ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများသည် မူရင်းရေးသားသူဆရာသမားများထံမှ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤစာမျက်နှာရှိ ကဗျာရေးရာစာတမ်းများကို စီးပွားရေးအတွက် တစ်စုံတစ်ရာအသုံးချခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည် - မင်းခသူ

ကဗျာဆရာ နှင့် နိုင်ငံရေးသမား

"နိုင်ငံရေးသမားတွေဟာ လူတွေကို ဘယ်လိုသတ္တိရှိရှိ အသေခံရမယ့် အကြောင်း သိစေချင်သလို          ကဗျာသမားတွေကလည်း လူတွေကို ဘယ်လို သတ္တိရှိရှိနေထိုင်ရမယ့် အကြောင်းကို သိစေချင်ကြတယ်"

The politician wants men to knowhow to die courageously:  the poet wantsmen to live courageously.
                     -  Italianpoet Salvatore Quasimodo, Nobel lecture, 1959
                     - ဆယ်ဗာတိုရီကွာရှီမိုဒို (အီတလီကဗျာဆရာ၏ နိုဗယ်ဆုလက်ခံ မိန့်ခွန်းမှ)

နိုင်ငံရေးကြိုးဝိုင်းထဲမှာကဗျာဆရာတွေဟာ အံဝင်ခွင်ကျ ဖြစ်နိုင်ပါ့မလား။ ဒီမေးခွန်းဟာ အတော်စိတ်ဝင်စားစရာ ကောင်းတဲ့မေးခွန်းတစ်ခုပါ။ "ကဗျာဆရာတွေဟာ နိုင်ငံရေးကို ပေါ့ပေါ့ပါးပါးပြုလုပ်ဖို့ သိပ်တော့မလွယ်ကူပါဘူး" လို့ ဒါနဂျိုရိုယာ (Dana Gioia)က ၁၉၉၁ ခုနှစ်က ရေးခဲ့တဲ့ သူ့ရဲ့အက်ဆေးတစ်ပုဒ်ဖြစ်တဲ့ "ကဗျာဟာ ပြဿနာ ဖြစ်နိုင်ပါသလား" (Can Poetry Matter?) မှာဆွေးနွေးထားခဲ့ပါတယ်။ ဒီကနေ့ ကျယ်ပြန့်လာတဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းမှာ ကဗျာဆရာတွေဟာရှေ့ကို သိပ်ထွက်မရပ်တော့ပါဘူး။ ကဗျာဆရာတွေရဲ့ ကဏ္ဍဟာ မှိန်နေတယ်။ ဒါကြောင့် လူထုကိုစကားပြောရာမှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိကြဘူးလို့ "ဒါန" က ဆိုပါတယ်။ဒီတော့ အမေရိကားမှာ ကဗျာဆရာတွေနဲ့ နိုင်ငံရေးသမားတွေဟာ "ငြိလုံး" တွေ ရှိခဲ့ကြတယ်။၂၀၀၃ ခုနှစ် အီရတ်ကို အလုံးအရင်းဝင်ရောက်တုန်းက အမေရိကန်နိုင်ငံရေးလောကမှာ ကဗျာဆရာတွေနဲ့အငြိအစွန်း အနည်းငယ် ရှိခဲ့ကြတယ်။ ဒါကြောင့်မို့ ၁၉၉၁ ခုနှစ်က ရေးခဲ့တဲ့ "ဒါန"ရဲ့ ဆောင်းပါးကိုပဲ ကဗျာဆရာ ဒီပီရို (W.S.Dipiero)က ပြန်ဖွခဲ့တယ်။ ဒီပီရို က ပိုပြီးကြီးထွားလာတဲ့အမေရိကန်လူ့အဖွဲ့အစည်းထဲမှာ စွမ်းဆောင်ရည်နိမ့်တဲ့ ကဗျာဟာဘယ်လိုလဲ ဆိုတာကို စာရေးသူတွေကသူတို့ရဲ့နှလုံးသားထဲက သိနေတယ်လို့ ကျုပ်ကတော့ မယုံဘူး လို့ဆိုတယ်။

