ်တွေ့သည်ပူနယ်က၊
အေးလွယ်သည်မှန်း။
ဆိုပြီးချထားတာဟာ ဒွေးချိုးမဟုတ်ပေမဲ့ သီဆိုသံက သဖြန်သံ (ငါးပေါက်သံ) နဲ့ ဆိုတဲ့ အတွက် သဖြန်လို့ပဲမှတ်ယူရတယ်လို့ ဆိုပါတယ်။
- ဟယ်ရီလွင်