ငါ အနုပညာတစ်ခု ဖန်တီးလိုက်ပြီ၊ ငါဖန်တီးသော အနုပညာကို လောကကိုပေးအပ်လိုက်ပြီလို့ ထင်တတ်ကြသည်။ အပြစ်မတင်ပါ။ သမိုင်းမှာ လိုအပ်တာတွေထက် ပိုပြီး ရေးကြီးခွင်ကျယ် လုပ်နေတာ မဟုတ်ဘူးလား။ ပီကာဆို ပန်းချီမဆွဲခဲ့လည်း ဘာမှ ထူးထူးခြားခြားဖြစ်မှာ မဟုတ်ပါဘူး။ ဂျိမ်းစ်ဂျွိုက်စ်တို့ ကပ်ဖကာတို့ ကမျူးတို့ ၀တ္ထုမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အဲလရော့တို့ အက်ဇရာပေါင်းတို့ ဗရှိုးတို့ န၀ဒေးတို့ ကဗျာမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ မြ၀တီမင်းကြီးနဲ့ ပြင်စည်မင်းသား၊ မြို့မငြိမ်းတို့၊ ကိုစောညိန်းတို့ သီချင်းတွေ မစပ်ခဲ့ရင်လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။
အနုပညာဆိုတာတွေအားလုံး အစထဲက မရှိခဲ့ရင် (စကားပမာ ပြောတာပါ) ဘာဖြစ်မလဲ။ အနုပညာမရှိတဲ့ လောကကြီးပဲ ဖြစ်မှာပေါ့။ သိပ်ပြီးတော့ ဘာမှမဟုတ်ပါဘူး။ တစ်ယောက်ယောက်က စိတ်ကူးပေါက်လို့ ထလုပ်လိုက်တာ ကြုံကြိုက်တိုက်ဆိုင် ကာရံသင့်ပြီး တစ်ခုခုဖြစ်သွားတာပဲ။ အဲဒါကို အဲဒီအခိုက်အတန့်မှာ တစ်ယောက်ယောက် သဘောကျနှစ်ခြိုက်ပြီး ကျေနပ်သွားတယ်။ အဲဒါကို အနုပညာပဲလို့ ပြောလိုက်တော့ လူတွေကလည်း အဲဒါအနုပညာပဲလို့ လိုက်ပြောကြတယ်။ ဒါပါပဲ။
လိုအပ်နေချိန်မှာ လိုအပ်သောလူတစ်ယောက်နဲ့ အတူအိပ်လိုက်ရတာမျိုး။ ချွေးတွေသံတွေနဲ့ အလွန်ပင်ပန်း နွမ်းနွယ်နေခိုက် ရေတ၀ချိုးလိုက်ရတာမျိုး၊ အရက်ကောင်းတစ်ခွက်ကို တစ်ရှိန်ထိုးမော့ပြီး ပါးစပ်ထဲက ခါးသက်စေးပျစ်သော တံတွေးကို ပျစ်ခနဲ ထွေးလိုက်ရတာမျိုး၊ သိပ်ဆာနေတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ဟင်းနဲ့ ထမင်းတ၀ စားလိုက်ရတာမျိုး လိုပါပဲ။ ပိုချင်ရင် ဒါထက် နည်းနည်းပဲပိုမယ် ။
သမိုင်းမှာ လူတွေဟာ လိုတာထက်ပိုပြီး ရေးကြီးခွင်ကျယ် ပုံကြီးချဲ့တတ်ကြလို့ အနုပညာ ဆိုတာလည်း တကယ်ရှိတဲ့ နေရာထက် ပိုမြင့်တယ်လို့ ထင်နေရတာပါပဲ။ အနုပညာ ဆိုတာ လူ့အလုပ်တစ်မျိုးကို ပုံကြီးချဲ့ပြောကြတာလို့ ပြောရမှာပါပဲ။ အဲဒီ အနုပညာရှိလို့ လောကကြီး နေပျော်တယ်ဆိုတာကို မငြင်းလိုပါဘူး။ လူအားလုံး ခံစားနိုင်ရင် ပေါ့လေ။ ဒါပေမဲ့... သူ့ထက်အရေးကြီးတဲ့အလုပ်တွေ ရှိနေတယ်ဆိုတာတော့ သတိပြုမိကြဖို့ ကောင်းပါတယ် ။
- ဇော်ဇော်အောင်