            ပြောချင်တာကတော့ ကဗျာဆရာတွေဟာ နိုင်ငံရေးအခြေအနေကိုကောင်းကောင်းကြီးအသုံးချတာမျိုး သိပ်နားလည်ပုံမပေါ်ဘူး။ နိုင်ငံရေးကစားကွက်တွေကို ကဗျာဆရာအတော်များများသိပ်မမြင်ကြဘူးလို့ ပြောနေသလိုမျိုးပါ။ ကဗျာဆရာတွေဟာ စစ်ပွဲတွေကို ဆန့်ကျင်ဖို့လောက်ပဲစိတ်စောနေကြတယ်။ ဒါကြောင့် အမေရိကန် အစိုးရက စစ်ပွဲတစ်ပွဲနွှဲဖို့ စီစဉ်နေချိန်မှာတော့အဲဒီစစ်ပွဲကို ကဗျာဆရာတွေက အရင်ဆုံးဆန့်ကျင်ကြတာပါပဲ။ ဒါကြောင့် နိုင်ငံရေးသမားတွေကကဗျာဆရာတွေဆိုတာ ဘာမှနားမလည်တဲ့၊ နိုင်ငံရေးအာရုံခံစားမှုမရှိတဲ့ လူတန်းစားတစ်မျိုးလို့သတ်မှတ်ချင်ကြတယ် မဟုတ်လား။ ကဗျာဟာ တိုင်းပြည်ကိစ္စအတွက် လုံးလုံးမထူးဆန်းတဲ့၊ အသုံးမဝင်တဲ့အရာမျိုးလား။ မဟုတ်ပါဘူး။ အင်္ဂလိပ်စကားပြော ဗြိတိန်နဲ့ အမေရိကန်တို့လောက်မှာပဲ ဖြစ်တာပါ။တစ်ကမ္ဘာလုံးအနေနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ကဗျာဆရာနဲ့နိုင်ငံရေး ဆက်နွယ်မှုမရှိဘူးဆိုတဲ့အယူအဆဟာ မမှန်ကန်ပါဘူး။ ကျုပ် ဥပမာလေး နည်းနည်းလောက် ပြောကြည့်မယ်ဗျာ။ လက်တင်အမေရိကရဲ့လူချစ်လူခင်အများဆုံး ကဗျာဆရာ ဂျိုဆေးမာတိ (Jose' Marti) ဟာ ကျူးဘားလွတ်မြောက်ရေး လှုပ်ရှားမှုတွေရဲ့အဓိက ဦးဆောင်သူတစ်ယောက် ဖြစ်ခဲ့တယ်။ နီကာရားဂါး ကဗျာဆရာ ဘုန်းတော်ကြီး အာနက်စတိုကာဒီနယ်(Ernesto Cardenal)ဟာ ဆန်ဒိုင်နက်စတာ (Sandinista) ဆိုရှယ်လစ်ပါတီ တော်လှန်ရေးမှာ ညှိနှိုင်းမှုတွေကိုဦးဆောင်ခဲ့သူဖြစ်ပြီး နောက်တော့ ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာခဲ့တယ်။ နိုဗယ်ဆုရှင် ချီလီကဗျာဆရာကြီးပဗလိုနီရူဒါ (Pablo Neruda)ဟာ မြန်မာနိုင်ငံမှာ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီးဆီးနိတ်အမတ်တစ်ဦးလည်း ဖြစ်တယ်။ သူဟာ စပိန်ကဗျာဆရာတွေဖြစ်တဲ့ ဂါစီယာလိုကာ(Fedeerico Garcia Lorca) နဲ့ မီဂွယ်လ် (Miguel de Unamuno) တို့လိုပဲ စပိန်အာဏာရှင်"ဖရန်ကို"ကို ရှုံ့ချသူ ဖြစ်တယ်။ အဲဒီရဲ့ အကျိုးဆက်တွေအဖြစ် ဂါစီယာလိုကာ နဲ့မီဂွယ်လ်တို့ဟာ အသက်ပေးသွားခဲ့ရတယ်။ နိုင်ငံရေးကြောင့် ကမ္ဘာ့ကဗျာလောက နစ်နာခဲ့ရတယ်။

            "လူသားများရဲ့ လှုပ်ရှားမှုအဖြစ်အပျက်တွေကနိုင်ငံရေးပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖြစ်အပျက်တွေဟာ ဖြစ်စဉ်တစ်ခုရဲ့စာသားတွေအဖြစ်ထည့်သွင်းကြတာပဲ။ အဲဒီဖြစ်စဉ်ဆိုတာက သမိုင်းဖြစ်စဉ်ပါပဲ" လို့ ဆောင်းပါးရေးသူလိုင်လီဒက်ဂတ် (Lyle Daggett) က သူ့ရဲ့ နိုင်ငံရေးကဗျာ (Political Poetry) မှာ ရေးခဲ့တယ်။ဟိုးမား (Homa) ဟာ နိုင်ငံရေးသမားတစ်ဦးဖြစ်တယ်။ ဒန်တီ (Dante)၊ ရှိတ်စပီးယား(Sheakspeare)နဲ့ မေလ်တန် (Milton) တို့ဟာလည်း နိုင်ငံရေးသမားတွေ ဖြစ်တယ်။ ချေဆာ(Chaucer) လည်း နိုင်ငံရေးသမား၊ တူဖူး (Tu Fu) လည်း နိုင်ငံရေးသမားပါပဲ။ ကောင်းပြီလေ။အော်ဒင်ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို ကြည့်ရအောင်။

                                    ယိ(ထ)အတွက်ရေးတဲ့ကဗျာ (An Elegy forYeats)

With the farming of a verse                           တေးသွားတစ်ပုဒ်ရဲ့ ဒီလယ်မြေများနှင့်အတူ
Make a vine yard of the curse                        ကျိန်စာရဲ့စပျစ်တစ်ခင်းအားလုပ်ကြ
Sign of human unsuccess                               အောင်မြင်ခြင်းမဲ့ လူသားရဲ့ တေးသီကြ
In the rapture of distress                                ဝမ်းနည်း မှု  ရဲ့ အောင်မြင်တဲ့ အနေအထားထဲ၌

In the deserts of the heart                              ဒီနှလုံးသားရဲ့ ကန္တာရများထဲ
Let the healing fountain stalt                           ကုသခြင်းရေပန်းငယ်အားပေး၍အစပြုစေ
In the prison of his days                                  သူ့နေ့များရဲ့ ဒီပိတ်လှောင်ခန်းထဲ
Teach the free man how to praise.                   ဒီလွတ်မြောက်ခြင်းလူသားအား
                                                                    မည်သို့ဆုတောင်းခြင်းငှာ  သင်ကြားပါလော့။
- W.HAuden (ဒဗလျူ ၊ အိတ်ခ်ျ ၊ အော်ဒင်)
         
                 "နိုင်ငံရေးဟာ ဘာမှမဖြစ်မြောက်စေဘူး"လို့ဆိုခဲ့တဲ့ အော်ဒင်ဟာ ယိ(ထ)လိုပဲ လူထုကိုယ်စားပြုတဲ့ ကဗျာဆရာ တစ်ယောက်ပါပဲ။ နိုင်ငံရေးကိုသိပ်ပြီးစိတ်ပါလှမှာ မဟုတ်ပါဘူးလို့တော့ သူ့စာသားတွေကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ အော်ဒင်ဟာစပိန်ပြည်တွင်းစစ်မှာ ရီပါဘလီကန်တွေကို ထောက်ခံဖို့ စပိန်ကိုထွက်သွားခဲ့တယ်။ ၁၉၃၉ မှာအော်ဒင် ပြောခဲ့တာလေးတစ်ခု ရှိပါတယ်။ အတော်ကောင်းတဲ့ စကားလေးပါ။
            "In so far as poetry, or anyother of the arts, can be said to have an ulterior purpose, it is, by tellingthe truth, to disenchant and disintoricate" လို့ ဆိုခဲ့တယ်။

အဓိပ္ပါယ်ကတော့"အခုထက်ထိ ကဗျာမှာ ဒါမှမဟုတ် အခြားသော အနုပညာများမှာ ပြောနိုင်တာက အခြားအနုပညာအပြင်အခြားသောရည်ရွယ်ချက်တစ်ခုတွဲပြီး  ရှိတယ်။ အဲဒါကတော့အမှန်ကို ပြောတာပဲ။ အဖျက်ပရောဂကနေ လွတ်အောင်နဲ့ မလိုလားအပ်တဲ့ အဆိပ်အတောက်က ကင်းဝေးအောင်အမှန်ကို ပြောတာဖြစ်တယ်" လို့ အော်ဒင်က ဆိုတယ်။

အော်ဒင်နဲ့ယိ(ထ)ဟာသူတို့ရဲ့တက်ကြွတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်လူထုကြားမှာစံပြကဗျာသမားတွေ ဖြစ်လာခဲ့တယ်။ လော်ရာဘုရှ်နဲ့ ငြိတုန်းကလည်း ကဗျာဆရာတွေဟာ နိုင်ငံရေးမှာ မညံ့ခဲ့ဘူးလို့ "အော်ဒင်"နဲ့ "ယိ(ထ)" ကို ဥပမာပေးခဲ့တာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမယ့် လူတွေဟာ ကဗျာဆရာတွေကိုနိုင်ငံရေးမှာ ပြောရေးဆိုခွင့်မရှိဘူးလို့ မြင်နေတုန်းပါပဲ။ ဘာကြောင့်လဲ။ ရိုမန်းတစ်ကဗျာရွေ့လျားမှုဟာ ဒီပြဿနာကို အတည်ပြုပေးလိုက်တယ် လို့ဆိုတယ်။ ကဗျာဆရာတွေဟာ ဘာကြောင့် နိုင်ငံရေးလောက မှာ တန်းမဝင်ဖြစ်ခဲ့ရသလဲဆိုတော့ရိုမန်းတစ်ကဗျာရဲ့ ဟန်ပန်တွေကြောင့်ပါပဲ။ ဝှစ်မင်းနိုင်ငံရေးကဗျာဆရာ  (Whitman the Political Poet) ကို ရေးတဲ့ ဘက်ဆီအာကီလာ(Betsy Erkkila) က ဆိုပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာလောက်ကတည်းက ရှယ်လီဟာကဗျာသမားတွေ နိုင်ငံရေးမှာ အရာပေးခြင်း မခံရတာကို ဒီလို ဖွင့်ဟခဲ့တယ်။

            "Poets are the unacknowledgedlegislators of the world"
            "ကဗျာဆရာတွေဟာ ကမ္ဘာမြေကြီးရဲ့ အသိအမှတ်ပြုမခံရတဲ့ဥပဒေပြုသူတွေဖြစ်တယ်" လို့ဆိုခဲ့တယ်။ ဒါကိုကြည့်ရင် ရှယ်လီခေတ်ကတည်းက ဒီပြဿနာရှိနေပြီ။ ရိုမန်းတစ်တွေ ဘာကြောင့်နိုင်ငံရေးမှာ မအောင်မြင်ရသလဲ ဆိုတာကို ဆောင်းပါးရှင်ဘက်ဆီက ခွဲခြမ်းပြပါတယ်။ ရိုမန်းတစ်ကဗျာသမားတွေရဲ့ ရေးဟန်က လူမှုရေးကို လုံးလုံး လစ်လျူရှုထားတာတော့မဟုတ်ပါဘူး။ သူတို့ အဓိကအာရုံစိုက်တာကတော့ (ဒါမှမဟုတ်) သူတို့မှာ ရှိခဲ့တာကတော့ နှစ်ချက်ထဲဖြစ်ပြီးအဲဒီနှစ်ချက်ဟာ နိုင်ငံရေး(ဝါ) လူထုနဲ့ ဝေးသွားစေတယ်။

၁။ တေးကဗျာ လားရစ်ဟန် ပီပြင်အောင် ချဉ်းကပ်မှုကိုဖန်တီးခြင်း (Inheritance of Inward Focused Lyrics)
၂။ ပုဂ္ဂလ ခံစားချက်အတွေ့အကြုံကိုသာ အာရုံစိုက်ခြင်း(Emphasis on Personal Experience)

တို့ကြောင့် နိုင်ငံရေးကို ပေါ်လွင်တဲ့ လူထုရဲ့အသံနဲ့ ဝေးသွားတယ်လို့ဆိုတယ်။ ဒါပေမယ့် ရစ်ချတ်ဂျုံး (Richard Jones) ထောက်ပြတာကလည်း စိတ်ဝင်စားစရာပါပဲ။ဂျုံးက ရိုမန်းတစ်ကောင်တွေကို သူကတော့ အဲဒီလို မမြင်ပါဘူးလို့ဆိုတယ်။ ရိုမန်းတစ်ကဗျာသမားတွေဟာလူမှုရေးစိတ်အလွန်ထက်သန်ပြီး စိတ်ဝင်စားမှုလည်း ပြင်းထန်ပါရဲ့။ ဒါပေမယ့် ရိုမန်းတစ်တွေလူမှုရေးနဲ့ နိုင်ငံရေးကို ချဉ်းကပ်ပုံကြောင့်သာ ဒီလိုဖြစ်သွားရတယ်လို့ ဆိုတယ်။ ဂျုံးရဲ့အဆိုအရကတော့ရိုမန်းတစ်ကောင်တွေက မြို့ပြဘဝ(Urban Life) ကို အာရုံစိုက်တဲ့အခါမှာ မှားယွင်းစွာ အသုံးပြုစွဲကိုင်ခဲ့တဲ့အချက် သုံးချက်ရှိတယ်။
အဲဒါတွေကတော့

၁။ စက်မှုဖွံ့ဖြိုးမှုရဲ့အားသာချက်ကို အဓိပ္ပါယ်ကောက်မှားခြင်း (Abuses of Industrialization)
၂။ ဆင်းရဲမှုနဲ့လျစ်လျူရှုခြင်းခံရမှုကြောင့် ဖြစ်လာတဲ့ခံစားချက်နှင့် လူ့တန်ဖိုးလျော့သွားတယ် ဆိုတဲ့
    စိတ်ပိုင်းဆိုင်ရာအခြအနေကိုမှားယွင်းအသုံးချခြင်း (Abuses of the squalor)
၃။ မြို့ပြဝန်းကျင်ဘဝမှတစိမ်းပြင်ပြင်နေထိုင်ခြင်း (Alienation of urban life)

နောက်ထပ်အချက်ပိုနှစ်ချက်ကိုလည်း ရိုမန်းတစ်တွေ မရည်ရွယ်ဘဲရခဲ့တယ်။ အဲဒါကတော့ -

၁။ ပြင်သစ်တော်လှန်ရေးစိတ်လှုပ်ရှားမှုအတွေ့အကြုံ (The excitement of the French Revolution)
၂။ ယုံကြည်မှုမှားယွင်းသောကြောင့်စိတ်ပျက်စိတ်ဆိုး ဖြစ်ရခြင်းများ (The Disillusionment)

အဲဒီအချက်တွေ ကလည်း ရိုမန်းတစ်တွေကို နိုင်ငံရေးက ဝေးသွားအောင်လုပ်လိုက်သလိုပါပဲတဲ့။နောက်မျိုးဆက်တွေဟာ ရိုမန်းတစ်တွေကို ဆန့်ကျင်ဖို့ အခွင့်အရေးရှိသွားတာကလည်း အဲဒီအချက်တွေပါဝင်တယ်လို့ ဆိုပါတယ်။ အဆိုးဆုံးကတော့ ရိုမန်းတစ်တွေရဲ့ ပုဂ္ဂလအမြင် (subjective) တေးကဗျာတွေဟာအရှိတရားထက် ပိုမိုလွန်ကဲပြီး စိတ်ကူးယဉ်ဆန်နေခြင်းက ပကတိတရား (ဝါ) ယေဘုယျကျတဲ့ အမြင်မျိုးရှိမှရမယ့်နိုင်ငံရေးဘောင်ထဲက လွတ်သွားတဲ့ အတွက်ပါ။ တသီးတသန့် ခွဲထွက်စိတ်ကူးယဉ်တဲ့(Individualize) ဖြစ်ခြင်းကလည်း နိုင်ငံရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေတယ်။ ဒါပေမယ့်၁၉ ရာစုအလယ် ရိုမန်းတစ်တွေ ထဲမှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ထူးခြားကဗျာသမား တွေကိုတော့ချန်ခဲ့လို့ မရပါဘူး။ အဲဒါတွေကတော့ -

၁။ အီမာဆင်ရဲ့ဆင်ခြင်ဥာဏ်နောက်ခံကဗျာများ (Poetry of transcendental truths)
၂။ *ပိုး ရဲ့ ကဗျာစစ်စစ်များ (Pure Poetry)
၃။ ဝေါ့ဝှစ်(ထ) မင်းရဲ့ ဒီမိုကရက်တစ်ကဗျာအမျိုးအစားများ(Democratic Poetics)

တွေဟာ နိုင်ငံရေးနဲ့မကင်းတဲ့ ကဗျာတွေဖြစ်တယ်။ ဒါကြောင့်ဝှစ်မင်းကို  နိုင်ငံရေးအမြင်ရှိသူ ကဗျာဆရာအဖြစ် အသိအမှတ်ပြုကြရတယ်။ ဝှစ်(ထ)မင်း တစ်ခါကပြောဖူးတယ်။ "စိတ်ကူးနဲ့လက်တွေ့အရှိတရားဟာပေါင်းစည်းဖို့ လိုတယ်" (Imagination and actuality must be united) လို့ ရေးခဲ့ဖူးတယ်။ဝှစ်မင်း ဆိုတဲ့ မုတ်ဆိတ်ဖြူကြီးဟာ ကဗျာသည် လက်ရှိကမ္ဘာမှာ ကင်းဝေးပြီးဖြစ်နေတဲ့ အယူအဆ(Poetry exists apart from mundane concerns) ကို မထောက်ခံခဲ့ပါ။ ထို့ပြင် အနုပညာသည်အနုပညာအတွက်သာ ဖြစ်ရမည် (The Art for Art's Sake Movement)ကို လည်း မထောက်ခံခဲ့ပေ။ကဗျာသည် တိုင်းပြည်၏ကိစ္စများ(The Affairs of Nation) ကို လစ်လျူရှုပြီး အနုပညာကို ချဉ်းကပ်မှုသက်သက်နှင့်သွား၍မရဟုလည်း ဆိုခဲ့သူ ဖြစ်သည်။ ကဗျာကို အမျိုးမျိုး ဖွင့်ကြတဲ့ အဓိပ္ပါယ်တွေထဲမှာရေချယ်ဂယ်ဗင် (Rachel Galvin) ကတော့ ဝိတိုရိယစာပေပညာရှင် မက်သျှူးအာနိုး (Matthew Arnold) ရဲ့ ကဗျာနဲ့ ပတ်သက်ပြီး ရှုမြင်ပုံကို ကိုးကားပြန်တယ်။

အဲဒါကတော့ စကားလုံးနှစ်လုံးထဲပါ။သက်ဝင်လှုပ်ရှားမှုရှိရန် (Animate) နဲ့ သာလွန် ကောင်းမွန်တဲ့ အတွေးကိုပေးရန်(Ennoble) တို့ပဲဖြစ်တယ်။ ဒီနှစ်ချက်နဲ့ ကင်းလွတ်ရင်တော့ ကဗျာဟာ ခေတ်အခြေအနေ (ဝါ) နိုင်ငံရေးကိုကင်းလွတ်လို့ မရတော့ပါဘူး။

            မက်သျှူးကရိုမန်းတစ်တွေ နိုင်ငံရေးကို ဆန့်ကျင်ပြီး (ဝါ) ဖယ်ခွာပြီး ကဗျာတွေကို ပြုလုပ်ခဲ့ခြင်းနဲ့ပတ်သက်လို့ တန်ပြန်အပြုအမူ (Reaction) တစ်ခုအနေနဲ့ မှတ်ယူခဲ့တယ်။ အဲဒီရိုမန်းတစ်တွေတန်ပြန်ခဲ့တဲ့ အချက်တချို့ကိုလည်း အဲဒီခေတ်ကာလအခြေအနေတွေနဲ့ ချိန်ထိုးကြည့်ရမယ်လို့လဲဆိုတယ်။ မက်သျှူးကတော့ ရိုမန်းတစ်ကောင်တွေ အဲဒီလိုဖြစ်ရတာက -

            ၁။ ဟန်ချက်(Balance)
            ၂။ တွေးခေါ်နိုင်စွမ်း(Sanity)
            ၃။ ပုဂ္ဂလအကြောင်းအရာ(Reason)
            ၄။ အချိုးအစား(Proportion)
            ၅။ အဆင့်ဆင့်ဖွံ့ဖြိုးမှု(ဝါ) အစီအစဉ်တကျရှိခြင်း (order)

တို့နဲ့ ပတ်သက်ပြီး ရိုမန်းတစ်ကဗျာတွေဟာ သမိုင်းရဲ့ အဆိုးဆုံးအခြေအနေများထင်ဟပ်မှုက ဝေးကွာသွားရတယ်လို့ ဆိုတယ်။ ချစ်ကြိုက်လွမ်းဆွေးတွေထဲက ထွက်လို့မရခဲ့ဘူး။

*  Note:     ကဗျာစစ်စစ် (Pure Poetry)

Pure Poetry ကို အဓိပ္ပါယ်ဖွင့်ရာမှာတော့ ကဗျာစစ်စစ်ဆိုတာနဲ့မလုံလောက်ပါဘူး။ သူက "Pure" ဆိုလို့ အဓိပ္ပါယ်ပြန်ရာမှာ (အစစ်အမှန်/သီးသန့်)ဆိုတဲ့ စကားလုံးကို ရွေးခဲ့ရပေမယ့် အဓိပ္ပါယ်က ပိုပြီးကျယ်ပြန့်ပါတယ်။

            Apure poetry "Which is to say, a poetry which should depend for hiseffectiveness on its rhythms and the total values of the words employed with ascomplete a dissociation from ideational content as maybe humanly possible"လို့ ၁၉၃၁ သြဂုတ်လ (၉)ရက်နေ့ထုတ် နယူးယောက်တိုင်း(မ)မှာ ဆောင်းပါးရှင် ပါစီဟက်ချင်ဆင်(Percy Hutchchison)က ရေးခဲ့ပါတယ်။ "Pure Poetry"လို့ဆိုရာမှာ အဓိကပြောစရာရှိတာကတော့ကဗျာရဲ့အလှဆိုတာဟာ ကဗျာထဲမှာပါတဲ့ အဘိဓမ္မာအတွေးဆီကနေ သိသိသာသာခွဲထွက်နေတဲ့ စကားလုံးတွေနဲ့တည်ဆောက်ထား(ဝါ) အသုံးပြုထား (employed)လုပ်ထားတဲ့ အလုံးစုံတန်ဖိုးနဲ့ရစ်သမ်တွေပေါ်မှာသာမှီခိုသင့်တယ်လို့ ဆိုတယ်။ ကဗျာထဲမှာပါတဲ့ အဘိဓမ္မာအတွေး(Ideational Content)ကို ဆန့်ကျင်ခွဲထွက်တယ်ဆိုရာမှာလည်း"as may be humanly possible" လို့ဆိုထားတော့ ခွဲထွက်ဆန့်ကျင်ရာမှာ""humanly possible" ဆိုတာ အသွင်သဏ္ဍန်အားဖြင့် (PhysicallyPossible)နဲ့ အတူတူပါပဲ။ ခွဲထွက်နိုင်ရမယ့် စကားလုံးတွေနဲ့ တည်ဆောက်ထားတဲ့ ကဗျာကိုဆိုလိုပါတယ်။ ကဗျာစစ်စစ်တွေဟာ ပိုပြီး ဂီတဘက်ကို နွယ်လာပါတယ်။ ဘရစ်တန်နီကာ အွန်လိုင်းအဘိဓါန်(Britannica Online Dictionary)ကတော့ "Pure Poetry"ဆိုတာ "isconcerned with exploring the essential musical nature of language" (ဘာသာစကား၏မရှိမဖြစ် ဂီတနှင့်ဆက်နွယ်သော သဘောသဘာဝကို ပို၍ရည်ရွယ်ကာ ရေးဖွဲ့ခြင်းဖြင့် အထူးပြုလုပ်ထားခြင်းခံရသောကဗျာ)ဖြစ်သည်။ ထို "Pure Poetry" များသည် အောက်ပါအချက်များကို သွေဖယ်သည်"ဟု ဆိုတယ်။

၁။ ဇတ်ကြောင်းပြောသူမှစီးဆင်းဟန်ကဗျာ (Conveying a Narrative)
၂။ ဖတ်သူအားလမ်းပြ(ဝါ) ဆရာလုပ်ဦးဆောင်လိုသောဆန္ဒ (Having Diactic Purpose)

            ဒီကဗျာသန့်(Pure Poetry)ဟာ အဓိကအားဖြင့် အမေရိကန်ကဗျာဆရာ အဂ္ဂါအယ်လင်ပိုး (Edger Allen Poe) ကိုရည်ညွှန်းတာဖြစ်ပြီး "ပိုး" ရဲ့ကဗျာဟန်လို့ ဆိုကြတယ်။ ၁၉၂၄ မှာတော့ (AnAnthology of Pure Poetry)ကို ဂျော့ခ်ျမိုး (George More)က ထုတ်ဝေခဲ့တယ်။ ဒီဟန်မျိုးဟာ"ပိုး" တစ်ယောက်တည်း ရေးတာလားဆိုတော့ မဟုတ်ပါဘူး။ ချားလ်ဘော်ဒလဲယား(Charles Baudelaire) နဲ့ တီအက်(စ်)အဲလီးယော့တို့လည်း ပါတယ်လို့ ပညာရှင်တွေက ဆိုတယ်။ဒါ့အပြင် မာလာမေ (Stephane Mallarme)၊ မာလိန်း (Paul Verlaine) တို့ ရေမွန် (JuanRamon)တို့လည်း ရေးတယ်လို့ ဆိုကြတယ်။ ဒီနေရာမှာ အဓိကကျတဲ့ သီအိုရီတစ်ခုရှိခဲ့ဖူးတယ်။အဲဒါကတော့ လန်နီယားသီအိုရီ (Lanier Theory)ပါ။ ဆစ်ဒနီလန်နီးယား (Didney Lanier)ဆိုတဲ့ပုဂ္ဂိုလ်ရေးခဲ့တဲ့ သီအိုရီဖြစ်ပြီး ကာရံကဗျာများမှာ အတော်လေးအရှိန်အဝါရှိတဲ့ သီအိုရီပါပဲ။  လန်နီးယားဟာ ထင်ရှားတဲ့ ဂီတစာဆို (ဝါ) တေးရေးသူဖြစ်သလိုကဗျာဆရာလည်းဖြစ်တယ်။ သူက ဂီတနဲ့ကဗျာကို တည်ဆောက်ဖို့ ကြိုးစားသွားသူတစ်ဦးပါပဲ။ သူ့ရဲ့အလိုအရသီအိုရီထဲမှာဖော်ပြတဲ့ အဓိကအချက်ကတော့ "Every vowels has its colorvalue" (သရတိုင်း အရောင်တန်ဖိုးများကိုယ်စီ ရှိကြ၏)ပါပဲ။ ဥပမာ "e" ဆိုတဲ့သရဟာအနီရောင်၊ "red" ထဲမှာပါဝင်တဲ့ သရ တစ်လုံးဖြစ်သလို၊ အစိမ်းရောင်"green" ထဲမှာပါဝင်တဲ့ သရလည်း ဖြစ်တယ်။ ကြားသူဟာ အတွေ့အကြုံ(experience)နဲ့ စာလုံး (word)ဟာ တပြိုင်ထဲမှာ အသံနဲ့ချိတ်ဆက်ပြီး အာရုံခံစားမှုကိုဖြစ်စေတယ်။ အရောင်တွေကို ပုံပေါ်စေတယ်လို့ ဆိုပါတယ်။ အဲဒီသဘောက သီအိုရီရဲ့ဝင်ရိုးလို့ဆိုကြတယ်။

မော်ဒန်နဲ့နိုင်ငံရေး

            နိုင်ငံရေးလောကမှာ တစ်ခေတ်တစ်ခါက ခေတ်စားခဲ့တဲ့စကားတစ်လုံးရှိပါတယ်။ အဲဒီဟာကတော့ တော်လှန်ရေး (Revolution) ပါပဲ။ စာပေသမိုင်းမှာတော့အဲဒီစာလုံးကို ကိုယ်စားပြုတဲ့ ခေတ်တစ်ခေတ် ရှိခဲ့တယ်။ အဲဒါကတော့ စာပေတော်လှန်ရေး (ဝါ)မော်ဒန်စာပေပါပဲ။ မော်ဒန်စာပေတွေကို တချို့ကတော့ "Revolutionary""literary moment" ဒါမှမဟုတ် "Revolution of Word" (စကားလုံးတော်လှန်ရေး)လို့လဲ ဆိုကြတယ်။ မော်ဒန်လှုပ်ရှားမှုဟာ ကမ္ဘာ့စာပေ သမိုင်းကို တစ်ဆစ်ချိုး ပြောင်းစေခဲ့ပြီးမော်ဒန်စံပြပုဂ္ဂိုလ်များဟာလည်း လူငယ်တွေကို ကိုယ်စားပြုသူ "အိုင်ကွန်"တွေဖြစ်လာပါတယ်။

- ဇော်ဇော်ထွန်း